Saturday 27 February 2010

အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီးစိုးရိမ်

မျိုးချစ်သူ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပေါ်လာမည်ကို အလုပ်သမားဝန်ကြီးက စိုးရိမ်ပူပန်နေကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးမှ သိရသည်။
ယခုအခါ ရန်ကုန်တွင် အလုပ်သမားများဆန္ဒပြမှုမှာ လွန်ခဲ့သော၂၀၀၉ ခုနှစ် နှောင်းပိုင်းမှစ၍ ဆက်တိုက်ဖြစ်ပေါ်လာနေသည့် အတွက် ယင်းသို့ စိုးရိမ်ခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “၀န်ကြီးကတော့ တော်တော်စိုးရိမ်နေတာ။ ကျနော်တို့ကိုလည်း အလုပ်သမားနဲ့ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ လုံခြုံရေး မလုပ်ဖို့ပြောတယ်။ သူဆိုလိုတာက ဖမ်းဆီးတာတို့ ဘာတို့ပေါ့” ဟု ပြောသည်။
သို့သော် အလုပ်သမားများနှင့် ပတ်သက်သော လခတိုးမြှင့်ခြင်းကိစ္စတို့ကို ညှိနှိုင်း၍သာ ဆောင်ရွက်ကြရန် ၀န်ကြီးက မှာကြားကြောင်း သိရသည်။
လှိုင်သာယာတွင် ဆန္ဒပြရာ၌ ပါဝင်သော အလုပ်သမားတဦးကမူ ၎င်းတို့အား လခတိုးပေးသည်ကို ကြိုဆိုကြောင်း၊ သို့သော် အလုပ်သမားများအား ရာထူးအလိုက် လခတိုးပေးမည့်ကိစ္စကို ခွဲခြားသတ်မှတ်ပေးမှုမျိုး လုပ်စေချင်သည်ဟု ပြောသည်။
၎င်းက “ဒါကို ဘယ်သူက လုပ်ပေးနိုင်မလဲ၊ ဒါကိုသိချင်တယ်။ အလုပ်သမားတွေ လခတိုးတောင်းတဲ့ကိစ္စ ဘယ်လို ငွေရှင်ကြေးရှင်တွေကမှ နှစ်သက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ စားဝတ်နေရေးအတွက် ကျနော်တို့ အလုပ်သမားတွေက အောက်မှာပဲနေရတဲ့ ဘ၀ပါ။ ဆန္ဒပြတာကိုတော့ လူမြင်တာပေါ့ဗျာ” ဟု ပြောသည်။
ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အလုပ်သမားများက လုပ်အားခတိုးမြှင့်တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလထိ နောက်ဆက်တွဲဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ပါက ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။
“ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေတာကို သတင်းစာတွေမှာ တွေ့ရတယ်။ အခုလို အလုပ်သမားတွေ မတည်မငြိမ်ဖြစ်နေရင် အဲဒီရွေးကောက်ပွဲမှာ ထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ အမှန်ဆိုရင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို လုပ်တဲ့အခါ လူထုအနေနဲ့ စိတ်ဝင်တစားဖြစ်နေပြီးတော့ တကယ့်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်လေ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်နေ့က လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံမှ အလုပ်သမား (၁ဝဝ) ခန့်နှင့် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သမား (၁,၈၀၀) ခန့်က လုပ်အားခတိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ခဲ့သည်။
ထို့အပြင် ယခုဖေဖော်ဝါရီလ (၈၊ ၉၊ ၁ဝ) ရက်နေ့တို့တွင် လှိုင်သာယာစက်မှုဇုန် (၃) ရှိ မြဖက်ရှင်အထည်ချုပ်စက်ရုံနှင့် Taiyi ဖိနပ်ချုပ်စက်ရုံ၊ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ) တို့မှ အလုပ်သမား (၂,ဝဝဝ) ကျော်တို့က ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) နှင့် (၁၇) ရက်နေ့ကလည်း အင်းစိန်မြို့နယ်အတွင်းမှ SKY အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြကြရာ လစာကျပ် (၅,၀၀၀) တိုးပေးမည်ဟူသော အလုပ်ရှင်၏သဘောတူမှုကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံသို့ >>

တောင်ဒဂုံ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ

မင်းသက် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ် 

ရန်ကုန် (မဇ္ဈိမ)။     ။ လုပ်ခတိုးမြှင့်ပေးရန်အတွက် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် စက်မှုဇုန် ၁ ရှိ ပြုံးပန်းတရာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁ဝဝ ခန့် ယမန်နေ့က ဆန္ဒပြခဲ့သည်။ အလုပ်ရှင်နှင့် ညှိနှိုင်းရာ ပြေလည်မှု ရရှိခဲ့ကြောင်း  တောင်ဒဂုံ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး အရာရှိတဦးက ပြောသည်။
''ဘယ်လို လခနှုန်း တိုးပေးတယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိလိုက်ကြတာပါ'' ဟု သူက ပြောသည်။
ရန်ကုန်ရှိ စက်မှုဇုန်များ တည်ရှိသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်၊ သကြားလုံး၊ သားရေ စသည့် စက်ရုံများနှင့် အင်းစိန်မြို့နယ် Lion City အထည်ချုပ် စက်ရုံရှိ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် ၎င်းတို့ ရပိုင်ခွင့်အတွက် ၈ ကြိမ်ထက်မနည်း ဆန္ဒပြခဲ့ရာ၊ အလုပ်သမားပေါင်း တသောင်းခန့် ပါဝင်ဆန္ဒပြခဲ့သည်။
အပြည့်အစုံသို့ >>

Thursday 25 February 2010

ထိုင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံသား စိစစ်ရေးလျှောက်လွှာ ပိတ်ရက် တလတိုး

24 February 2010 VOA

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမား မှတ်ပုံတင်ရမယ့် သတ်မှတ်ရက် ကုန်ဆုံးခါနီးတဲ့ အချိန်မှာ ဘယ်လို မှတ်ပုံတင်ကြရမယ် ဆိုတာတွေကို ထိုင်းအာဏာပိုင်တွေဘက်က အလုပ်သမားတွေ နားလည် သဘောပေါက်အောင် အချိန်မီ ရှင်းပြနိုင်ခြင်း မရှိတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ အကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းအစိုးရရဲ့ တရားဝင် သတ်မှတ်ထားတဲ့ရက် နီးကပ်လာတာနဲ့အမျှ လိုအပ်တဲ့ သတင်းအချက်အလက်တွေ မရနိုင်ဘဲ ဖြစ်နေတဲ့ အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစောပိုင်းတုန်းကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမား မှတ်ပုံတင် သက်တမ်းတိုးရမယ့် ရက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ကြရမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အလုပ်သမား မှတ်ပုံတင်အပြင် မိမိ ဘယ်နိုင်ငံသားဖြစ်တယ် ဆိုတာကို ဖော်ပြမယ့် နိုင်ငံသား စိစစ်ရေးကတ်ပြား အတွက်လည်း မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံ တပါတည်း တင်ရမယ်ဆိုတဲ့ သတင်း ထွက်လာတာကြောင့် အလုပ်သမားတွေအကြား နားလည်မှုလွဲစရာ၊ နားရှုပ်စရာ ဖြစ်သွားစေခဲ့တာပါ။
နောက် တဘက်မှာလည်း ထိုင်းအစိုးရက ထိပ်ပိုင်းမှာ အခုလို ချမှတ်လုပ်ဆောင်နေတဲ့ ပေါ်လစီ အသစ်တွေကို အလုပ်သမားတွေကြား အချိန်မီရောက်အောင် မဖြန့်ပေးနိုင်တာတို့၊ ကန့်သတ်ရက်က အရမ်းကို တိုလွန်းနေတာ တို့ကြောင့်လည်း အလုပ်သမားတွေ အနေနဲ့ ဒါကို အချိန်မီ ဆောင်ရွက်နိုင်ဖို့ အခက်အခဲ တွေ့နေကြတာပါ။
အခုလို ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေတာကို အတတ်နိုင်ဆုံး သဘောပေါက်နိုင်အောင်လို့ အလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတဲ့ Migrant Justice Programme ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားမျှတရေး စီမံကိန်းက စမွတ်စာခွန် နယ်မြေတာဝန်ခံ ကိုစိန်ဋ္ဌေးကို မေးကြည့်ခဲ့ပါတယ်။
“မှတ်ပုံတင် သက်တမ်းတိုးတဲ့ ကိစ္စကတော့ ၂၈ ရက်နေ့ နောက်ဆုံး၊ အဲဒါတော့ ဟုတ်တယ်။ ခုနပြောတဲ့ တလတိုးပေးတယ် ဆိုတာက မှတ်ပုံတင်တဲ့ အခါကျရင် နိုင်ငံသား စိစစ်ရေး လုပ်တဲ့ဖောင်၊ အဲဒီဖောင်ကိုလည်း တွဲပြီး ဖြည့်ရမယ်။ အဲဒါမှ မှတ်ပုံတင် ပေးမယ်။ ဆိုတော့ အခု တိုးပေးတယ်ဆိုတာ အဲဒီ ဖောင်ဖြည့်တဲ့ ကာလကိုပဲ တိုးပေးတာ။ မှတ်ပုံတင်တဲ့ ကာလကတော့ ၂၈ ရက်နေ့ နောက်ဆုံးပါပဲ။
“ဥပမာ အလုပ်သမားတယောက် မှတ်ပုံတင် သက်တမ်းသွားတိုးမယ် ဆိုရင် သူက နိုင်ငံသား စိစစ်ရေးဖောင်ပါ တခါတည်း တွဲပြီး တင်ရတယ်။ ဖောင်မပါရင် သူက သက်တမ်း တိုးမပေးဘူး။ အခု ဖောင်မပါလည်း တိုးလို့ရတယ်။ ဒါပေမဲ့ ၃ လပိုင်း ၃၁ ရက်နေ့ အတောအတွင်းမှာတော့ အဲဒီဖောင်ကို သွားပို့ပေးရမယ်။ တကယ်လို့ ဖောင် သွားမပို့ရင် ခုန သက်တမ်းတိုးထားတဲ့ဟာကို ပြန်ပြီး ပယ်ဖျက်မယ်၊ အဲဒီလိုပြောတာပါ။”
တကယ်တော့ ထိုင်းအစိုးရ ထိပ်တန်း အရာရှိတွေ ကြားမှာကိုက ဒီကိစ္စကို အမျိုးမျိုး ပြောဆိုနေကြတာ ဖြစ်ပါတယ်။
“ထိုင်းအလုပ်သမား ၀န်ကြီးက မီဒီယာတွေနဲ့ အင်တာဗျူးလုပ်တဲ့ အခါကျတော့ သူက ၂၈ ရက်နေ့ကို နောက်ဆုံးဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့ထပ်ပြီးရတဲ့ သတင်းအချက်အလက်က သူတို့က လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကတည်းက ဌာနတွင်းဆိုင်ရာ ညွှန်ကြားချက် ပုံစံမျိုး ထုတ်ထားတာပေါ့။
“အဲဒီထဲမှာ ဘယ်လိုပါလဲဆိုတော့ နိုင်ငံသား စိစစ်တဲ့ ဖောင်တွေကို အလုပ်သမားတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ အပြီးတင်ရမယ် ဆိုတဲ့ဟာကို သူက ထပ်ပြီး တလ တိုးလိုက်တယ်။ မတ်လ ၃၁ ရက်နေ့ထိ တိုးလိုက်တယ် ဆိုပြီးတော့ ဌာနတွင်း ညွှန်ကြားလွှာ ထုတ်ထားတာ တွေ့ရတယ်။ အလုပ်သမား ၀န်ကြီးဌာနက အရာရှိတယောက်ကတော့ ၃၁ ရက်နေ့အထိ တိုးထားပေးတယ်ဆိုတာ ပြောသွားပါတယ်။”
အခု ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ အလုပ်သမား မှတ်ပုံတင် သက်တမ်းဟာ အရမ်းကပ်လွန်းတာကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒီကန့်သတ်ရက်ကို သက်တမ်း ထပ်တိုးပေးသင့်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားမျှတရေး စီမံကိန်း ညွှန်ကြားရေးမှူး အန်ဒီ ဟောလ် (Andy Hall) က ပြောပါတယ်။
“ဒီကိစ္စကို သက်တမ်းတိုးပေးဖို့ လိုနေတယ် ဆိုတာကတော့ သေချာပါတယ်။ သက်တမ်းတိုးပေးဖို့က အရမ်း အရေးကြီးပါတယ်။ အလုပ်သမား ၀န်ကြီးဌာနက တလ သက်တမ်းတိုးပေးမယ်ဆိုလည်း ကျနော်တို့ ၀မ်းသာပါတယ်။ ဒါပေမဲ့ တလဆိုတာကတော့ အလုပ်သမားတွေ နားလည်လာအောင် လုပ်ပေးဖို့အတွက် အချိန်က တိုလွန်းပါသေးတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ တိကျပြတ်သားတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒီ သတင်းအချက်အလက်တွေ အလုပ်သမားတွေထံ အချိန်မီရောက်အောင် လုပ်ပေးဖို့ လိုပါတယ်။”
ထိုင်းအစိုးရ အနေနဲ့ အလုပ်သမား မှတ်ပုံတင်ရက် သက်တမ်းတိုးပေးဖို့နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က မနေ့ အင်္ဂါနေ့တုန်းကပဲ တောင်းဆိုထားပါသေးတယ်။
ထိုင်းအစိုးရက အခုချမှတ်ထားတဲ့ ပေါ်လစီအသစ် အရကတော့ အလုပ်သမားသက်တမ်း တိုးဖို့အတွက် ဖောင်တခုနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားအတွက် ဖောင်တခု၊ စုစုပေါင်း ၂ ခု ဖြည့်ကြရမှာဖြစ်ပြီး ဖောင်တွေကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ် ဘာသာတွေနဲ့ ထုတ်ဝေထားတာ တွေ့ရပါတယ်။ ဒီဖောင်တွေဖြည့်ဖို့ အခက်အခဲ ရှိတယ်၊ အကူအညီ လိုအပ်တယ် ဆိုရင်တော့ မိမိတို့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ NGO အဖွဲ့အစည်းတွေ၊ နီးစပ်ရာ ဘာသာစကား တတ်ကျွမ်းသူတွေထံ အကူအညီ တောင်းသင့်ကြတယ်လို့ ကူညီလုပ်ဆောင် ပေးနေသူတွေက ပြောပါတယ်။ ဒီဖောင်တွေ ဖြည့်ဖို့အတွက်တော့ ထိုင်းဘတ်ငွေ ၃,၈၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်

ဝီရ/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ ခေတ်ပြိုင်

ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။ “ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလုပ်သမားများအပေါ် လူ့အခွင့်အရေးနှင့် ကျိုးကြောင်းမညီညွတ်သည့် ဥပဒေများကို ထိုင်းအစိုးရအနေဖြင့် ယခုအချိန်တွင် ဖျက်သိမ်းသင့်ပြီဖြစ်ကြောင်း HRW ၏ အာရှရေးရာ ဒါရိုက်တာ ဘရက် အာဒမ်စ်က ပြောကြားထားသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လျှောက်ထားခြင်းမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ယခုလကုန်တွင် ဖမ်းဆီးကာ နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ၏ကြေညာချက်ကြောင့် အလုပ်သမားများအနေဖြင့် ရပ်တည်ရန် ပိုမိုခက်ခဲကြလိမ့်မည်ဟုလည်း ၎င်းက ပြောဆိုသည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို တရားမျှတစွာ အကာအကွယ်ပေးနိုင်သည့်အချိန်မှသာ ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ်ကိစ္စကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု ဘရက် အာဒမ်စ်က အစီရင်ခံစာတွင် တင်ြပထားသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား (၂) သန်းမှ (၄) သန်းအထိ ရှိရာ၌ (၈၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စရိတ်မှာ ထိုအလုပ်သမားတို့၏ လုပ်ခ (၂) လစာ၊ (၃) လစာအထိ ရှိနေသည့်အတွက် ပြုလုပ်ကြရန် ခက်ခဲကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းသွားနိုင်သောကြောင့် ပြန်ပို့ရန် မဖြစ်နိုင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့တို့က ခန့်မှန်းကြသည်။
“ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အများကြီး မှီတည်နေရပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု အန္တရာယ်ကနေ သူတို့အတွက် ကာကွယ်ပေးနေတာက တကယ့်ကို အနည်းအကျဉ်းသာ လုပ်ပေးပါတယ်” ဟု HRW အဖွဲ့မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဘရက် အာဒမ်စ်က ပြောကြားသည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်များ၊ ဝန်ထမ်းများ၊ စီးပွားရေးသမားများက ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုများ လုပ်နေသည်ကို အဆုံးသတ်နိုင်စေရန် ထိုင်းအစိုးရအနေဖြင့် ကြိုးပမ်းသင့်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် နယ်စပ်မြို့တမြို့ ထပ်တိုး

ဝီရ/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ ခေတ်ပြိုင်

လုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာစေရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် နှစ်ဖက်နိုင်ငံမှ အာဏာပိုင်တို့က စီစဉ်နေကြောင်း မြန်မာဘက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ ဝန်ထမ်းတဦးက ပြောသည်။ ၎င်းက “မနက်ဖြန် (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့ လကုန်တဲ့အထိ ရှေ့ဆက်မယ့်လုပ်ငန်းအတွက် ဆွေးနွေးကြတယ်။ အဲဒါမှာ ဘန်ကောက်မြို့နဲ့ အနီးဆုံးနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာလည်း ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးဖို့ အခု စီစဉ်နေပါတယ်။ နောက်လမှာ စဖို့ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘန်ကောက်မြို့မှ ကီလိုမီတာ (၃၀၀) နီးပါးသာ ကွာဝေးသော ဘုရားသုံးဆူမြို့တွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ရုံးဖွင့်လှစ်ပေးပါက အလုပ်သမားများအတွက် ခရီးကြန့်ကြာမှု လျော့ကျသွားကာ လုပ်ငန်းစဉ်ကိုလည်း ပိုမို မြန်ဆန်လာစေကြောင်း လဝက ဝန်ထမ်းက ဆက်လက်ပြောကြားသည်။
နှစ်ဖက်နိုင်ငံမှ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ဘုရားသုံးဆူမြို့တွင် မြန်မာရဲ၊ စစ်တပ်၊ စရဖနှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တို့၏ ဂိတ်ပေါက်ငယ်များမှတဆင့် ဖြတ်သန်းသွားလာနိုင်သည်။
ဘုရားသုံးဆူမြို့၌ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် စီစဉ်နေကြောင်း နယ်စပ်မှ မွန်ပြည်သစ်ပါတီ အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ဘန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ သိန်းချီသော မြန်မာအလုပ်သမားများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။
“ရေလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ မဟာချိုင်နဲ့ ဘန်ကောက်တဝိုက်က မြန်မာအလုပ်သမားတွေအတွက် မြဝတီနဲ့ ကော့သောင်းထက်စာရင် ဒီဘုရားသုံးဆူမှာ လာလုပ်လို့ရရင် ခရီးသိပ်မကြာဘူး၊ ပိုမြန်လာမယ်ဆိုပြီး ဘုရားသုံးဆူနယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့နဲ့ နှစ်ဖက် အာဏာပိုင်တွေက ဆွေးနွေးပြီးတော့ ဒီနယ်စပ်မြို့မှာလည်း ဖွင့်ဖို့ဖြစ်လာတာ” ဟု ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသည် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ရှိ ဘုရားသုံးဆူမြို့ကို ထက်ဝက်ပိုင်းခြားထားကာ တဖက်တွင် မြန်မာနိုင်ငံပိုင်နက်ဖြစ်ပြီး တဖက်တွင် ထိုင်းနိုင်ငံပိုင်နက်ဖြစ်သည်။
လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးရာ ရုံးများကို ကော့သောင်းမြို့၊ မြဝတီမြို့နှင့် တာချီလိတ်မြို့တို့တွင် မြန်မာဘက်က ဖွင့်လှစ်ထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်ရှိသူ မြန်မာနိုင်ငံသား (၁) သန်းကျော်တွင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်ထားသူပေါင်း (၄) သောင်းကျော်သာ ရှိသေးပြီး ၎င်းတို့အနက် အုပ်စု (၂) စုခွဲကာ ၂၀၁၀ ခုနှစ်အတွင်း ပထမ (၆) သိန်း၊ နောက်နှစ်တွင် ဒုတိယ (၆) သိန်းကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသွားရန် လွန်ခဲ့သည့် သီတင်းပတ်က ပုဂံမြို့တွင် နှစ်ဖက် အလုပ်သမားဝန်ကြီး ကိုယ်စားလှယ်တို့က ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
၂၀၀၉ ခု ဇူလိုင် (၁၅) ရက်နေ့က စတင်ထုတ်ပေးခဲ့သည့် ယာယီ နိုင်ငံကူးလက်မှတ်သည် မြန်မာဘက်၌ ကျပ်ငွေ (၃) ထောင်၊ ထိုင်းဘက်၌ ဘတ်ငွေ (၅၀၀) ကုန်ကျကာ စာအုပ်သက်တမ်း (၃) နှစ်ရှိသည်ဟု မြန်မာအာဏာပိုင်တို့က ကြေညာထား သော်လည်း နယ်စပ်သို့သွားရောက်ရန် လမ်းခရီးစရိတ်သည် ထိုင်းဘတ်ငွေ (၈,၀၀၀) မှ (၁၀,၀၀၀) အထိ ထပ်မံကုန်ကျမည် ဖြစ်သည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမားများ တွန့်ဆုတ်ရခြင်း အကြောင်းအရင်းများအနက် စစ်အစိုးရ အာဏာပိုင်တို့ကို ယုံကြည်မှုမရှိခြင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များကို တိကျစွာ ပေးထားရခြင်း၊ လုံခြုံရေးအတွက် စိုးရိမ်ရခြင်း၊ နောက်ဆက်တွဲ အခွန်ကောက်ခံမည်ကို စိုးရိမ်နေခြင်းနှင့် တရားဥပဒေပိုင်းဆိုင်ရာ နားလည်မှု မရှိခြင်းတို့က အဓိကကျနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

ထိုင်းအလုပ်သမားတွေ အခွင့်အရေးဆုံးရှုံး

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2010 - 16:35 GMT  BBC
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူအဖွဲ HRW ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ်ဘောဒီးယား၊ လာအို နိုင်ငံတို့ကနေ လာရောက်တဲ့ ရွှေပြောင်းအလုပ်သမား ဆယ့်နှစ်သိန်းကျော်ရှိရာမှာ ဆယ်သိန်းလောက်က မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပါတယ်။
မြန်မာအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားတွေဟာ ရဲနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ လူသတ်တာတွေစတဲ့ နည်းမျိုးစုံနဲ့ မတရားပြုမူတာတွေကို ခံနေရတယ်လို့ HRW ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥပဒေမဲ့ မတရားပြုမူတာတွေကို ဖော်ထုတ်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းသင့်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ထိုင်းနိုင်ငံ ဖန်းင၊ ဖူးခက်၊ ရနောင်း၊ ရီရောင်း၊ ဆူရတ်သနီ ခရိုင်တွေက ထုတ်ပြန်ထားတဲ့ အမိန့်တချို့ဟာလည်း အလုပ်သမားအခွှင့်အရေး တွေကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ မိုဘိုင်းတယ်လီဖုန်းမကိုင်ရ၊ မော်တော်ဆိုင်ကယ်မစီးရ၊ ကားမမောင်းရ၊ ငါးယောက်ထက်ပိုမစုဝေးရ ဆိုတဲ့ အမိန့်တွေဟာ အလုပ်သမား အခွင့်အရေးသာမက လူ့အခွင့်အရေးကိုပါ ချိုးဖောက်နေတယ်လို့ရေးသားထားပါတယ်။

အလုပ်သမားတွေ အနေနဲ့ ကိုယ့်အခွှင့်အရေးကိုယ်ကာကွယ်ဖို့အတွက် အလုပ်သမားသမဂ္ဂတွေ လွှတ်လွှတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးဖို့လည်း အစီရင်ခံစာမှာ အကြံပြုတင်ပြထားပါတယ်။
အပြည့်အစုံသို့ >>

မဲဆောက့် မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် စာရင်းပေး

သူရိန်စိုး ၂၃ ဖေဖော်ဝါရီ ၂၀၁၀ DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမား အများအပြား ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ စာရင်းပေးနေကြပါ တယ်။ မဲဆောက်ဈေးထဲနဲ့ မြန်မာတွေအနေများတဲ့ ရပ်ကွက်တွေက နေထိုင်ခွင့် လက်မှတ်မရှိတဲ့ အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေ မနေ့က ၀င်ရောက်ဖမ်း ဆီးလိုက်ပြီးနောက် ဒီနေ့မနက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ်မှာ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ဖို့ စာရင်းပေးတဲ့ အလုပ်သမားတွေနဲ့ ပြည့်ကျပ်သွားတယ်လို့ တွေ့ခဲ့သူတဦးက ပြောပါတယ်။
“တံတားထိပ်မှာ စာရင်းလာပေးတဲ့လူတွေအများကြီး ပြည့်ကျပ်နေတာပဲ၊ အဖွဲ့လိုက်အဖွဲ့လိုက်။ တဖွဲ့ကို ၅၀။ ၆၀။ ရင်ဘတ်မှာ ဆေးရုံကတ်ပြားလေးတွေ ဆွဲ ထားပြီးတော့ နောက်ထပ် အလုပ်ရုံတွေကနေ လာတဲ့လူတွေကလာ သွားတဲ့လူတွေ ကသွားနဲ့ အများကြီးပဲ” လာမယ့် ၂၈ ရက်နေ့ကို မြန်မာအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ နောက်ဆုံးရက်သတ်မှတ်ထားပြီး တဖက်မှာလည်း ဖမ်းဆီးမှုတွေ များလာတာကြောင့် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ စာရင်းပေးသူတွေ များလာ တာပါ။ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညွီတ်ရေးအဖွဲ့ တာဝန်ခံ ဦးသံဒုတ်ကတော့ အစက အလုပ်သမားတွေ နိုင်ငံကူးလက်မှတ်မလုပ်ကြတာဟာ ပိုက်ဆံအခက်အခဲနဲ့ အလုပ်ရှင်တွေကိုယ်တိုင်က နိုင်ငံကူးလက်မှတ်လုပ် ရမယ့် ကိစ္စမှာ တက်တက်ကြွကြွမရှိတာကြောင့်လို့ သုံးသပ်ပါတယ်၊ “ထိုင်းအစိုးရအနေနဲ့ ခုထိတော့ ပေါ်လစီပြောင်းမပေးတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီတော့ ၂၈ ရက်နောက်ပိုင်းမှာ အလုပ်သမားအားလုံးက ယာယီပတ်စ်ပို့ လုပ်ရမယ်ဆိုတော့ တော်တော်များများမှာက ငွေကြေးမရှိတဲ့အတွက် လုပ်ဖို့ ခက်ခဲ တာရယ်၊ “နောက်တခုက လုပ်ငန်းရှင်တွေကိုယ်တိုင်က အလုပ်သမားတွေကို ပတ်စ်ပို့ လုပ်ပေးဖို့ တက်တက်ကြွကြွနဲ့ တိုက်တွန်းခြင်း မရှိတာပဲ၊ လုပ်ငန်းရှင်တွေက ဦး ဆောင်ပြီး လုပ်ပြရမှာ၊ “ ဒီ ၂၈ ရက်နောက်ပိုင်းမှာဆို အလုပ်သမားတွေ ပိုပြီးအခက် အခဲတွေ့မယ်၊ ဖမ်းတာဆီးတာတွေကို ရင်ဆိုင်ရမယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေ ပိုကြုံတွေ့ လာရမယ်၊ မြန်မာအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်လုပ်တဲ့အရေးမှာ ကြန့်ကြာနေတဲ့ နောက်တချက်ကတော့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို မြန်မာအာဏာပိုင်တွေဆီကို ပေးရတဲ့ကိစ္စပါ။ လုပ်ငန်းရှင်က ဦးဆောင်ပြီး အလုပ်သမားတွေအတွက် ပတ်စ်ပို့လုပ်မယ့် လျှောက်လွှာပုံစံဖြည့်ပြီး အလုပ်သမားရှာဖွေရေးရုံးကို သွားပြီးဆောင်ရွက်ပေး အောင် အလုပ်ရှင်တွေကို အလုပ်သမားတွေက တိုက်တွန်းသင့်တယ်လို့ ဦးသံဒုတ် က အကြံပြုတိုက်တွန်းပါတယ်၊ “ အဲဒီလိုမှ ဖောင်မဖြည့်ဘူးဆိုရင် အလုပ်သမားတွေအနေနဲ့ သက်တမ်းကုန် ဆုံးသွားပြီး တရားမ၀င်အလုပ်သမားတွေ ဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောတွေ ကျနော်တို့သိရှိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေကိုတိုက်တွန်းပါ၊ လုပ်ငန်း ရှင်တွေက လုပ်မပေးဘူးဆိုရင် အလုပ်သမားရှာဖွေရေးဌာနကို သွားပြီးတော့ လုပ်ငန်းရှင်က လုပ်မပေးတဲ့အကြောင်းကို တရားဝင် အသိပေးအကြောင်း ကြားသင့်တယ်၊ ထိုင်းအစိုးရအနေနဲ့လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ပြေလည် စေချင်တယ်ဆိုရင် အလုပ်သမားရေးရာကျွမ်းကျင်သူတွေ။ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ။ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသင့်တယ်လို့လည်း ဦးသံဒုတ်က ပြောပါတယ်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်

23 February 2010 VOA

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ဖို့ ကန့်သတ်ရက် နီးလာနေတဲ့ အချိန်မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်ရက် တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်တဲ့အပြင် ဒီရွှေ့ပြောင်းအလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အပေါ်မှာလည်း မီးမောင်းထိုး ပြသခဲ့ပါတယ်။
 
ဒီအကြောင်းနဲ့ ပတ်သက်လို့ Human Rights Watch အဖွဲ့က တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျားရဲတွင်းဆီက မိကျောင်းတွင်းဆီသို့ (From the Tiger to the Crocodile) လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် ဒီအလုပ်သမားတွေက တွင်တွင်ကျယ်ကျယ် ပံ့ပိုးပေးနေပေမဲ့ ဒီအလုပ်သမားတွေကို ကန့်သတ်မှုတွေ ပါဝင်တဲ့ နိုင်ငံသား စိစစ်ရေး လုပ်ခိုင်းပြီး ဒီစိစစ်ရေးလုပ်ငန်းမှာ မပါဝင်သူတွေကို ဒီလကုန်မှာ နောက်ဆုံးထားပြီး ပြန်ပို့ဖို့အတွက် ထိုင်းအစိုးရက စီစဉ်နေတာမို့ ဒါဟာ ဆိုးသထက်ဆိုးအောင် လုပ်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ အစီရင်ခံစာ ရေးသားတင်သွင်းတဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်ဆန် (Philip Robertson) က ပြောပါတယ်။
“ထိုင်းစကားပုံတခု ရှိပါတယ်။ သေဘေးရင်ဆိုင်နေရသူ သေဘေးက လွတ်အောင် ပြေးကာမှ ပိုဆိုးတဲ့ အနေအထားကို ရောက်သွားတာပါ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ်ပါ။ ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေက ဒီလိုအဖြစ်မျိုးလို့ ကျနော်တို့ ယုံကြည်ပါတယ်။”
ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံကို ခံနေကြရပေမဲ့ ဒီပြစ်မှု ကျူးလွန်နေသူတွေကိုတော့ အရေးယူတာမျိုး သိပ်ကိုရှားပါးတယ်လို့လည်း ပြောပါတယ်။
“ထိုင်းနိုင်ငံရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ဘေးမဲ့ပေးထားတာတွေ၊ အရေးမယူတာတွေ တွေ့ရပါတယ်။ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက လာပြီး အလုပ်လုပ်နေသူတွေရဲ့ အမှုတွေကို လေ့လာကြည့်တဲ့အခါမှာ အရပ်ထဲမှာ သူတို့ နေထိုင်နိုင်ရေးက သိပ်မလွယ်တာကို တွေ့ရပါတယ်။ သူတို့ကို ခြောက်လှန့်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ငွေညှစ်တာတွေ တော်တော်များများ ခံနေကြရပေမဲ့ ဒီလိုကျူးလွန်တဲ့ သူတွေကို အရေးယူတာမျိုးကလည်း သိပ်မရှိပါဘူး။”
ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေသူတွေထဲက လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေအတွက် သူတို့နိုင်ငံက တာဝန်ရှိသူတွေ လာရောက် စိစစ် ဆောင်ရွက်ပေးပေမဲ့ မြန်မာနိုင်ငံသားတွေ အတွက်တော့ နိုင်ငံသား စိစစ်ရေး လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံကို ပြန်ရတာမို့ သူတို့အတွက် အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီလို ပြန်ပြီးပို့ခဲ့ရင် လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံနဲ့ ကြုံရနိုင်တယ်လို့လည်း ဆိုပါတယ်။
“ဒီနိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ကို နားလည်အောင် ရှင်းပြပေးတာမျိုး သိပ်မရှိပါဘူး။ သူတို့ဘက်ကကြည့်ရင် ထိုင်းအစိုးရရဲ့ အစီအစဉ်က သိပ်ရှုပ်ထွေးပြီး စရိတ်စက သိပ်ကြီးပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ဆိုရင် နိုင်ငံသား စိစစ်ရေးက မြန်မာနိုင်ငံကို ပြန်လုပ်ဖို့ စီစဉ်ထားတာပါ။ ဒါဟာ ကောင်းတဲ့အစီအစဉ် မဟုတ်ပါဘူး။ ထိုင်းအစိုးရ အနေနဲ့ ဒီ့ထက်ကောင်းအောင် လုပ်နိုင်ပါတယ်။ ဒီ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို ရက်ပိုတိုးပေးဖို့ ထိုင်းအစိုးရကို အကြံပေးပါတယ်။ ဒါ့အပြင် နေရပ်ရင်းကို ပြန်မပို့ဖို့လည်း လိုပါတယ်။”
အာဆီယံအနေနဲ့ ထိုင်းအစိုးရဘက်က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့ အဓိက တာဝန်ယူသင့်တယ်လို့လည်း မစ္စတာ ရောဘတ်ဆန်က ပြောပါတယ်။
“အာဆီယံဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့နဲ့ အခြေအနေတွေကို မြှင့်တင်ပေးဖို့ ကတိပြုပေးထားတာမို့ ဒီကိစ္စမှာ အာဆီယံက ပါဝင်ပတ်သက်ဖို့ ကျနော်တို့က တောင်းဆိုပါတယ်။ ထိုင်းနိုင်ငံက အာဆီယံ ပဋိညာဉ်စာတမ်းကို လိုက်နာစေဖို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ထိုင်းအစိုးရက အကာအကွယ် ပေးလာအောင် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ယူ ဆောင်ရွက်ရမှာပါ။”
Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ ဖိလစ် ရောဘတ်ဆန် ပြောပြသွားတာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Tuesday 23 February 2010

အလုပ်သမားများ ထိုင်းတွင် နှိပ်စက်ခံရမှု HRW ဖွင့်ချ

Tuesday, 23 February 2010 19:04 ဘစောတင် ဧရာဝတီ

ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများသည် ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ပြုမူမှုများ ခံနေရသဖြင့် ထိုမတရားမှုများ အဆုံးသတ် ရေးအတွက် ထိုင်းအစိုးရက အမြန်ဆုံး ဆောင်ရွက် သင့်သည်ဟု လူ့အခွင့်အရေး အဖွဲ့ကြီးတခုက တနင်္လာနေ့တွင် အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။
သန်းနှင့်ချီသော အလုပ်သမားများသည် လာမည့် တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး  နိုင်ငံသား စိစစ်ရေး အစီအစဉ်တွင် ပါဝင်ခြင်း မပြုပါက ဖမ်းဆီးပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခံရဖွယ် ရှိသဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများ ပိုမို တိုးပွားလာနိုင်သည်ဟု Human Rights Watch (HRW) အဖွဲ့ကြီးက ထုတ်ဝေသည့် From the Tiger to the Crocodile အမည်ရှိ အစီရင်ခံစာက ဆိုသည်။

စာမျက်နှာ ၁၂၄ မျက်နှာ ပါဝင်သည့် အစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့မှ အလုပ်သမား များနှင့် တွေ့ဆုံ မေးမြန်းမှု ၈၂ ခုကို အခြေခံပြီး ပြုစုထားခြင်းဖြစ်သည်ဟု သိရသည်။

အစီရင်ခံစာတွင် အာဏာပိုင်များ၊ ပွဲစားများ၊ အလုပ်ရှင်များက နည်းမျိုးစုံဖြင့် လူ့ အခွင့်အရေး ချိုးဖောက် နေကြပုံကို အချက်အလက်များ၊ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊ အတင်း အဓမ္မ အလုပ်စေခိုင်းမှု၊ လူမှောင်ခိုကူးမှု တို့ကို အလုပ်သမားများ ခံနေရကြောင်း ရေးသားထားသည်။

မဲဆောက်မြို့ တွင် ထိုင်းရဲကို သတင်းပေးသူအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုစောထူးက “လမ်းဘေးမှာ အသတ် ခံရလို့ သေနေတဲ့သူတွေ အများကြီး တွေ့ ဖူးတယ်။ သေနတ်သံ ကြားရင် ရဲတွေလာမယ် မထင်နဲ့ ။ နောက်မှ လာပြီး စစ်တာ၊ ဆေးတာ၊ သတင်းပို့ တာ လုပ်လိမ့်မယ်။ ပြီးရင် သူတို့ လစ်သွားမှာပဲ” ဟု ပြောကြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ပိုင်း တရားမ၀င် အလုပ်သမားများကို  နေရပ်ရင်း ပြန်ပို့ရန် အစုလိုက် အပြုံလိုက် ဖမ်းဆီးသည့်အခါ နှိပ်စက်ညှဉ်းပန်းမှုများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်ကို HRW အဖွဲ့က သာမက တခြားသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့များကလည်း စိုးရိမ်နေကြသည်။

“မနေ့ က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောတယ်၊ သန်းနဲ့ ချီတဲ့လူတွေကို ချက်ချင်း ပြန်ပို့ ဖို့ တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီအစီအစဉ်ဟာ ထုတ်ပြန်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်းမှာ အကောင် အထည် ဖော်ဖို့  ရှိပါတယ်လို့  ဆိုတယ်” ဟု HRW အဖွဲ့မှ သုတေသီ Mr. Sunai Phasuk က ဧရာဝတီကို ပြောသည်။
အပြည့်အစုံသို့ >>

မဲဆောက်စက်ရုံမြင်ကွင်းစုံ (၃)

သီဟဟိန်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် မဇ္စျိမ 

ဘီဘီတော့ သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ
 မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဆိုရင် လူတိုင်းသိကြမှာပါ။ အဲဒီဆေးခန်းနဲ့ မနီးမဝေးလေးမှာ ယူကလစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ အဆောက်အဦးဟာ ကျနော်လုပ်ခဲ့တဲ့ သိုးမွှေးစက်ရုံပေါ့။ အလုပ်သမားတွေကတော့ ဘတ် ၁ဝဝ စက်ရုံလို့ ခေါ်ကြပါတယ်။ စက်ရုံရဲ့ အမည်ကတော့ အင်္ဂလိပ်လို B.B.Top သိုးမွှေးစက်ရုံ ဖြစ်ပါတယ်။စက်ရုံစဖွင့်တာ ၁၉၉၇ ခုနှစ်လောက်ကပါ။ သူဋ္ဌေးတွေ တယောက်ပြီးတယောက် ပြောင်းပြီး လုပ်ကိုင်လာကြရာ ကျနော်တို့ အလုပ်လုပ်တဲ့ အချိန်မှာတော့ သူဋ္ဌေးက နိုင်ငံခြားသား တရုတ်တယောက်ပါ။ သူ့အမျိုးသမီးကတော့ ထိုင်းနိုင်ငံသူပါ။ စက်ရုံမန်နေဂျာက မြန်မာစကား ရေရေလည်လည်တတ်တဲ့ ထိုင်းလူမျိုးပါ။ ထိုင်းလူမျိုး မန်နေဂျာရဲ့ အောက်မှာမှ လူမှုရေးမန်နေဂျာဆိုပြီး မြန်မာတယောက် ခန့်ထားပါတယ်။ စက်ဆွဲတဲ့ဘက်မှာလည်း လိုင်းချုပ်ဆိုတာ အကြီးဆုံးပါ။ ဝဏ္ဏလို့လည်း ခေါ်ပါတယ်။ သူလည်း ထိုင်းစကားတတ်တဲ့ မြန်မာလူမျိုးပါပဲ။ ဆွဲတဲ့ အထည်တွေကို သူက တာဝန်ခံရပါတယ်။  သူ့အောက်မှာမှ စက်ပြင်ဆရာ ၄-၅ ယောက်လောက် ရှိပါတယ်။ ကျန်တဲ့ ဋ္ဌာနတွေမှာလည်း သူ့အပိုင်းနဲ့သူ ဆရာတွေ၊ ဆရာမတွေ ရှိပါတယ်။ စက်ရုံလုံခြုံရေး (ထိုင်းလို-ယန်း) တွေကတော့ မြန်မာလူမျိုး နှစ်ယောက်ကိုပဲ ခန့်ထားပါတယ်။ ယန်းဝတ်စုံဝတ်တာ မတွေ့ပါဘူး။ စက်ရုံဆန္ဒပြတဲ့ အချိန်မှသာ ယူနီဖောင်းနဲ့ ယန်းတယောက် ငှားထားတာ တွေ့ရပါတယ်။
အလုပ်သမား ၃ဝဝ ကျော်၊ ၄ဝဝ လောက် ရှိပါတယ်။ ယောက်ျားလေး မိန်းကလေးအစုံပါပဲ။ မိန်းကလေးက ပိုများပါတယ်။ မနက် ၈ နာရီကနေ ည ၁ဝ နာရီထိ ပုံမှန်အလုပ်ဆင်းရပါတယ်။ (နေ့လည် ၁၂ နာရီကနေ ၁ နာရီ၊ ညနေ ၅ နာရီကနေ ၆ နာရီထိ ထမင်းစားချိန်) အလုပ်အရေးကြီးရင် ကြီးသလို မိုးလင်းပေါက်လုပ်ရတာလည်း ရှိပါတယ်။ အချိန်ပိုကြေး မရပါဘူး။ အလုပ်မရှိတဲ့ အချိန်တွေမှာလည်း သူဋ္ဌေးက ထမင်းနဲ့ နေစရာပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြားစရိတ်တွေအတွက် အပြင်အလုပ် ထွက်လုပ်ကြရပါတယ်။ အလုပ်မရှိရင် ထမင်းပဲစားပေါ့။

ကျနော်တို့ စက်ရုံရဲ့ လစာထုတ်တဲ့ရက်က လစဉ် ၁ဝ ရက်နေ့ ဖြစ်ပါတယ်။ တခါတလေ အဲဒီနေ့ထက် ကျော်သွားတာမျိုးလည်း ရှိပါတယ်။ ဒါဇင် ပိတ်တာက လကုန်ရက်ဆို ပိတ်ပါတယ်။ ၃ဝ၊ ၃၁ ရက်ပေါ့။ ဒါဇင်ပိတ်တယ် ဆိုတာ လဆန်း ၁ ရက်နေ့ အလုပ်အသစ်စတဲ့ သဘောပေါ့။ အဲဒီအတွက် ကျနော်တို့ကို လုပ်အားခထုတ်ပေးတဲ့ အချိန်မှာ သူဋ္ဌေးဆီမှာ ကျနော်တို့လုပ်အားခ ၁ဝ ရက်စာ ကျန်နေသေးတဲ့ သဘောပါ။ သူဋ္ဌေးက ရက်ပေါင်ကြေး ယူတယ်လို့ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာဆို ရက်ပေါင်ကြေး ၁၅ ရက်စာလောက်တောင် ယူတယ်လို့ သိရပါတယ်။

အဲဒီရက်ပေါင်ကြေးကို အလုပ်သမားအနေနဲ့ တခြားရုံပြောင်းချင်လို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်ပြန်လို့ပဲဖြစ်ဖြစ် သူဋ္ဌေးက ထုတ်ပေးလေ့ မရှိပါဘူး။ ဒါဇင်ပိတ်တဲ့ လကုန်ရက်ကျော်လို့ ၅ ရက်နေ့လောက်မှာ ကျနော်တို့လုပ်ထားတဲ့ အထည်တွေရဲ့ဈေးနှုန်းကို သူဋ္ဌေးက ကြေညာပါတယ်။ ဘယ်အထည်က ဘယ်ဈေးဆိုတာမျိုးပါ။ မဲဆောက်မှာ စက်ရုံတွေအများကြီးရှိနေတော့ သူဋ္ဌေးဈေးပြောတဲ့အချိန်မှာ ကျနော်တို့က အဲဒီအထည်တွေရဲ့ ဈေးကို သိနေပြီးသားပါ။ ဒါပေမဲ့ သူဋ္ဌေးက အမြဲတမ်း ဈေးကို နည်းနည်းပဲ ပေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေက အတင်းပြော၊ အတင်းတောင်းမှသာ နည်းနည်းလေး တိုးပေးပါတယ်။ ဥပမာ တခြားရုံမှာ တဒါဇင်ကို ဘတ် ၁၃ဝ လောက် ပေးတဲ့အထည်ကို သူဋ္ဌေးက ၁ဝဝ ပေးထားတယ်။ ကျနော်တို့ တိုးတောင်းလို့ ၁ဝ၅ ဘတ်လောက် ပေးတယ်။ အလုပ်သမားတွေ မကျေနပ်ကြပါဘူး။ မကျေနပ်ပေမယ့်လည်း လုပ်နေကြရတာပါပဲ။

နောက် ကျနော်တို့စက်ရုံမှာ လူ ၃ဝဝ၊ ၄ဝဝ လောက် ရှိတာကို အိမ်သာ ၆ လုံးပဲ ရှိပါတယ်။ ၆ လုံးထဲကမှ ၂ လုံးက ပျက်နေတယ်။ မနက်ဆိုရင် ယောက်ျား-မိန်းမ တန်းစီနေတာပဲ။  အဲဒါလည်း သူဋ္ဌေးက ပြင်မပေးဘူး။ နောက်တခုက ရေ။ ရေဆိုလည်း ဒီလိုပဲ၊ မနက်အိပ်ယာထရင် မျက်နှာသစ်စရာ မရှိဘူး။ ရေ ဝဝလင်လင် မချိုးရဘူး။ အဲဒါလည်း သူဋ္ဌေးက လုပ်မပေးဘူး။ မနက် ၈ နာရီ အလုပ်ဝင်ဖို့ကို ၇ နာရီခွဲလောက်ကတည်းက ဘဲလ်တီးတယ်။ အလုပ်လွှတ်ချိန်ဆိုရင် ဘဲလ်တီးဖို့ မေ့တောင်နေတယ်။ အလုပ်ချိန်များများ လုပ်ရတဲ့ လတွေမှာလည်း ဒါဇင်ဈေး နည်းတော့ လုပ်ခ သိပ်မရကြပါဘူး။ ကျွမ်းကျင်တဲ့သူတွေ အလုပ်ကောင်းရင် ၃-၄ ထောင်လောက် ရပေမယ့် မကျွမ်းကျင်ရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်ပါပဲ။ ဟင်းဖိုးက လပေးစားတာတောင် တလ ဘတ် ၅ဝဝ ရှိတယ်။ နေ့တိုင်းဝယ်စားမယ်ဆိုရင် တနေ့ ၃ဝ လောက် ကုန်တယ်။

အဲဒီလိုပဲ ကျနော်တို့ အလုပ်သမားတွေ အလုပ်ရှိတဲ့အခါ လုပ်လိုက်၊ အလုပ်မရှိတဲ့အခါ ပြန်တဲ့သူပြန်၊ တခြား အလုပ် လုပ်သူလုပ်နဲ့ အလုပ်လုပ်လာခဲ့ကြတာ ၂ဝဝ၆ ခု အောက်တိုဘာလထဲမှာ ပြဿနာတက်တော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ စက်ရုံက ကောင်မလေးနှစ်ယောက် အလုပ်က ခွင့်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်နေဂျာ (ထိုင်းလူမျိုး) နဲ့ စကားများတယ်။ သူတို့က မြဝတီမှာ နေတာပါ။ ခဏခွင့်ပေးလိုက်ရင် ညနေ ဒါမှမဟုတ် နောက်တနေ့ဆို ပြန်လာကြမှာပါ။ နောက်ဆုံးတော့ ခွင့်မပေးနိုင်ဘူး၊ နင်တို့ပြန်မယ်ဆို အပြီးပြန်၊ ပြန်မလာနဲ့တော့ဆိုတော့ ကောင်မလေးနှစ်ယောက်လည်း ပြန်သွားကြတာပေါ့။

အဲလိုအပြန်မှာ မန်နေဂျာက နောက်ကနေ ကားနဲ့လိုက်သွားပြီး လမ်းမှာကားနဲ့တိုက်တယ်။ ကောင်မလေး နှစ်ယောက်လည်း ရှောင်ပေးလိုက်ပြီး လမ်းဘေးမှာရှိတဲ့ စပါးပင်တွေ တောထဲကို ထွက်ပြေးသွားတယ်။ စပါးခင်းတွေက လမ်းမကြီးနဲ့ ကျနော်တို့ စက်ရုံကြားထဲမှာပါ။ မန်နေဂျာလည်း ဒုတ်ယူပြီး ကားပေါ်ကနေ ဆင်းလိုက်သွားတယ်။ မိန်းကလေးနဲ့ ယောက်ျားဆိုတော့ မီတာပေါ့။ မီလည်းမီရော ပါလာတဲ့ဒုတ်နဲ့ ရိုက်တော့တာပေါ့။ အဲဒီမှာ ကျန်တဲ့ မိန်းကလေးတယောက်က အော်ပြီး အကူအညီတောင်းတဲ့ အသံကို တယောက်စကား တယောက်နား ကျနော်တို့ စက်ရုံထဲကလူတွေ သိသွားတယ်။ အဲဒီမှာတင်ပဲ စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ လူအားလုံး ရရာလက်နက်ဆွဲပြီး လယ်ကွင်းထဲကို ဆင်းတော့တာပဲ။

လူအုပ်ကြီး လိုက်လာမှန်းကို သိသွားတဲ့ မန်နေဂျာက လူပါး။ ကောင်မလေးတွေကို ရန်မလုပ်တော့ဘဲ လူအုပ်ဘက်ကို လှည့်ပြီး မင်းတို့ အေးအေးဆေးဆေး နေကြပါ၊ ဆရာ အကြောင်းစုံကို ရှင်းပြပါမယ်၊ ဆရာမှားတယ်ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး အလုပ်သမားတွေကို လေပြေထိုးပါတယ်။ မန်နေဂျာက သူ့ကိုယ်သူ ဆရာဆိုပြီး ပြောလေ့ရှိပါတယ်။ အလုပ်သမားတွေကလည်း သူ့ကို ဆရာလို့ပဲ ခေါ်ကြပါတယ်။ အဲဒီနောက် ကောင်မလေးနှစ်ယောက်ရော၊ မန်နေဂျာပါ လူအုပ်နဲ့အတူ စက်ရုံဝင်းထဲကို ရောက်လာကြပါပြီ။ လူအုပ်ကြီးကလည်း ရိုက်မယ်ပုတ်မယ် တကဲကဲနဲ့ပေါ့။ အဲဒီအထဲမှာ နည်းနည်းနားလည်တဲ့ သူတယောက်က ဘာမှမလုပ်ကြနဲ့၊ သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမယ်၊ အေးအေးဆေးဆေး ရှင်းကြပါဆိုပြီး တားတော့ လူအုပ်ကြီးကလည်း မကျေနပ်စွာနဲ့ ငြိမ်နေလိုက်ရတယ်။ ကောင်မလေးတွေကတော့ ဒဏ်ရာတွေနဲ့ပါ။ လူအုပ်ကြီး လိုက်မလာပါက အသက်ရှင်ဖွယ်မရှိကြောင်း ငိုငိုပြီး လူအုပ်ကြီးကို အားကိုးတကြီးနဲ့ တိုင်နေပါတော့တယ်။

သူဋ္ဌေးက ဒီကိစ္စကို ဘာမှဖြေရှင်းပေးတာ မရှိပါဘူး။ မန်နေဂျာနဲ့ဖြစ်တာ၊ သူနဲ့မဆိုင်ဘူးတဲ့လေ။ အလုပ်သမားတွေလည်း ဒေါသထွက်ပြီး အလုပ်မဆင်းကြတော့ဘူး။ အဲဒီမန်နေဂျာကို ထုတ်ပေးဖို့နဲ့ တခြား အလုပ်သမား အခွင့်အရေးတွေကိုပါ တောင်းဆိုလာကြတော့တယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုတယ်ဆိုတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘီအီး ၂၅၄၁ လို့ ခေါ်တဲ့ အခွင့်အရေးအတိုင်း အပြည့်အဝ တောင်းဆိုတာ မဟုတ်ပါဘူး။ အထက်က ပြောခဲ့သလို အလုပ်ချိန် အရမ်းများရင် အချိန်ပိုကြေးပေးဖို့ (ဥပမာ - ည ၉ နာရီထက် ကျော်ရင်ပေါ့)။ ဒါဇင်ဈေးကိုလည်း သူများရုံတွေအတိုင်း ပေးဖို့၊ အိမ်သာပြင်ပေးဖို့နဲ့ ရေအလုံအလောက်ရဖို့၊ စတဲ့ အဓိက လိုအပ်ချက်လေးတွေလောက်ပဲ တောင်းတာပါ။ သူဋ္ဌေးက အလုပ်သမားထဲက လူတချို့ကို သူ့ရုံးခန်းထဲမှာခေါ်ပြီး ညှိနှိုင်းပါသေးတယ်။ ဒါပေမဲ့ သူလိုက်လျောတဲ့အချက်တွေက မဖြစ်စလောက်လေးတွေပါ။ အလုပ်သမားတွေက မကျေနပ်ကြပါဘူး။ အလုပ်မဆင်းဘဲ ဆက်ဆန္ဒပြကြပါတယ်။

သူဋ္ဌေးကလည်း အလုပ်သမားတွေ အလုပ်မဆင်းတော့ ပြန်ပြီး ညစ်ပတ်လာပြီ။ ထမင်းပေးနေရာကနေ ထမင်းမပေးတော့ဘူး။ သုံးရေသောက်ရေ အကုန်ဖြတ်တယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ဘာရမလဲ၊ ပိုက်ဆံစုပြီး ဆန်တွေ၊ ဆီတွေ ဝယ်တာပေါ့။ ဟင်းစားကတော့ စက်ရုံပတ်လည်မှာရှိတဲ့ မန်ကျည်းပင်တွေပေါ်က မန်ကျည်းရွက်ပေါ့။ လယ်ကန်သင်းတွေမှာလည်း ကန်စွန်းရွက်တွေ ရှိတယ်။ အဲဒါတွေခူးပြီး ချက်စားတာပေါ့။ စားလို့ကောင်းမှ ကောင်း။ အဲဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားသောက်နေတဲ့အချိန်မှာ သူဋ္ဌေးကတော့ အကြံနဲ့ပေါ့။ စက်တွေကို သူ့ရဲ့ တခြားစက်ရုံကို ပြောင်းရွှေ့နေပါပြီ။ စက်ရုံထဲမှာရှိတဲ့ သူဋ္ဌေးရဲ့ အလိုတော်ကျလူတွေနဲ့ပေါ့။ အဲလိုလူတွေလည်း ရှိပါတယ်။ ကျနော်တို့ အလုပ်သမားတွေဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပါတယ်။ စက်ရုံရဲ့ပစ္စည်း၊ သူဋ္ဌေးပိုင်တဲ့ဟာကို ဘာတခုမှ ပျက်စီးအောင် မလုပ်ကြပါဘူး။

တနေ့မှာတော့ ကျနော်တို့ အလုပ်သမားတွေ ထမင်းဟင်း ချက်နေတုန်း စက်ရုံထဲကို ပုလိပ်ကားနဲ့ ပုလိပ်တွေရော၊ အချုပ်ကားကြီးတွေရော၊ နောက်ပြီး ထိုင်းတံဆိပ်တွေတပ်ထားတဲ့ အဖွဲ့အစည်းက ကားတွေ ဝင်လာပါတယ်။ အလုပ်သမားတွေ အကုန်လုံးကိုခေါ်ပြီး စက်ရုံကွင်းပြင် နေပူထဲမှာ တန်းစီပြီး ထိုင်ခိုင်းထားပါတယ်။ ကျနော်တို့လည်း ဘုမသိဘမသိနဲ့ ထိုင်ရတာပေါ့။ ရဲတွေရဲ့ မျက်နှာတွေက ခက်ထန်မာကြောနေတာပဲ။ အားလုံးကတော့ တိုင်ပင်ထားတာပေါ့။ ဖမ်းမယ်ဆိုရင်လည်း တယောက်ယောက်ကိုဖမ်းရင် အကုန်လုံးကားပေါ်ကို တက်လိုက်ဖို့။ အားလုံးကလည်း သဘောတူကြပါတယ်။ အဲဒီအချိန်မှာ စကားပြောလို့လည်း မရဘူး။ ဖုန်းပြောလို့လည်း မရဘူး။ အလုပ်သမားတယောက် ဖုန်းပြောနေလို့ ဖုန်းကို သိမ်းလိုက်တယ်။ ကျနော်တို့ စက်ရုံပိုင်ရှင်သူဋ္ဌေးလည်း ရှိပါတယ်။

လာတဲ့အဖွဲ့ထဲက အမျိုးသမီးကြီးတယောက် ဆဝါဒီကန်ရုံး (အလုပ်သမားဝါဏိဇ္ဇပဋိပက္ခရုံး) ကလို့ ထင်ပါတယ်။ သူက မင်းတို့ ဘာဖြစ်လို့ အလုပ်မဆင်းကြတာလဲဆိုပြီး စကားပြန်နဲ့ မေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ကျနော်တို့ အလုပ်ဆင်းမှာပါ။ သူဋ္ဌေးက ပေးမဆင်းတာပါလို့ ပြန်ဖြေကြတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးက စက်အားလုံးနီးပါး တခြားရုံကို ပြောင်းပြီးနေပါပြီ။ လုပ်စရာအလုပ်လည်း မရှိတော့ပါဘူး။ စက်ခန်းထဲကိုလည်း ပေးမဝင်တော့ပါဘူး။ အဲဒီလို အားလုံးက ဖြေလိုက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးကြီးက ဆက်မပြောဘဲ သူဋ္ဌေးနဲ့ ဘာတွေ ပြောမှန်းမသိပါဘူး။ စကားများနေတဲ့ပုံပါပဲ။

နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကြီးကပဲ ဆက်ပြောပါတယ်။ မင်းတို့ အလုပ်သမားတွေ အားလုံးကို သူဋ္ဌေးက မယူတော့ဘူး။ စက်ရုံပိတ်လိုက်ပြီ။ အဲဒါ မင်းတို့ အလုပ်သမား လက်မှတ်တွေကို ၇ ရက်အတွင်း တခြား သူဋ္ဌေးရှာပြီး သက်တမ်းဆက်ပေါ့။ ၇ ရက်ပြည့်ရင်တော့ မင်းတို့လက်မှတ်တွေ (ဘတ်တွေ) သက်တမ်းကုန်ပြီ။ ဒီရုံထဲမှာလည်း နေလို့မရတော့ဘူး။ တခြားအလုပ်ရှာကြပါဆိုပြီး ပြောသွားပါတယ်။ အဲဒီအမျိုးသမီးကြီး ပြောပြီးတဲ့အချိန်မှာ ရဲတွေကလည်း မျက်နှာထားက စဝင်လာတုန်းကလို မဟုတ်တော့ပါဘူး။ ဘာဟင်းချက်လဲ၊ ဘာညာနဲ့ ဟင်းအိုးတွေ ဖွင့်ကြည့်ပြီး မင်းတို့ ထမင်းစားလို့ရပါပြီ။ ဘာမှမဟုတ်ပါဘူး။ ငါတို့ကိုခေါ်တာက အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုပြီး ခေါ်လို့ အခုလို လာရတာပါ။ ဒီရောက်တော့ သူတို့သိထားသလို မဟုတ်တဲ့အတွက် အားနာပါတယ်၊ စိတ်မဆိုးပါနဲ့လို့တောင် ပြောသွားကြပါသေးတယ်။

ကျနော်တို့ စက်ရုံမှာက ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်) ရှိတဲ့သူ ရှိသလို၊ မရှိတဲ့သူတွေလည်း ရှိပါတယ်။ ဘတ်ရှိတဲ့ သူကိုတော့ သူဋ္ဌေးက တလကို ဘတ် ၄ဝဝ ဖြတ်ပါတယ်။ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်တာပါ။ ဘတ်မရှိတဲ့ အလုပ်သမားတွေကိုတော့ (သူဋ္ဌေးက လုပ်မပေးတာပါ) တလကို ဘတ် ၁၅ဝ ဖြတ်ပါတယ်။ ရဲကြေးလို့ ပြောပါတယ်။ တချို့အလုပ်သမားတွေ ဘတ်သက်တမ်းဆက်ရန် တခြားစက်ရုံတွေမှာ အလုပ်သွားလျှောက်ကြပါတယ်။ ဘယ်စက်ရုံကမှ လက်မခံပါဘူး။ ကျနော်တို့သူဋ္ဌေးက စက်ရုံတွေကို သတင်းပို့ပြီးပါပြီ။ သူ့ဆီက အလုပ်သမားတွေ လာရင် လက်မခံဖို့။ သူဋ္ဌေးတွေကလည်း ညီညွတ်လိုက်ကြတာ။ B.B.Top က အလုပ်သမားဆိုရင် နိုးပဲ၊ အဲအချိန်မှာတော့။ ဒီလိုနဲ့ ၇ ရက်ကလည်း ပြည့်တော့မယ်။ ကျနော်တို့တွေလည်း စဉ်းစားရပြီပေါ့။ ဘာဆက်လုပ်ကြမယ်ဆိုတာကို။

တချို့အလုပ်သမားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတဲ့အထဲ မပါနိုင်တော့ပါဘူး။ ရစရာရှိတဲ့ လုပ်ခလေးတွေထုတ်ပြီး ပြန်တဲ့သူလည်းပြန်၊ တခြားပြောင်းသူလည်း ပြောင်းကုန်ကြပါတယ်။ ဆက်လက် တိုက်ပွဲဝင်မယ့် အလုပ်သမား ၁ဝဝ ကျော်ပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (Y.C.O.W.A) ရဲ့ အကူအညီကြောင့် ကျနော်တို့ ဆန္ဒပြသူ လူ ၁ဝဝ ကျော်ရဲ့ စားဝတ်နေရေး ခဏတာ အဆင်ပြေသွားပါတယ်။ အဲဒီအဖွဲ့နဲ့ မက်ဖေါင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ပဲ ဆဝါဒီကန် ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေ အသုတ်လိုက် ခွဲပြီး ဖောင်ဖြည့်တိုင်ကြားရပါတယ်။

အဲလိုဖောင်ဖြည့်ပြီး တိုင်တဲ့အချိန်ကြမှပဲ အလုပ်သမားယောက်ရဲ့ ရပိုင်ခွင့်တွေ သိပါတော့တယ်။ တာ့ခ်ရိုင် မဲဆောက်မှာဆို အဲဒီအချိန်တုန်းက အလုပ်သမားတယောက်ရဲ့ လုပ်အားခဟာ တနေ့အလုပ်ချိန် ၈ နာရီအတွက် ၁၄၃ ဘတ်ပါ။ အခုဆို ၁၅ဝ ကျော်သွားပါပြီ။ အချိန်ပိုလုပ်အားခကတော့ တနာရီကို ၂၅ ဘတ်လောက် ရှိပါတယ်။ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေ (ဥပမာ - ဘုရင့်မွေးနေ့လိုဟာမျိုး) မှာ အလုပ်ဆင်းရရင် လုပ်အားခရဲ့ ၃ ဆ ရ,ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီအတိုင်း ဖောင်ဖြည့်လိုက်ကြတာ တယောက်ကို လုပ်သက်နှစ်အလိုက် အနည်းဆုံး ဘတ် ၄ သောင်းလောက် ရ,ရမှာပါ။ နှစ်များတဲ့သူတွေကတော့ ဘတ်သိန်းဂဏန်း ရှိပါတယ်။ ဆဝါဒီကန်ရဲ့ အမိန့်ကို ၃-၄ လလောက် စောင့်ရပါသေးတယ်။ အချိန်တန်လို့ ဆဝါဒီကန်က အမိန့်ချတဲ့အခါမှာတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ သူဋ္ဌေးဆီက ရစရာ တပြားမှ မရှိပါဘူးတဲ့။ သူဋ္ဌေးအနေနဲ့ လျော်ပေးစရာ မလိုဘူးပေါ့။

ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဘယ်လိုအမိန့်ချတယ် ဆိုတာကိုတော့ ကျနော်တို့လည်း နားမလည်ပါဘူး။ ကျနော်တို့ စက်ရုံက ထွက်လာတုန်းက ကိုယ်ရစရာရှိတဲ့ လုပ်အားခကိုတောင် ထုတ်မလာကြပါဘူး။ လုပ်အားခ ထုတ်လိုက်ရင် အမှုတိုင်လို့ မရမှာစိုးကြလို့ပါ။

ကျနော်တို့ကို ကူညီပေးနေတဲ့အဖွဲ့က ဆဝါဒီကန်က အမိန့်ချတာကို မကျေနပ်ရင် တရားရုံးကို ဆက်တက်လို့ ရတယ်။ အဲဒီအတွက် ရှေ့နေငှားရမယ်။ ကျနော်တို့ကလည်း အမှုသာနိုင်မယ်ဆိုရင် ဘယ်အထိပဲ တက်ရတက်ရ၊ လုပ်မယ်ဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့အမှု တရားရုံးကို ရောက်သွားတယ် ဆိုပါတော့။ တရားရုံးချိန်းကိုတော့ အလုပ်သမားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ၅ ဦးပဲတက်ရင် ရပါတယ်။ ကျန်တဲ့အလုပ်သမားတွေ မတက်လည်း ရပါတယ်။ အလုပ်ပျက်စရာ မလိုတော့ဘူးပေါ့။ နောက်မှ တရားရုံးရဲ့ အခြေအနေတွေကို ကိုယ်စားလှယ်တွေက ပြန်ရှင်းပြပေါ့။ တရားရုံးမှာ ဆဝါဒီကန်က ဝန်ထမ်းတွေလည်း တွေ့ရကြောင်း၊ ကျနော်တို့ဘက်က ရှေ့နေတွေရှိသလို သူဋ္ဌေးဘက်ကလည်း ရှေ့နေရှိကြောင်း၊ မြန်မာစကားပြန် ထားပေးကြောင်း ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တရားရုံး ဘယ်နှစ်ကြိမ်တက်လိုက်ရလဲတော့ အတိအကျ မသိတော့ပါဘူး။ နှစ်တွေလည်း ကြာခဲ့ပြီကိုး။ အခု ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာတော့ ကိုယ်စားလှယ်တွေကတဆင့် ဖုန်းနဲ့ဆက်သွယ်လာတယ်။ ကျနော်တို့အမှု လျော်ကြေးရပြီ။ ရောင်ခြည်ဦးကို ဘယ်နေ့ဘယ်အချိန် လာခဲ့ပါဆိုတော့ ဝမ်းသာလိုက်တာဗျာ.. ပြောမပြတတ်အောင်ပါပဲ။ အလုပ်သမားအချင်းချင်း လမ်းမှာတွေ့ရင်လည်း ဒီအကြောင်းပဲ ပြောပြောပြီး ပျော်နေကြတာ။

ကျနော်လည်း ပျော်လွန်းလို့ အဲဒီနေ့ အစောကြီးကိုသွားတာ။ ဟိုရောက်တော့ ကိုယ့်ထက်စောတဲ့ သူတွေတောင် ရှိနေတယ်။ တချိန်တုန်းက တရုံထဲ အတူတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့ ပျော်စရာကောင်းနေလိုက်တာ။ တချို့ဆို အိမ်ထောင်တွေကျလို့ ကလေးတွေ တို့လို့တွဲလောင်းနဲ့၊ တိုးပွားလာလိုက်ကြတာ။ တချို့ဆို ကလေးနှစ်ယောက်။ အလုပ်သမား ၁ဝဝ ကျော်ရှိတာ အကုန်မလာနိုင်ကြပါဘူး။ ဘန်ကောက်သွားတဲ့သူ၊ မြန်မာပြည်ပြန်တဲ့သူတွေလည်း ရှိပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ မက် (MAP) ဖောင်ဒေးရှင်းက ကားနဲ့ ရောက်လာကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေကိုစုပြီး စကားပြောပါတယ်။ ကျနော်တို့ အမှု လျော်ကြေးငွေ ရပြီဖြစ်ကြောင်း၊ ဘယ်လောက်ရတယ်ဆိုတာ သိကြလားဆိုတော့… တချို့လည်း သိတယ်။ တချို့လည်း မသိဘူးပေါ့။ သူကပဲ ဆက်ပြောပါတယ်။ လျော်ကြေးက ၃ ရာခိုင်နှုန်းပဲရကြောင်း၊ အတိအကျဆို ဘတ်ငွေ ၃ သိန်း ၉ သောင်းနဲ့ ၆ ထောင်ပဲရပါတယ်။ ၃ ရာခိုင်နှုန်းပဲရတာဆိုတော့ ကျနော်တို့ အလုပ်သမားတွေ ရစရာရှိတာ ဘတ် ၁၃၂ သိန်းပေါ့။ အလုပ်သမားအများစုက ၃ ရာခိုင်နှုန်းကို နားမလည်ကြလို့ သေချာရှင်းပြပါတယ်။ သူဋ္ဌေးဆီမှာ ၁ဝဝ ရဖို့ တင်ထားတယ်ဆိုရင် ၃ ဘတ်ပဲရမှာဖြစ်ကြောင်း ရှင်းပြတော့ တချို့အလုပ်သမားတွေလည်း မျက်နှာမကောင်းဘူးပေါ့။ နှစ်တွေ ဒီလောက်ကြာကြီးရင် ဆိုင်လာတာ ဒီလောက်ကလေးကတော့ နည်းတယ်ပေါ့။

ဒါပေမဲ့ မရတာထက်စာရင် ရတယ်ဆိုတာ တော်သေးတယ်ပေါ့ဆိုပြီး ဖြေသိမ့်ကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေက သူဋ္ဌေးဆီက အခုလို လျော်ကြေးငွေရတာကို အမှုနိုင်တယ်လို့ပဲ ထင်နေကြတာပါ။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေအရ ကျနော်တို့ ရရမယ့်ငွေဟာ အတော်များပါတယ်။ အခုတော့ နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့ အလုပ်သမား ၂ဝဝ၄ ခုနှစ်ကတည်းက ၄ နှစ်လောက် လုပ်လာတဲ့သူဆို ဖောင်ဖြည့်တုန်းက သူ ရ,ရမှာ ဘတ် ၂ သိန်းလောက် ဖြစ်ပေမယ့်၊ လက်တွေ့မှာ ၆ ထောင်လောက်ပဲ ရပါတော့တယ်။ လပိုင်းပဲ ရှိတဲ့သူ (၇ လလောက်) ကတော့ သူရစရာရှိတာ ၄ သောင်းဆိုရင် ၁၂ဝဝ ပဲ ရပါတယ်။ ၅ဝဝ-၆ဝဝ သမားတောင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်တွေ အဆင်မပြေတဲ့အချိန်မှာ အခုလို သုံးစရာလေး ရတယ်ဆိုတော့ ပျော်နေကြရတာပေါ့။

ကျနော်တို့လို ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးလို့ သူတပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေရတဲ့ သူတွေအတွက် ဥပဒေဆိုတာကတော့ ရှိနေမှာပါ။ အဲဒီဥပဒေအတိုင်းလည်း တနေ့နေ့ တချိန်ချိန်မှာ ခံစား စံစားခွင့်တွေ အပြည့်အဝ ရရှိလိမ့်မယ်လို့ မျှော်လင့်နေမိပါတော့တယ်။ ။

(မှတ်ချက်။          ။ MAP= Migrant Assistance Programme)

မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၂)
မဲဆောက်က သိုးမွှေးလော
အပြည့်အစုံသို့ >>

ထိုင်းလုပ်ငန်းအချို့ မြန်မာအလုပ်သမားများအပေါ် မှီခိုနေရ

ရဲရင့် / ၂၂ ဖေဖော်ဝါရီ ၂ဝ၁ဝ ခေတ်ပြိုင်
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံသားစိစစ်မှု လျှောက်ထားခြင်းမရှိသည့် မြန်မာအလုပ်သမားများကို ယခုလကုန်လျှင် နေရပ်ရင်းသို့ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီး နိုင်ဖိုင်းထူး ကယောက်ထောင်း၏ ပြောကြားချက်သည် ဖြစ်နိုင်ခြေမရှိဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။ ထိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် နေရပ်ပြန်ပို့လျှင် ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်သည်ဟု အဆိုပါအဖွဲ့များက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက လုပ်အားခဈေးပေါတဲ့ မြန်မာအလုပ်သမားတွေအပေါ်မှာ အားထားနေရတာဖြစ်တယ်။ ယာယီနိုင်ငံကူးလက်မှတ်အတွက် မြန်မာဘက်ပြန်ပြီး နိုင်ငံသားစိစစ်မှုမလုပ်တဲ့ သူတွေအားလုံးကို ဖမ်းပြီးပြန်ပို့မယ်ဆိုရင် ထိုင်းတနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်တယ်” ဟု ပြောသည်။
အဆိုပါလုပ်ငန်းစဉ်သည် ဖြစ်နိုင်ခြေမရှိကြောင်း၊ အကျိုးဆက်အဖြစ် အစိုးရနှင့်လုပ်ငန်းရှင်များကြားတွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး တာ့ခ်ခရိုင်အပါအ၀င် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက စုပေါင်း၍ ထိုင်းအစိုးရထံ အရေးဆိုမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ကိုမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော် ရှိပြီး တရားမ၀င်နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ အရေအတွက်မှာ (၂) သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။
ယခင်လ (၁၉) ရက်နေ့ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့၏ အစည်းအဝေးတွင် နိုင်ငံသားစိစစ်မှုကာလကို (၂) နှစ်အထိ တိုးမြင့်စေကာမူ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများသည် ယခုလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်မှုပုံစံကို ဖြည့်စွက်လျှောက်ထားရမည်ဖြစ်သည်။
အဆိုပါ စည်းဝေးဆုံးဖြတ်ချက်အရ တိုးမြှင့်ပေးလိုက်သည့် သက်ညှာခွင့်ကာလ (၂) နှစ်သက်တမ်းသည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုရက်မတိုင်မီ ကာလအတွင်း နိုင်ငံသားဖြစ်ကြောင်း စိစစ်နေစဉ် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။
ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ရှိသည့်အနက် ယခုလ (၁၁) ရက်နေ့အထိ မြန်မာဘက်မှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူ (၃၁,၀၆၇) ခန့်ရှိပြီဖြစ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသူများအနက် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပေးရန် ထိုင်းဘက်မှ မြန်မာအလုပ်သမား (၁၁၆,၇၁၃) ဦး၏ စာရင်းပေးပို့ထားရာ (၄၁,၁၆၅) ဦးကိုသာ နိုင်ငံသားအဖြစ် စိစစ်ပေးနိုင်ခဲ့သည်ဟု မြန်မာဘက်က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံသားစိစစ်မှု လျှောက်ထားခွင့် သတ်မှတ်ချိန်ကာလမှာ ရက်ပိုင်းသာကျန်ရှိသောကြောင့် ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအနက် (၉) သိန်းကျော်မှာ ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည် ထိုင်းအလုပ်သမားဝန်ကြီး၏ အဆိုအရ ဖမ်းဆီးခြင်းခံရနိုင်သည်ဟု JACBA အဖွဲ့က ပြောသည်။
သတ်မှတ်ကာလကျော်လျှင် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် အလုပ်ခန့်သည့် အလုပ်ရှင်များ၊ နေထိုင်ခွင့်ပေးထားသူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်၍ အစိုးရမဟုတ်သော ထိုင်းအဖွဲ့အစည်းတခုမှ ထိုင်းရှေ့နေတဦးက “လုံးဝကို ဖြစ်နိုင်ခြေမရှိပါဘူး။ တနိုင်ငံလုံး မြန်မာအလုပ်သမားတွေကိုပဲ သုံးနေရတာပါ။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲက စီးပွားရေး ဆုတ်ယုတ်မယ့် ပြဿနာတွေ အဖြစ်ခံမယ်လို့တော့ မထင်ဘူး။ ဖမ်းဆီးမှုတွေ အရင်အစိုးရ လက်ထက်တွေမှာလည်း လုပ်ခဲ့ကြတာပဲ၊ နောက်ဆုံးတော့ လက်လျှော့လိုက်ရတာပဲ။ အကောင်းဆုံးကတော့ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဆိုရင် အလုပ်သမားတွေ သူတို့နိုင်ငံကို ပြန်စရာမလိုဘူး။ သူတို့နိုင်ငံရဲ့အစိုးရကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံထဲလာပြီး နိုင်ငံသားစိစစ်မှုတွေလုပ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာမျိုး လုပ်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ပါဝင်ပူး ပေါင်းမှုတွေရမှာဖြစ်တယ်၊ ဒီနည်းက ဖြစ်နိုင်ခြေအရှိဆုံးပဲ” ဟု ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တခုထဲတွင် မြန်မာအလုပ်သမား (၄) သိန်းခန့်ရှိသည့်အနက် နိုင်ငံသားစိစစ်မှု လျှောက်ထားသူ အရေအတွက်မှာ ထောင်ဂဏန်းပင်မရှိဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမား အကျိုးဆောင်လုပ်ငန်းတခု၏ ပိုင်ရှင်တဦးက ပြောသည်။
အဆိုပါ မြန်မာအလုပ်သမား (၄) သိန်းကို ဒေသခံအာဏာပိုင်များက ယခုလကုန်လျှင် ဖမ်းဆီးပြန်ပို့ပါက တာ့ခ်ခရိုင်၏ အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိုးမွေးအထည်ချုပ်လုပ်ငန်များ၊ ဆောက်လုပ်ရေးနှင့် ကျပန်းလုပ်ငန်း အများစုမှာ ရပ်ဆိုင်းသွားမည်ဟုလည်း ပြောသည်။
အပြည့်အစုံသို့ >>

မြန်မာ ၄ ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

 22 February 2010 18:21 ၀ါးရှီးဖော ဧရာဝတီ

သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာ ၄ ဦးကို ထိုင်း - မြန်မာ နယ်စပ် ရနောင်းမြို့ ကမ်းခြေ တနေရာတွင် စနေနေ့က တွေ့ရှိခဲ့သည်။ သေဆုံးသူ အားလုံးသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြပြီး အသက် ၃၀ နှင့် ၄၀ ၀န်းကျင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။
“လေးယောက်စလုံး လက်ကို နောက်ပြန် ကြိုးချည် ခံထားရတယ်။ သေနတ် ဒဏ်ရာတွေနဲ့ သေတယ်။ မသေခင်မှာလည်း အရိုက် ခံထားရတယ်။ ဒဏ်ရာတွေ ရှိတယ်” ဟု ရနောင်းမြို့ရှိ မိတ္တသဟာရ နာရေး ကူညီမှု အသင်းမှ ကိုသားကျော်က ဧရာဝတီသို့ ပြောသည်။

အလောင်းများကို ရနောင်းမြို့ပေါ်ရှိ ဆေးရုံ တရုံတွင် ထားရှိပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရသည်။

“အခုလို ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် တခုလို ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့ ဆိုတာက ထိထိ ရောက်ရောက် အရေးယူမှုရှိမှ ဖြစ်မှာ။ ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ၀တ်ကျေ တမ်းကျေ လုပ်ပေးတာ လောက်ပဲ ရှိတယ်” ဟု ရောင်ခြည်ဦး အလုပ်သမား စာစောင်တွင် ဆောင်ပါးများ ရေးသားလေ့ ရှိသော ရနောင်းမြို့နေ မောင်သံက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို  ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

“ထိုင်းလူငယ် လမ်းသရဲ အဖွဲ့တွေက မြန်မာ အလုပ်သမား တွေကို တွေ့ရင် ပိုက်ဆံ တောင်းတယ်၊ တောင်းလို့ မရရင် ၀ိုင်းရိုက်ကြတယ်။ ဒီမှာ အဲဒီလိုတွေ ခဏ ခဏ ဖြစ်နေတယ်” ဟု ကိုသားကျော်က ပြောသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ဆန္ဒပြ အလုပ်သမားမဵား၏ တောင်းဆိုမှုတခဵို့ လိုက်လေဵာ

2010-02-20 - RFA

ရွှေပြည်သာ စက်မှုဇုံမှာရှိတဲ့ ရက်စ်တူး အထည်ခဵုပ်စက်ရုံက အလုပ်သမားတွေ သူတိုႛရဲ့ အလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို အာဏာပိုင်တွေနဲႛ စက်ရုံတာဝန်ရှိသူတွေက ဆွေးနွေးညိၟနှိုင်း္ဘပီး ဒီကေနႛ လိုက္ေလဵာလိုက္တယ္လိုႛ သိရပၝတယ္၊၊
ဒေသခံတဦး။    ။“အာဏာပိုင် အဖွဲႛအစည်းတွေက အကုန်လာကြတယ်လေ။ လ္ဘာပီးတော့မှ သူတိုႛတွေ ညိၟနှိုင်းလိုက်ကြတော့ မနေႛက လေးနာရီခွဲ ငၝးနာရီလောက်မှ္ဘာပီးသွားကြတယ်၊ ဒီနေႛ ၁၀ နာရီထိုးမှာ ခဵိန်းထားတဲ့ အခၝကဵေတာ့ ၁၀ နာရီထိုးမွာ လိုက္ေလဵာလိုက္တယ္တဲ့၊၊ မေနႛက တေယာက္မကဵန္ ဆႏၵျပတာ ငၝးရာေကဵာ္တယ္၊ လစာက အရင္တံုးက လေးသောင်းရှိတယ်။ ဘိုးနက်ကြေးနဲႛ ဘာနဲႛဆိုရင် ၆ သောင်းနီးပၝးလောက် ရှိသွားပၝတယ်။ သူတိုႛက လစာရယ္လိုႛ မဟုတ္ဘူး၊ အထည္ကို ခဵဳပ္ရင္ ချုပ်နိုင်သလောက် ရတယ်။ ဘိုးနက်ကြေးတိုႛ ဘာတိုႛ တောင်းဆိုကြတာ ရသွားကြတယ်” ရက်စ်တူး အထည်ခဵုပ်စက်ရုံက အလုပ်သမားတွေဟာ ဖေဖော်ဝၝရီလ ၁၉ ရက် နေႛလည်ပိုင်းလောက်က စ္ဘပီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပၝတယ်။ အာဏာပိုင်တွေဘက်က ခရိုင်မှူး အဆင့်လောက်က လ္ဘာပီးတော့ စက်ရုံတာဝန်ရှိသူတွေနဲႛ ညိၟနှိုင်းဖြေရှင်းလိုက်တာ ဖြစ်တယ်လိုႛ သိရပၝတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုခဵက် ၇ ခဵက္ထဲက ရရွိသြားတဲ့ အခဵက္အလက္တခဵိဳ႕ကို စောစောက ဒေသခံ ကပဲ ဆက်လက် ပြောပြပၝတယ်၊

ဒေသခံတဦး။    ။“တစ် အခဵက်က ဘိုးနက်ကြေး ငၝးထောင် ပေးတယ်။ ငၝးထောင်ပေးတာကို တရက်ပဵက်လိုႛရှိရင် နှစ်ထောင် ဖြတ်တယ်။ နှစ်ရက် ပဵက်ရင် ငၝးထောင်လုံး ဖြတ်ပစ်လိုက်တယ်။ နောက်တခဵက်က တနေႛကို ၁၅၀၊ ၂၀၀ နှုံး တောင်းတယ်။ သြားရည္စာ သေဘာမဵိဳးေပၝ့။ နောက်တခဵက်က ရေပိုက်လိုင်းက ကဵန်းမာရေးနဲႛ မညီညွတ်ဘူးပေၝ့။ ရေသန်ႛဘူးတွေ ဘာတွေ ခဵမထားဘူး။ အကုန်လုံးကို သဘောတူ လိုက်လေဵာလိုက်တယ်”

၂၀၀၉ ခုနှစ် ဒီဇင်ဘာလက စတင်္ဘပီးတော့ ရန်ကုန် လှိုင်သာယာစက်မှုဇုံက အထည်ခဵုပ်စက်ရုံတွေကနေ စတင်္ဘပီး အလုပ်သမားတွေက ရပိုင်ခွင့်တွေအတွက် ဆန္ဒပြလာခဲ့ရာ ရွှေပြည်သာ စက်မှုဇုံအထိ ကဵယ်ပြန်ႛလာတာ ဖြစ်ပၝတယ်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်ပို့မည့်ကိစ္စ စိုးရိမ်ဟု ကုလအရာရှိပြော

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်
 
ထိုင်းအလုပ်သမားဝန်ကြီးက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည့်ကိစ္စအား စိုးရိမ်ပူပန်သည်ဟု ရွှေ့ ပြောင်းနေထိုင်လုပ်ကိုင်သူများ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သူများနှင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ နိုင်ငံသားစီစစ်ရေး စာရင်းမ သွင်းသူများကို အစုလိုက်အပြုံလိုက်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ကြေငြာလိုက်သည့်အပေါ် စိုးရိမ်ကြောင်း ကုလ သမဂ္ဂအရာရှိ ဂျော့အေဘတ်စတာမန်တီက ပြောကြောင်း UN လူ့အခွင့်အရေးဆိုင်ရာ ၀က်ဆိုဒ်၌ မနေ့ကနေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ထားသည်။

ပြည်နှင်ဒဏ်ပေးခံရမည့်သူများထဲ၌ မူရင်းဌာနေနိုင်ငံသို့ပြန်လည်သွားရောက်ရန် မသင့်တော်သူများပါဝင်ပြီး နိုင်ငံ တကာမှ အကာအကွယ်ပေးမှုကို လိုအပ်နေသူ အချို့လည်းပါဝင်သည်ဟု ထိုအရာရှိကပြောကြောင်း ဖော်ပြထား သည်။
ထို့အပြင် “နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ် လိုအပ်ချက်အရ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ် သမား များ၏ သေချာရေရာမှုမရှိသော အခြေအနေ ခံစားချက်ဝေဒနာကို ပိုမိုဆိုးဝါးစေသည်” ဟု ၎င်းက ပြော သည်။
ထို့ကြောင့် ထိုင်းအစိုးရသည် ဒုက္ခသည်များအား အတင်းအကျပ် ပြန်မပို့ရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို အလေးထားသင့်သည်ဟု သူကဆိုသည်။
နိုင်ငံတကာ ထုံးတမ်းစဉ်လာများအား လိုက်နာစောင့်ထိန်းရန်နှင့် ထိုင်းအစိုးရဆုံးဖြတ်ချက်များအား ပြန်လည် စဉ်းစားနိုင်ရန် တောင်းဆိုဖော်ပြခဲ့သော ယခင်ကာလများက ၎င်းပေးပို့ခဲ့သည့် ပေးစာများအပေါ် ထိုင်းအစိုးရမှ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိသည့်အတွက် စိတ်ပျက်မိသည်ဟု ဆက်ပြောသည်။ 
နိုင်ငံတကာမှ ဒုက္ခသည်အဆင့်သတ်မှတ်ခံထားရသူများအား အတင်းအကျပ်ပြန်ပို့ခြင်းထက် ထိုင်းအစိုးရအနေ နှင့် ထိုင်းနိုင်ငံက အစဉ်အဆက်စောင့်ထိန်းလာခဲ့သည့် ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် အလှည့်အပြောင်းတစ်ခုခုလုပ်သင့်သည်ဟု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးသက်ခိုင်က ယခုလို ပြောသည်။
“ထိုင်းက သက္ခာရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့ အစဉ်တစိုက်သူက ဘေးပါတ်ဝန်းကျင်မှာရှိနေတဲ့၊ ဒုက္ခ ရောက်နေတဲ့ နိုင်ငံသားတွေကို သူ့နိုင်ငံထဲမှာ ယာယီခိုလုံခွင့်ပေးခဲ့တဲ့ အစဉ်အဆက်က ဂုဏ်သိက္ခာ တွေကို ဆက်ထိမ်းတဲ့အနေနဲ့ သူတို့ အလှည့်အပြောင်းတစ်ခုခုတော့ လုပ်ကိုလုပ်ရမယ်လို့ ကျနော် တော့ ယုံတယ်လေ။”
ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားငွေရှာဖွေရေး လုပ်ငန်းများဖြစ်သည့် ပင်လယ်ရေလုပ်သားများ၊ ရော်ဘာလုပ်ငန်းများတွင် လုပ်ကိုင်ပေးနေသူ များဖြစ်ပြီး ထိုင်းနိုင်ငံသားများမလုပ် လိုသည့် လုပ်ငန်းများ၌ အခက်အခဲ ကြုံတွေ့နိုင်ယုံသာ မက နိုင်ငံခြားဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွား နိုင်သည်ဟု ၎င်းကသုံးသပ် ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိသည့်အနက် တရားဝင် အလုပ်သမားမှတ်ပုံတင် ပြုလုပ်သူ ထက်ဝက်ခန့်သာရှိသည်။
အပြည့်အစုံသို့ >>

Saturday 20 February 2010

မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ

Friday, 19 February 2010 12:08 ၀ါးရှီးဖော ဧရာဝတီ

ယခု လကုန်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာပြည်သား အများစု ပါဝင်သည့် နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့ဖွယ် ရှိသဖြင့် လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်နေကြသည်။




ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားခြင်း၊ လျှောက်ထားခြင်း မရှိသည့် သန်းနှင့် ချီသော မြန်မာ အလုပ်သမား များကို ပြန်ပို့ပါက ၎င်းတို့ အပေါ် မှီခိုနေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး ကမ္ဘာ့ အလယ် တွင်လည်း ထိုင်းနိုင်ငံက မျက်နှာ ပျက်ရမည်ဟု လူ့အခွင့်အရေး အဖွဲ့တို့က ထောက်ပြ ကြသည်။ .ဖမ်းဆီးပြီး အတင်း အကျပ် ပြန်ပို့တာဟာ အလုပ် သမားတွေ အတွက်လည်း အန္တရာယ် ရှိတယ်။ လူ့ဂုဏ် သိက္ခာ ကိုလည်း ထိခိုက် စေတဲ့ အတွက် မလုပ်သင့်ဘူး” ဟု အလုပ်သမား အရေး ဆောင်ရွက်သည့် ချင်းမိုင်မြို့ MAP ဖောင်ဒေးရှင်းမှ တာဝန်ခံ တဦး ဖြစ်သူ ဂျက်ကီ ပူးလော့က ပြောသည်။

အလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရေး အတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်တွင် ပါဝင်ရန် နောက်ဆုံးရက် အဖြစ် ထိုင်းအစိုးရက သတ်မှတ် ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ သည်လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

ထို နောက်ဆုံး သတ်မှတ်ရက်ကို ရွှေ့ဆိုင်းပေးရန် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ကို အင်္ဂါနေ့က တောင်းဆို ခဲ့ကြသေးသည်။ ထိုင်းအစိုးရက ထိုတောင်းဆို ချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။

ထိုလုပ်ငန်းစဉ်များ အတွက် လောနှင့် ကမ္ဘောဒီးယား အစိုးရ အရာရှိများက ၎င်းတို့၏ အလုပ်သမားများ ရှိရာ ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဆောင်ရွက် ပေးခဲ့ကြသည်။ မြန်မာ အစိုးရကမူ ထိုသို့ ဆောက်ရွက် ပေးခြင်း မရှိပေ။

သို့သော်လည်း မြန်မာအစိုးရက နယ်စပ်မြို့ တချို့တွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများဖွင့်ပြီး ၂၀၀၉၊ ဇူလိုင်လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့သည်။

နိုင်ငံကူး လက်မှတ် လုပ်ဆောင်ကြရန် မြန်မာ အစိုးရက အလုပ်သမားများကို လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ထိုရုံးများမှ တဆင့် ဖြန့်ဝေခဲ့သည်။ နိုင်ငံကူး လက်မှတ် လာရောက် လုပ်ဆောင် သူများကို “ဖမ်းဆီးခြင်း မရှိ၊ တားဆီး စစ်ဆေးခြင်း မရှိ၊ အခွန် ကောက်ခြင်း မရှိ” ကြောင်း ထိုလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

အလုပ်သမား အများစု စိုးရိမ်သည့် အချက်မှာ “အခွန် ကောက်ခြင်း” ဖြစ်သည်။ နေရပ်ရင်းရှိ မိသားစုထံသို့ မြန်မာ အာဏာပိုင်များက သွားရောက်ပြီး အခွန် ကောက်မည်ကို ၎င်းတို့က ပူပန်ကြသည်။ အလုပ်သမား တို့၏ စိုးရိမ်ချက်ကို မည်သည့် အဖွဲ့အစည်းကမျှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။

ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ် အတွက် အလုပ်သမား၊ အလုပ်ရှင်တို့ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရ အရာရှိများကို ဆက်သွယ်  ဆောင်ရွက် ရမည် ဖြစ်သည်။ ယခင်က ဤသို့သော လုပ်ငန်းစဉ်များနှင့် ရင်းနှီးမှု မရှိခြင်းသည် အလုပ်သမားများက နိုင်ငံကူး လက်မှတ် လုပ်ဆောင်ရန် ၀န်လေးနေ ကြသည့် အချက်တချက် ဖြစ်သည်ဟု သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ပြည်သား အရေ အတွက်မှာ ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ရွှေပြည်သာတွင်လည်း အလုပ်သမားများ ဆန္ဒပြ

Friday, 19 February 2010 19:58 သန်းထိုက်ဦး ဧရာဝတီ

ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။ ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင် အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။
“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက်ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်” ဟု သူက ဆိုသည်။
ညနေ ၄ နာရီအချိန်၌ လူစုခွဲလိုက်သည်ဟု သူက ပြောသည်။
အာဏာပိုင် အဖွဲ့အစည်းများ ရောက်ရှိသွားပြီး အလုပ်သမားများ ဆန္ဒပြရခြင်း အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း၊ စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။
ယခုလအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။
ယမန်နေ့က အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ်သမားများက လစာတိုးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည်။  အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။  လှိုင်သာယာရှိ စက်ရုံတချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ယခင်တပတ်က ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားတဦး၏ အနိမ့်ဆုံးလစာမှာ ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) ၀န်းကျင် ဖြစ်သည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားများ ဆန္ဒပြ

19 February 2010 VOA 

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာ အခုလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေဟာ တနေရာပြီးတနေရာ ကူးစက်ပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ ဒီကနေ့ဆိုရင် ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ရက်စ်တူး သကြားလုံးစက်ရုံက အလုပ်သမား ၈၀၀ လောက် သပိတ်မှောက်နေကြပါတယ်။ အခြေအနေအသေးစိတ်ကို စုံစမ်းထားတဲ့ မအေးအေးမာ တင်ပြထားပါတယ်။

လှိုင်သာယာစက်မှုဇုန်က ၈ ရက်နေ့ကနေ စခဲ့ကြတဲ့ သပိတ်မှောက်တောင်းဆိုမှုတွေဟာ ဒီကနေ့အထိ မပြီးသေးဘူးလို့ ဆိုရမှာပါ။ အထည်ချုပ်စက်ရုံတွေ ဖြစ်တဲ့ အိုပယ် (၁) နဲ့ (၂)၊ တိုင်ရီ စက်ရုံတွေ၊ မြန်မာ့စန္ဒီ ဖိနပ်စက်ရုံ၊ တနေ့ကဆန္ဒပြခဲ့တဲ့ အင်းစိန်က လိုင်းရင်းစီးတီး အထည်ချုပ် စက်ရုံတွေအပြင် အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရွှေပြည်သာစက်မှုဇုန်က ရက်စ်တူး သကြားလုံးစက်ရုံမှာ အလုပ်သမား ၈၀၀ ခန့်က သူတို့ရဲ့ လုပ်အားခနည်းတဲ့ပြဿနာအပြင် အချိန်ပိုခိုင်းစေမှုတွေ၊ အလုပ်နဲ့မပတ်သက်တဲ့ ခိုင်းစေမှုတွေ ရှိတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတဲ့နေရာမှာ ရောက်ရှိနေတဲ့ မျက်မြင်တဦး ပြောပြတာကတော့ -
"ရွှေပြည်သာမှာလည်း ဖြစ်တာပဲ၊ အရင်စက်ရုံတွေ ပုံစံအတိုင်းပဲ။ လုပ်အားခ တိုးမြှင့်ရေး ရယ်၊ စူပါဗိုက်ဆာ က သူတို့ကို မာန်မဲတဲ့ကိစ္စတွေ လျော့ချရေး၊ ပြီးတော့ အလုပ်ချိန်က အရမ်းလုပ်ရတယ်လေ။ အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၉ နာရီအထိ ဆိုတော့ အဲဒါကို လျော့ချရေး စတာတွေ ပေါင်းပြီးတော့ သကြားလုံး စက်ရုံက အလုပ်သမားတွေက တောင်းဆိုတိုက်ပွဲဝင်ပြီး သပိတ်မှောက်တာပေါ့။ သူတို့ ကြေညာထားတာက လစက အခု ၂၀,၀၀၀ လောက်က စတယ်ဗျာ။ ၂၀,၀၀၀ - ၂၅,၀၀၀ က စတယ်။ အခု ကျနော်ပြောတဲ့အချိန်ထိတော့ ဘာမှမရသေးဘူး။ သူတို့ ညှိနေကြတုန်းပဲ။
လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပုံကိုလည်း ဆက်ပြောပြပါတယ်။
"အခု သူတို့ချထားတာကတော့ ရှိသမျှ ဌာနအသီးသီးတွေ သွားကြတယ်ဗျာ။ ပြီးတော့ မီးသတ်ကားတွေ၊ နောက်ပြီးတော့ လုံထိန်းကားတွေက အရင်စက်ရုံတွေမှာလိုပဲ လုံခြုံရေးတွေ ချထားတယ်။ လေးဘက် လေးထောင့် ချထားတယ်။ နောက်ပြီးတော့ အဓိကကတော့ စက်မှုဇုံထဲမှာဆိုတော့ အခြား စက်ရုံတွေကို မကူးစက်အောင် ဒါကို အလွယ်တကူ ပိတ်ဆို့လို့ရအောင် အဆင်သင့်ပြင်ထားကြပါတယ်။"
အခုပြတဲ့ ရက်စ်တူး သကြားလုံးစက်ရုံဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း လုပ်အားခနည်းပါးမှုတွေကြောင့် ဆန္ဒပြခဲ့ဖူးပါတယ်။ တနေ့လုပ်အားခ ၈၀၀ လောက်နဲ့အချိန်ပိုကြေး တနာရီကို ၁၀၀ လောက်သာ ရကြတာမို့ ကုန်ဈေးနှုန်းကြီးတဲ့အချိန်မှာ အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းတယ်လို့ ဆိုပါတယ်။ ရွှေပြည်သာ စက်ရုံတွေဟာ သူတို့ နစ်နာမှုတွေအတွက် အမြဲလိုလို တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
"ရွှေပြည်သာမှာ စက်ရုံတွေ အများကြီး ရှိတယ်။ အဲဒီမှာ ဖြစ်လေ့ဖြစ်ထရှိတာ အမြဲတမ်းလိုလိုဖြစ်တာက နယူးဝေး နဲ့ သကြားလုံးစက်ရုံတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကုန်ဈေးနှုန်းက ကြီးရတဲ့အထဲမှာ လုပ်အားခ လျော့လိုက်တဲ့အခါ ကျတော့ အခုလိုမျိုး သူတို့ အခွင့်အရေးတွေကို တောင်းဆိုကြတာပါ။ သူက အလုပ်သမားလည်း များတယ်။"
အမျိုးသမီး အလုပ်သမားတွေကို စက်ရုံခေါင်မိုးပေါ်တက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းတာ၊ အိမ်သာ ဆေးခိုင်းတာတွေ၊ အလုပ်နဲ့ မပတ်သက်တာတွေကို ခိုင်းစေတဲ့အပြင် အခြေခံလစာနည်းပါးမှုက အဓိက ဆန္ဒပြရခြင်း အကြောင်းရင်းလည်း ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

ဆန္ဒပြ အလုပ်သမားများကို ပြည်သူတရပ်လုံး ကူညီရန် တိုက်တွန်း

ဒီဗွီဘီ သတင် မောင်တူး 

၁၈ ဖေဖော်ဝါရီ ၂၀၁၀ - ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေမှာ ပြည်သူတရပ် လုံး ပူးပေါင်း ပါဝင်ကူညီကြဖို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ သံဃာ့တပ် ပေါင်းစု ဗကသများ အဖွဲ့ချုပ်တို့က တိုက်တွန်း လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသများ အဖွဲ့ချုပ်တို့က ဒီနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
လိုင်သာယာ။ အင်းစိန် စက်ရုံတွေက ဆန္ဒပြပွဲတွေဟာ ပြည်သူတွေစားဝတ် နေရေး ကျပ်တည်းနေတာကို သက်သေပြလိုက်တာပဲလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ခုလို ဆိုပါတယ်၊ “ဆန္ဒပြပွဲတွေ ဖြစ်တဲ့နေရာမှာ အဲဒီနေရာနဲ့ အနီးဆုံးကို ပြည်သူလူထုကြီး က သွားနိုင်ပါတယ်။ အလုပ်သမားတွေက နေပူထဲမှာ ဒီလိုပဲ ထိုင်နေရတာ၊ စားဖို့ သောက်ဖို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလို့ ရတာကို ကျနော်တို့ တွေ့ရပါတယ်၊ အဲဒါတော့ အဲဒီစက်ရုံဝင်းထဲကို မရောက်ရင်တောင် အလုပ်သမားတွေ နေတဲ့ ရပ် ကွက်တွေမှာ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ အများကြီး ရှိပါတယ်၊ အဲဒီ အ လုပ်သမားတွေက တဆင့် ပံ့ပိုးချင်လည်း ရပါတယ်၊ “တခုက စက်ရုံအလုပ်ရုံတွေ ရှိတဲ့နေရာကို ပြည်သူပြည်သားတွေက အနီး စပ်ဆုံးနေရာကို သွားရောက်ကြပြီး ရပ်တည် ဆန္ဒပြခြင်းဟာလည်း ဒါဟာ အလုပ် သမားတွေဘက်က ထောက်ခံတယ် ဆိုတဲ့ အင်အားပြ ပုံစံတရပ် ဖြစ်ပါတယ်။ ရက်ရက်စက်စက် လက်လွတ်စပယ် ဖြိုခွင်းမခံရအောင် ပြည်သူလူထုကနေပြီး သတင်း အ ချက်အလက်တွေကို စောင့်ကြည့်ပြီး နိုင်ငံတကာ သတင်း မီဒီယာတွေနဲ့ ကမ္ဘာက သိ အောင် ကြိုးစားပေးသင့်တယ်လို့ ယူဆပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။” အခု ဖြစ်ပွားနေတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို နအဖ စစ်အစိုးရဘက်က ဘယ်လို ဖြေရှင်းပေးသင့်တယ် ဆိုတာကိုလည်း ကိုထွန်းမြင့်အောင်က ခုလို ပြောဆို သွားခဲ့ပါတယ်။ “ဒါအလုပ်သမားဆန္ဒပြပွဲတွေ ရှိတဲ့နေရာမှာ လုံထိန်းကားတွေ လက်နက် ကိုင်တပ်တွေ၊ အချုပ်ကားတွေ၊ မီးသတ်ကားတွေ ဒီလိုခြိမ်းခြောက် အကျပ်ကိုင် ပြီး အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ငြိမ်သက်သွားအောင်လုပ်ဖို့ ကြိးစားနေတယ်၊ “နောက်တနည်းက လိုင်သာယာစက်မှုဇုန် အလုပ်သမားတွေဆိုရင် အလုပ် ရှင်နဲ့ အလုပ်သမားအကြားမှာ အများကြီး ဟန်ပြ လိုက်လျောမှုတွေ တစိတ်တပိုင်း လုပ်ပေးပြီးတော့ ပွဲပြီး ပြီးရော ဆိုပြီး ဖြေရှင်းခဲ့တယ်၊ အဲတော့ တခဏသာ အချို သတ် ဖြေရှင်းမှုပဲဖြစ်တယ်၊ အလုပ်သမားတွေရဲ့ ပြသနာတွေကို အမှန်တကယ် ပြေ လည်သွားစေဖို့ ဆိုတာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ အဖွဲ့အစည်းတွေကို ဖွဲ့စည်း လှုပ်ရှားခွင့် ပေးရမယ်။” အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ဆန္ဒပြ အ လုပ်သမားတွေကို ကျောင်းသား၊ ရဟန်းတော်တွေနဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်း တွေက နည်းမျိုးစုံနဲ့ သွားရောက် ကူညီ ပေးကြစေချင်တယ် လို့လည်း ကိုထွန်းမြင့်အောင်က ပြောဆိုသွားခဲ့ပါတယ်။
အပြည့်အစုံသို့ >>

Friday 19 February 2010

အင်းစိန်တွင် အလုပ်သမားများဆန္ဒပြ

.Wednesday, 17 February 2010 19:38 ရိုးမ ၃

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိသည်။

အင်းစိန် ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းရှိ Lion City အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန်နေ့ ညနေမှ စတင်ကာ တောင်းဆိုချက် သုံးခုရရှိရေးအတွက် ယခုအချိန်ထိ တောင်းဆိုနေခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့်နီးစပ်သူတဦးက ပြောသည်။

“မနေ့က ညနေ (၄) နာရီလောက်ကတည်းက စဖြစ်နေတာ၊ အခုချိန်ထိတောင်းဆိုနေတုန်းဘဲ၊ လုံခြုံရေးတွေကတော့ လမ်းထိမ်မှာ ပိတ်ထားတယ်၊ အခုချိန်ထိ လူအယောက် (၈၀) ကျောက်လောက်ရှိနေသေးတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် (၁)အများပြည်သူရုံးပိတ်ရက်ပိတ်ပေးရန်၊ (၂) အချိန်ပိုကြေး ၁၀၀ တိုးမြှင့်ပေးရန်၊ (၃) အခြေခံလစာများ တိုးမြှင့်ပေးရန်အတွက် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

.“အဓိက ကတော့ တခြားအစိုးရဌာနတွေ စက်ရုံတွေလည်း လခတွေ တိုးသွားပြီဆိုတော့ သူတို့ကိုလည်း တိုးပေးဖို့ တောင်းဆိုတာပါ၊ အဲဒီစက်ရုံက အလုပ်သမားသိပ်များများတော့မရှိပါဘူး၊ စက်ရုံကလည်း သေးတယ်” ဟုပြောသည်။

ယင်းကဲ့သို့ အလုပ်သမားဆန္ဒပြတောင်းဆိုမှုကို အာဏာပိုင်များဘက်မှ လုံထိန်းကား (၁၀)စီး၊ မီးသတ်ကား (၁)စီးနှင့် အချုပ်ကား (၁)စီး ရပ်ထား၍ တင်းကြပ်စွာ စောင့်ကြည့်နေလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် မကြာသေးခင် ရက်ပိုင်းအတွင်းက လှိုင်သာယာစက်မှုဇုံအတွင်းမှ အလုပ်သမားများ ထောင်နှင့်ချီကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိသည်။
အပြည့်အစုံသို့ >>

Wednesday 17 February 2010

ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ထိုင်းနိုင်ငံ ဟတ်ယိုင်ဒေသတွင် အသတ်ခံရ

Tue 16 Feb 2010, IMNA

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသရှိ ရာဘာခြံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အသတ်ခံရသည်။ အသတ်ခံရသူမှာ အသက် ၁၅ နှစ်အရွယ်ရှိ မင်းဗညားဖြစ်ပြီး၊ ထိုင်းလူရမ်းကားတို့က ဟတ်ယိုင်ဒေသ အမ်ဘေနာထဝီ ကော်မော်ရပ်ကွက် ၁၅ တွင် သတ်ဖြတ်ခဲ့သည်။
“၆ နာရီကျော်လောက်မှာ ဆိုင်ကယ်နှစ်စီး ဝင်လာတယ်၊ သူတို့လူ ၄ ယောက်နဲ့ပေါ့၊ ဆိုင်ကယ်ကို တဲရှေ့မှာ ရပ်ပြီးတော့ တဲထဲဝင်လာတယ်၊ အဲဒီအချိန်မှာ ကျမနဲ့ ကျမယောကျာင်္က ထမင်းချက်နေတယ်၊ အသတ်ခံရတဲ့ ခလေးက ရေချိုးနေတယ်၊ သူတို့ တဲထဲရောက်လာတော့ ကျမတို့နှစ်ယောက်ကို ကြိုးနဲ့ဝင်ချည်တယ်၊ ကျမမှာလည်း တစ်နှစ်အရွယ် ခလေးတစ်ယောက် ရှိနေတယ်၊ အဲဒီအချိန်မှာ ခလေးက တဲပေါ်က ပြုတ်ကျသွားတော့ သူတို့က ကျမကို လွှတ်လိုက်တယ်၊ ကျမကလည်း ခလေးကို ကောက်ပြီးတော့ ထွက်ပြေးတယ်” ဟု လွတ်မြောက်သွားသည့် အမျိုးသမီးက ပြောသည်။

ထိုအမျိုးသမီးနှင့် ခလေး ထွက်ပြေးသွားပြီး အနည်းငယ်ဝေးကွာသွားသည့်အခါ ထိုတဲသို့ အလည်လာသည့် ဆိုယ်ကယ်တစ်စီးနှင့် တွေ့သွားပြီး အမျိုးသမီးက ဆိုင်ကယ်နှင့် လိုက်ပါသွားသည်။ ထိုအချိန်မှာ ချည်နှောင်ခံထားရသည့် အမျိုးသားကလည်း ထွက်ပြေးသွားရာ တဲနှင့်အနည်းငယ်ဝေးသွားရာမှ သေနတ်သံကြားလိုက်ရသည်။

“သေနတ်သံကြားတော့ ကိုယ့်တူလေး အပစ်ခံရတယ်ဆိုတာ သေချာသွားပြီ၊ သူတို့လည်း ခလေးကို ပစ်ပြီးတော့ ထွက်သွားတာပဲ၊ ကျနော်တို့ တဲကိုပြန်ရောက်တဲ့အချိန်မှာ ခလေးက သေနေပြီ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ထိုရာဘာခြံအနီးအနားတဝိုက်ရှိ လူများကလည်း သေနတ်သံကြားပြီးနောက် ထိုတဲဆီသို့ ပြေးလာကြရာ သေနတ်ဒဏ်ရာနှင့် သေနေသည့်ခလေးကိုသာ တွေ့ခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသွားသည့်ခလေးသည် ထွက်ပြေးလွတ်မြောက်သွားသူတို့၏ တူအရင်းဖြစ်သည်။ ထိုအခင်းဖြစ်ပွားပြီး မကြာမီတွင် ထိုင်းရဲများ ရောက်လာပြီး ခလေး၏အလောင်းကို စစ်ဆေးရန်အတွက် သယ်ယူသွားခဲ့သည်။

ထိုင်းရဲတို့က “အဲဒီလူတွေကို ခင်ဗျားတို့ မှတ်မိလား၊ မှတ်မိရင် ကျနော်တို့ကို ပြောပြပါ၊ ဒီအတိုင်းထားလို့ မရဘူး၊ ဒီအမှုကို ဖော်ထုတ်ရမယ်” ဟု ကာယကံရှင်ကို ပြောသွားခဲ့သည်။

“ယခုလိုအဖြစ်မျိုးအတွက် အရမ်းခံစားရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရတာ မကောင်းတော့ဘူး၊ ဒီလိုအဖြစ်မျိုးဟာ ခဏခဏကြားရပေမယ့် ကိုယ့်အနီးအနားမှာ မဟုတ်တော့ သိပ်တော့မခံစားရသလိုပဲ၊ အခုက ကိုယ့်အနားမှာ လာဖြစ်တယ်ဆိုတော့ အရမ်းလည်း ခံစားရတယ်၊ စိတ်လည်း မကောင်းဘူး၊ ကိုယ့်မွန်လူငယ်တွေ အခုလို သေဆုံးရတာ နည်းတာမဟုတ်တော့ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်မွန်လူမျိုးတွေ လာကိုမလာစေချင်တော့ဘူး၊ အခုလို မိဘနဲ့ဝေးတဲ့နေရာမှာ အသတ်ခံရတာ၊ ကိုယ်ထိရင် ကိုယ်ခံပဲ၊ ဘယ်သူလည်း လုပ်မပေးနိုင်ဘူး၊ ဒီလိုအဖြစ်အပျက်တွေ ခဏခဏပါပဲ” ဟု အခင်းဖြစ်ပွားရာ အနီးရှိ အလုပ်သမားတစ်ဦးက ပြောသည်။

ထိုခလေးဈာပနအတွက် ရာဘာခြံရှင်သူဌေးမှ ဘတ်ငွေတစ်သောင်း ထောက်ပံ့ပေးပြီး၊ သေဆုံးသွားသော ခလေးမိဘအတွက်လည်း ဘတ်ငွေ ၃ သောင်းပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံးသို့ စုပေါင်းချီတက်

စိုးမိုး/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ရွှေ့ပြောင်းလုပ်သားဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးရေး အဆိုပြုချက်စာကို ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့ရန်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းပြီး ဘန်ကောက်မြို့ရှိ ထိုင်းဝန်ကြီးချုပ်ရုံးသို့ ယနေ့ ချီတက်တောင်းဆိုကြသည်။အလုပ်သမားရေးရာအဖွဲ့ကြီး (၄) ခု ဦးဆောင်ပြီး ဘန်ကောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား အင်အား (၁၅၀) ခန့်က ကုလသမဂ္ဂရုံးနှင့် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်ကာ အဆိုပြုလွှာကို တင်သွင်းကြပြီး ချင်းမိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား အင်အား (၅၀) ခန့်က အဆိုပြုလွှာကို ခရိုင်ဝန်ရုံးသို့ ချီတက်တင်သွင်းခဲ့ကြသည်။

“ထိုင်းဝန်ကြီးချုပ်ရုံး ကွန်ပလိန်း စင်တာက အရာရှိ (၃) ယောက်ထွက်လာပြီး စာလက်ခံတယ်။ ယူအန် (ကုလသမဂ္ဂ) ရုံးကလည်း စာကို လက်ခံတယ်” ဟု ကိုယ်တိုင် လိုက်ပါချီတက်ခဲ့သည့် ဦးသက်ခိုင်က ပြောကြားသည်။
ယခုလကုန်တွင် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို စိစစ်ပြီး နေရပ်ပြန်ပို့မည့် ထိုင်းအစိုးရ မူဝါဒကို ပြင်ဆင်ပေးရန် ရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်း (၄) ခုက ဦးဆောင်ကာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပူးပေါင်းချီတက်တောင်းဆိုကြခြင်းဖြစ်သည်။
“အခုက စာကို လက်ခံလိုက်တယ်။ အစိုးရတရပ်အနေနဲ့ တောင်းဆိုချက်တွေကို ချက်ချင်းကြီး အဖြေပေးဖို့ဆိုတာ မဖြစ်နိုင် ဘူးပေါ့။ ကျနော်တို့ ဒီလမကုန်ခင်အထိစောင့်မှာပါ။ ဒီစာအပေါ် ထိုင်းအစိုးရ တုံ့ပြန်ချက်ကို” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
ထိုင်းအစိုးရက ယခုလကုန်တွင် နေရပ်ပြန်ပို့ရန် စီစဉ်ထားသည့် မြန်မာ၊ လော၊ ကမ္ဘောဒီးယား နိုင်ငံသား တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်တွင် မြန်မာနိုင်ငံသား (၁) သန်းခန့် ပါဝင်သည်။
ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တရားဝင် လုပ်သားစေလွှတ်မှု စနစ်တခု ဖြစ်ပေါ်လာစေရန် မြန်မာစစ်အစိုးရနှင့် (၈) ကြိမ်မြောက် ဆွေးနွေးပွဲကို ယခုလ (၁၂) ရက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်း အလုပ်သမား မူဝါဒ ပြင်ဆင်ရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို

Tuesday, 16 February 2010 18:05 ဘစောတင်
 

နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သော မူဝါဒများကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် NGO အဖွဲ့များက ဦးဆောင်၍ ဘန်ကောက်မြို့တွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့ လည်းကောင်း၊ ချင်းမိုင်မြို့တွင် ခရိုင် အုပ်ချုပ်ရေး ရုံးသို့လည်းကောင်း ယနေ့ သွားရောက် တောင်းဆိုခဲ့ကြသည်။ဘန်ကောက် မြို့တွင် မြန်မာ့ အရေးကို ဆောင်ရွက်သည့် အဖွဲ့ အစည်းများ၊ ထိုင်း အလုပ်သမား သမဂ္ဂများ၊ NGO များနှင့် အတူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂၀၀ နီးပါးခန့်သည် ယနေ့ နေ့လယ်က ယာယီ ပတ်စ်ပို့ လုပ်ငန်းစဉ်မှ တင်းကျပ်သော မူဝါဒများကို ကန့်ကွက်သည့် စာတစောင်ကို ထိုင်း ၀န်ကြီးချုပ် ရုံးသို့ ချီတက် ပေးပို့ ခဲ့ကြသည်။ အလားတူ ချင်းမိုင်မြို့တွင်လည်း Migrant Workers Federation နှင့် Workers Solidarity Association အဖွဲ့တို့က ဦးဆောင်၍ အလုပ်သမား ၅၀ ခန့်က ပိုစတာများ ကိုင်ဆောင်၍ သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။
တောင်းဆို ချက်ထဲတွင် ထိုင်းအစိုးရ အနေဖြင့် ယာယီပတ်စ်ပို့ လုပ်ရန် လျှောက်ထားရမည့် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီ ၂၈ ရက်မှ ထပ်မံ တိုးပေးရေး၊ ထို သတ်မှတ်ရက် နောက်ပိုင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့ခြင်းများ မပြုရေး၊ ယာယီပတ်စ်ပို့ လုပ်ရာတွင် ပွဲစား ကုမ္ပဏီများ၏ ဆောင်ရွက်ချက် များကို ကြပ်မတ် စိစစ်ပေးရေး စသည့် အချက်များပါဝင်သည်။  

ထိုင်းအစိုးရက လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ယာယီပတ်စ်ပို့ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်သည့် အစီအစဉ်သို့ လျှောက်ထားခြင်းမရှိလျှင် ထိုသူများအားလုံးကို ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ မည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း နှင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို တဖက်တလမ်းက အထောက်အကူပြုနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကိုလည်း များစွာ ခြိမ်းခြောက် နေသည်ဟု ယနေ့ တောင်းဆိုချက်များတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ ပေးပို့ သောစာတွင် ထိုင်းနိုင်ငံမှ သြဇာကြီးမားသော အလုပ်သမား သမဂ္ဂအဖွဲ့  အစည်းများဖြစ်သည့် The State Enterprise Workers Relations Confederation မှ အထွေထွေ အတွင်းရေးမှူး Mr. Sawit Keawan၊ Thai Labour Solidarity Cmmittee မှ ဥက္ကဋ္ဌ Ms. Wiliwan Saetia၊ Migrant Working Group မှ တာဝန်ခံ Mr. Adisom Kedmongkol၊ Action Network for Migrant မှ တာဝန်ခံ Mr. Bundit Panwiset တို့က လက်မှတ်ရေးထိုးထားကြသည်။

ဘန်ကောက်မြို့ရှိ အလုပ်သမားများသည် ရှေးဦးစွာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မိတ္တူ တစောင်ကို ပေးပို့ ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ချင်းမိုင်မြို့တွင် တောင်းဆိုချက်များကို ခရိုင် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦးက လက်ခံယူခဲ့ပြီး အထက် တာဝန် ရှိသူများထံ တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ချင်းမိုင်အခြေစိုက် Migrant Workers Federation အဖွဲ့မှ ကိုစိုင်းပီးက ယင်းတောင်းဆိုချက်များကို ထိုင်း အစိုးရအနေဖြင့် ဆုံးဖြတ် ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဘန်ကောက်မြို့တွင်မူ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ၀န်ကြီးချုပ်ရုံးရှေ့တွင် စုရုံးခဲ့ကြသော်လည်း နေ့လယ် ၁ နာရီ ကျော်ထိ စာထွက်ယူမည့် အရာရှိကို စောင့်ဆိုင်းခဲ့ကြရသည်။ ထိုင်းအဖွဲ့ အစည်းများက ပြင်းထန်စွာ ဖိအားပေးပြောဆိုမှသာ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတဦး ထွက်ယူခဲ့ကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်ရေး၊ အလုပ်သမားသစ်များ စေလွှတ်ရေး ဆိုင်ရာ အစည်းအဝေးကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မြင့်နှင့် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ ၀န်ကြီး Mr. Phaitoon Kaeothong တို့ တက်ရောက် ခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များအား နိုင်ငံသား စိစစ်ရေး တရားဝင်ဖြစ်လာစေရေးနှင့် အလုပ်သမားအသစ်များ ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ခွင့်များ ရရှိရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းစာတွင် ရေးသားထား သည်။ 

မြန်မာ အလုပ်သမားများ တရားဝင် အလုပ် လုပ်ကိုင်နိုင်ရန် အတွက် ယာယီ နိုင်ငံကူး လက်မှတ် ၁ သောင်း ထုတ်ပေးရေး အစီအစဉ်ကို နှစ်နိုင်ငံ အာဏာပိုင်များက လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
ထို အစီအစဉ် အတွက် နိုင်ငံသား လက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း - မြန်မာ နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ် တို့တွင် ဖွင့်လှစ် ထားသည်။

မြန်မာဘက်မှ အာဏာပိုင်များက လျှောက်ထား သူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသား စိစစ်မှုအတွက် စစ်ဆေးပြီး သတ်မှတ် ထားသည့် အချက် အလက် ပြည့်စုံသူ များကိုသာ ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း နိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား ၂ သန်းခွဲခန့် ရှိသည်ဟု ခန့်မှန်း ထားသည့် အနက်မှ ၁ သန်း ၂ သိန်း ကျော်ကသာ အလုပ်သမား လက်မှတ် ပြုလုပ်ထားရာ ကျန် ၁ သန်းကျော်မှာ အလုပ်သမား လက်မှတ် မရှိသူများဖြစ်သည်။

ဘန်ကောက်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ မှ အလုပ်သမား ရေးရာ တာဝန်ခံ ကိုသက်ခိုင်က “ဒီလ ၂၈ ရက်နေ့ မှာမှ ယာယီပတ်စ်ပို့ လုပ်ဖို့ ဖောင်မတင်ထားရင် အစု လိုက် အပြုံလိုက် ဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့တော့မယ်။ ဒါ့အပြင် ယာယီပတ်စ်ပို့ အစီအစဉ်တွေထဲမှာ ပွဲစားတွေရဲ့ ချယ်လှယ်မှုကြောင့် လိုအပ်တာထက် အဆမတန် ကုန်ကျတာတွေရှိလို့ အလုပ်သမားတွေ ဒုက္ခရောက်ကြရတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့သော စာထဲတွင် မြန်မာအစိုးရက လော နှင့် ကမ္ဘောဒီးယား အစိုးရများကဲ့သို့ ထိုင်းနိုင်ငံအတွင်း လာရောက်ကာ နိုင်ငံသားဖြစ်ကြောင်း စိစစ်ချက်ကို လုပ်ဆောင်ပေးမည်ဆိုပါက ပိုမို လွယ်ကူ မြန်ဆန်ပြီး လူအများ လက်ခံနိုင်မည့် အနေအထား ရှိနိုင်မည် ဆိုသည့် အချက်လည်း ပါဝင် ကြောင်း၊ ထိုင်း အစိုးရက သေချာ စဉ်းစား လုပ်ကိုင်ပေးမည်ဆိုလျှင် ထိုင်း နိုင်ငံနှင့် မြန်မာ အလုပ် သမားများ အတွက် ပိုမို အကျိုးရှိ ကောင်းမွန်မည့် အစီအစဉ်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပ အလုပ်သမား များအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည်။

မြန်မာနိုင်ငံ အပါဝင်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင် ထားသူများကို ထိုင်းနိုင်ငံ အတွင်း ငါးဖမ်းလုပ်ငန်း၊ အစားသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာ လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ၌ တရားဝင် အလုပ်လုပ်နိုင်ရန် ခွင့်ပြုထားသည်။

ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပါဝင်ရေးသားသည်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်

နန်းခမ်းကယောက် ၁၅ ဖေဖော်ဝါရီ ၂၀၁၀

မြန်မာနယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁ သန်းကျော်ကို တရား ၀င် နိုင်ငံကူးလက်မှတ် ထုတ်ပေးသွားမယ်လို့ ပြည်တွင်း ၀စ်လီးအလဲဗင်းဂျာနယ်ကို ကိုးကားပြီး ဒီကနေ့ ရန်ကုန်ကလာတဲ့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်၊
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ပုဂံမြို့မှာ ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ရဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးကြပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အရ  ၁ သန်းကျော်ထဲက မြန်မာအလုပ်သမား ၆ သိန်းစီကို ၂ သုတ်ခွဲပြီး ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ ပထမအသုတ်ကို ဒီနှစ်ထဲမှာ ထုတ် ပေးမှာဖြစ်ပြီး ကျန်တသုတ်ကိုတော့ ၂၀၁၂ ခု ဖေဖေါ်ဝါရီလမှာ ထုတ်ပေးသွာမယ်လို့ သတင်းက ဆိုပါတယ်၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့် ၂ နှစ်သက်တမ်းရမယ့် ဒီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ် ကို လွန်ခဲ့တဲ့ ၄ နှစ်က စတင်တာဖြစ်ပြီး။ အခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံကူးလက် မှတ်လုပ်သူ စုစုပေါင်း ၃ သောင်းကျော်သာရှိတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါ တယ်။ အခုလို ထိုင်းနိုင်ငံမှာ လုံခြုံမှုကင်းပြီး သွားလာအလုပ်လုပ်ကိုင်နိုင်ဖို့ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးတာတောင် မြန်မာအလုပ်သမားတွေက ဘာကြောင့် လက် မခံကြတာလဲ ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်က မြန်မာအလုပ်သမားတဦးကတော့ ကျန်နေတဲ့ မြန်မာပြည်က မိသားစုတွေအတွက် လုံခြံမှုမရှိတာကြောင့်လို့ အခုလို ပြောပါတယ်၊ ပြတ်စ်ပို့ လျှောက်လွှာတင်ပြီးတော့မှ နောက် သက်တမ်းတိုးခွင့်ရှိတယ်။ ဒါပေမဲ့ ဒီလူတွေကတော့ ပတ်စ်ပို့မလုပ်ချင်ကြဘူး။ အမှန်အကန်ဖြစ်လို့ရှိရင်လည်း ဗမာပြည်က ကိုယ့်အိမ်မှာ သွားပြီးတော့ ငွေးညစ်စားမှာစိုးလို့ ဒီကြားထဲ ၂ နှစ်အ တောအတွင်း ကိုယ်အိမ်ပြန်လို့ရှိရင်လည်း ကိုယ့်ကို ဒုက္ခပေးမှာစိုးလို့ အဲဒီလိုမျိုးပေါ့။ အခုတောင်မှ အဲဒီ ၁၂ ရက် အပိုင်းမှာ ကြားနေရတာက သူတို့အိမ်မှာ သွားပြီး ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီးတော့ မင်းတို့သမီးကို ငါတို့ ဖမ်းထားပြီးပြီပေါ့။ ယိုးဒယားနိုင်ငံမှာ ဖမ်းထားပြီးတော့ ဗမာပြည်ပို့ထားပြီးပြီလို့ ပြောထားတာလေ။ အြဲဒါကနေပြီးတော့ သူ့အဖေဆီကို ပိုက်ဆံ ၁၀ သိန်း သွားတောင်းတယ်။ တောင်းတော့ သူ့အဖေက ပိုက်ဆံပေးစရာမရှိတော့ သူ့အဖေ မှတ်ပုံတင် သိမ်းသွား တယ်။ နောက်မကြာသေးခင်မှာပဲ သူ့သမီးက သူ့အဖေဆီဖုန်းဆက်တော့မဟုတ်ဘူး အဖေ၊ ကျမထိုင်းနိုင်ငံမှာ ရှိနေပါတယ်။ သူတို့ဟိုက ဖမ်းထားတာမဟုတ်ဘူးလို့ နောက်ဆုံးကျတော့ မဟုတ်တာနဲ့ သူ့အဖေလည်း ရပ်ကွက်ဥက္ကဋ္ဌကို ခေါ်ပြီး ရဲစခန်း မှာ သွား+ပီးတော့ မှတ်ပုံတင် ပြန်သွားတောင်းခဲ့တယ်။ ငွေ ၁၀ သိန်းလည်း မပေးရ  ဘူး။ မှတ်ပုံတင်လည်း ပြန်ရခဲ့တယ်လေ။ဋ္ဋဋ္ဋ အလားတူ နယ်စပ်လမ်းကနေ တရားမ၀င် အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်း နိုင်ငံတောင်ပိုင်းဘက်က မြန်မာအလုပ် သမားတွေကလည်း ဒီလို နေအိမ်တွေဆီ ငွေညစ်ခြိမ်းခြောက်မှာ စိုးရိမ်ကြလို့ မလုပ်လိုကြဘူးလို့ ဖူးခက်ဒေသမှာရှိတဲ့ အခြေခံ လူ့အခွင့်အရေးပညာပေးရေးကော်မတီ ဒါရိုက်တာ ဦးထူးချစ်ကလည်း အခုလို ပြော ပါတယ်။ အြလုပ်သမားအများစုက ကျနော်တို့ထင်တယ် မလုပ်ရဲကြသေးဘူး၊ ဘာ ဖြစ်လို့လည်းဆိုတော့ မြန်မာအစိုးရရဲ့ ဌာနဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုက တအား အားနည်းတယ်၊ နောက်တခုက သူတို့ကိုယ်တိုင်က သူတို့ရဲ့ စိုးရိမ်မှုတွေ တအားများတယ်။ သူတို့ကိုတကယ်လို့များ ပြန်လွတ်လို့ရှိရင် သူတိုဏ္ဍရဲ့ အိမ်ခြံတွေ အသိမ်းခံရမလား။ ပိုက်ဆံတွေ ပေးရမလားဆိုပြီးတော့။ ကျနော်တို့ဆီမှာတော့မလုပ် တဲ့သူက အများစုလို ဖြစ်နေတယ်။ဋ္ဋဋ္ဋ မကြာခင်မှာလည်း သက်တမ်းကုန်တော့မယ့် မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းတနှစ် ထပ်တိုးပေးမှာဖြစ်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ မလုပ်ရင် သက်တမ်း မတိုးပေးတော့ဘူးလို့လည်း ထိုင်းဖက်က အကျပ်ကိုင်နေတယ် လို့သိရပါတယ်။ အလုပ်လုပ်ခွင့်ပါမစ် လျှောက်တဲ့အခါမှာ လိပ်စာအတိအကျ မလိုပေမယ့် နိုင်ငံကူးလက်မှတ်မှာတော့ နေရပ်လိပ်စာအပြည့်အစုံ ဖြည့်ဖို့လိုအပ်နေတာ ဖြစ်ပါ တယ်။ ဒါ့ပြင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်၊ နယ်စပ်ဂိတ်ကို သွားဖို့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေပြီး၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ကြားပွဲစားတွေကလည်း တဦးကို ဘတ်တသောင်းအထိ တောင်း ပြန်တယ်လို့ ဘန်ကောက်က အလုပ်သမားနဲ့ ဦးထူးချစ်တို့က ပြောပါတယ်၊ ဒါဆိုရင် မြန်အလုပ်သမားတွေအတွက် ပြေလည်ရေးအတွက် ဘာတွေလို အပ်နေလဲ ဦးထူးချစ်ကတော့ နိုင်ငံသားမှတ်ပုံတင် မရှိသူတွေ မှတ်ပုံတင်ထုတ်ပေးဖို့၊ အလုပ်သမားတွေဖက်က ကာကွယ်ပေးရေး အာမခံချက်ပေးဖို့၊ လာဘ်စားတဲ့ ဒေသ ခံအာဏာပိုင်တွေကို စစ်အစိုးရက ထိထိရောက်ရောက် အရေးယူပေးဖို့ လိုတယ်လို့ ပြောသွားပါတယ်၊၊
အပြည့်အစုံသို့ >>

အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု

.Monday, 15 February 2010 11:38 မမခင်
ဒီရက်ပိုင်းတွေမှာ မြန်မာပြန်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ လစာငွေတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲ ဆင်နွဲနေကြတာကို အားလုံးကြားသိကြမယ် ထင်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မြန်မာပြည်က စက်ရုံတွေမှာ ရရှိတဲ့ လစာငွေက သိပ်ကိုနဲပါးကြတာမို့ မကြာခဏဖြစ်လေဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါ ဖြစ်ရပ်ကတော့ လုပ်အားခလစာနဲပါးမှုအပေါ် မကျေနပ်မှု ဆန္ဒပြပွဲဟာ ယခင်ကဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတွေထက် ပိုမိုပြင်းထန်လာတဲ့အသွင်ကို ဆောင်နေပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အင်အားကလည်း နှစ်ထောင်ကျော်ရှိတာမို့ အင်အားတောင့်တင်းမှုကလည်း ယခင်ကဖြစ်လေဖြစ်ထရှိခဲ့တဲ့ စက်ရုံတွင်း ဆန္ဒပြပွဲတွေထက် ပိုပါတယ်။ ဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ 
.မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။

ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။

ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။

အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။

အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။

အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံး စုပေါင်းချီတက်မည်

စိုးမိုး/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သည့် အန်ဂျီအိုများ ပူးပေါင်းပြီး ရွှေ့ပြောင်းဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးရေး တောင်းဆိုချက်ကို မနက်ဖြန်တွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်တင်သွင်းမည် ဖြစ်သည်။ ယခု ဖေဖော်ဝါရီလကုန်တွင် နိုင်ငံသားစိစစ်မှု မလုပ်နိုင်သည့် ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့မည့်အစီအစဉ်ကို ကန့်ကွက်ပြီး ယင်းအစီအစဉ်ကို ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို တင်သွင်းမည်ဖြစ်သည်။
“မနက်ဖြန် (၉) နာရီမှာ UN ရုံးတို့၊ ILO ရုံးတို့၊ ၀န်ကြီးချုပ်ရုံးတို့ကို NGOs တွေရယ်၊ အလုပ်သမား အနည်းဆုံး (၁၅၀) လောက်နဲ့ ချီတက်စာတင်မယ်။ အဓိက Migrant working group (MWG)၊ Action Network for Migrant (ANM)၊ Thai Labour Unions တို့ စသဖြင့် ထိုင်းရော မြန်မာအဖွဲ့တွေရော ပါမယ်။ အစုအဖွဲ့ (၃၀) ကျော်လောက် ပါမယ်” ဟု အန်စီဂျီယူဘီ ဒုက္ခသည်နှင့်ရွှေ့ပြောင်းရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားလက်မှတ် ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး မူဝါဒဆိုင်ရာ အကြံပြုချက် (၅) ချက်၊ ရွှေ့ပြောင်း အလုပ်သမားအဖြစ် တရားဝင်မှတ်ပုံတင် ပြုလုပ်ရေးလုပ်ငန်းစဉ် ပြန်ဖွင့်ပေးရေး၊ အလုပ်သမားများကို လုပ်အားခေါင်းပုံဖြတ် ခိုင်းစေမှုများကို ရှောင်ရှားနိုင်ရန် အလုပ်သမားများအား လွတ်လပ်စွာ အလုပ်ရှင်ရွေးချယ်ခွင့် ပေးရေးတို့ ပါဝင်တောင်းဆို ထားကြောင်း သိရသည်။
ထိုင်းအစိုးရက ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၉) ရက်နေ့က တရားဝင် အလုပ်သမားလက်မှတ်ရှိ ရွှေ့ပြောင်းအလုပ်သမားများကို နောက်ထပ် (၂) နှစ် သက်တမ်းတိုးရန် ခွင့်ပြုခဲ့သည်။ သို့သော် တရားဝင် အလုပ်သမား လက်မှတ်မရှိဘဲ နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မပြုလုပ်နိုင်သော တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်ကိုမူ ယခုလကုန်တွင် နေရပ်ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်တွင် အလုပ်သမား (၁) သန်းကျော်သာ တရားဝင် အလုပ်သမား လက်မှတ် ရရှိထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နိုင်ငံသား စိစစ်ရေးလက်မှတ် လုပ်ဆောင်ရန်အတွက် ငွေကြေးအခက်အခဲအပြင် အခြား လူမှုရေးအခက်အခဲများလည်း ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။
“တရားဝင် အလုပ်သမားကတ် လုပ်ပြီးသားသူတွေ နိုင်ငံသား စိစစ်ရေး လုပ်နေတာတောင် ကုမ္ပဏီတွေနဲ့ မလုပ်ရင် မရသူတွေ ရှိနေတယ်။ မြန်မာနိုင်ငံသား စိစစ်ရေးလုပ်ဖို့က ခက်တာပေါ့။ တချို့တွေက စစ်ကြောင့်ပြေးလာရတာ၊ တချို့က တောထဲကနေ လာတာ မြို့နယ်တောင်မသိဘူး၊ မှတ်ပုံတင်ဆိုတာဝေးရော။ တချို့က စစ်ပြေး ရဲပြေးတွေ၊ တချို့က လူမျိုးရေး ပဋိပက္ခတွေကြောင့် မပတ်သက်ချင်တာ အဲဒါမျိုးတွေ” ဟု ဦးသက်ခိုင်က ပြောသည်။
အဆိုပါ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲမှု မူဝါဒ ပြန်လည်ပြင်ဆင်ပေးရေး တောင်းဆိုချက်စာကို အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း (၅) ခု လက်မှတ်ရေးထိုးထားသည်။
တောင်းဆိုချက်များကို ထိုင်းဝန်ကြီးချုပ်ရုံးသို့ တင်သွင်းမည်ဖြစ်ပြီး ထိုင်းအစိုးရ အလုပ်သမားရေးရာ တာဝန်ရှိ အကြီးအကဲများထံသို့လည်း မိတ္တူပေးပို့ တောင်းဆိုမည်ဖြစ်သည်။
အပြည့်အစုံသို့ >>

Sunday 14 February 2010

ယာယီနိုင်ငံကူးလက်မှတ်နှင့်ပတ်သတ်သော ထုတ်ပြန်ချက်

.

.
အပြည့်အစုံသို့ >>

Friday 12 February 2010

မဲဆောက်က သိုးမွှေးလောက

သီဟဟိန်း ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ သိုးမွှေးစက်ရုံပေါင်း ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ သူတွေဟာ မန်နေဂျာတွေကလွဲရင် အားလုံးဟာ ကျနော်တို့ မြန်မာအလုပ်သမားတွေပါပဲ။ ကျနော်တို့ ရွှေ့ပြောင်းလုပ်သား မြန်မာတွေဟာ မဲဆောက်ကို နည်းအမျိုးမျိုးနဲ့ ရောက်လာကြတာပါ။ တချို့လည်း ပွဲစားတွေက ရောင်းစားသွားလို့ ဒုက္ခရောက်ရတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ အများအားဖြင့် တရုတ်တွေ လာဖွင့်ထားကြတာပါ။ သုဝဏ္ဏမှာရှိတဲ့ စီးတာစက်ရုံ၊ လှိုင်သာယာက လင်းလက်၊ ရွှေသဇင် စတဲ့ နာမည်နဲ့ စက်ရုံတွေပါ။ ဒီစက်ရုံတွေက အလုပ်သမားတွေဟာ တလကို လုပ်ခလစာ အလွန်ဆုံး ၃ဝဝဝဝ (သုံးသောင်း) လောက်ပဲ ရကြပါတယ်။ လုပ်အားခ အဆမတန် နည်းလွန်းတာကြောင့် အများစုဟာ မဲဆောက်ကိုသွားပြီး အလုပ်လုပ်ကြပါတယ်။
မဲဆောက်ရဲ့ သိုးမွှေးလောက ခေတ်ကောင်းတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၆-၉၇-၉၈ ကာလတွေမှာဆိုရင် မြန်မာပြည်က အလုပ်သမားတွေကို ရန်ကုန်အထိ ဆင်းပြီးခေါ်တာမျိုး ရှိပါတယ်။ မဲဆောက်ကိုရောက်လို့ သိုးမွှေးအလုပ် မလုပ်တတ်သေးရင်လည်း စက်ရုံက သင်ပေးတဲ့အပြင် တနေ့ကို ဘတ် ၃ဝ ပေးထားပါသေးတယ်။ အလုပ်ကျွမ်းကျင်သွားရင် တလကို မြန်မာငွေ ၅ သောင်းလောက် ရပါတယ်။ သူဋ္ဌေးက နေစရာ ပေးတဲ့အပြင် ထမင်းလည်း ပေးပါသေးတယ်။ ဟင်းက ကိုယ့်ဟာကိုယ်စားပေါ့။ မြန်မာပြည်မှာဆို ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကိုယ့်အိမ်ကနေ သွားရတာပါ။ ဖယ်ရီကား ရှိပါတယ်။ ဒါပေမဲ့ ဖယ်ရီကားခ ပေးရပါတယ်။ မဲဆောက် သိုးမွှေးလုပ်ငန်းတွေ ကောင်းနေတဲ့ အချိန်တွေဆိုတော့ လာတဲ့သူတွေ အဆင်ပြေတာပေါ့။



အခု အဲလိုမဟုတ်တော့ပါဘူး။ သိုးမွှေးစက်ရုံမှာ တကယ်အလုပ်ကောင်းတဲ့ အချိန်က တနှစ်မှာ ၅ လ လောက်ပဲ ရှိပါတော့တယ်။ သင်္ကြန်ကျော်လောက်ကစပြီး စက်တင်ဘာကုန်အထိပဲ ကောင်းကောင်း လုပ်ရပါတယ်။ ကျန်တဲ့ လတွေက အော်ဒါလေးရရင် လုပ်လိုက်၊ မရရင် အပြင်အလုပ်ထွက်ပြီး ပန်းရံလုပ်၊ စပါးပေါ်ချိန် စပါးရိတ်၊ ပျိုးနှုတ်၊ ဘော်ကြယ်ထိုး၊ ပဲပေါ်ချိန်ကျ ပဲရိတ်၊ ပြောင်းဖူးချိုး စတဲ့ ကြုံရာအလုပ်တွေ လုပ်လိုက်နဲ့ပေါ့။ လုံးလည်ချာလည် လိုက်နေတာပါပဲ။ သူဋ္ဌေးက နေစရာနဲ့ ထမင်း ပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြား အသုံးစရိတ်တွေ ရှာရတာပေါ့။

အလုပ် တကယ်ကောင်းတဲ့ ကာလတွေမှာလည်း မနက် ၈ နာရီကနေ ည ၁၁ နာရီလောက်ထိ လုပ်ရပါတယ်။ သူဋ္ဌေးက အလုပ်တွေ အရေးကြီးလို့ အရမ်းခိုင်းတဲ့အချိန်မှာ အလုပ်မဆင်းနိုင်ရင် အလုပ်ပြုတ်ပြန်ရော။ တခါတလေ ညလုံးပေါက် မိုးလင်းတဲ့အထိ အလုပ်ဆင်းပေးရတာတွေ ရှိပါတယ်။ အဲဒီလို မတရား ခိုင်းပေမယ့် အချိန်ပိုကြေး မရပါဘူး။ မာမား (ခေါက်ဆွဲ) ၃ ဘတ်တန်လေး တထုပ်ပဲ ပေးပါတယ်။ တကယ်တော့ အချိန်ပိုဆိုတာ အလုပ်ချိန် ၈ နာရီ ကျော်သွားရင် အချိန်ပိုလို့ သတ်မှတ်တယ်လို့ သိထားပါတယ်။

ဒါပေမဲ့ မဲဆောက်သိုးမွှေးလောကရဲ့ အချိန်ပိုဆိုတာက ညဘက် ပုံမှန်ဆင်းရတဲ့ ၁ဝ နာရီ၊ ၁၁ နာရီကျော်မှပဲ အချိန်ပိုလို့ သတ်မှတ်ပေးတာပါ။ ဘယ်လောက်ပဲ နာရီတွေ ပိုလုပ်ပါစေ မာမားတထုပ်ပါပဲ။ တချို့စက်ရုံတွေတော့ ည ၉ နာရီကျော်သွားရင် အချိန်ပိုကြေး တနာရီကို ၆ ဘတ်၊ ၇ ဘတ်ရပါတယ်။ အဲလိုစက်ရုံမှာ လုပ်ရတဲ့ သူတွေဟာ ကံထူးတဲ့ ကျနော်တို့ ကိုရွှေမြန်မာတွေလို့ပဲ ပြောရမယ်။ တလမှာ တနင်္ဂနွေတရက်နဲ့ လစာထုတ်ပြီး နောက်ရက် ၂ ရက်ပဲ ပိတ်ပေးပါတယ်။ အဲဒါက စက်ရုံတိုင်းပါပဲ။ စနေ၊ တနင်္ဂနွေနဲ့ ထိုင်းနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမယ့် လုပ်ခလစာက ဒီအတိုင်းပါပဲ။

သိုးမွှေးစက်ရုံတခုမှာ ချည်ရစ်၊ ချည်ပေး၊ စက်ဆွဲ၊ အထည်စစ်၊ အထည်ဖာ၊ ထိုင်စက်၊ ချိတ်ကောက်ဆွဲ၊ ပါကင်ထုပ် စသဖြင့် သူ့ဌာနနဲ့သူ ရှိပါတယ်။ ချည်ရစ်ဆိုတာက စက်ရုံကို ရောက်လာတဲ့ သိုးမွှေးချည်တွေကို ပြန်ရစ်ရတာပေါ့။ အဲဒီဌာနအတွက်က အများအားဖြင့် မိန်းကလေးတွေကို အခန့်များပါတယ်။ ပုံမှန်အားဖြင့် အလုပ်ရှိရင် တနေ့ကို ဘတ် ၇ဝ လောက် ရပါတယ်။ ချည်ပေးဆိုတာက ရစ်ပြီးသား ချည်လုံးတွေကို အထည်ဖြစ်အောင် ဆွဲမယ့် စက်ဆွဲသမားတွေကို ထုတ်ပေးတဲ့နေရာပါ။ အဲဒီမှာ ချည်ပေးစာရေး၊ စာရေးမ စသဖြင့် ၂ ယောက်၊ ၃ ယောက်လောက် ရှိပါတယ်။ သူတို့က တလကို ဘတ် ၂၅ဝဝ ကနေ ၃ဝဝဝ ထိ ရပါတယ်။ လခစား မဟုတ်ပါဘူး။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ဖြတ်ပါတယ်။

အဲဒီချည်ပေးဌာနက ချည်တွေကို စက်ဆွဲသမားက စာအုပ်နဲ့ ထုတ်ရပါတယ်။ ဘာချည်အမျိုးအစား၊ ဘယ်ဂိတ်အတွက် ဘယ်လောက်ထုတ်တယ်ဆိုပြီး စာအုပ်ထဲမှာ မှတ်ပေးလိုက်ပါတယ်။ အလေးချိန် ကီလိုနဲ့ပေါ့။ ပြန်သွင်းတဲ့အချိန်မှာ ကိုယ်ဆွဲထားတဲ့ အထည်ရယ်၊ ပိုတဲ့ချည်လုံးရယ် ပေါင်းချိန်ပေါ့။ ထုတ်တဲ့ အလေးချိန်နဲ့ ကွာနေရင် လျော်ရတယ်။ စက်ဆွဲဌာနမှာ မိန်းကလေးရော၊ ယောက်ျားလေးရော ရှိပါတယ်။ အပ်တွေကိုလိုက်ပြီး ၃ ဂိတ်၊ ၅ ဂိတ်၊ ၇ ဂိတ်၊ ၉ ဂိတ်၊ ၁၂ ဂိတ် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဂိတ်ကြီးရင် အပ်သေးတယ်။ ဂိတ်သေးရင် အပ်ကြီးတယ်ပေါ့။ ဥပမာ - ၃ ဂိတ်အပ်က ၁၂ ဂိတ် အပ်ထက် အများကြီး ကြီးပါတယ်။

၃ ဂိတ်မှာဆို တော်ရုံမိန်းကလေးတွေ မဆွဲနိုင်ပါဘူး။ အပ်ကြီးတော့ စက်ကဆွဲရတာ လေးတာပေါ့။ အပ်သေးရင် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲနိုင်တယ်။ စက်ဆွဲတဲ့ နေရာမှာ အင်္ကျီတထည်ရဲ့ ရှေ့ခြမ်း၊ နောက်ခြမ်း၊ လက်၊ ကော်လံ စတာတွေကို သပ်သပ်စီ ဆွဲရပါတယ်။ ၁၂ ထည် (တဒါဇင်) ကို တထုပ်ပေါ့။ ချည်ထုတ်တဲ့ နေရာမှာပဲ ပြန်သွင်းရတယ်။ တဒါဇင်ကို ဘယ်လောက်ဆိုပြီး သူဋ္ဌေးက ဈေးသတ်မှတ်ပေးထားတယ်။ ကိုယ်ဆွဲနိုင်ရင် ဆွဲနိုင်သလောက် ရတာပေါ့။ ကျွမ်းကျင်တဲ့သူနဲ့ မကျွမ်းကျင်တဲ့သူ ကွာသွားတာပေါ့။

အဲဒီလို စက်ဆွဲဌာနက ပြန်အပ်တဲ့ ဆွဲပြီးသား အထည်တွေကို ချည်ပေးကနေတဆင့် အထည်စစ်ကို ရောက်တယ်။ အထည်စစ် ဆိုတာကတော့ စက်ဆွဲတဲ့သူတွေ ဆွဲထားတဲ့ အထည်တွေကို ဒီဇိုင်းနဲ့ ကိုက်ညီမှု ရှိမရှိ၊ အထည်တွေ ပေါက်တာပြဲတာ ရှိမရှိ စတာတွေကို စစ်ရတာပေါ့။ အပေါက်အပြဲတွေ ပါလာရင်၊ ဖာလို့ရသေးရင် အထည်ကို ဖာပေးတယ်။ ဖာလို့မရရင် အထည်စစ်တဲ့လူက အထည်ဆွဲတဲ့လူဆီ ပြန်ပို့ပေးရတယ်။ အထည်ဆွဲတဲ့သူက အသစ်ပြန်ဆွဲပေးရတယ်။ အထည်စစ်တဲ့ သူတွေလည်း ဒါဇင်စားပါပဲ။ တဒါဇင် ဘယ်လောက်ပေါ့။ ကိုယ်စစ်ပေးလိုက်တဲ့ အထည်တွေက စစ်တာမမှန်လို့ ပြန်လာရင်တော့ အထည်စစ်ရတဲ့သူလည်း လျော်ရတာပါပဲ။ အထည်ဖာတဲ့သူတွေကို နေ့စားသဘောမျိုး ပေးပါတယ်။ ကျွမ်းကျင်ရင် ဘတ် ၁ဝဝ လောက်ထိ ရနိုင်ပြီး မကျွမ်းကျင်သေးရင် ၆ဝ၊ ၇ဝ ၊ ဒီလောက်ပါပဲ။ အလုပ်မရှိရင်တော့ မရဘူး။

အထည်စစ်က စစ်ပြီးသား အထည်တွေကို ထိုင်စက်ဌာနကို ရောက်တယ်။ ထိုင်စက်ဆိုတာက စက်ဆွဲက ဆွဲပေးလိုက်တဲ့ အထည်တွေ (လက်၊ ရှေ့ခြမ်း၊ နောက်ခြမ်း စတာတွေ) ကို အင်္ကျီဖြစ်အောင် ချုပ်ရ၊ တွဲရတာပေါ့။ အဲဒီနေရာမှာ မိန်းကလေးတွေ များပါတယ်။ ဓားစက်လည်း ရှိတယ်။ သူတို့လည်း ဒါဇင်စားပါပဲ။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ပိုက်ဆံမရပါဘူး။ ထိုင်စက်က ချုပ်ပြီးသား အထည်တွေကို အစတွေဘာတွေ သိမ်းတဲ့ဌာနပေါ့။ ချိတ်ကောက်ဆွဲလို့လည်း ခေါ်တယ်။ အဲဒီကို ရောက်ပါတယ်။ အဲဒီမှာ အထည်က အချောဖြစ်သွားပါပြီ။ အဲဒီကပြီးရင်တော့ မီးပူတိုက်ရတဲ့ အထည်တွေ မီးပူတိုက်။ မလိုအပ်ရင်၊ ပါကင်ထုပ်ပြီးရင် ပြီးသွားပါပြီ။

သိုးမွှေးစက်ရုံတခုမှာ စက်ဆွဲတဲ့ဌာနမှာ လူအများဆုံးပါပဲ။ ဘယ်ဌာနက အလုပ်ကိုပဲလျှောက်လျှောက် အလုပ်မဝင်ခင် အရင်စမ်းသပ်ပါတယ်။ တတ်တယ်ဆိုမှ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာ အလုပ်ရဖို့အတွက် စက်ရုံက မန်နေဂျာတို့၊ လိုင်းချုပ်တို့ကို ပိုက်ဆံ ၅ဝဝ၊ ၁ဝဝဝ စသဖြင့် ပေးရပြန်ပါသေးတယ်။ တချို့ဆို ပိုက်ဆံရရင်ပြီးရော တတ်တတ်၊ မတတ်တတ် အလုပ်သွင်းပေးထားတယ်။ သူဋ္ဌေးနဲ့တွေ့လို့ မတတ်မှန်းသိရင် သူဋ္ဌေးက အလုပ်ဖြုတ်ပစ်လိုက်တာပါပဲ။ အဲလိုအခါကျ ပေးထားတဲ့ ပိုက်ဆံလည်း ပြန်မရ၊ အလုပ်လက်မဲ့လည်း ဖြစ်။ မိအေးနှစ်ခါနာပေါ့။

တချို့အလုပ်သမား အတော်များများကတော့ မဲဆောက်မှာ အလုပ်အကိုင်တွေ ရှားပါးလာလို့ ပွဲစားတွေကတဆင့် ဘန်ကောက်တို့၊ ဖူးခက်တို့ စတဲ့ တခြားမြို့တွေကို သွားပြီး အလုပ်လုပ်ကိုင်နေကြတယ်။ အဆင်ပြေတဲ့သူ ရှိသလို၊ အဆင်မပြေတဲ့သူလည်း ရှိပါတယ်။ အဲဒီလို ပွဲစားနဲ့ သွားဖို့ဆိုရင် ပွဲစားကို အနည်းဆုံး ဘတ်တသောင်းလောက် ပေးရပါတယ်။

တချို့လည်း လမ်းမှာ ထမင်းတွေဘာတွေ ငတ်သလို၊ ထိုင်းရဲက ဖမ်းထားလို့ ထောင်တွေကျ၊ မြန်မာပြည် ပြန်ပို့ခံရတာလည်း ရှိပါတယ်။ တချို့ကျ ဟိုရောက်ပြီး အလုပ်တွေ အဆင်ပြေနေကြတယ်။ ဘန်ကောက်လို နေရာမျိုးမှာ တလကို ဘတ် ၆ဝဝဝ လောက်ရတယ်လို့ ပြောပါတယ်။ အလုပ်သမား လက်မှတ်မရှိလို့ ထိုင်းရဲက ဖမ်းမိပြီဆိုရင် မြန်မာပြည် ပြန်ပို့တော့တာပါပဲ။ မဲဆောက်မှာလည်း ဒီလိုပါပဲ။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် ဖမ်းမိလို့ကတော့ ထောင်ချပြီး မြန်မာပြည် ပြန်ပို့တာ ခံရတာပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ဖမ်းဖမ်း၊ ဘယ်လိုပဲ ပြန်ပို့ပို့ နည်းမျိုးစုံနဲ့ ပြန်ရောက်လာကြတာပါပဲ။ ဒီနေ့ဖမ်းပြီး မြဝတီဘက် သွန်လိုက်တယ်။ နောက်နေ့ ဒါမှမဟုတ် အဲဒီနေ့ညနေပဲ ပြန်ရောက်လာကြတာပါပဲ။

အခုလိုဖြစ်နေရတဲ့ အဓိကအကြောင်းက ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက်ကြောင့်ပါပဲ။ မိမိအာဏာတည်မြဲဖို့အတွက် တိုင်းသူပြည်သားတွေ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ငတ်ရင်ငတ် ပြတ်ရင်ပြတ် ဆိုတဲ့ စစ်အစိုးရကြောင့်ပါပဲ။ မကြာသေးခင်က ရောက်လာတဲ့ လင်မယားနှစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ဟာ သိုးမွှေးစက်ရုံက စက်ဆွဲအလုပ်သမားတွေပါ။ မြန်မာပြည်မှာလည်း လုပ်ခဲ့ဖူးကြောင်းနဲ့ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆင်ပြေနေတာတွေကိုကြည့်ပြီး မြန်မာပြည်မှာထက်တော့ သာမှာပဲဆိုပြီး နှစ်ယောက်သား ထွက်လာတာဖြစ်ကြောင်း ပြောပြပါတယ်။

အခု မဲဆောက်ကိုရောက်တော့ ဘာပဲပြောပြော မြန်မာပြည်မှာထက်တော့သာကြောင်းနဲ့ သူတို့နှစ်ယောက်လုံးက စက်ဆွဲကျွမ်းကျင်ပြီးသားဆိုတော့ ဒီမှာက မြန်မာပြည်ထက်တော့ ပိုပြီး ဝင်ငွေကောင်းပြီး တလကို လင်မယား နှစ်ယောက်ပေါင်း ဘတ် ၅ ထောင်၊ ၆ ထောင်လောက်ရကြောင်း သိရပါတယ်။ အခြေအနေပေးရင် ဒီမှာထက်သာတဲ့ ဘန်ကောက်လိုနေရာမျိုးကို သွားချင်ကြောင်း ဆက်ပြီး ပြောပြပါတယ်။

မဲဆောက်ကို ရောက်နေတာ နှစ်ပေါင်း အတော်ကြာပြီဖြစ်တဲ့ သိုးမွှေးစက်ဆွဲ အလုပ်သမားတယောက်ကတော့ မဲဆောက်ကို ရောက်စတုန်းက သိုးမွှေးမဆွဲတတ်သေးတာကြောင့် စက်ဆွဲသင်ပြီး အလုပ်ဝင်ရကြောင်းနဲ့ နှစ်တွေကြာလာတော့ စက်ဆွဲသမားမဟုတ်တော့ဘဲ စက်ပြင်ရတဲ့ စက်ဆရာတယောက် ဖြစ်လာကြောင်း ပြောပြပါတယ်။ သိုးမွှေးစက်ဆရာတယောက်ရဲ့ လစာဟာ တလကို ဘတ် ၄၅ဝဝ လောက်ရပြီး သူလည်း လခစား မဟုတ်ပါဘူး။ အလုပ်မရှိတဲ့ ရက်တွေ၊ မဆင်းတဲ့ ရက်တွေဆို အဖြတ်ခံရတာပါပဲ။ သူများတွေလိုပဲ အချိန်ပြည့် အလုပ်လုပ်ရပါတယ်။

အဲဒီလို လုပ်လာရင်းနဲ့ သူတို့စက်ရုံမှာ အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။ အဲဒီအထဲမှာ သူလည်း ပါသွားပြီး အဲဒီစက်ရုံကို သူဋ္ဌေးက ပိတ်ပစ်လိုက်ပါတယ်။ အလုပ်သမားတွေလည်း ဆဝါဒီကန်ရုံးမှာ သွားတိုင်၊ ပြီးတော့ တရားရုံး တက်၊ အခုအချိန်ထိ ဘာလျော်ကြေးမှ မရကြသေးပါဘူး။ သူတို့စက်ရုံ သူဋ္ဌေးကတော့ တခြားနေရာမှာ စက်ရုံထပ်ဖွင့်လိုက်ပါတယ်။ သူလည်း အဲဒီအချိန်ကစပြီး ဆရာမဟုတ်တော့ဘဲ ရရာအလုပ်လုပ်ရင်း ဒီနေ့ထိ မပြန်နိုင်သေးပါဘူး။ ဒီမှာက ရရာအလုပ် လုပ်စားမယ်ဆို နေလို့စားလို့ ရသေးကြောင်းနဲ့ မြန်မာပြည်မှာဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့အတွက် အခုလိုပဲ ဆက်နေရကြောင်း ပြောပြပါတယ်။

မဲဆောက်သိုးမွှေးလောကဟာ ခေတ်မကောင်းတော့ဘူးဆိုပေမယ့် သိုးမွှေးစက်ရုံတွေမှာ အလုပ်လုပ်ဖို့အတွက် မြန်မာပြည်က တက်လာတဲ့ အလုပ်သမားတွေကတော့ အမြဲတမ်း ရှိနေပါတယ်။ အလုပ်သမားတယောက်အနေနဲ့ ဒီမှာ တလလုပ်လို့ ဘတ် ၃ဝဝဝ ရမယ်။ မြန်မာပြည်မှာ အဲဒီလောက် မရရင်နေပါစေ။ ဘတ် ၁၅ဝဝ၊ ၂ဝဝဝ လောက် ပုံမှန်လေး ရနေမယ်ဆိုရင် ကျနော်တို့ကတော့ ကိုယ့်မြန်မာပြည်မှာပဲ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ပါတယ်။

(မှတ်ချက်။ ။ ယခု လှိုင်သာယာစက်မှုဇုန် အလုပ်သမားများမှာ လစာ ကျပ် ၃ဝဝဝဝ ကျော် (ဘတ် ၁ဝဝဝ ခန့်) ရရှိရန် တောင်းဆိုဆန္ဒပြနေကြပြီး ကျပ် ၂၅ဝဝဝ အထိသာ တိုးပေးကြောင်း သိရသည်။)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP