Thursday 31 December 2009

မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကျောင်း ချင်းမိုင်တွင် ဖွင့်မည်

.Wednesday, 30 December 2009 16:04 ၀ါးရှီးဖော ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကြား နိုင်ရန်နှင့် ကိုယ်ပိုင် အသက် မွေးဝမ်းကြောင်း ပြုနိုင်ရန် အတွက် Bridging Educational Access to Migrants (BEAM) အမည်ရှိ သင်တန်း ကျောင်းကို လာမည့် ဇန်ဝါရီ လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ယင်း သင်တန်း ကျောင်းတွင် ပေါင်းကူးပညာရေး (Bridging course) နှင့် အသက်မွေးမှု ပညာရပ်များကို သင်ကြား သွားမည်ဟု သိရသည်။

Bridging course တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာ၊ သိပ္ပံဘာသာနှင့် (GED) ပညာရေးများ ပါဝင်မည် ဖြစ်ပြီး သက်မွေးမှု ဘာသာ ရပ်များတွင် ၀ဘ်ဒီဇိုင်း တည်ဆောက်ခြင်းများ၊ ပုံနှိပ်လုပ်ငန်နှင့် ပတ်သက်သော ပညာရပ်နှင့် အပ်ချုပ် သင်တန်းများ ပါဝင်မည်ဟု ဦးသိန်းဝင်းက ပြောသည်။


Bridging course အတွက် သင်တန်းချိန် ၂ နှစ်ကြာမည့် ဖြစ်သည်။ ပထမနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာနှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ပြီး ဒုတိယနှစ်တွင် (GED) အတွက် သတ်မှတ်ထားသည့် သင်ရိုးစာအုပ်များကို တိုက်ရိုက် သင်ကြားပို့ချမည် ဖြစ်သည်။ ဘာသာရပ် အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည် ဖြစ်သည်။

“တချို့လူတွေက အထက်တန်း ကျောင်းတက်ပြီး ထိုင်းနိုင်ငံကို ရောက်လာတယ်။ တချို့ကလည်း တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် တက်ပြီး ဒီဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ သူတို့ အထက်တန်း ပညာနဲ့ တက္ကသိုလ်ပညာ ဆက်တက်နိုင်ဖို့ ကလိုနေတယ်။ အခုလို လိုအပ်လို့ ဆရာတို့တွေ တိုင်ပင်ပြီး ဒီကျောင်းကို ဖွင့်ဖို့ စဉ်းစားလိုက်တာ” ဟု ဒါရိုက်တာ ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

သင်တန်းချိန်ကို နံနက် ၈နာရီမှ နေ့လယ် ၁၁နာရီအထိ တချိန်၊ ညနေ ၅နာရီမှ ည ၈နာရီအထိ တချိန် ဟူ၍ ၂ ချိန် သတ်မှတ်ထားပြီး Bridging course အတွက် စုစုပေါင်း သင်တန်းသား ၄၀ တက်ရောက်ခွင့် ရှိသည်ဟု သိရသည်။

ထိုင်နိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ အလုပ်သမားများ အတွက် အခြေခံပညာ အဆင့် သင်ကြားပေးသည့် သင်တန်း ကျောင်းသာရှိပြီး အထက်တန်း ပညာနှင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန် ဆန္ဒရှိသော ကျောင်းသားများ အတွက် အဆိုပါကျောင်း ဖွင့်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

“မြန်မာပြည်မှာဆိုရင် ပိုက်ဆံ အများကြီးပေးမှ တက်ခွင့်ရတယ်လေ။ အခု ဒီလိုမျိုး အခွင့်အရေးတွေ ရတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ အခုလို့ မြန်မာ အလုပ်သမားတွေကို အမြင် ကျယ်လာအောင် ကူညီပေးတဲ့ ဆရာ၊ ဆရာမတွေရှိတဲ့ အတွက်လည်း အရမ်းပီတိ ဖြစ်တယ်” ဟု Bridging course တက်ရန် စိတ်ဝင်စားနေသော ချင်းမိုင်ညဈေးရှိ စားသောက်ဆိုင်တ ဆိုင်တွင် အလုပ်လုပ်နေသည့် လီဆူး တိုင်းရင်သား ကိုအလေးက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday 29 December 2009

ယာယီ နိုင်ငံကူး လက်မှတ် လုပ်သူ တိုးပွားလာနေ

.ခိုင်စု | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၄၁ မိနစ် . ချင်းမိုင် (မဇ္ဈိမ) ။ ။ အစောပိုင်းက စိုးရွံ့မှုများဖြင့် စိတ်ဝင်စားမှု နည်းနေသော ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားများ အတွက် ယာယီ နိုင်ငံကူး လက်မှတ်လုပ်မှုမှာ ယခုအခါ အရှိန်ရလာပြီ ဖြစ်သည်။

“အခုလ ၂၇ ၇က်နေ့အထိ ၂၉၇၀ ယောက် (ကော့သောင်းမှ) လုပ်ပေး ပြီးပါပြီ။ ဒီလမှာတော့ တော်တော်များတယ်။ တနေ့ကို တရာအထက်မှာပဲ လုပ်ပေးနေရတယ်။ ၃ နေရာပေါင်းရင် ၈၀၀၀ ကျော် လုပ်ပေး ပြီးပါပြီ” ဟု ကော့သောင်းရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယာယီ နိုင်ငံကူး လက်မှတ်များကို မြန်မာနိုင်ငံဘက်ခြမ်း မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့၌ ရုံးဖွင့်၍ ထုတ်ပေးနေခြင်း ဖြစ်သည်။

.
မူလ သတ်မှတ်ချက်အရ လက်မှတ် ထုတ်ပေးမှုကို ၂၀၀၈ ဇူလိုင်လမှ ၂၀၁၀ ဖေဖော်ဝါရီလအထိ ရှစ်လ အတွင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများအား ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်နိုင်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တိုက်ရိုက် ပြုလုပ်ပေးသည့် အပြင်၊ ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၊ CEO ကုမ္ပဏီ၊ Nik ကုမ္ပဏီ အပါအဝင် မြန်မာအစိုးရက အသိအမှတ်ပြုထားသော ထိုင်းကုမ္ပဏီ ၁၀ ခုကလည်း ဝန်ဆောင်မှု ပေးနေသည်။

သို့သော်လည်း ကုမ္ပဏီများ၏ ဝန်ဆောင်ခမှာ ဘတ် ၆၀၀၀ မှ ၈၀၀၀ အထိ ကုန်ကျသဖြင့် အလုပ်သမားများမှာ ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ငွေကြေး အခက်အခဲ ရှိနေကြောင်း အဝေးရောက် ညွှန်ပေါင်းအစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ခွင့် ရထားသူများကိုသာ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး မြန်မာဘက်၌ တရားဝင် ကုန်ကျစရိတ်မှာ ကျပ် ၃၀၀၀ ဖြစ်၍ ထိုင်းနိုင်ငံဘက်တွင်မူ နိုင်ငံကူး ဗီဇာကြေး ဘတ် ၅၀၀ သာ ကုန်ကျမည် ဖြစ်သည်။

ကိုသက်ခိုင်က “ဝန်ဆောင် ကုမ္ပဏီတွေက မြန်မာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီးလုပ်တော့ ဒီကုမ္ပဏီတွေနဲ့ လုပ်ရင် အဆင်ပြေကြတယ်။ ဒီမှာက မြန်မာမှတ်ပုံတင် မရှိတာများတယ်။ Direct လုပ်ရင် မြန်မာဘက်က အသိအမှတ်ပြု မခံရတာ များတယ်” ဟု ပြောသည်။

ထိုင်းအစိုးရက ထိုင်း အလုပ်သမားရုံးများနှင့် တိုက်ရိုက် လုပ်ဆောင်နိုင်သည်ဟု ပြောထားသော်လည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ထိုင်း အလုပ်သမားရုံးများက ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ဆက်သွယ် လုပ်ဆောင်ရန် ညွှန်နေကြကြောင်း မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောသည်။

“ဖောင် သွားတောင်းတဲ့အခါ ဝန်ဆောင်မှု ကုမ္ပဏီကို ညွှန်လိုက်တာတွေ အခုရှိနေတယ်။ ဝန်ဆောင်ခတွေ ဈေးကြီးတော့ မတတ်နိုင်ကြဘူးလေ” ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှုး ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။

ယာယီ နိုင်ငံကူး လက်မှတ်မှာ ၃ နှစ် သက်တမ်းရှိပြီး ထိုင်းအစိုးရက တကြိမ်လျင် ဗီဇာ ၂ နှစ် ခွင့်ပြုမည် ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်)
အပြည့်အစုံသို့ >>

ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ်

.ဒီဇင်ဘာ ၂၅၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)Friday, December 25, 2009 ပြည်နယ် ၇၁ ပြည်နယ်ကအလုပ်သမားတွေအတွက် နေ့တွက်အနိမ့်ဆုံးလုပ်ခတိုးပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အနိမ့်ဆုံးလုပ်ခကော် မတီက သဘောတူလိုက်ပြီလို့ သောကြာနေ့က ကော်မတီအတွင်းရေးမှူး Somchai Chumrat က ပြောပါတယ်။ အစည်းအဝေးဆုံး ဖြတ်ချက်တွေ လက်မှတ်ထိုးဖို့အတွက်အလုပ်သမားဝန်ကြီး Paitoon Kaewthong ဆီ အင်္ဂါနေ့မှာ တင်သွင်းပါမယ်။ အလုပ်သမားတွေ အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခသစ်ကို စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။

.အနိမ့်ဆုံးလုပ်ခသစ်တွေကတော့ ဘန်ကောက်နဲ့ဆွတ်ပရခန်းဒေသမှာ တရက်ကို ၂၀၆ ဘတ်၊ ချင်းမိုင်းမှာ ၁၇၁ ဘတ်၊ ဖူးခက်မှာ ၂၀၄ဘတ်၊ အယုဒ္ဓယမှာ ၁၈၁ ဘတ်၊ ခွန်ခေးန်မှာ ၁၅၇ ဘတ်၊ ရနောင်းမှာ ၁၅၇ ဘတ်နဲ့ ဆာရာဘူရီမှာ ၁၈၄ ဘတ် တို့ဖြစ်ပါတယ်။ မယ်ဟောင်စွန်၊ ဆူခိုထိုင်း၊ ချင်းရိုင်း၊ ပက်ချာဘွန်းနဲ့ဥထိုင်းဌာနီတို့မှာတော့ အနိမ့်ဆုံးလုပ်ခတွေ နဂိုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

အမေရိကန်အလုပ်လက်မဲ့နှုန်း ၁၅ လအတွင်း လျော့လာ

.ဇင်ဘာ၂၄၊၂၀၀၉(ဘန်ကောက်ပို့စ်)Friday,December25,2009
အမေရိကန်မှာ ၂၀၀၈ ကတည်းကစလို့ရှိရင် အလုပ်လက်မဲ့ခံစားခွင့်တွေအတွက်နစ်နာကြေးပေးရမှုတွေဟာ အနိမ့်ဆုံး အဆင့်ထိ ကျ သွားတယ်ဆိုတာ အစိုးရစာရင်းဇယားတွေက ပြသနေပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့အဆုံးသတ် အပတ်အတွင်းမှာ ရာသီအလိုက်ထိန်းညှိပေးရတဲ့ ကနဦးနစ်နာကြေးပေးရသူဦးရေ က ၄၅၂,၀၀၀ ရှိပြီး၊ အရင်အပတ် ၄၈၀,၀၀၀ ရှိရာကနေ ၂၈,၀၀၀ လျော့ကျလာတာ ဖြစ်ပါတယ်။ လို့ အလုပ်သမား ဦးစီးဌာန အစီရင်ခံစာမှာ အစီရင်ခံထားပါတယ်။ စီးပွားရေးပညာရှင်အများစု ခန့်မှန်းထားတဲ့ ၄၇၀,၀၀၀ ထက် အရမ်း နည်းသွားပါတယ်။

.အပတ်စဉ်ကိန်းဂဏန်တွေထက် အတက်အကျနည်းတဲ့ညွှန်းကိန်းဖြစ်တဲ့ ၄ပတ်အတွင်းပျမ်းမျှစာရင်းက အရင်အပတ် တုန်းကရှိနေတဲ့ ပျမ်းမျှဦးရေ ၄၆၈,၀၀၀ကနေ ၄၆၅,၀၀၀ ထိ ကျသွားပါတယ်။ ဆယ်စုနှစ်အတွင်းအဆိုးဝါးဆုံးစီးပွား ဆုပ်ကပ်ကနေ ဆွဲထုတ်လိုက် နိုင်တဲ့အတွက် အကြမ်းတမ်းဆုံး အလုပ်ဖြုတ်ခံရတဲ့ ကိန်းဂဏန်းတွေကနေ လျော့ကျလာနေပါတယ်။ အလုပ်လက်မဲ့ခံစားခွင့်ရနေတဲ့ စုစုပေါင်းအမေရိကန် အရေအတွက်ဟာလည်း လျော့ကျလာပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးသတ် အပတ်အတွင်း ရာသီအလိုက်ထိန်းညှိပြီး အာမခံကြေးပေးထားရတဲ့ အလုပ်လက်မဲ့ အရေအ တွက်ဟာ ၅.၀၇၆ သန်း ဖြစ်ပြီး အရင်အပတ်ကရှိတဲ့ ၅.၂၀၃ သန်းထက် ၁၂၇,၀၀၀ လျော့ကျလာတယ်လို့ အလုပ်သမားဦးစီးဌာန ကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။

နစ်နာကြေးပေးရမှုတွေ လျော့ကျနေပေမဲ့လည်း အလုပ်လက်မဲ့ဖြစ်မှုတွေဟာ အဓိကပြဿနာအဖြစ် ဆက်ရှိနေတုန်းပဲလို့ အကဲခတ် တွေက သတိထား ပြောဆိုကြပါတယ်။ အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက်ဟာ ၁၁,၀၀၀ ထိ လျော့လာတာနဲ့ အလုပ်လက်မဲ့နှုန်း ထားတွေ ၁၀% ထိ ထိုးကျလာတာတွေကြောင့် နိုဝင်ဘာလမှာ သိသိသာသာ တိုးတက်မှုရှိတယ်ဆိုတာ အမေရိကန် လုပ်သားဈေး ကွက်က သက်သေပြနေတယ် လို့ အစိုးရက ဆိုပါတယ်။

တတိယ ၃ လပတ်မှာ အမေရိကန်စီးပွားရေး ၂.၂% တိုးတက်လာပြီး စတုတ္ထ၃လပတ်မှာဆို လုံးဝပြောင်းသွားမှာ ဖြစ်တယ်။ အလုပ် လက်မဲ့နှုန်းထား မြင့်တက်နေမှုက စီးပွားရေနာလန်ထူမှုကို ပျက်စီးစေနိုင်ပြီး စားသုံးသူတွေရဲ့ဝင်ငွေကို ကန့်သတ်ထားပြီး ယုံကြည် မှုနဲ့သုံးစွဲမှုကို ထိခိုက်နစ်နာစေပါတယ်လို့ စီးပွားရေးပညာရှင်အများစုက ငြင်းခုံ ပြောဆိုကြပါတယ်။
နေ့သစ် http://www.naytthit.com
အပြည့်အစုံသို့ >>

လူကုန်ကူးမှု တိုက်ဖျက်ရေး သီချင်း FM များတွင် ထုတ်လွှင့်ရန် စီစဉ်နေ

.ဆလိုင်းဟံသာစန်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၄၅ မိနစ် နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး သီချင်းကို ပြည်တွင်း FM လိုင်းများ၌ လာမည့် နှစ်ဆန်းတွင် ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ရန်ကုန်ရှိ မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP က ယနေ့ ပြောသည်။

“လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် သီချင်းတပုဒ် စီစဉ်နေပါတယ်။ တေးရေး သြရသနဲ့ ပူးပေါင်း စီစဉ်နေတာပါ။ လူကုန်ကူးမှု တိုက်ဖျက်တာက တခြားဟာနဲ့ မတူဘူး။ ဒါက ပြစ်မှုဆိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကျနော်တို့ အမြဲ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ကုလသမဂ္ဂ လက်အောက်ခံ UNIAP မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

.'မေတ္တာမီးအိမ်' အမည်ရ သီချင်းကို တေးရေးသြရသက ရေးစပ်ပြီး ဟန်ထွန်း၊ ချမ်းချမ်း၊ ဇေယျ၊ မီနိုး၊ သြရသနှင့် နေနေ စသည့် တေးသံရှင်များက သီဆိုထားသည်။

ထို့ပြင် သီချင်းကို MTV အဖြစ် ဇေယျက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။ MTV ကို လေဆိပ်၊ ဘူတာရုံ၊ အဝေးပြေးကား ရပ်နားရေး စခန်းများနှင့် အခြား လူစည်ကားရာ နေရာများတွင် လာမည့် ဇန်နဝါရီလအတွင်း ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း UNIAP တာဝန်ရှိသူတဦးက ပြောကြားသည်ကို ယခုတပတ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စနေနေ့က လူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် MTV EXIT ကမ်ပိန်းအဖွဲ့ကလည်း ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် လူကုန်ကူးခံရသူများအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် ဇာတ်ကား ပြသခဲ့ပြီး၊ အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း အဖွဲ့၏ သံအမတ်အဖြစ် ခန့်အပ်ခဲ့သေးသည်။

ဆီဒိုးနားတွင် ပြသခဲ့သော အဆိုပါ မှတ်တမ်းတင် ဇာတ်ကားကို မြဝတီ၊ MRTV-3၊ MRTV-4 စသည့် စစ်အစိုးရ ရုပ်မြင်သံကြား လိုင်းများတွင်ပါ ထုတ်လွှင့်ပြသရန် သဘောတူညီထားကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် “၂၀၀၉ ခုနှစ် လူကုန်ကူးမှု - မြန်မာနိုင်ငံ'' ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည့် လူကုန်ကူးမှု အဆိုးဝါးဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

စစ်အစိုးရမှာ စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်နှင့် လုပ်အားပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးခြင်း ကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိဘဲ လူကုန်ကူးမှု ပပျောက်ရေးအတွက် လိုအပ်သော အနိမ့်ဆုံး အဆင့် ကြိုးပမ်း ဆောင်ရွက်မှုမျိုးကိုပင် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာက ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း တရုတ်၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျမေကာ စသည့် နိုင်ငံများက မြန်မာ စစ်အစိုးရထံသို့ လူကုန်ကူး ခံရသူပေါင်း ၆၈၆ ဦး ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း UNIAP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လူကုန်ကူးခံရသဖြင့် ပြန်ပို့ခံရသူများတွင် ထိုင်းနိုင်ငံမှ ၃၄၄ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ၂၈၃ ဦးဖြင့် ဒုတိယ အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု လျော့ကျရေး လုပ်ဆောင်မည်ဆိုလျှင် အာဏာပိုင်များအကြား လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ နားလည်မှု ပိုမိုထားရှိရန်နှင့် လူကုန်ကူးမှုများကို ပူးပေါင်းဖော်ထုတ်ရန် လိုအပ်နေသည်ဟု UNIAP အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ သို့မှသာ လူကုန်ကူး ခံရသူများအနေဖြင့် အကြောက်တရား ကင်းမဲ့စွာဖြင့် နေအိမ်များသို့ ပြန်နိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသေးသည်။

စစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ၅ နှစ် စီမံကိန်းအဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် စီမံကိန်း ရုပ်သိမ်းရန် ထိုင်းအစိုးရအားတောင်းဆို

.သတင်းနှင့် မီဒီယာကွန်ယက်၊ နွယ်လေး။ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ခုနှစ်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးခြင်းကို ဖျက်သိမ်းပေးရန် ယနေ့ကျ ရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့တွင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အ ဖွဲ့အစည်းများက ထိုင်းအစိုးရထံ တောင်းဆိုလိုက်သည်။

အလုပ်သမားများ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ပတ်သက်၍ ချင်းမိုင်အခြေစိုက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ တာဝန်ရှိသူ နာမီးရှဲက ယခုလိုပြောသည်။

.“သူတို့တော်တော်စိတ်ဆင်းရဲနေရတယ်။ မှတ်ပုံတင် နံပါတ်အစစ် ရေးလို့သူတို့သွားရှာတဲ့ခါ ကျန်မိ သားစုလုံခြုံရေးအတွက် စိုးရိမ်တယ်။ အခွန်ကောက်မယ် ကြားတယ်။ အဲလို အချက်အလက်မရှင်း လင်းဘူး။ တချို့က မြန်မာ မှတ်ပုံတင်မရှိတော့ သွားလုပ်လို့ မရဘူး။”

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လာမည့်ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကို နောက်ဆုံး ရက် အဖြစ် သတ်မှတ် ထားခြင်းနှင့် ပြုလုပ်ခြင်းမရှိပါက ထိုင်းဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရှိပဲ နှင်ထုတ်ခြင်းခံရမည့် အလုပ်သမားများ ရင်ဆိုင်ရမည့် အခက်အခဲ များကြောင့် အချိန်မကန့်သတ်ရန် တောင်းဆို ထားသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။

“နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ပတ်သက်ပြီး ခုထိရှင်းလင်းတဲ့ အဖြေ information ကောင်းကောင်း မ ရသေးဘူး။ မြန်မာပြည်သား အလုပ်သမား တသန်း ကျော်လောက်ရှိနေတယ်။ ရတာမှာ တသောင်း လောက်ပဲရသေးတယ်။ ဘယ်လိုဖြစ် လာမယ်ဆိုတာ မသိသေး ဘူးပေါ့နော်။”

ဘာသာစကားအခက်ခဲကြောင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရာတွင်မှားယွင်းမှု၊ နှောင့်နှေးမှု များရှိသည့် အပြင် ထိုင်းအလုပ်ရှင်များမှ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ နယ်စပ်သို့ သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်း စသည့် အ ခက်ခဲများကိုလည်း မြန်မာရွှေ့ပြောင်းအလုပ် သမားများ ရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများအား ထိုင်းအစိုးရမှ ကျန်းမာရေးဆေးကုခွင့် တာဝန်မယူနိုင်ခြင်း အပေါ် ထိုင်းလူမျိုးနှင့် တန်းတူဆေးကုသခွင့်ရရှိရန် ကျန်းမာရေးဌာနများမှတာဝန်ယူပေးရန် ထည့်သွင်းတောင်း ဆို ထားသည်။

ယနေ့ချင်းမိုင်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား အခမ်းအနားသို့ ထိုင်းတာဝန်ရှိများ နှင့်အတူ အခြားအလုပ်သမား ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ပြီး ဖျော်ဖြေပွဲနှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေး အချက်အလက်များကို ဟောပြောသွားမည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ချင်းမိုင်နှင့် ဖူးခက်မြို့တို့တွင်ယနေ့ ပြုလုပ်ပြီး မနက်ဖြန်တွင် ဘန် ကောက် နှင့်မဲဆောက်တို့၌ အခမ်းနားကျင်းပမည်ဖြစ်သည်။
အပြည့်အစုံသို့ >>

ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ

Type your summary here.သတင်းနှင့်မီဒီဟာ ကွန်ယက်။ ဇော်ကြီး။ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။

စက်ရုံမှူးနှင့် အလုပ်သမားခေါင်းဆောင်များက အလုပ်သမားအပေါ် အနိုင်ကျင့်မှု၊ အခွင့်အရေးချိုးဖောက်နေမှု များကို အလုပ်ရှင်မှ ဖြေရှင်းပေးနိုင်ရန် ဆန္ဒပြတောင်းဆိုကြသည်ဟု စက်ရုံလုပ်သား ကိုထွန်းထွန်းက ယခုလို ပြောသည်။


Type the rest of your post here.“ဖိနှိပ်မှုတွေတအားများလွန်းတယ်။ ၀ဏ္ဏ(အလုပ်သမားခေါင်းဆောင်)တွေက အထဲမှာ ကြမ်းကြုပ်တဲ့ စကားတွေနဲ့ အတင်းဆဲဆိုပြီးခိုင်းတယ်။ အဲဒီဒဏ်တွေကို ကျနော်တို့ မြန်မာ ပြည်အလုပ်သမား လေး ထောင်ကျော် ငါးထောင်လောက်က မခံမရပ်နိုင်ဖြစ်နေကြတာ။ အဲတာနဲ့ ၁၈ ရက်နေ့ မှာ ဆန္ဒပြကြ မယ်ဆိုပြီး ဒီနေ့မှာကျတော့ တစ်ယောက်မှအလုပ် မဆင်းကြတော့ဘူး။ ဒါပေမယ့် အကြမ်းမဖက် အောင်တော့ ကျနော်တို့တတ်နိုင်သလောက် ထိန်းထားတယ်။”

စက်ရုံရှိ အလုပ်သမားများသည် တနေ့အလုပ်ချိန် ၈နာရီထက်ပို၍လုပ်ရခြင်း၊အချိန်ပိုလုပ်အားခ(OT)ကို တိကျစွာ သတ်မှတ်ပေးမှုမရှိခြင်း၊ ကျန်းမာရေးအရ အနားယူခွင့် မရခြင်း၊ ရရှိသည့်လစာထဲမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ် တောက်ခံရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။

ထို့အပြင် အလုပ်ခေါင်းများမှ အလုပ်သမားများအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု များရှိသလို အလုပ်သမား ထုအတွင်း တန်းတူညီမျှသည့်အခွင့်အရေး မရရှိဟု ကိုထွန်းထွန်း က ဆက်ပြောသည်။

“ရှမ်း(ထိုင်း)တွေကျတော့အလုပ်ချိန်က ၈နာရီပဲဆင်းရတယ်။ ကျနော်တို့ကိုကျတော့ အလုပ်ချိန်က ၁၁ နာရီခွဲလောက် ဖြစ်နေတယ်ပေါ့နော်။ နောက်တချက်ကကျတော့ အလုပ်သမား ချင်းအတူတူ ရှမ်းတွေ ကိုကျတော့ လစာပိုပေးပြီးတော့ ကျနော်တို့ကိုကျတော့ ၄၅၀၀ ကနေစပေးတယ်။”

အလုပ်သမားများအနေနှင့် ဆုံးရှုံးနေရသည့် အခွင့်အရေးများမရမချင်း ဆက်လက်၍ ဆန္ဒပြတောင်းဆိုသွားမည် ဟု ဆန္ဒပြဦးဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း နောက်နေ့အထိ အလုပ်မဆင်းဖို့ ဆုံးဖြတ်ထားတယ်။”

နောက်ဆုံး သတင်းအခြေအနေကို စုံစမ်းသိရှိရသည်မှာ နေ့လည်ပိုင်း၌ အလုပ်ရှင် လာရောက်ညှိနိုင်းခဲ့ပြီး တနေ့ လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ အချိန်ပိုလုပ်အားခ တနာရီ ဘတ်(၃၀)ပေးရန်၊ အလုပ်သမား လက်မှတ်ရရှိပြီးသူများ လက်မှတ်ကိုင်ဆောင် ခွင့်ပြုရန်၊ အစိုးရအားလပ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ ယာယီ နိုင်ငံကူး လက်မှတ်အား နောက်ဆုံးအချိန်အထိစောင့်ပြီးလုပ်ခွင့်ပြုရန် စသည့် အလုပ်သမားတောင်းဆိုသည့် အ ချက်များကို စက်ရုံပိုင်ရှင် က သဘောတူခဲ့သည်။

ထို့အပြင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်မှ အတင်းအကြပ် ဖိအားမပေးရန်နှင့် မဖြစ်မနေ လုပ်ရမည်ဆိုပါက လုပ်ကြမည်ဟု အလုပ်သမားများ ဖက်မှလည်း ဂတိပေးခဲ့ကြသည်။

ယင်းစက်ရုံနှင့် ကုမ္ပဏီတစ်ခုတည်း ဖြစ်သည့် ဘန်ကောက်မြို့အနီး လုဘူရီမြို့ပြင်ရှိ SAHA FARM Co.Ltd (88)စက်ရုံ၌ ယခုလ ၉ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ယာယီပတ်စပို့စ်ပြုလုပ် သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့သေးသည်။

အဆိုပါစက်ရုံသည် တနေ့လျှင် ကြက်အကောင်ရေ နှစ်သိန်းခွဲခန့်ကုန်ချောထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့ လျှက်ရှိပြီး မြန်မာအလုပ်သမား ငါးထောင်ခန့်ရှိသည်။
အပြည့်အစုံသို့ >>

မလေးရှားသို့ တရားမဝင်သွားရောက်မည့် လူ ၃၀ ကို ထိုင်းစစ်တပ်က ဖမ်းဆီး

24 December 2009 13:42 ဉာဏ်မောင် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူမှောင်ခို စက်လှေတစီးကို ယခုလ ၂၂ ရက်နေ့ ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ ထွက်ခွာလာသည့် အဆိုပါစက်လှေပေါ်တွင် လူ ၃၀ ပါလာပြီး ရနောင်းစစ်တပ်က မီးပြကျွန်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“လှေသမားက ၂ ယောက်မှာ တယောက်က ရေထဲခုန်ချပြီး ထွက်ပြေးလွတ်သွားတယ်၊ သားငယ်လေး(ခ) အလစ်ဆိုတဲ့ ကောင်လေးတယောက်ဘဲ မိတယ်၊ ကောသောင်း ရွှေမင်းဝံအပိုင်က အသက် ၁၅ နှစ်ဘဲရှိတယ်၊ လောလောဆယ် သူ့ကို ရုံးတင်စစ်ထားတယ်” ဟု ပြောသည်။

စက်လှေပေါ်တွင်လိုက်ပါလာသူများမှာ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ ရန်ကုန်အပြင် အခြားမြန်မာပြည်အတွင်းပိုင်းမှ လူများပါဝင်ပြီး အသက်မပြည့်သေးသည့် ကလေးငယ် (၄) ဦး၊ အမျိုးသမီး (၇) ဦးနှင့် ယောင်္ကျား (၂၀) ဦး ပါဝင်ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။


“သူတို့ထွက်လာတာက ကော့သောင်း တောင်နောက်လှေဆိပ်ကနေ ထွက်လာတာ၊ ပွဲစားတွေအဆက်သွယ်နဲ့ပေါ၊ မလေးမှာရောက်နေတဲ့ အမျိုးတွေက ချိတ်ဆက်ပေးပြီး အဲလိုတွေထွက်လာကြတာ၊ ကော့သောင်းရောက်ရင် ဘယ်သူ ဘယ်သူဆက်သွယ်ပါ၊ ကော့သောင်းမှာ လာကြိုကြတယ်လေ၊ ပွဲစားတွေက ကြိုတာပေါ့၊ ညီကိုမောင်နှမတွေက ဆက်သွယ်ကြတယ် အမျိုးမျိုးပေါ့၊ ပိုက်ဆံရှိလို့ လာကြတာလည်း ရှိတယ်၊ ပုံစံအမျိုးမျိုးနဲ့ လာကြတာ” ဟု ပြောသည်။

အဆိုပါ စက်လှေကို ကော့သောင်းမြို့မှ မနွယ်ဆိုသည့်အမျိုးသမီးက ပိုင်ဆိုင်ပြီး စက်လှေမောင်းလာသည့် သားငယ်လေး(ခ) အလစ်ဆိုသူကို တရားမဝင်လူသယ်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ကလေးထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယခု ဖမ်းဆီးထားသူများကို သက်သေအနေဖြင့်ထားရှိပြီး ပါနန်အချုပ်ခန်းတွင် ထိမ်းသိမ်းထားကာ ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ်အပြစ်ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ရိုးရိုး တောမောင်းမရှိတဲ့အတွက် ထောင် ၁၀ ရက်လောက်တော့ကျမယ်၊ ဒဏ်ငွေဆိုရင် (၂၀၀၀)၊ (၂၅၀၀) လောက်ဆောင်ရနိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းသည် ၂၀၀၉ ခုနှစ်အတွင်း လူအများဆုံးကို ပထမဆုံးအကြိမ် ဖမ်းဆီးမိခြင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးရန် ထိုင်းအာဏာပိုင်များက ကြိုတင်စီမံထားရှိကြောင်း ၎င်းက ဆက်ပြောသည်။
အပြည့်အစုံသို့ >>

Thursday 24 December 2009

ကိုရီးယားရောက် မြန်မာလုပ်သားများ အခွင့်အရေး ဆုံးရှုံးနေ

22-12-2009

မြန်မာစစ်အစိုးရရဲ့ အစီအစဉ်နဲ့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်ခွင်တွင်း လုပ်ခ အပြည့်အဝ မရတဲ့ပြဿနာအပြင် နှိမ့်ချဆက်ဆံ ခံရတာတွေ ရှိကြောင်း RFA က စုံစမ်းသိရှိရပါတယ်။ တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာစစ်အစိုးရတို့ရဲ့ နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီမှုအရ တောင်ကိုရီးယားစက်ရုံ လုပ်ငန်းတွေ ၊ လယ်ယာနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ တရားဝင်ဗီဇာနဲ့ သွားရောက် အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အခုလို မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ တောင်ကိုရီးယားသွားတဲ့အခါ E9 ဗီဇာလို့ ခေါ်တဲ့ အလုပ်ရှင် ထောက်ခံပေးချက်အရ တရားဝင် သွားရောက် အလုပ်လုပ်ကြတာပဲ ဖြစ်ပါတယ်။



ဒါပေမဲ့ လက်တွေ့အခြေအနေမှာ မြန်မာအလုပ်သမားတွေ တရားဝင် ပြဌာန်းထားပြီးသား အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားရေး ကူညီသူတဦးဖြစ်တဲ့ ပူချွန်းမြို့ Burma Action Groupက ကိုအောင်တင်ထွန်းက ပြောပြပါတယ်။

ကိုအောင်တင်ထွန်း။ ။ “ဘာပြဿနာလဲဆိုတော့ ဒီ လစာထဲမှာ အိုဗာတိုင်ကြေးတွေ ဘာတွေ ကျွန်တော်တို့ ဘေစင်လို့ ခေါ်တဲ့ နှစ်ပြည့်အကျိုးခံစားခွင့် ရရမဲ့ဟာတွေကို သူတို့က နိုင်ငံခြားသားဆိုရင် သိပ်မပေးကြဘူးပေါ့။ ဘယ်လိုပြောမလဲ နိုင်ငံခြားသား ဖြစ်တဲ့အတွက် ဥပဒေကို နားမလည်ဘူးဆိုပြီးတော့ မပေးလည်း ရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ စက်ရုံတရုံမှာ အလုပ်သမား ၅ ယောက်ရှိပြီးတော့ တနှစ်ပြည့်တယ်ဆိုလို့ရှိရင် ရက် ၃၀ စာ ဒီအကျိုးခံစားခွင့် ရရှိတယ်။ ဥပမာ၊ ၁၀ လ တလကို အိုဗာတိုင်နဲ့ လုပ်ရင် ၁၀ သိန်း၊ ၁၂ သိန်း ရတယ်ဆိုရင် နောက်ဆုံးလ ၃ လကို ပေါင်းပြီးတော့ တွက်ချက်လိုက်ပြီးတော့ ၁၁ သိန်း ကျော်ကျော်လောက် ဖြစ်ရင်ဖြစ်မယ်၊ ၁၂ သိန်းလောက် ဖြစ်ရင်ဖြစ်မယ်။ အဲဒါ တနှစ်ပြည့်သွားပြီးတဲ့ သူတိုင်းမှာ အဲဒီလို ရပိုင်ခွင့်ရှိတယ်။ အဲလိုဟာတွေ ဘာတွေကို သူတို့ အခွင့်အရေး သိပ်မပေးတာတွေ ရှိတာပေါ့။”

တောင်ကိုရီးယားနိုင်ငံရဲ့ ပြဌာန်းချက်အရ အလုပ်သမားတဦးဟာ ကိုရီးယားလူမျိုးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ အနိမ့်ဆုံးလစာ ကိုရီးယားဝမ် ၉ သိန်းခွဲနီးပါး ရရှိပြီး အဲဒီပမာဏဟာ အမေရိကန် ဒေါ်လာ ၈၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA မှ ဦးဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အပြည့်အစုံသို့ >>

မြန်မာ ၁၅၀ ခန့်ကို မလေးအာဏာပိုင်များက ဖမ်းဆီး

Tuesday, 22 December 2009 16:55 ၀ါးရှီးဖော မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မန်တာလီ ရပ်ကွက်ရှိ အိမ်ရာဝန်းတခုကို အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ရာ မြန်မာ ၁၅၀ ခန့် အပါအဝင် စုစုပေါင်း လူ ၅၀၀ ခန့်ကို ဖမ်းဆီးသွား ခဲ့ကြောင်း ကြားသိရသည်။

မန်တာလီ ရပ်ကွက်တွင် တရားမ၀င်နေထိုင်သူ မြန်မာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အာဖရိကတိုက် နိုင်ငံများမှ အလုပ်သမားများစွာ ရှိပြီး အဆိုပါ ဖမ်းဆီးမှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။


“များသောအားဖြင့် မြန်မာတွေက ပတ်စ်ပို့စ် ရှိကြပါတယ်။ ဖမ်းသွားတဲ့ လူတွေကို ရဲစခန်းရောက်မှ စစ်ဆေးပြီး ပတ်စ်ပို့စ် ရှိရင်တော့ ပြန်လွှတ်ပေးတယ်။ ပတ်စ်ပို့စ်ရှိတဲ့ လူကြီးပိုင်းတွေကိုကျတော့ ရဲစခန်းအထိ ခေါ်မသွားတော့ဘူး” ဟု အဆိုပါ ဖမ်းဆီးမှုကို မြင်တွေ့လိုက်သူ ကိုစောကျော်နိုင်က ဧရာဝတီသို့ပြောသည်။

မလေးရှားနိုင်ငံသူတဦးကို အာဖရိက တိုက်သားတဦးက သတ်လိုက်သည့် လူသတ်မှု ကိစ္စအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများနှင့် တရားမဝင် နေထိုင်သူ များအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်ထဲရေးတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရရှိထားသော သတင်းများအရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သူကဆိုသည်။

အဆိုပါအိမ်ရာတွင် A မှ G အထိ တိုက် ၇ လုံးရှိသည့်အနက် G၊ F၊ E၊ D လေးလုံးကိုသာ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

“အိမ်ရာအပြင်ကနေ ပိတ်ဆို့ပြီး ဖမ်းတယ်။ နောက်ပြီး ရဟတ်ယာဉ် တစ်စင်းက အိမ်ရာထဲကို ဆလိုက်ထိုးပေးထားပြီး ထွက်ပြေးတဲ့ သူတွေကို လိုက်ရှာတယ်” ဟု ကိုစောကျော်နိုင်က ပြောပြသည်။

မန်တာလီ ရပ်ကွက်သည် မူးယစ်ဆေးဝါးမှုများ၊ ဒုစရိုက်မှုများ နှင့်ပတ်သက်မှု ရှိသည်ဆိုသည့် သတင်းကို အာဏာပိုင်များ ရရှိထားသဖြင့် ယခုကဲ့သို့ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သော မြန်မာများက ပြောဆိုသည်။

အဖမ်းခံရသူများကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ ချက်ချင်း ဆီးစစ်ပြီး ထွက်လာသည့် ရလဒ် အပေါ်မူတည်၍ တည်ဆဲ ဥပဒေအရ အရေးယူကာ ကျန်ရှိနေသော တရားမ၀င်နေထိုင်သူများကို စမုံညင်း စခန်းတွင် တရားစီရင်၍ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စမုံညင်း စခန်းသည် မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းထားရာ နေရာ ဖြစ်သည်။

ယခုလမှစ၍ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်လာသော နိုင်ငံခြားသားအားလုံးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ကာ ကွာလာလမ်ပူမြို့ အနောက်ဘက်တွင် ရှိသော ဒေသများကို ပစ်မှတ်ထား၍ ဖမ်းဆီး စစ်ဆေးနေသည်ဟု မလေးရှား နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုထွန်းထွန်းကပြောသည်။

သိန်းနှင့်ချီသော မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး အလုပ်သမား အခွင့်အရေးကိစ္စ၊ လူမှုဆက်ဆံရေးကိစ္စရပ်တို့ကြောင့် မြန်မာအလုပ်သမားများနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များ မကြာခဏ ပြဿနာများ ဖြစ်ပွားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထားသော မြန်မာအလုပ်သမားပေါင်း ၂၈၀၀ ခန့်ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ဇာဘော်လီစက်ရုံ ၀န်ထမ်းများကို အဓမ္မအလုပ်ဖြုတ်


.စိုးမိုး/ ၂၃ ဒီဇင်ဘာ ၂၀၀၉ လုပ်သားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့သော မဲဆောက်ရှိ Top Form ဇာဘော်လီစက်ရုံ ၀န်ထမ်းများကို စက်ရုံပိုင်ရှင်က အတင်းအဓမ္မ အလုပ်မှ ထုတ်ပစ်နေကြောင်း သိရသည်။

.

ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသည့် အလုပ်သမားအခွင့်အရေး တောင်းခံမှုအတွက် အလုပ်ရှင်က အလုပ်သမားများ တောင်းဆိုချက်အားလုံးကို လိုက်လျောပြီး ဒေသဆိုင်ရာ အာဏာပိုင်များရှေ့တွင် အလုပ်သမားများကို အလုပ်မှမထုတ်ဟု ကတိပြုပြီး နောက်နေ့တွင် စတင် အလုပ်မှထုတ်ပယ်နေခြင်းဖြစ်သည်။

“မဲဆောက် ရဲမှူးကြီးရှေ့မှာ ကတိပေးထားတာ ခင်ဗျ။ အလုပ်သမားတွေ တောင်းဆိုတာတွေ အားလုံးလိုက်လျောမယ်။ အတင်း အဓမ္မလည်း အလုပ်က မထုတ်ပါဘူးဆိုပြီး။ ဒါပေမယ့် မနေ့က စပြီး (၅၀) စထုတ်တယ်။ ဒီနေ့ထိ (၁၇၅) ယောက် ရှိသွားပြီ ထုတ်ပစ်တာ” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးဖြစ်သူ ကိုသိန်းဆန်းက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား (၃,၀၀၀) ခန့်ဖြင့် လည်ပတ်နေသော မဲဆောက်မြို့ Top Form ဇာဘော်လီချုပ် စက်ရုံတွင် ပြီးခဲ့သည့်သောကြာနေ့က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများက စက်ရုံပိုင်ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့ကြသည်။

ထို့ကြောင့် အလုပ်ရှင်က အလုပ်သမားများ၏ တောင်းဆိုချက်အားလုံးကို အာဏာပိုင်များရှေ့တွင် လိုက်လျောခဲ့သော်လည်း ယမန်နေ့ကစပြီး ဆန္ဒပြပွဲ ပါဝင်သူများနှင့် အလုပ်သင် အစမ်းခန့်များကို အတင်းအဓမ္မ အလုပ်ထုတ်နေခြင်းဖြစ်သည်။

“အလုပ်သမားတွေက မထွက်ချင်ဘူး။ သူတို့က ဗီဒီယို ကင်မရာတွေနဲ့ချိန်ပြီး အလုပ်ကို စိတ်ကျေနပ်စွာ ထွက်ပါတယ်လို့ ကိုယ်တိုင် လက်မှတ်ထိုးတာကို ရိုက်တယ်။ ပြီးတော့ လျော်ကြေးပေးပြီး ထုတ်လိုက်တယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသိန်းဆန်းက ပြောသည်။

ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံလုပ်ငန်းများ ပြန်လည် လည်ပတ်နေသော်လည်း အလုပ်သမားများကို လက်နက်ကိုင် အစောင့်များ ငှားယမ်း၍ စက်ရုံအတွင်းကြီးကြပ်နေသောကြောင့် အလုပ်သမားများ ကြောက်လန့်နေရသည်ဟု စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။

“အခု စက်ရုံက တိတ်ဆိတ်နေတယ်။ ရုံထဲမှာလည်း ထိုင်းတွေ ရောက်နေတယ်။ စကားတောင် မပြောရဲဘူး။ ဖုန်းတွေ ဘာတွေလာရင်၊ ပြောရင်လည်း ပါးပိတ်ရိုက်တယ်” ဟု ယင်းအလုပ်သမားက ပြောသည်။

မဲဆောက်မြို့ ရဲမင်းကြီးနှင့် မဲဆောက်မြို့ပိုင်ရှေ့တွင် အလုပ်သမားများ တောင်းဆိုချက်အားလုံး လိုက်လျောပေးမည်၊ အလုပ်သမားအားလုံးကို အလုပ်မဖြုတ်ပါဟု အလုပ်ရှင်က ကတိပေးထားပြီး ယခုကဲ့သို့ ဖောက်ဖျက်ခြင်းကို တရားဥပဒေအရ ရင်ဆိုင်သွားမည်ဟု ကိုသိန်းဆန်းက ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က မြန်မာရွှေ့ပြောင်း စက်ရုံအလုပ်သမား (၂) ဦးကို စက်ရုံလုံခြုံရေးဝန်ထမ်းများဖြစ်သူ ထိုင်းလူမျိုးများက ရိုက်နှက်ခဲ့ခြင်းကို အရေးယူပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုခဲ့ကြပြီးနောက် ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အလုပ်သမားများက အချိန်ပိုလုပ်ခမပေးဘဲ တရက် (၃) နာရီ အလုပ်ဆင်းနေရမှု၊ နားရက်မရှိ မှုများကိုပါ ဖျက်သိမ်းပေးရန် တောင်းဆိုချက်များကို အလုပ်ရှင်က စနေနေ့တွင် ထိုင်းအာဏာပိုင်များရှေ့တွင် ကတိပြုခဲ့သည်။

ဟောင်ကောင်အခြေစိုက် Top Form အထည်ချုပ်လုပ်ငန်းက တရုတ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် စက်ရုံများ တည်ထောင် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထုတ်လုပ်မှု အားလုံး၏ (၃၅) ရာခိုင်နှုန်းကို ထိုင်းအခြေစိုက် စက်ရုံ (၂) ရုံက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။


အပြည့်အစုံသို့ >>

အထည်ချုပ်လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ်ရှိ

.စိုးမိုး/ ၂၃ ဒီဇင်ဘာ ၂၀၀၉

အပ်ထည်ကုန် လျော့ကျလာခြင်းကြောင့် ယခုနှစ်ကုန်တွင် မြန်မာ့အထည်ချုပ် လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ် ရှိကြောင်း အထည်ချုပ်လုပ်ငန်း အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အော်ဒါချုပ်ထည်များကို လက်ခစားစနစ်ဖြင့် လုပ်ဆောင်နေသည့် အထည်ချုပ်လုပ်ငန်းများမှာ မြန်မာကျပ်ငွေ လဲလှယ်နှုန်း မြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် တက်လာခြင်းတို့ကြောင့် ကမ္ဘာ့အထည်ချုပ် ဈေးကွက်ပေါက်ဈေး တွင် ဈေးနှုန်းမယှဉ်နိုင်ဘဲ အော်ဒါရရှိမှု လျော့နည်းလာခြင်း ဖြစ်သည်။


.

“ဘင်္ဂလားဒေရှ့်ကို ထိုင်းကို ယှဉ်ဖို့ဆိုတာ အရမ်းခက်သွားပြီ။ ဒီမှာ ချုပ်ခက အရမ်းတက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာထက် (၅၀) ရာခိုင်နှုန်းလောက် လက်ခလျှော့ပေးနိုင်တယ်။ မြန်မာက မလျှော့နိုင်ဘူး။ ယှဉ်ဖို့ မလွယ်ပါဘူး။ ဒီတခါတော့ သွားမှာပါ” ဟု အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

ယခု အခက်အခဲဖြစ်နေမှုကြောင့် ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ ပိုမိုထိခိုက်နိုင်ကြောင်း အထည်ချုပ်လုပ်သား (၂) သောင်းကျော်ခန့်ကို အလုပ်လက်မဲ့ဖြစ်စေနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်နှင့် ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း (၁၃၀) ခန့်ရှိနေပြီး လုပ်သား (၄) သောင်းခွဲခန့်အတွက် အလုပ်အကိုင် ဖန်တီးပေးထားသည်။

“တကယ်လို့ ပိတ်သိမ်းရင် လုပ်သား (၂) သောင်းလောက် ထိမယ်လို့ ခန့်မှန်းတယ်။ ဖက်စပ်လုပ်နေတဲ့ စက်ရုံတွေနဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေကတော့ အော်ဒါကို မှေးထိန်းပြီး လုပ်နိုင်လိမ့်အုံးမယ် ထင်တယ်” ဟု ရွှေပြည်သာအခြေစိုက် အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းများမှာ ဖြတ်၊ ချုပ်၊ ပို့ စနစ်ဖြင့် နိုင်ငံတကာမှ မှာယူသော အထည်များကို လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယခုနောက်ပိုင်းတွင် အထွေထွေစရိတ်များ မြင့်တက်လာခြင်းကြောင့် အခြားဒေသတွင်း အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံများနှင့်ယှဉ်၍ ဈေးနှုန်းမလျှော့ချနိုင်တော့ခြင်းဖြစ်သည်။

“အထည်ချုပ်မှာက လျှပ်စစ်နဲ့ လုပ်ရတယ်။ မီးမလာတော့ ဒီဇယ်နဲ့ အလုပ်လုပ်ရတယ်။ ဒီမှာတင်ပဲ သူများနိုင်ငံက လျှပ်စစ်အတွက် (၁) ကျပ်ကုန်ရင် မြန်မာတွေက (၅) ကျပ်ကုန်နေပြီ” ဟု အဆိုပါ အထည်ချုပ်လုပ်ငန်းရှင်က ပြောကြားသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် မလေးရှားတို့မှ လာရောက် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင်စက်ရုံ အနည်းငယ်သာရှိကြောင်း သိရသည်။

အထည်ချုပ် လုပ်သား (၁) ယောက်လစာမှာ အခြေခံလစာ (၁) သောင်းကျပ်ခန့်ဖြစ်ပြီး ချုပ်လုပ်သည့် အထည်အရေအတွက် အလိုက် ရရှိနေခြင်းဖြစ်ရာ အမြင့်ဆုံး ကျပ် (၄) သောင်းခွဲခန့်သာ ရရှိသည်။

“လက်တဖက် တကြောင်းချုပ်ရင် ငါးမူး ရတယ်။ ကော်လံက တခုကို တစ်ကျပ်။ ချုပ်တဲ့ အပေါ် မူတည်ပြီး ခက်ရင် ခက်သလို နှုန်းထားခွဲထားပါတယ်။ တကယ်လို့ အလုပ်မရှိတော့ရင်တော့ ကျဘမ်း လုပ်ကိုင်စားသောက်မယ်” ဟု ရန်ကုန်မြို့ ၀ါးတရာ ကျေးရွာမှ အထည်ချုပ် အလုပ်သမားတဦးက ပြောသည်။

အထည်ချုပ်လုပ်ငန်းရှင်များ အနေနှင့်လည်း အထည်ချုပ်လုပ်သားများကို ခေါင်းပုံဖြတ်နေခြင်း မဟုတ်ဘဲ စက်ရုံလည်ပတ်နိုင်ရေးအတွက် ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချနေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်းအတွင်းပင် ရွှေပြည်သာ မလေးရှား အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သေးသည်။


အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး ပူးပေါင်းပါဝင်ကြရန် ထိုင်းတိုက်တွန်း

ရဲရင့်/ ၂၃ ဒီဇင်ဘာ ၂၀၀၉


ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ထုတ်ပေးနေသည့် (၂) နှစ်ဗီဇာသက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုသည် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ထိုင်းအလုပ်သမားဥပဒေနှင့်အညီ တရားဝင်ဖြစ်စေသောကြောင့် ပူးပေါင်းပါဝင်ကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားရှာဖွေရေးဌာနမှ ဒုတိယ ညွှန်ကြားရေမှူးချုပ် နိုင်ဆူဖတ်ကုခွမ်က ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု အနေအထားများနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဲဆောက်မြို့၌ ရှင်းလင်းပွဲတရပ် ယနေ့ ပြုလုပ်ပြောကြားခြင်းဖြစ်သည်။



အဆိုပါရှင်းလင်းပွဲတွင် နိုင်ဆူဖတ်ကုခွမ်က “တရားဝင်ဗီဇာလက်မှတ်ရှိတဲ့အတွက် ထိုင်းတနိုင်ငံလုံးကို သွားလို့ရတယ်။ ဒါပေမယ့် အလုပ်ပြောင်းခွင့်တော့မရှိဘူး။ အလုပ်မလုပ်ဘဲ လျှောက်သွားနေမယ်ဆိုရင် အဲဒီအလုပ်သမားရဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က ရုပ်သိမ်းလိုက်ရင် အလိုအလျှောက် ပျက်ပြယ်ပြီးသားဖြစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

သို့သော် မဖြစ်မနေ အလုပ်ပြောင်းရမည်ဆိုပါက ပထမအလုပ်ရှင်ထံမှ ကျေနပ်လွှဲပြောင်းမှု ရရှိပြီးမှသာလျှင် အဆိုပါ အလုပ်သမားကို ဒုတိယအလုပ်ရှင်က လက်ခံနိုင်မည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းခန့် ရှိသော်လည်း မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများမှာ (၄) ထောင်ကျော်သာ ရှိသေးသည်။

(၅) လအတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှု (၄) ထောင်ကျော်သာရှိသဖြင့် မြန်မာဘက်က လုပ်ငန်းဆောင်ရွက်မှု နှေးကွေးမှုကြောင့်ဟု ထိုင်းဘက်ကဆိုသော်လည်း ယခုကဲ့သို့ဖြစ်ရခြင်းမှာ ထိုင်းရှိ မြန်မာအလုပ်သမားများနှင့် အလုပ်ရှင်တို့၏ ပူးပေါင်းပါဝင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုသည်။

တာ့ခရိုင် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး နိုင်ဖိဆုမ်ဆုံဝမ်န၀မ်နိက “ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်က အတော့်ကိုများတယ်။ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေသာမရှိရင် ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့ ရမှာမဟုတ်ဘူး” ဟု ဒေသခံသတင်းထောက်များကို မဲဆောက်တွင်ကျင်းပခဲ့သည့် နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား (၁၁) သိန်းရှိရာ မြန်မာအလုပ်သမားမှာ (၁၀) သိန်းခန့်ရှိသည်။ လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီလကုန်မတိုင်မီ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက် ကျော်လွန်နေထိုင်သူများကို ဖမ်းဆီးပြီး နေရင်းဒေသ ပြန်ပို့မည်ဟု ကြေညာထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဖောင်းစာဖလန်းစိုင်ကမူ သတ်မှတ်ကာလအတွင်း မပြီးစီးနိုင်သဖြင့် လက်မှတ်လုပ်ပေးမှုကို ရက်တိုးပေးရန်ရှိသဖြင့် အဖမ်းအဆီးကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများ စိုးရိမ်စရာ မလိုတော့ကြောင်း ယခုလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။
အပြည့်အစုံသို့ >>

Tuesday 22 December 2009

တော့ဖေါင်(Top From) ဘော်လီချုပ်စက်ရုံအလုပ်သမားများမှ အလုပ်သမားခံစားခွင့် အပြည့်ဝရရေးတောင်းဆို


ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တော့ဖေါင်(Top From) ဘော်လီချုပ် စက်ရုံအလုပ်သမားများ အလုပ်သမားခံစားခွင့်အပြည့်အဝရရှိရေးအတွက် အလုပ်ရှင် ထံမှ ယနေ့တောင်းဆိုလိုက်သည်။

အဆိုပါစက်ရုံမှ လုံခြုံရေးတာဝန်ကျ ( ၄ )ဦးမှ မြတ်သက်စိုးနှင့် အဖေါ်နှစ်ဦး ဖြစ်သူ ဝင်းအောင်၊ ကုလားလေးတို့သုံးဦးအား ယခုလ(၁၈)ရက်နေ့သောကြာနေ့ည က ရိုက်နှက်ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

စက်ရုံအလုပ်သမားများကမရိုက်နှက်ရန်ပြောဆိုတားဆီးရာ၎င်းစက်ရုံမြေပိုင်ရှင် ဖြစ်သူမှ အလုပ်သမားများအား သေနက်ပြခြိမ်းခြောက်သဖြင့် စက်ရုံအလုပ်သမား များမှ မကြေနပ်၍ စက်ရုံပစ္စည်းအချို့အားဖျက်စီးခဲ့သည်။

စက်ရုံမှတာဝန်ရှိသူများမှ အလုပ်သမားများအား စက်ရုံအလုပ်ခန်းထဲတွင် ပိတ်လှောင်ထားရာ ၁၉ရက်နေ့နေလည်တွင် ဒေသခံအာဏာပိုင်များရောက်လာမှ သာအလုပ်သမားများ အပြင်သို့ပြန်လည်ထွက်ခွင့်ရသည်။ ထို့နောက် ၄င်းစက်ရုံမှ လိုင်းဝဏ္ဏဖြစ်သူမှ စက်ရုံမှာနေခွင့်မပေးတော့ကြောင်း နောက်နေ့နံနက်(၆း၃၀)နာရီ တွင် အလုပ်ရှင်နှင့်အလုပ်သမားများပြန်လည်ညှိနှိုင်းမည်ဟုဆိုကာ အဆိုပါအလုပ် သမားများအား စက်ရုံမှမောင်းထုတ်ခဲ့သည်။

ထို့ကြောင့်ယနေ့နံနက်(၆း၃၀)နာရီ အလုပ်သမားများမှ အချက်(၈)ချက်ကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုခြင်းဖြစ်သည်။ တောင်းဆိုထားချက်များနှင့် ပါတ်သတ်ပြီး အလုပ်သမားကိုယ်စားလှယ်တဦးက “တနင်္ဂနွေနေ့အချိန်ပို မဆင်းခိုင်း ဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့ အလုပ်သမားများအား ညှဉ်းပန်းနှိပ်စက်ခြင်းမပြုဖို့၊ အလုပ်သမားများအား အချိန်ပိုခေါ်ပါက အချိန်ပိုခေါ်ထားချိန်ထက်ပိုမဆင်းခိုင်းဖို့၊ အလုပ်သမားများကို အလုပ်သမားလက်မှတ်အစစ်အာပေးဖို့၊ စက်ရုံပစ္စည်းအချို့အား ဖျက်စီးခဲ့မှုအား အရေးမယူဖို့၊ ရေ မီး မွေ့ယာ ကုတင်လုံလောက်စွာပေးဖို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နှင့် နားနေခွင့်ပေးဖို့၊ ငွေကြေးဖြတ်တောက်မှုများ လျော့ချပေးပြီး လစာကိုတိုးမြှင့်ပေးဖို့ဒါတွေကိုပေးဖို့ကျမတို့အလုပ်သမားတွေဘက် က တောင်းဆိုထားတာ”ဟု ပြောသည်။

အဆိုပါစက်ရုံအား အမေရိကန်နိုင်ငံသား မစ္စတာမိုက်ကယ်မှပိုင်ဆိုင်ခြင်း ဖြစ်ပြီး ၄င်းစက်ရုံတွင်အလုပ်သမား (၃၀၀၀)ကျော်အလုပ်လုပ်ကိုင်လျက်ရှိသည်။ ၄င်းစက်ရုံသည်ထိုင်းနိုင်ငံ အယုဒ္ဓရတွင်တရုံရှိပြီး နိုင်ငံအနှံ့တွင် စုစုပေါင်းရုံခွဲ (၈)ရုံရှိသည်။
အပြည့်အစုံသို့ >>

Monday 21 December 2009

မြန်မာနိုင်ငံသားတဦး အကြမ်းဖက်နှိပ်စက်ခံရမှုအပေါ် အလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆို

ဒီဇင်ဘာလ ၁၉ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အမျိုးသမီးအ၀တ်အစားချုပ်စက်ရုံတခုတွင် ယမန်နေ့ညက မြန်မာနိုင်ငံသားတဦး အကြမ်းဖက်ခံရမှုအ ပေါ် မြန်မာအလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆိုမှုတခု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

ယမန်နေ့ည ၁၀နာရီခန့်တွင် ဝေါဆိုသူ အသက် ၂၉နှစ်အရွယ်ရှိ မြန်မာလူငယ်သည် တော့ပ်ဖေါင်းမ် (Top Form) စက်ရုံတွင် အလုပ်လုပ်နေသော ၎င်း၏ညီမဖြစ်သူအား သွားကြိုရာမှာ စက်ရုံလုံခြုံရေးဝန်ထမ်း များနှင့် အချင်းများခဲ့ပြီး အသတ်ခံခဲ့ရသည်ဟု အလုပ်သမားများက ယူဆကာ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြော သည်။


“မနေ့ညက ၁၀နာရီလောက်မှာ လုံခြုံရေးဝန်ထမ်းနဲ့ ဝေါတို့ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြမှု ဖြစ်လာတာပါ။ အဲဒီမှာ ထပေါက်ကွဲတာက သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုကြတယ်။ ပျောက်သွားတဲ့လူရဲ့ အလောင်းကို တောင်းတယ်။ လျော်ကြေးတောင်းတယ်။ ပျောက်သွားတဲ့လူက အဲဒီ ထဲက အလုပ်သမား မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလုပ်ငန်းခွင်က ကောင်မလေးနဲ့ ပတ်သက်နေတယ်။ အ လုပ်သမား အချင်းချင်းတော့ မကျေနပ်တာတွေ ရှိတယ်ပေါ့နော်။ အဲဒါ လတ်တလော အခြေအနေပဲ ရှိ သေးတယ်”ဟု ဦးမိုးကြိုးက ယနေ့ညနေတွင် ကေအိုင်စီကို ပြောသည်။

စက်ရုံစောင့်များ၏ အကြမ်းဖက်မှုကို ခံရသည့် အဆိုပါမြန်မာလူငယ်သည် မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ အမှတ်(၁၄)ဂိတ်တွင် နေထိုင်သူတဦးဖြစ်ပြီး အစပိုင်းတွင် အသတ်ခံရကာ အလောင်းကို ဖျောက်ဖျက်ခံရသည်ဟု အလုပ်သမားများက ယူဆခဲ့ကြသော်လည်း အမှန်မှာ အသက်မသေဘဲ ပျောက် ဆုံးနေခြင်းသာဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ယခုလို ပျောက်ဆုံးသွားမှုအပေါ် ထိုင်းရဲများက နှစ်ရက်အတွင်း လိုက်လံရှာဖွေပေးမည်ဟု ကတိပေး ကြောင်း အဆိုပါအရေးအခင်းကို ဖြေရှင်းဆောင်ရွက်ပေးနေသူ မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)၏ အဖွဲ့ဝင်တဦးက ယခုလို ပြောသည်။

၎င်းက “အဲဒီကိစ္စကို ထိုင်းရဲက ပြောတာပေါ့နော်။ ၂ရက်အတွင်း ပျောက်သွားတဲ့လူကို တွေ့အောင်ရှာ ပေးမယ်လို့ ကတိပေးတယ်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဘာဆုံးဖြတ်ချက် တစုံတရာမှ မလုပ်ရသေး တဲ့အပေါ်မှာ ဘာမှမပြောလိုသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေ ပြောတဲ့စကားချည်းပဲ နားထောင်လို့ မရဘူးလေ”ဟု ကေအိုင်စီကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ည ၁၂း၀၀နာရီခန့်အချိန်တွင် အလုပ်သမားများ မကျေနပ်မှုများမှ စတင်ဖြစ်ပွားခဲ့ သော အဆိုပါဆန္ဒပြမှုသည် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် မြန်မာ့အလုပ်သမားအရေး ဆောင် ရွက်သူများက ညှိနှိုင်းမှုများ သွားရောက်လုပ်ဆောင်ပေးသောကြောင့် ယနေ့နံနက် ၁၀း၀၀နာရီခန့်တွင် ရပ်တန့်သွားသော်လည်း ပြသနာမှာ မရှင်းလင်းသေးကြောင်း သိရသည်။


အလုပ်သမားဦးရေ လေးထောင်ရှိသည့် တော့ပ်ဖေါင်းမ်စက်ရုံသည် မဲဆောက်မြို့တွင် တရားဝင် မှတ်ပုံ တင်ထားသည့် အလုပ်ရုံပေါင်း ၂၀၀အနက် ဒုတိယအကြီးဆုံးဖြစ်ပြီး အလုပ်သမားတဦးကို တရက်လျှင် ဘတ်၈၀မှ ၁၂၀အထိ လုပ်အားခပေးကာ ယမန်နှစ်ကလည်း အလုပ်သမားပေါင်း သုံးရာကျော်ကို အ ကြောင်းအမျိုးမျိုးပြကာ အလုပ်ဖြုတ်ပစ်ခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

အပြည့်အစုံသို့ >>

မြန်မာ အလုပ်သမား ၂ ဦးကို ထိုင်းဝန်ထမ်းများ နှိပ်စက်၍ ဆန္ဒပြမှုဖြစ်

Saturday, 19 December 2009 18:57 ဘစောတင်
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီးအတွင်းခံ အင်္ကျီ ချုပ်စက်ရုံတွင် ယမန်နေ့ည(၁၁)နာရီခန့်က ထိုင်းလူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်းများနှင့် မြန်မာအလုပ်သမား များ ခိုက်ရန်ဖြစ်ပွားမှုမှစတင်ပြီး ယင်းစက်ရုံရှိ အလုပ်သမား ၃၀၀၀ ကျော်က ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် ကြောင်း သတင်း ရရှိသည်။

 
အဆိုပါစက်ရုံမှ အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့အား ထိုင်း လူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုမှ စတင်၍ ခိုက်ရန်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းစက်ရုံမှ မျက်မြင်သက်သေတဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။



“မနေ့က ယန်း ၄ ယောက် ကနေ သူတို့နှစ်ယောက်ကို အသေလုပ်တာ၊ ဝေါကြီးကို အနိုင်ကျင့်ရန်စပြီး ထိုး တယ်၊ ရိုက်တယ်ဗျာ၊ ပြီးတော့ လက်ထိပ်ခတ်တယ်၊ ရင်ဝကို ကန်တယ်၊ ဓားနဲ့ထိုးတယ်၊ အနီးအနားက လူ တွေကိုလည်း မလာနိုင်အောင် ခဲလုံးတွေနဲ့ပေါက်ထုတ်တယ်၊ အနားကို ကပ်လို့မရဘူး”ဟု ၎င်းက ဧရာဝတီ သို့ ပြောပြသည်။

ယမန်နေ့ညက နှစ်သစ်ကူးအခမ်းအနားအတွက် အက တိုက်နေရာသို့ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး တို့က ဗီဒီယို အောက်စက် လာပို့သည်ကို ယခုကဲ့သို့ လုံခြုံရေးများက ရန်စပြီး ခိုက်ရန်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စက်ရုံ အလုပ်သမ မအေးချိုကလည်းပြောသည်။

“ညက သက်မာစိုးရဲ့ အစ်ကို သက်ပိုင်စိုးနဲ့ သူငယ်ချင်း ကိုဝေါကြီးတို့ အကတိုက်တဲ့ နေရာကို ဗီဒီယို အောက် စက်လာပို့တာ၊ အကတိုက်နေတဲ့ စက်ကမကောင်းလို့၊ အဲဒီအချိန်မှာ ယန်းတွေကရန်လုပ်ပြီး ဓားနဲ့ ထိုးလိုက် တယ်၊ ကိုသက်ပိုင်စိုးကတော့ ထွက်ပြေးလို့လွတ်သွားတယ်၊ သူလည်း ဒဏ်ရာတွေရ သွားလို့အခု မြ၀တီ မှာ ဆေးရုံ တင်ထားရတယ်”ဟု ၎င်းကဆိုသည်။

ဓားထိုးခံရသူ အသက်(၂၉)နှစ် ၀န်းကျင်ရှိ ဝေါကြီး သည် ဒဏ်ရာပြင်းထန်စွာရရှိပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း၊ ၎င်းကို ပဲခူးတိုင်း ဝေါမြို့ နယ်သားဖြစ်၍ ဝေါကြီးဟုခေါ်ကြကြောင်း၊ ကိုသက်ပိုင်စိုး အသက်(၂၂)နှစ်နှင့် မသက်မာစိုးတို့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ဖြစ်ကြောင်း သိရ သည်။ ယခုအမှုနှင့်ပတ်သက်၍ ကိုသက်ပိုင်စိုး၏ မိခင် ဒေါ်မခိုင်က မဲဆောက် ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဟု ပြောပြ သည်။

“ကျမသားလေးနဲ့ သူ့ သူငယ်ချင်းကို စက်ရုံ လုံခြုံရေးတွေက ဒီလို အသက်ကိုရန်ရှာတာကိုတော့ ကျမအရမ်း ခံပြင်းတယ်၊ ကျမသားလေးက အခု မြ၀တီဆေးရုံမှာ တက်နေရတယ်၊ သမီးလေးလည်း အရမ်းကြောက်နေ တယ်၊ ဒါကြောင့် မဲဆောက်ရဲစခန်းမှာ အခုအမှုလာဖွင့်နေတာ”ဟု ဒေါ်မခိုင်က ပြောဆိုသည်။

ယင်း ခိုက်ရန်ဖြစ်ပွားရာတွင် စတင် ရန်ရှာသော လုံခြုံရေး ၀န်ထမ်း ၄ ဦးကိုလည်း ရဲကခေါ်ယူ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။ မဲဆောက်ရဲစခန်းမှ ရဲအရာရှိ တဦးက“ကျနော်တို့ အမှုမှန်ပေါ်ဖို့  လုံခြုံရေးဝန်ထမ်းတွေရော မျက်မြင်သက် သေ တွေကိုပါ ခေါ်ယူစစ်မေးနေပါတယ်၊ အမှုမှန်ပေါ်အောင် ကျနော်တို့ ဆောင်ရွက်သွားပါမယ်”ဟုပြော သည်။

ယနေ့တွင် မဲဆောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဝေါကြီး နှင့် မြ၀တီတွင် ဆေးကုသနေသော ကိုသက်ပိုင်စိုးတို့ကို လုံခြုံရေးအရ လည်းကောင်း၊ ဖြစ်ပွားသည့် ပြဿနာမှာ အလုပ်သမား ဆန္ဒပြသည်အထိ ကြီးထွားလာသောကြောင့် လည်းကောင်း အမှုဖြေရှင်းရန်အတွက် မဲဆောက် ရဲစခန်းတွင် ခေါ်ယူ ထိန်းသိမ်း ထားသည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသော မဲဆောက်မြို့ရှိ People Volunteer Association (PVA) အဖွဲ့ ခေါင်းဆောင် ကိုသိန်းဆန်းက ပြောဆိုသည်။

“ပြဿနာက ကြီးလာလို့ သူတို့ ၂ ဦးလုံးကို မဲဆောက် စခန်းမှာခေါ်ထားတယ်၊ အခုကိစ္စက၂ ခုဖြစ်နေတယ်၊ နောက်တခုက အလုပ်သမားတွေဘက်က သူတို့နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုမှုဖြစ်တယ်၊ ထိုင်း အာဏာပိုင်တွေကလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကြားထဲ ဘယ်လို ၀င်ရမှန်းမသိလို့ ဂိတ်တွေမှာ ပိတ်ပြီး စောင့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားများက တရားခံကိုဖော်ထုတ်ပေးရန်၊ အလုပ်သမားများ၏ အခွင့်အရေးကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုထားကြောင်း၊ စက်ရုံအနီးတွင် ထိုင်းစစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ထိုင်းရဲများက စောင့်ကျပ်လျက်ရှိကြောင်း သိရသည်။
ကိုသိန်းဆန်းက“အခု တာ့ခ် ခရိုင် ရဲမှူး ပြောတာကတော့ စက်ရုံကို သုံးရက်ပိတ်ထားမယ်၊ တရားခံကို မရ ရအောင် ဖော်ထုတ်ပေးမယ်လို့ ကတိပေးထားတယ်၊ ကျနော်တို့လည်း ကိုယ့်အလုပ်သမားတွေကို စနစ်တကျ တရားဥပဒေ လမ်းအတိုင်း ဆောင်ရွက်ဖို့ ကူညီပေးနေတယ်”ဟုပြောသည်။

အလုပ်သမားများတောင်းဆိုမှုအတွက် စက်ရုံ အလုပ်ရှင်ကို ၃ ရက် အချိန်ပေးထားပြီး အလုပ်သမားများ ဘက် မှ ဆောင်ရွက်ရန် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားသည်ဟုလည်း ဆိုသည်။ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ရှိကြောင်း သိရသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ဖြစ်သော ဒီဇင်ဘာလ ၁၈ ရက် ယမန်နေ့ကပင် ထိုင်းနိုင်ငံ ဖစ်ကျပို ခရိုင် စမုန်တောမြို့ ရှိ SARA FARM ကုမ္ပဏီ ကြက်သားထုတ်လုပ်ရေး စက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့် သည် ၄င်းတို့ နစ်နာဆုံးရှုံးနေသော အခွင့်အရေးများကို တောင်းဆို ဆန္ဒပြကြရာ အလုပ်ရှင်ဘက်မှ လိုက်လျောမှုများ ရရှိခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ရှင်က လိုက်လျှောမည်ဟု ကတိပေးသည်များမှာ(၁) တနေ့လျှင် အလုပ်ချိန် (၈)နာရီ သတ်မှတ်မည်။ (၂) အချိန်ပို တနာရီလျှင် ဘတ်(၃၀) ပေးမည်။ (၃) အလုပ်သမားကတ်ပြား ရလျှင် ကိုင်ဆောင်ခွင့်ပြုမည်။ (၄) အစိုးရရုံးပိတ်ရက်များတွင် အလုပ်သမားများကို အလုပ်နားခွင့်ပေးမည်။ (၅) ယာယီ နိုင်ငံကူးလက်မှတ် လုပ်ရန် အတွက် ဖိအားပေးခြင်းမပြုလုပ်ရန် တို့ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

မြန်မာပြည်က ကောင်းဆက်နှင့် စင်္ကာပူက Silver Seagull တို့ပေါင်းပြီး မြန်မာအလုပ်သမားကို လိမ်

မိုးမခအထောက်တော် စင်္ကာပူ၊ ဒီဇင်ဘာ ၁၉၊ ၂၀၀၉
စင်္ကာပူမြန်မာသံရုံးသို့ ပေးပို့တိုင်ကြားချက်များအရ မြန်မာပြည်ရှိ အလုပ်သမားကို ရုံးလုပ်ငန်းများလုပ်ကိုင်ရမည်ဟု ပွဲစားခများ တောင်းယူပြီး စင်္ကာပူနိုင်ငံတွင် အလုပ်ကြမ်း အလုပ်သမားအဖြစ် မလုပ်မနေရ အလုပ်ခွင်အတွင်း စွန့်ပစ်ခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က မြန်မာသံရုံးသို့ စာရေးသား တိုင်ကြားထားသည်ကို ကြားသိရသည်။
၎င်းတိုင်ကြားစာ အပြည့်အစုံမိတ္တူကို သည်နေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။




စင်္ကာပူရှိ မြန်မာများ စုဝေးရာ မြို့လယ်ရှိ ပင်နီဆူလာပလာဇာ ကုန်တိုက်ကြီးတွင် မြန်မာများအတွက် အလုပ်အကိုင်ရှာဖွေသည့် ၀န်ဆောင်မှုပေးသည့် ပွဲစားလုပ်ငန်း ရုံးခန်းအများအပြား ဖွင့်လှစ်ထားကြပြီး မြန်မာပြည်နိုင်ငံသားများအား စင်္ကာပူနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်မျိုးစုံကို ရှာဖွေပေးလျက် ရှိသည်။ အချို့မှာ အလုပ်ရှင်များကိုယ်တိုင်က ခန့်အပ်ရှာဖွေခိုင်းခြင်းများ ရှိပြီး အချို့မှာ အလုပ်အကိုင်များ မသေချာသေးဘဲ မြန်မာပြည်တွင်းမှ အလုပ်သမားများကို ခေါ်ယူခြင်း ဖြစ်သဖြင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြရသည်ကို အမြဲကြားသိနေရကြောင်း မိုးမခစာဖတ်သူတဦးက မှတ်ချက်ပေးသည်။


သံရုံးမှ စာကို လက်ခံထားပြီး မည်သို့အကြောင်းပြန်မည်၊ မည်သို့ဆောင်ရွက်ပေးမည်ကို မသိရသေးဟု သတင်းကြားသူတဦးက မိုးမခသို့ ပြောကြားသည်။
အပြည့်အစုံသို့ >>

(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ကျင်းပ

Saturday, 19 December 2009

.(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU)၊ (MAP) ဖောင်ဒေးရှင်းနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းပတ်သက်၍ “ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အများအားဖြင့် တယောက်တနေရာစီမှာ အလုပ်လုပ်နေရတာ ဖြစ်တယ်။ ဆုံတွေ့ဖို့ ခဲတယ်။ အဲဒါကြောင့် ဒီအခမ်းအနားလုပ်ခြင်းအားဖြင့် မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေ အားလုံးလာပြီး တစုတစည်းထဲ တွေ့ခွင့်ရပြီး တယောက်နဲ့တယောက် ရင်ထဲမှာရှိတာတွေ ဖွင့်ပြောပြီး အတွေ့အကြုံတွေ ဖလှယ်လို့ရအောင်၊ နောက် အလုပ်သမားတွေအနေနဲ့ သိသင့်တာတွေ သိလို့ရအောင် ဆိုပြီး ဒီအခမ်းအနားကို လုပ်တယ်။ နောက်ပြီး အလုပ်သမားတွေ ညီညွတ်ပြီး တစုတည်းဖြစ်အောင်လို့ ရည်ရွယ်ပါတယ်” ဟု (MAP) ဖောင်ဒေးရှင်းမှ မဲဆောက်တာဝန်ခံ ကိုအေးက ပြောသည်။



အခမ်းအနားကို တက်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ ရရှိပြီး တိုက်ပွဲဝင်ရဲကြရန်နှင့် မိမိတို့သည် တိုင်းပြည်နှစ်ခု၏ အကျိုးစီးပွားကို ရှာပေးနေသူများဖြစ်သည့်အတွက် ဂုဏ်ယူတတ်ဖို့လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက တိုက်တွန်းပြောကြားခဲ့သည်။နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့သည် ဒီဇင်ဘာ (၁၈) ရက်နေ့ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရောင်းခြည်းဦးအလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ မအိက ပြောသည်။

“တကယ်တမ်းက (၁၈) ရက်နေ့မှာ လုပ်ရမှာ ဖြစ်ပေမယ့် စက်ရုံတွေက ပိတ်ရက်မရှိတာကြောင့် ဒီလိုနေ့ကို ရွေးလုပ်ရတာပါ။ တချို့ကျတော့ စက်ရုံမှာ ခွင့်ယူပြီး လာကြတာဖြစ်တယ်။ တချို့က လာလို့မရဘူး။ အဲဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ လာလို့ရမယ့်နေ့ကို ရွေးပြီးလုပ်တာ” ဟု သူက ပြောသည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ၂၀၀၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမား လေးထောင်ကျော် ထိုင်းနိုင်ငံမှာ ဆန္ဒပြ

2009-12-18

ဒီဇင်ဘာလ ၁၈ရက်နေ့ ဒီကနေ့မနက် လေးနာရီကစပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့အနီး စမုန်ဒေါအရပ်က ဆာဟာဖမ်း ကောက်ကောက် အမည်ရှိတဲ့ အသားစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား လေးထောင်ကျော်ဟာ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် ထောင်ချီတဲ့ အရေအတွက်ရှိတဲ့ မြန်မာအလုပ်သမားတွေ တစုတဝေးတည်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး နေ့ခင်းပိုင်းတနာရီကျော်ကျော် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို ထိုင်းအလုပ်ရှင်ဘက်က လိုက်လျောပေးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။


မြန်မာအလုပ်သမားတွေကို အလုပ်ချိန် ပုံမှန် ၈နာရီ သတ်မှတ်ပေးဖို့၊ အလုပ်သမားကဒ်အစစ်တွေကို အလုပ်သမားတွေကိုယ်တိုင် ကိုင်ဆောင်ခွင့်ပေးဖို့၊ အချိန်ပိုကြေး တနာရီကို ဘတ်ငွေ ၃၀ ပေးရေး၊ အလုပ်မဖြုတ်ပဲ ကျန်းမာရေးမကောင်းတဲ့အခါ နားခွင့်ပေးရေး၊ အစိုးရ အားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးရေး၊ ယာယီနိုင်ငံကူးလက်မှတ်ရရှိရေးကို အတင်းအဓမ္မဖိအားပေးပြီး မလုပ်ခိုင်းဖို့နဲ့ လုပ်အားခထဲကနေ မတရား ဖြတ်တောက်တာတွေ မလုပ်ဖို့ စတဲ့ ရပိုင်ခွင့်တွေ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘာကြောင့် ခုလို အလုပ်သမားတွေ မကျေမနပ် ဖြစ်ခဲ့ရတယ် ဆိုတာကို အလုပ်သမားတွေရဲ့ ခေါင်းဆောင် ကိုထွန်းက RFA ကို ဆန္ဒပြနေရင်းနဲ့ ခုလိုပြောပြပါတယ်။

ကိုထွန်း။ ။ “ဟုတ်ကဲ့၊ သူတို့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်လို့ စဖြစ်တာပါခင်ဗျာ။ အလုပ်ချိန် မသတ်မှတ်၊ ခိုင်းချင်သလိုခိုင်း၊ အလုပ်ထဲမှာ အခြား ဝဏ္ဏတွေက ဆဲဆိုပြီးခိုင်းတာတို့၊ မြန်မာပြည်သားဆိုပြီး နှိမ်တာတို့၊ ပိုပြီးအလုပ်သမားတွေဘ၀က ဆိုးရွားလာတယ်၊ မခံနိုင်ကြဘူး အချိန်ပို ခိုင်းတာလည်း အများကြီးပဲ။ ပေးတော့လည်း ပေးချင်သလောက် ပေးတာတို့၊ တစ တစ ပျိုးလာတယ်၊ အစုံပဲ။ ဒီမှာဖြစ်နေတာကတော့ ခံစားချက်တွေကတော့ အသီးသီးတွေပဲ အစုံပဲ ဒီနေ့ကျမှ ထပေါက်ကွဲကြတာ။”

မြန်မာအလုပ်သမားတွေအားလုံး အလုပ်မဆင်းတဲ့အတွက် အသားစက်ရုံ လုပ်ငန်းလည်ပတ်မှု ရပ်သွားပြီး ထိုင်းနဲ့ မြန်မာအလုပ်ကြပ်တွေက အလုပ်သမားတွေကို နေထိုင်ရာ တန်းလျားတွေထဲအထိ အတင်း လိုက်ဆွဲခေါ်ကြသေးတယ်လို့ သိရပါတယ်။

အနားမပေးပဲ အလုပ် တောက်လျှောက်လုပ်ခိုင်းတဲ့အတွက် အလုပ်သမတဦး နေမကောင်းဖြစ် သေဆုံးသွားရာကနေ အလုပ်သမားတွေကြားမှာ မကျေနပ်မှုတွေ ပိုပြီး ပြင်းထန်လာခဲ့တာလို့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အလုပ်သမားရေးရာဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

NCGUB ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန ရဲ့ ဥပဒေရေးရာကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေကောင်စီကလည်း ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေကို တယ်လီဖုန်းနဲ့လှမ်းပြီး အကြံပေးတာမျိုးတွေ ရှိခဲ့တဲ့အကြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောပါတယ်။

ကိုသက်ခိုင်။ ။ “မနေ့ညကတည်းကပေါ့နော် ကျွန်တော့ဆီကို ဆက်လာတယ်။ သူတို့အခြေအနေကို ပြောပြပြီး သပိတ်မှောက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့က တတ်နိုင်သလောက် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ပေးလို့ရတာတွေ လုပ်ပေးမယ်ပေါ့။ ထိုင်းရှေနေများကောင်စီက ရှေ့နေတွေကိုလည်း လှမ်းအကြောင်းကြားတယ်။ ထိုင်းရှေ့နေတွေက လှမ်းဆက်တာပေါ့။ သူတို့က စကားပြန်ကနေတဆင့် ဖုန်းဆက်တယ်၊ ညှိနှိုင်းမယ်တဲ့၊ ပြေလည်အောင် ညှိနှိုင်းကြပါ၊ ညှိနှိုင်းလို့မှမရရင် သူတို့ဖက်က လိုက်လျောမှု မရှိဘူးဆိုရင် အလုပ်သမားအခွင့်အရေးအရ အရေးယူတာတို့ တိုင်တာတို့ လုပ်မယ်ပေါ့နော်။”



ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းတုန်းကလည်း အဲဒီစက်႟ုံပိုင်ရှင် ပိုင်တဲ့ အခြားအလားတူ စက်႟ုံတ႟ုံမှာ အလုပ်ထွက်ချင်တဲ့ မြန်မာအလုပ်သမားတွေကို ရဲ ခေါ်ပြီး ဖမ်းခိုင်းတဲ့ ကိစ္စနဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြသေးတယ်လို့ သိရပါတယ်။
အပြည့်အစုံသို့ >>

ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးတောင်းဆို

သောကြာနေ့၊ 18 ဒီဇင်ဘာလ 2009
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များအဖွဲ့က ‘အခွင့်အရေး လစ်ဟင်းနေသူများအတွက်’ အခွင့်အရေးဆိုင်ရာ အချက်လက်များတင်ပြတောင်းဆိုခဲ့သည်ဟု သိရပါသည်။ 

“ကျနော်တို့တောင်းဆိုတာက အချက် ၄-၅ ချက်ပါတယ်။ အဓိကကတော့ ကာရာအိုကေဆိုင်၊ ညဘက်စားသောက်ဆိုင် တွေ အိမ်ဖေါ်တွေအတွက် ၀င်ငွေနည်းပြီး အလုပ်ချိန်အကန့်အသတ်မဲ့ အမျိုးသမီးတွေအတွက် အဓိကပေါ့” - ဟု သျှမ်းရွေ့ ပြောင်းအလုပ်သမား WSA (Worker Solidarity Association) အဖွဲ့ ဥက္ကဌ စိုင်းဇွမ် က ပြောပါသည်။


ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဗုဒ္ဓဆထန်တွင် ကျင်းပသည့် နိုင်ငံတကာရွှေ့ပြောင်းအလုပ် သမား များနေ့အခမ်းအနား၌ ၁၅း၀၀ နာရီအချိန် ချင်းမိုင်ခရိုင် ဒု- အုပ်ချုပ်ရေးမှူးက တက်ရောက်အဖွင့်အမှာ စကား ပြောကြားပြီး အလုပ်သမားအဖွဲ့အသီးသီးကလည်း မိမိအဖွဲ့အစည်းတောင်းဆိုမှုများ တင်ပြခဲ့၏။ အခမ်းအနားကို ၁၉း၀၀ နာရီအထိ ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

ချင်းမိုင်ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူးကလည်း အလုပ်သမား နှင့် အလုပ်ရှင်ဟူသည်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန် အလှန်အားထားနေရကြောင်း၊ “ရွှေ့ပြောင်းအလုပ်သမားတွေမရှိရင် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ ထင်တဲ့ အ တိုင်း လွယ်မှာမဟုတ်ဘူး၊ ထိုင်းတွေ လုပ်အားခ တနေ့ဘတ်ငွေ ၂၀၀ ရရင် ရွှေ့ပြောင်းအလုပ်သမားတွေကိုလဲ ရစေလို တယ်၊ တန်းတူအခွင့်အရေးရအောင် အတတ်နိုင်ဆုံးကူညီပံ့ပိုးသွားပါ့မယ်” ဟု အားပေးစကားပြောကြား သွားပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ တင်ပြတောင်းဆိုခဲ့သည့် အချက်များမှာ -

၁။ စားသောက်ဆိုင်၊ နိုက်ကလပ်၊ အိမ်ဖေါ် အစရှိ သောအလုပ်သမများအတွက် ထိုင်းနိုင်ငံသားနည်းတူ တန်းတူလုပ်အားခ နှင့် အလုပ်ချိန်အကန့်အသတ်/နားရက်ရရှိရေး။

၂။ ချင်းမိုင်တွင် အောက်ခြေအလုပ်သမားအတွက် သတ်မှတ်ထားသော တနေ့လုပ်အားခ ၁၆၈ ဘတ် အပြည့်အ၀ ရရှိရေး။

၃။ အလုပ်ရှင် နှင့် အလုပ်သမား ရေရှည်ဒွန်တွဲအလုပ် လုပ်နိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများအတွက် တည်တန့်သည့် ဥပဒေချမှတ်ရေး။

“ဘာလို့လဲဆိုတော့ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိန်းချုပ်မယ့် တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမယ်လို့ အမြဲပြောတယ်။ ဒီပြဿနာကို သူတို့ ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်လဲ ရေရှည်ဘာလုပ်မလဲ၊ အစိုးရ အသစ်ပြောင်းရင်တောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေ မပြောင်းဖို့ပေါ့”

၎။ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် တိကျတဲ့ ကုန်ကျမှုသတ်မှတ်ပေးရန်။

“အခုအခြေအနေက ပွဲစားတွေဘဲ ပွတယ်လေ။ အလုပ်သမားတွေ ဒုက္ခရောက်တယ်။ အချို့က ၈ ထောင် လောက်ကုန်ပြီး တချို့ကလဲ သောင်းချီကုန်လဲ မရဘူး။ အဲ့ကိစ္စအပေါ် ပိုအဆင်ပြေအောင် ဆောင်ရွက်ဖို့ပေါ့ဗျာ”

၅။ ဖိဆွတ်ဆန်ချတ်ခေါ် လာရင်း နိုင်ငံသားဖြစ်ကြောင်းသက်သေပြရန် လျှောက်လွှာတင်ခိုင်းသည့် ကိစ္စတွင်လည်း လျှောက်၍ အောင်သည့်သူများ (ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရမည်သူများ) နှင့် သွားမလျှောက်သူများ (လာရင်းနိုင်ငံ ပြန် ပို့ခံရမည့်သူများ) အတွက် စည်းမျဉ်းချထားသော်လည်း - “လျှောက်လွှာတင်ပြီး မအောင်တဲ့သူတွေအတွက်ဘာဆက် လုပ်မလဲ၊ သူတို့အတွက် တိကျတဲ့အနာဂတ်ရှိအောင် ဖေါ်ပြထားသင့်တယ်။ လျှောက်လွှာတင်ပြီး မအောင် လို့ဘာလုပ်ရ မှန်းမသိဘဲ ပြန်သွားတဲ့သူအများကြီး၊ ဟိုမှာဘဲ ဒုက္ခ ရောက်တာပေါ့ဗျာ” - ဟု စိုင်းဇွမ် ကပင် သျှမ်းသံတော်ဆင့် သို့ ရှင်းပြပါသည်။


ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့် လော ၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံသား အလုပ်သမား သန်းချီ ရှိ၏။ ၎င်းင်းတို့ အနက် မြန်မာနိုင်ငံသားမှာ အများဆုံးဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးကိစ္စမှာလည်း လော နှင့် ကမ္ဘောဒီးယားတို့က ၂၀၀၆ ကတည်းက အောင်မြင်သွားပြီး မြန်မာအလုပ်သမားများမှာမူ အနာဂတ်အတွက် စိုးရိမ်နေရဆဲ ဖြစ်ကြောင်းညည်းတွားနေကြသည်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရ

စိုးမိုး/ ၁၈ ဒီဇင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။
“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။


လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်းအလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် စီမံကိန်း ရုပ်သိမ်းရန် ထိုင်းအစိုးရအားတောင်းဆို

နွယ်လေး၊ ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ခုနှစ်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးခြင်းကို ဖျက်သိမ်းပေးရန် ယနေ့ကျ ရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့တွင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အ ဖွဲ့အစည်းများက ထိုင်းအစိုးရထံ တောင်းဆိုလိုက်သည်။  
အလုပ်သမားများ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ပတ်သက်၍ ချင်းမိုင်အခြေစိုက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ တာဝန်ရှိသူ နာမီးရှဲက ယခုလိုပြောသည်။



“သူတို့တော်တော်စိတ်ဆင်းရဲနေရတယ်။ မှတ်ပုံတင် နံပါတ်အစစ် ရေးလို့သူတို့သွားရှာတဲ့ခါ ကျန်မိ သားစုလုံခြုံရေးအတွက် စိုးရိမ်တယ်။ အခွန်ကောက်မယ် ကြားတယ်။ အဲလို အချက်အလက်မရှင်း လင်းဘူး။ တချို့က မြန်မာ မှတ်ပုံတင်မရှိတော့ သွားလုပ်လို့ မရဘူး။”
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လာမည့်ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကို နောက်ဆုံး ရက် အဖြစ် သတ်မှတ် ထားခြင်းနှင့် ပြုလုပ်ခြင်းမရှိပါက ထိုင်းဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရှိပဲ နှင်ထုတ်ခြင်းခံရမည့် အလုပ်သမားများ ရင်ဆိုင်ရမည့် အခက်အခဲ များကြောင့် အချိန်မကန့်သတ်ရန် တောင်းဆို ထားသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။

“နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ပတ်သက်ပြီး ခုထိရှင်းလင်းတဲ့ အဖြေ information ကောင်းကောင်း မ ရသေးဘူး။ မြန်မာပြည်သား အလုပ်သမား တသန်း ကျော်လောက်ရှိနေတယ်။ ရတာမှာ တသောင်း လောက်ပဲရသေးတယ်။ ဘယ်လိုဖြစ် လာမယ်ဆိုတာ မသိသေး ဘူးပေါ့နော်။”
ဘာသာစကားအခက်ခဲကြောင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရာတွင်မှားယွင်းမှု၊ နှောင့်နှေးမှု များရှိသည့် အပြင် ထိုင်းအလုပ်ရှင်များမှ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ နယ်စပ်သို့ သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်း စသည့် အ ခက်ခဲများကိုလည်း မြန်မာရွှေ့ပြောင်းအလုပ် သမားများ ရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများအား ထိုင်းအစိုးရမှ ကျန်းမာရေးဆေးကုခွင့် တာဝန်မယူနိုင်ခြင်း အပေါ် ထိုင်းလူမျိုးနှင့် တန်းတူဆေးကုသခွင့်ရရှိရန် ကျန်းမာရေးဌာနများမှတာဝန်ယူပေးရန် ထည့်သွင်းတောင်း ဆို ထားသည်။ ယနေ့ချင်းမိုင်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား အခမ်းအနားသို့ ထိုင်းတာဝန်ရှိများ နှင့်အတူ အခြားအလုပ်သမား ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ပြီး ဖျော်ဖြေပွဲနှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေး အချက်အလက်များကို ဟောပြောသွားမည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ချင်းမိုင်နှင့် ဖူးခက်မြို့တို့တွင်ယနေ့ ပြုလုပ်ပြီး မနက်ဖြန်တွင် ဘန် ကောက် နှင့်မဲဆောက်တို့၌ အခမ်းနားကျင်းပမည်ဖြစ်သည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများက ထိုင်းအစိုးရကို အခွင့်အရေးတောင်းဆို

Friday, 18 December 2009

ယနေ့ ကျရောက်သော နိုင်ငံတာကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာအလုပ်သမား ၄ဝဝ ခန့်က မရရှိသေးသော အလုပ်သမား အခွင့်အရေးများ အတွက် ထိုင်းအာဏာပိုင် တို့ကို တောင်းဆိုကြသည်။
“ကျမတို့က နိုင်ငံသား စိစစ်ရေးကပ် လုပ်ပေးတာနဲ့ ပတ်သက်ပြီး အဓိကထား တောင်းဆိုနေပါတယ်။ နိုင်ငံသား စိစစ်ရေး လုပ်ပေးတာကို ရပ်တန့်ပေးဖို့ ဒါမှမဟုတ် အချိန်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတယ်။ နောက်တခုက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ တောင်းဆိုပါတယ်” ဟု အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့တခုဖြစ်သည့် ချင်းမိုင်အခြေစိုက် Map ဖောင်ဒေးရှင်းမှ ကျန်းမာရေးဆိုင်ရာ တာဝန်ခံ နန်းမိရှီက ဧရာဝတီသို့ ပြောသည်။



ချင်းမိုင်မြို့ နဝရတ် တံတားအနီး ပြုလုပ်သည့် နိုင်ငံတာကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားတွင် အလုပ်သမားနှင့် ပတ်သက်သည့် ပညာပေး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေသည်ကို တွေ့ရသည်။
ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့တွင် မြန်မာအလုပ်သမားတို့၏ ကလေးများကို မှတ်ပုံတင်ခွင့်ပေးသည့် အချိန်ကာလ တိုးမြှင့်ပေးရန် မြန်မာအလုပ်သမားများ ကိုယ်စား ပြည်ပရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB)က ထိုင်းအစိုးရကို တောင်းဆိုထားသည်။

ထိုင်းအစိုးရက အလုပ်သမားများကို ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းသည် မူအရ ကောင်းသော်လည်း လက်တွေ့တွင် မအောင်မြင်သေးသောကြောင့် အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးရေးအတွက် စီစဉ်သင့်သည်ဟု NCGUB မှ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းက ဆိုသည်။ပြီးခဲ့သည့်လတွင် ထိုင်း NGO များနှင့် မြန်မာအလုပ်သမား အဖွဲ့ များ ပူးပေါင်းပြီး ထိုင်း အလုပ်သမား ၀န်ကြီးဌာနသို့ အကြံပြုစာတစောင် ပေးပို့ခဲ့ရာ မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသည့် ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ အခက်အခဲများကို ဖော်ပြထားသည်။ ထို အကြံပြုစာကို ထိုင်းအစိုးရက အလေးအနက်ထား စဉ်းစားပေးရန်လည်း NCGUB က တောင်းဆိုထားသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မထိခိုက်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုတတ်ရမယ်။ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုဖို့၊ အားလုံး ၀ိုင်းဝန်းထောက်ခံပေးဖို့ လိုတယ်”ဟု သူက ဆက်ပြောသည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများကလည်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် လာမည့် တနင်္ဂနွေနေ့တွင် ၃ ကီလိုမီတာခန့် လမ်းလျှောက် ချီတက် ဆန္ဒပြမည် ဖြစ်သည်။လမ်းလျှောက်ပွဲတွင် ၎င်းတို့ မရရှိသေးသည့် အခွင့်အရေးများကို အဓိကထား တောင်းဆိုသွားမည်ဟု သိရသည်။

ထိုင်းရှေ့နေများကောင်စီ၊ တာ့ခ် ခရိုင် စက်မှုလုပ်ငန်းရှင်များ အသင်း၊ ကုန်သည်ကြီးများအသင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အကျိုးဆောင်အဖွဲ့များ နှင့် မြန်မာအလုပ်သမားများ စုစုပေါင်း အင်အား ၅ဝဝ ခန့် ပါဝင်မည်ဟု မြန်မာ ပြည်သူများ အရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ( JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီကို ပြောသည်။ထိုင်းနိုင်ငံထဲတွင် မြန်မာပြည်သား အလုပ်သမားပေါင်း ၄သန်းခန့် ရှိသည်ဟု လေ့လာသူများက ဆိုသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းမြန်မာလုပ်သားများ ဆန္ဒပြပွဲရပ်

ဖနိဒါ၊ သောကြာနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၀၉ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံတခုမှ မြန်မာလုပ်သားများက တရားဝင်အလုပ်ချိန် သတ်မှတ်ပေးရန်နှင့် အချိန်ပို လုပ်အားခ တိုးတောင်းသည်ကို အလုပ်ရှင်က သဘောတူသဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘန်ကောက်မြို့ Pepchaburi ခရိုင် စမုန်ဒေါအရပ်ရှိ Sahafarm ကြက်သားစက်ရုံ၌ မြန်မာလုပ်သား ၄၀၀၀ ခန့်က ယနေ့ အလုပ်မဆင်းဘဲ နေခဲ့ကြသည်။
မွန်းလွဲ ၂ နာရီခန့်တွင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်၊ အချိန်ပိုကြေးကို တနာရီ ဘတ် ၂၀ မှ ၃၀ ဘတ်သို့ တိုးပေးရန် အပါအဝင် အချက် ၅ ချက်ကို အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူခဲ့သည်။



“နေမကောင်းတာကို ဓါးနဲ့ ရိုက်တာတို့၊ နေမကောင်းသူကို ဆဲဆို ကြိမ်းမောင်းပြီးတော့ အတင်း လုပ်ခိုင်းတာတွေ၊ ဒဏ်ရာတွေပါ ပြတယ်။ ဝဏ္ဏ (အလုပ်ကြပ်) ကိုလဲ ဖယ်ရှားပေးပါ ဆိုတာတွေ လက်ခံသွားတယ်” ဟု ဆန္ဒပြသူ တဦးဖြစ်သော ကိုထွန်းထွန်းက မဇ္ဈိမကို ပြောသည်။
Sahafarm ကုမ္မဏီသည် တနေ့လျင် ကြက်အကောင်ရေ အနည်းဆုံး ၃ သိန်းခန့်အား အသင့်စားသုံး နိုင်သည်အထိ ပြုလုပ်ကာ ကိုးရီးယား၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။

သဘောတူညီချက်အရ ထိုင်းအစိုးရ ရုံးပိတ်ရက်တွင် နားခွင့်ပြုခြင်း၊ အလုပ်လုပ်ခွင့် လက်မှတ် ပေးကိုင်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အချိန်စောင့်ခွင့်ပြုတာတို့ ရရှိမှာဖြစ်သည်။
စက်ရုံရှိ မြန်မာလုပ်သားများသည် အချိန်ပိုကြေး အပါအဝင် တလ ၄၅၀၀ ဘတ်မှ ၅၂၀၀ ဘတ် အကြား ရရှိကြသည်။ ထိုင်းနိုင်ငံရှိ အလုပ်ရုံများတွင် ရွှေ့ပြောင်း မြန်မာလုပ်သားများအပေါ် လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ အလုပ်ချိန်ပိုခိုင်း ခြင်း၊ ထိုက်သင့်သည့် လျော်ကြေး မပေးခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလေ့ရှိကြောင်း အဝေးရောက် အမျိုးသား ညွန်ပေါင်းအစိုးရ၏ ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

“ကိုယ်တိုင်က ညီညီညွတ်ညွတ်နဲ့ တရားမျှတမှုရှိတဲ့ စနစ်တကျ တောင်းဆိုမှုတွေ ရှိမယ်ဆိုရင် မည်သည့် အလုပ်ရှင်ကမဆို မငြင်းပယ်နိုင်ပါဘူး။ သတ်မှတ် ပြဌာန်းထားတဲ့ တရားဥပဒေကို ရင်ဆိုင်ရမှာ မလွဲပါဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုင်းအလုပ်ရှင်များက အလုပ်သမား လက်မှတ် မလုပ်ပေးခြင်း၊ ကိုင်ဆောင်ခွင့် မပြုခြင်းတို့သည် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအကြား ကြုံတွေ့နေကျ ပြဿနာတခု ဖြစ်သည်။
အလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံရမှုမှ ကာကွယ်နိုင်ရန် ယာယီ နိုင်ငံကူး လက်မှတ်ထုတ် ပေးရန် စီစဉ်နေကြသော်လည်း ယခုအချိန်အထိ အရေအတွက် အနည်းငယ်သာ လုပ်ဆောင်ပြီးသေးသည်။
အပြည့်အစုံသို့ >>

ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ

ဇော်ကြီး။ ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။ စက်ရုံမှူးနှင့် အလုပ်သမားခေါင်းဆောင်များက အလုပ်သမားအပေါ် အနိုင်ကျင့်မှု၊ အခွင့်အရေးချိုးဖောက်နေမှု များကို အလုပ်ရှင်မှ ဖြေရှင်းပေးနိုင်ရန် ဆန္ဒပြတောင်းဆိုကြသည်ဟု စက်ရုံလုပ်သား ကိုထွန်းထွန်းက ယခုလို ပြောသည်။
“ဖိနှိပ်မှုတွေတအားများလွန်းတယ်။ ၀ဏ္ဏ(အလုပ်သမားခေါင်းဆောင်)တွေက အထဲမှာ ကြမ်းကြုပ်တဲ့ စကားတွေနဲ့ အတင်းဆဲဆိုပြီးခိုင်းတယ်။ အဲဒီဒဏ်တွေကို ကျနော်တို့ မြန်မာ ပြည်အလုပ်သမား လေး ထောင်ကျော် ငါးထောင်လောက်က မခံမရပ်နိုင်ဖြစ်နေကြတာ။ အဲတာနဲ့ ၁၈ ရက်နေ့ မှာ ဆန္ဒပြကြ မယ်ဆိုပြီး ဒီနေ့မှာကျတော့ တစ်ယောက်မှအလုပ် မဆင်းကြတော့ဘူး။ ဒါပေမယ့် အကြမ်းမဖက် အောင်တော့ ကျနော်တို့တတ်နိုင်သလောက် ထိန်းထားတယ်။”



စက်ရုံရှိ အလုပ်သမားများသည် တနေ့အလုပ်ချိန် ၈နာရီထက်ပို၍လုပ်ရခြင်း၊အချိန်ပိုလုပ်အားခ(OT)ကို တိကျစွာ သတ်မှတ်ပေးမှုမရှိခြင်း၊ ကျန်းမာရေးအရ အနားယူခွင့် မရခြင်း၊ ရရှိသည့်လစာထဲမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ် တောက်ခံရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။ ထို့အပြင် အလုပ်ခေါင်းများမှ အလုပ်သမားများအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု များရှိသလို အလုပ်သမား ထုအတွင်း တန်းတူညီမျှသည့်အခွင့်အရေး မရရှိဟု ကိုထွန်းထွန်း က ဆက်ပြောသည်။

“ရှမ်း(ထိုင်း)တွေကျတော့အလုပ်ချိန်က ၈နာရီပဲဆင်းရတယ်။ ကျနော်တို့ကိုကျတော့ အလုပ်ချိန်က ၁၁ နာရီခွဲလောက် ဖြစ်နေတယ်ပေါ့နော်။ နောက်တချက်ကကျတော့ အလုပ်သမား ချင်းအတူတူ ရှမ်းတွေ ကိုကျတော့ လစာပိုပေးပြီးတော့ ကျနော်တို့ကိုကျတော့ ၄၅၀၀ ကနေစပေးတယ်။”

အလုပ်သမားများအနေနှင့် ဆုံးရှုံးနေရသည့် အခွင့်အရေးများမရမချင်း ဆက်လက်၍ ဆန္ဒပြတောင်းဆိုသွားမည် ဟု ဆန္ဒပြဦးဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း နောက်နေ့အထိ အလုပ်မဆင်းဖို့ ဆုံးဖြတ်ထားတယ်။”

နောက်ဆုံး သတင်းအခြေအနေကို စုံစမ်းသိရှိရသည်မှာ နေ့လည်ပိုင်း၌ အလုပ်ရှင် လာရောက်ညှိနိုင်းခဲ့ပြီး တနေ့ လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ အချိန်ပိုလုပ်အားခ တနာရီ ဘတ်(၃၀)ပေးရန်၊ အလုပ်သမား လက်မှတ်ရရှိပြီးသူများ လက်မှတ်ကိုင်ဆောင် ခွင့်ပြုရန်၊ အစိုးရအားလပ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ ယာယီ နိုင်ငံကူး လက်မှတ်အား နောက်ဆုံးအချိန်အထိစောင့်ပြီးလုပ်ခွင့်ပြုရန် စသည့် အလုပ်သမားတောင်းဆိုသည့် အ ချက်များကို စက်ရုံပိုင်ရှင် က သဘောတူခဲ့သည်။
ထို့အပြင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်မှ အတင်းအကြပ် ဖိအားမပေးရန်နှင့် မဖြစ်မနေ လုပ်ရမည်ဆိုပါက လုပ်ကြမည်ဟု အလုပ်သမားများ ဖက်မှလည်း ဂတိပေးခဲ့ကြသည်။

ယင်းစက်ရုံနှင့် ကုမ္ပဏီတစ်ခုတည်း ဖြစ်သည့် ဘန်ကောက်မြို့အနီး လုဘူရီမြို့ပြင်ရှိ SAHA FARM Co.Ltd (88)စက်ရုံ၌ ယခုလ ၉ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ယာယီပတ်စပို့စ်ပြုလုပ် သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့သေးသည်။
အဆိုပါစက်ရုံသည် တနေ့လျှင် ကြက်အကောင်ရေ နှစ်သိန်းခွဲခန့်ကုန်ချောထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့ လျှက်ရှိပြီး မြန်မာအလုပ်သမား ငါးထောင်ခန့်ရှိသည်။
အပြည့်အစုံသို့ >>

Friday 18 December 2009

ထိုင်းရောက် မြန်မာကလေးများ ကျောင်းနေခွင့် မသေချာ

Thursday, 17 December 2009 18:17 ဘစောတင်
ထိုင်းအစိုးရက လတ်တလော ပြုလုပ်ပေးနေသည့် နေထိုင်ခွင့် လက်မှတ်မရှိပါက ထိုင်းနိုင်ငံရှိ မြန်မာကလေး များသည် လာမည့် စာသင်နှစ်တွင် ပညာသင်ကြားခွင့် မရရှိနိုင်ကြောင်း သိရသည်။ ဒီဇင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ပေးနေသော အဆိုပါ မြန်မာကလေးများ နေထိုင်ခွင့် လက်မှတ်ပြုလုပ်ရာတွင် အခက်အခဲများစွာ ကြုံရကြောင်းနှင့် လက်မှတ်ပြုလုပ်၍ မရသူများရှိကြောင်း ကလေး မိဘများ အပါအ၀င် ကျောင်းဆရာ ဆရာမ များက ပြောသည်။ ဒီဇင်ဘာ (၁၈) ရက်သည် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ ဖြစ်သည်။
ထိုင်းနိုင်ငံ အတွင်းတွင် မြန်မာကလေးငယ် ၆ သိန်းခန့်ရှိကြောင်း၊ အများစုသည် နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိကြကြောင်း၊ နယ်စပ်မြို့ များဖြစ်သော ရနောင်းနှင့် မဲဆောက်မြို့များရှိ မြန်မာကလေးများသည် ထိုင်းကျောင်းနှင့် မြန်မာကျောင်းများတွင် ပညာသင်လျက် ရှိကြကြောင်း အာဏာပိုင်များ အဆိုအရ သိရသည်။ ယခု ပြုလုပ်နေသော အသက်(၅)နှစ်အထက်နှင့် (၁၅)နှစ်အောက် ကလေးငယ်များ နေထိုင်ခွင့်လက်မှတ် သည် လာမည့်နှစ်တွင် ဆက်လက် ပညာသင်ယူခွင့်အတွက်လည်း အရေးပါကြောင်း ထိုင်းနိုင်ငံ ရနောင်းမြို့ မှ ကျောင်းဆရာ ကိုဌေးကပြောဆိုသည်။


“ကျနော်တို့ မြို့ ပိုင်က ကျောင်းတွေ NGOs တွေကို ခေါ်ပြောတာကတော့ ဒီမှာရှိတဲ့ ကလေးတွေအားလုံး နေ ထိုင်ခွင့်လုပ်ရမယ်၊ နေထိုင်ခွင့်မလုပ်ရင် နောင်နှစ်တွေမှာ ထိုင်းကျောင်းဖြစ်ဖြစ် မြန်မာကျောင်းဖြစ်ဖြစ်စာသင် ခွင့်မရှိဘူး၊ ကျောင်းကလည်း လက်ခံခွင့်မရှိဘူး၊ နေထိုင်ခွင့်မရှိဘဲ ကျောင်းတက်တာကို စစ်ဆေးတွေ့ရှိရင် ဖမ်းပြီး ပြန်ပို့မယ် ပြောထားတယ်”ဟု ၎င်းက ပြောသည်။
ကလေးများသည် ယခင်က နေထိုင်ခွင့် လက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နီးစပ်ရာ မြန်မာကျောင်း များတွင် အခြေခံပညာ သင်ခန်းစာများကို သင်ကြားခွင့်ရခဲ့သည်ဟုလည်း ကိုဌေးက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ကျောင်းဆရာမ ဒေါ်ရွှေစင်ကလည်း“မနေ့က ကျမ ကလေးအတွက် လက်မှတ် သွားလုပ်တာ မရဘူး၊ ကလေးမှာ မဲဆောက်ဆေးရုံက ပေးထားတဲ့ ဆေးရုံလက်မှတ်ရယ်၊ ကျောင်းထောက်ခံစာရယ် ရှိပေမယ့်၊ ကျမတို့မှာက အလုပ်သမား လက်မှတ်ကို သက်တမ်းမတိုးထားတော့ မရဘူး”ဟု ပြော သည်။ ဒေါ်ရွှေစင်သည် မဲဆောက်မြို့ ထုံထောင်းအရပ်ရှိ မြန်မာနိုင်ငံ အလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ (BLSO)က ဖွင့်လှစ်ထားသော ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဖြစ်သည်။

ကလေးမိဘအများစုသည် ဆေးရုံလက်မှတ်၊ ကျောင်းထောက်ခံစာနှင့် ရပ်ကွက်လူကြီး ထောက်ခံစာရှိလျှင် ယင်းနေထိုင်ခွင့် လက်မှတ်ပြုလုပ်၍ ရသည်ဟု ထင်မြင်ထားကြောင်း မဲဆောက်မြို့ မှ ကလေးမိဘ တဦးဖြစ်သူ ကိုအောင်ဒင် ကပြောသည်။ အသက်(၁၂) အရွယ် သမီးငယ် တဦး၏ ဖခင်ဖြစ်သူ ကိုအောင်ဒင်က“ကျနော့်မှာ ရုံးကတောင်းတဲ့ ထောက်ခံ စာတွေ အစုံပါတယ်၊ ဆေးရုံလက်မှတ် ကျောင်းထောက်ခံစာ လူကြီးထောက်ခံစာ အစုံပဲ၊ ဒါပေမယ့် မရဘူး” ဟု ပြောသည်။ ကိုအောင်ဒင်သည် ထိုင်းနိုင်ငံတွင် ဆယ်နှစ် နေခွင့်ရှိသောလက်မှတ် ရရှိထားသူဖြစ်သည်။

ထိုင်းနိုင်ငံ မဟာချိုင်ရှိ လူ့အခွင့်အရေးမြှင့်တင်ရေး ဖောင်ဒေးရှင်း (H.R.D.F)မှ ဦးစိန်ဌေးကမူ“အခုကိစ္စက လက်မှတ်ပြုလုပ်ပေးတဲ့ သူတွေဘက်ကလည်း သတင်း အချက်အလက်ကို ရှင်းရှင်းလင်းလင်း မပြောပြတာ ဖြစ်မယ်၊ ထိုင်းအာဏာပိုင်တွေ က ဆိုလိုတာက ၂၅၅၂ ခုနှစ် (ထိုင်း သက္ကရာဇ်)အတွက် အလုပ်သမားလက် မှတ် ရှိတဲ့ မိဘတွေရဲ့ ကလေးတွေကိုသာ လုပ်ပေးမယ်၊ အဲဒီလက်မှတ်မရှိရင် မလုပ်ပေးဘူးဆိုတာကို မိဘ တွေကို မရှင်းပြတော့ သတင်းထွက်တာက (၁၅)နှစ်အောက် မြန်မာကလေးတွေ အားလုံးလုပ်လို့ ရတယ်လို့ နားလည်သွားကြတာ ဖြစ်မယ်၊ ဒါကြောင့် ကလေးတွေရဲ့ မိဘတွေက သွားလုပ်တော့ မရတာဖြစ်မယ်”ဟုဆို သည်။
ထိုင်းအစိုးရက ထုတ်ပြန်ထားသော ကြေညာချက်တွင်“မှတ်ပုံတင်မည့် ကလေးသည် ထိုင်းနိုင်ငံသို့ ၂၀၀၉ ခုနှစ် ဇူလိုင်လ(၃၀)ရက် မတိုင်မီ ၀င် ရောက်လာသူ(သို့)မတိုင်မီ ထိုင်းနိုင်ငံ၌မွေးဖွားသော ကလေးဖြစ်ရမည်။ ကလေး မှတ်ပုံတင်ရာတွင် မိခင်(သို့)ဘခင်မှ ၄င်းတို့ ၏ လက်ရှိ ထော်ရော် ၃၈/ ၁ ပုံစံကို တပါတည်း ယူဆောင်လာရမည်”ဟု ပါရှိသည်။

ထို့ကြောင့် ၂၅၅၂ ခုနှစ် (၂၀၀၉ခုနှစ်) အတွက် အလုပ်သမားလက်မှတ် မလုပ်ထားသူများ၏ ကလေးငယ် များသည် နေထိုင်ခွင့်လက်မှတ် ရရှိရန် အခွင့်အရေးမရှိတော့ကြောင်း သိရသည်။ မဲဆောက်မြို့ ပါရမီမူလတန်းကျောင်းမှ ဆရာမ ဒေါ်လဲ့လဲ့ဝင်းကလည်း“ကျမတို့ ကျောင်းက က လေး အယောက် ၂၀ သွားလုပ်တာ ၈ ယောက်ပဲ ရလာတယ်”ဟုပြောသည်။ ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာများ ပြန်ပို့ခံရ

16 December 2009

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ဘင်္ဂလားဒေ့ရှ်မှာတော့ မြန်မာနိုင်ငံသားတွေကို ပြန်လည် မောင်းထုတ်နေပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး နေထိုင်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ပထမဦးဆုံး အကြိမ်အဖြစ် အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ကမ်းကို အတင်းအဓမ္မ ပြန်ပို့နေတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်စပ်က သတင်းထောက် ကိုအောင်စံမင်းက တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ရဲတွေက စစ်တကောင်း တောင်တန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေကို နေရာအနှံ့အပြားမှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူပေါင်း ၆၀၀ ကျော်ကို အခုလပိုင်းအတွင်း အသုတ်လိုက်ခွဲပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဘက်ကို ခေါ်သွားပြီး မြန်မာနိုင်ငံဘက်ကို ပြန်ခိုင်းပါတယ်။


ဖမ်းဆီး ပြန်ပို့ခံရသူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ အများအပြား ပြန်လာနေကြပါတယ်။ အဲဒီလို ပြန်လာနေကြသူတွေအနက် အလယ်ခွာတောင်မြို့နယ် ရွာဟောင်းရွာမှာ နေထိုင်ပြီး မကြာခင်က အဖမ်းခံ၊ ပြန်ပို့ခံခဲ့ရပြီး ပြန်လာခဲ့သူတဦးက အခုလို ပြောပြပါတယ်။

“ကျနော့်ကို လွန်ခဲ့တဲ့ ၁၅ ရက်လောက် ဘင်္ဂလားဒေ့ရှ်က ရဲတွေ ၅ ယောက် ၆ ယောက်လောက် လာပြီး လာဖမ်းတယ်။ စခန်းမှာ တည၊ အဲဒီမှာ ဖမ်းထားတဲ့ ဘင်္ဂါလီ ကုလားတွေလည်း အများကြီးရှိတယ်။ ရခိုင်ပြည် ကုလားတွေပဲ။ မနေ့အစောပိုင်းက ကျနော်တို့ကို ကားတွေနဲ့ ခေါ်သွားတယ်။ နယ်စပ်ကို ခေါ်သွားပြီး ခင်ဗျားတို့ ဟိုဘက်ကမ်းကိုသွား၊ မင်းတို့ပြည် မင်းတို့သွားဆိုပြီး လက်ညှိုးညွှန်ပြတယ်။ ပြီးတော့ ၁၅ မိနစ်လောက် အကြာမှာ ကျနော်တို့ကို လွှတ်ပြီးတော့ သူတို့ ပြန်သွားတယ်။ သူတို့ပြန်သွားတော့ ကျနော်တို့ ဒီက ဘင်္ဂါလီ ကုလားတွေနဲ့ ကိုယ့်နေရာကိုယ် ပြန်လာကြတယ်။”

မိမိနေထိုင်ရာ ကျေးရွာကို ပြန်လာသူတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ရဲတွေက အဲဒီလို လိုက်လံ ဖမ်းဆီးနေစဉ် အဖမ်းမခံရဘဲ အခုထိ ရှောင်တိမ်းနေရသူ တဦးကလည်း အခုလိုပြောပါတယ်။

“ကျနော် ဒီမှာနေတာ နှစ်ပေါင်း ၁၅ နှစ်ရှိပြီ။ ကိုယ့်ဟာကိုယ်ပဲ ၀ါးခုတ် သစ်ခုတ် လုပ်စားနေတယ်။ လွန်ခဲ့တဲ့ တပတ်လောက်က ကျနော့်အိမ်ကိုလာပြီး ရခိုင်သားရော၊ မွတ်ဆလင်ရော ဖမ်းတယ်ဆိုပြီး လိုက်ရှာတယ်။ ဒါပေမဲ့ ကျနော်က အပြင်မှာရှိနေလို့ လွဲသွားတယ်။ ကျနော်လည်း ကိုယ့်ရခိုင်ပြည် ကိုယ် မပြန်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာလည်း လွတ်လပ်ခွင့် မရှိဘူး။ ဒီမှာလည်း ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အာမခံချက် မပေးနိုင်ဘူး။

“အဲဒါ ကျနော်တို့ ဘယ်လိုလုပ်ပြီး နေထိုင်ရမလဲ။ ဒါကိုပဲ စဉ်းစားနေရတယ်။ သားနဲ့သမီးနဲ့ဆိုတော့၊ ကျနော်တို့လည်း အခု တောမှာပဲ ပုန်းပြီးနေရတယ်။ တခါတလေ အိမ်က မိုဘိုင်းနဲ့ အဆက်အသွယ် ယူပြီးတော့မှ အိမ်ကိုလာတယ်။ တပတ်မှ တခါ၊ နှစ်ခါ အဲလိုပဲရောက်တယ်။ အလုပ်လည်း ပြတ်နေတယ်၊ စားဝတ်နေရေးလည်း တော်တော် အခက်အခဲရှိတယ်။”

တပိုင်ရွာမှာ နေထိုင်ပြီး ရှောင်တိမ်းနေရသူတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီလူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကစပြီး ဘင်္ဂလားဒေ့ရှ်ကို တရားမ၀င် ၀င်ရောက်လာခဲ့ကြပြီး အခြေချ နေထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အရင်က အခုလို တခါမှ ဖမ်းဆီး ပြန်ပို့ခဲ့တာ မရှိခဲ့ပါဘူး။ အခုအချိန်ကျမှ ဖမ်းဆီးလိုက်၊ နယ်စပ်ကို မောင်းထုတ်လိုက်၊ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်တဲ့နည်းနဲ့ ပြန်လာလိုက်နဲ့ တော်တော် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေပါတယ်။
အဲဒီလို မြန်မာနိုင်ငံသား မွတ်ဆလင်နဲ့ ရခိုင်လူမျိုးပေါင်း စစ်တကောင်း တောင်တန်းနယ် တခုလုံးမှာ ၅၀,၀၀၀ ထက်မနည်း ရှိနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ခန့်မှန်းထားပါတယ်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်အရေး မြန်မာဘက်က ကြန့်ကြာ

သူရိန်စိုး ၁၆ ဒီဇင်ဘာ ၂၀၀၉ 
ယာယီ နိုင်ငံကူးလက်မှတ်လျှောက်ထားသူ မြန်မာအလုပ် သမား ၈ သောင်းအနက် ၃ သောင်းကိုသာ နအဖက စိစစ်ပေးတာကြောင့် ထိုင်း အာဏာပိုင်တွေ ဘ၀င်မကျ စဉ်းစားရခက်နေပါတယ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားသား အလုပ်သ မားများရေးရာ မန်နေဂျာ နိုင်ထနစ်နနွိင် က နိုဝင်ဘာလကုန်ပိုင်း နိုင်ငံခြားအလုပ်သမား မူဝါဒရေး ရာ သုံးသပ်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ နိုဝင်ဘာလကုန်အထိ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ သောင်း ရှိရာကနေ ၃ သောင်း ကိုသာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးတယ်၊ ၃ သောင်းထဲမှာမှ အလုပ် သမား ၄ ထောင်ကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးသေးတာကြောင့် ထိုင်းဘက် က စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ထိုင်းမှာအလုပ်လာလုပ်သူတွေဟာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားကဖြစ်ကြပြီး အဲဒီ အလုပ်သမားတွေကို မြန်မာအစိုးရက သူ့နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ရာ မှာ ဌာနအဆင့်ဆင့်ကို ဖြတ်ရတာကြောင့် ကြန့်ကြာမှုတွေနဲ့အတူ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့ အစီအစဉ်ဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး လို့ အလုပ်သမား အရေးလုပ် ကိုင်သူတွေက ဝေဖန်နေပါတယ်။ မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညွီတ်ရေးအဖွဲ့ တာဝန်ခံ ဦးသံဒုတ် က ခုလို ပြောပါတယ်။ “ဗမာပြည်ဘက်ကနေ နိုင်ငံသားစိစစ်ဖို့ လျှောက်လာတဲ့ အလုပ်သမား တွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး သက်ဆိုင်ရာ မြို့နယ်တွေ ဌာနတွေမှာရှိတဲ့ လ၀က ရုံးတွေနဲ့ စိစစ်ရမယ်။ အဲဒီအတွက် ဘယ်လောက် အတိုင်းအတာ ကြာမယ် ဆိုတာလည်း မသိနိုင်ဘူး ဖြစ်တယ်၊ ဒီ အဆင့်ပေါင်း မြောက်များစွာနဲ့ လုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အချိန်တွေ ကုန်တယ်။ ပွင့်လင်းမှု မရှိဘူး။ ဘယ်သူမှလည်း တိတိကျကျ ဒီလုပ်ငန်း စဉ်ကို စိတ်မ၀င်စားတဲ့ အနေအထား ဖြစ်နေတဲ့အတွက် ယာယီ ပတ်စပို့လုပ်တဲ့ လုပ်ငန်းစဉ်ဟာ အောင်မြင်နိုင်မှု အင်မတန်မှ နည်းတယ်လို့ မြင်ပါတယ်၊” ထိုင်းအစိုးရက နိုဝင်ဘာ ၃ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားတွေအ တွက် ကြေညာချက်တစောင်ကို ထုတ်ပြန်ထားပါတယ်၊ ၂၀၀၉ ခုနှစ်အတွင်း ထိုင်း နိုင်ငံမှာ အလုပ်သမားကဒ်လုပ်ထားသူ ၇ သိန်းရှိပြီး သူတို့ရဲ့ အလုပ်လုပ်ခွင့် သက် တမ်းဟာ ၂၀၁၀ ဖေဖော်ဝါရီမှာ ကုန်ဆုံးမှာဖြစ်တယ်၊ အဲဒီ ၇ သိန်းလုံးကို မြန်မာ ဘက်က နိုင်ငံသား စိစစ်ပေးဘို့ ရေးသားထားပါတယ်၊ ဖေဖော်ဝါရီလကုန်လို့မှ နိုင်ငံသားစိစစ်ရေးမရှိသေးတဲ့ အလုပ်သမားတွေကို တော့ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်မပေးဘဲ တရားမ၀င် အလုပ်လုပ်ကိုင်သူ တွေအဖြစ် သတ်မှတ်မယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ် သတင်းစာမှာ ရေးသားထားပါတယ်။
အပြည့်အစုံသို့ >>

ဖမ်းဆီးမှု များနေခြင်းကြောင့် မလေးရှားရှိ ရွှေ့ပြောင်းအလုပ်သမားများ ရှောင်ပုန်းနေရ

Tue 15 Dec 2009, မင်းအာသံ၊ IMNA
ယခုလအတွင်း မလေးရှားနိုင်ငံ၌ တရားမဝင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား မလေးရှားနိုင်ငံ အဖွဲ့ပေါင်းစုံ [အော်ပရာစီ] တို့က လိုက်လံဖမ်းဆီးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။
မလေးရှားနိုင်ငံ ပီနန်နယ်တွင် အလုပ်လုပ်နေသော မွန်ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက “ကျနော် မလေးရှားနိုင်ငံ ရောက်လာတာ နှစ်လလောက်ပဲ ရှိသေးတယ်၊ အခု ကျနော်တို့ နေရာမှာ တော်တော်လေးကို ဖမ်းနေတယ်။ အစကတော့ သိပ်မဖမ်းဘူး တပတ်မှ တခါလောက်ပဲ ဖမ်းတာ ကြားတယ်။ ဒီလမှာတော့ နေ့တိုင်းလိုလို ဖမ်းနေတယ်၊ အပြင်တောင် မထွက်ရဲဘူး၊ ပုန်းပြီး နေရတယ်။ အော်ပရာစီ လို့ခေါ်တဲ့ အဖွဲ့ပေါင်းစုံပေါ့ဗျာ၊ ဒါ့ကြောင့် ကျနော်တို့ အလုပ်မသွားရဲတဲ့ အခြေအနေထိ ဖြစ်နေတယ် ဟု ပြောသည်။


မလေးရှားနိုင်ငံ၏ စီးပွားရေးအခြေအနေ ကျဆင်းမှုကြောင့် နိုင်ငံခြားသားများကို လျှော့ချလိုမှုဖြင့် ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

“ဒီလိုမျိုးဖမ်းတာ ကြာနေပြီ၊ အကယ်၍ ဖမ်းခံရတဲ့သူတွေက UNHCR မှ အသိအမှတ် ပြုထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ရင် အဲဒီအဖွဲ့က ထောင်ထဲကနေ ပြန်ထုတ်ပေးတယ်၊ အသိအမှတ်ပြု မခံထားရတဲ့ သူတွေအတွက်တော့ ဗမာပြည်ကို ပြန်ပို့တယ်” ဟု သူက ပြောသည်။
ထိုနည်းတူ ကွာလာလမ်ပူတွင်လည်း တရားမဝင် (ဗီဇာမဲ့) အလုပ်လုပ်နေသည့် မွန်ရွှေ့ပြောင်း အလုပ်သမားများလည်း ညနေပိုင်းအချိန်တွင် အပြင်မထွက်ရဲသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း UNHCR ကဒ် ရထားသော မွန်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

“အခုမလေးရှားမှာ တရားမဝင် အလုပ်သမားတွေကို အရင်ကထက် ဖမ်းနေတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ သေသေချာချာ မသိသေးဘူး။ စနေ၊ တနင်္ဂနွေဆို ပိုဆိုးတာပေါ့ဗျာ။ လမ်းလေးခွရှိတဲ့နေရာမှာ ကားရပ်ထားပြီး ဖြတ်သန်းသွားလာနေတဲ့သူကို မေးမြန်းပြီး ဖမ်းတာ၊ ပတ်စပို့ရှိရင် လွှတ်ပေးတယ်၊ ပတ်စပို့ မရှိတဲ့သူတွေကိုတော့ ကားပေါ်တက်ခိုင်းပြီး ခေါ်သွားတယ်” ဟု အထက်ပါ UNHCR ကဒ် ကိုင်ဆောင်ထားသူက ပြောသည်။

မလေးရှားနိုင်ငံရောက် တရားဝင်နှင့် တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမား ဦးရေပေါင်း ၁ သန်း ကျော်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ပြောပြချက်အရ သိရပါသည်။
မြန်မာပြည်မှလာသော တိုင်းရင်းသား ရွှေ့ပြောင်းသလုပ်သမားများသည် များသောအားဖြင့် စားသောက်ဆိုင်၊ တံဆိပ်ရိုက်လုပ်ငန်း၊ အိမ်ဆောက်လုပ်ငန်းစသည့် နေရာများ၌ အများဆုံးအလုပ်လုပ်နေကြသည်။
အပြည့်အစုံသို့ >>

ဝန်ဆောင်မှုများ လျှော့ပေးနေသော်လည်း နိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး

ရဲရင့် / ၁၄ ဒီဇင်ဘာ ၂၀၀၉

မြန်မာအလုပ်သမားများအား (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များ လုပ်ဆောင်နိုင်ရန် အကျိုးဆောင်ကုမ္ပဏီများကမဲဆောက်မြို့
တွင်ဝန်ဆောင်မှုရုံးခန်းများဖွင့်၍ အပြိုင်အဆိုင် နှုန်းထားများလျှော့ယူကာ မက်လုံးပေးဆွဲဆောင်နေသော်လည်း လာရောက်လျှောက်ထားသူ အလွန်နည်းပါးသည်ဟု သိရသည်။
မဲဆောက်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီ (၅) ခုက ၀န်ဆောင်မှုအတွက် အလုပ်သမားတဦးလျှင် ယခင်ဘတ် (၆) ထောင်မှ ဘတ် (၄) ထောင်သို့ လျှော့ချလိုက်သော်လည်း အလုပ်သမား (၂) သိန်းခန့်ရှိသည့် မဲဆောက်ဒေသတွင် ဆယ်ဂဏန်းမျှသာ လာရောက်ကြသဖြင့် နားမလည်နိုင်ကြောင်း အကျိုးဆောင်ကုမ္ပဏီများက ပြောသည်။
အကျိုးဆောင်ဝန်ထမ်းတဦးက “ကျမတို့ကုမ္ပဏီက ဘန်ကောက်က လူဆိုရင် (၈) ထောင်ယူတယ်။ မဲဆောက်ကျတော့ (၄) ထောင်ပဲ ယူတယ်။ ဒီကလူတွေက လုပ်အားခရတာနည်းလို့ ဖြစ်တယ်။ ဒါတောင် လာလျှောက်တဲ့လူက ဆယ်ဂဏန်းပဲရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


မြန်မာနိုင်ငံဘက်မှထုတ်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ်သည် နောက်ကြောင်းမကင်းသည့် အကျိုးဆက်များ ရှိလာနိုင်သောကြောင့် အများစုက မလုပ်လိုကြခြင်းဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

မယ်ပအထည်ချုပ်စက်ရုံမှ မစန်းရီက “ကျမတို့နယ်ကတော့ ဘယ်သူမှမလုပ်ကြဘူး။ ကျမတို့စက်ရုံက လက်မှတ်လုပ်ထားတဲ့ လူအချို့က လက်မှတ်မလုပ်ကြဖို့ တားတယ်။ သူတို့ကြောင့် မိဘတွေ အတော်အကြပ်ရိုက်နေကြတယ်။ ရပ်ရေးရွာရေး သာရေးနာရေးကအစ သူများတဆဆိုရင် ကိုယ်က သုံးလေးဆထည့်ရတယ်လို့ပြောတယ်” ဟု ပြောသည်။
မဲဆောက်မြို့တွင် မြန်မာအလုပ်သမားတဦးလျှင် အများဆုံးရသည့် လုပ်အားခမှာ တလလျှင် ပျှမ်းမျှ ဘတ် (၂) ထောင် ၀န်းကျင်ခန့်သာရှိသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် ထိုင်းနိုင်ငံမှ ပြဋ္ဌာန်းထားသည့် အလုပ်သမားအခွင့်အရေးများကိုလည်း ထိုင်းအလုပ်သမားများတည်းတူ ခံစားခွင့်ရှိသည်ဟု နှစ်နိုင်ငံသဘောတူညီချက်တွင် ပါရှိသည်။

ထိုင်းနိုင်ငံပို့ဆောင်ရေး ဦးစီးဌာနသည် ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်တွင် ယာယီနိုင်ငံကူးလက်မှတ်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို မော်တော်ဆိုင်ကယ် ၀ယ်ယူခွင့်၊ စီးနင်းခွင့်နှင့် ယာဉ်မောင်းလိုင်စဉ် ထုတ်ပေးရန်အတွက်လည်း စီစဉ်လျက်ရှိသည်ဟု ကြေညာထားသည်။

ဘန်ကောက်တွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတဦးက “စာအုပ်ရတာ (၂) လရှိပြီ။ ထိုင်းဘုရင်မွေးနေ့မှာ အလုပ်ပိတ်လို့ အယုဒ္ဓယကို ဘုရားဖူးသွားဖို့ သူဌေးကိုပြောတော့ ဒီစာအုပ်က နယ်ကျော်သွားခွင့်မရှိဘူးလို့ပြောတယ်။ ဘန်ကောက်နဲ့အယုဒ္ဓက (၃၅) ကီလိုမီတာပဲ ဝေးတယ်။ ဒါတောင်မှခွင့်မပြုရင် ဆိုင်ကယ်ဝယ်ခွင့်၊ စီးခွင့်ကိစ္စက ဖြစ်နိုင်မှာလား” ဟု ပြောသည်။
မဲဆောက်ဒေသတွင်း အလုပ်ရုံစက်ရုံ (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၂) သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကာ ၎င်းတို့အထဲမှ ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် အလုပ်သမား မှတ်ပုံတင်ထားသူ (၄) သောင်းခန့်ရှိသည်။

အဆိုပါ အလုပ်သမားများထဲမှ မြ၀တီမြို့တွင်ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူရန် လျှောက်ထားသူ (၁၀၀) ခန့်သာရှိသည်ဟု အလုပ်သမားအရေးလေ့လာသူများက ပြောသည်။
လက်ရှိထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းခန့်ရှိပြီး ဇူလိုင်လ (၁၀) ရက်နေ့မှ စတင်ကာ မြန်မာဘက်မှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူမှာ (၄,၀၀၀) ကျော်ရှိပြီဟု သိရသည်။

မြန်မာအလုပ်သမားများ၏ အလုပ်လုပ်ခွင့် မှတ်ပုံတင်မှာ လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး တရားမ၀င် ဆက်လက်နေထိုင်သူများကို ဖမ်းဆီး၍ နေရပ်ရင်းပြန်ပို့မည်ဟု ထိုင်းက ကြေညာထားသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများပြားလာသော်လည်း မြန်မာများရတက်မအေးနိုင်ကြသေး

Kaowao ကောင်းဝါ - ဒီဇင်ဘာ ၁၁၊၂၀၀၉
ကောင်းဝါ(ဒီဇင်ဘာ-၁၁)။ ကော့သောင်းမြို့ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွင် ယခုသီတင်းပတ်အတွင်း ပတ်စပို့ပြုလုပ်သူအရေအတွက် ပိုများလာကြောင်း ဆက်သွယ်မေးမြန်ချက်အရသိရသည်။

အဆိုပါယာယီပတ်စပို့ဌာနအရာရှိ ဒုရဲအုပ်စန်းလွင် ပြောပြချက်အရ ယခုတစ်လောအတွင်း တစ်နေ့လျှင်ပျမ်းမျှ ၅၀ ဦးခန့်ထုတ်ပေးနိုင်ကြောင်း သိရသည်။ ကော့သောင်းမြို့ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနတစ်ခုတည်းတွင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၈၀၀ ခန့် ပြုလုပ်ပေးခဲ့သည်ဟု ဆိုပါသည်။ 


တနည်းအားဖြင့် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားရယူရာတွင် နိုင်ငံသားစိစစ်ရေး သက်သေခံကဒ်ပြား မတင်ပြနိုင်သူများ၊ နေရပ်လိပ်စာ နာမည်အချက်အလက်လွှဲထားသူများနှင့် အာဏာပိုင်အချို့ ငွေညှစ်ခြိမ်းခြောက်ခဲ့သည့်သတင်းများ ပြန့်နှံ့နေသည့်အတွက် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအကြား ၄င်းယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်ကြုံနေရဆဲဖြစ်သည်။ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသရှိ အလုပ်ရုံတစ်ခုမှ အလုပ်သမား ၂၅ ကို ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း ယာယီနိုင်ငံကူးလက်မှတ်ရရှိလာသူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ကိုကျော်သီဟ အဆိုအရ ယာယီနိုင်ငံကူးလက်မှတ်လုပ်ခဲ့တဲ့နေရာတွင် အစအဆုံးထိုင်းဘတ်ငွေ လေးထောင်သာ ကုန်ကျသည်ဟု သိရသည်။



သို့ရာတွင် အချို့ပွဲစားများထံတွင် တစ်ဦးအတွက်ကုန်ကျငွေ ဘတ်ငွေခြောက်ထောင်၊ ကိုးထောင်၊ တစ်သောင်းခွဲအထိ ပေးဆောင်ခဲ့ကြရသည်ဟုလည်း သိရသည်။
အခြားဖြစ်ရပ်တစ်ခု၌ လွန်ခဲ့သည့် နိုင်ဝင်ဘာလ ၁၃ ရက်နေ့တွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် မှတ်ပုံတင်အထောက်အထားပြန်ယူသူ ၈ ယောက် မြဝတီမှမော်လမြိုင်သို့ အငှားကားတစ်စီးနှင့်အပြန် လမ်းကြောင်း၌ တောင်ကလေးအမြောက်တပ်ဖွဲ့နှင့် ဒီကေဘီအေတို့ဖမ်းဆီးခဲ့ရာ တစ်ဦးကို ကျပ်ငွေလေးသိန်းခွဲပေးဆောင်ခဲ့ရသည်ဟု ကာယကံရှင်တစ်ဦးဖြစ်သူ ဦးဝင်းအောင်က ကောင်းဝါသတင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။


၎င်းအဆိုအရ မှတ်ပုံတင်မရှိ၍ဖမ်းဆီးခြင်းမဟုတ်သော်လည်း တဖက်နိုင်ငံတွင် တရားမဝင်အလုပ်လုပ်ပြီး ထိုင်းပစ္စည်းများသယ်ဆောင်လာသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်အစိုးရထုတ်ပြန်ထားသည့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကိစ္စတွင် အလုပ်သမားများ အခွန်ပေးဆောင်စရာမလိုဟု ဖေါ်ပြထားပါသည်၊

သို့သော် လာမည့်အနာဂတ်နိုင်ငံတော်တွင် မြန်မာအစိုးရသစ်မှ နောက်ထပ်ဥပဒေအသစ်များပြောင်းလဲပြင်ဆင်ပြီး ယခုပတ်စပို့ပြုလုပ်ခဲ့သည့် အလုပ်သမားများအပေါ် အခွန်ငွေနောက်ပြန် မကောက်ခံနိုင်ဟု မည်သူမှအာမခံ ကတိပေးထားခြင်း မရှိသေးဟုသိရသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းလုပ်သား ကလေးများကို ထိုင်းက နေထိုင်ခွင့် လက်မှတ် ထုတ်ပေးမည်

ရေးသားသူ - ကျော်ခ - သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ၏ ကလေးသူငယ်များကို ထိုင်းအစိုးရက တရားဝင် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ၏ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား သားသမီးများကို နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် သတ်မှတ်ထားသည့် မြို့တော်ဝန်ရုံး သို့မဟုတ် စည်ပင်ရုံးတွင် ပြီးခဲ့သည့်လ တတိယပတ်မှစ၍ ယခုလ ၁၈ ရက်နေ့အထိ နောက်ဆုံးထားကာ လျှောက်လွှာတင်ခိုင်းနေခြင်း ဖြစ်သည်။

“အခု ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အပြီးသတ် ဖောင်တင်ရမယ်။ အချက်အလက် မပြည့်စုံသေးတဲ့ သူတွေကို ၂၈ ရက်နေ့ထိ ဆက်လုပ်ပေးမယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ လက်အောက်ရှိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ ဌာနတာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောပြသည်။ လာမည့်လ ၂ ရက်နေ့တွင် စတင်၍ လက်မှတ်ထုတ်ပေးမည်ဟု သိရကြောင်း သူက ဆိုသည်။


ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် ဆုံးဖြတ်ခဲ့ပြီးနောက် လျှောက်လွှာတင်သွင်းရမည့် အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

နေထိုင်ခွင့် လက်မှတ် လျှောက်ထားနိုင်သည့် ကလေးများသည် ၂၀၀၉ ခုနှစ် ဇူလိုင်လ မတိုင်ခင် ထိုင်းနိုင်ငံထဲသို့ ရောက်ရှိလာသူများနှင့် ထိုင်းနိုင်ငံတွင် မွေးဖွားသူများသာ ဖြစ်ရမည်။ ထို့ပြင် ကလေး၏ မိဘတွင် ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်ကတ် ရှိရမည်ဖြစ်ပြီး၊ ကလေးသည် မိဘနှင့်အတူ တမြို့ထဲတွင် နေထိုင်သူဖြစ်ကာ၊ အလုပ်ရှင်၏ အာမခံချက်လည်း ပါရှိရမည်။

ကလေး၏ မွေးနေ့၊ ဇာတိ၊ နေရပ်လိပ်စာများကို လျှောက်လွှာပုံစံ စာရွက်တွင် ဖြည့်စွက်ကာ ၂ လက်မပတ်လည် ကလေးဓာတ်ပုံကိုပါ ပေးသွင်းရကြောင်းနှင့် လျှောက်ထားသည့်အခါ နေထိုင်ခွင့်စာရွက် (ထောရော ၃၈/၁) ကို ထုတ်ပေးလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန့်ခူးထိရန်းမြို့နယ်မှ မြန်မာကျဘန်းလုပ်သား ကိုတင်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က အဖေ၊ အမေ ကတ်ပြားတောင်းတယ်။ နောက်ပြီးတော့ ထော်သော် ၁ လို့ခေါ်တဲ့ ခလေးရဲ့ ကိုယ်ရေးမှတ်တမ်းပုံစံ ဖောင်ဖြည့်ရတာပေါ့။ ထိုင်းလိုတတ်တဲ့ ကလေးကျတော့ ထိုင်းလိုရေးပေါ့။ မရေးတတ်ရင် ပါးစပ်ကပြော၊ သူတို့ လိုက်ရေးပေးတယ်” ဟု သူက ပြောသည်။
လျှောက်ထားချိန်တွင် ထိုင်းဘတ်ငွေ ၂၀ နှင့် လက်မှတ်ထုတ်ယူချိန်တွင် ဘတ် ၆၀ ပေးဆောင်ရမည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လထဲတွင် ဘန်ကောက်နှင့် မဲဆောက်မြို့ရှိ ထိုင်းနိုင်ငံ ပညာရေးဌာန တာဝန်ရှိသူများက မဲဆောက်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများမှ ကျောင်းအုပ်များကို ခေါ်ယူ၍ ကလေးများ၏ တရားဝင် နေထိုင်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံသား ကလေးငယ်များကဲ့သို့ ဂဏန်း ၁၃ လုံး ပါရှိသည့် နေထိုင်ခွင့် အာမခံစာရွက်များ ထုတ်ပေးရန် သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ - BMWEC မှ ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက မဇ္ဈိမကို ပြောသည်။

“ကျမအနေနဲ့ပြောရရင် လက်မှတ်လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ Migrant (ရွှေ့ပြောင်း) ကလေးတွေရဲ့ ပညာရေး ရှေ့ရေး၊ အနာဂတ်အတွက် မျှော်လင့်ချက်ကို မှန်းပြီးတော့ လုပ်သင့်တယ်လို့ ပြောချင်တယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ လုံခြုံရေးအတွက် တရားဝင် နေထိုင်ခွင့် ပြုလုပ်သင့်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေကလည်း မဇ္ဈိမကို ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေသည် ၂ သန်းခန့်ရှိပြီး၊ ၎င်းတို့၏ သားသမီးများ ဦးရေမှာ ၂ သိန်းခန့်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းထားကြသည်။


(ကိုဝိုင်း တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

ကမ္ဘာတ၀ှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု (၂)

မန်ဇူး(ဘာသာပြန်သည်) Wednesday, November 25, 2009



 မိသားစုကိုအကောင်းဆုံးနည်းလမ်းဖြင့် ထောက် ပံ့ပေးနိုင်ဖို့အရေးနှင့် ဘဏ္ဍာရေး ဂယက်မထပဲ မူလရှိရင်းစွဲတည်ငြိမ်မှု အနေအထားတရပ်အ ဖြစ် ရှိနေဖို့ဆိုသည့် အကြောင်းခြင်းရာတွေသာ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိသွားသည့် ဖိလစ် ပိုင်လုပ်သားတွေရဲ့ အသိစိတ်ထဲမှာ ကိန်း အောင်းခိုဝပ် နေတယ်လို့ ဆိုရလိမ့်မယ်နဲ့တူ တယ်။ ကုန်လွန်ခဲ့သော ဆယ်စုနှစ်များကာလ အတွင်းတုန်းကတော့ ရွှေ့ပြောင်း လုပ်သားတွေ ဟာ နိုင်ငံခြားဒီဇိုင်းနာတွေရဲ့ အကောင်းဆုံး သော တံဆိပ်ပါရှိသည့် အ၀တ်အထည်ကို ဆင် မြန်းဝတ်ဆင်ပြီးသကာလ တိုင်းတပါးမှ ထုတ် လုပ်သော ကုန်စည်ပစ္စည်းတွေကို သေတ္တာကြီး အတွင်း ထည့်သယ်ဆောင်လာခြင်း၊ နိုင်ငံတွင်းချွတ်ခြုံကျ ဆင်းရဲမွဲတေမှုဆိုသည့် ကူးစက်ရောဂါကြောင့် မြောက်မြားစွာသော အ ဿပြာငွေကြေးကို လက်ဝယ်ပိုက်ကိုင်ဆောင်ပြီး မွေးရပ်ဌာနေကိုပြန် ရောက်လာတတ်ကြတယ်။


ရွှေ့ပြောင်းလုပ်သား (သို့) balikbayans (ရပ်ဝေးရောက် ဖိလစ်ပိုင်လူမျိုး) တွေ ဌာနေပြန်ရောက်လာတာနဲ့ အင်္ဂလန်၊ ကာတာ၊ အမေ ရိကန်၊ ဟောင်ကောင် (သို့) သြစတေးလျ အစရှိတဲ့တိုင်းတပါးရပ်ဝေး အတွေ့အကြုံတွေကို စီကာပတ်ကုံးပြီး မွေးရပ်မြေအခြေချ နေ ထိုင်သူတွေကို ရင်ဖွင့်ထုတ်ဖော်ပြောဆိုတော့ပါရော။ ဆွေမျိုးသားချင်းနဲ့ အိမ်နီးနားချင်းတွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုဓနအင်အားနှင့် လက်ရှိလူမှုအဆင့်အတန်းသရုပ်ပါ ပြောင်းလဲသွားသည့် နောက်ဆက်တွဲဖြစ်ရပ်တွေအပြင် ၀န်းကျင်သစ်အတွေ့အကြုံတွေနဲ့ ညှို့ယူ ဖမ်းစားသိမ်းသွင်းထားလိုက်ကြတယ်။ တိုင်းတပါးရပ်ခြားမှာ အလုပ်အကိုင်သွားရှာဖို့ရာအတွက် ရွှေ့ပြောင်းလုပ်သားအရေအတွက် နှုန်းထားတိုးမြှင့်လာရခြင်း နောက်ဆက်တွဲအကြောင်းတရားကို ရိုးရှင်းစွာပြောရရင်တော့ မိခင်ဌာနေပြန်လာ၊ လက်ဆောင်တွေသယ် လာ၊ ပြီးတော့ဖြစ်နိုင်ချေ လုပ်ဇာတ်လေးအနည်းအကျဉ်းခင်းပြ၊ ဒါဟာဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေရဲ့အစဉ်အလာထုံးတမ်းဓ လေ့လို့ပဲ ဆိုရမယ်နဲ့တူတယ်။



ညီရင်းအစ်ကို သားချင်းမောင်နှမ၊ တ၀မ်းကွဲဆွေမျိုးနဲ့ တူ၊ တူမတွေရဲ့အမြင်မှာတော့ သူတို့လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဓနငွေကြေး ပိုင်းဆိုင်ရာ အထိုက်အလျောက်အောင်မြင်မှုရဲ့ ဗဟိုချက်မဟာ တိုင်းတပါးရပ်ဝေးဆိုတဲ့ ကျဉ်းမြောင်းသည့်အယူအဆကြောင့် ဌာနေ ပြန်ရွှေ့ပြောင်းလုပ်သားတွေဟာ တကယ်တမ်းပြောဆိုရရင် ကမ္ဘာတ၀ှမ်းသို့ ရွှေ့ပြောင်းလုပ်သားဦးရေ ပျံ့နှံ့အောင် အဓိကလှုံ့ဆော် သူတွေဖြစ်နေတယ်။ ကျနော်တို့ တွေ့မြင်မိသလောက်တော့ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာအမြဲဆိုသလောက်နီးပါး ချွတ်ခြုံကျယို ယွင်းနေတော့ သူတို့ရဲ့ရွေးချယ်မှုတွေ မမှားဘူးလို့တောင်ဆိုရမယ်နဲ့တူတယ်။

အစဉ်အလာအလေ့အထ သဘောကိုယ်ထည်အရကို တိုင်းတပါးရပ်ဝေးသို့ ကျား/မ လူငယ်လူရွယ်အားလုံးရဲ့အတွေးစိတ်ကူးမှာ ရွှေ့ ပြောင်းလုပ်ကိုင်ဖို့ရာ တွန်းအားပေးသလိုဖြစ်နေသည့်အတွက်ကြောင့် လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်သူတွေအတွက် ပိုမိုအဆင် ပြေချော့မွေ့လွယ်ကူသွားစေတာပေါ့။ အစောပိုင်းကာလ ဖော်ပြချက်တွေမှာထည့်သွင်းပါရှိသည့်အဆိုအတိုင်း လုံလောက်သော ဓနငွေ ကြေးပြည့်စုံခြင်းအလျဉ်းမရှိရင် အဆင့်မြင့်ပညာဆက်လက်ဆည်းပူးနိုင်ဖို့ရာ အခွင့်အလမ်းအလွန်တရာမှကို ဝေးကွာလှသည့်အတွက် စုစည်းမှုအားလုံးရဲ့လားရာဆုံချက်ဟာ တိုင်းတပါးရပ်ခြားသို့ အလုပ်အကိုင်သွားရောက်ရှာဖွေလုပ်ကိုင်ရေးဆိုတာဖြစ်လာရတော့တာ ပဲ။

ကျေးလက်ဒေသနေ မိန်းကလေးတွေကို မြို့ကြီးပြကြီးမှာ (သို့) တိုင်းတပါးရပ်ခြားမှာ စားပွဲထိုးအလုပ် (သို့) စားသောက်ဆိုင်တွင်းဖျော် ဖြေသီဆိုရသည့်အလုပ် စသည့်အလုပ်အကိုင်အခွင့်အလမ်းတွေပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ် သူတွေဟာ ဒီအားနည်းချက်ကိုဆုတ်ကိုင်ပြီး မြှူဆွယ်သိမ်းသွင်းခြင်းအလုပ်ကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်တယ်။ အမျိုးသား တွေကို ကမ်းလှမ်းရာမှာတော့ စက်ရုံ (သို့) စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ကောင်းမွန်သည့်အလုပ်အကိုင်ရနိုင်ကြောင်း၊ မိသားစုကို ပြန်လည် ကြည့်ရှုစောင့်ရှောက်ဖို့ရာအတွက် လုံလောက်သည့် ငွေကြေးအတိုင်းအတာရရှိနိုင်ကြောင်း ကတိက၀တ်တွေပေးမြူဆွယ်ပြီး တကယ့်လက်တွေ့ဖြစ်ရပ်မှာတော့ အတင်းအကျပ်ဖိအားပေးခိုင်းစေ၍ ပြည့်တန်ဆာအဖြစ်သို့သွတ်သွင်းခြင်း၊ အိမ်တွင်းအမှုကိစ္စရပ် တွေကို ကျေးကျွန်သဖွယ်ပြုမူခိုင်းစေခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း (သို့) အခြားသောအလွဲသုံးစားခေါင်းပုံဖြတ်ခြင်း အစရှိသည့် ဆိုးရွားဖွယ်ဖြစ်ရပ်တွေသာ ရင်ဆိုင်ကြုံတွေ့ကြရတယ်။

နိုင်ငံတကာသို့ ရွှေ့ပြောင်းလုပ်သားပျံ့နှံ့ရခြင်း၏ အဓိကလက်သည်တရားခံဟာ ဆင်းရဲမွဲတေမှုဆိုသည့် ရင်းခံအကြောင်းတရားသာ လျင်ဖြစ်ပြီး ပညာရေနိမ့်ကျသည့် ကျား/မနှင့် လူငယ်လူရွယ်တွေဟာ တိုင်းတပါးရပ်ခြားသို့စွန့်စားသွားရောက် အသက်မွေးဝမ်း ကြောင်း ပြုလိုကြတာကလည်း သက်ဝင်ယုံကြည်လာခြင်းနှင့် အရပ်တပါးမှလွှဲပြောင်းသည့် ဓနအင်အားစုနှင့် ပြည်တော်ပြန်တွေရဲ့ လုပ်ကြံဖန်တီးထားသည့် လုပ်ဇာတ်တွေကိုကြားရဖန်များလာ၍ သက်ဝင်ယုံကြည်လာရခြင်းကြောင့်ဖြစ်တယ်။


စီးပွားရေးဆိုင်ရာ မပြေလည်မှုရင်းခံအကြောင်း တရား


၂၀၀၃ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ ပို့ကုန် ၂၀.၆% သွင်းကုန် ၁၉.၄%နှင့် ညီမျှသည့် အ မေရိကန်ဒေါ်လာ ၇.၆ ဘီလီယံဟာ တိုင်းတပါး ရပ်ဝေးမှ လွှဲပြောင်းပေးပို့သည့်အတွက် ဖိလစ် ပိုင်စီးပွားရေးရဲ့ အဓိက အခန်းကဏ္ဍနေရာမှာ တည်ရှိနေခြင်း၊ နိုင်ငံခြားငွေဖြင့် လွှဲပြောင်းပေး ပို့လာသည့်အတွက် ခွဲဝေသုံးစွဲမှုအပေါ်မူတည် ပြီး တိုင်းပြည်စီးပွားရေး သန်စွမ်းအားကောင်း လာနိုင်သလို ပြည်တွင်း အလုပ်အကိုင် အခွင့် အလမ်းနှင့် စက်ရုံ၊ အလုပ်ရုံတွေကိုလည်း တိုး မြှင့်တည်ဆောက်လာနိုင်သည့်အတွက် အခရာ ကျအရေးပါသည့်အပြင် လူမှောင် ခိုကုန်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းကိုလည်း တွန်းအားပေးနေသလိုဖြစ်လာတယ်။
လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု အမြစ်တွယ်ရစ်ကျန်နေရခြင်းက ဖိလစ်ပိုင်နိုင်ငံရဲ့ဆင်းရဲမွဲတေချွတ်ခြုံကျမှုနဲ့ များပြားကြီးမားလှ တဲ့လူအားလုံးရဲ့စိတ်ကူးအတွေးထဲမှာ တိုင်းတပါးရပ်ခြားသွားရောက်လုပ်ကိုင်ရင်ဖြင့် နိုင်ငံခြားငွေရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဌာ နေပြန် ရွှေ့ပြောင်းလုပ်သားတွေ သယ်ဆောင်လာတဲ့ များပြားလှသည့်ဓနငွေကြေးဟာ တိုင်းပြည်တွင်းတစုံတရာသော ဖွံ့ဖြိုးမှုကိုအ ထောက်အကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ ဆင်းရဲမှုနှုန်းထား လျော့ပါးသွားခြင်းအစရှိသည့် လစ်ဟာမှုကွက်လပ်ကိုဖြည့်ဆည်းပေးနိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ လူမှောင်ခိုကုန်ကူးသူတွေ တစ ခန်းထ အမြစ်တွယ်လာခြင်းဖြစ်တယ်။ တကယ်လို့များ လွှဲပြောင်းပေးပို့ငွေတွေကြောင့်သာ ဒေသတွင်းစီးပွားရေတိုးတက်မြင့်မားလာ အောင်စွမ်းဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်းနှင့် လုပ်အားခတွေမြင့်တက်ပေးနိုင်ပြီဆိုမှရင်ဖြင့် ဖိလစ်ပိုင်နိုင်ငံ ရဲ့ နယ်စပ်မျဉ်းတလျှောက် ယနေ့ခေတ်ခါသမယ ကျေးကျွန်ကုန်ကူးသန်းရောင်းဝယ်မှု လမ်းကြောင်းကိုအမြစ်ဖြတ်နိုင်ဖို့ရာ အားထုတ် ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်တယ်။


လက်ရှိကာလ အနေအထားတရပ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်မှုကို အောက်ခြေကနေ အမြစ်ဖြတ်ရှင်းလင်းဖို့ရာ ကြိုးစားအား ထုတ်နေကြလေရဲ့။ ပမာအနေနဲ့ပြရမယ်ဆိုရင်တော့ ကျေးကျွန်ဘ၀သားရဲတွင်းဆင်းသက်ခဲ့ရသူတွေကို အစိုးရစီမံချက်တွေဖြင့် ကယ် ဆယ်ခြင်း (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့ထောက်ပံ့အကူညီပေးမှုဖြင့် ယာယီစတည်းချနားခိုဖို့ရာအတွက် စီစဉ်ဆောင် ရွက်ပေးခြင်းနှင့် တိုင်ပင်နှီးနှောအကြံဥာဏ်ပေးဆွေးနွေးမှုတွေပြုလုပ်ခြင်း (သို့) တရားဥပဒေထုံးတမ်းအစဉ်အလာအတိုင်း လူမှောင်ခို ကုန်ကူးသူတွေကို စီရင်ဆုံးဖြတ်ဖို့ကိုဆိုလိုခြင်းဖြစ်တယ်။ သားကောင်ဘ၀ သက်ဆင်းကျရောက်သူတွေကို ပြန်လည်ထူထောင်ဖို့ရာအ တွက် ကမ်းလှမ်းကြိုဆိုခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်ဖို့ရာအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ခြင်းဖြင့် ဒီတုန့် ပြန် လုပ်ဆောင်ချက်တွေကို ဆန်းစစ်အကဲဖြတ်ရမှာဖြစ်တယ်။ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်ရာဝယ် ဘက်ပေါင်း စုံမှ ချဉ်းကပ်ဖြေရှင်းအဖြေရှာရမှာဖြစ်တယ်။ ပြဿနာရပ်မှုခင်းမပေါ်ပေါက်ခင်ကတည်းက လူကုန်ကူးသန်းရောင်းဝယ်မှုနှင့် သက်ဆိုင် သည့် ဖြစ်နိုင်ချေလှုပ်ရှားပြုမူဆောင်ရွက်ချက်တွေကို ရှင်းလင်းတင်ပြပြောဆိုထားရမှာဖြစ်တယ်။

ကြိုတင်ကာကွယ်ရေးနှင့် သက်ဆိုင်သည့်စီမံချက်တွေမှာဖြင့် များစွာလှသောလူဦးရေထုကြီးကို လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု အန္တရာယ်နှင့် ဆက်နွယ်သည့်သတင်းအချက်အလက်တွေ ပြည့်စုံလုံလောက်စွာဖြင့် ရှင်းလင်းတင်ပြထားနိုင်မှသာလျင် တန်ပြန်ကူညီ နိုင်မှာဖြစ်သော်ငြား ချွတ်ခြုံကျနေသည့်စီးပွားရေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ရွှေ့ပြောင်းလုပ်သားတွေကို ဖျောင်းဖျနားချ ခြင်းငှာတော့ မစွမ်းသာဘူးလို့ဆိုရမှာပဲ။ ဒီအန္တရာယ်စက်ကွင်းထဲကျရောက်ခဲ့သည့် အမျိုးသား၊ အမျိုးသမီးတွေအနေဖြင့် အလေးထား ဂရုစိုက်တယ်ဆိုရင်တောင်မှ သူတို့ရဲ့မိသားစုကို ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီဖို့ရာလိုအပ်သည့်အတွက် သဘောထားပြောင်းလဲဖို့ ကတော့ မလွယ်ဘူးလို့ဆိုရမှာပဲ။ ကောင်းမွန်ပြည့်စုံတဲ့ ဘ၀တွေမှာရှင်သန်ရပ်တည်ချင်တဲ့ သူတို့ရဲ့စိတ်ကူးကိုပြောင်းလဲခြင်းငှာ မစွမ်း ဆောင်နိုင်ဘူး။ ကြိုတင်ကာကွယ်ဖို့ရာအတွက် သတင်းအချက်အလက်တွေထက်စာရင် မရှိမဖြစ်လိုအပ်ချက်က ကျနော်တို့ ဘ၀အ တွက် ပိုအရေးပါတယ်လို့ ဆိုရမှာပဲ။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP