Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, 21 July 2010

မဲဆောက်-မြ၀တီ တံတားဖြတ်သန်းမှု ရပ်တန့်

NEJ / ၂၀ ဇူလိုင် ၂၀၁၀

မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို (နေပြည်တော်) မှ တိုက်ရိုက်ညွှန်ကြားချက်အရ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မြ၀တီခရိုင် အာဏာပိုင်များက ပြောကြားသည်။

ယခုလဆန်းမှ စတင်ကာ မြ၀တီခရိုင် အာဏာပိုင်များက (၄) ကြိမ်ထက်မနည်း ဖွင့်ချီပိတ်ချီ ပြုလုပ်နေသည့် ချစ်ကြည်ရေး တံတားကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်မှစ၍ အကြမ်းဖက်မှု အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ တံတားကို ထပ်မံ ပိတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကိတ္တိစာတိုမိုစာက “အကြမ်းဖက်မှု အန္တရာယ်ရှိလို့ နေပြည်တော်က ပိတ်ခိုင်းတာလို့ မြ၀တီခရိုင် အာဏာပိုင်တွေက ပြောတယ်။ ပြန်ဖွင့်မယ့်ရက်ကိုတော့ သူတို့လည်း မသိဘူး။ နေပြည်တော်က အမိန့်ပေးမှပဲ ဖွင့်လို့ရမယ်လို့ ပြောတယ်” ဟု ဒေသခံ သတင်းထောက် များကို ပြောကြားသည်။

အကြမ်းဖက်မှု အန္တရာယ်ရှိသည်ဟု ပြောဆိုသော်လည်း မည်သည့်နေရာဒေသ ဆိုသည်ကိုမူ မြန်မာဘက်က ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိဟု မဲဆောက်မြို့ပိုင်က ပြောသည်။

ချစ်ကြည်ရေး တံတားအပြင် တံတားဘေးဝဲယာရှိ မြန်မာဘက်သို့ ကုန်ပစ္စည်းပို့သည့် လှေဆိပ် (၁၇) ခုကိုလည်း မြန်မာဘက်က ပိတ်လိုက်သဖြင့် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လုံးဝ ပြတ်တောက် သွားသည်ဟု နှစ်ဖက် ကုန်သည်များက ပြောသည်။

မြန်မာ ကုန်သည်တဦးက “ထိုင်းပစ္စည်းလည်း မ၀င်ဘူး။ မြန်မာပစ္စည်းလည်း ထွက်လို့မရဘူး။ အောက်မှာ ထိုင်းပစ္စည်းတွေ ဈေးစတက်နေပြီ။ အထူးသဖြင့် ဆီနဲ့စားသောက်ကုန်တွေ။ နောက် တပတ်လောက် ကြာမယ်ဆိုရင်တော့ ထိုင်းပစ္စည်းဈေးတွေ အဆမတန်တက်ဖို့ ရှိတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းပိုင်း မြို့များသို့ မြန်မာစားသောက်ကုန်များ တင်ပို့သည့် မဲဆောက်ဈေးမှ ထိုင်းလုပ်ငန်းရှင်တဦးက “အခုမြန်မာကုန်တွေ မ၀င်တာတပတ်ရှိပြီ။ အခုကုန်လက်ကျန်ပဲ ပို့နေတယ်။ နောက်တပတ်မှ မြန်မာကုန် မ၀င်ဘူးဆိုရင်တော့ ဈေးနှုန်းတွေတက်မယ့်အပြင် ပစ္စည်းပြတ်လပ်မှုတွေလည်း ဖြစ်မယ်” ဟု ပြောသည်။

တံတားပိတ်လိုက်သည့်အတွက် မြန်မာနိုင်ငံ မြ၀တီဘက်မှ မဲဆောက်သို့ နေ့ချင်းပြန်အလုပ်လာလုပ်သူ (၁,၅၀၀) ခန့်မှာ အလုပ်ရပ်နားထားကြရသည်။ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေပြီး ယာယီနိုင်ငံကူး လက်မှတ်များပြုလုပ်ရန် နေ့စဉ် မြ၀တီသို့လာရောက်ကြသည့် မြန်မာအလုပ်သမား (၂၀၀) ခန့်မှာလည်း တံတားပိတ်မှုကြောင့် လာရောက်ခွင့်မရသည့်အတွက် အဆိုပါလုပ်ငန်းကို ရပ်နားထားရသည်ဟု ထိုင်းအကျိုးဆောင်လုပ်ငန်းတခု၏ ပိုင်ရှင်တဦးက ပြောသည်။

ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုကို ယခုလ (၁၁) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့သည်။

ထိုအချိန်က ထိုင်းကုန်ပစ္စည်း တင်သွင်းခွင့်ကို ပိတ်ပင်ထားသော်လည်း ချစ်ကြည်ရေးတံတားမှတဆင့် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် သွားလာဝင်ထွက်ခွင့်ကိုမူ နှစ်ဖက်အာဏာပိုင်များက ခွင့်ပြုထားသည်။

ထိုသို့ ခွင့်ပြုထားခဲ့ရာမှ ပြီးခဲ့သည့် တနင်္ဂနွေနေ့နံနက်မှစ၍ မြန်မာဘက်မှ မည်သည့်သွားလာခွင့်ကိုမှ ခွင့်မပြုတော့ဘဲ ချစ်ကြည်ရေးတံတားကို လုံးဝ ပိတ်လိုက်ခြင်းဖြစ်သည်။

မြ၀တီမြို့ခံ ၀န်ထမ်းတဦးက “ဘယ်သူ့ကိုမှ ကူးခွင့်မပေးဘူး။ ကမ်းနားတလျှောက်လုံးမှာ စစ်သားတွေချထားတယ်။ ကျနော်တို့ ကြားရသလောက်ကတော့ လိုင်စင်မဲ့ကားတွေကို မြ၀တီခရိုင်မှာ အပြတ်ဖမ်းဖို့အတွက်လို့ သိရတယ်။ ဒီအနေအထားမျိုး မြ၀တီမှာ အရင်ကမရှိခဲ့ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင်တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဇန်န၀ါရီလအထိ စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံအထိ ရှိခဲ့သည်။

ထိုင်းသို့ မြန်မာပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂.၁) ဘီလီယံအထိရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးဌာန၏ တရားဝင်ထုတ်ပြန်ထားသော စာရင်းများတွင် ဖော်ပြထားသည်။
အပြည့်အစုံသို့ >>

Saturday, 22 May 2010

ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

ဘစောတင် Friday, May 21, 2010  ဧရာဝတီ

ရှပ်နီတို့၏ ၂ လကျော်ကြာ ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အများအပြား အခက်အခဲနှင့် ကြုံတွေ့ နေကြသည်။

ဘန်ကောက်ရှိ မီးရှို့ ဖျက်ဆီးခံရသော ကုန်တိုက်များ၊ ရက်ပေါင်းများစွာ ပိတ်ထားသော အဆောက် အအုံများ၊ ဆိုင်များတွင် လုပ်ကိုင်သူ မြန်မာတို့မှာ နေ့စားသမားများ ဖြစ်သောကြောင့် ၀င်ငွေမဲ့နေ ကြသည်ဟု အလုပ်သမား အရေး လုပ်ကိုင်နေသူ တဦးက ပြောသည်။ “သေချာတာ တခုကတော့ အလုပ် သမားတွေ လက်ထဲမှာ ပိုက်ဆံ ပြတ်နေကြလို့  စားဝတ် နေရေး ခက်ခဲ နေတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) ၏ ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့  ရှင်းပြသည်။ ဆန္ဒပြပွဲ များကြောင့် မြန်မာ ပြည်သား များစွာ အလုပ် လက်မဲ့ ဖြစ်သွား သည်ဟု သူက ဆိုသည်။ ပတူနမ်း အရပ်တွင် အလုပ် လုပ်နေသူ ကိုဝေဖြိုး ကလည်း ထိုနည်းတူ ပြောပြသည်။

“နေ့စား ဆိုတော့ အလုပ် မရှိရင် ၀င်ငွေမရှိတော့ဘူး၊ အားလုံး အခက်အခဲ ကြုံနေကြတယ်” ဟု ဆိုသည်။

ရှပ်နီတို့ စခန်းချခဲ့သည့် ဘန်ကောက် မြို့လယ်ရှိ စီးပွားရေး အချက်အချာ ကျသော နေရာသည် ထောင်နှင့်ချီ မြန်မာ ပြည်သားများ အလုပ် လုပ်ကိုင်ခဲ့သည့် နေရာ ဖြစ်သည်။

ပင်လယ် ကမ်းခြေ ဖူးကက် မြို့ တွင်လည်း နိုင်ငံခြားသား ဧည့်သည် အ၀င်နည်းသဖြင့် မြန်မာ အလုပ်သမားတို့ အလုပ်အကိုင် ထိခိုက် ကြသည်ဟု ဖူးကက်တွင် နေထိုင်သူ ဘလော့ဂါ ဦးမင်းဒင်က ဆိုသည်။

“မြန်မာ ထမင်းဆိုင် ပိုင်ရှင် တယောက်က ခါတိုင်း မနက်ပိုင်း ဘတ် ၃၀၀၀ ဖိုးလောက် ရောင်းရတာ ဒီနေ့  ငါးရာ ဖိုးတောင် မရောင်းရဘူးတဲ့။ တချို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာလည်း သူတို့ ရုံးချုပ်က ဘန်ကောက်မှာ ဆိုတော့ ငွေထုတ်ရက်မှာ ငွေထုတ် ပေးနိုင်ပါ့မလား ပူပင် နေကြတယ်” ဟု သူက ပြောသည်။

ဘန်ကောက်မြို့ နှင့် အနီးဆုံးဖြစ်ပြီး မြန်မာ အလုပ်သမား အများဆုံး ရှိသော မဟာချိုင် ဘက်တွင်မူ ထူးထူး ခြားခြား သက်ရောက်မှု မရှိကြောင်း ပင်လယ်ပျော် သမဂ္ဂမှ ကိုတင်ကိုက ပြောသည်။

ဤအတော အတွင်း ရှပ်နီတို့ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ခရိုင် ၂၄ ခု တွင် ညမထွက်ရ အမိန့် ထုတ်ထားသည်။ ၂ လကျော်ကြာ ဆန္ဒပြမှု အတွင်း အနည်းဆုံး ၇၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူ များထဲတွင် ဆန္ဒပြသူများ၊ သတင်းထောက်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သည်။

ဗုဒ္ဓဟူးနေ့မှ သောကြာနေ့ အထိ အစိုးရ ရုံးပိတ်ရက်များ အဖြစ် ကြေညာ ထားသဖြင့် ဘဏ်များမှာ တနင်္လာနေ့မှ ပြန်ဖွင့်ဖွယ် ရှိကြောင်း အများက မျှော်လင့်နေ ကြသည်။ ဆန္ဒပြပွဲ အတွင်း ဘဏ်တချို့ မီးလောင်ပုံ၊  ATM ငွေထုတ်စက် အများအပြား ဖျက်ဆီးခံရပုံ တို့ကိုလည်း ရုပ်မြင်သံကြား သတင်းများတွင် တွေ့ရသည်။

ဘဏ်များ ပိတ်ထား သောကြောင့် ငွေလွှဲရန် အခက်အခဲ ရှိကြောင်း ဘန်ကောက်မြို့ မှ ငွေလွှဲသမား ကိုမောင်မောင်က ပြောသည်။

“ဒီရက်ပိုင်း အတွင်း အဆင်မပြေဘူး။ ဘဏ်တွေ ပြန်ဖွင့်တဲ့နေ့ မှ အဆင်ပြေမယ်” ဟု ပြောသည်။

ဆန္ဒပြမှုကြောင့် နယ်စပ်မှ ကုန်သည် များလည်း ထိခိုက်ကြ သည်ဟု မဲဆောက်မှ ကုန်သည် တဦးဖြစ်သူ ဦးတင်မြင့်က ရှင်းပြသည်။

“အရောင်း အ၀ယ်က လုံးဝ အေးသွားတယ်။ ဘန်ကောက်က ပစ္စည်းတွေ မှာလို့ မရသလို သွားပို့ ဖို့ ကလည်း မဖြစ်ဘူးလေ။ အစစ် အဆေးက အရမ်းများတယ်” ဟု သူက ဆိုသည်။

မတ်လ ၁၂ ရက်နေ့ မှ စတင်ခဲ့သော အနီရောင် ဆန္ဒပြပွဲများ ယခုတပတ် ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ် သွားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာ ပြည်သားတို့ အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲလာ နိုင်သည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူ တဦးက သုံးသပ်သည်။

“ထိုင်းတွေ ကိုယ်တိုင် အလုပ်ပြုတ်။ အလုပ်ရှင်တွေ ကိုယ်တိုင် ပြန်တည် ဆောက်ရမှာ ဆိုတော့ သူတို့ ကိုမှီခို လုပ်ကိုင် စားသောက်ရမယ့် အလုပ် သမားတွေ အတွက်တော့ အတော့်ကို စိုးရိမ်စရာပါ။ ကျနော် ထင်တယ် လေးငါးလ လောက်မှ ပြန်အသားကျလာ နိုင်မှာပါ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ မှ ရွှေ့ ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောဆိုသည်။

ဆန္ဒပြပွဲကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်သွားသည့် ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းခန့် ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>

Tuesday, 23 February 2010

မြန်မာ ၄ ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

 22 February 2010 18:21 ၀ါးရှီးဖော ဧရာဝတီ

သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာ ၄ ဦးကို ထိုင်း - မြန်မာ နယ်စပ် ရနောင်းမြို့ ကမ်းခြေ တနေရာတွင် စနေနေ့က တွေ့ရှိခဲ့သည်။ သေဆုံးသူ အားလုံးသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြပြီး အသက် ၃၀ နှင့် ၄၀ ၀န်းကျင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။
“လေးယောက်စလုံး လက်ကို နောက်ပြန် ကြိုးချည် ခံထားရတယ်။ သေနတ် ဒဏ်ရာတွေနဲ့ သေတယ်။ မသေခင်မှာလည်း အရိုက် ခံထားရတယ်။ ဒဏ်ရာတွေ ရှိတယ်” ဟု ရနောင်းမြို့ရှိ မိတ္တသဟာရ နာရေး ကူညီမှု အသင်းမှ ကိုသားကျော်က ဧရာဝတီသို့ ပြောသည်။

အလောင်းများကို ရနောင်းမြို့ပေါ်ရှိ ဆေးရုံ တရုံတွင် ထားရှိပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရသည်။

“အခုလို ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် တခုလို ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့ ဆိုတာက ထိထိ ရောက်ရောက် အရေးယူမှုရှိမှ ဖြစ်မှာ။ ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ၀တ်ကျေ တမ်းကျေ လုပ်ပေးတာ လောက်ပဲ ရှိတယ်” ဟု ရောင်ခြည်ဦး အလုပ်သမား စာစောင်တွင် ဆောင်ပါးများ ရေးသားလေ့ ရှိသော ရနောင်းမြို့နေ မောင်သံက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို  ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

“ထိုင်းလူငယ် လမ်းသရဲ အဖွဲ့တွေက မြန်မာ အလုပ်သမား တွေကို တွေ့ရင် ပိုက်ဆံ တောင်းတယ်၊ တောင်းလို့ မရရင် ၀ိုင်းရိုက်ကြတယ်။ ဒီမှာ အဲဒီလိုတွေ ခဏ ခဏ ဖြစ်နေတယ်” ဟု ကိုသားကျော်က ပြောသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Friday, 29 January 2010

ဖိနပ်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာများ လုပ်ခတိုးရပြီ

.စိုင်းဇွမ်ဆိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ လုပ်အားခ နည်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ မကြာသေးခင်က ဆန္ဒပြခဲ့သော မြန်မာ အလုပ်သမားများကို အလုပ်ရှင်က ယနေ့မှစ၍ တနေ့တာ လုပ်အားခကို ၄၇ ဘတ် အပိုဆောင်း ပေးလိုက်ပြီ ဖြစ်သည်။

မယ်ဆိုင်မြို့ Osaka စက်ရုံမှ မြန်မာအလုပ်သမားများကို ယခင်က တရက်လုပ်ခ အများဆုံး ၁၁ဝ ဘတ် အထိသာရသော်လည်း ယခုမူ ၁၅၇ ဘတ်အထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် အခွင့်အရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။

ယင်းစက်ရုံရှိ ထိုင်း-မြန်မာ အလုပ်သမားအားလုံး တန်းတူရရှိခြင်းလည်း ဖြစ်သည်။

“နေ့လည် ၁ နာရီက စက်ရုံမှာ အစည်းအဝေးလုပ်တယ်။ ၁ နာရီခွဲလောက်ကျတော့ အလုပ်သမားတွေကို ပြောတယ်တဲ့။ အားလုံးကို ၁၅၇ ဘတ် အပြည့်ပေးမယ်။ ဒါပေမဲ့ သူ့မှာရှိတဲ့ စည်းကမ်းတွေကိုတော့ အတိအကျ လိုက်နာရမယ်” ဟု ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် MAP Foundation အဖွဲ့မှ တာဝန်ရှိသူ ကိုအေးက မဇ္ဈိမကို ပြောသည်။

.ထိုင်းအလုပ်သမားများနှင့် လုပ်ခတန်းတူ မရရှိသောကြောင့် လုပ်ခတိုးမြှင့်ပေးရန် စက်ရုံရှိ မြန်မာ အလုပ်သမား ၇၂ ဦးက ယခုလ ၂၃ ရက်နေ့၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြကာလအတွင်း ဦးဆောင်သည့် မြန်မာအလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ထုတ်ခဲ့သဖြင့် MAP Foundation အဖွဲ့ကို တိုင်ကြားခဲ့ရာ အဖွဲ့တာဝန်ရှိသူများ သွားရောက်ဖြေရှင်းခဲ့ရာမှ ယခုလို လုပ်ခ တိုးမြှင့်ရရှိခြင်း ဖြစ်သည်။

အလုပ်သမားခေါင်းဆောင် ၄ ဦးမှာမူ အလုပ်ပြန်လုပ်ခွင့် မရကြသဖြင့် ထိုင်းအလုပ်သမား ဥပဒေအရ ၎င်းတို့ ရသင့်ရထိုက်သော နစ်နာကြေးများအတွက် ချင်းရိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်ရေးရုံးမှ တဆင့် စက်ရုံပိုင်ရှင်ထံ တောင်းဆိုထားကြောင်း သိရသည်။

“ဖောင်တွေ အားလုံး ဖြည့်ပြီးသွားပြီ။ လာမယ့် (ဖေဖော်ဝါရီလ) ၃ ရက်နေ့ကျရင် အလုပ်သမားရုံးက သူတို့ သူဋ္ဌေးကို ခေါ်ပြီးတော့မှ ပြဿနာကို ဖြေရှင်းပေးခိုင်းမယ်” ဟု ကိုအေးက ရှင်းပြသည်။

အလုပ်မှထုတ်ပယ်လျှင် လျော်ကြေးအဖြစ် လုပ်ခ ၃ လစာ အပိုရရှိနိုင်သည်ဟု အလုပ်သမား-အလုပ်ရှင် သဘောတူခဲ့သော်လည်း ထိုလျော်ကြေးကို မပေးသည့်အပြင် ဆန္ဒပြခဲ့သဖြင့် စက်ရုံဝင်ငွေ ဘတ် ၁ သိန်း ၆ သောင်း နစ်နာသည်ဟုဆိုကာ ယခုလ ၂၆ ရက်နေ့တွင် အလုပ်ရှင်ဘက်က ဆန္ဒပြခေါင်းဆောင် ၄ ဦးထံမှ နစ်နာကြေးပေးရန် တုံ့ပြန်ပြောဆိုပြီးနောက် ထိုနေ့၌ပင် ၎င်းတို့ ၄ ဦး အလုပ်ထုတ်ခံရသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် ၄ ဦးမှ တဦးက “ကျမတို့အမှုအတွက် ချိန်းထားတာက ၂ လပိုင်း ၃ ရက်နေ့ပေါ့နော်။ အဲဒီနေ့မှာ သူတို့က လျော်ကြေးပေးမယ်၊ မပေးဘူးဆိုတာတော့ မသိရသေးဘူး။ တကယ်လို့ မပေးဘူးဆိုရင်လည်း ကျမတို့က ရှေ့ဆက်တက်မှာပဲ” ဟု မဇ္ဈိမ ကို ပြောသည်။

ခေါင်းဆောင် ၄ ဦးအတွက် အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချ မပေးပါက သက်ဆိုင်ရာ တရားရုံးများမှတဆင့် ဥပဒေကြောင်းလမ်းအရ ဖြေရှင်းသွားနိုင်ရန် MAP Foundation မှ ကူညီသွားမည်ဟု သိရသည်။

“MAP မှာက ရှေ့နေတွေဘာတွေ ရှိပြီးသားပဲ။ တရားရုံးကနေ ဒီအမှု ပြီးဆုံးသည်အထိ တက်သွားမယ်” ဟု ကိုအေးက မဇ္ဈိမကို ပြောသည်။

အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချမှတ်ပါက တဦးလျှင် အနည်းဆုံး ဘတ် ၄ သောင်းနှင့် အထက် ရရှိမည်။

တာချီလိတ် တဖက်ကမ်း မယ်ဆိုင်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ ရှိသော်လည်း အလုပ်သမား အခွင့်အရေး သင်တန်းများကို ပို့ချပေးမည့် အဖွဲ့အစည်းများ မရှိသေးကြောင်းလည်း သိရသည်။

မြန်မာများအနေဖြင့် လုပ်အားခ ၁၅၇ ဘတ် ရရှိလိုက်ခြင်းသည် မယ်ဆိုင်မြို့၌ ပထမဆုံးဖြစ်ကြောင်း မြန်မာလုပ်သားများက ပြောဆိုကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

အိမ်ဖော်အလုပ်သမား အခွင့်အရေး လမ်းညွှန်စာအုပ် ထုတ်ဝေ



.Thursday, 28 January 2010 19:41 ဘစောတင်


နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) မှ ထုတ်ဝေသည့် “တို့ အိမ်ဖော် အလုပ်သမား- တင့်တင့် တယ်တယ် လုပ်အားရှင်များ” အမည်ရှိ အိမ်ဖော် အလုပ်သမားများ အတွက် လမ်းညွှန်စာအုပ် ထုတ်ဝေမှု ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ကျင်းပ ခဲ့သည်။


ယနေ့ ရှင်းလင်း ပွဲတွင် ဦးဆောင် ပါဝင် ဆွေးနွေးသူ တဦးဖြစ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ကူညီဆောင်ရွက် နေသော MAP ဖောင်ဒေးရှင်းမှ Ms.Kanc- hna –Di-ut က ယခု စာအုပ်သည် အိမ်ဖော် အလုပ် သမားများ အတွက် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောဆိုသည်။

. “ဒီစာအုပ် ကလေးကို ဖတ်ရတဲ့ အိမ်ဖော် အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ တကယ်ရှိမယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်၊ အိမ်အလုပ် လုပ်နေကြတဲ့ အမျိုးသမီး အမျိုးသား တွေဟာ ကိုယ်ရသင့်တဲ့ လူ့အခြေခံ ရပိုင်ခိုင်ခွင့်ကို မသိကြလို့ နစ်နာ နေကြရတာ တွေဟာ နေရာ အနှံ့မှာပါ၊ ဒါကို ILO က ဦးဆောင်ပြီး ကျမတို့ နဲ့ အတူ အခြားသော အဖွဲ့ အစည်းများ ကပါ ဒီစာအုပ်ကလေး ဖြစ်မြောက် လာအောင် လပေါင်းများစွာ အချိန်ယူပြီး ကြိုးစား လုပ်ဆောင် ခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို စာအုပ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော အိမ်ဖော် အလုပ်သမားများအတွက် ဆောင်ရန် ရှောင်ရန်နှင့် သိသင့် သိထိုက်၊ လိုက်နာသင့် လိုက်နာထိုက်သည်များကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြ ထားသည်။

ယင်းစာအုပ်၏ တနေရာတွင်“ကျွန်ုပ်သည် အိမ်ဖော်အလုပ်သမား တယောက်ဖြစ်သည်။ ကျွန်ုပ်တွင် တာဝန် ၀တ္တရားများရှိသလို အခွင့်အရေးများလည်းရှိသည်။ ကျွန်ုပ်သည် တခြားအလုပ်သမားတွေလိုပဲ မျှမျှတတ ဆက်ဆံခွင့်ရရန် ထိုက်တန်ပါသည်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို လေးစားရန် တောင်းဆိုသည်”ဟု ဖော်ပြထား သည်။

သူတပါးအိမ်တွင် အလုပ်လုပ်နေကြရသည့် ထောင်ပေါင်းများစွာသော အိမ်ဖော်အလုပ်လုပ်သူများတွင် အမျိုး သမီး များက များသောအားဖြင့် ထမင်းချက် ကလေးထိန်း သက်ကြီး ရွယ်အိုများကို ပြုစုခြင်း စသော အိမ် တွင်း မှု လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ အမျိုးသားများက ကားမောင်း၊ ခြံသန့်ရှင်းရေး စသည့် အလုပ် များ ကို လုပ်လေ့ရှိကြသည်။ ၎င်းတို့သည် များသောအားဖြင့် နိုင်ငံတကာက ပြဌာန်းထားသော အခြေခံရပိုင်ခွင့် များကို သိရှိသူနည်းပါးကြောင်း သိရသည်။

မွန်ပြည်နယ် မုဒုံမြို့ နယ် ရခိုင်ကုန်းရွာမှ ထိုင်းနိုင်ငံတွင် အနှစ် (၂၀)နီးပါးခန့် အိမ်ဖော်အလုပ် လာရောက် လုပ်ကိုင်သူ မလွင်လွင် က အိမ်ဖော်ကို ကျေးကျွန်သဖွယ် ဆက်ဆံသောအလုပ်ရှင်မျိုးနှင့် တွေ့ ပါက များစွာ စိတ်ဆင်းရဲရကြောင်း ပြောဆိုသည်၊။

“ကောင်းတဲ့သူဌေး အိမ်ဆို ကိုယ့်အိမ်လိုပဲ။ သူတို့ သတ်မှတ်ပေးတဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်၊ ပြီးရင် ကိုယ့်ဘာသာ အကြိုက်နေလေ၊ တချို့အိမ်ကျတော့ အဲသလိုမဟုတ်ဘူး၊ အိမ်အလုပ်သမဆို တကယ် ခိုင်းတာ၊ တခါတခါ ထွက်ပြေးချင်စိတ်တွေ ပေါက်ပေါက်လာတယ်၊ ဒါပေမယ့် ကိုယ်က ပိုက်ဆံလိုချင်တော့ လည်း လုပ်ရတာပဲ၊ အခု နောက်ဆုံး လုပ်နေတဲ့ အလုပ်ရှင်ကလည်း မကောင်းဘူးရှင့်၊ ကျမတို့က မနက် ၄နာရီလောက်က စထရတာ တနေကုန် အိမ်မှုကိစ္စလုပ်ရတယ်၊ လစာကျတော့ ၅၀၀၀ ပဲပေးတယ်၊ ကျမတို့ ပြောင်းပြေးမှာစိုးလို့ အလုပ်သမား လက်မှတ်တွေလည်း သိမ်းထားတယ်၊ အိမ်ဖော်အလုပ်သမား အခွင့်အရေး ဆိုတာ ကျမလည်း မသိဘူး။ သူဌေးလည်း ကြားဖူးမယ်မထင်ပါဘူး”ဟု မလွင်လွင်ကဆိုသည်။

အလားတူ ယနေ့ပြုလုပ်သော စာအုပ်ရှင်းလင်းပွဲသို့ တက်ရောက်လာသော ကိုယ်တိုင် အိမ်ဖော်လုပ်နေသူ ရှမ်း အမျိုးသမီး မနန်းကလည်း“ ကျမ ဒီထိုင်းကိုရောက်ခါစ ၅နှစ်လောက် ထိုင်းသူဌေး အိမ်တွေမှာလုပ်ဖူး တယ်၊ နောက်ပိုင်း အခု အချိန်တွေမှာတော့ နိုင်ငံခြားသား အိမ်တွေမှာပဲ လုပ်တော့တယ်၊ ထိုင်းတွေနဲ့ စာရင် တော့ နိုင်ငံခြားသားတွေက အခွင့်အရေးပိုရတယ် ပြောရမယ်၊ သူတို့က စည်းနဲ့ကမ်းနဲ့ ခိုင်းတယ်၊ ပိုက်ဆံ မှန်တယ်၊ ပိုလည်းရတယ်၊ ထိုင်းတွေကတော့ လစာနည်းမယ်၊ အသေခိုင်းမယ်၊ ဥရောပကလူတွေက လူ့ အခွင့် အရေး ဘာညာတွေ သိနေတော့ သူတို့က သူတို့ သတ်မှတ်ထားတဲ့ အလုပ်ကို တာဝန်ကျေရင် ပြီးတာ များပါတယ်၊ တယောက်တလေတော့ ထိုင်းထက်ဆိုးတဲ့ နိုင်ငံခြားသားလည်း ကြုံဖူးတယ်”ဟု ဆိုသည်။

မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက“ဒီစာအုပ်ထဲ မှာ ပါတဲ့အချက် အလက်တွေကို မြန်မာအလုပ်သမားတွေ သိဖို့အတွက် စာကြည့်တိုက်တွေမှာ ထား ပေးမယ်၊ စက်ရုံအလုပ်ရုံတွေမှာ ဖြန့်ပေးမယ်။ ဒီစာအုပ်မှာ ကိုယ် အခက်အခဲကြုံရင် ဘယ်လိုလူတွေကို ဆက်သွယ်ရ မယ်၊ အကူအညီတောင်းရမယ်ဆိုတဲ့ လမ်းညွှန်တွေ ဖုန်းနံပါတ် တွေဟာ သိပ်ကို အဖိုးတန်ပါတယ်၊ အရင်က မသိသေးတဲ့သူတွေအနေနဲ့ ဒီစာအုပ်ကို ဖတ်လို့သိသွားရင် ကိုယ့်အခွင့်အရေး မဆုံးရှုံးရအောင် ဘာလုပ်ရ မယ် ဆိုတာကို နားလည်သွားမယ်”ဟု ပြောဆိုသည်၊

ယနေ့ရှင်းလင်းသော အိမ်ဖော်အလုပ်သမားများအတွက် လမ်းညွှန်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ရှမ်း၊ ပိုးကရင်၊ စကောကရင် ဟူသော ဘာသာစကား ၇မျိုးဖြင့် သီးခြားစီ ထုတ်ဝေသည်ကို တွေ့ ရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြော သည်။
အပြည့်အစုံသို့ >>

Tuesday, 26 January 2010

ကားမှောက်၍ မြန်မာလုပ်သား ၁၄ ဦး ဒဏ်ရာရ

စိုင်းဇွမ်ဆိုင်း ၊ ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာလုပ်သားများ တင်ဆောင်လာသော ဆယ်ဘီးကားတစီးသည် ယနေ့နံနက် ၇ နာရီခန့်တွင် ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့၌ တိမ်းမှောက်ရာ ၁၄ ဦး ဒဏ်ရာရရှိသွားသည်။

အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၁၀ ယောက်နှင့် ကလေး ၈ ယောက်တို့ကို သယ်ဆောင်ကာ ဘန်ကောက်မြို့ အနီး မဟာချိုင်မှ မြန်မာ နိုင်ငံနယ်စပ်သို့ မောင်းနှင်လာသောကားသည် ဆန်ခလဘူရီမြို့ အဝင်၌ တိမ်းမှောက်ခြင်း ဖြစ်သည်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများက ၎င်းတို့ကို နယ်စပ်သို့ ပို့ဆောင်သော လမ်းခရီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားပေါ် လိုက်ပါလာသူများအနက် မွန်နှင့် ကရင်လုပ်သား အများစု ဖြစ်သည်။


ငါးဦးမှာ အပြင်းအထန် ဒဏ်ရာရသဖြင့် ကန်ချနဘူရီဆေးရုံတွင် ကုသမှု ခံယူနေရပြီး ကိုးဦးကတော့ ဆန်ခလဘူရီ ဆေးရုံတွင် အစောပိုင်းက ဆေးကုသမှု ခံနေရသည်။ သို့သော် ညနေဘက်တွင်မူ လူနာများ ပြောင်းရွှေ့ သွားရဟန် ရှိသည်။

“ကျနော် ဆေးရုံကို နေ့လည်က တခေါက်ရောက်တယ်။ အခုညနေတခေါက် ထပ်ရောက်တော့ ဘယ်သူမှ မရှိတော့ဘူး။ ဘယ်အချိန်တည်းက သူတို့ကို ခေါ်သွားလဲဆိုတာကို တခြားလူနာတွေတောင် မသိလိုက်ရဘူး” ဟု ဆေးရုံသို့ လူနာကြည့်ရန်သွားခဲ့သူ တဦးက ပြောသည်။
ယနေ့ မွန်းလွဲ တနာရီခန့်တွင် ဆန်ခလဘူရီမှအထွက် တမိုင်ခန့်တွင် ပီလောပီနံများနှင့် ကရင်လူမျိုး အလုပ်သမား ခြောက်ဦးကို တင်ဆောင်ထားသော တိုယိုတာ (ဖိုးဝှီး)ကား အမျိုးအစား ကားတစီးလည်း တိမ်းမှောက်ခဲ့ကြောင်းကို ဒေသခံ တဦးထံမှ သိရသည်။


(ကိုဝိုင်း တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

Friday, 15 January 2010

ထိုင်းတောင်ပိုင်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ


. Thursday, 14 January 2010 14:01 သန်းထိုက်ဦး ထိုင်းနိုင်ငံ တောင်ပိုင်း၌ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၃ ဦးကို ယခုလအတွင်း ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်းများ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော် ခရိုင်မှ တဆင့် တခြား အရပ်သို့ သွားရောက်မည့် မြန်မာ နိုင်ငံသား ၁၃ ဦးကို ခြံဝန်း တခုတွင် ထိုင်းအာဏာ ပိုင်များက စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ဖမ်းဆီးခဲ့ သေးကြောင်း ဒေသခံ အလုပ်သမားများက ပြောသည်။

ချုံဖော်ရှိ အမည် မဖော်လိုသူ အလုပ်သမား တဦးက “လူပွဲစားတွေရဲ့ ခြံတွေမှာ အိမ်တွေ ဆောက်ထား ကြတယ်၊ အဲဒီမှာ လူတွေကို ထားကြတယ်၊ မနာလိုတဲ့ ပွဲစားတွေက တိုင်တယ်၊ ဒီမှာ လူ ဘယ်နှစ်ယောက် ရှိတယ် ဘာတယ် ဆိုတော့ စစ်သားတွေက ၀င်ဖမ်းတယ်၊ ပွဲစား အချင်းချင်း မတည့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဒေသတွင် စစ်တပ်နှင့် ရဲ စစ်ဆေးရေး ဂိတ်များရှိပြီး လူကုန်ကူး သူများက ရဲဂိတ်ကို ငွေကြေးဖြင့် ဖြေရှင်း ကြကြောင်း၊ စစ်တပ်က လက်မခံဘဲ ယခုကဲ့သို့ လိုက်လံ ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

.ယမန်နေ့ကပင် ထိုင်း အာဏာပိုင်များက ယင်း ချုံဖော်ဒေသရှိ ဧက ၁၀၀ ခန့် ကျယ်ဝန်းသော ခြံတခြံကို ၀င်ရောက် စစ်ဆေးခဲ့ရာ ခြံထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး တို့ကို ခရီးဆောင် အိတ်များနှင့် အတူ တွေ့ရှိရ သောကြောင့် စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ယင်း လူကုန်ကူးမှုတွင် ထိုင်း နယ်မြေခံရဲ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံသား တဦးတို့ ပါဝင်နေသည် ဟုလည်း အဆိုပါ မန်နေဂျာ သတင်း၌ ရေးသား ထားသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက ဖမ်းဆီးမှု သတင်းကို ကြားသိရကြောင်း၊ ဖမ်းမိသည့် မြန်မာ အလုပ်သမားများကို ချုံဖော် ခရိုင် အချုပ်သို့ ပို့ဆောင်လေ့ ရှိကြောင်း ပြောဆိုသည်။

ဖမ်းဆီးထား သူများကို တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး လူကုန်ကူးသူ များကိုလည်း ဆက်လက် နှိမ်နင်း သွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီ လလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိ သူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင်

.မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အလုပ်သမား အခွင့်အရေးအတွက် ၉ ရက်ကြာ တောင်းဆိုဆန္ဒပြခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ် စက်ရုံတရုံရှိ မြန်မာအလုပ်သမ ၆၀၀ နီးပါး ကိစ္စတွင် မြန်မာသံအမတ်က ကြားဝင် ဖြေရှင်းပေးမှုဖြင့် ယမန်နေ့က လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။

Ar Ramtha မြို့ရှိ Century Miracle Ltd. ကုမ္ပဏီသို့ အစ္စရေးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမြင့်ဆွေ ရောက်ရှိလာပြီး ကုမ္ပဏီနှင့် အလုပ်သမများအကြား ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အခွင့်အရေးတချို့ ရရှိသဖြင့် မြန်မာအလုပ်သမများ အလုပ်သို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။

.“အလုပ်သမားတွေဘက်ကနေ အစ္စရေးလ်ဆိုင်ရာ သံအမတ် ရောက်လာတယ်။ သူက မြန်မာအလုပ်သမားတွေနဲ့ ကျနော်တို့အကြား ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးတယ်။ အခု အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဆင်းနေပါပြီ။ ပျက်ရက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ အရေးမယူဘဲ ပုံမှန်လစာပေးဖို့ ဆုံဖြတ်ထားတယ်” ဟု ကုမ္ပဏီ ပြောခွင့်ရ မစ္စတာ Obeidat က ပြောသည်။

သူက ဆက်ပြီး “နိုင်ငံ၂ နိုင်ငံက အလုပ်သမားအချင်းချင်း ပြဿနာဖြစ်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘာမှ လုပ်ပေးစရာ မလိုဘူး။ နောက်တခါ ဒီလိုပြဿနာ ဖြစ်လာရင် ဂျော်ဒန် အလုပ်သမား ဥပဒေအရ အရေးယူ ဆောက်ရွက်သွားမယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ လေဘာ အေဂျင်စီက အရိုက်ခံရသူတွေကို လျော်ကြေးပေးတယ်။ ဘယ်လောက်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ယခုလ ၅ ရက်နေ့တွင် မြန်မာ အလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက် အာမခံကြေး အပါအဝင် လုပ်ငန်းခွင် လုံခြုံရေးအတွက် မြန်မာများက ယခုလ ၁၃ ရက်နေ့အထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ၊ ၁၄ ရက်နေ့တွင် ပြေလည်မှု ရရှိသဖြင့် အလုပ်ပြန်ဆင်းခြင်း ဖြစ်သည်။

Century Miracle Ltd. စက်ရုံ တာဝန်ရှိသူက လုပ်ငန်းခွင် လုံခြုံရေးအတွက် သဘောတူခဲ့သလို၊ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုအတွင်း မြန်မာအမျိုးသမီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အားလုံးကိုလည်း လျော်ကြေး ပေးခဲ့သည်။ ဂျော်ဒန်တွင် မြန်မာသံရုံးမရှိသဖြင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်က လာရောက်ဖြေရှင်းခြင်း ဖြစ်သည်။

“ကျမတို့ တောင်းဆိုချက်တွေရလို့ အလုပ်ပြန်ဆင်းတာ ဖြစ်တယ်။ စက်ရုံ Seal တံဆိပ်ပါတဲ့ စာရွက်ပေါ်မှာ စက်ရုံလူကြီးတွေနဲ့ ကျမတို့ဘက်က လူကြီးတွေက ကျမတို့ ရှေ့မှာ လက်မှတ်ထိုးတဲ့ စာရွက်တွေ ပေးတယ်။ နောက်နောင် ဒီလိုကိစ္စမျိုး ဖြစ်လာလို့ရှိရင် ဂျော်ဒန် ဥပဒေအရ အရေးယူပေးမယ်ဆိုတဲ့ ကတိဝန်ခံချက် စာချုပ်ကို ကျမတို့ကို ပေးတယ်” ဟု အမည်မဖော်လိုသူ မြန်မာအလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒီစာချုပ်က စက်ရုံတခုထဲပဲ သက်ဆိုင်တာ မဟုတ်ဘဲ ဂျော်ဒန်နိုင်ငံအတွင်း နေရာအကုန်လုံးနဲ့ သက်ဆိုင်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက အာမခံ ပြောဆိုတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေအတွက်လည်း လျော်ကြေးပေးတယ်။ အဲဒီလျော်ကြေးကိုတော့ စည်းစိမ်သစ် ကုမ္ပဏီ (အလုပ်ရှာဖွေရေး လုပ်ကိုင်ပေးသည့် မြန်မာကုမ္ပဏီ) က ပေးတာ ဖြစ်တယ်။ ဘယ်လောက် ပေးတယ်ဆိုတာကိုတော့ မသိရဘူး။ စာအိတ်နဲ့ပိတ်ပြီး ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမ မအေးမြစန္ဒာနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားကို ကုမ္ပဏီအနေဖြင့် အပြစ်ပေး အရေးယူခြင်း မရှိကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံသို့ အလုပ်လုပ်ရန်အတွက် Century Miracle Ltd. ကုမ္ပဏီကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်၍ လူတွေစစ်ဆေးခြင်း၊ လက်တွေ့အားဖြင့် အထည်ချုပ်ခိုင်းခြင်းများ ပြုလုပ်ပြီး ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကာ၊ မြန်မာအလုပ်သမ တဦးလျှင် တလအတွက် လုပ်ခ ၁၁၅ ဒေါ်လာဖြင့် ၃ နှစ် သက်တမ်း စာချုပ်ချုပ်ဆိုရကြောင်း သိရသည်။

ဂျော်ဒန်တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအမျိုးသမီးပေါင်း ၆၀၀ ကျော် ရှိနေကြောင်း မြန်မာအလုပ်သမများက ခန့်မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Tuesday, 12 January 2010

ဂျော်ဒန်တွင် မြန်မာလုပ်သားများ သပိတ်မှောက်

.ဆလိုင်းပီပီ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ခ်ျ လုပ်သားများနှင့် ခိုက်ရန် ဖြစ်ပွါးပြီးနောက် ဂျော်ဒန်နိုင်ငံရှိ တရုတ် အထည်အလိပ် ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမ ငါးရာကျော်သည် ကုမ္ပဏီထံမှ အသက်အာမခံ တောင်းဆိုနေကာ ၆ ရက်မြောက်ဆက်တိုက် အလုပ် မဆင်းဘဲ နေကြသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာအလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမား တဦးတို့ ခိုက်ရန် ဖြစ်ပွါးခဲ့ပြီးနောက် သူတို့အနေနှင့် မလုံခြုံကြောင်း၊ သူတို့ အသက် အာမခံအတွက် တောင်းဆိုထားကြောင်း Ar Ramtha ရှိ Century Miracle Ltd. စက်ရုံမှ မြန်မာလုပ်သားများက ပြောသည်။

.
မြန်မာအလုပ်သမ အေးမြစန္ဒာသည် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတဦး၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို ခံရကြောင်း မြန်မာ အလုပ်သမားများက ပြောဆိုကြပြီး ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်ကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ဤသို့ စန္ဒာကို တိုက်ခိုက်ပြီးနောက် အခြား ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားများကလည်း ကျန် အလုပ်သမားများကို ဆက်လက် ရိုက်နှက်ခဲ့ကြကြောင်း၊ ထို့ကြောင့် အနည်းဆုံး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြကြောင်း မြန်မာ အလုပ်သမားများက ပြောသည်။

သို့သော် ကုမ္ပဏီ အုပ်ချုပ်ရေး မန်နေဂျာ Nayef Obeidat က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားရာတွင်မူ စန္ဒာကသာ ယခုပြဿနာကို စတင်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားကို စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

`ကျနော်တို့ တခြားနိုင်ငံသား အလုပ်သမား မျက်မြင်သက်သေတွေဆီက ထွက်ချက်တွေ ယူထားပါပြီ။ ကျနော်တို့ဆီမှာ တရုတ်၊ သီရိလင်္ကာ နဲ့ဂျော်ဒန် နိုင်ငံသား အလုပ်သမားတွေ ရှိပါတယ်။ သူတို့ပြောတာ ကြားရတာကတော့ မြန်မာမိန်းကလေးက ပြဿနာကို စတင်တယ်လို့ ဆိုပါတယ်။ သူက ဘင်္ဂါလီ အလုပ်သမားကို ပစ္စည်းတွေနဲ့ ပေါက်တာ၊ ဒါနဲ့ ဘင်္ဂါလီက ပြန်လုပ်တာ´ ဟု Nayef Obeidat ကပြောသည်။

`နောက်တော့ မြန်မာ အလုပ်သမားတွေက ကပ်ကျေးတွေ တခြားရရာပစ္စည်းတွေနဲ့ ဘင်္ဂလား အလုပ်သမားတွေကို ပေါက်တော့တာဘဲ။ ဒါနဲ့ ဘင်္ဂါလီတွေက စပြီး ပြန်လုပ်တော့တာပါ´ ဟု သူက ရှင်းပြသည်။

မြန်မာ အလုပ်သမား အချို့ ဒဏ်ရာ အနည်းငယ်စီ ရရှိကြောင်း သူတို့ကို ဆေးဝါးကုသပေးနေကြောင်း၊ ဘင်္ဂါလီ လူမျိုး အလုပ်သမား ၅ ဦးလည်း ဒဏ်ရာ အနည်းငယ်စီ ရသွားကြောင်းလည်း သူက ဆက်လက် ပြောဆိုသည်။

ကုမ္ပဏီ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ဘင်္ဂါလီနှင့် မြန်မာ အလုပ်သမားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် စေလွှတ်ရန် စဉ်းစားနေပြီး၊ ပြဿနာ ပြေလည်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများကိုမူ ဆက်လက် လုပ်ဆောင်နေသည်ဟု Obeidat က ပြောသည်။

`ကျနော်တို့က ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း သိမ်သိမ်မွေ့မွေ့ ဖြေရှင်းဘို့ကြိုးစားနေပါတယ်´ ဟု သူကပြောသည်။

သို့သော် အမည်မဖော်လိုသူ မြန်မာအလုပ်သမ တဦးက မဇ္ဈိမသို့ ပြောကြားရာတွင်မူ ကုမ္ပဏီ၏ ပြောဆိုချက်သည် မမှန်ကန်သော ထွက်ဆိုချက်များပေါ်တွင်အခြေခံထားခြင်းသာဖြစ်ပြီး ဘင်္ဂါလီ အလုပ်သမားများက ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်ရသည့်အတွက် သူတို့အနေဖြင့် အလုပ်ခွင်သို့ ပြန်မသွားရဲကြကြောင်း ပြောသည်။

သူမ၏အပြောအရ စန္ဒာသည် ဇန်နဝါရီလ ၅ ရက်နေ့က ဘင်္ဂါလီ အလုပ်သမားများကြားတွင် အလုပ် မလုပ်လိုကြောင်း ပြောကြားခဲ့သည့်အတွက် အတူ အလုပ်လုပ်ကိုင်သူ ဘင်္ဂါလီ အလုပ်သမားက ပါး ၃ ခါ ရိုက်သည်ကို ခံခဲ့ရသည်ဟု ဆိုသည်။

ထိုသို့ ပြဿနာ စဖြစ်ပြီးနောက် အခြားအလုပ်သမားများက အခင်းဖြစ်ပွါးရာသို့ အပြေးသွားကြရာ အခြားဘင်္ဂါလီ လုပ်သားများ၏ ထပ်မံ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဆိုပါသည်။

`ဘင်္ဂါလီ အလုပ်သမားက အေးမြတ်စန္ဒာကို ပါးရိုက်လို့ ပြဿနာစဖြစ်တာပါ။ သူက ဘင်္ဂါလီ အလုပ်သမားတွေ ကြားထဲမှာ အလုပ်မလုပ်ချင်ဘူး။ မြန်မာ အလုပ်သမားတွေလုပ်တဲ့ လိုင်းမှာဘဲ အတူတူ အလုပ် လုပ်ချင်တယ်ပြောလို့ ပါးရိုက်ခံရတာပါ´ ဟု မြန်မာ အလုပ်သမ တဦးက ပြောသည်။

`တရုတ်နဲ့ ဂျော်ဒန် အလုပ်သမားတွေသာ ဝင်မဖျင်ရင် ကျမထင်တယ်၊ ကျနော်တို့အားလုံး သေကြမှာဘဲ´ ဟု မြန်မာ အလုပ်သမတဦးက ပြောသည်။ သူတို့ကို ဘင်္ဂါလီ အလုပ်သမား တရာကျော်က ခါးပတ်များ၊ ချည်ရစ်လုံးများ၊ ကုလားထိုင်များ၊ မီးချောင်းအကွဲများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်ဟုလည်း သူမက ဆက်ပြောသည်။

မြန်မာ အလုပ်သမားများက ကုမ္ပဏီက သူတို့ တောင်းဆိုချက်များကို မလိုက်လျောမချင်း အလုပ်ပြန် မဆင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က ကုမ္ပဏီကို အသက်အာမခံထားပေးရန်၊ စော်ကားခံရသူ မြန်မာမိန်းကလေးကို လျော်ကြေးပေးရန်၊ လွန်ခဲ့သော ၆ ရက်လုံးလုံး အလုပ်မဆင်းသည့် မြန်မာ အလုပ်သမားများအား ဒဏ်ငွေ ပေးခိုင်းခြင်းတို့ကို ပြန်လည် ရုပ်သိမ်းစေရန်တို့ကို တောင်းဆိုထားခဲ့ကြသည်။

`ကျမတို့က အလုပ်ပြန်မဆင်းရဲဘူး။ အသက် အာမခံပေးဘို့နဲ့ ကုမ္ပဏီက လုံခြုံရေးအတွက် အစီအစဉ်တွေ လုပ်ပေးစေချင်တယ်´ ဟု သူမကပြောသည်။

သို့သော် Obeidat ကမူ ` ကျနော်တို့ စက်ရုံမှာ အသက်အာမခံဆိုတာ မရှိဘူး၊ စက်ရုံက အလုပ်သမားတွေ အတွက် မတော်တဆ ထိခိုက်မှု အာမခံဘဲရှိတယ်´ ဟု ပြောသည်။

သူတို့အနေဖြင့် အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်း၊ ဂျော်ဒန် အလုပ်သမား ဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း သူက ပြောသည်။ မြန်မာ အလုပ်သမားများ၏ လုံခြုံရေးအတွက် မြန်မာအလုပ်သမားများကို အာမခံချက် ပေးထားကြောင်း Obeidat က ဆက်လက် ပြောကြားသည်။

CM Textile Company တွင် အလုပ် လုပ်ကိုင်နေသော မြန်မာ အလုပ်သမပေါင်း ၅၈၀ ရှိပြီး သူတို့ကို ရန်ကုန်မြို့ရှိ စည်းစိမ်သစ် အလုပ်သမား အေဂျင်စီကတဆင့် အလုပ်ရရှိခဲ့ခြင်း ဖြစ်ကြသည်။

ဂျော်ဒန် နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော မြန်မာနှင့် ဘင်္ဂါလီ အလုပ်သမားများအကြား ဖြစ်ပေါ်နေသော ပြဿနာကို သူတို့ သိရှိပါကြောင်းနှင့် ဤကိစ္စအတွက် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း စည်းစိမ်သစ် မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဤခိုက်ရန်ဖြစ်ပွါးမှုကို တနင်္လာနေ့ညနေတွင် ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ ဆွေးနွေးရာတွင် မြန်မာ အလုပ်သမားများ၊ အလုပ်သမား အေးဂျင့်များနှင့် ဂျော်ဒန် အလုပ်သမား ဝန်ကြီးဌာနတို့ပါဝင် သည်ဟု ကုမ္ပဏီက ပြောသည်။

(မုံပီး တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

Sunday, 10 January 2010

ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ

.Saturday, 09 January 2010 20:12 ဘစောတင်

ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်မြို့အနီးရှိ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ၏ စတင်ရန်ရှာမှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားရာမှ ဆန္ဒပြခဲ့သည့် မြန်မာ အလုပ်သမ ၆၀၀ ကျော်သည် ဖိအားပေးအကျပ်ကိုင်မှုများ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။

ထိုစက်ရုံမှ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် မြန်မာအလုပ်သမ များကို တွေ့သည့်နေရာ၌ ရန်မူနေ သဖြင့် အလွန်တရာ စိုးရိမ်နေရကြောင်း မြန်မာအလုပ်သမ တဦးဖြစ်သူ မအိအိခင်က ဧရာဝတီသို့ ယနေ့ တွင် ပြောသည်။

.“အခု ကျမတို့ကို လူကြီးတွေက အလုပ်ဆင်းဖို့ ခေါ်ခိုင်းနေတယ်၊ အဓိကကျတဲ့ လူကြီး လေးယောက်ကို ပြော ခိုင်းထားတယ်၊ အခု သူတို့ လေးယောက်မရှိဘူး။ ရှောင်နေကြတယ်၊ လူကြီးတွေ ဘာပြောမလဲဆိုတာကို ကျမတို့စောင့်နေတယ်။ ကျမတို့ဘက်ကတော့ ပြောစရာဘာမှမရှိတော့ဘူး၊ ပြန်မယ်ဘဲပြောထားတယ်၊ အလုပ်ရှင်ကတော့ အတင်းစည်းရုံးနေတယ်။ ရန်ကုန်က အေးဂျင့် ကလည်း ဘာမှမဆက်သွယ်လာဘူး၊ ရန်ကုန်ကမိဘတွေ ဖုန်းဆက်လာတာကတော့ စည်းစိမ်သစ်က ဦးအေးမြင့် ဂျော်ဒန်ကိုလာနေတယ်လို့ ပြော တယ်၊ ခုအချိန်ထိတော့ ဘယ်သူမှ ရောက်မလာသေးဘူး၊ ဖြစ်နိုင်ရင် အမြန်ဆုံးလာပေးကြပါ၊ ဒီမှာ မိုးလင်း ရင် ရေမီးအကုန်ပိတ်ပစ်တယ်။ အ ပြင်လည်းမထွက်ရဲဘူး ရဲကလည်းကြောက်ရတယ်။ ဘင်္ဂလား တွေက လည်း ဗမာတွေကိုတွေ့ ရင် လုပ်မယ်ဆိုတာချည်းပဲ၊ ဂျော်ဒန်မှာ မြန်မာအလုပ်သမားရှိတဲ့ စက်ရုံနှစ်ရုံ ရှိတယ်၊ ကျမတို့ စက်ရုံက အာမခံပေးမယ့်လူမရှိဘူး” ဟု ၎င်းက ပြောပြသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမ ၆၀၀ ကျော်ထဲမှ အလုပ်သမားကြီးကြပ်ရေးမှူး (စူပါ) အဆင့်ရှိ သူ လေး ဦး ရှိကြောင်း၊ ယင်းစူပါလေးယောက်ကို အလုပ်သမားများအား အလုပ်ပြန်ဆင်းရန် အတင်းအဓမ္မ ဖိအားပေး စေခိုင်းနေသော်လည်း အလုပ်သမများက မဆင်းဟု တင်းခံနေသဖြင့် စူပါ လေးဦးမှာ ရှောင် တိမ်းနေသည် ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အလုပ်သမားက မြန်မာအလုပ်သမ မအေးမြတ်စန္ဒာ ဆို သူကို ရန်ရှာ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ၆ ရက်နေ့တွင် ယင်း ဘင်္ဂလားဒေ့ရှ်အလုပ်သမားကို အရေးယူပေး ရန် မြန်မာ အလုပ်သမများက အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင် က မည်သို့မျှ အရေးမယူဘဲ မြန်မာအလုပ်သမများကိုသာ အလုပ်ဆင်းရန် ဖိအားပေးလျှက်ရှိကြောင်း သိရ သည်။

စက်ရုံအလုပ်သမ တဦးဖြစ်သူ မနှင်းနှင်းဝေက“အစက ကျမတို့ မြန်မာအလုပ်သမတွေဟာ ကိုယ်လူမျိုး အချင်းချင်း တလိုင်းတည်းလုပ်ကြတယ်။ ဟိုတလောက အလုပ်အရေးကြီး တယ်ဆိုပြီး လူတွေကို ရောပစ် တယ်၊ ကျမတို့က ဘင်္ဂလားဒေ့ရှ်၊ သီရိ လင်္ကာတွေနဲ့ အတူတူ ကျတယ်။ သူတို့ က ယောက်ျားလေးတွေ ဆိုတော့ ကျမတို့ က မလုပ်ချင်ဘူး၊ ပြီးရင် ကိုယ့်လူမျိုး အချင်းချင်း ပြန်လုပ်မယ်လို့ ပြောနေကြတာကို ဒီကုလားတွေက နားညီး တယ် ဘာညာနဲ့ပြောရာက စဖြစ် တာ၊ အေးမြတ်စန္ဒာ ကို ကုလားက ပါးသုံးချက် ဆင့်ရိုက်ပစ်တာ အခုထက်ထိ ပူထူပြီး ခံနေရတုန်းပဲ။ ဒါကြောင့် ကျမတို့ ဗမာတွေကို ဒီ ဘင်္ဂလားဒေ့ရှ်တွေ က မတရားချတယ်ဆိုပြီး မကျေနပ်လို့ စက်ရုံက လူကြီးတွေကို သွားပြောတယ်၊ အဲဒါကို ကုလား တွေက ခါးပတ်တွေနဲ့ရိုက်တယ်။ ကပ်ကြေးနဲ့ ပစ်တယ်။ ချည်လုံးတွေနဲ့ရော စုံနေတာပဲ၊ စန်းသီတာဆိုရင် ခါးပတ်နဲ့ အရိုက်ခံရလို့ ခေါင်းမှာ နှစ်ချက်ချုပ်လိုက်ရတယ်၊ အခြား လက်တွေ ခြေထောက်တွေ နာတဲ့လူတွေလည်း အများကြီးပဲ” ဟု ပြောပြသည်၊

မအေးမြတ်စန္ဒနှင့် မစန်းသီတာတို့ ၂ ဦးလုံး မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဂျော်ဒန်နိုင်ငံတွင် လာရောက် အလုပ်လုပ် နေသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

မနှင်းနှင်းဝေ၏ မိခင် ဒေါ်တင်တင်အုန်းကလည်း“ကျမအရမ်းကို စိုးရိမ်မိတယ်၊ ကျမသမီးလေးတို့ ဟာ အရမ်း ဒုက္ခရောက်နေတာကို ဖုန်းဆက်ပြောပြလို့ ကျမအိပ်လို့လည်းမရဘူး၊ အဲဒီမှာက မိန်းကလေးတွေချည်းပဲ ဆိုတော့ နိုင်စားတဲ့ လူတွေကလည်း အနိုင်ကျင့်ချင်ကြတာပေါ့လေ၊ မိန်းကလေးတယောက်ကို ယောက်ျား ကြီး တွေက ပါးရိုက်တာ။ အားကိုးရာမဲ့ ကလေးမတွေကို ဆက်လက်အနိုင်ကျင့်နေတာကတော့ တစက်မှ မတရားပါဘူး၊ ကျမတို့ သမီးလေးတွေကို ကယ်ကြပါလို့ပဲ ပြောပါရစေ”ဟု ပြောသည်။

ဒေါ်တင်တင်အုန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အထည်ချုပ်စက်ရုံ တရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ် သည်။

ဆန္ဒပြသည့်နေ့မှစ၍ ရေဖြတ်၊ မီးဖြတ်၊ ချက်ပြုတ် သုံးစွဲရန် ဂက်စ်ဖြတ်ခြင်းတို့ကို ခံထားရသဖြင့် မြန်မာ အလုပ် သမများသည် စားရေးသောက်ရေးအလွန်ခက်ခဲလျှက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား၏ အန္တရာယ်ကိုလည်း စိုးရိမ် နေရကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာအလုပ်သမများကို ဂျော်ဒန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သော ရန်ကုန်မြို့ရှိ စည်းစိမ်သစ် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီသို့ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တဦးက “ဂျော်ဒန်မှာရှိတဲ့ မြန်မာအလုပ်သမတွေကို အတင်းအဓမ္မ ပြန်ခိုင်းနေတာ မဟုတ်ပါဘူး ခင်ဗျား မဟုတ်ပါ ဘူး”ဟုသာ ပြန်လည် ဖြေကြားသည်။

အဆိုပါ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် မြန်မာ နိုင်ငံမှ လာရောက် အလုပ်လုပ်သော အမျိုးသားတဦးမျှမရှိဘဲ မြန်မာ အမျိုးသမီးများသာရှိကြောင်း သိရသည်။



အပြည့်အစုံသို့ >>

လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

.Friday, 08 January 2010 15:46 သန်းထိုက်ဦး

ရန်ကုန်မြို့လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန်နေ့က ၎င်းတို့ ရပိုင်ခွင့် များကို ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် ယမန်နေ့ နံနက် ၈ နာရီခန့်က အမျိုးသမီး ၁၀၀ခန့် ဦးဆောင်၍ အချက် ၁၀ ချက် ပါသော အလုပ်သမား အခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု စက်ရုံ အလုပ်သမားများ နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အမျိုးသမီးအများစု ဖြစ်ကြောင်း သိရသည်။

.ထိုသို့ အလုပ်သမား တောင်းဆို ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယင်း စက်ရုံမှ ရုံးဝန်မှ တာဝန်ရှိသူတဦးက အသေးစိတ်ကို မဖြေကြားခဲ့သော်လည်း ဆန္ဒပြခြင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆို သည်။

ရန်ကုန်မြို့ရှိ အမည်မဖော်လိုသည့် သတင်းထောက်တဦးက “အဓိက ကတော့ လစာကိစ္စလို့ ပြောနေကြတယ်”ဟု ဆိုသည်။

အမျိုးသမီးများက ဆန္ဒပြ တောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းရှိန် ရောက်ရှိလာခဲ့ပြီး ၎င်း နှင့် အတူ ရဲ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်ကျပ်ထားခဲ့ ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် အခြေခံလစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာရရှိရာ အလုပ် သမားများအနေနှင့် စားဝတ်နေရေး ခက်ခဲမှုရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပို ဆင်းကြရကြောင်း အထက်ပါ အလုပ် သမားများနှင့် နီးစပ်သူက ဆိုသည်။

သို့သော်ထို အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူအလုပ်ထုတ်ခံကြရမှုများ ရှိကြောင်း သိရသည်။ အလုပ် သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေး ခြင်းမရှိကြောင်း အလုပ်ပြုတ်ခဲ့သူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံ စက်ရုံ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး အများစုမှာ နေ့စား အလုပ်သမားများသာ ဖြစ်ကြကြောင်း မှတ်တမ်းများအရ သိရသည်။
အပြည့်အစုံသို့ >>

ယဇ်ပူဇော်မည် ဆိုသောကြောင့် မြန်မာအလုပ်သမားတို့ အလုပ် မဆင်းရဲ


.Friday, 08 January 2010 20:01 သန်းထိုက်ဦး

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့တွင် တည်ဆောက်ဆဲ တံတားတခုအတွက် လူ ဦးခေါင်း ၁၀၀ ကို ဖြတ်၍ ယဇ်ပူဇော်မည် ဟူသော ကောလာဟလကြောင့် လုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရွံ့နေကြသည်ဟု ထိုဒေသရှိ မြန်မာအလုပ်သမားများက ပြောသည်။

ထိုသို့ ယုံကြည်နေကြခြင်းမှာ မှားယွင်းနေကြောင်း၊ သို့သော်လည်း ထိုဒေသရှိ မြန်မာ နှင့် ထိုင်း အလုပ်သမားများ အတွက် လုံခြုံရေး ယူပေးမည်ဖြစ်ကြောင်း ဖန်ငခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတဦးက ထိုင်းနိုင်ငံ အမှတ် ၇ ရုပ်မြင်သံကြားဌာနသို့ ပြောသည်။

.ဖန်ငဒေသမှ ဆာရာစင် တံတား ဆောက်လုပ်ရေး စီမံကိန်းအတွက် ဦးခေါင်း ၁၀၀ စတေးမည်ဟူသော ကောလာဟလကြောင့် ထိုဒေသမှ အလုပ်သမားအများအပြား စိုးရိမ်နေကြသည်ဟု ဆိုသည်။ (ဓာတ်ပုံ - www.thairath.co.th)
“ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်းနေပါတယ်၊ ဒါပေမယ့် ခေါင်းဖြတ်ခံရတဲ့ လူတွေကို မတွေ့ပါဘူး၊ အလုပ်သမားတွေကို အလုပ် ပုံမှန် ပြန်လုပ်ကြပါလို့ တိုက်တွန်းထားတယ်” ဟု အဆိုပါ ရဲမှူးကြီးက ရှင်းပြသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ပြီး မြန်မာအလုပ်သမားများသာမက ထိုဒေသရှိ ထိုင်းလူမျိုးများကလည်း တံတားနှင့် ပတ်သက်သည့် သတင်းအမှားများကို ယုံကြည်နေကြသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ပြောသည်။

ဖူးကက်မြို့ နှင့် ဖန်ငမြို့ကြား ဆက်သွယ်သည့် ထိုတံတားသည် ဆာရာစင် ဟု အမည်ရပြီး တံတားဟောင်း တခုကို ဖျက်၍ အသစ်ဆောက်နေခြင်း ဖြစ်သည်။

ကောလာဟလ ထွက်ပေါ်လာပြီး နောက်ပိုင်း နေ့ခင်းဘက်တွင် အလုပ် လုပ်ကိုင်ကြသူများ ရှိသော်လည်း ညဘက်တွင် လုပ်ငန်းခွင်ဝင်ရန် မဝံ့ရဲကြကြောင်း သိရသည်။

“ညဘက် အလုပ်ဆင်းရင် ခေါင်းလိုက်ဖြတ်တယ်ဆိုတဲ့ သတင်းကို အလုပ်လိုချင်တဲ့သူတွေက ဖြန့်တာ ဖြစ်ဖို့ များတယ်။ ရော်ဘာစေးခြစ်တဲ့အလုပ်သမားက ကြောက်ပြီး အလုပ်မဆင်းရင် အလုပ်ရှင်က လူသစ်ခေါ်ပြီး ခန့်လိုက်တာပဲ။ စကားက တဖြည်းဖြည်းနဲ့ ကားသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ထိုဒေသမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

“လူသတ်မှုတွေကလည်း ရော်ဘာခြံတွေမှာ ရံဖန်ရံခါ ဖြစ်နေတော့ တချို့ကလည်း ရော်ဘာ မခြစ်ရဲကြဘဲ စိုးရိမ်နေကြတယ်” ဟု ထိုဒေသတွင် အခြေစိုက်ပြီး အလုပ်သမားအရေး လုပ်ကိုင်နေသော GHRE အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။

တံတား ဆောက်ရန် အတွက် ယဇ်ပူဇော်ရမည် ဟူသော အယူအဆမှာ ယခုခေတ်ကြီး၌ မရှိတော့သဖြင့် မကြောက်ကြရန်၊ လုပ်ငန်းခွင်သို့ ဝင်ရန် လိုက်လံ တိုက်တွန်းနေရသည်ဟု ဦးထူးချစ်က ရှင်းပြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ဘင်္ဂလားတွင် တရားမဝင် မြန်မာများ ဖမ်းဆီး

.ငြိမ်းချမ်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၂ မိနစ် ဒါကာ (မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကော့စ်ဘာဇာတွင် တရားမဝင် နေထိုင်လျက်ရှိသော မြန်မာ နိုင်ငံသားများကို ဒေသ အာဏာပိုင်များက ဖမ်းဆီးလာသည်။

ယခုလ ၂ ရက်နေ့မှ စတင်ခဲ့သော ယင်းစီမံချက်ကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၃၀ ဦး အဖမ်းခံခဲ့ရသည်။

“ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို ကော့စ်ဘာဇာ အကျဉ်းထောင်ကို ပို့လိုက်ပါပြီ။ သူတို့ကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှု ပုဒ်မနဲ့ တရားစွဲထားပါတယ်” ဟု ကော့စ်ဘာဇာ ရဲစခန်းမှ ရဲတပ်သား မူဟာမက် အာဘူကာလန် (MD, Arbu Kalam) က ပြောသည်။

.ဘင်္ဂလားဒေ့ခ်ျရှိ ရိုဟင်ဂျာ ဒုက္ခသည် ၉၀၀၀ ကို မြန်မာဘက်မှ ပြန်လည် လက်ခံမည်ဟု သဘောတူညီမှု ရရှိပြီးနောက် ဖမ်းဆီးမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခင်က ဘန်တရိုဘန်ခရိုင်တွင်း မြို့နယ်များနှင့် တက္ကာနာမြို့နယ်အတွင်းမှ ကျေးရွာများတွင် တရားမဝင် နေထိုင်သော မြန်မာ နိုင်ငံသားများကို ဖမ်းဆီးရမိသောအခါ ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ် (BDR) လက်သို့ လွှဲအပ်ကာ နယ်စပ်လမ်းများမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သော်လည်း ယခုတကြိမ်တွင်မူ တရားစွဲဆိုမှု ပြုလုပ်လာခဲ့သည်။

“မနေ့က ရဲတွေက ဆိုက္ကားနင်းသွားတဲ့ လူတယောက်ကို မေးမြန်းပြီး စစ်တယ်။ အထောက်အထား မပြနိုင်တော့ လူရော၊ ဆိုက္ကားကိုပါ တပါတည်း ဖမ်းသွားတယ်” ဟု ကော့စ်ဘာဇာမြို့နေ မြင်တွေ့ရသူတဦးက ပြောသည်။

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း အကျဉ်းချခံလိုက်ရသော အကျဉ်းသားများအနေဖြင့် ထောင်ကျရက် ကုန်ဆုံးသွားသော်လည်း မြန်မာနိုင်ငံသား ဟုတ်မဟုတ်နှင့် မြန်မာနိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိမရှိကို စစ်ဆေးပြီးမှ ပြန်လည် ခေါ်ယူလေ့ရှိသည်။

အပြည့်အစုံသို့ >>

မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ

.Wednesday, 06 January 2010 13:24 ရိုးမ ၃

အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်၏ လိမ်လည်မှုကြောင့် မြန်မာအလုပ်သမား (၁၀၀) နီးပါး စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်တဦးက ပြောသည်။

.“သူတို့က ကျနော်တို့မသွားခင် အရင်ဆုံး (၁) နှစ်စာလို့ဘဲပြောတယ်၊ ပြီးရင်နောက်တနှစ် ထပ်ပေးမယ်ပေါ့၊ အဲဒီလိုနဲ့စာချုပ်ချုပ်တာ တကယ်တမ်းသွားတော့ (၆) လဖြစ်သွားတာ၊ (၆) လနဲ့ ပြန်လွှတ်လိုက်တာ၊ တကယ်တမ်း ဟိုဘက်က ခေါ်တာက (၆) လဘဲခေါ်တာ၊ ဒါပေမဲ့ ဒီဘက်ကုမ္ပဏီက ကျနော်တို့ကိုလိမ်လိုက်တာ” ဟု ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှာ ကောင်းဆက်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း ငွေဇင်ယော်အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကာယကံရှင်က ဆက်ပြောသည်။

“ကျနော်တို့ မသွားခင်မှာ သင်တန်းတက်တာရော အကုန်ဝန်ဆောင်ကြေး သိန်း ၃၀ လောက်ရှိတယ်၊ အရင်းမကြေပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဟိုကိုရောက်ခါစက သူ့နိုင်ငံမှာနေရင် လုပ်ရမဲ့ စည်းမျဉ်းစည်းကမ်း စာမေးပွဲ လေးတွေဖြေတဲ့ စရိတ်တွေရှိတယ်၊ ခရီးသွားလာခွင့်ကဒ်တွေလုပ်တဲ့ ကုန်ကျစရိတ် ရှိတယ်၊ တကယ်တမ်းကျတော့ လခက ၄၅၀ နှုန်းဘဲရတယ်၊ အရင်ကလည်း အဲဒီကုမဏီက နှစ်နှစ်စာ အကျိုးဆောင်ခ တောင်းထားတာ သိန်း ၄၀ လောက်ရှိတယ်၊ အဲဒီလူတွေကလည်း တနှစ်လောက်ဘဲလုပ်ရတယ်၊ ကျနော်တို့က နှစ်ဆ နှစ်ဆပေးပြီး သူ့အတွက်လုပ်ပေးနေရပြီး ကိုယ့်အရင်းပါ ပျောက်သွားသလိုဖြစ်တာ” ဟု ၎င်းက ပြောသည်။

စင်္ကာပူတွင် အလုပ်လုပ်စဉ် အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရခြင်းများရှိပြီး လုပ်အားခ အနိမ့်ဆုံးလခကိုသာ ရရှိကာ အခြားဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယအလုပ်သမားများမှာ လုပ်အားခ ၉၀၀ နီးပါရရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီ အေးဂျင့်က ကျနော်တို့ကို သက်သက်ကို အနိုင်ကျင့်လိုက်တာ၊ သူတို့ ရုံးခွဲလည်း ရှိတာဘဲ၊ ကျနော်တို့က အဲလိုဖြစ်တာကို အကြောင်းကြားတော့ ရှောင်နေတယ်၊ ဘာမှ တစုံတရာ လိုက်ဖြေရှင်းပေးတာ မရှိဘူး” ဟု ကာယကံရှင်က ဆက်ပြောသည်။

အဆိုပါ ပြန်ပို့ခံရသူများမှာ ၂၀၀၉ ခုနှစ် မတ်လက သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီက ၂ နှစ်ဗီဇာရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်ဟု ပြောသည်။

ကောင်းဆက်ကုမ္ပဏီ တာဝန်ရှိသူတဦးက “ကျနော်တို့အလုပ်ကြော်ငြာထဲမှာကိုက Work ပါမစ်နဲ့ တနှစ်ဆို တနှစ် ပြည့်မှဘဲ ပြန်လွှတ်တာပါ၊ အဲဒါကို ပြန်လာတဲ့သူတွေက ပြောတယ်ဆိုရင်လည်း ကျနော်တို့ ကောင်းဆက်က မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စင်္ကာပူမှာလည်း ကုမဏီခွဲရှိတဲ့အတွက် အလုပ်သမားတွေနဲ့လည်း အချိတ်အဆက်ရှိတယ်၊ တနှစ်စာချုပ်ချုပ်ထားရင် တနှစ်အပြည့်ဘဲ လုပ်ရပါတယ်၊ (၆) လနဲ့ ပြန်လွှတ်တာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကောင်းဆက်ကုမ္ပဏီကို ဒေါ်ဌေးဌေးယုစံက တာဝန်ယူပြီး စင်္ကာပူမှ ငွေဇင်ယော်ကုမ္ပဏီကို ဦးဇော်ညွှန့်က ဦးစီးလုပ်ကိုင်နေလျှက်ရှိကာ မြန်မာနိုင်ငံမှ အလုပ်သမားများကို စင်္ကာပူ၊ ကာတာ၊ ဒူဘိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင့်မြင့်ပညာသင်ကျောင်းဖွင့်ပြီ

.သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇန္န၀ါရီလ ၄ ရက်၊ ၂၀၁၀ ခုနှစ်။


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အဆင့်မြင့်ပညာသင်ကြားနိုင် ရန် Bridging Educational Access to Migrants (BEAM) ကျောင်းသစ်တစ်ခု ယနေ့စတင်ဖွင့်လှစ်လိုက်သည်။

ယင်းသင်တန်းကျောင်း၌ နိုင်ငံတကာတက္ကသိုလ်အဆင့်အထိ ဆက်လက်ပညာသင်ကြား ခွင့်ရနိုင်ရန် ပြင်ဆင် ပေးခြင်းနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းဟု အဆင့် ၂ ဆင့်သတ်မှတ်ထားသည်ဟု အ သက်မွေးဝမ်းကျောင်းပညာသင်တန်း လုပ်ငန်း တာဝန်ခံ ကိုကျော်ဝင်းက ယခုလိုပြောသည်။

.“အဓိကကတော့ တက္ကသိုလ်ကိုဝင်နိုင်အောင် ကျနော်တို့ ပြင်ဆင်ပေးမှာပါ။ဘယ်လို တက္ကသိုလ်မျိုးတွေ လည်းဆိုတော့ နိုင်ငံတကာတက္ကသိုလ်မျိုးတွေကို ဆက်ပြီးတော့ ပညာဆည်းပူးနိုင်အောင် ကျနော်တို့ လုပ်ပေးမှာပါ။ သူတို့ကိုယ်တိုင် ကျိုးစားဖို့တော့ လိုတယ်။ ဆိုတော့ ဟိုဖက်က တက္ကသိုလ်ဆက်တက်ဖို့ ကိုတော့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့က ဆက်သွယ်ပေးမယ်။ အဓိကကတော့ စကောလား ရှစ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့က ကူညီပြီးတော့ ရှာဖွေပေးမယ်။”

တက္ကသိုလ်ဝင်တန်းအဆင့် သင်တန်းသို့တက်ရောက်နိုင်ရန်အတွက် အနိမ့်ဆုံး မြန်မာပြည် တွင် ၁၀ တန်းအထိ ပညာသင်ကြားထားသူများကို အဓိက ရွေးချယ်မည်ဖြစ်ပြီး သင်တန်းကာလ ၂နှစ် သတ်မှတ်ထားသည်။ ပထမ နှစ်တွင် ၁၀ တန်းအဆင့်အား ပြန်လည်မွန်းမံသင်ကြားပေးပြီး ဒုတိယနှစ်တွင် တက္ကသိုလ်အဆင့် တက်ရောက် နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။

ထိုသင်တန်း၌ အင်္ဂလိပ်၊ သချာင်္၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ် တို့ကို အဓိကသင်ကြား ပေးမည်ဖြစ်ပြီး ပထမ နှစ်တွင် မြန်မာဘာသာဖြင့် သင်ကြားပြီး ဒုတိယနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည်ဖြစ်သည်။ တနှစ် လျှင် ကျောင်းသား ၄၀ဦးသာ တက်ရောက်နိုင် သည်။

အသက်မွေးဝမ်းကျောင်းပညာ၌ ကွန်ပြုတာ၊ ၀က်ဆိုဒ်ဒီဇိုင်းတည်ဆောက်ခြင်း၊ ပုံနှိပ် လုပ်ငန်း၊ စက်ချုပ်ပညာ များအား မြန်မာ၊ ရှမ်း၊ ထိုင်းဘာသာတို့ဖြင့် သင်ကြားပြီး ယင်းပညာများကို သင်ယူရာတွင် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပေ။

သင်တန်းချိန်များမှာ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပါတ်လျှင် ၅ ရက် သတ်မှတ်ပြီး၊ နံနက်ပိုင်း ၈နာရီမှ နေ့လည်၁၁ နာရီအထိ၊ ညနေပိုင်း ၅ နာရီခွဲမှ ည ၈နာရီခွဲ အထိ တစ်ရက်လျှင် နှစ်ချိန် သတ်မှတ်ထားသည်။

ယခုသင်တန်းကျောင်းကို တက်ရောက်သင်ယူခွင့် ရသည်မှာ အခွင့်ကောင်းတရပ်ဟု သင်တန်းသားအသစ် ဖြစ် သူ မခိုင်က ယခုလိုပြောသည်။

“ဒါကကိုယ့်နိုင်ငံထဲမှာ မရနိုင်တဲ့ အခွင့်အရေးလေ။ နောက်ပြီး ကျောင်းတပိုင်းတစနဲ့ စီးပွားရေး ကြောင့်ဒီကိုရောက်လာတဲ့ကလေးတွေက များတယ်ဆိုတော့ သူတို့အတွက် အခွင့်အရေးအများ ကြီးရှိ ပါတယ်။ ကျမတို့လိုလူတွေအတွက်ကတော့ အသက်မွေး ၀မ်းကျောင်းအလုပ်အတွက် ကောင်းတဲ့ အ ခွင့်အရေးပါပဲ။”

အဆိုပါကျောင်းသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သည့် Burmese Migrants Education Program အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

Thursday, 31 December 2009

မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကျောင်း ချင်းမိုင်တွင် ဖွင့်မည်

.Wednesday, 30 December 2009 16:04 ၀ါးရှီးဖော ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကြား နိုင်ရန်နှင့် ကိုယ်ပိုင် အသက် မွေးဝမ်းကြောင်း ပြုနိုင်ရန် အတွက် Bridging Educational Access to Migrants (BEAM) အမည်ရှိ သင်တန်း ကျောင်းကို လာမည့် ဇန်ဝါရီ လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ယင်း သင်တန်း ကျောင်းတွင် ပေါင်းကူးပညာရေး (Bridging course) နှင့် အသက်မွေးမှု ပညာရပ်များကို သင်ကြား သွားမည်ဟု သိရသည်။

Bridging course တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာ၊ သိပ္ပံဘာသာနှင့် (GED) ပညာရေးများ ပါဝင်မည် ဖြစ်ပြီး သက်မွေးမှု ဘာသာ ရပ်များတွင် ၀ဘ်ဒီဇိုင်း တည်ဆောက်ခြင်းများ၊ ပုံနှိပ်လုပ်ငန်နှင့် ပတ်သက်သော ပညာရပ်နှင့် အပ်ချုပ် သင်တန်းများ ပါဝင်မည်ဟု ဦးသိန်းဝင်းက ပြောသည်။


Bridging course အတွက် သင်တန်းချိန် ၂ နှစ်ကြာမည့် ဖြစ်သည်။ ပထမနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာနှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ပြီး ဒုတိယနှစ်တွင် (GED) အတွက် သတ်မှတ်ထားသည့် သင်ရိုးစာအုပ်များကို တိုက်ရိုက် သင်ကြားပို့ချမည် ဖြစ်သည်။ ဘာသာရပ် အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည် ဖြစ်သည်။

“တချို့လူတွေက အထက်တန်း ကျောင်းတက်ပြီး ထိုင်းနိုင်ငံကို ရောက်လာတယ်။ တချို့ကလည်း တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် တက်ပြီး ဒီဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ သူတို့ အထက်တန်း ပညာနဲ့ တက္ကသိုလ်ပညာ ဆက်တက်နိုင်ဖို့ ကလိုနေတယ်။ အခုလို လိုအပ်လို့ ဆရာတို့တွေ တိုင်ပင်ပြီး ဒီကျောင်းကို ဖွင့်ဖို့ စဉ်းစားလိုက်တာ” ဟု ဒါရိုက်တာ ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

သင်တန်းချိန်ကို နံနက် ၈နာရီမှ နေ့လယ် ၁၁နာရီအထိ တချိန်၊ ညနေ ၅နာရီမှ ည ၈နာရီအထိ တချိန် ဟူ၍ ၂ ချိန် သတ်မှတ်ထားပြီး Bridging course အတွက် စုစုပေါင်း သင်တန်းသား ၄၀ တက်ရောက်ခွင့် ရှိသည်ဟု သိရသည်။

ထိုင်နိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ အလုပ်သမားများ အတွက် အခြေခံပညာ အဆင့် သင်ကြားပေးသည့် သင်တန်း ကျောင်းသာရှိပြီး အထက်တန်း ပညာနှင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန် ဆန္ဒရှိသော ကျောင်းသားများ အတွက် အဆိုပါကျောင်း ဖွင့်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

“မြန်မာပြည်မှာဆိုရင် ပိုက်ဆံ အများကြီးပေးမှ တက်ခွင့်ရတယ်လေ။ အခု ဒီလိုမျိုး အခွင့်အရေးတွေ ရတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ အခုလို့ မြန်မာ အလုပ်သမားတွေကို အမြင် ကျယ်လာအောင် ကူညီပေးတဲ့ ဆရာ၊ ဆရာမတွေရှိတဲ့ အတွက်လည်း အရမ်းပီတိ ဖြစ်တယ်” ဟု Bridging course တက်ရန် စိတ်ဝင်စားနေသော ချင်းမိုင်ညဈေးရှိ စားသောက်ဆိုင်တ ဆိုင်တွင် အလုပ်လုပ်နေသည့် လီဆူး တိုင်းရင်သား ကိုအလေးက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday, 29 December 2009

ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ်

.ဒီဇင်ဘာ ၂၅၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)Friday, December 25, 2009 ပြည်နယ် ၇၁ ပြည်နယ်ကအလုပ်သမားတွေအတွက် နေ့တွက်အနိမ့်ဆုံးလုပ်ခတိုးပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အနိမ့်ဆုံးလုပ်ခကော် မတီက သဘောတူလိုက်ပြီလို့ သောကြာနေ့က ကော်မတီအတွင်းရေးမှူး Somchai Chumrat က ပြောပါတယ်။ အစည်းအဝေးဆုံး ဖြတ်ချက်တွေ လက်မှတ်ထိုးဖို့အတွက်အလုပ်သမားဝန်ကြီး Paitoon Kaewthong ဆီ အင်္ဂါနေ့မှာ တင်သွင်းပါမယ်။ အလုပ်သမားတွေ အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခသစ်ကို စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။

.အနိမ့်ဆုံးလုပ်ခသစ်တွေကတော့ ဘန်ကောက်နဲ့ဆွတ်ပရခန်းဒေသမှာ တရက်ကို ၂၀၆ ဘတ်၊ ချင်းမိုင်းမှာ ၁၇၁ ဘတ်၊ ဖူးခက်မှာ ၂၀၄ဘတ်၊ အယုဒ္ဓယမှာ ၁၈၁ ဘတ်၊ ခွန်ခေးန်မှာ ၁၅၇ ဘတ်၊ ရနောင်းမှာ ၁၅၇ ဘတ်နဲ့ ဆာရာဘူရီမှာ ၁၈၄ ဘတ် တို့ဖြစ်ပါတယ်။ မယ်ဟောင်စွန်၊ ဆူခိုထိုင်း၊ ချင်းရိုင်း၊ ပက်ချာဘွန်းနဲ့ဥထိုင်းဌာနီတို့မှာတော့ အနိမ့်ဆုံးလုပ်ခတွေ နဂိုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

အမေရိကန်အလုပ်လက်မဲ့နှုန်း ၁၅ လအတွင်း လျော့လာ

.ဇင်ဘာ၂၄၊၂၀၀၉(ဘန်ကောက်ပို့စ်)Friday,December25,2009
အမေရိကန်မှာ ၂၀၀၈ ကတည်းကစလို့ရှိရင် အလုပ်လက်မဲ့ခံစားခွင့်တွေအတွက်နစ်နာကြေးပေးရမှုတွေဟာ အနိမ့်ဆုံး အဆင့်ထိ ကျ သွားတယ်ဆိုတာ အစိုးရစာရင်းဇယားတွေက ပြသနေပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့အဆုံးသတ် အပတ်အတွင်းမှာ ရာသီအလိုက်ထိန်းညှိပေးရတဲ့ ကနဦးနစ်နာကြေးပေးရသူဦးရေ က ၄၅၂,၀၀၀ ရှိပြီး၊ အရင်အပတ် ၄၈၀,၀၀၀ ရှိရာကနေ ၂၈,၀၀၀ လျော့ကျလာတာ ဖြစ်ပါတယ်။ လို့ အလုပ်သမား ဦးစီးဌာန အစီရင်ခံစာမှာ အစီရင်ခံထားပါတယ်။ စီးပွားရေးပညာရှင်အများစု ခန့်မှန်းထားတဲ့ ၄၇၀,၀၀၀ ထက် အရမ်း နည်းသွားပါတယ်။

.အပတ်စဉ်ကိန်းဂဏန်တွေထက် အတက်အကျနည်းတဲ့ညွှန်းကိန်းဖြစ်တဲ့ ၄ပတ်အတွင်းပျမ်းမျှစာရင်းက အရင်အပတ် တုန်းကရှိနေတဲ့ ပျမ်းမျှဦးရေ ၄၆၈,၀၀၀ကနေ ၄၆၅,၀၀၀ ထိ ကျသွားပါတယ်။ ဆယ်စုနှစ်အတွင်းအဆိုးဝါးဆုံးစီးပွား ဆုပ်ကပ်ကနေ ဆွဲထုတ်လိုက် နိုင်တဲ့အတွက် အကြမ်းတမ်းဆုံး အလုပ်ဖြုတ်ခံရတဲ့ ကိန်းဂဏန်းတွေကနေ လျော့ကျလာနေပါတယ်။ အလုပ်လက်မဲ့ခံစားခွင့်ရနေတဲ့ စုစုပေါင်းအမေရိကန် အရေအတွက်ဟာလည်း လျော့ကျလာပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးသတ် အပတ်အတွင်း ရာသီအလိုက်ထိန်းညှိပြီး အာမခံကြေးပေးထားရတဲ့ အလုပ်လက်မဲ့ အရေအ တွက်ဟာ ၅.၀၇၆ သန်း ဖြစ်ပြီး အရင်အပတ်ကရှိတဲ့ ၅.၂၀၃ သန်းထက် ၁၂၇,၀၀၀ လျော့ကျလာတယ်လို့ အလုပ်သမားဦးစီးဌာန ကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။

နစ်နာကြေးပေးရမှုတွေ လျော့ကျနေပေမဲ့လည်း အလုပ်လက်မဲ့ဖြစ်မှုတွေဟာ အဓိကပြဿနာအဖြစ် ဆက်ရှိနေတုန်းပဲလို့ အကဲခတ် တွေက သတိထား ပြောဆိုကြပါတယ်။ အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက်ဟာ ၁၁,၀၀၀ ထိ လျော့လာတာနဲ့ အလုပ်လက်မဲ့နှုန်း ထားတွေ ၁၀% ထိ ထိုးကျလာတာတွေကြောင့် နိုဝင်ဘာလမှာ သိသိသာသာ တိုးတက်မှုရှိတယ်ဆိုတာ အမေရိကန် လုပ်သားဈေး ကွက်က သက်သေပြနေတယ် လို့ အစိုးရက ဆိုပါတယ်။

တတိယ ၃ လပတ်မှာ အမေရိကန်စီးပွားရေး ၂.၂% တိုးတက်လာပြီး စတုတ္ထ၃လပတ်မှာဆို လုံးဝပြောင်းသွားမှာ ဖြစ်တယ်။ အလုပ် လက်မဲ့နှုန်းထား မြင့်တက်နေမှုက စီးပွားရေနာလန်ထူမှုကို ပျက်စီးစေနိုင်ပြီး စားသုံးသူတွေရဲ့ဝင်ငွေကို ကန့်သတ်ထားပြီး ယုံကြည် မှုနဲ့သုံးစွဲမှုကို ထိခိုက်နစ်နာစေပါတယ်လို့ စီးပွားရေးပညာရှင်အများစုက ငြင်းခုံ ပြောဆိုကြပါတယ်။
နေ့သစ် http://www.naytthit.com
အပြည့်အစုံသို့ >>

ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ

Type your summary here.သတင်းနှင့်မီဒီဟာ ကွန်ယက်။ ဇော်ကြီး။ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။

စက်ရုံမှူးနှင့် အလုပ်သမားခေါင်းဆောင်များက အလုပ်သမားအပေါ် အနိုင်ကျင့်မှု၊ အခွင့်အရေးချိုးဖောက်နေမှု များကို အလုပ်ရှင်မှ ဖြေရှင်းပေးနိုင်ရန် ဆန္ဒပြတောင်းဆိုကြသည်ဟု စက်ရုံလုပ်သား ကိုထွန်းထွန်းက ယခုလို ပြောသည်။


Type the rest of your post here.“ဖိနှိပ်မှုတွေတအားများလွန်းတယ်။ ၀ဏ္ဏ(အလုပ်သမားခေါင်းဆောင်)တွေက အထဲမှာ ကြမ်းကြုပ်တဲ့ စကားတွေနဲ့ အတင်းဆဲဆိုပြီးခိုင်းတယ်။ အဲဒီဒဏ်တွေကို ကျနော်တို့ မြန်မာ ပြည်အလုပ်သမား လေး ထောင်ကျော် ငါးထောင်လောက်က မခံမရပ်နိုင်ဖြစ်နေကြတာ။ အဲတာနဲ့ ၁၈ ရက်နေ့ မှာ ဆန္ဒပြကြ မယ်ဆိုပြီး ဒီနေ့မှာကျတော့ တစ်ယောက်မှအလုပ် မဆင်းကြတော့ဘူး။ ဒါပေမယ့် အကြမ်းမဖက် အောင်တော့ ကျနော်တို့တတ်နိုင်သလောက် ထိန်းထားတယ်။”

စက်ရုံရှိ အလုပ်သမားများသည် တနေ့အလုပ်ချိန် ၈နာရီထက်ပို၍လုပ်ရခြင်း၊အချိန်ပိုလုပ်အားခ(OT)ကို တိကျစွာ သတ်မှတ်ပေးမှုမရှိခြင်း၊ ကျန်းမာရေးအရ အနားယူခွင့် မရခြင်း၊ ရရှိသည့်လစာထဲမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ် တောက်ခံရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။

ထို့အပြင် အလုပ်ခေါင်းများမှ အလုပ်သမားများအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု များရှိသလို အလုပ်သမား ထုအတွင်း တန်းတူညီမျှသည့်အခွင့်အရေး မရရှိဟု ကိုထွန်းထွန်း က ဆက်ပြောသည်။

“ရှမ်း(ထိုင်း)တွေကျတော့အလုပ်ချိန်က ၈နာရီပဲဆင်းရတယ်။ ကျနော်တို့ကိုကျတော့ အလုပ်ချိန်က ၁၁ နာရီခွဲလောက် ဖြစ်နေတယ်ပေါ့နော်။ နောက်တချက်ကကျတော့ အလုပ်သမား ချင်းအတူတူ ရှမ်းတွေ ကိုကျတော့ လစာပိုပေးပြီးတော့ ကျနော်တို့ကိုကျတော့ ၄၅၀၀ ကနေစပေးတယ်။”

အလုပ်သမားများအနေနှင့် ဆုံးရှုံးနေရသည့် အခွင့်အရေးများမရမချင်း ဆက်လက်၍ ဆန္ဒပြတောင်းဆိုသွားမည် ဟု ဆန္ဒပြဦးဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း နောက်နေ့အထိ အလုပ်မဆင်းဖို့ ဆုံးဖြတ်ထားတယ်။”

နောက်ဆုံး သတင်းအခြေအနေကို စုံစမ်းသိရှိရသည်မှာ နေ့လည်ပိုင်း၌ အလုပ်ရှင် လာရောက်ညှိနိုင်းခဲ့ပြီး တနေ့ လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ အချိန်ပိုလုပ်အားခ တနာရီ ဘတ်(၃၀)ပေးရန်၊ အလုပ်သမား လက်မှတ်ရရှိပြီးသူများ လက်မှတ်ကိုင်ဆောင် ခွင့်ပြုရန်၊ အစိုးရအားလပ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ ယာယီ နိုင်ငံကူး လက်မှတ်အား နောက်ဆုံးအချိန်အထိစောင့်ပြီးလုပ်ခွင့်ပြုရန် စသည့် အလုပ်သမားတောင်းဆိုသည့် အ ချက်များကို စက်ရုံပိုင်ရှင် က သဘောတူခဲ့သည်။

ထို့အပြင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်မှ အတင်းအကြပ် ဖိအားမပေးရန်နှင့် မဖြစ်မနေ လုပ်ရမည်ဆိုပါက လုပ်ကြမည်ဟု အလုပ်သမားများ ဖက်မှလည်း ဂတိပေးခဲ့ကြသည်။

ယင်းစက်ရုံနှင့် ကုမ္ပဏီတစ်ခုတည်း ဖြစ်သည့် ဘန်ကောက်မြို့အနီး လုဘူရီမြို့ပြင်ရှိ SAHA FARM Co.Ltd (88)စက်ရုံ၌ ယခုလ ၉ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ယာယီပတ်စပို့စ်ပြုလုပ် သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့သေးသည်။

အဆိုပါစက်ရုံသည် တနေ့လျှင် ကြက်အကောင်ရေ နှစ်သိန်းခွဲခန့်ကုန်ချောထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့ လျှက်ရှိပြီး မြန်မာအလုပ်သမား ငါးထောင်ခန့်ရှိသည်။
အပြည့်အစုံသို့ >>

Thursday, 24 December 2009

ကိုရီးယားရောက် မြန်မာလုပ်သားများ အခွင့်အရေး ဆုံးရှုံးနေ

22-12-2009

မြန်မာစစ်အစိုးရရဲ့ အစီအစဉ်နဲ့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်ခွင်တွင်း လုပ်ခ အပြည့်အဝ မရတဲ့ပြဿနာအပြင် နှိမ့်ချဆက်ဆံ ခံရတာတွေ ရှိကြောင်း RFA က စုံစမ်းသိရှိရပါတယ်။ တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာစစ်အစိုးရတို့ရဲ့ နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီမှုအရ တောင်ကိုရီးယားစက်ရုံ လုပ်ငန်းတွေ ၊ လယ်ယာနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ တရားဝင်ဗီဇာနဲ့ သွားရောက် အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အခုလို မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ တောင်ကိုရီးယားသွားတဲ့အခါ E9 ဗီဇာလို့ ခေါ်တဲ့ အလုပ်ရှင် ထောက်ခံပေးချက်အရ တရားဝင် သွားရောက် အလုပ်လုပ်ကြတာပဲ ဖြစ်ပါတယ်။



ဒါပေမဲ့ လက်တွေ့အခြေအနေမှာ မြန်မာအလုပ်သမားတွေ တရားဝင် ပြဌာန်းထားပြီးသား အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားရေး ကူညီသူတဦးဖြစ်တဲ့ ပူချွန်းမြို့ Burma Action Groupက ကိုအောင်တင်ထွန်းက ပြောပြပါတယ်။

ကိုအောင်တင်ထွန်း။ ။ “ဘာပြဿနာလဲဆိုတော့ ဒီ လစာထဲမှာ အိုဗာတိုင်ကြေးတွေ ဘာတွေ ကျွန်တော်တို့ ဘေစင်လို့ ခေါ်တဲ့ နှစ်ပြည့်အကျိုးခံစားခွင့် ရရမဲ့ဟာတွေကို သူတို့က နိုင်ငံခြားသားဆိုရင် သိပ်မပေးကြဘူးပေါ့။ ဘယ်လိုပြောမလဲ နိုင်ငံခြားသား ဖြစ်တဲ့အတွက် ဥပဒေကို နားမလည်ဘူးဆိုပြီးတော့ မပေးလည်း ရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ စက်ရုံတရုံမှာ အလုပ်သမား ၅ ယောက်ရှိပြီးတော့ တနှစ်ပြည့်တယ်ဆိုလို့ရှိရင် ရက် ၃၀ စာ ဒီအကျိုးခံစားခွင့် ရရှိတယ်။ ဥပမာ၊ ၁၀ လ တလကို အိုဗာတိုင်နဲ့ လုပ်ရင် ၁၀ သိန်း၊ ၁၂ သိန်း ရတယ်ဆိုရင် နောက်ဆုံးလ ၃ လကို ပေါင်းပြီးတော့ တွက်ချက်လိုက်ပြီးတော့ ၁၁ သိန်း ကျော်ကျော်လောက် ဖြစ်ရင်ဖြစ်မယ်၊ ၁၂ သိန်းလောက် ဖြစ်ရင်ဖြစ်မယ်။ အဲဒါ တနှစ်ပြည့်သွားပြီးတဲ့ သူတိုင်းမှာ အဲဒီလို ရပိုင်ခွင့်ရှိတယ်။ အဲလိုဟာတွေ ဘာတွေကို သူတို့ အခွင့်အရေး သိပ်မပေးတာတွေ ရှိတာပေါ့။”

တောင်ကိုရီးယားနိုင်ငံရဲ့ ပြဌာန်းချက်အရ အလုပ်သမားတဦးဟာ ကိုရီးယားလူမျိုးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ အနိမ့်ဆုံးလစာ ကိုရီးယားဝမ် ၉ သိန်းခွဲနီးပါး ရရှိပြီး အဲဒီပမာဏဟာ အမေရိကန် ဒေါ်လာ ၈၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA မှ ဦးဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP