Wednesday 18 November 2009

ယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလုပ်သမားများ


Thursday, 12 November 2009 18:39 အဲလက်စ် အဲလ်ဂီး

“ရဲတွေ့ရင် ရင်တုန်ကြောက်ရွံ့ မနေရတော့ဘူးဆိုတော့ ကျနော် ပျော်လိုက်တာ။ ကျနော် ထိုင်းနိုင်ငံထဲမှာ လွတ်လွတ် လပ်လပ် ခရီးသွားနိုင်တော့မယ်၊ ငွေညှစ်ခံရမှာ၊ အဖမ်းခံရမှာလည်း ပူစရာ မလိုတော့ဘူး” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုသော်တာက ဆိုသည်။

ကိုသော်တာ ၁၀ နှစ်သား အရွယ်က သူ၏ မိသားစုနှင့်အတူ ဆင်းရဲဒုက္ခများ လွတ်မြောက်နိုင်ရန် မြန်မာနိုင်ငံမှ ထိုင်း နိုင်ငံသို့ ထွက်ပြေး အခြေချခဲ့ကြသည်။ သူက နှစ်ပေါင်းများစွာ ထိုင်း ရဲကို ကြောက်ရွံ့ရင်း ကြီးပြင်းလာခဲ့ရသည်။ ရံဖန်ရံခါ ငွေကြေး လာဘ်ပေးရသည်လည်း ရှိခဲ့သည်။ မပေးလျှင် ထောင်ချနိုင်သည်။ ပိုဆိုးသည်က မြန်မာ နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံရမည့် အန္တရာယ်လည်း သူတို့ ကြုံရနိုင်သေးသည်။

နောက်ထပ် ၁၇ နှစ်အကြာမှာတော့ ကိုသော်တာက ဘန်ကောက်ရှိ စားသောက်ဆိုင်ကြီးတခုတွင် စားဖိုမှူး ဖြစ်နေပြီ။ ယခုတော့ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားနိုင်ပြီ ဖြစ်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ သေချာ ရေရာမှု မရှိလှသည့် တရားမ၀င်ရွှေ့ပြောင်း လုပ်သားများဘ၀မှ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းပေါ်သည်နှင့် တပြိုင်နက် သူ အရယူခဲ့သည်။ သူ၏လုပ်ငန်းရှင်က ထိုင်း-မြန်မာနယ်စပ်၌ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးကာ ယာယီနိုင်ငံကူးလက်မှတ်အတွက် အကူအညီပေးမည်ဟု ပြောလာသဖြင့် သူဝမ်းအသာကြီး သာခဲ့မိသည်။ တချို့သော သူများအတွက်တော့ နိုင်ငံကူးလက်မှတ်ရလာသည့် ကိုသော်တာ၏ အနေအထားကို အောင်မြင်မှု တခုအဖြစ် ယူဆနေကြသည်။ တကယ်လည်း ယူဆထိုက်၏၊ ကိုသော်တာ ထိုလက်မှတ်ရရန် ထိုက်သင့်သည့်ငွေကြေး ကုန်ကျမှုထက် တပြားတချပ်မျှ ပိုမပေးခဲ့ရသည့်အပြင် သူ့ အလုပ်ရှင်က သူ့ကို လုံခြုံစွာဖြင့် နယ်စပ်အထိ လိုက်လံပို့ဆောင် ကူညီပေးခဲ့သေးသည်။ သို့သော်လည်း တက်ကြွလှုပ်ရှား သူများကတော့ ယခုအခါ ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အစီအစဉ်များအနေနှင့် လိုအပ်ချက် များစွာ ရှိနေသေးသည်ဟု ပြောဆိုနေကြသည်။ ကိုသော်တာလို ကံကောင်းသည်ကတော့ လူနည်းစုသာ ဖြစ်သည်။ ကိုသော်တာသည် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော် အနက်၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာသူ ၂၀၀၀ ထဲမှ တဦးသာ ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီး Phitoon Kaewthong ၏ အဆိုအရ ဤ လူ ၂၀၀၀ မှာ နိုင်ငံသားစိစစ်ရေး ဌာနများတွင် မှတ်ပုံတင်လာကြသူ၊ တနှစ်တာ (သက်တမ်းတို) နိုင်ငံကူးလက်မှတ်ရရှိကြသူ အရေအတွက် ဖြစ်သည်။ အလုပ်သမားများကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသူများက ယခုကဲ့သို့ အလွန်နည်းသော လူဦးရေ အရေအတွက်ကသာ လက်မှတ် လာလုပ်ကြခြင်းကို ထောက်ပြဝေဖန်ကြရာ၌ လူအများအကြား သိရှိစေရန် သတင်းဖြန့်ဝေပေးခြင်း၊ ရွှေ့ပြောင်း လူထုများအကြား လူထုဆက်သွယ်ပြန်ကြားရေး အားနည်းမှုကြောင့်ဟု ထောက်ပြကြသည်။ သူတို့က ပြောဆိုကြရာ၌ အလုပ်သမားများက ယခု အစီအစဉ်ကို မသိရှိကြကြောင်းနှင့် ကြားသိသူများကလည်း ကောလာဟလမျိုးစုံနှင့် ရှုပ်ထွေးေ၀၀ါး နေကြသည်ဟု ဆိုကြသည်။ သူတို့ ထောက်ပြသည်မှာလည်း အမှန်ဖြစ်သည်။ မဲဆောက်တွင် စက်ရုံပိုင်ရှင် အများစုက နိုင်ငံသားစိစစ်ရေးနှင့် နိုင်ငံကူး လက်မှတ်ပြုလုပ်ရေးကိစ္စ သူတို့လုပ်သားများထံ တလုံးတပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိကြပါ။ “မဲဆောက်မှာက လုပ်ခပေးတာလည်း သိပ်နည်းတယ်။ လုပ်ငန်းခွင် အခြေအနေကလည်း သိပ်ဆိုးတယ်။ အလုပ်ရှင်တွေ က တကယ်လို့ သူတို့အလုပ်သမားတွေသာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိလာရင် လွတ်လပ်ခွင့် ရလာကြမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ရှင်းပြသည်။ အကယ်၍ အလုပ်သမားများက မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ပြီးသည်နှင့် လက်မှတ်ရခဲ့လျှင် ထိုင်းနိုင်ငံထဲ၌ လွတ်လပ်စွာ သွားလာခွင့်ရှိလာမည် ဖြစ်သည်။ “စက်ရုံပိုင်ရှင်တွေက သူတို့ အခု မဲဆောက်မှာတနေ့ ဘတ် ၅၀ (ကျပ် ၁၅၀၀ ဝန်းကျင်) ပေးနေတဲ့အလုပ်ကနေ တနေ့ကို ဘတ် ၃၀၀ (ကျပ် ၉၀၀၀ ဝန်းကျင်) လောက်ရနိုင်မယ့် ဘန်ကောက်လို တခြားဒေသဘက်ကို အလုပ်သမားတွေ ရွှေ့ပြောင်းသွားမယ် ဆိုတာ သိနေတယ်” ဟု ကိုမိုးဆွေက ဆိုသည်။ မဲဆောက်တွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအဖို့ မူလလုပ်ခကပင် နည်းလွန်းနေရာ ယခု နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေးကိစ္စအတွက် ငွေကြေးမတတ်နိုင် ဖြစ်နေကြရသည်။ ထိုမျှမက အရာရှိများနှင့် ပွဲစားများ၏ ခြစားမှုသတင်းများ ကြားနေကြရသောကြောင့်လည်း စိတ်မလန်းနိုင် ဖြစ်နေကြရသည်။ မဲဆောက်နေ စက်ရုံအလုပ်သမတဦးက သူ၏ စိတ်ပျက်အားငယ်မှုများကို ဧရာဝတီမဂ္ဂဇင်းထံ ဖော်ထုတ် ပြောပြခဲ့သည်။ သူ အလုပ်လုပ်နေသည့် သိုးမွေးချည်ထိုးစက်ရုံသို့ မြန်မာအရာရှိများနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ ၂ ဦး ပူးတွဲရောက်ရှိလာပြီး သူတို့ အလုပ်ရှင်ကို ဖိအားပေးသည်။ အလုပ်သမားများကို ယခု နိုင်ငံသား စိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရန် ပြောဆိုသည်ဟု ကြားသောအခါ မူလက သူတို့အားတက်ပျော်ရွှင် နေခဲ့ကြသည်ဟု ထို အမျိုးသမီးက ပြောပြသည်။စက်ရုံပိုင်ရှင်က မြန်မာအလုပ်သမားများ အနေနှင့် လက်မှတ်ရရှိရန် တဦးလျှင် ဘတ် ၅၀၀၀ (ကျပ် ၁ သိန်းခွဲခန့်) ဖြင့် ဈေးနှုန်းချိုသာစွာ လုပ်ပေးမည်ဟု ကြေညာကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရလိုပါက ယခုအချိန်သည် လျှောက်ထားကြရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ထိုသူတို့က ပြောဆိုခဲ့သည်ဟု ဆိုသည်။အလုပ်သမား အများစုက နိုင်ငံသားစိစစ်ရေးကိစ္စအတွက် စတင် လျှောက်ထားခဲ့ကြသော်လည်း ၁၀ ရက်အကြာတွင် လုပ်ခဈေးနှုန်းက ဘတ် ၇၅၀၀ (ကျပ် ၂၃၀၀၀၀ ခန့်) အထိ ဈေးတက်သွားပြီဟု ကြေညာခဲ့သည်။ “လူတွေက ဘယ်ဈေးနှုန်းရှိတယ်၊ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ဘယ်သိမှာလဲ၊ အခုလို ဈေးနှုန်းတွေ ဘယ်လို မြင့်ကုန်သလဲဆိုတာ ကျမ နားမလည်နိုင်ဘူး။ အခုတော့ အပိုအကုန်အကျခံ ပြီး လုပ်ကြရတော့မယ်။ အခုလို မရိုးမသား လုပ်တာကိုလည်း သံသယဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ဈေးနှုန်းတွေကို တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာသင့်တယ်” ဟု အဆိုပါ အလုပ်သမက ပြောသည်။ ပွဲစားကုမ္ပဏီ ၃ ခုက ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပုံစံများ ဖြည့်သွင်းရန် မြန်မာနယ်စပ်ရှိ နိုင်ငံသားစိစစ်ရေး ဌာနများသို့ ခရီးသွားလာရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်ဟု သိရသည်။ ထိုအတွက် ကုန်ကျစားရိတ် ပိုသွားခြင်းဖြစ်သည်။အလုပ်သမားအဖွဲ့အစည်း များကမူ လုပ်ခနည်းနည်းသာ ရရှိနေသော မြန်မာအလုပ် သမားများအတွက် လက်မှတ်လုပ်ခ ဈေးနှုန်းမြင့်မားနေသည်ဟု ဝေဖန်ကြသည်။ ဤသို့အကုန်အကျမခံနိုင်သည့်အတွက်ကြောင့် လက်မှတ် လျှောက်ထားမှုကို ဟန့်တားသကဲ့သို့ ဖြစ်စေသည်ဟု ဆိုသည်။ တချိန်တည်း၌ပင် တရားမ၀င် ပွဲစားများကလည်း လှုပ်ရှားနေကြသည်။ တချို့သတင်းများအရ လူလိမ်ပွဲစားများကို နိုင်ငံ ကူးလက်မှတ် အမြန်ရစေရန် ဘတ် ၁ သောင်းခန့် (ကျပ် ၃ သိန်းကျော်) ပေးကြရပြီး နောက်တကြိမ် ပြန်မတွေ့ ကြရဘဲ အလိမ်ခံနေကြရသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများ အလုပ်သမား ဆက်ဆံရေး အဖွဲ့ (Thailand’s State Enterprise Workers Relations Confederation) ၏ အထွေထွေ အတွင်းရေးမှူးကမူ ယခုလုပ်ငန်းစဉ်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စတင် ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောသည်။ သို့သော်လည်း ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများက သူတို့၏ ချွတ်ယွင်းချက် အမှားများကို လက်ခံ၍ အောင်မြင်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ “အခုအစီအစဉ် အလုပ်ဖြစ်နိုင်ဖို့ ထိုင်းအစိုးရက သူ့ဘက်မှာ လာဘ်စားမှုတွေ ရှိနေတယ် ဆိုတာကို လက်ခံဖို့ လိုတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေက ငွေကုန်ကြေးကျပိုများပြီး လုပ်ငန်း မတွင်ကျယ် ဖြစ်နေရတာ။ မြန်မာအစိုးရအနေနဲ့ တချို့တိုင်းရင်းသား လူမျိုးတွေလည်း မြန်မာနိုင်ငံသားပဲ ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ သူတို့လည်း ဗမာတွေလိုပဲ နိုင်ငံသားအဖြစ် စိစစ်ပြီး လက်မှတ်ရဖို့ အခွင့်အရေးရှိသင့်တယ်” ဟု သူက ဆက်ပြောသည်။ ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားကြသူ ဗမာမဟုတ်သော တချို့ တိုင်းရင်းသားများမှာ ပို၍ အခက်အခဲများ ကြုံတွေ့ ကြရသည်ဟုလည်း သတင်းများက ဆိုကြသည်။ တာ့ခရိုင် မဲဆောက် နိုင်ငံသားစိစစ်ရေးဌာနမှ အရာရှိတဦး၏ အဆိုအရ မြန်မာ - မွတ်လင်များ၏ နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေး လျှောက်ထားမှုတိုင်းကို ပိုမိုငြင်းပယ် ခံရသည်ဟု သိရသည်။ “ကျနော်တို့ လျှောက်ထားတဲ့သူ ၁၀၀၀ ကျော်ကို စိစစ်ပေးနေပါတယ်၊ အခု အချိန်အထိတော့ ငြင်းပယ်ခံရတဲ့ မြန်မာ မွတ်စလင်တွေကလွဲရင် တခြား ကျန်တဲ့သူတွေအတွက် ပြဿနာ မရှိပါဘူး” ဟု သူက ပြောပြသည်။ရိုဟင်ဂျာများကိုမူ မြန်မာစစ်အစိုးရက နိုင်ငံသားမဟုတ်ဟု ငြင်းပယ်ထားခဲ့ပြီး သူတို့ကို ပြည်ပသို့ နှင်ထုတ်နေကြသည်။ ၎င်းရိုဟင်ဂျာများက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီ ခိုလှုံရေးစခန်းများတွင် ထွက်ပြေးနေထိုင် နေကြရသည်။ ဤသို့ ငြင်းပယ်ခံရမည် သေချာနေခြင်းကြောင့်လည်း ထိုသူများအဖို့ ပို၍နစ်နာဖွယ်၊ ပို၍ အခွင့်အရေး ချိုးနှိမ်ခံရ၊ ဒုက္ခကြုံတွေ့ရဖွယ် အခြေအနေ ရှိနေသည်။ “ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးတမျိုးလို့ အစိုးရက လက်ခံတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလူတွေတော့ သူတို့က နိုင်ငံသား အဖြစ် စိစစ်အသိအမှတ်ပြု ခံရဖို့ဆိုတာ မျှော်လင့်ချက် မရှိဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာ ရိုဟင်ဂျာအသင်း အဖွဲ့ဝင် Enayet Ullah က ပြောသည်။ “ရိုဟင်ဂျာတဦးအဖို့ နိုင်ငံကူး လက်မှတ်ရဖို့ထက်စာရင် အဖမ်းခံရဖို့က ပိုများတယ်” ဟု သူက ဖြည့်စွက်ပြောသည်။ ၂၀၁၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးသတ်မှတ်ရက်သို့ နီးကပ်လာနေချိန်တွင် ကုလသမဂ္ဂ အရာရှိ David Feingold ကလည်း လူအများအနေနှင့် ယခု ယာယီ နိုင်ငံကူး လက်မှတ် ရရှိနိုင်မည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြရလိမ့်မည် ဟု ယုံကြည်နေကြောင်း၊ ထိုသူများအနေနှင့် လူကုန်ကူး ရောင်းစားခံရမှု အန္တရာယ် တိုး၍ ကြုံရနိုင်ကြောင်း ပြောသည်။ “အပေါ်ယံကြည့်ရတာတော့ အကုန်လုံး အဆင်ချောနေပြီး လာဘ်စားမှုတွေ ကင်းတယ် ဆိုဦးတော့၊ ၂၀၁၀ မှာ လူအများကြီး လာပြီး မှတ်ပုံတင်ကြမယ့် အနေအထား မတွေ့ရဘူး။ တကယ်လို့ နောက်ဆုံးသတ်မှတ်ရက်ကို ရက်ထပ်မတိုးဘူး ဆိုရင်တော့ လူအများစုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ အတွက် သူတို့ ပိုပြီးနစ်နာမယ်၊ အန္တရာယ်ကြုံရဖို့ ပို ဖြစ်နိုင်တယ်” ဟု David Feingold က ဆိုသည်။ ရိုဟင်ဂျာများကဲ့သို့ပင် ချင်းမိုင်မြို့ အနီးတ၀ိုက်တွင် အလုပ်လုပ်ကိုင်နေကြသူ ရှမ်းတိုင်းရင်းသား များသည်လည်း တိုင်းရင်းသား ဖြစ်နေသည့်အတွက်ကြောင့် ၎င်းတို့ကို ညှိုး၍ဖိနှိပ်မည်ကို စိုးရိမ်နေကြသည်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းမြန်မာများ၏ အခွင့်အရေးကိစ္စ ဆောင်ရွက်နေသည့် MAP foundation မှ ကိုယ်စားလှယ်တဦးက ၎င်းတို့သိရသော သတင်းများအရ ပြောပြရာတွင် ရှမ်းတိုင်းရင်းသား အလုပ်သမား ၇ ဦး လျှောက်လွှာတင်သွင်းခဲ့ရာ ၃ ဦး၏ လျှောက်လွှာများမှာ ငြင်းပယ်ခံခဲ့ရပြီး မြန်မာအာဏာပိုင်များက မည်သို့မျှ ရှင်းပြခြင်းမရှိဘဲ သူတို့၏ စာရွက်စာတမ်းများကို ပြန်မပေးဘဲ သိမ်းထားခဲ့ကြသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့က စုစည်း ကျင်းပသော အစည်းအဝေးတခုတွင် လည်း ရှမ်းတိုင်းရင်းသားများက သူတို့၏ အလားတူ စိုးရိမ်ချက်များကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ ချင်းမိုင်ဒေသနေ အလုပ်သမား ၂၀၀၀ ကျော်က ယခုစီမံချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ထိုင်းအစိုးရထံသို့ ယခင် ဆောင်ရွက်နေသော အလုပ်သမား မှတ်ပုံတင်ပေးရေး အစီအစဉ်အတိုင်းသာ ပြန်လည်ဆောင်ရွက်ပါရန် တောင်းဆို ခဲ့ကြသည်။ လူအများစုက မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစုဝင်များအပေါ် ဒုက္ခပေးမည်ကို စိုးရိမ်နေကြသည်။ နယ်စပ်တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးနေသည်။ စစ်သားများက အလုပ်သမားလက်မှတ် လျှောက်ထားသူများ၏ မိသားစုများထံမှ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေကြသည့်အတွက် အတင်းအကျပ် ပိုက်ဆံလုယက် တောင်းယူ နေကြသည် ဟူသော ကောလာဟလ သတင်းများလည်း ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသည်။ ကိုမိုးဆွေက ဘန်ကောက်အနီး မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းစက်ရုံတခုတွင် အလုပ် လုပ်နေသည့် မြန်မာ အမျိုးသမီးတဦးနှင့် စကားပြောဆိုခဲ့ပုံကို ဧရာဝတီမဂ္ဂဇင်းအား ပြန်လည် ပြောပြသည်။ အဆိုပါ အမျိုးသမီးက နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ပြီး ၂ လခန့် အကြာတွင် သူ၏ မိခင်ထံမှ ဖုန်းခေါ်လာသည်ဟု ပြောသည်။ စစ်သားများက သူ့မိခင် နေထိုင်ရာ အိမ်သို့ ရောက်လာကြောင်း၊ သမီးဖြစ်သူ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်နေသည့်အတွက်ကြောင့် တလလျှင် ကျပ် ၃ သောင်းခန့် အခွန်ပေးရန် လာရောက်တောင်းခံကြကြောင်း သူ့ကို ပြန်ပြောပြခဲ့သည်ဟု သိရသည်။ ယခု စီမံချက်နှင့် ပတ်သက်၍ အများစုသော မြန်မာရွှေ့ပြောင်း လူထုအတွက် စိုးရိမ်ပူပန်မှုမှာ ငွေကြေးဆုံးရှုံးရမည့် ကိစ္စ ပင် ဖြစ်သည်။ မြန်မာစစ်အစိုးရက အနာဂတ်တွင် သူတို့ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်မည်ကို စိုးရိမ်နေကြပြီး ဤအချက် ကြောင့် လျှောက်လွှာတင်ရန် တွန့်ဆုတ်နေကြရသည်။ နောက်နောင်တွင် အခွန်ပေးဆောင်ရမည်ကို သိလိုက်ရသောအခါ ကိုသော်တာ၏ အပျော်များလည်း ပြိုကွဲခဲ့ရသည်။ “ကျနော် အစိုးရိမ်ဆုံးက မြန်မာအစိုးရက လာမယ့်အနာဂတ်မှာ ကျနော်တို့ဆီက အခွန်ကောက်မယ့် ကိစ္စပဲ၊ ကျနော်တို့ ဒီလောက် ဆင်းရဲပြီး လုပ်ခ နည်းနည်းပဲ ရနေတာတောင် ကျနော်တို့ နိုင်ငံခြားမှာ ရှိနေတော့ သူတို့ကြံဖန် အခွန် ကောက်ကြမှာပဲ” ဟု ကိုသော်တာက ဆိုသည်။ ပါဝင်ပတ်သက်နေကြသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးက မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ယခု နိုင်ငံသား စိစစ်ရေးကိစ္စတွင် စိုးရိမ်မှု အများအပြား ရှိနေကြကြောင်း သဘောတူညီကြသည်။ ဤအတွက်ကြောင့် စီမံချက်အောင်မြင် ရေးအပေါ်တွင်လည်း ပူပန်နေကြရသည်။ ယခု လုပ်ငန်းစဉ်ကို ပြောင်းလဲရန် လိုအပ်နေသည်ကတော့ အမှန် ဖြစ်သည်။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရအကြား ပို၍ ပူးပေါင်းလုပ်ဆောင်မှုများ လိုအပ်နေကြောင်းလည်း လူအများက အသိအမှတ်ပြုထားကြသည်။ ယခုလုပ်ငန်းစဉ်က ပို၍ ပွင့်လင်းမြင်သာရန် လိုအပ်နေပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိနိုင်ရန် လျှောက်ထားကြရာ၌ သူတို့အတွက် လုံခြုံသည် ဟု ခံစားရစေရန်လည်း လိုအပ်နေသည်။ ထိုမျှမက သူတို့တတ်နိုင်သည့် နှုန်းထားဖြစ်ရန်လည်း လိုအပ်လျက်ရှိပါသည်။ ALEX ELLGEE ရေးသားသည့် Passport Unpopular with Burmese Migrants ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
အပြည့်အစုံသို့ >>

မြန်မာနိုင်ငံကူးလက်မှတ် ၀န်ဆောင်ခ သတ်မှတ်ပေးရန် တောင်းဆို

မေကျော် / ၁၃ နိုဝင်ဘာ ၂၀၀၉ ထိုင်းကုမ္ပဏီ (၃) ခုမှ တာဝန်ယူ လုပ်ဆောင်နေသော မြန်မာနိုင်ငံကူးလက်မှတ်များအတွက် ၀န်ဆောင်ခကို အတိအကျ သတ်မှတ်ပေးရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ထိုင်းအလုပ်သမား ၀န်ကြီးဌာနအား တောင်းဆိုလိုက်သည်။(၂) နှစ်သက်တမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်အတွက် ကုန်ကျစရိတ်အဖြစ် ၀န်ဆောင်ခအပါအ၀င် ဘတ် (၅,၀၀၀) မှ (၅,၅၀၀) သာ ကုန်ကျသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

“ထိုင်းဝန်ကြီးဆီကိုတော့ စာတင်ထားတယ်။ ကုန်ကျစရိတ်ကို သေသေချာချာ ရှင်းဖို့၊ လုပ်ဖို့သက်တမ်းကို တိုးချဲ့ဖို့၊ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့။ လာမယ့် အင်္ဂါနေ့ ကက်ဘိနတ် အစည်းအဝေးကြရင် တင်ပြမယ်လို့ အလုပ်သမားဝန်ကြီးဌာန အကြံပေးကော်မတီဝင် Mr Pongsak Plengsang က ကတိပေးထားတယ်” ဟု အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဒုက္ခသည်နှင့်ရွှေ့ ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။မြန်မာနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ် မြန်မာကျပ်ငွေ (၃,၀၀၀) နှင့် ထိုင်းဘတ်ငွေ (၄,၄၀၀) သာ ကုန်ကျမည်ဟု တရားဝင်သတ်မှတ်ထားသော်လည်း ၀န်ဆောင်ပေးနေသည့် ထိုင်းကုမ္ပဏီများက ထိုင်းဘတ်ငွေ (၈,၀၀၀) ခန့် တောင်းခံနေခြင်းဖြစ်သည်။“ကျနော်တို့ အခု ဖောင်ဖြည့်တာက ဘတ် (၅၀၀)၊ ပြီးတော့ ဓာတ်ပုံရိုက်ခက (၈၀)၊ ဘတ် (၅၈၀)။ ပြီးရင် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) ကျလာရင် ဘတ် (၆,၅၀၀) ပေးရမယ်လို့ ပြောတယ်ခင်ဗျ” ဟု ကုန်တင်ကုန်ချ အလုပ်သမား ကိုစုကမ်းက ပြောသည်။ထိုင်းအလုပ်ရှင်များကလည်း ကုမ္ပဏီများနှင့် နိုင်ငံကူးလက်မှတ်လုပ်ရန် အလုပ်သမားများကို ဖိအားပေးနေပြီး လက်မှတ်မလုပ်လျှင် အလုပ်မှထုတ်ပယ်မည့်အပြင် အလုပ်သမားကတ်ပါ ထုတ်မပေးဟု ခြိမ်းခြောက်မှုများရှိလာသည်ဟု ကိုစုကမ်းက ပြောသည်။“ကျနော်တို့ ဒီမှာ ဗမာ (၁၀၀) ကျော်ဗျ။ အလုပ်ရှင်က ပတ်စပို့လုပ်ပါ။ မလုပ်ရင် ဒီလ (၂၈) ရက်နေ့ အလုပ်က ထွက်ရမယ်။ ကျနော်တို့ အလုပ်သမား လက်မှတ်လည်း ပြန်မပေးဘူးဆိုပြီးပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။ထိုင်းအစိုးရနှင့် မြန်မာအစိုးရ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်သမား လက်မှတ်ကိုင်ဆောင်သူ မြန်မာ အလုပ်သမားများကို (၂) နှစ်သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်သည်။ယင်းထိုင်းကုမ္ပဏီ (၃) ခုဖြစ်သော Thailand - Myanmar Cultural and Economic Coorperation Association ၊ CEO Co. ၊ NIK Co. တို့က ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ ၀န်ဆောင်ခယူကာ မြန်မာနိုင်ငံကူးလက်မှတ် ရရှိရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။ထိုင်းအစိုးရကလည်း အဆိုပါကုမ္ပဏီများကို လုပ်ပိုင်ခွင့် တရားဝင်ချထားပေးသော်လည်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်မယူပါဟု ပြောကြားထားသည်။အလုပ်သမားလက်မှတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင် လျှောက်ထားနိုင်သော်လည်း ထိုင်းအလုပ်ရှင်များ၏ ကိုယ်စားလှယ်လွှဲစာ ရရှိရေး အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။“အလုပ်ရှင်က ထောက်ခံစာ၊ ကိုယ်စားလှယ်လွှဲစာ ထုတ်ပေးရင် ကျနော်တို့က ကိုယ်တိုင်လုပ်ချင်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေက ကုမ္ပဏီတွေနဲ့ပဲ လုပ်ရမယ်ပြောနေလို့ပါ” ဟု ကိုစုကမ်းက ပြောသည်။အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်ခိုင်က ထိုင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကူး လက်မှတ်များကို တဦးလျှင် ၀န်ဆောင်ခအနည်းဆုံး ဘတ် (၁,၅၀၀) ခန့်ယူနေခြင်းဖြစ်ပြီး လက်မှတ်ကိုင် အလုပ်သမား (၁) သန်းခန့်အတွက် ဘတ်သန်း (၁,၅၀၀) ခန့်အထိ တွက်ချက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။“ကုန်ကျစရိတ်အနေနဲ့က ဘတ် (၃,၀၀၀) လောက်ပဲရှိမယ်။ နယ်စပ်ကိုသွားတဲ့ ခရီးစရိတ်က အသွားအပြန် (၂,၀၀၀) ဆိုရင် (၅,၀၀၀) ဆိုပြီးပြီ။ အခုဟာက (၁,၅၀၀) ဆိုတာ ၀န်ဆောင်ကြေးဖြစ်နေတယ်။ များလွန်းအားကြီးတယ်။ တယောက် ဘတ် (၁,၅၀၀) ဆိုရင် လူ (၁) သန်းဆို သန်းပေါင်း ၁၅၀၀ (၁.၅) ဘီလီယံ အကျိုးအမြတ်ယူသလိုဖြစ်နေတယ်” ဟု ဆိုသည်။အလုပ်သမားရေး ဆောင်ရွက်နေသူများကမူ ယခုကဲ့သို့ ထိုင်းကုမ္ပဏီများ ၀န်ဆောင်ခ နှုန်းထားများ သတ်မှတ်တောင်းခံနေခြင်းကို တိုက်ရိုက်မဖြေရှင်းနိုင်သော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတဆင့် ထိုင်းအစိုးရသိရှိအောင် တင်ပြတောင်းဆိုမည်ဟု သိရသည်။“အခု ၀န်ကြီးဌာနကို တင်ပြထားတာက အချက် (၅) ချက်ပါတယ်။ ၀န်ဆောင်ခ လျှော့ဖို့၊ မြန်မာမီဒီယာတွေကို အလုပ်သမား သတင်းတွေ တရားဝင်ထုတ်ပြန်ပေးဖို့၊ နိုင်ငံကူး လက်မှတ်လုပ်တဲ့ ကာလကို တိုးပေးဖို့၊ နောက်လိုအပ်ရင် ရွှေ့ပြောင်းအလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MGW) က ကူညီဆောင်ရွက်ပါမယ်ဆိုပြီး ဒီအင်္ဂါနေ့မှာ ထိုင်းကက်ဘိနက်မှာ တင်ပြဆွေးနွေးမှာပါ” ဟု ဦးသက်ခိုင်က ပြောကြားသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာစစ်တမ်း ထိုင်းအလုပ်သမားဝန်ကြီးထံ ပေးပို့

Thursday, 12 November 2009 19:13 ဘစောတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသော ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ အခက်အခဲများ အတွက် အကြံပြုစာနှင့် စစ်တမ်း ကောက်ချက် တစောင်ကို ယမန်နေ့က ထိုင်းအလုပ်သမား ၀န်ကြီးထံသို့ Migrant Working Group ကပေးပို့ ခဲ့ကြကြောင်း သတင်းရရှိသည်။မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေသော ထိုင်း NGO များနှင့် မြန်မာအလုပ်သမားအဖွဲ့ များ ပူးပေါင်း ဖွဲ့စည်းထားသော Migrant Working Group က အချိန် ၂ လ ယူ၍ ထိုင်းနိုင်ငံအတွင်းမှ အဓိကကျသော ဒေသ ၈ ခုတွင် မြန်မာအလုပ်သမားများ၏ သဘောထားကို စစ်တမ်းများကောက်ယူခဲ့ကြပြီး ယခုကဲ့သို့ ထိုင်း အလုပ်သမား ၀န်ကြီးထံသို့  ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းကောက်ရာတွင် ပါဝင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

“ကျနော်တို့ အလုပ်သမားတွေရဲ့ စိုးရိမ်စိတ်တွေကို အလေးအနက်ထား စစ်တမ်းကောက်ပြီး ထိုင်းအစိုးရကို တင်ပြတာဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အားလုံးပူပန်နေရတဲ့ သောကတွေ ပျောက်ကွယ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။ယင်း စစ်တမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်၊ ဖူးကက်၊ ရနောင်း၊ ဖန်င၊ စူရဌာနီ စသည့် ဒေသ ၈ ခုရှိ မြန်မာအလုပ်သမား ၃၀၀ ၀န်းကျင်ကို မေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်။ စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူးလက်မှတ် လုပ်လိုသော ဆန္ဒမရှိကြောင်း ဖော်ပြကြပြီး ၂၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်၍ မည်သည့်ဗဟုသုတမျှ မရှိသေးကြောင်း ဖော်ပြ သည်ကို တွေ့ ရသည်။ ကျန် ၂၀ရာခိုင်နှုန်းကမူ မလွှဲသာလျှင်လုပ်မည်ဟု ဆိုသည်၊ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ MoU အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယာယီ နိုင်ငံကူးလက်မှတ်အတွက် ထိုင်းဘက်မှ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီ ၃ ခုသည် မြန်မာပွဲစား များ၊ စက်ရုံအလုပ်ရုံများမှ မန်နေဂျာများနှင့် ပူးပေါင်းကာ အမှန်တကယ်ကုန်ကျမည့် စရိတ် ဘတ် ၃၀၀၀ ထက် ပိုမိုတောင်းခံနေကြသည်ကိုတွေ့ ရသည်၊ တောင်းခံငွေမှာ တနေရာနှင့် တနေရာမတူဘဲ ကွဲပြား လျက်ရှိသည်။ တချို့ဒေသများတွင် ဘတ်ငွေ ၇၂၀၀ ပေးရပြီး မဟာချိုင်ကဲ့သို့  မြန်မာ အလုပ်သမား ၅ သိန်းအထက်ရှိသော အရပ်များတွင် ၁၅၀၀၀ အထိ တောင်းနေကြောင်းသိရသည်။ မြန်မာအလုပ်သမားများအနေဖြင့် အဆိုပါ ကုန်ကျစရိတ်များကိုလည်း တိတိ ကျကျ သိလိုကြောင်း မဟာချိုင်ရှိ President မီးခံသေတ္တာ စက်ရုံမှ ကိုစိုးရွှေကဆိုသည်။“ကျနော်တို့အနေနဲ့ ပတ်စ်ပို့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုဆိုးကျိုး ကောင်းကျိုးဖြစ်မယ်ဆိုတာကို ရှင်းလင်းလင်းလည်း သိချင်ပါတယ်။ နောက်တခုက ဒီပတ်စ်ပို့ လုပ်ပြီးရင် ဘယ်လိုမျိုး အာမခံချက် ရှိသလဲပေါ့၊ ဆိုပါတော့ ရွာက မိဘတွေကို ငွေညှစ်မညှစ် ဆိုတာမျိုးပါ” ဟု သူက ပြောဆိုသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည်။အထက်ပါ စစ်တမ်းတွင် ထိုင်းအစိုးရထံသို့ Migrant Working Group က ဆက်လက်အကြံပြုရာတွင် “ယခုဆောင်ရွက်နေသော အစီအစဉ်များသည် အလုပ်သမားများ၏ ဆန္ဒသဘောထားမပါဘဲ အစိုးရများ၏ သဘောထားများအတိုင်း ဆောင်ရွက်နေသောကြောင့် အောင်မြင်ရန် မလွယ်ကူဟု” ပါရှိသည်။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော လာအိုနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများလည်း ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြကြောင်း သိရသည်။ လာအိုနှင့် ကမ္ဘောဒီးယားတို့ကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးစဉ်က သက်ဆိုင်ရာနိုင်ငံများမှ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများ ကိုယ်တိုင်လာရောက်ပြီး မိမိနိုင်ငံသားဖြစ်ကြောင်းကို လူတွေ့ စစ်ဆေးကာ အတည်ပြုပေးခဲ့ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံသားများကိုမူ မှတ်ပုံတင် သန်းခေါင်စာရင်း အမှန်များ တင်ပြနိုင်မှသာ ထုတ်ပေးမည်ဟု ဆိုသည်။ အလုပ်သမားလက်မှတ်ပြုလုပ်ထားသူ အများစုတွင် မှတ်ပုံတင် သန်းခေါင်စာရင်းမရှိသူ များစွာပါဝင် နေသည်။ ထိုင်းအလုပ်သမား ၀န်ကြီးဌာနသို့ ကိုယ်တိုင်သွားရောက်ကာ စာပေးပို့ ခဲ့သူ Action Network For Migrant (ANM) မှ စေ့စပ်ညှိနှိုင်းရေးမှူး Bundit Panwiset ကလည်း “အခက်ခဲဆုံး အပိုင်းကတော့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုရေးကိစ္စကို နယ်စပ်မြို့တွေမှာပဲ လုပ်ပေးပြီး အလုပ်သမား များများ စားစား ရှိတဲ့အရပ်မှာ မလုပ်ပေးတဲ့ အချက်ပါ။ ပြီးတော့ မြန်မာအလုပ်သမား အများစုက ကိုယ်ရေးအချက်အလက်တွေကို ကြောက်လန့်ပြီး အမှန်မပေးတာကြောင့်လည်း ခက်ခဲပါတယ်” ဟု ဆိုသည်။၎င်းတို့ပေးပို့သော စာကို ထိုင်း အလုပ်သမား ၀န်ကြီး၏ အကြံပေးအရာရှိက လက်ခံရယူခဲ့ပြီး လာမည့် အစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် တင်ပြမည်ဟုသိရသည်။ ထိုင်း အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး အလုပ်သမားများ၏ အရေးကို အဆင်ပြေချောမွေ့စေရန် ကြိုးစားသွားမည်ဟု အဆိုပါ အရာရှိက ပြန်လည်ပြောဆိုခဲ့ကြောင်း Bundit Panwiset က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းကလည်း “အခု ရရှိထားတဲ့ စစ်တမ်းကို ကျနော့်အနေနဲ့ အလေးအနက် ထောက်ခံ ပါတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲနဲ့ အလုပ်သမားအရေးကို အတင်း အဓမ္မဆောင်ရွက်ရင် အောင်မြင်စရာ မရှိပါဘူး” ဟု ဆိုသည်။ ဆက်လက်၍ ၎င်းက ယခု ယာယီပတ်စ်ပို့ ကိစ္စသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော် လည်း အလုပ်သမားများဘက်က ကြုံတွေ့ နေရသည့် အခက်အခဲ၊ အန္တရာယ်များကို ထည့်မစဉ်စားလျှင် ကောင်းကျိုးထက် ဆိုးကျိုးသာ များလာနိုင်ကြောင်း၊ ယခုစစ်တမ်းနှင့် အလုပ်သမားအဖွဲ့ များ၏ တင်ပြချက်များကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အလေးအနက် ထည့်သွင်းစဉ်းစား ပေးစေချင်ကြောင်း ပြောကြားသည်။ယခုအခါ အလုပ်သမားလက်မှတ် ပြုလုပ်ထားသော မြန်မာ ၁ သန်းကျော်အနက် ၂၀၀၀ ကျော်သာ ပြီးစီးသေးသောကြောင့် ၂၀၁၀ ပြည့်နှစ် ဖေဖ၀ါရီလ ၂၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် သန်းနှင့် ချီသော အလုပ်သမားများ၏ အရေးကို ထိုင်းအစိုးရက မည်သို့ ဆက်လက်ကိုင်တွယ်သွားမည်ဆိုသည်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းကြောင်း၊ မြ၀တီ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် တနေ့လျှင် လူ ၂၀၀ နှုန်းခန့်သာ ပြုလုပ်ပေးလျှက် ရှိသောကြောင့် လူ တသန်းကို လာမည့် ရက်ပေါင်း တရာကျော်အတွင်း ပြီးစီးရန် ဆောင်ရွက်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားအဖွဲ့ များက ထောက်ပြ ကြသည်။၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ပေးခဲ့သော ယာယီ နိုင်ငံကူးလက်မှတ်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားကြားတွင် စစ်အစိုးရ၏ ဖမ်းဆီးမှုခံရမည်ကို စိုးရိမ်မှုများ၊ နိုင်ငံတွင်း ကျန်ခဲ့သည့် မိဘများ ထံမှ ငွေညှစ်မည်ကို စိုးရိမ်မှုများ ကြီးထွားကာ ကြီးမားသောပြဿနာတရပ်အဖြစ် ဖြစ်ပေါ်နေသည်မှာ ၄ လခန့် ရှိပြီဖြစ်သည်။

အပြည့်အစုံသို့ >>

မြန်မာ အလုပ်သမား တစ်ထောင်ကျော် Summit Foot Ware ဖိနပ်စက်ရုံဆန္ဒပြခဲ့စဉ်က


အောက်တိုဘာ၊ ၁၂၊ ၂၀၀၉ မြန်မာအလုပ်သမားတွေက အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်မှုကို မကျေနပ်ခဲ့တာ နှစ်နဲ့ချီနေပါပြီး။ သူ့တို့တွေဆိုတာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ရှိတဲ့ စမှုပါကန်ပါနန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေပါ။ အတိအကျပြောရရင်တော့ ထနွန် ဘန်နဝါ၊ ကော်မော်စီ ၆ မှာရှိတဲ့ Summit Foot Ware ဖိနပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါ။

သူတို့တွေရဲ့ ပေါက်ကွဲမှုကို ပီပီပြင်ပြင် ပေါ်ထွက်လာစေတာက သူတို့ လုပ်အားခ ထုတ်တဲ့ အောက်တိုဘာလမှာပါ။ လူတိုင်းလူတိုင်း အလုပ်အားငွေတွေ အနည်းနဲ့ အများဆိုသလို လျှော့ချခံလိုက်ရတာပါပဲ။ နဂိုကထဲက အစိုးရက သတ်မှတ်ထားတဲ့ လုပ်အားခငွေ ….. ကို မရပဲ လုပ်နေခဲ့ရတဲ့ အပြင် ၊ အခု ထပ်ပြီးတော့ လုပ်အားခ လျှော့ချခံလိုက်ရတော့ ….
အဲဒီနေ့မှာတင် အလုပ်သမားတွေဟာ တောက်တခေါက်ခေါက်နဲ့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ ပေါက်ကွဲနေပါလေရော။ သိပ်မကြာပါဘူး။ သူတို့တွေ စုစည်းမိသွားတယ်။ အဲ.. အောက်တိုဘာ ၃ ရက်နေ့မှာ သူတို့တွေဟာ အလုပ်မဆင်းတော့ပဲ အလုပ်ရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြပါလေရော။ စက်ရုံမှာ အလုပ်သမား နှစ်ထောင်နှီးပါ အလုပ်လုပ်နေကြပေမယ့် မြန်မာအလုပ်သမား တစ်ထောင်ကျော်ရှိနေတာ… အဲဒီ အလုပ်သမား တစ်ထောင်ကျော်နီးပါးလုံးက ဆန္ဒပြကြတာ…
မြန်မာအလုပ်သမားတွေက ဆန္ဒပြရကောင်းမလာဆိုပြီး ထိုင်းရဲတွေကို ခေါ်လာပြီး အလုပ်မဆင်းရင် ဖမ်းခိုင်းမယ်..ပြန်ပို့မယ်.. ဘာညာဆိုပြီး ခြိမ်းခြောက်ကြတာ.. ကြောက်ကြတဲ့ အလုပ်သမား အနည်းစုကတော့ သူတို့လာခေါ်တဲ့ ကားနဲ့ အလုပ်သွားဆင်းကြတာပေါ့….
ဒီမှာတင် ဘန်ကောက်ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကို အလုပ်သမားတွေက ဖုန်းဆက်ပြီး အကူအညီ တောင်းကြတယ်။ ဘန်ကောက်ရောင်ခြည်ဦး ဌာနခွဲက ကိုအောင်မြင့်သိန်းတို့၊ tacdb က ထိုင်းရှေ့နေ နှစ်ယောက်နဲ့အတူ ရောက်လာပြီး အလုပ်သမားတွေနဲ့ အရင်ဆွေနွေတိုင်ပင်ပြီး …. အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်) ကို သွားတိုင်ကြပါတယ်။
ဒီအချိန်မှာပဲ အလုပ်သမားတွေထဲက ဦးဆောင်ဆန္ဒပြတဲ့ အလုပ်သမာ ခေါင်းဆောင် (၅) ယောက်ကို အလုပ်ရုံးမန်နေဂျာနဲ့ အဲဒီအလုပ်ရုံးက မြန်မာပွဲစား က ထိုင်းရဲတွေနဲ့ လိုက်ဖမ်းခိုင်းလို လိုက်ပုန်းနေရပါတယ်။
အောက်တိုဘာ ၅ ရက် နေ့ကျတော့ အလုပ်သမားကာကွယ်ရေးရုံးက လူကြီးတွေ ၊ ထိုင်းရှေ့နေတွေက အလုပ်ရုံးကို ရောက်လာပါလေရော။ ဒီမှာတင် အလုပ်ရှင်ဘက်က လူတွေနဲ့အလုပ်သမားတွေကို အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်)က လူကြီးတွေ၊ ထိုင်းရှေ့နေတွေ ရှေ့မှာတင် ဆွေးနွေးကြပါတယ်။
ဆန္ဒပြအလုပ်သမားများက၁။ လုပ်ခလစာ အပြည်အ၀ရရှိရေး၂။နေထိုင်မကောင်းလျှင် ကျန်မာရေးခွင့် အပြည်အ၀ရရှိရေး ။၃။ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်စေလျှင် လုပ်အားခ နှစ်ဆရရှိရေး၊၄။အလုပ်သမားသစ်များ အလုပ်ဝင်လျှင် အလုပ်ရုံပွဲစားမှ တစ်ဆင့် အခကြေးငွေ ပေးဆောင်ပြီး မ၀င်ရောက်ရရေး၅။အလုပ်သမားတိုက်တန်လျာတွင် နေထိုင်သော အလုပ်သမားများအား အခန်းခ၊ ရေခ၊ မီးခ၊ သန်းရှင်းရေခ၊ တယ်လီဖုန်းခ၊ ubc ရုပ်သံလိုင်းခ များလျော်ချပေးရန် စသည် အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြတာ။
အလုပ်ရှင်ကတော့  ပထမ အချက် ၃ ချက်ကိုသာ လိုက်လျှော်နိုင်မယ်လို ပြောပါ လေရော.. ကျန်တဲ့ နှစ်ချက်ကိုတော့ ညှိုနှိုင်းပေမယ့်ပေါ့။ အဲဒါနဲ့တင် အလုပ်သမားတွေ လည်း သူတို့ပြောတဲ့ကိုစကားကို သဘောတူ လိုက်ကြတာပေါ့။ ပြီးတော့ အဲဒီ ဘဘောတူ ညီချက် ကို လိုက်နာပါမယ့် ဆိုတဲ့ အကြောင်း အားလုံးရှေ့မှာ လက်မှတ်ထိုးခဲ့တာ.. .
ဆန္ဒပြကြတဲ့ အလုပ်သမားတွေလည်း သူတို့တောင်းဆိုချက်တွေ အောင်မြင်တော့ လက်ပန်မောင်းခပ်ပြီး ပျော်ရွှင်ကြတာပေါ့.. ။ဟုတ်တယ်လေ. . သူ့တို့ပျော်မှာပေါ့။ သူတို့ မတိုင်ခင်တုန်က ဒီအလုပ်ရှင်ကိုပဲ ထိုင်းအလုပ်သမားတွေက ၇ ကြိမ်းဆန္ဒပြပြီး တောင်ဆိုဖူးခဲ့တာ… ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့အလှည်ကျမှ အောင်မြင်ခဲ့တာ။
သူတို့ရဲ့ ပျော်ရွှင်မှုက သိပ်မကြာပါဘူး။ အလုပ်ရှင်ဘက်က မန်နေဂျာနဲ့ အသားထဲ က လောက်ထွက်တဲ့ ပွဲစားက ပုံစံပြလာပါလေရော..။ ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင် ခဲ့တဲ့ အလုပ်သမားတွေ၊ သူတို့ အမြင်မကြည်တော့တဲ့ အလုပ်သမားတွေကို အိုတီ (အိုဗာတိုင်) မပေးတော့တာတွေ ၊ အလုပ်သမားတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ ကို ပြောင်းရွှေ့လုပ်ခိုင်းပါလေရော… သူတို့ဘက်ပါလာတဲ့ အလုပ်သမားတွေကိုတော့ တစ်မျိုးပေါ့.. အလုပ်သမားတွေကို အုပ်စု နှစ်စုခွဲလိုက်တဲ သဘောပါ။
အလုပ်ရှင်တွေဘက်က ဒီလိုလုပ်တာကို အလုပ်သမားတွေက ဘယ်လိုတုံပြန် ရမှန်မသိတော့.. စိတ်ဓာတ်တွေ ကျကုန်ပါလေရော..
အလုပ်သမာတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ၊ အိုတီတွေ မရတော့ တဖြည်းဖြည်း နဲ့ ထွက်ကုန်ပါလေရော.. အလုပ်သမားနှစ်ရာနီးပါးလောက်ပါပဲ။ ဒီထက် မများပါဘူး၊
အမှန်တော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ညစ်တာကို တောင့်ခံထားဖို့ လိုပါတယ်။ ခုလို အလောတကြီး ထွက်ကြတာမျိုးက အလုပ်ရှင်ကို အရှုံးပေးရာ ကျပါတယ်။ အလုပ်သမားအခွင့်အရေးတိုက်ပွဲဆိုတာ လမ်းပေါ်ထွက် ဆန္ဒပြနေမှ မဟုတ်ပါဘူး၊ အလုပ်ရုံတွင်မှာလည်း သွေးအေး (စစ်အေး) တိုက်ပွဲ ဆင်ရမှာပါ။ ကိုယ်ရဲ့ အလုပ်သမားအခွင့်အရေး မပျောက်ပျက်အောင် ထိန်သိမ်းထားရမှာ ဖြစ်သလို၊ အခွင့်အ ရေးတွေ ရှံးဆုံးခဲ့ရင်လည် ဘယ်လို တိုက်ယူရမလည်းဆိုတာ သိထားဖို့ လိုပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေဆိုတာ " ကျွန် ကိုင်မှီ၊ ကိုင် ကျွန် မှီ "ပါ ။ တစ်ဖက်သက် မှီနေတယ်ဆိုတာ မရှိပါဘူး၊ ဘယ်တိုက်ပွဲမဆို အောင်မြင်ဖို့အတွက် နည်းဗျူဟာ အများ ကြီးရှိပါတယ်။
သူကောင်းရင် ကိုယ်ကောင်းသလို၊ သူညစ်ရင် ကိုယ်ညစ်လို ရတယ်ဆိုတာ့  အလုပ်သမား တွေသာ အလုပ်ရှင်နဲ့ ပတ်သက်လို သိမယ်ဆိုရင်……………..
အယ်ကဟော
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP