Tuesday 2 February 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု

ရဲရင့်/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ


ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။



သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။
ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။
တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။
လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အပြည့်အစုံသို့ >>

တရားမ၀င် မြန်မာအလုပ်သမား ၉ ဦး မဲဆောက်မှာ အသတ်ခံရ

01 February 2010

မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ပုတ်ဖရမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၉ ဦးအနက် ၇ ဦးရဲ့ အလောင်းကို အာဏာပိုင်တွေက ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
တရားမ၀င် တောလမ်းကတဆင့် ဘန်ကောက်ကိုတက်မယ့် မြန်မာနိုင်ငံသား ၉ ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဒေသက ကျေးရွာလူကြီး တယောက်က ပြောပါတယ်။


သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ ပုတ်ဖရမြို့နယ်က ကျေးရွာလူကြီး တယောက်က အသတ်ခံရသူ ၉ ယောက် ဖြစ်ပေမဲ့ အလောင်း ၇ လောင်းပဲ တွေ့ရသေးတယ်လို့ ပြောပါတယ်။

“သူတို့က ၂၅ ရက်နေ့ မြ၀တီက ကူးတယ်။ ဒါပေမဲ့ ၂၅ ရက်နေ့ကပဲ သူတို့ အဖမ်းခံရတယ်။ လွတ်သွားတဲ့လူ ၃ ယောက်မှာ တယောက်က စကားပြောမတတ်ဘူး။ ဘန်ကောက်ကနေ အဆက်အသွယ် လုပ်ပေးပြီး ပုလိပ်က ခေါ်လာခဲ့ပေးတာ။ အဲဒီလူလည်း ကျနော့်အိမ်မှာပဲ တည်းနေတယ်။ ကျနော်တို့ အလောင်းတွေ့တာ ၂၇ ရက်နေ့ မနက်မှာ ၂ လောင်း တွေ့တယ်၊ ၂၈ ရက်နေ့ မနက်မှာ ၂ လောင်းတွေ့တယ်၊ မနေ့က ၃ လောင်း ထပ်တွေ့တယ်။ ၇ လောင်း တွေ့ပြီ၊ အားလုံး ၉ ယောက်ပေါ့။ အဲဒီအလောင်းတွေကလည်း မဲဆောက်မှာ ၄ လောင်း၊ ပုတ်ဖရမှာ ၃ လောင်း ရှိနေတယ်။”

လမ်းပြကယ်ရီက ပိုက်ဆံလာမပေးလို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေရဲ့ တပည့်လက်သားတွေပေါ့နော်။ တောထဲမှာ တက်လာတဲ့ ကယ်ရီအဖွဲ့တွေ၊ ဘာတွေကို ဖမ်းပြီးတော့ ပိုက်ဆံညှစ်တာပေါ့။ လွတ်သွားတဲ့ ကယ်ရီက ပိုက်ဆံလာပေးမယ်ဆိုပြီး မပေးလို့ သူတို့က သတ်လိုက်တဲ့ သဘောပါ။ ၁၂ ယောက်၊ အားလုံး ကယ်ရီနဲ့ဆို ၁၃ ယောက် လာတာပေါ့။ သူတို့က လှိုင်းဘွဲ့မြို့နယ်၊ ကျိုက်ပေါင်ရွာက ၉ ယောက်ပါတယ်လို့ ပြောသံကြားတယ်။ နောက် ဇာသပြင် မင်းခေါင်ရွာက ၃ ယောက်ပါတယ်။”

အသတ်ခံရသူ တယောက်ဖြစ်တဲ့ မတင်ထွေးအေးရဲ့ ခင်ပွန်း ကိုအောင်ကြည်က အခြေအနေကို အခုလို ရှင်းပြပါတယ်။

“တို့ ဒီမှာ မြ၀တီမှာ ရောက်လာပြီ၊ လူကိုယ်တိုင် သွားမကြည့်ရသေးဘူး၊ မနက်ဖြန်မှ သွားကြည့်ရမယ်၊ မရှိတော့ဘူး၊ ပုလိပ် ဘယ်လိုလာပြောလိုက်လဲ မသိဘူး။ ဘယ်သူမှ မထင်ထားဘူး။ နောက် မနက်ဖြန်မှ သူ့ကို သွားကြည့်ရမယ်နော်၊ ဒီမှာမေးတော့ ကျနော်လည်း ဘာမှမသိတော့ဘူး။”
မြ၀တီကနေတဆင့် ဘန်ကောက်သို့ တရားမ၀င် တောလမ်းက သွားသူတွေဟာ အခုလို မကြာခဏ သတ်ဖြတ်ခံရတယ်လို့လည်း မဲဆောက်က အလုပ်သမားအရေး လုပ်တဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“လ၀ကတို့၊ နယ်မြေမှာရှိတဲ့ ပြည်သူ့စစ်တို့နဲ့ အဝေမတည့်တာလည်း ရှိတယ်။ သူတို့အချင်းချင်းလည်း အဝေမတည့်တာတွေ ရှိတယ်။ အဲဒီကြားထဲမှာတော့ သယ်ဆောင်ခံရတဲ့ သူတွေပဲဖြစ်စေ၊ ကယ်ရီပဲဖြစ်စေ အသတ်ခံရတဲ့ ရာဇ၀တ်မှုတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ အခု မဖြစ်တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။”

နှစ်နိုင်ငံ သဘောတူညီအရ ယာယီ ပါ့စ်ပို့တ် (Passport) နဲ့ တရားဝင် အလုပ်လုပ်နိုင်ဖို့ စီစဉ်နေချိန်မှာ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမ၀င် မြန်မာအလုပ်သမား ၂,၀၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP