Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Monday, 30 August 2010

ကလေးမြို့နယ်ရှိ ရေနံမြေတွင် အလုပ်သမားများ ဆန္ဒပြ

.ခင်နှင်းထက်
၁၆ သြဂုတ် ၂၀၁၀ - (www.burmese.dvb.no)

ကလေးမြို့နယ်အတွင်းရှိ ချယ်ရီ ရိုးမ ရေနံမြေမှာ ပြီးခဲ့တဲ့ ရက်ပိုင်က အလုပ်သမားဆန္ဒပြမူဖြစ်ခဲ့ပြီး လုံထိန်းရဲတွေရဲ့ ရိုက်နှက်နှိမ်နင်းမူကြောင့် အလုပ်သမား ၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနံကုမ္ပဏီပိုင်ရှင်က ရေနံတွေကို ဈေးနှိပ်ဝယ်နေတဲ့အတွက် ရေနံဈေးတိုးပေးဖို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်၊ အခုလ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ နောက်ပိုင်း အလုပ်သမား တထောင်လောက်အထိ ဖြစ်လာတဲ့အတွက် ကုမ္ပဏီပိုင်ရှင်က ကလေးမြို့က ရဲတွေကို အကူအညီတောင်း ဖြေရှင်းခဲ့တာလို့ ဆိုပါတယ်။
.အခုလ ၁၅ ရက်နေ့မှာ ရဲတွေက ဆန္ဒပြ အလုပ်သမားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ အလုပ်သမားတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပြပါတယ်။
" ကုမ္ပဏီရဲ့ လုံခြုံရေးတာဝန်ရှိတဲ့ လူတွေက လာပြီး ထိန်းသိမ်းဖမ်းဆီး အဲလိုတွေ လုပ်တာ၊ အားလုံး နောက်လူတွေ မလုပ်ရဲအောင်ပေါ့၊ ထိုးကြိတ်၊ ရိုက်နှက်၊ ကန်ကြောက်၊ အဲလိုတွေလုပ်တာ၊ အဲဒီမှာ နားရင်းအုပ်တာ၊ ပစ်ထိုးတာတွေ လုပ်တယ်၊ ဒုတ်တွေနဲ့ ရိုက်တယ်၊ နားတွေဘာတွေ ထိခိုက်ကန်ုတယ်၊ နှစ်ယောက်ကတော့ မျက်စိတော်တော် ပျက်သွားတယ်။ နောက်ပြီးတော့ နားလည်း မကြားရအောင် ဖြစ်သွားတယ်၊ ကျန်တဲ့ ခေါင်းဆောင်းပိုင်းကတော့ ထွတ်ပြေးကြတယ်၊ ထွတ်ပြေးတဲ့ လူတွေရဲ့ ပစ္စည်းတွေ၊ တဲ့တွေတော့ ဖျက်ဆီးပစ်လိုက်တယ်။ "
ဒီကုမ္ပဏီဟာ ရေနံဝယ်ယူရာမှာ နည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်ယူနေတာကို မကျေနပ်တဲ့ အတွက် အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာလို့လည်း ကလေးမြို့ခံက အခုလို ဆက်ပြောပြပါတယ်၊၊
" ရေနံတပေပါကို သူတို့က ပေပါကြီးကိုလည်း အသားကုန် ဖောင်းထည့်ပေါ့၊ ပေပါအောက်ပိုင်းကော အပေါ်ပိုင်းကော၊ ပေပါနဲ့ မတူတော့ဘဲနဲ့ အလုံးကြီး ဖြစ်နေတယ်၊ ထပ်ရော အောက်ေ၇ာ ဖောင်းဖောင်းကြီး ဖြစ်ပြီးတော့ ပေပါကို ဝင်ဆံ့အောင် ဖန်းတီးထားတာပေါ့။ အဲလို ဖန်တီးထားတဲ့ ပေပါကြီးနဲ့ လက်ခံပြီးတဲ့ အပြင် တပေပါရောင်းလို့ရှိရင် ၈ ဂါလံ တပုန်း နောက်က အပိုပေးရသေးတယ်၊၊ ရေနံတူးတဲ့သူတွေက နောက် ၈ ဂါလံပုန်းကြီးတပုန်း သွားရောင်းမယ်ဆိုရင် ရေသန့်ဗူး ၂ ဗူး၊ အဲလို ပုံစံအမျိုးမျိုးနဲ့ သူက အပိုတောင်းယူတယ်။ အဲလိုပေးရတာ အပြင်ဈေးက ငါးသောင်း ကျော်ကျော်ပဲ ပေးတယ်၊ တပေပါကို "
ဆန္ဒပြ ဖြစ်ပြီးတဲ့နောက် ကုမ္ပဏီက ရေနံဈေး အနည်းငယ် တိုးပေးလိုက်ပေမယ့် အလုပ်သမားတွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေ အကြား မကျေနပ်မူတွေ ဆက်ဖြစ်နေဆဲ လိုလည်း သူက ပြောပါတယ်။ ချယ်ရီ ရိုးမရေနံမြေဟာ ကလေးမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက် အကွာမှာ ရှိပြီး ရေနံအထွက်ကောင်းတဲ့ ရေနံမြေတခု ဖြစ်တယ်လို့လည်း ဒေသခံတွေ အပြောအရ သိရပါတယ်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ

မျိုးဝင်းဇော် / ၁၀ ဇွန် ၂၀၁ ခေတ်ပြိုင်

သီရိမင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာလုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရသည်။

မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ် သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့ ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ်စက်ရုံတခုမှာ လုပ်ဖူးပေမယ့် နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစားတယောက်ကတဆင့် အိမ်ကို အမျိုးသမီးကြီးတယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။ အိမ်ကို သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။ မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့ ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု ပြောသည်။

အဆိုပါ နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည်ဆိုပြီး သိမ်းသွင်းခံခဲ့ရသူများဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊ မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

အဆိုပါ နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂ဝ) အောက်နှင့် (၂ဝ) အထက် ဆင်းရဲသည့် မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့် နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁ဝ,ဝဝဝ) မှ (၃ဝ,ဝဝဝ) အထိ ဈေးအမျိုးမျိုးရှိပြီး ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည် ဖောက်သည်တဦးထံမှ ငွေကျပ် (၁ဝ,ဝဝဝ) ရရှိပါက (၅,ဝဝဝ) ကို အထိန်းအမျိုးသမီးကြီးကယူပြီး နိုက်ကလပ်ဝန်ထမ်းကို ကျပ် (၁,ဝဝဝ) ခန့် ပေးရကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အနော်ရထာလမ်းပေါ်မှ လသာ ကုန်ဈေးတန်းလမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင်တို့သည်လည်း ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏ အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ်လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အပြည့်အစုံသို့ >>

ကမာရွတ်စက်ရုံ ပေါက်ကွဲ၊ ၄ ဦးသေ

ကာသပတေး, 10 ဇွန် 2010 VOA

ရန်ကုန် ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမကြီးပေါ်မှာ ရှိတဲ့ ငါး ပုစွန်နဲ့ ရေခဲစက် လုပ်ငန်းမှာ ဒီကနေ့ ညနေ ၆ နာရီလောက်က အမိုးနီးယားဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမားတွေ အပါအ၀င် လူ ၄ ဦး သေဆုံးပြီး ၄၀ လောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာရသူတွေနဲ့ အဆိပ်သင့်ပြီး မေ့မျောနေသူတွေလည်း ရှိနေသလို ပတ်ဝန်းကျင်မှာလည်း ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေတယ်လို့ အဲဒီနေရာမှာ ရောက်နေသူ တယောက်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ဒီနားမှာ ကမ္ဘာပျက်သလို၊ တိုင်းပြည်ပျက်သလို ဖြစ်သွားတာ။ အငွေ့က ဒီဘက်တွေထိ ရောက်တယ်။ လေက တောင်ပိုင်းက တိုက်တယ်ဆိုတော့ အနောက်ဘက်တွေကြတော့ လွတ်သွားတယ်။ ဒီလမ်းတလျှောက် အကုန်လုံး၊ တိုက်ပေါ်တွေရော အကုန်လုံး၊ ဟိုဘက်တိုက်ပေါ်က အဘွားကြီးတယောက်ဆိုရင် ကယ်ပါဦး၊ ကယ်ပါဦးနဲ့၊ အဲဒီမှာ ကျနော်က ဘေးက ဆံပင်ညှပ်ဆိုင်ထဲက မျက်နှာသုတ်ပုဝါလေးယူ၊ ရေဆွတ်ပြီး အဲဒီအဘွားကြီးကို မျက်စိတွေ ဘာတွေ အုပ်ပြီးတော့ တွဲခေါ်သွားတယ်။”
ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာမှာ ရောက်နေတဲ့ ရန်ကုန်မြို့ခံတယောက် ပြောသွားတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲက တချို့ကိုတော့ အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တခုကို ယာယီပို့ထားတယ်လို့လည်း ဆိုပါတယ်။
လတ်တလော ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အအေးခန်း စက်ရုံတွေမှာ ဘေးကင်းလုံခြုံမှု အစီအမံတွေ အားနည်းတာမို့ မတော်တဆ ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားပြီး သတင်းမီဒီယာတွေကအစ သတင်းယူခွင့်၊ ဓာတ်ပုံမှတ်တမ်း ရိုက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။
အပြည့်အစုံသို့ >>

စစ်အစိုးရ အလုပ်သမား ကိုယ်စားလှယ် ILO လက်မခံ

ကြာသပတေး, 10 ဇွန် 2010 VOA

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၉၉ ကြိမ်မြောက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ ဒီနှစ် မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စားပြု အစုအဖွဲ့ တက်ရောက်ခွင့် မရခဲ့ပါဘူး။ ဒါကြောင့် အလုပ်သမားအစု ကိုယ်စားပြုမှု မရှိတာကြောင့် ILO ညီလာခံအတွင်း အစည်းအဝေး အတော်များများမှာ မြန်မာဘက်က မဲပေးခွင့် မရခဲ့ပါဘူး။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ILO ညီလာခံဟာ နှစ်စဉ် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ် ဆွေးနွေးညှိနှိုင်းကြတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားထုကို ကိုယ်စားမပြုဘူးဆိုပြီး ILO ဘက်က ညီလာခံ မတိုင်ခင်မှာ တက်ရောက်ခွင့် မပေးတာကြောင့် မြန်မာနိုင်ငံဘက်က အစိုးရနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေပဲ တက်ရောက်နိုင်ခဲ့ပါတယ်။
မြန်မာအစိုးရ အနေနဲ့ အလုပ်သမား ကိုယ်စားလှယ်ကို နှစ်ပေါင်းများစွာ ကတည်းက ဒီ ILO ညီလာခံအတွက် ရွေးချယ် စေလွှတ်ခဲ့တာပါ။

ဒါပေမဲ့ မနှစ်ကစပြီး FTUB ပါဝင်တဲ့ ITUC နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စားလှယ်တွေဟာ အလုပ်သမား ကိုယ်စားလှယ် မစစ်ဘူးဆိုပြီး ကန့်ကွက်မှု ရှိတာကြောင့် ဒီနှစ်မှာ အဲဒီကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရတော့တာပါ။ ဒါကြောင့်လည်း သုံးဦးသုံးဖလှယ်ရှိတဲ့ ညီလာခံကာလ အစည်းအဝေး အတော်များများမှာ မြန်မာဘက်က မဲပေးခွင့် မရခဲ့ဘူးလို့ ILO ညီလာခံကို တက်ရောက်နေတဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“ကုလသမဂ္ဂ အဖွဲ့အစည်းကိုလာရင် အားလုံးလာတဲ့အတိုင်း နှစ်စဉ်နှစ်တိုင်း မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်တဲ့အခါမှာ Credential ဆိုတာရှိတယ်။ သူ့ရဲ့ အရည်အချင်း ပြည့်မီလား၊ မပြည့်မီလားဆိုတာ ဆန်းစစ်တာ ရှိတာပေါ့။ ဒီနှစ်က Report of Credential Committee ရဲ့ Report ထဲမှာ ဘာရေးထားလဲဆိုတော့ နိုင်ငံပေါင်း ၁၈၂ နိုင်ငံ ရှိတဲ့အထဲမှာ ၂ နိုင်ငံက အစည်းအဝေးတွေမှာ ၀င်ထိုင်လို့ရတယ်၊ မဲထည့်ခွင့်မရဘူး။ အဲဒီထဲမှာ ဗမာနဲ့ အီရတ်ပဲ ဖြစ်တယ်။
“ဗမာပြည်ကလာတဲ့ Delegation က အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆိုတဲ့ ၃ ခု အင်္ဂါမပြည့်ဘူး။ ILO ရဲ့ Constitution အပိုဒ် ၄၊ Article ၄၊ Paragraph ၂ အရကိုက မဲထည့်ခွင့်မရဘူး။”
ဒါ ဒီနှစ်မှ စဖြစ်တာလား။

“ဒီနှစ်မှာ စဖြစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းနှစ်တွေက အလုပ်သမား ကိုယ်စားလှယ်ဆိုပြီး သူတို့ အတုတွေ ခေါ်ခေါ်လာတယ်။ ခေါ်လာတော့ ဒီမှာ Credential မှာ Challenge လုပ်တော့ ခင်ဗျား ဘယ်ကလဲလို့ သေချာမေးလိုက်တော့ ဒီလူတွေက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေ ဖြစ်နေတာများတယ်။”
အခုလို မဲပေးခွင့် မရလိုက်တဲ့ အခါကြတော့ မြန်မာနိုင်ငံ အနေနဲ့ ဘယ်အပိုင်းတွေမှာ နစ်နာမှုရှိလဲ။
“နစ်နာတာပေါ့။ ဗမာကိစ္စ တခုတည်း မဟုတ်ဘူး။ တကမ္ဘာလုံး ကိစ္စ။ ဥပမာ ကမ္ဘောဒီးယားကိစ္စ ဆွေးနွေးတယ်ဆိုရင် ဘယ်လိုဖြစ်သင့်လဲဆိုတဲ့ ကိုယ့်ရဲ့ Voice ကို Opinion ပေးရုံပဲ ပေးလို့ရတယ်။ ကိုယ့် Opinion ကို ဘယ်သူမှ အလေးမထားတော့ဘူးပေါ့။ ဥပမာ ကျနော်တို့က သဘာဝ ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိတယ်။ ဒီမှာ ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်လို့ ဆွေးနွေးတာ ရှိတယ်။ အဲဒီမှာဆိုရင် မဲပေးလို့ မရတော့ဘူး။”

ဦးမောင်မောင်တို့ FTUB အနေနဲ့ကရော ILO ညီလာခံမှာ ဘယ်လိုပုံစံနဲ့ တက်နေတာလဲခင်ဗျ။
“ကျနော်တို့ကတော့ ITUC International Trade Union Confederation အပြည်ပြည်ဆိုင်ရာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တခု အနေနဲ့ တက်နေတာပါ။”
မြန်မာစစ်အစိုးရဘက်က ကန့်ကွက်တာတွေရော ရှိလားခင်ဗျ။
“ရှိပါတယ်ခင်ဗျ။ ဟိုတနေ့ကဆိုရင် ကျနော်တို့ အဓမ္မ လုပ်အားပေးကိစ္စကို ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ဘက်က အလုပ်သမား သမဂ္ဂက နေပြီးတော့ နိုင်ငံပေါင်း ၇ နိုင်ငံလောက်က ဆွေးနွေးတယ်။ နောက်တခါ အလုပ်ရှင်ဘက်က ဆွေးနွေးတယ်၊ နောက်တခါ တခြား အစိုးရတွေက ဆွေးနွေးတယ်။ ထောက်ခံတာရှိတယ်၊ ကန့်ကွက်တာ ရှိတယ်။

“ဒီကြားထဲမှာ နအဖက နောက်ဆုံး သုံးချက်ပြောသွားတယ်။ တစ်အချက်က သူတို့ကို မြန်မာလို့ခေါ်ပါ၊ ဗမာလို့ မခေါ်ပါနဲ့တဲ့၊ အရေးကြီးပါတယ်တဲ့။ နောက်တခုက သူတို့ မကြာခင် ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုတာ ပြောတယ်။ နောက်ဆုံးတခုက ကျနော်တို့ အဖွဲ့အစည်းကို သူတို့က အကြမ်းဖက်သမားလို့ သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာကို တိုင်ကြားထားတယ်ဆိုတာ။ အကြောင်းအရာအားဖြင့်တော့ တိုက်ခိုက်သွားတာပဲ ရှိပါတယ်။”
အခု FTUB ကို မြန်မာစစ်အစိုးရကတော့ အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီးတော့ မတရားအသင်း ကြေညာထားတာ ရှိပါတယ်။ မနေ့က ITUC Report မှာတော့ ITUC ရော ILO အနေနဲ့ရော FTUB ကို မြန်မာနိုင်ငံရဲ့ တရားဝင် အလုပ်သမား သမဂ္ဂ အနေနဲ့ သတ်မှတ်တယ်ဆိုပြီး ဖော်ပြတယ်။ အဲတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ညီလာခံအတွင်းမှာ ဆွေးနွေး ငြင်းခုံမှုမျိုးတွေ ရှိသေးလားခင်ဗျ။

“ပြင်းပြင်းထန်ထန် ဆွေးနွေးပါတယ်။ ITUC ကတော့ ကျနော်တို့ကို ဒီလို နအဖက မတရား စွပ်စွဲတာကို လက်မခံဘူး။ သူတို့အနေနဲ့ ကျနော်တို့ FTUB နဲ့ တွဲပြီးတော့ ကွင်းထဲမှာ နေခဲ့တယ်။ ကျနော်တို့အလုပ်တွေကို သူတို့ ဆန်းစစ်တယ်။ ကျနော်တို့ လုပ်ငန်းတွေကို သူတို့ ကြည့်တဲ့အခါမှာ အလုပ်သမား သမဂ္ဂ တခုရဲ့ လုပ်ငန်းတွေနဲ့ ပြည့်စုံတယ်လို့ သတ်မှတ်တဲ့အတွက် ရှိသင့်ရှိထိုက်တယ်။ မြန်မာပြည်အတွင်းမှာကို ရှိသင့်တဲ့ အနေအထား ရှိတယ်ဆိုတာကို ပြောတယ်။ ILO ကလည်း အခု ဒီနေ့မှာ ထပ်ပြီး ပြောပါလိမ့်မယ်လို့ ကျနော် ယူဆတယ်။”

မြန်မာအစိုးရအနေနဲ့ အခုလို သုံးဦးသုံးဖလှယ် ကိုယ်စားပြုမှု မဲ့တာကြောင့် အစည်းအဝေး အတော်များများမှာ မဲပေးခွင့် မရှိပေမဲ့ အခြား အစိုးရကိုယ်စားပြု အစည်းအဝေးတွေ၊ အလုပ်ရှင် ကိုယ်စားပြု အစည်းအဝေးတွေမှာတော့ မဲပေးခွင့် ပေးထားတယ်လို့ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တပ်ပီယိုလာ (Kari Tapiola) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။
ILO မှာ ဂျနီဗာစံချိန် အခု ညနေပိုင်းမှာတော့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကိစ္စ မြန်မာ့အရေး သီးခြားဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
အပြည့်အစုံသို့ >>

Friday, 19 February 2010

အင်းစိန်တွင် အလုပ်သမားများဆန္ဒပြ

.Wednesday, 17 February 2010 19:38 ရိုးမ ၃

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိသည်။

အင်းစိန် ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းရှိ Lion City အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန်နေ့ ညနေမှ စတင်ကာ တောင်းဆိုချက် သုံးခုရရှိရေးအတွက် ယခုအချိန်ထိ တောင်းဆိုနေခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့်နီးစပ်သူတဦးက ပြောသည်။

“မနေ့က ညနေ (၄) နာရီလောက်ကတည်းက စဖြစ်နေတာ၊ အခုချိန်ထိတောင်းဆိုနေတုန်းဘဲ၊ လုံခြုံရေးတွေကတော့ လမ်းထိမ်မှာ ပိတ်ထားတယ်၊ အခုချိန်ထိ လူအယောက် (၈၀) ကျောက်လောက်ရှိနေသေးတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် (၁)အများပြည်သူရုံးပိတ်ရက်ပိတ်ပေးရန်၊ (၂) အချိန်ပိုကြေး ၁၀၀ တိုးမြှင့်ပေးရန်၊ (၃) အခြေခံလစာများ တိုးမြှင့်ပေးရန်အတွက် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

.“အဓိက ကတော့ တခြားအစိုးရဌာနတွေ စက်ရုံတွေလည်း လခတွေ တိုးသွားပြီဆိုတော့ သူတို့ကိုလည်း တိုးပေးဖို့ တောင်းဆိုတာပါ၊ အဲဒီစက်ရုံက အလုပ်သမားသိပ်များများတော့မရှိပါဘူး၊ စက်ရုံကလည်း သေးတယ်” ဟုပြောသည်။

ယင်းကဲ့သို့ အလုပ်သမားဆန္ဒပြတောင်းဆိုမှုကို အာဏာပိုင်များဘက်မှ လုံထိန်းကား (၁၀)စီး၊ မီးသတ်ကား (၁)စီးနှင့် အချုပ်ကား (၁)စီး ရပ်ထား၍ တင်းကြပ်စွာ စောင့်ကြည့်နေလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် မကြာသေးခင် ရက်ပိုင်းအတွင်းက လှိုင်သာယာစက်မှုဇုံအတွင်းမှ အလုပ်သမားများ ထောင်နှင့်ချီကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိသည်။
အပြည့်အစုံသို့ >>

Friday, 12 February 2010

အလုပ်သမား အခွင့်အရေးအတွက် သမဂ္ဂများ လိုအပ်နေ

ခိုင်စု ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အခွင့်အရေးအတွက် အကာအကွယ်ပေး တောင်းဆိုပေးနိုင်မည့် သမဂ္ဂများ လိုအပ်နေကြောင်း ပြည်ပရှိ မြန်မာ အလုပ်သမား အဖွဲ့များက ပြောဆိုသည်။ လှိုင်သာယာ စက်မှုဇုန် ၃ တွင် ဖိနပ်စက်ရုံ တိုင်ရီ၊ အထည်ချုပ် စက်ရုံများဖြစ်သည့် ကျားမင်းနှင့် OPAL 2 (ခေါ်) မြဖက်ရှင်မှ အလုပ်သမားများ ဆန္ဒပြမှုကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့နှင့် FTUB (ခေါ်) မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်များက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ 
“မြန်မာပြည်မှာ အလုပ်သမား လူမှုဖူလုံရေးစနစ် သေချာမရှိဘူး။ အလုပ်သမားအတွက် အာမခံချက် အပြည့်အဝ မရှိဘူး။ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ရှိရမယ်။ တချို့စက်ရုံမှာ စာချုပ်မရှိဘူး။ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးမယ့်၊ တောင်းဆိုပေးမယ့် အလုပ်သမား သမဂ္ဂတွေ မရှိဘူး။ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခါကျ ပြဿနာတွေက မဖြစ်သင့်ဘဲနဲ့ အခုလို ပေါက်ကွဲပြီး ကြီးကြီးမားမား ဖြစ်လာတယ်လို့ မြင်တယ်” ဟု ရောင်ခြည်ဦး အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။



FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်ကလည်း ''အထည်ချုပ် စက်ရုံ အလုပ်သမား တယောက်က တလကို လုပ်ခ ၄၈၀၀၀ (ကျပ်) ရတယ်လို့ အလုပ်ရှင်တချို့ ပြောတယ်။ ဒီလုပ်ခရဖို့ အလုပ်သမား တယောက်က နားချိန်နားရက် မရှိဘဲ အလုပ်လုပ်ရတယ်။ အလုပ်ရှင်တွေဟာ နအဖ ရဲ့ ဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရှိဘူးဆိုတာကို အခွင့်ကောင်း ယူနေကြတာ'' ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့သည့် တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများက အစိုးရ ရုံးပိတ်ရက်တွင် အလုပ်ရုံပိတ်ရန်၊ နားနေချိန် အပြည့်ပေးရန်၊ လုပ်သက်ဆုကြေးကို တနှစ်လျှင် (ကျပ်) ၂၀၀၀ တိုးပေးရန်၊ ရက်မှန်ကြေး မူလ ၃၀၀၀ မှ ၆၀၀၀ သို့ တိုးပေးရန်၊ နေ့တွက်ကြေး ၂၅ ကျပ်အစား ၇၅ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေး ၅၅ ကျပ်အစား ၁၅၀ ပေးရန် အပါအဝင် တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့သည်။

ထို့ပြင် လိုင်းကြီးကြပ်သူ စူပါများကို လစာငွေ ကျပ်တသောင်း တိုးပေးသော်လည်း ကျန်လုပ်သားများကို မတိုးပေးသဖြင့် ယခုလ ၈ ရက်နေ့မှ စတင်၍ ယမန်နေ့ထိ ဆန္ဒပြနေသည့် မြဖက်ရှင် (Opal 2) စက်ရုံက လစာငွေ တိုးပေးရန်၊ အလုပ်ချိန် နံနက် ၇ နာရီမှ ည ၁၁ နာရီအထိကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ ခရိုင်ကောင်စီ ခယက ဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုပ် ဦးချစ်ရှိန်သည် လုံခြုံရေးများဖြင့် ဝင်ရောက် ဖြေရှင်းပေးခဲ့သည်။

၁၉၄ဝ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက် ABTUC ကို သခင်လေးမောင်နှင့် သခင်ဘက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရှင်နှင့် ဖြစ်ပွားသည့် အလုပ်သမားရေးရာများ၊ ပြဿနာများကို ဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် အလုပ်သမား အခွင့်အရေးများ ပိတ်ပင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ကွန်ဂရက်အဖြစ် TUCB အဖြစ် ပြန်လည် ပေါ်ပေါက်ခဲ့သေးသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ လက်ထက်တွင် အလုပ်သမားသမဂ္ဂ အပါအဝင် လွတ်လပ်သော မည်သည့် သမဂ္ဂမျိုးမဆို ဖွဲ့စည်းခွင့် မပြုတော့ဘဲ ပိတ်ပင်ခဲ့တော့သည်။ သို့သော် အစိုးရများ ထိန်းချုပ်ကွပ်ကဲသည့် အလုပ်သမား၊ လယ်သမား အစည်းအရုံးများကိုမူ ဖွဲ့စည်းစေခဲ့သည်။

လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရရှိခဲ့စဉ်က အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ပြဿနာများ၊ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရကြား ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးနိုင်ခဲ့သဖြင့် အရေးပါသော အဖွဲ့အစည်းတရပ် ဖြစ်ခဲ့သည်။

ထိုသို့သော သမဂ္ဂမျိုး ဖွဲ့စည်းခွင့် မရရှိသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး၊ ကျောင်းသား၊ အမျိုးသမီးရေးရာ အစရှိသည့် အရေးကိစ္စများအတွက် တဖက်တလမ်းမှ စောင့်ကြည့်ဖြေရှင်းပေးသည့် မြေအောက် အဖွဲ့အစည်းများ တိတ်တဆိတ် တည်ရှိနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

Wednesday, 10 February 2010

ဆန္ဒပြမှု ကူးစက်မည်ကို စိုးရိမ်၍ လှိုင်သာယာစက်ရုံ အချို့ပိတ်

မင်းသက် ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခကြေးငွေ တိုးမြှင့်တောင်းဆိုသည့် ထိုင်သပိတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒခြင်းထပ်၍ ကူးစက်လာမည်ကို စိုးရိမ်နေသည့် စက်ရုံအချို့က ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စက်မှုဇုန် အရာရှိ တဦးက ပြောသည်။ “ ပြည်ထောင်စုနေ့  အတွက်နဲ့ ရောပိတ်တာ ၊ အမှန်ဆိုရင်တော့ ပိတ်ရက် မဟုတ်သေးဘူး၊ အရင်နှစ်တွေက ပြည်ထောင်စုနေ့  ဆိုရင်လည်း အစိုးရ ရုံးပိတ်ရက်တော့ ဖြစ်တယ် ဆိုပေမယ့် စက်ရုံ လုပ်သားတွေ အတွက် အချိန်ပို ဆင်းကြရတယ် ၊ အခုတော့ နာမည် တပ်လိုက်ရတာပေါ့ဗျာ ၊ မဟုတ်ရင် မလွယ်ဘူး ၊ စက်ရုံတိုင်းက ဖြစ်လာနိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ 
ကိုရီးယား နိုင်ငံသားပိုင် အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ရေးအတွက် လုပ်သား ၁၄ဝဝ ခန့်က စက်ရုံပြင်ပတွင် ဆန္ဒပြရာက ယမန်နေ့တွင် တိုင်ရီနှင့် ကျားလေး စက်ရုံတို့တွင်ပါ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။



ရန်ကုန်တိုင်း အာဏာပိုင်များ အပါအဝင် မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးများ၊ မီးသတ်များ၊ ရဲများနှင့် အလုပ်သမား ဝန်ကြီးဌာနများကလည်း ယနေ့တွင်လည်း စက်မှုဇုံတွင် အဆင်သင့် နေရာယူ ပြင်ဆင်ထားရန် ညွှန်ကြားချက် တရပ်ကို စစ်အစိုးရက ထုတ်ပြန်ထားသည်။ ဦးစိန်ဦး (ခ) ဦးလော်ရိန်တြစ် ၅၅ နှစ်ပိုင် တိုင်ရီ ဖိနပ်စက်ရုံတွင် လုပ်သား ၁၇ဝဝ ကျော်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်၊ အလုပ်သမား နားချိန်အပြည့် ပေးရန်၊ နေ့စဉ် လုပ်ခနှင့် အချိန်ပို လုပ်ခများ တိုးမြှင့်ဆောင်းပေးရန် အပါအဝင် လုပ်ခခံစားခွင့်ဆိုင်ရာ တောင်းဆိုဆန္ဒပြမှုများကို စက်ရုံရှေ့ရှိ ဦးရွှေအိုးလမ်းပေါ်တွင် ထိုင်ကာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

အမှတ် ၃ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုအောင်တို့က အလုပ်သမားများကို လူစုခွဲရန် ဖိအားပေး၍ လုပ်သားအချို့ စက်ရုံတွင်းဝင်ရောက်သွားပြီး အချို့နေရပ် နေအိမ်သို့ ပြန်သွားကြသည်။ ထို့နောက် အာဏာပိုင်များဘက်က စက်ရုံတွင်း ဝင်ရောက်လာခြင်း မရှိသူများအနေဖြင့် ၃ ရက် ဆက်တိုက် ပျက်ကွက်လျှင် အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။

လှိုင်သာယာ စက်မှုဇုန်သည် မြန်မာနိုင်ငံဧ။် အကြီးဆုံး စက်မှုဇုန်ဖြစ်ပြီး အလုပ်သမား အင်အား ၅၀၀၀၀ မှ ၇၀၀၀၀ အတွင်းရှိပြီး အအေးခန်း စက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သော စက်ရုံများ ၊ အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံများ စသည်ဖြင့် စက်ရုံ အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိနေရာတွင် ၂၀၀၇ ခုနှစ်ကစ၍ စက်ရုံ ၄ဝဝ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၃ ကြိမ်ရပ် ဖြစ်ပွားခဲ့သေးသည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စက်မှုဇုန် ၃ ရှိ ဆန်နီ ဖိနပ်စက်ရုံတွင် အလုပ်သမား ၁၀၀ ခန့်  ဆန္ဒပြမှု ၊ ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာ စက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွါးသော ဆန္ဒပြမှုနှင့် စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် လည်းကောင်း ဖြစ်ကြသည်။
အပြည့်အစုံသို့ >>

လစာတိုးသဖြင့် အလုပ်သမားများ သပိတ်လှန်

Wednesday, 10 February 2010 19:44 သန်းထိုက်ဦး

လစာ တိုးမြှင့်ပေးရန် ဆန္ဒပြနေသည့် ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား များသည် လစာ ကျပ် ၅၀၀၀ (၅ ဒေါ်လာ) တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ယနေ့ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ တိုင်ရီ ဖိနပ်စက်ရုံ နှင့် အခြား အထည်ချုပ်စက်ရုံ ၂ ရုံတို့မှ အလုပ်သမား ၁၅၀၀ ခန့်က လစာတိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရေး တို့အတွက် တနင်္လာနေ့မှ စတင်၍ စက်ရုံတွင် ထိုင်သပိတ်မှောက် ခဲ့ကြခြင်း ဖြစ်သည်။ 
“စက်ရုံတွေကနေပြီးတော့ လစာ တသောင်း တိုးတောင်းတာကို ၅၀၀၀ နဲ့ ညှိပေးလိုက်တယ်၊ ဒီလောက်နဲ့ပဲ နှစ်သိမ့်ပြီးတော့ ကျေအေးလိုက်ရတယ်” ဟု အလုပ်သမားများနှင့် နီးစပ်သူ တဦးက ပြောသည်။


အလုပ်သမားများ သပိတ်မှောက်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသော်လည်း အင်အားသုံးပြီး ဖြိုခွင်းသည့်သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။

စက်ရုံများအနီး၌ အာဏာပိုင်တို့က လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဆက်လက် ချထားကြောင်း ရန်ကုန်မြို့မှ စာနယ်ဇင်းသမားတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် လစာ ကျပ် ၂ သောင်း မှ ၄ သောင်းအထိသာ ရရှိကြောင်း၊ အလုပ်သမားများက စားဝတ်နေရေး ခက်ခဲမှု ရှိသောကြောင့် အချိန်ပို အလုပ်ဆင်းကြရကြောင်း သိရသည်။
ရန်ကုန်တွင် အလုပ်သမားတို့၏ အခွင့်အရေး တောင်းဆိုမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ကျူရှင်ဆရာတဦးက ပြောသည်။

“ဒါကတော့ မကြာခဏ ဖြစ်နေတာပဲ၊ အလုပ်သမားတွေကလည်း သူတို့ ရပိုင်ခွင့်အတွက် စောဒက တက်ကြတာပေါ့၊ ပြေလည်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

ဇန်န၀ါရီလဆန်းပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ဆန္ဒပြတောင်းဆိုခဲ့သေးသည်။ ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Tuesday, 9 February 2010

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်ဆန္ဒပြ

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။


တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP