Monday 28 September 2009

မလေးရှား အကျဉ်းစခန်းရှိ မြန်မာများ ထပ်မံသေဆုံး

Friday, 25 September 2009 17:20 သန်းထိုက်ဦး

E-mail Print
မလေးရှား နိုင်ငံတွင် အထိန်းသိမ်းခံနေရသူ မြန်မာအလုပ်သမား များသည် အဖျားရောဂါ တမျိုးကြောင့် သေဆုံး သူ စုစုပေါင်း (၈) ဦး ရှိပြီဖြစ်ကြောင်း ၎င်းစခန်းမှ ထိန်းသိမ်းခံရသူ တဦးက ပြောသည်။

အဆိုပါ သေဆုံးသည့် အလုပ်သမားများသည် ကွာလာလမ်ပူမြို့နိုင်ငံတကာ လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်း တရားမ၀င်နေထိုင်မှုများဖြင့် ထိန်းသိမ်းခံနေရသူများဖြစ်ပြီး ၎င်းတို့သည် ပူထရာဂျာရာ ဆေးရုံတွင် သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အထိန်းသိမ်းခံနေရသည့် ကိုကျော်စိုးက ဧရာဝတီသို့ပြောသည်။

“ခြေထောက်တွေလက်တွေဖော၊မျက်နှာတွေ ဖောပြီးတော့ ဆေးရုံရောက်တယ်၊တရက်ပဲခံတယ်၊ အဲဒီလို သေဆုံး သွားကြတာများတယ်၊ သေဆုံးသွားတဲ့လူတွေကို ထောင်အာဏာပိုင်တွေက ပြောပြလို့ သိရတယ်”ဟု ၎င်း ကိုကျော်စိုးက ဆိုသည်။

ယခု ရောဂါသည် အဖျားဝင်ပြီး ထမင်းစားချင်စိတ် မရှိခြင်း၊ ခန္ဓာကိုယ် ဖောယောင်လာခြင်း စသည့် လက္ခဏာ များ ဖြစ်ပေါ်လာကြောင်း ယင်းစခန်းအတွင်း အထိန်းသိမ်းခံနေရသူများက ပြောသည်။

သေဆုံးသူ၏ ရောဂါ အတိအကျကို မသိရှိရသေးသော်လည်း ထိန်းသိမ်းခံနေရသည့် မြန်မာ အလုပ်သမားအများ စုက ကြွက်နှင့် ပတ်သက်သည့် ရောဂါဖြစ်သည်ဟု ပြောဆိုနေကြသည်။

အလားတူပင် ယခုနှစ် ဇန်နဝါရီလက ထိန်းသိမ်းရေး စခန်းတခုတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာ ပြည်သားအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ သေဆုံးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုထိန်းသိမ်းရေး စခန်းတွင်းရှိသူများသည် မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ် ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသူများဖြစ်သည်။ ၎င်းတို့အထဲတွင် မြန်မာပြည်သား အများစုပါဝင်နေကြောင်းလည်း သိရသည်။

အထိန်းသိမ်းခံထားရသူများ အတွက် နေရာ ထိုင်ခင်းလည်း အလုံ အလောက် မရှိဘဲ အထိန်းသိမ်းခံရစဉ် အနိုင် ကျင့် နှိပ်စက်မှုများရှိသည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။

မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် ထိန်းသိမ်းခံနေရသော မြန်မာပြည်သားများကို နေ ရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား (လဝက) အချုပ်ခန်းများကို ကွပ်ကဲရန်၊
တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းများ ဖော်ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြား သားမုန်းတီးမှုလည်း အလွန်များကြောင်း၊ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့်ချီပြီး ရှိနေသည်။ အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။
အပြည့်အစုံသို့ >>

အသတ်ခံရသည့် မြန်မာများအတွက် နစ်နာကြေးရရေး မိသားစုများကို ထိုင်းလူ့အခွင့်အရေးအဖွဲ့ကူညီ

ရဲရင့် / ၂၃ စက်တင်ဘာ ၂၀၀၉
စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း ပြောင်းဖူးခိုးသည်ဟုစွပ်စွဲပြီး ထိုင်းအလုပ်ရှင်က သတ်ဖြတ်လိုက်သည့် မြန်မာ (၄) ဦးအတွက် နစ်နာကြေးရရှိရန် ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များက ထိုင်းတရားရုံးတွင် လျှောက်ထားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အကွာရှိ ကျေဒီခို့ရွာ စိုက်ပျိုးရေးခွင်ရှိပြောင်းခြံတွင် မိသားစုဝင်များနှင့် အလုပ်လုပ်ကိုင်နေသည့် ကိုသန်းထွန်း (အထွန်း)၊ ဦးကုလားကြီး၊ ကိုနိုင်လင်း၊ ကိုပေါ်ဦး (အပေါ်) တို့ကို ထိုင်းအလုပ်ရှင်နှင့်အဖွဲ့က ပြောင်းဖူးအိပ်များ ခိုးယူသည်ဟုစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

နို့စို့အရွယ် ကလေးငယ်အပါအ၀င် ကလေး (၅) ဦးနှင့်အတူ ကျန်ရစ်သူ ကိုသန်းထွန်း၏ဇနီးဖြစ်သူ မကြည်အေးက “အကြောင်းမဲ့ အပြစ်မရှိဘဲ အသတ်ခံရတာပါ။ ကလေးတွေနဲ့ဒုက္ခရောက်ပြီး အားကိုးမရှိတော့လို့ အခုလို နစ်နာကြေးရရှိဖို့ လျှောက်ထားတာပါ” ဟု ပြောသည်။

ထိုင်းတရားရုံးတော်သို့ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုဝင်များက နစ်နာကြေးရရှိရန် လျှောက်ထားမှုကို ထိုင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Human Right and Development Foundation က ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု အဖွဲ့၏၀န်ထမ်းတဦးဖြစ်သူ နိုင်ကျန်ပီက ပြောသည်။

ဘန်ကောက်အခြေစိုက် အဆိုပါအဖွဲ့သည် မြန်မာအလုပ်သမားအရေးကို ကူညီနိုင်ရန်အတွက် ၎င်းတို့၏ရုံးခွဲကို မဲဆောက်မြို့တွင် Labor law Clinic (LLC) အမည်ဖြင့် ဖွင့်လှစ်ထားပြီး ဒေသတွင်းရှိ မြန်မာအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများနှင့် အလုပ်သမားဥပဒေဆိုင်ရာ ဆွေးနွေးအကြံပြုမှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မဲဆောက်ရုံးခွဲမှ ၀န်ထမ်းဖြစ်သူ နိုင်ကျန်ပီက “ဒီနစ်နာကြေးရရှိမှုအတွက် အဖွဲ့ကနေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီကိစ္စဟာ ဒေသတွင်းမှာ ပထမဆုံး ထိုင်းတရားရုံးတော်ကို လျှောက်တဲ့အမှုပါ။ အရင်ကလည်း အခုလို မြန်မာတွေ အစုလိုက်အသတ်ခံရတာတွေ ရှိခဲ့ပေမယ့် ဘာနစ်နာကြေးမှ တောင်းဆိုတာတွေမရှိခဲ့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် မေလ၌ မဲဆောက်အနီးရှိ မယ်ပအရပ်တွင် ထိုစဉ်က ရပ်ကွက်လူကြီးနှင့်အပေါင်းပါများက မြန်မာအလုပ်သမား (၆) ဦးကို သူခိုးများဟု စွပ်စွဲကာ အုပ်စုလိုက်သတ်ဖြတ်မီးရှို့မှု အပါအ၀င် အခြားတဦးစနှစ်ဦးစ သတ်ဖြတ်ခံရမှုများ ရှိခဲ့သော်လည်း ယခုအမှုကဲ့သို့ နစ်နာမှုများရရှိရန်အတွက် တောင်းဆိုမှုများမရှိခဲ့သည်မှာ လူ့အခွင့်အရေး အကာအကွယ်ပေးသည့်အဖွဲ့များနှင့် အဆက်အစပ်မရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု နိုင်ကျန်ပီက ပြောသည်။

မြန်မာအလုပ်သမား ကိုသန်းထွန်း၊ ဦးကုလားကြီး၊ ကိုနိုင်လင်း၊ ကိုပေါ်ဦးတို့ (၄) ဦးကို သတ်ဖြတ်ခဲ့သည့် အလုပ်ရှင် နိုင်ပရွန်းကာဝိလာဒေ့နှင့် အပေါင်းပါတဦးဖြစ်သူ နိုင်ဖရုမ်းပင်အင်တို့ကို ယမန်နေ့က မဲဆောက်မြို့နယ် တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်သည်။

သို့သော်လည်း ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ကြသည့် ၎င်းတို့ (၂) ဦးကို ထိုင်းတရားရုံးတော်က သက်ညှာသောအားဖြင့် မူလသေဒဏ်မှ တသက်တကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့သည်။

သတ်ဖြတ်ခြင်းခံရသည့် မြန်မာအလုပ်သမား (၄) ဦး၏ ကျန်ရစ်သူမိသားစုဝင်များကို မြန်မာနိုင်ငံ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက လက်ခံကူညီစောင့်ရှောက်ထားသည်။

သတ်ဖြတ်မည့်ည၌ ထိုင်းအလုပ်ရှင်က အလုပ်သမား (၅) ဦးအား ပြောင်းခင်းမှတောင်ခြေသို့ ကားဖြင့်ခေါ်ဆောင်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့သော်လည်း မြန်မာအလုပ်သမား (၁) ဦးဖြစ်သူ ဦးသိန်းအောင်မှာ အသက်မသေဘဲ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် ထိုင်းအစိုးရ အသိအမှတ်ပြု ကျောင်းဖွင့်

ရဲရင့် / ၁၄ စက်တင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံတွင် တရားဝင်ပထမဆုံး အစိုးရအသိအမှတ်ပြု မြန်မာရွှေ့ပြောင်းကျောင်းဖွင့်ပွဲကို ထိုင်းအာဏာပိုင်များက ယနေ့မွန်းလွဲပိုင်းတွင် ဖွင့်လှစ်လိုက်သည်။

မဲဆောက်ရှိ မြန်မာကလေးငယ် (၂၂၇) ဦး ပညာသင်ကြားနေသည့် SAN TA WA SUEK SA SCHOOL ကို ယနေ့မှစတင်ကာ ထိုင်းပညာရေးဝန်ကြီးဌာနမှ တရားဝင် ပုဂ္ဂလိကကျောင်းအဖြစ် အသိအမှတ်ပြုဖွင့်လှစ်ပေးခြင်းဖြစ်သည်။

ကျောင်းဖွင့်ပွဲတက်ရောက်ခဲ့သည့် မဲဆောက်မြို့ပိုင် နိုင်ကိတိဆတ်တိုမွန်ဆတ်က “ဒီကလေးတွေ ပညာရေးထူးချွန်မယ်ဆိုရင်၊ ဘွဲ့ရပြီးရင် သူတို့အနာဂတ်အတွက် ထိုင်းအစိုးရဆီကနေ အခွင့်အရေး တစုံတရာ ရရှိလာမှာဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များအား ပြောသည်။

မြန်မာ့ရွှေ့ပြောင်းအလုပ်သမားပညာရေးကော်မတီ (BMWEC) ၏ စစ်တမ်းများအရ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း မြန်မာရွှေ့ပြောင်းစာသင်ကျောင်း (၆၂) ကျောင်းရှိကြောင်း သိရှိရပြီး မြန်မာကလေးငယ် (၁၁,၀၀၀) ခန့် ပညာသင်ကြားလျက် ရှိသောကျောင်းများမှ အဆိုပါကျောင်းကို ယခုကဲ့သို့ ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကလေးငယ်များသည် ထိုင်းနိုင်ငံသားမဟုတ်သော်လည်း ထိုင်းနိုင်ငံသားကဲ့သို့ ဘွဲ့ရရှိသည်အထိ ပညာသင်ကြားခွင့် ရရှိမည်ဖြစ်သည်။

သူငယ်တန်းမှခြောက်တန်းအထိရှိသည့် အဆိုပါကျောင်းတွင် သင်ရိုးညွှန်းတမ်းများကို ထိုင်းဘာသာဖြင့်ပြဋ္ဌာန်းထားပြီး မြန်မာစာကို သီးသန့်သင်ကြားပေးသည်။

(၆) တန်းကျောင်းသား မောင်သန်းစိုးဝင်းက “သားဘွဲ့ရပြီးလို့ အခွင့်အရေးရခဲ့မယ်ဆိုရင် ထိုင်းရဲတပ်ဖွဲ့ထဲဝင်ပြီး လူတွေကို ကူညီစောင့်ရှောက်မယ်” ဟု ပြောသည်။

ကျောင်းဖွင့်ပွဲတက်ရောက်သူ ထိုင်းကျောင်းဆရာတဦးက “မြန်မာကလေးတွေအတွက် မျှော်လင့်ချက်နဲ့အခွင့်အရေးပဲ။ ကလေးတွေ ကြိုးစားဖို့ပဲ လိုတယ်။ မိဘတွေကလည်း ကလေးတွေ ကိုယ့်ဘ၀မျိုးမဖြစ်ရအောင် ကလေးတွေရဲ့ ပညာရေးကို အားပေးဖို့လိုတယ်” ဟု ပြောသည်။

BMWEC ၏ စစ်တမ်းများအရ မဲဆောက်အပါအ၀င် တာ့ခရိုင်အတွင်း ပညာသင်ကြားရန် အရွယ်ရောက်သော်လည်း သင်ကြားနိုင်ခွင့်မရှိသည့် မြန်မာကလေးငယ် (၃၀,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

အပြည့်အစုံသို့ >>

မလေးရှားတွင် မြန်မာအလုပ်သမများ အဓမ္မပြုကျင့်ခံရ

မင်းနိုင်သူ၊၁၄၊ စက်တာဘာ ၊ ၂၀၀၉
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ဆီရီပူတြာရပ်ကွက် ပလတ်စတစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ အမျိုးသမီးအလုပ်သမား (၄) ဦးတို့ အဓမ္မပြုကျင့်ခံခဲ့ရပြီးနောက် ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံသားများအရေး ကူညီဖြေရှင်းပေးနေသော အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) မှ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

“သူတို့က ပလတ်စတစ်စက်ရုံတရုံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေပါ။ အဲဒီစက်ရုံမှာ မြန်မာအမျိုးသမီး (၁၀) ဦးရှိပါ တယ်။ သူတို့ထဲက (၄) ဦးကို မလေးရှားနိုင်ငံသားတွေက အဓမ္မပြုကျင့်သွားကြပြီး နောက်တရက်မှာပဲ မြန်မာသံရုံးက ခေါ်သွားတယ်။ အဲဒီနောက် မြန်မာသံရုံးက သူတို့ကို အလုပ်ရှာပေးခဲ့တဲ့ အေးဂျင့်လက်ကို အပ်လိုက်တယ်လို့ သတင်းရတယ်။ အဲနောက် သူတို့ကို အခုထိ ဆက်သွယ်လို့မရသေးဘူး။ တကယ်တမ်းဆိုရင် သံရုံးကိုယ်တိုင်က ကိုင်တွယ်ဖြေရှင်းသင့်တဲ့ကိစ္စကို သံရုံးက အခုလို ဖျောက်ဖျက်ချင်နေတာ ဘာသဘောလဲဆိုတာ ကျနော်တို့ မသိနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ဆီရီပူတြာရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံတွင် အလုပ်လုပ်ကြသော မြန်မာအမျိုးသမီး (၁၀) ဦးနေထိုင်ရာအိမ်သို့ သြဂုတ် (၂၈) ရက်တွင် မလေးရှားနိုင်ငံသား (၄) ဦး ၀င်ရောက်လာကာ အမျိုးသမီးများထံမှ လက်ဝတ်လက်စားနှင့်ငွေများ တောင်းယူခဲ့ သည့်အပြင် အမျိုးသမီး (၄) ဦးကို သီးခြားခွဲထုတ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကိုကျော်ကျော်က ပြောသည်။

၎င်းက ဆက်လက်ပြီး “သူတို့ကို မလေးရှားနိုင်ငံသားတွေက မဖွယ်မရာတွေ လာလာလုပ်ပြနေကြတာတော့ ကြာပြီတဲ့။ အဲဒီနေ့ကတော့ အခန်းထဲထိဝင်လာပြီး မိန်းကလေးတွေကို ကြိုးတုပ်ဖမ်းတယ်။ သူတို့ (၁၀) ယောက်ထဲက (၄) ယောက်ကို မုဒိမ်းကျင့်သွားတယ်။ မုဒိမ်းအကျင့်ခံရတဲ့အထဲမှာ (၁) ယောက်က အိမ်ထောင်သည်၊ ကျန်တဲ့ (၃) ဦးကတော့ အပျိုလေးတွေ။ သူတို့အုပ်စုမှာ အသက်အကြီးဆုံးက (၂၈) နှစ်ပဲရှိတယ်” ဟု ကိုကျော်ကျော်က ပြောသည်။

အဆိုပါ မြန်မာမိန်းကလေးအလုပ်သမား (၁၀) ဦးမှာ ရန်ကုန်မြို့ (၃၈) လမ်းရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီထံမှတဆင့် မလေးရှားတွင် အလုပ်လုပ်ရန် ထွက်ခွာလာကြသည့် တရားဝင်အလုပ်သမားများဖြစ်ကြောင်း သိရသည်။

မိန်းကလေးများအနေဖြင့် နံနက် (၉) နာရီမှ ည (၈) နာရီအထိ အလုပ်လုပ်ကိုင်ကြရပြီး တရက်လျှင် (၁၈) ရင်းဂစ် ရရှိသော အလုပ်သမများဖြစ်ပြီး သျှိင်းအမည်ရှိ အလုပ်သမားရှာဖွေရေး အေဂျင်စီမှတဆင့် မလေးရှားသို့ ရောက်ရှိလာကြသည်ဟု စုံစမ်းသိရှိထားကြောင်း ကိုကျော်ကျော်က ပြောသည်။

“အဲဒီကုမ္ပဏီကလည်း ငွေကြေးအရှုပ်အရှင်းတွေကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ပိတ်ထားရတယ်လို့ကြားတယ်။ အဲဒီက ထွက်လာတဲ့ကောင်မလေးတွေက အခုဒီမှာ ဒီလိုဖြစ်တော့ သူတို့ဘာမှမလုပ်တတ်ဘူး။ မလုပ်တတ်တော့ ဖြစ်ဖြစ်ချင်း အေးဂျင့်ကို ဖုန်းဆက်တယ်။ နောက်ပြီး သံရုံးကို ဖုန်းဆက်တယ်။ ဖြစ်ပြီးနောက်ရက်မှာ သံရုံးက သူတို့ကို လာခေါ်တယ်။ လာခေါ်ပြီးနောက် (၂) ရက်လောက်ကြာတော့ သူတို့အေဂျင့် ကိုဝေယံလင်းနဲ့ ထည့်လိုက်တယ်လို့ ကျနော်တို့ သတင်းရထားတယ်” ဟု ကိုကျော်ကျော်က ပြောသည်။

မြန်မာမိန်းကလေးများ အဓမ္မပြုကျင့်ခံရမှုသည် ယနေ့အချိန်ထိ အမှုဖွင့်တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း၊ မြန်မာသံရုံးအနေဖြင့် ယခုကဲ့သို့ လူမျိုးနှင့် နိုင်ငံဂုဏ်သိက္ခာကျဆင်းစေသည့်အမှုကို ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ကိုကျော်ကျော်က ထောက်ပြပြောဆိုသည်။

အဆိုပါအမှုကိစ္စအပေါ် မလေးရှားမြန်မာသံရုံးမှ ကိုင်တွယ်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
အပြည့်အစုံသို့ >>

မလေးရှားထိန်းသိမ်းရေးစခန်းတွင် မြန်မာများသေဆုံးနေဆဲ

မင်းနိုင်သူ / ၁၁ စက်တင်ဘာ ၂၀၀၉

မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးထိန်းသိမ်းထားသည့် မလေးရှားနိုင်ငံ (KLIA) စခန်းမှ မြန်မာအလုပ်သမားတဦး ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထပ်မံသေဆုံးသွားကြောင်းသိရသည်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့က ကိုမင်းခိုင်ဆိုတဲ့လူ ထပ်ဆုံးသွားပြီ။ ဘာရောဂါဆိုတာလည်း အတိအကျမပြောကြဘူး။ ကျနော်တို့ကို ဘာမှ အသိမပေးဘူး။ စခန်းက အသိမပေးသလို မြန်မာသံရုံးကလည်း အသိမပေးဘူး။ အပြင်က မြန်မာအချင်းချင်း လှမ်းပြောကြလို့ သိကြရတာ” ဟု အဆိုပါ ထိန်းသိမ်းရေးစခန်းမှ မြန်မာအလုပ်သမားတဦးက ပြောသည်။

မလေးရှားကွာလာလမ်ပူ လေဆိပ်အနီးရှိ အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ပြီးခဲ့သည့် လမှစတင်ကာ ကူးစက်ရောဂါတမျိုး ဖြစ်ပွားလာသဖြင့် မြန်မာအလုပ်သမားအချို့ သေဆုံးခဲ့သည်။

စခန်းတွင်းရှိ မြန်မာအလုပ်သမားများအရေး စောင့်ကြည့်နေသော အန်အယ်လ်ဒီလွတ်မြောက်နယ်မြေ (မလေးရှား) မှ ကိုကျော်ကျော်က “ဘာရောဂါဖြစ်တယ်ဆို အတိအကျမသိရဘူး။ ဆေးရုံကလည်း မဖော်နိုင်သေးဘူး။ ရောဂါလက္ခဏာကတော့ အနီကွက်တွေထတယ်၊ ဖျားတယ်၊ အကြောဆွဲတယ်၊ အဲလိုတွေဖြစ်တယ်။ စခန်းထဲမှာတော့ ကျန်းမာရေးအခြေအနေက တော်တော်ဆိုးဝါးနေတယ်။ UNHCR လည်း ၀င်မရ။ မလေးရှားဆရာဝန်များ အသင်းလည်း ၀င်မရဖြစ်နေတာ။ ဟိုတခါမြန်မာ (၂၈) ယောက် ထွက်ပြေးပြီးကတည်းက မလေးအာဏာပိုင်တွေက တော်တော်တင်းကျပ်လိုက်တာ။ အခုနောက်ပိုင်း သူတို့ကို တနေ့ ဆေး (၃) လုံး ပေးနေတယ်လို့တော့ သိထားရတယ်” ဟု ပြောသည်။

ထိန်းသိမ်းခံမြန်မာအလုပ်သမားများအား စခန်းအနီးရှိ ပူထရာဂျာရာဆေးရုံသို့ ပို့ဆောင်ကုသစေသော်လည်း ယနေ့အထိ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများမှာ (၆) ဦးရှိပြီဖြစ်သည်။

ယခင်လနှောင်းပိုင်းက ကိုစိုးသိန်းဆိုသူ မြန်မာအလုပ်သမားတဦး ဆုံးပါးခဲ့ပြီးနောက် အမည်မသိရသေးသည့် ရောဂါဖြင့် ကိုထက်၊ ရွှေငယ်၊ မင်းနိုင်၊ စံခူးလ်လွန်း၊ မင်းခိုင်တို့ ထပ်မံသေဆုံးခဲ့သည်။

ထိုသို့မလေးရှားရောက် မြန်မာအလုပ်သမားများ သေဆုံးမှုကို မြန်မာအစိုးရသတင်းစာက သတင်းမှောင်ချထားပြီး ပြန်ခေါ်နေသည့် သတင်းများကိုသာ ဖော်ပြနေကြောင်း အထိန်းသိမ်းခံတဦးက ပြောသည်။

မြန်မာနိုင်ငံသို့ပြန်ခေါ်နေသော်လည်း ရင်းဂစ် (၁,၈၀၀) ပေးရသည့်အပြင် ကိုယ်ရေးအချက်အလက်နှင့် သန်းခေါင်စာရင်း ပေးအပ်ရမှုများကြောင့် မြန်မာအလုပ်သမားအများစုအကြား တွေဝေမှုများ ရှိနေရသည်ဟုလည်း ၎င်းကပြောသည်။

“မြန်မာအစိုးရက သိတဲ့အတိုင်းပဲလေ။ ဒီမှာကတည်းက အချက်အလက်အကုန်တောင်းတယ်။ နောက်ပြီး အိမ်အထိ လိုက်တယ်။ ဟိုရောက်တယ်ဆိုတာနဲ့ သတင်းတပ်ဖွဲ့က အချက်အလက်အကုန်မှတ်တယ်ပြောတယ်။ ဆိုတော့ ပြန်ရမှာလည်း ကြောက်ကြတယ်ဗျာ။ အတော်များများကတော့ ယူအန်ကိုပဲ မျှော်ကြတာပေါ့။ ပြီးခဲ့တဲ့လပိုင်းတုန်းကတော့ ယူအန်လာတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေကိုပဲ ခေါ်သွားတယ်။ ကျနော်တို့ မြန်မာတွေက ကျန်ခဲ့တယ်” ဟု အထိန်းသိမ်းခံက ပြောသည်။

မလေးရှားမြန်မာသံရုံးမှ မြန်မာနိုင်ငံ ပြန်လိုသူများအား မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူနှင့် ရင်းဂစ် (၁,၈၀၀) တောင်းခံနေသည့်အပြင် မြန်မာနိုင်ငံရှိ အလုပ်သမား၏ နေအိမ်မှလည်း ကျပ်ငွေ (၂) သိန်းတောင်းယူမှုများ ရှိနေသည်ဟု ကြားသိရကြောင်း မလေးရှားအန်အယ်လ်ဒီမှ ကိုကျော်ကျော်က ပြောသည်။

“ပြန်ခေါ်တဲ့ သတင်းတွေ ထုတ်အပြီး နှစ်သုတ်ပြန်ခေါ်တာတွေ့တယ်။ ပထမအသုတ်က လူ (၅၀) လောက်နဲ့ ဒုတိယ (၃၈) ယောက်ပါတယ်။ အခုစခန်းထဲမှာ လူ (၃၀၀) နီးပါးလောက်ကျန်သေးတယ်” ဟု ကိုကျော်ကျော်က ပြောသည်။

အပြည့်အစုံသို့ >>

အလုပ်လုပ်ခွင့်လက်မှတ်ရရန် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများရှိနေ

စက်တင်ဘာ၊ ၁၁၊ ၂၀၀၉


ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးမှ အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်သည့်အတွက် အလုပ်သမားများ နယ်စပ်မြို့များသို့ သွားရောက်ကာ နိုင်ငံကူးလက်မှတ်များပြုလုပ်နေလျှက်ရှိသည်။

ထိုင်း - မြန်မာအစိုးရ၏ နှစ်နိုင်ငံသဘောတူညီချက်အရ နယ်စပ်မြို့များဖြစ်သော မြ၀တီ၊ တာချီလိတ်နှင့် ကော့သောင်းမြို့ ၃ မြို့တွင် အလုပ်သမားလက်မှတ်ရှိသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်များပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း တာချီလိတ်တွင် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်ခဲ့သူ မခိုင်က ပြောသည်။

“ သွားလုပ်မယ် ဆိုရင် ထိုင်းဘက်မှာ အရင်ဆုံးလျှောက်လွှာခက ဘတ် ၂၅၀၊ ကားခအသွားအပြန်ခ ဘတ် ၁၆၀၀ ၊ မြန်မာနိုင်ငံသားစီစစ်ရေးရုံးမှာ ဘတ်၁၅၀၀၊ ဗီဇာခ ဘတ် ၂၀၀၀နဲ့ မြန်မာအစိုးရ ကိုတော့ မြန်မာနိုင်ငံသားမှတ်ပုံတင် မပါသွားရင် ဘတ် ၃၀၀ ၊ စာအုပ်ဖိုးက ဘတ် ၇၀၀ ကျပ်ပေးရတယ်၊ အားလုံး ဘတ် ၇၀၀၀ လောက်ကုန်တယ်” ဟု ပြောသည်၊၊

ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်ပြီးပါက အလုပ်လုပ်ခွင့် လက်မှတ်များကို ဆက်လက်သက်တမ်းတိုးပေးမည်ဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်ကို ပူးတွဲကိုင်ဆောင်ရမည်ဖြစ်ကာ အလုပ်လုပ်ခွင့်နှင့် ထိုင်းတနိုင်ငံလုံးတွင် သွားလာခွင့်ရရှိ၍ နေထိုင်ခွင့် (၂) နှစ်ရရှိမည်ဖြစ်သည်၊၊

ဘန်ကောက်၊ စက်ချုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသူ မနွယ်ကလည်း “ အလုပ်ကလည်း ဒီမှာ အဆင်မပြေရတဲ့ အထဲ၊ ယာယီနိုင်ငံကူး လက်မှတ်လုပ်ရင် ဘတ် ၈၀၀၀ လောက် ကုန်အုံးမယ်၊ ပြီးရင် အလုပ် သမား လက်မှတ် ပြန်လုပ်ရင် ၄၀၀၀ လောက်ကုန်အုံးမယ် ဆိုတော မလုပ်နိုင်ပါဘူး၊ ဖမ်းမိမယ်ဆိုရင်လည်း ပြန်ရုံပါဘဲ ” ဟုပြောသည်။

အဆိုပါ ယာယီနိုင်ငံကူးလက်မှတ်များကို လွန်ခဲ့သည့် နှစ်လခန့်က စတင်ပြုလုပ်ပေးနေခြင်းဖြစ်ပြီး လက်ရှိထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသူ မြန်မာအလုပ်သမား (၇) သိန်းကျော်ရှိသော်လည်း ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူ (၂၀၀) ခန့်သာရှိသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ အလုပ်သမားတွေကို ထိုင်းတနိုင်ငံလုံးသွားလာခွင့် ရမယ်ဆိုရင် ထိုင်းလုပ်ငန်း ရှင်တွေက ကန့်ကွက်မှာသေချာတယ်၊ ဘာကြောင်းလဲဆိုတော့ လွတ်လပ်စွာ သွားလာခွင့် ၊ အလုပ်ပြောင်းလွှဲခွင့်ရမယ်ဆိုရင် သူတို့ရဲ့လုပ်ငန်းတွေကို ထိခိုက်လာနိုင်တာကြောင့်ပါ “ ဟုပြောသည်၊၊

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း တရားမ၀င်နေထိုင်သည့် ရွှေပြောင်းအလုပ်သမားများကို လိုက်လံဖမ်းဆီးပြီး နေရင်းနိုင်ငံများသို့ ပြန်ပို့မည်ဟု ထိုင်းအာဏာပိုင်များဘက်မှ ကြေညာထားပြီး ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့် အလုပ်လုပ်ကိုင်နေလျှက်ရှိသည်။

အယ်ကဟော်

အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေး

မြတ်စိုး
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 18 နာရီ 52 မိနစ်

Myat-soe1s


ဒီဆောင်းပါးမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ မဲဆောက်ဆီ ရွှေ့ပြောင်းနေထိုင်လာသူ မြန်မာနိုင်ငံသားတွေရဲ့ ပညာရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို တင်ပြသွားပါမယ်။

၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ ရွှေ့ပြောင်းနေထိုင်လာသူတွေနဲ့ ထိုင်းနိုင်ငံသားအဖြစ် သက်သေအထောက်အထား မရှိသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်းပဲ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းသား ကျောင်းသူရော၊ ဆရာ ဆရာမတွေပါ ထိုင်းရဲတွေရဲ့ မကြာခဏ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ပညာသင်ကြားပို့ချပေးရေးမှာ ပြဿနာပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း ပညာရေးဆိုင်ရာ ဥပဒေတွေလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ “National Education Act : An Education Reform Act for Future Development of the Thai People” အရ ပညာရေးဆိုင်ရာ စည်းမျဉ်း၊ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့သလို၊ ပညာရေးကို နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်အဖြစ် အလေးအနက် အားပေးမှုတွေ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအသစ်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တခုကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့တာ ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။ အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် သူတွေဟာ အနည်းဆုံး အဆင့်မြင့် ပညာဘွဲ့ရရှိသူ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

အဲဒီ ဥပဒေသစ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ “The proportional representation party list system was aimed at deterring vote-buying, strengthening the party system, and increasing the quality of candidates. MPs were required to have a bachelor's degree. In order to prevent last-minute party switching, MPs were required to be registered members of political parties at least 90 days before the election date. An independent Election Commission was established. Votes for House elections were counted at a central site in each province rather than at each polling station. This reform made it more difficult for village canvassers to evaluate the effectiveness of vote buying.”

ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်ဟာ “ဆိုက်ကားသမား၊ တရားသူကြီး မလုပ်သင့်” ဆိုတဲ့ အချက်ကို ဆိုလိုထားတာကြောင့် တကယ်ပဲ ဖြစ်သင့်တဲ့ အချက်၊ နမူနာယူသင့်တဲ့ အချက်လို့ ကျနော် ထင်တယ်။ အဲဒီ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်နဲ့အတူ ထိုင်းပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် အဆင့်မြင့် ပညာဘွဲ့ မရသေးတဲ့ သူတွေအတွက် အထူး စာသင်ကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ပညာရေးအတွက် ညနေကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပညာရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

ဥပဒေသစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ရာမှာ ပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ကနဦးမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့ပါတယ်။ နိုင်ငံတကာ လွှတ်တော်အမတ်တွေနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေကလည်း သဘောတူထောက်ခံခဲ့ကြသလို၊ ထိုင်းနိုင်ငံအတွင်း ပညာရေး ပြဿနာတွေ၊ အခက်အခဲတွေကို ထိုင်းပါလီမန်မှာ အလေးအနက်ထား ဆွေးနွေးလာခဲ့ကြတယ်။

၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့ရဲ့ ထိုင်းပညာရေးကို အားပေးလုပ်ဆောင်ခဲ့မှုကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဘယ်လိုကလေးငယ်မဆို ပညာသင်ကြားခွင့် ရှိလာစေခဲ့ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးကို လမ်းကြောင်းပွင့်လာစေခဲ့တယ်။ ဒါ့အပြင် မဲဆောက်မြို့ မြန်မာနိုင်ငံသား ပညာရေးတာဝန်ခံတွေ၊ စေတနာအလျောက် လာရောက်ထမ်းဆောင်ပေးနေကြတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့မှုတွေကြောင့် ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေအတွက် စာသင်ကျောင်း ၉ ကျောင်း ဖြစ်လာခဲ့တယ်။

မြန်မာနိုင်ငံ နအဖ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုသက်တမ်း ရှည်လာလေ၊ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသား ဦးရေတွေ တိုးလာလေမို့၊ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေဟာလည်း တနေ့တခြား တိုးလာခဲ့တယ်။ လက်ရှိ ထိုင်းနိုင်ငံထဲမှာ နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီ ရှိနေသလို၊ စီးပွားရေးအရ ရွှေ့ပြောင်းအလုပ်လုပ်ကြသူတွေလည်း ၄ သန်းလောက် ရှိနေပါတယ်။ ဒီလိုပါပဲ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စာသင်ကျောင်းတွေဟာလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စာသင်ကျောင်း ၆၇ ကျောင်း ရှိနေပါပြီ။ လက်ရှိ ပညာသင်ကြားနေသူ ကျောင်းသူ ကျောင်းသား ၁ဝ,ဝဝဝ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၅ဝဝ ကျော်က ပညာသင်ကြား ပို့ချပေးနေကြပါတယ်။ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာသုတေသနလုပ်နေတဲ့ ထိုင်းပညာရေးဌာနနဲ့ အစိုးရမဟုတ်တဲ့ ပညာရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ တပ်ခ်ခရိုင် အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၂ဝ,ဝဝဝ ကျော်ဟာ ကျောင်းမတက်နိုင်သေးကြောင်းနဲ့ ကလေးငယ်ပေါင်း ၄ဝဝဝ ကျော်ကတော့ မဲဆောက် ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြောင်း သိရပါတယ်။

လာမယ့်နှစ် အနည်းငယ်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ အုံးဖျံဒေသ အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့် ပညာသင်ကြားနိုင်ဖို့ ထိုင်းဘုရင်မိသားစုနဲ့ ထိုင်းပညာရေးဌာနတို့ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းတခုကို ကမကထ ကူညီဖွင့်လှစ်ပေးမယ်လို့ ဝမ်းသာစရာသတင်း ကြားခဲ့ရတယ်။ တကယ် ဒီသတင်းအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် အုံးဖျံဒေသ အနီးတဝိုက် ကီလိုမီတာ ၂ဝဝ အဝန်းရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့်ပညာကို လာရောက်ဆည်းပူးခွင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။

တနှစ်ပြီးတနှစ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးတက်များပြားလာနေသလို၊ ကလေးငယ်တွေရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေဟာလည်း ပိုမိုရင်ဆိုင်ကြရပါလိမ့်မယ်။ နောင် ၅ နှစ်တာ ကာလအတွင်း အဓိက ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ -

(၁) ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့၊ ဆက်လက်ရပ်တည်ဖို့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ (Funding For Existing Schools and Building New Schools)
(၂) စာသင်ကျောင်းပုံစံနဲ့ ကိုက်ညီရမယ့် အဆင့်မီ ပညာရေးဆိုင်ရာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ လိုအပ်မှု အခက်အခဲတွေ ရှိတယ်။ ဆိုလိုတာက အထက်တန်းပညာကို သင်ကြားတတ်မြောက်ခဲ့သူဟာ ထိုင်း (သို့) နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေကို ဝင်ခွင့်ရနိုင်ဖို့ GED စာမေးပွဲအဆင့်ကို ဖြေဆိုနိုင်ရမယ့်သူ ဖြစ်သင့်တယ်။ (Aid For School Facilities)
(၃) များပြားလာတဲ့ စာသင်ကျောင်းတွေမှာ တူညီတဲ့ သင်ရိုးညွှန်းတမ်းတခု ဖြစ်ပေါ်လာရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်။ (Have Same Curriculum)
(၄) အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားခွင့် ရရှိနိုင်ရေးတွေမှာလည်း အခက်အခဲတွေ ရှိတယ်။ (Difficulties of Further Higher Studies)
(၅) ကျောင်းပြီးနောက် အလုပ်အကိုင် ရှာဖွေမှုမှာလည်း အခက်အခဲတွေ ရှိတယ်။ (Careers Job Search/ Job after Graduation)

ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို မဲဆောက်မြို့ မြန်မာပညာရေး တာဝန်ခံတွေအနေနဲ့ ရင်ဆိုင်ဖြေရှင်းပြီး ကျော်ဖြတ်သွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသား အားလုံးကလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးကြပါစို့။
အပြည့်အစုံသို့ >>

ဇေယျဝတီ စက်ရုံဝန်ထမ်းများ ခံစားခွင့်မဲ့ အလုပ်ထုတ်ခံရ

Tuesday, 22 September 2009 17:05 ဟိန်းဇော်

E-mail Print
ပဲခူးတိုင်း အတွင်းရှိ စစ်အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် အရက်ချက်စက်ရုံကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်သို့ လွှဲပြောင်းပေးရန် စီစဉ်နေပြီး ဝန်ထမ်းများကို အလုပ်မှထုတ်ပယ် မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယင်းသို့ ဝန်ထမ်းများကို အလုပ်ထုတ်ပယ်ရာတွင် ခံစားခွင့်ငွေကြေး တစုံတရာမယူဘဲ အလုပ်ထွက်ကြောင်း ဝန်ခံကတိလက်မှတ် ထိုးခိုင်းမှုများလည်း ရှိသည်ဟု ဇေယျဝတီ သကြားစက်မှ ဝန်ထမ်းတဦးက ပြောသည်။

ဝန်ခံကတိများထိုးခိုင်း၍ အလုပ်ထုတ်ပယ်ရာတွင် အသက် ၆၀ အရွယ်ရှိဝန်ထမ်းအများစု ပါဝင်နေပြီး အငြိမ်းစား (ပင်စင်)လစာခံစားခွင့် ပေးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

ယင်းဇေယျဝတီ သကြားစက်ရုံတွင် နှစ်၂၀ကျော် ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူ ဦးဘသိန်းက“ကျနော် ဒီစက်ရုံ မှာလုပ်တာကြာပါပြီ။ အသက်ကလည်း ၆၀ ပြည့်ပြီ။ အခု အလုပ် ထွက်ရတာတောင် ပင်စင် မပေးတော့ စိတ် မကောင်းဖြစ်မိတယ်”ဟု ပြောသည်။

ဇေယျဝတီသကြားစက်ရုံကို ယခုလဆန်းပိုင်းက ဦးပိုင်လီမိတက်က စက်မှု(၁) ထံမှလွှဲပြောင်း ယူလိုက်ခြင်းဖြစ် သည်။

ယခင်စက်မှု(၁)ဌာနပိုင် အုတ်တွင်းသကြားစက်၊ တောင်ဇင်အေးသကြားစက်၊ အင်းဝါးခွ သကြားစက်များကို စီးပွားရေးဦးပိုင်လီမိတက်မှ လွှဲပြောင်းလုပ်ကိုင်စဉ်က ပင်စင်လစာ ပေးခဲ့ပြီးနေရပ်သို့ပြန်ခိုင်းခဲ့ကြောင်း အုတ်တွင်း သကြားစက်တွင် လုပ်ကိုင်ခဲ့သူ ဦးနှင်းမောင် ဆိုသူက ပြောသည်။

အစိုးရအနေဖြင့် မိမိတို့၏ ဝန်ထမ်းများကို ငဲ့ညှာသင့်ကြောင်း ယခုကဲ့သို့ပြုမှုလိုက်ခြင်းကြောင့် နှစ်ရှည်လများ လုပ်ကိုင်ခဲ့ရသော်လည်း ဘဝအာမခံချက်နည်းပါးသည်ကို သိရှိရ၍ စိတ်မကောင်းဖြစ်မိကြောင်း ၎င်းက ဆိုသည်။

လုပ်သက်၂၈ နှစ်ဝန်းကျင်ရှိသူများအနေဖြင့်လည်းပင်စင်လစာ ရရှိခြင်းမရှိ၍ အလုပ်လက်မဲ့ ဖြစ်နေရကြောင်း သိရသည်။

ယခုလွှဲပြောင်းယူလိုက်သော စက်ရုံများကို ဦးပိုင်လီမိတက်အနေဖြင့် လက်ရှိလုပ်ငန်း ပြန်လည်ပတ်ရန် အစီအစဉ် ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

အစိုးရ ဝန်ထမ်းများ အငြိမ်းစားယူသောအခါရရှိနိုင်မည့် လုပ်သက်ဆုငွေနှင့် ပင်စင်လစာကို အကျိုးခံစားခွင့်ရှိ ကြောင်း ဥပဒေ ထုတ်ပြန်ထားသည်။

“အစိုးရ ၀န်ထမ်းတွေဟာ အသက်ကြီးလာရင် ဒီပင်စင်လေးဘဲ မှီခိုရတာ သိပါတယ်။ ဒါပေမယ့် အထက်က ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်ရတာပါ။ရှိတဲ့ အလုပ်သမားအားလုံးကို အလုပ်ဖြုတ်ပစ်တာတော့ မဟုတ်ပါဘူး” ဟု အရက်ချက်စက်ရုံမှ အကြီးတန်း စစ်ဆေးရေးမှူးက ပြောသည်။

ဦးဘသိန်းကမူ“ဒီလိုဥပဒေမဲ့လုပ်နေတဲ့အတွက် တသက်လုံးလုပ်လာတဲ့ဝန်ထမ်းတွေမှာ ရသင့်ရထိုက်တဲ့ အိုနာစာလေး မရတော့ စိတ်ဓာတ်ကျပြီး သားသမီးတွေဆီပြန်ကြတာပေါ့”ဟု သက်ကြီးဝန်ထမ်းအများစု၏ လက်ရှိအခြေအနေကို ပြောပြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP