Tuesday 30 June 2009

အလုပ်သမားမှတ်ပုံတင်ရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီး


ယခုတစ်ကြိမ်အလုပ်သမားကဒ်ပြုလုပ်ရာတွင် အလုပ်သမား ကဒ်သက်တမ်းကို အစိုးရမှ လာမည့်၂၀၁၀ခုနှစ် ဖေဖော်ဝါရီး ၂၈ ရက်နေ့အထိသာခွင့်ပြုသည်။ ငှင်းနောက်တွင် အလုပ်သ မားအားလုံးကို တရားဝင်ပြန်လည်ခန့်ထားရန် မိမိနေရပ်ရင်း နိုင်ငံဖြစ်သည့် မြန်မာ၊ လော နှင့် ကမော်ဒီယား စသည့်နိုင်ငံ သီးသီးတို့တွင် နိုင်ငံသားပြန်လသည်စိစစ်ရမည်။
လုပ်ငန်းအမျိုးအစားကိုလိုက်ကာ အရောင်မတူသော အလုပ်သမားကဒ်ကိုရရှိမည်ဖြစ်သည်။
ရေလုပ်ငန်း (အပြာရောင်)၊ ရေလုပ်ငန်းနှင့်ဆက်စပ်သောအလုပ်များ (လိမော်ရောင်)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း (အစိမ်းရောင်)၊ ဆောက်လုပ်ရေးလုပ်ငန်း (အ၀ါရောင်)၊ အိမ်ဖော်လုပ်ငန်း (မီးခိုရောင်)၊ အခြာ လုပ်ငန်း (အညိုရောင်)တို့ဖြစ်သည်။
နေထိုင်ခွင့်လက်မှတ် ထောေ၇ာ ၃၈၊၁ ရှိသူနှင့် မည်သည်အထောက်အထားမှ မရှိသူအလုပ်သမားအား လုံးကို ပြုလုပ်ပေးမည်ဖြစ်သည်။ အချိန်ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးသွားရောက်စာရင်းပေးကြပါရန် နှိုးဆော် အပ်ပါသည်။
အပြည့်အစုံသို့ >>

စစ်အစိုးရ၏ သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် ပြည်သူ့အိုးအိမ် (၇) ထောင်ကျော် ပျက်စီးဆုံးရှုံးကိန်းဆိုက်



နအဖစစ်အစိုးရက ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ကြီးမြို့အနီး(၈) မိုင်ပတ်လည် ကျယ်ပြန့်သော ပင်းပက်တောင်ကြောတခုလုံးအား သတ္တုရိုင်း တူးဖော်ထုတ်လုပ်မည့် စီမံကိန်းကြောင့် ထိုဒေသရှိ ပြည်သူ (၇) ထောင်ကျော်၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရလိမ့်မည်ဟု ပအိုးဝ်လူငယ်အစည်းအရုံးက ပြောဆိုသည်။

“ဒီပင်းပက်တောင် သတ္တုတွင်း တူးဖော်တဲ့စီမံကိန်းကြောင့် ပြည်သူတွေရဲ့စိုက်ပျိုးမြေ ဧက (၁) သောင်းကျော် အသိမ်းခံလိုက်ရတယ်။ လူဦးရေ (၇) ထောင်ကျော် ရွှေ့ပြောင်းခံရတော့မယ်။ မြေယာ အသိမ်းခံရတဲ့သူတွေကိုလည်း လုံလောက်တဲ့ နစ်နာကြေးမျိုး ပေးတာမဟုတ်ဘူး။ ၂၀၀၆ ခုနှစ်အစပိုင်းက အသိမ်းခံလိုက်ရတဲ့ မြေယာတွေကို လျော်ကြေးအနေနဲ့ ကျပ် (၁) သိန်းကနေ (၂) သိန်းပေးပြီး ပြန်လည် နေရာချပေးထားတာလည်း မရှိခဲ့ဘူး။ ဒီ ၂၀၀၈ နောက်ပိုင်းက မြေယာ အသိမ်းခံလိုက်ရတဲ့ ပြည်သူတွေက ဘာလျော်ကြေးမှလည်း မခံစားရဘူး။ နောက်ပြီး အဲဒီဒေသက ပြည်သူတွေကို မြေယာသိမ်းတဲ့အကြောင်းတို့၊ စီမံကိန်းအကြောင်းတို့ကို အသိပေးတာလည်း မရှိခဲ့ပါဘူး” ဟု ပအိုးဝ်လူငယ်အစည်းအရုံး (PYO) မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ပြောကြားသည်။

ပအိုးဝ်လူငယ်အစည်းအရုံးက အဆိုပါပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ (၃) နှစ်ကြာ လေ့လာစစ်တမ်းကောက်ယူပြီး ယင်းစီမံကိန်းကြောင့် ထိုဒေသတဝိုက်ရှိ ပအိုးဝ်ပြည်သူတို့၏ အိုးအိမ် ဆုံးရှုံးနစ်နာမှု များအား ဖော်ပြထားသည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” ဟူသော အစီရင်ခံစာအား ဇွန်လ (၂၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခွန်ချန်ကီက “အဲဒီဒေသက စစ်တပ်အာဏာပိုင်တွေ မြေယာသိမ်းနေတာလည်း (၂) မျိုးရှိတယ်။ ကိုယ့်မြေယာမှာ အဝါရောင်အလံ လာစိုက်ထားရင် မြေယာကို သိမ်းပိုက်ပြီးသားဆိုတဲ့ သဘောပဲ။ ဒါပေမယ့် ကိုယ့်မြေယာပေါ်မှာ ဆက်ပြီး လုပ်ကိုင်ခွင့်၊ စိုက်ပျိုးခွင့်တော့ ရှိသေးတယ်။ အနီရောင်အလံ လာစိုက်ထားပြီးဆိုရင်တော့ အပြီးအပိုင် သိမ်းလိုက်ပြီဆိုတဲ့သဘောပဲ။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ တခါတည်း အခြားနေရာ ရွှေ့ပြောင်းတော့ပေါ့။ အဲဒါ အာဏာပိုင်တွေ လာအသိပေးတဲ့နည်းလမ်းပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၂၀၀၆ ခုနှစ်က တဖန်စတင်ခဲ့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သတ္တုရိုင်းသိုက်ကြီး ဖြစ်သည့် ပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းကို စစ်အစိုးရက ရုရှားနိုင်ငံပိုင် Tyazhpromexport အမည်ရှိ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်မည်ဖြစ်သည်။ အုတ်နံရံနှစ်ထပ်၊ သံဆူးကြိုးတထပ် ကာရံထားပြီး မြေအောက်ဥမင်များ ရှိသည့် သံရည်ကျိုစက်ရုံတရုံလည်း တည်ဆောက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုံအတွက် ချောင်းရေကို သွယ်ယူအသုံးပြုနေခြင်းကြောင့် ယင်းစီမံကိန်းလွင်ပြည်တဝိုက်ရှိ သဘက်ချောင်း တလျှောက်နေ လူဦးရေ (၃၅,၀၀၀) ခန့်တို့သည် အသက်မွေးဝမ်းကျောင်းမှုအတွက် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေပြီး ယခုနှစ်တွင် ချောင်းရေလျော့နည်း နိမ့်ကျလာနေကြောင်း ခွန်ချန်ကီက ပြောသည်။

အဆိုပါ စီမံကိန်းတွင် လုပ်ဆောင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းရပ်စဲသင့်ပြီး လူမှုရေးဆိုင်ရာ ဆိုးကျိုးသက် ရောက်မှုကို စနစ်တကျထိန်းသိမ်းပြုပြင်ပေးရန် ပအိုးဝ်လူငယ်အစည်းအရုံးက တောင်းဆိုထားသည်။

“နိုင်ငံတကာအင်အားစုတွေအနေနဲ့ အခုလို ရွှေ့ပြောင်းခံရသူတွေကို လုံလောက်တဲ့၊ တရားမျှတတဲ့ နစ်နာကြေး ရရှိနိုင်အောင် ဆောင်ရွက်ပေးကြဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် လူမှုဘဝတွေ ဆိုးကျိုးတွေ သက်ရောက်နေတာကို အနီးကပ် စောင့်ကြည့်လေ့လာပေးကြဖို့၊ ဒီစီမံကိန်းကို ရပ်ဆိုင်းထားဖို့ နအဖကို တောင်းဆိုလိုက်ပါတယ်” ဟု ခွန်ချန်ကီက ပြောသည်။

အပြည့်အစုံသို့ >>

မယ်လဒုက္ခသည်စခန်း ပြာပုံဖြစ်ရမည်ဟု ဒီကေဘီအေတပ်ဖွဲ့ ကြိမ်းဝါး

ချုံခိုတိုက်ခိုက်ခံရသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ဖွဲ့က လက်စားချေသည့် အနေဖြင့် မယ်လဒုက္ခသည်စခန်းကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် ကြိမ်းဝါးနေသောကြောင့် စခန်းမှ ဒုက္ခသည်များ စိုးရိမ်ပူပန်နေကြ သည်။

ယခုလ (၂၆) ရက်တွင် ချုံခိုတိုက်ခိုက်ခံရသဖြင့် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဗိုလ်စံပြုံး (ဗိုလ်ဆန်ပြုတ်) အပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦး အထိနာကျဆုံးခဲ့သဖြင့် လက်စားချေရန် ဒီကေဘီအေအဖွဲ့က ပြောကြားခြင်း ဖြစ်သည်။

“ဒီကေဘီအေကလူတွေ အတော့်ကို စိတ်ဆိုးနေကြတယ်။ သူတို့တိုက်ခိုက်ခံရတဲ့နေရာက မယ်လခွင်ထဲမှာ ဆိုတော့ မယ်လဒုက္ခသည်စခန်းကို ပြာချပစ်မယ်လို့ ကြိမ်းဝါးနေတယ်။ လူဆိုတာကတော့ ဒီလိုပဲ ဒေါသဖြစ်နေတဲ့ အချိန်ဆိုတော့ အပြောအဆိုမှားတာတွေလည်း ဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဒီကိစ္စကို သတိတော့ထားရမယ်” ဟု ဒီကေဘီအေနှင့် စီးပွားရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားတဦးက ပြောသည်။

မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များမှာ ၎င်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေကြပြီး အထုပ်အပိုးများ ထုပ်ကာ နေ့နေ့ ညည စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒုက္ခသည်တဦးဖြစ်သူ စောကညောက ပြောသည်။

၎င်းက “ဒီကိစ္စပေါ့လို့မရဘူး။ ဒီလူတွေက နားပေါက်တဖက်တည်းပါတယ်။ အရင်ကလည်း မယ်လဒုက္ခသည် စခန်းမှာ ဒီကေဘီအေတွေဝင်ပြီးတော့ မီးရှို့တာတွေ၊ လုယက်တာတွေ၊ လူတွေကို ဖမ်းခေါ်သွားပြီး သတ်လိုက်တာတွေ ဖြစ်ဖူးတော့ အားလုံးက ဒီကိစ္စကို စိုးရိမ်နေကြတယ်” ဟု ပြောသည်။

မဲဆောက်မြို့၏ မြောက်ဘက် ကီလိုမီတာ (၆၀) ခန့်အကွာတွင် ကရင်ဒုက္ခသည် (၅) သောင်းခန့် နေထိုင်သည့် မယ်လဒုက္ခသည် စခန်း တည်ရှိပြီး စခန်း၏မြန်မာဘက် နယ်စပ်မျဉ်းမှာ သောင်ရင်းမြစ်ဖြစ်သည်။

ယခုလ (၂၆) ရက်တွင် ကေအန်ယူ တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်အပြီး (၉၉၉) တပ်ဖွဲ့က ၎င်းတို့အခြေချဗျူဟာ တည်ရှိရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာသို့ သောင်ရင်းမြစ်ကြောင်းအတိုင်း ဆန်တက်ရာတွင် မယ်လရွာအနီးရှိ မောင်ကလာဝဲဟု ခေါ်သည့်နေရာ တွင် အမည်မသိအဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကို ခံကြရခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် အသက်မသေဘဲ ဒဏ်ရာဖြင့် မဲဆောက်ဆေးရုံသို့ရောက်ရှိလာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက အဆိုပါ တိုက်ခိုက်မှုသည် ကေအန်ယူအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုသော်လည်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက အခင်းဖြစ်ပွားရာဒေသတွင် မိမိတို့တပ်ဖွဲ့ဝင်များမရှိကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုမရှိဟု ပြောကြားသည်။

ကရင်ဒုက္ခသည်များကော်မတီ (ကေအာစီ) ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ဒီလူတွေက အကုန်လုပ်ရဲကိုင်ရဲတဲ့ သဘောရှိတော့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ စခန်းကို တကယ်ဝင်တိုက်မယ်ဆိုလို့ရှိရင် ကိုယ့်ကရင်တွေပဲ သေကျေပျက်စီးမှာဖြစ်တယ်။ ဒီလိုကရင်တွေ သေကျေပျက်စီးမယ့် အလုပ်တွေကို မလုပ်စေချင်ဘူး။ မယ်လ စခန်းထဲမှာ ဒီကေဘီအေအဖွဲ့ဝင်တွေရဲ့ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် စဉ်းစားတွေးခေါ်ကြဖို့ ပြောချင်တယ်” ဟု ပြောသည်။

မဲဆောက်မြို့မြောက်ဘက်ကီလိုမီတာ (၆၀) အကွာရှိ မယ်လစခန်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ထမ်းဟင်၊ ဘန့်တုံယမ်း၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်လအူး၊ မယ်ရာမို စသည့် ကရင်ဒုက္ခသည်စခန်း (၇) ခုအနက် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည်။
အပြည့်အစုံသို့ >>

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ ဂုဏ်ပြု သွေးလှူ




PDF Print E-mail

ဒီဇင်ဘာ၁၈ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဘန်ကောက်မြို့ ချူလာ ဗဟိုအမျိုးသားသွေးလှူဘဏ်တွင် သွေးလှူဒါန်းပွဲတစ်ရပ်ကို မနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြသည်။

ယခုသွေးလှူပွဲကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ရခိုင်အလုပ်သမားသမဂ္ဂတို့က ဦးဆောင်ခဲ့ပြီး အလုပ်သမား(၅၀)ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။

သွေးလှူပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့(ဘန်ကောက်)မှ ကော်မီတီဝင် ကိုအောင်မြင့်သိန်းက “အလုပ်သမားတွေအပေါ်မှာ တချို့ထိုင်းလူမျိုးတွေ အမြင်မရှင်းလင်းကြဘူး။ ကျနော်တို့စေတနာ မနည်းတဲ့အကြောင်းပြတာပါ။ ကိုယ်ဝန်ရှိကြသူတွေနဲ့ ညအိပ်ရေးပျက်ထားသူတွေ ဆယ်ယောက်လောက် မလှူခဲ့ရပါဘူး” ဟုပြောသည်။

ရခိုင်အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူ ကိုဥက္ကာက “ကျနော်တို့ တစ်ပတ်လောက်ကစပြီး လက်ကမ်းစာရွက်တွေ ဖြန့်ထားခဲ့ပါတယ်။ သွေးလှူမယ့်လူတွေ ညအိပ်ပျက်မခံဖို့ အားရှိတဲ့ အစားအစာတွေစားထားဖို့ပေါ့။ ရောင်ခြည်ဦးကတော့ ဒီအကြိမ်ပါဆိုရင် ဘန်ကောက်မှာ လေးကြိမ်းဖြစ်ပြီပေါ့။ ကျနော်တို့သမဂ္ဂ အနေနဲ့ကတော့ ပထဆုံး အကြိမ်ပေါ့ဗျာ” ဟု ပြောသည်။

ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နီးစပ်ရာ အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ထိုင်းဘုရင်မွေးနေ့၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အပါအ၀င် မြန်မာနိုင်ငံ၏ အရေးကြီးသော နေ့ရက်များတွင်လည်း စေတနာထက်သန်စွာဖြင့် မိမိတို့လုပ်အားခငွေများကို စရိတ်ပြုလျှက် ဘန်ကောက်မြို့ ချူလာ ဗဟိုအမျိုးသားသွေးလှူဘဏ်တွင် သွေးလှူဒါန်းလေ့ ရှိကြသည်။









Monday, 15 December 2008 10:41

အပြည့်အစုံသို့ >>

မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေး ရောဂါ စတွေ့



27 June 2009

ထိုင်းနိုင်ငံမှာ H1N1 ၀က်တုပ်ကွေးရောဂါ နဲ့ လူ နှစ်ယောက် သေဆုံးသွားကြောင်း ကျန်းမာရေး တာဝန်ခံများက အတည်ပြု ပြောကြားပါတယ်။

၄၂ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက်၄၀ အရွယ် အမျိုးသမီး တယောက် ဇွန်လ ၂၀ ရက်နေ့မှာ သေဆုံးတာလို့ သူတို့က စနေနေ့မှာ ကြေညာပါတယ်။ ထိုင်းနိုင်ငံမှာ ၀က်တုပ်ကွေး ရောဂါ ဖြစ်သူ ၁.၂၀၀ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အိမ်နီးနားချင်း မြန်မာနိုင်ငံမှာလည်း စင်ကာပူက ပြန်လာတဲ့ အသက် ၁၃ အရွယ်ရှိ အမျိုးသမီးငယ်တဦးမှာ ၀က်တုပ်ကွေး ရောဂါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောင်းသူလေးမှာ ရောဂါပိုး တွေ့ရှိရတာ ဖြစ်တယ်လို့ သတင်းများမှာ ဖော်ပြပါရှိပါတယ်။

အပြည့်အစုံသို့ >>

နိုင်ငံခြားသားအလုပ်သမား (၂) သန်းအား
အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်



NEJ / ၂၉ ဇွန် ၂၀၀၉
line

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ (၁) ရက်နေ့မှ စတင်ကာ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ပေးတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားအလုပ်သမား (၂) သန်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး တနှစ်သက်တမ်းအတွက် လူတဦးလျှင် ဘတ်ငွေ (၃,၈၀၀) ကုန်ကျမည်ဖြစ်ကာ အလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်သည်။

ဒေသတွင်းရောက် မြန်မာများအနေဖြင့် အလုပ်သမားအခွင့်အရေးနှင့် တရားဝင်မှု ရရှိမည်ဖြစ်သည့်အတွက် အလုပ်လုပ်ခွင့်လက်မှတ်များကို လုပ်ဆောင်သင့်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

ယင်းအဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းမှာ ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ အလုပ်သမား လက်မှတ် ရှိထားမယ်ဆိုရင် ကျန်းမာရေးကိစ္စ၊ သွားရေးလာရေးနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုရာမှာ အထောက်အကူပိုရမှာ ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် သွားလုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိသူများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် အနိမ့်ဆုံးလုပ်အားခ တနေ့လျှင် (၁၅၁) ဘတ်နှင့် အချိန်ပိုကြေး တနာရီလျှင် (၂၈.၃၁) ဘတ် လုပ်အားခ နှုန်းထားများကို ခံစားခွင့်ရှိသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း အလုပ်ရုံစက်ရုံပေါင်း (၄၃၀) ခန့်ရှိပြီး ယင်းစက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား (၅) သိန်းခန့်မှာမူ သတ်မှတ်ထားသည့် လုပ်အားခကို မရရှိဘဲ တနေ့လျှင် လုပ်အားခ (၆၀ မှ ၇၅) ဘတ်အထိသာ အများဆုံးရရှိကြပြီး အချိန်ပိုကြေးမှာလည်း တနာရီလျှင် (၁၀) ဘတ်အောက်သာ ရရှိကြသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

မြန်မာအလုပ်သမားတဦးဖြစ်သူ ကိုညီညီက “လက်မှတ်ရှိတော့ နေထိုင်မကောင်းဖြစ်တာတို့၊ ကလေးမီးဖွား တာတို့ဆိုရင် မဲဆောက်ဆေးရုံကြီးမှာ ဘတ် (၃၀) နဲ့ ဆေးကုသခွင့်ရှိတယ်။ သွားရေးလာရေးမှာလည်း ပုလိပ်ကြောက်စရာမလိုဘူး။ အလုပ်ရှင်ကလည်း ကိုယ့်ကို မတရားလုပ်လို့မရဘူး။ ဒါကြောင့် ဒီလက်မှတ်ကို လုပ်သင့်တယ်” ဟု ပြောသည်။

ယခုအသစ်ပြုလုပ်ပေးမည့် အလုပ်သမားလက်မှတ်ကို သက်ဆိုင်ရာလုပ်ငန်းအလိုက် အရောင် (၇) မျိုး ခွဲခြားပေးမည် ဖြစ်ပြီး (၁) နှစ်စာ၊ (၉) လစာ၊ (၆) လစာ၊ (၃) လစာဟူ၍ ပြုလုပ်ပေးမည်ဖြစ်ပြီး အလုပ်သမား လက်မှတ်ခကို သတ်မှတ်အချိုးတိုင်း ပေးချေရမည်ဖြစ်သည်။

(၁) နှစ်လက်မှတ်နှင့် (၉) လ လက်မှတ်နှစ်မျိုးသာ အလုပ်သမားကတ် ရရှိမည်ဖြစ်ပြီး ကျန် (၆) လနှင့် (၃) လ လက်မှတ်များမှာ ကတ်ပြားမရဘဲ ငွေသွင်းပြေစာသာ ကိုင်ဆောင်ခွင့်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ၏ လက်မှတ်သက်တမ်း တိုးရက်ကို ဇွန်လ (၁) ရက်မှ (၃၀) ရက်အထိ ပြုလုပ်ပေးပြီး မဲဆောက်ဆေးရုံတွင် သွေးစစ်ကာ အလုပ်သမား လက်မှတ်ကို မဲဆောက်အလုပ်သမားရုံးတွင် သက်တမ်းတိုးပေးလျက်ရှိသည

အပြည့်အစုံသို့ >>

မြန်မာ့အလုပ်သမားအရေး မေးမြန်းခြင်း


E-mail Print

ဘာကြောင့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကို ထူထောင်ခဲ့တယ်ဆိုတာကို ပြောပြပေးပါ။

၁၉၉၇ ခုနှစ်မှာ အာရှစီးပွားပျက်ကပ်ဖြစ်တော့ အဲဒီယိုင်လဲမှုက ထိုင်းနိုင်ငံကိုပါ ထိခိုက်လာတယ်။ အဲလိုတွေ ဖြစ်လာတော့ မြန်မာအလုပ်သမားတွေက ပိုပြီးထိလာတယ်။ အလုပ်ပြုတ်ကြတယ်၊ ထိုင်းရဲတွေက ဖမ်းနဲ့ တချို့ ဘဝတွေ ပျက်ကြတယ်။ အဲဒါတွေက ကျနော်တို့မျက်စိအောက်မှာပဲ ဖြစ်နေကြတာ တွေ့ရတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့ တစ်ခုခုကို လုပ်ရမယ်ဆိုတာကို အတွေးဝင်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မဲဆောက်မှာရှိတဲ့ စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေက မတရားဖိနှိပ်စော်ကားတာတွေ၊ အနိုင်ကျင့်တာတွေ၊ မတရားသတ်ဖြတ်တာတွေ ခံရတာတွေရှိတယ်။ သူတို့အတွက် တစုံတခု လုပ်ပေးရမယ်။ အလုပ်သမားတွေကလဲ အင်အားက ပြန့်ကျဲနေကြတယ်။ သူတို့ကို စုစည်းပြီး သူတို့အခွင့်အရေးအတွက် သူတို့ကိုယ်တိုင် တိုက်ပွဲဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်တယ်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကို တည်ထောင်ခဲ့တာ အခု (၁၀) နှစ်ပြည့်ပြီဆိုတော့ ဒီကာလအတွင်း အဖွဲ့အစည်းအနေနဲ့ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့တာတွေကို ပြောပြပေးပါ။

ဦးမိုးဆွေ

ဦးမိုးဆွေ

ထူးထူးခြားခြား လုပ်ဆောင်ပေးနိုင်ခဲ့တာကတော့ မဲဆောက်ဒေသတွင်းမှာရှိတဲ့ လုပ်အားခ ဆုံးရှုံးနေတဲ့၊ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အလုပ်သမား စုစုပေါင်း ၁၈၃၅ ဦးရဲ့ အမှု ၁၃၇ မှုကို ကျနော်တို့ လိုက်ပါဆောင်ရွက် ပေးနိုင်ခဲ့တယ်။ သူတို့ကို အလုပ်ဖြုတ်လိုက်တဲ့အတွက် နစ်နာကြေးတွေအတွက် လျော်ကြေး ၁၀,၇၃၇,၀၀၀ (ဆယ်သန်းခုနှစ်သိန်းသုံးသောင်းခုနှစ်ထောင်) ဘတ်ကို ပြန်ရအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ အလုပ်သမားတွေကြားထဲမှာ သာရေးနာရေးလုပ်ငန်းလေးတွေကို စုဖွဲ့ပြီး လုပ်ပေးနိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုတွေကို အသိမှတ်ပြုခံရတဲ့အနေနဲ့ (၈) ကြိမ်မြောက် တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆုကို ရောင်ခြည်ဦးက ရရှိခဲ့ပါတယ်၊

အလုပ်သမားတွေကြားမှာ နားလည်မှု၊ စည်းလုံးမှု၊ စစ်မှန်တဲ့ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး၊ မြန်မာပြည် ဒီမိုကရေစီရေး စတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို ဘယ်လောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါသလဲ။

ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်တာနိုင်ခဲ့တာနဲ့ပတ်သက်လို့ အလုပ်သမားတွေကြားထဲမှာ အရင်တုန်းက အလုပ်သမားအခွင့်ရေးအတွက် တောင်းဆိုတာ တော်တော်ကို ရှားပါးတယ်။ အခုနောက်ပိုင်းကာလတွေမှာ စက်ရုံမှာ အလုပ်ရှင်တွေက မတရားတာလုပ်လာရင် အလုပ်သမားတွေက အားလုံး စုစုစည်းစည်းနဲ့ ငါတို့အခွင့်ရေးအတွက် တိုက်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ်တွေ ပေါ်လာတယ်။

နောက် အလုပ်သမားတွေကြားထဲမှာ အစုအဖွဲ့လေးတွေ လုပ်ရမယ်ဆိုတဲ့ အယူအဆတွေ ရှိလာပြီး နေရာတော်တော်များများမှာ သာရေးနားရေး ပုံစံလေးတွေကို ကျနော်တို့ကိုယ်တိုင်ကလည်း စုဖွဲ့ပေးနိုင်ခဲ့တယ်။ မဲဆောက်ဒေသမှာဆိုရင် နေရာ ၁၀ ခုလောက်ခွဲပြီး လုပ်နိုင်ခဲ့တယ်။ ဘန်ကောက်ဒေသခွဲတွေနဲ့ စူရတ်ဌာနီ၊ ရနောင်းဘက်တွေမှာ အလုပ်သမားအစုအဖွဲ့လေးတွေ စပြီးလုပ်ဆောင်လာတာ တွေ့ရတယ်။ အရင်ကဆို အလုပ်သမားတွေက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရမှာ ကြောက်ကြတယ်။ အခုနောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အလုပ်သမားတွေက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာတာ တွေ့ရတယ်။

အဲဒီလို ဆောင်ရွက်ခဲ့တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလဲ။

အခက်အခဲက သူတပါးနိုင်ငံမှာ ရပ်တည်ရတော့ စက်ရုံတွေထဲမှာ အလုပ်သမားတွေကို တရားဝင် ဝင်ရောက် စည်းရုံးလို့မရဘူး။ အဲတော့ အပြင်ခေါ်ထုတ်ပြီး သွားတွေ့ရတယ်။ အဲဒီနေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေရဲ့ ကြေးစားလူမိုက်တွေရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ခံရတယ်။ တဖက်ကလည်း အလုပ်သမားတွေကြားထဲမှာ မြန်မာပြည်ကိုပြန်ရင် အဖမ်းခံရမလားဆိုတဲ့ အကြောက်တရားကြောင့် ကျနော်တို့ ဟောပြောပွဲတွေမှာ ဝင်ရောက်ပူးပေါင်းပါဝင်ခြင်း မရှိတာတွေ ကြုံရပါတယ်။

အဖွဲ့အစည်းအနေနဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် ဆောင်ရွက်ရာမှာ ဘယ်လိုအားသာချက်တွေ ရှိခဲ့ပါသလဲ။

အားသာချက်တွေကတော့ အများအားဖြင့် အလုပ်သမားတွေကိုယ်တိုင် ကြောက်ရွံ့နေတယ်ဆိုပေမယ့် ကျနော်တို့ လှုပ်ရှားမှုအားလုံးကို ထောက်ခံတယ်၊ အားပေးတယ်ဆိုတာ တွေ့ရတယ်။ တချို့ဆိုရင် ကျနော်တို့လှုပ်ရှားမှုတွေအတွက် ဖုန်းဆက်စာရေးပြီး ပြောကြာတာရှိတယ်။ သူတို့ ထောက်ခံတယ်။ တခြားဒေသတွေမှာဆို ကျနော်တို့ သွားလာရင်းနဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့လို့ ပြောတာနဲ့ လိုလိုလားလား ကူညီကြတာတွေ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးအတွက် ဘယ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့ပါသလဲ။

အလုပ်သမားကာကွယ်ရေးအတွက် ဒေသတွင်းမှာရှိတဲ့ အလုပ်သမားရေးရာလုပ်တဲ့ ထိုင်း NGOs ၁၃ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ ရွှေ့ပြောင်းရေးရာ အလုပ်သမားအဖွဲ့မှာ ကျနော်တို့ ရောင်ခြည်ဦးက အဖွဲ့တခုအနေနဲ့ ပါတယ်။ အဲဒီအပြင် အလုပ်သမားရေးအတွက် စည်းရုံးလှုံဆော်ရေးတွေမှာ ပါဝင်ဆောင်ရွက်တယ်။ အာရှ ၁၃ နိုင်ငံမှာ ဖွဲ့ထားတဲ့ ATNC အဖွဲ့မှာလည်း ကျနော်တို့ အဖွဲ့ဝင်အဖြစ်ပါပြီး အလုပ်သမားရေးရာတွေ လုပ်တယ်။ အခုလက်ရှိ ဆွီဒင်နိုင်ငံမှာရှိတဲ့ အလုပ်သမား မြှင့်တင်ရေးအဖွဲ့ဖြစ်တဲ့ ADS အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။

မြန်မာပြည်ကနေ ထိုင်း-မြန်မာ နယ်စပ်တလျှောက် အလုပ်လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ ရောင်ခြည်ဦးအဖွဲ့ရဲ့ မှတ်တမ်းများအရ အတိုးအလျှော့ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသလဲ။

ကျနော်တို့ သိသလောက်ဆိုရင် ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားဦးရေ ၈ သိန်းလောက်ပဲ ရှိတယ်။ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်မှာ အလုပ်သမားဦးရေ တသန်းခွဲကျော် ဖြစ်လာတယ်။ အခု ၂၀၀၉ ခုနှစ်အထိဆိုရင် ၂ သန်းခွဲကနေ အထက်ကို ဖြစ်လာတာ ခန့်မှန်းတွေ့ရှိရပါတယ်။

မြန်မာပြည် နိုင်ငံရေးအခြေအနေတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ထပ်တိုးလာနိုင်သလား။ ဒါမှမဟုတ် နည်းသွားနိုင်သလားဆိုတာကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။

ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ထိုင်းနိုင်ငံမှာလဲ ထိခိုက်မှုရှိတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာတော့ တစုံတရာ ထိခိုက်တယ်ဆိုပေမဲ့ လုပ်ငန်းခွင်တွေကတော့ ဆက်လက်လည်ပတ်နေတာရှိတယ်။ မြန်မာပြည်မှာတော့ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဘယ်လိုပဲ အလုပ်ကိုင်တွေ ဖန်တီးပေးတယ်ပြောပြော လက်တွေ့မှာတော့ မြန်မာပြည်မှာ အလုပ်ကိုင်ရှားပါးမှုတွေ၊ ကုန်ဈေးနှုန်း ကြီးမားမှုတွေကြောင့် မြန်မာပြည်ထဲက အလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို ထွက်လာကြမယ်၊ ထိုင်းနိုင်ငံ ထဲမှာကလည်း ကမ္ဘာစီးပွားပျက်ကပ်ကြောင့် အကြပ်အတည်း ထပ်ကြုံရဦးမယ်လို့ ကျနော်တို့မြင်ပါတယ်။

အခုကာလဟာ တကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဆိုတော့ အဲဒီကာလမှာ အလုပ်သမားတွေအတွက် ဘယ်လိုအကူအညီတွေ လုပ်ဆောင်ပေးနေပါသလဲ။ အနာဂတ် အလုပ်သမားရေးတွေအတွက် ဘာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါသလဲ။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အနေနဲ့ကတော့ အဲလိုတွေ ဖြစ်လာတဲ့အခါမှာ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓါတ်၊ စည်းလုံးညီညွတ်တဲ့ စိတ်ဓါတ်တွေကတော့ အရေးအကြီးဆုံးပါပဲ။ ‘ကမ္ဘာမီးလောင် သားကောင်ချနင်း’ ပုံစံမျိုးမဟုတ်ဘဲနဲ့ ကိုယ့်အချင်းချင်း ကူညီကြမယ်ဆိုတဲ့ သမဂ္ဂစိတ်ဓါတ်တွေနဲ့ ကျနော်တို့ ရုန်းကန်ကြိုးစားမယ်ဆိုရင်တော့ ကျော်ဖြတ်နိုင်မယ်လို့ ယူဆပါတယ်။

ထိုင်း-မြန်မာ နယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက်ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ထိုင်းနိုင်ငံအတွင်းမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို ပြောချင်တာကတော့ ကိုယ့်အိမ်မှာ မကောင်းလို့ သူများအိမ် လာနေကြရတာ။ အဲလိုနေတဲ့အချိန်မှာ အချင်းချင်း ခေါင်းပုံဖြတ် အနိုင်ကျင့်တာတွေကို ရှောင်ကျဉ်စေချင်တယ်။ အားလုံး စုစုစည်းစည်းနဲ့ ရိုင်းပင်းကူညီသင့်တယ်။ ကိုယ့်အိမ်မကောင်းလို့ သူများအိမ်မှာ နေမယ်ဆိုတာထက် ကိုယ့်အိမ်ကောင်းဖို့ ဘယ်လိုပြုပြင်မလဲဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်ကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

××××××××××

(ထိုင်းနိုင်ငံ နယ်စပ်တလျောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာအလုပ်သမားများရဲ့ အခြေအနေအသေးစိပ်ကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ တာဝန်ခံ ဦးမိုးဆွေအား ဆက်သွယ်မေးမြန်းခွင့်ရသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်)

အပြည့်အစုံသို့ >>

မဲဆောက် စက်ရုံရှိ ကလေးအလုပ်သမားများအား ထိုင်းရဲများက ၀င်ရောက်ဖမ်းဆီး အလုပ်သမား ၃၀၀ ကျော် အဖမ်းခံရ


ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းမြန်မာ နယ်စပ် မဲဆောက်တွင် ယမန်နေ့ညနေပိုင်းတွင် အက်စ်စီဒီ သိုးမွေးစက်ရုံကို ၀င်ရောက်စစ်ဆေးရာ တရားမ၀င်အလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးခံ ခဲ့ရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် အသက်မပြည့်သေးသော ၁၈ နှစ်အောက် ကလေးအလုပ်သမား ၄၉ ဦးလည်း ပါဝင် သည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောသည်။

ကလေးအလုပ်သမားများရှိသည်ဟူသော သတင်းအရ ၀င်ရောက်ရှာဖွေရာမှ တရားမ၀င်အလုပ်သမားများ အဖမ်း ခံရခြင်းဖြစ်သည်ဟု အလုပ်သမားကူညီစောင့်နေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ရုံးတာဝန်ခံ ကို ချက်ကြီးက ပြောသည်။

“ရဲသုံးယောက်ဝင်လာပြီးတော့ စက်ရုံက ဖုန်းလိုင်းတွေကို အရင်ဖြတ်လိုက်တယ်။ သူတို့ အဓိက ၀င် ဖမ်းတယ်ဆိုတာက ဒီစက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ လက်ခံထားတယ် ထင်လို့။ လူ အင်အားက ၃၅၀ လောက် ဖမ်းမိသွားတယ်။ အဲဒီ ၃၅၀ မှာ ၃၀၀ လောက်က လက်မှတ်မရှိတဲ့လူတွေ၊ နောက်ပြီးတော့ ကျန်တဲ့အဲဒီမှာ သူတို့စိတ်ထဲမှာ ထင်တာက ကလေးလို့ထင်တဲ့လူတွေကို သူတို့ အသက်မေးကြည့်လိုက်တာ တချို့ကတော့ ဆယ့်သုံးနှစ်၊ တချို့ကတော့ ဆယ့်နှစ်နှစ်လို့ဖြေတယ်။ ဖြေတော့ အဲဒီ အရွယ်သူလေးတွေကို စုပြီးတော့ ဖမ်းသွားတာက ၄၉ ဦး။ ”

ထိုင်းနိုင်ငံ ဥပဒေအရ အသက် ဆယ့်ရှစ်အောက် ကလေးများကို လုပ်ငန်းခွင်ထဲတွင် စေခိုင်းခွင့်မရှိပေ။

အဖမ်းဆီးခံထားရသည့် အလုပ်သမားများကို မဲဆောက် အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်၊

အက်စ်စီဒီ သိုးမွေးစက်ရုံတွင် မြန်မာအလုပ်သမား ၇၀၀ ကျော် ရှိပြီး အလုပ်သမားထက်ဝက် အဖမ်းခံရခြင်း ကြောင့် ယနေ့တွင် စက်ရုံပိတ်ထားသည်။ ကလေးအလုပ်သမားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း အလုပ်ရှင်နှင့် မန်နေဂျာတို့ကို ခေါ်ယူစစ်ဆေး ထိန်းသိမ်းခြင်း မရှိသေးဟု သိရသည်။

ယမန်နေ့ညနေက ဖမ်းဆီးမှုကြောင့် မဲဆောက်ရှိ အခြား အလုပ်ရုံစက်ရုံများသည် အလုပ်သမားများကို ကြိုတင် ရှောင်တိမ်း ခိုင်းထားသည်။ အလုပ်သမားအများစုမှာ တောတွင်းသို့ ရှောင်တိမ်းကြပြီး အချို့မှာ မြ၀တီဖက်ကမ်း သို့ ပြန်သွားကြသည်ဟု အလုပ်သမားများက ပြောသည်။

လက်ရှိ မဲဆောက်မြို့အတွင်း အလုပ်သမားလက်မှတ်မရှိသူများကို ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဖမ်းဆီး စစ်ဆေးရာ နေ့စဉ် အလုပ်သမား ရာနှင့်ချီ၍ အဖမ်းခံရသဖြင့် မြို့တွင်း လမ်းမများပေါ်တွင် မြန်မာနိုင်ငံသား အလုပ်သမားများ မရှိသလောက်ဖြစ်နေသည်ဟု အလုပ်သမားများက ပြောသည်။

အပြည့်အစုံသို့ >>

အလုပ်ရှင်နှင့် သဘောတူညီမှုရ၊ မဲဆောက် ဆန္ဒပြပွဲ ပြီးဆုံး

သတင်း - မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 06 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူညီမှု လက်မှတ်ရေးပြီးနောက် လုပ်အားခ ၂ လစာ ရရှိရေး ဆန္ဒပြပွဲသည် ၆ နာရီခန့်အကြာတွင် ရပ်ဆိုင်းခဲ့ပြီ ဖြစ်သည်။

စက်ရုံပိုင်ရှင်၏ ဇနီးဖြစ်သူ နောင့်စောင် ထံနဖွန်ဆိုထနာဒေချာဖွန်က ပိုင်ရှင် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသည့် MAP Foundation အဖွဲ့မှ ထိုင်းရှေ့နေ ဖိနိန်၊ မဲဆောက်မြို့ရှိ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး တာဝန်ခံ ခွန်စွန်ဖွန်နှင့် အလုပ်သမား ကိုယ်စားလှယ် ၉ ဦးအကြား ယခုလ ၂ဝ ရက်နေ့တွင် ငွေရှင်းပေးရန် သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ညှိလိုက်တဲ့အခါ အခုလ ၂၀ ရက်နေ့မှာ နောက်ဆုံးထားပြီး ပိုက်ဆံပေးပါ့မယ်လို့ လက်မှတ်ထိုး သဘောတူလိုက်တယ်။ အလုပ်သမားတွေဘက်ကလည်း ကျေနပ်တယ်။ ၂ လ လစာမရတဲ့အတွက် သူတို့အတွက်က ဘာမှ စားဖို့သောက်ဖို့ မရှိတဲ့အတွက် လောလောဆယ် ပိုက်ဆံ မထုတ်သေးသည်အထိ တနေ့ကို ထမင်း ၃ နပ်ကျွေးမယ်ပေါ့။ ဟင်း အပါအဝင်ပေါ့။ သောက်ရေ လုံလုံလောက်လောက် စီစဉ်ပေးမယ်ပေါ့” ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ဦးမိုးဆွေက မဇ္ဈိမကို ပြောသည်။

လုပ်အားခ မရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများက ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံ လာရောက်တိုင်ကြားရာ အလုပ်သမားရုံးနှင့် ညှိပေးရန် စီစဉ်ပေးခဲ့သည်။ သို့သော် အလုပ်သမားရုံးမှ အရာရှိနှင့် လုပ်ငန်းရှင် ဇနီးမောင်နှံက ရှောင်တိမ်းနေခဲ့သဖြင့် ယခုကဲ့သို့ အလုပ်သမားရုံး (ဆဝါဒီကန်) ရှေ့သို့ သွားရောက် ဆန္ဒပြရခြင်း ဖြစ်သည်။

အလုပ်ရှင်ဘက်က ရှောင်တိမ်းခဲ့သဖြင့် အလုပ်သမားများက ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကတည်းက အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး၊ လုပ်အားခ ပြန်ရမှသာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်မည်ဟု အလုပ်သမားများက တောင်းဆိုခဲ့သည်။

အဆိုပါ TK လေးစက်ရုံသည် ယခင်ကလည်း မကြာခဏ လစာထုတ် နောက်ကျလေ့ရှိကြောင်းနှင့် ယခုတကြိမ်တွင် ပိုမိုဆိုးရွားလာပြီး လုပ်အားခ ၂ လစာ နောက်ကျသဖြင့် အလုပ်သမားများ၏ စားသောက်ရေးကိုပင် ထိခိုက်လာခဲ့သည်။

အလုပ်သမားများထဲတွင် အလုပ်သမားကြီးကြပ်သူ လူနည်းစုသာ တလလျှင် ဘတ်ငွေ ၄,၀၀၀ ခန့်ရပြီး၊ သာမန် အလုပ်သမား အများစုမှာမူ ၁,၈၀၀ ဘတ် ဝန်းကျင်သာ ရရှိသည်။ စက်ရုံက နေစရာ၊ ထမင်းနှင့် သောက်ရေသာ ပေးသဖြင့် အလုပ်သမား လက်မှတ်ကြေး၊ ဟင်းဖိုးနှင့် ဘာလီရကုန်ငွေများ နုတ်လိုက်လျှင် တလ ဘတ် ၁,၀၀၀ ကျန်ရန်ပင် မလွယ်ကူကြောင်း သိရသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ လှုပ်ရှားမှုသက်တမ်း ၂၀၀၂-၂၀၀၉ ခုနှစ်အတွင်း အမှုပေါင်း ၁၃၈ မှုရှိသည့်အနက် ယခုကဲ့သို့ အလုပ်ရှင်ဘက်က လိုက်လျောပြီး “ပြေပြေလည်လည်” ဖြစ်သွားသည့် အမှုမျိုး အနည်းငယ်သာရှိပြီး နောက်ပိုင်းတွင် အလုပ်ရှင်က ပြန်လည်ဖိနှိပ်မှုများလည်း ရှိခဲ့ကြောင်း ဦးမိုးဆွေက ပြောသည်။

“နောက်ပိုင်းမှာ ပြဿနာပြန်ဖြစ်တာလည်း ရှိဖူးတယ်။ ပြေလည်တဲ့အမှုက အနည်းစုလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုံလုံးက အလုပ်သမားတွေ ညီညီညွတ်ညွတ်နဲ့ ဖြစ်တဲ့အခါကျတော့ သူဋ္ဌေးတွေက သူတို့အနေနဲ့ ဘာမှလုပ်လို့ မရတော့ဘူး ဆိုတာ သိသွားတယ်လေ။ လိုက်လျောပြီးတော့ နောက်ပိုင်းကျရင် အလုပ်သမားတွေပေါ် ပြန်ပြီး ဖိနှိပ်လာတာတွေ ရှိခဲ့တယ်” ဟု သူက ဆိုသည်။

ထို့အပြင် ယခင်က ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုလျှင် အလုပ်ရှင်များက ရဲအချို့နှင့် ပူးပေါင်း၍ ဆန္ဒပြခေါင်းဆောင်များကို ရိုက်နှက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ယနေ့ ဆန္ဒပြအလုပ်သမားများအပေါ် တစုံတရာ နှောင့်ယှက်ဟန့်တားခြင်း မရှိခဲ့ပါ။

ပြည်တွင်း၌ စီးပွားရေး အဆင်မပြေသဖြင့် မြန်မာနိုင်ငံသား ဦးရေ သန်းနှင့်ချီရှိပြီး ထိုင်းနိုင်ငံနေရာအနှံ့သို့ ထွက်လာသည့်အနက် မဲဆောက်မြို့၌လည်း ဈေးဆိုင်၊ စားသောက်ဆိုင်၊ အိမ်အကူ၊ အထည်ချုပ်စက်ရုံနှင့် သိုးမွှေးစက်ရုံတို့၌ ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။
ရေးသားသူ - ကိုဝိုင်း
အပြည့်အစုံသို့ >>

ထိုင်းရဲအယောင်ဆောင်သူများကို သတိထားကြရန် ရောင်ခြည်ဦး မြန်မာအလုပ်သမားအဖွဲ့မှ နှိုးဆော်


NEJ / ၂ သြဂုတ် ၂၀၀၇
line


ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ထိုင်းရဲအယောင်ဆောင်ကာ မြန်မာအလုပ်သမား များနေသည့်ရပ်ကွက်နှင့် အိမ်များတွင် အကျပ်ကိုင်ခြိမ်းချောက် ငွေတောင်းယူမှုများနှင့် အခြား မသမာမှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် မြန်မာအလုပ်သမားများအနေဖြင့် သတိရှိကြရန် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ တာဝန်ခံ ဦးမိုးဆွေက ပြောသည်။

ယမန်နေ့က မဲဆောက်မြို့တွင် ရဲအယောင်ဆောင်သူတဦးကို ဒေသခံရဲမှ ဖမ်းဆီးရမိပြီး အဆိုပါ သတင်းအား မဲဆောက်အခြေစိုက် STV ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးမိုးဆွေက ပြောကြားခြင်းဖြစ်သည်။

၎င်းက “မြန်မာအလုပ်သမားတွေအနေနဲ့ လာရောက်စစ်ဆေးတဲ့သူကို အဖမ်းခံခြင်း၊ ပစ္စည်း
ပေးခြင်း၊ ငွေပေးခြင်းတွေ အရမ်းမလုပ်ဖို့လိုတယ်။ မလိုအပ်ပဲနဲ့ အရမ်းမကြောက်စေချင်ဘူး။ သက်ဆိုင်ရာအာဏာပိုင် ဟုတ်မဟုတ် အရင်မေးမြန်းဖို့လိုတယ်။ မဲဆောက်ရဲစခန်းကလည်း ပြောတယ်၊ ရဲဟုတ်မဟုတ်အရင်မေးပါ၊ မသင်္ကာတာရှိရင် ရဲစခန်းကိုအကြောင်းကြားပါလို့ ပြောထားတာရှိတယ်” ဟု ပြောသည်။

ယမန်နှစ်က ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ဝင်များ နေထိုင်သည့် အိမ်သို့ ရဲအယောင်ဆောင်
သူတဦးဝင်ရောက်လာပြီး လက်မှတ်စစ်ဆေးကာ အဖွဲ့ဝင်နှစ်ဦးအား အိမ်သာခန်း၌ ထည့်သွင်း သော့ခတ်လိုက်ပြီး အလုပ်သမားလက်မှတ်နှစ်ခုအား အမှိုက်ပုံးထဲပစ်ထည့်ကာ ယင်းအိမ်တွင်
ရှိသည့် အဖွဲ့ပိုင် ဗီဒီယိုကင်မရာအား ယူဆောင်သွားသည်။

အဆိုပါ ရဲအယောင်ဆောင်သူအား အခင်းဖြစ်ပွားပြီး တလခန့်တွင် မဲဆောက်မြို့၌ ပြန်တွေ့ခဲ့ရာ မြန်မာအလုပ်သမားများက ၀ိုင်းဖမ်းဆီးပြီး မဲဆောက်ရဲစခန်းသို့ အပ်နှံခဲ့သည်။

အလုပ်ရှင်က အလုပ်သမားများအား မူရင်းအလုပ်သမား လက်မှတ်ကို မပေးဘဲ မိတ္တူလက်မှတ်
ကိုသာ ကိုင်ဆောင်စေခြင်းသည် မသမာသူများအတွက် အခွင့်ကောင်းတရပ်ဖြစ်စေသည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့၏ တာဝန်ခံ ကိုမိုးကြိုးက
ပြောသည်။

“အခုဖြစ်နေတာက ထိုင်းစကားမတတ်တဲ့အပေါ် အရမ်းအကြောက်ကြီးနေတဲ့အပေါ်မှာ လုပ်သွား တာများတယ်။ မနှစ် စက်တင်ဘာကလည်း မယ်ကုရွာမှာရှိတဲ့ ဖုပိုသိုးမွှေးစက်ရုံမှာ မြန်မာအလုပ်
သမ (၃) ဦးကို ရဲအယောင်ဆောင်ပြီး ခေါ်သွားတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ယခင်လ၌ မဲဆောက်ဗလီအနီးရှိ အလှကုန်ပစ္စည်းရောင်းသည့်ဆိုင်မှ မြန်မာအလုပ်သမားတဦး
ဖြစ်သူ ကိုအောင်ထွန်းသည် ညဘက် Seven Eleven ဆိုင်သို့ ဈေးဝယ်သွားရာ လမ်းတွင် ထိုင်းရဲ ယောင်ဆောင်သူများက ကိုအောင်ထွန်းအား လက်မှတ်စစ်ဆေးပြီး ထုတ်ပြသည့် အလုပ်သမား လက်မှတ်ကို ဆုတ်ဖြဲကာ ၎င်းထံမှ လက်ကိုင်ဖုန်းနှင့် ငွေများယူသွားပြီး ၀ိုင်းရိုက်နှက်သဖြင့် ဦးခေါင်းနှင့် နောက်ကြောတွင် ဒဏ်ရာပြင်းထန်စွာရရှိသည်။

နောက်တနေ့တွင် ကိုအောင်ထွန်း၏ အလုပ်ရှင်အကူအညီဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး
နိုင်ပြီး ရိုက်နှက်မှု၊ ရဲအယောင်ဆောင်မှု၊ ပစ္စည်းလုယက်မှု စသည့် ဆွဲချက်များဖြင့် ရဲစခန်းတွင် အလုပ်ရှင်က အမှုဖွင့်ခဲ့သည်။

ထိုကဲ့သို့ မြန်မာအလုပ်သမားများသည် ရဲအယောင်ဆောင်များ၏ ခြိမ်းခြောက်ငွေညှစ်၊ လုယက်မှု
တို့ကို ခံနေရသဖြင့် ၎င်းတို့အနေဖြင့် ညအချိန်မတော် အပြင်မထွက်ဘဲ အသွားအလာဆင်ခြင်ရန် မဲဆောက်ရှိ ထိုင်းရှေ့နေတဦးက သတိပေးသည်။ ။

အပြည့်အစုံသို့ >>

IC ပရိသတ် ၄၀၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

Monday, March 30, 2009


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော Iron Cross (IC) ပွဲကို လာရောက် ကြည့်ရှု အားပေးသည့် ပရိသတ် ၄၀၀ ကျော်အား ထိုင်း လူဝင် မှုကြီးကြပ်ရေး ဌာနက ဖမ်းဆီး လိုက်ကြောင်း ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုအောင်မြင့်သိန်းက ပြောသည်။ အဖမ်းခံရသူများမှာ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။

ကန်ထရိုက်တွေက လက်မှတ် စရောင်းတုန်းက လုံခြုံရေး တာဝန်ယူတယ်လို့ ပြောလို့ ကျနော်တို့လည်း လက်မှတ် ရောင်းရတာ။ ခု အလုပ်သမား တွေက လက်မှတ်ဖိုး လည်း ဆုံး၊ အဖမ်း လည်း ခံရပြီ”ဟု ကိုအောင်မြင့်သိန်းက ပြောဆိုသည်။ ထိုသတင်းကို ကြားရသောကြောင့် IC ၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က အဖမ်းခံရသည့် အလုပ်သမား များအတွက် စိတ်မကောင်း ကြောင်း ပြောသည်။ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ ပါဝင်ဖျော်ဖြေခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘ္ဘန်ဘော် ဒေသ၌ ကျင်းပခဲ့သည့် မတ်လ ၂၉ ရက်ညက IC ရှိုးကို လာရောက်ကြည့်ရှုသည့် ဘန်ကောက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

IC ပွဲကျင်းပရာ ငါးသေတ္တာ စက်ရုံသို့ အဝင်လမ်းကြားတွင် လူဝင်မှုကြီးကြပ်ရေး ရဲများက စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ အဖမ်းခံခဲ့ရသူများ နယ်စပ်သို့ ပြန်ပို့နိုင်ခြေ ရှိသည်ဟု ကိုအောင်မြင့်သိန်းက ပြောပြသည်။ “ကျနော်တို့ သူငယ်ချင်း၂ ယောက် ဒီလာတာ လမ်းစရိတ်ရယ်၊ လက်မှတ်ခရယ် ဆိုရင် ဘတ် ၁၁၀၀ ကျတယ်။ အဝေးကြီးက လာရတာ။ အဖမ်းအဆီးကိုလည်း ရှောင်ရသေးတယ်။ ရောက် တော့ သီချင်း ၂ ပုဒ်ပဲ မီလိုက်တယ်”ဟု မောင်ဝင်းအမည်ရှိ အထည်ချုပ် အလုပ်သမား လူငယ်တဦးက ပြောပြသည်။


အလုပ်သမားများ၏ ပျမ်းမျှ နေ့တွက်ခမှာ တရက်လျှင် ၂၀၃ ဘတ်ဖြစ်သောကြောင့် IC ပွဲကြည့်ရန် ၎င်းတို့၏ လုပ်အားခ ၂ ရက်စာ အကုန်ခံကြရသည်။ ပွဲကျင်းပစဉ် ကြည့်ရှုသူများဘက်က မည်သည့် အနှောင့်အယှက် တစုံတရာမှ မပြုလုပ်သော်လည်း လေးဖြူ သီဆိုအပြီးတွင် ပွဲကိုလာရောက်ရပ်နားခိုင်းသဖြင့် IC ထုံးစံ အတီးသမားများ၏ လက်စွမ်း ပြကွက်များကို ပရိသတ်က မြင်ခွင့်မရလိုက်ပေ။ IC အဖွဲ့စီးလာသည့်ကားကိုလည်း လူဝင်မှုကြီးကြပ်ရေးက ပွဲကျင်းပမည့်နေရာ ရောက်ခါနီးမှ တားမြစ် ထားသောကြောင့် ပွဲကျင်းပမည်ဟု ကြေညာထားသည့် ၇ နာရီအချိန်တွင် မကျင်းပနိုင်ဘဲ ည ၈ နာရီကျော်မှ ကျင်းပနိုင်ခဲ့ကြောင်း IC ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောပြသည်။

“ကျနော်တို့ကို သူတို့က တီးဝိုင်းအဖွဲ့မှန်းလည်းသိတယ်။ ဒါပေမယ့် ပတ်စ်ပို့တွေ ခဏပေးပါဆိုပြီး အကြာကြီးပဲညှိနေတာနဲ့ ပွဲကိုစမယ်ဆိုတဲ့အချိန်မှာ မစရဘူး” ဟုသူက ပြောသည်။ ထိုသို့ဖြစ်ရခြင်းမှာ IC အဖွဲ့၏ ပတ်စ်ပို့စ်များတွင် ဖျော်ဖြေရေး ဗီဇာမပါသောကြောင့်ဟုလည်း သိရသည်။ နာရီဝက်ကျော် ညှိနှိုင်းခဲ့ရပြီးမှ ပွဲစခွင့်ပြုခဲ့သည်။ IC ပွဲကို စီစဉ်သူများထဲတွင် ထိုင်းလူမျိုးနှင့် ဗမာများပါဝင်ပြီး ယခုပွဲကို ထိုင်းမြန်မာ ချစ်ကြည်ရေး အစီအစဉ်ဟု ကြေညာထားသည်။

ရသည့်ငွေကို ၎င်းဒေသရှိ ဝပ်ဘာနမ်ဖု ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းမည်ဟုလည်း သတင်းရရှိသည်။ ယခု IC ပွဲကို ကြည့်ရှုလိုပါက လက်မှတ်တစောင်ကို ဘတ် ၄၀၀ နှင့်ရောင်းချပြီး ကင်မရာယူ ဆောင်ပါက ဘတ် ၃၀၀ အခွန်ဆောင်ရသည်။ ဗီဒီယိုကင်မရာကို ယူဆောင်ခွင့်လုံးဝမပေးပေ။

ကန်ထရိုက်များနှင့် နီးစပ်သူတဦး က “ငါးသေတ္တာစက်ရုံပိုင်ရှင်က မြေနေရာငှားတယ်။ သူက ရပ်ကွက်လူကြီး အဆင့်လောက်ရှိတယ်။ ကန်ထရိုက်တွေက ထိုင်းမြန်မာ ချစ်ကြည်ရေး ဆိုပြီး နာမည်သာတပ်တာ။ တကယ်က ပိုက်ဆံရှိလို့ ထလုပ်တဲ့သူတွေ။ ဘာအဖွဲ့အစည်းမှ မဟုတ်ဘူး” ဟု ပြော သည်။ IC ပွဲကိုလာကြည့်သူ ပရိသတ်မှာ ၁၅၀၀ ဝန်းကျင်ခန့်ရှိပြီး အများသော အားဖြင့် စက်ရုံ အလုပ်ရုံ များတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသည်။ ဘန်ကောက်မြို့ ထဲရှိ အေပက် တက္ကသိုလ်တွင်တက်ရောက်နေသော မြန်မာကျောင်းသူ ကျောင်းသား အယောက် ၃၀ ကျော်ခန့်လည်း လာရောက်အား ပေးကြသည်။

IC အနေနှင့် ဘန်ကောက်တွင် ကျင်းပခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး ပထမဆုံးအကြိမ် တွင်ပင်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ပြောဆိုသည်။
မိတ္တူထုတ်ရန်
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP