Showing posts with label မလေးအလုပ်သမား သတင်း. Show all posts
Showing posts with label မလေးအလုပ်သမား သတင်း. Show all posts

Sunday, 11 July 2010

မလေးရှားတွင် မြန်မာချင်း ပြန်ပေးဆွဲသူ ဖမ်းမိ

.ဘစောတင် Friday, July 02, 2010
မလေးရှား နိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အချင်းချင်း ပြန်ပေးဆွဲမှု တရပ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီမှာ မြန်မာ အချင်းချင်း ပြန်ပေးဆွဲတာ ဒီတခါနဲ့ ဆို ၂ ခါ ရှိပြီလို့ ပြောလို့ရတယ်။ မလေးရှားမှာ ထုတ်တဲ့ အင်္ဂလိပ် သတင်းစာရော၊ မလေးသတင်းစာမှာရော ပါလေတော့ ဟိုးလေးတကျော် ဖြစ်သွားပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား) ဌာနခွဲမှ ဥက္ကဋ္ဌ ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စိုက်ပျိုးရေးသမားအဖြစ် အလုပ်လုပ်နေသူ အေးမင်းဝင်းက အသက် ၂၀ ကျော် အရွယ်ရှိ မြန်မာ အမျိုးသမီးတဦးကို ပြန်ပေးဆွဲကာ မလေးရှား ရင်းဂစ် ၁၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၃၀၀ ခန့်) ဖြင့် ပြန်ရွေးရန် တောင်းဆိုခဲ့သည်။

အသက် ၃၀ အရွယ် အေးမင်းဝင်းက ပြန်ပေးဆွဲခံရသော အမျိုးသမီး၏ သူငယ်ချင်းထံတွင် အဆိုပါငွေကို တောင်းခံခဲ့ ခြင်းဖြစ်သည်။
.မလေးရှား ရင်းဂစ် ၂၈,၀၀၀ နှင့် ပြန်ရွေးယူရန် ညှိနှိုင်းပြီးနောက် ပြန်ပေးဆွဲခံထားရသူ၏ သူငယ်ချင်းက ဇွန်လ ၉ ရက်၊ ည ၉ နာရီခွဲတွင် ကွာလာလမ်ပူ မြို့လယ်ရှိ မန္တလေး စားတော်ဆက်၌ သွားပေးခဲ့ရသည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ဖော်ပြထားသည်။

ထို့နောက် မလေးရှားရဲများက ဝိုင်းပြီး ငွေလက်ခံသူ အေးမင်းဝင်း အပါအ၀င် အသက် ၂၀ နှင့် ၃၀ ကြားရှိ သံသယရှိသူ မြန်မာ ၅ ဦးကို ဖမ်းဆီးခဲ့သည်။

ယင်းတို့ အထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပေးသည့် လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်ဟု ကွာလာလမ်ပူ မြို့တော် မှုခင်းထောက်လှမ်းရေး ဒုတိယအကြီးကဲ ဒါတွတ် ကူချင်ဝါ က က ပြောသည်။

“ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးကို ငွေပေး ရွေးပြီးတဲ့နောက် သံသယရှိသူ ၅ ယောက်ကို ရဲက ဖမ်းဆီး စစ်ဆေးခဲ့ရာမှာ UNHCR ကတ် ကိုင်ထားတဲ့သူ ၄ ဦး ပါတာကို တွေ့ရတယ်။ ရဲက ငွေတွေကို ပြန်သိမ်းဆည်းနိုင်ခဲ့တယ်။ အားလုံးကို စစ်ဆေးပြီးတဲ့နောက် အဓိက တာဝန်ရှိတဲ့ ပြန်ပေးသမား အေးမင်းဝင်းကို ဖမ်းဆီး ထိမ်းသိမ်းခဲ့တယ်” ဟု ဒါတွတ် ကူချင်ဝါက The Star သတင်းစာသို့ ပြောထားသည်။

ထို့အပြင် ပြန်ပေးဆွဲခံရသူ အမျိုးသမီးသည် အဓမ္မပြုကျင့်ခံခဲ့ရပုံ ရှိသည်ဟုလည်း ဒါတွတ် ကူချင်ဝါက ဆိုသည်။

အေးမင်းဝင်းကို ပြန်ပေးဆွဲမှု အက်ဥပဒေဖြင့် စွဲချက်တင်ထားရာ ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်ပါ ကျခံရနိုင်သည် ဟု သိရသည်။
“ဒီမှာ မိန်းကလေးတွေ အများကြီး လာပြီး အလုပ်လုပ်နေကြတာရှိတယ်။ ဒါကို ကူညီစောင့်ရှောက်ရမယ့်အစား အခုလို လုပ်တာကတော့ အင်မတန် ရှက်စရာကောင်းပါတယ်။ ဒီလိုလူမျိုးတွေကို ဖော်ထုတ်ပြီး ကောင်းကောင်း အပြစ်ပေး သင့်တယ်”ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား ဌာနခွဲ) မှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ကိုမျိုးခိုင်က ပြောသည်။

လက်ရှိအခြေအနေအရ မလေးရှား နိုင်ငံတွင် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာ နိုင်ငံမှ အမျိုးသမီးများ၏ ဘ၀ လုံခြုံမှု နည်းပါးလာပြီး စိုးရိမ်ဖွယ်ရာ ရှိလာကြောင်း မြန်မာအမျိုးသမီးများအရေး ဆောင်ရွက်နေသော မလေးရှားနိုင်ငံ မှ Multi National Women Organization of Burma အဖွဲ့ က ပြောကြားသည်။

မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသား အလုပ်သမား အများဆုံးရှိသော နိုင်ငံဖြစ်ပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသူများအပါအ၀င် မြန်မာ စုစုပေါင်း ၃ သိန်းကျော် ရှိသည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူ များက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>

Friday, 25 June 2010

မလေးရှားက တရားမ၀င် မြန်မာအလုပ်သမားများကို ပြန်ပို့ ၊ မြန်မာ့ရွှေဈေးတက်

ရွှေအောင် ၂၃ ဇွန် ၂၀၁၀

မလေးရှားက မြန်မာအလုပ်သမားတွေ အဲအေးရှား အထူးလေ ယာဉ်နဲ့ မြန်မာပြည်ကို ပြန်ပို့ဖို့လုပ်နေပြီး မြန်မာ့ရွှေဈေးတွေလည်း ဆက်တက်နေ တုန်း ဖြစ်ပါတယ်။ မလေးရှားမှာ (Over Stay)အိုဗာစတေးနဲ့ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို အခုရက်ပိုင်းအတွင်းမှာ ဖမ်းပြီး အဲအေးရှားအထူးလေယာဉ်နဲ့ ပြန်လွှတ်ဖို့ လုပ်နေတယ်လို့ မလေးရှား အန်အယ်လ်ဒီအယ်လ်အေဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။

