Thursday 17 June 2010

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

မြတ်ခိုင်ဦး/၁၆ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရန် အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန် (၂) ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်သောအမိန့်၌ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ညှာမှုပေးသောအားဖြင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ဇန်နဝါရီ (၁၉) ရက်၌ ကျင်းပသောအစည်းအဝေးတွင် သက်တမ်းကာလ (၂) နှစ် တိုးပေးပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများသည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရေးအတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိပြီး ယင်းသို့ နေထိုင်အလုပ်လုပ်ကိုင် သက်တမ်းတိုးခွင့်ကို ၂၀၁၀ ခု ဖေဖော်ဝါရီလအထိ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါကာလ ကျော်လွန်ပါက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကို အာဏာပိုင်များအနေဖြင့် တရားဥပဒေအရ တိတိကျကျ ဟန့်တားကာကွယ်သွားရမည်ဟု အတိအလင်း ဖော်ပြခဲ့ကြောင်း၊ အာဏာပိုင်များသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွင်း မရှိသည့် တရားမ၀င်အလုပ်သမားများအား ဖမ်းဆီးတရားရုံးတင်ခြင်း၊ တရားမ၀င်အလုပ်သမားများအား နိုင်ငံတွင်းသို့ တရားမ၀င်သယ်ဆောင်လာသူများနှင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအား လက်ခံသည့်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အသက်ဝင်မှုရှိစေရန်အတွက် နိုင်ငံတော်စီမံခန့်ခွဲရေး ဥပဒေ ၁၉၉၁၊ အခန်း (၁၁/၃)၊ (၁၁/၆) နှင့် (၁၁/၉) တို့အရ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရေး အထူးစင်တာတခု ဖွင့်လှစ်အကောင်အထည်ဖော်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တော်ဝင်ရဲဌာနရုံး၊ စစ်တပ်နှင့် ရေတပ်တို့မှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါစင်တာအား ကွပ်ကဲရန် အဖွဲ့ဝင် (၁၅) ဦးပါဝင်သော ဗဟိုစီမံခန့်ခွဲရေးကော်မတီတခု ထားရှိမည်ဖြစ်ပြီး အဆိုပါကော်မတီတွင် ဒု-ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးတို့က ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ကာ လိုအပ်သော လုပ်ငန်းစဉ် အသီးသီးအား ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါကော်မတီအောက်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ကော်မတီခွဲ (၅) ခု ရှိမည်ဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ထောက်လှမ်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ ဗဟိုစီမံခန့်ခွဲရေးကော်မတီသို့ လုပ်ငန်းစဉ်တိုးတက်မှု အစီရင်ခံခြင်း၊ ဗဟိုမှချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။

ထိုလုပ်ငန်းစဉ် အသီးသီးအတွက်ငွေကို တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေမှ ပေးအပ်သွားမည်ဟုဆိုသည်။ တရားမဝင်အလုပ်သမားများ လက်ခံထားသည့် လုပ်ငန်းရှင်များသည် အလုပ်သမားတဦးလျှင် (၂,၄၀၀) ဘတ်နှုန်းဖြင့် ငွေပေးဆောင်ရမည်ဖြစ်ပြီး ယင်းငွေများကို လုပ်ငန်းစဉ် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အလုပ်အကိုင်ခန့်ထားရေး ညွှန်ချုပ်၏ ပြောကြားချက်အရ အထက်ပါ လုပ်ငန်းစဉ်များအား ဝန်ကြီးချုပ်က လာမည့် အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်စေလိုကြောင်း ရဲချုပ်အား အမိန့်ပေးထားသည်ဟု သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “အခုလည်း တဂျိန်းဂျိန်းဖမ်းနေတာပဲ။ ဆိုးတာက လက်မှတ်ရှိတဲ့သူကော၊ အီကစံရှိတဲ့သူကော ဖမ်းနေတာ။ တရားဝင်ဖမ်းမရတဲ့သူ လက်မှတ်ရှိတဲ့သူတွေကြတော့ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ ဒီကိစ္စ ကျနော်တို့ နေ့တိုင်းလိုလို ကြားနေရတာပဲ။ အထူးသဖြင့် မဟာချိုင်ဘက်မှာ။ အခု တရားဝင်လုပ်မယ်ဆိုတော့ ဒေသခံအာဏာပိုင်တွေက ထင်သလိုပြုမူကုန်ရင် အလုပ်ရှင်ကော အလုပ်သမားကော နစ်နာမယ်” ဟု ဆိုသည်။

သို့အတွက် လူကုန်ကူးမှုပပျောက်ရေးဟုဆိုဆို၊ တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန်ပြောပြော အလုပ်သမားကို နားလည်သော အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပူးပေါင်း လက်တွဲမှုမရှိပါက အသေအပျောက်ဖြစ်မှုများ၊ သတင်းဆိုးများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ဤလူကုန်ကူးများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းအာဏာပိုင်များ၊ ထိုသူများနှင့်နီးစပ်သူများကိုလည်း ထိထိရောက်ရောက် အရေးယူမှသာလျှင် အလားအလာကောင်းမည်ဟု ၎င်းက ပြောသည်။

၂၀၀၉ ခုနှစ် ဘတ်လက်မှတ်အသစ်ဖွင့်ပေးစဉ်တွင် (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) သိန်းခန့်သည် လက်မှတ်သက်တမ်း ဆက်မတိုးတော့သည့်အတွက် တရားမဝင်အလုပ်သမားများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားခဲ့သည်။

ထို့ကြောင့် စာရင်းဇယားအတိုင်း ပြည့်မှီစေရန် အဆိုပါ (၃) သိန်းခန့်အလုပ်သမားများကို ဖမ်းဆီးမည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေမည်သာဖြစ်ကြောင်း၊ ဤအလုပ်သမားအရေအတွက်ထဲမှ အလုပ်သမားအတော် များများမှာလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသဖြင့် မိခင်နိုင်ငံရင်းသို့ ပြန်သွားခဲ့ကြပြီးဖြစ်သည် ဆိုသည်ကို သတိမူသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP