မတရားစေခိုင်းခံရသူ အလုပ်သမားများ လွတ်မြောက်
မြတ်ခိုင်ဦး/၂၃ ဇွန် ၂၀၁၀ ခေတ်ပြိုင်
ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကအပ်ချုပ်စက်ရုံတခုတွင် မတရား လှောင်ပိတ်စေခိုင်းခံနေရသော မြန်မာအလုပ်သမား (၆) ဦးသည် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ကယ်တင်မှုကြောင့် ယခုအခါ ဘ၀သစ်ထူထောင်နေကြပြီဖြစ်သည်။
“(၂) ယောက်က ဆူကွန်ဗစ်မှာ အလုပ်ဝင်နေပြီ။ ကျန်တဲ့ (၂) ယောက်ကတော့ သူတို့ဆွေမျိုးတွေဆီရောက်ပြီး မဆက်သွယ်ဖြစ်တော့ဘူး။ ကျန်တဲ့ (၁) ယောက်က ဒါအိုခနွန်မှာ၊ နောက်တယောက်ကတော့ မဲဆောက်ပြန်သွားပြီ” ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်) မှ တာဝန်ခံ ကိုစောဂျက်က ပြောသည်။
ထိုသို့ ရောင်ခြည်ဦးက ပို့ဆောင်ပေးခဲ့သည့်အလုပ်သမားများမှာ မချမ်းမြေ့၊ မလဲ့လဲ့၊ ကိုစံလင်းအောင်၊ မဇင်မာ၊ မဖြူထွန်းနှင့် ကိုတိမ်တိုက်တို့ဖြစ်သည်။
ဘန်ကောက်မြို့၊ ဟွေ့ကွမ်၊ PM တာဝါအနီးရှိ၊ ပုဂ္ဂလိကအပ်ချုပ်စက်ရုံတွင် မတရား ဈေးနှိမ် လှောင်ပိတ်စေခိုင်းခံနေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးကို ဘန်ကောက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ယခုလ (၁၁) ရက်တွင် ကယ်တင်နိုင်ခဲ့ပြီးနောက် မိဘဆွေမျိုးများ၊ လုပ်ငန်းသစ်များနှင့် မိတ်ဆွေအပေါင်းအသင်းများရှိရာ ၎င်းတို့သွားလိုရာ အရပ်ဒေသများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်ရုံကို တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာလိုကျွမ်းကျင်စွာ ပြောတတ်သည့် ရှမ်းတရုတ်ဟု ယူဆရသူက ပိုင်ဆိုင်ပြီး ယင်းစက်ရုံတွင် အလုပ်သမား (၁၅) ဦးခန့် ရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ထံမှ သိရသည်။
ယင်းအလုပ်ရှင်ဖြစ်သူက မဲဆောက်စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မိမိထံ ရောက်ရှိပြီးသော အလုပ်သမားများမှတဆင့် ဖြားယောင်းပြီး လူကယ်ရီဖြင့် တယောက်လျှင် (၁၅,၀၀၀) ဘတ်နှုန်းထား ခေါ်ယူလျက်ရှိကာ မတရားနည်းလမ်းဖြင့် အလုပ်သမားများကို ခေါင်းပုံဖြတ် အနိုင်ကျင့်နေကြောင်း ကိုယ်တွေ့ခံစားရသူများက ပြောသည်။
အဆိုပါ လူကယ်ရီခ ကျေသွားသော်လည်း အာမခံစရိတ်ဟုဆိုကာ နောက်ထပ် ဘတ်ငွေ (၄,၀၀၀) ကို အလုပ်သမားများထံမှ နုတ်ယူနေကြောင်း မတရားစေခိုင်းခံရခြင်းမှ လွတ်မြောက်လာသူတဦးဖြစ်သည့် မချမ်းမြေ့က ပြောသည်။
၎င်းက “ကျမရောက်တာ တလလောက် ရှိပါပြီ။ အရင်က မဲဆောက် ပေါင်မုန့်စက်ချုပ်ရုံမှာ လုပ်ပါတယ်။ တနေ့ကို ဘတ် (၇၀၀)၊ (၂) ရက်ဆိုရင် (၁,၅၀၀) လောက် ရမယ်ဆိုပြီး သူငယ်ချင်းကပြောလို့ လာခဲ့တာပါ။ ဒီရောက်တော့ မနက် (၉) နာရီကနေ မနက် (၂) နာရီ၊ (၃) နာရီလောက်အထိ ချုပ်ရတယ်။ ဒါပေမယ့် ရတော့ တရက်မှ ဘတ် (၆၀) ပဲ ရပါတယ်။ ထမင်းချက် စားပြီးတာနဲ့ ပြန်လုပ်ရပါတယ်။ တပတ်မှာ (၂) ရက်လောက်က မိုးလင်းချုပ်ရတယ်” ဟု ပြောဆိုသည်။
အဆိုပါ အပ်ချုပ်ရုံပိုင်ရှင်သည် အလားတူ စက်ချုပ်ရုံ သဘောမျိုး အိမ် (၄၊ ၅) အိမ်ထက် မနည်းရှိပြီး အလုပ်သမားများကို ပြောင်းရွှေ့ထားလေ့ရှိကာ အလုပ်သမားများအား ခြံတံခါး ပိတ်ထား၍ မဖြစ်မနေ သွားလာရမည်ဆိုပါက ၎င်းတို့၏လူယုံများနှင့်သာ ရှားရှားပါးပါး သွားလာစေသည်ဟု ကိုစောဂျက်က ပြောသည်။
၎င်းက “ဒီလူက စက်ရုံခွဲ တော်တော်များများရှိတယ်။ သူက အဓိက စက်ရုံ (၃) ရုံကို ကိုင်ထားတယ်။ ဟိုတလောကမှ အလုပ်သွားလျှောက်တဲ့ (၂) ယောက်ကိုလည်း အခုလှောင်ပိတ်ထားတယ်။ အလုပ်သမားတွေကို (၂) ပတ်စာ တဝိခ် (one week) မှ ဘတ် (၇၅၀) ပဲပေးတယ်။ သူ့စက်ရုံဆို ထိုင်းအတော်များများလည်း သိတယ်။ နေ့ရောညရော ခိုင်းခိုင်းနေလို့” ဟု ဆိုသည်။
ပုံမှန်အားဖြင့် အဝတ်တထည်လျှင် ဘတ်ငွေ (၂၀) ထက်မနည်း ရနိုင်သော အထည်များအား (၆) ဘတ်နှုန်းဖြင့် မတရားခေါင်းပုံဖြတ် ခိုင်းစေနေသည့်အပြင် အလုပ်သမားအသစ် ထွက်ပြေးလွတ်မြောက်သွားပါက အဆိုပါသူ၏ ကယ်ရီခနှင့် အာမခံကြေးကို ယခင်ရောက်ရှိပြီး ထပ်မံ၍လူဆွယ်ခေါ်ပေးရသော သူများက ပေးချေနေရသည်ဟု သိရသည်။
ထို့ကြောင့် အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများသည် ယနေ့ထက်တိုင် ပိုက်ဆံရရှိသူ နည်းပါးပြီး ယင်းအလုပ်မှ မလွတ်မြောက်နိုင်သေးသူများ စက်ရုံ (၃) ခုလုံးတွင် ရှိနေသေးကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် အကောင်းဆုံးဖြစ်စေရန် အဖြေရှာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုစောဂျက်က ပြောသည်။
ထိုင်းနိုင်ငံတွင် ခရိုင်ဒေသခွဲ အမျိုးမျိုးအပေါ်မူတည်၍ တနေ့ အနိမ့်ဆုံးလုပ်အားခကို သတ်မှတ်ထားသည်။ ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင် အမြင့်ဆုံး နေ့တွက်လုပ်အားခ (၂၀၆) ဘတ် သတ်မှတ်ထားသော်လည်း လုပ်ငန်းရှင်အချို့က ရွှေ့ပြောင်းအလုပ်သမားများအား နည်းလမ်းပေါင်းစုံဖြင့် ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများ ရှိနေဆဲဖြစ်သည်။

0 comments:
ကက က်က Post a Comment