  “ဒီလထဲမှာ နောက်ထပ် စီမံချက် တခုလုပ်လိုက်တာက အဲအေးရှား ကနေ ပြီးတော့ သူ့ရဲ့ အရောင်းမြှင့်တင်ဖို့အတွက် မလေးရှားအစိုးရရယ်၊ ကမ္ဘာ့လွတ်ငြိမ်း ချမ်းသာအဖွဲ့ကြီးကနေပြီးတော့ ဒါကို တောင်းဆို လိုက်တာပေါ့နော်။ ဒီမှာ ဒုက္ခ ရောက်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဘာကြောင့် ပြန်လို့ မရတာလဲ ဆိုတော့ လေယာဉ်စရိတ် ဈေးကြီးတာရယ်၊ တရားဝင် ပြန်ခွင့် မရှိတာရယ်ပေါ့။”

“ဒါကြောင့် ဈေးနှုန်းချိုချိုသာသာနဲ့ ပြန်ခွင့်ပေးမယ်ဆိုရင် သူတို့အတွက် သက်သာမယ် ဆိုပြီး အဲဒီလိုတောင်းဆိုလိုက်တော့ ဒီနိုင်ငံအစိုးရကလည်း ဟိုးအရင် ကတည်းက သူတို့ချထားတဲ့ စီမံချက်က နိုင်ငံခြားသားလျှော့ချရေးဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်တဲ့အခါမှာ ဒီမှာ ရှိတဲ့ နိုင်ငံခြားသား နှိမ်နင်းရေးအဖွဲ့ရယ်၊ ရဲဌာနရယ်၊ လ၀ကရယ်၊ သုံးယောက်ပေါင်းပြီးတော့ ဒီမှာ တရားမ၀င် အိုဗာစတေး ဖြစ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးပြီး အခုအချိန်ကစပြီးတော့ အပေါ်လမ်းက နေ ပြန်ပို့နေတာပေါ့နော်။”

အထူးသဖြင့် စနေ၊ တနင်္ဂနွေနေ့တွေမှာ မြန်မာအလုပ်သမားတွေ ထိုင်လေ့ ရှိတဲ့ စားသောက်ဆိုင်တွေမှာ ၀င်ဖမ်းတယ်လို့လည်း ဆိုပါတယ်။ ပတ်စပို့နဲ့ တရားဝင်လာပြီး အလုပ်လုပ်နေသူတွေကတော့ သူတို့ကိုခေါ်တဲ့ အေးဂျင့်နဲ့ အလုပ်လုပ်တဲ့ နေရာမှန်ရင် အရေးမယူပါဘူး၊ အလုပ်နေရာ ပြတာက တနေရာ အလုပ်လုပ်တာက တနေရာဆိုရင်တော့ ဖမ်းတယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်ကနေ အလုပ်သမား စေလွှတ်တဲ့ အေဂျင်စီတခုရဲ့ အဆိုအရ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၇၀ ရာခိုင်နှုန်းက မလေးရှား သွားကြတယ်လို့ ပြောပါတယ်။

အခုစီမံချက်မှာ မြန်မာတွေတင် ဖမ်းတာ မဟုတ်ပါဘူး။ အင်ဒိုနီးရှား စတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအားလုံးကို ဖမ်းနေတာပါ၊ အဲအေးရှားလေကြောင်း လိုင်းရဲ့ ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်ထားချက်အရ ရန်ကုန်-ကွာလမ်လာပူ တကြောင်း သွားကို မလေးရင်းဂစ် ၂၉ ကျပ်တသောင်းလောက်နဲ့ ပြေးဆွဲမယ်၊ ခရီးစဉ်ကို ဇူလိုင် လ ၂၀ ကနေ ၂၀၁၁ ခုနှစ် မေလ ၈ ရက်အထိ ပြေးပေးမယ်လို့ သိရပါတယ်။

တရိပ်ရိပ်တက်နေတဲ့မြန်မာ့ရွှေဈေးက ဒီနေ့လဲ အမြင့်ဈေးမှာရှိနေတုန်းပါ။ ရန်ကုန်အခေါက်ရွှေဈေးက တကျပ်သား ခြောက်သိန်းငါးသောင်းလေးထောင်ပါ၊ ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေးလည်း လိုက်တက်တာလို့ ရွှေဆိုင်ပိုင်ရှင်တဦး က ပြောပါတယ်၊ ပြီးခဲ့တဲ့ မေလလယ်ပိုင်းကစပြီး ရွှေဈေးက ခြောက်သိန်းလေးသောင်း အထိ တက်ခဲ့ပြီး၊ ရွှေဈေးသမိုင်းတလျှောက် အမြင့်ဆုံးစံချိန် ရောက်ခဲ့ပါတယ်၊ အခုဇွန်လ နှောင်းပိုင်း အရောက်မှာလည်း ခြောက်သိန်းငါးသောင်းအထက်မှာပဲ စံချိန်တင် ရှိနေ တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Wednesday, 16 June 2010

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အရေးယူပေးရန် (၆၅) ဖွဲ့က တောင်းဆို

မြတ်ခိုင်ဦး/၁၅ ဇွန် ၂၀၁၀ ခေတ်ပြိုင်

မလေးရှားနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်း (၆၅) ဖွဲ့တို့က ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်း၍ Klang, Selangor တွင်ရှိသော Maxter Glove Manufacturing Co.Ltd က အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို အရေးယူပေးရန် မလေးရှားအစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ Supermax Corporation ကုမ္ပဏီကြီး၏ လက်အောက်ခံတခုဖြစ်သည့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ်များ ထုတ်လုပ်သည့် Maxter Glove Manufacturing ကုမ္ပဏီက ၎င်းတို့စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ငွေကြေးအရ ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်းဖြစ်သည်။

အဆိုပါ Maxter Glove ကုမ္ပဏီက အလုပ်ရှင်ပေးသွင်းရမည့် လုပ်သားငှားရမ်းခ အခွန်အား အလုပ်သမားလစာမှ ဖြတ်ယူခြင်း၊ ရင်းဂစ် (၁၈၀) သာကုန်ကျသော ကျန်းမာရေးဆေးစစ်ခကို အလုပ်သမားထံမှ ရင်းဂစ် (၁,၀၀၀) နုတ်ယူခြင်း၊ အလုပ်သမားများအား (၂) လစာ လခမပေးဘဲ နေရာထိုင်ခင်းမပေးခြင်း၊ နားရက်မရှိ တနေ့ အလုပ်ချိန် (၁၃) နာရီအထိ ခိုင်းစေခြင်း၊ မလေးရှားဥပဒေအရ ပြဋ္ဌာန်းထားသည့် အိုဗာတိုင်ကြေး မပေးခြင်း စသည်တို့အပြင် အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခေါင်းပုံဖြတ် မတရားမှုများအား အလုပ်မှ အထုတ်ခံရသူ ကိုသုမောင်က Subang Jaya အလုပ်သမားဌာနသို့ တရားဝင်တိုင်တန်းခဲ့ပြီးသည့်နောက် Port Kalang မြို့ရှိ အလုပ်သမားဌာနသို့ ထပ်မံတိုင်တန်းခဲ့ရာမှ ဌာနက အရေးယူ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် Burma Campaign Malaysia မှ ကိုထွန်းထွန်းက “စက်ရုံရဲ့ ၀ယ်လက်အားလုံးဟာ အမေရိကနဲ့ ဥရောပကဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်အဖွဲ့တွေ ပူးပေါင်းလာကာ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်လာပြီး စက်ရုံကို ဖိအားပေးနိုင်ဖို့ အခုလို (၆၅) ဖွဲ့ ပူးပေါင်းပြီးထုတ်လိုက်ရတာ။ နောင်မှာ မလေးရှားက စက်ရုံတွေအနေနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာလာလိမ့်မယ်၊ အထူးသဖြင့် ဒီကိစ္စ အောင်မြင်သွားရင်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့သော အလုပ်ရှင်ဆိုးများက မတရားမှုများအား ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီး ယခုကဲ့သို့ အင်အားစု (၆၅) ဖွဲ့မှ ပူးပေါင်းအရေးဆို တောင်းဆိုမှုမျိုးသည် မလေးရှားနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရ တာဝန်ရှိသူများက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာပြည်သား အများဆုံးပါဝင်ပြီး (၆၀) ရာခိုင်နှုန်းသည် တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်နှင့် ဒုက္ခသည် (၂) သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ထုတ် မလေးရှား မာဒေးကားရီဗျူး သတင်းစာကြီးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို မေးမြန်းသော်လည်း မည်သို့မှ ပြန်လည်ဖြေကြားခြင်းမပြုဟု သိရသည်။
အပြည့်အစုံသို့ >>

