Showing posts with label နယ်စပ်အလုပ်သမား သတင်း. Show all posts
Showing posts with label နယ်စပ်အလုပ်သမား သတင်း. Show all posts

Saturday, 9 October 2010

အလုပ်ရှင်က အလုပ်သမားများလခကို တောမောင်းရုံးတွင်ထုတ်ခိုင်းပြီး သေနတ်ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ

.
သတင်း | |
ထိုင်း-လာအိုနယ်စပ်၊ ထိုင်းဘက်ကမ်း ခွန်ကယ်မြို့ရှိ DECHAPANIC (ဒီချာပဲန်နင်) ပိုက်စက်ရုံမှ အလုပ်ထွက်စာတင်ထားသည့် မြန်မာအလုပ်သမားများ လုပ်အားခနှင့် ပတ်စ်ပို့စ် စာရွက်စာတမ်းများကို တောမောင်းရုံးတွင် သွားထုတ်ယူရန် စက်ရုံမှူးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ခြိမ်းခြောက်မှုမျိုးစုံ ခံနေရသည်။

အလုပ်ထွက်စာတင်ထာသည့် မြန်မာအလုပ်သမား (၅၆၉) ဦးအား သေနတ်များဖြင့် ချိန်ရွယ်မှုများပြုလုပ်နေကြောင်း အလုပ်သမားတဦးက ပြောသည်။

“မနေ့ကတုန်းက စာကပ်ထားတယ်၊ အလုပ်ထွက်စာတင်ထားတဲ့ ၅၆၉ ယောက်ကို တောမောင်းရုံးမှာ လခ သွားထုတ်ရမယ်၊ ပြီးရင် စက်ရုံကနေထွက်သွားဖို့ စာထုတ်တာ ညသုံးနာရီလောက်မှာ သေနတ်နဲ့ ချိန်တယ်၊ မိုးပေါ်ပစ်ဖောက်တာ အဲဒါနဲ့ ကျနော်တို့က ဘုရားဆောင်မှာ တက်နေရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ထိုင်းစက်ရုံ လုံခြုံရေးအဖွဲ့က ပြုလုပ်နေစဉ် မြန်မာအလုပ်သမား အုပ်ချုပ်ရေးအဖွဲ့မှ လူကြီး (၂) ဦး ရှိသော်လည်း တစုံတရာ တားမြစ်ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။
.“ကျနော်တို့ မထွက်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာရွက်စာတမ်းတွေ၊ လက်မှတ်တွေ၊ လုပ်အားခတွေ ကျနော်တို့ကို မပေးသေးဘူး၊ အဲဒါကြောင့် ကျနော်တို့မသွားတာပါ၊ အဲဒါတွေမရှိဘဲ ဘယ်မှသွားအလုပ်လုပ်လို့လဲ မရဘူး၊ သူဌေးကိုယ်စားလှယ်က တော်တော်ကောက်ကျစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ပတ်စ်ပို့စ်များ ပြန်ထုတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း လက်ရှိအလုပ်သမား ၂၀၀ ကျော်မှာ ပြန်မရသေးဘဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

စက်ရုံတွင် ကပ်ထားသည့် ကြေညာစာတွင် စက်ရုံမှ အကြောင်းပြန်ထားသော အလုပ်သမားများအား ၂၇ ရက်၊ ၉ လ၊ ၂၀၁၀ မှ ၃ ရက်၊ ၁၀ လ၊ ၂၀၁၀ အထိ အလုပ်ထွက်စာကို အလုပ်သမား ဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း၊ ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့ နံနက် (၉) နာရီတွင် စက်ရုံမှ ထွက်ပေးရန်၊ ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နံနက် (၉) နာရီတွင် အကြောင်းပြန်ထားသော အလုပ်သမား (၅၆၉) ဦးတို့သည် တောမောင်းရုံးသို့ သွားရန် တဦးတယောက်မျှ ရောက်လာခြင်းမရှိကြောင်းနှင့် အကြောင်းပြန်ထားသော အလုပ်သမားများသည် စက်ရုံမှ အလုပ်သမားများ မဟုတ်တော့သည့်အတွက် ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့လည် (၁၄) နာရီတွင် စက်ရုံမှ ထွက်ပေးကြရန် ရေးသားထားကြောင်း ၎င်းအလုပ်သမားက ဆက်ပြောသည်။

စက်ရုံတာဝန်ရှိသူများက နောက်ထပ် စာရေးသားပြီး ညနေ (၅) နာရီတွင် စက်ရုံမှ ထွက်ပေးရန် ကြေညာထားကြောင်းလည်း သိရသည်၊

ပြီးခဲ့သည့်လအတွင်း အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမားများက ပတ်စပို့စ်များ ပြန်ရရေးအတွက် ဆန္ဒပြတောင်းဆိုစဉ်ကလည်း စက်ရုံအာဏာပိုင်များက တောမောင်းများခေါ်ကာ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ယခုတကြိမ်တွင် သေနတ်းဖြင့်ပါ ခြိမ်းခြောက်လာခြင်းကြောင့် သက်ဆိုင်ရာ အလုပ်သမားရေးတာဝန်ရှိသူများ၏ အကူအညီလိုအပ်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

မလေးရှားတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ အခက်ခဲများနှင့်ရင်ဆိုင်နေရ

မိပကောင်းကျဲ ၊ ကောင်းဝါ - ဇွန် ၆၊၂၀၁၀

တရားမဝင်မြန်မာအလုပ်သမားများအနေနှင့် မလေးရှားနိုင်ငံတွင် ပုလိပ်များဖမ်းဆီးမှု များပြားလာသဖြင့် အလုပ်လုပ်အချိန်ထိခိုက်သည့်အပြင် လုံခြုံရေးအတွက် ပုန်အောင်းအိပ်စက်နေရသည်ဟု မလေးရှားရှိ အလုပ် သမားရေးလှုပ်ရှားသူတစ်ဦးမှပြောပါသည်။
မလေးရှားပုလိပ်များဖမ်းဆီးမှုကြောင့် ရော်ဘာခြံအလုပ်သမားများသည်လည်း အလုပ်မလုပ်ရဲတော့ပဲ တောအတွင်း၌တဲအိမ်များတွင် ပုန်အောင်းနေရသည်ဟု ဖာလင်းဒေသရှိရော်ဘာခြံအလုပ်သမားတစ်ဦးဖြစ်သူ မင်းချမ်းလွန်မှ ယခုလိုပြောပါသည်။

“အခုအလုပ်လုပ်ရတာအဆင်မပြေတော့ဘူး အလုပ်ပြောင်းမယ်လိုချိန်ထားတယ်။ ဟိုတုန်းက ဒီလောက်မှမဖမ်းဘူး အခုဖမ်းဆီးမှုကအရမ်းများလာတယ်။ ညတစ်နာရီမှာတစ်ကြိမ် မနက်(၄) နာရီမှာတစ်ကြိမ် သူတို့လာဖမ်းတယ်။ ကျွန်တော်တို့အလုပ်သမား( ၅ဝ) ကျော်ကျော်ဟာတောတွင်းမှာ ပုန်ပြီးတော့အိပ်နေရတယ်”

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်အလုပ်လုပ်နေကြသော အလုပ်သမားများကိုသာ အဓိကထားပြီး ဖမ်းဆီးမှုများနေသည်ဟု မင်းချမ်းလွန်ကဆက်ပြောပါသည်။

“တကယ်လို့ပုလိပ်ကဖမ်းမိရင် သူတို့ကရုံးကြီးကိုခေါ်သွားတယ်။  စစ်ဆေးမေးမြန်းပြီးတဲ့အခါ အလုပ်ရုင်သူဌေး က အာမမခံရင်မြန်မာနိုင်ငံကိုပြန်ပို့တယ်။ အလုပ်လုပ်ခွင့်ပါမစ်ရှိတဲ့လူကြတော့ ထွက်ပြေးစရာမလိုဘူးပေါ့။ ကျွန်တော်တို့တရားမဝင်အလုပ်သမားနေကြတော့ ဒုက္ခတွေ့တယ်ပေါ့။ အခုလို့မိုးရာသီအချိန်မှာ ရော်ဘာလည်းခြစ်မရ တခြားအလုပ်ကိုလည်း မလုပ်ရဆိုတော့ အခက်အခဲတွေတော်တော်များတယ်။”

မလေးရှားနိုင်ငံ ဖာလင်းဒေသရှိ တရားမဝင်အလုပ်သမားအများစုမှာ အလုပ်လုပ်အချိန်မမှန်သည့် အပြင် တောတွင်း၌ပုန်းအောင်းနေရသဖြင့် ခြင်ကိုက်သည့်ဒါဏ်ကိုလည်း ခံနေရသည်ဟု ရော်ဘာခြံ အလုပ်သမားတစ်ဖြစ်သူ မိချိုမှပြောပါသည်။ ဤအခြေအနေအတိုင်း ထပ်ရှိသွားမယ်ဆိုလျှင် အလုပ်သမား များ၏ကျန်းမာရေးအခြေအနေပါ ဆိုးရွားစွာထိခိုက်နိုင်မည်ဟု ရေးမြို့ဇာတိ မိချိုမှပြောပါသည်။
အပြည့်အစုံသို့ >>

Friday, 14 May 2010

ထိုင်းနိုင်ငံ မဲဆောက်ရှိ မြန်မာအလုပ်သမားများ ထွက်ပြေး တိမ်းရှောင်နေရ

ညီညီ။ မေ ၁၁ရက်၊ ၂၀၁၀

ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာရွှေပြောင်းအလုပ်သမားများဟာ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊
အချို့မှာ လယ်ကွင်းများကို ဖြတ်ပြေးခဲ့ကြရသလို အချို့ကလည်း တောတောင်ထဲထဲမှာ ချုအောင်းနေကြရကြောင်း၊ အချို့ကတော့ မြန်မာပြည်ဘက်ခြမ်း မြဝတီမြီု့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရပါတယ်။
ထိုသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းမှာ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့အနေနဲ့ စီမံချက်နဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေတဲ့အတွက်ဖြစ်ကြောင်း မြန်မာအလုပ်သမား သွေးစည်းညီညွတ်ရေးဖွဲ့မှ ကိုသံဒုတ်က ယမနေ့မြန်မာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မဲဆောက်ရှိ အလုပ်သမားများရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုသံဒုတ်က “ဒီနေ့လည်း တနေကုန် ပုန်းကြ ရှောင်ကြ ပြေးကြ လွှားကြပေါ့ခင်ဗျာ။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တတည်းက စဖြစ်နေတာ။ ကျွန်တော်တို့ ပိုက်ဆံကွင်းလို့ ခေါ်တာပေါ့ဗျာ။
အိုမီဂါစက်ရုံတို့၊ နွားခြံဘက်တို့မှာ ဖမ်းသွားတယ်လို့ ပြောတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က။ ထို့အထူပဲ စက်ရုံတော်တော်များများကို ထိုင်းအာဏာပိုင်တွေကနေပြီး အလုပ်သမားလက်မှတ် မရှိတဲ့သူတွေကို လက်မခံဘို့၊ စက်ရုံအကြီးတွေ၊ စက်ရုံအကြီးရော အသေးရော အလုပ်သမားလက်မှတ် မရှိတဲ့သူအားလုံး ရှောင်ရတိမ်းရပုန်းကြရတော့တာပေါ့” လို့ မေလ ၁၀ ရက်နေ့ညပိုင်းက ပြောပြပါတယ်။


ထိုသို့ ရှောင်တိမ်းနေကြရသူများမှာ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာ နေရာများ၊ လယ်ကွင်းများအတွင်း အဆင်သင့်သလို နေထိုင်နေကြရတယ်လို့ မဲဆောက် ရွှေ့ပြောင်းအလုပ်သမားများ၊ သတင်းရပ်ကွက်က ပြောပြပါတယ်။ မေလ ၁၀ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ပုံနဲ့ ပတ်သက်ပြီး ကိုသံဒုတ်က “ဒီနေ့ဆိုရင် ကျွန်တော်တို့ရုံနားက ချစ်ထွန်းစက်ရုံ ခေါ်တာပေါ့။ နေ့ခင်း အလုပ်လုပ်နေရင်း တန်းလန်းနဲ့ မနက် ၁၀ နာရီလောက်ကို သတင်းဝင်လာတယ်၊ အလုပ်သမားလက်မှတ် မရှိတဲ့သူတွေ စက်ရုံက ချက်ခြင်း ပုန်းကြရတော့တာပေါ့။ တခု ပြဿနာက ဒီ အလုပ်သမားတွေက စက်ရုံမှာပဲ နေ၊ စက်ရုံမှာပဲ ထမင်းစား၊ စက်ရုံမှာပဲ အလုပ်လုပ်၊ စက်ရုံမှာပဲ ရေချိုးဆိုတော့ ချက်ခြင်း ပုန်းရှောင်ရမယ်ဆိုတော့ အရမ်းကို ဒုက္ခရောက်တော့တာ။ ဒီနှစ်က အရမ်း ရာသီဥတုက ပူတယ်လေ။ အရမ်းပူတော့ ပိုပြီး ဒုက္ခရောက်ကြရတော့တာပေါ့ဗျာ” ရှင်ပြပါတယ်။


မဲဆောက်ရောက် မြန်မာအလုပ်သမားများရဲ့ ဘဝနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း “ရွှေ့ပြောင်းအလုပ်သမားများရဲ့ ပြဿနာဟာ ဂျာအေး သူ့အမေရိုက်သလို ဖြစ်နေကြောင်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဥပဒေက တမျိုး၊ မြန်မာစစ်အစိုးရ ဥပဒေကတမျိုး၊ ဒေသဆိုင်ရာအာဏာပိုင်တွေ့ရဲ့ အာဏာက တမျိုး ဖြစ်နေတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ဘဝဟာ လုပ်အား ခေါင်းပုံဖြတ်ခံကြရတဲ့အပြင် လုံခြုံရေအရလည်း ကင်းမဲ့နေကြောင်း၊ မြန်မာပြည်ရဲ့ အခြေအနေလည်း ဆိုးရွားနေတဲ့အတွက် အလုပ်သမားများဟာ ဒီ အခြေအနေမှာ လုပ်ကိုင်စားသောက်ရုံအပြင် အခြား ရွေးချယ်စရာလမ်း မရှိကြကြောင်း” ပြောပြပါတယ်။


ထိုင်းနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများက လာရောက်နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းဂဏန်းနဲ့ ရှိပါတယ်။ ထိုသို့ လုပ်ကိုင်နေကြသူများအနေနဲ့ မှတ်ပုံတင်ဖို့၊ မြန်မာနိုင်ငံသားများဆိုရင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ နှစ်နိုင်ငံအစိုးရများက တိုက်တွန်းထားခဲ့ကြပါတယ်။ အဲ့ဒီလို ဆောင်ရွက်ပေးမယ့်လည်း ထိုက်သင့်သလောက် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ ထိုနော် လွန်ခဲ့တဲ့တလခန့်က မှတ်ပုံတင်ခြင်း မပြုတဲ့ အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ့်အကြောင်း ထိုင်း အာဏာပိုင်တွေက ကြေညာခဲ့တယ်လို့ မဲဆောက် အလုပ်သမားများ သတင်းရပ်ကွက်က ပြောပါတယ်။


ကိုသံဒုတ်ကတော့ “ကမ္ဘာ့စီးပွားပျက်ကပ်က တိုက်ရိုက်ထိတယ် ဗျ။ အလုပ်သမားတွေက တစ်အချက် လုပ်အားခ ကျလာတယ်၊ အလုပ်ချိန်တွေ ပိုလာရတယ်။ နှစ်အချက် အလုပ်ချိန်က ပုံမှန်မရှိဘူးဗျ။ တချို့စက်ရုံကြီးတွေ ပိတ်ရတယ်။ အဲ့ဒီတော့ ပိုလျှံတဲ့အလုပ်သမားတွေ ပြန်ပို့ချင်တာနဲ့ အလုပ်သမားလက်မှတ် မရှိသူတွေ၊ အလုပ်သမားလက်မှတ်တင် မဟုတ်ဘဲနဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်မလုပ်တဲ့သူတွေကို ပြန်ပို့မယ်ဆိုပြီး စစ်ဆင်ရေးသဘောနဲ့ လုပ်တယ်နဲ့ထင်တယ်။ အခွန်လည်း ရချင်ပုံ ရပါတယ်။ အလုပ်သမားတယောက်ကို ဘတ် ၃၈၀၀ ဆိုရင် အလုပ်သမားတွေက တသန်းကျော်ရှိတော့ ဘီလျံနဲ့ချီ ရတာ။ မြန်မာအလုပ်သမားကတော့ ကြံဖက်လိုပါပဲ ဗျာ။ ဗမာပြည်ဘက်ကလည်း စုတ်လိုက်တော့ ဘယ်လိုမှ မခံနိုင်လို့ ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ရောက်တော့ ထိုင်း အရင်းရှင်ရော အစိုးရ စည်းမျည်းစည်းကမ်း ကြိုးနီစနစ်က ဝိုင်း စုတ်လိုက်တော့ ဘာမှ မကျန်တော့ဘူး။ စုတ်ပြတ်နေတော့တာပဲ” လို့ ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

အပြည့်အစုံသို့ >>

Thursday, 13 May 2010

မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ

ထိုင်း-မြန်မာနယ်စပ်



မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် စက်ရုံအလုပ်ရုံများကို ထိုင်းရဲများက မေလ ၈ရက်နေ့မှ ယ နေ့အထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား (၆၀၀)ကျော်ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် အလုပ်သမား (၆၀၀)ကျော်ထဲမှ ထောင်ဒဏ်အပြစ်ကျခံရသူ၊ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့ခံရသူနှင့် လုပ်ငန်းရှင်က ထိုင်းအာဏာပိုင်ထံ ငွေပေးရွေးထုတ်နိုင်ခဲ့သည့် အလုပ်သမားများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စနေနေ့က အဖမ်းခံခဲ့ရသည့် ဝေ့မုတ်ကျေးရွာရှိ နွားရုံဟု လူသိများသည့် တီကေဖိုးသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉၂)ဦးကို တနင်္လာနေ့တွင် မဲဆောက်မြို့နယ်တရားရုံးက ထောင်ဒဏ် (၄၅)ရက်ချမှတ်လိုက်သည်။

အလားတူဘန်စန်ခွဲအရပ်ရှိ အိုမီဂါသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၀)ကို ထိုင်းရဲများက ပြီးခဲ့သည့်စနေနေ့တွင်ဖမ်းဆီးခဲ့သည်။ ထိုအဖမ်းဆီးခံ မြန်မာအလုပ်သမား (၁၂၀)ထဲမှ (၉၇)ဦးကို တနင်္ဂနွေနေ့တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။ ကျန် (၂၃)ဦး ထောင်ချခဲ့ပြီး အိုမီဂါစက်ရုံမန်နေဂျာကိုပါ ထိုင်း အာဏာပိုင်များက အရေးယူခဲ့သည်။

အိုမီဂါ စက်ရုံမှ ကိုထွန်းထွန်းက ”စိတ်မကောင်းဘူးဗျာ။ သူတို့ တွေကို ဘယ်လို ကူညီရမလဲမသိဘူး။ သူဌေးကလည်း လွတ်မယ် လွတ်မယ်နဲ့ အခုတော့ ထောင်ကျကုန်ပြီ။”ဟု ပြောသည်။

တနင်္လာနေ့ညနေပိုင်းတွင် မယ်တောင်ကျေးရွာရှိ SR သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား (၂၅၀) အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်အလုပ်သမားများအခြေအနေကို အဆိုပါ စက်ရုံမှ ကိုမင်းနောင်က ”ကျနော်တို့ စက်ရုံက အဖမ်းခံရသူတွေကတော့ အခု အလုပ်ပြန်ဆင်းနေပြီ။ သူဌေးက ဘတ် ၇၀၀၀၀ နဲ့  ရွေးလိုက်တယ်” ဟုဆိုသည်။

ထိုင်းအစိုးရက ပြဌာန်းထားသော အလုပ်သမားဥပဒေအရ အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီး ထောင်ချခြင်း။ မိခင်နိုင်ငံသို့ ပြန်ပို့ ခြင်းများ ကိုပြုလုပ်နိုင်သည်။ ထို့ အတူ တရားဝင် အလုပ်လုပ်ခွင့်မရှိသူကို အလုပ်ခန့် ထားသော အလုပ်ရှင်မှာ အလုပ်သမား ဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဟု ပြဌာန်းထားကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံဖြစ်သူကိုမျိုးဇော်မှ ၂၀၀၈ ခုနှစ်က ထုတ်ပြန်တဲ့ အလုပ်သမားဥပဒေအရ ပုဒ်မ ၂၇မှာ လက်မှတ်မရှိတဲ့ အလုပ်သမားကိုမခန့်ရ၊ ခန့်ထားခဲ့ရင် ပုဒ်မ ၅၄ မှာ ပြဌာန်းထားတာက အလုပ်သမား တယောက်အတွက် ဒဏ်ငွေ ၁ သောင်းကနေ ၁ သိန်းအထီ ဒါဏ်ရိုက်ခံရမယ် ဒါက အလုပ်ရှင်အပိုင်း၊ အလုပ်သမားကျတော့ ပုဒ်မ ၅၁ အရ လက်မှတ်မရှိဘဲ မလုပ်ရ တွေ့ရှိရင် ဒါဏ်ငွေ ၂၀၀၀ ကနေ ၁သိန်းအထိဒါဏ်ရိုက်ခံရနိုင်တယ်၊ ၅နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်တယ် သို့သော် အလုပ်သမားကိုယ်တိုင်က နေရပ်ရင်းဒေသကပြန်ပါမယ်လို့ဝန်ခံထွက်ဆိုရင် ရက်ပေါင်း ၃၀ အထိထောင်ဒါဏ်ချခံရပြီးတော့ နယ်စပ်ပြန်လွှတ်နိုင်တယ် ဒါကတော့ တရားရုံးအပေါ်မှာ မူတည်တာပေါ့ဗျာ” ဟုပြောသည်။

ရဲဖမ်းမည်ကိုစိုး၍ တောထဲတွင် သွားရောက်ပုန်းရှောင်နေရာမှ ယခုအခါ အလုပ်ထဲကို ပြန်ရောက်လာသူ ရုံစိမ်းမှ ကိုဝင်းညွန့် ကလည်း ”သုံးရက်လောက် ပုလိပ်ပြေးလိုက်ရတယ်ဗျ။ အခုတော့ စက်ရုံက ပြန်လိုက်ခေါ်လို့ အလုပ်ပြန်ဆင်းနေကြပြီ” ဟုဆိုသည်။
မဲဆောက်မြို့ပါတ်ဝန်းကျင် စက်ရုံအချို့တော့အလုပ်ပြန်ဆင်းခိုင်းနေပြီး အချို့စက်ရုံတော် တော်များများ ကတော့ ယခုထိ ရှောင်ပုန်းနေကြတုန်းပဲဟုသိရှိရပါသည်။

ထိုင်းအစိုးရသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၂ ရက်နေ့ ကို သတ်မှတ်ခဲ့ပြီး ထိုရက်ကျော်လွန်ပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ မြန်မာဘက်ခြမ်းသို့  အလုံးအရင်းနှင့် ပြန်ပို့ မည်ဟု ကြေညာထားဖူးသည်။ ထိုကြေညာချက်ထွက်ပေါ်ပြီးနောက်မဲဆောက်မြို့ တွင် ယခုကဲ့သို့  အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းသည် ထိုင်းနိုင်ငံအတွင်း အများဆုံး ဖမ်းဆီးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအဖွဲ့  အစည်းများက ခန့် မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Wednesday, 12 May 2010

မဲဆောက်ရှိ မြန်မာ အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံရ

ဘစောတင် Tuesday, May 11, 2010 ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့တွင် ၃ ရက် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီး ခံရကြောင်း သတင်း ရရှိသည်။
မဲဆောက်မြို့ရှိ စက်ရုံများမှ နေထိုင် အလုပ် လုပ်ခွင့် လက်မှတ်မရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက မေလ ၈ နေ့မှ ၁၀ ရက်နေ့များအတွင်း ဖမ်းဆီးပြီး ပြန်ပို့ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။“သုံးရက်အတွင်း ၆၀၀ ကျော် အဖမ်းခံရတယ်၊ မယ်တော် ကမ်းနားက အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ စတီးလ်ရုံ၊ ချန်ပီယံ ရုံ၊ ဘတ် နှစ်ရာဘက် စက်ရုံကလူတွေ ပုလိပ်ဖမ်းမှာစိုးလို့ တောထဲ တောင်ထဲပြေးနေကြတယ်၊ ပုလိပ်ကြောက်လို့ ပြေးတာတော့ စက်ရုံအားလုံး လိုလိုပါပဲ”ဟု မြန်မာ အလုပ်သမား ကွန်ရက်မှ တာဝန်ခံ ကိုဝဏ္ဏက ဧရာဝတီသို့ ပြောသည်။

မဲဆောက်ရှိ မဲ့သောင်၊ ဘန့်နူယာ စသည့် နေရာ အမည်များကို မြန်မာများက မယ်တော်၊ ဘတ်နှစ်ရာ ဟု အသံထွက် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

မေလ ၈ ရက်နှင့် ၉ ရက် အတွင်း မယ်တော် ကမ်းနားရှိ နွားရုံခေါ် စုန်ဟွန် သိုးမွေးရုံမှ အလုပ်သမား ၂၀၀ နီးပါး၊ ကပ်ပီဘန်း ဘက်တွင် လမ်းသွားလမ်းလာ ၆၀ ခန့်နှင့် အိုမီဂါရုံမှ ၁၂၀ ခန့် အဖမ်းခံရပြီး ယမန်နေ့တွင် S.R သိုးမွေးစက်ရုံမှ ၂၅၀ ခန့် ဖမ်းဆီးခံရသည်ဟု ကိုဝဏ္ဏက ဆက်လက်ပြောပြသည်။

အိုမီဂါ စက်ရုံမှ အဖမ်းခံရသော အလုပ်သမားများအနက် ၁၀၀ ခန့်ကို ယမန်နေ့ က မြန်မာဘက်သို့ ပြန်ပို့ လိုက်သည်ဟု သိရသည်။

သို့ သော် စုန်ဟွန် သိုးမွေးစက်ရုံ (နွားရုံ) မှ အလုပ်သမားများကိုမူ တရားရုံးက အမိန့်ချမှတ်ပြီး ထောင်သို့
ပို့လိုက်သည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော ယင်းစက်ရုံမှ အလုပ်သမားတဦးဖြစ်သူ ကိုကျော်ညွန့်က ပြောသည်။

ကိုကျော်ညွန့် သည် မြ၀တီမှ မဲဆောက်သို့နေ့စဉ် လာရောက် အလုပ်လုပ်သူဖြစ်သည်။ ယင်းသိုးမွှေး စက်ရုံ သည် မြ၀တီမြို့နှင့် မျက်နှာချင်းဆိုင်ရှိ မဲဆောက်မြို့နယ်အတွင်း မဲ့သောင်ရွာတွင် ရှိသည်။ 

“ကျနော်တို့ နွားရုံက လူတွေကတော့ အားလုံး ထောင်ထဲပို့ လိုက်ပြီဗျာ၊ ကျနော် ပြန်လာခါနီးမှာ အားလုံး ဆံပင်တွေ ညှပ်လိုက်ပြီ၊ ဘယ်လောက် အမိန့်ချလိုက်တယ်တော့ ကျနော် မသိဘူး၊ သူတို့ အားလုံးကို ထောင်ချလိုက်ပြီ ဆိုတာပဲ သိရတယ်”ဟု ကိုကျော်ညွန့်က ဆိုသည်။

ရဲဖမ်းမည်စိုး၍ တိမ်းရှောင်နေသူ တဦးဖြစ်သော ကပ်ဘီဘန်းရွာရှိ ပေါင်မုန့်စက်ရုံမှ ကိုမျိုးကလည်း “ကျနော် တို့ တွေ တောထဲ တောင်ထဲမှာ အများကြီးပဲ၊ ပုလိပ် ဖမ်းမှာစိုးလို့ ပြေးနေတာ၊ မနက်ကတည်းက စက်ရုံက လူတွေ ပြေးနေကြ ရတယ်၊ ကျနော်တို့ မှာ လက်မှတ်မရှိတော့ ရဲဖမ်းမှာကို ကြောက်လို့”ဟုပြောသည်။

အလုပ်သမားများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း ရခိုင်အလုပ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ကိုလှမင်းက “တမြို့လုံးက စက်ရုံတွေ ပိတ်ထားရသလောက်ပဲ၊ အလုပ်သမား အများစုကလည်း လက်မှတ်မရှိကြတော့ ပြေးနေကြတယ်၊ ဒီတခါ ဖမ်းတာတော့ ဒီနှစ်အတွက် အဆိုးဆုံးပဲ”ဟုပြောသည်။
မြန်မာအလုပ်သမားများ အဖမ်းခံရသည့်အခါ ထိုင်းရဲများက အလုပ်သမားများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ မြန်မာ ဘက်ကမ်းသို့ ပြန်ပို့ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ရှိသော်လည်း ထိုင်းအလုပ်ရှင်များကိုမူ အရေးယူခြင်း မရှိဟု အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။

“ထိုင်းအစိုးရနဲ့ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေ အလုပ်လုပ်လို့ အဆင်ပြေနိုင်လောက်တဲ့ ဥပဒေကို ချမှတ်သင့်တယ်ဗျာ၊ အလုပ်ရှင်တွေကလည်း ယာယီပတ်စ်ပို့ ဆိုလည်း ယာယီပတ်စ်ပို့ ပေါ့၊လက်မှတ်ဆို လည်း လက်မှတ်ပေါ့၊ သူတို့ က ကူညီလုပ်ပေးသင့်တာပေါ့၊ အခုတော့ ဖမ်းရင် အလုပ်သမားတွေသာခံ၊ အလုပ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး၊ ခံစရာရှိ ကျနော်တို့ အလုပ်သမားတွေက ခံဘက်ကချည်းပဲ”ဟု ကိုသံဒုတ်က ဆိုသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း ၃၀၀ နီးပါးရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည်။ မဲဆောက်မြို့မှအလုပ် သမားများ အများစုသည် အလုပ်သမား လက်မှတ်လုပ်ခ မတတ်နိုင်၍ လက်မှတ်လုပ်သူ ရာနှုန်း အနည်းငယ် သာ ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Tuesday, 6 April 2010

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအာဏာပိုင်တွေ စစ်တပ်အတွင်းသို့ ပို့ဆောင်နေ


ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာအလုပ်သမားကို ထိုင်းရဲများမှ အလုပ်ခွင်အတွင်း ဝင်ရောက်ဖမ်းဆီး ထောင်ချခဲ့ပြီးမြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ရာ ၉၉၉ ဂိတ် ၁ရှိ မြန်မာအာဏာပိုင်များက ငွေဖြင့် မရွေးနိုင်သူများကို စစ်မှုမထမ်းမနေရ ဟုဆိုကာ အလိုမတူဘဲ စစ်တပ်ထဲသို့ ပို့ဆောင်နေသည် ဟု ထို ဂိတ်မှ ထွက်ပြေးလွတ်မြောက်လာသူတစ်ယောက်က ပြောသည်၊

ယခုလ ၁၃ရက်နေ့တွင် မဲဆောက်မြို့ မယ်ပရက်ကွက်ရှိ ဆေးသုတ်လုပ်ငန်းခွင်အတွင်း ထိုင်းပုလိပ်များ ဝင်ရောက်ဖမ်းဆီးရာ လက်မှတ်မရှိသူ ဆေးသုတ်သမား ၄ ဦးကို ဖမ်းဆီး သွားခဲ့သည်။ ဖမ်းဆီးခံရသည့် အလုပ်သမား ၄ ဦးကို လက်မှတ်မရှိသည့်အတွက် သံထောက်အမှု ဖြစ်သောကြောင့် ၁၂ ရက် ထောင်ချခဲ့သည်၊

ထောင် ၁၂ရက် ကျခံပြီးနောက် ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ဘက်ခြမ်းသို့ ပို့ဆောင်ခဲ့သည်၊ မြန်မာပြည်ဘက်ခြမ်းရောက်ရှိပြီး ဘတ်ငွေ ၁ဝဝဝဖြင့် ရွေးခိုင်းသည်၊ ရွေးနိုင်သူများကို ပြန်လွှတ်ပေးပြီး မရွေးနိုင်သူများကို ပေါ်တာထဲသို့ ထည့်ပစ်မည်၊ စစ်သားလုပ်ရမည်၊ မြေအောက်ခန်းသို့ ပို့မည်ဟု အမျိုးအမျိုးခြိမ်းခြောက် ရိုက်နှကကြောင်းစစ်တပ်ထဲ အတင်းပို့ဆောင်ရာမှ ထွက်ပြေးလွတ်မြောက်လာသူ ကိုမင်းညိုက ယခုလို ပြောဆိုသည်၊

“ သူတို့ (အာဏာပိုင်)တွေဖြစ်တဲ့DKBAဂိတ်အတွင်းက တာဝန်ရှိသူ ကိုဖိုးကျော်က ကျနော်တို့ကို ထိုင်းဘက်ကမ်း သုည ဂိတ်မှာ ချပေးတယ်၊ပြီးတော့မြန်မာဘက်ခြမ်း ၉၉၉ ဂိတ်က စက်လှေနဲ့လာခေါ်တယ်၊ ရေလည်မှာ သောင်ဖြစ်ထွန်းနေတဲ့ နေရာမှာ လှေကိုရပ်ပြီး ဘတ်ငွေ ၅ဝဝနဲ့ ရွေးခိုင်းတယ်၊ မရွေးနိုင်သူတွေကို ကမ်းပေါ်တက်ခိုင်းပြီး လူစီလူစစ်တယ်၊ မိန်းကလေး သက်သက်ယောက်ျားလေးသက်သက် ခေါ်သွားတယ်။ စခန်းရောက်တော့ဘတ် ၁ဝဝဝ ပေးရတယ် ပေးရင်တော့ ပြန်ရတယ်လေ ဒါကြောင့်လာရွေးဖို့ဆက်သွယ်ခိုင်းတယ်၊ ကျနော်နဲ့ ကျန်တဲ့ ၁၂ယောက်လောက် မရွေးနိုင်တော့ ရိုက်တယ်၊ ထိုးတာလည်း ခံရတယ်၊ ပြီးတော့ စစ်တပ်ထဲပို့မယ်ဆိုပြီး ဂိတ်ထဲမှာပဲ နေခိုင်းတယ်၊ ထွက်ပြေးရင် ထောင်ထားတဲ့ မိုင်းတွေရှိတယ်လည်းပြောတယ်၊ ညအိပ်ပြီးနောက်နေ့ ၁ဝနာရီထိုးရင် စစ်တပ်က ကား လာခေါ်မယ်ပြောတယ်၊ ကျတော်လည်း ထွက်ပြေးဖို့ပဲ စဉ်းစားနေမိတယ်လေ၊ ၁ နာရီထိုးတော့ လူလစ်တာနဲ့ ချောင်းထဲခုန်ချပြီး ထွက်ပြေးတယ်၊ နောက်က လိုက်ဖမ်းကြသေးတယ်၊ မပြေးနဲ့ ရပ်လို့အော်တယ်၊ မရပ်သေနတ်ပစ်မယ်လို့ လည်းခြိမ်းခြောက်တယ်၊ ကျနော်က ပစ်ချင်ပစ်ပါစေ ပြေးမယ်ဆိုးပြီး ပြေးတာပဲ၊ ဒီလိုနဲ့ ထိုင်းဘက်ကမ်းကို ရောက်တဲ့အထိ ဆက်ပြေးရင်း လွတ်လာတာပါ ”ဟုပြောသည်၊

ကျနော်ထပ်ပြောချင်တာ သတိပေးချင်တာက ထိုင်းမှာ အလုပ်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေ လက်မှတ်မရှိလို့ အဖမ်းခံရရင် မြန်မာပြည် ပြန်ပို့တာ ခံကြရမှာပဲ၊ အဲသည်လို ပြန်ပို့တာခံရရင် ကျနော်လို အနှိပ်စက်ခံ အနိုင်ကျင့်တာ ခံရမယ်၊ ပေါ်တာထဲထည့်တာ စစ်တပ်ထဲထည့်တာ တွေ ခံရမယ်၊ မရွေးနိုင်ရင် ခံရမှာပေါ့၊ ရွေးနိုင်ရင်တော့ ကိစ္စမရှိဘူး၊ ဖြစ်နိုင်ရင် အသွားအလာ ဆင်ခြင် သတိနဲ့ သွားလာဖို့ကို ပြောချင်တာပါဟု ကိုမင်းညိုက ပြောသည်၊

ယခင်နှစ်တွေက စစ်တပ်ထဲထည့်တာ ပေါ်တာဆွဲတာတွေ မရှိခဲ့ပါဘူး၊ ယခုနှစ် ၃လပိုင်းကျမှ အခုလို လုပ်ဆောင်လာတာဟာ ဟု ထပ်မံ သိရှိရပါသည်၊
အပြည့်အစုံသို့ >>

Wednesday, 10 February 2010

B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအမှုနိုင်လျှော်ကြေးငွေရရှိ

၁၄ ရက် ၂၀၀၆ခုနှစ်တွင် စတင်တရားဆွဲဆိုခဲ့သော B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအား စက်ရုံသူဌေးမှလျှော်ကြေးငွေ ၃၆၀၀၀၀ကျော်အား ယနေ့တွင်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ တို့ရှေ့မှောက်တွင်ပေးအပ်ခဲ့ကြောင်းသိရပါသည်။
ကျွန်တော်တို့က ငွေကြေးအရ တိုက်ခဲ့တာမဟုတ်ပါဘူး ဂုဏ်သိက္ခာအရတိုက်ခဲ့တာပါ ၃နှစ်နဲ့၃လကြာတိုက်ခဲ့တာပြီးမှ ဒီနေ့လျှော်ကြေးငွေရရှိခဲ့တာပါပဲ တချို့ဆိုရင် ၆၀၀လောက်ပဲရခဲ့ပြီး
၇၀၀၀ကျော်ရသူတွေလဲရှိပါတယ် ဘာပဲဖြစ်ဖြစ်ပါ အခုကျွန်တော်တို့တွေနိုင်ခဲ့ပါပြီ အားလုံးကလဲကျေနပ်ကြမှာပါ မတရားမှုနဲ့တရားမှုကို တိုက်ယူခဲ့ကြတာကြောင့်ငွေကြေးကအဓိကမဟုတ်ပါဘူးလေ
အခုလိုအနိုင်ရလာအောင်လမ်းညွှန်ပေး အကြံပေးပြီးကုညီလုပ်ဆောင်ပေးခဲ့သော ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နဲ့မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ် ဟု အမှုနိုင်အလုပ်သမားတစ်ဦးဖြစ်သူ ကိုသူကြိုးကပြောသည်။
သူတို့ရဲ့မတရားမှုနဲ့တရားမှုအောင်ပွဲ ရှင်းရှင်းပြောရရင်တော့ အလုပ်ရှင်နဲ့အလုပ်သမား တရားသူတွေရဲ့အောင်ပွဲကို ကူညီပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိသလို ဆက်လက်ကူညီပေးနေဦးမှာပါဟု ရောင်ခြည်ဦးအဖွဲ့ဥပဒေရေးရာ တာဝန်ခံ ဖြစ် ကိုမြင့်ဦးက ယခုလိုပြောသည်။
စတင်ဖြစ်ပွားတာကတော့ အလုပ်သမား ၂ယောက် ကောင်မလေးတွေကို မန်နေဂျာဖြစ်သူက ရိုက်နှက်ရာကနေ အလုပ်သမားတွေကမကျေနပ်ပဲ ဆန္ဒပြရာ အလုပ်ရှင်မှ ပုလိပ်ခေါ်ဖမ်းခိုင်းပြီးစက်ရုံမန်နေဂျာကို အရေးမယူပေးဘဲ အလုပ်သမားတွေကို ပုလိပ်ခေါ်ဖမ်းခိုင်းတာကြောင့်မကျေနပ်ပဲ အလုပ်သမား၁၂၃ဦးမှ ရောင်ခြည်ဦးအလုပ်သမားရုံး
ကိုအကူအညီတောင်းပြီး မက်ပ်ဖောင်ဒေးရှင်း နှင့် အတူ အလုပ်ရှင်ကို တရားဆွဲဆိုခဲ့တာဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။
အပြည့်အစုံသို့ >>

Wednesday, 3 February 2010

မယ်ဆိုင်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံ မြန်မာအလုပ်သမားများ လျော်ကြေးရ

စိုးမိုး/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အော်စကာ ဖိနပ်ချုပ်စက်ရုံတွင် လုပ်သားအခွင့်အရေး တိုးမြှင့်ရရှိရန် ဦးဆောင်ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် အလုပ်ထုတ်ခံရသော မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမား (၄) ဦးအား အလုပ်ရှင်က လျော်ကြေးပေးလိုက်ရသည်။
(၁) လ လုပ်အားခ ဘတ် (၅,၀၀၀) ခန့်သာ ရသည့် အလုပ်ထုတ်ခံ အလုပ်သမား (၄) ယောက်အား လုပ်သက်နှစ်အလိုက် ထိုင်းဘတ် (၄၀,၀၀၀) ကျော်ဖြင့် (၂) ဦး၊ ထိုင်းဘတ် (၃၀,၀၀၀) ကျော်ဖြင့် (၂) ဦး အသီးသီး လျော်ကြေးပေးလိုက်ရသည်။



ထို့အပြင် စက်ရုံ၌ ဆက်လက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ယခင် (၁) ရက်လုပ်ခ ဘတ် (၈၀) ခန့်မှ (၁၅၇) ဘတ်သို့ အလုပ်ရှင်က လုပ်ခတိုးမြှင့်ပေးလိုက်ရသည်။

“အလုပ်ပြုတ်သွားလို့ စိတ်မကောင်းမဖြစ်ဘူး။ ပီတိဖြစ်တယ်။ ဘာကြောင့်တုန်းဆိုတော့ အခုဆို ကျန်ခဲ့တဲ့ အလုပ်သမားတွေက ကံကောင်းသွားတယ်။ တရက်လုပ်ခ (၁၅၇) ဘတ်ဆိုတာ မယ်ဆိုင်မှာ ဘယ်လိုမှ မျှော်မှန်းလို့ မရတဲ့ လုပ်ခပါ” ဟု အလုပ်ပြုတ် သွားသည့် ဆန္ဒပြခေါင်းဆောင် အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်လ၌ အော်စကာ ဖိနပ်ချုပ်စက်ရုံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား (၁၀၀) ကျော်က တရက်လုပ်ခ (၁၀) ဘတ် (မြန်မာငွေ ၃၅၀ ကျပ်ခန့်) တိုးပေးရန် တောင်းဆိုခဲ့ခြင်းကို စက်ရုံတာဝန်ရှိသူများက မလိုက်လျောသည့်အပြင် ဆန္ဒပြခြင်းကြောင့် အလုပ်ပျက်ခဲ့သည့် နေ့တ၀က်အတွက် ဆန္ဒပြခေါင်းဆောင် မြန်မာအလုပ်သမ (၄) ဦးအား တဦးလျှင် လျော်ကြေး ထိုင်းဘတ် (၁) သိန်း (၆) သောင်း လျော်ကြေးပေးရန် အလုပ်ရှင်က ပြန်တောင်းခဲ့သည်။

ယင်းလုပ်ရပ်ကို အမျိုးသမီး အများစုပါဝင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက အလုပ်သမားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လျော်ကြေးရရှိရေး၊ လုပ်ခတိုးမြှင့်ပေးရေးတို့ကို ဆက်လက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“မယ်ဆိုင်မှာဆိုရင်တော့ ပထမဆုံး ဗမာလုပ်သားတွေ ဆန္ဒပြပွဲပါ။ ဘယ်သူမှ ခေါင်းမထောင်ရဲခဲ့ဘူး။ အခု ကျမတို့ ပြောရဲသွားတာက ကိုယ်တိုင်ခံစားရလို့” ဟု အဆိုပါ ဆန္ဒပြခေါင်းဆောင် အမျိုးသမီးက ပြောကြားသည်။
အပြည့်အစုံသို့ >>

စက်ရုံပိတ်၍ မြန်မာအလုပ်သမားများ အခက်အခဲဖြစ်

Tuesday, 02 February 2010 19:19 ဘစောတင်

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုအရပ်ရှိ မြန်မာနိုင်ငံသား ၁၅၀၀ ခန့် အလုပ် လုပ်နေသော ဟန်ထိုင်း (Hang Thai) သိုးမွေးစက်ရုံ တာဝန်ရှိသူများက စက်ရုံပိတ်မည် ဖြစ်၍ ယခုလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ စက်ရုံမှထွက်ခွာရန် ဖိအားပေးနေသည့်အတွက် စက်ရုံအလုပ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်း ရရှိ သည်။
ယခုကဲ့သို့ အကျိုးခံစားခွင့်များမပေးဘဲ စက်ရုံပိတ်လိုက်သဖြင့် အလုပ်သမားများမှာ အခက်အခဲများစွာ ကြုံတွေ့ရ သည်ဟုသည်ဟု အဆိုပါစက်ရုံတွင် ၁၂ နှစ်ခန့်လုပ်သက်ရှိသူ မြန်မာ အလုပ်သမ ဒေါ်ညိုကပြောသည်။



“ဒီစက်ရုံမှာ လုပ်လာတာ ဟို ၉၈ ခုနှစ်ကတည်းက လုပ်လာတာလေ၊ မိသားစုလိုက် လာလုပ်စား ကြတာ၊ ဆူပူတာ လည်းမလုပ်ခဲ့ဘူး၊ ဒီစက်ရုံက အခုလို ရုတ်တရက် ပိတ်ပစ်တော့မယ်ဆိုတော့ အခက်အခဲအများကြီးရှိတာပေါ့၊ သူတို့ က အခုလို စက်ရုံပိတ်တာကို အလုပ်သမားတွေကို ကြိုတင်မပြောဘဲ အလုပ်ရပ်ပစ်တာတို့ ထုတ်ပစ်တာတို့ ဆိုရင် နစ်နာ ကြေးတွေ လျော်ကြေးတွေ ပေးရတယ်ဆိုတာကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် စက်ရုံမှာတော့ ဒီလိုတခွန်းမှ မပြော ခဲ့ ဘူး၊ စက်ရုံပိတ်မယ်၊ ဆိုတာလောက်ပဲ ပြောတယ်”ဟု သူက ဆိုသည်၊

ယမန်နေ့ နေ့လယ်ပိုင်းက အလုပ်သမားများ စက်ရုံမှ ထွက်ခွာရန် အလုပ်သမားခေါင်းက ပြောကြားခဲ့ ခြင်းဖြစ် ကြောင်း၊ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလလယ်မှစ၍ စက်ရုံတာဝန်ရှိသူများက လုပ်ငန်းများ မကောင်း သဖြင့် စက်ရုံကို ယာယီအားဖြင့် ၃ လ ခန့်ပိတ်ထားမည်ဟုဆိုကာ ခေတ္တပိတ်ထားခဲ့သည်မှာ တလကျော် ရှိပြီဖြစ် ကြောင်း လည်း ဒေါ်ညိုက ပြောပြသည်။

“မနေ့က နေ့လယ် ၁နာရီလောက်မှာ၊ သူဌေးလူယုံ မြန်မာအလုပ်သမား မသင်းသင်းစိုး က ကြေညာတယ်၊ ဒီစက်ရုံ သူဌေးက အခြားသူဌေး တဦးကို လွှဲလိုက်ပြီးဖြစ်လို့ ဒီလ ၁၀ ရက်နေ့ကစပြီး အားလုံးစက်ရုံက ထွက်ခွာပေးရမယ်”ဟု ဟန်ထိုင်းစက်ရုံတွင် လုပ်ခဲ့ဖူးသော မဲဆောက်မြို့ ရှိ အလုပ်သမားများအရေးကို ကူညီဆောင်ရွက်ပေးနေသူ ကိုဝဏ္ဏ ကလည်း ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့  BLSO မှ တာဝန်ခံ ကိုသံဒုတ်က“အဲဒီစက်ရုံက အလုပ်သမား တွေဆီက သိရတာကတော့ ဒီနေ့မှာ ဟိုအရင်လ (၁၀)ရက်နေ့က အလုပ်သမားတွေ ရစရာရှိတဲ့ လုပ်အားခတ၀က်ကို စပေးမယ်၊ ATM ဘဏ်ကတ်ရှိတဲ့သူတွေကိုတော့ မနက်ဖြန် စ ပေးမယ်၊ ပြီးရင် ဇန်န၀ါရီလ အတွက်လစာကို ဒီလ (၁၀) ရက်နေ့မှာ ထုတ်ပေးပြီးတာနဲ့ စက်ရုံကို ပိတ်ပစ်တော့မှာဖြစ်တယ်”ဟု ပြောဆိုသည်။

စက်ရုံကို ယာယီမပိတ်မီက အလုပ်သမား ၁၅၀၀ ၀န်းကျင်ရှိခဲ့သော်လည်း ယခုအခါ စက်ရုံတွင် အလုပ်သမား ၁၇၀ ခန့်သာ ရှိတော့ကြောင်း၊ အလုပ်သမားအများစုသည် ယာယီပိတ်သည်ဆို၍ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း၊ စက်ရုံတွင် ကျန်နေသူများမှာလည်း အလုပ်မရှိသဖြင့် ပန်းရန်ဆိုဒ်များ၊ တောင်ယာများတွင် ၀င်ရောက်လုပ်ကိုင် နေ ကြရကြောင်း သိရသည်။

“ဒီစက်ရုံ အခုလို ဖြစ်တာ ဟာ မနှစ်က အမှုနဲ့ အဆက်အစပ်ရှိမယ်ထင်တယ်၊ မနှစ်က လူ ၂၉၃ ယောက် အမှုက မပြီး ပြတ်သေးဘူး၊ အမှု ရင်ဆိုင်ဖို့ နောက်လမှာ ချိန်းထားတာရှိတယ်၊ ဥပဒေကြောင်းအရ အလုပ်သမားတွေ ဘက်က အနိုင်ရဖို့ သေချာ တယ်၊ ဆ၀ါဒီကန် ကိုယ်တိုင် တရားစွဲထားတာ၊ မဲဆောက်မှာဆိုရင် ဒီအမှုက လူဦးရေ အများဆုံး ပါဝင်တဲ့ အမှုလည်း ဖြစ်တယ်၊ အခု အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအနေနဲ့လည်း ကိုယ့်ရဲ့ရပိုင်ခွင့် တွေ နစ်နာချက်တွေအတွက် အလုပ်သမားအဖွဲ့အစည်းတွေ၊ ရှေ့ နေတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်”ဟု ကိုသံဒုတ်က ဆက်လက်ပြောဆိုသည်။

ယင်းဟန်ထိုင်းစက်ရုံ ပိုင်ရှင်သည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ တုန်းကလည်း အလုပ်သမား ၂၉၃ ဦးကို အလုပ် ဖြုတ် ပစ်ခဲ့ဖူးသည်။ ထို့ကြောင့် အလုပ်သမားများက ၄င်းတို့၏ ရပိုင်ခွင့်များကို ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအရ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (ဆ၀ါဒီကန်) မှတဆင့် တရားစွဲဆိုထားဆဲဖြစ် ကြောင်း သိရသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့် ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ နေထိုင်လျက် ရှိကြောင်း အလုပ်သမား အရေးဆောင်ရွက် နေသော အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများအသတ်ခံရမှု အာဏာပိုင်များပါဝင်

ရဲရင့် / ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ


မြန်မာအလုပ်သမားများ အုပ်စုလိုက် အသတ်ခံရမှုတွင် အာဏာပိုင် အဖွဲ့ဝင်များ ပါရှိသဖြင့် မကြာမီရက်အတွင်း ၎င်းတို့ကို ဖမ်းဆီးမည်ဟု ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ဆူရစီဆွန်ထောင်းဆာရထွန်က မဲဆောက်မြို့တွင် ယနေ့ပြောကြားသည်။  ယခင်သတင်းပတ်အတွင်း တောလမ်းခရီးဖြင့် မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် မြန်မာနိုင်ငံသား (၁၂) ဦးထဲမှ (၉) ဦးကို မြန်မာများနှင့် ထိုင်းအာဏာပိုင်အဖွဲ့အစည်းမှ လူအချို့က ဖမ်းဆီးပြီး ငွေတောင်းခံရာမှ ငွေမရသည့်အဆုံးတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု တိုင်းမှူးက ပြောသည်။
ယနေ့ညနေ (၄) နာရီခွဲက မဲဆောက်ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတိုင်းမှူးက “တောထဲမှာ ဒီလူတွေကို ဖမ်းပြီး အာဏာပိုင်အဖွဲ့က လူတချို့နဲ့ မြန်မာတချို့ပေါင်းပြီး အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေရှိရာ မြန်မာပြည်ကို တယ်လီဖုန်းနဲ့ ပိုက်ဆံလှမ်းတောင်းတဲ့ အချက်အလက်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်။ ပြစ်မှုကျူးလွန်သူကို ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးနိုင်မှာ ဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များကို ပြောသည်။


“မြန်မာလူမျိုးတွေ ထိုင်းကို ဘယ်လိုပုံစံနဲ့ပဲ ၀င်လာဝင်လာ အခုလို လုပ်တာမျိုး၊ ဥပဒေမဲ့သတ်ဖြတ်မှုကိုတော့ ဥပဒေအရ ဘယ်လိုမှ ခွင့်မပြုဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဝါရင့်ထိုင်းသတင်းထောက်တဦးကလည်း “ဒီအမှုနဲ့ ပတ်သက်ပြီး မဲဆောက်ကို ရဲတိုင်းမှူးဆင်းလာတယ်။ ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုတွေ ပြီးသလောက် ဖြစ်သွားပြီး ပြစ်မှုကျူးလွန်သူတွေကိုလည်း ရဲက သိနေတဲ့ သဘောဖြစ်နေပြီဆိုတော့ မနက်ဖြန် လောက်ဆိုရင် ပြစ်မှုကျူးလွန်သူကို ဖမ်းတော့မယ် ဆိုတဲ့သဘောမျိုး ပြောသွားတာဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်က တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယခင်လ (၃၁) ရက်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် သုံးသည့် ကျည်များဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ (၁၂) ဦးထဲမှ သေဆုံးသူများ၏အလောင်း (၇) လောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါအလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက်ရှိသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းရဲမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။
အပြည့်အစုံသို့ >>

Monday, 1 February 2010

ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင်လိုက်လျော

Saturday, 30 January 2010 19:53 ဘစောတင်

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ OSAKA MARUNI (Thailand) Co. Ltd ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများ၏ ပြီးခဲ့သည့် ဇန်န၀ါရီ လ၂၃ ရက်က လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုကို စက်ရုံတာဝန်ရှိသူများက လိုက် လျောရန် ယမန်နေ့က သဘောတူခဲ့ကြောင်း သတင်း ရရှိသည်။
ယခုလမှစ၍ ထိုင်းအလုပ်သမားများကို တနေ့လျှင် ဘတ် ၃၀ ကျစီ တိုးပေးသဖြင့် မြန်မာအလုပ်သမား ၇၂ ဦး က ၎င်းတို့ကိုလည်း ၁၀ ဘတ်စီတိုးပေးရန် နေ့တ၀က် အလုပ်ရပ်ဆိုင်း၍ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။



ယင်းဆန္ဒပြမှုကြောင့် စက်ရုံ တာဝန်ရှိသူများက ဆန္ဒပြပွဲ ဦးဆောင်သည့် အလုပ်သမား ၄ ဦး ကို အလုပ်မှ ထုတ်ပစ်မှု၊ မြန်မာအလုပ်သမားများကို စက်ရုံမှထွက်ခွာသွားရန်ဖိအားပေးအကျပ်ကိုင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တပတ်ခန့်အကြာ တွင်မှ လိုက်လျောရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ယင်းပြဿနာကိုစေ့စပ်ညှိနှိုင်းပေးခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီပေးနေသည့် MAP ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ထိုင်းလူမျိုး ကိုအေးက ပြောသည်။

“မနေ့ နေ့လယ်ပိုင်းမှာ အလုပ်သမားတွေ အားလုံးခေါ်ပြီး တနေ့ လုပ်ခ ၁၅၇ ဘတ်ကို ဒီနေ့ ကစပြီး ပေးပြီလို့ တရား ၀င် ကြေညာပေးတယ်၊ အလုပ်သမားတွေကလည်း သဘောတူကြတယ်၊ ၀မ်းလည်းဝမ်း သာကြတယ်”ဟု ၎င်းက ပြောပြသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမား ၄ ဦး၏ နစ်နာချက်အတွက် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်းနှင့် လျော်ကြေးပေးမပေးကို လာမည့် ဖေဖ၀ါရီလ (၄) ရက်တွင် အလုပ်ရှင်ထံမှ အကြောင်းပြန်မည်ဟုလည်း သိရသည်။

အလုပ်ရှင်က လိုက်လျောသည်ဟု ဆိုသော်လည်း တင်းကျပ်သော စည်းကမ်းများကို ချမှတ်လိုက်သည်ဟု အလုပ်ဖြုတ်ခံထားရသူ အလုပ်သမားကိုယ်စားလှယ် တဦးက ပြောသည်။

“လုပ်ခတိုးပေးတယ် ဆိုတာ ဟုတ်ပါတယ်။ အရင်က တနေ့ကို ဘတ် ၈၀ ပဲ ရနေရာ ကနေ ၁၅၇ ဘတ်ထိတိုးရတာ ဟာ ၀မ်းသာစရာပါ၊ ကျမတို့လုပ်တာ အောင်မြင်တယ်လို့ တွက်ရင် ရတာပေါ့၊ တိုးတောင်းတာက ၁၀ဘတ်ထဲပါ၊ ဒါပေမယ့် သူတို့ချမှတ်လိုက်တဲ့ စည်းကမ်းက အိမ်သာတခါသွားရင် နှစ်မိနစ်ပဲ ကြာရမယ်တို့၊ ဘာမလုပ်ရ ညာမလုပ် ရ စသဖြင့် အရင်တုန်းကမရှိခဲ့တဲ့ စည်းကမ်းတွေနဲ့တင်းကျပ်တဲ့သဘောကို လုပ်လာတာဟာ နှိပ်ကွပ်တာတမျိုးပဲလို့ ကျမထင်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း အလုပ်သမားများ ဆန္ဒပြ တောင်းဆိုခဲ့သည်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဖီ ဖိနပ်ချုပ် စက်ရုံနှင့် မဲဆောက်မြို့Top Form အမျိုးသမီးအတွင်းခံ အင်္ကျီစက်ရုံများမှ အလုပ်ရှင်များသည် အာဏာပိုင်များရှေ့ ၌ လိုက်လျောပါမည်ဟု ကတိပေးသော်လည်း နောက်ပိုင်းတွင် အလုပ်သမားများကို စက်ရုံမှ ထွက်သွားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့ကြသည်၊ ထို့ကြောင့် ရာနှင့်ချီသော အလုပ်သမားများ စက်ရုံမှ ထွက်သွားရ ခြင်း အလုပ်ထုတ်ပစ်ခံရခြင်းများရှိခဲ့ကြောင်း၊ ယခု စက်ရုံတွင်လည်း လက်ရှိအလုပ်သမား ၂၀ခန့်အလုပ်မှ ထွက်ရန် စာတင်ထားကြောင်း သိရသည်။

OSAKA MARUNI (Thailand) Co. Ltd မှာ ဂျပန်လူမျိုး သူဌေး ပိုင်ဆိုင်ကြောင်း၊ စက်ရုံတွင် အလုပ်သမား ၁၅၀ ခန့်ရှိပြီး မြန်မာအလုပ်သမား ၇၂ဦးရှိကြောင်း သိရသည်။ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ဆို သည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Tuesday, 26 January 2010

မယ်ဆိုင်မှ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေး တောင်းဆို

စိုးမိုး/ ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံမှ မြန်မာလုပ်သားများ ဒေသခံ ထိုင်းအလုပ်သမားများနှင့် အလုပ်သမား အခွင့်အရေး တန်းတူရရှိရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။ စက်ရုံတွင်း လုပ်ငန်းတူ၊ အလုပ်ချိန်တူ လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လစာတိုးမြှင့်ပေးရာတွင် မြန်မာအလုပ်သမား များကို ချန်လှပ်ထားခြင်းကြောင့် တန်းတူတိုးမြှင့်ပေးရန် စနေနေ့က စက်ရုံတာဝန်ခံထံ မြန်မာအလုပ်သမား (၇၂) ယောက် စုပေါင်းတောင်းဆိုကြခြင်းဖြစ်သည်။
“ယိုးဒယားတွေကိုကျတော့ ၀င်ဝင်ချင်း တရက် ဘတ် (၁၀၀) ပေးတယ်။ အခုနှစ်ကုန်မှာ ဘတ် (၃၀) တိုးပေးတယ်။ ဗမာ လုပ်သားတွေကျတော့ ၀င်ဝင်ချင်း ဘတ် (၈၀) ပေးတယ်။ ကျမတို့ တိုးပြီးတောင်းထားတာကို သူတို့က တိုးမပေးဘူး။ ထွက်ချင်ထွက်ဆို ပြောတယ်” ဟု မြန်မာအလုပ်သမားတဦးက ပြောကြားသည်။


မြန်မာအလုပ်သမားများက ထိုင်းများနည်းတူ တဦးလျှင် ဘတ် (၃၀) မဟုတ်ဘဲ (၁၀) ဘတ်သာ တိုးပေးရန် တောင်းဆိုခဲ့ခြင်း ကိုပင် စက်ရုံတာဝန်ရှိသူများက မလိုက်လျောနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

ဖိနပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများ၏ အလုပ်သမား မှတ်ပုံတင်များကို သိမ်းဆည်းထားကြောင်း၊ ယနေ့ လစာထုတ်ရက်တွင် လစာတိုးပေးမပေး၊ အလုပ်ထုတ်မထုတ် စောင့်ကြည့်ပြီး အလုပ်သမားအဖွဲ့များနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ တောင်းဆိုမှုများ ဆက်လက်ပြုလုပ်မည်ဟု အလုပ်သမားများက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ (၂၂ ) ရက် စနေနေ့က စတင်သည့် အခွင့်အရေး တန်းတူရရေး တောင်းဆိုမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရနိုင်ကြာင်း၊ ယင်းသို့ အလုပ်ထုတ်ပါက မြန်မာအလုပ်သမား (၇၂) ယောက်လုံး အလုပ်ထွက်ရန်ရှိကြောင်း သိရသည်။

အလုပ်သမား (၁၀၀) ကျော်နှင့် လည်ပတ်နေသည့် အဆိုပါစက်ရုံတွင် ထိုင်းအလုပ်သမား (၃၀) ကျော်နှင့် မြန်မာအလုပ်သမား (၇၂) ဦးတို့ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့များ အကူအညီဖြင့် မယ်ဆိုင်အလုပ်သမားကြီးကြပ်ရေးရုံးသို့ တိုင်ကြားထားပြီး အခြားအလုပ်သမားအဖွဲ့များ ကိုလည်း အကြောင်းကြားထားကြောင်း သိရသည်။

“ကျနော် မယ်ဆိုင် အလုပ်သမားရုံးကို တိုင်ထားဖို့ အကြောင်းကြားထားပေးပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမား တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

အဆိုပါ ဖိနပ်ချုပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများကို နေ့စားခ တိုးမပေးသော်လည်း နေ့စဉ်လုပ်အားခကို ဘတ် (၃၀) တိုးမြှင့်ရရှိကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု သိရသည်။

“ကျမက လုပ်သက် (၉) နှစ်၊ တရက်ကို ဘတ် (၁၂၀) ရတယ်။ ဒါက လုပ်သက်ကြောင့်တိုးပေးတာ။ လက်မှတ်ထိုးရတာက (၁၅၇) ဘတ် ရတယ်လို့ လက်မှတ်ထိုးရတယ်” ဟု ယင်းဖိနပ်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားတဦးက ပြောသည်။
အပြည့်အစုံသို့ >>

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်မှု အလုပ်သမားများ စုံစမ်း

ရဲရင့် / ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ


မဲဆောက်ရှိ ဟန်ထိုင်း အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား (၁,၅၀၀) ခန့်ကို အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ စက်ရုံကို ယာယီ (၃) လ ပိတ်လိုက်သဖြင့် အခြေအနေအမှန် သိရှိနိုင်ရန်အတွက် အလုပ်သမားများက စုံစမ်းမှုများ ပြုလုပ်နေသည်။

ဟန်ထိုင်းစက်ရုံမှ အလုပ်သမား မောင်နိုင်က “ပြီးခဲ့တဲ့ (၂၀) ရက်နေ့ကပြီး စက်ရုံကို သူဌေးက (၃) လ ယာယီပိတ်တယ်ဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဘာနစ်နာကြေးမှ မပေးဘူး။ ပိတ်တဲ့ကာလ အတွင်း တယောက်ကို ဟင်းဖိုး ဘတ် (၂၀) ပဲ ပေးတယ်။ ကျနော်တို့ စုံစမ်းနေတာက သူဌေးက နစ်နာကြေးမပေးဘဲ စက်ရုံပိတ်ချင်လို့ တဖက်လှည့်နဲ့ အလုပ်သမား တွေကို ထုတ်တာ ဟုတ်မဟုတ် သိချင်လို့ပါ။ ဘုမသိဘမသိ ဆန္ဒပြတာတွေတော့ လုပ်လို့မဖြစ် သေးဘူး” ဟု ပြောသည်။
အကယ်၍ အလုပ်ရှင်မှ သဘောရိုးဖြင့်မဟုတ်ဘဲ စက်ရုံပိတ်ခြင်းဖြစ်ပါက (၃) လ ပြည့်ချိန်ထိ စောင့်မည်မဟုတ်ဘဲ မိမိတို့၏ နစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှတဆင့် အရေးဆိုသွားမည်ဟုလည်း ပြောသည်။



အလုပ်သမား (၁,၅၀၀) အနက် အများစုမှာ မြန်မာပြည်ပြန်သွားကြသဖြင့် လက်ရှိစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော်သာ ကျန်ရှိပြီး အဆိုပါအလုပ်သမား (၁,၅၀၀) တွင် ထိုင်း အလုပ်သမားမှတ်ပုံတင်ထားသူ အရေအတွက်မှာ (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြဋ္ဌာန်းချက်အရ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခမှာ တနေ့ (၁၅၃) ဘတ်ဖြစ်ပြီး မည်သည့်လုပ်ငန်းရှင်မဆို လုပ်ငန်းယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း အလုပ်သမားတဦးအား တနေ့တာလုပ်အားခ၏ တ၀က် ပေးရမည်ဖြစ်သည်။

မဲဆောက်ဒေသတွင်းရှိ စက်ရုံအချို့တွင် စက်ရုံပိတ်လို၍ဖြစ်စေ၊ လုပ်ငန်းပြောင်းလဲလို၍ဖြစ်စေ ၎င်းတို့၏ အလုပ်သမားများကို မည်သည့်နစ်နာကြေးမှမပေးဘဲ တဖက်လှည့်ဖြင့် လုပ်ငန်းခွင်များမှ ထွက်ခွာစေခြင်းနည်းများကို အသုံးပြုမှုများ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် (JACBA) အဖွဲ့မှ ဦးမိုးကြိုးက ပြောသည်။

၎င်းက “စက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေကို အလိုမရှိတော့ဘူးဆိုရင် နည်းမျိုးစုံနဲ့လုပ်တာတွေရှိတယ်။ အလုပ်သမားတွေ အနေနဲ့ သိရမှာက ဘယ်လိုနည်းနဲ့ပဲပိတ်ပိတ် အလုပ်သမားဥပဒေအရ အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆ၀ဒီကန်) မှာ (၁၅) ရက်အတွင်း အကြောင်းကြားဖို့ လိုတယ်။ ဒါမှ တကယ်ပြဿနာဖြစ်လို့ ဖြေရှင်းတဲ့ အချိန်ကျရင် ကိုယ့်ဘက်က အလားအလာတွေ ကောင်းမယ်” ဟု ပြောသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်သည် ယာယီအလုပ်ရပ်ဆိုင်းလိုပါက သက်ဆိုင်ရာ အလုပ်သမား စစ်ဆေးရေးအရာရှိနှင့် အလုပ်သမားများကို တလကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ကြိုတင်အကြောင်းမကြားဘဲ ယာယီ လုပ်ငန်းရပ်ဆိုင်းပါက အလုပ်သမားများကို နောက်ဆုံးတလစာ ပေးရမည်ဟုလည်း ပြောသည်။

အလုပ်သမ နန်းအေးက “လုပ်အားခအပြည့်မရပေမယ့် ဟန်ထိုင်းမှာ နှစ်ရှည်လူဟောင်းတွေက တလကို (၇) ထောင် (၈) ထောင် အထိ ရတာတွေရှိတော့ အခြေအနေကို စောင့်ကြည့်ချင်သေးတယ်၊ ကိုယ်ဘက်က အမှားမဖြစ်ရအောင်ပါ။ သူဌေး လိမ်တယ် ဆိုရင်တော့ နစ်နာကြေးတွေ တောင်းဖို့ကိစ္စ ကျမတို့အားလုံး သဘောတူထားတာ ရှိတယ်” ဟု ပြောသည်။

ထိုင်းနယ်စပ် မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ တနေ့တာလုပ်အားခ (၁၅၃) ဘတ် ပေးသည့်အထည်ချုပ်စက်ရုံမှာ (၂) ရုံသာရှိကာ TK FASHION နှင့် TOP FORM စက်ရုံတို့ဖြစ်သည်။
အပြည့်အစုံသို့ >>

ကြိုမပြောဘဲ အလုပ်ရပ်ဆိုင်းရာမှ အလုပ်သမားများ နစ်နာ

ခိုင်စု | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Han Thai သိုးမွှေးစက်ရုံက ကြိုတင်၍ အကြောင်း မကြားဘဲ ယခုလ ၂ဝ ရက်နေ့တွင် လုပ်ငန်းကို ၃ လကြာ ရပ်ဆိုင်းခဲ့သော်လည်း နစ်နာကြေးမရသဖြင့် မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေကြရကြောင်း မဲဆောက် အလုပ်သမားအရေး လှုပ်ရှားသည့် ကော်မတီက ပြောသည်။
ကြိုတင်အသိမပေးဘဲ အလုပ်ရပ်ဆိုင်းပါက အလုပ်သမားများကို သတ်မှတ်ထားသော နစ်နာကြေးများ ပေးဆောင်ရန် ထိုင်းဥပဒေက ဆိုထားသော်လည်း ထိုအခွင့်အရေး မရရှိသဖြင့် ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန၏ ကွန်ယက်တခုဖြစ်သော မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီက ယခုလို ပြောဆိုခြင်း ဖြစ်သည်။



“စက်ရုံက နှစ်သစ်ကူးကတည်းက အလုပ်မရှိတာ။ အလုပ်သမားတွေက အလုပ်ယာယီ ရပ်ဆိုင်းခံရရင် လက်ရှိ တနေ့ လုပ်အားခရဲ့ ထက်ဝက်ကို အလုပ် ရှိရှိ၊ မရှိရှိ ခံစားခွင့်ရှိတယ်။ ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးရင် အလုပ်ရှင်ကို တိုင်လို့ရတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက မဇ္ဈိမကို ပြောသည်။

မြန်မာဦးရေ ၁၅ဝဝ ခန့် အလုပ်လုပ်ကိုင်နေသည့် ယခုစက်ရုံသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်မှ စတင်၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး ယခုလ ၂ဝ ရက်နေ့တွင်မူ အလုပ်လည်ပတ်မှု ယာယီရပ်ဆိုင်းကြောင်း စက်ရုံမန်နေဂျာက အလုပ်သမားများအား ခေါ်ယူအသိပေးခဲ့ခြင်း ဖြစ်သည်။
နေရပ်မပြန်ဘဲ စက်ရုံတွင် ကျန်ရှိနေသော အလုပ်သမားများကိုမူ တနေ့လျှင် ဟင်းဖိုး ၂ဝ ဘတ်နှင့် ထမင်းသာ ကျွေးထားသည်ဟု ဦးမိုးကြိုးက ဆိုသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်များသည် ယာယီအလုပ်ရပ်ဆိုင်းလိုလျှင် အလုပ်သမားများနှင့် အလုပ်သမား စစ်ဆေးရေး အရာရှိကို တလကြိုတင်၍သော်လည်းကောင်း၊ အမြဲတမ်း ရပ်ဆိုင်းမည်ဆိုပါက ၂ လ ကြိုတင်၍သော်လည်းကောင်း အကြောင်းကြားရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည်။

ယာယီရပ်ဆိုင်းမှုမျိုးဖြစ်ပါက အလုပ်ရပ်ဆိုင်းနေမည့် ကာလတလျှောက် အလုပ်သမားက တခြားလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း မရှိဘဲ အလုပ်ပြန်ဝင်ရန် လက်ရှိစက်ရုံ၌ပင် ဆက်လက်၍ စောင့်ဆိုင်းနေပါက နေ့စဉ် ပေးရသည့် လုပ်ခငွေ ထက်ဝက်ကို အလုပ်ရှင်ဘက်က ပေးနေရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများသည် ယခုစက်ရုံတွင် တနေ့လျှင် လုပ်အားခအဖြစ် ၁၅၁ ဘတ် ရရှိခဲ့သူများ ဖြစ်သည်။

အလုပ်ရပ်ဆိုင်းမှုကြောင့် အလုပ်သမား အများအပြားသည် အခြားစက်ရုံများသို့ ပြောင်းရွှေ့သွားသလို၊ အချို့မှာ နေရပ်ရင်း မြန်မာနိုင်ငံသို့ပင် ပြန်သွားကြသည်များ ရှိသည်။

ယခုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးနှိမ်ခံနေရသော်လည်း အများစုမှာ ၎င်းတို့ အခွင့်အရေးများကို မသိရှိခြင်းနှင့် သိသူအချို့မှာလည်း အလုပ်ရှင် ကျေးဇူးများကို ထောက်ရှု၍ တိုင်ကြားခြင်း မရှိကြောင်း ဦးမိုးကြိုးက ပြောသည်။

အလားတူ စက်ရုံရပ်ဆိုင်းမှု ဖြစ်ရပ်မျိုးကို ပြီးခဲ့သည့်နှစ် မေလခန့်က မဲဆောက်ရှိ PAN TONG သိုးမွှေးစက်ရုံမှ အလုပ်သမားများလည်း ကြုံတွေ့ခဲ့ကြရသေးသည်။

ကော်မတီ ဥက္ကဋ္ဌက “အဲဒီတုန်းကလည်း ဒီလိုပဲ ယာယီရပ်ဆိုင်းတယ်ဆိုပြီး အခုထိကို ပြန်မဖွင့်ဘူး။ ဘာလျော်ကြေး၊ နစ်နာကြေးမှ မရခဲ့ဘူး” ဟု သူက ဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော စက်ရုံပေါင်း ၂ဝဝ ကျော်နှင့် တရားမဝင် စက်ရုံပေါင်း ၄ဝဝ ကျော် တည်ရှိသည်။

မဲဆောက်တွင် မြန်မာလုပ်သား ၂ သိန်းခန့်ရှိပြီး အများစုမှာ စက်ရုံအလုပ်ရုံများတွင် ဝင်ရောက် လုပ်ကိုင်ကြပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်ဟု ဦးမိုးကြိုးက ပြောသည်။
အပြည့်အစုံသို့ >>

Friday, 15 January 2010

မဲဆောက်ကမ်းနားတွင် သေနတ်ပစ်မှု တခုဖြစ်ပွား



ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ် ကမ်းနားဖူးတွင်
ဇန်န၀ါရီလ ၉ရက်နေ့ကကမ်းနားစင်္ကြံ တွင် သားကြီး(အမိုးနီ စက်ရုံ တွင် အလုပ် လုပ်ခဲ့
ဘူးသူ) ထိုင်နေစဉ် အမည်မသိ အရပ်ဝတ် ၂ဦး က အတင်း ၀င်ရောက်ဖမ်းချူပ်ထိုးကြိတ်
ခဲ့ ရာ သားကြီး က အတင်း ရုန်းထွက်ပြီး အနီးအနားရှိ လူများအား အကူအညီ တောင်းရာ
လူအချို့ ရောက် လာစဉ် လူ၂ဦး ထဲမှ တယောက်က သေနတ်ထုတ် ၍ အနားကပ်ရင်ပစ်
မယ် ဟု ခြိမ်းခြောက် သဖြင့် မည်သူမှ မ၀င်ရောက် ရဲဘဲ ရှိစဉ် သားကြီးက ချုပ်ထားသူ
လက်မှ ရုန်းထွက်ပြီး လူအုပ်ကြား ထဲ ပြေးဝင် သဖြင့် နောက်မှ သေနတ် ဖြင့် ၂ချက်ပစ်
လိုက်ရာ ၁ချက်မှာနောက်ကျောယာဘက်သို့ထိမှန်သွားပြီးလဲကြ သွားသဖြင့် အနီးရှိ
ကုန်ထမ်း သမား ကလေးတဦးက သူ ယခင်က အလုပ်လုပ် ခဲ့ဘူးသောစက်ရုံ သို့သွား၍
အကြောင်းကြား ပေးခဲ့ ပါသည်။

စက်ရုံ မှ အလုပ်သမားများရောက်လာပြီး ဆေးရုံသို့ ပို့ပေးခဲ့ ရပါသည်၊ ဆေးရုံရောက်ပြီး
၃း၃၀ ခန့်တွင် ခွဲစိတ်ခန်းသို့ဝင်ပြီး ၆း၃၀ ခန့်တွင် အရေးပေါ်သို့ ပြန်ရောက်ခဲ့ ပါသည်။
ဆေးရုံက ၅၀ရာခိုင်နှန်းကောင်းသွား ပြီဟု ပြောသော်လည်း ၇း၃၀ ခန့် တွင် သေဆုံး
သွားပါ သည်။
မည်သည့် အကြောင်းဟု သေချာစွာ မပြောနှိုင်သေးပါ။
အပြည့်အစုံသို့ >>

Tuesday, 12 January 2010

လှိုင်းတိုပညာပေးရေဒီယို အစီအစဉ် မြန်မာကျောင်းသားများ အားပေး

.ရဲရင့် / ၁၂ ဇန်န၀ါရီ ၂၀၁၀
ရွှေ့ပြောင်းမြန်မာကျောင်းများရှိ ကျောင်းသူကျောင်းသားများအတွက် လူငယ်ပညာပေးဆိုင်ရာ အထွေထွေဗဟုသုတများ ပါရှိသည့် FM 99.75 လှိုင်းတို ရေဒီယိုလှိုင်းကို ရွှေ့ပြောင်းမြန်မာကျောင်းသားများ အထူးနှစ်သက်ကြကြောင်းသိရသည်။

အဆိုပါ ပညာပေးရေဒီယိုအစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းများမှ အောင်မြင်သွားသည့် မြန်မာကျောင်းသားလူငယ်များဖြင့် ယခုလဆန်း (၅) ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

.
မဲဆောက်ရှိ ဆာသူးလေအထက်တန်းကျောင်းမှ ကျောင်းသူ မသင်းသင်းက “ဒီလိုင်းက မြန်မာ၊ ထိုင်း၊ ကရင်၊ ဘာသာတွေနဲ့ လွှင့်တော့ ကျောင်းသားတွေ အတော်ကြိုက်ကြတယ်။ လွှင့်ချိန်ကလည်း နေ့လယ် (၁၂) နာရီကနေ (၁) နာရီဆိုတော့ ထမင်းစားချိန်ဆိုတော့ နားထောင်ရတာ အဆင်ပြေတယ်။ အဓိကအထွေထွေဗဟုသုတ ပညာပေးကဏ္ဍပါလို့ဖြစ်တယ်”ဟု ပြောသည်။

စီဒီစီကျောင်းမှ အထက်တန်းကျောင်းသားတဦးဖြစ်သူ မောင်နိုင်က “ဒီလှိုင်းမှာ လွှင့်တာတွေက ကလေးအခွင့်အရေး၊ ပညာရေး၊ ကလေးအလုပ်သမားဆိုင်ရာတွေနဲ့ အခြေခံကျန်းမာရေး၊ ပညာရေး အစီအစဉ်တွေအပြင် ဖျော်ဖြေရေးကဏ္ဍတွေမှာလည်း တိုက်ရိုက်သီချင်းတောင်းဆိုနိုင်တဲ့ အစီအစဉ်တွေပါတယ်။ ဒါမျိုးက အရင်က တခါမှမရှိခဲ့ဘူး။ ဒါကြောင့် အားပေးမှု ရရှိတာဖြစ်တယ် ”ဟု ပြောသည်။

FM 99.75 လှိုင်းကို မဲဆောက်မြို့တွင် အခြေချ၍ မြို့ကိုဗဟိုပြု၍ ကီလိုမီတာ (၁၀၀) ပတ်လည်တွင် ဖမ်းယူရရှိနိုင်ပြီး မြန်မာဘက်ခြမ်း မြ၀တီမှ ကော့ကရိတ်မြို့အနီးထိ ဖမ်းယူရရှိနိုင်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ FM လှိုင်း၏ စီမံခန့်ခွဲမှု မန်နေဂျာ နော်ချောင်ခူးက “ဒီအသံလွှင့်အစီအစဉ်ကို မြန်မာရွှေ့ပြောင်းကျောင်းတွေက အောင်မြင်သွားတဲ့ ကလေးငယ်တွေကို သင်တန်းစေလွှတ်ပြီး ဒီအသံလွှင့်လုပ်ငန်းမှာ သူတို့ကို လက်တွေ့ပြန်အသုံးချခိုင်းတာ ဖြစ်ပါတယ်။ အသံလွှင့်အစီအစဉ်ကိုလည်း ဆက်လက်တိုးချဲ့ဖို့ ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

တပတ်လျှင် (၆) ရက်နှုန်းဖြင့် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် မြန်မာဘာသာ၊ ကြာသပတေး၊ သောကြာတွင် ကရင်ဘာသာ ဖြစ်ပြီး စနေနေ့တွင် ထိုင်းဘာသာဖြင့် နေစဉ်အသံလွှင့်လျက်ရှိပြီး အပတ်စဉ်ထုတ်လွှင့်မှုအစီအစဉ်များကို ဘာသာသုံးမျိုးဖြင့် တင်ဆက်ခြင်းဖြစ်သည်။

မဲဆောက်မြို့တွင် ယခုလဆန်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ကျောင်းသားလူငယ်များအတွက် FM ရေဒီယို အသံလွှင့်ရုံ (၂) ခု စတင်ထုတ်လွှင့်လျက်ရှိသည်။ ပထမဦးဆုံးဖွင့်လှစ်သည့်လိုင်းမှာ MAP ဖောင်ဒေးရှင်းအဖွဲ့၏ FM 102.5 Mhz ဖြစ်ပြီး ဒုတိယလိုင်းမှာ မဲခေါင်လူငယ်ကွန်ရက်မှတင်ဆက်သည့် FM 99.75 လိုင်းများဖြစ်သည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ကလေးငယ်များအတွက် မဲဆောက်မြို့တွင် ယခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတခုမှလည်း မြန်မာဘာသာဖြင့် FM လှိုင်းတိုထုတ်လွှင့်မှုတခုကို ထုတ်လွှင့်ရန်ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Tuesday, 29 December 2009

မလေးရှားသို့ တရားမဝင်သွားရောက်မည့် လူ ၃၀ ကို ထိုင်းစစ်တပ်က ဖမ်းဆီး

24 December 2009 13:42 ဉာဏ်မောင် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူမှောင်ခို စက်လှေတစီးကို ယခုလ ၂၂ ရက်နေ့ ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ ထွက်ခွာလာသည့် အဆိုပါစက်လှေပေါ်တွင် လူ ၃၀ ပါလာပြီး ရနောင်းစစ်တပ်က မီးပြကျွန်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“လှေသမားက ၂ ယောက်မှာ တယောက်က ရေထဲခုန်ချပြီး ထွက်ပြေးလွတ်သွားတယ်၊ သားငယ်လေး(ခ) အလစ်ဆိုတဲ့ ကောင်လေးတယောက်ဘဲ မိတယ်၊ ကောသောင်း ရွှေမင်းဝံအပိုင်က အသက် ၁၅ နှစ်ဘဲရှိတယ်၊ လောလောဆယ် သူ့ကို ရုံးတင်စစ်ထားတယ်” ဟု ပြောသည်။

စက်လှေပေါ်တွင်လိုက်ပါလာသူများမှာ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ ရန်ကုန်အပြင် အခြားမြန်မာပြည်အတွင်းပိုင်းမှ လူများပါဝင်ပြီး အသက်မပြည့်သေးသည့် ကလေးငယ် (၄) ဦး၊ အမျိုးသမီး (၇) ဦးနှင့် ယောင်္ကျား (၂၀) ဦး ပါဝင်ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။


“သူတို့ထွက်လာတာက ကော့သောင်း တောင်နောက်လှေဆိပ်ကနေ ထွက်လာတာ၊ ပွဲစားတွေအဆက်သွယ်နဲ့ပေါ၊ မလေးမှာရောက်နေတဲ့ အမျိုးတွေက ချိတ်ဆက်ပေးပြီး အဲလိုတွေထွက်လာကြတာ၊ ကော့သောင်းရောက်ရင် ဘယ်သူ ဘယ်သူဆက်သွယ်ပါ၊ ကော့သောင်းမှာ လာကြိုကြတယ်လေ၊ ပွဲစားတွေက ကြိုတာပေါ့၊ ညီကိုမောင်နှမတွေက ဆက်သွယ်ကြတယ် အမျိုးမျိုးပေါ့၊ ပိုက်ဆံရှိလို့ လာကြတာလည်း ရှိတယ်၊ ပုံစံအမျိုးမျိုးနဲ့ လာကြတာ” ဟု ပြောသည်။

အဆိုပါ စက်လှေကို ကော့သောင်းမြို့မှ မနွယ်ဆိုသည့်အမျိုးသမီးက ပိုင်ဆိုင်ပြီး စက်လှေမောင်းလာသည့် သားငယ်လေး(ခ) အလစ်ဆိုသူကို တရားမဝင်လူသယ်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ကလေးထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယခု ဖမ်းဆီးထားသူများကို သက်သေအနေဖြင့်ထားရှိပြီး ပါနန်အချုပ်ခန်းတွင် ထိမ်းသိမ်းထားကာ ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ်အပြစ်ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ရိုးရိုး တောမောင်းမရှိတဲ့အတွက် ထောင် ၁၀ ရက်လောက်တော့ကျမယ်၊ ဒဏ်ငွေဆိုရင် (၂၀၀၀)၊ (၂၅၀၀) လောက်ဆောင်ရနိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းသည် ၂၀၀၉ ခုနှစ်အတွင်း လူအများဆုံးကို ပထမဆုံးအကြိမ် ဖမ်းဆီးမိခြင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးရန် ထိုင်းအာဏာပိုင်များက ကြိုတင်စီမံထားရှိကြောင်း ၎င်းက ဆက်ပြောသည်။
အပြည့်အစုံသို့ >>

Thursday, 24 December 2009

ဇာဘော်လီစက်ရုံ ၀န်ထမ်းများကို အဓမ္မအလုပ်ဖြုတ်


.စိုးမိုး/ ၂၃ ဒီဇင်ဘာ ၂၀၀၉ လုပ်သားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့သော မဲဆောက်ရှိ Top Form ဇာဘော်လီစက်ရုံ ၀န်ထမ်းများကို စက်ရုံပိုင်ရှင်က အတင်းအဓမ္မ အလုပ်မှ ထုတ်ပစ်နေကြောင်း သိရသည်။

.

ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသည့် အလုပ်သမားအခွင့်အရေး တောင်းခံမှုအတွက် အလုပ်ရှင်က အလုပ်သမားများ တောင်းဆိုချက်အားလုံးကို လိုက်လျောပြီး ဒေသဆိုင်ရာ အာဏာပိုင်များရှေ့တွင် အလုပ်သမားများကို အလုပ်မှမထုတ်ဟု ကတိပြုပြီး နောက်နေ့တွင် စတင် အလုပ်မှထုတ်ပယ်နေခြင်းဖြစ်သည်။

“မဲဆောက် ရဲမှူးကြီးရှေ့မှာ ကတိပေးထားတာ ခင်ဗျ။ အလုပ်သမားတွေ တောင်းဆိုတာတွေ အားလုံးလိုက်လျောမယ်။ အတင်း အဓမ္မလည်း အလုပ်က မထုတ်ပါဘူးဆိုပြီး။ ဒါပေမယ့် မနေ့က စပြီး (၅၀) စထုတ်တယ်။ ဒီနေ့ထိ (၁၇၅) ယောက် ရှိသွားပြီ ထုတ်ပစ်တာ” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးဖြစ်သူ ကိုသိန်းဆန်းက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား (၃,၀၀၀) ခန့်ဖြင့် လည်ပတ်နေသော မဲဆောက်မြို့ Top Form ဇာဘော်လီချုပ် စက်ရုံတွင် ပြီးခဲ့သည့်သောကြာနေ့က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများက စက်ရုံပိုင်ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့ကြသည်။

ထို့ကြောင့် အလုပ်ရှင်က အလုပ်သမားများ၏ တောင်းဆိုချက်အားလုံးကို အာဏာပိုင်များရှေ့တွင် လိုက်လျောခဲ့သော်လည်း ယမန်နေ့ကစပြီး ဆန္ဒပြပွဲ ပါဝင်သူများနှင့် အလုပ်သင် အစမ်းခန့်များကို အတင်းအဓမ္မ အလုပ်ထုတ်နေခြင်းဖြစ်သည်။

“အလုပ်သမားတွေက မထွက်ချင်ဘူး။ သူတို့က ဗီဒီယို ကင်မရာတွေနဲ့ချိန်ပြီး အလုပ်ကို စိတ်ကျေနပ်စွာ ထွက်ပါတယ်လို့ ကိုယ်တိုင် လက်မှတ်ထိုးတာကို ရိုက်တယ်။ ပြီးတော့ လျော်ကြေးပေးပြီး ထုတ်လိုက်တယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသိန်းဆန်းက ပြောသည်။

ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံလုပ်ငန်းများ ပြန်လည် လည်ပတ်နေသော်လည်း အလုပ်သမားများကို လက်နက်ကိုင် အစောင့်များ ငှားယမ်း၍ စက်ရုံအတွင်းကြီးကြပ်နေသောကြောင့် အလုပ်သမားများ ကြောက်လန့်နေရသည်ဟု စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။

“အခု စက်ရုံက တိတ်ဆိတ်နေတယ်။ ရုံထဲမှာလည်း ထိုင်းတွေ ရောက်နေတယ်။ စကားတောင် မပြောရဲဘူး။ ဖုန်းတွေ ဘာတွေလာရင်၊ ပြောရင်လည်း ပါးပိတ်ရိုက်တယ်” ဟု ယင်းအလုပ်သမားက ပြောသည်။

မဲဆောက်မြို့ ရဲမင်းကြီးနှင့် မဲဆောက်မြို့ပိုင်ရှေ့တွင် အလုပ်သမားများ တောင်းဆိုချက်အားလုံး လိုက်လျောပေးမည်၊ အလုပ်သမားအားလုံးကို အလုပ်မဖြုတ်ပါဟု အလုပ်ရှင်က ကတိပေးထားပြီး ယခုကဲ့သို့ ဖောက်ဖျက်ခြင်းကို တရားဥပဒေအရ ရင်ဆိုင်သွားမည်ဟု ကိုသိန်းဆန်းက ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က မြန်မာရွှေ့ပြောင်း စက်ရုံအလုပ်သမား (၂) ဦးကို စက်ရုံလုံခြုံရေးဝန်ထမ်းများဖြစ်သူ ထိုင်းလူမျိုးများက ရိုက်နှက်ခဲ့ခြင်းကို အရေးယူပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုခဲ့ကြပြီးနောက် ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အလုပ်သမားများက အချိန်ပိုလုပ်ခမပေးဘဲ တရက် (၃) နာရီ အလုပ်ဆင်းနေရမှု၊ နားရက်မရှိ မှုများကိုပါ ဖျက်သိမ်းပေးရန် တောင်းဆိုချက်များကို အလုပ်ရှင်က စနေနေ့တွင် ထိုင်းအာဏာပိုင်များရှေ့တွင် ကတိပြုခဲ့သည်။

ဟောင်ကောင်အခြေစိုက် Top Form အထည်ချုပ်လုပ်ငန်းက တရုတ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် စက်ရုံများ တည်ထောင် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထုတ်လုပ်မှု အားလုံး၏ (၃၅) ရာခိုင်နှုန်းကို ထိုင်းအခြေစိုက် စက်ရုံ (၂) ရုံက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။


အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP