Wednesday 14 July 2010

ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိရေး ဝန်ကြီးထံ စာတင်

မြတ်ခိုင်ဦး / ၁၃ ဇူလိုင် ၂၀၁၀

ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုများကို လျော်ကြေး ပေးအပ်ရန်အတွက် ထိုင်းအလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ (၁၄) ဖွဲ့က ဦးဆောင်ကာ ထိုင်းအလုပ်သမားဝန်ကြီးထံသို့ ယမန်နေ့က တောင်းဆိုလွှာတစောင် တင်သွင်းလိုက်သည်။

ယင်းတောင်းဆိုလွှာတွင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ အလွန်နိမ့်ကျ ယိုယွင်းနေကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု ဖြစ်ပွားသည့်အခါတွင် အလုပ်သမားလျော်ကြေး ငြင်းပယ်ခံနေရကြောင်းတို့ကို ဖော်ပြထားသည်။

၁၉၉၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီးဖြစ်သော အလုပ်သမားလျော်ကြေး ဥပဒေ၏ ရည်ရွယ်ချက်သည် မည်သည့်နိုင်ငံသား အလုပ်သမားပင်ဖြစ်စေ လုပ်သားအားလုံးကို ကာကွယ်ပေးရန်နှင့် လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများအတွက် လျော်ကြေးပေးအပ်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါအခွင့်အရေးကို ရွှေ့ပြောင်းအလုပ်သမား အများအပြား ယခုတိုင် ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်းလည်း တောင်းဆိုလွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်ထိခိုက်လျော်ကြေးရန်ပုံငွေ ရရှိရေးအတွက် ခွဲခြားထားသော စည်းမျည်းစည်းကမ်းများကို ပယ်ဖျက်ပေးရန်နှင့် လုပ်ငန်းခွင်ထိခိုက်လျော်ကြေး ရန်ပုံငွေရရှိရေးအတွက် အခွင့်အရေးများ အသေအချာရရှိစေရန် အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂများ၊ အန်ဂျီအိုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင်ပါဝင်သော နည်းဗျူဟာများရေးဆွဲရန် တောင်းဆိုကြောင်း သိရှိရသည်။

ထိုတောင်းဆိုလွှာ တင်သွင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ အန်ဒီဟောလ်က “အလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေနည်းလမ်းမကျဘဲ ခွဲခြားမှုရှိတဲ့ မူဝါဒကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေဟာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း အကာအကွယ်မဲ့နေရပြီး လုပ်သားလျော်ကြေးငွေ လက်ခံရရှိဖို့ကိုလည်း လက်ရှိအခြေအနေမှာ ဆက်လက်ငြင်းပယ်ခံနေရပါတယ်” ဟု ပြောဆိုသည်။

နိုင်ငံတကာဥပဒေများအောက်တွင် နည်းလမ်းမကျသည့် ခွဲခြားမှုများကို ထိုင်းအစိုးရအနေဖြင့် ရပ်ဆိုင်းပစ်ရန် အလုပ်သမားသမဂ္ဂများက အိုင်အယ်လ်အိုကို တောင်းဆိုသကဲ့သို့ အန်ဂျီအိုများကလည်း ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုပြီးသည့်နောက်တွင် အလုပ်သမားဝန်ကြီးဌာနက မတော်တဆထိခိုက်မှုဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီတခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါကိစ္စကို အလုပ်သမားရေးအဖွဲ့များက သဘောမတူသည့်အတွက် ယမန်နေ့က တောင်းဆိုလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အန်ဒီဟောလ်က ပြောကြားသည်။

၎င်းက “ရွှေ့ပြောင်း အလုပ်သမားပဲဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို အားကိုးအားထားပြုလောက်တဲ့ လုပ်ငန်းခွင် ထိခိုက်မှုကြောင့်ဖြစ်တဲ့ လျော်ကြေးငွေကို နဂိုမူလ လုပ်သားလျော်ကြေးရန်ပုံငွေကနေပဲ လက်ခံရရှိရမှာ ဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးအဖွဲ့တွေဟာ ဒီကိစ္စကို သဘောမတူပါဘူး။ ဒီအတွက် ထိုင်းအလုပ်သမားသမဂ္ဂတွေက အဖွဲ့အစည်းအသီးသီးကို ဦးဆောင်ပြီး မနေ့က တောင်းဆိုလွှာတင်သွင်းခဲ့တာပါ” ဟု ဆိုသည်။

workmen Compensation Fund ဟုခေါ်သည့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ပေးအပ်သော လျော်ကြေးငွေကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အလုပ်သမားများကို ပေးအပ်သည့်အတိုင်း လူမှုဖူလုံရေးရန်ပုံငွေမှ ပေးအပ်မည်ဆိုပါက ရွှေ့ပြောင်းအလုပ် သမားများသည် ခန္ဓာကိုယ်ချွတ်ယွင်းလျှင်လည်းကောင်း၊ အသက်ဆုံးရှုံးခဲ့ရလျှင်လည်းကောင်း မည်သို့မည်ပုံ ဆုံးရှုံးရသည့်အပေါ် မူတည်၍ ကျန်ရစ်သူ ဆွေမျိုးသားချင်းများမှ ရရှိမည်ဖြစ်သည်။

ယခင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦး လုပ်ငန်းခွင်အတွင်း လက် (၄) ချောင်း ပြတ်သွား၍ ဘတ်ငွေ (၂) သိန်း (၃) သောင်းကို အဆိုပါ လျော်ကြေးငွေမှ ရရှိဖူးကြောင်း အလုပ်သမားရေးအဖွဲ့အစည်းတခု၏ မှတ်တမ်းအရသိရှိရသည်။ ထိုရန်ပုံငွေအတွက် လုပ်ငန်းရှင်မှ လုပ်သားဝင်ငွေ၏ (၅) ရာခိုင်နှုန်းနှင့် အလုပ်သမားမှ (၃.၅) ရာခိုင်နှုန်း လစဉ်ထည့်ဝင် ရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း တစုံတရာ ထိခိုက် သေဆုံးမှုဖြစ်သောအခါ လုပ်ငန်းရှင်အများစုက လျော်ကြေးပေးရန် ငြင်းဆန်ခံရလေ့ရှိပြီး အချို့မှာ အနည်းငယ်သော လျော်ကြေးကိုသာ ရရှိလေ့ရှိကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားအများစုသည် အလုပ်ဆက်လက်လုပ်ဆောင်ရန် ခန္ဓာကိုယ်ပိုင်းက မစွမ်းဆောင်နိုင်တော့သဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားကြရလေ့ရှိသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP