Wednesday, 18 November 2009

ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာစစ်တမ်း ထိုင်းအလုပ်သမားဝန်ကြီးထံ ပေးပို့

Thursday, 12 November 2009 19:13 ဘစောတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသော ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ အခက်အခဲများ အတွက် အကြံပြုစာနှင့် စစ်တမ်း ကောက်ချက် တစောင်ကို ယမန်နေ့က ထိုင်းအလုပ်သမား ၀န်ကြီးထံသို့ Migrant Working Group ကပေးပို့ ခဲ့ကြကြောင်း သတင်းရရှိသည်။မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေသော ထိုင်း NGO များနှင့် မြန်မာအလုပ်သမားအဖွဲ့ များ ပူးပေါင်း ဖွဲ့စည်းထားသော Migrant Working Group က အချိန် ၂ လ ယူ၍ ထိုင်းနိုင်ငံအတွင်းမှ အဓိကကျသော ဒေသ ၈ ခုတွင် မြန်မာအလုပ်သမားများ၏ သဘောထားကို စစ်တမ်းများကောက်ယူခဲ့ကြပြီး ယခုကဲ့သို့ ထိုင်း အလုပ်သမား ၀န်ကြီးထံသို့  ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းကောက်ရာတွင် ပါဝင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

“ကျနော်တို့ အလုပ်သမားတွေရဲ့ စိုးရိမ်စိတ်တွေကို အလေးအနက်ထား စစ်တမ်းကောက်ပြီး ထိုင်းအစိုးရကို တင်ပြတာဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အားလုံးပူပန်နေရတဲ့ သောကတွေ ပျောက်ကွယ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။ယင်း စစ်တမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်၊ ဖူးကက်၊ ရနောင်း၊ ဖန်င၊ စူရဌာနီ စသည့် ဒေသ ၈ ခုရှိ မြန်မာအလုပ်သမား ၃၀၀ ၀န်းကျင်ကို မေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်။ စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူးလက်မှတ် လုပ်လိုသော ဆန္ဒမရှိကြောင်း ဖော်ပြကြပြီး ၂၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်၍ မည်သည့်ဗဟုသုတမျှ မရှိသေးကြောင်း ဖော်ပြ သည်ကို တွေ့ ရသည်။ ကျန် ၂၀ရာခိုင်နှုန်းကမူ မလွှဲသာလျှင်လုပ်မည်ဟု ဆိုသည်၊ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ MoU အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယာယီ နိုင်ငံကူးလက်မှတ်အတွက် ထိုင်းဘက်မှ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီ ၃ ခုသည် မြန်မာပွဲစား များ၊ စက်ရုံအလုပ်ရုံများမှ မန်နေဂျာများနှင့် ပူးပေါင်းကာ အမှန်တကယ်ကုန်ကျမည့် စရိတ် ဘတ် ၃၀၀၀ ထက် ပိုမိုတောင်းခံနေကြသည်ကိုတွေ့ ရသည်၊ တောင်းခံငွေမှာ တနေရာနှင့် တနေရာမတူဘဲ ကွဲပြား လျက်ရှိသည်။ တချို့ဒေသများတွင် ဘတ်ငွေ ၇၂၀၀ ပေးရပြီး မဟာချိုင်ကဲ့သို့  မြန်မာ အလုပ်သမား ၅ သိန်းအထက်ရှိသော အရပ်များတွင် ၁၅၀၀၀ အထိ တောင်းနေကြောင်းသိရသည်။ မြန်မာအလုပ်သမားများအနေဖြင့် အဆိုပါ ကုန်ကျစရိတ်များကိုလည်း တိတိ ကျကျ သိလိုကြောင်း မဟာချိုင်ရှိ President မီးခံသေတ္တာ စက်ရုံမှ ကိုစိုးရွှေကဆိုသည်။“ကျနော်တို့အနေနဲ့ ပတ်စ်ပို့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုဆိုးကျိုး ကောင်းကျိုးဖြစ်မယ်ဆိုတာကို ရှင်းလင်းလင်းလည်း သိချင်ပါတယ်။ နောက်တခုက ဒီပတ်စ်ပို့ လုပ်ပြီးရင် ဘယ်လိုမျိုး အာမခံချက် ရှိသလဲပေါ့၊ ဆိုပါတော့ ရွာက မိဘတွေကို ငွေညှစ်မညှစ် ဆိုတာမျိုးပါ” ဟု သူက ပြောဆိုသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည်။အထက်ပါ စစ်တမ်းတွင် ထိုင်းအစိုးရထံသို့ Migrant Working Group က ဆက်လက်အကြံပြုရာတွင် “ယခုဆောင်ရွက်နေသော အစီအစဉ်များသည် အလုပ်သမားများ၏ ဆန္ဒသဘောထားမပါဘဲ အစိုးရများ၏ သဘောထားများအတိုင်း ဆောင်ရွက်နေသောကြောင့် အောင်မြင်ရန် မလွယ်ကူဟု” ပါရှိသည်။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော လာအိုနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများလည်း ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြကြောင်း သိရသည်။ လာအိုနှင့် ကမ္ဘောဒီးယားတို့ကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးစဉ်က သက်ဆိုင်ရာနိုင်ငံများမှ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများ ကိုယ်တိုင်လာရောက်ပြီး မိမိနိုင်ငံသားဖြစ်ကြောင်းကို လူတွေ့ စစ်ဆေးကာ အတည်ပြုပေးခဲ့ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံသားများကိုမူ မှတ်ပုံတင် သန်းခေါင်စာရင်း အမှန်များ တင်ပြနိုင်မှသာ ထုတ်ပေးမည်ဟု ဆိုသည်။ အလုပ်သမားလက်မှတ်ပြုလုပ်ထားသူ အများစုတွင် မှတ်ပုံတင် သန်းခေါင်စာရင်းမရှိသူ များစွာပါဝင် နေသည်။ ထိုင်းအလုပ်သမား ၀န်ကြီးဌာနသို့ ကိုယ်တိုင်သွားရောက်ကာ စာပေးပို့ ခဲ့သူ Action Network For Migrant (ANM) မှ စေ့စပ်ညှိနှိုင်းရေးမှူး Bundit Panwiset ကလည်း “အခက်ခဲဆုံး အပိုင်းကတော့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုရေးကိစ္စကို နယ်စပ်မြို့တွေမှာပဲ လုပ်ပေးပြီး အလုပ်သမား များများ စားစား ရှိတဲ့အရပ်မှာ မလုပ်ပေးတဲ့ အချက်ပါ။ ပြီးတော့ မြန်မာအလုပ်သမား အများစုက ကိုယ်ရေးအချက်အလက်တွေကို ကြောက်လန့်ပြီး အမှန်မပေးတာကြောင့်လည်း ခက်ခဲပါတယ်” ဟု ဆိုသည်။၎င်းတို့ပေးပို့သော စာကို ထိုင်း အလုပ်သမား ၀န်ကြီး၏ အကြံပေးအရာရှိက လက်ခံရယူခဲ့ပြီး လာမည့် အစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် တင်ပြမည်ဟုသိရသည်။ ထိုင်း အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး အလုပ်သမားများ၏ အရေးကို အဆင်ပြေချောမွေ့စေရန် ကြိုးစားသွားမည်ဟု အဆိုပါ အရာရှိက ပြန်လည်ပြောဆိုခဲ့ကြောင်း Bundit Panwiset က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းကလည်း “အခု ရရှိထားတဲ့ စစ်တမ်းကို ကျနော့်အနေနဲ့ အလေးအနက် ထောက်ခံ ပါတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲနဲ့ အလုပ်သမားအရေးကို အတင်း အဓမ္မဆောင်ရွက်ရင် အောင်မြင်စရာ မရှိပါဘူး” ဟု ဆိုသည်။ ဆက်လက်၍ ၎င်းက ယခု ယာယီပတ်စ်ပို့ ကိစ္စသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော် လည်း အလုပ်သမားများဘက်က ကြုံတွေ့ နေရသည့် အခက်အခဲ၊ အန္တရာယ်များကို ထည့်မစဉ်စားလျှင် ကောင်းကျိုးထက် ဆိုးကျိုးသာ များလာနိုင်ကြောင်း၊ ယခုစစ်တမ်းနှင့် အလုပ်သမားအဖွဲ့ များ၏ တင်ပြချက်များကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အလေးအနက် ထည့်သွင်းစဉ်းစား ပေးစေချင်ကြောင်း ပြောကြားသည်။ယခုအခါ အလုပ်သမားလက်မှတ် ပြုလုပ်ထားသော မြန်မာ ၁ သန်းကျော်အနက် ၂၀၀၀ ကျော်သာ ပြီးစီးသေးသောကြောင့် ၂၀၁၀ ပြည့်နှစ် ဖေဖ၀ါရီလ ၂၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် သန်းနှင့် ချီသော အလုပ်သမားများ၏ အရေးကို ထိုင်းအစိုးရက မည်သို့ ဆက်လက်ကိုင်တွယ်သွားမည်ဆိုသည်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းကြောင်း၊ မြ၀တီ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် တနေ့လျှင် လူ ၂၀၀ နှုန်းခန့်သာ ပြုလုပ်ပေးလျှက် ရှိသောကြောင့် လူ တသန်းကို လာမည့် ရက်ပေါင်း တရာကျော်အတွင်း ပြီးစီးရန် ဆောင်ရွက်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားအဖွဲ့ များက ထောက်ပြ ကြသည်။၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ပေးခဲ့သော ယာယီ နိုင်ငံကူးလက်မှတ်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားကြားတွင် စစ်အစိုးရ၏ ဖမ်းဆီးမှုခံရမည်ကို စိုးရိမ်မှုများ၊ နိုင်ငံတွင်း ကျန်ခဲ့သည့် မိဘများ ထံမှ ငွေညှစ်မည်ကို စိုးရိမ်မှုများ ကြီးထွားကာ ကြီးမားသောပြဿနာတရပ်အဖြစ် ဖြစ်ပေါ်နေသည်မှာ ၄ လခန့် ရှိပြီဖြစ်သည်။

အပြည့်အစုံသို့ >>

မြန်မာ အလုပ်သမား တစ်ထောင်ကျော် Summit Foot Ware ဖိနပ်စက်ရုံဆန္ဒပြခဲ့စဉ်က


အောက်တိုဘာ၊ ၁၂၊ ၂၀၀၉ မြန်မာအလုပ်သမားတွေက အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်မှုကို မကျေနပ်ခဲ့တာ နှစ်နဲ့ချီနေပါပြီး။ သူ့တို့တွေဆိုတာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ရှိတဲ့ စမှုပါကန်ပါနန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေပါ။ အတိအကျပြောရရင်တော့ ထနွန် ဘန်နဝါ၊ ကော်မော်စီ ၆ မှာရှိတဲ့ Summit Foot Ware ဖိနပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါ။

သူတို့တွေရဲ့ ပေါက်ကွဲမှုကို ပီပီပြင်ပြင် ပေါ်ထွက်လာစေတာက သူတို့ လုပ်အားခ ထုတ်တဲ့ အောက်တိုဘာလမှာပါ။ လူတိုင်းလူတိုင်း အလုပ်အားငွေတွေ အနည်းနဲ့ အများဆိုသလို လျှော့ချခံလိုက်ရတာပါပဲ။ နဂိုကထဲက အစိုးရက သတ်မှတ်ထားတဲ့ လုပ်အားခငွေ ….. ကို မရပဲ လုပ်နေခဲ့ရတဲ့ အပြင် ၊ အခု ထပ်ပြီးတော့ လုပ်အားခ လျှော့ချခံလိုက်ရတော့ ….
အဲဒီနေ့မှာတင် အလုပ်သမားတွေဟာ တောက်တခေါက်ခေါက်နဲ့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ ပေါက်ကွဲနေပါလေရော။ သိပ်မကြာပါဘူး။ သူတို့တွေ စုစည်းမိသွားတယ်။ အဲ.. အောက်တိုဘာ ၃ ရက်နေ့မှာ သူတို့တွေဟာ အလုပ်မဆင်းတော့ပဲ အလုပ်ရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြပါလေရော။ စက်ရုံမှာ အလုပ်သမား နှစ်ထောင်နှီးပါ အလုပ်လုပ်နေကြပေမယ့် မြန်မာအလုပ်သမား တစ်ထောင်ကျော်ရှိနေတာ… အဲဒီ အလုပ်သမား တစ်ထောင်ကျော်နီးပါးလုံးက ဆန္ဒပြကြတာ…
မြန်မာအလုပ်သမားတွေက ဆန္ဒပြရကောင်းမလာဆိုပြီး ထိုင်းရဲတွေကို ခေါ်လာပြီး အလုပ်မဆင်းရင် ဖမ်းခိုင်းမယ်..ပြန်ပို့မယ်.. ဘာညာဆိုပြီး ခြိမ်းခြောက်ကြတာ.. ကြောက်ကြတဲ့ အလုပ်သမား အနည်းစုကတော့ သူတို့လာခေါ်တဲ့ ကားနဲ့ အလုပ်သွားဆင်းကြတာပေါ့….
ဒီမှာတင် ဘန်ကောက်ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကို အလုပ်သမားတွေက ဖုန်းဆက်ပြီး အကူအညီ တောင်းကြတယ်။ ဘန်ကောက်ရောင်ခြည်ဦး ဌာနခွဲက ကိုအောင်မြင့်သိန်းတို့၊ tacdb က ထိုင်းရှေ့နေ နှစ်ယောက်နဲ့အတူ ရောက်လာပြီး အလုပ်သမားတွေနဲ့ အရင်ဆွေနွေတိုင်ပင်ပြီး …. အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်) ကို သွားတိုင်ကြပါတယ်။
ဒီအချိန်မှာပဲ အလုပ်သမားတွေထဲက ဦးဆောင်ဆန္ဒပြတဲ့ အလုပ်သမာ ခေါင်းဆောင် (၅) ယောက်ကို အလုပ်ရုံးမန်နေဂျာနဲ့ အဲဒီအလုပ်ရုံးက မြန်မာပွဲစား က ထိုင်းရဲတွေနဲ့ လိုက်ဖမ်းခိုင်းလို လိုက်ပုန်းနေရပါတယ်။
အောက်တိုဘာ ၅ ရက် နေ့ကျတော့ အလုပ်သမားကာကွယ်ရေးရုံးက လူကြီးတွေ ၊ ထိုင်းရှေ့နေတွေက အလုပ်ရုံးကို ရောက်လာပါလေရော။ ဒီမှာတင် အလုပ်ရှင်ဘက်က လူတွေနဲ့အလုပ်သမားတွေကို အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်)က လူကြီးတွေ၊ ထိုင်းရှေ့နေတွေ ရှေ့မှာတင် ဆွေးနွေးကြပါတယ်။
ဆန္ဒပြအလုပ်သမားများက၁။ လုပ်ခလစာ အပြည်အ၀ရရှိရေး၂။နေထိုင်မကောင်းလျှင် ကျန်မာရေးခွင့် အပြည်အ၀ရရှိရေး ။၃။ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်စေလျှင် လုပ်အားခ နှစ်ဆရရှိရေး၊၄။အလုပ်သမားသစ်များ အလုပ်ဝင်လျှင် အလုပ်ရုံပွဲစားမှ တစ်ဆင့် အခကြေးငွေ ပေးဆောင်ပြီး မ၀င်ရောက်ရရေး၅။အလုပ်သမားတိုက်တန်လျာတွင် နေထိုင်သော အလုပ်သမားများအား အခန်းခ၊ ရေခ၊ မီးခ၊ သန်းရှင်းရေခ၊ တယ်လီဖုန်းခ၊ ubc ရုပ်သံလိုင်းခ များလျော်ချပေးရန် စသည် အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြတာ။
အလုပ်ရှင်ကတော့  ပထမ အချက် ၃ ချက်ကိုသာ လိုက်လျှော်နိုင်မယ်လို ပြောပါ လေရော.. ကျန်တဲ့ နှစ်ချက်ကိုတော့ ညှိုနှိုင်းပေမယ့်ပေါ့။ အဲဒါနဲ့တင် အလုပ်သမားတွေ လည်း သူတို့ပြောတဲ့ကိုစကားကို သဘောတူ လိုက်ကြတာပေါ့။ ပြီးတော့ အဲဒီ ဘဘောတူ ညီချက် ကို လိုက်နာပါမယ့် ဆိုတဲ့ အကြောင်း အားလုံးရှေ့မှာ လက်မှတ်ထိုးခဲ့တာ.. .
ဆန္ဒပြကြတဲ့ အလုပ်သမားတွေလည်း သူတို့တောင်းဆိုချက်တွေ အောင်မြင်တော့ လက်ပန်မောင်းခပ်ပြီး ပျော်ရွှင်ကြတာပေါ့.. ။ဟုတ်တယ်လေ. . သူ့တို့ပျော်မှာပေါ့။ သူတို့ မတိုင်ခင်တုန်က ဒီအလုပ်ရှင်ကိုပဲ ထိုင်းအလုပ်သမားတွေက ၇ ကြိမ်းဆန္ဒပြပြီး တောင်ဆိုဖူးခဲ့တာ… ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့အလှည်ကျမှ အောင်မြင်ခဲ့တာ။
သူတို့ရဲ့ ပျော်ရွှင်မှုက သိပ်မကြာပါဘူး။ အလုပ်ရှင်ဘက်က မန်နေဂျာနဲ့ အသားထဲ က လောက်ထွက်တဲ့ ပွဲစားက ပုံစံပြလာပါလေရော..။ ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင် ခဲ့တဲ့ အလုပ်သမားတွေ၊ သူတို့ အမြင်မကြည်တော့တဲ့ အလုပ်သမားတွေကို အိုတီ (အိုဗာတိုင်) မပေးတော့တာတွေ ၊ အလုပ်သမားတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ ကို ပြောင်းရွှေ့လုပ်ခိုင်းပါလေရော… သူတို့ဘက်ပါလာတဲ့ အလုပ်သမားတွေကိုတော့ တစ်မျိုးပေါ့.. အလုပ်သမားတွေကို အုပ်စု နှစ်စုခွဲလိုက်တဲ သဘောပါ။
အလုပ်ရှင်တွေဘက်က ဒီလိုလုပ်တာကို အလုပ်သမားတွေက ဘယ်လိုတုံပြန် ရမှန်မသိတော့.. စိတ်ဓာတ်တွေ ကျကုန်ပါလေရော..
အလုပ်သမာတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ၊ အိုတီတွေ မရတော့ တဖြည်းဖြည်း နဲ့ ထွက်ကုန်ပါလေရော.. အလုပ်သမားနှစ်ရာနီးပါးလောက်ပါပဲ။ ဒီထက် မများပါဘူး၊
အမှန်တော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ညစ်တာကို တောင့်ခံထားဖို့ လိုပါတယ်။ ခုလို အလောတကြီး ထွက်ကြတာမျိုးက အလုပ်ရှင်ကို အရှုံးပေးရာ ကျပါတယ်။ အလုပ်သမားအခွင့်အရေးတိုက်ပွဲဆိုတာ လမ်းပေါ်ထွက် ဆန္ဒပြနေမှ မဟုတ်ပါဘူး၊ အလုပ်ရုံတွင်မှာလည်း သွေးအေး (စစ်အေး) တိုက်ပွဲ ဆင်ရမှာပါ။ ကိုယ်ရဲ့ အလုပ်သမားအခွင့်အရေး မပျောက်ပျက်အောင် ထိန်သိမ်းထားရမှာ ဖြစ်သလို၊ အခွင့်အ ရေးတွေ ရှံးဆုံးခဲ့ရင်လည် ဘယ်လို တိုက်ယူရမလည်းဆိုတာ သိထားဖို့ လိုပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေဆိုတာ " ကျွန် ကိုင်မှီ၊ ကိုင် ကျွန် မှီ "ပါ ။ တစ်ဖက်သက် မှီနေတယ်ဆိုတာ မရှိပါဘူး၊ ဘယ်တိုက်ပွဲမဆို အောင်မြင်ဖို့အတွက် နည်းဗျူဟာ အများ ကြီးရှိပါတယ်။
သူကောင်းရင် ကိုယ်ကောင်းသလို၊ သူညစ်ရင် ကိုယ်ညစ်လို ရတယ်ဆိုတာ့  အလုပ်သမား တွေသာ အလုပ်ရှင်နဲ့ ပတ်သက်လို သိမယ်ဆိုရင်……………..
အယ်ကဟော
အပြည့်အစုံသို့ >>

Saturday, 14 November 2009

ဒူဘိုင်း က လူရိုင်း (၁)


ခေါင်းစဉ်ကိုဖတ်ပြီး “ ဒီလောက် အစစ အရာရာ တိုးတက် ခေတ်မီနေတဲ့ ဒူဘိုင်းမှာ ဘယ်တောထဲက လူရိုင်းကများ မျက်စိလည်ပြီး ရောက်လာပါလိမ့် “ လို့ တွေးပြီး အူကြောင်ကြောင်နိုင်တဲ့စာလို့  အထင်မစောကြပါနဲ့ ဗျို့ ။ ဘယ်သူက ဒူဘိုင်းမှာ ဘယ်လို ကမ်းကုန်အောင်ရိုင်းနေလို့  ဒီခေါင်းစဉ်လေး ဖြစ်လာရတယ်ဆိုတာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီလူက မြန်မာတစ်ယောက်ဖြစ်ပြီး သူ ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေရဲ့ဒါဏ် ခံနေကြရတာကလည်း မြန်မာတွေဖြစ်နေတာပါပဲ။

သူ့ နာမည်က ဇော်အောင်ခိုင်။ ကောင်မလေးတွေကတော့ ဦးဇော် လို့ခေါ်သတဲ့ဗျ။ သူက ကွန်ပြူတာဆိုင်တစ်ခုမှာ လုပ်ပြီး သူ့ မိန်းမကတော့ စာရင်းကိုင် အလုပ်လုပ်တယ်။ သူတို့ ဒူဘိုင်း ရောက်နေတာကလည်း ကြာပြီဆိုတော့ ဒီမှာ လူရည် တော်တော်လည်နေကြပြီ ဆိုပါတော့ဗျာ။ သူတို့  က သူတို့ရဲ့ ဆွေမျိုးအရင်းအချာတွေနဲ့ ဆွေမျိုးမကျတကျ နီးစပ်ရာ အသိုင်းအဝိုင်းက လူတန်းစားပေါင်းစုံ ကို ဒူဘိုင်းက အလုပ်အကိုင်ပုံပြင်တွေပြော အိမ်မက်ကြီးကြီးတွေ ပေးပြီး မြန်မာအချင်းချင်း ရက်ရက်စက်စက် ပါးပါးလှီးနေကြတယ်ဗျို့ ။

လူတန်းစားပေါင်းစုံလို့ ပြောရတာကလည်း သူတို့အလုပ်ရှာပေးမယ်ဆိုပြီး ခေါ်ခဲ့တဲ့သူတွေထဲမှာ စားပွဲထိုးကစလို့ ဆရာဝန်အဆုံး ခေတ်ပညာတတ်သူတွေ၊ ပညာမတတ်သူတွေနဲ့  တောသူ တောင်သားတွေပါ ပါနေလို့ပါ။ “ဆွေမျိုးတွေပဲခေါ်တာပါ ဆွေမျိုးတွေမို့ ကူညီတာ” ဆိုတဲ့ စကားလုံးတွေသုံးလို့ မြန်မာပြည်က အလုပ်လိုချင်တဲ့သူတွေကို စည်းရုံးရေး ဆင်းပါတယ်။ ချက်ချင်းပဲ အလုပ်အဆင်သင့် ဝင်ရမယ်ဆိုတဲ့ ပုံစံနဲ့ပေါ့ဗျာ။ ဒါပေမယ့် သူတို့ကျင့်သုံးနေတဲ့ ဖော်မြူလာကျတော့ Visit Visa လှမ်းပို့တယ်။ Visit Visa အတွက် အမေရိကန် ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ ထိ တောင်းတယ်။ တကယ်ဆို Visit Visa ရဲ့ ပေါက်ဈေးက ယူအေအီးငွေ ၁၃၀၀ ကနေ ၁၈၀၀ ထက်မပိုပါဘူး။ ဒူဘိုင်းမှာ ဒီဗီဇာကို လူတိုင်းလည်း ဝယ်ချင်သလို ဝယ်လို့ရပါသေးတယ်။ စလုံးမှာလို အဆက်အသွယ် စပွန်စာဘာညာ မလိုပါဘူးခင်ဗျ။ အဲ…ပြီးတော့..အလုပ်လိုချင်တဲ့သူက ဗီဇာရတာနဲ့ ဒေါ်လာ ၈၀၀ လောက် ကျတဲ့ ကိုယ့်လေယာဉ်လက်မှတ် ကိုယ်ဝယ်ရပါတယ်။ ဒူဘိုင်းကို ရောက်လာတာနဲ့ နေစားရိတ် စားစရိတ် အတွက် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ထုတ်ရပါတယ်။ အလုပ်ရှာဖို့လည်း နေ့စဉ်သတင်းစာဝယ်ရသေး ၊ ထီးဖြူဖိနပ်ပါးတဲ့အထိ အလုပ်လိုက်ရှာရသေး ၊ အလုပ်ရှာနေရင်း ဗီဇာသက်တမ်းကုန်သွားရင် ဗီဇာလဲဖို့အတွက် စတေးရှောင်ရပြန်ပါသေး ပေါ့ခင်ဗျာ။

ငွေကို လမ်းခင်းပြီး ပင်ပင်ပန်းပန်း အလုပ်ရှာပေမယ့် အလုပ်မရပဲ ပြန်သွားရတဲ့သူတွေက ဒုနဲ့ဒေး ပါပဲ။ အလုပ်ရမယ်ဆိုလို့ လာရှာတယ် အလုပ်မရပဲ သိန်း ၂၀ သိန်း ၃၀ လောက်ကုန်ပြီး အိမ်ပြန်ရတယ်။ ဒါဟာ သူတို့ရဲ့ ဆွေမျိုးညာတိတွေရဲ့ ဒုက္ခ။ အလုပ်ရသူတွေရဲ့ ဒုက္ခကရော သိရကြားရသမျှ ဘုရားတရသဗျ။ ဆရာဝန် တစ်ယောက် ဆိုအလုပ်ရှာဖို့အတွက် သိန်း ၄၀ ကျော်ကုန်ပေမယ့် ကြိုးစားပန်းစားရှာလို့ရတဲ့ အလုပ်က ဆရာဝန်အလုပ်မဟုတ် ရတဲ့လခကရော ရင်းခဲ့ရတဲ့ အရင်းကျေဖို့ အတွက် တစ်နှစ်ခွဲလောက် လုပ်ရမယ့် လခမျိုးတဲ့ဗျာ။ ရိုင်းရိုင်းပြောရရင် ဆရာဝန်ရတဲ့ လစာက စားပွဲထိုးတစ်ယောက်ရဲ့လစာလောက်ပါပဲ။ ဒါမျိုးကို ဆွေမျိုးညာတိ စောင့်ရှောက်ခြင်းလို့ခေါ်မလား…. အလုပ်မရလို့ လက်လျှော့လှည့်ပြန်သွားတဲ့သူတွေ ရန်ကုန်မှာ တင်နေတဲ့အကြွေးတွေ ဘယ်လိုဆပ်ကြမလဲ စဉ်းစားကြည့်ကြပါဗျာ။ဒီ့ထက်ပိုဆိုးတာက ဒီမှာ အလုပ်ရှာနေစဉ် ကြုံနေရတဲ့ ဒုက္ခ.. အရှင် လတ်လတ် ငရဲရောက်သလို ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကလည်း မကြားဝံ့မနာသာတွေ။အလုပ်လာရှာတဲ့ မိန်းကလေးတွေ သူ့အိမ်မှာ ပိုက်ဆံပေးပြီးနေရတယ်ဗျာ။ ပေးစရာပိုက်ဆံပြတ်သွားတဲ့အခါ အဲဒီကျေးဇူးရှင်ရဲ့ ကူညီပုံက သူ့ယာယီမိန်းမလုပ်မယ်၊ သူနဲ့လာအိပ်မယ် ဆိုရင် အိမ်လခ ပေးစရာမလိုပါတဲ့။ အဲလိုမျိုး အဖြစ်တွေနဲ့ ကြုံပြီး သူအနိုင်ကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးတွေကလည်း ဒုနဲ့ဒေး တဲ့ဗျာ။ သူ့မိန်းမဆိုတာကရော ဘာထူးသေးလဲ… ကိုယ်တိုင်ရှာဖွေလို့ အလုပ်ရပြီး အလုပ်လုပ်နေတဲ့ သူကိုတောင် အိမ်ဖော်တာဝန်ပါ ယူစေချင်သေးသဗျ။ အလုပ်နားရက်မှာ အိမ်သန့်ရှင်းရေးမလုပ်ရင် မီးဖိုထဲမှာ မကူညီရင် စောင်းကာမြောင်းကာနဲ့ မကြည်ဖြူပြန်ဘူးတဲ့ဗျာ။ ပြီးတော့ သူ့ယောက်ျားလုပ်သမျှ အပြုံးမပျက် ကြည်ဖြူနေတဲ့ မိန်းမ… အမျိုးကောင်းသမီးတွေကို ယုတ်မာအနိုင်ယူနေတာကိုလဲ သဘောထားကြီးပေးနေတဲ့ မိန်းမ… ဒီအမျိုးသမီးဟာ မြန်မာပြည်ကလာတဲ့ မြန်မာဆိုတာ ကျွန်တော်တော့ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင်ပါပဲ။

ကျွန်တော်ကလည်း ဒါတွေကို လူပြောသူပြောလောက်နဲ့  ယုံခဲ့တာမဟုတ်ပါဘူး။ ဒီသတင်းတွေကို ကြားတော့ လက်တွေ့ကျကျသိချင်တာမို့ အဲဒီမြန်မာတွေကို ဖုန်းဆက်ပြီး ကိုဇော်အောင်ခိုင် ဆီမှာ အလုပ်လိုချင်လို့ဗျာလို့ မေးတော့ ဝေးဝေးက ရှောင်ပါဗျာ.. သတိတော့ထားဗျာ… မလုပ်ပါနဲ့ ခင်ဗျား ဒုက္ခရောက်မယ်…ရှိသမျှကုန်မှာသေချာတယ် ...သူနဲ့တွေ့ရင် အိမ်တိုင်တောင် ချွတ်ရောင်းရမယ်၊ ကျွန်တော်တောင် ယောကျားလေးမို့  မိန်းကလေးဆို ခုလောက်ရှိ ဒူးနဲ့ မျက်ရည် သုတ်နေရပြီ.... ဆိုတာတွေပဲ ပြန်ကြားခဲ့ရလို့ သာ ယုံမိရတာပါ။ ဒုက္ခရောက်ခဲ့တဲ့ မိန်းကလေးတွေကို ထပ်စုံစမ်းလို့  သိခဲ့ရပေမယ့် ကာယကံရှင်တွေရဲ့ သိက္ခာကိုထောက်လို့ နာမည်နဲ့တကွ အလုပ်အကိုင်တွေကိုတော့  ကျွန်တော် ပြောမပြရက်လို့  ပြောမပြတော့ပါဘူးဗျာ။

မြန်မာအေးဂျင့်တွေ လည်တာ ပတ်တာ ဖျံကျတာ မြန်မာအချင်းချင်း ပါးပါးလှီးနေတာ ပြောရင်း ကြုံလို့ ကျွန်တော်သိခဲ့တဲ့ ရွှေဂုံတိုင်က Grace ဆိုတဲ့အေးဂျင့် အကြောင်း ဆက်ပြောလိုက်တော့မယ်ဗျာ။ အခုသူတို့နဲ့ဆက်သွယ်ပြီး အလုပ်ရလာတဲ့သူတွေ ပြောပြလို့ ကျွန်တော်သိရတာတွေကလည်း တစ်ခုမှမကောင်းဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီအေးဂျင့်ကို ရောက်ဖူးတာမို့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ပါ တိုက်ဆိုင်နေတာမို့ အဲဒီအေးဂျင့် မကောင်းဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

လက်ရှိဒူဘိုင်းက တရုတ်စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ မြန်မာတွေရဲ့ အဆိုအရ အဲဒီအေးဂျင့်ကို သူတို့ပေးရတဲ့ငွေက အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ အထိရှိတယ်ဗျ။ ဒါပေမယ့် သူတို့ပြန်ရတဲ့လစာကတော့ ဒူဘိုင်းငွေ ၆၀၀-၇၀၀ ဆိုပဲ။အလုပ်ချိန်က တနေ့ကို ၁၀ နာရီထက်မလျှော့ပဲ လုပ်ရသေးတယ်။ သူများတွေလိုလဲ တစ်ပတ်မှာ တစ်ရက် မနားရဘူး ။ နေ့တဝက်စီပဲ နားရတယ် တဲ့ဗျ။ သူတို့ပေးခဲ့ရတဲ့ ပွဲစားခငွေအတွက် ငါးလ ခြောက်လလာက်အထိ ပင်ပင်ပန်းပန်း လုပ်တာတောင် အရင်းမကြေဘူး ။ တကယ်တော့ အေးဂျင့်က မမက ဒူဘိုင်းငွေ ၇၀၀-၈၀၀ ကို အမေရိကန်ဒေါ်လာ ၇၀၀-၈၀၀ ဖြစ်အောင်ကို လှည့်ပတ်ပြီး ပြောပြီး မလိမ့်တပတ်နဲ့ ငွေညာတောင်းတာဗျ။ မြန်မာတွေကတော့ သိကြတဲ့အတိုင်း အလုပ်အကိုင် အခြေအနေပေါ်မူတည်ပြီး ရမယ့်လခနဲ့ ကိုက်မကိုက်မစဉ်းစားပဲ အေးဂျင့်တောင်းသလောက် ကြံဖန်ပြီး ပုံပေးလိုက်ကြတာပါပဲ။ ကျွန်တ်ာဒီကိုလာတော့ အေးဂျင့်ကို အမေရိကန်ဒေါ်လာ ၂၀၀ ပဲပေးရတယ်ခင်ဗျ… ဒါကလဲ ဒင်းတို့ကို သနားလွန်းလို့ သဒ္ဒါကြေးပေးခဲ့တာပါ… အင်တာဗျူးလာလုပ်တဲ့ အဖွဲ့က အေးဂျင့်ကို တပြားမှ ပေးစရာမလိုဘူး လို့ အတန်တန်တားတဲ့ကြားကနေ ကျွန်တော့် အေးဂျင့်က ကလိမ်ကျပြီး တောင်းခဲ့သေးတာဗျ။ ကျွန်တော်နဲ့ တူတူလာတဲ့ ကံဆိုးတဲ့ ကောင်တွေဆို ဒေါ်လာ ၆၀၀ တောင်ပေးခဲ့ရသေးတယ်ဗျာ။ အေးဂျင့်တွေ အဲလောက်တောင်ဆိုးတာဗျ။ ကျွန်တော်ရတဲ့လခကလဲ ဒူဘိုင်းငွေ ၂၅၀၀ ဗျ ဒါတောင် ဘောနပ်စ် မပါသေးဘူးဗျာ။( အမေရိကန်တစ်ဒေါ်လာကို ဒူဘိုင်းငွေ ၃.၆၅ ရှိပါတယ်။)

မေးရမြန်းရမှာအားနာတဲ့ ဆင်ခြင်ဥာဏ်နည်းတဲ့ မြန်မာတွေ အခုလို အလိမ်ခံနေရတာကို ဘေးကကြည့်နေတဲ့သူ ကျွန်တော်တို့က ဒေါသထွက်ရုံကလို့ ဘာမှ မတတ်နိုင်ပါ။ အဲဒီတော့ ဒူဘိုင်းလာမယ့်သူတွေ သတိထားပြီးဆင်ခြင်ကြပါဗျာ။မျက်စိတွေ နားတွေ ဖွင့်ထားကြပါ။ တရားဝင်ဖွင့်ထားတဲ့ အေးဂျင့် တရားမဝင် ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့် ဘာပဲဖြစ်ဖြစ် သံသယရှိရင် နီးစပ်ရာကို မေးမြန်းကြစေချင်ပါတယ်။ တကယ်တော့ အေးဂျင့်ဆိုတဲ့ ကောင်တွေက အလုပ်ရှင် အလုပ်သမားနှစ်ဘက်စလုံးဆီက ညာစားနေတဲ့လူတွေပါပဲ။သူတို့ ဆောင်ပုဒ်တွေကတော့ “ ဘယ်သူသေသေ ငတေမာရင် ပြီးရော” ရယ် “မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ ” ရယ် “ရသာရင် ဘနှဖူး သိုက်တူးမယ် ” ဆိုတာတွေပဲ ဖြစ်မှာပါ။

အော... မေ့တော့မလို့ ...အစက ပြောပြခဲ့တဲ့ ဒူဘိုင်းက လူရိုင်းရဲ့ ဖုန်းနံပတ်က (+၉၇၁၅၀၇၈၈၃၅၅၁) ပါ။ စိတ်ဝင်စားသူများ လှမ်းဆဲ.(.အဲလေ..ယောင်လို့ ) လှမ်းပြီး အလုပ်တောင်းနိုင်ကြောင်း အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်ဗျာ။

မြန်မာချင်းချင်း လုည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ရက်စက်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ယုတ်မာခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း လုပ်ရက်ခြင်း ကင်းရှင်းကြပါစေ...

ဒူဘိုင်း အထောက်တော်
(ပြန်လည်ဝေငှာပေးတဲ့ http://datacarrier.blogspot.com/ကို ကျေးဇူးအများကြီးတင်ပါတယ်)
အပြည့်အစုံသို့ >>

Tuesday, 10 November 2009

မြန်မာရွှေ့ပြောင်လုပ်သားများ ယာယီနိုင်ငံကူး လက်မှတ် လုပ်ရမည်

နော်နိုရင်း ၉ နိုဝင်ဘာ ၂၀ဝ၉ - ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အင်တာနေရှယ်နယ်စင်တာ မှာ ထိုင်းအာဏာပိုင်တွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဒီနေ့ တွေ့ဆုံပြီး ရှင်းပြပါတယ်။

ထိုင်း အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ ထိုင်းရဲနဲ့ ပို့ဆောင်ရေးဌာန တွေက တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား ၂၀ဝ လောက်က လတ်တလော လုပ်ပေးနေတဲ့ ယာယီနိုင်ငံကူးလက်မှတ်အကြောင်း ဆွေးနွေးတာဖြစ်ပြီး အချက် ၂ ချက်ကို အဓိကထား ဆွေးနွေးပါတယ်။
ချင်းမိုင် အလုပ်ရှာဖွေးရေးရုံး တာဝန်ရှိသူ က “အခုလက်ရှိ ကိုင်ဆောင်နေတဲ့ အလုပ်သမားကတ်တွေဟာ လာမယ့် ၂၀၁၀ ဖေဖော်ဝါရီ လကုန်အထိပဲ နေထိုင်ခွင့်ရရှိမှာ ဖြစ်တဲ့အတွက် ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ မလုပ်ရင် သက်တမ်းထပ် မတိုးပေးဘူး။ ယာယီနိုင်ငံကူးလက်မှတ် လုပ်သူတွေက ထိုင်းတနိုင်ငံလုံးကို သွားလာနိုင်မှာဖြစ်သလို ရသင့်ရထိုက်တဲ့အခွင့် အရေးတွေကို ရရှိမှာဖြစ်တယ်” လို့ ပြောပါတယ်။ ပတ်စပို့ လုပ်ရာမှာ လုပ်ငန်းအဆင့်ဆင့် သွားရတဲ့အတွက် သုံးလအတွင်း လူဉီးရေ ၂ ထောင်ကျော်ပဲ လုပ်ပေးနိုင်ပါသေးတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်ဆွေးနွေးခဲ့သူ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း က ကိုစိန်ဌေးက ပတ်စပို့ လုပ်မယ့်သူတွေအတွက် ထိုင်းအစိုးရက အချိန်တခု တိုးပေးတဲ့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။
“အဆင့်တွေက ၁၃ ဆင့်၊ ၁၄ ဆင့်လောက် ရှိပါတယ်။ လာမယ့် ၂၀၁၀၊ ၂၈ အမီ အားလုံး လူသန်းဂဏန်းလောက် ရှိတဲ့လူတွေ လုပ်လို့ မပြီးနိုင်ဘူးဆိုတာ သူတို့ သိတယ်။ သူတို့ ထပ်ပြီးတော့ ချဲ့မှာပဲ။ အခုအချိန်မှာ ပုံစံစာရွက်တွေ ဝေလာပြီ။ အလုပ်သမားတွေကို ပုံစံစာရွက်တွေ ဖြည့်ခိုင်းတယ်။ နိုင်ငံသား စိစစ်တဲ့လုပ်ငန်းစဉ်ကို သူတို့လုပ်မှာ။ လုပ်မယ်ဆိုတဲ့လူကို သက်တမ်း တိုးပေးမယ်။ မလုပ်ဘူးဆိုတဲ့လူကို သက်တမ်း မတိုးပေးဘူး။ အလုပ်ရှာဖွေရေးဌာနက ပြောပြီးပြီ။”
အစည်းအဝေးကို တက်ရောက်တဲ့ အလုပ်သမားတွေက သူတို့အနေနဲ့ ရလာမယ့် ဒီအခွင့်အရေးကို အားလုံးက လိုလားကြပေမယ့် မြန်မာစစ်အစိုးရကို အယုံအကြည် မရှိဘူးလို့ အလုပ်သမားတဉီးက ပြောပါတယ်။ “လုပ်ချင်တာက အလုပ်သမား အခွင့်အရေးအတွက် ဆိုင်ကယ်စီးဖို့၊ အလုပ်လုပ်တဲ့အခါ ပိုက်ဆံမရရင် သွားတိုင်ဖို့ အခွင့်အရေးရှိတယ်။ အလုပ်သမားအားလုံး ကြောက်တာက ရွာမှာ အခွန်ကောက်မှာ ကြောက်နေတာ။ ” ထိုင်းအာဏာပိုင် ရှင်းပြပြောဆိုအပြီးမှာ ပတ်စပို့ လုပ်ချင်တဲ့သူ လက်ထောင်ပါလို့ မေးတဲ့အခါ အလုပ်သမား ၄ ယောက်ပဲ လက်ထောင်ပြပြီး မလုပ်ချင်တဲ့သူ လက် ထောင်ပါလို့ မေးတဲ့အခါ အားလုံးနီးပါး လက်ထောင်တာကို တွေ့ခဲ့ရပါတယ်။ အလုပ်သမားတွေ ကိုယ်ပိုင် တောင်းဆိုချင်တယ်ဆိုရင် လက်ထောင်ပါလို့ပြောတဲ့ အခါမှာတော့ အားလုံးက လက်တောင်တာတွေ့ခဲ့ပါတယ်။ ဒီနေ့ အစည်းအဝေးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပတ်စပို့ လုပ်ရေး မလုပ်ရေးနဲ့ ပတ်သက်လို‹ သူတို့လိုအပ်ချက်ကို ရေးသားလက်မှတ်ထိုးပြီး ထိုင်းဝန်ကြီးချုပ်ဆီ ပို့မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီအစီအစဉ်ကို မကြာခင် စတင်မယ်လို့ အစည်းအဝေးကို ကမကထလုပ်ပေးတဲ့ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ကိုစိန်ဌေးက ပြောပါတယ်။ “လာတဲ့ အလုပ်သမားတွေ မှာ ၂ ဖွဲ့ ပါတယ်။ ဒဗလျူအက်အေ နဲ့ ဒဗလျူအက်နဲ့ အဲ့ဒီအဖွဲ့ ၂ ခုက ကမ်ပိန်းတခု လုပ်မှာပေါ့။ ပတ်စ်ပို့ လုပ်မယ့်ကိစ္စနဲ့ သူတို့ တောင်းဆိုချင်တဲ့ အချက်တွေပေါ့။ အဲ့ဒါကို ညှိ့နှိုင်းပြီး လက်မှတ်ထိုးလှုပ်ရှားမှု ကမ်ပိန်း လုပ်ပြီး ဝန်ကြီးချုပ်ဆီ တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာအချက်တွေ တောင်းဆိုမယ် ဆိုတာကို နောက်ပိုင်း အသေးစိတ်ပြန်ပြီး ဆွေးနွေးမယ်ပေါ့။” ဒီနေ့ ဆွေးနွေးပွဲမှာ နောက်ထပ် ဆွေးနွေးဖြစ်တာက ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ သွားလာရေး လွယ်ကူအောင် ထိုင်းအစိုးရက ဆိုင်ကယ် ပိုင်ဆိုင်ခွင့် ပြုလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ရှင်းပြပြီး လာမယ့် တလနှစ်လအတွင်းမှာ အဲဒီ စည်းကမ်းချက် ထွက်လာလိမ့်မယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားအားလုံးက အာရဝမ်းသာကြတယ်လို့ အလုပ်သမားတဉီးက ပြောပါတယ်။ “အခု ဆိုင်ကယ်တွေ ဝယ်လို့ရပြီ၊ ဆိုင်ကယ်လိုင်စင်က ထုတ်ပေးမယ်လို့လည်း မပြောဘူး။ မထုတ်ပေးဘူးလည်း မပြောဘူး။ စည်းကမ်းချက် ပြင်ဆင်တုန်းပဲ ရှိသေးတယ်။ အလုပ်သမားအားလုံးက ဝမ်းသာတယ်။”
အပြည့်အစုံသို့ >>

Monday, 9 November 2009

ရွှေ့ပြောင်းအလုပ်သမား ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စ ဆွေးနွေးပွဲကျင်းပမည်

၈ နိုဝင်ဘာ ၂၀၀၉ သူရိန်စိုး (DVB- သတင်း )- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက် မှတ်လုပ်ပြုရေးနဲပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနက်ဖြန် လုပ်ဖို့ ရှိပါတယ်၊

ဒီအစည်းအဝေးကြောင့် ပတ်စ်ပို့လုပ်ချင်တဲ့ အလုပ်သမားတွေ ဘယ်လိုပြင်ဆင် လုပ်ကိုင်ရမယ်ဆိုတာတွေ သိရတော့မှာ ဖြစ်ပါတယ်၊ ပတ်စ်ပို့လုပ်ပေးမှာက နယ်စပ်မြို့တွေမှာဖြစ်ပြီး မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံ အနှံ့အပြားမှာဆို တော့ သွားရေးလာရေး စရိတ်စကတွေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို စောင့် ကြည့်ရမှာ ဖြစ်ပါတယ်၊ ချင်းမိုင်က International Center မှာ မနက်ဖြန် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်၊ ဆွေးနွေးပွဲကို လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင် ဒေးရှင်းလို့ခေါ်တဲ့ ထိုင်းအန်ဂျီအိုတခုက ကမကထလုပ်တာဖြစ်ပြီး ဆောက်လုပ်ရေး၊ အိမ်ဖော်နဲ့ ဈေးရောင်းတဲ့ မြန်မာအလုပ်သမားတွေ ၂ ရာလောက်ကို ဖိတ်ထား တယ်လို့ သိရပါတယ်၊ လာရောက် ဆွေးနွေးဟောကြားမယ့်သူတွေက ထိုင်းအန်ဂျီအိုတွေနဲ့ ထိုင်း အစိုးရ ဌာနတွေဖြစ်တဲ့ ရဲနဲ့ ပို့ဆောင်ရေးဌာနတွေက တာဝန်ရှိသူတွေ လာရောက် ဟောပြောမှာ ဖြစ်ပါတယ်၊ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ပြောကြားမယ့် အကြောင်း အရာတွေကိုတော့ လူ့အခွင့်အရေးနဲ့ ဖွံဏ္ဍဖြိုးရေးဖောင်ဒေးရှင်းက မချယ်ရီက အခုလို ရှင်းပြပါတယ်၊ “သူတို့ပြောမှာက Work Permit ရှိတဲ့ လူတွေ ယောက်တိုင်း နယ်စပ်မှာ မ ဖြစ်မနေ ပတ်စ်ပို့ ပြန်ပြီးတော့ သွားလုပ်ရမယ်၊ နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်မှာ မလုပ်ရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့အချက် အပါအ၀င် အလုပ်သမားတွေက မရှင်းလင်းတဲ့ အချက်အလက်တွေရှိရင် အစည်းအဝေးမှာ တခါတည်း မေးနိုင်ပါ တယ်၊” အာဏာပိုင်တွေက အခုလကုန်မှာ နောက်ဆုံးထားပြီး ယာယီနိုင်ငံကူးလက် မှတ်လုပ်ဖို့ အချိန်သတ်မှတ်ထားတာကြောင့် သတ်မှတ်ချိန်အတွင်း မလုပ်မိလို့ မြန်မာအလုပ်သမားတွေ တရားမ၀င် ဖြစ်ကုန်မှာကို စိုးရိမ်တယ်လို့လဲ မချယ်ရီက ပြောပါတယ်၊ ယာယီနိုင်ငံကူးလက်မှတ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လလယ်က စတင်ထုတ်ပေး နေတာဖြစ်ပြီး အခုအချိန်အထိ လက်မှတ်လုပ်သူ ၂ ထောင်ခန့်သာ ရှိတယ်လို့ သိရ ပါတယ်၊၊
အပြည့်အစုံသို့ >>

Sunday, 8 November 2009

နိုင်ငံခြားသား လုပ်သား တသိန်းခွဲကျော်ကို လုပ်ခွင့်ပြန်ပေး

ကျော်ခ
စနေနေ့၊ နိုဝင်ဘာလ 07 ရက် 2009 ခုနှစ် 11 နာရီ 19 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်လုပ်ရန် သတ်မှတ်ရက် ကျော်သွားသဖြင့် လုပ်ခွင့် မရလိုက်သည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းခွဲကျော်အတွက် လုပ်ခွင့်ပြန်ပေးနေပြီ ဖြစ်သည်။
အလုပ်သမားလက်မှတ်လုပ်ရန် ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလထိ အချိန်ပေးထားခဲ့ခြင်း ဖြစ်ပြီး ယခုလမှ စ၍ လာမည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ အချိန်ထပ်ပေးခြင်း ဖြစ်သည်။

စာရင်းသွင်းထားပြီးမှ ရက်ကျော်သွားသဖြင့် ကျန်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဓါတ်ပုံရိုက်ရန် ကျန်ရှိသူ ၉၀၀၀ ဦး။ ဆေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံ မပြုလုပ်ရသေးသူ ၁၅၂,၉၈၂ ဦး ရှိပြီး စုစုပေါင်း ၁၆၁,၉၈၂ ဦးအား သက်မှတ်ရက်အတွင်း အပြီး ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ဖတ်ရှုရသည်။

ကုန်ကျငွေမှာ ယခင်ကဲ့သို့ပင် ဘတ် ၃၈၀၀ ဖြစ်ပြီး အလုပ်လုပ်ခွင့် သက်တမ်းမှာလည်း ယခင်အတိုင်း လာမည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ပင်ဖြစ်သည်။

သို့သော် ယခုကဲ့သို့ သက်တမ်း ထပ်တိုးလိုက်သည်ကို လက်မှတ် မလုပ်ရသေးသည့် အလုပ်သမား အများစုမှာမူ သိနိုင်ဦးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ အထွေထွေ အတွင်းရေးမှူ ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။

ထိုင်းနှင့်မြန်မာ နှစ်ဘက် အစိုးရတို့က ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရန် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ စီစဉ်နေကြပြီး ထိုင်းနယ်စပ်မြို့များဖြစ်သော မြဝတီ၊ ကော့သောင်းနှင့် တာချိလိတ်တို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည်။

သို့သော် ပထမအဆင့်ဖြစ်သည့် နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးအပိုင်း၌ပင် ရပ်တံ့နေပြီး ယခုအထိ လူဦးရေ ၂၀၀၀ ကျော်သာ ပြီးစီးသေးကြောင်း သိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)
အပြည့်အစုံသို့ >>

Saturday, 7 November 2009

ကြေးစားလူသတ်သမားရန်ကြောင့် မြန်မာ အလုပ်သမား ၃၀ ကျော်ပြေးနေရ


2009-11-02( RFAသတင်း)
ထိုင်းနိုင်ငံ မဲဆောက်မြို့က မန်ကျည်းခြံတခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမား အယောက် ၃၀ ကျော်ဟာ အလုပ်ရှင်က ငှားရမ်းထားတဲ့ ကြေးစား လူသတ်သမားတွေရဲ့ ရန်ကြောင့် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မဲဆောက်မြို့နယ်နဲ့ ဖော့ဖရာမြို့နယ်အကြား ပုသုကျေးရွာက မကျည်းခြံမှာ ရာသီအလိုက် သီးနှံ စိုက်ပျိုးတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်ရှင်က လုပ်ခလစာ မပေးလိုတဲ့အတွက်ကြောင့် အခုလို ဖြစ်ရတာလို့ မြန်မာနိုင်ငံသားများအရေး ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုမိုးကြိုးက ပြောပါတယ်။
ကိုမိုးကြိုး။ ။ “မြန်မာ အလုပ်သမားတွေကို တနေ့ကို လုပ်အားခ ဘတ် ၈၀ ပေးမယ်ဆိုပြီးတော့ ခိုင်းတာ။ မူလ ကတိအတိုင်းပဲ တနေ့ လုပ်အားခ ဘတ် ၈၀ မပေးပဲနဲ့ ၇ ရက်လုပ်မှ ဘတ် ၁၀၀ ပဲ ပေးတယ်။ အဲဒီကြားထဲမှာမှ တရက်ပျက်မယ်ဆိုရင် လုံးဝ လုပ်အားခ မပေးဘူး။ အပြင်ကိုလည်း ပေးမထွက်ဘူး။ တကယ်လို့ ကျန်းမာရေး မကောင်းလို့ အလုပ်နားချင်ရင်လည်း ခွင့်မပေးပဲနဲ့ ဆဲဆိုကြိမ်းမောင်းတယ်။ သေနတ်တွေ ဘာတွေနဲ့ ခြိမ်းခြောက်တယ်။ ဒီအောက်တိုဘာလထဲမှာပဲ လုပ်အားခ မပေးပဲနဲ့ ကြေးစား လူသတ်သမား ငှားပြီး သူတို့ကို သတ်ခိုင်းတာ။”
ကြေးစား လူသတ်သမားတွေက မြန်မာအလုပ်သမားတွေကို သနားတဲ့အတွက် မသတ်ပဲ အလုပ်ရှင်ပေးထားတဲ့ ငွေကြေးကို ယူပြီး ထွက်ပြေးသွားကြတယ်လို့ အလုပ်သမားတွေက ပြောပြကြပါတယ်။
အဲဒီအလုပ်သမားတွေဟာ ညတွင်းချင်းပဲ နောင်ခရိုကျေးရွာမှာ ရှိတဲ့ ကရင်လူငယ်အဖွဲ့ကို အကူအညီတောင်းပြီး ထွက်ပြေးလာခဲ့ကြတယ်လို့ ဆိုပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Map Foundation ရဲ့ အကူအညီနဲ့ အဲဒီအလုပ်ရှင်ရဲ့ လုပ်ဆောင်ချက်ကို မဲဆောက်ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP