Showing posts with label အလုပ်သမား သတင်. Show all posts
Showing posts with label အလုပ်သမား သတင်. Show all posts

Sunday, 17 October 2010

စက်ရုံနှင့်အလုပ်သမားရုံးကို တရားစွဲဆိုမည်

.မြတ်ခိုင်ဦး / ၁၄ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံ အရှေ့မြောက်အရပ်ဒေသ ခွန်ခန်းခရိုင်ရှိ Dechapanich ငါးဖမ်းပိုက်ကွန်စက်ရုံမှ အလုပ်သမားအခွင့်အရေး တောင်းဆိုနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များက စက်ရုံနှင့် ဒေသဆိုင်ရာ အလုပ်သမားရုံးကို တရားစွဲဆိုမည်ဟု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဆိုပါစက်ရုံမှ အလုပ်ထွက်သည့် အလုပ်သမားအချို့၏ စာရွက်စာတမ်းများကို စက်ရုံတာဝန်ရှိသူများက မမှန်မကန်ပြုလုပ်မှုများရှိခဲ့၍ အလုပ်သမား (၉၄၈) ယောက်တို့က စက်တင်ဘာ(၇) ရက်နေ့မှ စတင်၍ တပတ်ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး MAP ဖောင်ဒေးရှင်းနှင့် အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးဌာနတို့၏ ကြားဝင်ကူညီပေးမှုကြောင့် သဘောတူညီချက်အချို့ရရှိကာ အလုပ်သမားများက (၁၅) ရက်နေ့တွင် အလုပ်ပြန်ဆင်းခဲ့ကြသည်။
.သို့ရာတွင် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများ ရှိလာသည့်အတွက် စက်တင်ဘာလ (၂၅) ရက်နေ့မှ စတင်၍ ဆက်လက်မလုပ်ကိုင်တော့ဘဲ အလုပ်မှထွက်မည်ဟုဆိုကာ လူပေါင်း (၇၀၀) ခန့်က နုတ်ထွက်စာ တင်ခဲ့ကြသည်။ ထိုသူများအနက်မှ (၅၆၉) ဦးအား စက်ရုံမှူးက နုတ်ထွက်ခွင့်ပေးခဲ့သော်လည်း ၎င်းတို့၏ စက်တင်ဘာ လစာကို ထုတ်မပေးသည့်အပြင် အလုပ်သမား (၁၀၀) ကျော်၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားခဲ့သဖြင့် အလုပ်သမားများက စက်ရုံဝင်းအတွင်း ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။

“ကျနော်တို့ ဦးဆောင်သူ (၅) ယောက်က အားလုံးကိုယ်စား အဓိကထားပြီး တရားစွဲဆိုမှာပါ” ဟု ကိုမြင့်ကြည်က ပြောသည်။ အဆိုပါ ဦးဆောင်သူ (၅) ဦးမှာ ကိုထွန်းထွန်းလွင်၊ ကိုမြင့်မောင်၊ ကိုမြင့်ကြည်၊ မနန်းအေးလွင်နှင့် ကိုဇော်မင်းနိုင်တို့ ဖြစ်ကြသည်။

ထိုင်းနိုင်ငံ၏ သတ်မှတ်ချက်ဖြစ်သော အနိမ့်ဆုံးလုပ်အားခ မပေးခြင်း၊ လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်ခဲ့မှုများ၊ ခြိမ်းခြောက် သေနတ်ဖောက် ခြောက်လှန့်ခဲ့မှုများအတွက် အဆိုပါစက်ရုံအား တရားစွဲဆိုမည်ဖြစ်ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့်အား ပယ်ဖျက်ခဲ့သော အလုပ်သမားရုံးကိုလည်း မိမိတို့အား အမည်ပျက်အလုပ်သမားစာရင်း ရောက်စေရန် လုပ်ခဲ့သည့်အတွက် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ အဆိုပါအလုပ်သမားရုံးက အလုပ်သမားများ၏ အလုပ်လုပ်ခွင့်ကို ပယ်ဖျက်ခဲ့ခြင်းမရှိပါက အလုပ်သမားများသည် ထိုင်းနိုင်ငံ၏ အခြားအရပ်ဒေသများတွင် အလုပ်အကိုင်ရှာဖွေ ရပ်တည်ခွင့် ရနိုင်သေးသည်ဟု သိရသည်။

ယနေ့နံနက် ညှိနှိုင်းမှုအရ အလုပ်သမားများ စက်ရုံဝင်းအတွင်းမှ ထွက်ခွာပေးမှသာ လုပ်အားခငွေကို ပေးနိုင်မည်ဟု ပြောဆိုသောကြောင့် အလုပ်သမား (၇၀၀) ဦးခန့်မှာ စက်ရုံနှင့် မလှမ်းမကမ်းရှိ ကာနန်းဘုန်းတော်ကြီးကျောင်းတွင် ခွင့်တောင်း၍ ပြောင်းရွှေ့နေထိုင်ကြသည်။

ညနေ (၅) နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများရှေ့မှောက်၌ လုပ်သားများ၏ လုပ်အားခများကို ပေးအပ်ပြီးနောက် အလုပ်ရှင်က အလုပ်သမားများအား ပြန်လည်အလုပ်လုပ်နိုင်ကြောင်း ပြောဆိုသော်လည်း အလုပ်သမားများက လက်မခံကြသဖြင့် စာရွက်စာတမ်း မရသေးသည့် ကျန်အလုပ်သမားများ၏ စာရွက်စာတမ်းများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း အလုပ်သမတဦးက ပြောသည်။

တရားစွဲဆိုရန်အတွက် လက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းများကို ထိုင်းရှေ့နေများကောင်စီမှ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း အဆိုပါအရေးအခင်းအတွက် သွားရောက်ကူညီနေသူ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအသင်းမှ ဒေါ်သက်သက်ဦးက ပြောဆိုသည်။

အပြည့်အစုံသို့ >>

Sunday, 5 September 2010

ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု

မြတ်ခိုင်ဦး / ၀၃ စက်တင်ဘာ ၂၀၁၀

နှစ်နိုင်ငံသဘောတူ စာချွန်လွှာအရ ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူခွင့်ကို မြန်မာအစိုးရက သဘောတူလိုက်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၁,၇၅၉) ဦးအား ထိုင်းကုမ္ပဏီများက မကြာခင် ခေါ်ယူတော့မည်ဖြစ်သည်။

ထိုသို့ခေါ်ယူမည့် ထိုင်းကုမ္ပဏီများမှာ ခရိုင်အသီးသီးမှ ကုမ္ပဏီ (၈၅) ခုဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၄,၆၄၉) ဦးနှင့် အမျိုးသမီး (၇,၁၁၀) ဦး စုစုပေါင်း (၁၁,၇၅၉) ဦးကို ခေါ်ယူမည်ဖြစ်သည်။ ဒေသအားဖြင့် မြဝတီမှ (၄,၇၃၈) ဦး၊ ကော့သောင်းမှ (၃,၆၁၅) ဦးနှင့် တာချီလိတ်မှ (၃,၄၀၆) ဦး ပါဝင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ဘန်ကောက်ရှိ အလုပ်သမားရုံး (၁၀) ရုံးအပါအဝင် ခရိုင်ရုံးအသီးသီးသို့ ညွှန်ကြားလွှာပေးပို့ပြီး သက်ဆိုင်ရာကုမ္ပဏီများအား အဆိုပါ အလုပ်သမားများကို လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုခေါ်ယူခွင့်ပြုမည့် ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သော မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့မှတဆင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုခံယူကာ ယာယီပတ်စပို့စ်များဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ညွှန်ကြားလွှာအရ အချို့အလုပ်အကိုင်များသည် နေ့စားဖြစ်ပြီး အချို့မှာ လခစားဖြစ်သည်။

ချိုင်းယာဖွန်ခရိုင်ရှိ အထည်ချုပ်ကုမ္ပဏီတခုမှ ပေးသည့် အနိမ့်ဆုံးလစာငွေသည် တလလျှင် (၃,၉၅၂) ဘတ်မှ တရက်လုပ်အားခ (၁၅၂) ဘတ်ဟု သတ်မှတ်ပါရှိသည်။ သို့ရာတွင် အဆိုပါခရိုင်၏ အနိမ့်ဆုံးလစာငွေသည် တရက်လျှင် လုပ်အားခ (၁၅၆) ဘတ် ရှိရမည်ဖြစ်သည်။ ယခုတင်သွင်းထားသော နှုန်းထားကို ပြင်ဆင်မှု ပြုလုပ်မည် မပြုလုပ်မည်ကို မသိရှိရသေးပေ။

အမြင့်ဆုံးလစာသည် ချွန်ဘူရီခရိုင်မှ လူပုဂ္ဂိုလ်တဦးမှခေါ်ယူသည့် အထွေထွေ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်သမားဖြစ်ပြီး လစာ (၇,၀၀၀) ဘတ်ဖြစ်သည်။ အရေအတွက်အားဖြင့် အမျိုးသား (၇၀)၊ အမျိုးသမီး (၂၂)၊ စုစုပေါင်း (၉၂) ဦးဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အသီးသီးတွင် အနိမ့်ဆုံး လုပ်အားခအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် ထိုင်းအစိုးရမှ သတ်မှတ်ထားသည်။ အနိမ့်ဆုံးလုပ်အားခမှာ တနေ့လျှင် အလုပ်ချိန် (၈) နာရီရှိပြီး တရက်လျှင် (၁၅၁) ဘတ်ရရှိမည့် ဇယာအို၊ ပီချစ်၊ ဖရေးနှင့် မဲဟောင်ဆောင် ခရိုင်တို့ဖြစ်ကြသည်။ အဆိုပါတွက်ချက်မှုတွင် အချိန်ပိုကြေး မပါဝင်ပေ။ အမြင့်ဆုံး တရက်လုပ်အားခမှာ (၂၀၆) ဘတ်ဖြစ်ပြီး ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင်ဖြစ်သည်။

လုပ်အားလိုအပ်သော ကုမ္ပဏီများမှ လုပ်သားခေါ်ယူနေခြင်းကြောင့် ကြားခံပွဲစားများ၊ လူကုန်ကူး ရောင်းသူများ၏ လိမ်လည်လှည့်ဖျားမှုမခံရရေး အလုပ်သမားများ အထူးသတိထားရန်လိုကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော အန်စီဂျီယူဘီမှ ကိုသက်ခိုင်က ပြောကြားသည်။

“အလုပ်သမားတွေ အလုပ်လုပ်ဖို့လာပြီဆိုရင် ကိုယ်က ဘယ်စက်ရုံ၊ ဘယ်ကုမ္ပဏီမှာ လုပ်ရမယ်ဆိုတာ သေချာသိအောင် လုပ်စေချင်တယ်။ အနိမ့်ဆုံးအဆင့် ကိုယ်လုပ်ရမယ့် လုပ်ငန်း၊ စက်ရုံအမည်၊ တည်ရှိရာခရိုင်တွေပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ အလုပ်သမားကိုယ်တိုင် မိမိလုပ်ကိုင်ရမည့် နေရာဒေသ လုပ်ငန်းအမျိုးအစားကိုသိမှ လိုအပ်သည့် အကြံပေးမှုမျိုးကို ထိထိရောက်ရောက် လုပ်ကိုင်ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိကို ခေါ်ဆောင်သော လုပ်ငန်း၊ ကုမ္ပဏီသည် အမှန်တကယ် ရှိမရှိကိုလည်း လိုအပ်လျှင် စုံစမ်းပေးနိုင်မည်ဖြစ်ပြီး လူကုန်ကူးခံရမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယမန်နှစ်မှ စတင်၍ နိုင်ငံသားစိစစ်မှုပြုကာ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုတော့မည်ဟု နှစ်နိုင်ငံအစိုးရများမှ သဘောတူ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

Sunday, 22 August 2010

မဟာချိုင် ပုစွန်စက်ရုံအလုပ်သမားများ သပိတ်မှောက်

မြတ်ခိုင်ဦး / ၂၀ သြဂုတ် ၂၀၁၀

ယနေ့နံနက်တွင် မဟာချိုင်ရှိ Asian Seafood Co.Ltd (တိမ်ပြာ) ပုစွန်စက်ရုံမှ အလုပ်သမားများ အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြမှု ဖြစ်ပွားနေသည်။

အလုပ်သမားအရေအတွက် (၃,၀၀၀) ခန့်ရှိသော မဟာချိုင်ရှိ Asian Seafood Co.Ltd ပုစွန်စက်ရုံမှ အလုပ်သမားများအား ယခင်ပေးနေကြ အချိန်ပိုကြေး တနာရီ (၃၈) ဘတ်အစား ကီလိုချိန်ဖြင့် ပေးအပ်မည်ဟု ပြောဆိုသဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ယမန်နေ့ နံနက်ကတည်းက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ထိုသို့အလုပ်မဆင်းဘဲ ဆန္ဒပြနေမှုကြောင့် ခေါင်းဆောင်ဟု ယူဆရသူ (၁၀) ဦးခန့်အား စက်ရုံရှိ လုံခြုံရေးများ၊ အလုပ်ကြပ်များက စက်ရုံ ရုံခန်းအတွင်းသို့ ခေါ်ဆောင်သွားကြပြီး ထိုးနှက်ကန်ကျောက်ကြကြောင်း၊ နံနက်ခင်းတွင် ရဲ (၆) ဦးလည်း ရောက်နေကြောင်း မျက်မြင်တဦးက ပြောကြားသည်။

ဆန္ဒပြသူများအနက်မှ လုပ်သက် (၁၀) နှစ်ကျော်သူ မအေးအေးသန်းက “ကျမတို့က ကီလိုစားနဲ့ဆိုရင် တကီလို ဘယ်လောက်ရမယ် မှန်းလည်း မပြောဘူး၊ ပေးချင်သလိုပေးရင် ကျမတို့နစ်နာတယ်။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒပြကြတာ။ အခုမနက် ကျမတို့ ဆန္ဒပြကြတော့ ခေါင်းဆောင်လို့ထင်ရတဲ့ ယောက်ျားလေး (၁၀) ယောက်ကို ရုံးခန်းထဲ ခေါ်သွားတယ်။ စကားထပြောတဲ့ မိန်းကလေး (၃) ယောက်ကိုလည်း ကားနဲ့ ဘယ်ခေါ်သွားမှန်းမသိဘူး” ဟု ဆိုသည်။

ထို့နောက် သူဌေးနှင့် ကားသမားများရောက်လာ၍ အဆိုပါယောက်ျားလေးများအား ရိုက်နှက်ကာ ခုံများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် အချို့မှာ ထွက်ပြေးလာနိုင်ပြီး အချို့မှာ ရုံးခန်းတွင် ကျန်ရစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆန္ဒပြအလုပ်သမားများ၏ အလုပ်သမားလက်မှတ်များကို အလုပ်ကြပ်များက သိမ်းဆည်းထားပြီး ကျန်အလုပ်သမားများအား ကီလိုစားဖြင့် လုပ်မည့်သူများ လက်မှတ်ထိုး လက်ဗွေနှိပ်၊ မလုပ်လိုသူများ ကားပေါ်တက်ဟု ဆို၍ အလုပ်သမားများက ကြောက်လန့်၍ လက်မှတ်ထိုး လက်ဗွေနှိပ်ပေးလိုက်ရကြောင်း သိရသည်။

အဆိုပါစက်ရုံသည် ယခင်က ကီလိုစားဖြင့်သာ ခိုင်းစေလာခဲ့ပြီး လွန်ခဲ့သည့်တနှစ်ခန့်မှစ၍ ပုံမှန်လုပ်အားခအဖြစ် စမုတ်ဆာခွန်ခရိုင် သတ်မှတ်ချက် (၂၀၅) ဘတ်ကို ပေးအပ်ပြီး အလုပ်ချိန် (၈) နာရီကျော်လျှင် အချိန်ပိုကြေး တနာရီ (၃၈) ဘတ် ပေးခဲ့သည်။

သို့သော် ယမန်နေ့မှ စတင်၍ အလုပ်သမားများအား ကီလိုဈေးဖြင့် ပုတ်ပြတ်ပြန်ခိုင်းစေရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်လျှင် လကုန်ကျသင့်ငွေရှင်းရာတွင် လုပ်အားခရှင်းတမ်း (ဘိုင်စနယ်) အတိအကျကို ထုတ်ပြန်မပေးသဖြင့် အလုပ်သမားများမှာ ကျေနပ်မှုမရှိခဲ့ကြောင်း ယခင်နှစ်များက အတွေ့အကြုံရှိခဲ့သူ အလုပ်သမား ကိုစိုးဝင်းက ပြောသည်။

“အရင်က သူများစက်ရုံတွေ (၁၇၀) ဆိုရင် ကျနော်တို့က (၁၅၀) အဲဒီလို သူတို့က လုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

ထိုကိစ္စအတွက် အလုပ်သမားရေးအဖွဲ့များမှ မဟာချိုင်ရှိ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး (ဆဝါဒီကမ်) သို့ သွားရောက်တင်ပြခဲ့ရာ အဆိုပါရုံးမှ တာဝန်ရှိသူ (၃) ဦးက Asian Seafood Co.Ltd ပုစွန်စက်ရုံသို့ သွားရောက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှ တာဝန်ရှိသူများ ပြန်သွားပြီးနောက် ရုံးခန်းထဲ ခေါ်ယူထားသူများဖြစ်သည့် ကိုတင်နိုင်၊ ကိုကွမ်းသီးခြောက်အပါအဝင် (၈) ဦးအား အချုပ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“တနာရီ (၃၈) ဘတ်တော့ မပေးနိုင်ဘူး၊ သူ့စက်ရုံကို ပိတ်ချင်ပိတ်၊ စက်ရုံတွေ အများကြီးရှိတယ်” ဟု သူဌေးလုပ်သူမှ ပြောကြောင်း ရုံးခန်းမှထွက်လာသူ အလုပ်သမတဦးက ပြောဆိုသည်။

ယခုနောက်ဆုံးအခြေအနေမှာ အလုပ်ရှင်နှင့်အလုပ်သမားများကြား ပြေလည်မှု မရရှိသေးဘဲ ထိုင်းအလုပ်သမားအခွင့်အရေးရုံးမှ သူများကိုလည်း ဆက်သွယ်၍ မရသေးပေ။
အပြည့်အစုံသို့ >>

မြန်မာလုပ်သား ခေါ်ယူမှု ကိုရီးယား ရပ်ဆိုင်းထား

ဝီရ / ၂၀ သြဂုတ် ၂၀၁၀

လုပ်သားများအပေါ် ချိုးဖောက်ထားသည့်အမှုများ စုံစမ်းစစ်ဆေး မပြီးသေးသရွေ့ မြန်မာအလုပ်သမား ခေါ်ယူမှုကို တောင်ကိုရီးယားနိုင်ငံက အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ကိုရီးယားသို့ လုပ်သားပို့ဆောင်ရာတွင် နှစ်နိုင်ငံ အစိုးရမှ (၂) နှစ်သက်တမ်း စာချုပ်ဖြင့် လုပ်ကိုင်နေပြီး ယင်းစာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် စာချုပ်အသစ် ချုပ်ဆိုရန် ကိုရီးယားအစိုးရဘက်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အလုပ်သမားရှာဖွေရေး အေဂျင်စီတခုမှ မန်နေဂျာတဦးက “အီးပီ (Employment Permit) လုပ်သားတွေရဲ့ အာမခံငွေတွေကို မြန်မာပွဲစားတွေက လက်မှတ်တုတွေနဲ့ ပို့တဲ့ကုမ္ပဏီနဲ့ ပေါင်းပြီး ထုတ်သွားတာတွေ ရှိတယ်။ ပြီးတော့ အီးပီ အလုပ်သမားတွေဆီက အကျိုးဆောင်ခတွေ အဆမတန်တောင်းပြီး လိမ်ထားတဲ့အမှုတွေ ရှိတယ်။ အဲလို မတရား ဖြတ်တောက်ခံရတာတွေကို တိုင်ကြားလာတဲ့အတွက် စစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းမှု မရှိတော့ အမှုက မပြီးသေးဘူး။ အဲဒါကြောင့် လုပ်သားတွေ ထပ်လက်ခံဖို့ ကိုရီးယားဘက်က ဆိုင်းငံထားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကိုရီးယားသို့ လုပ်သားပို့နေသည့် ကုမ္ပဏီက လုပ်သားများအပေါ် ချိုးဖောက်ထားသည့် အမှုများ မြန်မာဘက်က ကူညီဖြေရှင်းပေးခြင်း မရှိသရွေ့ ကိုရီးယားသို့ မြန်မာလုပ်သားပို့ဆောင်မှု ပြေလည်မည်မထင်ကြောင်း ၎င်းက ပြောသည်။

ကိုရီးယားသို့ တဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်သားပို့ဆောင်ခွင့်ရထားသော ကုမ္ပဏီမှာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ ဖွင့်လှစ်ထားသည့် ရွှေအင်းဝ ကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအလုပ်သမားရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။

ရွှေအင်းဝကုမ္ပဏီရုံးသို့ မေးမြန်းရာတွင် ကိုရီးယားအစိုးရ၏ တရားစွဲဆိုခြင်းခံရသူ မြန်မာအမျိုးသမီး ပွဲစားတဦးမှာ ၎င်းတို့ကုမ္ပဏီ ဝန်ထမ်းမဟုတ်သကဲ့သို့ သက်ဆိုင်မှုလည်း မရှိကြောင်း တာဝန်ရှိသူတဦးက ဖြေကြားခဲ့သော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းပယ်သည်။

တောင်ကိုရီးယား ဆောအူးမြို့ရောက် ကိုမော်ဇင်က “အလုပ်သမားတွေ ရသင့်တဲ့အခွင့်အရေးတွေအတွက် စာချုပ်ချုပ်တဲ့နေရာမှာ ပွဲစားတွေဘက်က မလိမ့်တပတ် လုပ်ထားတာတွေ ရှိတယ်။ ဥပမာ Bonus (အပိုဆုငွေ) ရသင့်ပေမယ့် စာချုပ်ချုပ်တော့ လုပ်သားက မရဘဲ ပွဲစားက ဖြတ်ယူတာရှိတယ်။ အခု ကိုရီးယားမှာ လုပ်နေတဲ့ မြန်မာအများစုက ဒါတွေ မတရားခံနေတာရှိသလို တချို့က တိုင်ကြားလာတဲ့အဆင့်အထိ ရောက်လာတော့ ကိုရီးယားဘက်က အခုလို ညစ်လိုက်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

အလုပ်သမားအေဂျင်စီ (သို့မဟုတ်) ပွဲစားက မတရားသဖြင့် အကျိုးဆောင်ခ ရယူခြင်း၊ အာမခံငွေများကို မသမာသည့်နည်းဖြင့် ထုတ်ယူခြင်း၊ လုပ်သားအခွင့်အရေး ဆုံးရှုံးခြင်းတို့အား နှစ်နိုင်ငံ သဘောတူညီချက်အရ တိုင်ကြားနိုင်ကြောင်း သိရသည်။

ကိုရီးယားသို့ ရောက်လာသည့် မြန်မာလုပ်သမားများ၏ အဓိက ပြဿနာများမှာ ကုမ္ပဏီ၊ အခြေခံလစာနှင့်ခံစားခွင့်၊ အလုပ်ချိန်၊ နားခွင့်၊ နေထိုင်စားသောက်ရေး၊ အချိန်ပိုလုပ်အားခ စသည့် ခံစားပိုင်ခွင့်များ ဆုံးရှုံးခြင်း၊ အန္တရာယ်ရှိ အလုပ်များ လုပ်ကိုင်ရခြင်းတို့ ဖြစ်သည်။

“နောက်ပြဿနာက ကိုရီးယားမှာ အီးပီနဲ့ လာပြီး အဆင်မပြေလို့ မြန်မာပြည်မပြန်ဘဲ နေနေတဲ့ မြန်မာ (၁,၀၀၀) ကျော်ရှိတယ်။ အဲဒီ Overstay (ရက်လွန်) တွေအတွက် ဖြေရှင်းနည်းလမ်းရှာဖို့ ကိုရီးယားက တောင်းဆိုထားတယ်။ မြန်မာသံရုံးတွေက အခွန်ကောက်တာက လွဲရင် ဘာမှ ဖြေရှင်းပေးဖူးတာ မရှိတော့ ပြေလည်ဖို့ မလွယ်ဘူးလေ” ဟု အေဂျင်စီတခုမှ အဆိုပါ မန်နေဂျာဖြစ်သူက ပြောသည်။

ကိုရီးယားအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမား (၃,၀၀၀) ခန့်ရှိပြီး အသေးစား ကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများတွင် အများစုလုပ်ကိုင်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်း အချို့တွင်လည်း လုပ်ကိုင်နေကြသည်။
အပြည့်အစုံသို့ >>

Wednesday, 14 July 2010

ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိရေး ဝန်ကြီးထံ စာတင်

မြတ်ခိုင်ဦး / ၁၃ ဇူလိုင် ၂၀၁၀

ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုများကို လျော်ကြေး ပေးအပ်ရန်အတွက် ထိုင်းအလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ (၁၄) ဖွဲ့က ဦးဆောင်ကာ ထိုင်းအလုပ်သမားဝန်ကြီးထံသို့ ယမန်နေ့က တောင်းဆိုလွှာတစောင် တင်သွင်းလိုက်သည်။

ယင်းတောင်းဆိုလွှာတွင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ အလွန်နိမ့်ကျ ယိုယွင်းနေကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု ဖြစ်ပွားသည့်အခါတွင် အလုပ်သမားလျော်ကြေး ငြင်းပယ်ခံနေရကြောင်းတို့ကို ဖော်ပြထားသည်။

၁၉၉၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီးဖြစ်သော အလုပ်သမားလျော်ကြေး ဥပဒေ၏ ရည်ရွယ်ချက်သည် မည်သည့်နိုင်ငံသား အလုပ်သမားပင်ဖြစ်စေ လုပ်သားအားလုံးကို ကာကွယ်ပေးရန်နှင့် လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများအတွက် လျော်ကြေးပေးအပ်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါအခွင့်အရေးကို ရွှေ့ပြောင်းအလုပ်သမား အများအပြား ယခုတိုင် ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်းလည်း တောင်းဆိုလွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်ထိခိုက်လျော်ကြေးရန်ပုံငွေ ရရှိရေးအတွက် ခွဲခြားထားသော စည်းမျည်းစည်းကမ်းများကို ပယ်ဖျက်ပေးရန်နှင့် လုပ်ငန်းခွင်ထိခိုက်လျော်ကြေး ရန်ပုံငွေရရှိရေးအတွက် အခွင့်အရေးများ အသေအချာရရှိစေရန် အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂများ၊ အန်ဂျီအိုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင်ပါဝင်သော နည်းဗျူဟာများရေးဆွဲရန် တောင်းဆိုကြောင်း သိရှိရသည်။

ထိုတောင်းဆိုလွှာ တင်သွင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ အန်ဒီဟောလ်က “အလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေနည်းလမ်းမကျဘဲ ခွဲခြားမှုရှိတဲ့ မူဝါဒကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေဟာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း အကာအကွယ်မဲ့နေရပြီး လုပ်သားလျော်ကြေးငွေ လက်ခံရရှိဖို့ကိုလည်း လက်ရှိအခြေအနေမှာ ဆက်လက်ငြင်းပယ်ခံနေရပါတယ်” ဟု ပြောဆိုသည်။

နိုင်ငံတကာဥပဒေများအောက်တွင် နည်းလမ်းမကျသည့် ခွဲခြားမှုများကို ထိုင်းအစိုးရအနေဖြင့် ရပ်ဆိုင်းပစ်ရန် အလုပ်သမားသမဂ္ဂများက အိုင်အယ်လ်အိုကို တောင်းဆိုသကဲ့သို့ အန်ဂျီအိုများကလည်း ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုပြီးသည့်နောက်တွင် အလုပ်သမားဝန်ကြီးဌာနက မတော်တဆထိခိုက်မှုဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီတခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါကိစ္စကို အလုပ်သမားရေးအဖွဲ့များက သဘောမတူသည့်အတွက် ယမန်နေ့က တောင်းဆိုလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အန်ဒီဟောလ်က ပြောကြားသည်။

၎င်းက “ရွှေ့ပြောင်း အလုပ်သမားပဲဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို အားကိုးအားထားပြုလောက်တဲ့ လုပ်ငန်းခွင် ထိခိုက်မှုကြောင့်ဖြစ်တဲ့ လျော်ကြေးငွေကို နဂိုမူလ လုပ်သားလျော်ကြေးရန်ပုံငွေကနေပဲ လက်ခံရရှိရမှာ ဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးအဖွဲ့တွေဟာ ဒီကိစ္စကို သဘောမတူပါဘူး။ ဒီအတွက် ထိုင်းအလုပ်သမားသမဂ္ဂတွေက အဖွဲ့အစည်းအသီးသီးကို ဦးဆောင်ပြီး မနေ့က တောင်းဆိုလွှာတင်သွင်းခဲ့တာပါ” ဟု ဆိုသည်။

workmen Compensation Fund ဟုခေါ်သည့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ပေးအပ်သော လျော်ကြေးငွေကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အလုပ်သမားများကို ပေးအပ်သည့်အတိုင်း လူမှုဖူလုံရေးရန်ပုံငွေမှ ပေးအပ်မည်ဆိုပါက ရွှေ့ပြောင်းအလုပ် သမားများသည် ခန္ဓာကိုယ်ချွတ်ယွင်းလျှင်လည်းကောင်း၊ အသက်ဆုံးရှုံးခဲ့ရလျှင်လည်းကောင်း မည်သို့မည်ပုံ ဆုံးရှုံးရသည့်အပေါ် မူတည်၍ ကျန်ရစ်သူ ဆွေမျိုးသားချင်းများမှ ရရှိမည်ဖြစ်သည်။

ယခင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦး လုပ်ငန်းခွင်အတွင်း လက် (၄) ချောင်း ပြတ်သွား၍ ဘတ်ငွေ (၂) သိန်း (၃) သောင်းကို အဆိုပါ လျော်ကြေးငွေမှ ရရှိဖူးကြောင်း အလုပ်သမားရေးအဖွဲ့အစည်းတခု၏ မှတ်တမ်းအရသိရှိရသည်။ ထိုရန်ပုံငွေအတွက် လုပ်ငန်းရှင်မှ လုပ်သားဝင်ငွေ၏ (၅) ရာခိုင်နှုန်းနှင့် အလုပ်သမားမှ (၃.၅) ရာခိုင်နှုန်း လစဉ်ထည့်ဝင် ရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း တစုံတရာ ထိခိုက် သေဆုံးမှုဖြစ်သောအခါ လုပ်ငန်းရှင်အများစုက လျော်ကြေးပေးရန် ငြင်းဆန်ခံရလေ့ရှိပြီး အချို့မှာ အနည်းငယ်သော လျော်ကြေးကိုသာ ရရှိလေ့ရှိကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားအများစုသည် အလုပ်ဆက်လက်လုပ်ဆောင်ရန် ခန္ဓာကိုယ်ပိုင်းက မစွမ်းဆောင်နိုင်တော့သဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားကြရလေ့ရှိသည်။
အပြည့်အစုံသို့ >>

Friday, 25 June 2010

မတရား စေခိုင်းခံရသည့် မြန်မာ အလုပ်သမားများကို ကယ်ထုတ်

ဘစောတင် Wednesday,June 23, 2010

ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ဒဲန်းဒဲအရပ်မှ စက်ချုပ်ရုံငယ် တခုအတွင်း မတရား အလုပ်စေခိုင်း ခံရပြီး လှောင်ပိတ် ခံထားရသည့် မြန်မာ အလုပ်သမားများ ထဲမှ ၆ ဦးကို ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ (ဘန်ကောက်) က ကူညီ ကယ်ထုတ် နိုင်သောကြောင့် ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း သတင်းရရှိသည်။

စက်ရုံမှ လွတ်မြောက် ခဲ့သူများ၏ ဆွေမျိုးများက ရောင်ခြည်ဦးကို ဖုန်းဆက် အကြောင်းကြား လာသောကြောင့် သွားရောက် ကယ်ထုတ် ပေးခဲ့ရကြောင်း၊ ပထမ အကြိမ်တွင် အဆင်မပြေဘဲ ယခုလ ၁၁ ရက်နေ့ကမှ ကယ်ထုတ် ပေးနိုင်ခဲ့ကြောင်း အလုပ်သမားများ လွတ်မြောက်ရန် ကိုယ်တိုင်ပါဝင် ကူညီခဲ့သူ ရောင်ခြည်ဦး အဖွဲ့သား တဦးက ပြောပြသည်။
“ပထမ တခေါက်မှာ ကျနော်တို့ တက္ကစီနဲ့ သွားတော့ သူဌေးလူယုံတွေ မလစ်တာနဲ့ သူတို့ ထွက်လာလို့ မရဘူး။ သူဌေးက သူတို့ကို အမြဲတမ်း စောင့်ကြည့် ခိုင်းထားတာ။ ဒုတိယအကြိမ် သွားခိုးထုတ်မှပဲ ရလာတယ်” ဟု ရောင်ခြည်ဦး (ဘန်ကောက်) ရုံးတာဝန်ခံ ကိုစောဂျက်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ စက်ရုံတွင် အလုပ် လုပ်နေသူများမှာ ပြင်ပသို့ သွားခွင့်မရှိဘဲ ပစ္စည်းဝယ်ချင်ပါက စက်ရုံ အလုပ်သမား ခေါင်းမှ တဆင့် ၀ယ်ယူရပြီး မလွှဲမရှောင်သာ အပြင်သို့ ထွက်ရလျှင်လည်း သူဌေး လူယုံနှင့်သာ သွားခွင့်ရကြောင်း သိရသည်။

ရောင်ခြည်ဦး အဖွဲ့သားများသည် အဆိုပါ စက်ရုံမှ မချမ်းမြေ့ (လွိုင်ကော်)၊ မလဲ့လဲ့ (ရန်ကုန်)၊ ကိုစံလင်းအောင်၊ မဇင်မာ၊ မဖြူထွန်းနှင့် ကိုတိမ်တိုက် တို့ကို ခိုးထုတ် ကယ်တင် နိုင်ခဲ့သည်။

လွတ်မြောက် လာသူထဲမှ မချမ်းမြေ့၏ ပြောပြချက်အရ အဆိုပါ စက်ရုံတွင် အလုပ် လုပ်နေသော သူငယ်ချင်း တဦး ခေါ်သောကြောင့် မဲဆောက်မှနေ၍ သူဌေး စားရိတ်ဖြင့် တက်လာခြင်း ဖြစ်ကြောင်း၊ တရက်လျှင် ဘတ် ၇၅၀ (ကျပ် ၂၂၀၀ ခန့်) ရမည်ဟု သူငယ်ချင်းက ပြောခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်း အလုပ်စဝင်စဉ် တနေ့ ဘတ် ၆၀၊ ၇၀ (ကျပ် ၂၁၀၀ ခန့်) သာ ရကြောင်း၊ နေ့စဉ် ည ၂ နာရီ၊ ၃ နာရီခန့် အထိ အလုပ် လုပ်ရကြောင်း။ နံနက် ၉ နာရီ အလုပ် ပြန်ဝင်ရ ကြောင်းလည်း မချမ်းမြေ့က ပြောပြသည်။

“ဟင်းဝယ် စားတာက တနေ့ကို ၄၀ လောက်ကုန်တယ်။ ညဥ့်လည်း အရမ်းနက်တယ်။ ကျမ အဲဒီမှာ ၃၅ ရက် ကြာခဲ့တယ်။ တနေ့ကို ၇၅၀ မပေးနဲ့ဦး၊ ၂၀၀ လောက် ရရင်တောင် ကျမတို့ ထွက်မပြေးပါဘူး” ဟု သူက ဆိုသည်။

ယခုကဲ့သို့ မချမ်းမြေ့ ထွက်ပြေး လာခဲ့သည့် အတွက် ၎င်းကို ခေါ်ယူခဲ့သည့် အဆိုပါ စက်ရုံတွင် အလုပ် လုပ်နေဆဲ ဖြစ်သော သူငယ်ချင်း ဖြစ်သူက အလျော် ပေးရမည် ဖြစ်ကြောင်း မချမ်းမြေ့က ပြောသည်။

အဆိုပါ စက်ရုံ ပိုင်ရှင်သည် အလုပ်သမား ၆ ဦး ထွက်ပြေး ခဲ့ပြီးနောက် ကျန်ရှိသူများကို ပိုမို တင်းကျပ်ကာ သော့ခတ် ပိတ်လှောင် ထားသည်ဟု လွတ်မြောက် လာသူထဲမှ မလဲ့လဲ့က ရှင်းပြသည်။

ယင်းအမှုနှင့် စပ်လျဉ်း၍ ရောင်ခြည်ဦး (ဘန်ကောက်) မှတ်တမ်းတွင် “အလုပ်သမား များအား နံနက် ၉း၀၀ မှ စတင် ခိုင်းစေပြီး နောက်တနေ့ နံနက် ၃း၀၀ နာရီ အထိ အလုပ် လုပ်ခိုင်းသည်။ အလုပ်များအား ပုတ်ပြတ် လုပ်ကိုင်ခိုင်းပြီး စုစုပေါင်း တနေ့ အလုပ်ချိန် ၁၈ နာရီ ခိုင်းစေ သော်လည်း တနေ့လျှင် ဘတ် ၆၀ မှ ၈၀ (ကျပ် ၁၈၀၀ မှ ကျပ် ၂၄၀၀) အတွင်းသာ ရရှိကြသည်။ ၁၅ ရက် တခါ ဘတ်ငွေ ၇၅၀ ထုတ်ပေးပြီး တခြား လုပ်အားခ ငွေများ ထုတ်ပေးခြင်း မရှိ။ ကယ်ရီစရိတ် မကြေသေး သူများကို ကယ်ရီစရိတ် ဖြတ်နေခြင်း ဖြစ်ကြောင်း ပြောဆိုပြီး ကယ်ရီ စရိတ်ကြေ (အကြွေး ကြေသူများ) သူများထံမှ အာမခံကြေး ဘတ် ၄၀၀၀ (ကျပ် ၁၂၀၀၀၀ ခန့်) အထိ ဖြတ်ယူမည် ဖြစ်ကြောင်း ပြောဆိုသည်” ဟု ရေးသား ထားသည်။

ဇွန်လ ၁၁ ရက်နေ့တွင် အလုပ်ရှင်၏ မတရား ခေါင်းပုံဖြတ်မှုကို မခံနိုင်သော အလုပ်သမား ၆ ဦး ထွတ်ပြေး လွတ်မြောက်ခဲ့ရာ ၎င်း အလုပ်သမားတို့၏ ဓာတ်ပုံများကို ပတ်ဝန်းကျင်တွင် ဖြန့်ဝေပြီး ရှာဖွေ သတင်းပေး နိုင်သူများအား ဘတ် ၁၀၀၀၀ (ကျပ် ၃ သိန်းခန့်)၊ လာရောက် ခိုးထုတ်သူကို ရှာဖွေ သတင်းပေး နိုင်သူအား ဘတ် ၁၀၀၀၀ (ကျပ် ၃ သိန်းခန့်) ပေးမည့်ဟု ဆုငွေ ထုတ်ထားကြောင်း၊ ဆိုင်ကယ် ကယ်ရီသမားများ၊ တက္ကစီ ယာဉ်မောင်းများ အပြင် ဘန်ကောက် နယ်မြေ ကျွမ်းကျင်သော မြန်မာ အလုပ်သမားများ ကိုလည်း ၀ိုင်းဝန်း ရှာဖွေပေးရန် အကူအညီ တောင်းထားကြောင်း ရောင်ခြည်ဦး၏ မှတ်တမ်းဖိုင်တွင် ရေးသားထားသည်။

ယင်းသို့ ကူညီကာ ခိုးထုတ် ကယ်တင်ခဲ့သော ရောင်ခြည်ဦး (ဘန်ကောက်) အဖွဲ့ မှ တာဝန်ရှိသူ များကို တွေ့လိုကြောင်းကို အဆိုပါ စက်ရုံမှ စကားပြန် ကိုကောင်းမြတ်က အကြောင်းကြားလာ သဖြင့် ရောင်ခြည်ဦး (ဘန်ကောက်) နှင့်အတူ ဘန်ကောက် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သော အဖွဲ့များ ပူးပေါင်းကာ သွားရောက် တွေ့ဆုံရန် စီစဉ်နေ ကြကြောင်း သိရသည်။

စက်ရုံပိုင်ရှင်မှာ မြန်မာနိုင်ငံသား ရှမ်းတရုတ် လူမျိုး ဖြစ်ပြီး မြန်မာခရီးသွား လက်မှတ် ကိုင်ဆောင်သူဟု သိရသည်။ သူ၏ ဇနီးမှာ ချင်းမိုင်မြို့သူ ထိုင်းနိုင်ငံသား ဖြစ်သည်။ အလုပ်သမား အားလုံးက ၎င်းတို့ကို အစ်ကိုနှင့် အစ်မ ဟူ၍ ခေါ်ဝေါ်ကြသဖြင့် ၎င်းတို့ အမည်များကို မသိကြပေ။

အဆိုပါ စက်ရုံသည် ဘန်ကောက် မြို့လယ် ဒင်းဒဲအရပ်မှ PM tower နှင့် ဟွေ့ ခွန် ဈေးအနီးတွင် ရှိသည်။
အပြည့်အစုံသို့ >>

Thursday, 24 June 2010

မတရားစေခိုင်းခံရသူ အလုပ်သမားများ လွတ်မြောက်

မြတ်ခိုင်ဦး/၂၃ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကအပ်ချုပ်စက်ရုံတခုတွင် မတရား လှောင်ပိတ်စေခိုင်းခံနေရသော မြန်မာအလုပ်သမား (၆) ဦးသည် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ကယ်တင်မှုကြောင့် ယခုအခါ ဘ၀သစ်ထူထောင်နေကြပြီဖြစ်သည်။

“(၂) ယောက်က ဆူကွန်ဗစ်မှာ အလုပ်ဝင်နေပြီ။ ကျန်တဲ့ (၂) ယောက်ကတော့ သူတို့ဆွေမျိုးတွေဆီရောက်ပြီး မဆက်သွယ်ဖြစ်တော့ဘူး။ ကျန်တဲ့ (၁) ယောက်က ဒါအိုခနွန်မှာ၊ နောက်တယောက်ကတော့ မဲဆောက်ပြန်သွားပြီ” ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်) မှ တာဝန်ခံ ကိုစောဂျက်က ပြောသည်။


ထိုသို့ ရောင်ခြည်ဦးက ပို့ဆောင်ပေးခဲ့သည့်အလုပ်သမားများမှာ မချမ်းမြေ့၊ မလဲ့လဲ့၊ ကိုစံလင်းအောင်၊ မဇင်မာ၊ မဖြူထွန်းနှင့် ကိုတိမ်တိုက်တို့ဖြစ်သည်။

ဘန်ကောက်မြို့၊ ဟွေ့ကွမ်၊ PM တာဝါအနီးရှိ၊ ပုဂ္ဂလိကအပ်ချုပ်စက်ရုံတွင် မတရား ဈေးနှိမ် လှောင်ပိတ်စေခိုင်းခံနေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးကို ဘန်ကောက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ယခုလ (၁၁) ရက်တွင် ကယ်တင်နိုင်ခဲ့ပြီးနောက် မိဘဆွေမျိုးများ၊ လုပ်ငန်းသစ်များနှင့် မိတ်ဆွေအပေါင်းအသင်းများရှိရာ ၎င်းတို့သွားလိုရာ အရပ်ဒေသများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံကို တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာလိုကျွမ်းကျင်စွာ ပြောတတ်သည့် ရှမ်းတရုတ်ဟု ယူဆရသူက ပိုင်ဆိုင်ပြီး ယင်းစက်ရုံတွင် အလုပ်သမား (၁၅) ဦးခန့် ရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ထံမှ သိရသည်။

ယင်းအလုပ်ရှင်ဖြစ်သူက မဲဆောက်စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မိမိထံ ရောက်ရှိပြီးသော အလုပ်သမားများမှတဆင့် ဖြားယောင်းပြီး လူကယ်ရီဖြင့် တယောက်လျှင် (၁၅,၀၀၀) ဘတ်နှုန်းထား ခေါ်ယူလျက်ရှိကာ မတရားနည်းလမ်းဖြင့် အလုပ်သမားများကို ခေါင်းပုံဖြတ် အနိုင်ကျင့်နေကြောင်း ကိုယ်တွေ့ခံစားရသူများက ပြောသည်။

အဆိုပါ လူကယ်ရီခ ကျေသွားသော်လည်း အာမခံစရိတ်ဟုဆိုကာ နောက်ထပ် ဘတ်ငွေ (၄,၀၀၀) ကို အလုပ်သမားများထံမှ နုတ်ယူနေကြောင်း မတရားစေခိုင်းခံရခြင်းမှ လွတ်မြောက်လာသူတဦးဖြစ်သည့် မချမ်းမြေ့က ပြောသည်။

၎င်းက “ကျမရောက်တာ တလလောက် ရှိပါပြီ။ အရင်က မဲဆောက် ပေါင်မုန့်စက်ချုပ်ရုံမှာ လုပ်ပါတယ်။ တနေ့ကို ဘတ် (၇၀၀)၊ (၂) ရက်ဆိုရင် (၁,၅၀၀) လောက် ရမယ်ဆိုပြီး သူငယ်ချင်းကပြောလို့ လာခဲ့တာပါ။ ဒီရောက်တော့ မနက် (၉) နာရီကနေ မနက် (၂) နာရီ၊ (၃) နာရီလောက်အထိ ချုပ်ရတယ်။ ဒါပေမယ့် ရတော့ တရက်မှ ဘတ် (၆၀) ပဲ ရပါတယ်။ ထမင်းချက် စားပြီးတာနဲ့ ပြန်လုပ်ရပါတယ်။ တပတ်မှာ (၂) ရက်လောက်က မိုးလင်းချုပ်ရတယ်” ဟု ပြောဆိုသည်။

အဆိုပါ အပ်ချုပ်ရုံပိုင်ရှင်သည် အလားတူ စက်ချုပ်ရုံ သဘောမျိုး အိမ် (၄၊ ၅) အိမ်ထက် မနည်းရှိပြီး အလုပ်သမားများကို ပြောင်းရွှေ့ထားလေ့ရှိကာ အလုပ်သမားများအား ခြံတံခါး ပိတ်ထား၍ မဖြစ်မနေ သွားလာရမည်ဆိုပါက ၎င်းတို့၏လူယုံများနှင့်သာ ရှားရှားပါးပါး သွားလာစေသည်ဟု ကိုစောဂျက်က ပြောသည်။

၎င်းက “ဒီလူက စက်ရုံခွဲ တော်တော်များများရှိတယ်။ သူက အဓိက စက်ရုံ (၃) ရုံကို ကိုင်ထားတယ်။ ဟိုတလောကမှ အလုပ်သွားလျှောက်တဲ့ (၂) ယောက်ကိုလည်း အခုလှောင်ပိတ်ထားတယ်။ အလုပ်သမားတွေကို (၂) ပတ်စာ တဝိခ် (one week) မှ ဘတ် (၇၅၀) ပဲပေးတယ်။ သူ့စက်ရုံဆို ထိုင်းအတော်များများလည်း သိတယ်။ နေ့ရောညရော ခိုင်းခိုင်းနေလို့” ဟု ဆိုသည်။

ပုံမှန်အားဖြင့် အဝတ်တထည်လျှင် ဘတ်ငွေ (၂၀) ထက်မနည်း ရနိုင်သော အထည်များအား (၆) ဘတ်နှုန်းဖြင့် မတရားခေါင်းပုံဖြတ် ခိုင်းစေနေသည့်အပြင် အလုပ်သမားအသစ် ထွက်ပြေးလွတ်မြောက်သွားပါက အဆိုပါသူ၏ ကယ်ရီခနှင့် အာမခံကြေးကို ယခင်ရောက်ရှိပြီး ထပ်မံ၍လူဆွယ်ခေါ်ပေးရသော သူများက ပေးချေနေရသည်ဟု သိရသည်။

ထို့ကြောင့် အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများသည် ယနေ့ထက်တိုင် ပိုက်ဆံရရှိသူ နည်းပါးပြီး ယင်းအလုပ်မှ မလွတ်မြောက်နိုင်သေးသူများ စက်ရုံ (၃) ခုလုံးတွင် ရှိနေသေးကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် အကောင်းဆုံးဖြစ်စေရန် အဖြေရှာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုစောဂျက်က ပြောသည်။

ထိုင်းနိုင်ငံတွင် ခရိုင်ဒေသခွဲ အမျိုးမျိုးအပေါ်မူတည်၍ တနေ့ အနိမ့်ဆုံးလုပ်အားခကို သတ်မှတ်ထားသည်။ ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင် အမြင့်ဆုံး နေ့တွက်လုပ်အားခ (၂၀၆) ဘတ် သတ်မှတ်ထားသော်လည်း လုပ်ငန်းရှင်အချို့က ရွှေ့ပြောင်းအလုပ်သမားများအား နည်းလမ်းပေါင်းစုံဖြင့် ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများ ရှိနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

အလုပ်သမားသမဂ္ဂကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ

ရိုးမ ၃။ ဇွန်လ ၂၃၊ ၂၀၁၀

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အာဏာပိုင်များက သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်သူများဖြစ်သည့် ရှေ့နေ ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရာတွင် ပါဝင်သူ (၆) ဦးကို ယနေ့ နံနက်ပိုင်းက ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှေ့နေဦးဖိုးဖြူနှင့် အဖွဲ့ဝင်များကို ရန်ကုန်တိုင်း ရဲမှူးနှင့်အဖွဲ့က ရန်ကုန်ကမ်းနားလမ်းက အလုပ်သမားရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဥပဒေအရ သမဂ္ဂဖွဲ့စည်းလို့ မရသေးကြောင်းနှင့် ဥပဒေအရ အရေးယူနိုင်ကြောင်း ဆင့်ခေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့ ဆင့်ခေါ်တာက မနေ့ကတည်းက စာထဲမှာက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားရှိသော သတင်းနှင့်ပက်သက်၍ ရှင်းလင်းညှိနှိုင်းဆွေးနွေးဆောင်ရွက်မည် ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း မပျက်မကွက် လာရောက်ပါရန် ပြစ်မှုဆိုင်ရာ ကျင်ထုံးဥပဒေ ပုဒ်မ၊ ၁၆၀/၁၆၁ အရ ဆင့်ဆိုအကြောင်းကြားအပ်ပါသည် ဆိုပြီး ရေးထားတယ်” ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။

ယင်းကဲ့သို့ တိုင်းအာဏာပိုင်များဆင့်ဆိုရာတွင် ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရေးတွင် ပါဝင်သည့် ဦးပါလေး၊ ဦးကြည်လင်း၊ ဦးဝင်းနိုင်၊ မနွဲ့ရီဝင်း၊ မခိုင်သဇင်၊ မအေးချမ်းပြည့်တို့ ပါဝင်ပြီး ၎င်းတို့အား အာဏာပိုင်များက စာအမှတ် (၁၀၁၂ (ဂ) ၁၁၀ ဦး (၁) ) ဖြင့် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရှေ့နေဦးဖိုးဖြူတို့အနေဖြင့် မြန်မာ့အလုပ်သမားများသမဂ္ဂကို ဥပဒေနှင့်အညီ ဖွဲ့စည်းကြောင်းကို ယခုလ (၁) ရက် နေ့ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မှတ်ပုံတင်ရအရာရှိ (၁၉၂၆ ခုနှစ်၊ အလုပ် သမားများ အက်ဥပဒေ ပုဒ်မ (၃) ရ ခန့်အပ်ရမည့် အရာရှိ) အလုပ်သမားဝန်ကြီးဌာန နေပြည်တော်သို့ လိပ်မူကာ တရားဝင် တင်ပြထားခဲ့သည်။

ရှေ့နေဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်သည် အောင်လံမြို့နယ်အတွင်းမှ လယ်သမားများ မြေယာသိမ်းဆည်းခံရသည့်အမှုကို လိုက်လံဆောင်ရွက်ပေးနေစဉ် ၂၀၀၉ ခုနှစ်တွင် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ညွှန်ကြားရေးမှူး လာရောက်စဉ် အယူခံနိုင်သည့်အတွက် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
အပြည့်အစုံသို့ >>

Tuesday, 22 June 2010

ရွှေ့ပြောင်းအလုပ်သမားများ ဘ၀တိုးတက်ရေး အထောက်အကူပြု သင်တန်းကျောင်းဖွင့်

မြတ်ခိုင်ဦး/၂၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားကျောင်းသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဦးစီးသည့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (MDF) က ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံ၊ ပဒုံဌာနီခရိုင်၊ လန်စစ်ရှိ တလဆူချဈေးအနီးတွင် ယမန်နေ့က ကျောင်းတကျောင်း ဖွင့်လှစ်လိုက်သည်။

အဆိုပါကျောင်းတွင် အင်္ဂလိပ်စာ၊ ထိုင်းစာနှင့် ကွန်ပျူတာ သင်တန်းများ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်များဖြစ်သော ချုလာလောင်ကွန်း၊ တမ္မာဆတ်၊ မဟီဒေါ၊ ကဆတ်ဆ၊ ABAC၊ ဘန်ကောက်၊ ရမ်ကန်ဟမ်၊ ရန်စစ်၊ စိန့်ဂျွန်တက္ကသိုလ်တို့မှ မြန်မာကျောင်းသားကျောင်းသူများ ဦးဆောင်ဖွဲ့စည်းထားသော မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (MDF) က ကျောင်းကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ထိုသင်တန်းကျောင်း၌ စနေ၊ တနင်္ဂနွေ (၂) ရက်တွင် ပညာရေးအတွက် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အတွင်း ကျန်းမာရေး ပညာပေးအစီအစဉ်နှင့် ကျန်းမာရေးအတိုင်ပင်ခံ ဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းသားကျောင်းသူများ၏ သွားလာမှုလုံခြုံရေးအတွက် သင်တန်းသားလက်မှတ်များ ထုတ်ပေးထားကာ သက်ဆိုင်ရာ ရဲစခန်းအား အသိပေးထားသည်ဟု သိရသည်။

ကျောင်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ MDF ၏ ဒါရိုက်တာ မသူဇာက “ကျမတို့အဖွဲ့အစည်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာပါ။ ပထမပိုင်းနှစ်တွေမှာတော့ ကျန်းမာရေး အကူအညီပေးမှုတွေကို ရန်စစ်တို့ စမုတ်ပရာကန် ပါ့က်နမ်းတို့မှာ လုပ်ခဲ့ပါတယ်။ အခုကတော့ ပညာရေးအစီအစဉ်ရဲ့ ပထမခြေလှမ်းပါ။ (၃) လသင်တန်းအတွက် ကျောင်းသားတယောက်ကို ဘတ် (၃၀၀) ကျောင်းဝင်ကြေး ထည့်ဝင်ခိုင်းပါတယ်။ ကွန်ပျူတာအတွက်ကျတော့ ဘတ် (၅၀၀) ပါ။ ကျောင်းစဖွင့်တယ် ဆိုပေမယ့် နောက်ထပ် (၂) ပတ် ကျောင်းလက်ခံပါဦးမယ်” ဟု ဆိုသည်။

ယခုစဖွင့်သည့် ပထမအပတ်တွင် ကျောင်းသား ကျောင်းသူပေါင်း (၅၀) ကျော် လာရောက် စာရင်းသွင်း သင်ကြား နေပြီဖြစ်သည်။ ဆရာဆရာမများအဖြစ် တက္ကသိုလ်များတွင် ပညာသင်ကြားနေသော၊ ဘွဲ့ရပြီးသော သူများက တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပြီး ထိုင်းဘာသာရပ်အတွက် ထိုင်းဘာသာစကား တတ်ကျွမ်းသော ထိုင်းကရင်၊ ထိုင်းရှမ်းများက သင်ကြားပေးမည်ဖြစ်သည်။

“ပညာမတတ်သေးတဲ့သူတွေကို၊ ပညာတတ်ပြီးသားသူတွေက ဖြန့်ဖြူးပေးနိုင်အောင်၊ တတ်ပြီးသားသူတွေအတွက်လည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရအောင်ပါ” ဟု MDF ကျောင်းဖွင့်ရသည့် ရည်ရွယ်ချက်ကို မသူဇာက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အနီးတဝိုက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သိန်းကျော်ရှိသည်ဟု ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရပြီး ယခုကဲ့သို့ တနိုင်တပိုင်စာသင်ကျောင်းများ ဖွင့်လှစ်လာခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်မှုအတွက် တစုံတရာ အထောက်အကူပြုကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောကြားသည်။
အပြည့်အစုံသို့ >>

Saturday, 19 June 2010

လုပ်သားများအပေါ် အနိုင်ကျင့်မှု ကာကွယ်နိုင်ရန် တောင်းဆို

မြတ်ခိုင်ဦး/၁၈ ဇွန် ၂၀၁၀ ခေတ်ပြိုင်

လုပ်သားထုအပေါ် အနိုင်ကျင့် ခေါင်းပုံဖြတ်နေမှုများကို ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော လူထုအခြေပြု အဖွဲ့အစည်းများက ကန့်ကွက်လိုက်သည်။

အဆိုပါအဖွဲ့အစည်းများက မဲဆောက်မြို့၌ ဇွန် (၁၆) ရက်တွင် အစည်းအဝေးကျင်းပပြီး ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ လုပ်သားကာကွယ်ရေးဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများသည် ၎င်းတို့၏ တရားဝင်မှု၊ မဝင်မှုတို့ကို ပလပ်၍ တရားဥပဒေလုပ်ထုံးလုပ်နည်းများအရ တရားနည်းလမ်းတကျ တောင်းဆိုပိုင်ခွင့်ရှိသည် ဆိုသော်လည်း အမှန်လက်တွေ့တွင်မူ များစွာကွဲလဲနေသည်ဟု အစည်းအဝေး တက်ရောက်လာသော စက်ရုံအလုပ်သမားများ၊ စိုက်ပျိုးရေးလုပ်သားများနှင့် ဆောက်လုပ်ရေး လုပ်သားများ ကိုယ်စား လူထုအခြေပြု အဖွဲ့အစည်းများက တင်ပြကြသည်။


အလုပ်သမားအများစုသည် မိမိတို့အခွင့်အရေးအတွက် အလုပ်သမား ကာကွယ်ရေးရုံးသို့ အလွယ်တကူ သွားရောက် တိုင်တန်းနိုင်ကြသော်လည်း ထိုသို့တိုင်တန်းပြီး အပြန်လမ်းတွင် လူဝင်မှုကြီးကြပ်ရေးရဲများ၏ ဖမ်းဆီးခြင်းသော်လည်းကောင်း၊ လုပ်ငန်းရှင်၏ ရုတ်တရက် အလုပ်ထုတ်ပစ်ခြင်းကိုသော်လည်းကောင်း ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟုလည်း အဖွဲ့အစည်းများက ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်းမှာသာ နေထိုင်ရသည်ဖြစ်၍ အလုပ်ပြုတ်ပါက နေရာထိုင်ခင်းပါ မရှိတော့သည့်အတွက် ရာပေါင်းများစွာသော အလုပ်လက်မဲ့များသည် လမ်းများပေါ်၌ သွားလာရ၍ အန္တရာယ်ကြီးပြီး ပြန်လည်ဖမ်းဆီးပို့ဆောင်မှုများလည်း ကြုံတွေ့နေရသည်ဟု ယင်းအဖွဲ့များက ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။

အဆိုပါအဖွဲ့များကို MAP ဖောင်ဒေးရှင်းမှဦးဆောင်ကာ ရောင်ခြည်ဦး၊ မြန်မာပြည်သားများအရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပန်းကံ့ကော်၊ ရခိုင်အလုပ်သမားများအဖွဲ့ စသည့် အဖွဲ့များမှ စုပေါင်းကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ တရားရင်ဆိုင်ရမှုကာလသည် အလွန်ကြာမြင့်ပြီး အချို့သော ပြဿနာများတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းထက် ကျော်လွန်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုကာလအတွင်း ဖြစ်စေ၊ အမှုစတင်သည့်ကာလတွင် ဖြစ်စေ လုပ်ငန်းရှင်က လုပ်ငန်းပြောင်းလွှဲခွင့်စာ ထုတ်မပေးအဖြင့် ဒုက္ခရောက်ရကြောင်း၊ နာမည်ပျက်စာရင်းအသွင်းခံရသဖြင့် အလုပ်ရှာဖွေလုပ်ကိုင်ခွင့်မရတော့ကြောင်း စသည့်အချက်များကိုလည်း ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အစည်းအဝေး ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဇော်ထွန်းက “အဓိကကတော့ အလုပ်သမားတွေ ကြောက်တာ သူတို့ကိုရဲမဖမ်းရေးဘဲ။ ရဲဖမ်းမှာကို ကြောက်မှန်းသိတော့ အလုပ်ရှင်ကလည်း ရဲနဲ့ခြိမ်းခြောက်ပြီး ဂုတ်သွေးစုပ်နေတော့တာပဲ၊ အဲဒီတော့ ဒီလိုဖိနှိပ်ခံရမှုတွေ လျှော့ပါးလာပြီး ထိုင်းအစိုးရကိုယ်တိုင်က သူတို့ရဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်လာအောင် တွန်းအားပေးဖို့ လုပ်ဆောင်တာပါ” ဟုဆိုသည်။

အဆိုပါကြေညာချက်တွင် တော်ဝင်ထိုင်းအစိုးရအား ပိုမိုကျယ်ပြန့်သော တောင်းဆိုချက် (၅) ချက်ကို တောင်းဆိုလိုက်သည်။

အဆိုပါအချက်များမှာ တရားရုံးရင်ဆိုင်မှုကာလကို အချိန်တိုကာလအတွင်း ပြီးမြောက်စေရန်နှင့် တရားရုံးများ ပိုမိုတိုးချဲ့ပေးရန်၊ လုပ်ငန်းရှင်သစ် အပြောင်းအလွှဲကာလကို လက်တွေ့ကျကျ ပိုမိုတိုးမြှင့်ပေးရန်၊ အလုပ်ရှင်ပြောင်းလဲရေးနှင့် လုပ်ငန်းအမျိုးအစား ပြောင်းလဲရေးတို့ကို ကန့်သတ်ထားမှုများ လျှော့ပေါ့ပေးရန်၊ တရားရင်ဆိုင်စဉ်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ ထိုင်းနိုင်ငံအတွင်း တရားဝင်တည်ရှိမှုကို သေချာစေရန်နှင့် မတရားမှုကို တရားနည်းလမ်းကျကျ ရင်ဆိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများအား ယခုပြုလုပ်နေသော နိုင်ငံသားစိစစ်ရေးပြုမှုနှင့် ယာယီပတ်စပို့စ် လျှောက်ထားခွင့်တို့ကို ခွင့်ပြုရန်တို့ ပါဝင်သည်။

မဲဆောက်ဒေသတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) သိန်းမှ (၃) သိန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်နေသူများက ခန့်မှန်းထားကြပြီး ထိုင်းတနိုင်ငံလုံးတွင် ရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့်ရှိမည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

မြန်မာလုပ်သားများအတွက် ဂျပန်အလုပ်သင် ခံစားခွင့်စနစ်များ ပြောင်းလဲသတ်မှတ်

ရဲလင်းထွဋ် အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉)

ဂျပန်နိုင်ငံသို့ လက်တွေ့လေ့ကျင့်ရေး သင်တန်းသားနှင့် နည်းပညာလေ့ကျင့် ရေးသင်တန်းသား လုပ်သားဖြင့် သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာ လုပ်သားများအတွက် ခံစားခွင့်စနစ်များကို Japan International Training Corporation Organization (JITCO) က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအသိုင်းအ၀ိုင်းမှ သိရသည်။

အဆိုပါပြောင်းလဲမှုအရ ယခင်က သင်တန်းသားအဖြစ် ခေါ်ယူသော လုပ်သားများမှာ ပထမနှစ်အတွင်း တစ်လလျှင် ယန်းငွေ ၇၀,၀၀၀ ခံစား ခွင့်အဖြစ်ရရှိသော်လည်း ယခုအခါ နှစ်လသာ သင်တန်းကာလအဖြစ် နေထိုင်ရမည်ဖြစ်ပြီး အဆိုပါကာလနောက် ပိုင်းတွင် ယန်းတစ်သိန်းထက်ကျော်လွန်သော ငွေကြေးကို အရည်အသွေးပေါ်မူတည်ကာ ခံစားရရှိနိုင်တော့မည် ဖြစ်ကြောင်း မိုးယံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ထင်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ယခု ပြောင်းလဲသတ်မှတ်လိုက်သော ခံစားခွင့် နည်းစနစ်အသစ်များကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး မြန်မာလုပ်သားများကို ထုတ်လုပ်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လက်ခံခေါ်ယူမည်ဖြစ်ကြောင်း JITCO အစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။

SHWE ZABU DEIK SERVICES မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်း နိုင်ကလည်း "ဂျပန်မှာ လုပ်အားခတွေကို နယ်မြေဒေသအလိုက် သတ်မှတ်ထားတာတွေ ရှိတယ်။ ဘယ်မှာဆို အနိမ့်ဆုံး လစာဘယ်လောက်ပေးရ မယ်ဆိုပြီးတော့ပေါ့။ ဒါကြောင့် နောက်ကို မြန်မာ လုပ်သားတွေက သုံးလ နောက်ပိုင်းကစပြီး အရင်ကထက် လစာ ပိုရရှိခံစားရမှာပါ"ဟု ပြောသည်။

ယခင်နှစ်များက သင်တန်းသား လုပ်သားအဖြစ် လုပ်ကိုင်ခွင့်ရသူများသည် ပထမနှစ်တွင် စာတွေ့လက်တွေ့ လေ့လာမှုများပြုလုပ် ရပြီး အလုပ်သမားဥပဒေအရ လစာခံစားခွင့်မရှိသဖြင့် ထောက်ပံ့ကြေးသာ ခံစားခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဒုတိယနှစ်နှင့် တတိယ နှစ်များတွင် ဂျပန်အစိုးရ၏ ဥပဒေ သတ်မှတ်ချက်များအတိုင်း လစာနှင့်ခံစားခွင့်များ ပြောင်းလဲ သွားသည့်အတွက် လုပ်ခများ တိုးမြှင့်ရရှိခဲ့သော်လည်း ယခုအခါ ပထမနှစ်တွင်ပင် ရရှိတော့မည်ဖြစ်သည်။

မြန်မာအလုပ်သင် သင်တန်းသားလုပ်သားများသည် ဒုတိယနှစ်နှင့် တတိယနှစ်များသို့ ရောက်သောအခါတွင် ဂျပန်အလုပ်သမား ၀န်ကြီးဌာန အောက်သို့ လွှဲပြောင်းရောက်ရှိသွား ခြင်းဖြစ်ကြောင်း သိရသည်။

"ဒုတိယနှစ်မှာ ခုနကစာမေးပွဲ ဖြေပြီး အောင်တဲ့အခါ လက်တွေ့ကျောင်းသား ဖြစ်သွားတဲ့အခါကျတော့ ၀င်ငွေက သက်ဆိုင်ရာ ဒေသ မှာ ရှိတဲ့ ဥပမာ ဟီရိုရှီးမားခရိုင်မှာ လူတစ်ယောက်ရဲ့ တစ်နှစ်လုံးလစာဟာ တစ်နာရီ ယန်း ၆၄၀ ရှိရမယ်ဆိုရင် အဲဒီ ၆၄၀ ပေးရ တယ်။ ၆၄၀ ကို ရှစ်နဲ့မြှောက်ပြီးရင် ၂၆ နဲ့ မြှောက်ကြည့်လိုက်၊ နောက်ပြီးတော့ အိုဗာတိုင်တွေရှိမယ်။ များသောအားဖြင့် ယန်း ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ရှိ မယ်"ဟု Brilliant Crusader Business Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဆွေက မြန်မာတိုင်း(မ်) ကို ပြောကြားသည်။

ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား လက်တွေ့လေ့ကျင့်ရေးသင်တန်းသားနှင့် နည်းပညာ လေ့ကျင့်ရေး သင်တန်း သားများအတွက် လေ့ကျင့်ရေးစနစ်သည် ဂျပန်နိုင်ငံ နည်းပညာများကို တိုးတက်ကောင်းမွန်စေရန် သင်ကြားပေးခြင်းဖြစ်ပြီး နည်း ပညာ၊ အတတ်ပညာများကို ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နည်းပညာပြန့်ပွားရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

Monday, 7 June 2010

ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည်

မြတ်ခိုင်ဦး / ၀၃ ဇွန် ၂၀၁၀

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်အာမခံ လျော်ကြေးငွေ ပေးအပ်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခု တည်ထောင်ခွင့်ပြုတော့မည်ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ထိုင်းအလုပ် သမားဝန်ကြီးဌာနက ယင်းသို့ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီတွင် ဖော်ပြသည်။

အလုပ်သမားလစာ၏ (၀.၂) ရာခိုင်နှုန်းမှ (၁) ရာခိုင်နှုန်းအထိ အလုပ်ရှင်က ပေးအပ်ရမည်ဖြစ်သော အသက်အာမခံ ငွေကြေးဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်နိုင်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုကို မကြာခင် ခွင့်ပြု ဖွင့်လှစ်ပေးသွားတော့မည်ဖြစ်သည်။
အစီအစဉ်အရ ကော်မတီခွဲများသည် တပတ်အတွင်း အာမခံကုမ္ပဏီတခုခုကို ရှာဖွေ၍ လိုအပ်သော အချက်အလက် မှတ်တမ်းများကို နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ၏ နောက်အပတ် အစည်းအဝေးတွင် တင်ပြရမည် ဖြစ်သည်။

ဤအာမခံလျော်ကြေးငွေသည် ထိုင်းအလုပ်သမားများ ရရှိခံစားရသော လူမှုဖူလုံရေး ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းအလုပ်သမားများအတွက် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုမှ သီးခြားတာဝန်ယူ လုပ်ကိုင်ရမည်ဖြစ်ကာ လျော်ကြေးပေးအပ်မည် မပေးအပ်မည် ဆိုသည်ကို အဆိုပါကော်ပိုရေးရှင်းမှ ဆုံးဖြတ်ပိုင်ခွင့်ရှိမည်ဖြစ်သည်။

အလုပ်သမားမှတောင်းခံလာလျှင် ပေးအပ်မည့် စံချိန်စံညွှန်း ကိုက်မကိုက် ဆိုသည့်ကိစ္စအတွက်မူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိခိုက်နစ်နာတယ်ဆိုတာကို မီဒီယာတွေက တော်တော်ကျယ်ကျယ်ပြန့်ပြန့် တင်ပြတာတွေရှိတော့ ဒါကို အရေးတယူ စဉ်းစားလာရတာဖြစ်မယ်” ဟု ဆိုသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်ရေး ကော်ပိုရေးရှင်းတခု ထူထောင်ပေးမည်ဟု ထိုင်းအစိုးရက ဆုံးဖြတ်လိုက်သည့် တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို တိုင်းပြည်အတွင်းမှ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကိုလည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား လုပ်ဆောင်သွားမည်ဟု သိရသည်။

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးပြန်ပို့ရေးအတွက် ထိုင်း ဒု-၀န်ကြီးချုပ်က အထူးတပ်ဖွဲ့များ ဖွဲ့စည်းရန် သဘောတူခဲ့ပြီးဖြစ်ကာ အဆိုပါ ဖမ်းဆီးရေးလုပ်ငန်းစဉ်အတွက် သုံးစွဲရန် အလုပ်ရှင်ထံမှ အလုပ်သမားခွန်အဖြစ် တရားဝင်အလုပ်သမားတဦးလျှင် ဘတ်ငွေ (၂,၄၀၀) ကောက်ခံသွားမည်ဖြစ်သည်။

စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်အတွင်း တရားမဝင်အလုပ်သမား ခန့်ထားမှုအတွက် အလုပ်ရှင်ပေါင်း (၁,၅၁၈) ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံရသူပေါင်းမှာ (၁၁,၄၃၆) ဦးရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့် ဘတ်သက်တမ်း ဆက်ရမည်ဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများအနက် ဦးရေ (၃၀၀,၀၀၀) ကျော်သည် တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းရောက်ရှိ သွားကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်၏ ကုန်ကျငွေစရိတ်ကို မတတ်နိုင်ခြင်းနှင့် အဆိုပါလုပ်ငန်းစဉ်အား ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားရေးအဖွဲ့များမှ ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသားစိစစ်မှုခံယူပြီး ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသော်လည်း ၎င်းတို့အများစုသည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဆက်လက် ၀င်ရောက်နေကြဆဲဖြစ်ကာ ယမန်နေ့ကပင် မြန်မာအမျိုးသမီး (၄၆) ဦးအား ရနောင်းမြို့အနီး ထိုင်းရေပိုင်နက် ပင်လယ်ပြင်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
အပြည့်အစုံသို့ >>

Thursday, 3 June 2010

အလုပ်သမားဥပဒေ မထိရောက်သဖြင့် အလုပ်သမားများ နစ်နာ

မြတ်ခိုင်ဦး / ၀၂ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း အလုပ်သမားများမှာ ဆုံးရှုံးနစ်နာမှုများနှင့် ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်သည်။

ဘန်ကောက်မြို့၊ ဘန်ခေ အရပ်ရှိ၊ ဖုတုမနွန်လမ်း၊ လမ်းသွယ် ၂/၁ တွင်ရှိသော Aistment Garment Co.Ltd စက်ချုပ်ရုံတွင် လုပ်သက်အနည်းဆုံး (၁) နှစ်ကျော်ရှိသော စက်ချုပ်သမ (၅) ဦးက လုပ်ငန်းပြောင်းရွှေ့လိုသည့်အတွက် အလုပ်ရှင်ထံမှ တဝိစ်စာ (ရက်သတ္တပတ် ၂ ပတ်ကို ဆိုလိုသည်) လုပ်အားခနှင့် အလုပ်ထွက်စာ တောင်းခံရာတွင် အလုပ်ရှင်က လုပ်အားခရော ထွက်စာပါ မပေးသဖြင့် အခက်တွေ့နေကြသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ စက်ချုပ်သမ မဝေက “မနေ့က ညနေ လုပ်ခရှင်းပေးတော့ ကျမတို့ကို နောက်အပတ်လာခဲ့ အဲဒီကျမှ ရှင်းပေးမယ်လို့ပြောတယ်။ ကျမတို့က တနေ့ကို (၁၈၀) ကနေ (၁၉၅) ဘတ်အထိပဲရတော့ ပိုရတဲ့ဆီ ပြောင်းလုပ်ချင်တာပေါ့။ အခုက ထွက်စာလည်း မပေးဘူးလို့ ဒီမနက် ဖုန်းဆက်တောင်းတော့ အဲဒီလို ပြောတယ်” ဟု ဆိုသည်။

အဆိုပါစက်ရုံသည် အလုပ်သမားများ အလုပ်မှထွက်မည်ဆိုလျှင် လုပ်အားခရှင်းမပေးဘဲ နေလေ့ရှိသည့်အတွက် ကိုယ်စီကိုယ်စီ အလုပ်မှ နည်းမျိုးစုံဖြင့် ထွက်ကြသောကြောင့် ယခုအခါ မြန်မာရွှေ့ပြောင်း အလုပ်သမား (၆၀) ကျော်ခန့်သာ ကျန်ရှိတော့သည်။

အလားတူ ဘန်ကောက်မြို့ ဘန်ဘော်ဒေသရှိ အီကချိုင်း ၈၉/၂ လမ်းတွင်ရှိသော ဖိနပ်စက်ရုံမှ အလုပ်ရှင်သူဌေးက အလုပ်သမားများအား အစိုးရသတ်မှန်နှုန်းထားအတိုင်း လုပ်အားခမပေးသည့်အပြင် လုပ်အားခတောင်းဆိုသော အလုပ်သမားများအား ခြိမ်းခြောက်၍ အလုပ်မှထုတ်ပယ်မှုများ ရှိကြောင်းလည်း သိရသည်။

အဆိုပါစက်ရုံမှ လုပ်အားခတောင်း၍ အလုပ်ထုတ်ခံရသော ကိုဖြိုးဖြိုးကလည်း ၎င်းအား အလုပ်ဝင်ကာစက ပေးမည်ဟု သဘောတူထားသည့် လုပ်အားခနှင့် အိုဗာတိုင်ကြေးများ သတ်မှတ်ရက်အတွင်း မရရှိသည့်အပြင် ကျန်းမာရေးအရ အိုဗာတိုင်မဆင်းနိုင်သည်ကို အတင်းအလုပ်ဆင်းခိုင်းသဖြင့် အလုပ်ရှင်နှင့် ပြဿနာဖြစ်ရာမှ ၎င်းအား အလုပ်ရှင်က လုပ်အားခ မပေးတော့ဘဲ အလုပ်ထုတ်လိုက်ကြောင်း ရှင်းလင်းပြောဆိုသည်။

၎င်းက “သူဌေးက ပြောတယ် အိုဗာတိုင်ဆင်းရမယ်၊ အိုဗာတိုင် မဆင်းရင် မယူတော့ဘူးလို့ ပြောပါတယ်။ ကျနော်က နေမကောင်းလို့ အိုဗာတိုင် မဆင်းသေးဘူးလို့ ပြောတယ်။ အဲဒါကို အလုပ်လာမဆင်းနဲ့တော့လို့ ပြောတာနဲ့ ကျနော်က လုပ်ထားတဲ့ လုပ်အားခတောင်းတာ သူကမပေးဘူးလို့ပြောတယ်။ အခုဆို ကျနော့်မှာ ဖိနပ်တောင် စီးစရာမရှိဘူး” ဟု ဆိုသည်။

ထိုသို့ အလုပ်သမားနှင့်အလုပ်ရှင်တို့ကြား ဖြစ်ပေါ်နေသည့် ပြဿနာသည် အလုပ်ရှင်များအပေါ် တွန်းအားပေးမှု နည်းပါးသည့်အတွက်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောလ်က ထောက်ပြပြောဆိုသည်။

၎င်းက “ထိုင်းအလုပ်သမားဥပဒေဟာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးလည်း အကျုံးဝင်ပါတယ်။ အနိမ့်ဆုံး လုပ်ခခံစားခွင့်၊ အိုဗာတိုင်ကြေး၊ အမြင့်ဆုံး အလုပ်လုပ်ချိန် သတ်မှတ်ချက်၊ လုပ်ငန်းခွင်လုံခြုံမှုနဲ့ ကျန်းမာရေး၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု လျော်ကြေးခံစားပိုင်ခွင့် စတဲ့ အခွင့်အရေးတွေ ခံစားခွင့်ရှိပါတယ်။ ကျနော်တို့ တွေ့ရှိချက်တွေ အရတော့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒီအခွင့်အရေးတွေကို မရရှိကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို ဒီအခွင့်အရေးတွေပေးဖို့ လုပ်ငန်းရှင်တွေကို တွန်းအားပေးမှုတွေက အနည်းငယ်သာရှိသေးလို့ပါ” ဟု ပြောဆိုသည်။

အထူးသဖြင့် အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဌာနများမှ စုံစမ်းစစ်ဆေးသူများက ၎င်းတို့စိတ်ကြိုက် လုပ်ချင်သလို လုပ်နေကြသည့် အလုပ်ရှင်များကို အလုပ်သမားဥပဒေများနှင့်ပတ်သက်၍ မဖြစ်စလောက် တွန်းအားပေးမှုလောက်သာ ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တခါတရံတွင် အလုပ်သမားများသည် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် နားလည်ခြင်းမရှိသဖြင့် အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် စတင်ရမည်ဟုလည်း အန်ဒီဟောလ်က သုံးသပ်သည်။

ထိုင်းရှေ့နေများကောင်စီမှ ခွန်နတ်ဆား အက်ရှနဝါဟင်ကလည်း “အလုပ်သမားဥပဒေဟာ ရာဇဝတ်ပြစ်မှုဥပဒေမဟုတ်ပါဘူး။ လုပ်ငန်းရှင်က အမှားအယွင်းလုပ်တဲ့အခါ ထောင်ချခံရတာမရှိဘဲ ဒဏ်ကြေးပဲ ပေးဆောင်ရပါတယ်။ ဒါကြောင့် သူတို့မကြောက်တာပါ။ ရွှေ့ပြောင်း အလုပ်သမားဖြစ်ခဲ့မယ်ဆိုရင် အလုပ်ရှင်ဆိုးတွေက ဒီအလုပ်သမားဟာ ဘယ်သူတဦးတယောက်ကိုမှ တိုင်ကြားလို့ မရဘူးလို့ ထင်နေကြတာပါ” ဟု ဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ဒေသခရိုင်အသီးသီးတွင် အမျိုးမျိုးသော အနိမ့်ဆုံး နေ့တွက်လုပ်အားခ သတ်မှတ်ထားချက်ရှိသည်။

အဆိုပါသက်မှတ်ချက်အရ ဘန်ကောက်သည် အမြင့်ဆုံး သတ်မှတ်ချက် နေရာတွင်ရှိပြီး အလုပ်သမားတိုင်း နေ့တွက်လုပ်အားခ (၂၀၆) ဘတ် ရရှိရမည်ဖြစ်သည်။ အနိမ့်ဆုံး နေ့တွက်ခမှာ (၁၅၁) ဘတ်ဖြစ်ပြီး ဖရာအို၊ ပီချစ်၊ ဖရေးနှင့် မဲ့ဟောင်ဆောင် ခရိုင်တို့ပါဝင်သည်။ သို့သော် လုပ်ငန်းရှင် အတော်များများက သတ်မှတ်ထားသည့် နှုန်းအတိုင်း မပေးဘဲ ရသလောက် ဖြတ်စားလာဘ်စား လုပ်နေကြသည်ဟု အလုပ်သမားရေးအဖွဲ့များမှ ဝေဖန်ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Tuesday, 1 June 2010

ရွှေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ

မြတ်ခိုင်ဦး ၊ ၀၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် နစ်နာခဲ့သူများအား ထိုင်းအစိုးရက အကူအညီပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော ရာထူးမှအဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသမားများကြောင့် ဝင်ငွေနှင့်စီးပွားရေး ထိခိုက်နစ်နာခဲ့ရသော အသေးစားလုပ်ငန်းရှင်များနှင့် အလုပ်သမားများအား ထိုင်းအစိုးရက လျော်ကြေးပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လျှောက်ထားခွင့် ရရှိခဲ့ကြောင်း ခေတ်ပြိုင်မှ စုံစမ်းသိရှိရသည်။

လျော်ကြေးတောင်းလျှောက်လွှာ သွားရောက်တင်ခဲ့သူ ကိုဘိုဘိုဇော်က “ကျနော့်ကို သူဌေးကပြောတယ်။ သူများတွေ (၂) လစာ လျော်ကြေးဖောင် သွားတင်နေကြတယ်။ မနေ့က နောက်ဆုံးဆိုတာနဲ့ လိုအပ်တဲ့ ပတ်စပို့ကော်ပီ၊ သူဌေးဆိုင်လိပ်စာ၊ မှတ်ပုံတင်ကော်ပီတွေနဲ့ မနေ့က သွားတင်လိုက်တယ်။ လခကတော့ တလ (၁၂,၅၀၀) ဆိုတော့ နှစ်လစာ (၂၅,၀၀၀) တင်ထားတယ်။ သူတို့ပြောတာက (၂) ရက် (၃) ရက်နေရင် တီဗွီကနေ ဘယ်သူလျော်ကြေးရတယ်ဆိုတာ ကြေညာပေးမယ်တဲ့။ အလုပ်ရှင်တွေကတော့ (၄) ရက်နေ့လား၊ (၅) ရက်နေ့လားမသိဘူး နောက်ဆုံးတင်ရမယ်တဲ့” ဟု ပြောသည်။

အဆိုပါအစီအစဉ်သည် ဧပြီ (၂၇) ရက်၌ ကျင်းပသော ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ အင်္ကျီနီဝတ်များ၏ ဆန္ဒပြပွဲများကြောင့် ရာချပရာဆောင်လမ်းဆုံနှင့် အနီးပတ်ဝန်းကျင်တွင် ရောင်းဝယ်ဖောက်ကားနေကြသည့် ထိခိုက်နစ်နာခဲ့သူ အလုပ်ရှင်နှင့် အလုပ်သမားများကို အကူအညီပေးခြင်းဖြစ်သည်။

ထိုအစီအစဉ်အရ ထိုင်းနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဘတ်ငွေ (၅) ဘီလီယံကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂,၀၀၀) ခန့်အား ဘတ်ငွေ (၃) သန်းအထိ ငွေချေးပေးသွားမည်ဖြစ်သည်။

ငွေချေး အတိုးနှုန်းထားမှာလည်း အလွန်သက်သာမည်ဖြစ်ပြီး တနှစ်အတွင်း ငွေပြန်ဆပ်ရန် မလိုဘဲ ချေးငွေကာလမှာ သက်တမ်း (၅) နှစ်ရှိမည်ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ကို ၂၀၁၀ စက်တင်ဘာလအထိ (၆) လတိတိ ခွင့်ပြုမည်ဖြစ်သည်။

အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသူများအတွက် အစိုးရအိမ်ရာဆိုင်ရာဘဏ်မှ ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်မှုအတွက် ကူညီမည်ဖြစ်ကာ ဆန္ဒပြပွဲကြောင့် အကြွေးတင်နေသည့် တသီးပုဂ္ဂလများအား အချက် (၃) ချက်အပေါ် မူတည်၍ ကူညီသွားမည်ဟု ဆိုသည်။

အဆိုပါအချက်များမှာ လစဉ်အတိုးကို အရစ်ကျပေးသွင်းစေပြီး (၁၀၀) ဘတ်ထက်မနည်း ပေးသွင်းရမည်။ ပထမနှစ်နှင့် ဒုတိယနှစ်များတွင် အတိုးနှုန်းထားသည် (၂) ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး တတိယနှစ်မှ ကန်ထရိုက်သက်တမ်း ကုန်ဆုံးသည်အထိ (၁) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။

ရေရှည်အကြွေးပေးစနစ်ကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာစွာ အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ဇွန် (၃၀) ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များကို သိလိုပါက ဖောက်သည်ဆက်ဆံရေးဌာန၊ အစိုးရအိမ်ရာဆိုင်ရာဘဏ်၊ ဖုန်းနံပါတ် (၀၂-၆၄၅၉၀၀၀) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အလုပ်သမားများသည် လူမှုဖူလုံရေးရန်ပုံငွေ လုပ်သား (၃.၅) ရာခိုင်နှုန်းနှင့် အလုပ်ရှင် (၅) ရာခိုင်နှုန်း ထည့်ဝင်ထားပါက ဘတ်ငွေ (၁၅,၀၀၀) ရရှိမည်ဖြစ်ပြီး ထည့်ဝင်ထားခြင်းမရှိသော သာမန်အလုပ်သမားများသည် ဘတ်ငွေ (၇,၅၀၀) ကို (၂) လစာ ရရှိခံစားရမည်ဖြစ်သည်။

အချို့သော လုပ်ငန်းများ (အထူးသဖြင့် အနှိပ်ခန်း အလုပ်သမများ) တွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ခံစားခွင့်အတွက်လည်း အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းအချို့က ဆောင်ရွက်မှုများ ရှိနေကြသည်။
အပြည့်အစုံသို့ >>

Saturday, 29 May 2010

ထိုင်းလုပ်သားများ လျော်ကြေးရ၊ ရွှေ့ပြောင်းအလုပ်သမားများ မသေချာသေး

မြတ်ခိုင်ဦး /၂၇ မေ ၂၀၁၀

ဆန္ဒပြကာလအတွင်း နစ်နာခဲ့မှုများအတွက် အခြေခံအလုပ်သမားများအား လျော်ကြေးပေးရန် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြုလုပ်သည့် ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ ကတ်ဘိနက်အစည်းအဝေးမှ သဘောတူညီလိုက်သည်။ ယင်းအစည်းအဝေးတွင် အခြေခံအလုပ်သမားများအား ဆန္ဒပြကာလအတွင်း နစ်နာခဲ့မှုများအတွက် တဦးလျှင် ဘတ် (၇,၅၀၀) စီ လျော်ကြေးအဖြစ် ပေးရန် သဘောတူခဲ့ကြောင်း သိရသည်။ သို့သော် ထိုလျော်ကြေး သတ်မှတ်ပေးရာတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်မည် မပါဝင်မည်ကို တိတိကျကျ မသိရသေးပေ။ ထိုင်းနိုင်ငံအတွင်းရှိ လူမှုဖူလုံရေး ရန်ပုံငွေ ပေးသွင်းထားသော အခြေခံအလုပ်သမားအားလုံး ယင်းလျော်ကြေးအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။

လူမှုဖူလုံရေးရန်ပုံငွေသည် လုပ်ငန်းအသေးစားနှင့် ဈေးအရောင်းအဝယ် လုပ်ငန်းတို့တွင် အလုပ်သမား လစာပမာဏကို မူတည်၍ အလုပ်သမားက (၃.၅) ရာခိုင်နှုန်းနှင့် အလုပ်ရှင်က (၅) ရာခိုင်နှုန်း အစိုးရသို့ ထည့်ဝင်ပေးသွင်းကြရခြင်းဖြစ်သည်။ ထိုသို့ထည့်ဝင်ထားမှုကြောင့် အစိုးရမှ အကျပ်အတည်းကာလတွင် ပြန်လည်ထောက်ပံ့ပေးခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက လာမည့်တနင်္ဂနွေနေ့တွင် ရွှေ့ပြောင်းအလုပ်သမားများ မည်မျှထိနစ်နာခဲ့ကြောင်း တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းယူမည်ဖြစ်ကြောင်း၊ ထိုမှတ်တမ်းအရ လုပ်ဆောင်စရာရှိသည်တို့ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေး လုပ်ငန်းကော်မတီမှ တွဲဖက်ဒါရိုက်တာ ဦးမြင့်ဝေက “အခုဟာက ရွှေ့ပြောင်းအလုပ်သမားတွေက နေ့စားတွေများတယ်။ (၂) လလောက်က အလုပ်လုပ်မရတော့၊ အိမ်လခပေးဖို့တို့၊ ထမင်းစားဖို့တို့ တော်တော် အခက်အခဲဖြစ်တယ်။ လူမှုဖူလုံရေး ရန်ပုံငွေ မထည့်ထားပေမယ့်လည်း ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ပေးဖို့သင့်တယ်။ ဘာလို့လဲဆိုတော့ ဒီ (၂) လအတွင်း အလုပ်ရှင်ကလည်း ပေးမှမပေးနိုင်တာ” ဟု ဆိုသည်။

ဆန္ဒပြကာလအတွင်း နစ်နာမှုနှင့်ပတ်သက်၍ ဆန္ဒပြရာနေရာအနီး ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေသော ကိုအောင်ထူးက “ကျနော်ဆို (၈) ရက်လုံးလုံး အိမ်ထဲမှာ နေလိုက်ရတယ်။ ဘယ်မှထွက်လို့ မဖြစ်ဘူး။ ဒီ (၂) လအတွင်း ဈေးမရောင်းရတာတွေ များတော့ သူဌေးတွေကလည်း မပေးနိုင်တော့ဘူး။ အစပိုင်းတုန်းက တဝက်လောက် ပေးတဲ့သူတွေ ရှိသေးတယ်။ အခုဆို အလုပ်လက်မဲ့ ဖြစ်နေကြတာ အများကြီးပဲ။ နောက် သုံးလေးရက်ဆို ကျနော်တို့က အိမ်လခပေးရတော့မယ်၊ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား (၈၀) ရာခိုင်နှုန်းခန့်သည် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ကိုင်စဉ်ကတည်းကပင် ပွဲစားများနှင့် လုပ်ကိုင်ခဲ့သဖြင့် ၎င်းတို့အလုပ်ရှင်နှင့် အလုပ်သမားတို့မှာ ကိုက်ညီမှု မရှိကြသည့်အတွက် ပွဲစားနှင့် လက်မှတ်လုပ်ကိုင်ခြင်း ရှောင်ရှားပြီး လုပ်ငန်းရှင်နှင့် တိုက်ရိုက်လုပ်ကိုင်သင့်ကြောင်း အလုပ်သမားရေး လုပ်ကိုင်နေသူများက သတိပေးထားသည်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းကျောင်းဆရာများ စွမ်းရည်မြှင့် သင်တန်းတက်

ရဲရင့် / ၂၆ မေ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ပညာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ မြန်မာရွှေ့ပြောင်း ကျောင်းဆရာများအတွက် မဲဆောက်မြို့တွင် စွမ်းရေမြင့်တင်ရေး မွန်းမံသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) က ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ရှေ့လတွင်စတင်မည့် ပညာသင်နှစ်၌ တပ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် ဆရာများ၏ ပညာသင်ကြားမှု စွမ်းရည်ပိုမို မြှင့်တင်ပေးခြင်းဖြစ်သည်ဟု အဖွဲ့၏ဒါရိုက်တာ ဆရာမ နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။



၎င်းက “ဒီသင်တန်းက ကလေးတွေအတွက် ပညာရေးအထောက်အကူဖြစ်စေတဲ့အပြင် ကျောင်းဆရာတွေကိုလည်း ပညာရေးပိုင်းဆိုင်ရာ ပို့ချရေး နည်းစနစ် အထောက်အကူတွေ အများကြီးရရှိစေတယ်။ နောက်ပြီး အရည်အချင်းရှိတဲ့ ကျောင်းဆရာတွေ အရည်အသွေး တိုးတက်ဖို့အတွက်နဲ့ ကျောင်းတိုင်း သင်ရိုးတွေကို တပြေးညီသင်ကြားနိုင်ဖို့ အတွက်ဖြစ်တယ်” ဟု ပြောသည်။

မေ (၂၄) ရက်မှ စသည့် (၅) ရက်ကြာ မွန်းမံသင်တန်းကို BMWEC အဖွဲ့မှ နည်းပြများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာပညာရေးအဖွဲ့အစည်း (၂) ဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ မူကြိုကျောင်းဆရာများ သင်တန်း၊ ကျောင်းအုပ်သင်တန်း၊ ကျောင်းဒါရိုက်တာသင်တန်း၊ ဆရာဆရာမအသစ် သင်တန်းများ ပါဝင်သည်။

ပြည်တွင်းရွှေ့ပြောင်းကျောင်း (၁၂) ကျောင်းအပါအ၀င် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မဲလမ၊ ဖို့ဖ၊ ထာ့ဆောင်ရမ်း စသည့် (၄) မြို့နယ်မှ ရွှေ့ပြောင်းကျောင်းဆရာ (၄၀၀) ခန့် သင်တန်း တက်ရောက်ခဲ့ကြသည်။

ရိုးစင်းသည့် နည်းစနစ်ပိုင်းဆိုင်ရာများကို ပြည်ပနည်းပြများထံမှ ရရှိခဲ့သဖြင့် သင်ကြားမှုအထောက်အကူ ပိုမိုရခဲ့သည်ဟု ပြည်တွင်းရွှေ့ပြောင်းကျောင်းမှ ဆရာမ နော်ခူးက ပြောသည်။

မူကြိုဆရာမတဦးဖြစ်သူ မရီရီက “ကလေးတွေကို ဗဟိုပြုသင်ကြားရေး ကဏ္ဍကတော့ မူကြိုကျောင်းဆရာတွေအတွက် ထိရောက်တန်ဖိုးရှိတဲ့ နည်းစနစ်တွေဖြစ်တော့ ကျမတို့အတွက် တကယ့်ကို အထောက်အပံ့ဖြစ်စေတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း (၄) မြို့နယ်တွင် မြန်မာရွှေ့ပြောင်းကျောင်း (၆၁) ကျောင်းရှိပြီး ကလေးငယ် (၁၂,၀၀၀) ခန့်ပညာသင်ကြားလျက်ရှိကာ အခြေအနေအရပ်ရပ်ကြောင့် စာသင်ကြားခွင့်မရသည့် ကလေးငယ်ပေါင်း (၂၀,၀၀၀) ခန့် ရှိသည်ဟု BMWEC အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။
အပြည့်အစုံသို့ >>

Wednesday, 19 May 2010

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

.မြတ်ခိုင်ဦး / ၁၉ မေလ ၂၀၁၀

ဘန်ကောက်မြို့တော်တွင် မီးရှို့မှုများ နေရာတိုင်း၌ ဖြစ်ပေါ်နေကာ အစိုးရမှ ည (၈) နာရီမှ မနက် (၆) နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။


ယနေ့နေ့လယ် (၁) နာရီခွဲတွင် အင်္ကျီအနီဝတ် ဆန္ဒပြခေါင်းဆောင်များ အဖမ်းခံ လိုက်သော်လည်း ဆန္ဒပြသူ အချို့သည် ဘန်ကောက်မြို့တော် နေရာတဝိုက်တွင် ပြန့်ကျဲ ရောက်ရှိသွားကာ အထင်ကရ အဆောက်အဦ များကို မီးတင်ရှို့မှုများ ဖြစ်ပွားနေပြီး ဘန်ကောက် မြို့တော် ကောင်းကင်ယံတွင် (၅) စီးထက်မနည်းသော ရဟတ်ယာဉ် များ ပျံဝဲလျက်ရှိသည်။

.ထိုသို့ အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ရွှေ့ပြောင်းအလုပ်သမား ရေးရာတာဝန်ခံ ကိုသက်ခိုင်က “ညမထွက်ရအမိန့်ဆိုတာ ရှင်းရှင်းပြောရရင် သတ်မှတ်ချိန်ကျော်လို့ မိမိနားနေရာမှာ မရှိဘဲ၊ လမ်းပေါ်မှာတွေ့ရင် လုံခြုံရေးအဖွဲ့ဝင်တွေက ပစ်ဖမ်းလို့ရတယ်။ မသိနားမလည်တာ တခုတည်းနဲ့ အသက်ပျောက်သွားနိုင်တယ်။ အဲဒီအတွက် အလုပ်သမား တွေ အခုညနေကစပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြပါ။ အချင်းချင်းဖုန်းနဲ့ ဆက်သွယ်သတိပေးကြပါ။ လိုအပ်ရင် အလုပ်သမား ရေးအဖွဲ့တွေကို သတင်းမေး သတင်းပို့ကြပါ။ ဖြစ်နိုင်ရင် တယ်လီဗီးရှင်းသတင်းတွေကို အမြဲဖွင့်ထားပါ” ဟု သတိပေးပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားအများစုသည် လုပ်ငန်းရှိရာ၊ နားနေရာများမှ မလိုအပ်ဘဲထွက်မည် မဟုတ်သည်ကို နားလည်သော်လည်း အများစုသည် နယ်စပ်ဒေသမှလာသော အလုပ်သမားများဖြစ်သည့်အတွက် ပါးရေနပ်ရေ အားနည်းသည်ဟု ၎င်းက ပြောသည်။

ဘန်ကောက်မြို့တော်တွင် အနီခေါင်းဆောင်များက ယနေ့နေ့လယ် (၁) နာရီခွဲတွင် အဖမ်းခံခဲ့သော်လည်း ယခင်က အနီဝတ်များကို လုံခြုံရေး ယူပေးခဲ့သော ဆန္ဒပြသူများက ဘန်ကောက်မြို့ပေါ်သို့ ပြန့်ကျဲထွက် သွားကာ အထင်ကရ နေရာများကို မီးတင်ရှို့ရန် ကြိုးပမ်းနေကြသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ မစ္စတာပန်တိနန်က ယနေ့ညနေ (၅) နာရီတွင် ရုပ်မြင်သံကြားလိုင်း အသီးသီးမှ ပြောကြားရာ၌ လူတိုင်းသည် မိမိ၏သက်သေခံ ကတ်ပြားများကို တပါတည်း ကိုင်ဆောင်ထားရမည်ဖြစ်ပြီး လိုအပ်၍ လုံခြုံရေးဝန်ထမ်းများမှ စစ်ဆေးလျှင် ပြသနိုင်ရမည်ဟုဆိုသည်။

ဘန်ကောက်မြို့တော်တွင် ရွှေ့ပြောင်းအလုပ်သမား (၂) သိန်းခန့်သည် အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ သွားလာလှုပ်ရှား နေရသည့် ဈေးရောင်း၊ စားသောက်ဆိုင်၊ ပန်းရန်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည့်အတွက် အချိန်မီ မိမိနားနေရာသို့ ပြန်ရောက်ရန်လိုကြောင်း၊ အရေးကြုံပါက ဆက်သွယ်ရန် အရေးပေါ် နံပါတ်မှာ ၀၂-၅၁၁၁၅၁၅ ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောကြားသည်။
အပြည့်အစုံသို့ >>

ဆန္ဒပြပွဲကာလအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အခက်အခဲ ဖြစ်ကြရ

.မြတ်ခိုင်ဦး / ၁၉ မေလ ၂၀၁၀၊ခေတ်ပြိုင်

ခေါင်းဆောင်များ အဖမ်းခံလိုက်ခြင်းဖြင့် ယနေ့အဆုံးသတ်သွားသည့် အင်္ကျီနီဝတ် ထိုင်းအစိုးရဆန့်ကျင်သူများ၏ ဆန္ဒပြမှု (၃) လကြာ ကာလအတွင်း ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားကြရသူများအနက် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း အပါအ၀င်ဖြစ်သည်။


အိမ်အကူအလုပ်သမားများ၊ ဈေးရောင်းဝယ်သမားများ၊ ဧည့်ကြိုလုပ်ငန်း လုပ်သူများနှင့် စားသောက်ဆိုင်ဝန်ထမ်းများ အစရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်လုပ်ကိုင်ရာ နေရာဒေသများတွင် အင်္ကျီနီဝတ် ဆန္ဒပြသူများနှင့် နှိမ်နင်းသည့် အစိုးရစစ်တပ်တို့အကြား ဖြစ်ပေါ်နေသည့် ပစ်ခတ်မှုများ၊ မီးရှို့မှုများကြောင့် အလုပ်အကိုင်ပျက်ကာ ၀င်ငွေထိခိုက်မှုများ ရှိခဲ့သည်ဟု သိရသည်။

.ဘန်ကောက် ပတူနမ်းတွင် ဧည့်ကြိုလုပ်ငန်းလုပ်ကိုင်နေသူ ကိုအောင်ဆန်းက “ကျနော့်ဆီ မြန်မာပြည်က အဖွဲ့တွေ သင်္ကြန်တွင်းတုန်းက လာမယ်ပြောတယ်၊ နောက်ပိုင်းမငြိမ်လို့ မလာတော့ဘူး။ အလုပ်မရှိတော့ ဝင်ငွေမရှိ၊ ဝင်ငွေမရှိတော့ ရှိတဲ့ဟာလေး စားနေတာ အခု ဘတ် (၅၀၀) ပဲကျန်တော့တယ်။ အစားအသောက်ဆိုင်တွေကလည်း ညနေ ( ၅) နာရီဆို ပိတ်တော့ စားရေးလည်း ဒုက္ခရောက်တယ်” ဟုဆိုသည်။

ပတူနမ်းနေရာသည် အင်္ကျီနီဝတ်များက ထိုင်းအစိုးရပြုတ်ကျရေး ဆန္ဒပြမှုများလုပ်ဆောင်နေသည့် ဘန်ကောက်မြို့လယ်ကောင်ရှိ ရတ်ချာပရာချွန် သပိတ်စခန်းအနီးတွင် တည်ရှိသည်။

ယင်းသပိတ်စခန်းချရာ နေရာဖြစ်သည့် စီလုံဆာလာဒါန်းတွင် အိမ်အကူအလုပ်လုပ်သော မလှဌေးက “ကျမက ဆာလာဒါန်းမှာ လုပ်တယ်လေ။ ဗုံးတွေဘာတွေ ကွဲတော့ သူဌေးလည်း မနေရဲတော့ဘူးပြန်ရော။ မဟုတ်ရင် သူဌေးအသစ် ရှာပေးခဲ့မှာလေ၊ သူမပြန်ခင် မေလကုန်ပေါ့။ အခုတော့ အလုပ်သစ်ရှာနေရတယ်” ဟု ပြောသည်။

စီလုံဒေသတွင် အဝတ်အထည်ရောင်းသော ကိုဘိုဘိုကမူ နိုင်ငံခြားသားဧည့်သည်များဖြင့် ပြန်လည်စည်ကားရန်ဆိုသည်မှာ အနည်းဆုံး (၅) လခန့် စောင့်ရလိမ့်မည်ဟုထင်ကြောင်း၊ ဈေးရောင်းကောင်းရန် အချိန်ကြာလိမ့်ဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “ကျနော့်ဆိုင်က သူဌေးက ဈေးရောင်းရတဲ့အပေါ် ပါဆန်းတိတ်ခ်ျ ပေးတာက တနေ့ကို အနည်းဆုံး ဘတ် (၄၀၀) လောက်ရတယ်၊ လခမပါသေးဘူး။ လခကတော့ သောင်းကျော်ပါတယ်” ဟု ဆိုကာ သူ့အဝတ်အထည်ဆိုင်သည် ပုံမှန်အားဖြင့် နေ့စဉ် ဘတ် (၃) သောင်းကျော် ရောင်းရသည်ဟု ပြောသည်။

ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမား (၂) သိန်းခန့် အလုပ်လုပ်ကိုင်နေကြပြီး ဆန္ဒပြကာလအတွင်း လုံခြုံရေးစိုးရိမ်မှုကြောင့် ပြင်ပသို့ မသွားလာရဲသူများလည်း ရှိကြသည်။ ထိုင်းအစိုးရ၏ စာရင်းဇယားများအရ ဘန်ကောက်ဆန္ဒပြမှု ကာလအတွင်း ဆုံးရှုံးခဲ့ရမှုများသည် ထိုင်းဘတ်ငွေ ဘီလီယံ (၇၀) ကျော်သွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းနှစ်ပတ်က သတင်းထုတ်ပြန်ခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ ဆုံးရှုံးမှုပမာဏကိုမူ တွက်ချက်ရန် ခဲယဉ်းကြောင်း၊ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday, 18 May 2010

ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမားများအား သတိပေး

ထိုင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အထူးသတိထား၍ အသွားအလာ အနေအထိုင် ဆင်ခြင်ရန်လိုကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြား လိုက်သည်။ ပြီးခဲ့သည့် မတ်လ (၁၂) ရက်မှစတင်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွား နေသော ရာထူးမှအဖြုတ်ချ ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသော အင်္ကျီအနီ ရောင်ဝတ် ဆန္ဒပြသူများနှင့် ထိုင်းအစိုးရတို့အကြား တင်းမာမှုအခြေအနေသည် စိုးရိမ်ရသည့် အနေအထားသို့ ယနေ့ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမားရေး လုပ်ကိုင်နေသော အဖွဲ့ အစည်းအသီးသီးရှိ ခေါင်းဆောင်များက သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားတရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောက “ရောထွေးမှုတခုခု မဖြစ်လာစေဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒီလိုအန္တရာယ်ရှိတဲ့ နေရာကို မသွားသင့်ပါဘူး။ အနီကော အစိုးရပိုင်းကပါ နှစ်ဘက်လုံး အခြေအနေက အလွန်တင်းမာနေပါတယ်။ အလွန်အလေးအနက် ထားရမှာဖြစ်ပြီး မရည်ရွယ်ဘဲ နားလည်မှုလွဲမှားစရာတွေ အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျနော်တို့ဟာ ထိုင်းမဟုတ်တဲ့အတွက် အထူးသဖြင့် ဘာသာစကားမတူတဲ့အတွက်ပါ” ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် ယခုလောလောဆယ်အခြေအနေတွင် မိမိ၏သက်သေခံကတ်ပြားကို တပါတည်းဆောင်ထားရန် လိုအပ်ပြီး လိုအပ်သောမိတ္တူများကိုလည်း မိမိအိမ်သို့မဟုတ် သူငယ်ချင်းတဦးဦးထံ ထားရှိသင့်ကြောင်း၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်သို့သွားရာတွင် လတ်တလောဖြစ်ပေါ်နေသော သတင်းများကို ထိုင်းဘာသာဖြင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ အသေအချာ လေ့လာပြီးမှ သွားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

(၂) လကြာ ဖြစ်ပွားနေသော ဆန္ဒပြပွဲအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပိုက်ဆံပေး၍ အားဖြည့် ခေါ်ဆောင်လာသည်ဟူသော အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။ ယင်းကဲ့သို့ သတင်းမျိုး ယခင်က အင်္ကျီအ၀ါဝတ် ဆန္ဒပြသူများ လက်ထက်တွင်လည်း ထွက်ပေါ်ခဲ့ဖူးပြီး မှန်သည်မှားသည်ကို မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။

ထိုင်းအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိစာရင်းသွင်းထားသော ခရိုင်ဒေသများတွင်သာ နေထိုင်လုပ်ကိုင်ကြရပြီး လုပ်ငန်းရှင်မပါဘဲ ခရိုင်ကျော် ဖြတ်သန်းသွားလာခွင့် မရှိပေ။ သို့ရာတွင် ယခုပြုလုပ်နေသော နိုင်ငံသားစိစစ်မှု ပြုလုပ်ရေး အစီအစဉ်အရ ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် ရထားပြီးသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ရှိသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီ (TACDB) မှ တွဲဖက်ဒါရိုက်တာ ဦးမြင့်ဝေက “လောလောဆယ်မှာ ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းပစ္စယာတွေကို အဆင်သင့်ဖြစ်အောင် လုပ်ထားကြပါ။ တချို့နေရာတွေမှာ ရုတ်တရက် မီးထလောင်တာတို့ ဘာတို့တွေလည်း ရှိနေကြတယ်။ ထိုင်းကတော့ ပြဿနာမရှိဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ နေလို့ရတယ်။ အလုပ်သမား (၂၀) လောက်က ပါဝင်ပတ်သက်ရင် အလုပ်သမား (၂) သန်းအတွက် ဒုက္ခရောက်သွားနိုင်တယ်” ဟု ဆိုသည်။

မတ်လ (၁၂) ရက်နေ့မှစတင်ကာ ဖန်ဖတံတား၌ အခြေချခဲ့သော အနီရောင်ဝတ်ဆန္ဒပြသူများသည် ဧပြီ (၃) ရက်တွင် မြို့လယ်ကောင် ရတ်ချာပရာချွန်တွင် စတင်နေရာယူခဲ့ပြီး သပိတ်စခန်းဖွင့်ကာ ယနေ့ထိ ထိုင်းအစိုးရပြုတ်ကျရေး ဆန္ဒပြမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဧပြီ (၁၀) ရက်နေ့ လူစုခွဲမှုအပါအဝင် ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ (၆၅) ဦးသေဆုံးခဲ့ပြီး (၁,၆၀၀) ကျော် ဒဏ်ရာရခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

၎င်းတို့အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား ရဝမ်လူမျိုး (၁) ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၆) ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်လက ထိုင်းအလုပ်သမားဝန်ကြီးက ဆန္ဒပြသူများနှင့် ပတ်သက်ဆက်နွှယ်သည့် ရွှေ့ပြောင်းအလုပ်သမား တွေ့ရှိပါက ဖမ်းဆီးအရေးယူ ထောင်ချမည်ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း အနီရောင် ဆန္ဒပြအင်္ကျီဝတ်၍ ဈေးရောင်းနေသော မြန်မာ (၂) ဦး နှင့် ကမ္ဘောဒီးယား (၁) ဦးတို့ ခေတ္တယာယီ ထိန်းသိမ်းခံခဲ့ရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော အနီဝတ်သူများဘက်မှ ထောက်ခံအားပေးသူ ထိုင်းစစ်တပ်အကြံပေး ဗိုလ်ချုပ် ခတ်တိယ (အသက်၅၉နှစ်) သည် ယနေ့နံနက် ၉နာရီ၂၀မိနစ်တွင် ကွယ်လွန်ခဲ့သည့်အတွက် ယင်းဖြစ်ရပ်သည် အခြေအနေကို ပိုမိုတင်းမာလာစေနိုင်သည်ဟု ထိုင်းနိုင်ငံရေး အကဲခတ်များက ဆိုသည်။

ထိုင်းအစိုးရက ယနေ့ မွန်းလွဲ (၃)နာရီကို နောက်ဆုံးထား၍ မြို့လယ်ကောင်မှ ဖယ်ပေးရမည်ဟု ဆန္ဒပြသူများကို ကြေညာထားပြီး ဆန္ဒပြလူအုပ်ကို စစ်တပ်၊ ရဲ ရာပေါင်းများစွာဖြင့် ဝိုင်းရံထားသည်။
အပြည့်အစုံသို့ >>

ထိုင်းတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူမည်

မြတ်ခိုင်ဦး   /   ၁၂ မေလ ၂၀၁၀

ထိုင်းနိုင်ငံတွင် လုပ်သားပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခေါ်ယူရန် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အမှုဆောင်ကော်မတီမှ ပြီးခဲ့သည့် သောကြာနေ့က သဘောတူညီလိုက်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် အတ်ချာကာ စီဘူရူယန်က အမှုဆောင်ဒါရိုက်တာများအဖွဲ့ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း လိုအပ်ချက်များအရ ဒေသတွင်း လိုအပ်နေသော အလုပ်သမားအရေအတွက် (၃) သိန်းမှ (၅) သိန်းကို ဖြည့်ဆည်းရန်အတွက် နိုင်ငံခြားသား အလုပ်သမားများအား ငှားရမ်း အသုံးပြုခွင့် ရရှိရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယင်းသဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ပါရှိသည်။ 


ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီမံကိန်းများတွင် ကျွမ်းကျင်သူများနှင့် ထိုင်းလူမျိုးဝန်ထမ်းများကိုသာ ငှားရမ်းအသုံးပြုလေ့ရှိသော်လည်း ယခုအခါတွင် စွမ်းရည်နိမ့်နှင့်စွမ်းရည်မြင့် လုပ်သားပြတ်လပ်မှုကို ကုစားရန်အတွက် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည်ဟု သိရသည်။

အဆိုပါခွင့်ပြုချက်အရ နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ရသော အကြီးစား စက်မှုလုပ်ငန်းများမှာ လျှပ်စစ်နှင့်လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ကားနှင့်ကားပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ် ချုပ်လုပ်မှုလုပ်ငန်းနှင့် ဖိနပ်ခြေအိတ် ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုံလောက်သော လုပ်သားအင်အားမရှိပါက ထိုင်းအစိုးရ၏အရှိန်အဟုန်မြင့် စီမံကိန်းများသည် အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်းသွားလိမ့်မည် ဖြစ်သည့်အတွက် ဤအခြေအနေကို ထိန်းသိန်းရန်အတွက် အစိုးရမှ သဘောတူခဲ့ခြင်းဖြစ်သည်ဟု စက်မှုလုပ်ငန်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ ခွန်မိုင်က “အခုသူတို့ခေါ်မယ်ဆိုတာက Board of Investment (BoI) က ခေါ်တာလေ။ သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလေ၊ အဲဒီတော့ သူတို့ ဘယ်လိုခေါ်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ယာယီပတ်စပို့စ် ကိုင်တဲ့သူလား၊ ပတ်စပို့စ် အကြီးကိုင်တဲ့ အလုပ်သမားလားပေါ့၊ အရင်က နားလည်မှု စာချွန်လွှာတွေကတော့ ယာယီပတ်စပို့စ် လုပ်သားတွေအတွက်ပါ” ဟု ဆိုသည်။

မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့သည် ၂၀၀၃ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမား ငှားယူရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်သည်။

ထိုသို့ခေါ်ယူရာတွင် အလုပ်သမားများ ရရှိနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍ “သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဆိုတော့ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်။ အလုပ်သမားတွေအတွက် အခွင့်အရေးလည်း အပြည့်အဝရမယ်၊ လုပ်ခလည်း နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းရမယ်” ဟု ၎င်းက ဆက်ပြောသည်။

စွမ်းရည်နိမ့်လုပ်သားဆိုသည်မှာ 3D ဟုခေါ်သည့် Dirty, Dangerous, Difficult သန့်ရှင်းမှုနည်းခြင်း၊ အန္တရယ်များခြင်း၊ ခက်ခဲပင်ပန်းခြင်း စသည့်အလုပ်မျိုးကို လုပ်ဆောင်သူများဖြစ်ပြီး စွမ်းရည်မြင့်လုပ်သားသည် အဆင့်မြင့် အတတ်ပညာ၊ နည်းပညာများ တတ်ကျွမ်းသူများကို ဆိုလိုသည်။

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက် မြင့်မားနေပြီး ယခုတရားဝင်တည်ရှိနေသော (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားထု၏ အလုပ်အကိုင်နှင့်ပတ်သက်၍ ထိခိုက်စရာ အကြောင်းမရှိသည့်အပြင်၊ ရွှေ့ပြောင်းအလုပ်သမားများသည်လည်း ဤလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP