Showing posts with label မြန်မာ သတင်း. Show all posts
Showing posts with label မြန်မာ သတင်း. Show all posts

Saturday, 8 May 2010

ILO အဓမ္မလုပ်အားပေး ပညာပေးစာစောင် ဖြန့်ချီမည်

ခိုင်စု | အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။      ။ ရန်ကုန်ရှိ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် စစ်အစိုးရ အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဓမ္မလုပ်အားပေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များအား ပထမဆုံးအကြိမ်အဖြစ် ယခုလကုန်တွင် နိုင်ငံတဝှန်း ဖြန့်ဝေမည်ဟု သိရသည်။ ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် နေပြည်တော်၌ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိမာရှယ် ဦးဆောင်သော အဇွဲ့နှင့် အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်တို့ အစည်းအဝေးက အဆိုပါ လက်ကမ်းစာစောင်များ ပူးတွဲဖြန့်ဝေရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“စာသားတွေ အားလုံးက အတည်ပြုချက်ရပါပြီ။ ရှေ့အပတ်မှာ ဒီဇိုင်းတွေ ချရိုက်လို့ပြီးရင် ဖြန့်နိုင်ပါပြီ” ဟု ILO နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

“လက်ကမ်းစာစောင်မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုတာ ဘာလဲ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု မဟုတ်တာက ဘာလဲ၊ အဓမ္မလုပ်အားပေး အခိုင်းခံရရင် တိုင်လို့ရတဲ့အကြောင်း၊ ဘယ်လိုနေရာတွေမှာ တိုင်တန်းနိုင်လဲ၊ တိုင်ရင် လုံခြုံမှု ရှိမရှိ ဆိုတာတွေ ရှင်းပြထားပါတယ်” ဟု သူက ဆက်ပြောသည်။

၆ မျက်နှာပါရှိမည့် စာစောင်၏ ရှေ့ဆုံးမျက်နှာစာ၏ ဘယ်ဘက်ထိပ်တွင် အလုပ်သမားဝန်ကြီးဌာန တံဆိပ်နှင့် ညာဘက်ထိပ်တွင် ILO တံဆိပ် ပါရှိမည်ဖြစ်ကာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပုံနှိပ်သွားမည်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုအကြောင်းကို မြို့ပြသာမက ကျေးလက်များအထိပါ ကျယ်ပြန့်စွာ ရောက်ရှိရန် NGO အဖွဲ့များ၊ အစိုးရရုံးဌာနများမှတဆင့် ဖြန့်ဝေသွားမည်။ စာစောင်ကုန်ကျစရိတ်ကိုမူ ILO ကပင် ကျခံသွားမည်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ပညာပေးစာစောင် ဖြန့်ဝေမည့်ကိစ္စကို ပြည်ပအခြေစိုက် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB က ကြိုဆိုသော်လည်း မလုံလောက်ဟု ပြောသည်။

''အစိုးရက အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်ပြီး လိုက်လျောလာတာဟာ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတယ်။ ဘာလို့ လုပ်တာလဲဆိုတော့ လာမယ့် ဇူလိုင်လ ILO ရဲ့ ညီလာခံမှာ သူတို့ လုပ်အားပေးခိုင်းစေမှုနဲ့ ပတ်သက်လို့ အကြီးအကျယ် ရင်ဆိုင်ဖြေရှင်းရမှာ။ အဲဒါကြောင့် လိုက်လျောမှုတွေရှိတဲ့အကြောင်း နိုင်ငံတကာကို မျက်လှည့်ပြချင်တဲ့ သဘောပေါ့ဗျာ'' ဟု FTUB တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဇော်ဝင်းအောင်က ပြောသည်။

သူက ဆက်ပြီး ''လက်ကမ်းစာစောင် ရိုက်ဝေရုံနဲ့ မလုံလောက်ပါဘူး။ သတင်းစာ၊ ရေဒီယို၊ TV တွေကနေ ကြေညာရမှာပါ။ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမလဲဆိုတာ မေးခွန်းတခုပါ။ … အပေါ်ယံပဲ ရှပ်လုပ်တယ်ဆိုရင်တော့ သိပ်အကျိုးရှိမယ်လို့ မမြင်ပါဘူး။ လုပ်အားပေးခိုင်းစေမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဥပဒေအတိုင်း တိတိကျကျ လိုက်နာဖို့လည်း လိုပါတယ်။ အဓမ္မခိုင်းစေမှု ကျူးလွန်တဲ့ သူတွေကိုလည်း ဥပဒေနဲ့ အရေးယူအပြစ်ပေးဖို့ လိုအပ်ပါတယ်။ ခိုင်းစေခံရတယ်လို့ တိုင်ရင် တိုင်တဲ့လူကို ဖမ်းနေတာ ဥပဒေက ပြောင်းပြန် ဖြစ်နေပါတယ်'' ဟု ပြောသည်။

ဧပြီလ ၃ဝ ရက်နေ့ နေပြည်တော် အစည်းအဝေး၌ အလုပ်သမားဝန်ကြီးဌာနနှင့် ILO ပူးပေါင်း၍ အဓမ္မလုပ်အားပေးမှု အသိပညာပေး ဟာပြောပွဲတရပ်အား အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့်ပတ်သက်၍ တိုင်တန်းမှု အများဆုံးဖြစ်သည့် ပဲခူးမြို့၌ ယခုလထဲတွင် ပြုလုပ်ရန် သဘောတူခဲ့သေးသည်။

မြစ်ကြီးနား ၊ ဘားအံ ၊ လားရှိုး ၊ စစ်တွေ ၊ မုံရွာ နှင့် မကွေးမြို့ များတွင် ဟောပြောပွဲများ ပြုလုပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များကို ပညာပေးခြင်း ဖြစ်သည်။
အပြည့်အစုံသို့ >>

လူကုန်ကူးသူများ နာဂစ်ဒေသကို ပစ်မှတ်ထား

ဧရာဝတီ Monday, May 03, 2010 
 
နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လူကုန်ကူးသူများ သားကောင် ရှာဖွေသည့် အဓိက ပစ်မှတ် ဖြစ်လာကြောင်း အကူအညီ ပေးရေး အဖွဲ့များထံမှ သိရသည်။
မုန်တိုင်း အလွန် ၂ နှစ်တာ ကာလ အတွင်း အကူအညီ လုံလောက်စွာ မရရှိသဖြင့် ထိုဒေသမှ မိသားစု ထောင်ပေါင်း များစွာ အလုပ် လက်မဲ့ ဖြစ်ပြီး စားဝတ် နေရေး ခက်ခဲနေ ခြင်းသည် လူကုန်ကူးသူများ အတွက် အခွင့်အရေး ဖြစ်နေသည်ဟု NGO များက ပြောသည်။ “ဒေသခံတွေ ကိုယ်တိုင်က စားဝတ် နေရေး ကျပ်တည်းတော့ နေရာသစ် တွေဆီ ပြောင်းရွှေ့ ချင်ကြတယ်” ဟု ရန်ကုန် အခြေစိုက် ကရင် အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (Karen Women Action Group) မှ လုပ်အားပေး ၀န်ထမ်း တဦးက ဆိုသည်။

မိသားစုဝင်များ၊ စီးပွားဥစ္စာများ ဆုံးရှုံးသွားခြင်း အပါအ၀င် အခြေအနေ ဆိုးများကြောင့် ထိုဒေသမှ  အမျိုးသမီး အများအပြားသည် မြန်မာနိုင်ငံ မြို့ပြဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပုံစံ အမျိုးမျိုးဖြင့် လူကုန်ကူးခံနေရကြောင်း ဆွစ်ဇာလန်နိုင်ငံ အကူအညီပေးရေး အဖွဲ့တဖွဲ့ထံမှ သိရသည်။ ထိုအမျိုးသမီးများထဲတွင် ဆယ်ကျော်သက်များလည်း ပါဝင်သည်ဟု ဆိုသည်။

“ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ရှိတဲ့ အနှိပ်ခန်း၊ ကာရာအိုကေ အပါအ၀င် လိင်ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ အလုပ်တွေကို စိတ်မပါဘဲ အတင်းအကျပ် ရောင်းစားခံရပြီး ရောက်သွားတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိတယ်” ဟု ရန်ကုန်ရှိ AFXB အဖွဲ့မှ လူကုန် ကူးမှု တိုက်ဖျက်ရေး သင်တန်းနည်းပြ တဦးက ဆိုသည်။

တချို့က မြို့ကြီးများတွင် လစာနည်း အိမ်ဖော်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

အမျိုးသမီးတချို့သည် အိမ်နီးချင်း နိုင်ငံများသို့ ရောက်ရှိသွားပြီး ပြည့်တန်ဆာလုပ်ငန်းများတွင် ရောင်းချခံရသည်။ တချို့က တရုတ်နိုင်ငံတွင် ဇနီးမယားအဖြစ် ရောင်းစားခံနေရသည်။

“သူတို့ရဲ့ မိဘဆွေမျိုးတွေကလည်း ပညာမတတ်တော့ ဘယ်သူက ဘယ်လို လာခေါ် သွားတယ် ဆိုတာလည်း မပြောနိုင်ကြဘူး။သတင်း အစအန တခုတောင် ရဖို့ တော်တော် ခက်ခဲတဲ့ အခြေအနေကို ဖြစ်နေတာ” ဟု ပြည်တွင်း NGO တခုမှ လူငယ် ၀န်ထမ်း တဦးက ပြောကြားသည်။

လူကုန်ကူးသူများက ဘ၀ ရပ်တည်ရေး အတွက် ပုံမှန်ဝင်ငွေ ရရှိနိုင်သော အလုပ်အကိုင် ဖန်တီးပေးမည်ဟု လိမ်လည်လှည့်ဖြား တတ်ကြကြောင်း သိရသည်။

“ဆင်းရဲလွန်းလို့ ထွက်ပေါက် ရှာချင်ကြတဲ့ မိန်းကလေးတွေကို ရန်ကုန်မှာ အလုပ်ရမယ်။ တလကို ပိုပိုလျှံလျှံ သုံးနိုင်တဲ့ အပြင် မိဘဆွေမျိုးတွေကို ထောက်ပံ့နိုင်တဲ့လစာငွေကြေးရ မယ် ဆိုပြီး လိမ်ခေါ်သွားတာတွေကများတယ်” ဟု NGO  တခုမှ လူကုန်ကူး တိုက်ဖျက်ရေး သင်တန်းနည်းပြ တဦးက ပြောသည်။

မုန်တိုင်းသင့်ဒေသမှ ကလေးငယ် အများ အပြားလည်း လူကုန်ကူးခံနေရသည်။ ၎င်းတို့အနက် အများစုမှာ မြို့ပြဒေသကြီးများတွင် လုပ်ခ လစာ အနည်းငယ်ဖြင့် ပင်ပန်းစွာ ရုန်းကန်နေရကြောင်း သိရသည်။

“ဆိုင်တွေ၊ ဈေးတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေကို တော်တော်များ ရောက်လာကြတာတွေ့ရတယ်။ ကလေးတွေကို မေးကြည့်လိုက်ရင် မြစ်ဝကျွန်းပေါ်က ကလေးတွေ ဖြစ်နေတာ များတယ်။ ဒီကလေးတွေက လုပ်ခ လစာစာနည်းနည်းနဲ့ လူမဆန်အောင် အလုပ်လုပ်တွေ လုပ်နေရတယ်” ဟု သတင်းထောက်တဦးက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သော လူကုန်ကူးမှု ၃၀၂ မှု ရှိကြောင်း၊ ထိုအထဲတွင် ၂၀ ရာခိုင်နှုန်းမှာ  ကလေးများ လူကုန်ကူးခံရမှုဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဒုတိယရဲမှူးကြီး ရာလျန်မုန်းက ပြောသည်ဟု ရန်ကုန်အခြေစိုက် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အားနည်းလွန်းသည်ဟု NGO အသိုင်းအ၀ိုင်းက ဆိုသည်။

“အရေးယူမှု အပိုင်းရော၊ ပညာပေးမှုအပိုင်းမှာပါ အများကြီး လုပ်ရဦးမှာ။ ပြီးတော့ ရဲတွေ ကိုယ်တိုင်လည်း လူကုန်ကူးမှုတွေမှာ ပါဝင်တာတွေ ရှိတယ်။ ဝေးလံ ခေါင်သီတဲ့ နယ်မြို့တွေမှာ ဖြစ်တဲ့ လူကုန်ကူးမှုတွေမှာ ဒေသခံ အာဏာပိုင်တွေ ပါဝင် ပတ်သက်မှုတွေ ရှိတယ်” ဟု NGO ကြီးတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးထက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် လူထု ဆန္ဒပြမှုများကို နှိမ်နင်းရေး လုပ်ငန်းများကိုသာ အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်ဟု ရန်ကုန်မြို့ခံတချို့က သုံးသပ်နေကြသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာနခွဲ ၂၂ ခု ရှိပြီး နိုင်ငံတ၀န်း ၁၉ နေရာတွင် လူကုန်ကူးမှု နှိမ်နင်းရေး အဖွဲ့များ ထားရှိသည်ဟု အစိုးရက ပြောသည်။

သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ ထိုဌာနတွင် ရဲတပ်ဖွဲ့ဝင် အရေအတွက် အလွန် နည်းပါးသည်ဟု ဆိုသည်။

“လူကုန်ကူးမှု နှိမ်နင်းရေးအဖွဲ့ ဆိုတာကလည်း ကြီးကြီး မားမား မဟုတ်ဘူး။ တဖွဲ့မှာ ရဲ ၂ ယောက်လောက်နဲ့  ဖွဲ့ထားတာပါ” ဟု ထိုအရာရှိက ရှင်းပြသည်။

လူကုန်ကူးမှု ကျူးလွန်လျှင် အနည်းဆုံး  ထောင်ဒဏ် ၃ နှစ်၊ အများဆုံးတသက်တကျွန်း နှင့် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း အစိုးရက ဥပဒေ ထုတ်ပြန်ထားသည်။
အပြည့်အစုံသို့ >>

Wednesday, 3 February 2010

မြန်မာများအား သတ်ဖြတ်သူများကို ဖမ်းဝရမ်းထုတ်

ရဲရင့်/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံသားများကို အုပ်စုလိုက်သတ်ဖြတ်မှုတွင် ဦးဆောင်သည့် ထိုင်းရဲအရာခံဗိုလ် (၁) ဦးနှင့် ထိုင်းနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၁) ဦး အပါအ၀င် (၆) ဦးကို ထိုင်းရဲက ယနေ့ ဖမ်းဝရမ်းထုတ်ပြီး လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က မဲဆောက်မှ တောလမ်းအတိုင်း ဘန်ကောက်သို့သွားမည့် မြန်မာနိုင်ငံသား (၁၂) ဦးပါအဖွဲ့မှ (၉) ဦးကို မဲဆောက်မြို့မှ (၈၄) ကီလိုမီတာအကွာအဝေးခန့် နေရာရှိ ထိုင်းရဲဂိတ်တွင် ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို ငွေဖြင့် လာရွေးခိုင်းရာ လာရောက်ခြင်းမရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဦးဆောင်၍ ဒေသခံရွာသား (၅) ဦး ပူးပေါင်းပါဝင်ကာ မြန်မာ (၉) ဦးအား ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းအမှတ် (၆) ရဲတိုင်းမှူးက ပြောသည်။
ရဲတပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ မြန်မာများအား အုပ်စုလိုက်သတ်ဖြတ်မှုကို ဦးဆောင်သူမှာ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဖြစ်ပြီး ပူးပေါင်းပါဝင်သူများမှာ ဒေသခံ ထိုင်းနိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား (၁) ဦးဖြစ်ကြောင်း သိရသည်။


မြန်မာများအား ပစ်သတ်ပြီး ရက်ပိုင်းအတွင်း အဆိုပါ ရဲဂိတ်၏ ရဲကင်းမှူး ဖြစ်သူက မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားသည် ဟုလည်း ရဲတိုင်းမှူးက ပြောသည်။

ဦးဆောင်သူ သေဆုံးသွားသဖြင့် ပူးပေါင်းပါဝင်သူ (၅) ဦးကို ယနေ့တွင် ထိုင်းရဲက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးရာ အဆိုပါ လူ (၅) ဦးမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရကြောင်း ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ဒေသခံသတင်းထောက်များကို ပြောကြားသည်။

အဆိုပါဒေသတွင် အမှတ် (၆) ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွှတ်ထားသည့် ရဲတပ်ကြပ်တဦးကိုလည်း ယမန်နေ့ညက အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က အမ် (၁၆) သေနတ်အမျိုးအစားများဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရဲတပ်ကြပ် သေဆုံးမှုသည် မြန်မာများ သေဆုံးမှုနှင့် ပတ်သက်၍ ဆက်စပ်မှုရှိမရှိကို ဆက်လက်စုံစမ်းနေကြောင်း အမှတ် (၆) ရဲတိုင်းမှူးက ပြောကြားသည်။
အသတ်ခံရသည့်မြန်မာ (၉) ဦးထဲတွင် အလောင်း (၇) လောင်းသာရှာဖွေတွေ့ရှိပြီး ကျန် (၂) ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

Tuesday, 2 February 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု

ရဲရင့်/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ


ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။



သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။
ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။
တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။
လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အပြည့်အစုံသို့ >>

တရားမ၀င် မြန်မာအလုပ်သမား ၉ ဦး မဲဆောက်မှာ အသတ်ခံရ

01 February 2010

မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ပုတ်ဖရမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၉ ဦးအနက် ၇ ဦးရဲ့ အလောင်းကို အာဏာပိုင်တွေက ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
တရားမ၀င် တောလမ်းကတဆင့် ဘန်ကောက်ကိုတက်မယ့် မြန်မာနိုင်ငံသား ၉ ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဒေသက ကျေးရွာလူကြီး တယောက်က ပြောပါတယ်။


သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ ပုတ်ဖရမြို့နယ်က ကျေးရွာလူကြီး တယောက်က အသတ်ခံရသူ ၉ ယောက် ဖြစ်ပေမဲ့ အလောင်း ၇ လောင်းပဲ တွေ့ရသေးတယ်လို့ ပြောပါတယ်။

“သူတို့က ၂၅ ရက်နေ့ မြ၀တီက ကူးတယ်။ ဒါပေမဲ့ ၂၅ ရက်နေ့ကပဲ သူတို့ အဖမ်းခံရတယ်။ လွတ်သွားတဲ့လူ ၃ ယောက်မှာ တယောက်က စကားပြောမတတ်ဘူး။ ဘန်ကောက်ကနေ အဆက်အသွယ် လုပ်ပေးပြီး ပုလိပ်က ခေါ်လာခဲ့ပေးတာ။ အဲဒီလူလည်း ကျနော့်အိမ်မှာပဲ တည်းနေတယ်။ ကျနော်တို့ အလောင်းတွေ့တာ ၂၇ ရက်နေ့ မနက်မှာ ၂ လောင်း တွေ့တယ်၊ ၂၈ ရက်နေ့ မနက်မှာ ၂ လောင်းတွေ့တယ်၊ မနေ့က ၃ လောင်း ထပ်တွေ့တယ်။ ၇ လောင်း တွေ့ပြီ၊ အားလုံး ၉ ယောက်ပေါ့။ အဲဒီအလောင်းတွေကလည်း မဲဆောက်မှာ ၄ လောင်း၊ ပုတ်ဖရမှာ ၃ လောင်း ရှိနေတယ်။”

လမ်းပြကယ်ရီက ပိုက်ဆံလာမပေးလို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေရဲ့ တပည့်လက်သားတွေပေါ့နော်။ တောထဲမှာ တက်လာတဲ့ ကယ်ရီအဖွဲ့တွေ၊ ဘာတွေကို ဖမ်းပြီးတော့ ပိုက်ဆံညှစ်တာပေါ့။ လွတ်သွားတဲ့ ကယ်ရီက ပိုက်ဆံလာပေးမယ်ဆိုပြီး မပေးလို့ သူတို့က သတ်လိုက်တဲ့ သဘောပါ။ ၁၂ ယောက်၊ အားလုံး ကယ်ရီနဲ့ဆို ၁၃ ယောက် လာတာပေါ့။ သူတို့က လှိုင်းဘွဲ့မြို့နယ်၊ ကျိုက်ပေါင်ရွာက ၉ ယောက်ပါတယ်လို့ ပြောသံကြားတယ်။ နောက် ဇာသပြင် မင်းခေါင်ရွာက ၃ ယောက်ပါတယ်။”

အသတ်ခံရသူ တယောက်ဖြစ်တဲ့ မတင်ထွေးအေးရဲ့ ခင်ပွန်း ကိုအောင်ကြည်က အခြေအနေကို အခုလို ရှင်းပြပါတယ်။

“တို့ ဒီမှာ မြ၀တီမှာ ရောက်လာပြီ၊ လူကိုယ်တိုင် သွားမကြည့်ရသေးဘူး၊ မနက်ဖြန်မှ သွားကြည့်ရမယ်၊ မရှိတော့ဘူး၊ ပုလိပ် ဘယ်လိုလာပြောလိုက်လဲ မသိဘူး။ ဘယ်သူမှ မထင်ထားဘူး။ နောက် မနက်ဖြန်မှ သူ့ကို သွားကြည့်ရမယ်နော်၊ ဒီမှာမေးတော့ ကျနော်လည်း ဘာမှမသိတော့ဘူး။”
မြ၀တီကနေတဆင့် ဘန်ကောက်သို့ တရားမ၀င် တောလမ်းက သွားသူတွေဟာ အခုလို မကြာခဏ သတ်ဖြတ်ခံရတယ်လို့လည်း မဲဆောက်က အလုပ်သမားအရေး လုပ်တဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“လ၀ကတို့၊ နယ်မြေမှာရှိတဲ့ ပြည်သူ့စစ်တို့နဲ့ အဝေမတည့်တာလည်း ရှိတယ်။ သူတို့အချင်းချင်းလည်း အဝေမတည့်တာတွေ ရှိတယ်။ အဲဒီကြားထဲမှာတော့ သယ်ဆောင်ခံရတဲ့ သူတွေပဲဖြစ်စေ၊ ကယ်ရီပဲဖြစ်စေ အသတ်ခံရတဲ့ ရာဇ၀တ်မှုတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ အခု မဖြစ်တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။”

နှစ်နိုင်ငံ သဘောတူညီအရ ယာယီ ပါ့စ်ပို့တ် (Passport) နဲ့ တရားဝင် အလုပ်လုပ်နိုင်ဖို့ စီစဉ်နေချိန်မှာ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမ၀င် မြန်မာအလုပ်သမား ၂,၀၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပါတယ်။
အပြည့်အစုံသို့ >>

Wednesday, 20 January 2010

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ လုပ်ပိုင်ခွင့် တနှစ်သက်တမ်းတိုး

.စိုးမိုး/ ၂၀ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်နေသည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က နောက်ထပ် (၁) နှစ် သက်တမ်းတိုးလုပ်ဆောင်ရန် ယခုလ (၁၉) ရက်တွင် စစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်သည်။

၂၀၀၇ ခုနှစ်မှစတင်၍ အိုင်အယ်လ်အိုက မြန်မာစစ်အစိုးရနှင့် နားလည်မှု စာချွန်လွှာရေးထိုးပြီး မြန်မာနိုင်ငံအတွင်း အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ကလေးစစ်သား စုဆောင်းမှုတို့အတွက် တိုင်ကြားချက်များကို လက်ခံဆောင်ရွက်နေပြီး ယခု နောက်ထပ်တနှစ် ထပ်မံလုပ်ဆောင်ရန် သဘောတူညီချက်ရရှိခြင်းဖြစ်သည်။

အိုင်အယ်လ်အိုရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် စစ်အစိုးရ အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်တို့ ယခုလ (၁၈) ရက် က တွေ့ဆုံဆွေးနွေးပြီးနောက် နားလည်မှုစာချွန်လွှာ ထွက်ပေါ်လာခြင်းဖြစ်သည်။

.“အိုင်အယ်လ်အိုနဲ့ နအဖ နားလည်မှုစာချွန်လွှာမှာ အိုင်အယ်လ်အိုက မြန်မာပြည်မှာ တရားဝင် ဆောင်ရွက်နိုင်တာ (၂) ချက်ပဲ ရှိတယ်။ အဓမ္မလုပ်အားပေးနဲ့ ကလေးစစ်သား။ ရသမျှ အခွင့်အရေး လေးနဲ့ သက်တမ်းတိုး တွယ်ကပ်နေရတာ။ အိုင်အယ်လ်အိုရဲ့ ဥပဒေအရ ဆောင်ရွက်နိုင်တဲ့ အပြည်ပြည် ဆိုင်ရာဥပဒေကို အကုန်ခွင့်မပြုဘူး။ လုပ်ပိုင်ခွင့် တိုးချဲ့ခွင့်ရအောင် ကြိုးစားသော် လည်း ခွင့်မပြုတာ” ဟု အလုပ်သမားအရေးဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားသည်။

စစ်အစိုးရ အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိုင်အယ်လ်အိုရုံး အမှုဆောင်ညွှန်ကြား ရေးမှူးက အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် ယခုလ (၂၃) ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ အိုင်အယ်လ်အိုကို ယခုကဲ့သို့ တနှစ်တခါ သက်တမ်း တိုး ဆောင်ရွက်နေရခြင်းမှ နိုင်ငံတကာဥပဒေ လုပ်ပိုင်ခွင့်များအတိုင်း အမြဲတမ်း ဆောင်ရွက်ခွင့် ပြု စေချင်ကြောင်း ပြောကြားကြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အိုင်အယ်လ်အိုကို လုပ်ပိုင်ခွင့်ပေးထားခြင်းမှာ အလုပ်သမားများ အကျိုးအတွက် မဟုတ်ဘဲ စစ်အစိုးရက နိုင်ငံတကာဖိအားများ လျော့ပါးစေရန်အတွက် ဟန်ပြလုပ်ဆောင် နေခြင်းဖြစ်ပြီး အိုင်အယ်လ်အိုကလည်း ရသမျှ အခွင့်အရေးနှင့်သာ အလုပ်သမားအရေးကို ဆောင်ရွက် ပေးနေခြင်းဖြစ်သည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုသည်။

ရှေ့နေကြီး ဦးအေးမြင့်က “အလုပ်သမားတွေအတွက် အပြည်ပြည်ဆိုင်ရာ အခွင့်အရေးဥပဒေအရ ခံစားခွင့်မရတာတွေကို ကူညီဆောင်ရွက်ခွင့် ရစေချင်တယ်။ အိုင်အယ်လ်အိုဟာ နိုင်ငံရေးပါတီ မဟုတ်ဘူး။ ဘယ်တော့မှလည်း ပြည်တွင်းနိုင်ငံရေးကို ၀င်ရောက်စွက်ဖက်တဲ့မူဝါဒ မကျင့်သုံးတာ ကိုသိလျက်နဲ့ အခုလို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်နေတဲ့အဖွဲ့ကို ကန့်သတ် ဟန့်တားတာဟာ လူမျိုးနဲ့တိုင်းပြည်ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတယ်” ဟု သုံးသပ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင်း အလုပ်သမားများမှာ နိုင်ငံတကာစံနှုန်းနှင့်အညီ လုပ်ခမရသည်ကို နအဖစစ်အစိုးရအား တင်ပြတိုင်ကြား ခွင့်မရခြင်း၊ တောင်းဆိုခွင့်လည်း မရှိခြင်း၊ မြန်မာနိုင်ငံတွင်း အလုပ်သမားအရေးအတွက် ဖွဲ့စည်းထားသော အလုပ်သမားဝန်ကြီး ဌာနနှင့် လက်အောက်ခံ အလုပ်သမားအဖွဲ့စည်းများကို အားကိုးမရခြင်း၊ ပြည်တွင်းပြဋ္ဌာန်းထားသည့် အလုပ်သမား အခွင့်အရေး များ မရရှိခြင်းတို့ ရှိနေသည်ဟု ဦးအေးမြင့်က ပြောကြားသည်။
အပြည့်အစုံသို့ >>

Tuesday, 29 December 2009

လူကုန်ကူးမှု တိုက်ဖျက်ရေး သီချင်း FM များတွင် ထုတ်လွှင့်ရန် စီစဉ်နေ

.ဆလိုင်းဟံသာစန်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၄၅ မိနစ် နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး သီချင်းကို ပြည်တွင်း FM လိုင်းများ၌ လာမည့် နှစ်ဆန်းတွင် ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ရန်ကုန်ရှိ မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP က ယနေ့ ပြောသည်။

“လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် သီချင်းတပုဒ် စီစဉ်နေပါတယ်။ တေးရေး သြရသနဲ့ ပူးပေါင်း စီစဉ်နေတာပါ။ လူကုန်ကူးမှု တိုက်ဖျက်တာက တခြားဟာနဲ့ မတူဘူး။ ဒါက ပြစ်မှုဆိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကျနော်တို့ အမြဲ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ကုလသမဂ္ဂ လက်အောက်ခံ UNIAP မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

.'မေတ္တာမီးအိမ်' အမည်ရ သီချင်းကို တေးရေးသြရသက ရေးစပ်ပြီး ဟန်ထွန်း၊ ချမ်းချမ်း၊ ဇေယျ၊ မီနိုး၊ သြရသနှင့် နေနေ စသည့် တေးသံရှင်များက သီဆိုထားသည်။

ထို့ပြင် သီချင်းကို MTV အဖြစ် ဇေယျက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။ MTV ကို လေဆိပ်၊ ဘူတာရုံ၊ အဝေးပြေးကား ရပ်နားရေး စခန်းများနှင့် အခြား လူစည်ကားရာ နေရာများတွင် လာမည့် ဇန်နဝါရီလအတွင်း ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း UNIAP တာဝန်ရှိသူတဦးက ပြောကြားသည်ကို ယခုတပတ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စနေနေ့က လူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် MTV EXIT ကမ်ပိန်းအဖွဲ့ကလည်း ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် လူကုန်ကူးခံရသူများအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် ဇာတ်ကား ပြသခဲ့ပြီး၊ အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း အဖွဲ့၏ သံအမတ်အဖြစ် ခန့်အပ်ခဲ့သေးသည်။

ဆီဒိုးနားတွင် ပြသခဲ့သော အဆိုပါ မှတ်တမ်းတင် ဇာတ်ကားကို မြဝတီ၊ MRTV-3၊ MRTV-4 စသည့် စစ်အစိုးရ ရုပ်မြင်သံကြား လိုင်းများတွင်ပါ ထုတ်လွှင့်ပြသရန် သဘောတူညီထားကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် “၂၀၀၉ ခုနှစ် လူကုန်ကူးမှု - မြန်မာနိုင်ငံ'' ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည့် လူကုန်ကူးမှု အဆိုးဝါးဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

စစ်အစိုးရမှာ စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်နှင့် လုပ်အားပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးခြင်း ကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိဘဲ လူကုန်ကူးမှု ပပျောက်ရေးအတွက် လိုအပ်သော အနိမ့်ဆုံး အဆင့် ကြိုးပမ်း ဆောင်ရွက်မှုမျိုးကိုပင် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာက ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း တရုတ်၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျမေကာ စသည့် နိုင်ငံများက မြန်မာ စစ်အစိုးရထံသို့ လူကုန်ကူး ခံရသူပေါင်း ၆၈၆ ဦး ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း UNIAP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လူကုန်ကူးခံရသဖြင့် ပြန်ပို့ခံရသူများတွင် ထိုင်းနိုင်ငံမှ ၃၄၄ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ၂၈၃ ဦးဖြင့် ဒုတိယ အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု လျော့ကျရေး လုပ်ဆောင်မည်ဆိုလျှင် အာဏာပိုင်များအကြား လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ နားလည်မှု ပိုမိုထားရှိရန်နှင့် လူကုန်ကူးမှုများကို ပူးပေါင်းဖော်ထုတ်ရန် လိုအပ်နေသည်ဟု UNIAP အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ သို့မှသာ လူကုန်ကူး ခံရသူများအနေဖြင့် အကြောက်တရား ကင်းမဲ့စွာဖြင့် နေအိမ်များသို့ ပြန်နိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသေးသည်။

စစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ၅ နှစ် စီမံကိန်းအဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

Thursday, 24 December 2009

အထည်ချုပ်လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ်ရှိ

.စိုးမိုး/ ၂၃ ဒီဇင်ဘာ ၂၀၀၉

အပ်ထည်ကုန် လျော့ကျလာခြင်းကြောင့် ယခုနှစ်ကုန်တွင် မြန်မာ့အထည်ချုပ် လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ် ရှိကြောင်း အထည်ချုပ်လုပ်ငန်း အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အော်ဒါချုပ်ထည်များကို လက်ခစားစနစ်ဖြင့် လုပ်ဆောင်နေသည့် အထည်ချုပ်လုပ်ငန်းများမှာ မြန်မာကျပ်ငွေ လဲလှယ်နှုန်း မြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် တက်လာခြင်းတို့ကြောင့် ကမ္ဘာ့အထည်ချုပ် ဈေးကွက်ပေါက်ဈေး တွင် ဈေးနှုန်းမယှဉ်နိုင်ဘဲ အော်ဒါရရှိမှု လျော့နည်းလာခြင်း ဖြစ်သည်။


.

“ဘင်္ဂလားဒေရှ့်ကို ထိုင်းကို ယှဉ်ဖို့ဆိုတာ အရမ်းခက်သွားပြီ။ ဒီမှာ ချုပ်ခက အရမ်းတက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာထက် (၅၀) ရာခိုင်နှုန်းလောက် လက်ခလျှော့ပေးနိုင်တယ်။ မြန်မာက မလျှော့နိုင်ဘူး။ ယှဉ်ဖို့ မလွယ်ပါဘူး။ ဒီတခါတော့ သွားမှာပါ” ဟု အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

ယခု အခက်အခဲဖြစ်နေမှုကြောင့် ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ ပိုမိုထိခိုက်နိုင်ကြောင်း အထည်ချုပ်လုပ်သား (၂) သောင်းကျော်ခန့်ကို အလုပ်လက်မဲ့ဖြစ်စေနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်နှင့် ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း (၁၃၀) ခန့်ရှိနေပြီး လုပ်သား (၄) သောင်းခွဲခန့်အတွက် အလုပ်အကိုင် ဖန်တီးပေးထားသည်။

“တကယ်လို့ ပိတ်သိမ်းရင် လုပ်သား (၂) သောင်းလောက် ထိမယ်လို့ ခန့်မှန်းတယ်။ ဖက်စပ်လုပ်နေတဲ့ စက်ရုံတွေနဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေကတော့ အော်ဒါကို မှေးထိန်းပြီး လုပ်နိုင်လိမ့်အုံးမယ် ထင်တယ်” ဟု ရွှေပြည်သာအခြေစိုက် အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းများမှာ ဖြတ်၊ ချုပ်၊ ပို့ စနစ်ဖြင့် နိုင်ငံတကာမှ မှာယူသော အထည်များကို လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယခုနောက်ပိုင်းတွင် အထွေထွေစရိတ်များ မြင့်တက်လာခြင်းကြောင့် အခြားဒေသတွင်း အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံများနှင့်ယှဉ်၍ ဈေးနှုန်းမလျှော့ချနိုင်တော့ခြင်းဖြစ်သည်။

“အထည်ချုပ်မှာက လျှပ်စစ်နဲ့ လုပ်ရတယ်။ မီးမလာတော့ ဒီဇယ်နဲ့ အလုပ်လုပ်ရတယ်။ ဒီမှာတင်ပဲ သူများနိုင်ငံက လျှပ်စစ်အတွက် (၁) ကျပ်ကုန်ရင် မြန်မာတွေက (၅) ကျပ်ကုန်နေပြီ” ဟု အဆိုပါ အထည်ချုပ်လုပ်ငန်းရှင်က ပြောကြားသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် မလေးရှားတို့မှ လာရောက် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင်စက်ရုံ အနည်းငယ်သာရှိကြောင်း သိရသည်။

အထည်ချုပ် လုပ်သား (၁) ယောက်လစာမှာ အခြေခံလစာ (၁) သောင်းကျပ်ခန့်ဖြစ်ပြီး ချုပ်လုပ်သည့် အထည်အရေအတွက် အလိုက် ရရှိနေခြင်းဖြစ်ရာ အမြင့်ဆုံး ကျပ် (၄) သောင်းခွဲခန့်သာ ရရှိသည်။

“လက်တဖက် တကြောင်းချုပ်ရင် ငါးမူး ရတယ်။ ကော်လံက တခုကို တစ်ကျပ်။ ချုပ်တဲ့ အပေါ် မူတည်ပြီး ခက်ရင် ခက်သလို နှုန်းထားခွဲထားပါတယ်။ တကယ်လို့ အလုပ်မရှိတော့ရင်တော့ ကျဘမ်း လုပ်ကိုင်စားသောက်မယ်” ဟု ရန်ကုန်မြို့ ၀ါးတရာ ကျေးရွာမှ အထည်ချုပ် အလုပ်သမားတဦးက ပြောသည်။

အထည်ချုပ်လုပ်ငန်းရှင်များ အနေနှင့်လည်း အထည်ချုပ်လုပ်သားများကို ခေါင်းပုံဖြတ်နေခြင်း မဟုတ်ဘဲ စက်ရုံလည်ပတ်နိုင်ရေးအတွက် ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချနေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်းအတွင်းပင် ရွှေပြည်သာ မလေးရှား အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သေးသည်။


အပြည့်အစုံသို့ >>

Wednesday, 8 July 2009

မြူးနှင့်ဇူး အထည်ချုပ်စက်ရုံတွင် နားရက်မရှိ အလုပ်စေခိုင်းနေ

အောင်ထက် ဇူလှိုင် ၇ ၂၀၀၉
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) ရှိ မြူးနှင့်ဇူး ကိုရီးယား အထည်ချုပ်စက်ရုံတွင် အုပ်ချုပ်သူများက အလုပ်သမားများအား တနေ့ အလုပ်ချိန် (၁၂) နာရီနီးပါး အလုပ်စေခိုင်းနေ ကြောင်း သိရသည်။
ပုံမှန်အလုပ်ချိန် (၈) နာရီထက် ပိုမိုခိုင်းစေခြင်းမပြုရန် ဥပဒေကန့် သတ်ချက်များ ရှိနေသော် လည်း အဆိုပါ မြူးနှင့်ဇူး အထည်ချုပ် စက်ရုံ တွင် အလုပ်သမားများသည် ပုံမှန်အလုပ်ချိန်နှင့် အချိန်ပို စုစုပေါင်း (၁၂) နာရီခန့် လုပ်ငန်းခွင်ဝင်နေကြရသည်။
ပုံမှန်အလုပ်ချိန်ကို နေ့စဉ် နံနက် (၇) နာရီခွဲမှ နေ့လယ် (၁၂) နာရီထိ၊ ထမင်းစားချိန် မိနစ် (၄၀) အနားပေးကာ (၁၂) နာရီ မိနစ် (၄၀) မှ ညနေ (၅) နာရီခွဲအထိ တနေ့အလုပ်ချိန် (၉) နာရီ မိနစ် (၃၀) သတ်မှတ်ထားသည်။
အချိန်ပိုအနေဖြင့် ညနေ (၅) နာရီခွဲမှ (၆) နာရီအထိကို အပိုကြေး (၅၀) ကျပ်၊ ည (၈) နာခွဲအထိ ကို အပိုကြေး (၁၅၀) ကျပ် သတ်မှတ်ကာ အလုပ်သမားများအား မဆင်းမနေရ အလုပ်ဆင်းခိုင်း နေကြောင်း စက်ရုံအလုပ်သမားများက ပြောသည်။
မြူးနှင့်ဇူးစက်ရုံမှ အလုပ်သမားတဦးက “ကျနော်တို့ဝန်ထမ်းတွေ ည (၈) နာရီခွဲအထိ အလုပ် ဆင်းနေရတာ (၃) လလောက် ရှိတော့မယ်။ စက်ရုံဝန်ထမ်းအများစုက အချိန်ပိုမဆင်းနိုင်တော့ ဘူးလို့ တင်ပြပေမယ့် အုပ်ချုပ်သူတွေက ခွင့်မပြုဘူး။ တနင်္ဂနွေ နေ့မှာတောင် ပုံမှန်ကြေးနဲ့ မဆင်းမနေရ အလုပ်ဆင်းနေကြရတယ်” ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးပါက ညနေ (၅) နာရီ မိနစ် (၃၀) အထိသာ အလုပ်ဆင်းရ ကြောင်းနှင့် တနင်္ဂနွေနေ့တွင် အများပြည်သူ အလုပ်ပိတ်ရက် ကဲ့သို့ပင် မိမိတို့လည်း ရရှိကြောင်း ဖြေကြားကြရန် အလုပ်သမားများအား အနီးကပ်အုပ်ချုပ် နေသည့် စူပါဗိုက်ဆာများက ပြောဆိုခိုင်းသည်ဟုလည်း သိရသည်။
ထိုသို့ တနေ့အလုပ်ချိန် (၁၂) နာရီနီးပါးနှင့် တနင်္ဂနွေနေ့ပါမကျန် အလုပ်ဆင်းနေရသော်လည်း လုပ်ခလစာငွေ (၄၃,၀၀၀) ကျပ်သာ ရရှိကြောင်း စက်ရုံမှ ကျွမ်းကျင်အဆင့် (၅) ၀န်ထမ်းတဦး ကပြောသည်။
လှိုင်သာယာစက်မှုဇုန်၌ ဇုန် (၁)၊ ဇုန် (၂)၊ ဇုန် (၃)၊ ဇုန် (၄) ဟူ၍ရှိပြီး ချားလ်မင်း၊ စံပယ်ပွင့်၊ အိုပယ်၊ ရက်စ်၊ ရွှေရွက်လှေ၊ ကျော်ကျော် ထွန်းထွန်း အပါအ၀င် အထည်ချုပ်စက်ရုံ (၃၀) ကျော် ရှိပြီး စက်ရုံ အတော်များများ၌ အချိန်ပိုလုပ်အားစေခိုင်းနေမှုများ ရှိနေကြောင်း သိရသည်။
ပန်ဒါ ဆေးဆိုးပန်းရိုက်နှင့် ရက်ကန်းစက်ရုံဆိုလျှင် အချိန်ပြည့် လည်ပတ်နေရသော လုပ်ငန်းခွင် အနေအထားကြောင့် တိကျသော ထမင်းစားချိန် သတ်မှတ်ချက် ထုတ်ပြန်ထားခြင်းမရှိဟု ယင်းစက်ရုံမှ အလုပ်သမားတဦးက ပြောသည်။
အမှတ် (၄) စက်မှုဇုန်ရှိ NEW WAY ဖိနပ်စက်ရုံဆိုလျှင် အလုပ်ချိန် ပိုမိုခိုင်းစေခြင်း၊ လစာငွေ လျှော့ချခြင်းတို့ကြောင့် ပြီးခဲ့သည့် ဇွန်လလယ်ကပင် အလုပ်ရှင်-အလုပ်သမား ပဋိပက္ခများ (၅) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ွံ့ပြဿနာ (၃) ကြိမ်ဖြစ်ပွား ပါက စက်ရုံပိတ်သိမ်းရမည်ဟု အလုပ်သမားဝန်ကြီးဌာန စက်ရုံ လည်ပတ်ခွင့်စာချုပ်စဉ်တွင် ပါဝင်သော်လည်း အဆိုပါ NEW WAY စက်ရုံသည် ယနေ့အထိ စက်ရုံလည်ပတ်ခွင့် ရရှိနေဆဲဖြစ်သည်။

ခေတ်ပြိုင် www.khitpyaing.org
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP