အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီစာချုပ်များ လက်တွေ့အခြေအနေနှင့် များစွာကွဲလွဲ
မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားအများစုမှာ ၎င်းတို့ရသင့်သည် အခွင့်အရေးများ နစ်နာဆုံးရှုံးနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများ၏ အဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများသည် မလေးရှားနိုင်ငံအလုပ်ရှင်များ၏ မူလအလုပ်ကမ်းလှမ်းစာပါ လစာအတိုင်း မရရှိသည့်အပြင် ကူညီဆောင်ရွက်ပေးမည့်သူမရှိ ဖြစ်နေကြသည်။
အလုပ်ကမ်းလှမ်းစာတွင် လုပ်သားတဦးလျှင် တလပျှမ်းမျှ မလေးရှားရင်းဂစ် (၇၀၀-၈၀၀) ရရှိမည်ဟု ပါရှိပြီး သဘောတူစာချုပ်ခဲ့ကြသူများသည် မလေးရှားရောက်ပြီး ယခုလပိုင်းတွင် တနေ့ (၁၈) ရင်းဂစ်မျှနှင့် အချိန်ပိုမရှိ အလုပ်ဆင်းနေကြရသည်ဟု မလေးရှားမှပြန်လာသူ လူငယ်တဦးက ပြောသည်။
၎င်းက “ကျနော်က ကလန်းမြို့ သံမဏိစက်ရုံမှာ အလုပ်ဝင်တယ်။ သူဌေးက ကျနော်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ဗီဇာပါမစ် နေထိုင်ခွင့် စတေကာ ကပ်မပေးဘူး။ တာဝန်မယူနိုင်ဘူးပေါ့။ ပြီးတော့ တခြားစက်ရုံတခုကို ရွှေ့ပေးတယ်။ အဲ့ဒီမှာ တနေ့ (၁၈) ရင်းဂစ်ပဲရတယ်၊ အိုဗာတိုင်မရှိဘူး။ မလေးရှားလူဝင်မှုက ထုတ်ပေးတဲ့ (visit pass) တလက ကုန်တော့မယ်။ ဒါနဲ့ ရန်ကုန်ကို ပိုက်ဆံလှမ်းမှာပြီး ပြန်လာခဲ့တယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများမှ ၎င်းတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးနေရသည့်အပေါ် ချိတ်ဆက်ထားသော ပြည်ပအေဂျင်စီများ၊ ပြည်တွင်းရှိ လိုင်စင်ရအကျိုးဆောင်အေဂျင်စီများထံ ဆက်သွယ်ခဲ့သော်လည်း ထိရောက်သော ကူညီပံ့ပိုးမှုများ မရရှိကြကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူများအနက် တရားမ၀င်လာရောက်သူများ၊ မြန်မာနိုင်ငံကူးလက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ဗီဇာ မရှိသူများနှင့် မိမိဆန္ဒအလျောက် အလုပ်ကူးပြောင်းသူများသည် အလုပ်ရှင်များက တာဝန်ယူခြင်း မရှိသောကြောင့် အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ယခင်က မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံအခြေစိုက် နယ်စည်းမခြားအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာအလုပ်သမားများလည်း ရှိကြောင်း သိရသည်။
ပြည်တွင်းအေဂျင်စီ၏ စာချုပ်ပါလစာနှင့်မကိုက်ညီခြင်းကြောင့် မိမိသဘောနှင့်အလုပ်ထွက်ကာ တရားမ၀င် (အောက်လမ်း) မှ ပြည်တွင်းပြန်ဝင်လာသူ လူငယ်တဦးက “မလေးရဲကို ရင်းဂစ် (၇၅၀) ပေးလိုက်ရင် သူတို့က ကားကြုံနဲ့ ထိုင်းနယ်စပ် မဟာချိုင်ကို ပို့ပေးတယ်။ အဲ့ဒီကမှ ထိုင်းအချုပ်ခန်းမှာ တညအိပ်၊ နောက်နေ့ညနေမှာ နယ်စည်းမခြားအဖွဲ့က (Express) ကားကြီးတွေနဲ့ တင်ခေါ်သွားတယ်။ ကျနော်တို့အသုတ်မှာ အမျိုးသမီး၊ အမျိုးသား (၂၈၀) ပါတယ်။ စရိတ်စက အားလုံး နယ်စည်းမခြားက တာဝန်ယူတယ်။ မဟာချိုင်က ညနေ (၆) နာရီ ကားထွက်တယ်၊ မဲဆောက်ကို နောက်တနေ့ညနေ (၄) နာရီရောက်တယ်။ မဲဆောက်ရဲစခန်းကိုဝင်၊ အဲ့ဒီကမှ လှေနဲ့ ကိုးသုံးလုံး ဒီကေဘီအေဂိတ်ကို ပို့ပေးတယ်။ (၁) ယောက်ကို ဘတ် (၂၅၀) ပေးရတယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ပြည်ပလုပ်သားခေါ်ယူမှု လျှော့ချခြင်း၊ ပြည်ပလုပ်သားခေါ်ယူခန့်ထားမှု ဥပဒေတင်းကျပ်လိုက်ခြင်း တို့ကြောင့် မလေးရှားနိုင်ငံရောက် ကန့်သတ်မှုမဲ့ အလုပ်သမားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် နေထိုင်ခွင့် သက်တမ်းလွန် လုပ်သားများကို အောက်တိုဘာလကုန် အပြီးနှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

အဆိုပါအလုပ်သမားက ၎င်းသည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ရန် ကိုယ်ရေးအချက်အလက်များ ပေးပြီးသည့်နောက်ပိုင်း ကရင်ပြည်နယ်လှိုင်းဘွဲ့ရှိ ၎င်း၏မိဘများနေအိမ်သို့ ရဲနှင့်စစ်တပ်မှ လာရောက်ခြိမ်းခြောက်ပြီး ငွေကျပ် (၁) သိန်း တောင်းခဲ့သည့်အတွက် လက်မှတ်မလုပ်ရန် မိဘများက အကြောင်းကြား ခဲ့ကြောင်း ပြောကြားခဲ့သည်။ အလားတူဖြစ်ရပ်မျိုး ကရင်ပြည်နယ်အတွင်းရှိ နေရပ်ဒေသ အချို့၌လည်း ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမား အချို့က ပြောသည်။
ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “လာအိုနဲ့ ကမ္ဘောဒီးယားလို စနစ်မျိုးလုပ်သင့်တယ်။ နောက်ပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးရမယ်။ အလုပ်သမားတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ပြန်လည်တည်ဆောက်ရမယ်။ အဲလိုမှ မလုပ်ရင်တော့ ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ဘူး” ဟု ပြောသည်။
မဲဆောက်မြို့ရှိ အိုမီဂါ အထည်ချုပ်စက်ရုံမှ မြန်မာမန်နေဂျာတဦးက “အလုပ်ရှင်အများစုကတော့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်မှာကို မပြောနဲ့ ထိုင်းအလုပ်သမား မှတ်ပုံတင်လုပ်တာတောင် မကြိုက်ကြဘူး။ ကျနော်တို့ စက်ရုံမှာဆိုရင် အလုပ်သမားပေါင်း (၁,၀၀၀) နီးပါးရှိတယ်။ သူတို့ အများဆုံး တနေ့ ဘတ် (၈ဝ) ပဲရတယ်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး တနေ့ လုပ်အားခက (၁၅၁) ဘတ် ဖြစ်တယ်ဆိုတော့ အလုပ်ရှင်က အလုပ်သမားတယောက်အပေါ်မှာ တနေ့ဘတ် (၇ဝ) အမြတ်ရတယ်။ လူ (၁,၀၀၀) ဆိုတော့ တလကို (၂၁) သိန်း အနည်းဆုံးရတယ်။ တရားမဝင်အလုပ်သမား အသုံးပြုတဲ့အတွက် ဆိုင်ရာကို ပေးကမ်းရတာ အလွန်ဆုံးတလ (၁) သိန်းပဲ။ ဒါကြောင့် အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားတွေကို ပိုကြိုက်ကြတာဖြစ်တယ်”ဟု ရှင်းပြသည်။
မနက်ပိုင်းအစီအစဉ်
Audio