Saturday 14 November 2009

ဒူဘိုင်း က လူရိုင်း (၁)


ခေါင်းစဉ်ကိုဖတ်ပြီး “ ဒီလောက် အစစ အရာရာ တိုးတက် ခေတ်မီနေတဲ့ ဒူဘိုင်းမှာ ဘယ်တောထဲက လူရိုင်းကများ မျက်စိလည်ပြီး ရောက်လာပါလိမ့် “ လို့ တွေးပြီး အူကြောင်ကြောင်နိုင်တဲ့စာလို့  အထင်မစောကြပါနဲ့ ဗျို့ ။ ဘယ်သူက ဒူဘိုင်းမှာ ဘယ်လို ကမ်းကုန်အောင်ရိုင်းနေလို့  ဒီခေါင်းစဉ်လေး ဖြစ်လာရတယ်ဆိုတာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီလူက မြန်မာတစ်ယောက်ဖြစ်ပြီး သူ ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေရဲ့ဒါဏ် ခံနေကြရတာကလည်း မြန်မာတွေဖြစ်နေတာပါပဲ။

သူ့ နာမည်က ဇော်အောင်ခိုင်။ ကောင်မလေးတွေကတော့ ဦးဇော် လို့ခေါ်သတဲ့ဗျ။ သူက ကွန်ပြူတာဆိုင်တစ်ခုမှာ လုပ်ပြီး သူ့ မိန်းမကတော့ စာရင်းကိုင် အလုပ်လုပ်တယ်။ သူတို့ ဒူဘိုင်း ရောက်နေတာကလည်း ကြာပြီဆိုတော့ ဒီမှာ လူရည် တော်တော်လည်နေကြပြီ ဆိုပါတော့ဗျာ။ သူတို့  က သူတို့ရဲ့ ဆွေမျိုးအရင်းအချာတွေနဲ့ ဆွေမျိုးမကျတကျ နီးစပ်ရာ အသိုင်းအဝိုင်းက လူတန်းစားပေါင်းစုံ ကို ဒူဘိုင်းက အလုပ်အကိုင်ပုံပြင်တွေပြော အိမ်မက်ကြီးကြီးတွေ ပေးပြီး မြန်မာအချင်းချင်း ရက်ရက်စက်စက် ပါးပါးလှီးနေကြတယ်ဗျို့ ။

လူတန်းစားပေါင်းစုံလို့ ပြောရတာကလည်း သူတို့အလုပ်ရှာပေးမယ်ဆိုပြီး ခေါ်ခဲ့တဲ့သူတွေထဲမှာ စားပွဲထိုးကစလို့ ဆရာဝန်အဆုံး ခေတ်ပညာတတ်သူတွေ၊ ပညာမတတ်သူတွေနဲ့  တောသူ တောင်သားတွေပါ ပါနေလို့ပါ။ “ဆွေမျိုးတွေပဲခေါ်တာပါ ဆွေမျိုးတွေမို့ ကူညီတာ” ဆိုတဲ့ စကားလုံးတွေသုံးလို့ မြန်မာပြည်က အလုပ်လိုချင်တဲ့သူတွေကို စည်းရုံးရေး ဆင်းပါတယ်။ ချက်ချင်းပဲ အလုပ်အဆင်သင့် ဝင်ရမယ်ဆိုတဲ့ ပုံစံနဲ့ပေါ့ဗျာ။ ဒါပေမယ့် သူတို့ကျင့်သုံးနေတဲ့ ဖော်မြူလာကျတော့ Visit Visa လှမ်းပို့တယ်။ Visit Visa အတွက် အမေရိကန် ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ ထိ တောင်းတယ်။ တကယ်ဆို Visit Visa ရဲ့ ပေါက်ဈေးက ယူအေအီးငွေ ၁၃၀၀ ကနေ ၁၈၀၀ ထက်မပိုပါဘူး။ ဒူဘိုင်းမှာ ဒီဗီဇာကို လူတိုင်းလည်း ဝယ်ချင်သလို ဝယ်လို့ရပါသေးတယ်။ စလုံးမှာလို အဆက်အသွယ် စပွန်စာဘာညာ မလိုပါဘူးခင်ဗျ။ အဲ…ပြီးတော့..အလုပ်လိုချင်တဲ့သူက ဗီဇာရတာနဲ့ ဒေါ်လာ ၈၀၀ လောက် ကျတဲ့ ကိုယ့်လေယာဉ်လက်မှတ် ကိုယ်ဝယ်ရပါတယ်။ ဒူဘိုင်းကို ရောက်လာတာနဲ့ နေစားရိတ် စားစရိတ် အတွက် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ထုတ်ရပါတယ်။ အလုပ်ရှာဖို့လည်း နေ့စဉ်သတင်းစာဝယ်ရသေး ၊ ထီးဖြူဖိနပ်ပါးတဲ့အထိ အလုပ်လိုက်ရှာရသေး ၊ အလုပ်ရှာနေရင်း ဗီဇာသက်တမ်းကုန်သွားရင် ဗီဇာလဲဖို့အတွက် စတေးရှောင်ရပြန်ပါသေး ပေါ့ခင်ဗျာ။

ငွေကို လမ်းခင်းပြီး ပင်ပင်ပန်းပန်း အလုပ်ရှာပေမယ့် အလုပ်မရပဲ ပြန်သွားရတဲ့သူတွေက ဒုနဲ့ဒေး ပါပဲ။ အလုပ်ရမယ်ဆိုလို့ လာရှာတယ် အလုပ်မရပဲ သိန်း ၂၀ သိန်း ၃၀ လောက်ကုန်ပြီး အိမ်ပြန်ရတယ်။ ဒါဟာ သူတို့ရဲ့ ဆွေမျိုးညာတိတွေရဲ့ ဒုက္ခ။ အလုပ်ရသူတွေရဲ့ ဒုက္ခကရော သိရကြားရသမျှ ဘုရားတရသဗျ။ ဆရာဝန် တစ်ယောက် ဆိုအလုပ်ရှာဖို့အတွက် သိန်း ၄၀ ကျော်ကုန်ပေမယ့် ကြိုးစားပန်းစားရှာလို့ရတဲ့ အလုပ်က ဆရာဝန်အလုပ်မဟုတ် ရတဲ့လခကရော ရင်းခဲ့ရတဲ့ အရင်းကျေဖို့ အတွက် တစ်နှစ်ခွဲလောက် လုပ်ရမယ့် လခမျိုးတဲ့ဗျာ။ ရိုင်းရိုင်းပြောရရင် ဆရာဝန်ရတဲ့ လစာက စားပွဲထိုးတစ်ယောက်ရဲ့လစာလောက်ပါပဲ။ ဒါမျိုးကို ဆွေမျိုးညာတိ စောင့်ရှောက်ခြင်းလို့ခေါ်မလား…. အလုပ်မရလို့ လက်လျှော့လှည့်ပြန်သွားတဲ့သူတွေ ရန်ကုန်မှာ တင်နေတဲ့အကြွေးတွေ ဘယ်လိုဆပ်ကြမလဲ စဉ်းစားကြည့်ကြပါဗျာ။ဒီ့ထက်ပိုဆိုးတာက ဒီမှာ အလုပ်ရှာနေစဉ် ကြုံနေရတဲ့ ဒုက္ခ.. အရှင် လတ်လတ် ငရဲရောက်သလို ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကလည်း မကြားဝံ့မနာသာတွေ။အလုပ်လာရှာတဲ့ မိန်းကလေးတွေ သူ့အိမ်မှာ ပိုက်ဆံပေးပြီးနေရတယ်ဗျာ။ ပေးစရာပိုက်ဆံပြတ်သွားတဲ့အခါ အဲဒီကျေးဇူးရှင်ရဲ့ ကူညီပုံက သူ့ယာယီမိန်းမလုပ်မယ်၊ သူနဲ့လာအိပ်မယ် ဆိုရင် အိမ်လခ ပေးစရာမလိုပါတဲ့။ အဲလိုမျိုး အဖြစ်တွေနဲ့ ကြုံပြီး သူအနိုင်ကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးတွေကလည်း ဒုနဲ့ဒေး တဲ့ဗျာ။ သူ့မိန်းမဆိုတာကရော ဘာထူးသေးလဲ… ကိုယ်တိုင်ရှာဖွေလို့ အလုပ်ရပြီး အလုပ်လုပ်နေတဲ့ သူကိုတောင် အိမ်ဖော်တာဝန်ပါ ယူစေချင်သေးသဗျ။ အလုပ်နားရက်မှာ အိမ်သန့်ရှင်းရေးမလုပ်ရင် မီးဖိုထဲမှာ မကူညီရင် စောင်းကာမြောင်းကာနဲ့ မကြည်ဖြူပြန်ဘူးတဲ့ဗျာ။ ပြီးတော့ သူ့ယောက်ျားလုပ်သမျှ အပြုံးမပျက် ကြည်ဖြူနေတဲ့ မိန်းမ… အမျိုးကောင်းသမီးတွေကို ယုတ်မာအနိုင်ယူနေတာကိုလဲ သဘောထားကြီးပေးနေတဲ့ မိန်းမ… ဒီအမျိုးသမီးဟာ မြန်မာပြည်ကလာတဲ့ မြန်မာဆိုတာ ကျွန်တော်တော့ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင်ပါပဲ။

ကျွန်တော်ကလည်း ဒါတွေကို လူပြောသူပြောလောက်နဲ့  ယုံခဲ့တာမဟုတ်ပါဘူး။ ဒီသတင်းတွေကို ကြားတော့ လက်တွေ့ကျကျသိချင်တာမို့ အဲဒီမြန်မာတွေကို ဖုန်းဆက်ပြီး ကိုဇော်အောင်ခိုင် ဆီမှာ အလုပ်လိုချင်လို့ဗျာလို့ မေးတော့ ဝေးဝေးက ရှောင်ပါဗျာ.. သတိတော့ထားဗျာ… မလုပ်ပါနဲ့ ခင်ဗျား ဒုက္ခရောက်မယ်…ရှိသမျှကုန်မှာသေချာတယ် ...သူနဲ့တွေ့ရင် အိမ်တိုင်တောင် ချွတ်ရောင်းရမယ်၊ ကျွန်တော်တောင် ယောကျားလေးမို့  မိန်းကလေးဆို ခုလောက်ရှိ ဒူးနဲ့ မျက်ရည် သုတ်နေရပြီ.... ဆိုတာတွေပဲ ပြန်ကြားခဲ့ရလို့ သာ ယုံမိရတာပါ။ ဒုက္ခရောက်ခဲ့တဲ့ မိန်းကလေးတွေကို ထပ်စုံစမ်းလို့  သိခဲ့ရပေမယ့် ကာယကံရှင်တွေရဲ့ သိက္ခာကိုထောက်လို့ နာမည်နဲ့တကွ အလုပ်အကိုင်တွေကိုတော့  ကျွန်တော် ပြောမပြရက်လို့  ပြောမပြတော့ပါဘူးဗျာ။

မြန်မာအေးဂျင့်တွေ လည်တာ ပတ်တာ ဖျံကျတာ မြန်မာအချင်းချင်း ပါးပါးလှီးနေတာ ပြောရင်း ကြုံလို့ ကျွန်တော်သိခဲ့တဲ့ ရွှေဂုံတိုင်က Grace ဆိုတဲ့အေးဂျင့် အကြောင်း ဆက်ပြောလိုက်တော့မယ်ဗျာ။ အခုသူတို့နဲ့ဆက်သွယ်ပြီး အလုပ်ရလာတဲ့သူတွေ ပြောပြလို့ ကျွန်တော်သိရတာတွေကလည်း တစ်ခုမှမကောင်းဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီအေးဂျင့်ကို ရောက်ဖူးတာမို့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ပါ တိုက်ဆိုင်နေတာမို့ အဲဒီအေးဂျင့် မကောင်းဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

လက်ရှိဒူဘိုင်းက တရုတ်စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ မြန်မာတွေရဲ့ အဆိုအရ အဲဒီအေးဂျင့်ကို သူတို့ပေးရတဲ့ငွေက အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ အထိရှိတယ်ဗျ။ ဒါပေမယ့် သူတို့ပြန်ရတဲ့လစာကတော့ ဒူဘိုင်းငွေ ၆၀၀-၇၀၀ ဆိုပဲ။အလုပ်ချိန်က တနေ့ကို ၁၀ နာရီထက်မလျှော့ပဲ လုပ်ရသေးတယ်။ သူများတွေလိုလဲ တစ်ပတ်မှာ တစ်ရက် မနားရဘူး ။ နေ့တဝက်စီပဲ နားရတယ် တဲ့ဗျ။ သူတို့ပေးခဲ့ရတဲ့ ပွဲစားခငွေအတွက် ငါးလ ခြောက်လလာက်အထိ ပင်ပင်ပန်းပန်း လုပ်တာတောင် အရင်းမကြေဘူး ။ တကယ်တော့ အေးဂျင့်က မမက ဒူဘိုင်းငွေ ၇၀၀-၈၀၀ ကို အမေရိကန်ဒေါ်လာ ၇၀၀-၈၀၀ ဖြစ်အောင်ကို လှည့်ပတ်ပြီး ပြောပြီး မလိမ့်တပတ်နဲ့ ငွေညာတောင်းတာဗျ။ မြန်မာတွေကတော့ သိကြတဲ့အတိုင်း အလုပ်အကိုင် အခြေအနေပေါ်မူတည်ပြီး ရမယ့်လခနဲ့ ကိုက်မကိုက်မစဉ်းစားပဲ အေးဂျင့်တောင်းသလောက် ကြံဖန်ပြီး ပုံပေးလိုက်ကြတာပါပဲ။ ကျွန်တ်ာဒီကိုလာတော့ အေးဂျင့်ကို အမေရိကန်ဒေါ်လာ ၂၀၀ ပဲပေးရတယ်ခင်ဗျ… ဒါကလဲ ဒင်းတို့ကို သနားလွန်းလို့ သဒ္ဒါကြေးပေးခဲ့တာပါ… အင်တာဗျူးလာလုပ်တဲ့ အဖွဲ့က အေးဂျင့်ကို တပြားမှ ပေးစရာမလိုဘူး လို့ အတန်တန်တားတဲ့ကြားကနေ ကျွန်တော့် အေးဂျင့်က ကလိမ်ကျပြီး တောင်းခဲ့သေးတာဗျ။ ကျွန်တော်နဲ့ တူတူလာတဲ့ ကံဆိုးတဲ့ ကောင်တွေဆို ဒေါ်လာ ၆၀၀ တောင်ပေးခဲ့ရသေးတယ်ဗျာ။ အေးဂျင့်တွေ အဲလောက်တောင်ဆိုးတာဗျ။ ကျွန်တော်ရတဲ့လခကလဲ ဒူဘိုင်းငွေ ၂၅၀၀ ဗျ ဒါတောင် ဘောနပ်စ် မပါသေးဘူးဗျာ။( အမေရိကန်တစ်ဒေါ်လာကို ဒူဘိုင်းငွေ ၃.၆၅ ရှိပါတယ်။)

မေးရမြန်းရမှာအားနာတဲ့ ဆင်ခြင်ဥာဏ်နည်းတဲ့ မြန်မာတွေ အခုလို အလိမ်ခံနေရတာကို ဘေးကကြည့်နေတဲ့သူ ကျွန်တော်တို့က ဒေါသထွက်ရုံကလို့ ဘာမှ မတတ်နိုင်ပါ။ အဲဒီတော့ ဒူဘိုင်းလာမယ့်သူတွေ သတိထားပြီးဆင်ခြင်ကြပါဗျာ။မျက်စိတွေ နားတွေ ဖွင့်ထားကြပါ။ တရားဝင်ဖွင့်ထားတဲ့ အေးဂျင့် တရားမဝင် ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့် ဘာပဲဖြစ်ဖြစ် သံသယရှိရင် နီးစပ်ရာကို မေးမြန်းကြစေချင်ပါတယ်။ တကယ်တော့ အေးဂျင့်ဆိုတဲ့ ကောင်တွေက အလုပ်ရှင် အလုပ်သမားနှစ်ဘက်စလုံးဆီက ညာစားနေတဲ့လူတွေပါပဲ။သူတို့ ဆောင်ပုဒ်တွေကတော့ “ ဘယ်သူသေသေ ငတေမာရင် ပြီးရော” ရယ် “မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ ” ရယ် “ရသာရင် ဘနှဖူး သိုက်တူးမယ် ” ဆိုတာတွေပဲ ဖြစ်မှာပါ။

အော... မေ့တော့မလို့ ...အစက ပြောပြခဲ့တဲ့ ဒူဘိုင်းက လူရိုင်းရဲ့ ဖုန်းနံပတ်က (+၉၇၁၅၀၇၈၈၃၅၅၁) ပါ။ စိတ်ဝင်စားသူများ လှမ်းဆဲ.(.အဲလေ..ယောင်လို့ ) လှမ်းပြီး အလုပ်တောင်းနိုင်ကြောင်း အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်ဗျာ။

မြန်မာချင်းချင်း လုည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ရက်စက်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ယုတ်မာခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း လုပ်ရက်ခြင်း ကင်းရှင်းကြပါစေ...

ဒူဘိုင်း အထောက်တော်
(ပြန်လည်ဝေငှာပေးတဲ့ http://datacarrier.blogspot.com/ကို ကျေးဇူးအများကြီးတင်ပါတယ်)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP