Wednesday 25 November 2009

မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည်

Tuesday, 24 November 2009 18:51 သန်းထိုက်ဦး

ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။
“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။



GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။

“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊ မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။

“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။

မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။
ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။

“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

ရောင်းစားခံရမည့် မြန်မာအမျိုးသမီးငယ် အိမ်ပြန်နိုင်ခဲ့ပြီ

တနင်္လာနေ့၊ 23 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်

မြန်မာအမျိုးသမီးတစ်ဦးနှင့်အတူ တရုတ်နိုင်ငံအတွင်းပိုင်းအထိ အိမ်ဖေါ်အလုပ်လုပ်ရန် လိုက်ပါသွားပြီးနောက် တရုတ် အမျိုးသားများထံ ရောင်းစားနေချိန်တွင် ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၈ နှစ်အရွယ် မခိုင် မှာ နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာမြေပေါ် ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်သည်။

သူမသည် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာသူတစ်ဦးဖြစ်ပြီး တရုတ်ရဲများက ကားတတန် ရထားတတန်ဖြင့် တရုတ်ပြည်အတွင်းပိုင်း မြို့တစ်မြို့မှ ၄ ရက်ကြာမျှ ပို့ဆောင်ပေးခဲ့သဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် နယ်စပ်ရွှေလီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Type the rest of your post here.ယခုလို ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာမိသားစုအသိုင်းအ၀ိုင်းတွင် တစ်ရက်ကြာနေထိုင်ခဲ့ပြီး နောက်တစ်ရက်၌ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးခဲ့သဖြင့် မကြာမှီသူမသည် အိမ်ပြန်နိုင် တော့မည်ဖြစ်ကြောင်း သူမ၏နေထိုင်မှုတွင် ကူညီခဲ့သူ ရွှေလီဒေသခံ မြန်မာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။



လွန်ခဲ့သည့် တစ်လခန့်ကမှ လားရှိုးမြို့ရှိ အဒေါ်ဖြစ်သူ နေအိမ်မှ သူမအား ရွှေလီမြို့တွင် တစ်လကျပ် ၃ သောင်း ဖြင့် အိမ်ဖေါ်အလုပ်ပေးမည်ဆိုကာ မြန်မာအမျိုးသမီးတစ်ဦးက ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည် ၊၊

၎င်းအမျိုးသမီးက သူမအပါအ၀င် နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၂ ဦး တို့အားနယ်စပ်မှ ရက် သတ္တတစ်ပတ်ခန့် ခရီးဆက်ရသော မြို့တစ်မြို့အထိ ခေါ်ဆောင်သွားခဲ့ပြီး တိုက်ခန်းတစ်ခန်းအတွင်း သော့ခတ်ကာ လှောင်ပိတ်ထားခဲ့ကြောင်း သူမနှင့်မေးမြန်းခွင့်ရစဉ်က ပြောကြားထားသည် ၊၊
ထိုသို့သူမတို့ ၃ ဦးအား တိုက်ခန်းအတွင်း၌ သော့ခတ်ထားစဉ် ခေါ်ဆောင်သွားသော မြန်မာအမျိုးသမီး တစ်ဦးက တရုတ်ယောက်ျား ၃ ဦးထံမှ ငွေများယူနေသည်ကိုတွေ့ခဲ့ရပြီး အဆိုပါ တရုတ်ယောက်ျားများနှင့် လိုက်သွားရန် ပြောကြားအပြီး ထွက်ပြေးရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

“သမီးကိုဘာမှမခိုင်းသေးဘူး တိုက်ခန်းမှာထားပြီး သူကအပြင်သွားအုံးမယ်လို့ပြောတာ အခန်းကို သော့ခတ်ခဲ့တာ သော့ခတ်ထားပြီး အခန်းဒီဘက်ဘေးမှာ လူကြီး ၃ ယောက်နဲ့စကားပြောနေတာ သမီးတို့က အသံကြားတယ်ဆိုပြီးမှ ထကြည့်လိုက်တာ ကြည့်လိုက်တော့ ပိုက်ဆံတွေအများကြီး အဲဒီလူကြီး တွေက အဲဒီမိန်းမကြီးကိုပေးနေတာ မြင်တယ် နောက်ပြီး သမီးတို့အခန်းကိုလာပြီးဖွင့်ပြီးတော့မှ နောက်ရက်ကျရင် ငြီးတို့အဲဒီလူတွေလာခေါ်လိမ့်မယ်ငြီးတို့လိုက်သွား လို့အဲလိုပြောတယ် ပြောတော့ ဟိုနှစ်ယောက်ကို ထွက်ပြေးမယ်လို့ပြောတော့ သူတို့ကသိပ်ပြီး မယုံဘူး အဲတော့ အဲဒီမိန်းမက ဘယ်လိုကြားသွားလဲမသိဘူး ၃ ယောက်စလုံး ခြေထောက်တွေကို ထွက်ပြေးအုံးမလားဆိုပြီး တုတ်နဲ့ ရိုက်တယ် သူတို့နှစ်ယောက်ကတော့လမ်းမလျှောက်နိုင်တော့ဘူး သူတို့ ၂ ယောက်ကတော့ ဟိုးအဝေးကြီးမှာကျန်ခဲ့တာ” လို့ သူမက အတွေ့အကြုံကို ပြောပြသည်။

အရိုက်အနှက်ခံခဲ့ရပြီးနောက် ပြူတင်းပေါက်တံခါးမှန်ကို ရိုက်ခွဲ၍ ခြေထောက်ဒဏ်ရာဖြင့် ကံကောင်း ထောက်မစွာ ထွက်ပြေး လွတ်မြောက်ခဲ့ကာ အိမ်ပြန်နိုင်ခဲ့သော်လည်း ကျန်နေခဲ့သည့် အခြားအမျိုးသမီးငယ်နှစ်ဦး၏ ကံကြမ္မာမည်သို့ ရှိမည် ဆိုသည်ကို မသိရသေးချေ။

“ရောက်ပြီးနောက်တစ်ရက်မှာ လွဲပေးလိုက်တာပေါ့ သူကပြောတာက သူနဲ့အတူနောက်ထပ် အမျိုးသမီး ၂ ယောက် ကျန်ခဲ့သေးတယ် အဲဒါကို ဟိုဘက်ကထပ်စုံစမ်းနေတယ် လောလောဆယ်တော့ ဘာမှထပ်မသိရသေး ဘူး ” လို့စောစော က ရွှေလီဒေသခံက ပြောသည်။

လူကုန်ကူးသူများက မြန်မာဘက်မှအမျိုးသမီးများအား ဖျားယောင်းခေါ်ဆောင်ကာ တရုတ်ဘက်ခြမ်းတွင် မယား နှင့် လိင်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရောင်းစားလျှက်ရှိသည်။
လွန်ခဲ့သည့်နှစ်အတွင်း တရုတ်အာဏာပိုင်များက ရှာဖွေတွေ့ရှိသမျှ မြန်မာအမျိုးသမီးများအား မြန်မာနိုင်ငံ ဘက် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သဖြင့် အမျိုးသမီးတချို့အိမ်ပြန်နိုင်ခဲ့သော်လည်း မြန်မာပြည်စီးပွားရေး ချွတ်ခြုံကျနေမှုအောက် တွင် လူအရောင်းအ၀ယ် လုပ်ငန်းမှာခေတ်စားလျှက်ပင်ရှိနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

ပြည်ပမှ ငါးဖမ်းလုပ်သား ၁၂ဝ ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ

မိုးမခ အထောက်တော် အမှတ် ၀၀၄ - နိုဝင်ဘာ ၂၃၊ ၂ဝဝ၉

မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသည်ဟု ယူဆရသည့် ငါးဖမ်းလုပ်သား ၁၂ဝ ကျော်ကို မြန်မာ့ တပ်မတော်(ရေ)က ထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း AFP သတင်းဌာနက ဆိုသည်။

ဖမ်းထားသည့် နိုင်ငံခြား လှေ ၁ဝ စီးခန့် ရှိမည်ဟု ဆိုသည်။ ယခုအချိန်တွင် ၄ စီးသည် ထိုင်ဝမ်မှ ဖြစ်သည်ဟု ဆိုသည်။


"ထိုင်ဝမ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေ ၄ စီး ပြီးခဲ့တဲ့အပတ်ကတည်းက ရန်ကုန်မှာ အဖမ်းခံထားရတယ် ဆိုတာကို ကျွန်တော်တို့ အတည်ပြုလို့ ရပါတယ်” ဟု ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူး Tsay Tzu-yaw က AFP သတင်းဌာနကို ပြောသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မသိရသေးဟု ဆိုသည်။


သင်္ဘော မာလိန်မှူးများ အပါအဝင် အနည်းငယ်သော ငါးဖမ်းလုပ်သားများမှာ ထိုင်ဝမ်နိုင်ငံသားများ ဖြစ်သည်။ ကျန် လုပ်သား အများစုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတို့မှ ဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် China Times သတင်းစာတွင် ရေးထားသည်။ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုလှေ ၄ စီးသည် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ရေဒီယို အဆက်အသွယ်များ မပြတ်တောက်မီ သတင်းပို့ချက်များအရ လှေများကို မြန်မာ့တပ်မတော် (ရေ) က လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။China Times သတင်းစာတွင် ဖော်ပြထားချက်အရ ထိုလှေများသည် ခွင့်ပြုချက် မရဘဲ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်သွားသည်ဟု ဆိုသည်။

ငါးဖမ်းလုပ်သားများ မည်သည့်တွက်ကြောင့် ထိန်းသိမ်းခံရသည်ကို သိရပါက ၎င်းတို့ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ထိုင်ဝမ်အစိုးရက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP