ထိုင်းနိုင်ငံ မဲဆောက်ရှိ မြန်မာအလုပ်သမားများ ထွက်ပြေး တိမ်းရှောင်နေရ
ညီညီ။ မေ ၁၁ရက်၊ ၂၀၁၀
ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာရွှေပြောင်းအလုပ်သမားများဟာ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊
အချို့မှာ လယ်ကွင်းများကို ဖြတ်ပြေးခဲ့ကြရသလို အချို့ကလည်း တောတောင်ထဲထဲမှာ ချုအောင်းနေကြရကြောင်း၊ အချို့ကတော့ မြန်မာပြည်ဘက်ခြမ်း မြဝတီမြီု့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရပါတယ်။
ထိုသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းမှာ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့အနေနဲ့ စီမံချက်နဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေတဲ့အတွက်ဖြစ်ကြောင်း မြန်မာအလုပ်သမား သွေးစည်းညီညွတ်ရေးဖွဲ့မှ ကိုသံဒုတ်က ယမနေ့မြန်မာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မဲဆောက်ရှိ အလုပ်သမားများရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုသံဒုတ်က “ဒီနေ့လည်း တနေကုန် ပုန်းကြ ရှောင်ကြ ပြေးကြ လွှားကြပေါ့ခင်ဗျာ။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တတည်းက စဖြစ်နေတာ။ ကျွန်တော်တို့ ပိုက်ဆံကွင်းလို့ ခေါ်တာပေါ့ဗျာ။
အိုမီဂါစက်ရုံတို့၊ နွားခြံဘက်တို့မှာ ဖမ်းသွားတယ်လို့ ပြောတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က။ ထို့အထူပဲ စက်ရုံတော်တော်များများကို ထိုင်းအာဏာပိုင်တွေကနေပြီး အလုပ်သမားလက်မှတ် မရှိတဲ့သူတွေကို လက်မခံဘို့၊ စက်ရုံအကြီးတွေ၊ စက်ရုံအကြီးရော အသေးရော အလုပ်သမားလက်မှတ် မရှိတဲ့သူအားလုံး ရှောင်ရတိမ်းရပုန်းကြရတော့တာပေါ့” လို့ မေလ ၁၀ ရက်နေ့ညပိုင်းက ပြောပြပါတယ်။
ထိုသို့ ရှောင်တိမ်းနေကြရသူများမှာ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာ နေရာများ၊ လယ်ကွင်းများအတွင်း အဆင်သင့်သလို နေထိုင်နေကြရတယ်လို့ မဲဆောက် ရွှေ့ပြောင်းအလုပ်သမားများ၊ သတင်းရပ်ကွက်က ပြောပြပါတယ်။ မေလ ၁၀ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ပုံနဲ့ ပတ်သက်ပြီး ကိုသံဒုတ်က “ဒီနေ့ဆိုရင် ကျွန်တော်တို့ရုံနားက ချစ်ထွန်းစက်ရုံ ခေါ်တာပေါ့။ နေ့ခင်း အလုပ်လုပ်နေရင်း တန်းလန်းနဲ့ မနက် ၁၀ နာရီလောက်ကို သတင်းဝင်လာတယ်၊ အလုပ်သမားလက်မှတ် မရှိတဲ့သူတွေ စက်ရုံက ချက်ခြင်း ပုန်းကြရတော့တာပေါ့။ တခု ပြဿနာက ဒီ အလုပ်သမားတွေက စက်ရုံမှာပဲ နေ၊ စက်ရုံမှာပဲ ထမင်းစား၊ စက်ရုံမှာပဲ အလုပ်လုပ်၊ စက်ရုံမှာပဲ ရေချိုးဆိုတော့ ချက်ခြင်း ပုန်းရှောင်ရမယ်ဆိုတော့ အရမ်းကို ဒုက္ခရောက်တော့တာ။ ဒီနှစ်က အရမ်း ရာသီဥတုက ပူတယ်လေ။ အရမ်းပူတော့ ပိုပြီး ဒုက္ခရောက်ကြရတော့တာပေါ့ဗျာ” ရှင်ပြပါတယ်။
မဲဆောက်ရောက် မြန်မာအလုပ်သမားများရဲ့ ဘဝနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း “ရွှေ့ပြောင်းအလုပ်သမားများရဲ့ ပြဿနာဟာ ဂျာအေး သူ့အမေရိုက်သလို ဖြစ်နေကြောင်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဥပဒေက တမျိုး၊ မြန်မာစစ်အစိုးရ ဥပဒေကတမျိုး၊ ဒေသဆိုင်ရာအာဏာပိုင်တွေ့ရဲ့ အာဏာက တမျိုး ဖြစ်နေတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ဘဝဟာ လုပ်အား ခေါင်းပုံဖြတ်ခံကြရတဲ့အပြင် လုံခြုံရေအရလည်း ကင်းမဲ့နေကြောင်း၊ မြန်မာပြည်ရဲ့ အခြေအနေလည်း ဆိုးရွားနေတဲ့အတွက် အလုပ်သမားများဟာ ဒီ အခြေအနေမှာ လုပ်ကိုင်စားသောက်ရုံအပြင် အခြား ရွေးချယ်စရာလမ်း မရှိကြကြောင်း” ပြောပြပါတယ်။
ထိုင်းနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများက လာရောက်နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းဂဏန်းနဲ့ ရှိပါတယ်။ ထိုသို့ လုပ်ကိုင်နေကြသူများအနေနဲ့ မှတ်ပုံတင်ဖို့၊ မြန်မာနိုင်ငံသားများဆိုရင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ နှစ်နိုင်ငံအစိုးရများက တိုက်တွန်းထားခဲ့ကြပါတယ်။ အဲ့ဒီလို ဆောင်ရွက်ပေးမယ့်လည်း ထိုက်သင့်သလောက် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ ထိုနော် လွန်ခဲ့တဲ့တလခန့်က မှတ်ပုံတင်ခြင်း မပြုတဲ့ အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ့်အကြောင်း ထိုင်း အာဏာပိုင်တွေက ကြေညာခဲ့တယ်လို့ မဲဆောက် အလုပ်သမားများ သတင်းရပ်ကွက်က ပြောပါတယ်။
ကိုသံဒုတ်ကတော့ “ကမ္ဘာ့စီးပွားပျက်ကပ်က တိုက်ရိုက်ထိတယ် ဗျ။ အလုပ်သမားတွေက တစ်အချက် လုပ်အားခ ကျလာတယ်၊ အလုပ်ချိန်တွေ ပိုလာရတယ်။ နှစ်အချက် အလုပ်ချိန်က ပုံမှန်မရှိဘူးဗျ။ တချို့စက်ရုံကြီးတွေ ပိတ်ရတယ်။ အဲ့ဒီတော့ ပိုလျှံတဲ့အလုပ်သမားတွေ ပြန်ပို့ချင်တာနဲ့ အလုပ်သမားလက်မှတ် မရှိသူတွေ၊ အလုပ်သမားလက်မှတ်တင် မဟုတ်ဘဲနဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်မလုပ်တဲ့သူတွေကို ပြန်ပို့မယ်ဆိုပြီး စစ်ဆင်ရေးသဘောနဲ့ လုပ်တယ်နဲ့ထင်တယ်။ အခွန်လည်း ရချင်ပုံ ရပါတယ်။ အလုပ်သမားတယောက်ကို ဘတ် ၃၈၀၀ ဆိုရင် အလုပ်သမားတွေက တသန်းကျော်ရှိတော့ ဘီလျံနဲ့ချီ ရတာ။ မြန်မာအလုပ်သမားကတော့ ကြံဖက်လိုပါပဲ ဗျာ။ ဗမာပြည်ဘက်ကလည်း စုတ်လိုက်တော့ ဘယ်လိုမှ မခံနိုင်လို့ ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ရောက်တော့ ထိုင်း အရင်းရှင်ရော အစိုးရ စည်းမျည်းစည်းကမ်း ကြိုးနီစနစ်က ဝိုင်း စုတ်လိုက်တော့ ဘာမှ မကျန်တော့ဘူး။ စုတ်ပြတ်နေတော့တာပဲ” လို့ ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

0 comments:
ကက က်က Post a Comment