Tuesday, 25 May 2010

နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည်

 မြတ်ခိုင်ဦး   /   ၂၄ မေ ၂၀၁၀


မလေးရှားအစိုးရမှ နိုင်ငံတွင်းရှိ အလုပ်လုပ်ခွင့်သက်တမ်း ကျော်လွန်ပြီး နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများ၊ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားများအား အရေးယူခြင်းမရှိဘဲ မိမိနိုင်ငံသို့ ပြန်ခွင့်ပြုတော့မည်ဖြစ်သည်။

မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးအရေးယူမှုများ မလုပ်ဘဲ သက်ညှာခွင့်ပြုသည့်အနေဖြင့် မကြာခင်ကာလအတွင်း မိမိနိုင်ငံရင်းသို့ ပြန်လည်ထွက်ခွာခွင့်ပြုတော့မည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် သောကြာနေ့က ဖော်ပြသည်။
အစိုးရကတ်ဘိနက်အဖွဲ့ဝင် ဝန်ကြီး (၁၇) ဦးအပါအ၀င် အစိုးရအေဂျင်စီများပါ တက်ရောက်သည့် နိုင်ငံခြားသားနှင့် တရားမဝင်အလုပ်သမားများအရေး ဆွေးနွေးသည့် အစည်းအဝေးတွင် ဒု-ဝန်ကြီးချုပ် တန်စရီမူဟစ်ဒင်ယာဆင်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခု မလေးရှားအစိုးရက ထုတ်ပြန်သည့် သက်ညှာခွင့်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံနှင့် အိမ်အကူ အလုပ်သမားများ ခံစားခွင့်ရှိမည်ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် သက်ညှာခွင့်ပြုခဲ့သော ၂၀၀၂ ခု နှင့် ၂၀၀၄ ခုနှစ်တို့တွင်လည်း ရာထောင်ချီသော အလုပ်သမားအများအပြား အိမ်ပြန်ခဲ့ကြသည်။

ထိုသတင်းနှင့်ပတ်သက်၍ အလုပ်လုပ်ခွင့်သက်တမ်းကျော်လွန်ပြီး နေထိုင်ခွင့်ပါလွန်နေသူ မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ကျနော်က မြန်မာနိုင်ငံ ဧရာဝတီတိုင်း လပွတ္တာမြို့ကပါ။ ဒီမှာ သံပန်း သံတခါးလုပ်ငန်းမှာ ဆေးမှုတ်ပါတယ်။ နာဂစ်ဖြစ်ပြီးကတည်းက ပြန်ချင်နေတာ အိုနေတော့ ပြန်ဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်တာ။ အခုတော့ ပြန်ဖို့ အဆင်ပြေသွားတယ်။ ဟိုမှာ မိသားစု အဆင်ပြေလို့ ပြန်တာမဟုတ်ပါဘူး။ ရောက်နေတာလည်း (၆) နှစ်ကျော်သွားပြီ။ နာဂစ်တုံးက ဖရိုဖရဲ ဖြစ်သွားတဲ့ မိသားစုဘ၀လေးကို ကိုယ်ဖိရင်ဖိ ကူညီချင်လို့ ပြန်တာပါ။ ကျနော့်မှာ ပါတ်စပို့ရှိတယ်၊ သက်တမ်းကတော့ အင်တုံးထုထားတယ်။ မင်္ဂလာဒုံလေဆိပ်ကြမှပဲ အင်တုံးကိစ္စကို ငွေပေးပြီးရှင်းရမှာပေါ့” ဟု ဆိုသည်။

မပြန်တော့ဟု ဆုံးဖြတ်ထားသည့် အလုပ်သမားတဦးကမူ “ကျနော် ဒီကိုရောက်တုန်းကတော့ တရားဝင်ပါ။ နောက်ပိုင်းစက်ရုံမှာ လစာမကောင်းလို့ အခုလုပ်နေတဲ့ တွင်ခုံလုပ်ငန်းမှာ ၀င်ခုပ်နေပါတယ်။ ဘယ်လိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးပေး ကျနော်ကတော့ မပြန်ဘူး။ ဒီနိုင်ငံမှာ ဘာပဲဖြစ်ဖြစ် တလကို (၁) သိန်းလောက် အိမ်ကို ငွေပြန်ပို့ပေးနိုင်သေးတယ်။ ဟိုကိုပြန်သွားရင် အလုပ်မရှိဘဲ မိဘဆီက ငွေပြန်တောင်းနေရမယ်။ အဖမ်းအဆီးတွေကြမ်းလို့ အဖမ်းခံရတော့မှပဲ ပြန်တော့မယ်။ ကျနော်တို့ အရင်ရောက်တဲ့သူတွေ ပြောသလို မလေးရှား မိုးကုန်မှ ပြန်မယ်ဗျာ။ မလေးရှားက အမြဲတမ်း မိုးရွာနေတော့ မိုးမကုန်ဘူးလေ” ဟု ဆိုသည်။

နိုင်ငံခြားသား အလုပ်သမားများအား သက်ညှာခွင့်ပေးမည်ဟု မလေးရှားအစိုးရက ထုတ်ပြန်ပြောဆိုနေသကဲ့သို့ နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လာနေမှုကို ထိန်းချုပ်သောအားဖြင့် အလုပ်သမားခွန်ကိုလည်း နောက်နှစ်မှစ၍ လုပ်ငန်းပိုင်း ကဏ္ဍအလိုက် သော်လည်းကောင်း၊ အလုပ်သမားအရည်အသွေးအရ သော်လည်းကောင်း တိုးမြှင့်ကောက်ခံသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် အလုပ်သမားအခွန်(လဲဗီး) တိုးမည်ဆိုသည့်အစီအစဉ်ကို ကုန်သည်ကြီးများအဖွဲ့အချို့မှ ကန့်ကွက်ကြောင်း ကြေညာသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ကိုင်နေသော Burma Campaign Malaysia မှ ဒါရိုက်တာ ကိုထွန်းထွန်းက “ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်းမှာ အလုပ်သမားခွန် (လဲဗီး) ကို ထပ်မံတိုးမြှင့်မယ်လို့ ကြေညာတာကို ကြည့်ခြင်းအားဖြင့် မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို ထပ်မံခေါ်ယူဖို့ ကန့်သတ်မှုတွေ လုပ်တော့မယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ၂၀၀၄ ခုနှစ်တုန်းက မြန်မာတွေ တော်တော် ပြန်ကြတယ်။ ဒီတခေါက်မှာ ပြန်မယ့်သူနည်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကပြန်တဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ မလေးကို ပြန်ရောက်လာကြတယ် ” ဟု ပြောသည်။

၂၀၀၄ ခုတွင် သက်ညှာမှုပေးစဉ်က နိုင်ငံပေါင်းစုံမှ အလုပ်သမား (၂၃၀,၀၀၀) ပြန်သွားခဲ့ကြပြီး၊ မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှထုတ်ပေးသည့် CI ဆိုသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက် တနည်းအားဖြင့် နေရပ်ရင်းပြန်ရန် ထုတ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်ကြေးကို မပေးချင်သောကြောင့် လူကုန်ကူးသူများကို အားကိုးခဲ့ကြသည့်အတွက် ရင်းဂစ် (၉၅၀) ကုန်ကျခဲ့ကြကြောင်း၊ လူကုန်ကူးသူများအတွက် အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု သက်ညှာခွင့်အစီအစဉ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သို့မှ ထူးခြားမည်မဟုတ်ကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်စားသောက်ရသည်မှာ မလွယ်ကူသဖြင့် မလေးရှားမှာပင် ဖြစ်သလိုရှာဖွေ ရပ်တည်ရခြင်းက ပိုမိုအဆင်ပြေနေသဖြင့် ပြန်ပါဆိုသော်လည်း မပြန်ဘဲ ဆက်လက် အလုပ်လုပ်ကိုင်နေကြဦးမည် ဖြစ်သည်ဟု အလုပ်သမားတဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာအုပ်စုကမူ ထိုသက်ညှာခွင့်အစီအစဉ်တွင် ၎င်းတို့အား မထည့်သွင်းဘဲ ပလပ်ပေးပါရန်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သော်လည်း ယခင် ၂၀၀၂၊ ၂၀၀၄ ခုနှစ် သက်ညှာခွင့်တို့တွင် ရိုဟင်ဂျာများအား အစုလိုက် အပြုံလိုက် ပြန်ပို့ခြင်းခံခဲ့ရသည့်အတွက် ထိုသို့မဖြစ်ပွားစေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘနားမားသတင်းစာတွင် ဖော်ပြထားသည်။

ထိုသက်ညှာခွင့်သည် အစိုးရ၏သဘောတူညီချက် အဆင့်သာဖြစ်ပြီး မည်သည့်အချိန် စတင်၍ မည်သည့်အချိန်တွင် အဆုံးသတ်မည် ဆိုသည်တို့ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
အပြည့်အစုံသို့ >>

Tuesday, 18 May 2010

မလေးရှားရောက် မြန်မာလုပ်သား ၁၀၀၀ ကျော် ဖမ်းဆီးခံရ

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ မေလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၅ မိနစ် 


 နယူးဒေလီ (မဇ္ဈိမ) ။     ။ လုပ်သက် ၅ နှစ်ပြည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား မလေးရှားအစိုးရက အလုပ်လုပ်ခွင့် သက်တမ်း တိုးမပေးတော့သဖြင့် တရားမဝင် အလုပ်သမားများ ဖြစ်သွားရာမှ ဖမ်းဆီးမှုများပါ ရှိလာသောကြောင့် လွန်ခဲ့သည့် ၃ ပတ်အတွင်း မြန်မာဦးရေ ၁၀၀၀ ကျော် အဖမ်းခံရပြီ ဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် မြန်မာလုပ်သား ၂၀၀ ခန့် တရားမဝင် အလုပ်သမားများ ဖြစ်သွားကာ ယခင်ကတည်းက တရားမဝင် နေထိုင်သူများကိုပါ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ရောပြွန်းဖမ်းဆီးနေခြင်း ဖြစ်သည်။ “၅ နှစ်ပြည့်သွားရင် လုံးဝ မပေးတော့ဘူး။
 မြန်မာနိုင်ငံ နိုင်ငံရေး မငြိမ်သက်တာရယ်၊ တကယ်လို့ ပြန်ရင်လည်း အစိုးရကို အခွန်ဆောင်ရတာတွေ၊ လမ်းစရိတ်တွေ အများကြီး ကုန်တဲ့အတွက် မပြန်ချင်ကြဘူး။ အလုပ်ပါမစ် မရှိတော့ မလေးအစိုးရက ဖမ်းတယ်” ဟု မလေးရှားအခြေစိုက် ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ARRC ဒုဥက္ကဋ္ဌ ကိုသန်းဦးက ပြောသည်။
ရဲနှင့် လဝက အာဏာပိုင်များက တရက်လျှင် တရားမဝင် နိုင်ငံခြားသား ဦးရေ ၁၀၀ ခန့် ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် မြန်မာအမျိုးသား၊ အမျိုးသမီးများက ၅၀ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။

နိုင်ငံတဝှန်းရှိ မြို့ဒေသများတွင် ကားဂိတ်၊ ရထားဘူတာနှင့် လူသူထူထပ်ရာ နေရာများတွင် ဖမ်းဆီးနေသကဲ့သို့၊ ရဲနှင့် လဝက က မလေးရှား အရပ်သားများကိုပင် ဖမ်းဆီးပိုင်ခွင့် ပေးထားကြောင်း သိရသည်။

မလေးရှားအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ မလေးရှားဌာနခွဲ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးကျော်မိုးက “သက်တမ်း မတိုးပေးတာက  အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ မလေးရှားနိုင်ငံလည်း ပြဿနာ အများကြီး ရှိနိုင်မယ်။ တရားမဝင် အလုပ်သမားတွေ ဖမ်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက မလေးရှားအနှံ့ အသေးစား ကုမ္ပဏီကအစ မရှိတာ မရှိသလောက်ပဲ။ သူတို့နိုင်ငံသားတွေ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို လုပ်တယ်။ ဒါကြောင့် သူတို့နိုင်ငံလည်း ပြဿနာ တက်နိုင်တယ်” ဟု ပြောသည်။

၅ နှစ်သက်တမ်းပြည့် နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်းထပ်မတိုးရန် အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း ပြီးခဲ့သည့်မတ်လ တတိယအပတ်တွင် စတင် အကောင်အထည် ဖော်ကာ ပြီးခဲ့သည့်လ နောက်ဆုံးပတ်တွင် စတင်လိုက်သည့် အဖမ်းအဆီးသည် ယခုတပတ်အတွင်း ပိုမိုကြမ်းတမ်းလာသည်။

အဖမ်းအဆီး အသေးစိတ်ကို ပိုမိုသိရှိရန်အတွက် မြို့နယ် ၃ မြို့နယ်ရှိ လဝက နှင့် အလုပ်သမား ဌာနများသို့ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့က ဖြေကြားရန် ငြင်းဆိုကြသည်။

အလုပ်သက်တမ်းတိုးရာ၌ ရိုးရိုး အလုပ်သမားများသည် မလေးရှား ရင်းဂစ် ၁၃၀၀ နှင့် ကုမ္ပဏီက ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသူများသည် ရင်းဂစ် ၂၈၀၀ ပေးဆောင်ကြရပြီး၊ အလုပ်သမားဌာနများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများက တရက်အတွင်း သက်တမ်းတိုးပေးသည်။ သက်တမ်းတကြိမ်တိုးလျှင် ၂ နှစ်မှ ၅ နှစ်အထိ ရရှိကြသည်။

သက်တမ်းတိုးမရသဖြင့် မြန်မာပြည်သို့ ပြန်ရန်နှင့် မလေးရှားတွင် ဆက်လက်နေထိုင်ရန် ခက်ခဲသောကြောင့် UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒုက္ခသည်အဖြစ် အစောင့်အရှောက် ရရှိရန်အတွက် လာရောက်လျှောက်ထားသူဦးရေ များပြားလာကြောင်း သိရသည်။

ယခင်က တရက်လျှင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ အရေအတွက်မှာ တရက်လျှင် ၁၅ ဦးမှ ၂၀ ဦးအထိ ရှိခဲ့သော်လည်း အလုပ်သမားကဒ် သက်တမ်းတိုးမပေးသည့်နောက် တနေ့လျှင် ဦးရေ ၃၀ မှ ၄၀ အထိ လာရောက်လျှောက်ထားကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ UNHCR ရုံး မြန်မာစကားပြန် ဦးဗျက်လျန်က ပြောသည်။

သို့သော် UNHCR က ဒုက္ခသည်အဖြစ် အလွယ်တကူ သတ်မှတ်ပေးခြင်း မရှိကြောင်း သိရသည်။

ဦးဗျက်လျန်က “UNHCR က အရင်လို ဖြစ်သလို မလုပ်ဘူး။ အတော်လေး ကျပ်လာတယ်။ work permit ကုန်လို့ လာလျှောက်သူတွေတော့ UNHCR က လုံးဝ လက်မခံဘူး။ တကယ် မြန်မာနိုင်ငံမှာ နေလို့မရသူတွေနဲ့ မြန်မာပြည်မှာနေရင် အသက်စိုးရိမ်ရသူတွေကို လက်ခံတယ်” ဟု ပြောသည်။

မြို့နယ်ဒေသအသီးသီးတွင် ဖွဲ့စည်းထားသည့် မြန်မာတိုင်းရင်းသား လူမျိုးစုများ အသိုင်းအဝိုင်း တွေ့ဆုံပွဲများတွင် သတ်မှတ်ခဲ့သည့် စာရင်းများအရ မလေးရှားတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော်နှင့် နိုင်ငံခြားသား အလုပ်သမားပေါင်း ၂ သန်းကျော် ရှိနေသည်။

မလေးရှား အကျဉ်းထောင်း၊ ရဲစခန်း၊ ဒုက္ခသည်စခန်းများတွင် အဖမ်းခံရသူ မြန်မာများမှာ ၉၀၀၀ ကျော် ရှိသည့်အနက် UNHCR လက်မှတ်ကိုင်ဆောင်သူ ၄ဝဝဝ ခန့် ရှိကြောင်းနှင့် UNHCR မှ တာဝန်ရှိသူများက ၁-၂ ခြားဆိုသလို ဦးရေ ၁၀၀ မှ ၂၀၀ ကြားအား ပြန်လည်ထုတ်ပေးနေကြောင်း မြန်မာဒုက္ခသည် အသိုင်းအဝိုင်းက ပြောဆိုသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ၂ သိန်းနီးပါးရှိသည့်အနက် မြန်မာနိုင်ငံသားများမှာမူ တသိန်းနီးပါး ရှိကြောင်းနှင့် မလေးရှားရှိ နိုင်ငံခြားသား ဒုက္ခသည်များထဲတွင် မြန်မာများမှာ အများဆုံးဖြစ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် မလေးရှားရှိ UNHCR ရုံး၏ စာရင်းတွင် ဖော်ပြထားသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
အပြည့်အစုံသို့ >>

မလေးရှိ မြန်မာအလုပ်သမား (၅) ဦး ပြန်လည်လွတ်မြောက်

 မြတ်ခိုင်ဦး / ၁၄ မေလ ၂၀၁၀  


 အလုပ်သမားခွန် ဖြတ်တောက်သည်ကို သဘောမတူသဖြင့် မလေးရှားအလုပ်ရှင်နှင့်ရဲ ပူးပေါင်းကာ ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား ခေါင်းဆောင် (၅) ဦးသည် ယမန်နေ့က ပြန်လည်လွတ်မြောက်လာသည်။ အဆိုပါ မြန်မာအလုပ်သမားများအား မေလ (၁၂) ရက် ည (၇) နာရီခန့်တွင် မလေးရှားရဲက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ Malaysia Trade Union Congress (MTUC) ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
MTUC နှင့် ပူးတွဲ ကူညီဆောင်ရွက်ခဲ့သော Burma Campaign Malaysia မှ ကိုထွန်းထွန်းက “သက်ဆိုင်ရာရဲစခန်းကို MTUC က ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတော့ ရဲက သေသေချာချာ မဖြေနိုင်ဘဲ နောက်ဆုံး ညနေကြရင်လွှတ်ပေးမယ်ပြောပြီး လွှတ်ပေးတာ” ဟု ဆိုသည်။

ယခုအဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာကြသည့် အလုပ်သမားများမှာ Selangor ပြည်နယ်၊ Kelanajaya Quarter, Kuala Lumpur ဆင်ခြေဖုံးရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြပြီး အလုပ်ရှင်မှာ တရုတ်လူမျိုးသူဌေးဖြစ်ကာ ရဲအရာရှိတဦး ရှယ်ယာဝင် ပေါင်းစပ်ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

ယင်းဆိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၆) ဦးရှိပြီး အလုပ်သမားအခွန်မဖြတ်ရန် ဦးဆောင်တောင်းဆိုခဲ့သူ (၅) ဦးကို ပိုင်ရှင်က ရဲခေါ်ဖမ်းခိုင်းခြင်းဖြစ်သည်။

ယခုပြန်လည်လွတ်မြောက်လာသူ (၅) ဦးအနက် တဦးဖြစ်သည့် ကိုအောင်လင်းဌေးက “ကျနော်တို့ အရင်က ဘာမှမသိပါဘူး။ တရက်မြို့ထဲရောက်တုန်း သူရိယဂျာနယ် ၀ယ်ဖတ်လိုက်မှ လဲဗီးဖြတ်လို့မရဘူးဆိုတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီလဲဗီးငွေ တလကို ရင်းဂစ် (၁၂၀) မဖြတ်ရင် ကျနော်တို့ ငွေပိုစုဆောင်းနိုင်မယ် ဆိုတာတွေးမိပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဂျာနယ်ပေးဖတ်ပြီးတော့ အားလုံးတိုင်ပင်ပြီး သူဌေးကို မဖြတ်ဖို့ သွားပြောဖြစ်သွားတယ်။ ကိုထွန်းထွန်းတို၊ ကိုရန်နိုင်ထွန်း တို့ကလည်း သူတို့လုပ်ပေးနိုင်သလောက် အစွမ်းကုန်ကူညီလို့ ကျနော်တို့ ဒီနေ့ အဆင်ပြေသွားပါတယ်။ ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

အလုပ်သမားခွန် (Levy) သည် နိုင်ငံခြားသားအလုပ်သမားများအား ခေါ်ယူငှားရမ်းသည့် လုပ်ငန်းပိုင်ရှင်များက မလေးရှားအစိုးရအား ပေးဆောင်ရသော အခွန်ငွေဖြစ်သည်။

လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ အခွန်သတ်မှတ်ခြင်းဖြစ်ပြီး အလုပ်သမားတဦးလျှင် ကုန်ထုတ်အတွက် ရင်းဂစ် (၁,၂၀၀)၊ စိုက်ပျိုးရေးအတွက် ရင်းဂစ် (၄၅၀)၊ ဆောက်လုပ်ရေးအတွက် ရင်းဂစ် (၁,၂၀၀)၊ စားသောက်ဆိုင်လုပ်ငန်းအတွက် ရင်းဂစ် (၁,၈၀၀) စသည်ဖြင့် တနှစ်အတွက် သတ်မှတ်ထားရှိသည်။

မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ အရ ယင်းအခွန်ကို အလုပ်ရှင်က ပေးဆောင်ရသော်လည်း ၁၉၈၀ ခုနှစ်ဝန်းကျင် နိုင်ငံခြားသားအလုပ်သမားများ စတင်ခေါ်ယူစဉ်မှစ၍ သက်ဆိုင်ရာနိုင်ငံများနှင့် နားလည်မှုစာချွန်လွှာ ချုပ်ဆိုရာတွင်
အလုပ်သမားမှ ပေးရမည်ဟု စာချုပ်တွင်ထည့်သွင်းခဲ့သည်။

သို့သော် ယခုအခါ မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားနည်းသွားစေရန် ရည်ရွယ်၍ ယမန်နှစ် ဧပြီ (၁) ရက်မှစတင်ကာ အလုပ်သမားခွန်ကို အလုပ်သမားများထံမှ ဖြတ်တောက်ခွင့်မရှိဘဲ အလုပ်ရှင်ကသာ ပေးဆောင်ရန် တရားဝင် ကြေညာထားသော်လည်း အလုပ်ရှင်များက ဆက်လက်ဖြတ်နေကြဆဲဖြစ်ကြောင်း ကိုထွန်းထွန်းက ပြောသည်။

၎င်းက “ကျနော်ပြောချင်တာကတော့ ဒီမှာရှိတဲ့ မြန်မာအလုပ်သမားများ ညီညွတ်ကြပါ။ မိမိတို့အခွင့်အရေးအတွက် တောင်းဆိုကြပါ။ လိုအပ်ရင် ကျနော်တို့ ကူညီပါ့မယ်။ များသောအားဖြင့် မြန်မာအလုပ်သမားများဟာ မညီညွတ်ကြဘူး။ သူဌေးတွေက ခွဲရင် အလွယ်ပဲကွဲကြတယ်” ဟု ဆိုသည်။

MTUC သည် မလေးရှားနိုင်ငံရှိ တခုတည်းသော အစိုးရအသိအမှတ်ပြု ယူနီယံဖြစ်ပြီး၊ အလုပ်သမားများ၏ ရပိုင်ခွင့်အတွက် မားမားရပ်ပြီး လုပ်ကိုင်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှုအကူအညီများ ရရှိရေးအတွက် မြန်မာအဖွဲ့အစည်းများအနေဖြင့် အချိန်ယူကြိုးစားခဲ့ကြရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

မြန်မာပြည်တွင်း၌ စီးပွားရေးကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ထိုင်း၊ မလေးရှား၊ တရုတ် စသည့် နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် လုပ်ငန်းရှင်များ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများ ခံကြရပြီး အချို့အသက်ဆုံးရှုံးမှုများပင် ရှိသည်ကို တွေ့ရှိရသည်။
အပြည့်အစုံသို့ >>

Sunday, 9 May 2010

မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ်

မြတ်ခိုင်ဦး/ ၇ မေ ၂ဝ၁ဝ ခေတ်ပြိုင် 

မလေးရှားနိုင်ငံရှိ လုပ်သက် (၅) နှစ် ပြည့်သွားသော မြန်မာအပါအ၀င် နိုင်ငံခြားသား ရွှေ့ ပြောင်းအလုပ်သမားများအား မလေးရှားအစိုးရက အလုပ်လုပ်ခွင့်သက်တမ်းများ ထပ်တိုးမပေးတော့ဟု သိရသည်။ လူဦးရေ (၂၅) သန်းရှိသော မလေးရှားနိုင်ငံတွင် (၂.၂) သန်းရှိနေသော နိုင်ငံခြားသား ရွှေ့ ပြောင်းအလုပ်သမားများအား (၁.၅) သန်းအထိ လျှော့ချရန် ရည်ရွယ်၍ မလေးရှားအစိုးရက သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်မည့်အကြောင်းကို ယခုနှစ်ဦးပိုင်းတွင် အလုပ်သမားဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့က တရားဝင် ပြောကြားခဲ့သော်လည်း ယခုရက်ပိုင်းမှစ၍ သက်တမ်းတိုးပေးမှုများကို စတင်ရပ်ဆိုင်းလာခြင်းဖြစ်သည်။

မလေးရှားမှ သက်တမ်းတိုးရန် ငြင်းပယ်ခံရသူတဦးက “ကျနော့်နာမည် စောလှမြင့်ပါ၊ ဧရာဝတီတိုင်းက ကရင်လူမျိုးပါ၊ ဒီမှာ စတီးဂဟေဆော်တဲ့ အလုပ်လုပ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်လို့ တနေ့ကို (၅၀) ရင်းဂစ်ရပါတယ်။ အိုဗာတိုင်ရှိရင် တနေ့ကို ပျမ်းမျှ (၇၅) ရင်းဂစ်လောက်ရပါတယ်။ သက်ဆိုင်ရာ လ၀ကကို အရင်အပတ်က သူဌေးကသွားတယ်။ လ၀က က သက်တမ်းတိုးလို့မရပါ၊ (၅) နှစ်ပြည့်သွားပြီ၊ ပြန်ပို့ဖို့အတွက် စီစဉ်ပါလို့ ပြောတယ်လို့သိရတယ်။ ကျနော့်သက်တမ်းက (၆) လပိုင်းဆိုရင် ကုန်ပြီ။ သူဌေးကတော့ ပြောပါတယ်၊ နေရဲရင် အလုပ်ဆက်ခန့်မယ်လို့ ပြောတယ်။ ပြန်သွားရင် စုဆောင်းထားတာ မရှိတော့ ပြန်လာဖို့မလွယ်ဘူး။ ရွာမှာလည်း အလုပ်အကိုင်တွေ အဆင်မပြေတော့ မိသားစုကလည်း နေလို့ရသလောက်နေပါလို့ ပြောနေတော့ မပြန်ဘဲ အိုဖို့ဆုံးဖြတ်လိုက်တာပါ။ ကံမကောင်းလို့ ရဲအဖမ်းခံရမှပဲ ပြန်တော့မယ်ဗျာ” ဟုဆိုသည်။
သက်တမ်းဆက်တိုးမပေးတော့သော်လည်း မြန်မာပြည်သားအများစုသည် နေရပ်ရင်းသို့ မပြန်လိုသူများထဲတွင် ထိပ်ဆုံးမှ ရှိနေပြီး ဒုက္ခသည်အဖြစ် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သို့ လျှောက်ထားမည့်သူ များလာနေသည်ဟု သိရသည်။
မလေးရှားနိုင်သို့ လာရောက် အလုပ်လုပ်ကိုင်သူများသည် (၃) နှစ် စာချုပ်ဖြင့် ပထမဦးစွာ အလုပ်လုပ်ရပြီး အလုပ်ရှင်က နှစ်သက်ပါက ထပ်မံ၍ (၂) နှစ်ဆက်လက် လုပ်ကိုင်ခွင့်ရှိသည်။ ထို့နောက် လုပ်ငန်းရှင်မှ ထပ်မံခန့်ထားလိုပါက လုပ်ငန်းကျွမ်းကျင် လက်မှတ်လျှောက်ရပြီး ရခဲ့လျှင် ထပ်မံ၍ (၅) နှစ် နေခွင့်ရှိပြီး စုစုပေါင်း (၁၀) နှစ် နေထိုင် လုပ်ကိုင်နိုင်ခွင့်ရှိသည်။
ယခုအခါတွင် အိုဗာစတေးဖြင့် နေထိုင်သော အလုပ်သမားများအား မလေးအစိုးရကလည်း နေ့စဉ်ရက်ဆက် ဆိုသလို ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
မလေးရှားတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေးစခန်း (၁၃) ခုရှိပြီး တခုလျှင် အနည်းဆုံးလူဦးရေ (၁,၀၀၀) ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကာ ထိုသူများထဲတွင် မြန်မာနိုင်ငံသား (၃,၀၀၀) မှ (၅,၀၀၀) အထိ အထိန်းသိမ်းခံနေရသည်။
မလေးရှားနိုင်ငံအတွင်း အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်နေသော Burma Campaign Malaysia မှ ကိုထွန်းထွန်းက “အခုကိစ္စနဲ့ပတ်သက်ပြီး မလေးအစိုးရအနေနဲ့ မှားယွင်းတဲ့ ပေါ်လစီလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိလုပ်ငန်း ကျွမ်းကျင်သူတွေကို ပြန်ပို့ပြီး အသစ်တွေကို ခေါ်ယူခွင့်ပေးထားတော့ လုပ်ငန်းရှင်တွေအနေနဲ့နစ်နာတယ်။ တဖက်ကလည်း ပို့ကုန်လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်။ ဒါကြောင့် အလုပ်ရှင် အလုပ်သမား နှစ်ဖက်နစ်နာမှုတွေ ဖြစ်စေတယ်။ အကျိုးအမြတ် ရသူတွေကတော့ အလုပ်သမား ခေါ်ယူပေးတဲ့ ပွဲစား (အေးဂျင့်) တွေပဲ ဖြစ်တယ်” ဟု ဆိုသည်။
မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား (၇) သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး သံပန်းသံတခါး လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊ အီလက်ထရောနစ် အပိုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း စသည်တို့တွင် မြန်မာအလုပ်သမားအများစု လုပ်ကိုင်လေ့ရှိကာ ယခင်က တနေ့လျှင် (၁၈.၅) ရင်းဂစ်အနည်းဆုံး ရရှိကြပြီး ယခုနောက်ပိုင်း ဝင်ရောက်လာသူများသည် လ၀က၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကြောင့် တနေ့လျှင် (၂၁) ရင်းဂစ် ရရှိကြသည်။
အပြည့်အစုံသို့ >>

Monday, 5 April 2010

မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ

freedomnewsgroup

အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကိုမင်းစောဦး ဆိုသူသည် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ
ဆီလန်ဂါရှိ ကလန်မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ ရှိ ရကြောင်း ယနေ့ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏
တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်
တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေး
ဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။

ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေးမှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီး
ထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။
ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။
စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့်  နိုင်ငံတွင် များတွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များမှ ခေါင်းပုံဖြတ်မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိ
ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ထိုသို့ ဖြစ်ပွားခဲ့လျှင်လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။
အပြည့်အစုံသို့ >>

Friday, 15 January 2010

မလေးရောက် ကရင်နီ ၅ ဦး ပွဲစားလက်မှ လွတ်မြောက်

.ကို(၂) / ဇန်န၀ါရီ ၁၄၊ ၂၀၁၀

မလေးရှားနိုင်ငံရောက် ကရင်နီအမျိုးသား ၅ ဦး အလုပ်အကိုင် လိုက်လံရှာဖွေပေးသော ပွဲစားတို့၏ လိမ်လည်လှည့်ဖျားမှု လက်အောက်မှ လွတ်မြောက်ခဲ့ကြသည်ဟု ကရင်နီလူမှုစောင့်ရှောက်ရေး အသင်းက ပြောသည်။

အလုပ်ပွဲစားမှ အဆိုပါ ကရင်နီ ၅ ဦးအား တဦးလျှင် မလေးရင်းဂစ် ၁၀၀ (ဘတ် ၉၅၀ ခန့်) ကောက်ခံကာ တယ်လီဖုန်းရုံးတွင် အလုပ် ရှာပေးမည်ဟု ပြောဆိုထားပြီး ပြီးခဲ့သည့် ၁၂ ရက်နေ့က ကားဖြင့် ခေါ်ဆောင်သွားခဲ့သော်လည်း အလုပ်ရုံ မဟုတ်သည့် ကားလမ်းမကြီး တနေရာတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။



.
“ကယားကလေး ၅ ယောက် ကားနဲ့ သယ်သွားတယ်။ အလုပ်ကိစ္စနဲ့တဲ့။ ဖုန်းဆက်လာတယ်။ မြန်မာအလုပ်သမား အေဂျင်စီကို ကျနော် ဆက်လိုက်တယ်။ ကျနာ့်လူတွေကို ဘယ်ကို ထည့်ပေးလိုက်တာလဲလို့ မေးတယ်။ သူတို့ ပို့ပေးလိုက်တာ သူတို့ ဘယ်သွားလဲတော့ မသိဘူးလို့ ပြောတယ်။ နောက်ရဲကို ဆက်လိုက်တယ်။ အကျိုးအကြောင်းကို ပြောပြတော့ ရဲက သူတို့ နောက်ကို လိုက်သွားတော့တာပေါ့။ အဲ့ဒါနဲ့ ပြန်လွတ်လာကြတာ” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် ကရင်နီလူမှုကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပက်ထရစ် ဂျိမ်းစ် (Patrick James)က ပြောပါသည်။

ယခင်နှစ်များတွင်လည်း ယခုလို အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်မှာ ၅ ကြိမ်လောက် ရှိခဲ့ဖူးသည်ဟု ပက်ထရစ်ဂျိမ်းစ်က ဆက်ပြောသည်။

အလုပ်ပွဲစားတို့၏ လိမ်လည်မှု လက်ထဲမှ လွတ်မြောက်လာသော ကရင်နီအမျိုးသား ၅ ဦးထဲမှ တဦးက “ဒီဗမာ တယောက်လည်း ဖုန်းဆိုင်မှာ အလုပ်သွားလုပ်မယ် ပြောတယ်။ နောက်ပြီးမှ သူက ဘင်္ဂလား တယောက်ဆီကို ဆက်တယ်။ ကားနဲ့ လာကြိုတယ်။ အလုပ် ရှာပေးမယ်ပေါ့။ သွားရင်လည်း ဖြောင့်ဖြောင့်မသွားဘူး။ ဟိုချောင်းမှာ နားလိုက်၊ ခြုံထူတဲ့ နေရာတွေမှာ နားလိုက် လုပ်နေတယ်လေ။ နောက်ဆုံးတော့ ရဲက သူ့ကို လိုက်တယ် ထင်တယ်။ ကျနော်တို့ကို တောင်ကုန်းတနေရာမှာ ချန်ထားလိုက်တယ်။ ဒီမနက်မှ ပြန်လာရတာ” ဟု ပြောသည်။

ပွဲစားလက်မှ လွတ်မြောက်လာသော ကရင်နီအမျိုးသား ၅ ဦးသည် မလေးရောက် ကရင်နီဒုက္ခသည်များ ဖြစ်ကြပြီး ယခုလောလော ဆယ်၌ ကရင်နီလူမှုကူညီစောင့်ရှောက် ရေးအသင်းရုံးတွင် ခေတ္တနေထိုင်ကြသည်။

မလေးရှားနိုင်ငံတွင် ယူအဲန်အိတ်ခ်ျစီအာမှ မှတ်ပုံထားသည့် ကရင်နီဒုက္ခသည်ပေါင်း ၇၀၀ ကျော်ရှိပြီး မှတ်ပုံတင်မထားသေးသည့် လူဦးရေ အပါအ၀င် ၁၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

အပြည့်အစုံသို့ >>

Thursday, 24 December 2009

မြန်မာ ၁၅၀ ခန့်ကို မလေးအာဏာပိုင်များက ဖမ်းဆီး

Tuesday, 22 December 2009 16:55 ၀ါးရှီးဖော မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မန်တာလီ ရပ်ကွက်ရှိ အိမ်ရာဝန်းတခုကို အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ရာ မြန်မာ ၁၅၀ ခန့် အပါအဝင် စုစုပေါင်း လူ ၅၀၀ ခန့်ကို ဖမ်းဆီးသွား ခဲ့ကြောင်း ကြားသိရသည်။

မန်တာလီ ရပ်ကွက်တွင် တရားမ၀င်နေထိုင်သူ မြန်မာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အာဖရိကတိုက် နိုင်ငံများမှ အလုပ်သမားများစွာ ရှိပြီး အဆိုပါ ဖမ်းဆီးမှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။


“များသောအားဖြင့် မြန်မာတွေက ပတ်စ်ပို့စ် ရှိကြပါတယ်။ ဖမ်းသွားတဲ့ လူတွေကို ရဲစခန်းရောက်မှ စစ်ဆေးပြီး ပတ်စ်ပို့စ် ရှိရင်တော့ ပြန်လွှတ်ပေးတယ်။ ပတ်စ်ပို့စ်ရှိတဲ့ လူကြီးပိုင်းတွေကိုကျတော့ ရဲစခန်းအထိ ခေါ်မသွားတော့ဘူး” ဟု အဆိုပါ ဖမ်းဆီးမှုကို မြင်တွေ့လိုက်သူ ကိုစောကျော်နိုင်က ဧရာဝတီသို့ပြောသည်။

မလေးရှားနိုင်ငံသူတဦးကို အာဖရိက တိုက်သားတဦးက သတ်လိုက်သည့် လူသတ်မှု ကိစ္စအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများနှင့် တရားမဝင် နေထိုင်သူ များအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်ထဲရေးတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရရှိထားသော သတင်းများအရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သူကဆိုသည်။

အဆိုပါအိမ်ရာတွင် A မှ G အထိ တိုက် ၇ လုံးရှိသည့်အနက် G၊ F၊ E၊ D လေးလုံးကိုသာ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

“အိမ်ရာအပြင်ကနေ ပိတ်ဆို့ပြီး ဖမ်းတယ်။ နောက်ပြီး ရဟတ်ယာဉ် တစ်စင်းက အိမ်ရာထဲကို ဆလိုက်ထိုးပေးထားပြီး ထွက်ပြေးတဲ့ သူတွေကို လိုက်ရှာတယ်” ဟု ကိုစောကျော်နိုင်က ပြောပြသည်။

မန်တာလီ ရပ်ကွက်သည် မူးယစ်ဆေးဝါးမှုများ၊ ဒုစရိုက်မှုများ နှင့်ပတ်သက်မှု ရှိသည်ဆိုသည့် သတင်းကို အာဏာပိုင်များ ရရှိထားသဖြင့် ယခုကဲ့သို့ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သော မြန်မာများက ပြောဆိုသည်။

အဖမ်းခံရသူများကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ ချက်ချင်း ဆီးစစ်ပြီး ထွက်လာသည့် ရလဒ် အပေါ်မူတည်၍ တည်ဆဲ ဥပဒေအရ အရေးယူကာ ကျန်ရှိနေသော တရားမ၀င်နေထိုင်သူများကို စမုံညင်း စခန်းတွင် တရားစီရင်၍ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စမုံညင်း စခန်းသည် မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းထားရာ နေရာ ဖြစ်သည်။

ယခုလမှစ၍ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်လာသော နိုင်ငံခြားသားအားလုံးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ကာ ကွာလာလမ်ပူမြို့ အနောက်ဘက်တွင် ရှိသော ဒေသများကို ပစ်မှတ်ထား၍ ဖမ်းဆီး စစ်ဆေးနေသည်ဟု မလေးရှား နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုထွန်းထွန်းကပြောသည်။

သိန်းနှင့်ချီသော မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး အလုပ်သမား အခွင့်အရေးကိစ္စ၊ လူမှုဆက်ဆံရေးကိစ္စရပ်တို့ကြောင့် မြန်မာအလုပ်သမားများနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များ မကြာခဏ ပြဿနာများ ဖြစ်ပွားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထားသော မြန်မာအလုပ်သမားပေါင်း ၂၈၀၀ ခန့်ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP