အီလက်ထရွန်းနစ် ပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံနေရ
Thursday, 23 July 2009 09:21 |
အီလက်ထရွန်းနစ် ပစ္စည်းများထုတ်လုပ်သော စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား မြောက်များစွာအား အကြောင်းပြချက်မရှိပဲ မန်နေဂျာမှ အလုပ်ထုတ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်၊ ခေါင်ရွက်၊ ဝတ်နံစုန်း ဘေးတွင်တည်ရှိသော လုံငန်စီထုန်း(ခေါ်) အီလက်ထရွန်းနစ် ပစ္စည်းများထုတ်လုပ်သည့် စက်ရုံတွင် ယခင်က မြန်မာအလုပ်သမား(၁ဝဝဝ)ကျော် ရှိခဲ့သော်လည်း ယခုအခါ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ အလုပ်ထုတ်နေသောကြောင့် အလုပ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ စီဒီခွေ၊ တီဗွီအောက်စက်၊ စလောင်းများနှင့် ကွန်ပျူတာသုံး ကီးဘုတ်များ၊ လက်နှိပ်စက်များ ထုတ်လုပ်သည့် အဆိုပါစက်ရုံတွင် ၃နှစ်ကျော် အလုပ်လုပ်ခဲ့ရာမှ ပြီးခဲ့သည့် နှစ်ရက်က အလုပ်ထုတ်ခံခဲ့ရသော အရီက “ကျမတို့အားလုံးမှာ ဘတ်(အလုပ်သမားလက်မှတ်)ရှိပါတယ်။ အရင်တုန်းက တော်တော်အလုပ်ကောင်းတဲ့ စက်ရုံပါ။ တစ်နေ့ကို (၂ဝ၃)ဘတ် ရပါတယ်။ အချိန်ပိုဆိုလည်း (၃၈)ဘတ်ရပါတယ်။ အခုဟာက ဘာမပြော ညာမပြောနဲ့ နှစ်ရက်တစ်ခါ ၊ သုံးရက်တစ်ခါ အလုပ်ထုတ်နေတယ်။ အခုလူ(၂ဝဝ) ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဆွေမျိုးရှိတဲ့လူတွေ၊ အဆက်အသွယ်ရှိတဲ့ လူတွေတော့ ပြောင်းကုန်ကြပြီ။ ကျမတို့က ဘယ်သွားလို့ ဘယ်လာရမလဲ မသိဘူး။ အလုပ်မပြုတ်ခင် (၅)ရက် နားခိုင်းတယ်။ အခုပြန်ဆင်းတော့ အလုပ်ဖြုတ်လိုက်တယ်”ဟု ပြောပြသည်။ တစ်ကြိမ်အလုပ်ထုတ်လျှင် အလုပ်သမား (၅ဝ)မှ (၁ဝဝ)ခန့်အထိ ရှိပြီး တခါတရံ(၂ဝဝ) အထိ ထုတ်ပစ်လေ့ရှိသည်။ အလုပ်ထုတ်ခံရပြီး အခြားနေရာများသို့ မသွားတတ် မလာတတ် ဖြစ်နေသော ကလေးမိခင်များနှင့် မိသားစုများရှိသည်ဟုလည်း သိရသည်။ ကလေးမိခင်တစ်ဦးဖြစ်သူ မတင်မော်ဦးက “ကျမတို့ အရင် ဘတ်လုပ်ခဆိုပြီး (၁၅)ရက် တစ်ဝိ (တစ်ပတ်)ကို ဘတ်ငွေ(၅ဝဝ)နဲ့ ပုလိပ်ကြေးဆိုပြီး(၅ဝဝ) ဘတ် ဖြတ်ထားပါတယ်။ ထမင်းကျွေးခဆိုပြီး တစ်ပတ်ကို ဘတ်(၇ဝ)ဖြတ်ပါတယ်။ ထွက်သွားတဲ့ လူတွေဆီက ဖြတ်ထားတဲ့ ငွေတွေကိုလည်း ပြန်မပေးဘူး။ အခုကျမတို့ ထမင်းမစားရဘူး။ မာမား(ခေါက်ဆွဲခြောက်)ကိုပဲ စားနေရတယ်။ လမ်းဘေးက ကန်စွန်းရွက်တွေ ခူးချက်စားလို့ ကုန်ပြီ၊ ဆွေမျိုးရှိတဲ့ လူတွေကတော့ ပိုက်ဆံနည်းနည်းပါးပါးမှာပြီး စားနေကြတယ်”ဟု ပြောသည်။ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုကြောင့် ပြည်ပရောက် မြန်မာများမှာ အလုပ်အကိုင် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အလုပ်လက်မဲ့ ပြဿနာများနှင့်လည်း ရင်ဆိုင်နေကြရသည်။ |
0 comments:
ကက က်က Post a Comment