Friday 27 November 2009

ချင်းမိုင်နေ မြန်မာ အလုပ်သမားများ အခမဲ့ ဆေးကုသခွင့်ရ

Thursday, 26 November 2009 18:50 ၊ ၀ါးရှီးဖော

သြစတြေးလျ၊ အမေရိကန်နှင့် ကိုရီးယားနိုင်ငံမှ ဆရာဝန်များ အပါအ၀င် မြန်မာနိုင်ငံမှ ဆရာဝန်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တကျောင်းတွင် ၂ ရက်ကြာ မြန်မာ အလုပ်သမားများကို ဆေးလာရောက် ကုသပေးကြောင်း သိရသည်။

 
ယင်းဆေးကုသမှုများ ကို ယခုလ ၂၆ရက်မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှာ ညနေ ၄နာရီအတွင်း ကုသ ပေးခြင်းဖြစ်ပြီး ၁ရက်အတွင်း လူနာ ၈၀ ကျော်ကို အခမဲ့ ကုသပေးကြောင်း သိရသည်။



“ကျနော်တို့က ဒုက္ခအရောက်ဆုံး လူတွေကို ကူညီတာပါ။ အခုကျနော်တို့ ကြားတာက ဒီထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားပေါင်း လေးသန်း ခန့်ရှိတယ်။ နောက်ပြီး သူတို့တွေကလည်း အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူဖြစ်နေတဲ့ အတွက် အခုလို လာရောက် ကုသပေးတာပါ” ဟု အမည်မဖော်လိုသူ မြန်မာ ဆရာဝန် တဦးက ဧရာဝတီသို့ပြောသည်။
လာရောက် ဆေးကူသမှု ခံယူသူအများစုမှာ နှာစီးချောင်းဆိုးခြင်း ဖြစ်သည်။ အခြားရောဂါများမှာ အရေပြားရောဂါ၊ တီဘီ၊ သွားနှင့်ခံတွင်း၊ မျက်စိနှင့်ပတ်သက်သော ရောဂါများဖြစ်ပြီး ၄င်တို့အား စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ ပြုလုပ်ပေးကြောင်းသိရသည်။

“အခု ကျမက သွားနဲ့ မျက်စိ လာပြပါတယ်။ အပြင်ဆေးခန်းမှာ သွားပြဖို့က အရင်တုန်းက ဘာလက်မှတ်မှမရှိဘူးလေ၊ အခုလက်မှတ်ရှိပြန်တော့ သွားဖို့အချိန်က မရှိ ဖြစ်နေတယ်။ အခုတောင်မှ ခွင့်တောင်းပြီးလာရတာ။ နောက်တော့ အခမဲ့လည်းဖြစ်တယ်၊ ကျမတို့ သွားနေကျ ဘုရားကျောင်းမှာလည်း ဖြစ်တယ်၊ မြန်မာဆရာဝန်တွေလည်း ပါတယ် ဆိုတော့ အားလုံးအတွက် အဆင်ပြေတာပေါ့”ဟု ထိုင်းနိုင်ငံတွင် နှစ်နှစ်ခန့် အလုပ်လုပ်နေသော အသက် ၂၈ အရွယ် ကချင် အမျိုးသမီး တဦးကလည်း ပြောသည်
ယင်းဆေးကုသမှု အဖွဲ့သည် ချင်းမိုင်မြို့မတိုင်ခင် မယ်ဆိုင်မြို့တွင်ရှိသော မြန်မာအလုပ်သမားများကိုလည်း သွား ရောက်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာအလုပ်သမား အများအပြားနေထိုင်သော ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့သို့ သွားရောက်ကုသ ပေးရန် ရှိကြောင်းလည်း အထက်ပါ ဆရာဝန်က ဆက်ပြောသည်။

“အပြင်ဆေးခန်းတွေသွားပြရင် ထိုင်းစကားလည်း ကောင်းကောင်းမပြောတတ်ဘူးဆိုတော့ ဖြစ်နေတဲ့ ရောဂါကို ထိထိရောက်ရောက် မပြောနိုင်တဲ့အတွက် အပြင်ဆေးခန်းတွေကို သွားရတာ သိပ်အဆင်မပြေဘူး။ နောက်တော့ လက်မှတ်မရှိတော့ ပိုက်ဆံပိုကုန်ပြီး ပိုဒုက္ခရောက်တာပေါ့။ တခါသွားပြရင် ဘတ် သုံးရာ လေးရာ အထက်ပဲ။ ဒီတော့ အခုလို မြန်မာဆရာဝန်တွေနဲ့ အခမဲ့ လာရောက်ကုသပေးတော့ ကျနော်တို့အတွက် အရမ်းကောင်းပါတယ်”ဟု ခြံစောင့် အလုပ်သမား တဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ကချင်တိုင်းရင်းသား ကိုဘရန်ဆိုင်းက ပြောသည်။

ယခု နိုင်ငံခြားဆရာဝန်အဖွဲ့မှ မြန်မာအလုပ်သမားများကို ဆေးလာရောက်ကုသပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်မှာ ကိုရီးယားနိုင်ငံမှ ဆရာဝန်းများက ၁ ရက်တာ လာရောက် ကုသပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းဆန္ဒပြပွဲတွင် ပါဝင်မှာကို စိုးရိမ်နေ

ဥဆာဖိချိုင်း (Usa Pichai) ကြာသပတေးနေ့၊ နိုဝင်ဘာလ 26 ရက် 2009 ခုနှစ် 17 နာရီ 57 မိနစ်  

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ထိုင်းအာဏာပိုင်များက နယ်စပ်တလျှောက် တားဆီးကန့် သတ်မှုများပြုလုပ်ထားလိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် တားဆီးကန့်သတ်မှုများပြုလုပ်ထားရန် ထိုင်းမြန်မာနယ်စပ် တလျှောက်ရှိ အစိုးရအရာရှိများကို စစ်တပ်ကအမိန့်ပေးထားသည်ဟု ထိုင်း အမှတ် ၃ တပ်မ တော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး ထနွန်စွတ်အပီရာကျိုသင် (Thanongsok Apirakyothin) က ပြောသည်။ ထိုင်းဝန်ကြီးချုပ် အဖိစစ်ဝိချာချိဝ (Abhisit Vejajiva) အား ဆန့်ကျင်ကန့်ကွက် သည့် ချင်းမိုင်နှင့် ဘန်ကောက် ဆန္ဒပြပွဲများတွင် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများပါဝင်ပူးပေါင်းလာနိုင်သည်ဟူသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဤသို့ညွှန် ကြားချက်များထုတ်ပြန်ထားလိုက်ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်သည် စနေနေ့တွင် ချင်းမိုင် မြို့သို့လာရောက်၍ ထိုင်းကုန်သည်ကြီးများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက် ရောက်ရန်အစီအစဉ်ရှိသည်။



ဒုဗိုလ်ချုပ်ကြီး ထနွန်ဆွတ် က ထိုင်းဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) ယခုလကုန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း မှတဆင့် ပြည်တွင်းသို့ပြန်လည်ဝင် ရောက်လာမည်ဟူသော သတင်းကို ကောလဟလသာဖြစ်သည်ဆိုပြီးငြင်းဆိုလိုက်သည်ဟု ထိုင်းသတင်းအေဂျင်စီဝက်ဆိုက်တွင်ဖော်ပြထားသည်။
ရှပ်နီဝတ်ဆန္ဒပြသမားများက အကြမ်းဘက်လုပ်ငန်းများလုပ်ဆောင်ဖူးသည့် ယခင်အတွေ့အ ကြုံများရှိသည့်အတွက် ထိုင်းဝန်ကြီးချုပ်သည် ချင်းမိုင်မြို့သို့မသွားသင့်ကြောင်း ထိုင်းဒုဝန်ကြီး ချုပ် ဆူသက်ထောင်ဆူဘန် (Suthep Thaugsuban) ကပြောသည်။ ချင်းမိုင်နှင့်ဘန်ကောက် ရှိ ရှပ်နီဝတ်ဆန္ဒပြသူများက ဆူပူမှုများ၊ အကြမ်းဘက်မှုများပေါ်ပေါက်လာရေးအတွက် လှုံ့ဆော်မှုများကိုပူးပေါင်းပြုလုပ်လာနိုင်သည်ဟု သူကစိုးရိမ်နေသည်။
အကယ်၍ အဖိစစ် က ဘာပဲဖြစ်ဖြစ်သွားမည်ဟု ဆိုပါက ထိုဒေသရှိပြည်သူများအခက်အခဲ မဖြစ်စေဘဲ ချင်းမိုင်တွင် ပြည်တွင်းလုံခြုံရေးအက်ဥပဒေ ပြဌာန်းသက်ရောက်စေရန် သူ အဆို ပြုရလိမ့်မည်ဟု ဆူသက် ကပြောသည်။

ရှပ်နီဝတ်များဆူပူမှုများဖြစ်ပွါးအောင်လှုံ့ဆော်မည်ကို သူပို၍စိုးရိမ်သည်ဟုလည်း ပြောသည်။ လုံခြုံရေးအေဂျင်စီများက ဝန်ကြီးချုပ်ကိုကာကွယ်ပေး နိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်းလည်းသူကဆိုသည်။
`ပြဿနာသေးသေးလေးက အကြီးကြီးဖြစ်သွားနိုင်တယ်။ ကျနော့်ကိုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်ဘို့နဲ့ ဒေသခံအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ဘို့ တာဝန်ပေးထား တယ်။ အဲဒီအစည်းအဝေးကိုသွားတက်တာ ပုဂ္ဂလိကပိုင်ကဏ္ဍရဲ့ ယုံကြည်မှုကိုပြန်ရအောင် လုပ်နိုင်လိမ့်မယ်လို့ ဝန်ကြီးချုပ်က ယုံကြည်နေလို့ပဲ´ ဟု သူကပြောသည်။

သို့သော် ရှပ်နီခေါင်းဆောင်က ဘန်ကောက်ရှိဆန္ဒပြပွဲများကိုရွှေ့ဆိုင်းထားလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်သည်။ ယခုအချိန်သည်လူအများစုဝေးရန် သင့်တော်သော အချိန် မဟုတ်ဟု ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှင်နာဝပ်ထရာ ကအကြံပြုပြောကြားပြီး နောက်ပိုင်း ဤကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ယူဆရသည်။ မည်သို့ပင်ဖြစ်စေ တာဝန်ရှိသူများက ဖြစ်ပေါ်လာနိုင်သည့် ဆန္ဒပြပွဲများကို ဆက်လက်စောင့်ကြည့်အကဲခတ်နေ ဆဲဖြစ်သည်။
ဤသို့သူတို့စီစဉ်ထားသော ဆန္ဒပြပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်သည်ဟု ရှပ်နီဝတ်များကကြေငြာထားသော်လည်း အစိုးရသည် ဘန်ကောက်တွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၄ ရက်ထိ ပြည်တွင်းလုံခြုံရေးအက်ဥပဒေကို ပြဌာန်းကြေငြာမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သများများဆန္ဒပြခြင်းသည် တရားမဝင်သည့်အတွက် သူတို့ကို နိုင်ငံရေး ဆန္ဒပြပွဲများတွင်ပါဝင်ခြင်းမပြုအောင် တားဆီးပေးပါရန် အာဏာပိုင်များက အလုပ်ရှင်များကို သတိပေးထားသည်ဟု ထိုင်းအလုပ်သမားရေးရာဌာန ဒါရိုက်တာ Jeerasak Sukonthachart ကပြောသည်။
ထိုင်းဥပဒေအရ ထိုင်းနိုင်ငံလုံခြုံရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်ခြင်းမရှိလျှင် ရွှေ့ပြောင်းအလုပ် သမားများသည် ဆန္ဒပြပွဲများတွင်ပါဝင်နိုင်သည်။ သူတို့ကို ရှပ်နီဝတ်ဆန္ဒပြသူများနှင့်အတူ တွေ့ရှိဖမ်းမိပါက နေရပ်ရင်းသို့ပြန်ပို့ခံရမည်ဖြစ်ပြီး အလုပ်ရှင်ကိုလည်း တရားစွဲဆိုမည်ဖြစ် သည်။
အပြည့်အစုံသို့ >>

Wednesday 25 November 2009

မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည်

Tuesday, 24 November 2009 18:51 သန်းထိုက်ဦး

ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။
“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။



GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။

“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊ မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။

“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။

မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။
ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။

“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

ရောင်းစားခံရမည့် မြန်မာအမျိုးသမီးငယ် အိမ်ပြန်နိုင်ခဲ့ပြီ

တနင်္လာနေ့၊ 23 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်

မြန်မာအမျိုးသမီးတစ်ဦးနှင့်အတူ တရုတ်နိုင်ငံအတွင်းပိုင်းအထိ အိမ်ဖေါ်အလုပ်လုပ်ရန် လိုက်ပါသွားပြီးနောက် တရုတ် အမျိုးသားများထံ ရောင်းစားနေချိန်တွင် ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၈ နှစ်အရွယ် မခိုင် မှာ နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာမြေပေါ် ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်သည်။

သူမသည် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာသူတစ်ဦးဖြစ်ပြီး တရုတ်ရဲများက ကားတတန် ရထားတတန်ဖြင့် တရုတ်ပြည်အတွင်းပိုင်း မြို့တစ်မြို့မှ ၄ ရက်ကြာမျှ ပို့ဆောင်ပေးခဲ့သဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် နယ်စပ်ရွှေလီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Type the rest of your post here.ယခုလို ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာမိသားစုအသိုင်းအ၀ိုင်းတွင် တစ်ရက်ကြာနေထိုင်ခဲ့ပြီး နောက်တစ်ရက်၌ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးခဲ့သဖြင့် မကြာမှီသူမသည် အိမ်ပြန်နိုင် တော့မည်ဖြစ်ကြောင်း သူမ၏နေထိုင်မှုတွင် ကူညီခဲ့သူ ရွှေလီဒေသခံ မြန်မာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။



လွန်ခဲ့သည့် တစ်လခန့်ကမှ လားရှိုးမြို့ရှိ အဒေါ်ဖြစ်သူ နေအိမ်မှ သူမအား ရွှေလီမြို့တွင် တစ်လကျပ် ၃ သောင်း ဖြင့် အိမ်ဖေါ်အလုပ်ပေးမည်ဆိုကာ မြန်မာအမျိုးသမီးတစ်ဦးက ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည် ၊၊

၎င်းအမျိုးသမီးက သူမအပါအ၀င် နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၂ ဦး တို့အားနယ်စပ်မှ ရက် သတ္တတစ်ပတ်ခန့် ခရီးဆက်ရသော မြို့တစ်မြို့အထိ ခေါ်ဆောင်သွားခဲ့ပြီး တိုက်ခန်းတစ်ခန်းအတွင်း သော့ခတ်ကာ လှောင်ပိတ်ထားခဲ့ကြောင်း သူမနှင့်မေးမြန်းခွင့်ရစဉ်က ပြောကြားထားသည် ၊၊
ထိုသို့သူမတို့ ၃ ဦးအား တိုက်ခန်းအတွင်း၌ သော့ခတ်ထားစဉ် ခေါ်ဆောင်သွားသော မြန်မာအမျိုးသမီး တစ်ဦးက တရုတ်ယောက်ျား ၃ ဦးထံမှ ငွေများယူနေသည်ကိုတွေ့ခဲ့ရပြီး အဆိုပါ တရုတ်ယောက်ျားများနှင့် လိုက်သွားရန် ပြောကြားအပြီး ထွက်ပြေးရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

“သမီးကိုဘာမှမခိုင်းသေးဘူး တိုက်ခန်းမှာထားပြီး သူကအပြင်သွားအုံးမယ်လို့ပြောတာ အခန်းကို သော့ခတ်ခဲ့တာ သော့ခတ်ထားပြီး အခန်းဒီဘက်ဘေးမှာ လူကြီး ၃ ယောက်နဲ့စကားပြောနေတာ သမီးတို့က အသံကြားတယ်ဆိုပြီးမှ ထကြည့်လိုက်တာ ကြည့်လိုက်တော့ ပိုက်ဆံတွေအများကြီး အဲဒီလူကြီး တွေက အဲဒီမိန်းမကြီးကိုပေးနေတာ မြင်တယ် နောက်ပြီး သမီးတို့အခန်းကိုလာပြီးဖွင့်ပြီးတော့မှ နောက်ရက်ကျရင် ငြီးတို့အဲဒီလူတွေလာခေါ်လိမ့်မယ်ငြီးတို့လိုက်သွား လို့အဲလိုပြောတယ် ပြောတော့ ဟိုနှစ်ယောက်ကို ထွက်ပြေးမယ်လို့ပြောတော့ သူတို့ကသိပ်ပြီး မယုံဘူး အဲတော့ အဲဒီမိန်းမက ဘယ်လိုကြားသွားလဲမသိဘူး ၃ ယောက်စလုံး ခြေထောက်တွေကို ထွက်ပြေးအုံးမလားဆိုပြီး တုတ်နဲ့ ရိုက်တယ် သူတို့နှစ်ယောက်ကတော့လမ်းမလျှောက်နိုင်တော့ဘူး သူတို့ ၂ ယောက်ကတော့ ဟိုးအဝေးကြီးမှာကျန်ခဲ့တာ” လို့ သူမက အတွေ့အကြုံကို ပြောပြသည်။

အရိုက်အနှက်ခံခဲ့ရပြီးနောက် ပြူတင်းပေါက်တံခါးမှန်ကို ရိုက်ခွဲ၍ ခြေထောက်ဒဏ်ရာဖြင့် ကံကောင်း ထောက်မစွာ ထွက်ပြေး လွတ်မြောက်ခဲ့ကာ အိမ်ပြန်နိုင်ခဲ့သော်လည်း ကျန်နေခဲ့သည့် အခြားအမျိုးသမီးငယ်နှစ်ဦး၏ ကံကြမ္မာမည်သို့ ရှိမည် ဆိုသည်ကို မသိရသေးချေ။

“ရောက်ပြီးနောက်တစ်ရက်မှာ လွဲပေးလိုက်တာပေါ့ သူကပြောတာက သူနဲ့အတူနောက်ထပ် အမျိုးသမီး ၂ ယောက် ကျန်ခဲ့သေးတယ် အဲဒါကို ဟိုဘက်ကထပ်စုံစမ်းနေတယ် လောလောဆယ်တော့ ဘာမှထပ်မသိရသေး ဘူး ” လို့စောစော က ရွှေလီဒေသခံက ပြောသည်။

လူကုန်ကူးသူများက မြန်မာဘက်မှအမျိုးသမီးများအား ဖျားယောင်းခေါ်ဆောင်ကာ တရုတ်ဘက်ခြမ်းတွင် မယား နှင့် လိင်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရောင်းစားလျှက်ရှိသည်။
လွန်ခဲ့သည့်နှစ်အတွင်း တရုတ်အာဏာပိုင်များက ရှာဖွေတွေ့ရှိသမျှ မြန်မာအမျိုးသမီးများအား မြန်မာနိုင်ငံ ဘက် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သဖြင့် အမျိုးသမီးတချို့အိမ်ပြန်နိုင်ခဲ့သော်လည်း မြန်မာပြည်စီးပွားရေး ချွတ်ခြုံကျနေမှုအောက် တွင် လူအရောင်းအ၀ယ် လုပ်ငန်းမှာခေတ်စားလျှက်ပင်ရှိနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

ပြည်ပမှ ငါးဖမ်းလုပ်သား ၁၂ဝ ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ

မိုးမခ အထောက်တော် အမှတ် ၀၀၄ - နိုဝင်ဘာ ၂၃၊ ၂ဝဝ၉

မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသည်ဟု ယူဆရသည့် ငါးဖမ်းလုပ်သား ၁၂ဝ ကျော်ကို မြန်မာ့ တပ်မတော်(ရေ)က ထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း AFP သတင်းဌာနက ဆိုသည်။

ဖမ်းထားသည့် နိုင်ငံခြား လှေ ၁ဝ စီးခန့် ရှိမည်ဟု ဆိုသည်။ ယခုအချိန်တွင် ၄ စီးသည် ထိုင်ဝမ်မှ ဖြစ်သည်ဟု ဆိုသည်။


"ထိုင်ဝမ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေ ၄ စီး ပြီးခဲ့တဲ့အပတ်ကတည်းက ရန်ကုန်မှာ အဖမ်းခံထားရတယ် ဆိုတာကို ကျွန်တော်တို့ အတည်ပြုလို့ ရပါတယ်” ဟု ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူး Tsay Tzu-yaw က AFP သတင်းဌာနကို ပြောသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မသိရသေးဟု ဆိုသည်။


သင်္ဘော မာလိန်မှူးများ အပါအဝင် အနည်းငယ်သော ငါးဖမ်းလုပ်သားများမှာ ထိုင်ဝမ်နိုင်ငံသားများ ဖြစ်သည်။ ကျန် လုပ်သား အများစုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတို့မှ ဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် China Times သတင်းစာတွင် ရေးထားသည်။ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုလှေ ၄ စီးသည် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ရေဒီယို အဆက်အသွယ်များ မပြတ်တောက်မီ သတင်းပို့ချက်များအရ လှေများကို မြန်မာ့တပ်မတော် (ရေ) က လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။China Times သတင်းစာတွင် ဖော်ပြထားချက်အရ ထိုလှေများသည် ခွင့်ပြုချက် မရဘဲ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်သွားသည်ဟု ဆိုသည်။

ငါးဖမ်းလုပ်သားများ မည်သည့်တွက်ကြောင့် ထိန်းသိမ်းခံရသည်ကို သိရပါက ၎င်းတို့ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ထိုင်ဝမ်အစိုးရက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday 24 November 2009

မြန်မာ့အလုပ်သမားအရေး ယူကေတွင် တင်ပြဆွေးနွေး

ရွှေဇင် ၂၂ နိုဝင်ဘာ ၂၀၀၉ -

မြန်မာ့အလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး ယူကေနိုင်ငံ လန်ဒန်မှာ ဗြိတိသျှအလုပ်သမားသမဂ္ဂ အစည်းအဝေးမှာ မနေ့က ထည့်သွင်းဆွေး နွေးသွားပါတယ်၊

ဗြိတိသျှ အလုပ်သမားသမဂ္ဂ တခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဆရာ၊ဆရာမ များ သမဂ္ဂရဲ့ ဆွေးနွေးပွဲမှာ လန်ဒန်အခြေစိုက် မြန်မာ့အရေးလုပ်ရှားနေတဲ့ ဘားမား ကမ်ပိန်းယူကေ ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ အဓိက ဘာတွေ ဆွေနွေးခဲ့ကြတယ်ဆိုတာကိုတော့ ဒီဆွေးနွေးပွဲမှာ သွား ရောက်ရှင်းပြခဲ့တဲ့ ဘားမားကမ်ပိန်းယူကေ က မနန်းဆန်းက အခုလိုပြောပြပါတယ်။ “မြန်မာပြည်ရဲ့ အလုပ်သမားသမဂ္ဂအခြေအနေ၊ မြန်မာပြည်မှာ သမဂ္ဂဆိုတာ ဖွဲ့စည်းလို့မရတဲ့အကြောင်း၊ သမဂ္ဂ၀င်တဲ့သူတွေကို အစိုးရက ဖမ်းဆီး နှိပ်စက် နှစ်ရှည် ထောင်ချတယ် ဆိုတဲ့အကြောင်းတွေ ပြောပြတော့ သူတို့အတွက် အင်မ တန် အံ့သြစရာ ဖြစ်ခဲ့ရပါတယ်။ သေဒဏ်ပြစ်မှု ပေးတဲ့အကြောင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ Federation of Trade Union of Burma အဖွဲ့မှာ သင်တန်းတက်ခဲ့တဲ့ သူ ၂ ဦးကိုလည်း ထောင် ဒဏ်ပေးခဲ့တယ်၊ အဲဒီလိုမျိုး အခြေအနေတွေကို တင်ပြခွင့် ရခဲ့ပါတယ်။” ဒါ့အပြင်မြန်မာနိုင်ငံရဲ့လက်ရှိပညာရေးအခြေအနေနဲ့ ဆရာ၊ဆရာမ တွေရဲ့ အခွင့်အရေး၊ လစာ စတာတွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြတယ် လို့ဆိုပါတယ်။
ဗြိတိသျှအလုပ်သမားသမဂ္ဂဟာ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင် ခွဲခြားတဲ့ အာပါသိုက် Apartheid စနစ်တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက် ပေးခဲ့ ကြသူတွေပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေကြောင့် မြန်မာ့အရေးကိုလည်း ပိုပြီး စိတ်ဝင်တစား ရှိလာခဲ့ကြပါတယ်။
 ဒီဆွေးနွေးပွဲကနေပြီးတော့ မကြာခင်မှာ ပြုလုပ်မယ့် အဖွဲ့ဝင်ပေါင်း ၇ သန်း ကျော် ပါဝင်မယ့် ဆရာဆရာမသမဂ္ဂတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာပြည်နဲ့ ပတ်သက် ပြီးတော့ တင်ပြဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်၊၊






အပြည့်အစုံသို့ >>

အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး

Friday, 20 November 2009 19:12 အင်ဒီ ဟောလ်

ထိုင်းအစိုးရက နိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် သတ်မှတ် ပေးနိုင်ရေးဆိုင်ရာ မူဝါဒတရပ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ အလုပ်သမားများ အနေနှင့် မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ရေး အစီအစဉ်ကို ဆောင်ရွက်ကြရမည်ဟု ဆိုသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) အများစုလည်း မျက်စိလည် ခေါင်းရှုပ်ကုန်ကြရသည်။ ထိုင်းအစိုးရ အနေနှင့် တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများ အရေး ဖြေရှင်း နိုင်ရန် လက်တွေ့မကျသော မျှော်မှန်းချက်များ ထားရှိနေသည်ဟု သူတို့က ယုံကြည်နေကြသည်။
ယခုအခါ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလူထု ၃ သန်း ပတ်ဝန်းကျင် ရှိနေသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ နေ ထိုင်ခွင့်နှင့် အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ "တရားဝင်" အလုပ်သမား လက်မှတ်များ ထုတ်ပေးနေစေကာမူ ထိုင်းနိုင်ငံ တွင်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေထိုင်ကြဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည့် အခြေအနေများနှင့် လည်း ရင်ဆိုင်နေကြရသူများ ရှိနေသေးသည်။


ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာများကြောင့် ရာဇ၀တ်မှုများ၊ ရောဂါဘယများ၊ အလုပ်လက်မဲ့ဖြစ်ရမှုများ စသည့် အမျိုး စုံသော ပြဿနာများ ပေါ်ပေါက်ရသည်ဟု သတင်းများတွင်လည်း ဖော်ပြထားသည်။ သို့သော်လည်း ရွှေ့ပြောင်းလုပ်သား များ၏ အခွင့်အရေးနှင့်လုပ်အား အရေးပါမှုကိုလည်း တရားဝင် အသိအမှတ်ပြုထားပြန်သည်။
နိုင်ငံသား စိစစ်ရေး အစီအစဉ် ဆိုသည်ကို ပြောနေကြသည်မှာ ၁၀ နှစ်မျှ ရှိတော့မည်။ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများ အကြား နားလည်မှုစာချွန်လွှာ (MoU) တရပ်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကပင် လက်မှတ် ရေးထိုးထား ခဲ့ကြပြီး ဖြစ်သော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ ရှိနေခဲ့သည်။

ယခုတော့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်က ဖြစ်လာတော့မည်။ ထိုင်း-မြန်မာ နယ်စပ် ဂိတ် ၃ နေရာတွင် နှစ်နိုင်ငံလုံး၌ နိုင်ငံသား စိစစ်ရေးဌာန(၆) ခုကို ဖွင့်လှစ် ဆောင်ရွက်နေကြပြီ ဖြစ်သည်။ နောက်ထပ် စိစစ်ရေးဌာန ၂ ခု ထပ်မံဖွင့်လှစ်ရန် လည်း စီစဉ်ထားကြသည်။ ယခုအခါ မြန်မာရွှေ့ပြောင်းလူထုများ အကြား၌ သတင်းများလည်း ပျံ့နှံ့နေသည်။ သူတို့ ပထမ ဦးစွာ မြန်မာပြည်သို့ ပြန်ရမည်။ ပြန်လာသည့်အခါ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ နေထိုင်နိုင်မည့် ဗီဇာရရှိမည် ဖြစ်သည်။ ယခုအခါ နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်သင့် မလုပ်သင့် မဟုတ်တော့ဘဲ၊ မည်သို့ မည်ပုံ ထိရောက်စွာလုပ်ဆောင် နိုင်မည်နည်းဟူသော ဆွေးနွေးမှုမျိုး ဖြစ်နေကြပြီ။

နိုင်ငံသား စိစစ်ရေး အစီအစဉ်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ခြောက်အိပ်မက် မျိုး ဖြစ်နေသည်။ ဤလုပ်ငန်းစဉ်ကြောင့် ရွှေ့ပြောင်းလုပ်သားများတွင် နှစ်မျိုးနစ်နာဖွယ် အကြောင်း ရှိနေသည်။ ပထမ အချက်မှာ ဤလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ရွှေ့ပြောင်းလုပ်သားများက သူတို့၏ "ရန်သူ" သဖွယ်ဖြစ်နေသည့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် ကြုံရနိုင်သည့် အန္တရာယ် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်ဖွယ် ကိစ္စလည်း ဖြစ်သည်။ အကြောင်းမှာ တိုင်းရင်းသားလူမျိုးစုများ သည် စစ်အစိုးရကို ဆန့်ကျင်၍ ဆက်လက် စစ်ပွဲဆင်နွှဲနေကြဆဲကြောင့် ဖြစ်သည်။

ထိုင်းအစိုးရကလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ရှုပ်ထွေးေ၀၀ါးရန် လုပ်နေသည်။ ပွင့်လင်းမြင်သာမှု မရှိသကဲ့သို့ ငွေကုန်ကြေးကျလည်း များလှသည်။ ရွှေ့ပြောင်းလူထုများအကြား၊ အလုပ်သမား အဖွဲ့များနှင့် အစိုးရ မဟုတ် သည့် အန်ဂျီအို အဖွဲ့များအကြားတွင် သတင်းပြန်ကြား ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း မရှိဘဲ၊ ဤ ကိစ္စကို အစိုးရ အရာရှိအနည်းငယ်နှင့် အလုပ်ရှင် အနည်းငယ်ကသာ သိရှိကြသည်။ ကြားပွဲစားများကို စည်းကျပ်ရန် မဆောင် ရွက်နိုင်ကြသည့်အတိုင်း ထိုသူများက ယခုကိစ္စအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မှသည် ၃၀၀ အထိ ကုန်ကျ ငွေကို အလုပ်သမားများထံမှ တောင်းယူနေကြသည်။ ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် လုပ်ခအနည်းငယ်မျှနှင့် ရှင်သန် ရုန်းကန်နေကြရသည့် အခြေအနေတွင် အလွန်မှ မဖြစ်သင့်သော ကိစ္စလည်း ဖြစ်သည်။

နိုင်ငံသား စိစစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ တရားဝင် ဖော်ပြချက် ဟူသည်မှာ မြန်မာအစိုးရက ရွှေ့ပြောင်းလူထုများ (မြန်မာနိုင်ငံမှ တရားမ၀င် ထွက်ခွာသွားကြပြီး စစ်အစိုးရအပေါ် ယုံကြည်မှုနည်းနေကြသူများ) အကြား ပေးသည့် လက် ကမ်းသတင်းလွှာ တခုပင် ရှိသည်။ ဤလုပ်ငန်းစဉ်သည် အန္တရာယ်မရှိကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်းနှင့် ရင်းနှီး လက်ကမ်းနွေးထွေးစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။

ရွှေ့ပြောင်းလူထုအကြားတွင်မူ ကောလာဟလများက ပျံ့နှံ့လျှက်ရှိနေသည်။ မြန်မာ နိုင်ငံတွင်း ကျန်နေသူ မိသားစုများထံမှ မြေသိမ်းယူခြင်း၊ ဘန်ကောက်မှ ရွှေ့ပြောင်းအခြေချလုပ်သားများ ၆၀ (သို့မဟုတ် ပြောသူအပေါ် မူတည်၍ ၂၀၀ အထိ အရေအတွက် အပြောင်းအလဲလည်း ရှိနိုင်သည်) ခန့် မြ၀တီစိစစ်ရေးဂိတ်သို့ နိုင်ငံသား စိစစ်ရေးကိစ္စများ လုပ်ဆောင်ရန် ရောက်ရောက်ချင်း မြန်မာအစိုးရကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်သို့ ပို့ခြင်း၊ ငွေညှစ်ခြင်း၊ ထိုမျှမက ရွှေ့ပြောင်းအလုပ် သမားများအကြား ယခု နိုင်ငံသားစိစစ်ရေးကိစ္စ ရှောင်လွှဲနိုင်ရန် မိမိကိုယ်ကိုသတ်သေခြင်း စသည့် ကောလာဟလများ ပြောဆိုနေကြသည်။ ထိုင်းနှင့် မြန်မာအစိုးရများက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဤကောလာဟလများကို ငြင်းဆိုခဲ့ ကြသည်။
သို့သော်လည်း နှစ်နိုင်ငံအစိုးရများက ယခုလုပ်ငန်းစဉ်ကို သိုသိပ်စွာ လုပ်ကိုင်နေကြခြင်းမှာ အပြစ်ဆိုဖွယ်ရာ ရှိနေပါ သေးသည်။ ကြားပွဲစားဆိုသူများကရော မည်သူများပါနည်း။ မည်သို့မည်ပုံ နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးသနည်း။

ဤလုပ်ငန်းစဉ် လုပ်ဆောင်ပုံက မည်သို့ ရှိနေသနည်း။ မည်သူက အကျိုးအမြတ် ဖြစ်နေသနည်း။ တချို့သော လျှောက် လွှာများက အမြန်ကျလာပြီး တချို့လျှောက်လွှာများက မည်သည့်အကြောင်းကြောင့် ကြာမြင့်နေရပါသနည်း။ မည်သည့် အတွက်ကြောင့် မွတ်စလင်များကို ချန်ဖယ်ထားရပါသနည်း။ လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချ လုပ် သားများကို ဆောင်ရွက်ပေးခဲ့သည့်နည်းတူ မြန်မာများကို ထိုင်း နိုင်ငံအတွင်း ဆောင်ရွက်ပေးနိုင်ရန် မည်သည့်အတွက် ကြောင့် ခွင့်မပြုပါသနည်း။ ယခု နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် လာမည့် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲနှင့် တနည်းတဖုံ သက်ဆိုင်မှု ရှိနေပါသလော စသဖြင့် မေးခွန်းများစွာ ရှိနေကြပါသည်။

မဖွံ့ဖြိုးသေးသည့် နိုင်ငံတခု၊ ခြစားမှုလည်း ထူပြော၊ ဒီမိုကရေစီနည်းကျ အစိုးရလည်းမရှိ၊ ရှည်လျားစွာ ထိစပ်နေသော နယ်စပ်ချင်းလည်း ဆက်စပ်နေသည့် နိုင်ငံတခုနှင့် တရားမ၀င် လူဝင်ရောက်မှု ပြဿနာကို ဖြေရှင်းရန် ဆိုသည်မှာ ကမ္ဘာ ပေါ်တွင် ဖွံ့ဖြိုးပြီးဟူသည့် အဆင့်မြင့်နိုင်ငံများအတွက်ပင် ခက်ခဲလှသော ပြဿနာလုပ်ငန်း ဖြစ်ပါသည်။ သို့သော် ဤ စံနှုန်းထားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုင်းနိုင်ငံက ဆောင်ရွက်နေသော လုပ်ငန်းမှာ ညံ့ဖျင်းလှပါသည်။

ရွှေ့ပြောင်း အခြေချနေထိုင်မှုဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တခုမျှသာ ဖြစ်ပြီး လူများက သူတို့ နှင့် သူတို့မိသားစု ပိုမိုတိုးတက်ကောင်းမွန်မည့် ရေကြည်ရာ၊ မြက်နုရာကို ရှာဖွေနေကြပါသည်။ တခုခုပို၍ ထူးခြားသည့် နေရာ၊ သူတို့ဘ၀အတွက် အပြောင်းအလဲ ဖြစ်စေမည့် နေရာကို ရှာနေကြသည်။ တနည်းအားဖြင့် သူတို့ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ပဋိပက္ခများနှင့် ဝေးရာသို့ ပြောင်းရွှေ့လိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလများမှစ၍ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရေးအတွက် မစို့မပို့ မူဝါဒများ စတင်ချမှတ် ကျင့်သုံးလာခဲ့သည်။ ပထမပိုင်းတွင် တချို့သောခရိုင်များနှင့် တချို့လုပ်ငန်းကဏ္ဍများကို ကန့်သတ်၍ ခွင့်ပြုပေးခဲ့သည်။ အစီအစဉ် မကျလှသော ပြဿနာချဉ်းကပ်မှုတွင် ၀န်ကြီးအဖွဲ့မှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ထိုသူ များအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ ရွှေ့ပြောင်း လုပ်သားများ မှတ်ပုံတင်နိုင်မည့် အခွင့်အလမ်းများ ယာယီခွင့်ပြု ခြင်း၊ အနည်းအကျဉ်းမျှသော လူထုပြန်ကြားဆက်သွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အလုပ် သမားရေးရာဝန်ကြီးဌာနရှိ အရာရှိများက ယခုလုပ်ငန်းစဉ် စတင်ပြီးနောက်မှ အလုပ်သမား မှတ်ပုံတင်ရေးကိစ္စကို ကြားသိ ကြရခြင်း၊ များသောအားဖြင့် အလုပ်ရှင်များနှင့် ရွှေ့ပြောင်း အခြေချလူထုအကြား နောက်တနှစ်တွင် ပြီးဆုံး တော့မည့် ၎င်းအစီအစဉ်များနှင့် ပတ်သက်၍ သတိမမူမိဘဲ ရှိနေကြခြင်းတို့မှာ များစွာ အံ့သြဖွယ် ကိစ္စ မဟုတ်ပါ။

မြန်မာရွှေ့ပြောင်း အခြေချလူထုက ၎င်းတို့၏ နှလုံးသားအတွင်းမှ ငြင်းဆန်နေကြသည့် အရေးကြီးကိစ္စ အချက်တခု ရှိပါ သည်။ ၎င်းမှာ သူတို့က မွေးရပ်ဇာတိမြေမှ တရားမ၀င် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ပြီး (အကယ်၍ သူတို့ပြန်ပါက တရား စွဲဆို ဖမ်းဆီးခံရနိုင်၍ ထောင်ချခံရနိုင်ဖွယ် အခြေအနေလည်း ရှိနေသည်။) သူတို့က ဤသို့ဖြင့် ထိုင်းနိုင်ငံတွင်း တရားမ၀င် ခိုးဝင်နေထိုင်ကြခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် ခွင့်ပြုသက်တမ်း သက်တမ်းလွန်သည့်တိုင် နေထိုင်နေကြခြင်း ဖြစ်သည်။

ထိုသူများက ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်လာကြသည်။ သို့မဟုတ် တရားဝင် ၀င်ရောက်လာပြီးမှ အချိန် ကြာကြာ နေထိုင်နေကြသည်။ အကြောင်းမှာ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများအကြားတွင် အလုပ်လုပ်နိုင်သော တရားဝင် သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာ (MoU) များ ရှိမနေသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း သို့ တရားမ၀င် ခိုးပို့ပေးကြမည့် ကြားပွဲစားများလည်း အများအပြား ရှိနေကြသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးစနစ်ကလည်း ထိုသူများ၏ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပြီး အထူးသဖြင့် လုပ်အားခနည်းနည်းပေး၍ လုပ်စေလိုသော လုပ်ငန်းများတွင် ထိုသူများကို အလိုရှိနေကြသည်။

ရွှေ့ပြောင်း အခြေချလုပ်သားများသည် အန္တရာယ် အများဆုံး၊ အညစ်ညမ်းဆုံး၊ အနိမ့်ကျဆုံး လုပ်ငန်းခွင်များတွင် လုပ် ဆောင်နေကြရပါသည်။ သူတို့ မတော်တဆ ထိခိုက်ဒဏ်ရာရမည်ဆိုလျှင်လည်း လျော်ကြေးခံစားခွင့်များ ရှိမနေပါ။ ထိုသူများက တရားဝင်အရ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်မရှိသလို၊ သူတို့မှတ်ပုံတင်ထားသည့် ခရိုင်ပြင်ပသို့ ခရီး ထွက်ခွာခွင့်လည်း မရှိကြပါ။ တချို့သောနေရာများတွင် လူစုလူဝေးဖြင့် တွေ့ဆုံ စုစည်းခွင့်ပင် မရှိကြပါ။
နိုင်ငံသား စိစစ်ရေး အစီအစဉ်သည် ယခုကဲ့သို့ ချွတ်ချော်လွဲမှားသည့် စီမံခန့်ခွဲမှုများ ရှိနေသော်လည်း လိုအပ်သည့် လုပ်ငန်းစဉ် တခုပင် ဖြစ်သည်။ အကြောင်းမှာ မြန်မာရွှေ့ပြောင်း အခြေချလူထုသည် ထိုင်းနိုင်ငံတွင် ပျောက်ကွယ်သွား မည် မဟုတ်ဘဲ ထိုင်းနိုင်ငံ စီးပွားရေးစနစ်အတွက်လည်း ထိုသူများကို လိုအပ်နေသောကြောင့်ပင်။

အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာ၏ အယ်ဒီတာ့အာဘော်က အမှန် အတိုင်း မှတ်ချက်ပေး ရေးသားခဲ့သေးသည်။ "ပြဿနာ ရေသောက်မြစ်မှာ မြန်မာနိုင်ငံတွင်ပင် ဖြစ်သည်။ မြန်မာစစ် အစိုးရက ၎င်း၏ပြည်သူများကို အကြောက်တရားလွှမ်းမိုးထားစေရန် အကြမ်းဖက်ဆောင်ရွက်နေသမျှ ဤပြဿနာများ ပြီးဆုံးသွားမည် မဟုတ်ပါ။ ဤအဖုအထုံးများကို ပြည်တွင်း ပြည်ပဖိအားများဖြင့် ဖြေရှင်းရမည် ဖြစ်သည်။ ထိုင်းနိုင်ငံက ၎င်း၏ ရွှေ့ပြောင်းလုပ်သားများကို စည်းမျဉ်းချမှတ် ထိန်းသိမ်းရန်၊ ထိုသူများအတွက် သင့်လျော်သည့် လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် ခံစားခွင့်များ ပံ့ပိုးပေးရန် တာဝန်ရှိနေမှုကို ငြင်းပယ်နေ၍ မရပါ" ဟု ဖော်ပြရေးသားထားခဲ့သည်။
မည်သည့် အားနည်းချွတ်ယွင်းချက်များ ရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံ၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံရမည်ပင် ဖြစ်သည်။ ၎င်းက အဓိပ္ပာယ်ရှိသော ဆွေးနွေးငြင်းခုန်မှုများနှင့် ဤလုပ်ငန်းကို စတင်ခဲ့သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် စနစ်တကျ ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရသည့်အခါ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား များမှာ ကမ္ဘာပေါ်တွင် အနစ်နာ အခံစားရဆုံး အလုပ်သမားဟုပင် ဆိုနိုင်တော့သည်။ မွေးရပ်ဇာတိမြေ နိုင်ငံကလည်း ၎င်း ကိုယ်ပိုင် ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရန် လျစ်လျူရှုထားကြသေးရာ အားနည်း ချက်ရှိနေ သော ယခုနိုင်ငံသားစိစစ်ရေး အစီအစဉ်သည်ပင် မြန်မာရွှေ့ပြောင်းလူထုအတွက် ရည်ရွယ်ချက်ကောင်းနှင့် ဆောင် ရွက် ခဲ့သော်လည်း ပြဿနာများ ပေါင်းစုံနှင့် ကြုံရသည်။

ပို၍ ဆွေးနွေးညှိနှိုင်းမှုများ၊ လွတ်လပ်ပွင့်လင်းသော ဆွေးနွေးမှုများ ရှိလာလျှင် သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်း အခြေချ အလုပ်သမားများသည် ပို၍ ကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များကို ရရှိလာစေနိုင်သည်။ သူတို့အားလုံး အပြုခံသဘော သက်ရောက်နေသည့် သားကောင်များ ဖြစ်နေကြပါသည်။ သူတို့၏ ပြဿနာ အခက်အခဲများအတွက် အဖြေရရှိနိုင်ရန် အလေးအနက် ဆောင်ရွက်ပေးရန် လိုအပ်နေသကဲ့သို့ သူတို့အတွက် ခံစားထိုက်သော အခွင့်အရေးလည်း ဖြစ်ပါသည်။

ANDY HALL ရေးသားသည့် A Debate Worth Having? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Andy Hall သည် ဘန်ကောက်မြို့ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Human Rights and Development Foundation) မှ ရွှေ့ပြောင်းလူထု တရားမျှတမှု ရရှိစေရေး အစီအစဉ်၏ ဒါရိုက်တာဖြစ်ပါသည်။
အပြည့်အစုံသို့ >>

Wednesday 18 November 2009

ယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလုပ်သမားများ


Thursday, 12 November 2009 18:39 အဲလက်စ် အဲလ်ဂီး

“ရဲတွေ့ရင် ရင်တုန်ကြောက်ရွံ့ မနေရတော့ဘူးဆိုတော့ ကျနော် ပျော်လိုက်တာ။ ကျနော် ထိုင်းနိုင်ငံထဲမှာ လွတ်လွတ် လပ်လပ် ခရီးသွားနိုင်တော့မယ်၊ ငွေညှစ်ခံရမှာ၊ အဖမ်းခံရမှာလည်း ပူစရာ မလိုတော့ဘူး” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုသော်တာက ဆိုသည်။

ကိုသော်တာ ၁၀ နှစ်သား အရွယ်က သူ၏ မိသားစုနှင့်အတူ ဆင်းရဲဒုက္ခများ လွတ်မြောက်နိုင်ရန် မြန်မာနိုင်ငံမှ ထိုင်း နိုင်ငံသို့ ထွက်ပြေး အခြေချခဲ့ကြသည်။ သူက နှစ်ပေါင်းများစွာ ထိုင်း ရဲကို ကြောက်ရွံ့ရင်း ကြီးပြင်းလာခဲ့ရသည်။ ရံဖန်ရံခါ ငွေကြေး လာဘ်ပေးရသည်လည်း ရှိခဲ့သည်။ မပေးလျှင် ထောင်ချနိုင်သည်။ ပိုဆိုးသည်က မြန်မာ နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံရမည့် အန္တရာယ်လည်း သူတို့ ကြုံရနိုင်သေးသည်။

နောက်ထပ် ၁၇ နှစ်အကြာမှာတော့ ကိုသော်တာက ဘန်ကောက်ရှိ စားသောက်ဆိုင်ကြီးတခုတွင် စားဖိုမှူး ဖြစ်နေပြီ။ ယခုတော့ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားနိုင်ပြီ ဖြစ်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ သေချာ ရေရာမှု မရှိလှသည့် တရားမ၀င်ရွှေ့ပြောင်း လုပ်သားများဘ၀မှ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းပေါ်သည်နှင့် တပြိုင်နက် သူ အရယူခဲ့သည်။ သူ၏လုပ်ငန်းရှင်က ထိုင်း-မြန်မာနယ်စပ်၌ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးကာ ယာယီနိုင်ငံကူးလက်မှတ်အတွက် အကူအညီပေးမည်ဟု ပြောလာသဖြင့် သူဝမ်းအသာကြီး သာခဲ့မိသည်။ တချို့သော သူများအတွက်တော့ နိုင်ငံကူးလက်မှတ်ရလာသည့် ကိုသော်တာ၏ အနေအထားကို အောင်မြင်မှု တခုအဖြစ် ယူဆနေကြသည်။ တကယ်လည်း ယူဆထိုက်၏၊ ကိုသော်တာ ထိုလက်မှတ်ရရန် ထိုက်သင့်သည့်ငွေကြေး ကုန်ကျမှုထက် တပြားတချပ်မျှ ပိုမပေးခဲ့ရသည့်အပြင် သူ့ အလုပ်ရှင်က သူ့ကို လုံခြုံစွာဖြင့် နယ်စပ်အထိ လိုက်လံပို့ဆောင် ကူညီပေးခဲ့သေးသည်။ သို့သော်လည်း တက်ကြွလှုပ်ရှား သူများကတော့ ယခုအခါ ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အစီအစဉ်များအနေနှင့် လိုအပ်ချက် များစွာ ရှိနေသေးသည်ဟု ပြောဆိုနေကြသည်။ ကိုသော်တာလို ကံကောင်းသည်ကတော့ လူနည်းစုသာ ဖြစ်သည်။ ကိုသော်တာသည် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော် အနက်၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာသူ ၂၀၀၀ ထဲမှ တဦးသာ ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီး Phitoon Kaewthong ၏ အဆိုအရ ဤ လူ ၂၀၀၀ မှာ နိုင်ငံသားစိစစ်ရေး ဌာနများတွင် မှတ်ပုံတင်လာကြသူ၊ တနှစ်တာ (သက်တမ်းတို) နိုင်ငံကူးလက်မှတ်ရရှိကြသူ အရေအတွက် ဖြစ်သည်။ အလုပ်သမားများကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသူများက ယခုကဲ့သို့ အလွန်နည်းသော လူဦးရေ အရေအတွက်ကသာ လက်မှတ် လာလုပ်ကြခြင်းကို ထောက်ပြဝေဖန်ကြရာ၌ လူအများအကြား သိရှိစေရန် သတင်းဖြန့်ဝေပေးခြင်း၊ ရွှေ့ပြောင်း လူထုများအကြား လူထုဆက်သွယ်ပြန်ကြားရေး အားနည်းမှုကြောင့်ဟု ထောက်ပြကြသည်။ သူတို့က ပြောဆိုကြရာ၌ အလုပ်သမားများက ယခု အစီအစဉ်ကို မသိရှိကြကြောင်းနှင့် ကြားသိသူများကလည်း ကောလာဟလမျိုးစုံနှင့် ရှုပ်ထွေးေ၀၀ါး နေကြသည်ဟု ဆိုကြသည်။ သူတို့ ထောက်ပြသည်မှာလည်း အမှန်ဖြစ်သည်။ မဲဆောက်တွင် စက်ရုံပိုင်ရှင် အများစုက နိုင်ငံသားစိစစ်ရေးနှင့် နိုင်ငံကူး လက်မှတ်ပြုလုပ်ရေးကိစ္စ သူတို့လုပ်သားများထံ တလုံးတပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိကြပါ။ “မဲဆောက်မှာက လုပ်ခပေးတာလည်း သိပ်နည်းတယ်။ လုပ်ငန်းခွင် အခြေအနေကလည်း သိပ်ဆိုးတယ်။ အလုပ်ရှင်တွေ က တကယ်လို့ သူတို့အလုပ်သမားတွေသာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိလာရင် လွတ်လပ်ခွင့် ရလာကြမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ရှင်းပြသည်။ အကယ်၍ အလုပ်သမားများက မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ပြီးသည်နှင့် လက်မှတ်ရခဲ့လျှင် ထိုင်းနိုင်ငံထဲ၌ လွတ်လပ်စွာ သွားလာခွင့်ရှိလာမည် ဖြစ်သည်။ “စက်ရုံပိုင်ရှင်တွေက သူတို့ အခု မဲဆောက်မှာတနေ့ ဘတ် ၅၀ (ကျပ် ၁၅၀၀ ဝန်းကျင်) ပေးနေတဲ့အလုပ်ကနေ တနေ့ကို ဘတ် ၃၀၀ (ကျပ် ၉၀၀၀ ဝန်းကျင်) လောက်ရနိုင်မယ့် ဘန်ကောက်လို တခြားဒေသဘက်ကို အလုပ်သမားတွေ ရွှေ့ပြောင်းသွားမယ် ဆိုတာ သိနေတယ်” ဟု ကိုမိုးဆွေက ဆိုသည်။ မဲဆောက်တွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအဖို့ မူလလုပ်ခကပင် နည်းလွန်းနေရာ ယခု နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေးကိစ္စအတွက် ငွေကြေးမတတ်နိုင် ဖြစ်နေကြရသည်။ ထိုမျှမက အရာရှိများနှင့် ပွဲစားများ၏ ခြစားမှုသတင်းများ ကြားနေကြရသောကြောင့်လည်း စိတ်မလန်းနိုင် ဖြစ်နေကြရသည်။ မဲဆောက်နေ စက်ရုံအလုပ်သမတဦးက သူ၏ စိတ်ပျက်အားငယ်မှုများကို ဧရာဝတီမဂ္ဂဇင်းထံ ဖော်ထုတ် ပြောပြခဲ့သည်။ သူ အလုပ်လုပ်နေသည့် သိုးမွေးချည်ထိုးစက်ရုံသို့ မြန်မာအရာရှိများနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ ၂ ဦး ပူးတွဲရောက်ရှိလာပြီး သူတို့ အလုပ်ရှင်ကို ဖိအားပေးသည်။ အလုပ်သမားများကို ယခု နိုင်ငံသား စိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရန် ပြောဆိုသည်ဟု ကြားသောအခါ မူလက သူတို့အားတက်ပျော်ရွှင် နေခဲ့ကြသည်ဟု ထို အမျိုးသမီးက ပြောပြသည်။စက်ရုံပိုင်ရှင်က မြန်မာအလုပ်သမားများ အနေနှင့် လက်မှတ်ရရှိရန် တဦးလျှင် ဘတ် ၅၀၀၀ (ကျပ် ၁ သိန်းခွဲခန့်) ဖြင့် ဈေးနှုန်းချိုသာစွာ လုပ်ပေးမည်ဟု ကြေညာကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရလိုပါက ယခုအချိန်သည် လျှောက်ထားကြရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ထိုသူတို့က ပြောဆိုခဲ့သည်ဟု ဆိုသည်။အလုပ်သမား အများစုက နိုင်ငံသားစိစစ်ရေးကိစ္စအတွက် စတင် လျှောက်ထားခဲ့ကြသော်လည်း ၁၀ ရက်အကြာတွင် လုပ်ခဈေးနှုန်းက ဘတ် ၇၅၀၀ (ကျပ် ၂၃၀၀၀၀ ခန့်) အထိ ဈေးတက်သွားပြီဟု ကြေညာခဲ့သည်။ “လူတွေက ဘယ်ဈေးနှုန်းရှိတယ်၊ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ဘယ်သိမှာလဲ၊ အခုလို ဈေးနှုန်းတွေ ဘယ်လို မြင့်ကုန်သလဲဆိုတာ ကျမ နားမလည်နိုင်ဘူး။ အခုတော့ အပိုအကုန်အကျခံ ပြီး လုပ်ကြရတော့မယ်။ အခုလို မရိုးမသား လုပ်တာကိုလည်း သံသယဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ဈေးနှုန်းတွေကို တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာသင့်တယ်” ဟု အဆိုပါ အလုပ်သမက ပြောသည်။ ပွဲစားကုမ္ပဏီ ၃ ခုက ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပုံစံများ ဖြည့်သွင်းရန် မြန်မာနယ်စပ်ရှိ နိုင်ငံသားစိစစ်ရေး ဌာနများသို့ ခရီးသွားလာရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်ဟု သိရသည်။ ထိုအတွက် ကုန်ကျစားရိတ် ပိုသွားခြင်းဖြစ်သည်။အလုပ်သမားအဖွဲ့အစည်း များကမူ လုပ်ခနည်းနည်းသာ ရရှိနေသော မြန်မာအလုပ် သမားများအတွက် လက်မှတ်လုပ်ခ ဈေးနှုန်းမြင့်မားနေသည်ဟု ဝေဖန်ကြသည်။ ဤသို့အကုန်အကျမခံနိုင်သည့်အတွက်ကြောင့် လက်မှတ် လျှောက်ထားမှုကို ဟန့်တားသကဲ့သို့ ဖြစ်စေသည်ဟု ဆိုသည်။ တချိန်တည်း၌ပင် တရားမ၀င် ပွဲစားများကလည်း လှုပ်ရှားနေကြသည်။ တချို့သတင်းများအရ လူလိမ်ပွဲစားများကို နိုင်ငံ ကူးလက်မှတ် အမြန်ရစေရန် ဘတ် ၁ သောင်းခန့် (ကျပ် ၃ သိန်းကျော်) ပေးကြရပြီး နောက်တကြိမ် ပြန်မတွေ့ ကြရဘဲ အလိမ်ခံနေကြရသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများ အလုပ်သမား ဆက်ဆံရေး အဖွဲ့ (Thailand’s State Enterprise Workers Relations Confederation) ၏ အထွေထွေ အတွင်းရေးမှူးကမူ ယခုလုပ်ငန်းစဉ်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စတင် ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောသည်။ သို့သော်လည်း ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများက သူတို့၏ ချွတ်ယွင်းချက် အမှားများကို လက်ခံ၍ အောင်မြင်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ “အခုအစီအစဉ် အလုပ်ဖြစ်နိုင်ဖို့ ထိုင်းအစိုးရက သူ့ဘက်မှာ လာဘ်စားမှုတွေ ရှိနေတယ် ဆိုတာကို လက်ခံဖို့ လိုတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေက ငွေကုန်ကြေးကျပိုများပြီး လုပ်ငန်း မတွင်ကျယ် ဖြစ်နေရတာ။ မြန်မာအစိုးရအနေနဲ့ တချို့တိုင်းရင်းသား လူမျိုးတွေလည်း မြန်မာနိုင်ငံသားပဲ ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ သူတို့လည်း ဗမာတွေလိုပဲ နိုင်ငံသားအဖြစ် စိစစ်ပြီး လက်မှတ်ရဖို့ အခွင့်အရေးရှိသင့်တယ်” ဟု သူက ဆက်ပြောသည်။ ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားကြသူ ဗမာမဟုတ်သော တချို့ တိုင်းရင်းသားများမှာ ပို၍ အခက်အခဲများ ကြုံတွေ့ ကြရသည်ဟုလည်း သတင်းများက ဆိုကြသည်။ တာ့ခရိုင် မဲဆောက် နိုင်ငံသားစိစစ်ရေးဌာနမှ အရာရှိတဦး၏ အဆိုအရ မြန်မာ - မွတ်လင်များ၏ နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေး လျှောက်ထားမှုတိုင်းကို ပိုမိုငြင်းပယ် ခံရသည်ဟု သိရသည်။ “ကျနော်တို့ လျှောက်ထားတဲ့သူ ၁၀၀၀ ကျော်ကို စိစစ်ပေးနေပါတယ်၊ အခု အချိန်အထိတော့ ငြင်းပယ်ခံရတဲ့ မြန်မာ မွတ်စလင်တွေကလွဲရင် တခြား ကျန်တဲ့သူတွေအတွက် ပြဿနာ မရှိပါဘူး” ဟု သူက ပြောပြသည်။ရိုဟင်ဂျာများကိုမူ မြန်မာစစ်အစိုးရက နိုင်ငံသားမဟုတ်ဟု ငြင်းပယ်ထားခဲ့ပြီး သူတို့ကို ပြည်ပသို့ နှင်ထုတ်နေကြသည်။ ၎င်းရိုဟင်ဂျာများက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီ ခိုလှုံရေးစခန်းများတွင် ထွက်ပြေးနေထိုင် နေကြရသည်။ ဤသို့ ငြင်းပယ်ခံရမည် သေချာနေခြင်းကြောင့်လည်း ထိုသူများအဖို့ ပို၍နစ်နာဖွယ်၊ ပို၍ အခွင့်အရေး ချိုးနှိမ်ခံရ၊ ဒုက္ခကြုံတွေ့ရဖွယ် အခြေအနေ ရှိနေသည်။ “ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးတမျိုးလို့ အစိုးရက လက်ခံတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလူတွေတော့ သူတို့က နိုင်ငံသား အဖြစ် စိစစ်အသိအမှတ်ပြု ခံရဖို့ဆိုတာ မျှော်လင့်ချက် မရှိဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာ ရိုဟင်ဂျာအသင်း အဖွဲ့ဝင် Enayet Ullah က ပြောသည်။ “ရိုဟင်ဂျာတဦးအဖို့ နိုင်ငံကူး လက်မှတ်ရဖို့ထက်စာရင် အဖမ်းခံရဖို့က ပိုများတယ်” ဟု သူက ဖြည့်စွက်ပြောသည်။ ၂၀၁၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးသတ်မှတ်ရက်သို့ နီးကပ်လာနေချိန်တွင် ကုလသမဂ္ဂ အရာရှိ David Feingold ကလည်း လူအများအနေနှင့် ယခု ယာယီ နိုင်ငံကူး လက်မှတ် ရရှိနိုင်မည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြရလိမ့်မည် ဟု ယုံကြည်နေကြောင်း၊ ထိုသူများအနေနှင့် လူကုန်ကူး ရောင်းစားခံရမှု အန္တရာယ် တိုး၍ ကြုံရနိုင်ကြောင်း ပြောသည်။ “အပေါ်ယံကြည့်ရတာတော့ အကုန်လုံး အဆင်ချောနေပြီး လာဘ်စားမှုတွေ ကင်းတယ် ဆိုဦးတော့၊ ၂၀၁၀ မှာ လူအများကြီး လာပြီး မှတ်ပုံတင်ကြမယ့် အနေအထား မတွေ့ရဘူး။ တကယ်လို့ နောက်ဆုံးသတ်မှတ်ရက်ကို ရက်ထပ်မတိုးဘူး ဆိုရင်တော့ လူအများစုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ အတွက် သူတို့ ပိုပြီးနစ်နာမယ်၊ အန္တရာယ်ကြုံရဖို့ ပို ဖြစ်နိုင်တယ်” ဟု David Feingold က ဆိုသည်။ ရိုဟင်ဂျာများကဲ့သို့ပင် ချင်းမိုင်မြို့ အနီးတ၀ိုက်တွင် အလုပ်လုပ်ကိုင်နေကြသူ ရှမ်းတိုင်းရင်းသား များသည်လည်း တိုင်းရင်းသား ဖြစ်နေသည့်အတွက်ကြောင့် ၎င်းတို့ကို ညှိုး၍ဖိနှိပ်မည်ကို စိုးရိမ်နေကြသည်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းမြန်မာများ၏ အခွင့်အရေးကိစ္စ ဆောင်ရွက်နေသည့် MAP foundation မှ ကိုယ်စားလှယ်တဦးက ၎င်းတို့သိရသော သတင်းများအရ ပြောပြရာတွင် ရှမ်းတိုင်းရင်းသား အလုပ်သမား ၇ ဦး လျှောက်လွှာတင်သွင်းခဲ့ရာ ၃ ဦး၏ လျှောက်လွှာများမှာ ငြင်းပယ်ခံခဲ့ရပြီး မြန်မာအာဏာပိုင်များက မည်သို့မျှ ရှင်းပြခြင်းမရှိဘဲ သူတို့၏ စာရွက်စာတမ်းများကို ပြန်မပေးဘဲ သိမ်းထားခဲ့ကြသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့က စုစည်း ကျင်းပသော အစည်းအဝေးတခုတွင် လည်း ရှမ်းတိုင်းရင်းသားများက သူတို့၏ အလားတူ စိုးရိမ်ချက်များကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ ချင်းမိုင်ဒေသနေ အလုပ်သမား ၂၀၀၀ ကျော်က ယခုစီမံချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ထိုင်းအစိုးရထံသို့ ယခင် ဆောင်ရွက်နေသော အလုပ်သမား မှတ်ပုံတင်ပေးရေး အစီအစဉ်အတိုင်းသာ ပြန်လည်ဆောင်ရွက်ပါရန် တောင်းဆို ခဲ့ကြသည်။ လူအများစုက မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစုဝင်များအပေါ် ဒုက္ခပေးမည်ကို စိုးရိမ်နေကြသည်။ နယ်စပ်တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးနေသည်။ စစ်သားများက အလုပ်သမားလက်မှတ် လျှောက်ထားသူများ၏ မိသားစုများထံမှ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေကြသည့်အတွက် အတင်းအကျပ် ပိုက်ဆံလုယက် တောင်းယူ နေကြသည် ဟူသော ကောလာဟလ သတင်းများလည်း ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသည်။ ကိုမိုးဆွေက ဘန်ကောက်အနီး မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းစက်ရုံတခုတွင် အလုပ် လုပ်နေသည့် မြန်မာ အမျိုးသမီးတဦးနှင့် စကားပြောဆိုခဲ့ပုံကို ဧရာဝတီမဂ္ဂဇင်းအား ပြန်လည် ပြောပြသည်။ အဆိုပါ အမျိုးသမီးက နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ပြီး ၂ လခန့် အကြာတွင် သူ၏ မိခင်ထံမှ ဖုန်းခေါ်လာသည်ဟု ပြောသည်။ စစ်သားများက သူ့မိခင် နေထိုင်ရာ အိမ်သို့ ရောက်လာကြောင်း၊ သမီးဖြစ်သူ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်နေသည့်အတွက်ကြောင့် တလလျှင် ကျပ် ၃ သောင်းခန့် အခွန်ပေးရန် လာရောက်တောင်းခံကြကြောင်း သူ့ကို ပြန်ပြောပြခဲ့သည်ဟု သိရသည်။ ယခု စီမံချက်နှင့် ပတ်သက်၍ အများစုသော မြန်မာရွှေ့ပြောင်း လူထုအတွက် စိုးရိမ်ပူပန်မှုမှာ ငွေကြေးဆုံးရှုံးရမည့် ကိစ္စ ပင် ဖြစ်သည်။ မြန်မာစစ်အစိုးရက အနာဂတ်တွင် သူတို့ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်မည်ကို စိုးရိမ်နေကြပြီး ဤအချက် ကြောင့် လျှောက်လွှာတင်ရန် တွန့်ဆုတ်နေကြရသည်။ နောက်နောင်တွင် အခွန်ပေးဆောင်ရမည်ကို သိလိုက်ရသောအခါ ကိုသော်တာ၏ အပျော်များလည်း ပြိုကွဲခဲ့ရသည်။ “ကျနော် အစိုးရိမ်ဆုံးက မြန်မာအစိုးရက လာမယ့်အနာဂတ်မှာ ကျနော်တို့ဆီက အခွန်ကောက်မယ့် ကိစ္စပဲ၊ ကျနော်တို့ ဒီလောက် ဆင်းရဲပြီး လုပ်ခ နည်းနည်းပဲ ရနေတာတောင် ကျနော်တို့ နိုင်ငံခြားမှာ ရှိနေတော့ သူတို့ကြံဖန် အခွန် ကောက်ကြမှာပဲ” ဟု ကိုသော်တာက ဆိုသည်။ ပါဝင်ပတ်သက်နေကြသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးက မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ယခု နိုင်ငံသား စိစစ်ရေးကိစ္စတွင် စိုးရိမ်မှု အများအပြား ရှိနေကြကြောင်း သဘောတူညီကြသည်။ ဤအတွက်ကြောင့် စီမံချက်အောင်မြင် ရေးအပေါ်တွင်လည်း ပူပန်နေကြရသည်။ ယခု လုပ်ငန်းစဉ်ကို ပြောင်းလဲရန် လိုအပ်နေသည်ကတော့ အမှန် ဖြစ်သည်။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရအကြား ပို၍ ပူးပေါင်းလုပ်ဆောင်မှုများ လိုအပ်နေကြောင်းလည်း လူအများက အသိအမှတ်ပြုထားကြသည်။ ယခုလုပ်ငန်းစဉ်က ပို၍ ပွင့်လင်းမြင်သာရန် လိုအပ်နေပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိနိုင်ရန် လျှောက်ထားကြရာ၌ သူတို့အတွက် လုံခြုံသည် ဟု ခံစားရစေရန်လည်း လိုအပ်နေသည်။ ထိုမျှမက သူတို့တတ်နိုင်သည့် နှုန်းထားဖြစ်ရန်လည်း လိုအပ်လျက်ရှိပါသည်။ ALEX ELLGEE ရေးသားသည့် Passport Unpopular with Burmese Migrants ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
အပြည့်အစုံသို့ >>

မြန်မာနိုင်ငံကူးလက်မှတ် ၀န်ဆောင်ခ သတ်မှတ်ပေးရန် တောင်းဆို

မေကျော် / ၁၃ နိုဝင်ဘာ ၂၀၀၉ ထိုင်းကုမ္ပဏီ (၃) ခုမှ တာဝန်ယူ လုပ်ဆောင်နေသော မြန်မာနိုင်ငံကူးလက်မှတ်များအတွက် ၀န်ဆောင်ခကို အတိအကျ သတ်မှတ်ပေးရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ထိုင်းအလုပ်သမား ၀န်ကြီးဌာနအား တောင်းဆိုလိုက်သည်။(၂) နှစ်သက်တမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်အတွက် ကုန်ကျစရိတ်အဖြစ် ၀န်ဆောင်ခအပါအ၀င် ဘတ် (၅,၀၀၀) မှ (၅,၅၀၀) သာ ကုန်ကျသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

“ထိုင်းဝန်ကြီးဆီကိုတော့ စာတင်ထားတယ်။ ကုန်ကျစရိတ်ကို သေသေချာချာ ရှင်းဖို့၊ လုပ်ဖို့သက်တမ်းကို တိုးချဲ့ဖို့၊ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့။ လာမယ့် အင်္ဂါနေ့ ကက်ဘိနတ် အစည်းအဝေးကြရင် တင်ပြမယ်လို့ အလုပ်သမားဝန်ကြီးဌာန အကြံပေးကော်မတီဝင် Mr Pongsak Plengsang က ကတိပေးထားတယ်” ဟု အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဒုက္ခသည်နှင့်ရွှေ့ ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။မြန်မာနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ် မြန်မာကျပ်ငွေ (၃,၀၀၀) နှင့် ထိုင်းဘတ်ငွေ (၄,၄၀၀) သာ ကုန်ကျမည်ဟု တရားဝင်သတ်မှတ်ထားသော်လည်း ၀န်ဆောင်ပေးနေသည့် ထိုင်းကုမ္ပဏီများက ထိုင်းဘတ်ငွေ (၈,၀၀၀) ခန့် တောင်းခံနေခြင်းဖြစ်သည်။“ကျနော်တို့ အခု ဖောင်ဖြည့်တာက ဘတ် (၅၀၀)၊ ပြီးတော့ ဓာတ်ပုံရိုက်ခက (၈၀)၊ ဘတ် (၅၈၀)။ ပြီးရင် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) ကျလာရင် ဘတ် (၆,၅၀၀) ပေးရမယ်လို့ ပြောတယ်ခင်ဗျ” ဟု ကုန်တင်ကုန်ချ အလုပ်သမား ကိုစုကမ်းက ပြောသည်။ထိုင်းအလုပ်ရှင်များကလည်း ကုမ္ပဏီများနှင့် နိုင်ငံကူးလက်မှတ်လုပ်ရန် အလုပ်သမားများကို ဖိအားပေးနေပြီး လက်မှတ်မလုပ်လျှင် အလုပ်မှထုတ်ပယ်မည့်အပြင် အလုပ်သမားကတ်ပါ ထုတ်မပေးဟု ခြိမ်းခြောက်မှုများရှိလာသည်ဟု ကိုစုကမ်းက ပြောသည်။“ကျနော်တို့ ဒီမှာ ဗမာ (၁၀၀) ကျော်ဗျ။ အလုပ်ရှင်က ပတ်စပို့လုပ်ပါ။ မလုပ်ရင် ဒီလ (၂၈) ရက်နေ့ အလုပ်က ထွက်ရမယ်။ ကျနော်တို့ အလုပ်သမား လက်မှတ်လည်း ပြန်မပေးဘူးဆိုပြီးပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။ထိုင်းအစိုးရနှင့် မြန်မာအစိုးရ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်သမား လက်မှတ်ကိုင်ဆောင်သူ မြန်မာ အလုပ်သမားများကို (၂) နှစ်သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်သည်။ယင်းထိုင်းကုမ္ပဏီ (၃) ခုဖြစ်သော Thailand - Myanmar Cultural and Economic Coorperation Association ၊ CEO Co. ၊ NIK Co. တို့က ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ ၀န်ဆောင်ခယူကာ မြန်မာနိုင်ငံကူးလက်မှတ် ရရှိရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။ထိုင်းအစိုးရကလည်း အဆိုပါကုမ္ပဏီများကို လုပ်ပိုင်ခွင့် တရားဝင်ချထားပေးသော်လည်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်မယူပါဟု ပြောကြားထားသည်။အလုပ်သမားလက်မှတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင် လျှောက်ထားနိုင်သော်လည်း ထိုင်းအလုပ်ရှင်များ၏ ကိုယ်စားလှယ်လွှဲစာ ရရှိရေး အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။“အလုပ်ရှင်က ထောက်ခံစာ၊ ကိုယ်စားလှယ်လွှဲစာ ထုတ်ပေးရင် ကျနော်တို့က ကိုယ်တိုင်လုပ်ချင်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေက ကုမ္ပဏီတွေနဲ့ပဲ လုပ်ရမယ်ပြောနေလို့ပါ” ဟု ကိုစုကမ်းက ပြောသည်။အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်ခိုင်က ထိုင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကူး လက်မှတ်များကို တဦးလျှင် ၀န်ဆောင်ခအနည်းဆုံး ဘတ် (၁,၅၀၀) ခန့်ယူနေခြင်းဖြစ်ပြီး လက်မှတ်ကိုင် အလုပ်သမား (၁) သန်းခန့်အတွက် ဘတ်သန်း (၁,၅၀၀) ခန့်အထိ တွက်ချက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။“ကုန်ကျစရိတ်အနေနဲ့က ဘတ် (၃,၀၀၀) လောက်ပဲရှိမယ်။ နယ်စပ်ကိုသွားတဲ့ ခရီးစရိတ်က အသွားအပြန် (၂,၀၀၀) ဆိုရင် (၅,၀၀၀) ဆိုပြီးပြီ။ အခုဟာက (၁,၅၀၀) ဆိုတာ ၀န်ဆောင်ကြေးဖြစ်နေတယ်။ များလွန်းအားကြီးတယ်။ တယောက် ဘတ် (၁,၅၀၀) ဆိုရင် လူ (၁) သန်းဆို သန်းပေါင်း ၁၅၀၀ (၁.၅) ဘီလီယံ အကျိုးအမြတ်ယူသလိုဖြစ်နေတယ်” ဟု ဆိုသည်။အလုပ်သမားရေး ဆောင်ရွက်နေသူများကမူ ယခုကဲ့သို့ ထိုင်းကုမ္ပဏီများ ၀န်ဆောင်ခ နှုန်းထားများ သတ်မှတ်တောင်းခံနေခြင်းကို တိုက်ရိုက်မဖြေရှင်းနိုင်သော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတဆင့် ထိုင်းအစိုးရသိရှိအောင် တင်ပြတောင်းဆိုမည်ဟု သိရသည်။“အခု ၀န်ကြီးဌာနကို တင်ပြထားတာက အချက် (၅) ချက်ပါတယ်။ ၀န်ဆောင်ခ လျှော့ဖို့၊ မြန်မာမီဒီယာတွေကို အလုပ်သမား သတင်းတွေ တရားဝင်ထုတ်ပြန်ပေးဖို့၊ နိုင်ငံကူး လက်မှတ်လုပ်တဲ့ ကာလကို တိုးပေးဖို့၊ နောက်လိုအပ်ရင် ရွှေ့ပြောင်းအလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MGW) က ကူညီဆောင်ရွက်ပါမယ်ဆိုပြီး ဒီအင်္ဂါနေ့မှာ ထိုင်းကက်ဘိနက်မှာ တင်ပြဆွေးနွေးမှာပါ” ဟု ဦးသက်ခိုင်က ပြောကြားသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာစစ်တမ်း ထိုင်းအလုပ်သမားဝန်ကြီးထံ ပေးပို့

Thursday, 12 November 2009 19:13 ဘစောတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသော ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ အခက်အခဲများ အတွက် အကြံပြုစာနှင့် စစ်တမ်း ကောက်ချက် တစောင်ကို ယမန်နေ့က ထိုင်းအလုပ်သမား ၀န်ကြီးထံသို့ Migrant Working Group ကပေးပို့ ခဲ့ကြကြောင်း သတင်းရရှိသည်။မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေသော ထိုင်း NGO များနှင့် မြန်မာအလုပ်သမားအဖွဲ့ များ ပူးပေါင်း ဖွဲ့စည်းထားသော Migrant Working Group က အချိန် ၂ လ ယူ၍ ထိုင်းနိုင်ငံအတွင်းမှ အဓိကကျသော ဒေသ ၈ ခုတွင် မြန်မာအလုပ်သမားများ၏ သဘောထားကို စစ်တမ်းများကောက်ယူခဲ့ကြပြီး ယခုကဲ့သို့ ထိုင်း အလုပ်သမား ၀န်ကြီးထံသို့  ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းကောက်ရာတွင် ပါဝင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

“ကျနော်တို့ အလုပ်သမားတွေရဲ့ စိုးရိမ်စိတ်တွေကို အလေးအနက်ထား စစ်တမ်းကောက်ပြီး ထိုင်းအစိုးရကို တင်ပြတာဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အားလုံးပူပန်နေရတဲ့ သောကတွေ ပျောက်ကွယ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။ယင်း စစ်တမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်၊ ဖူးကက်၊ ရနောင်း၊ ဖန်င၊ စူရဌာနီ စသည့် ဒေသ ၈ ခုရှိ မြန်မာအလုပ်သမား ၃၀၀ ၀န်းကျင်ကို မေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်။ စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူးလက်မှတ် လုပ်လိုသော ဆန္ဒမရှိကြောင်း ဖော်ပြကြပြီး ၂၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်၍ မည်သည့်ဗဟုသုတမျှ မရှိသေးကြောင်း ဖော်ပြ သည်ကို တွေ့ ရသည်။ ကျန် ၂၀ရာခိုင်နှုန်းကမူ မလွှဲသာလျှင်လုပ်မည်ဟု ဆိုသည်၊ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ MoU အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယာယီ နိုင်ငံကူးလက်မှတ်အတွက် ထိုင်းဘက်မှ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီ ၃ ခုသည် မြန်မာပွဲစား များ၊ စက်ရုံအလုပ်ရုံများမှ မန်နေဂျာများနှင့် ပူးပေါင်းကာ အမှန်တကယ်ကုန်ကျမည့် စရိတ် ဘတ် ၃၀၀၀ ထက် ပိုမိုတောင်းခံနေကြသည်ကိုတွေ့ ရသည်၊ တောင်းခံငွေမှာ တနေရာနှင့် တနေရာမတူဘဲ ကွဲပြား လျက်ရှိသည်။ တချို့ဒေသများတွင် ဘတ်ငွေ ၇၂၀၀ ပေးရပြီး မဟာချိုင်ကဲ့သို့  မြန်မာ အလုပ်သမား ၅ သိန်းအထက်ရှိသော အရပ်များတွင် ၁၅၀၀၀ အထိ တောင်းနေကြောင်းသိရသည်။ မြန်မာအလုပ်သမားများအနေဖြင့် အဆိုပါ ကုန်ကျစရိတ်များကိုလည်း တိတိ ကျကျ သိလိုကြောင်း မဟာချိုင်ရှိ President မီးခံသေတ္တာ စက်ရုံမှ ကိုစိုးရွှေကဆိုသည်။“ကျနော်တို့အနေနဲ့ ပတ်စ်ပို့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုဆိုးကျိုး ကောင်းကျိုးဖြစ်မယ်ဆိုတာကို ရှင်းလင်းလင်းလည်း သိချင်ပါတယ်။ နောက်တခုက ဒီပတ်စ်ပို့ လုပ်ပြီးရင် ဘယ်လိုမျိုး အာမခံချက် ရှိသလဲပေါ့၊ ဆိုပါတော့ ရွာက မိဘတွေကို ငွေညှစ်မညှစ် ဆိုတာမျိုးပါ” ဟု သူက ပြောဆိုသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည်။အထက်ပါ စစ်တမ်းတွင် ထိုင်းအစိုးရထံသို့ Migrant Working Group က ဆက်လက်အကြံပြုရာတွင် “ယခုဆောင်ရွက်နေသော အစီအစဉ်များသည် အလုပ်သမားများ၏ ဆန္ဒသဘောထားမပါဘဲ အစိုးရများ၏ သဘောထားများအတိုင်း ဆောင်ရွက်နေသောကြောင့် အောင်မြင်ရန် မလွယ်ကူဟု” ပါရှိသည်။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော လာအိုနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများလည်း ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြကြောင်း သိရသည်။ လာအိုနှင့် ကမ္ဘောဒီးယားတို့ကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးစဉ်က သက်ဆိုင်ရာနိုင်ငံများမှ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများ ကိုယ်တိုင်လာရောက်ပြီး မိမိနိုင်ငံသားဖြစ်ကြောင်းကို လူတွေ့ စစ်ဆေးကာ အတည်ပြုပေးခဲ့ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံသားများကိုမူ မှတ်ပုံတင် သန်းခေါင်စာရင်း အမှန်များ တင်ပြနိုင်မှသာ ထုတ်ပေးမည်ဟု ဆိုသည်။ အလုပ်သမားလက်မှတ်ပြုလုပ်ထားသူ အများစုတွင် မှတ်ပုံတင် သန်းခေါင်စာရင်းမရှိသူ များစွာပါဝင် နေသည်။ ထိုင်းအလုပ်သမား ၀န်ကြီးဌာနသို့ ကိုယ်တိုင်သွားရောက်ကာ စာပေးပို့ ခဲ့သူ Action Network For Migrant (ANM) မှ စေ့စပ်ညှိနှိုင်းရေးမှူး Bundit Panwiset ကလည်း “အခက်ခဲဆုံး အပိုင်းကတော့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုရေးကိစ္စကို နယ်စပ်မြို့တွေမှာပဲ လုပ်ပေးပြီး အလုပ်သမား များများ စားစား ရှိတဲ့အရပ်မှာ မလုပ်ပေးတဲ့ အချက်ပါ။ ပြီးတော့ မြန်မာအလုပ်သမား အများစုက ကိုယ်ရေးအချက်အလက်တွေကို ကြောက်လန့်ပြီး အမှန်မပေးတာကြောင့်လည်း ခက်ခဲပါတယ်” ဟု ဆိုသည်။၎င်းတို့ပေးပို့သော စာကို ထိုင်း အလုပ်သမား ၀န်ကြီး၏ အကြံပေးအရာရှိက လက်ခံရယူခဲ့ပြီး လာမည့် အစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် တင်ပြမည်ဟုသိရသည်။ ထိုင်း အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး အလုပ်သမားများ၏ အရေးကို အဆင်ပြေချောမွေ့စေရန် ကြိုးစားသွားမည်ဟု အဆိုပါ အရာရှိက ပြန်လည်ပြောဆိုခဲ့ကြောင်း Bundit Panwiset က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းကလည်း “အခု ရရှိထားတဲ့ စစ်တမ်းကို ကျနော့်အနေနဲ့ အလေးအနက် ထောက်ခံ ပါတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲနဲ့ အလုပ်သမားအရေးကို အတင်း အဓမ္မဆောင်ရွက်ရင် အောင်မြင်စရာ မရှိပါဘူး” ဟု ဆိုသည်။ ဆက်လက်၍ ၎င်းက ယခု ယာယီပတ်စ်ပို့ ကိစ္စသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော် လည်း အလုပ်သမားများဘက်က ကြုံတွေ့ နေရသည့် အခက်အခဲ၊ အန္တရာယ်များကို ထည့်မစဉ်စားလျှင် ကောင်းကျိုးထက် ဆိုးကျိုးသာ များလာနိုင်ကြောင်း၊ ယခုစစ်တမ်းနှင့် အလုပ်သမားအဖွဲ့ များ၏ တင်ပြချက်များကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အလေးအနက် ထည့်သွင်းစဉ်းစား ပေးစေချင်ကြောင်း ပြောကြားသည်။ယခုအခါ အလုပ်သမားလက်မှတ် ပြုလုပ်ထားသော မြန်မာ ၁ သန်းကျော်အနက် ၂၀၀၀ ကျော်သာ ပြီးစီးသေးသောကြောင့် ၂၀၁၀ ပြည့်နှစ် ဖေဖ၀ါရီလ ၂၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် သန်းနှင့် ချီသော အလုပ်သမားများ၏ အရေးကို ထိုင်းအစိုးရက မည်သို့ ဆက်လက်ကိုင်တွယ်သွားမည်ဆိုသည်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းကြောင်း၊ မြ၀တီ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် တနေ့လျှင် လူ ၂၀၀ နှုန်းခန့်သာ ပြုလုပ်ပေးလျှက် ရှိသောကြောင့် လူ တသန်းကို လာမည့် ရက်ပေါင်း တရာကျော်အတွင်း ပြီးစီးရန် ဆောင်ရွက်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားအဖွဲ့ များက ထောက်ပြ ကြသည်။၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ပေးခဲ့သော ယာယီ နိုင်ငံကူးလက်မှတ်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားကြားတွင် စစ်အစိုးရ၏ ဖမ်းဆီးမှုခံရမည်ကို စိုးရိမ်မှုများ၊ နိုင်ငံတွင်း ကျန်ခဲ့သည့် မိဘများ ထံမှ ငွေညှစ်မည်ကို စိုးရိမ်မှုများ ကြီးထွားကာ ကြီးမားသောပြဿနာတရပ်အဖြစ် ဖြစ်ပေါ်နေသည်မှာ ၄ လခန့် ရှိပြီဖြစ်သည်။

အပြည့်အစုံသို့ >>

မြန်မာ အလုပ်သမား တစ်ထောင်ကျော် Summit Foot Ware ဖိနပ်စက်ရုံဆန္ဒပြခဲ့စဉ်က


အောက်တိုဘာ၊ ၁၂၊ ၂၀၀၉ မြန်မာအလုပ်သမားတွေက အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်မှုကို မကျေနပ်ခဲ့တာ နှစ်နဲ့ချီနေပါပြီး။ သူ့တို့တွေဆိုတာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ရှိတဲ့ စမှုပါကန်ပါနန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေပါ။ အတိအကျပြောရရင်တော့ ထနွန် ဘန်နဝါ၊ ကော်မော်စီ ၆ မှာရှိတဲ့ Summit Foot Ware ဖိနပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါ။

သူတို့တွေရဲ့ ပေါက်ကွဲမှုကို ပီပီပြင်ပြင် ပေါ်ထွက်လာစေတာက သူတို့ လုပ်အားခ ထုတ်တဲ့ အောက်တိုဘာလမှာပါ။ လူတိုင်းလူတိုင်း အလုပ်အားငွေတွေ အနည်းနဲ့ အများဆိုသလို လျှော့ချခံလိုက်ရတာပါပဲ။ နဂိုကထဲက အစိုးရက သတ်မှတ်ထားတဲ့ လုပ်အားခငွေ ….. ကို မရပဲ လုပ်နေခဲ့ရတဲ့ အပြင် ၊ အခု ထပ်ပြီးတော့ လုပ်အားခ လျှော့ချခံလိုက်ရတော့ ….
အဲဒီနေ့မှာတင် အလုပ်သမားတွေဟာ တောက်တခေါက်ခေါက်နဲ့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ ပေါက်ကွဲနေပါလေရော။ သိပ်မကြာပါဘူး။ သူတို့တွေ စုစည်းမိသွားတယ်။ အဲ.. အောက်တိုဘာ ၃ ရက်နေ့မှာ သူတို့တွေဟာ အလုပ်မဆင်းတော့ပဲ အလုပ်ရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြပါလေရော။ စက်ရုံမှာ အလုပ်သမား နှစ်ထောင်နှီးပါ အလုပ်လုပ်နေကြပေမယ့် မြန်မာအလုပ်သမား တစ်ထောင်ကျော်ရှိနေတာ… အဲဒီ အလုပ်သမား တစ်ထောင်ကျော်နီးပါးလုံးက ဆန္ဒပြကြတာ…
မြန်မာအလုပ်သမားတွေက ဆန္ဒပြရကောင်းမလာဆိုပြီး ထိုင်းရဲတွေကို ခေါ်လာပြီး အလုပ်မဆင်းရင် ဖမ်းခိုင်းမယ်..ပြန်ပို့မယ်.. ဘာညာဆိုပြီး ခြိမ်းခြောက်ကြတာ.. ကြောက်ကြတဲ့ အလုပ်သမား အနည်းစုကတော့ သူတို့လာခေါ်တဲ့ ကားနဲ့ အလုပ်သွားဆင်းကြတာပေါ့….
ဒီမှာတင် ဘန်ကောက်ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကို အလုပ်သမားတွေက ဖုန်းဆက်ပြီး အကူအညီ တောင်းကြတယ်။ ဘန်ကောက်ရောင်ခြည်ဦး ဌာနခွဲက ကိုအောင်မြင့်သိန်းတို့၊ tacdb က ထိုင်းရှေ့နေ နှစ်ယောက်နဲ့အတူ ရောက်လာပြီး အလုပ်သမားတွေနဲ့ အရင်ဆွေနွေတိုင်ပင်ပြီး …. အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်) ကို သွားတိုင်ကြပါတယ်။
ဒီအချိန်မှာပဲ အလုပ်သမားတွေထဲက ဦးဆောင်ဆန္ဒပြတဲ့ အလုပ်သမာ ခေါင်းဆောင် (၅) ယောက်ကို အလုပ်ရုံးမန်နေဂျာနဲ့ အဲဒီအလုပ်ရုံးက မြန်မာပွဲစား က ထိုင်းရဲတွေနဲ့ လိုက်ဖမ်းခိုင်းလို လိုက်ပုန်းနေရပါတယ်။
အောက်တိုဘာ ၅ ရက် နေ့ကျတော့ အလုပ်သမားကာကွယ်ရေးရုံးက လူကြီးတွေ ၊ ထိုင်းရှေ့နေတွေက အလုပ်ရုံးကို ရောက်လာပါလေရော။ ဒီမှာတင် အလုပ်ရှင်ဘက်က လူတွေနဲ့အလုပ်သမားတွေကို အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်)က လူကြီးတွေ၊ ထိုင်းရှေ့နေတွေ ရှေ့မှာတင် ဆွေးနွေးကြပါတယ်။
ဆန္ဒပြအလုပ်သမားများက၁။ လုပ်ခလစာ အပြည်အ၀ရရှိရေး၂။နေထိုင်မကောင်းလျှင် ကျန်မာရေးခွင့် အပြည်အ၀ရရှိရေး ။၃။ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်စေလျှင် လုပ်အားခ နှစ်ဆရရှိရေး၊၄။အလုပ်သမားသစ်များ အလုပ်ဝင်လျှင် အလုပ်ရုံပွဲစားမှ တစ်ဆင့် အခကြေးငွေ ပေးဆောင်ပြီး မ၀င်ရောက်ရရေး၅။အလုပ်သမားတိုက်တန်လျာတွင် နေထိုင်သော အလုပ်သမားများအား အခန်းခ၊ ရေခ၊ မီးခ၊ သန်းရှင်းရေခ၊ တယ်လီဖုန်းခ၊ ubc ရုပ်သံလိုင်းခ များလျော်ချပေးရန် စသည် အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြတာ။
အလုပ်ရှင်ကတော့  ပထမ အချက် ၃ ချက်ကိုသာ လိုက်လျှော်နိုင်မယ်လို ပြောပါ လေရော.. ကျန်တဲ့ နှစ်ချက်ကိုတော့ ညှိုနှိုင်းပေမယ့်ပေါ့။ အဲဒါနဲ့တင် အလုပ်သမားတွေ လည်း သူတို့ပြောတဲ့ကိုစကားကို သဘောတူ လိုက်ကြတာပေါ့။ ပြီးတော့ အဲဒီ ဘဘောတူ ညီချက် ကို လိုက်နာပါမယ့် ဆိုတဲ့ အကြောင်း အားလုံးရှေ့မှာ လက်မှတ်ထိုးခဲ့တာ.. .
ဆန္ဒပြကြတဲ့ အလုပ်သမားတွေလည်း သူတို့တောင်းဆိုချက်တွေ အောင်မြင်တော့ လက်ပန်မောင်းခပ်ပြီး ပျော်ရွှင်ကြတာပေါ့.. ။ဟုတ်တယ်လေ. . သူ့တို့ပျော်မှာပေါ့။ သူတို့ မတိုင်ခင်တုန်က ဒီအလုပ်ရှင်ကိုပဲ ထိုင်းအလုပ်သမားတွေက ၇ ကြိမ်းဆန္ဒပြပြီး တောင်ဆိုဖူးခဲ့တာ… ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့အလှည်ကျမှ အောင်မြင်ခဲ့တာ။
သူတို့ရဲ့ ပျော်ရွှင်မှုက သိပ်မကြာပါဘူး။ အလုပ်ရှင်ဘက်က မန်နေဂျာနဲ့ အသားထဲ က လောက်ထွက်တဲ့ ပွဲစားက ပုံစံပြလာပါလေရော..။ ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင် ခဲ့တဲ့ အလုပ်သမားတွေ၊ သူတို့ အမြင်မကြည်တော့တဲ့ အလုပ်သမားတွေကို အိုတီ (အိုဗာတိုင်) မပေးတော့တာတွေ ၊ အလုပ်သမားတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ ကို ပြောင်းရွှေ့လုပ်ခိုင်းပါလေရော… သူတို့ဘက်ပါလာတဲ့ အလုပ်သမားတွေကိုတော့ တစ်မျိုးပေါ့.. အလုပ်သမားတွေကို အုပ်စု နှစ်စုခွဲလိုက်တဲ သဘောပါ။
အလုပ်ရှင်တွေဘက်က ဒီလိုလုပ်တာကို အလုပ်သမားတွေက ဘယ်လိုတုံပြန် ရမှန်မသိတော့.. စိတ်ဓာတ်တွေ ကျကုန်ပါလေရော..
အလုပ်သမာတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ၊ အိုတီတွေ မရတော့ တဖြည်းဖြည်း နဲ့ ထွက်ကုန်ပါလေရော.. အလုပ်သမားနှစ်ရာနီးပါးလောက်ပါပဲ။ ဒီထက် မများပါဘူး၊
အမှန်တော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ညစ်တာကို တောင့်ခံထားဖို့ လိုပါတယ်။ ခုလို အလောတကြီး ထွက်ကြတာမျိုးက အလုပ်ရှင်ကို အရှုံးပေးရာ ကျပါတယ်။ အလုပ်သမားအခွင့်အရေးတိုက်ပွဲဆိုတာ လမ်းပေါ်ထွက် ဆန္ဒပြနေမှ မဟုတ်ပါဘူး၊ အလုပ်ရုံတွင်မှာလည်း သွေးအေး (စစ်အေး) တိုက်ပွဲ ဆင်ရမှာပါ။ ကိုယ်ရဲ့ အလုပ်သမားအခွင့်အရေး မပျောက်ပျက်အောင် ထိန်သိမ်းထားရမှာ ဖြစ်သလို၊ အခွင့်အ ရေးတွေ ရှံးဆုံးခဲ့ရင်လည် ဘယ်လို တိုက်ယူရမလည်းဆိုတာ သိထားဖို့ လိုပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေဆိုတာ " ကျွန် ကိုင်မှီ၊ ကိုင် ကျွန် မှီ "ပါ ။ တစ်ဖက်သက် မှီနေတယ်ဆိုတာ မရှိပါဘူး၊ ဘယ်တိုက်ပွဲမဆို အောင်မြင်ဖို့အတွက် နည်းဗျူဟာ အများ ကြီးရှိပါတယ်။
သူကောင်းရင် ကိုယ်ကောင်းသလို၊ သူညစ်ရင် ကိုယ်ညစ်လို ရတယ်ဆိုတာ့  အလုပ်သမား တွေသာ အလုပ်ရှင်နဲ့ ပတ်သက်လို သိမယ်ဆိုရင်……………..
အယ်ကဟော
အပြည့်အစုံသို့ >>

Saturday 14 November 2009

ဒူဘိုင်း က လူရိုင်း (၁)


ခေါင်းစဉ်ကိုဖတ်ပြီး “ ဒီလောက် အစစ အရာရာ တိုးတက် ခေတ်မီနေတဲ့ ဒူဘိုင်းမှာ ဘယ်တောထဲက လူရိုင်းကများ မျက်စိလည်ပြီး ရောက်လာပါလိမ့် “ လို့ တွေးပြီး အူကြောင်ကြောင်နိုင်တဲ့စာလို့  အထင်မစောကြပါနဲ့ ဗျို့ ။ ဘယ်သူက ဒူဘိုင်းမှာ ဘယ်လို ကမ်းကုန်အောင်ရိုင်းနေလို့  ဒီခေါင်းစဉ်လေး ဖြစ်လာရတယ်ဆိုတာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီလူက မြန်မာတစ်ယောက်ဖြစ်ပြီး သူ ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေရဲ့ဒါဏ် ခံနေကြရတာကလည်း မြန်မာတွေဖြစ်နေတာပါပဲ။

သူ့ နာမည်က ဇော်အောင်ခိုင်။ ကောင်မလေးတွေကတော့ ဦးဇော် လို့ခေါ်သတဲ့ဗျ။ သူက ကွန်ပြူတာဆိုင်တစ်ခုမှာ လုပ်ပြီး သူ့ မိန်းမကတော့ စာရင်းကိုင် အလုပ်လုပ်တယ်။ သူတို့ ဒူဘိုင်း ရောက်နေတာကလည်း ကြာပြီဆိုတော့ ဒီမှာ လူရည် တော်တော်လည်နေကြပြီ ဆိုပါတော့ဗျာ။ သူတို့  က သူတို့ရဲ့ ဆွေမျိုးအရင်းအချာတွေနဲ့ ဆွေမျိုးမကျတကျ နီးစပ်ရာ အသိုင်းအဝိုင်းက လူတန်းစားပေါင်းစုံ ကို ဒူဘိုင်းက အလုပ်အကိုင်ပုံပြင်တွေပြော အိမ်မက်ကြီးကြီးတွေ ပေးပြီး မြန်မာအချင်းချင်း ရက်ရက်စက်စက် ပါးပါးလှီးနေကြတယ်ဗျို့ ။

လူတန်းစားပေါင်းစုံလို့ ပြောရတာကလည်း သူတို့အလုပ်ရှာပေးမယ်ဆိုပြီး ခေါ်ခဲ့တဲ့သူတွေထဲမှာ စားပွဲထိုးကစလို့ ဆရာဝန်အဆုံး ခေတ်ပညာတတ်သူတွေ၊ ပညာမတတ်သူတွေနဲ့  တောသူ တောင်သားတွေပါ ပါနေလို့ပါ။ “ဆွေမျိုးတွေပဲခေါ်တာပါ ဆွေမျိုးတွေမို့ ကူညီတာ” ဆိုတဲ့ စကားလုံးတွေသုံးလို့ မြန်မာပြည်က အလုပ်လိုချင်တဲ့သူတွေကို စည်းရုံးရေး ဆင်းပါတယ်။ ချက်ချင်းပဲ အလုပ်အဆင်သင့် ဝင်ရမယ်ဆိုတဲ့ ပုံစံနဲ့ပေါ့ဗျာ။ ဒါပေမယ့် သူတို့ကျင့်သုံးနေတဲ့ ဖော်မြူလာကျတော့ Visit Visa လှမ်းပို့တယ်။ Visit Visa အတွက် အမေရိကန် ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ ထိ တောင်းတယ်။ တကယ်ဆို Visit Visa ရဲ့ ပေါက်ဈေးက ယူအေအီးငွေ ၁၃၀၀ ကနေ ၁၈၀၀ ထက်မပိုပါဘူး။ ဒူဘိုင်းမှာ ဒီဗီဇာကို လူတိုင်းလည်း ဝယ်ချင်သလို ဝယ်လို့ရပါသေးတယ်။ စလုံးမှာလို အဆက်အသွယ် စပွန်စာဘာညာ မလိုပါဘူးခင်ဗျ။ အဲ…ပြီးတော့..အလုပ်လိုချင်တဲ့သူက ဗီဇာရတာနဲ့ ဒေါ်လာ ၈၀၀ လောက် ကျတဲ့ ကိုယ့်လေယာဉ်လက်မှတ် ကိုယ်ဝယ်ရပါတယ်။ ဒူဘိုင်းကို ရောက်လာတာနဲ့ နေစားရိတ် စားစရိတ် အတွက် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ထုတ်ရပါတယ်။ အလုပ်ရှာဖို့လည်း နေ့စဉ်သတင်းစာဝယ်ရသေး ၊ ထီးဖြူဖိနပ်ပါးတဲ့အထိ အလုပ်လိုက်ရှာရသေး ၊ အလုပ်ရှာနေရင်း ဗီဇာသက်တမ်းကုန်သွားရင် ဗီဇာလဲဖို့အတွက် စတေးရှောင်ရပြန်ပါသေး ပေါ့ခင်ဗျာ။

ငွေကို လမ်းခင်းပြီး ပင်ပင်ပန်းပန်း အလုပ်ရှာပေမယ့် အလုပ်မရပဲ ပြန်သွားရတဲ့သူတွေက ဒုနဲ့ဒေး ပါပဲ။ အလုပ်ရမယ်ဆိုလို့ လာရှာတယ် အလုပ်မရပဲ သိန်း ၂၀ သိန်း ၃၀ လောက်ကုန်ပြီး အိမ်ပြန်ရတယ်။ ဒါဟာ သူတို့ရဲ့ ဆွေမျိုးညာတိတွေရဲ့ ဒုက္ခ။ အလုပ်ရသူတွေရဲ့ ဒုက္ခကရော သိရကြားရသမျှ ဘုရားတရသဗျ။ ဆရာဝန် တစ်ယောက် ဆိုအလုပ်ရှာဖို့အတွက် သိန်း ၄၀ ကျော်ကုန်ပေမယ့် ကြိုးစားပန်းစားရှာလို့ရတဲ့ အလုပ်က ဆရာဝန်အလုပ်မဟုတ် ရတဲ့လခကရော ရင်းခဲ့ရတဲ့ အရင်းကျေဖို့ အတွက် တစ်နှစ်ခွဲလောက် လုပ်ရမယ့် လခမျိုးတဲ့ဗျာ။ ရိုင်းရိုင်းပြောရရင် ဆရာဝန်ရတဲ့ လစာက စားပွဲထိုးတစ်ယောက်ရဲ့လစာလောက်ပါပဲ။ ဒါမျိုးကို ဆွေမျိုးညာတိ စောင့်ရှောက်ခြင်းလို့ခေါ်မလား…. အလုပ်မရလို့ လက်လျှော့လှည့်ပြန်သွားတဲ့သူတွေ ရန်ကုန်မှာ တင်နေတဲ့အကြွေးတွေ ဘယ်လိုဆပ်ကြမလဲ စဉ်းစားကြည့်ကြပါဗျာ။ဒီ့ထက်ပိုဆိုးတာက ဒီမှာ အလုပ်ရှာနေစဉ် ကြုံနေရတဲ့ ဒုက္ခ.. အရှင် လတ်လတ် ငရဲရောက်သလို ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကလည်း မကြားဝံ့မနာသာတွေ။အလုပ်လာရှာတဲ့ မိန်းကလေးတွေ သူ့အိမ်မှာ ပိုက်ဆံပေးပြီးနေရတယ်ဗျာ။ ပေးစရာပိုက်ဆံပြတ်သွားတဲ့အခါ အဲဒီကျေးဇူးရှင်ရဲ့ ကူညီပုံက သူ့ယာယီမိန်းမလုပ်မယ်၊ သူနဲ့လာအိပ်မယ် ဆိုရင် အိမ်လခ ပေးစရာမလိုပါတဲ့။ အဲလိုမျိုး အဖြစ်တွေနဲ့ ကြုံပြီး သူအနိုင်ကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးတွေကလည်း ဒုနဲ့ဒေး တဲ့ဗျာ။ သူ့မိန်းမဆိုတာကရော ဘာထူးသေးလဲ… ကိုယ်တိုင်ရှာဖွေလို့ အလုပ်ရပြီး အလုပ်လုပ်နေတဲ့ သူကိုတောင် အိမ်ဖော်တာဝန်ပါ ယူစေချင်သေးသဗျ။ အလုပ်နားရက်မှာ အိမ်သန့်ရှင်းရေးမလုပ်ရင် မီးဖိုထဲမှာ မကူညီရင် စောင်းကာမြောင်းကာနဲ့ မကြည်ဖြူပြန်ဘူးတဲ့ဗျာ။ ပြီးတော့ သူ့ယောက်ျားလုပ်သမျှ အပြုံးမပျက် ကြည်ဖြူနေတဲ့ မိန်းမ… အမျိုးကောင်းသမီးတွေကို ယုတ်မာအနိုင်ယူနေတာကိုလဲ သဘောထားကြီးပေးနေတဲ့ မိန်းမ… ဒီအမျိုးသမီးဟာ မြန်မာပြည်ကလာတဲ့ မြန်မာဆိုတာ ကျွန်တော်တော့ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင်ပါပဲ။

ကျွန်တော်ကလည်း ဒါတွေကို လူပြောသူပြောလောက်နဲ့  ယုံခဲ့တာမဟုတ်ပါဘူး။ ဒီသတင်းတွေကို ကြားတော့ လက်တွေ့ကျကျသိချင်တာမို့ အဲဒီမြန်မာတွေကို ဖုန်းဆက်ပြီး ကိုဇော်အောင်ခိုင် ဆီမှာ အလုပ်လိုချင်လို့ဗျာလို့ မေးတော့ ဝေးဝေးက ရှောင်ပါဗျာ.. သတိတော့ထားဗျာ… မလုပ်ပါနဲ့ ခင်ဗျား ဒုက္ခရောက်မယ်…ရှိသမျှကုန်မှာသေချာတယ် ...သူနဲ့တွေ့ရင် အိမ်တိုင်တောင် ချွတ်ရောင်းရမယ်၊ ကျွန်တော်တောင် ယောကျားလေးမို့  မိန်းကလေးဆို ခုလောက်ရှိ ဒူးနဲ့ မျက်ရည် သုတ်နေရပြီ.... ဆိုတာတွေပဲ ပြန်ကြားခဲ့ရလို့ သာ ယုံမိရတာပါ။ ဒုက္ခရောက်ခဲ့တဲ့ မိန်းကလေးတွေကို ထပ်စုံစမ်းလို့  သိခဲ့ရပေမယ့် ကာယကံရှင်တွေရဲ့ သိက္ခာကိုထောက်လို့ နာမည်နဲ့တကွ အလုပ်အကိုင်တွေကိုတော့  ကျွန်တော် ပြောမပြရက်လို့  ပြောမပြတော့ပါဘူးဗျာ။

မြန်မာအေးဂျင့်တွေ လည်တာ ပတ်တာ ဖျံကျတာ မြန်မာအချင်းချင်း ပါးပါးလှီးနေတာ ပြောရင်း ကြုံလို့ ကျွန်တော်သိခဲ့တဲ့ ရွှေဂုံတိုင်က Grace ဆိုတဲ့အေးဂျင့် အကြောင်း ဆက်ပြောလိုက်တော့မယ်ဗျာ။ အခုသူတို့နဲ့ဆက်သွယ်ပြီး အလုပ်ရလာတဲ့သူတွေ ပြောပြလို့ ကျွန်တော်သိရတာတွေကလည်း တစ်ခုမှမကောင်းဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီအေးဂျင့်ကို ရောက်ဖူးတာမို့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ပါ တိုက်ဆိုင်နေတာမို့ အဲဒီအေးဂျင့် မကောင်းဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

လက်ရှိဒူဘိုင်းက တရုတ်စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ မြန်မာတွေရဲ့ အဆိုအရ အဲဒီအေးဂျင့်ကို သူတို့ပေးရတဲ့ငွေက အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ အထိရှိတယ်ဗျ။ ဒါပေမယ့် သူတို့ပြန်ရတဲ့လစာကတော့ ဒူဘိုင်းငွေ ၆၀၀-၇၀၀ ဆိုပဲ။အလုပ်ချိန်က တနေ့ကို ၁၀ နာရီထက်မလျှော့ပဲ လုပ်ရသေးတယ်။ သူများတွေလိုလဲ တစ်ပတ်မှာ တစ်ရက် မနားရဘူး ။ နေ့တဝက်စီပဲ နားရတယ် တဲ့ဗျ။ သူတို့ပေးခဲ့ရတဲ့ ပွဲစားခငွေအတွက် ငါးလ ခြောက်လလာက်အထိ ပင်ပင်ပန်းပန်း လုပ်တာတောင် အရင်းမကြေဘူး ။ တကယ်တော့ အေးဂျင့်က မမက ဒူဘိုင်းငွေ ၇၀၀-၈၀၀ ကို အမေရိကန်ဒေါ်လာ ၇၀၀-၈၀၀ ဖြစ်အောင်ကို လှည့်ပတ်ပြီး ပြောပြီး မလိမ့်တပတ်နဲ့ ငွေညာတောင်းတာဗျ။ မြန်မာတွေကတော့ သိကြတဲ့အတိုင်း အလုပ်အကိုင် အခြေအနေပေါ်မူတည်ပြီး ရမယ့်လခနဲ့ ကိုက်မကိုက်မစဉ်းစားပဲ အေးဂျင့်တောင်းသလောက် ကြံဖန်ပြီး ပုံပေးလိုက်ကြတာပါပဲ။ ကျွန်တ်ာဒီကိုလာတော့ အေးဂျင့်ကို အမေရိကန်ဒေါ်လာ ၂၀၀ ပဲပေးရတယ်ခင်ဗျ… ဒါကလဲ ဒင်းတို့ကို သနားလွန်းလို့ သဒ္ဒါကြေးပေးခဲ့တာပါ… အင်တာဗျူးလာလုပ်တဲ့ အဖွဲ့က အေးဂျင့်ကို တပြားမှ ပေးစရာမလိုဘူး လို့ အတန်တန်တားတဲ့ကြားကနေ ကျွန်တော့် အေးဂျင့်က ကလိမ်ကျပြီး တောင်းခဲ့သေးတာဗျ။ ကျွန်တော်နဲ့ တူတူလာတဲ့ ကံဆိုးတဲ့ ကောင်တွေဆို ဒေါ်လာ ၆၀၀ တောင်ပေးခဲ့ရသေးတယ်ဗျာ။ အေးဂျင့်တွေ အဲလောက်တောင်ဆိုးတာဗျ။ ကျွန်တော်ရတဲ့လခကလဲ ဒူဘိုင်းငွေ ၂၅၀၀ ဗျ ဒါတောင် ဘောနပ်စ် မပါသေးဘူးဗျာ။( အမေရိကန်တစ်ဒေါ်လာကို ဒူဘိုင်းငွေ ၃.၆၅ ရှိပါတယ်။)

မေးရမြန်းရမှာအားနာတဲ့ ဆင်ခြင်ဥာဏ်နည်းတဲ့ မြန်မာတွေ အခုလို အလိမ်ခံနေရတာကို ဘေးကကြည့်နေတဲ့သူ ကျွန်တော်တို့က ဒေါသထွက်ရုံကလို့ ဘာမှ မတတ်နိုင်ပါ။ အဲဒီတော့ ဒူဘိုင်းလာမယ့်သူတွေ သတိထားပြီးဆင်ခြင်ကြပါဗျာ။မျက်စိတွေ နားတွေ ဖွင့်ထားကြပါ။ တရားဝင်ဖွင့်ထားတဲ့ အေးဂျင့် တရားမဝင် ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့် ဘာပဲဖြစ်ဖြစ် သံသယရှိရင် နီးစပ်ရာကို မေးမြန်းကြစေချင်ပါတယ်။ တကယ်တော့ အေးဂျင့်ဆိုတဲ့ ကောင်တွေက အလုပ်ရှင် အလုပ်သမားနှစ်ဘက်စလုံးဆီက ညာစားနေတဲ့လူတွေပါပဲ။သူတို့ ဆောင်ပုဒ်တွေကတော့ “ ဘယ်သူသေသေ ငတေမာရင် ပြီးရော” ရယ် “မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ ” ရယ် “ရသာရင် ဘနှဖူး သိုက်တူးမယ် ” ဆိုတာတွေပဲ ဖြစ်မှာပါ။

အော... မေ့တော့မလို့ ...အစက ပြောပြခဲ့တဲ့ ဒူဘိုင်းက လူရိုင်းရဲ့ ဖုန်းနံပတ်က (+၉၇၁၅၀၇၈၈၃၅၅၁) ပါ။ စိတ်ဝင်စားသူများ လှမ်းဆဲ.(.အဲလေ..ယောင်လို့ ) လှမ်းပြီး အလုပ်တောင်းနိုင်ကြောင်း အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်ဗျာ။

မြန်မာချင်းချင်း လုည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ရက်စက်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ယုတ်မာခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း လုပ်ရက်ခြင်း ကင်းရှင်းကြပါစေ...

ဒူဘိုင်း အထောက်တော်
(ပြန်လည်ဝေငှာပေးတဲ့ http://datacarrier.blogspot.com/ကို ကျေးဇူးအများကြီးတင်ပါတယ်)
အပြည့်အစုံသို့ >>

Tuesday 10 November 2009

မြန်မာရွှေ့ပြောင်လုပ်သားများ ယာယီနိုင်ငံကူး လက်မှတ် လုပ်ရမည်

နော်နိုရင်း ၉ နိုဝင်ဘာ ၂၀ဝ၉ - ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အင်တာနေရှယ်နယ်စင်တာ မှာ ထိုင်းအာဏာပိုင်တွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဒီနေ့ တွေ့ဆုံပြီး ရှင်းပြပါတယ်။

ထိုင်း အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ ထိုင်းရဲနဲ့ ပို့ဆောင်ရေးဌာန တွေက တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား ၂၀ဝ လောက်က လတ်တလော လုပ်ပေးနေတဲ့ ယာယီနိုင်ငံကူးလက်မှတ်အကြောင်း ဆွေးနွေးတာဖြစ်ပြီး အချက် ၂ ချက်ကို အဓိကထား ဆွေးနွေးပါတယ်။
ချင်းမိုင် အလုပ်ရှာဖွေးရေးရုံး တာဝန်ရှိသူ က “အခုလက်ရှိ ကိုင်ဆောင်နေတဲ့ အလုပ်သမားကတ်တွေဟာ လာမယ့် ၂၀၁၀ ဖေဖော်ဝါရီ လကုန်အထိပဲ နေထိုင်ခွင့်ရရှိမှာ ဖြစ်တဲ့အတွက် ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ မလုပ်ရင် သက်တမ်းထပ် မတိုးပေးဘူး။ ယာယီနိုင်ငံကူးလက်မှတ် လုပ်သူတွေက ထိုင်းတနိုင်ငံလုံးကို သွားလာနိုင်မှာဖြစ်သလို ရသင့်ရထိုက်တဲ့အခွင့် အရေးတွေကို ရရှိမှာဖြစ်တယ်” လို့ ပြောပါတယ်။ ပတ်စပို့ လုပ်ရာမှာ လုပ်ငန်းအဆင့်ဆင့် သွားရတဲ့အတွက် သုံးလအတွင်း လူဉီးရေ ၂ ထောင်ကျော်ပဲ လုပ်ပေးနိုင်ပါသေးတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်ဆွေးနွေးခဲ့သူ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း က ကိုစိန်ဌေးက ပတ်စပို့ လုပ်မယ့်သူတွေအတွက် ထိုင်းအစိုးရက အချိန်တခု တိုးပေးတဲ့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။
“အဆင့်တွေက ၁၃ ဆင့်၊ ၁၄ ဆင့်လောက် ရှိပါတယ်။ လာမယ့် ၂၀၁၀၊ ၂၈ အမီ အားလုံး လူသန်းဂဏန်းလောက် ရှိတဲ့လူတွေ လုပ်လို့ မပြီးနိုင်ဘူးဆိုတာ သူတို့ သိတယ်။ သူတို့ ထပ်ပြီးတော့ ချဲ့မှာပဲ။ အခုအချိန်မှာ ပုံစံစာရွက်တွေ ဝေလာပြီ။ အလုပ်သမားတွေကို ပုံစံစာရွက်တွေ ဖြည့်ခိုင်းတယ်။ နိုင်ငံသား စိစစ်တဲ့လုပ်ငန်းစဉ်ကို သူတို့လုပ်မှာ။ လုပ်မယ်ဆိုတဲ့လူကို သက်တမ်း တိုးပေးမယ်။ မလုပ်ဘူးဆိုတဲ့လူကို သက်တမ်း မတိုးပေးဘူး။ အလုပ်ရှာဖွေရေးဌာနက ပြောပြီးပြီ။”
အစည်းအဝေးကို တက်ရောက်တဲ့ အလုပ်သမားတွေက သူတို့အနေနဲ့ ရလာမယ့် ဒီအခွင့်အရေးကို အားလုံးက လိုလားကြပေမယ့် မြန်မာစစ်အစိုးရကို အယုံအကြည် မရှိဘူးလို့ အလုပ်သမားတဉီးက ပြောပါတယ်။ “လုပ်ချင်တာက အလုပ်သမား အခွင့်အရေးအတွက် ဆိုင်ကယ်စီးဖို့၊ အလုပ်လုပ်တဲ့အခါ ပိုက်ဆံမရရင် သွားတိုင်ဖို့ အခွင့်အရေးရှိတယ်။ အလုပ်သမားအားလုံး ကြောက်တာက ရွာမှာ အခွန်ကောက်မှာ ကြောက်နေတာ။ ” ထိုင်းအာဏာပိုင် ရှင်းပြပြောဆိုအပြီးမှာ ပတ်စပို့ လုပ်ချင်တဲ့သူ လက်ထောင်ပါလို့ မေးတဲ့အခါ အလုပ်သမား ၄ ယောက်ပဲ လက်ထောင်ပြပြီး မလုပ်ချင်တဲ့သူ လက် ထောင်ပါလို့ မေးတဲ့အခါ အားလုံးနီးပါး လက်ထောင်တာကို တွေ့ခဲ့ရပါတယ်။ အလုပ်သမားတွေ ကိုယ်ပိုင် တောင်းဆိုချင်တယ်ဆိုရင် လက်ထောင်ပါလို့ပြောတဲ့ အခါမှာတော့ အားလုံးက လက်တောင်တာတွေ့ခဲ့ပါတယ်။ ဒီနေ့ အစည်းအဝေးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပတ်စပို့ လုပ်ရေး မလုပ်ရေးနဲ့ ပတ်သက်လို‹ သူတို့လိုအပ်ချက်ကို ရေးသားလက်မှတ်ထိုးပြီး ထိုင်းဝန်ကြီးချုပ်ဆီ ပို့မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီအစီအစဉ်ကို မကြာခင် စတင်မယ်လို့ အစည်းအဝေးကို ကမကထလုပ်ပေးတဲ့ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ကိုစိန်ဌေးက ပြောပါတယ်။ “လာတဲ့ အလုပ်သမားတွေ မှာ ၂ ဖွဲ့ ပါတယ်။ ဒဗလျူအက်အေ နဲ့ ဒဗလျူအက်နဲ့ အဲ့ဒီအဖွဲ့ ၂ ခုက ကမ်ပိန်းတခု လုပ်မှာပေါ့။ ပတ်စ်ပို့ လုပ်မယ့်ကိစ္စနဲ့ သူတို့ တောင်းဆိုချင်တဲ့ အချက်တွေပေါ့။ အဲ့ဒါကို ညှိ့နှိုင်းပြီး လက်မှတ်ထိုးလှုပ်ရှားမှု ကမ်ပိန်း လုပ်ပြီး ဝန်ကြီးချုပ်ဆီ တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာအချက်တွေ တောင်းဆိုမယ် ဆိုတာကို နောက်ပိုင်း အသေးစိတ်ပြန်ပြီး ဆွေးနွေးမယ်ပေါ့။” ဒီနေ့ ဆွေးနွေးပွဲမှာ နောက်ထပ် ဆွေးနွေးဖြစ်တာက ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ သွားလာရေး လွယ်ကူအောင် ထိုင်းအစိုးရက ဆိုင်ကယ် ပိုင်ဆိုင်ခွင့် ပြုလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ရှင်းပြပြီး လာမယ့် တလနှစ်လအတွင်းမှာ အဲဒီ စည်းကမ်းချက် ထွက်လာလိမ့်မယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားအားလုံးက အာရဝမ်းသာကြတယ်လို့ အလုပ်သမားတဉီးက ပြောပါတယ်။ “အခု ဆိုင်ကယ်တွေ ဝယ်လို့ရပြီ၊ ဆိုင်ကယ်လိုင်စင်က ထုတ်ပေးမယ်လို့လည်း မပြောဘူး။ မထုတ်ပေးဘူးလည်း မပြောဘူး။ စည်းကမ်းချက် ပြင်ဆင်တုန်းပဲ ရှိသေးတယ်။ အလုပ်သမားအားလုံးက ဝမ်းသာတယ်။”
အပြည့်အစုံသို့ >>

Monday 9 November 2009

ရွှေ့ပြောင်းအလုပ်သမား ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စ ဆွေးနွေးပွဲကျင်းပမည်

၈ နိုဝင်ဘာ ၂၀၀၉ သူရိန်စိုး (DVB- သတင်း )- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက် မှတ်လုပ်ပြုရေးနဲပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနက်ဖြန် လုပ်ဖို့ ရှိပါတယ်၊

ဒီအစည်းအဝေးကြောင့် ပတ်စ်ပို့လုပ်ချင်တဲ့ အလုပ်သမားတွေ ဘယ်လိုပြင်ဆင် လုပ်ကိုင်ရမယ်ဆိုတာတွေ သိရတော့မှာ ဖြစ်ပါတယ်၊ ပတ်စ်ပို့လုပ်ပေးမှာက နယ်စပ်မြို့တွေမှာဖြစ်ပြီး မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံ အနှံ့အပြားမှာဆို တော့ သွားရေးလာရေး စရိတ်စကတွေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို စောင့် ကြည့်ရမှာ ဖြစ်ပါတယ်၊ ချင်းမိုင်က International Center မှာ မနက်ဖြန် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်၊ ဆွေးနွေးပွဲကို လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင် ဒေးရှင်းလို့ခေါ်တဲ့ ထိုင်းအန်ဂျီအိုတခုက ကမကထလုပ်တာဖြစ်ပြီး ဆောက်လုပ်ရေး၊ အိမ်ဖော်နဲ့ ဈေးရောင်းတဲ့ မြန်မာအလုပ်သမားတွေ ၂ ရာလောက်ကို ဖိတ်ထား တယ်လို့ သိရပါတယ်၊ လာရောက် ဆွေးနွေးဟောကြားမယ့်သူတွေက ထိုင်းအန်ဂျီအိုတွေနဲ့ ထိုင်း အစိုးရ ဌာနတွေဖြစ်တဲ့ ရဲနဲ့ ပို့ဆောင်ရေးဌာနတွေက တာဝန်ရှိသူတွေ လာရောက် ဟောပြောမှာ ဖြစ်ပါတယ်၊ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ပြောကြားမယ့် အကြောင်း အရာတွေကိုတော့ လူ့အခွင့်အရေးနဲ့ ဖွံဏ္ဍဖြိုးရေးဖောင်ဒေးရှင်းက မချယ်ရီက အခုလို ရှင်းပြပါတယ်၊ “သူတို့ပြောမှာက Work Permit ရှိတဲ့ လူတွေ ယောက်တိုင်း နယ်စပ်မှာ မ ဖြစ်မနေ ပတ်စ်ပို့ ပြန်ပြီးတော့ သွားလုပ်ရမယ်၊ နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်မှာ မလုပ်ရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့အချက် အပါအ၀င် အလုပ်သမားတွေက မရှင်းလင်းတဲ့ အချက်အလက်တွေရှိရင် အစည်းအဝေးမှာ တခါတည်း မေးနိုင်ပါ တယ်၊” အာဏာပိုင်တွေက အခုလကုန်မှာ နောက်ဆုံးထားပြီး ယာယီနိုင်ငံကူးလက် မှတ်လုပ်ဖို့ အချိန်သတ်မှတ်ထားတာကြောင့် သတ်မှတ်ချိန်အတွင်း မလုပ်မိလို့ မြန်မာအလုပ်သမားတွေ တရားမ၀င် ဖြစ်ကုန်မှာကို စိုးရိမ်တယ်လို့လဲ မချယ်ရီက ပြောပါတယ်၊ ယာယီနိုင်ငံကူးလက်မှတ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လလယ်က စတင်ထုတ်ပေး နေတာဖြစ်ပြီး အခုအချိန်အထိ လက်မှတ်လုပ်သူ ၂ ထောင်ခန့်သာ ရှိတယ်လို့ သိရ ပါတယ်၊၊
အပြည့်အစုံသို့ >>

Sunday 8 November 2009

နိုင်ငံခြားသား လုပ်သား တသိန်းခွဲကျော်ကို လုပ်ခွင့်ပြန်ပေး

ကျော်ခ
စနေနေ့၊ နိုဝင်ဘာလ 07 ရက် 2009 ခုနှစ် 11 နာရီ 19 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်လုပ်ရန် သတ်မှတ်ရက် ကျော်သွားသဖြင့် လုပ်ခွင့် မရလိုက်သည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းခွဲကျော်အတွက် လုပ်ခွင့်ပြန်ပေးနေပြီ ဖြစ်သည်။
အလုပ်သမားလက်မှတ်လုပ်ရန် ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလထိ အချိန်ပေးထားခဲ့ခြင်း ဖြစ်ပြီး ယခုလမှ စ၍ လာမည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ အချိန်ထပ်ပေးခြင်း ဖြစ်သည်။

စာရင်းသွင်းထားပြီးမှ ရက်ကျော်သွားသဖြင့် ကျန်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဓါတ်ပုံရိုက်ရန် ကျန်ရှိသူ ၉၀၀၀ ဦး။ ဆေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံ မပြုလုပ်ရသေးသူ ၁၅၂,၉၈၂ ဦး ရှိပြီး စုစုပေါင်း ၁၆၁,၉၈၂ ဦးအား သက်မှတ်ရက်အတွင်း အပြီး ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ဖတ်ရှုရသည်။

ကုန်ကျငွေမှာ ယခင်ကဲ့သို့ပင် ဘတ် ၃၈၀၀ ဖြစ်ပြီး အလုပ်လုပ်ခွင့် သက်တမ်းမှာလည်း ယခင်အတိုင်း လာမည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ပင်ဖြစ်သည်။

သို့သော် ယခုကဲ့သို့ သက်တမ်း ထပ်တိုးလိုက်သည်ကို လက်မှတ် မလုပ်ရသေးသည့် အလုပ်သမား အများစုမှာမူ သိနိုင်ဦးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ အထွေထွေ အတွင်းရေးမှူ ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။

ထိုင်းနှင့်မြန်မာ နှစ်ဘက် အစိုးရတို့က ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရန် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ စီစဉ်နေကြပြီး ထိုင်းနယ်စပ်မြို့များဖြစ်သော မြဝတီ၊ ကော့သောင်းနှင့် တာချိလိတ်တို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည်။

သို့သော် ပထမအဆင့်ဖြစ်သည့် နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးအပိုင်း၌ပင် ရပ်တံ့နေပြီး ယခုအထိ လူဦးရေ ၂၀၀၀ ကျော်သာ ပြီးစီးသေးကြောင်း သိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)
အပြည့်အစုံသို့ >>

Saturday 7 November 2009

ကြေးစားလူသတ်သမားရန်ကြောင့် မြန်မာ အလုပ်သမား ၃၀ ကျော်ပြေးနေရ


2009-11-02( RFAသတင်း)
ထိုင်းနိုင်ငံ မဲဆောက်မြို့က မန်ကျည်းခြံတခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမား အယောက် ၃၀ ကျော်ဟာ အလုပ်ရှင်က ငှားရမ်းထားတဲ့ ကြေးစား လူသတ်သမားတွေရဲ့ ရန်ကြောင့် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မဲဆောက်မြို့နယ်နဲ့ ဖော့ဖရာမြို့နယ်အကြား ပုသုကျေးရွာက မကျည်းခြံမှာ ရာသီအလိုက် သီးနှံ စိုက်ပျိုးတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်ရှင်က လုပ်ခလစာ မပေးလိုတဲ့အတွက်ကြောင့် အခုလို ဖြစ်ရတာလို့ မြန်မာနိုင်ငံသားများအရေး ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုမိုးကြိုးက ပြောပါတယ်။
ကိုမိုးကြိုး။ ။ “မြန်မာ အလုပ်သမားတွေကို တနေ့ကို လုပ်အားခ ဘတ် ၈၀ ပေးမယ်ဆိုပြီးတော့ ခိုင်းတာ။ မူလ ကတိအတိုင်းပဲ တနေ့ လုပ်အားခ ဘတ် ၈၀ မပေးပဲနဲ့ ၇ ရက်လုပ်မှ ဘတ် ၁၀၀ ပဲ ပေးတယ်။ အဲဒီကြားထဲမှာမှ တရက်ပျက်မယ်ဆိုရင် လုံးဝ လုပ်အားခ မပေးဘူး။ အပြင်ကိုလည်း ပေးမထွက်ဘူး။ တကယ်လို့ ကျန်းမာရေး မကောင်းလို့ အလုပ်နားချင်ရင်လည်း ခွင့်မပေးပဲနဲ့ ဆဲဆိုကြိမ်းမောင်းတယ်။ သေနတ်တွေ ဘာတွေနဲ့ ခြိမ်းခြောက်တယ်။ ဒီအောက်တိုဘာလထဲမှာပဲ လုပ်အားခ မပေးပဲနဲ့ ကြေးစား လူသတ်သမား ငှားပြီး သူတို့ကို သတ်ခိုင်းတာ။”
ကြေးစား လူသတ်သမားတွေက မြန်မာအလုပ်သမားတွေကို သနားတဲ့အတွက် မသတ်ပဲ အလုပ်ရှင်ပေးထားတဲ့ ငွေကြေးကို ယူပြီး ထွက်ပြေးသွားကြတယ်လို့ အလုပ်သမားတွေက ပြောပြကြပါတယ်။
အဲဒီအလုပ်သမားတွေဟာ ညတွင်းချင်းပဲ နောင်ခရိုကျေးရွာမှာ ရှိတဲ့ ကရင်လူငယ်အဖွဲ့ကို အကူအညီတောင်းပြီး ထွက်ပြေးလာခဲ့ကြတယ်လို့ ဆိုပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Map Foundation ရဲ့ အကူအညီနဲ့ အဲဒီအလုပ်ရှင်ရဲ့ လုပ်ဆောင်ချက်ကို မဲဆောက်ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။
အပြည့်အစုံသို့ >>

Friday 6 November 2009

နှစ်နာကြေးရရေး ထိုင်းနိုင်ငံရောက် မြန်မာ ရာနဲ့ချီပြီး စက်ရုံများကို တရားစွဲ

အေးနိုင်(ဒီဗွီဘီ သတင်း)
၅ နိုဝင်ဘာ ၂၀၀၉ - ကရင်ပြည်နယ် မြဝတီ တဘက်ကမ်းကနေ ထိုင်းဘက်ရှိ မဲဆောက်မြို့က အထည်ချုပ် စက်ရုံတွေ၊ သိုးမွေးစက်ရုံတွေက ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့အပေါ် ခေါ်းပုံဖြတ်ပြီး လုပ်ခမပေးတဲ့ အလုပ်ရှင်တွေကို တရားစွဲဆို အမှုရင်ဆိုင်နေကြပါတယ်။

မဲဆောက်မြို့ရှိ စက်ရုံ ၁၂ ရုံက မြန်မာအလုပ်သမား ၅၀၀ ခန့်ဟာ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လုပ်ခအတိုင်း အလုပ်ရှင်တွေ မပေးတာကြောင့် သူတို့ လုပ်ကိုင်နေတဲ့ စက်ရုံတွေကို တရားစွဲဆို အမှုရင်ဆိုင်နေတာပါ။
ဒီအကြောင်းကို မြန်မာ့အလုပ်သမားအရေး ကူညီနေတဲ့ မက်စ်ဖောင်ဒေးရှင်းရဲ့ မဲဆောက်ဆိုင်ရာ အလုပ်သမား ကိစ မန်နေဂျာ ကိုအေးက ပြောပါတယ်။
" စွဲတဲ့ စက်ရုံ ၁၂ ရုံမှာ ဒီတရုံဆိုရင် ၁၈၅ ယောက်၊ ၁၂၃ ယောက်၊ တရုံနဲ့ တရုံ လူအရေအတွက် မတူဘူး။ အားလုံး ၅၀၀ ကျော်လောက် ရှိတယ်။ ၅၀၀ ဆိုတာ ဒီနှစ်ဟာကို တွက်ထားတာ။ ၂၀၀၁ က စပြီး ဒီနှစ်အထိ အမှုပေါင်း ၁၃၈ မှုရှိတယ်။ လူဦးရေက ၂,၀၇၇ ယောက်ရှိတယ်။ မိန်းကလေးက နဲနဲများတယ် "
အရင်တုန်းကတည်းက အခုလို အလုပ်သမားတွေ နစ်နာချက်ရှိရင် အလုပ်သမားဆက်ဆံရေးရုံးနဲ့ တရားရုံးတွေမှာ တိုင်ကြားခဲ့သလို တချို့အမှုတွေမှာ တရားရုံးက နစ်နာကြေးပေးဖို့ ဆုံးဖြတ်ပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။
တကယ်လက်တွေ့မှာ အလုပ်ရှင်ဘက်က အပြည့်အဝ အကောင်အထည် မဖော်တဲ့အခါ ထပ်မံ တရားရင်ဆိုင်တာတွေလည်း ရှိတယ်လို့ ကိုအေးက ပြောပါတယ်။
မဲဆောက်မှာ မက်စ်ဖောင်ဒေးရှင်းအပြင် တခြားအလုပ်သမား အဖွဲ့အစည်းတွေက အလုပ်သမားတွေကို ကူညီပေးနေပါတယ်။
မနေ့က ဟိုင်းအက် သိုးမွေးစက်ရုံတခုက အလုပ်သမားတွေက အလုပ်ရှင် တွေကို နစ်နာကြေး ရလိုတဲ့အမှု တခုကို မဲဆောက်တရားရုံးမှာ စစ်ဆေးခဲ့ပါသေးတယ်။
အဲဒီအမှုက စက်ရုံက အလုပ်သမားတွေကို လုပ်ခမပေးတဲ့ အတွက် အလုပ်သမားတွေက အလုပ်သမား ဆက်ဆံရေးရုံးကို တိုင်တဲ့အခါ အစိုးရသတ်မှတ်တဲ့ အတိုင် ခြောက်လခွဲလောက်ကို ပေးပေမယ့် နောက်ပိုင်းမှာ စက်ရုံကို ရုတ်တရက် ပိတ်လိုက်တဲ့ အတွက် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တာကြောင့် နစ်နာကြေးတောင်းတာ ဖြစ်ပါတယ်။
ဒါအပြင် ဟိုးအရင် နှစ်တွေတုန်းက တရက်ကို ပျမ်းမျှ ဘတ်ငွေ ၁၅၀ သတ်မှတ်တဲ့ ကာလမှာ ဘတ် ၅၀ ပဲ ပေးတာတွေ အတွက်လည်း ပြန်ပေးဖို့ တောင်းဆိုတာလို့ မနေ့က တရားရင်ဆိုင်ရာမှာ အလုပ်သမားတွေဘက်က ဦးဆောင်သူတဦးက ပြောပါတယ်။
” ဥပဒေအတိုင်း ပေးရမယ်လို့ သူတို့ ဥပဒေပြဌာန်းထားတယ်။ ဝပ်ပါမစ် လုပ်ထားတဲ့ ကုမဏီ ဝန်ထမ်းဆိုရင် သူတို့ မပေးခဲ့တာတွေ၊ တကယ် ပင်ပန်းထားတာတွေ၊ လုပ်အားခတွေ၊ အိုတီကြေးတွေ၊ တနင်္ဂနွေ လုပ်အားခတွေ အတွက် တရာရုံးမှာ ပြန်ပြီးတော့ တောင်းဆိုထားတာ။ တရားရုံးရှေ့နေက နှစ်ယောက်ပြိုင်တု မျက်နှာစုံညီ မစစ်ဘူး၊ တရားသူကြီးက တယောက် တလှည့်စီ သိတဲ့ဘဘောနဲ့ မေးတယ်။ ဒါပေမယ့် နှစ်ဖက်ရှေ့နေတွေကတော့ နေလိုရတယ်။”
သူတို့နှစ်နာချက်ဟာထိုင်းဘတ်ငွေ ၁ သိန်း ဝန်းကျင်လောက်ရှိပေမယ့် ၃ သောင်းပေးရင် ကျေနပ်တယ်လို့ အလုပ်သမားတွေဘက်က တင်ပြခဲ့တာ ဖြစ်ပြီး ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ကို ရုံးပြန်ချိန်းခဲ့ပါတယ်။
မက်စ်ဖောင်ဒေးရှင်က သူတို့ ရှိတဲ့ ရှေ့နေတွေနဲ့ အလုပ်သမားအခွင့်အရေး ရအောင် ဘယ်လို လုပ်မလဲဆိုတာ အလုပ်သမားတွေနဲ့ ဆွေးနွေး ပညာပေးပါတယ်။
စက်ရုံထဲမှာ သူဌေးက အလုပ်သမားတွေကို အပြစ်မရှိဘဲ မောင်းထုတ်တာ၊ ကြိုတင် အကြောင်းမကြားဘဲ စက်ရုံပိတ်ပစ်လိုက်တာမျိုး ဖြစ်လာရင် ဘီးအီး ၂၅၄၁ ပြဌာန်းချက်ပါ အတိုင်း ခံစားခွင့်ရအောင် လိုက်ပါဆောင်ရွက် ပေးနေတာပါ။
ဒီလို ဆောင်ရွက်တဲ့အခါ အလုပ်သမား ကာကွယ်ရေးရုံးကို တိုင်တာရှိသလို အလုပ်သမားတရားရုံးကို တိုင်တာလည်းရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အရပ်ရပ်က မြန်မာနိုင်ငံသား ၂ သန်းဝန်ကျင်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။
ထိုင်းအစိုးရက အနိမ့်ဆိုး လုပ်အားခကို သတ်မှတ်ပေးထားပေမယ့် သတ်မှတ်တဲ့အတိုင်း မရတဲ့ ဖြစ်ရပ်တွေဟာ မဲဆောက်မြို့မှာ သာမက တခြားနေရာမှာပါ ဖြစ်နေတာလို့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ စရင်းကောက်ယူချက်အရ သိရပါတယ်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရမည်

သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး။
နိုဝင်ဘာလ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မ ကြာမီ ပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။


ကုန်းလမ်းပို့ဆောင်ရေးမှ စည်းကမ်းချက်များ ပြန်လည်ညှိနှိုင်းနေကာ အလုပ်သမား လက်မှတ်ဖြင့် ကိုယ်ပိုင်နာ မည်နှင့် ယာဉ်ဝယ်ယူခွင့်၊ နာမည်လွဲပြောင်းခွင့်ရရှိပြီးနောက် ၂ လ အကြာတွင်ယခုလို ညွှန်ကြားလာခြင်းဖြစ် သည်။

ကုန်းလမ်းပို့ဆောင်ရေးမှ လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်နှင့် ပတ်သက်ပြီး ထပ်မံညွန်ကြားလာ မည်ဟု ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ် (HRDF) မှ ကိုစိန်ဌေးက ယခုလို ပြောသည်။

“တကယ်လို့လုပ်ရမယ်ဆို ထိုင်းနဲ့ တန်းတူကုန်ကျရမယ်။ ထိုင်းနဲ့ အတူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ယာဉ်မောင်းသင်တန်း စာမေးပွဲတော့ဖြေရမယ်။”

ယခင်က ရွှေပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင်မရှိသဖြင့် ဒဏ်ငွေပေးဆောင်ရခြင်းနှင့် ပတ်သက်၍ ထိုင်းတာဝန်ရှိသူများထံ ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေခြင်းမရှိခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်း တွင် ထိုင်းကုန်းလမ်းပို့ဆောင်ရေး ဒု-ညွန်ကြားရေးမှုးချုပ်နှင့် သွားရောက်ဆွေးနွေးရာမှ အဆင်ပြေလာသည်ဟု ကိုစိန်ဌေးက ပြောသည်။

ကိုစိန်ဌေးက ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့် အခက်အခဲများကို ယခုလို ဆက်ပြောသည်။

“ချင်းမိုင်ဘက်က အလုပ်သမားတွေဆို ဆိုင်ကယ်မောင်းတာနဲ့ ပတ်သက်ပြီး တအားပြဿနာ တက် တယ်။ တစ်ခါမိ ၂၀၀၀ ခုဆိုမဟာချိုင်ဘက်လဲ အဲလိုဖြစ်နေတယ်။ ထိုင်းတယောက် ကျရင် လိုင်စင် မ ရှိလည်း ဒဏ်ငွေက ၂၀၀ နဲ့ဆိုပြီးတယ်။ မြန်မာဆို ဆိုင်ကယ်သိမ်း၊ လိုင်စင်မရှိလို့ ဒဏ်ငွေ ၂၀၀၀ အ ပြင် ဆိုင်ကယ်ပိုင်ရှင် ကိုယ်တိုင်သွားထုတ်မှရတယ်။ ဒါတောင် ဒဏ်ငွေ ၁၀၀၀ လောက်ပေးရတယ်။”

ယာဉ်မောင်းလိုင်စင် ပြုလုပ်ခွင့် တရားဝင်ရရှိခဲ့ပါက ကြေငြာချက်များနှင့် လူထုကို အသိပေး သွားမည်ဖြစ်ပြီး ကိုယ်ပိုင်နာမည်ဖြင့် တရားဝင်ယာဉ်ဝယ်ခြင်း၊ နာမည်လွှဲပြောင်းခြင်းများကို စံပြအနေနှင့် မဲဆောက်၊ မဟာချိုင်၊ ချင်းမိုင်တွင် ပြုလုပ်လျှက်ရှိသည်။

အပြည့်အစုံသို့ >>

အလုပ်သမားမှတ်ပုံတင်ပြုလုပ်ထားဆဲ အဖမ်းခံရသူများ၏ လက်မှတ်လုပ်ခငွေပြန်မရ၍ အလုပ်သမားများမကျေနပ်

သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံမှ မြန်မာအလုပ်သမားများသည် အလုပ်သမားမှတ်ပုံတင်ပြုလုပ်ထားဆဲ အ ဖမ်းခံရပြီး နယ်စပ်သို့ ပြန်ပို့ခံခဲ့ရပြီးနောက် အလုပ်ရှင်က ၎င်းတို့ ပြုလုပ်ထားသည့် အလုပ်သမားမှတ်ပုံတင်ကျန် ငွေအား ပြန်မပေးသည့်အတွက် အလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။

အဖမ်းခံရသူများ၏ မိသားစုဝင်ဆွေမျိုးများအား အလုပ်သမားလက်မှတ်လုပ်ခ ကုန်ကျငွေကို အလုပ်ရှင်မှပြန်ပေး မည်ဟု ပြောထားသော်လည်း အလုပ်သမားအချို့ကိုသာပေးပြီး အများစုအား ပြန်မရသေးသဖြင့် မိသားစုဝင် များက မကျေမနပ်ဖြစ်နေကြသည်ဟု ယင်းစက်ရုံမှ အလုပ်သမား ကိုကုလားက ယခုလိုပြောသည်။

“အယောက် ၂၀၀ ကျော်အဖမ်းခံရတာကို လူ ၄၀ ကျော်လောက်ပဲပြန်ပေးသေးတယ်။ ကျန်တာ မပေး သေးဘူးခင်ဗျ။ အကုန်လုံးရှိတယ်။ သူတို့အမျိုးတွေလည်းရှိတယ်။ ညီအစ်ကို မောင်နှမတွေလည်းရှိ တယ်။ အဲတာလည်းသူတို့မပေးသေးဘူး။”

ရရောင်းခရိုင်၊ မက်ခါမြို့နယ် အတွင်းရှိ Makarkhit (မကာခစ်) ရာဘာစက်ရုံပိုင်ရှင် နှင့် မန်နေဂျာတို့သည် စက်ရုံ လုပ်သမားများထံမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန် ကျသင့်ငွေကို လွန်ခဲ့သည့် ဇူလိုင်လက ကောက် ခံခဲ့သည်။

ထိုငွေများအား အလုပ်ရှင်မှ သက်ဆိုင်ရာသို့ မပေးချေသဖြင့် အဆိုပါစက်ရုံလုပ်သား ၂၂၀ အား လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေး(လ၀က)မှ ဖမ်းဆီးခဲ့သည်

ထိုအလုပ်သမားများအား တရားမ၀င်ဝင်ရောက်မှုဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန (လ၀က)က ထိုင်းမြန်မာနယ် စပ်ရှိ မြ၀တီမြို့သို့ ယခုလဆန်းပိုင်းမှစတင်၍ အသုတ်လိုက် ပို့ဆောင်ခဲ့ပြီး ယခုနောက်ဆုံးအသုတ်အဖြစ် လူ ၄၀ ကျော်သာ ကျန်ရှိသည်။

ထိုင်းလ၀ကမှ မြ၀တီမြို့ရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA)၊ တပ်ရင်း အမှတ် ၉၉၉ ဂိတ်သို့ လွဲပြောင်းပေးခဲ့သည်။

ထိုဂိတ်တွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းငွေ ၁၆၀၀ ဘတ်ဖြင့် ရွေးယူမှသာ မိမိဒေသသို့ ပြန်ခွင့်ရသည်ဟု ကို ကုလားက ဆက် ပြောသည်။

“နယ်စပ်ကိုပြန်ပို့တဲ့အခါကျတော့ ကိုးသုံးလုံးဂိတ်မှာပြန်ရွေးရတယ်လေ။တစ်ယောက်ကို ၁၆၀၀ နဲ့ ပြန် ရွေးရတယ်။ အဲဒါမှ ဗမာပြည်ကိုပြန်လို့ရတယ်။ နို့မို့ဆို မရွေးလို့ရှိရင် ဗမာပြည်ကို မပြန်ရဘူး။”

နယ်စပ်သို့ပြန်ပို့ခံရသည့် အလုပ်သမားများအား DKBA ကိုးသုံးလုံးဂိတ်တွင် ပိုက်ဆံပေး၍ ပြန်ရွေးရသည်မှာ မှန် ကန်ကြောင်း မဲဆောက်ရှိ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦအလုပ်သမားအဖွဲ့မှ ကိုမိုး ဆွေ က ယခုလိုပြောသည်။

“ဟုတ်ပါတယ်။ အဲတာ သတင်းမှန်ပါတယ်။ အလုပ်သမားတွေဖမ်းခံထိပြီး အကူအညီ လိုလို့ ကျနော် တို့ဆီကိုလည်းရောက်လာတဲ့သူတွေရှိတယ်လေ။ ကျနော်တို့သိသလောက် ကတော့ ကိုးသုံးလုံးဂိတ်ကို သွန်တယ်။ အဲဒီမှာ ဘန်ကောက်ကလာတဲ့သူဆိုရင် အနည်းဆုံး ၁၅၀၀ လောက်ပေးရတယ်။”

အကယ်၍ ငွေပေးပြီးမရွေးနိုင်သူများအား DKBA တပ်အတွင်း အလုပ်ခိုင်းစေမှုခံရပြီး အချို့အား စစ်အစိုးရတပ် တွင်းဝင်ရောက်ရန် ခြိမ်းခြောက်ကာ မရသည့်အဆုံး ပြန်လွတ် ပေးသည်ဟု ကိုမိုးဆွေက ပြောသည်။

အဆိုပါစက်ရုံမှ အလုပ်သမားများသည် တရားဝင်အလုပ်သမားမှတ်ပုံတင်အား လွန်ခဲ့သည့် ဇူလိုင်လကတည်းက ပြုလုပ်ခဲ့သော်လည်း အလုပ်သမားလက်မှတ်နှင့် ဆေးကုသခွင့် လက်မှတ်များ လက်ဝယ်ကိုင်ဆောင်ခွင့် မရှိ သည့်အတွက် ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီး ခံရမည်ကို စိုးရိမ်နေကြသည်။

အပြည့်အစုံသို့ >>

ရေလုပ်သားအဖြစ် ရောင်းစားခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်

နွယ်လေး။
အောက်တိုဘာ ၁၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့တွင် ငါးဖမ်းရေလုပ် သားအဖြစ် အရောင်း စားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များနှင့် ပင်လယ်ပျော်များသမဂ္ဂ တို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်တင်လိုက်သည်။


ရောင်းစားခံရသူများ၏ သတင်းပေးပို့ချက်ဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပင်လယ်ပျော်များသမဂ္ဂမှ ကို အောင်သူရက ယခုလိုပြောသည်။

“ရေလုပ်သားကိုသွားတွေ့ရင်းနဲ့ သူတို့လည်း ရောင်းစားခံရပါတယ်ဆိုပြီး ခုလိုအရေအတွက် ၁၈ဦး ဖြစ် သွားတာ။ အကုန်လုံးက ပြန်ချင်ကြတယ် ဒီကနေ လွတ်ချင်ကြတယ်။ အသက် အကြီးဆုံးတယောက်ပါ တယ်။ ၅၁ နှစ်လောက်ရှိတယ်။ သူက မြန်မာပြည်မှာ အင်ဂျင်နီယာဘွဲ့နဲ့ အစိုးရအမှုထမ်းလုပ်ခဲ့ဖူးတယ် ။ အသက် အငယ်ဆုံးက ၁၅နှစ် ၁၆နှစ်ကောင်လေး နှစ်ယောက်ပါတယ်။”

လူကုန်ကူးသည့် ထိုင်းနိုင်ငံသား နှစ်ယောက်နှင့် မြန်မာအမျိုးသမီးတယောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ကိုအောင်သူရက ပြောသည်။

“လှေထွက်တဲ့နေရာမှာ ရောင်းစားခံရဆုံးနေရာပေါ့နော်။ တကယ့် နာမည်ကြီးတဲ့နေရာပေါ့။ အဲလို ဖမ်း လိုက်တဲ့ထဲမှာ သူတို့ကို တကယ်ရောင်းစားတဲ့ ကိုယ့်မြန်မာပြည်သား ပွဲစားလည်း ဖမ်းမိလိုက်တယ်။ သူတို့ကို ချုပ်ထားတဲ့ ပွဲစားပေါ့နော်။ ဒီအမျိုးသမီးက။ ဒီအမျိုးသမီးက တကယ့်ကို အဲဒေသမှာ နည်း နည်းပေါက်ရောက်တယ်ပေါ့နော်။ အင်မတန်မှ ဆိုးသွမ်းတယ်လို့ သူတို့လှေသား အားလုံးက ခံယူထား တာပေါ့။ သူကပဲ အုပ်စိုးထားတဲ့ဟာ။ ကျနော်တို့ လူမျိုးပါပဲ။”

မြန်မာ အလုပ်သမား ၁၈ ဦးကို ထိုင်းအာဏာပိုင်များက စောင့်ရှောက်ထားပြီး ၎င်းတို့အား နေရပ်သို့ ပို့ဆောင်ပေး ရန် စီစဉ်ပေးနေသည်။

ရောင်းစားခံရသူများသည် ပင်လယ်ငါးဖမ်းသင်္ဘောနောက်သို့ လိုက်ရာတွင် အချို့ သူများမှာ သုံးနှစ်တကြိမ် ကမ်း သို့ ကမ်းခြေသို့ ပြန်ဝင်ကြရပြီး အချို့မှာ ဆယ့်ငါးရက် တကြိမ် ကမ်းကပ်ခွင့် ရသည်။ ကမ်းကပ်ခွင့်ရသော်လည်း ၎င်းတို့သည် ရောင်းစားခံရသည့် အတွက် ပြင်ပသို့ ထွက်လည် ခွင့်မရှိဟု ကိုအောင်သူရက ဆက်ပြောသည်။

“သူတို့လုပ်အားခကို အကြွေးပြန်ဆပ်ရတယ်။ လစာတွေလဲ မပေးဘူး။ အလုပ်ကလဲ ကြမ်းတမ်းတယ်။ အခက်အခဲတွေ အများကြီး။ အနေထိုင်ဆင်းရဲတယ်။ ကျွန်သဘောမျိုး လုပ်ရတယ်။”

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့သည် မြန်မာပြည် သားများ ရောင်းစား ခံရသည့် နေရာတွင် အဆိုးရွားဆုံး နေရာဖြစ်ပြီး လွန်ခဲ့သည့်လ အနည်း ငယ်တွင်လည်း ရေလုပ်သား ၄ ယောက် ကို ယင်းနေရာမှာပင် ကယ်ထုတ် ပေးနိုင်ခဲ့သည်ဟု ပင်လယ်ပျော်များသမဂ္ဂက ပြောသည်။

ပြီးခဲ့သည် ၂၀၀၅ ခုနှစ်တွင် ထိုင်းလှေပေါ်ရှိ ရေလုပ်သားများကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များ အကူအ ညီနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အမျိုးသမီးနှင့် ကလေးငယ်အပြင် ငါးဖမ်းလှေလုပ်သားအတွက် အမျိုး သားများရောင်းစားခံနေရခြင်းများကိုပါ ကူညီိနိုင်ခဲ့သည်။

အပြည့်အစုံသို့ >>

Wednesday 4 November 2009

အယ်ဒီတာထံပေးစာ....

ကျွန်တော်လေးစားစွာနဲ့ စာရေးလိုက်ပါတယ်၊၊ ကျွန်တော်ဟာ ရောင်ခြည်ဦး အလုပ်သမားရေရာ စာစောင်ကို အမြဲစောင့်ဖတ်နေတဲ့ အလုပ်သမားတစ်ယောက်ပါ၊၊ ရောင်ခြည်ဦးအဖွဲ့ပေါ်မှာ အားကိုးယုံကြည်တဲ့ လူတစ်ယောက်ဆိုပါတော့၊၊

ကျွန်တော်တို့တွေ သိလိုတာလေးတွေရှိလို မေးပါရစေ၊ ကျွန်တော်တို့ အလုပ်သမားတွေကို ဗီဇာလုပ်ပေး နေ တယ်၊ လျှောက်လွှာတွေလည်း အလုပ်ရုံမှာ ဖြည့်ထားရတယ်၊ အဲဒါသွားလုပ်ရင် ကောင်းမကောင်းတော့ မသိဘူး ဖြစ်နေတယ်၊ လော့လော့ဆယ်တော့ ဘန်ကောက်မှာ အလုပ်သမားလက်မှတ်(ဘတ်) လုပ်ပေးတုန်းက ဘတ် ၁၅၀၀၀ ကျော်ကို အတိုးနဲ့ ချေးပြီးတော့ မဲ့ဆောက်ကနေ ဘန်ကောက်ကို တတ်လာတယ်၊ အခုလက်ရှိ အလုပ်ရုံမှာ အလုပ်ရဖို့ ပွဲစားကို ဘတ် ၃၀၀၀ ပေးပြီးဝင်ရတယ်၊ အလုပ်သမားလက်မှတ်လုပ်တုန်းက ဘတ် ၄၀၀၀ ကျော်ကုန်တယ်၊ အခုတစ်ခါ မြန်မာနိုင်ငံပြန်ပြီး ဗီဇာပြန်လုပ်ရင် ဘတ် ၈၀၀၀ ကျော်လောက် ကုန်အုံးမယ်၊ မလုပ်ရင် မရဘူးတဲ့၊ ဗီဇာသွားလုပ်ပြီး ပြန်လာရင်လဲ အလုပ်သမာလက်မှတ်က ရှေ့နှစ် ၂ လပိုင်း သက်တမ်းကုန်လို ပြန်တိုးရမယ်ဆိုရင် အနည်းဆုံး ၄၀၀၀ ကုန်အုံးမယ်၊တဲ့။ဒီမှာလည်း အလုပ်ရုံး ၀တ်စုံဝယ်ရတာနဲ့ အခန်းက စပေါ့ တင်ထားနဲ့ ၊ အလုပ်က မကောင်းတာနဲ့ ပိုက်ဆံမစုမိတဲ့ အပြင် အတိုးတောင် မနည်းကြီး ဆပ်နေရတယ်၊ ရတဲ့ လခလေးနဲ့ လစဉ် အခန်းက ပေးရတာနဲ့ စားစရိတ်တွေ အတိုးပေးရတာနဲ့ ဘာမှကို မကျန်တော့ဘူး။
မြန်မာပြည်မှာ စာဝတ်နေရေ ကြပ်တည်းလို ဒီကို ရောက်လာတယ်၊ အခုတော့ ကယ်ရီခ၊ ပွဲစားခ၊ အလုပ်သမား လက်မှတ်ခ၊ အတိုးဖို့၊ ဗီဇာခ၊ အခန်းကနဲ့ စားစရိတ်ခငွေတွေနဲ့ ပတ်ချာကိုတောင် မလည်တော့ပါဘူးဗျာ၊
ကျွန်တော်ဘာလုပ်ရင် ကောင်းမလဲ၊ ဗီဇာမလုပ်ရင်ကော့ ရမလာ၊ လုပ်ရရင်ကော့ ဘယ်လိုလုပ်ရမလဲဆိုတာ တိတိကျကျဘာမှမသိသေးပါဘူး၊ ပြောပြပေးပါအုံးဗျာ၊

လေးစားစွာဖြင့်
ဒုက္ခ၊ သောကသမုဒ္ဒယာထဲက
အလုပ်သမားလေး ကိုဇင်ယော်
ငါးသေတ္တာစက်ရုံ၊ ဘန်ဘော်၊ ဘန်ကောက်။။
(၂၀၀၉၊ စက်တင်ဘာလ ထုတ် ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ် မှ ကူးယူဖော်ပြသည်)
အပြည့်အစုံသို့ >>

Tuesday 3 November 2009

မယ်တော်ဆေးခန်း ရှေ့နှစ်အတွက် ရန်ပုံငွေ (၂) ဆတိုးလိုအပ်


မေကျော် / ၃ နိုဝင်ဘာ ၂၀၀၉(ခေတ်ပြိုင်)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စေတနာ့ဝန်ထမ်းဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်းအတွက် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အသုံးစရိတ်ကုန်ကျငွေ ယခုနှစ်ထက် နှစ်ဆကျော် ပိုမိုလိုအပ်မည်ဟု ဆေးခန်းကို ဦးဆောင်ဖွင့်လှစ်သူ ရေမွန် မက်ဆေးဆေးဆုရှင် ဒေါက်တာ စင်သီယာမောင်က ပြောကြားသည်။

ယခုနှစ်အတွက် ဆေးခန်းအသုံးစရိတ်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ (၃) သိန်းခွဲခန့် ကုန်ကျသဖြင့် နောက်နှစ်အတွက် ဒေါ်လာ (၇) သိန်းခွဲခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရန်ပုံငွေ ထပ်တိုးလိုအပ်ရခြင်းမှာ ခန့်မှန်းထားသည်ထက် လူနာ ဦးရေတိုးလာခြင်း၊ ဆေးခန်းက တာဝန်ယူဖွင့်လှစ်ထားသောကျောင်းတွင် ရွှေ့ပြောင်းကလေးငယ် ကျောင်းသားများ ပိုများလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မျှော်မှန်းထားသည့် ထောက်ပံ့အလှုငွေမရရှိခဲ့လျှင် ကလေးများအတွက် ရိက္ခာနှင့် အရေးပေါ်လူနာများအတွက် အခက်အခဲများ ကြုံတွေ့ရဖွယ်ရှိသည်ဟုလည်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၎င်းက “တကယ်လို့ မရဘူးဆိုရင်တော့ ကလေးတွေနဲ့ပတ်သက်ရင် ရိက္ခာပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာမယ်။ နောက် ဆရာတွေအနေနဲ့လည်း သူတို့ ပုံမှန်ထောက်ပံ့ကြေးတွေ မရလို့ စာသင်ချိန် လျှော့သွားတာမျိုးတွေ ဖြစ်လာမယ်။ ကျန်းမာရေးပိုင်းမှာကတော့ ဆေးဝါးက ပုံမှန်လက်ရှိ ၀င်ငွေနဲ့ ထိန်းထားနိုင်တယ်ဆိုပေမယ့် အရေးပေါ်လာတဲ့အချိန်မှာ မဲဆောက်ဆေးရုံကိုပို့ဖို့ ထားရမယ့် ရန်ပုံငွေအတွက် မထားနိုင်တော့ဘူး။ တကယ့်အခြေအနေမှာ မဲဆောက်ဆေးရုံ မပို့နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများထဲမှ လူနာ သိသိသာသာတိုးလာခြင်း မရှိသော်လည်း မြန်မာပြည်တွင်းမှ လာတက်ကြသည့် လူနာအရေတွက်က ပိုများလားပြီး နှစ်စဉ် လူနာဦးရေ ထက်ဝက်မှာ မြန်မာပြည်တွင်းမှ လာရောက်ပြီး ဆေးကုသသူများဖြစ်ကြောင်း ယင်းဆေးခန်းစာရင်းအရ သိရသည်။

“တနှစ်ကို လူနာ (၂၀) ရာခိုင်နှုန်းတိုးတာ ပုံမှန်။ နောက် အရေးပေါ်လူနာတွေအတွက် ရန်ပုံငွေရဲ့ (၂၀) ရာခိုင်နှုန်းထားရတယ်။ ရွှေ့ပြောင်းကလေးတွေကိုလည်း ရိက္ခာခြောက်ပေါ့နော် ဆန်၊ ဆီ၊ ဆား၊ ပဲ အဲဒါတွေလည်း ပုံမှန်ဖြန့်ဖြူးပေးနိုင်အောင် လုပ်ရသေးတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၁၉၈၉ ခု ဖေဖော်ဝါလတွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် မယ်တော်ဆေးခန်းအနေဖြင့် အခမဲ့ဆေးဝါး ကုသပေးခြင်း လုပ်ငန်းအပြင် ရွှေ့ပြောင်းကလေးငယ်များအတွက် ပညာရေးနှင့် ရိက္ခာထောက်ပံ့ပေးမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေသည်။

မယ်တော်ဆေးခန်း၏ စာရင်းဇယားအရ ၂၀၀၈ ခုအတွင်း စုစုပေါင်း လူနာ (၈၀,၀၀၀) ကျော်ကို ဆေးဝါးကုသ ပေးခဲ့ပြီး ထိုအထဲမှ လူနာ (၈၀၀) ကျော်ကို အရေးပေါ်လူနာများအဖြစ် မဲဆောက်ဆေးရုံသို့ လွှဲပြောင်း၍ ကုသပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရွှေ့ပြောင်းကလေးငယ် (၂,၀၀၀) ကျော်ကို နေ့စဉ် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ရိက္ခာခြောက်အပြင် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ပေးနေပြီး ဆေးခန်းနှင့် သင်တန်းကျောင်းများကို ၀န်ထမ်းအင်အား (၅၀၀) ကျော်ဖြင့် လည်ပတ်နေသည်။

မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်သည် သူမ၏ စေတနာ့ဝန်ထမ်း လူမှုအကျိုးပြု ဆောင်ရွက်မှုများအတွက် ရေမွန်မက်ဆေးဆေးဆုအပါအ၀င် နိုင်ငံတကာမှ ချီးမြှင့်သော ဆုပေါင်း (၁) ဒါဇင်ကျော် ရရှိထားသူဖြစ်သည်။
အပြည့်အစုံသို့ >>

Monday 2 November 2009

အရုပ်ကလေးရဲ့ မေမေ

ကိုဈာန်

ညနေမှောင်ရီပျိုးချိန် ပုဇွန်ဆီရောင်သန်းနေတဲ့ နေလုံးကြီးက လယ်ကွင်းပြင်စိမ်းစိမ်းတွေထဲကို တိုးဝင် ပျောက်ကွယ်တော့ မည်။ ညနေတိုင်း ညနေတိုင်းမှာ လယ်တဲထဲက နေပြီး နေ၀င်တာကို ထိုင်ထိုင်ပြီး ငေးရတာ လွမ်းသလိုလို ဆွေးသလိုလိုပင်။ ကိုယ့်မြေ ကိုယ့်မွေးရပ်ကို တမ်းတနေမိသည်။

ပုခက်ပေါ်က အင့်ခနဲ့ ကလေး ငိုသံကြားတော့ အတွေးစများ ပြတ်တောက်သွားခဲ့သည်။ ညနေပိုင်း ဆောင်းရာသီဥတုက အေးစပြုလာပြီ။ ကလေးကို ရင်ခွင်ထဲပွေ့ပိုက် နို့တိုက်ပြီး ဘေးနားရှိ ဖျင်ကြမ်း စောင်တထည်ကိုပါ ကောက်ခြုံလိုက်လေသည်။ အနီးအနားက လယ်တဲတွေစီက မီးရောင်တွေကို မြင်နေရပြီ။ မနေ့ကလက်ကျန် ဖယောင်းတိုင် အတိုလေးကို ထွန်းညှိလိုက်သည်။ မိမိရင်ခွင်ထဲက အငမ်းမရ နို့စို့နေတဲ့ သားလေးကို ကြည့်ပြီး ရင်ထဲ အေးမြသွားလေသည်။ တနေ့တာ ပင်ပန်းမှုတွေ ကွယ်ပျောက်သွားသလိုပင်။ သားလေးမှာ နို့စို့ရင်း လက်လေးနှစ်ဖက် မိမိရင်ဘက်ကို ပုတ်ပုတ်ပြီး ဆော့ကစားရင်း အိပ်ပျော်သွားပေသည်။

ညနေစာ… ဒီညအဖို့တော့ ကန်ဇွန်းရွက်ပြုတ်ရည်ပဲ သောက်ပြီးအိပ်တော့မည်။ ဒီနေ့ကောက်ရိတ်ခကို သူဌေးက မနက်ဖြန်မှ ပေါင်းရှင်းမည်ပြောသဖြင့် ညနေကတည်းက လယ်ကွင်းထဲမှာ ကန်ဇွန်းရွက်များကို ခူးခဲ့သည်။ သစ်ကိုင်းခေါက် သုံးလေးချောင်းကောက်ပြီး ကန်ဇွန်းရွက်ပြုတ်ထားရသည်။ ပိုပိုလိုလို ပိုက်ဆံဘတ် ၂၀ လောက်ကို ခြေဆောင့် လက်ဆောင့်ထားထားရမည်။ ဆန် ၀ယ်မစားရဲပေ။

ကန်ဇွန်းရွက်ပြုတ်ကို ငါးပိရည်နှင့် တို့စားလိုက်လေသည်။ ဘာမှမစားရတာနှင့်စာရင် နည်းနည်းခံသာလေသည်။ ခလေးကို ဘေးနားတွင် ချသိပ်လိုက်သည်။ မိမိလည်း အိပ်တော့မည် ဖျင်ကြမ်းစောင်လေးကို ကောက်ဆွဲပြီး သားအမိနှစ်ယောက်ခြုံလိုက်လေသည်။ တော်တော်နှင့် အိပ်မပျော်ပေ။ စဉ်းစားစရာတွေက ခေါင်းထဲဝင်ဝင်လာသည်။ လင်ယောက်ျားကလဲ ကလေးရှေ့ရေးအတွက် စုမိဆောင်းမိအောင် ဘန်ကောက်တက် အလုပ်လုပ်သည်မှာ ၂ လ လောက်ရှိပေမည်။ အဆက်အသွယ် မရသေးပေ။ ဘန်ကောက်ကို တောလမ်းက သွားမည်ပြောသည်။ ဘန်ကောက်ကို ချောချောချူချူ ရောက်ရဲ့လား၊ အလုပ်အကိုင်ကော အဆင်ပြေရဲ့လားမသိ။ မိမိယောက်ျားအတွက်လည်း ပူပန်ရသေးသည်။ ကလေးက ၉ လရှိပြီ နို့မဖြတ်ရဲသေးပေ။ နို့ဖြတ်ရင် ကလေးအတွက် စားစရာမတက်နိုင်သေးပေ။ ကလေးကို ထိန်းကျောင်းပေးမယ်သူ့မရှိ လယ်ထဲမှာ ကောက်စိုက်ရင်း ကလေးကို လွယ်ပိုးရင်းစိုက်ရသည်။ မိမိနဲ့အတူ နေပူခံရသည်။ နေ့ခင်းနေ့လည် လယ်တဲတွင် ပုခတ်နှင့်သိပ်ရသည်။ အတွေးပေါင်းစုံ၊ တော်တော်နှင့်အိပ်မပျော်ပေ…။

ရုတ်တရက် ကလေးရဲ့ ထငိုသံကြောင့်အတွေးစတွေ ပြတ်တောက်သွားခဲ့သည်။ နို့တိုက်ပြီး ပြန်ချော့သိပ်သည် ပြန်မအိပ်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ကလေး… ကလေးကိုယ်နဲ့ အထိအတွေ့…။ ခလေးအသားတွေ ကျစ်ကျစ်ပူနေသည်။ အခုမှ သတိထားမိသည်။ ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ဆေးပညာ ဗဟုသုတလည်း မရှိ။ ကလေး ကိုယ်ပူ သက်သာအောင် အနှီးလေးကို ပြေးယူ၍ ရေဘက်တိုက်ပေးနေမိသည်။ ကလေးကလည်း သည်းသည်းလှုပ်အောင် ငိုကြွေးနေသည်။ ထိုင်းဆေးတွေလဲ မ၀ယ်တက်။ ထိုင်းစကားလည်း မတက်။ လက်ထဲမှာလည်း ပိုက်ဆံ ဘတ် ၂၀ ပဲရှိသည်။ ဘယ်လိုလုပ်ရပါ့။ သြော်…. မြန်မာပြည်ကတည်းက လိုရမယ်ရဆောင်ထားတဲ့ တိုင်းရင်းဆေးတော့ရှိသည်။ ဆရာမောင်ဆေးနီမှုန့်… ကိုယ်ပူကျဆေး၊ ရှိတာလေးနဲ့ ကလေးကို တိုက်ကြည့်မည်။ ကိုယ်ပူတော့ ကျလောက်မည်ထင်သည်။ ကလေးအငိုရပ်သွားသည်။ ကိုယ်ပူလည်း နည်းနည်းကျသွားသည်။ နည်းနည်းတော့ စိတ်အေးသွားသည်။ မိမိလည်း မှိုန်းခနဲ့ အိပ်ပျော်သွားသည်။

* * * * *
မိမိလက်တဖက်အေးစက်သည့် အထိအတွေ့ကြောင့် ဖျတ်ခနဲ့ လန့်နိုးလာသည်။ ကလေးကို ကိုင်ထားသည့်လက်တဖက်… ဖယောင်းတိုင်တွင် မီးညှိပြီး ကလေးကို စိုးရိမ်ပူပန်စွာကြည့်မိသည့်။ ကလေး… ကလေး… နှုတ်ခမ်းတွေ မျက်နှာတွေပြာနေသည်။ အသားက အေးစက်နေသည်။ လုပ်ပါဦး… လုပ်ပါဦး သား… သား…။ ကလေးကို ပွေ့ပိုက်ပြီး အိမ်ပေါ်ကဆင်း အခြားတဲဘက်တွေကို အကူအညီရလိုရညား ပြေးလွှားမိသည်။ ကိုလှမောင်တို့ လယ်တဲဘက် အမောတကော ပြေးလာမိသည်။
အစ်ကိုလှမောင် ကျမသားလေးကို ကြည့်ပါဦး၊
ဘာဖြစ်လာတာလဲဟဲ မိချမ်းရဲ့… ၊

ကျမသားလေး တကိုယ်လုံးလဲ အေးစက်လို့ မျက်နှာတွေ နှုတ်ခမ်းတွေလဲပြာလို့ ဘာဖြစ်လဲမသိဘူး။ ကူညီပါဦး။ ကျမလည်း ဘာလုပ်ရမှန်းမသိဘူး။ သားလေး သား ထပါဦးသားရယ်…။ အမေ့နို့စို့ပါဦး…။ သားလေး ငိုတောင် မငိုတော့ဘူး။ သား… သား … ။

ပြစမ်းနင့်ကလေး ဘာဖြစ်လဲ…။ ဟင်…. နင့်ကလေးက အသက်မှ မရှိတော့ဘူး။
ရှင်… ဘယ်လိုပြောလိုက်တာ ကျမကလေးက ခုနတုန်းကတောင်ငိုနေသေးတယ်…။ အသက်ရှိပါသေးတယ်… သား … သား … ထပါဦးသားရယ်…။ အမေ့နို့စို့ပါအုံး…။ ဖြစ်မှဖြစ်ရလေသားရယ်။ သားလေးမသေပါဘူး…။ နော်သား…နော်။

စိတ်ဖြေပါ မိချမ်းရယ်…။
အစ်ကိုလှမောင်ရယ် ကျမမှာလည်း ပိုက်ဆံမရှိဘူး အသုဘစရိတ်တောင်မရှိဘူး…။ ကလေးအတွက်လည်း ဆွမ်းကြွေးလေးလဲလုပ်ချင်တယ်။
ကဲလောလောဆယ်တော့ ကလေးကို နင့်လယ်တဲအောက်မှာပဲ မြှုပ်ထားခဲ့…။ မဲဆောက်ကိုတက်ပြီး နင့်ရပ်ဆွေရပ်မျိုးတွေဆီက အသုဘစရိတ်နဲ့ ရက်လည်ဆွမ်းဖိုးလေးရမှ ပြန်လာပြီးကောင်းမှုလုပ်ပေါ့ကွယ်။
* * * * *

တောင်ယာ စိုက်ခင်းတွေဘက်ကို တရွေ့ရွေ့ သွားနေသည့် လိုင်းကားတစင်း….ဟိုင်းဝေး လမ်းပေါ်တွင် အပြင်းမောင်းနှင်နေသည်။ လိုင်းကားတဲ့တွင် လူများများစား သိပ်မရှိ။ အားလုံးပေါင်းမှ ၅ ယောက်ရှိသည်။ ထိုအထဲတွင် အသက်သုံးဆယ်နီးပါးခန့် အမျိုးသမီးတယောက်… လက်ထဲက ဘတ် ၁၀၀၀ ကျော်နီးပါးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားသည်။ သူမစိတ်ထဲမှာ သူမနေခဲ့သည့် လယ်တဲကို မြန်မြန်ရောက်ချင်နေသည်။ မဲဆောက်တွင် ပန်းရံဝင်လုပ်ပြီး ရသည့်ငွေ စုခဲ့သည်။ မဲဆောက်တွင် တလနီးပါးခန့်ကြာသွားသည်။ ကားကလည်း နှေးလိုက်တာ…။ မြန်မြန်ရောက်ချင်နေပေသည်။ ကလေးကို ကောင်းကောင်းသဂြိုင်္လ်မည်။ တဲနားကလူတွေကို ခေါ်မည် ရက်လည်ဆွမ်းကြွေးမည်။ နောက်ဘ၀တွင် ယခုလို မကြုံရလေအောင်၊ ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းမည်။ စိတ်ကူးတွေတသီတတန်းကြီးနဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ထပ်စုပ်ကိုမိသည်။ ရောက်ပြီ…။

သူမ အံ့သြမှင်တက် သွားခဲ့သည်။ ကားပေါ်က ဆင်းဆင်းချင်း ထိုလယ်ကွင်းပြင်နေရာကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သူမနေခဲ့သည့် လယ်တဲ…။ ကိုလှမောင်တို့ လယ်တဲ…။ အခုတော့ မြေတွေ ဖို့ထားသည့် ကွင်းပြင်ကြီးဖြစ်နေပြီ။

ကွင်းပြင်ကြီး… ကွင်းပြင်ကြီး
ကျမ… ကျမ… သားလေးကော။ လယ်တဲကော…။ သားလေး…. သား…..။ ရက်လည်ဆွမ်းကြွေးမည့် ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင်စုတ်ပြီး လယ်ကွင်းထဲတွင် ပြေးလွှားနေသည်။ သူမ တယောက်ထဲ ကွင်းပြင်ကြီးထဲ လယ်တဲဖြစ်နိုင်မယ့်နေရာတွေကို လက်နှင့် ယက်နေသည်။ နေ့ဘက်လည်း ထိုလယ်ကွင်းထဲတွင် သူမကိုတွေ့မည်။ တခါတလေ ထိုင်ပြီးသူမ ငိုကြွေးနေသည်၊ ရယ်မောနေသည်။


* * * * *

မဲဆောက် အဝေးပြေးကားဂိတ်မှာ ကလေးအရုပ်ကလေးချီထားပြီး အရုပ်ကို စကားတတွတ်တွတ်ပြောနေသည့် အမျိုးသမီးတယောက်…။ နေပူတာ မိုးရွာတာကို သူမ မသိတော့။
တခါတလေ ကလေးအရုပ်ကလေးကို နို့ဘူးတိုက်သည်၊ ချော့နေသည့် အမျိုးသမီးတယောက်ကို တွေ့လိမ့်မည်။
တခါတလေ ငိုကြွေးနေသည်။ တခါတလေ ရယ်နေပေသည်။
လောကဓံ တရားက သူမပေါ်သက်ရောက်မှု မရှိတော့သလိုမျိုး…။ ဘ၀ရဲ့လှိုင်းပတ်ခတ်ဒါဏ်ကို သူမကြံ့ကြံ့ခံနိုင်သွားလေပြီလား….။

(မြင်သမျှလေးတွေရေးထားတာပါ လိုတာပိုတာ အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ)
အပြည့်အစုံသို့ >>

အသံ 'အ' သွားတဲ့ဆည်းလည်းကလေးတွေ

ကိုဈာန်

ထမင်းဖိုးလေး ပေးပါ။ သောက်လက်စ လဘက်ရည်တငုံက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။ နံဘေးတွင် နှစ်နှစ်အရွယ် ကလေးလေးကို ခါးထစ်ခွင်တွင် တင်၍ အ၀တ်နှင့် လွယ်ထားသည့် ခလေးမလေး တယောက်။ မဲဆောက်ဈေးတန်းထဲက လဘက်ရည်ဆိုင်တန်းတွေမှာ လိုက်လံတောင်းရမ်းနေတာပါ။ နီကြောင်ကြောင် ဆံပင်၊ အသားအရည် မွဲခြောက်ခြောက် နွမ်းညစ်နေတဲ့ အ၀တ်အစားများက သူမရဲ့နေတဓူဝ ဖြတ်သန်းမှုကို ဖော်ပြနေသလိုပင်။

မနက်စောစော ထပြီး မဲဆောက်ကို မိသားစုလိုက် လာကြတာ။ ညနေပိုင်းဆိုရင် ပြန်တယ်။ မြ၀တီမှာနေတယ်။ ငှားထားတာက တဲလေးပဲ၊ တဲငှားခက တလကို တသောင်းနှစ်ထောင်ပေးရတယ်။ အိမ်မှာက မောင်နှမချည်းပဲ ၇ ယောက်ရှိတယ်။ အခုတယောက်က ၂ နှစ်ပဲရှိသေးတယ်။ ပြောရင်း ခါးထစ်ခွင်တွင် တင်၍ အ၀တ်နှင့် လွယ်ထားသည့် ကလေးလေးကို ပင့်တင်လိုက်သည်။ ကလေးက ဗိုက်ဆာလို့လား မသိ။ သူမနှင့်ကျနော် စကားပြောနေရင်းပင် ခါးထစ်ခွင်ထဲရှိ ကလေးက ငိုမဲ့မဲ့ ဖြစ်လာသည်။ သူမက သူမခါးကြားတွင်ထိုးထာသော နို့ဗူးလေးကို ထုတ်၍ မောင်လေး ကို တိုက်လိုက်သည်။ နို့ဗူးအဟောင်းလေးထဲတွင် နို့မရှိ...။ ကလေးလေးက နို့ဗူးလေးထဲက ရေများကို အားရပါးရ စုပ်သောက်နေသည်။

အရင်တုန်းက မြ၀တီမှာ နေတာမဟုတ်ဘူး။ စစ်ကိုင်းမှာနေတာ စစ်ကိုင်းကနေမှ မြ၀တီကို မိသားစုလိုက်ဆင်းလာတာ သုံးနှစ်လောက်ပဲရှိသေးတယ်။ စစ်ကိုင်းမှာပဲ ပျော်တယ်။ အဲဒီတုန်းက အခုလို မတောင်းစားရဘူး။ အဖေက လယ်လုပ်တယ်။ နောက်ပိုင်းမှ လယ်လဲမရှိတော့ဘူး။ လယ်တွေ ဘယ်ရောက်သွားလဲ မသိဘူး။ နောက်ပိုင်း မြ၀တီမှာ လယ်လုပ်သေးတယ် အဆင်မပြေဘူး။ အဖေက မဲဆောက်ဘက်သွားပြီး ပန်းရံလုပ်သေးတယ်။ သမီးတို့ မိသားစု တစုလုံးစားမလောက်ဘူး။

တနေ့ကို နေ့ခင်းပိုင်းဆိုရင် ဘတ် ၄၀၊ ၅၀ လောက်ရတယ်။ ညဘက် ညဈေးမှာ သွားတောင်းရင် ၁၅ ဘတ် ၂၀ လောက်ရတယ်။ ထမင်းက တခါစားရင် ၁၀ ဘတ်ကုန်တယ်လေ။ ဈေးထဲမှာပဲ ၀ယ်စားတယ်။ ဆိုင်ထဲမှာ စားလို့မရဘူး အထုပ်ကလေးတွေပဲ ၀ယ်ပြီး လမ်းဘေးမှာပဲစားတယ်။ ထမင်းတထုပ် ၅ ဘတ် ဟင်း ၅ ဘတ်လေ။ ရေသောက်တော့ တချို့ အိမ်အောက်က ရေဘုံပိုင်မှာသောက်တယ်။ တခါတလေ မောင်းထုတ်တဲ့သူတွေရှိတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့်.....။

သမီးမဲဆောက်မှာ အခုလိုလာ တောင်းတာ သုံးနှစ်ကျော် လေးနှစ်လောက်ရှိပြီ။ အဖေရယ်၊ အဖေ့ မိန်းမရယ်၊ သမီးမောင်လေးရယ်၊ မောင်လေးက အမွှာပူးလေး လေ နောက်တယောက်က အဖေ့ မိန်းမဆီမှာ။ အဖေ့မိန်းမလား ဟုတ်တယ် မိထွေးပေါ့။ သမီးတို့တောင်း ရသမျှ ပိုက်ဆံတွေ သူ့ကို ပေးရတယ်လေ။

သမီးမောင်လေး ဖျားနေတယ်။ အက်ကွဲစူးရှစွာ အဖျားလှိုက်ခတ်ပြီး ထွက်လာတဲ့ သူမရဲ့အသံက ကျနော့်နားထဲကို တိုးညှင်းစွာ တိုးဝင်လာခဲ့သည်။ မောင်လေးက ၉ လပဲရှိသေးတယ်။ မောင်လေးက ဘာဖြစ်တယ် မသိဘူး အန်ပဲအန်နေတာပဲ။ အခု ကျောင်းသား ဆေးခန်းမှာလေ။ သမီးမိထွေးက သွားစောင့်နေရတယ်။ အခုမောင်လေးက ဖျားနေတော့ ညဘက် ညဈေးမှာ သွားတောင်းနေရတယ်။ ပိုက်ဆံပိုရအောင်လို့ပါ။

ကျောင်း....ကျောင်းလား.... ကျောင်းဆိုတဲ့စကားလုံး မပြောခင်မှာ သူမနှုတ်မှ တွန့်ဆုတ် ဆွံ့အသွားခဲ့ သလိုပင်။ စက္ကန့်အနည်းငယ်ကြာမှ ပြောဖို့စကားကို ပြန်ပြီး ဆက်ပြောလေသည်။ သုံးတန်းနဲ့ ကျောင်းထွက်လိုက်တာ။ စားဖို့ မရှိလို့လေ။ သူမမျက်ဝန်းထဲမှာ မျက်ရည် အနည်းငယ် စို့လာသည်။ ၀မ်းနည်းရိပ်ပြေးသွားတဲ့ မျက်ဝန်းထဲမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေသလိုပင်။

သူမဘေးမှာ ရပ်ပြီးနားထောင်နေတဲ့ သူမနှင့် အိမ်နီးနားချင်းကောင်းလေးက ၀င်၍ သားဆိုရင် ၁ တန်းအောင်ပြီးထွက်လိုက်တာ အိမ်က အဖေက အကူမပါရင် လမ်းမလျှောက်နိုင်ဘူးလေ။ သားက အကောင်နည်းနည်းကြီးပြီဆိုတော့ အဖေ့ကို ကူရတယ်။ လမ်းလျှောက်ရင် အရှေ့ကတွဲပြီးခေါ်ရတယ်။ မလှမ်းမကမ်းမှာရှိတဲ့ သူ့ရဲ့အဖေကို လက်ညှိုးထိုးပြသည်။ မျက်စိနှစ်ဖက်က သည်းကွဲစွာမမြင်၊ ခြေထောက်တဖက်ကမရှိ ချိုင်းထောက်နှင့် သူ့အဖေ့ကိုတွေ့ရသည်။ အဲဒီ ကလေးလေးကို ကြည့်လိုက်တော့ အသက်က ၆ နှစ်ကျော်လောက်ရှိမည်။ နောက် သူ့အဖေကို တွဲရင် ထွက်သွားသည်။

သူမက ကျောင်းဝတ်စုံနဲ့ ကျောင်းသွားနေတဲ့ ရွယ်တူကလေးတွေကို မြင်ရင် ကျောင်းတက်ချင်စိတ်တွေ ပေါ်လာတယ်။ အရင် ကျောင်းတက်တဲ့ အချိန်တွေ ပြန်သတိရမိတယ်။ ဒီဘက်မှာ ရှိတဲ့ကျောင်းတွေတော့ တက်ချင်တယ်။ ၀မ်းသာစွာ ပြောပြီး မဖြစ်နိုင်ပါဘူး...ဟု သူမဘာသာပြောနေပြန်သည်။ သမီးမောင်လေးတွေလဲ ထိန်းနေရတယ်။ စားဖို့လဲရှာရတယ်လေ။ ကျောင်းတက်ဖို့ အ၀တ်အစားလဲ မရှိဘူး။ သူမက မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ စကားလုံးတွေကို ထပ်ကာထပ်ကာပြောရင်း... အဝေးကို လှမ်းကြည့်နေသလိုလို တခုခုကိုပဲ တွေးတောနေသလိုလို ရီဝေငေးမောရင်း...။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP