Friday 23 October 2009

တောင်ကိုရီးယားတွင် တရားမဝင်လုပ်သား ဖမ်းဆီးမှုကြမ်း

ကျော်ခ
သောကြာနေ့၊ အောက်တိုဘာလ 23 ရက် 2009 ခုနှစ် 16 နာရီ 10 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ဖမ်းဆီးမှုမှာ ယခင် နှစ်များထက် သိသာစွာ ပိုများလာနေသည်။

ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးများက ရထားဘူတာနှင့် လူစည်ကားရာ နေရာများတွင် သာမက စက်ရုံထဲအထိပါ ရှောင်တခင် ဝင်ရောက်ပြီး နိုင်ငံကူး လက်မှတ်ပါ ဗီဇာသက်တမ်း ကုန်ဆုံးသူများကို ဖမ်းဆီးမှုများ ရှိသည်။

“အခုဟာက စက်ရုံနယ်မြေတွေနဲ့ စက်ရုံတွေထဲထိ ဝင်ဖမ်းနေတယ်။ အဖမ်းအဆီးက ကြမ်းတယ်။ ဖမ်းဆီးဝင်တဲ့ အချိန်မှာ ထွက်ပြေးတာတွေ ဘာတွေရှိရင် ထိုးနှက်တာတို့၊ ရိုက်နှက်တာတို့ ဖြစ်လာတယ် ဆိုတော့ ရှောင်ပုန်းဖို့ ဆိုတာက မလွယ်ပါဘူး” ပူချွန်းမြို့တွင် အခြေစိုက်သော Burma Action Korea မှ အလုပ်သမားရေးရာမှူး ကိုအောင်တင်ထွန်းက မဇ္ဈိမကို ပြောသည်။

တရားမဝင် အလုပ်လုပ်နေသူများကို ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည် ဖြစ်ကြောင်း ပြီးခဲ့သည့်လက ကြေညာ ထားခဲ့သည်။

ဖမ်းဆီးထားသူများမှ ငွေရှိသူများကို လေယာဉ်လက်မှတ် ဝယ်ခိုင်း၍ ချက်ချင်းပြန်ပို့မည် ဖြစ်ပြီး ငွေမရှိသူနှင့် ငွေ မပါလာသူများကိုမူ အလုပ်ရှင်ထံ လေယာဉ်လက်မှတ်ခ တောင်းယူကာ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား တွင် မြန်မာနိုင်ငံသား အလုပ်သမား ဦးရေ ၄ ထောင်ကျော် ရှိနေပြီး၊ လေးပုံတပုံခန့်က တရား မဝင် လုပ်သားများဖြစ်သည်ဟု အလုပ်သမားရေးရာ အန်ဂျီအိုများက ခန့်မှန်းကြသည်။

ဆိုးလ်၊ အန်ဆန်း၊ ယူကျုံဘူ၊ ပူချွန်းနှင့် ပူဖျောင်းမြို့တို့တွင် မြန်မာအများဆုံး နေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှလည်း လာရောက် အလုပ်လုပ်နေသူများ ရှိနေသည်။

“ကျနော့် အသိမိတ်ဆွေတွေလည်း အဖမ်းမခံရအောင် တော်တော်လေးကို ပုန်းအောင်းနေကြရတာပေါ့ဗျာ။ မြန်မာပြည်မှာက စားဝတ်နေရေး ခက်ခဲတော့ သူတို့အနေနဲ့ ပြန်ပို့မခံရအောင် ကျီးလန့်စာစားဘဝနဲ့ ပုန်းအောင်း ပြီး အလုပ်လုပ်နေကြရတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနမှ ဆလိုင်းကျော်ကျော်က ပြောသည်။

အာရှကျားစာရင်းဝင်နိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ပျမ်းမျှ ၂ သိန်း ၂ သောင်းကျော်ရှိကြောင်း ဗြိတိန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI ၏ ယမန်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်လာပြီးမှ ဗီဇာသက်တမ်းလွန် နေထိုင်ခြင်းဖြင့် တရားမဝင် လုပ်သားများ ဖြစ်ကုန်တော့သည်။ သူတို့ထဲမှ အများစုသည် အန္တရာယ်ရှိသော အလုပ်များ လုပ်ကြရပြီး အချိန်ကြာမြင့်ခြင်း၊ လုပ်ခလျှော့ပေးခြင်းတို့ ကြုံရသည်ဟု AI က ပြောသည်။

မြန်မာနိုင်ငံတွင် “ရွှေအင်းဝ” ဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီတခုတည်းက တောင်ကိုရီးယားသို့ အလုပ်သမား စေလွှတ်မှု လုပ်ဆောင်နေသည်။ ကိုရီးယား ဘာသာစကား စာမေးပွဲ အောင်မြင်သူ အသက် ၃၀ နှစ်အောက် လူငယ်ကို ရွေးချယ် စေလွှတ်ပေးပြီး၊ တဦးလျှင် ကျပ်သိန်း ၅၀ ခန့် ကုန်ကျသည်။ လုပ်သားတဦးသည် ပျမ်းမျှအားဖြင့် တလလျှင် ဒေါ်လာ ၇၀၀ ခန့် ရရှိကြသည်။

တောင်ကိုရီးယားသို့ သွားလိုသူ နှစ်စဉ် သိန်းချီလာရောက် စုံစမ်း မေးမြန်းကြသည်ဟု အေဂျင်စီ သတင်း ရပ်ကွက် များက ပြောသည်။ တောင်ကိုရီးယားသို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဆိုပါက အသွားအတွက် ပင်လျှင် အမေရိကန်ဒေါ်လာ ၈၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။

ဂျပန်နှင့် တရုတ်ပြီးလျှင် အာရှ၏ စီးပွားရေး အင်အားအကြီးဆုံး တောင်ကိုရီးယားသည် မြန်မာနိုင်ငံ၏ နံပါတ် ၈ မြောက် ကုန်သွယ်ဘက် အကြီးဆုံး နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ၂၀၀၈-၀၉ တွင် အမေရိကန် ဒေါ်လာ ၂၅၂ သန်း ရှိသည်။
အပြည့်အစုံသို့ >>

ဆန္ဒပြအရေးဆိုသူများက ကုမ္ပဏီကို လျော်ကြေးပေးရ

ရေနံဈေးနှိမ်ဝယ်ယူသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့သော မှော်လုပ်သားများသည် ဖမ်းဆီးထိန်းသိမ်းခံ ရရုံ သာမက လျော်ကြေးပါ ပေးဆောင်ကြရပြီး အမှုပိတ်သိမ်းခံရကြောင်း နှောပင်ရေနှံမှော်မှ တွင်းပိုင်တဦးက ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ် နှောပင်ရေနံမှော်မှ ရေနံရှာဖွေသူများသည် (၆) လကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ကြရပြီးနောက် ကောင်းဇော်ဟိန်း ကုမ္ပဏီက ၎င်းတို့ထံမှ သိန်း (၂၅၀) လျော်ကြေးတောင်းကာ အမှုပိတ်သိမ်းခဲ့ ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ (၇) လပိုင်းကုန်လောက်က ကုမ္ပဏီက သိန်း (၂၅၀) တောင်းပြီး အမှုကို ကျေအေးရုပ်သိမ်းလုပ်သွားတာ။ ပခုက္ကူထောင်မှာ အဖမ်းခံထားရတဲ့ လူ (၂၀) လောက်လည်း ပြန်လွတ်လာတယ်။ သူတို့အပြင် အမှုနဲ့ဆက်စပ်တဲ့ လူ (၄၀) လောက်ပေါင်းပြီး လျော်ကြေးပေးကြရတာ။ မတရားခံခဲ့ ကြရတာဆိုတော့ မကျေနပ်ကြဘူးရယ်။ ကုမ္ပဏီဘက်မှာ အစိုးရက အကာအကွယ် ပေးထားလို့သာ ငြိမ်ခံနေကြရတာ။ တရားတာမှမဟုတ်ဘဲ” ဟု နှောပင် ရေနှံမှော်မှ တွင်းပိုင်က ပြောသည်။

မကွေးတိုင်း တိုင်းမှူး၏ အစ်မပိုင်ဆိုင်သော ကောင်းဇော် ဟိန်းကုမ္ပဏီက ရေနံဈေးနှိမ်ဝယ်ယူခြင်း၊ ဂါလန်ပို ရရှိရေးအတွက် ဖောင်းထားသော ပေပါများ အသုံးပြု ၀ယ်ယူခြင်း၊ ရေနံတူးစက်သုံး ဒီဇယ်အချောဆီ ဈေးတင် ရောင်းချခြင်း တို့ကြောင့် ရေနံတူးဖော်သူများက ကုမ္ပဏီကို ၀ိုင်းဝန်း အရေးဆိုကြသဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၈) ရက်၌ ဒေသခံ ခလရ (၂၅၇) တပ်က ရေနံတူးဖော်သူများကို ပစ်ခတ်နှိမ်နင်း၍ ဖမ်းဆီးခဲ့သည်။ ထို့အပြင် ရေနံ ပွဲစား နှင့် တွင်းပိုင်အချို့တို့လည်း ဖမ်းဆီးစစ်ဆေး မေးမြန်းခံကြရသည်။

“ပခုက္ကူထောင်မှာထည့်ထားပြီး နေပြည်တော်ကကို လာစစ်တာ အတော်ကြာတယ်။ အခုတော့လည်း မတရား အပြုခံရတဲ့ အရပ်သားတွေကပဲ လျော်ကြေးပေးလိုက်ရတာပါပဲ” ဟု နှောပင်တွင်းပိုင်က ပြောသည်။

ကောင်းဇော်ဟိန်း ကုမ္ပဏီကို အရေးဆိုဆန္ဒပြခဲ့ကြသည့် ရေနံ တူးဖော်သူများက ဒေါသထွက်ကာ ကုမ္ပဏီ စခန်း နှင့် ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“စခန်းဂိုဒေါင်ကို မီးရှို့တော့ ကုမ္ပဏီပိုင် ရေနံပေပါ အလုံး (၇၀) လောက်လည်း ပါသွားတယ်။ အဲဒါတွေအတွက် လျော်ကြေး ပေးရမယ်ဆိုပြီး သိန်း (၂၅၀) တောင်းတာပဲ။ ဒါပေမယ့် ကုမ္ပဏီကလည်း သူတို့ မတရား လုပ်တာ ဆိုတော့ မယူရဲဘဲနဲ့ ကျေးရွာဆေးခန်းကို ပြန်လှူတယ်ဆိုပြီး လုပ်သွားတယ်” ဟု နှောပင်ဒေသခံက ပြောသည်။

ကောင်းဇော်ဟိန်း ကုမ္ပဏီသည် ယခုအထိ နှောပင် ရေနံမှော်တွင် အခြေစိုက်နေဆဲဖြစ်ပြီး ရေနံတွင်းပိုင် အများအပြား ကမူ တွင်းနုတ်သွားကြပြီဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေက လုပ်မကောင်းတော့ပါဘူး။ မတရားခံရတာတွေလည်း များနေတော့ အတော်များများက တွင်းနုတ် ကုန်ပါပြီ။ နယ်ခံတွင်းပိုင်တွေလောက်ပဲ ကျန်ခဲ့တော့တာ” ဟု ဒေသခံက ပြောသည်။

အရပ်ဘက် ရေနံစိမ်း တူးဖော်ရေးလုပ်ငန်းကို ၂၀၀၅ ခုနှစ်မှစပြီး စစ်ကိုင်း တန့်ဆည်မြို့နယ်၊ ယင်းမာပင် စသည့် နယ်မြေတို့အပြင် မကွေးတိုင်း မြိုင်မြို့နယ် ဆူးကွင်း၊ ပုံတောင်ပုံညာ နတ်ထိပ်၊ ဆောမြို့နယ် ဆိပ်ဖြူ စသည့် ဒေသ များတွင် စတင်လုပ်ကိုင်ခဲ့ကြသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ လူငယ်များ အဆိုပါ ရေနံမှော်များသို့ သွားရောက် လုပ်ကိုင် ခဲ့ကြပြီး ထိုအချိန်က မြို့ပေါ်၌ ကျွမ်းကျင်အလုပ်သမားတဦးကို တနေ့ ကျပ် (၁,၀၀၀) ပေးနေသည့် အချိန်တွင် ရေနံမှော်အလုပ်သမား တဦးအား တနေ့ ကျပ် (၂,၀၀၀) ထိ ပေးသည့်အတွက် လူငယ်များပိုပြီး သွားရောက် ခဲ့ကြသည်။

ယခုအခါ ရေနံမှော် လုပ်ငန်းများတွင် အာဏာပိုင်များက ခေါင်းပုံဖြတ် ဝေစုခွဲယူမှုများ များပြားလာသဖြင့် တွင်းပိုင် များ တွင်းနုတ်ကုန်ကြပြီ ဖြစ်ရာ ရေနံတူးလုပ်သား အများအပြားမှာ အလုပ်လက်မဲ့ဖြစ်ကြရသည်ဟု တွင်းပိုင်များက ပြောသည်။

“တွင်းပိုင်ဆိုတာ အရှုံးရှိတယ် အမြတ်ရှိတယ်။ အထွက်များရင် မြတ်မယ်၊ မထွက်ရင် ရှုံးမယ်။ အဲ…အစိုးရက နောက်ခံပေးထားတဲ့ ကုမ္ပဏီကတော့ သူတို့ကိုယ်တိုင် တတွင်းမှ မတူးဘဲနဲ့ အသားလွတ်အမြတ်ရနေတာ။ ဘာစွန့်စားမှုမှ မလုပ်ရဘဲနဲ့ ရတာ။ အလုပ်သမားတွေကို သနားတော့ သနားတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်လည်း ခေါင်းပုံဖြတ်ခံရတာများပြီး ကိုက်မှမကိုက်တာ ဆက်မလုပ်နိုင်တော့ဘူး” ဟု ရေစကြိုမြို့ခံ တွင်းပိုင်တဦးက ပြောသည်။

အပြည့်အစုံသို့ >>

မဟာချိုင် စက်ရုံ ဆန္ဒပြသူများနှင့် ပိုင်ရှင် ပြေလည်မှုရရှိ

ကျော်ခ
အင်္ဂါနေ့၊ အောက်တိုဘာလ 20 ရက် 2009 ခုနှစ် 19 နာရီ 37 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြသည့် မဟာချိုင်မြို့နယ်အတွင်းရှိ ငါး၊ ပုဇွန် စက်ရုံ တခုမှ မြန်မာအလုပ်သမား ၂၅၀၀ ခန့်သည် ယနေ့ညနေတွင် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ယမန်နေ့ ညနေ၌ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ အက္ကချီလမ်းရှိ Ormcorm Company L.td စက်ရုံမန်နေဂျာက ယာယီနိုင်ငံကူး လက်မှတ်အတွက် ကုန်ကျငွေအား လစာငွေထဲမှ ဖြတ်တောက်မည်ဟု စာထုတ်ပြန်ခဲ့ရာမှ အလုပ်သမားများနှင့် မန်နေဂျာတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ ပြီးနောက် တရက်အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်။

ယနေ့နံနက်တွင် သူဌေးမှ ဆက်သွယ်လာပြီး ငွေဖြတ်တောက်မည် မဟုတ်ကြောင်း ပြောဆိုလာရာမှ ကျေလည်သွားပြီးနောက် မနက်ဖြန်တွင် အလုပ်ပြန်ဆင်းကြမည် ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ သူဌေးက ဖုန်းဆက်လာတာပေါ့နော်။ အခုအလုပ်သမားတွေ တယောက်မှ ပတ်စပို့ဖိုး မဖြတ်ဘူး။ ATM သမားတွေလည်း ကဒ်ထဲကို လုပ်ခပိုက်ဆံ ထည့်ပေးမယ်။ ကဒ်မရှိတဲ့ လူတွေကိုလည်း ရုံးခန်းမှာ ထုတ်ပေးမယ် ဆိုတော့ ဒီမနက် ကျနော်တို့ သွားထုတ်တာပေါ့နော်။ တပြားမှမဖြတ်ဘူး။ မနက်ဖြန် ကျနော်တို့ အလုပ် ပြန်ဆင်းကြမှာပေါ့” ဟု လုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့က ပိုက်ဆံထုတ်ရက်။ မနေ့က သူစာကပ်လိုက်တော့ ကျနော်တို့တွေက မကျေနပ်လို့ ပြောတာ။ အဲဒါကို ပြောရမလား ဆိုပြီးတော့ ကျနော် တို့ထဲက တယောက်ကို သူက ဂုတ်ဆွဲပြီး နားရင်းအုပ်လို့ အားလုံးက ပေါက်ကွဲပြီး သူ့ကို ဝိုင်းထိုးလိုက်ကြတာ ခု သူဆေးရုံရောက်နေတယ်။ သူဌေးကလည်း သူ့ကို အလုပ်ထုတ်မယ်ပြောတယ်” ဟု သူကဆက်ပြောသည်။

၎င်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၃၀၀၀ ကျော်ရှိရာ မြန်မာနိုင်ငံသား အလုပ်သမား ၂၅၀၀ ကျော် ရှိသည်။

ယာယီပတ်စပို့ ပြုလုပ်ရန် အတွက် မြန်မာနယ်စပ်ရုံးများသို့ သွားရန်၊ လက်မှတ်ပုံစံ စာရွက်တွင် လိပ်စာနှင့် မှတ်ပုံတင် နံပါတ်များထည့်လျင် နေရပ်ရှိ မိသားစုများကို အာဏာပိုင်များက တစုံတရာ အကျပ်ကိုင် ငွေညှစ်မည်ဟု စိုးရိမ်မှုများ ရှိနေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့က ပြောသည်။

“တဘက်က အလုပ်သမားကလည်း မြန်မာအစိုးရကို မယုံ။ အလုပ်ရှင်က စာအုပ်လုပ်ဖို့ ဖိအားပေးတော့ စိတ်ညစ်။ အလုပ်ထွက်။ နောက်စားစရာမရှိ၊ နေစရာမရှိ။ အဲလိုတွေဖြစ်။ နေရပ်မှာကျန်ခဲ့တဲ့ မိဘတွေကလည်း ပတ်စပို့မလုပ်ဖို့ ဖိအားပေး။ လုပ်လို့ရှိရင် အိမ်ကို ငွေလာတောင်းမှာ ငါတို့ကြောက်တယ် စသဖြင့်ပေါ့ အဲဒါတွေကြောင့် သူတို့က မလုပ်ရဲကြတာ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင် မဇ္ဈိမကို ပြောသည်။
အပြည့်အစုံသို့ >>

ရောင်းစားခံရသူ မြန်မာနိုင်ငံသား (၁၈) ဦးကို ထိုင်းလှေများမှ ကယ်တင်နိုင်ခဲ့

ဝီရ / ၁၄ အောက်တိုဘာ ၂၀၀၉
နယ်စပ်ပွဲစားများမှတဆင့် ထိုင်းငါးဖမ်းလှေလုပ်ငန်းတခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသား (၁၈) ဦးတို့အား ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့များနှင့် ထိုင်းအထူးစုံစမ်းရေးအဖွဲ့ (DSI) တို့က ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှုတွင် ပါဝင်သူ ပွဲစားအမျိုးသမီးတဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဘန်ကောက်မြို့ အရှေ့တောင်ဘက် မိုင် (၁၀၀) ကျော်ဝေးသည့် ခွန်ဘူရီခရိုင် ဆတ်တာဟစ် (Sattahip) မြို့ရှိ ငါးဖမ်းလှေများတွင် ကျွန်သဖွယ် ခိုင်းစေခြင်းခံနေရသည့် မြန်မာနိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂနှင့် Labour Rights Promotion Network (LPN) တို့၏ အကူအညီဖြင့် ထိုင်း DSI အဖွဲ့တို့က ဝင်ရောက်ကယ်တင်ရာမှ အခြားလှေများတွင် ရောင်းစားခံထားရသူများကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂမှ အဖွဲ့ဝင်တဦးဖြစ်သူ ကိုသူရက “အဲဒီမှာ လှေသားတွေကို ရောင်းစားမှုမှာပါတဲ့ ပွဲစား အမျိုးသမီးတဦးကိုလည်း ဖမ်းမိတယ်။ သူမကလည်း မြန်မာနိုင်ငံသားပဲ။ လှေပဲ့နင်း ထိုင်းလူမျိုး (၂) ယောက်ကိုလည်း ဖမ်းဆီးထားတယ်။ အမှုအပိုင်းက (၂) မျိုးရှိတယ်။ ပွဲစားအဖြစ် ကျူးလွန်တဲ့အမှုရယ်၊ လုပ်သားတွေ နစ်နာတဲ့အပိုင်းအတွက် အမှုရယ် ဖြစ်တယ်။ ကယ်ထားတဲ့ (၁၈) ယောက်ကိုလည်း အချက်အလက်စုဆောင်းဖို့အတွက် ပတ္တရား လဝကရုံးမှာ ထားထားပါတယ်။ ပြီးပြတ်လို့ရှိရင် မြန်မာပြည်ထဲကို ကောင်းကောင်း ပြန်ပို့ပေးမယ်လို့ သိရတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

လွတ်မြောက်လာသူများတွင် အသက် (၅၁) ရှိ အစိုးရဝန်ထမ်းတဦးနှင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦးလည်း ပါဝင်ပြီး ၎င်းတို့အများစုသည် ကော့သောင်းနှင့် မဲဆောက်နယ်စပ်မှတဆင့် ပွဲစားများက လက်ဆင့်ကမ်း လွှဲပြောင်းမှုကို ခံခဲ့ရပြီး
ရောင်းစားခံရခြင်းဖြစ်သည်။ ဝင်စီးခံရသည့် လှေ (၂) စီးပေါ်တွင် (၈) လမှ (၆) လအထိ လစာမရဘဲ ခိုင်းစေခံရသူများ ပါဝင်သည်။

“ဒီပွဲစားတွေက ဂိုဏ်းဖွဲ့ပြီး အလုပ်လုပ်ကြတော့ အစွယ်ပွားတွေက နယ်မြေတိုင်းမှာ ရှိကြတယ်” ဟု ကိုသူရက ပြောသည်။

အောက်တိုဘာ (၁၁) ရက်နေ့ ညနေပိုင်း ငါးဖမ်းလှေများသို့ ဝင်ရောက်စီးနင်းချိန်၌ ရေထဲခုန်ချပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ပွဲစားများလည်းရှိကြောင်း သိရသည်။

LPN မှ ကိုအေးဝီမာန်က “သူတို့ကို အစားအစာတောင် ကျွေးချင်မှ ကျွေးတာ။ နေမကောင်းရင်လည်း ဘာဆေးမှ မတိုက်ဘူး။ သေရင်လည်း ပင်လယ်ထဲ ပစ်ချတတ်ကြတယ်။ အခုလွတ်လာတဲ့သူတွေကို ပွဲစားတွေက ထိုင်းဘတ် (၂၂,၀၀၀) ကနေ (၂၅,၀၀၀) အထိနဲ့ ရောင်းစားထားကြတယ်” ဟု ပြောသည်။

ငါးဖမ်းလှေများသည် ပင်လယ်ပြင်သို့ (၁၅) ရက်ခန့် ထွက်လေ့ရှိပြီး ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ချိန် (၃-၄) ရက်တွင် အဆိုပါ မြန်မာနိုင်ငံသားတို့အား ကမ်းအနီးရှိအိမ်များတွင် ပိတ်လှောင်ထားကြောင်း ကိုအေးဝီမာန်က ပြောသည်။

လွန်ခဲ့သည့်နှစ်က အလားတူ ရောင်းစားခံရသည့် မြန်မာနိုင်ငံသား (၁၁) ဦးအနက် (၄) ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကယ်တင်နိုင်ခဲ့ဖူးကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂက ပြောသည်။

ရေလုပ်သားများအဖြစ် မြန်မာနိုင်ငံသား အများစုလုပ်ကိုင်သည့် မဟာချိုင်ဒေသ၊ ရနောင်းတို့အပြင် ကမ်းနီး(ရက်တို)နှင့် ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းရှိရာ ဆတ်တာဟစ်ကဲ့သို့ နေရာများတွင် မြန်မာနိုင်ငံသား ရေလုပ်သား (၈) သောင်းအထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ထောင်ဒဏ် အနှစ် (၂၀) အထက် ကျခံရနိုင်သည်။
အပြည့်အစုံသို့ >>

ဖွတ်မရ ဓားမပါ ဆုံးကြရမည့် မြန်မာအလုပ်သမားများဘဝ

၁၄ အောက်တိုဘာ ၂၀၀၉

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် အစီအမံသစ်များကြောင့် ထိုင်းနိုင်ငံအတွင်း သန်းချီရောက်ရှိနေသည့် မြန်မာအလုပ်သမားများ ရင်ဆိုင်နေရသည့် ခါးသီးမှုများမှာ တနေ့ထက်တနေ့ အခြေအနေများ ပို၍သာဆိုးရွားလာသည်ဟု အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များက သုံးသပ်ပြောဆိုကြသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးပြုလုပ်မှု နားလည်ခြင်း စာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန်လတွင် လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူညီမှုအရ ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ လူကုန်ကူးမှုမခံရရေးနှင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရရေးတို့အတွက် ၂၀၀၈ ခုနှစ်တွင် လုပ်ငန်းစတင် အကောင်အထည် ဖော်ခဲ့ပြီး မြန်မာနိုင်ငံသားများ နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁၅) ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

ထိုင်းတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာ (၁၀) သိန်းခန့်ရှိပြီး ရှေ့နှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် သက်တမ်းကုန် ဆုံးတော့မည်ဖြစ်ရာ နောက်ထပ်သက်တမ်း တိုးမပေးတော့ဘဲ ဆက်လက် အလုပ်လုပ် လိုသူများသည် မြန်မာနိုင်ငံမှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး မရှိသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။

ဘန်ကောက်၊ မဟာချိုင်ဒေသ ငါးသေတ္တာအလုပ်ရုံမှ မြန်မာအလုပ်သမားတဦးက “ဒီနှစ်ကုန်ရင် မြန်မာတွေ အားလုံးပြန်ရမယ်။ တရားဝင် အလုပ်သမားဖြစ်အောင် နိုင်ငံသား စိစစ်မှုပြန်လုပ်ပြီးမှ ထိုင်းကို ပြန်ဝင်ခွင့်ရမယ်။ ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် ကိစ္စကို အလုပ်သမားတွေ စိတ်ဝင်စားမှုနည်းတယ်။ သွားမှာလာမှာနဲ့ ကုန်ကျမှာနဲ့ဆိုရင် အများစု မလုပ်ချင်ကြဘူး။ ဒီကြားထဲ လက်မှတ်လုပ်တဲ့သူတွေရဲ့ မိဘဆွေမျိုးတွေ ဖမ်းဆီးခံရတာ၊ ငွေညှစ်ခံရတာတွေရှိတော့ အများစုက ပြန်မလုပ်ချင်ကြဘူး။ ဒီကိစ္စထိုင်းနဲ့ မြန်မာအစိုးရပဲ အခွန်အကောက်တွေ ရရှိမှာဖြစ်ပြီး အလုပ်သမားတွေကတော့ ဆင်းရဲမွဲတေမှုနွံထဲကနေ ရုန်းထွက်လို့မရတဲ့အပြင် အကြွေးသံသရာမှာပဲ လည်နေကြရမှာဖြစ်တယ်” ဟု ပြောသည်။

(၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အမှန်တကယ်ကုန်ကျငွေမှာ မြန်မာဘက်တွင် ကျပ် (၃,၀၀၀) နှင့် ထိုင်းဘက်တွင် ဘတ် (၂,၀၀၀) သာ ကုန်ကျသော်လည်း အလုပ်ရှင်နှင့် ပွဲစားများပေါင်းကာ တဦးလျှင် ဘတ် (၈) ထောင်မှ (၁) သောင်းအထိယူပြီး ပြုလုပ်ပေးနေသဖြင့် အလုပ်သမားများ ကြွေးနွံနစ်ရမှုများ ပို၍တိုးပွားလာခဲ့သည်။

ထိုင်းရှိ မြန်မာအလုပ်သမားအများစုမှာ အမှန်တကယ်ကုန်ကျမည့် ငွေနှင့် သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ မသိကြသောကြောင့် အလုပ်ရှင်နှင့် ပွဲစားများ၏ခေါင်းပုံဖြတ်ခြင်း ခံနေကြရသည်။

သတင်းအချက်အလက် အမှန်အကန် သိရှိနိုင်ရန်အတွက် မြဝတီရှိ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးမှ ထုတ်ဝေဖြန့်ချိသည့် လက်ကမ်းစာစောင်တွင် မြန်မာအလုပ်သမားများ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ ဖော်ပြထားသော်လည်း ရေရာသည့်ဖြေဆိုမှုမျိုးမရှိဟု ဆက်သွယ် မေးမြန်းသူများက ပြောကြသည်။

လက်မှတ် လျှောက်ထားသူများ၏ မိဘဆွေမျိုးသားချင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက မတရား ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများ ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ မြဝတီမြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး အထူးအဖွဲ့ရုံး ဖုန်း ဝ၈၇-၅၂၅၉၇၈၃ သို့ ဘန်ကောက်မြို့၊ ဘန်နားရှိ ရေခဲစက်ရုံအလုပ်သမားတဦးက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျအရာရှိတဦးက “မြန်မာပြည်က အကျယ်ကြီးပဲ၊ ကျနော်တို့ အားလုံးဘယ်သိနိုင်မှာလဲ။ တနေ့တနေ့ ဖြေရတဲ့ဖုန်းတွေက အများကြီးပဲ။ ဒါတွေက ပေါက်ကရတွေပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအလုပ်သမားက ၎င်းသည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ရန် ကိုယ်ရေးအချက်အလက်များ ပေးပြီးသည့်နောက်ပိုင်း ကရင်ပြည်နယ်လှိုင်းဘွဲ့ရှိ ၎င်း၏မိဘများနေအိမ်သို့ ရဲနှင့်စစ်တပ်မှ လာရောက်ခြိမ်းခြောက်ပြီး ငွေကျပ် (၁) သိန်း တောင်းခဲ့သည့်အတွက် လက်မှတ်မလုပ်ရန် မိဘများက အကြောင်းကြား ခဲ့ကြောင်း ပြောကြားခဲ့သည်။ အလားတူဖြစ်ရပ်မျိုး ကရင်ပြည်နယ်အတွင်းရှိ နေရပ်ဒေသ အချို့၌လည်း ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမား အချို့က ပြောသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လမှသြဂုတ်လအထိ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရာတွင် မြန်မာအလုပ်သမား (၁ဝ) သိန်းနီးပါးခန့် မှတ်ပုံတင် ခဲ့ကြသော်လည်း လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ မြန်မာနယ်စပ်မြို့ များဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ်မြို့တို့တွင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာ (၂၁) ရက်နေ့အထိ သွားရောက် လျှောက်ထားသူ (၁,၄၅၅) ဦးသာ ရှိသည့်အတွက် ပမာဏအားဖြင့် အလွန်နည်းပါး သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောဆိုသည်။

မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ၏အရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းလူ့အခွင့်အရေး အဖွဲ့တခု၏ရုံးမှ ထိုင်းရှေ့နေတဦးက “လက်ရှိ မြန်မာဘက်က နိုင်ငံသားစိစစ်မှုနှုန်းအရဆိုရင် ဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူး။ ဒီကိစ္စအတွက် ထိုင်းအစိုးရဘက်က အချိန်ထပ်တိုးပေးရမယ့် အနေအထားရှိတယ်။ အဲလို တခုခု စီစဉ်ဆောင်ရွက်ပေးတာ မရှိရင်တော့ ထိုင်းအစိုးရနေနဲ့ တရားမဝင် အလုပ်သမား ပြဿနာနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ အခု အခြေအနေကို ကြည့်ရတာ မြန်မာအလုပ်သမားတွေက သူတို့အစိုးရကို အယုံအကြည်မရှိတဲ့ သဘောဖြစ်နေတယ်” ဟု ပြောသည်။

“လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုရင် သူ့နိုင်ငံသားတွေကို နိုင်ငံသားစိစစ်မှုအတွက် ထိုင်းကနေ ကိုယ့်နိုင်ငံကို ပြန်ဖို့မလိုဘူး။ လာအိုအစိုးရက ထိုင်းနိုင်ငံထဲကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး နိုင်ငံသားစိစစ်မှု ပြုလုပ် ပေးတဲ့အတွက် အလုပ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိခဲ့တယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီနိုင်ငံတွေ လိုလုပ်မှပဲ အဆင်ပြေနိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။

နိုင်ငံသားစိစစ်မှု သဘောတူညီမှု စာချွန်လွှာကို ၂ဝဝ၂ ခုနှစ်တွင် ထိုင်းနှင့်လာအို၊ ၂ဝဝ၃ ခုနှစ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာတို့ အသီးသီးလက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိအချိန်ထိ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်များက ဘန်ကောက်တွင် ရုံးများဖွင့်ထားပြီး ၎င်းတို့နိုင်ငံသားများအတွက် ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် အလုပ်သမားများ အနေဖြင့် ခရီးဝေးသွားစရာမလိုဘဲ ငွေကုန်ကြေးကျနည်းကာ ဘန်ကောက်မြို့တွင် နေ့ချင်းပြီးပြုလုပ်နိုင်သည်။

လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့ မြန်မာဘက်မှ ဘန်ကောက်တွင် ရုံးဖွင့်၍ဝန်ဆောင်မှုပေးမည်ဆိုလျှင် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုကို ရရှိမည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “လာအိုနဲ့ ကမ္ဘောဒီးယားလို စနစ်မျိုးလုပ်သင့်တယ်။ နောက်ပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးရမယ်။ အလုပ်သမားတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ပြန်လည်တည်ဆောက်ရမယ်။ အဲလိုမှ မလုပ်ရင်တော့ ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ဘူး” ဟု ပြောသည်။

ထိုင်းအလုပ်သမားမှတ်ပုံတင်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိပြီး ထိုင်းအလုပ်ရှင်နှင့်အတူ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ် နယ်စပ်မြို့တို့တွင် မြန်မာမှတ်ပုံတင်မူရင်းနှင့် သွားရောက်ရမည်ဖြစ်သည်။ ထိုင်းအလုပ်သမား လက်မှတ်မရှိသူများ လျှောက်ထားခွင့် မရှိဟုလည်း ထိုင်းနှင့်မြန်မာဘက်က ကြေညာထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှသြဂုတ်လ (၂၈) ရက်အထိ အလုပ်သမား မှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင် မပြုလုပ်သူများ သည် တရားမ၀င် အလုပ်သမားများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ထိုင်းအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏တာဝန်ခံ ဦးမိုးဆွေက “မြန်မာအလုပ်သမားတွေ လက်မှတ်လုပ်တာ နည်းပါးရတာက လက်မှတ်လျှောက်တဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေ ငွေညှစ်ခံရတဲ့ပြဿနာတွေကြောင့်ပါ။ လက်မှတ်လျှောက်တဲ့ မဟာချိုင်က အလုပ်သမတဦး ပုံစံဖြည့်ပြီး မကြာဘူး၊ သူ့အိမ်က ဖုန်းဆက်လာတယ်၊ အိမ်ကို လာခြိမ်းခြောက်ပြီး တလ ကျပ် (၃) သောင်း တောင်းတယ်၊ မလုပ်နဲ့တော့လို့ ပြောတယ်။ ဒီလိုမျိုး အာဏာပိုင်တွေရဲ့ မရိုးသားမှုတွေကြောင့် ဖြစ်ရတာ” ဟု ပြောသည်။

ထိုင်းအလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာဒေသ အလုပ်သမားရုံးတွင် တင်သွင်းရသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ လျှောက်လွှာကို ထိုင်းအလုပ်သမားရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံပို့ဆောင်ပေးခြင်းဖြစ်သည်။

မြန်မာဘက်မှ အာဏာပိုင်များက လျှောက်ထားသူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသား စိစစ်စစ်ဆေးရာ တွင် မတရားအကျပ်ကိုင် ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း ဘားအံမြို့နယ် သံလွင်မြစ်ကမ်း နံဘေးရှိ ကျေးရွာတရွာမှ ကိုယ်တွေ့ကြုံခဲ့ရသူတဦးကလည်း ပြောဆိုသည်။

ဘန်ကောက် ပထုံဌာနီ ပလတ်စတစ်စက်ရုံမှ အလုပ်သမားတဦးကမူ အလုပ်ရှင်များက ယာယီနိုင်ငံကူး လက်မှတ်အတွက် လက်မှတ်လုပ်လိုသူတဦးလျှင် ဘတ်ငွေ (၁) သောင်းခန့် အဆမတန် တောင်းသည့် အတွက်ကြောင့် အလုပ်သမားအများစုက စိတ်ဝင်စားမှုနည်းကြကြောင်း ထောက်ပြပြောဆိုသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း ထိုင်းအလုပ်ရှင် အများစုသည် မြန်မာ အလုပ်သမား များ ယာယီနိုင်ငံကူး လက်မှတ်လျှောက်ထားမှုကို မလိုလားကြကြောင်း၊ ယခင်ကဲ့သို့ အလုပ်သမားများအပေါ် သက်သာသည့် လုပ်အားခဖြင့် ခေါင်းပုံဖြတ်နိုင်ရန် အခွင့်အလမ်းများ နည်းပါးလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

မဲဆောက်မြို့ရှိ အိုမီဂါ အထည်ချုပ်စက်ရုံမှ မြန်မာမန်နေဂျာတဦးက “အလုပ်ရှင်အများစုကတော့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်မှာကို မပြောနဲ့ ထိုင်းအလုပ်သမား မှတ်ပုံတင်လုပ်တာတောင် မကြိုက်ကြဘူး။ ကျနော်တို့ စက်ရုံမှာဆိုရင် အလုပ်သမားပေါင်း (၁,၀၀၀) နီးပါးရှိတယ်။ သူတို့ အများဆုံး တနေ့ ဘတ် (၈ဝ) ပဲရတယ်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး တနေ့ လုပ်အားခက (၁၅၁) ဘတ် ဖြစ်တယ်ဆိုတော့ အလုပ်ရှင်က အလုပ်သမားတယောက်အပေါ်မှာ တနေ့ဘတ် (၇ဝ) အမြတ်ရတယ်။ လူ (၁,၀၀၀) ဆိုတော့ တလကို (၂၁) သိန်း အနည်းဆုံးရတယ်။ တရားမဝင်အလုပ်သမား အသုံးပြုတဲ့အတွက် ဆိုင်ရာကို ပေးကမ်းရတာ အလွန်ဆုံးတလ (၁) သိန်းပဲ။ ဒါကြောင့် အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားတွေကို ပိုကြိုက်ကြတာဖြစ်တယ်”ဟု ရှင်းပြသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က လွန်ခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့က ထိုင်းနိုင်ငံတွင် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအပြီးတွင် “ကျနော်တို့ အခုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ မြန်မာအလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် ဖြစ်တယ်။ အလုပ်သမားတွေကို အခွန်ကောက်တာ၊ မိသားစုတွေအပေါ် တစုံတရာ ငွေကြေးကောက်ခံတာတွေ ပြုလုပ်မယ် ဆိုတာတွေဟာ ကောလာဟလများသာဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် ယာယီနိုင်ငံကူး လက်မှတ်ရရှိသူအချို့ ဘန်ကောက်အပါအဝင် သက်ဆိုင်ရာ ဒေသအလုပ်ခွင်များသို့ ပြန်ရောက် ရှိချိန်တွင် ၎င်းတို့ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က သိမ်းထားလိုက်ပြီး လုပ်အားခ မှာလည်း ထိုင်းနိုင်ငံတွင် ဒေသအလိုက် သတ်မှတ်ထားသည့် နှုန်းထားများမရရှိကြသည့်အပြင် လက်မှတ် သွားလုပ်စဉ် ကုန်ကျငွေ ဘတ် (၁) သောင်းခန့် ကိုလည်း အရစ်ကျပေးသွင်းနေရသည်ဟု လက်မှတ် သိမ်းဆည်းခံရသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက နာယက၊ သံမှူးကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဖွဲ့စည်းမည်ဟု အစိုးရမီဒီယာများတွင် လွန်ခဲ့သည့် ဇူလိုင်လလယ်က ကြေညာခဲ့သော်လည်း အလုပ်သမားများအတွက် ယနေ့အထိ တစုံတရာအကူအညီပေးမှု မရှိသေးဟု လေ့လာသူများက ပြောသည်။

မဲဆောက် ဘန့်စောင်ခွဲအထည်ချုပ်စက်ရုံမှ အလုပ်ကြပ်တဦးက “ကျနော်တို့ မဲဆောက်ဒေသတွင်း စက်ရုံတွေမှာ တရားဝင်တာရော၊ မဝင်တာရော အလုပ်သမား (၁) သိန်းခွဲရှိတယ်။ မြဝတီဘက် ပြန်လုပ်ရမယ့် လက်မှတ်ကို ဘယ်သူမှ ပြန်မလုပ်ကြဘူး။ ကျနော်ရဲ့ (၁၅) နှစ်ကျော် အတွေ့အကြုံအရ အရင်ကလည်း မြန်မာတွေကို အတင်းအကျပ် ပြန်ပို့တာတွေရှိတယ်။ နောက်တော့ ပြန်လက်ခံကြတာပဲ။ မြန်မာတွေ မရှိတာနဲ့ ဒေသတွင်း စက်ရုံ (၂၀၀) လောက်ဟာ အလုပ်လုပ်မယ့်လူ မရှိလို့ ပိတ်ရတာတွေဖြစ်လာတယ်။ အရင်ကလည်း ထိုင်းဘက်က အလုပ်သမားလက်မှတ် သက်တမ်း မတိုးပေးတာတွေ ရှိတယ်။ သန်းနဲ့ချီတဲ့ မြန်မာတွေက လက်မှတ်ရှိရှိ မရှိရှိ နေကြတာဆိုတော့ အလကားဖြစ်မယ့်အတူတူ ထိုင်းဘက်က မှတ်ပုံတင်ခွင့် ပြန်ပြုလိုက်တော့ အစိုးရအတွက် ဝင်ငွေ ဘတ်ဘီလီယံနဲ့ချီပြီးရတဲ့ အနေအထားမျိုးရှိခဲ့တော့ အခုကိစ္စကိုလည်း အလုပ်ရှင်အလုပ်သမားတွေက သိပ်အလေးမထားကြတာ” ဟု ပြောသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအာဏာပိုင်များက ယခုလုပ်ငန်းစဉ်သည် မြန်မာအလုပ်သမားများ တရားဝင် မှတ်ပုံတင်ပြီး အလုပ်အလုပ်ခွင့် ဗီစာရရှိထားသဖြင့် ထိုင်းအလုပ်သမားများ နည်းတူ အကျိုးခံစားခွင့်နှင့် အကာအကွယ်များ ရရှိမည်ဖြစ်သည်ဟု ဆိုသော်လည်း လက်ရှိမြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပြဿနာများသည် လျှော့ပါးလာခြင်းမရှိဘဲ ပို၍ဆိုးရွားလာသည့် အနေအထားများသာ များပြားလာသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူဖြစ်သည့် မြန်မာစစ်အစိုးရအနေဖြင့် မှန်ကန်သည့် သဘောထားနှင့် စေတနာမပါဘဲ ဟန်ပြသက်သက်သာ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများ အရေးကိစ္စသည် ပို၍တိုးပွားလာမည်သာ ဖြစ်သည်ဟုလည်း ပြောကြသည်။

ထိုင်းနှင့်မြန်မာဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အစီအမံများသာဖြစ်ပြီး ထိုင်းတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် တစုံတရာ အကျိုးဖြစ်ထွန်းမှုများ အရိပ်အယောင် မတွေ့ရသေးဘဲ နှစ်ထပ်ကွမ်းဒုက္ခသည် ဘဝအဖြစ်သို့သာ ရောက်ရှိလာကြရသည်ဟု မြန်မာအလုပ်သမား များနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုနေကြသည်။

ရဲရင့် (သတင်းဆောင်းပါး)
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ် ထိုင်းနှင့်မြန်မာ သဘောတူညီ

ရဲရင့် / ၂၀ အောက်တိုဘာ ၂၀၀၉
ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရေး အစီအစဉ်သစ်အရ အလုပ်ခန့်အပ်မှုစာချုပ် ချုပ်ဆိုခြင်းနှင့် ဆေးစစ်ခြင်းများကို မြန်မာနိုင်ငံဘက်တွင် ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါအစီအစဉ်သစ်ကို ယခုလ (၁၁-၁၂) ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်သည့် မြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် အလုပ်သမားအသစ်များ တရားဝင်စေလွှတ်နိုင်ရေးအတွက် (၇) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်တစောင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ထိုင်းအလုပ်ရှင်များအနေဖြင့် မြန်မာအလုပ်သမားအသစ်များ ခေါ်ယူရာတွင် လုပ်သားလိုအပ်ချက်ခေါ်စာကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး အလုပ်သမားရပိုင်ခွင့်၊ ခံစားခွင့်နှင့် နှစ်ဖက်လိုက်နာရမည့် စည်းကမ်းချက်များ ပါရှိရမည်ဖြစ်ပြီး ဆေးစစ်မှုကိုလည်း မြန်မာနိုင်ငံတွင် စစ်ဆေးမည်ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် အလုပ်ခန့်အပ်မှုစာချုပ်ကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး မြန်မာနယ်စပ်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားများ စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ အလုပ်ခန့်အပ်ပြီး တလအတွင်း အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဟုလည်း ပြောသည်။

အဆိုပါ အစီအစဉ်သစ်များနှင့်ပတ်သက်၍ ထိုင်းဘက်မှလည်း အများပြည်သူများ သိရှိစေရန် မီဒီယာများမှတဆင့် သတင်းထုတ်လွှင့်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကမူ မြန်မာအလုပ်သမားများအတွက် လက်ရှိထက် ပိုမိုဆိုးရွားမည့် အခက်အခဲများနှင့် အသစ်တဖန်ကြုံတွေ့ရမည့် လုပ်ငန်းစဉ်ဟု ပြောသည်။

အဖွဲ့တာဝန်ခံ ဦးမိုးဆွေက “ဒီသဘောတူညီချက်အတိုင်းပဲ အလုပ်သမားတွေကို တရားဝင်လွှတ်ကြရမှာဖြစ်တယ်။ ဒါပေမယ့် ဖြစ်နေတဲ့ပြဿနာက အလုပ်သမားတွေကို အစိုးရဘက်က အကာအကွယ်ပေးမယ်လို့ပြောပြီး ပြောတာနဲ့ လက်တွေ့က အမြဲကွာတယ်၊ ကတိလည်းမတည်ဘူး။ လက်မှတ်သွားလုပ်ရင် တကယ်ကုန်ကျတာက မြန်မာဘက် ကျပ် (၃,၀၀၀)၊ ထိုင်းဘက် ဘတ် (၂,၀၀၀)။ လက်တွေ့မှာက အဲလိုမဟုတ်ဘူး။ ထိုင်းမှာ မြန်မာအစိုးရကနေပြီး အသိအမှတ်ပြုထားတဲ့ အလုပ်သမားအေးဂျင့် (၃) ခုရှိတယ်၊ ဘန်ကောက်မှာအခြေချတယ်။ ဒီကုမ္ပဏီတွေက လက်မှတ်သွားလုပ်တဲ့လူတဦးကို ဘတ် (၆,၀၀၀) ကနေ (၁၀,၀၀၀) အထိယူတယ်။ ဒီကိစ္စကို အစိုးရကနေပြီး တနည်းတဖုံနဲ့ ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။

“ဆေးပြန်စစ်ရင် ဘယ်လောက်ကုန်မှာလဲ၊ ဒါလဲ မေးခွန်းတခု။ မြန်မာဘက်ကျပ် (၃) ထောင် ဆိုပေမယ့် ကျပ်သိန်းချီ ကုန်တာတွေရှိတယ်။ ထိုင်းဘက်ပြန်ရောက်ရင် ဘတ် (၂) ထောင် ပေးရအုံးမယ်။ ထိုင်းမှာ အလုပ်သမားလက်မှတ် ပြန်လျှောက်ရင် ကျန်းမာရေးဆေးစစ်ခ (၁,၉၀၀) ထပ်ပေးရအုံးမယ်။ အခု မြန်မာနဲ့ထိုင်း နှစ်ဖက်အစိုးရကိုပေးနေရပြီ။ အဲလို ပေးရတာထက် ဆိုးတာက သတ်မှတ်တာထက် အဆမတန်များတဲ့ငွေကို ပေးနေရတယ်။ မြန်မာအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံအတွက် ၀င်ငွေရှာပေးနေတဲ့လူတွေလို့ သဘောထားပြီး ဒီကိစ္စကို မှန်မှန်ကန်ကန် ဖြေ ရှင်းပေးဖို့လိုတယ်” ဟုလည်း ဆက်ပြောသည်။

အဆိုပါမြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် တရားဝင်အလုပ်သမား စေလွှတ်နိုင်ရေးဆိုင်ရာ ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က “အလုပ်သမားတွေအတွက် အခွန်မကောက်ဘူးဆိုတာကို ကျနော်ရောက်တဲ့နေရာတိုင်းမှာ အာမခံပြီးသား ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိထိုင်းနိုင်ငံတွင် ထိုင်းအလုပ်သမား မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁၀) သိန်းခန့်ရှိပြီး မြန်မာနိုင်ငံဘက်မှ ထုတ်ပေးသည့် (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များကို ပြီးခဲ့သည့် ဇူလိုင်လလယ်မှစပြီး နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီ၊ တာချီလိတ် စသည့်မြို့တို့တွင် စတင်ထုတ်ပေးနေရာ ယခုလ (၁၃) ရက်အထိ လာရောက်ထုတ်ယူသူ မြန်မာအလုပ်သမား (၂,၁၀၀) ဦးရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

မလေးရှားအကျဉ်းစခန်းတွင် မြန်မာ (၃,၅၀၀) ခန့် ပြန်စရိတ်မရှိ၍ သောင်တင်နေ

ဝီရ / ၉ အောက်တိုဘာ ၂၀၀၉
သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မလေးရှားအကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၃,၅၀၀) ခန့်ရှိကြောင်း လွတ်မြောက်လာသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူတို့က ပြောသည်။

အများစုမှာ လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထား မပြသနိုင်ခြင်း၊ အပြန်လေယာဉ် စရိတ် မတတ်နိုင်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် နှစ်ရှည်အကျဉ်းကျနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက် အမျိုးသမီးများ လည်း ပါဝင်သည်။

မလေးရှားနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုဝင်းနိုင်ဦးက “ဒီကေအယ်လ် လေဆိပ်အနားက Lenggeng အချုပ်ခန်းက ပြန်ဖို့စောင့်နေတဲ့လူတွေ အများဆုံးပေါ့။ ဒီက အများစုက အပြန်စရိတ် မရှိလို့ သောင်တင်နေတာ။ အမှန်က လေယာဉ်လက်မှတ်နဲ့ ဒဏ်ငွေအတွက် ရင်းဂစ် (၆၂၀) ပဲ ကုန်ကျတယ်။ မြန်မာသံရုံးက အဲဒါကို (၁,၆၀၀) ရင်းဂစ်အထိ တောင်းတယ်။ တချို့ဆို အပြင်က ဆွေမျိုးတွေဆီ ဖုန်းဆက်ပြီး ပိုက်ဆံရှာခိုင်းတာလည်း ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


လွတ်ရက်စေ့သူ နိုင်ငံခြားသားများကို နေရပ်သို့မပို့ခင် ကေအယ်လ် လေဆိပ်အနီးရှိ Lenggeng အချုပ်ခန်းတွင် ခတ္တထားရှိသော်လည်း မြန်မာနိုင်ငံသား အများစုမှာ အဆိုပါအချုပ်ခန်းတွင် နှစ်လကြာစွာ စောင့်ဆိုင်းနေကြရကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသား (၂,၀၀၀) ကျော်ရှိပြီး တဝက်ကျော်မှာ ပြီးခဲ့သည့်သြဂုတ်လမှ ထပ်မံ ရောက်ရှိ လာသူများဖြစ်ကြောင်း ယင်းအချုပ်ခန်းမှ မြန်မာနိုင်ငံသို့ ရောက်လာသူ မွန်ပြည်နယ်သားတဦးက ပြောသည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသားများအား နေရင်းပြန်လည်ပို့ဆောင်ခဲ့ပြီး ယခုအခါ အရေအတွက် (၅၀၀) ခန့်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း အောက်တိုဘာ (၆) ရက်ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
အကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား (၂,၇၀၀) ကျော် ကျန်ရှိနေသေးကြောင်း စစ်အစိုးရက ဖော်ပြထားသော်လည်း ယင်းအရေအတွက်ထက်များကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်သူတို့က ခန့်မှန်းသည်။

လေယာဉ်ဖြင့် ပြန်ရန် မတတ်နိုင်သူများအတွက် လှေများဖြင့် နေရင်းသို့ ပို့ဆောင်ရန် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း၊ ဖမ်းဆီးထားသည့် တရားမဝင် မြန်မာနိုင်ငံသားတို့အား စင်ကာပူနိုင်ငံက စက်လှေဖြင့် ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးကြောင်း မလေးရှား မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

Lenggeng ခတ္တထိန်းသိမ်းရေးစခန်းအပြင် မလေးရှားနိုင်ငံရှိ အခြားအကျဉ်းစခန်း (၅) ခုတွင်လည်း အချက်အလက်ဖြည့်ပြီး နေရပ်ပြန်ရန် စောင့်စားနေသည့် မြန်မာနိုင်ငံသား (၁,၀၀၀) ကျော်ရှိသေးကြောင်း၊ အများစုမှာ မြန်မာနိုင်ငံတွင် အကျဉ်းချခံရမည်စိုး၍ နေရပ်သို့ ပြန်ရန် ငြင်းဆန်နေကြကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်အဖြစ် မလေးရှားနိုင်ငံတွင် ဆက်လက် နေထိုင်လိုကြကြောင်း ဒုက္ခသည်အရေးဆောင်ရွက်သူတို့က ပြောသည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံ နိုင်ငံခြားအကျဉ်းသား (၇) ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တို့က တရားဝင်ဖော်ပြထားပြီး မြန်မာနိုင်ငံသား အကျဉ်းသားများအား ခွဲခြားဆက်ဆံခြင်းအပါအဝင် အခြားညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ ငြင်းဆိုထား သည်။

လွတ်မြောက်လာသူ မွန်ပြည်နယ်သားက “အင်ဒိုနီးရှားက လူတွေဆိုရင် အဲဒီအထဲမှာ တပတ်ဆို ပြန်ခွင့်ရပြီ။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ဆို နှစ်နဲ့ချီပြီး ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ စောင့်နေခဲ့ရတယ်။ တချို့ဆို စိတ်ဓာတ်ကျပြီး ထမင်းမစား၊ ဘာမစားနဲ့ သေတာလည်း ရှိတယ်” ဟု ပြောသည်။

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP