Showing posts with label အဖမ်းအဆီး သတင်း. Show all posts
Showing posts with label အဖမ်းအဆီး သတင်း. Show all posts

Sunday, 5 September 2010

အထူးရဲ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမားထောင်ချီထွက်ပြေးနေရ

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထူးစီမံကိန်းအနေဖြင့် ဘန်ကောက်မှ အထူးရဲ တပ်ဖွဲ့များလာရောက်၍ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ယနေ့မနက်မှ စတင်ဖမ်းဆီးရာ မြန်မာအလုပ်သမားထောင်နှင့်ချီ ထွက်ပြေးပုန်းရှောင်နေရသည်။

ဘန်ကောက်အထူးရဲတပ်ဖွဲ့ အယောက် ၃၀၀ ခန့် မဲဆောက်မြို့တွင် တရားမ၀င်အလုပ် သမားများကို စစ်ဆေး ဖမ်းဆီးရာ ယနေ့နံနက်ပိုင်းတွင် အဖမ်းခံရသူ အယောက် ၁၀၀ ကျော်သည်ဟု အလုပ်သမားများက ပြောသည်။ မဲဆောက်မြို့တွင် အလုပ်လုပ်နေသော အလုပ်သမားအများစုမှာ အလုပ်သမားလက်မှတ် မရှိသောကြောင့် အ လုပ်ရုံများပိတ်ပြီး အလုပ်ရှင်က တိမ်းရှောင်ရန် ပြောသည်ဟု စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး က ပြောသည်။

"သုံးရက်ပိတ်ထားတယ်။စက်ရုံတွေက သုံးရက်ပိတ်ထားတယ်။အလုပ်သမားတွေကတော့ လက်ရှိလော လောဆယ် ကျနော်သိရသလောက်ဆိုလို့ရှိရင်တော့ တစ်ရာကျော်ရှိတဲ့ နေရာရှိသလို သုံး၊ လေး၊ ငါးရာ ရှိတာလည်းရှိတာပေါ့။ ဒါပေမယ့် လက်မှတ်မရှိတဲ့သူကတော့ လက်မှတ်ရှိတဲ့သူထက်စာရင်တော့ နှစ်ဆ လောက်ပိုများတာပေါ့။ အဲ့ဒါကြောင့် လက်ရှိ လောလောဆယ်ရှောင်ခိုင်းထားတယ်လေ။"

မဲဆောက်မှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက ယင်းဖမ်းဆီးမှုကြောင့် ယခုအချိန်တွင် မဲဆောက်မြို့တစ်မြို့ လုံးနီးပါးငြိမ်သက်လျှက်ရှိပြီး အလုပ်သမားအများစုမှာ ထွက်ပြေးနေ ကြရသည် ဟု ပြောသည်။

"အားလုံးဘယ်သူမှမနေကြဘူး၊ အားလုံး လယ်တော၊ ခြံ၊ ယာတောတွေမှာ ထွက်ပြေးသွား ကုန်ကြပြီ။ တချို့ကလည်း ပြေးမယ့်နေရာမရှိတော့ ဟိုဖက်ကမ်းကိုဒီတိုင်းပဲ အောက်လမ်း ကနေကူး ပြေးကြ တယ်လေ။"

ယနေ့နံနက် ၄ နာရီမှ စတင်၍ ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် သော စက်ရုံ အလုပ် ရုံများ၊ လမ်းများ၊ ဈေးများနှင့် ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီး နေဟု မဲဆောက်ရှိ မြန်မာအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

"အဖမ်းအဆီးကစနေပြီ၊ မနက် ၄ နာရီ၊ ၄ နာခွဲလောက်ကတည်းနေဖမ်းနေပြီလေ။စက်ရုံတွေ ဆောက် လုပ်ရေးဆိုက်တွေ အားလုံးပဲဝင်ဖမ်းနေတာလေ။ လမ်းတွေပေါ်မှာ လည်းတအားဖမ်းနေတယ်ဗျ။ အား လုံးထွက်ပြေးနေကြတယ် လောလောဆယ်ကတော့။ ကိုယ့်အိမ်ကိုယ်ပြန်တဲ့သူတွေလည်းရှိတယ်။ လမ်း မှာလည်းဖမ်းခံရတဲ့သူတွေရှိတယ်။"

ယခုဖမ်းဆီးမှုမှာ ဇွန်လအတွင်း ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ယာယီနိုင်ငံကူးလက်မှတ် စာရင်းမတင်သွင်းထားသူများ ဖမ်းဆီးပြန်ပို့ရေး အထူးအစီစဉ် ကြောင့်ဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေက ယခုလိုပြောသည်။

"ကျနော်တို့ယူဆတာကတော့ ထိုင်းဝန်ကြီးချုပ်ပြီးခဲ့တဲ့ ဇွန်လတုန်းကလက်မှတ်ထိုးထားတဲ့ ဒီတရားမ ဝင် အလုပ်သမားပေါ့နော်၊ အထူးသဖြင့်တော့ နိုင်ငံရေးစီစစ်ရေးလက်မှတ်မလုပ်တဲ့ အလုပ်သမားအား လုံးပေါင်း သူတို့ရဲ့အစီအစဉ်ထဲမှာ မပါတဲ့ အလုပ်သမားတွေကိုဖမ်းဖို့ပေါ့၊ သုံးသိန်းထိဖမ်းဖို့ပေါ့ အဲ့ဒီ အစဉ်အစီပဲလို့ ကျနော်တို့ယူဆတယ်။"

ယာယီနိုင်ငံကူးလက်မှတ်များလုပ်ပေးသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု စာရင်းမတင်သွင်းရ ခြင်းနှင့်ပတ်သက်၍လည်း ဦးမိုးဆွေက အခုလို သုံးသပ်ပြောဆိုသည်။

"ဒီနှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်နေတဲ့အစီစဉ်ကို အလုပ်သမားအများစုက မြန်မာအစိုးရ ကိုမယုံ ကြည်တဲ့အတွက် ဒီစီမံကိန်းကမအောင်မြင်ဘူး၊ မအောင်မြင်တဲ့ အတွက်ကြောင့် နောက်ဆက်တွဲ အ ကျိုးဆက်အနေနဲ့ ဒါတွေကဖြစ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။"

မဲဆောက်မြို့တွင် အလုပ်ရုံ၊ စက်ရုံပေါင်း ၇၀ ကျော်ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် လုပ် ကိုင်နေကြသည်။

ထိုင်းအစိုးရက တရားမဝင်အလုပ်သမား သုံးသိန်းကို ဇွန်လ မှ အောက်တိုဘာလကုန်ထိ အထူးစီမံကိန်းအနေနှင့် ဖမ်းဆီး၍နေရပ်သို့ပြန်ပို့မည်ဟု တရားဝင်ကြေညာထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာပြည်မှရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ နှစ်သန်းကျော် ရှိသော်လည်း တရားဝင် လုပ်သမား တစ်သန်း နှစ်သိန်းကျော်ရှိပြီး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် စာရင်းတင်သွင်းသူပေါင်း ကိုးသိန်းကျော်သာရှိသည်။ ကျန် အလုပ်သမားများမှာ တရားမဝင်အလုပ်သမားများဖြစ်သည်ဟု ထိုင်းအလုပ် သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံသို့ >>

တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ

ရဲရင့် / ၀၃ စက်တင်ဘာ ၂၀၁၀

တရားမ၀င် အလုပ်သမား (၃) သိန်းခွဲခန့်ရှိသည့် တာ့ခ်ခရိုင်တွင် ယနေ့မှ စတင်ကာ တရားမ၀င် အလုပ်သမားဖမ်းဆီးမည့် အထူးစစ်ဆင်ရေးကြောင့် ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ငန်းခွင်များမှ ရှောင်တိမ်းနေကြသည်။

အဆိုပါစစ်ဆင်ရေးကြောင့် မဲဆောက်ရှိ မြန်မာအလုပ်သမား (၅) ထောင်ခန့်သည် မြန်မာနိုင်ငံ မြ၀တီမြို့သို့ သွားရောက်တိမ်းရှောင်နေကြပြီး ကျန်သိန်းချီသည့်အလုပ်သမားများမှာ လက်လှမ်းသင့်ရာနေရာတို့တွင် ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့မှ စက်တင်ဘာ (၅) ရက်နေ့အထိ ဖမ်းဆီးမည့်စစ်ဆင်ရေးကြောင့် မဲဆောက်ဒေသရှိ စက်ရုံအလုပ်ရုံနှင့် စိုက်ပျိုးရေးခွင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား အလုပ်ရှင်များက ယမန်နေ့မှ စတင်ကာ တိမ်းရှောင်စေခြင်း ဖြစ်သည်။ အလုပ်သမတဦးဖြစ်သူ မငယ်ငယ်က “ကျမတို့က မဲဆောက်ကမ်းနားစက်ရုံကပါ။ အလုပ်သမား (၂) ထောင်ရှိတယ်။ သူဌေးက ပြောတယ်။ မနေ့ကစပြီး ဘန်ကောက်က အထူးရဲတပ်ဖွဲ့ (၂၀၀) ကျော်ရောက်နေတယ်။ မိရင် တရားရုံးတင်မယ်၊ ထောင်ကျမယ်လို့ ပြောတယ်။ အကုန်လုံးရှောင်ကြဆိုပြီး စက်ရုံပါ ပိတ်ထားတယ်” ဟု ပြောသည်။

မဲဆောက်နှင့်မြ၀တီ နယ်ခြားသောင်ရင်းမြစ်တွင် စက်လှေမောင်းသည့် ကိုကုလားကြီးက “အဖမ်းအဆီးရှိလို့ မနေ့ကစပြီး ထိုင်းဘက်စက်ရုံက လူတွေ မြ၀တီဘက်ကို ပြန်ကူးလာကြတယ်။ စက်လှေခ တယောက် ကျပ် (၅၀၀) အထိယူတယ်။ အလုပ်သမားတွေက ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေ၊ အသိတွေဆီမှာ တည်းကြတာများတယ်” ဟု ပြောသည်။

မဲဆောက်ဘန့်စောင်ခွဲ အထည်ချုပ်စက်ရုံမှ မညိုညိုက “ဒီရပ်ကွက်မှာ စက်ရုံအကြီးအသေး (၈) ရုံရှိတယ်။ အလုပ်သမား (၂,၅၀၀) ကျော်ရှိတယ်။ အလုပ်ရှင်တွေက လုံးဝတာဝန်မယူဘူးဆိုတော့ အားလုံး မြ၀တီဘက် သွားရှောင်နေရတယ်” ဟု ဆိုသည်။

(၃) ရက်တာကြာမြင့်မည့် ဖမ်းဆီးမှုစစ်ဆင်ရေးအပြီးတွင် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း အလုပ်ရှင်များက မှာကြားထားသည်ဟုလည်း အလုပ်သမားများက ပြောသည်။

မြ၀တီဘက်ကူးရန် အခြေအနေမပေးသည့် အလုပ်သမားများမှာ ထိုင်းဘက်ခြမ်းရှိ တောထဲနှင့် အခြားအဆင်ပြေမည့် နေရာဒေသများတွင် တိမ်းရှောင်လျက်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

မဲဆောက်မြို့တွင်းရှိ အလုပ်ရုံစက်ရုံများ အားလုံးနီးပါးပိတ်ထားပြီး အလုပ်သမားလက်မှတ်ရှိသူအချို့နှင့် ထိုင်းအလုပ်သမားအချို့သာ စက်ရုံများတွင် ကျန်ရှိပြီး မဲဆောက်ဈေး အနောက်ဘက်ရှိ မြန်မာအလုပ်သမား (၁၀၀) ခန့် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံ၌ အလုပ်သမား (၆) ဦးသာ ကျန်ရှိသောကြောင့် စက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်သွားသည်ဟု အလုပ်ရှင်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် မြန်မာအလုပ်သမား (၄) သိန်းခန့် လုပ်ငန်းခွင်အသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိရာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသူမှာ (၆) သောင်းခန့်သာရှိပြီး မဲဆောက်ဒေသအတွင်း
အလုပ်ရုံစက်ရုံ (၂၈၀) ခန့်တွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည့်အနက် အလုပ်သမားမှတ်ပုံတင်ထားသူ (၄) သောင်းခန့်သာရှိသည်ဟု တာ့ခ်ခရိုင် အလုပ်သမားရုံး မှတ်တမ်းများအရ သိရသည်။

ယနေ့စတင်သော စစ်ဆင်ရေးသည် ပြီးခဲ့သည့် ဇွန်လ၌ စတင်သည့် ထိုင်းဝန်ကြီးချုပ်၏ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ ဖမ်းဆီးအရေးယူကာ နေရပ်ပြန်ပို့မည့် စီမံချက်၏ နောက်ဆက်တွဲ ဖြစ်သည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် (ဂျေအေစီဘီအေ) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “၀န်ကြီးချုပ် ပြောပြီးတဲ့နောက်မှာ ပထမဆုံး အရေးယူခြင်းပဲ။ ဒီအလုပ်သမားတွေကို ဖမ်းပြီးပြန်ပို့လိုက်ရင် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားမှာ သေချာတယ်။ လုပ်ငန်းခွင်အသီးသီးမှာ မြန်မာအလုပ်သမားတွေကို ဈေးပေါပေါနဲ့ ရနေတာဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ တနေ့ဘတ် (၅၀-၆၀) လောက်ပဲရတဲ့လူတွေရှိတယ်။ ထိုင်းနိုင်ငံမှာ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေ၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ၊ ညစ်ပတ်ပေရေတဲ့အလုပ်တွေ ထိုင်းတွေမလုပ်နိုင်ဘူး။ သိန်းချီတဲ့ အလုပ်သမားတွေကို ဖမ်းပြီးပြန်ပို့ရင် အရင်ဆုံး အစိုးရကို ကန့်ကွက်မှာကတော့ ထိုင်းလုပ်ငန်းရှင်တွေပဲ ဖြစ်တယ်” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မဲဆောက်၌ အဖမ်းခံရသည့် မြန်မာအလုပ်သမား (၂၀၀) ကျော်ခန့် ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

Saturday, 31 July 2010

မြန်မာလုပ်သား ၇ဝ ကျော် ယာယီ ဖမ်းဆီးခံရ

ငြိမ်းချမ်း ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ ဝပ်တန်ကရောက် ဘန့်စောင်ကွဲ ၂ ရပ်ကွက်ရှိ စက်ရုံ ၃ ရုံမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေ ၇ဝ ကျော်ကို ထိုင်းရဲက ယနေ့ ညနေပိုင်းတွင် ၃ နာရီခန့်အကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပိတ်ထားသဖြင့် အဆိုပါ မပန်းသီး သိုးမွှေးစက်ရုံနှင့် မော်တာစက်ရုံ ၂ ရုံမှ မြန်မာလုပ်သား ၇ဝ ကျော်ကို စက်ရုံပိုင်ရှင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
"အကုန်လုံး ပြန်လွတ်လာပြီ။ ဟိုဘက်ကမ်းက သွန်လို့မရဘူး ဖြစ်နေတယ်။ ဟိုဘက်ကမ်း ဂိတ်တွေ ပိတ်ထားတော့ ပုလိပ်နဲ့ အလုပ်ရှင်နဲ့ ညှိပြီး ပြန်လွတ်လာတာ။ စက်ရုံပိုင်ရှင်တွေလက်ထဲ ပြန်အပ်ပေးလိုက်တယ်။ ကားခ ဘတ် ၁၂ဝဝ ဆိုလား၊ ၁၅ဝဝ ဆိုလား ပေးလိုက်ရတယ်" ဟု မဲဆောက်တွင် အလုပ်သမားအရေး ကူညီနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမျိုးဇော်က မဇ္ဈိမကို ပြောသည်။

နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားကာ နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာဘက်မှ မြဝတီမြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်ကို ယခုလ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
အပြည့်အစုံသို့ >>

ယာယီပတ်စပို့ရှိသော်လည်း အလုပ်သမားများ အဖမ်းခံရဆဲ

မြတ်ခိုင်ဦး / ၂၉ ဇူလိုင်၂၀၁၀

 မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ကိုင်ဆောင်ထားသော်လည်း ထိုင်းရဲ၏ ဖမ်းဆီးခြင်း ခံနေရဆဲဖြစ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) ဦးနှင့် အိမ်၌ ယာယီနိုင်ငံကူးလက်မှတ် ထားရှိခဲ့သော ရွှေ့ပြောင်းအလုပ်သမား (၂) ဦးတို့အပြင် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားဆဲ (အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသူ) သူ (၁) ဦးတို့အား နယ်ကျော်၍ အလုပ်လုပ်ကိုင်သည်ဟုဆိုကာ ယမန်နေ့၌ ရဲက သိမ်းကျုံးဖမ်းဆီးထားသည်။
ယမန်နေ့ ညနေ (၆) နာရီခန့်က အလုပ်မှ ပြန်လာသော ခွန်ဇော်သိန်း၊ ခွန်မောင်ဆွေနှင့် ခင်လှတင့်တို့ (၃) ဦးနှင့် ၎င်းတို့ကို သွားရောက်တွေ့ဆုံသူ ခွန်ထွန်းလင်းတို့အား ဘန်ကောက်မြို့ ဘန်ကပီအရပ်ရှိ နဝမင်း၊ တလဖတ်ဝီစံဈေးအနီးတွင် ရဲက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“သူဌေးကလာပြောတယ် ဒါလည်းမရဘူး။ မနက်ဖြန်ရုံးတင်မယ်ဆိုပြီး ရဲက ပြောလွှတ်တယ်” ဟု ခွန်မောင်ဆွေက ပြောသည်။

၎င်းတို့သည် လုပ်ငန်းခွင်အတွင်း၌ အဖမ်းခံရခြင်းမဟုတ်ဘဲ လမ်းပေါ်တွင် အမှုရှာ၍ အဖမ်းခံရကြောင်း ခွန်ထွန်းလင်းက “ကျနော်တို့ကို ဖဲဝိုင်းနားမှာ တွေ့တာနဲ့ ဖဲရိုက်တယ်ဆိုပြီး အမှုရှာဖမ်းသလိုလုပ်တာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုတခုမှ တာဝန်ရှိသူတဦးက “တကယ်တော့ ယာယီပတ်စပို့ကိုင်ထားတဲ့သူကို ဖမ်းခွင့်မရှိပါဘူး။ နယ်ကျော်ပြီး အလုပ်လုပ်တယ်ပြောရအောင်လည်း သူတို့ကို လုပ်ငန်းခွင်အထဲမှာ ဖမ်းမိတာမဟုတ်ပါဘူး” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ယမန်နှစ်က စတင်ခဲ့သော နိုင်ငံသားစိစစ်မှုပြု၍ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာလျှင် အလုပ်လုပ်ကိုင်ခွင့်ပြုမည် ဆိုသောကြောင့် ယခင်အလုပ်သမားလက်မှတ် (ဘတ်) အတွက် ကုန်ကျငွေ မကျေသေးမီပင် အဆိုပါယာယီပတ်စပို့အတွက် ထပ်မံ၍ ငွေကြေး အကုန်အကျခံ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရသော်လည်း ပူးတွဲကိုင်ဆောင်ရမည့် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကို လျှောက်ထားဆဲဖြစ်ခြင်း၊ ပတ်စပို့နှင့် work permit အတူပူးတွဲမရှိခြင်း၊ ဘာသာစကားမကျွမ်းကျင်မှုကြောင့် ရဲစခန်း၌ အလွယ်တကူ ဝန်ခံလက်မှတ် ထိုးမိလိုက်ခြင်းတို့ကြောင့် ဖမ်းဆီး၍ တရားရုံးတင်ကာ နယ်စပ်သို့ ပြန်ပို့ခံရခြင်းများ ကြုံတွေ့နေရသည်။ ထို့အပြင် ထိုင်းဝန်ကြီးချုပ်၏ ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ဖမ်းဆီးမိန့်ကြောင့် အာဏာပိုင်များ၏ မဆင်မခြင်ဖမ်းဆီးမှုများကိုလည်း ကြုံတွေ့နေရသည်။

သို့အတွက် အလုပ်သမားရေး လုပ်နေသူများက မိမိယာယီနိုင်ငံကူးလက်မှတ်နှင့် work permit ကို အတူတကွ သွားလေရာသို့ ယူဆောင်သွားရန်၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဆဲကာလတွင် နဂိုမူလစာရင်းသွင်းထားသော ကျန့်ဝပ် (ခရိုင်) အထဲတွင်သာ အလုပ်လုပ်ကိုင်ရန်၊ ယာယီပတ်စပို့ လျှောက်ထားကြောင်း အထောက်အထားစာရွက် စာတမ်း လက်ခံ ဖြတ်ပိုင်းများအား မိမိနှင့် တပါတည်းထားရှိရန် အကြံပြုထားသည်။

အထူးအရေးကြီးသည်မှာ မိမိနားမလည်ဘဲ အာဏာပိုင်များက အတင်းလက်မှတ်ထိုးခိုင်း၍ ထိုးလိုက်ရလျှင် ဥပဒေကြောင်းအရ မိမိတို့တွင်သာ အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်မှတ်ထိုးထားသော စာရွက်ပေါ်တွင် မိမိနှင့် မသက်ဆိုင်သော အမှုမျိုးရေးထားပါက နစ်နာနိုင်ကြောင်း၊ သို့အတွက် လက်မှတ်ထိုးရာတွင် သတိရှိရန် သတိပေးထားသည်။

ထိုသို့လက်မှတ်ထိုးလိုက်ရလျှင် ထိုးပေးလိုက်သူ အလုပ်သမားတွင် လက်ခံမိတ္ထူ ရရှိရမည်ဖြစ်ကြောင်း ထိုင်းဥပဒေက ပြဋ္ဌာန်းထားရှိသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ နိုင်ငံသားစိစစ်မှုပြုပြီး ယာယီနိုင်ငံကူးလက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုရေး အစီအစဉ်အရ ယာယီနိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိသည်။

ယခုလ ဇူလိုင် (၁၁) ရက်နေ့ စာရင်းဇယားများအရ အမျိုးသား (၆၄,၉၈၄) ဦး၊ အမျိုးသမီး (၅၈,၂၂၀) ဦးတို့ကို ထုတ်ပေးခဲ့ပြီး ဖြစ်သဖြင့် စုစုပေါင်း မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၃,၂၀၄) ဦး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နေကြပြီဟု သိရှိရသည်။ ထိုင်းနိုင်ငံ၏ နောက်ဆုံးစာရင်းဇယားများအရ (၆၉၈,၈၈၉) ဦးသည် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ဆက်လက်လျှောက်ထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်းအလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး အလုပ်သမားအရေး လုပ်ဆောင်နေသူများက ခန့်မှန်းသည်မှာ ရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နေကြသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Tuesday, 13 July 2010

ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ

ရဲရင့် / ၀၈ ဇူလိုင် ၂၀၁၀

ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်များကို ဓာတ်ပုံအစားထိုးကာ ဘန်ကောက်သို့ ခိုးဝင်မည့် မြန်မာ (၈) ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး မဲဆောက်တရားရုံးတွင် တရားစွဲဆိုထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသမီး (၅) ဦးနှင့် အခြားဒေသမှ အမျိုးသား (၃) ဦးတို့သည် တဦးလျှင် မြန်မာငွေ (၅) သိန်းခွဲနှုန်းဖြင့် မြ၀တီမှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်အထွက် စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့်ဇွန်လလယ်တွင် ဖမ်းဆီးခံရပြီး ထိုင်းရဲမှတရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသူတဦး၏ အဒေါ်ဖြစ်သူက “ဒီလူတွေထဲမှာ ကျမအမျိုးတွေ (၅) ယောက်ပါတယ်၊ အားလုံးမိန်းကလေးတွေပဲ။ (၁၅) နှစ်အရွယ်က (၂) ယောက်ပါတယ်။ ကယ်ရီကို မြန်မာငွေ တယောက် (၅) သိန်းခွဲပေးရတယ်။ တရားဝင်လက်မှတ်နဲ့ သွားရမယ်ဆိုပြီး သွားတာ၊ အဖမ်းခံရမှ အခြားလူရဲ့လက်မှတ်ကို ဓာတ်ပုံပြောင်းပြီးကပ်ထားတာသိရတယ်။ အခုကယ်ရီလည်း ရှောင်နေတယ်၊ အဖမ်းခံရတဲ့လူတွေကတော့ မဲဆောက်ထောင်ကနေ ရမန်နဲ့ ဒီနေ့ရုံးထုတ်မယ်” ဟု ပြောသည်။

အဖမ်းခံရသူများကို လူကယ်ရီက ၎င်းတို့နေရပ်အထိ သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကာ ထိုမှတဆင့် မြ၀တီမြို့ကမ်းနားရှိ ဒီကေဘီအေအဖွဲ့ပိုင် အမှတ် (၁၂) လှေဆိပ်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့ရုံးချိန်းတွင် အဖမ်းခံရသူများ တရားရုံးသို့ရောက်ရှိလာသော်လည်း တရားရုံးမတက်ရဘဲ တရားရုံးက နောက်ထပ် ရမန်တကြိမ်ထပ်ယူကာ အမှုကိုပြန်လည်ချိန်းဆိုလိုက်သည်ဟု ၎င်းအမှုနှင့်ပတ်သက်၍ လိုက်လံကူညီပေးသူတဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့အခြေစိုက် အလုပ်သမားဥပဒေဆွေးနွေးအကြံပြုဌာန (LLC) မှ ထိုင်းရှေ့နေတဦးက “ထိုင်းနိုင်ငံဥပဒေအရ စာရွက်စာတမ်းအတုပြုလုပ်မှုက သာမန်အားဖြင့် ထောင်ဒဏ် (၃) နှစ်ဖြစ်တယ်။ အပြစ်ရှိကြောင်း ရုံးတော်မှာဝန်ခံရင် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုပဲ ကျခံရမှာဖြစ်တယ်။ အဲဒါအပြင် တခါမှ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဘူးဆိုရင် ရုံးတော်ရဲ့သက်ညှာခွင့်အရ (၇) လလောက်ပဲ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအမှုတွင် အဖမ်းခံထားရသူများအနက် အသက် (၁၅) နှစ်အရွယ် မိန်းကလေး (၂) ဦးမှာ ပြစ်ဒဏ်ကျခံဘွယ်ရှိမရှိကို ပြော၍မရကြောင်း တရားရုံး၏သက်ညှာမှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

မဲဆောက်ဈေးတွင် ငါးခြောက်ရောင်းသည့် မရီက “မနှစ်က ကျမ ဘန်ကောက်တက်တော့ ဘတ် (၁) သောင်း ပေးရတယ်။ ကယ်ရီက ကျမကို ထိုင်းမှတ်ပုံတင် ကပ်ခွာတခု ကိုင်ထားခိုင်းတယ်။ အဖမ်းခံရတော့ အချုပ်ထဲမှာ ကိုယ့်လိုပဲ ဘန်ကောက်သွားမယ့် လူတွေအပြည့်ပဲ၊ ဘာလက်မှတ်မှမရှိတဲ့လူကို တရက်ပဲထားပြီး နောက်နေ့ မြ၀တီဘက်ပြန်ပို့လိုက်တယ်။ လက်မှတ်အတုကိုင်တဲ့ ကျမကျတော့ မဲဆောက်ထောင်မှာ (၇) လခွဲနေရတယ်။ ငွေကုန်တာခြင်းတူတူ ဘာလက်မှတ်အတုမှ မကိုင်ဘဲ သွားကြဖို့ ပြောချင်တယ်” ဟု ဆိုသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာတွေကို ပြောချင်တာက ကိုယ့်အတွက် အလောင်းအစားကြီးပြီး ငွေကုန်လူပန်း အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေကို မလုပ်ကြဖို့၊ ဆင်ခြင်သတိထားကြဖို့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အခုဖြစ်တာက ငွေကုန်တဲ့အပြင် ထောင်ပါကျမယ့်ကိစ္စဖြစ်လို့ပဲ” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ရန် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်များကို အသုံးပြု၍ ဘန်ကောက်သို့ လူတင်ပို့မှု ဖမ်းဆီးရမိခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်ဟု မဲဆောက်ရဲစခန်းမှ အမှုစစ်ရဲအရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ မသင်းပွင့်ခိုင် (၁၅) နှစ်၊ မအေးခိုင်ဦး (၁၅) နှစ်၊ မမြင့်မြင့်ဝင်း (၄၄) နှစ်၊ နော်ရှီးလာ (၄၂) နှစ်၊ မအေးမြထွေး (၁၉) နှစ်၊ မောင်ခိုင်ဝင်းအောင် (၂၅) နှစ်နှင့် အခြားအမျိုးသား (၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ရမန်ဖြင့် မဲဆောက်ထောင်တွင် ချုပ်နှောင်ထားသည်။
အပြည့်အစုံသို့ >>

Tuesday, 22 June 2010

ရွှေ့ပြောင်း အလုပ်သမား ဖမ်းပွဲ ဘန်ကောက်တွင် စပြီ

သန်းထိုက်ဦး Monday, June 21, 2010 ဧရာဝတီ

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး နှိမ်နင်းရန် ညွှန်ကြားချက် ထွက်ပေါ် ပြီးနောက် ဘန်ကောက်မြို့တွင် ဇွန်လ ၁၆ ရက်မှ ၁၉ ရက်နေ့ အတွင်း၌ လူဦးရေ ၈၃၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီး ခံရသူ လူဦးရေ ၈၃၀ တွင် မြန်မာ နိုင်ငံသား ၃၄၆ ဦး ပါဝင်ပြီး တခြား နိုင်ငံသားများမှာ လာအိုနှင့် ကမ္ဘောဒီးယား တို့ဖြစ်ပြီး လတ်တလောတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးတွင် ထိန်းသိမ်း ထားကာ မူရင်း နိုင်ငံသို့ ပြန်ပို့ဖွယ် ရှိကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော Manager Online အင်တာနက် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန၏ ဗဟို စီမံခန့်ခွဲရေး ကော်မတီကို ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ဦးဆောင်၍ အလုပ်သမား ရေးရာဌာနမှ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူးက ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဌာနက တရားမ၀င် အလုပ်သမားများကို လက်ခံထားသော အလုပ်ရှင်ကိုပါ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းတွင် နှစ်ပေါင်းများစွာ လာရောက် အလုပ်လုပ်နေသူများအတွက် အခွင့်အလမ်း ရှိစေရန် သီးခြား အစီအစဉ် တရပ်ကို ထိုင်း အစိုးရ အနေဖြင့် ဖန်တီးပေးသင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>

Thursday, 17 June 2010

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

မြတ်ခိုင်ဦး/၁၆ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရန် အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန် (၂) ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်သောအမိန့်၌ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ညှာမှုပေးသောအားဖြင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ဇန်နဝါရီ (၁၉) ရက်၌ ကျင်းပသောအစည်းအဝေးတွင် သက်တမ်းကာလ (၂) နှစ် တိုးပေးပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများသည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရေးအတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိပြီး ယင်းသို့ နေထိုင်အလုပ်လုပ်ကိုင် သက်တမ်းတိုးခွင့်ကို ၂၀၁၀ ခု ဖေဖော်ဝါရီလအထိ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါကာလ ကျော်လွန်ပါက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကို အာဏာပိုင်များအနေဖြင့် တရားဥပဒေအရ တိတိကျကျ ဟန့်တားကာကွယ်သွားရမည်ဟု အတိအလင်း ဖော်ပြခဲ့ကြောင်း၊ အာဏာပိုင်များသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွင်း မရှိသည့် တရားမ၀င်အလုပ်သမားများအား ဖမ်းဆီးတရားရုံးတင်ခြင်း၊ တရားမ၀င်အလုပ်သမားများအား နိုင်ငံတွင်းသို့ တရားမ၀င်သယ်ဆောင်လာသူများနှင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအား လက်ခံသည့်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အသက်ဝင်မှုရှိစေရန်အတွက် နိုင်ငံတော်စီမံခန့်ခွဲရေး ဥပဒေ ၁၉၉၁၊ အခန်း (၁၁/၃)၊ (၁၁/၆) နှင့် (၁၁/၉) တို့အရ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရေး အထူးစင်တာတခု ဖွင့်လှစ်အကောင်အထည်ဖော်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တော်ဝင်ရဲဌာနရုံး၊ စစ်တပ်နှင့် ရေတပ်တို့မှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါစင်တာအား ကွပ်ကဲရန် အဖွဲ့ဝင် (၁၅) ဦးပါဝင်သော ဗဟိုစီမံခန့်ခွဲရေးကော်မတီတခု ထားရှိမည်ဖြစ်ပြီး အဆိုပါကော်မတီတွင် ဒု-ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးတို့က ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ကာ လိုအပ်သော လုပ်ငန်းစဉ် အသီးသီးအား ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါကော်မတီအောက်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ကော်မတီခွဲ (၅) ခု ရှိမည်ဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ထောက်လှမ်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ ဗဟိုစီမံခန့်ခွဲရေးကော်မတီသို့ လုပ်ငန်းစဉ်တိုးတက်မှု အစီရင်ခံခြင်း၊ ဗဟိုမှချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။

ထိုလုပ်ငန်းစဉ် အသီးသီးအတွက်ငွေကို တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေမှ ပေးအပ်သွားမည်ဟုဆိုသည်။ တရားမဝင်အလုပ်သမားများ လက်ခံထားသည့် လုပ်ငန်းရှင်များသည် အလုပ်သမားတဦးလျှင် (၂,၄၀၀) ဘတ်နှုန်းဖြင့် ငွေပေးဆောင်ရမည်ဖြစ်ပြီး ယင်းငွေများကို လုပ်ငန်းစဉ် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အလုပ်အကိုင်ခန့်ထားရေး ညွှန်ချုပ်၏ ပြောကြားချက်အရ အထက်ပါ လုပ်ငန်းစဉ်များအား ဝန်ကြီးချုပ်က လာမည့် အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်စေလိုကြောင်း ရဲချုပ်အား အမိန့်ပေးထားသည်ဟု သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “အခုလည်း တဂျိန်းဂျိန်းဖမ်းနေတာပဲ။ ဆိုးတာက လက်မှတ်ရှိတဲ့သူကော၊ အီကစံရှိတဲ့သူကော ဖမ်းနေတာ။ တရားဝင်ဖမ်းမရတဲ့သူ လက်မှတ်ရှိတဲ့သူတွေကြတော့ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ ဒီကိစ္စ ကျနော်တို့ နေ့တိုင်းလိုလို ကြားနေရတာပဲ။ အထူးသဖြင့် မဟာချိုင်ဘက်မှာ။ အခု တရားဝင်လုပ်မယ်ဆိုတော့ ဒေသခံအာဏာပိုင်တွေက ထင်သလိုပြုမူကုန်ရင် အလုပ်ရှင်ကော အလုပ်သမားကော နစ်နာမယ်” ဟု ဆိုသည်။

သို့အတွက် လူကုန်ကူးမှုပပျောက်ရေးဟုဆိုဆို၊ တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန်ပြောပြော အလုပ်သမားကို နားလည်သော အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပူးပေါင်း လက်တွဲမှုမရှိပါက အသေအပျောက်ဖြစ်မှုများ၊ သတင်းဆိုးများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ဤလူကုန်ကူးများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းအာဏာပိုင်များ၊ ထိုသူများနှင့်နီးစပ်သူများကိုလည်း ထိထိရောက်ရောက် အရေးယူမှသာလျှင် အလားအလာကောင်းမည်ဟု ၎င်းက ပြောသည်။

၂၀၀၉ ခုနှစ် ဘတ်လက်မှတ်အသစ်ဖွင့်ပေးစဉ်တွင် (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) သိန်းခန့်သည် လက်မှတ်သက်တမ်း ဆက်မတိုးတော့သည့်အတွက် တရားမဝင်အလုပ်သမားများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားခဲ့သည်။

ထို့ကြောင့် စာရင်းဇယားအတိုင်း ပြည့်မှီစေရန် အဆိုပါ (၃) သိန်းခန့်အလုပ်သမားများကို ဖမ်းဆီးမည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေမည်သာဖြစ်ကြောင်း၊ ဤအလုပ်သမားအရေအတွက်ထဲမှ အလုပ်သမားအတော် များများမှာလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသဖြင့် မိခင်နိုင်ငံရင်းသို့ ပြန်သွားခဲ့ကြပြီးဖြစ်သည် ဆိုသည်ကို သတိမူသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

လူကုန်ကူးသူများ ထိုင်းအမှုခင်းရဲများမှ လိုက်လံဖမ်းဆီး

မိပကောင်းချမ်း ၊ ကောင်းဝါ - ဇွန် ၉၊၂၀၁၀။

ထိုင်းနိုင်ငံ၊ရနောင်းမြို့နယ်၊ ခနွမ်ဒေသနေ လူကုန်ကူးသူပွဲစားများကို ထိုင်းအမှုခင်းရဲတပ်ဖွဲ့ များမှ လိုက်လံဖမ်းးဆီးနေသည်ဟု လူကုန်ကူးသူနှင့်ပတ်သက်နေသူတစ်ဦးမှ ပြောပြခဲ့ပါသည်။ ဇွန်လ(၅)ရက်နေ့တွင်  မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးပွဲစားမှတဆင့် ပြည်တွင်းမှခေါ်ဆောင်လာပြီး ထိုင်းနယ်စပ်တောထဲတွင်ပစ်ထားခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းခွင်နေရာ မရောက်ဘဲ အခကြေးငွေတောင်းခံသည့်အပေါ် လူကုန်ကူးခံရသူတွေက မခံမရပ်နိုင်ဖြစ်ပြီး ပိုက်ဆံ မပေးသည့်အတွက်ကြောင့် လူကုန်ကူးပွဲစားများနှင့် ခိုက်ရန်ဖြစ်ပွါးခဲ့ကြောင်း ရေးမြို့နယ် ဟံဂံရွာသား တစ်ဦးက ကောင်းဝါသတင်းဌါနကို ပြောပြသွားပါသည်။ 

ယခု လူနှစ်ဦးပျောက်နေတယ်၊ တစ်ဦးကလက်ကျိုးပြီးဘယ်နေရာရောက်နေလဲဆိုတာ မသိ ရသေးဘူး၊ ထိုင်းပုလိပ်တွေကစုံစမ်းနေတုန်းပဲ၊ ဒါပေမယ့်ရှာလို့မတွေ့သေးဘူး၊ ကျွန်တော်တို့လည်း  ကိုယ်လွတ်ရုန်း ပြေးနေ ရတဲ့အတွက်ကြောင့် နေရာအတိအကျ မသိဘူး။

ရန်ဖြစ်ပြီးထွက်ပြေးနေသော အလုပ်သမားများမှာ တောထဲတွင်လမ်းပျောက်ပြီး ဒုက္ခရောက် နေသူများရှိသလို ထိခိုက်ဒါဏ်ရာရသူများလဲ ရှိခဲ့သည်ဟုဆိုသည်။ ပျောက်ဆုံးနေသော ကော့သောင်းမြို့သားတစ်ဦး၏ မိဘတွေက ထိုင်းပုလိပ်များကိုတိုင်ကြားခဲ့ပြီး ထိုင်းပုလိပ်တွေက လူကုန်ကူး  သူများကို လိုက်လံဖမ်းဆီးနေသည်ဟု ခနွမ်ဒေသနေ မောင်လင်းမိုကပြောပြသွားပါသည်။

ဒီခနွမ်ဒေသဘက်မှာဆိုရင် ပုလိပ်တွေက လူကုန်ကူးတွေကို အရမ်းဖမ်းလာကြတယ်၊ အခုကျွန်တော်သိသလောက်တော့ သူတို့ကလူသုံးဦးလောက်ဖမ်းမိထားတယ်၊ လူအတော်များများ ဖမ်းထားတယ်၊ ဒါပေမယ့်သေသေချာချာ စစ်ဆေးမေးမြန်းပြီးမှ လူကုန်ကူးမဟုတ်တဲ့သူတွေကို သူတို့ပြန်လွှတ် လိုက်တယ်၊ လူကုန်ကူးမဟုတ်တဲ့သူတွေကို တရားဝင်လက်မှတ် မရှိလည်း သူတို့မဖမ်းဘဲ ပြန်လွှတ်ပေးတယ်၊ လူကုန်ကူးတဲ့သူတွေဆိုရင် တံဆိပ်နီကပ်ပြီး ထောင်ထဲပို့တယ်၊ ငွေဘယ်လောက်ပေးပေးမလွှတ်ဘူး

မြန်မာနိုင်ငံတွင်အသက်မွေးဝမ်းကြောင်းအခက်အခဲကြောင့် ကိုယ့်ဘဝတိုးတက်ဖို့အတွက်ရည်ရွယ်ပြီးထိုင်းနိုင်ငံသို့အလုပ်လာလုပ်ကြတဲ့သူများလာသော်လည်းဘဝအာမခံချက် မရှိသည့် အတွက်ကြောင့်လူကုန်ကူးပွဲစားများ၏ အနိုင်ကျင့်ခံရောင်းစားခြင်းခံရသည့်ဘဝရောက်ခဲ့ကြရသည်။
ထိုင်းနိုင်ငံတွင်မြန်မာပြောင်းရွှေ့အလုပ်သမားနှစ်သန်းနီးပါးရှိသည်ဟုထိုင်းအလုပ်သမားဝန်ကြီးဌါနကထုတ်ပြန်ထားပါသည်။
အပြည့်အစုံသို့ >>

Thursday, 3 June 2010

ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ

သန်းထိုက်ဦး Wednesday, June 02, 2010 ဧရာဝတီ
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂၀ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ယင်း အမျိုးသမီး များကိုလည်း တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လှေမောင်းသူ မြန်မာ နိုင်ငံသား ဟု ယူဆရသူ ၂ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရှိရသည်။

ယနေ့ တနေ့တည်းမှာပင် ထိုင်း အာဏာပိုင်များက ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ်တွင် မြန်မာနိုင်ငံသားများ အပါအ၀င် လာအိုနှင့် ကိုရီးယား လူမျိုး ၈၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်းထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

အဖမ်းခံရသူများကို တယ်ခိုခန်း၊ စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို စီမံချက်ဖြင့် လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လာအို လူမျိုး ၄၇ ဦး၊ မြန်မာပြည်သား ၃၀ နှင့် ကိုရီးယား လူမျိုး ၅ ဦးတို့ကို ဖမ်းမိခဲ့သည်ဟု အဆိုပါ မန်နေဂျာ သတင်း၌ ရေးသားထား သည်။

ထို့အပြင် အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်း၍ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး(လ၀က)မှ တဆင့် ၎င်းတို့၏ မူယင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို
နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday, 25 May 2010

လူမှောင်ခိုတင်ဆောင်လာသည့်ကား တိမ်းမှောက် (၁၃) ဦးသေ၊ (၁၅) ဦး ဒဏ်ရာရ



ရနောင်းမြို့မှ ဘန်ကောက်သို့ လူမှောင်ခိုကူး တင်ဆောင်လာသော ကားတစီးတိမ်းမှောက်သဖြင့် မြန်မာပြည်သား (၁၃) ဦး သေဆုံးသွားသည်။ ယမန်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြန်မာပြည်သားများအား တင်ဆောင်လာသော လူမှောင်ခိုကူးကားသည် ထိုင်းနိုင်ငံတောင်ပိုင်း ပတ်ဘူရီခရိုင်ရှိ ချာအမ်မြို့အနီး၊ ပရန်ပူရီလမ်း တောင်တက်တောင်ဆင်းနေရာတွင် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးရာ၌ မောင်းပြေးသဖြင့် လမ်းဘေးချော်ကျကာ သစ်ပင်နှင့်ဝင်တိုက်မိပြီး ကားပေါ်ပါ (၈) ဦး အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်ထပ် (၅) ဦးမှာ ချာအမ်ဆေးရုံတွင် သေဆုံးကာ စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း ချာအမ်ဆေးရုံမှ အတည်ပြုပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်ကားမှာ တိုယိုတာ ဟိုင်းလက်ကားဖြစ်ပြီး မူလကားနံပါတ်သည် ရနောင်းမြို့တွင် မှတ်ပုံတင်ထားသော บง 6701 ဖြစ်ကာ အခင်းဖြစ်စဉ် ဘန်ကောက်၌ မှတ်ပုံတင်ထားသည့် ကားနံပါတ် บข 8683 ကို အသုံးပြုခြင်းဖြစ်သည်။

ထိုကားတွင် တံခါးလေးပေါက်ပါရှိကာ ရှေ့ခန်း မောင်းသူနေရာတန်းတွင် ထိုင်ခုံတပ်ဆင်ပြီး နောက်ခန်းထိုင်ခုံကို ဖြုတ်ထားကာ မြန်မာပြည်သားများအား တင်ဆောင်လာခြင်းဖြစ်သည်။ ကားပေါ်တွင် စုစုပေါင်း လူ (၂၈) ဦးပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ မူလကားကို မောင်းနှင်သူမှာ အိမ်နံပါတ် ၆၈/၂၇ ထမိန်လမ်း ခေါင်န၀င်းမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချင်ဖုန်း ဆာတရူပရာဝင်းဖြစ်ပြီး၊ ယခုကားကို မောင်းနှင်လာခဲ့သူမှာ နေရပ်လိပ်စာ ၄၄/၃ အမှတ် (၃)၊ မွန်းကလန့်၊ ကရပေမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချွန်ဖော်ဘန်စွပ်ဖြစ်သည်။

ထိုသူ၏ အမျိုးသမီးဖြစ်သူ ချန်ထရာပန်စွပ်သည် ရနောင်းခရိုင်မှ မြန်မာအလုပ်သမားကို လက်ခံခဲ့သူဖြစ်ပြီး အခင်းဖြစ်ရာတွင် သူမလည်း ယခု ကားနှင့် ပါဝင်လာကာ ကားမောင်းသူ ချွန်ဖော်မှာ အဆိုပါ အလုပ်သမားများအား မဟာချိုင်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအစိုးရ အာဏာပိုင်များနှင့်နီးစပ်သူတဦးက “ပြောတာက ရဲတွေကို လှည့်စားမှုအနေနဲ့လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်းကလည်း အလုံပိတ်ငါးတင် ရေခဲကားအတွင်း မြန်မာပြည်သားများအား ခိုးယူသယ်ဆောင်မှုကြောင့် အသက်ရှူမွန်းကျပ်ကာ (၅၄) ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် မြန်မာပြည်သားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ယာယီပတ်စပို့ ပြုလုပ်ပေးနေသော်လည်း ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် မြန်မာအလုပ်သမား (၁) သန်းခန့် ရှိနေသေးပြီး ယခုကဲ့သို့ တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။
အပြည့်အစုံသို့ >>

ကော့သောင်းတွင် သံဃာအတုဟု ယူဆရသူများ ဖမ်းမိ

သန်းထိုက်ဦး Monday, May 24, 2010 

တနင်္သာရီတိုင်း ကော့သောင်း မြို့တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာ အယောင်ဆောင်၍ ရောက်ရှိ လာသော မြန်မာ နိုင်ငံသား ၂၄ ဦး ခန့်ကို လွန်ခဲ့သည့် တပတ် အတွင်း၌ အဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အလုပ် အကိုင် ရှာဖွေရန် လာကြသူများ ဖြစ်ပြီး ကော့သောင်း လေဆိပ်နှင့် သင်္ဘောဆိပ် တို့တွင် အာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ကော့သောင်းမြို့တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။  

“ကော့သောင်းက နေပြီးတော့ ထိုင်းနိုင်ငံကို အလုပ် သွားလုပ်ဖို့ကို လာဖို့သွားဖို့ ခက်ခဲတော့ ဘုန်းကြီး ၀တ်နဲ့ဆို လွယ်မှာပဲ ဆိုပြီးတော့ ဘုန်းကြီး ၀တ်ပြီးတော့ လာကြတာ”ဟု ၎င်းက ပြောသည်။

ဘုန်းကြီး ၀တ်များဖြင့် လာကြသူများကို ကော့သောင်းမြို့ရှိ ဆရာတော် တချို့နှင့် အမေးအဖြေ လုပ်ခဲ့ရာမှ သံဃာ အတုများ ဖြစ်သည်ကို ဒေသခံ အာဏာပိုင်များက သိရှိသဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်း ဖမ်းဆီးထား သူများကို ကော့သောင်းမြို့ရှိ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးများတွင် နေရာခွဲ၍ ထိန်းသိမ်း ထားကြောင်း ဒေသခံများက ပြောသည်။

ကော့သောင်းမြို့တွင် ခရီးသည် တဦး အနေဖြင့် ဆွေမျိုး၊ အသိမိတ်ဆွေ မရှိပါက သွားလာနေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

ယင်းသို့ ရောက်ရှိ လာသော ခရီးသည် များကိုလည်း အာဏာပိုင်များက နယ်မြေခံများ၏ အာမခံချက်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို သိမ်းထားကာ မိမိနေထိုင်ရာ အရပ်သို့ ပြန်မှသာလျှင် နိုင်ငံသား ကတ်များကို ပြန်ပေးကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ မွန်ပြည်နယ်နှင့် တခြားမြို့များမှ မြန်မာနိုင်ငံ သားများသည် အလုပ်အကိုင် ရှာဖွေရန် အတွက် ကော့သောင်းမြို့မှ တဆင့် နယ်စပ် ဖြတ်ကျော်၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်လျှက် ရှိကြောင်း သိရသည်။ 

တချိန်တည်းမှာပင် ထိုင်းနိုင်ငံတောင်ပိုင်း ချအမ်း မြို့နယ်တွင် ယမန်နေ့က မြန်မာ ရွှေ့ပြောင်း အလုပ် သမားများကို တင်ဆောင် လာသော ကားတစီး မတော်တဆ တိမ်းမှောက် သွားသောကြောင့် အလုပ်သမား ၉ ဦး သေဆုံး သွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

သေဆုံး သူများသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Thursday, 13 May 2010

မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ

ထိုင်း-မြန်မာနယ်စပ်



မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် စက်ရုံအလုပ်ရုံများကို ထိုင်းရဲများက မေလ ၈ရက်နေ့မှ ယ နေ့အထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား (၆၀၀)ကျော်ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် အလုပ်သမား (၆၀၀)ကျော်ထဲမှ ထောင်ဒဏ်အပြစ်ကျခံရသူ၊ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့ခံရသူနှင့် လုပ်ငန်းရှင်က ထိုင်းအာဏာပိုင်ထံ ငွေပေးရွေးထုတ်နိုင်ခဲ့သည့် အလုပ်သမားများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စနေနေ့က အဖမ်းခံခဲ့ရသည့် ဝေ့မုတ်ကျေးရွာရှိ နွားရုံဟု လူသိများသည့် တီကေဖိုးသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉၂)ဦးကို တနင်္လာနေ့တွင် မဲဆောက်မြို့နယ်တရားရုံးက ထောင်ဒဏ် (၄၅)ရက်ချမှတ်လိုက်သည်။

အလားတူဘန်စန်ခွဲအရပ်ရှိ အိုမီဂါသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၀)ကို ထိုင်းရဲများက ပြီးခဲ့သည့်စနေနေ့တွင်ဖမ်းဆီးခဲ့သည်။ ထိုအဖမ်းဆီးခံ မြန်မာအလုပ်သမား (၁၂၀)ထဲမှ (၉၇)ဦးကို တနင်္ဂနွေနေ့တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။ ကျန် (၂၃)ဦး ထောင်ချခဲ့ပြီး အိုမီဂါစက်ရုံမန်နေဂျာကိုပါ ထိုင်း အာဏာပိုင်များက အရေးယူခဲ့သည်။

အိုမီဂါ စက်ရုံမှ ကိုထွန်းထွန်းက ”စိတ်မကောင်းဘူးဗျာ။ သူတို့ တွေကို ဘယ်လို ကူညီရမလဲမသိဘူး။ သူဌေးကလည်း လွတ်မယ် လွတ်မယ်နဲ့ အခုတော့ ထောင်ကျကုန်ပြီ။”ဟု ပြောသည်။

တနင်္လာနေ့ညနေပိုင်းတွင် မယ်တောင်ကျေးရွာရှိ SR သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား (၂၅၀) အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်အလုပ်သမားများအခြေအနေကို အဆိုပါ စက်ရုံမှ ကိုမင်းနောင်က ”ကျနော်တို့ စက်ရုံက အဖမ်းခံရသူတွေကတော့ အခု အလုပ်ပြန်ဆင်းနေပြီ။ သူဌေးက ဘတ် ၇၀၀၀၀ နဲ့  ရွေးလိုက်တယ်” ဟုဆိုသည်။

ထိုင်းအစိုးရက ပြဌာန်းထားသော အလုပ်သမားဥပဒေအရ အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီး ထောင်ချခြင်း။ မိခင်နိုင်ငံသို့ ပြန်ပို့ ခြင်းများ ကိုပြုလုပ်နိုင်သည်။ ထို့ အတူ တရားဝင် အလုပ်လုပ်ခွင့်မရှိသူကို အလုပ်ခန့် ထားသော အလုပ်ရှင်မှာ အလုပ်သမား ဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဟု ပြဌာန်းထားကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံဖြစ်သူကိုမျိုးဇော်မှ ၂၀၀၈ ခုနှစ်က ထုတ်ပြန်တဲ့ အလုပ်သမားဥပဒေအရ ပုဒ်မ ၂၇မှာ လက်မှတ်မရှိတဲ့ အလုပ်သမားကိုမခန့်ရ၊ ခန့်ထားခဲ့ရင် ပုဒ်မ ၅၄ မှာ ပြဌာန်းထားတာက အလုပ်သမား တယောက်အတွက် ဒဏ်ငွေ ၁ သောင်းကနေ ၁ သိန်းအထီ ဒါဏ်ရိုက်ခံရမယ် ဒါက အလုပ်ရှင်အပိုင်း၊ အလုပ်သမားကျတော့ ပုဒ်မ ၅၁ အရ လက်မှတ်မရှိဘဲ မလုပ်ရ တွေ့ရှိရင် ဒါဏ်ငွေ ၂၀၀၀ ကနေ ၁သိန်းအထိဒါဏ်ရိုက်ခံရနိုင်တယ်၊ ၅နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်တယ် သို့သော် အလုပ်သမားကိုယ်တိုင်က နေရပ်ရင်းဒေသကပြန်ပါမယ်လို့ဝန်ခံထွက်ဆိုရင် ရက်ပေါင်း ၃၀ အထိထောင်ဒါဏ်ချခံရပြီးတော့ နယ်စပ်ပြန်လွှတ်နိုင်တယ် ဒါကတော့ တရားရုံးအပေါ်မှာ မူတည်တာပေါ့ဗျာ” ဟုပြောသည်။

ရဲဖမ်းမည်ကိုစိုး၍ တောထဲတွင် သွားရောက်ပုန်းရှောင်နေရာမှ ယခုအခါ အလုပ်ထဲကို ပြန်ရောက်လာသူ ရုံစိမ်းမှ ကိုဝင်းညွန့် ကလည်း ”သုံးရက်လောက် ပုလိပ်ပြေးလိုက်ရတယ်ဗျ။ အခုတော့ စက်ရုံက ပြန်လိုက်ခေါ်လို့ အလုပ်ပြန်ဆင်းနေကြပြီ” ဟုဆိုသည်။
မဲဆောက်မြို့ပါတ်ဝန်းကျင် စက်ရုံအချို့တော့အလုပ်ပြန်ဆင်းခိုင်းနေပြီး အချို့စက်ရုံတော် တော်များများ ကတော့ ယခုထိ ရှောင်ပုန်းနေကြတုန်းပဲဟုသိရှိရပါသည်။

ထိုင်းအစိုးရသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၂ ရက်နေ့ ကို သတ်မှတ်ခဲ့ပြီး ထိုရက်ကျော်လွန်ပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ မြန်မာဘက်ခြမ်းသို့  အလုံးအရင်းနှင့် ပြန်ပို့ မည်ဟု ကြေညာထားဖူးသည်။ ထိုကြေညာချက်ထွက်ပေါ်ပြီးနောက်မဲဆောက်မြို့ တွင် ယခုကဲ့သို့  အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းသည် ထိုင်းနိုင်ငံအတွင်း အများဆုံး ဖမ်းဆီးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအဖွဲ့  အစည်းများက ခန့် မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Wednesday, 12 May 2010

မဲဆောက်ရှိ မြန်မာ အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံရ

ဘစောတင် Tuesday, May 11, 2010 ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့တွင် ၃ ရက် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီး ခံရကြောင်း သတင်း ရရှိသည်။
မဲဆောက်မြို့ရှိ စက်ရုံများမှ နေထိုင် အလုပ် လုပ်ခွင့် လက်မှတ်မရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက မေလ ၈ နေ့မှ ၁၀ ရက်နေ့များအတွင်း ဖမ်းဆီးပြီး ပြန်ပို့ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။“သုံးရက်အတွင်း ၆၀၀ ကျော် အဖမ်းခံရတယ်၊ မယ်တော် ကမ်းနားက အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ စတီးလ်ရုံ၊ ချန်ပီယံ ရုံ၊ ဘတ် နှစ်ရာဘက် စက်ရုံကလူတွေ ပုလိပ်ဖမ်းမှာစိုးလို့ တောထဲ တောင်ထဲပြေးနေကြတယ်၊ ပုလိပ်ကြောက်လို့ ပြေးတာတော့ စက်ရုံအားလုံး လိုလိုပါပဲ”ဟု မြန်မာ အလုပ်သမား ကွန်ရက်မှ တာဝန်ခံ ကိုဝဏ္ဏက ဧရာဝတီသို့ ပြောသည်။

မဲဆောက်ရှိ မဲ့သောင်၊ ဘန့်နူယာ စသည့် နေရာ အမည်များကို မြန်မာများက မယ်တော်၊ ဘတ်နှစ်ရာ ဟု အသံထွက် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

မေလ ၈ ရက်နှင့် ၉ ရက် အတွင်း မယ်တော် ကမ်းနားရှိ နွားရုံခေါ် စုန်ဟွန် သိုးမွေးရုံမှ အလုပ်သမား ၂၀၀ နီးပါး၊ ကပ်ပီဘန်း ဘက်တွင် လမ်းသွားလမ်းလာ ၆၀ ခန့်နှင့် အိုမီဂါရုံမှ ၁၂၀ ခန့် အဖမ်းခံရပြီး ယမန်နေ့တွင် S.R သိုးမွေးစက်ရုံမှ ၂၅၀ ခန့် ဖမ်းဆီးခံရသည်ဟု ကိုဝဏ္ဏက ဆက်လက်ပြောပြသည်။

အိုမီဂါ စက်ရုံမှ အဖမ်းခံရသော အလုပ်သမားများအနက် ၁၀၀ ခန့်ကို ယမန်နေ့ က မြန်မာဘက်သို့ ပြန်ပို့ လိုက်သည်ဟု သိရသည်။

သို့ သော် စုန်ဟွန် သိုးမွေးစက်ရုံ (နွားရုံ) မှ အလုပ်သမားများကိုမူ တရားရုံးက အမိန့်ချမှတ်ပြီး ထောင်သို့
ပို့လိုက်သည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော ယင်းစက်ရုံမှ အလုပ်သမားတဦးဖြစ်သူ ကိုကျော်ညွန့်က ပြောသည်။

ကိုကျော်ညွန့် သည် မြ၀တီမှ မဲဆောက်သို့နေ့စဉ် လာရောက် အလုပ်လုပ်သူဖြစ်သည်။ ယင်းသိုးမွှေး စက်ရုံ သည် မြ၀တီမြို့နှင့် မျက်နှာချင်းဆိုင်ရှိ မဲဆောက်မြို့နယ်အတွင်း မဲ့သောင်ရွာတွင် ရှိသည်။ 

“ကျနော်တို့ နွားရုံက လူတွေကတော့ အားလုံး ထောင်ထဲပို့ လိုက်ပြီဗျာ၊ ကျနော် ပြန်လာခါနီးမှာ အားလုံး ဆံပင်တွေ ညှပ်လိုက်ပြီ၊ ဘယ်လောက် အမိန့်ချလိုက်တယ်တော့ ကျနော် မသိဘူး၊ သူတို့ အားလုံးကို ထောင်ချလိုက်ပြီ ဆိုတာပဲ သိရတယ်”ဟု ကိုကျော်ညွန့်က ဆိုသည်။

ရဲဖမ်းမည်စိုး၍ တိမ်းရှောင်နေသူ တဦးဖြစ်သော ကပ်ဘီဘန်းရွာရှိ ပေါင်မုန့်စက်ရုံမှ ကိုမျိုးကလည်း “ကျနော် တို့ တွေ တောထဲ တောင်ထဲမှာ အများကြီးပဲ၊ ပုလိပ် ဖမ်းမှာစိုးလို့ ပြေးနေတာ၊ မနက်ကတည်းက စက်ရုံက လူတွေ ပြေးနေကြ ရတယ်၊ ကျနော်တို့ မှာ လက်မှတ်မရှိတော့ ရဲဖမ်းမှာကို ကြောက်လို့”ဟုပြောသည်။

အလုပ်သမားများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း ရခိုင်အလုပ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ကိုလှမင်းက “တမြို့လုံးက စက်ရုံတွေ ပိတ်ထားရသလောက်ပဲ၊ အလုပ်သမား အများစုကလည်း လက်မှတ်မရှိကြတော့ ပြေးနေကြတယ်၊ ဒီတခါ ဖမ်းတာတော့ ဒီနှစ်အတွက် အဆိုးဆုံးပဲ”ဟုပြောသည်။
မြန်မာအလုပ်သမားများ အဖမ်းခံရသည့်အခါ ထိုင်းရဲများက အလုပ်သမားများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ မြန်မာ ဘက်ကမ်းသို့ ပြန်ပို့ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ရှိသော်လည်း ထိုင်းအလုပ်ရှင်များကိုမူ အရေးယူခြင်း မရှိဟု အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။

“ထိုင်းအစိုးရနဲ့ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေ အလုပ်လုပ်လို့ အဆင်ပြေနိုင်လောက်တဲ့ ဥပဒေကို ချမှတ်သင့်တယ်ဗျာ၊ အလုပ်ရှင်တွေကလည်း ယာယီပတ်စ်ပို့ ဆိုလည်း ယာယီပတ်စ်ပို့ ပေါ့၊လက်မှတ်ဆို လည်း လက်မှတ်ပေါ့၊ သူတို့ က ကူညီလုပ်ပေးသင့်တာပေါ့၊ အခုတော့ ဖမ်းရင် အလုပ်သမားတွေသာခံ၊ အလုပ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး၊ ခံစရာရှိ ကျနော်တို့ အလုပ်သမားတွေက ခံဘက်ကချည်းပဲ”ဟု ကိုသံဒုတ်က ဆိုသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း ၃၀၀ နီးပါးရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည်။ မဲဆောက်မြို့မှအလုပ် သမားများ အများစုသည် အလုပ်သမား လက်မှတ်လုပ်ခ မတတ်နိုင်၍ လက်မှတ်လုပ်သူ ရာနှုန်း အနည်းငယ် သာ ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Friday, 5 March 2010

အလုပ်သမား ၅ သိန်းကျော်ကို ဖမ်းဆီး ပြန်ပို့တော့မည်

Wednesday, 03 March 2010 17:49 ဘစောတင် ဧရာဝတီ

ယနေ့မှ စတင်၍ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်းခြင်း မရှိသူ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား ၅ သိန်း ကျော်ကို ဖမ်းဆီးပြီး နေရင်းနိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်ခန့်ထားရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Supat Gukhun က ပြောသည်။ “ကျနော်တိုရဲ့ စိတ်ရှည် သည်းခံမှုက ကုန်ဆုံးသွားခဲ့ပြီ။ ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ လျှောက်လွှာ မတင်တဲ့သူတွေ၊ အလုပ်သမား လက်မှတ် သက်တမ်း မတိုးသူတွေ အားလုံးကို ဖမ်းပြီးပြန်ပို့မှာပါ” ဟု သူက ပြောကြားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်းအစိုးရသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ယာယီနိုင်ငံကူး လက်မှတ် လျှောက်ရန် ကြေညာထား ခဲ့သော်လည်း မတ်လ ၂ ရက်နေ့အထိ ၂ ရက် နောက်ဆုတ် ပေးခဲ့သည်။

ထိုင်းအစိုးရ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်း အလုပ်သမား ၁၆၈၆၈၈ ဦးမှာ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပြီးကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအရ အလုပ်သမား မှတ်ပုံတင်ထားသော ရွှေ့ပြောင်း အလုပ်သမား ၁၃ သိန်းကျော် အနက် ၇ သိန်းကျော် လျှောက်လွှာတင်သွင်းပြီး ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ကျန်ရှိသည့် အလုပ်သမား ၅ သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ် သို့ ၀င်ရောက်လာတော့မည် မဟုတ်ဟု အခိုင်အမာ ယူဆနေကြပြီး ယနေ့မှ စတင်ကာ အဖမ်းအဆီး လုပ်ငန်းများ ပြုလုပ်တော့မည်ဟု ကြေညာလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့မှ ရွှေ့ ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “ပွင့်လင်းမြင်သာမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေသာ လုပ်ခဲ့ရင် အခုလို စိတ်မချမ်းမြေ့ စရာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ အလုပ်သမားရေးလုပ်နေတဲ့ အဖွဲ့တွေကို အစကတည်းက ကျနော်တို့ ပြောခဲ့ပါတယ်။ အခုတော့ မမျှော်လင့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင်ရတော့မယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အတင်းအကျပ် ပြန်ပို့မည် ဆိုသည့်ကိစ္စမှာ အလွယ်တကူနှင့် မဖြစ်နိုင် သေးကြောင်း၊ ဖမ်းဆီး ပြန်ပို့မည်ဆိုလျှင် စည်းစနစ်ကျနမှု ရှိရမည်ဖြစ်ကြောင်းနှင့် အချိန်လည်း ယူရမည် ဖြစ်ကြောင်းပြောသည်။

“ဒီ ရွှေ့ပြောင်း အလုပ်သမားတွေက နှစ်ပေါင်းများစွာ ၂ နိုင်ငံအကျိုးစီးပွားအတွက် အပင်ပန်း အဆင်းရဲ ခံခဲ့ရတာ။ ကြက်ကလေး၊ ငှက်ကလေးတွေ ဖမ်းသလို အလွယ်တကူလုပ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ကိုသက်ခိုင်က ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများကို ယခုကဲ့သို့ အတင်းအကျပ် ဖမ်းဆီးကာ ပြန်ပို့မည် ဆိုပါက ထိုင်းနိုင်ငံတွင်း လူမှောင်ခိုကူးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာနိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် MAP ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ကိုနစ်ကပြောသည်။

“ထိုင်းက ဘယ်လောက်ပဲ ဖမ်းပို့ ဖမ်းပို့ မြန်မာတွေကတော့ ထိုင်းကိုခိုးဝင်လာကြ မှာပဲ။ ဒီတော့ ပွဲစားကို အားကိုးကြရမှာပဲ။ ဟိုတလောကတောင် လူပွဲစား ကားတစီးကို ထိုင်းရဲက ပစ်ခတ်လို့် မြန်မာ ၃ ယောက် သေသွားတဲ့ ဖြစ်ရပ်မျိုးတွေ ရှိတယ်။ ဒါမျိုးတွေအတွက် ကျနော်တို့ အထူးစိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ၎င်းက ဆိုသည်။

ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုအောင်မြင့်သိန်းကလည်း “အခု အချိန် ထိတော့ ဖမ်းတာ ဆီးတာ မကြားမိသေးပါဘူး။ ဒါပေမယ့် နောက်ရက်တွေမှာ ဘာဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ်” ဟုဆိုသည်။

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက် နေ့များက ရပ်ကွက်များထဲအထိ ဝင်ရောက် ဖမ်းဆီးမှုများရှိခဲ့သော်လည်း ယနေ့တွင်မူ လမ်းပေါ်ထွက်လာသူများအား စစ်ဆေးမှုများသာ ရှိသေးသည်ဟု သိရသည်။

ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ်လုပ်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ငွေကြေး အခက် အခဲကြောင့် ယာယီနိုင်ငံကူး လက်မှတ် မလုပ်နိုင်သူများရှိသကဲ့သို့ တချို့မှာမူ နိုင်ငံရေးအရ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များကို မြန်မာ စစ်အစိုးရအား မပေးလိုသူများလည်း ရှိသည်။

ထို့ပြင် နယ်စပ်ဒေသမှ တိုင်းရင်းသားအများစုတွင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း မရှိကြ သကဲ့သို့ တချို့မှာ စစ်ဘေး စစ်ဒဏ်ကြောင့် ပြေးလွှားရင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြသူများလည်း ပါဝင်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်းခန့် ရှိသည်ဟု ခန့်မှန်းကြရာ ၈၀ ရာခိုင်နှုန်းမှာ မြန်မာများ ဖြစ်ကြောင်း သိရသည်။

လာမည့် ရက်များအတွင်း အလုပ်သမားလက်မှတ် မရှိသူ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက ဖမ်းဆီး ပြန်ပို့မည့်အရေးသည် များစွာ စိုးရိမ်စရာကောင်းသော အနေအထားဖြစ်သည်ဟု လေ့လာသူ တို့က သုံးသပ်ကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP