Thursday, 2 July 2009

အလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် အလုပ်ခန့်ထားခြင်းများအတွက်


PDF Print E-mail

ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် အလုပ်ခန့်ထားခြင်းဆိုင်ရာ ဥပဒေများအတွက် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ညီလာခံတရပ်ကို “National Conference on Labour Migration” ခေါင်းစဉ်ဖြင့် 17 June 2009 ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Amari Watergate Hotel ၌ ပြုလုပ်သည့် ညီလာခံတွင် ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းနိုင်ငံအစိုးရမှ ပြဌာန်းထားသည့် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ် ကိုင်ခွင့်အတွက် နောက်ဆုံးအကြိမ် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရေးကိစ္စနှင့် အလုပ်ရှင်များမှ အလုပ်သမားများ ခန့်ထားရာတွင် လိုက်နာရမည့် ဥပဒေများကို အဓိကထား ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

လာမည့် ဇူလိုင်လတွင် စတင်ပြုလုပ်ပေးတော့မည့် အလုပ်သမားမှတ်ပုံတင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် နည်းဥပဒေသများနှင့် လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာများကို အဆင့်ဆင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများအား လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းအမည်များကို ထုတ်ပြန်ကြေငြာခြင်း၊ လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ကာလာကုဒ်ဖြင့် အလုပ်သမားကဒ်များကို အရောင်ခွဲခြား သတ်မှတ်ခြင်း စသည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြီးနောက် ထိုင်းနိုင်ငံအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်တပ်များနှင့် ရဲဌာနများက ထိုင်းနိုင်ငံအတွင်းသို့ နောက်ထပ်ဝင် ရောက်လာမည့် ရွှေ့ပြောင်း အလုပ်သမားများအား မည်သို့ဖမ်းဆီး အရေးယူရန် တာဝန်ရှိသည်ကို ဥပဒေများ ပြဋ္ဌာန်းကာ တာဝန်အသီးသီးချမှတ်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ လက်ခံရေးနှင့် ပတ်သက်ပြီး အလုပ်ရှင်များအပေါ် အလုပ်ခန့်ထား ခြင်းဆိုင်ရာ ဥပဒေများ သတ်မှတ် ပြဌာန်းခြင်းနှင့် အကယ်၍ အလုပ်ရှင်များက ထိုဥပဒေများကို ချိုးဖောက်ခဲ့သည်ရှိသော် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် မည်သို့ အရေးယူ ဆောင်ရွက်သွားရမည်ကို အသေးစိတ်ညွန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။

ထိုညီလာခံသို့ တက်ရောက်ခဲ့သော အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန Grassroots-HRE မှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက ထိုပြဌာန်းချက်များနှင့် ပတ်သက်ပြီး သူမ၏ အမြင်ကို ယခုလို ပြောပြသည်။

ကျမအနေနဲ့ပြောရရင်တော့ ဒီလို အလုပ်သမားကဒ်တွေလုပ်ပေးတာ၊ ဖမ်းဆီးတာတွေလုပ်ရုံနဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို ၀င်သွားတာ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဘယ်လိုဘဲ ဖမ်းဆီးမှုတွေဘဲလုပ်လုပ် သူတို့အနေနဲ့ နေလို့ ရသလောက်တော့ နေမှာဘဲ။ ဘာကြောင့်လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ အစိုးရကိုယ်တိုင် ပြည်သူလူထုအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိတယ်။ လွတ်လပ်ခွင့် မရှိဘူး။ နောက်တစ်ခုက နိုင်ငံရဲ့ စီးပွားရေးကိုက ကျနေတဲ့အတွက် ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒုက္ခသည်ကနေ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာသလို၊ စီးပွားရေးအရ ငွေရေး ကြေးရေးရှာဖွေဖို့ ဒီထိုင်းနိုင်ငံမှာ လာပြီးတော့ အလုပ်သမားတွေအဖြစ်လာပြီး လုပ်ကြတဲ့လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီဥပဒေတွေ ဘယ်လိုဘဲ ထုတ်ပြန်ထုတ်ပြန်၊ ဖမ်းဆီးဖမ်းဆီး၊ အလုပ်သမားတွေကို ဘယ်လိုဘဲ ပြန်ပို့ ပြန်ပို့ ထိုင်းနိုင်ငံကို အလုပ်သမားဝင် ရောက်မှုကတော့ ရပ်တန့်သွားမှာ မဟုတ်ပါဘူးဟု ပြောသည်။

ယခုလက်ရှိ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား (၁.၈) သန်းရှိသည့်အနက် ငါးသိန်းခန့်သာ အလုပ်သမားမှတ်ပုံတင် ထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံမှ ကြေငြာထားသည်။ ထိုင်းနိုင်ငံအစိုးရအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများ လက်ခံရန် အိမ်နီးခြင်း နိုင်ငံအချို့နှင့် သဘောတူညီချက်စာချုပ် (Memorandum of Understanding – MOU) ကို လက်မှတ်ရေးထိုးပြီး ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားခြင်း မရှိသေးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်း နောက်ဆုံးအကြိမ်ကို ဇူလိုင်လမှ စတင်ကာ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

မှတ်ပုံတင်ထားခြင်းမရှိသောသူများကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး အလုပ်သမား သန်ခေါင်စာရင်း (ထော်လော် ၃၈/) ရှိသူများကိုလည်း ၂၀၁၀ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိသာ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအတွင်းရှိ NGO များနှင့် နိုင်ငံတကာ NGO များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရေးနှင့် အလုပ်ခန့်ထားရေးအတွက် ထုတ်ပြန်ထားသည့် ပြဌာန်းချက် ဘာသာပြန် PDF File အား Download လုပ်လိုလျှင် ဤနေရာကို ကလစ်နှိပ်ပါ။

အပြည့်အစုံသို့ >>

ဝက်တုတ်ကွေး ဖြစ်နိုင်ခြေရှိသူ နိုင်ငံခြားသား အလုပ်သမား ငါးရာကျော်ကို ထိုင်းအစိုးရမှ နယ်စပ်သို့ပြန်ပို့



PDF Print E-mail

ဘန်ကောက်မြို့ အိုင်ဒီစီအချုပ်ကြီးမှ ၀က်တုတ်ကွေးဖြစ်နိုင်ခြေရှိသူ နိုင်ငံခြားသား ရာပေါင်းများစွာကို သက်ဆိုင်ရာ နယ်စပ်များသို့ ယမန်နေ့က ပို့ဆောင်လိုက်ကြောင်း 26 June 2009ရက်နေ့တွင်ထိုင်းဘာသာဖြင့် ထုတ်ဝေသော ဒေးလီးနယူး သတင်းစာတွင် ဖေါ်ပြထားသည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများမှ စာရွက်စာတမ်း မပြည့်စုံသော ရွှေ့ပြောင်းအလုပ်သမား ငါးရာကျော်ကို ဘတ်စကားကြီး(၈)စီးဖြင့် ပို့ဆောင်လိုက်သည်ဟု သတင်းစာ၏ မျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

ဆေးရုံသို့ သွားရောက်ပြသသော နိုင်ငံခြားသားတစ်ဦးတွင် ၀က်တုတ်ကွေးရောဂါရှိကြောင်း တွေ့ရှိရသဖြင့် ရောနှော ချုပ်နှောင်ထားသော အဆိုပါ အလုပ်သမားများကိုပါ သံသယရှိသဖြင့် ပြန်လည် ပို့ဆောင်ခြင်းဖြစ်သည်။

အဆိုပါ ရာပေါင်းများစွာသော အလုပ်သမားများကို သက်ဆိုင်ရာ နယ်စပ်များသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့သော်လည်း ပြစ်မှုကြီးသူများနှင့် မြန်မာအလုပ်သမား (၁၀)ဦး၊ ကမ္ဘောဒီယား(၁၀)ဦး၊ လာအို(၁၀)ဦးတို့ကို ၀က်တုတ်ကွေးရောဂါ ကူစက်ပျံ့နှံ့မှု ရှိ၊ မရှိ သိရှိနိုင်ရန် သီးခြားစီ ခွဲခြား ချုပ်နှောင်ထားပြီး ကျန်းမာရေးအဖွဲ့က အနီးကပ် စောင့်ရှောက်လျှက်ရှိကြောင်း သတင်းစာတွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံတွင် နောက်ထပ် ကူးစက်ခံရသူ (၆၉)ဦး ရှိနေပြီး၊ ရောဂါဖြစ်နေသူပေါင်း (၁၀၅၄)ဦး ရှိနေသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်း မလေးရှားနိုင်ငံတွင်(၈၀)ဦး၊ စင်္ကာပူနိုင်ငံတွင်(၂၂၀)ဦး၊ ဗီယက်နမ်တွင်(၅၆)ဦး၊ လာအိုတွင် (၃)ဦး၊ အိန္ဒိယတွင် (၅၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်တွင် (၇)ဦး ရောဂါကူးစက် ခံနေရကြောင်း သတင်းများတွင် ဖေါ်ပြထားသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံသား အမျိုးသား တဦးဖြစ်ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင်တစ်ဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ (A)H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျှက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက် နေ့စွဲဖြင့် ကြာသပတေးနေ့တွင် ဖြန့်ချီသည့် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

အပြည့်အစုံသို့ >>

အိမ်ဖေါ်အလုပ်သမား မြန်မာအမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး




PDF Print E-mail

အိမ်ဖော်အလုပ်သမား အမျိုးသမီးတစ်ဦး ယာဘက်နားထင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း 9 June 2009 နေ့ထုတ် ထိုင်းရပ်သတင်းစာနှင့် ဒေးလီးနယူး သတင်းစာများအရ သိရသည်။

7.June .2009 ရက်ည ၁၁နာရီခန်အချိန်တွင် ဘန်ကောက်မြို့ ဘန်းကပိအရပ် လဖလောင်း (၁၀၁)လမ်းရှိ ဂါးဒင်းထ၀ိ အိမ်ဂေဟာ အမှတ် (၄၃၇၆)တွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေသူ အသက် (၁၇)နှစ်အရွယ် မတင်ဆိုသော မြန်မာအိမ်ဖေါ်အလုပ်သမတစ်ဦးမှာ နေအိမ်မီးဖိုချောင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း အဆိုပါ သတင်းစာများတွင် ဖေါ်ပြထားသည်။

မတင်မှာ လက်ကားယား ခြေကားယား၊ ပက်လက်အနေအထားဖြင့် သွေးအိုင်ထဲတွင် သေဆုံးနေခြင်းဖြစ်ပြီး သေဆုံးသူ၏ ခါးအောက်တွင်(၃၈) မမ ပစ္စတိုတစ်လက်၊ ၄င်း၏ကျည်ဆံခွံ (၃)ခုနှင့် သေနတ်ထဲတွင်လည်း ကျည်ဆံနှစ်တောင့် ကျန်ရှိနေသေးကြောင်း ရေးသားထားသည်။

အိမ်ထဲမှ သေနတ်သံကြားရသဖြင့် ခြံစောင့်က အိမ်တံခါးရှိ လူခေါ်ခေါင်းလောင်းကိုနှိပ်ပြီး ခေါ်ကြည့်ရာ အိမ်အတွင်းမှ အသက် (၅၆)နှစ်အရွယ် အိမ်ရှင်အမျိုးသမီး နန်းစူကန်ယာ ကာနန်အနုကစ် ထွက်လာပြီး အတူသွားကြည့်မှ မတင်သေဆုံးနေသည်ကို သိရှိရခြင်း ဖြစ်ကြောင်းပြောသည်။

အမှုလိုက်ရဲအရာရှိ၏ စစ်ဆေးမေးမြန်းချက်ကို အိမ်ရှင်အမျိုးသမီးက သေနတ်သံကို ကျမ မကြားလိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ရေချိုးခန်းထဲမှာ ရောက်နေလိုပါ’’ဟု ဖြေကြားခဲ့သည်။

ရဲအရာရှိက သေနတ်ကိုအဘယ့်ကြောင့် အိမ်ဖေါ်တစ်ယောက်အား ပေးထားရသည်ကို မေးမြန်းရာ အိမ်ရှင်အမျိုးသမီးက ကျမတိုအပြင်သွားရင် သူတစ်ယောက်တည်း ကျန်ခဲ့တာမိုအရေးကြုံရင် သူအတွက် အကာအကွယ်ဖြစ်အောင် ပေးထားတာပါဟု ဖြေကြားခဲ့သည်။

အိမ်ရှင် အမျိုးသားမှာ စစ်တပ်မှ အငြိမ်းစား အရာရှိဟောင်းတစ်ဦးဖြစ်ပြီး အမှုဖြစ်စဉ်တွင် နေအိမ်၌ မရှိပေ။

အမှုလိုက် ရဲအရာရှိ ၀မ်ချိုင်းက “ဟုတ်ပါတယ်။ ဒီအမှုကိစ္စ မှန်မှန်ကန်ကန် ပေါ်ပေါက်နိုင်ရေးအတွက် ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

သေဆုံးသူ မတင်မှာ ၄င်းနေအိမ်တွင် (၆) နှစ်ကြာ အလုပ်လုပ် နေသူဖြစ်ကြောင်း ထိုင်းရပ် သတင်းစာတွင် ရေးသားထားသော်လည်း၊ ဒေးလီးနယူသတင်းစာတွင်မူ (၂)နှစ်ကြာ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ရေးသားထားသည်။ အလောင်းကို ဘန်ကောက်မြို့ မှုခင်းရဲဆေးရုံကြီးတွင် စစ်ဆေးလျှက်ရှိသည်။

အဆိုပါအမှုအတွက် အကူအညီများပေးနိုင်ရန် လူ့အခွင့်အရေး အဖွဲ့အစည်းတခုမှ မတင်၏ ဇာတိဒေသအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၀၂ ခုနှစ် ဇွန်လတွင် အိမ်ရှင်မှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သဖြင့် အသက်(၁၈)နှစ်အရွယ် ကျိုက်ထိုမြို့သူ မစိုးသေဆုံးမှုကို (၂) နှစ်ကျော်ကြာမှ အိမ်ရှင်အား ဖေါ်ထုတ်ဖမ်းဆီး နိုင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူများအနက် အိမ်ဖေါ်အလုပ် လုပ်ကိုင်သူအများစုမှာ အဓ္ဓမပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်းနှင့် အစာရေစာ ၀လင်စွာ မစားရခြင်းများအပြင် ပြင်ပသို့လည်း ဖုန်းဖြင့် အဆက်အသွယ်လုပ်ခွင့်များ မရရှိကြောင်း သိရသည်။

Wednesday, 10 June 2009 11:52
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးဝင်လာမှု ထိုင်းစစ်တပ် စိုးရိမ်


ရနောင်းမြို့သို့ မြန်မာအလုပ်သမားများ ၀င်ရောက်လာမှုဟာ ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ ထိုင်းစစ်တပ်က မနေ့ က ပြောကြားလိုက်ပါတယ်။

“ဒီဝန်ထုပ်ဝန်ပိုးကတော့ ဆုံးတော့မှာကို မဟုတ်တော့ဘူး” လို့ နယ်စပ်ဒေသ လုံခြုံရေးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး နီပက်ထုန်လက်ခ်က ပြောပါတယ်။ “ရနောင်းတစ်မြို့တည်းမှာဘဲ ဗမာရွှေ့ပြောင်းအလုပ်သမားအတွက် ရွှေ့ပြောင်း အလုပ်သမားများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ၁၃ ခုကို ဖွင့်ထားပေးပြီးဖြစ်ပါတယ်။ ဒီဒေသမှာတင် ရွှေ့ပြောင်းအလုပ်သမားတွေက မွေးတဲ့ ကလေးတင် အယောက် ၃၀၀၀ ရှိတယ်” လို့ သူက ဆက်ပြီးပြောပါတယ်။

ထိုင်းစစ်တပ်အနေနဲ့ စိုးရိမ်တာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာတဲ့အခါမှာ မိသားစုတွေကို ခေါ်လာတာဘဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမိသားစုတွေက မွေးလာတဲ့ကလေးတွေကို ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းအစိုးရထံမှာ နိုင်ငံသားဖြစ်ခွင့်ကို တောင်းဆိုမှာ ဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါ တယ်။


“အခုအချိန်ကစပြီး နောက်ဆယ်နှစ်လောက်ကျရင် အဲဒီကလေးတွေကို ကျနော်တို့ ဘာလုပ်ရမှာလဲ” ဟု ဗိုလ်ချုပ်ကြီး နီပက် က ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှ ရနောင်းမြို့သို့ ၀င်လို့ရသည့် လမ်းကြောင်းများစွာရှိသည့်အတွက် ရနောင်းမြို့ဟာ အလုပ်ရှာနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင်ရရှိဖို့ ဆွဲဆောင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘက်ခြမ်းမှ ရနောင်းမြို့သို့ ကုန်းလမ်း၊ ရေလမ်း နှင့် တူးမြောင်း စသည့် လမ်းကြောင်းများစွာကနေ ၀င်ရောက်ဖို့ လွယ်ကူပါ တယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေဟာ ကရာဘူရီ (Kra Buri) မြစ်လက်တက် ဖြစ်တဲ့ ကရာနီ တူးမြောင်းထဲကနေ ဖြတ်ပြီး ရနောင်းဖက်ကို ခက်ခက်ခဲခဲကူးလာကြတာဖြစ်ပါတယ်။ အဲဒီတူးမြောင်းက ထိုင်း-မြန်မာ နယ်စပ်ပေါ်မှာရှိနေပြီး၊ နွေရာသီမှာဆိုရင် ရေက ခမ်းသလောက်ဖြစ်နေပြီး ရနောင်းဖက်ကို ကူးလာရတာ လွယ်ကူပါတယ်။ ထို့ပြင် ရနောင်းမြို့သည် ကပ္ပလီပင်လယ်ဖက်သို့ ကီလိုမီတာ ၁၀၀ လောက် ရှည်ထွက်နေတဲ့အတွက် ရေလမ်းကြောင်းကနေ လှေနဲ့ဝင်လာတာတွေ လည်း ရှိပါတယ်။

ထိုင်းအစိုးရနဲ့ မြန်မာအစိုးရဟာ ရေနယ်နိမိတ်ပိုင်ဆိုင်မှု နှင့် ပက်သက်ပြီး ပြဿနာက အခုထိ မပြီးသေးပါဘူး။ အထူးသဖြင့် ကော့လန်ကျွန်း၊ ကော့ခမ် နှင့် ကော့ကင်နော့ ကျွန်းတွေနဲ့ပက်သက်ပြီး ကျွန်းပိုင်ဆိုင်မှုပြဿနာက အခုထိတိုင်အောင် အငြင်း ပွားနေရဆဲဖြစ်ပါတယ်။ ကော့သောင်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ရနောင်းမြို့ဟာ ထိုင်းနိုင်ငံ မောင်း ခရိုင်မှာရှိတဲ့ နယ်စပ်ဖြတ်ကျော်တဲ့ ဂိတ်အဖြစ် အမြဲတမ်းအသုံးပြုလာခဲ့တဲ့ တစ်ခုတည်းသော မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံရေး နှင့် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့ ၏ အစီရင်ခံစာအရ ရနောင်းမြို့ဟာ ထိုင်းနိုင်ငံကို ၀င်ရောက်လာ တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ မြို့တစ်မြို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ဖြတ်ကျော်ဝင်ရောက်လာသူ စာရင်းဟာလည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ စာရင်းထဲမှာ အမြင့်ဆုံးအဆင့်မှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံထဲသို့ ရနောင်းမှ တဆင့်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ မွတ်ဆလင်မ် ရိုဟင်ဂျာတွေလည်း လှေနဲ့ ၀င်ရောက်လာတာမျိုးတွေ ရှိပါတယ်။ ယခုလို ၀င်ရောက်လာတဲ့သူများဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မိမိတို့ အိမ်သို့ ပိုက်ဆံပို့နိုင်ဖို့အတွက် အလုပ်လာလုပ်ကြတာ ဖြစ်ပါတယ်။ တခြားဝင်ရောက်လာတဲ့သူတွေကတော့ မလေးရှား နဲ့ အင်ဒိုနီးရှားတို့ကဲ့သို့ နိုင်ငံတွေအပါအ၀င် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်လျှောက်ဖို့ ၀င်ရောက်လာကြတာ ဖြစ်ပါတယ်။

နောက်ပြီး ရနောင်းမြို့သို့ မိသားစုနဲ့ အစုလိုက်အပြုံလိုက် ၀င်ရောက်လာတဲ့ ရွှေပြောင်းအလုပ်သမား အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ရိုဟင်ဂျာတွေ နဲ့ မတူတဲ့အချက်ကတော့ မြန်မာတွေကျတော့ ရနောင်းကို သူတို့အိမ်လိုလုပ်ပြီး နေချင်ကြတယ်။ ရနောင်းမြို့တော်ဝန် ၀မ်ချက် ဝေါင်ချိုင်ချနာက ၁၉၈၀ နောက်ပိုင်းကနေစပြီးတော့ ရနောင်းမြို့ရဲ့ စည်ပင်သာယာ နယ်နိမိတ်တွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၂၀ ကျော် လောက် ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ မောင်းခရိုင် စည်ပင်သာယာ နယ်နိမိတ်မှာ အဓိက အခြေချပြီး လုပ်နေတဲ့ အဖွဲ့အစည်းကတော့ Soi Samakki community လို့ သိရပါတယ်။ နောက်ထပ် ပက်ကနန် သာရုအ မြို့နယ်ထဲမှာဆိုရင်၊ Sangkasee community က စည်ပင်သာယာရုံး ရဲ့ အနောက်ဖက်မှာ ဆောက်ထားပြီး တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ် သမား တွေနဲ့ အတော်များများ ပက်သက်မှုတွေ ရှိနေပါတယ်။ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ မြန်မာရွှေ့ပြောင်းအ လုပ်သမား သုံးသောင်းကျော်လောက်ဟာ ထိုဒေသမှာရှိတဲ့ ထိုင်းနိုင်ငံသား နှစ်ထောင်လောက် နဲ့ အတူရောပြွန်းနေထိုင်နေ တာ ဖြစ်ပါတယ်။

“သူတို့က တော်တော်ကို အရွှေ့အပြောင်း သိပ်မြန်တာ၊ ဖမ်းလို့ကို မရဘူး။ သူတို့ကို ဖမ်းရတာ ခက်တယ်” လို့ မစ္စတာ ၀မ်ချက်က ပြောပါတယ်။ “သူတို့က မကြာခဏ အလုပ်ပြောင်းကြတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အလုပ်လုပ်တာထက်စာရင် ဒီမှာ အလုပ်လုပ်တာက ပိုက်ဆံပိုရတဲ့အတွက် ဒီ ထိုင်းနိုင်ငံမှာဘဲ နေချင်ကြတယ်” လို့လည်း မစ္စတာ ၀မ်ချက်က ပြောပါ တယ်။

NGO တွေ နဲ့ အဖွဲ့အစည်းအမျိုးမျိုးကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အကျိုးကို ကူညီဆောင်ရွက်ပေးချင်ကြတယ်။ အဲဒီအဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေအတွက် စာသင်ကျောင်းတွေဖွင့်ပေးကြတယ်။ အဲဒီ ထဲက အကြီးဆုံးစာသင်ကျောင်းက မောင်းခရိုင်က ဘန်ရင် (Bang Rin) မြို့မှာရှိပြီး ကလေး ၂၃၈ ယောက်ရှိတယ်။

“အဲဒီ အလုပ်သမားတွေ နဲ့ ဒီနိုင်ငံထဲမှာ မွေးတဲ့ သူတို့ရဲ့ ကလေးတွေ သူတို့နိုင်ငံကို ပြန်ထွက်မသွားမှာကို ကျနော်တို့ စိုးရိမ်တယ်” လို့ ရနောင်းမြို့တော်ဝန်က ပြောပါတယ်။ ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံရေး နှင့် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့ မှ လာတဲ့ သတင်းများအရ အချို့ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ပဋိသန္ဓေ တားဆေးကို သုံးစွဲနေကြတယ်လို့ သိရပါ တယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းက တာ့ခ်ခရိုင်မှာလည်း ခရိုင်အာဏာပိုင်တွေနဲ့ ပြည်တွင်း NGO တွေက နယ်စပ်လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဗမာစစ်အစိုးရတို့တိုက်ပွဲဖြစ်ပွားတဲ့အတွက်ကြောင့် ပြေးလာတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေရဲ့ ကလေး တွေအတွက် ယာယီစာသင်ကျောင်းတွေ ဖွင့်ပေးပြီးဖြစ်ပါတယ်။ ကရင်ရွာသား သုံးထောင်ကျော်လောက်ဟာ တဆောင်ယမ် နယ်မြေထဲသို့ ရောက်ရှိလာပြီးဖြစ်ပါတယ်။ သူတို့နဲ့အတူ ကလေးအယောက် ၁၅၀ လည်းပါလာပါတယ်။ အများစုကတော့ မိဘမဲ့ကလေးတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ မိဘမဲ့ကလေးများကျောင်းမှ ထဆနီး ကီရီပရာနီ က သူမတို့ အဖွဲ့အစည်းမှ လုပ်အားပေးများအနေနှင့် နယ်စပ်တိုက် ပွဲမှာ မိဘတွေသေဆုံး (သို့မဟုတ်) ပျောက်ဆုံး သွားကြတဲ့ ကလေးတွေကို ကူညီထားပြီးပါပြီးလို့ ပြောပါတယ်။ “ကျမတို့ အုပ်စုအနေနဲ့ နိုင်ငံသားတို့၊ အသားအရောင်တို့ ဘာသာရေးတို့ မခွဲခြားဘဲ ကလေးတွေကို ကရုဏာ သက်စွာနဲ့ ကူညီနေပါ တယ်” လို့ သူမ က ပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှ King-oua Laohong and Supamart Kasem ၏ “Influx of Burmese migrants worries army” ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မူရင်းသတင်းကို ဤနေရာတွင် နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
Grassroots-HRE
ကျော်သိင်္ခ
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP