Thursday 11 February 2010

ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရေး သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုမည်


.Wednesday, 10 February 2010 16:53 ဘစောတင် .ထိုင်းအစိုးရက ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ် ထားသည့် ဖေဖော်ဝါရီ လကုန်နောက်ပိုင်း ဖမ်းဆီး နှိမ်နင်းမှုများ အပါအ၀င် မြန်မာနိုင်ငံသားများ ရင်ဆိုင်ရမည့် အခက်အခဲများနှင့် ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်း များက ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုစာ တစောင် ရေးသားပေးပို့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။


လာမည့် ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝထံ ပေးပို့မည့် ယင်း တောင်းဆိုစာတွင် ထိုင်းအစိုးရ အနေဖြင့် ယာယီပတ်စ်ပို့ လုပ်ရန် လျှောက်ထား ရမည့် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီ (၂၈) ရက်မှ ထပ်မံတိုး ပေးရန်၊ ထို သတ်မှတ်ရက် နောက်ပိုင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့ခြင်းများ မရှိစေရန်၊ ယာယီပတ်စ်ပို့ လုပ်ရာတွင် ပွဲစားကုမ္ပဏီများ၏ ဆောင်ရွက် ချက်များကို ကျပ်မတ် စိစစ်ရန်၊ မြန်မာအစိုးရနှင့် ပိုမို အဆင်ပြေ စေမည့် နည်းလမ်းများကို အသုံးပြုနိုင်ရန် အတွက် ဆက်လက် ညှိနိုင်းရန် စသည့်အချက်များ ပါဝင်သည်ဟု သိရသည်။
.ယခုတောင်းဆိုမှုတွင် ပါဝင်သော ထိုင်းအလုပ်သမား သမဂ္ဂများ သွေးစည်း ညီညွတ်ရေး ကော်မတီမှ ဒု ဥက္ကဌ ဖိချာလီက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲကို စာနာသည့်အတွက် အခွင့်အရေးအပြည့်အ၀ရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။


“တတ်နိုင်သလောက် ပြေပြေလည်လည် ဖြစ်ဖို့ ကျနော်တို့ ထိုင်းဝန်ကြီးချုပ်ဆီကို စာပို့ဖို့ပြင်ဆင်နေပါတယ်၊ ဒီရွှေ့ပြောင်း အလုပ် သမားတွေဟာ ထိုင်းတွေမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေကြတဲ့အတွက် ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားကို အများကြီး အထောက် အကူဖြစ်စေပါတယ်၊ သူတို့တတွေ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရဖို့ အတွက် ကျနော်တို့ လက်တွဲ ဆောင်ရွက်သွားပါ့ မယ်”ဟု ဖိချာလီက ပြောသည်။

ထိုင်းအလုပ်သမားသမဂ္ဂ သွေးစည်း ညီညွတ်ရေး အဖွဲ့ တွင် မီးရထား အလုပ်သမား သမဂ္ဂကဲ့သို့သော အလုပ်သမားသမဂ္ဂ အဖွဲ့ ပေါင်း ၁၀၀ ကျော်ပါဝင်ဖွဲ့စည်းထားသည်။ အဆိုပါ အဖွဲ့သည် ထိုင်းနိုင်ငံတွင် သြဇာကြီးမားသော အဖွဲ့ အစည်းတခုဖြစ်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)မှ ဒါရိုက်တာ ဦးမြင့်ဝေကလည်း“အစိုးရဘက်က ပြင်ဆင်ထား တာကတော့ မြန်မာအလုပ်သမား တယောက်ကို ဖမ်းမိရင် အဲဒီ အလုပ်သမားကို တရားရုံးက ဒဏ်ငွေ ဘယ်လောက် ဆောင်ရမယ် လို့ သတ်မှတ်မယ်၊ အဲဒီ ဒဏ်ငွေထဲက ၂၀ရာခိုင်နှုန်းကို ဖမ်းတဲ့ရဲက ဆုအဖြစ် ရမယ်၊ အလုပ်ရှင်က ဒဏ်ငွေဆောင်ရုံနဲ့ မပြီးသေး ဘူး၊ အလုပ်သမားက ထောင်ဒဏ် (၄၅)ရက် စသည်ဖြင့် အပြစ်ပေးခံရပြီးတဲ့နောက် နယ်စပ်ကို အပို့ခံရဦးမယ်”ဟု ဆိုသည်။

ပိုမို စိုးရိမ်ရသည့် အချက်တခုမှာ ဖမ်းမိသောအလုပ်သမားအတွက် အလုပ်ရှင်သူဌေးကို ချက်ချင်း စီရင်ချက်မချနိုင်ဘဲ တရားရုံးတွင် အမှုကြန့်ကြာနေပါက အလုပ်သမားများကို အချုပ်ထဲတွင် ကြာရှည်ချုပ်နှောင်ထားမည့်အရေး ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယာယီပတ်စ်ပို့ ပြုလုပ်ရန် အလုပ်သမားလက်မှတ်ရှိသူ တသန်းကျော်ထဲမှ တသောင်းကျော်သာ လျှောက်လွှာတင်ထား သေးကြောင်း သိရသည်။

အဆိုပါ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်အခဲများနှင့် အလုပ်ရှင်အပါအ၀င် အလုပ်ရုံတာဝန်ရှိသူများ၏ ဖိအားပေး ခံရမှုများကြောင့် မြန်မာအလုပ်သမားများစွာ နေရပ်သို့ ပြန်သွားနေကြသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူ များကပြောသည်။

ယာယီ ပတ်စ်ပို့လုပ်ငန်းစဉ် ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ ဖူးကက်မြို့ တွင် လုပ်ကိုင်နေသည့် အလုပ်သမားများ လစဉ် အသုတ် လိုက် ပြန်သွားကြသောကြောင့် ယခုအခါ အလုပ်သမားများစွာလျော့နည်းသွားပြီဖြစ်ကြောင်း ဖူးကက်မြို့ထလန်အရပ်တွင် အလုပ်လုပ်နေသူ ကိုသန်းလွင် ကပြောသည်။

“ကျနော်တို့ဆီကတော့ အပတ်စဉ် ပြန်နေကြတာပဲ၊ ပြီးခဲ့တဲ့အပတ်ကဆို ရှစ်ရာလောက်ရှိမယ် ပြန်ကြတာ၊ ဘာလို့  ပြန်ကြလဲ ဆိုရင် အလုပ်သမား လက်မှတ်လုပ်တာဖြစ်ဖြစ် ယာယီပတ်စ်ပို့ လုပ်တာဖြစ်ဖြစ် အချက်အလက်ကို အမှန်ပဲဖြည့်ရမယ်လို့ အလုပ် ရှင်တွေကပြောတော့ အချက်အလက် အမှန်ကို မဖြည့်ချင်ကြတဲ့သူတွေက ပြန်ကြတာပေါ့၊ အခု ဆိုရင် အလုပ်သမားတန်းလျား တော်တော်များများ ဟောင်းလောင်းဖြစ်နေပြီ၊ အချက်အလက် အမှန်မဖြည့်ဘဲ နေလို့ရသလောက်နေမယ်၊ မရတဲ့အခါကျတော့ ပြန်မယ်ဆိုတဲ့ လူတွေ လည်းရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုနောက်ပိုင်း ၃ လခန့်တွင် ဖူးကက်မြို့မှ အလုပ်သမားများ နေရပ်ပြန်နေကြသည်မှာ လစဉ် သောင်းဂဏန်း ရှိကြောင်းလည်း ကိုသန်းလွင်က ပြောသည်။

အလားတူ ဘန်ကောက်မြို့ အနီးရှိ စမုစခွန် ခရိုင် မဟာချိုင်တွင် လုပ်ကိုင်နေသော အလုပ်သမားများ၊ ထိုင်းတောင်ပိုင်း ဖန်င ခရိုင်ရှိ ရေလုပ်ငန်း လုပ်နေသည့် အလုပ်သမားများအပါအ၀င် တခြားသော ထိုင်းနိုင်ငံအနှံ့တွင် လုပ်ကိုင်နေသော အလုပ်သမားများထဲမှ နေရပ်ပြန်ကြသူများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ပင်လယ်ပျော်များ သမဂ္ဂမှ ကိုတင်ကို က“မဟာချိုင်ဘက် မှာတော့ မွန်တွေ အတော်ပြန်ကြတယ်၊ ဒီလိုဖြစ်ရ တာကတော့ ယာယီပတ်စ်ပို့နဲ့ ပတ်သက်လို့ နှစ်နိုင်ငံအစိုးရလုံးရဲ့ မူဝါဒတွေက ရှင်းရှင်းလင်းလင်းမရှိဘူး၊ သူတို့အချက်အလက်တွေ ကို ပေးပြီးရင် နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကိုတွေးပြီး ပြန်ကြတာလည်း ရှိတယ်၊ လုပ်တဲ့သူတွေကျတော့လည်း မလုပ်မဖြစ် လို့ လုပ်ကြတာများတယ်”ဟု ပြောသည်၊

မဟာချိုင်တွင် မြန်မာအလုပ်သမား ၅ သိန်း ကျော် လုပ်ကိုင်နေထိုင်ကြကြောင်း သိရသည်။

“ကျနော်တို့ ဘက်ကတော့ လှေသားတွေ များတယ်၊ ဘတ် (အလုပ်သမားလက်မှတ်) လုပ်ရင်လည်း သူဌေးကပဲ သိမ်းထားတာ၊ ကိုယ်ကိုင်ရတာမှမဟုတ်တာ၊ ပြီးတော့ လှေသားတွေ က ဘတ်မရှိတာများတယ်၊ တကယ်လို့ မလုပ်မဖြစ်လုပ်ရမယ်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲမသိဘူး၊ ဒီနေရာတွေမှာက သူဌေးတွေက ရဲတွေကို ပိုင်တယ်၊ သူကြီးတွေ သူဌေးတွေက ပိုသြဇာညောင်း တော့ လှေသားတွေကြားမှာ ဒီကိစ္စကို သိပ်မပြောကြဘူး”ဟု ဖန်ငခရိုင် ထလမုရွာရှိ ရေလုပ်ငန်းတွင် အလုပ်လုပ်နေသော ကိုဇော်ဦးကဆိုသည်၊

ထိုင်းအစိုးအရက အလုပ်သမားလက်မှတ်ပြုလုပ်ရန် သက်တမ်း ၂နှစ်ထပ်တိုးပေးသည်ဆိုသော်လည်း ယာယီ ပတ်စ်ပို့ ပြုလုပ်ရန် လျှောက်ထားရမည်ဟူသော အချက်သည် ရွှေ့ပြောင်းအလုပ်သမားများကိုများစွာ အခက်အခဲ ဖြစ်စေသော အချက်တခုဖြစ် ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ စာတင်ရန် ပူးပေါင်းပါဝင်သည့် အဖွဲ့ အစည်းများမှာ ထိုင်းအလုပ်သမား သမဂ္ဂများ၊ မြန်မာအဖွဲ့ အစည်းများ ဖြစ်ကြသော ပင်လယ်ပျော်များသမဂ္ဂ၊ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ (ဘန်ကောက်) ကရင်အလုပ်သမားများ သမဂ္ဂ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)စသည့် အဖွဲ့အစည်း များစွာ ပါဝင်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP