Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, 31 May 2010

“ရှပ်နီကြာက မြန်မာရွှေပြောင်း အလုပ်သမားများ”

“ငါသူဌေး သြစီကို ပြန်သွားပြီး၊ ငါအလုပ်ပြုတ်သွားပြီး၊ အလုပ်တစ်ခုလောက်ရှာပေးပါလာ’’ ဖုန်းထဲက နေ ကျွန်တော်မိတ်ဆွေ မိန်းကလေးတစ်ယောက် ပြောလိုက်တဲ့စကားပါ။ သူ့သူဌေးက ရှပ်နီတွေ ဆန္ဒပြနေ့တဲ့ လုံပနီပန်ခြံနားမှာ နေကြတာပါ။ ညညဆို အနီတွေရဲ့ သီချင်းဆိုသံ၊ အော်သံ၊ ဟစ်သံတွေကြောင် အဲဒီပတ်ဝန်ကျင်းက လူတွေ ကောင်းကောင်းအိပ်လိုမရကြပါဘူး။ သူဌေးအများစုကတော့ ညဆိုရင် ဟော်တယ်မှာ သွားပြီးအိပ်ကြပါတယ်။ ကြာလာတော့ အဲဒီနေရာမှာ အခြေအနေတွေ ပိုပြီးဆိုးလာပါတယ်။ ဈေးဆိုင်တွေ၊ ထမင်းဆိုင်တွေ၊အလုပ်ရုံတွေ ပိတ်လာကြသလို့၊ တိုက်ခန်းတွေမှာ လူတွေလည်း တစ်ဖြည်းဖြည်းနဲ့ စွန်ခွာပြီး တစ်ခြာတိုက်တွေမှာ ပြောင်ရွှေ့ နေထိုင် ကြကုန် ပါတယ်။ နောက်ပိုင် နိုင်ငံခြားသားတွေ တောတော်များများက ဘန်ကောက်မြို့ကိုတောင် စွန်ခွာပြီး သူတို့မိခင်နိုင်ငံကို ပြန်ကြကုန်တယ်။ သူတို့မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား တွေကို လုပ်အားလခပေးပြီး အလုပ်ထုတ်လိုက်ကြကုန်ပါတယ်။ နိုင်ငံခြားသားအိမ်တွေမှာ လုပ်နေကြ တဲ့ ကျွမ်းကျင်အလုပ်သမားတွေရတဲ့ လခက တစ်ခကို ဘတ် ၁၀၀၀၀ ကျော်ပါတယ်။
သူတို့တွေလိုပါပဲ ရှပ်နီတွေ ဆန္ဒပြတဲ့ လုံမနီပန်းခြံကို ကျွန်တော်ရောက်သွားတော့ အဲဒီမှာ ဈေးရောင်းနေကြတဲ့ ကျွန်တော်မိတ်ဆွေတွေကို မတွေ့တော့ပါဘူး။ သူတို့လည်း ဈေးရောင်း မကောင်းလို နားနေကြတာ ၂ လကျော်ကြာနေပါပြီး၊၊ ဒီနှစ်လအတွင်မှာ အလုပ်ရှင်က သူတို့ကို အလုပ်မဖြုတ်ပေးမယ် လခတော့မပေးတော့ပါဘူး၊ အဲ မကျေနပ်ရင်တော့ တစ်ခြားအလုပ်ကို သူတို့ပြောင်းရွှေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ တစ်ခြားအလုပ်သစ်ကို မရှာကြပါဘူး၊ ဘာကြောင့်လဲဆိုတော့ လက်ရှိသူတို့လက်နေတဲ့ အလုပ်က တစ်ခြားအလုပ်ထက်ရှာရင် ၀င်ငွေကောင်းနေလိုပါပဲ။
အဲဒီဝန်ကျင်းက စားသောက်ဆိုင်တွေက မိတ်ဆွေတွေကို သွားတွေ့ကြည့်တော့ သူတို့လည်း ဆိုင်ပိတ်ထားကြပါတယ်။ အလုပ်မပြုတ်ပေးမယ် လခတော့ မရကြတော့ပါဘူး၊ သူတို့အလုပ်မပြုတ် ပေးမယ် တစ်ခြားအလုပ်သမားတွေကိုတော့ အလုပ်ရှင်က ပွင်းပွင်းလင်းလင်းပဲ အလုပ်ဖြုတ်ပစ် လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွမ်းကျင်းလုပ်သားမလုပ်သလို၊ဆိုင်ပြန်ဖွင့်ဖြစ်ရင် အရင်လို ရောင်းအားကောင်းသေးမှာ မဟုတ်သေးတဲ့အတွက် အပြီးအလုပ်ဖြုတ်လိုက် တာပါ။ အလုပ်ပြုတ်တဲ့ အလုပ်သမားတွေအတွက် အရေးတကြီးလိုအပ်နေတာကတော့ သူတို့စိတ်ကြိုက် အလုပ်သစ်ပြန်ရရေးပါပဲ၊၊
ယောကျာ်းလေးတွေက မိန်ကလေးထက်စာရင် အလုပ်ရှာရခက်ပါတယ်။ စာသောက်ဆိုင်တွေ အားလုံးက မိန်ကလေးတွေကိုပဲ အလုပ်ခန့်ကြတာ များကြတာပါ။ ယောကျာင်္လေးတွေဆိုရင် အချက်အပြုတ်ကျွမ်းကျင်၊ ဘာကျွမ်းကျင်းမှညာကျွမ်းမှ အလုပ်ခန့် ကျတာများပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာ အနီတွေဆန္ဒပြတဲ့ ပတ်ဝန်ကျင်းမဟုတ်တဲ့ အခြားပတ်ဝန်ကျင်းက စာသောက်ဆိုင်၊ ဈေးဆိုင်တွေအားလုံး ရောင်းအားမကောင်းတဲ့ အတွက် အလုပ်သမားအသစ်ဆိုတာ လက်မခံကြပါဘူး၊ သူတို့မှာရှိတဲ့ အလုပ်သမားတွေကို တောင် အလုပ်ဖြုတ်ပစ်နေကြတာပါ။
အဲအလုပ်မပြုတ်တဲ့ အလုပ်သမားဆိုလို ထိုင်းအိမ်တွေမှာလုပ်တဲ့ အိမ်ဖော်အလုပ်သမား တွေပဲ ရှိပါတယ်။ သူတို့ကို သွားတွေ့တော့ အေးဆေးပါပဲတဲ့၊၊ သူတို့တွေ ဘယ်သူမှ အလုပ်ပြုတ်တာ မကြားပါဘူးတဲ့။ သူတို့မှာ အလုပ်တောင်ပိုပြီးများလာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဌေးတွေက အနီတွေ ဆန္ဒပြနေတဲ့ အတွက် အပြင်ကို သွားသွားလာလာ မလုပ်တော့တဲ့ အတွက် သူတို့မှာ ယားလိုတောင်း မကုတ်အားဘူး ဖြစ်နေတဲ့ဆိုပဲ။
တစ်ခြားလုပ်ငန်းခွင်က အလုပ်သမားတွေက အားလုံးနီးပါ အလုပ်ပြုတ်ကျပါတယ်။ သူဌေတွေက လစာရှင်းပေးတာရှိသလို၊ တစ်ချို့သူဌေတွေက ရှေ့လလာယူပါ၊ နောက်လလာယူပါ ဆိုပြီး ဟိုချိန်း၊ဒီချိန်းနဲ့ သူတို့ခများ ချီးဌားပြီး စားနေကြပါတယ်။ သူတို့ကတော့ တွေ့တဲ့အလုပ်ကို ပြန်ပြီးဝင်လုပ်ပါကြပါတယ်။ ဂျီးမများကြပါဘူး။
ဆန္ဒပြတဲ့လ ကြာလာတာနဲ့အမျှ စာသောက်ဆိုင်၊ ဈေးဆိုင်က အလုပ်ပြုတ်နေတဲ့ လူတွေလည်း သူတို့အလုပ်ကို မစောင့်နေနိုင်တော့ပါဘူး။ တွေ့တဲ့အလုပ်ကို ရှာပြီး ခဏတာ ၀င်လုပ်ကြဖို့ အလုပ်သစ်ကို အပူတစ်ပြင်းလိုက်ရှာကြကုန်ပါတယ်။ သူတို့လက်ထဲမှာ သုံးဖို့စွဲဖို ၀င်ငွေမှ မရှိတော့တာ။
ဒါပေမယ့် အများစုက သူဌေအပြောင်းအလွှဲလုပ်ပြီးမှ ၀င်ရမယ့် အလုပ်ဆိုရှောင်ကြပါတယ်။ ၀င်မလုပ်ကြပါဘူး။ (အလုပ်သမားလက်မှတ်) ဘတ်လေရှိတဲ့ဆိုတာပြပြီး ၀င်လုပ်လို့ရတဲ့ အလုပ်ကိုပဲ ရှာဖွေကြပါတယ်။ သူတို့တွေအများစုက ဘတ်ကို(အလုပ်သမားလက်မှတ်) အပြင်ပွဲစားနဲ့ လုပ်တဲ့ လူတွေများကြပါတယ်။ နောက်ပြီးသူတို့လုပ်တဲ့ အလုပ်ရှင်ကို မကြိုက်ရင် အချိန်မပြောင်းလိုရဖို့ အတွက်ရယ်ပါ။ သူဌေးအပြောင်းအလွှဲလုပ်ရတာ ပိုက်ဆံကုန်သလို၊ စိတ်လည်းညစ်ဖို့ကောင်းတဲ့ အတွက် ဒါမျိုးတွေ သူတို့ရင်မဆိုင်ချင်ပါဘူး။
အလုပ်ပြုတ်တဲ့ လူတွေအများစုနဲ့ စကားပြောကြည်တော့ “အစ်ကိုက ဘာကူညီပေးနိုင်မှာမို့လိုလဲတဲ့”
“ဟုတ်ကဲ့၊ ကျွန်တော်အများကြီးတော့ မကူညီနိုင်ပါဘူး၊ အလုပ်တွေတော့ရှာဖွေပေးနိုင်ပါတယ်။ ဒါပေမယ့် ဂျီးတော့မများနဲ့ဗျာ” လို ပြောထားရတယ်။ နောက်မဟုတ်ရင် မလွယ်ဘူး။
အမှန်တော့ ဘန်ကောက်မှာ အလုပ်တွေက ပေါပါတယ်။ လမ်းပေါ်တစ်ချက်ထွတ်လိုက်ရင် လမ်းဘေးတွေ၊ဆိုင်တွေ၊ဈေးတွေ၊အလုပ်ရုံရှေ့တွေမှာထိုင်းဘာသာနဲ့ လတ်စမတ်ငန် (အလုပ်သမား အလိုရှိသည်) ဆိုတာတွေ့နေကြ။ဒါပေမယ့် မြန်မာအလုပ်သမားတစ် ယောက်အနေ့နဲ့ တန်ရာတန်ကြေးရတဲ့ အလုပ်ဆိုတာခပ်ရှားရှား၊ နောက်ပြီးကိုယ်ရှာပေးတဲ့ အလုပ်နဲ့ သူတို့လုပ်ချင်တဲ့ အလုပ်လည်း တူညီချင်မှ တူညီမှာ။ ဒါပေမယ့် ဘာပဲပြောပြော သူတို့ကို နိုင်သလောက် အလုပ်ရှာပေးခဲ့ပါတယ်။
ခုတော့ ဆန္ဒပြပွဲတွေ ပြီးဆုံးကုန်ပါပြီး။ ဒါပေမယ့် အရေးပေါ်အခြေအနေ ပြဌာန်ထားတုန်းပဲပါ။ ညမထွတ်ရအမိန့်။ ညမထွတ်ရအမိန့်ဆိုတော ဘန်ကောက်တစ်မြို့လုံးက ညအလုပ်သမားတွေ အားလုံးနီးပါး အလုပ်ရုံတွေ စားသောက်ဆိုင်တွေ ပိတ်လိုက်ကြတယ်။ခုတော့ ည ၁၂ မှ မနက် ၄ နာရီထိမထွတ်ရ အမိန့်။ညအလုပ်သမားတွေ ထိခိုက်ကြကုန်ရော။ ၁၁ နာရီလောက်မှာ စာသောက်ဆိုင်တွေ ပိတ်လိုက်ရတယ်။ မနက် ၄ နာရီထိုးရင် ပြန်ပြီးအလုပ်ပြန်လုပ်ကြရတယ်။ အဲဒီထဲမှာ ညဌက်တွေလည်း ပါတယ်။ သူတို့ကတော့ ဆင်ပိန်ရင် ကျွဲလောက်ကျန်သေ တယ်လို့ပြောရမယ်။ ဒါပေမယ့် အရင်ကလောက် ဖောက်သည်တွေ များများစားစားမရတော့ဘူး။ ည ၁၂နောက်ပိုင်း မထွတ်ရဆိုတော့ အဲဒီမတိုင်းခန့် ကထဲက ဖောက်သည်ရှာထားရတယ်။ ဒါလည်းသိပ်မကြာပါဘူး၊ နောက်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဒါပေမယ့် အလုပ်ပြုတ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့ ခုချိန်မှာ အကူအညီတွေ လိုအပ်နေတာကတော့ အမှန်ပါပဲ။
သူတို့လိုချင်တာကတော့ သူတို့စိတ်ကြိုက် အလုပ်သစ်ပြန်ရရေးပါပဲ။
အယ်ကဟော
၂၅၊၅၊၂၀၁၀

အပြည့်အစုံသို့ >>

Tuesday, 23 February 2010

မဲဆောက်စက်ရုံမြင်ကွင်းစုံ (၃)

သီဟဟိန်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် မဇ္စျိမ 

ဘီဘီတော့ သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ
 မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဆိုရင် လူတိုင်းသိကြမှာပါ။ အဲဒီဆေးခန်းနဲ့ မနီးမဝေးလေးမှာ ယူကလစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ အဆောက်အဦးဟာ ကျနော်လုပ်ခဲ့တဲ့ သိုးမွှေးစက်ရုံပေါ့။ အလုပ်သမားတွေကတော့ ဘတ် ၁ဝဝ စက်ရုံလို့ ခေါ်ကြပါတယ်။ စက်ရုံရဲ့ အမည်ကတော့ အင်္ဂလိပ်လို B.B.Top သိုးမွှေးစက်ရုံ ဖြစ်ပါတယ်။စက်ရုံစဖွင့်တာ ၁၉၉၇ ခုနှစ်လောက်ကပါ။ သူဋ္ဌေးတွေ တယောက်ပြီးတယောက် ပြောင်းပြီး လုပ်ကိုင်လာကြရာ ကျနော်တို့ အလုပ်လုပ်တဲ့ အချိန်မှာတော့ သူဋ္ဌေးက နိုင်ငံခြားသား တရုတ်တယောက်ပါ။ သူ့အမျိုးသမီးကတော့ ထိုင်းနိုင်ငံသူပါ။ စက်ရုံမန်နေဂျာက မြန်မာစကား ရေရေလည်လည်တတ်တဲ့ ထိုင်းလူမျိုးပါ။ ထိုင်းလူမျိုး မန်နေဂျာရဲ့ အောက်မှာမှ လူမှုရေးမန်နေဂျာဆိုပြီး မြန်မာတယောက် ခန့်ထားပါတယ်။ စက်ဆွဲတဲ့ဘက်မှာလည်း လိုင်းချုပ်ဆိုတာ အကြီးဆုံးပါ။ ဝဏ္ဏလို့လည်း ခေါ်ပါတယ်။ သူလည်း ထိုင်းစကားတတ်တဲ့ မြန်မာလူမျိုးပါပဲ။ ဆွဲတဲ့ အထည်တွေကို သူက တာဝန်ခံရပါတယ်။  သူ့အောက်မှာမှ စက်ပြင်ဆရာ ၄-၅ ယောက်လောက် ရှိပါတယ်။ ကျန်တဲ့ ဋ္ဌာနတွေမှာလည်း သူ့အပိုင်းနဲ့သူ ဆရာတွေ၊ ဆရာမတွေ ရှိပါတယ်။ စက်ရုံလုံခြုံရေး (ထိုင်းလို-ယန်း) တွေကတော့ မြန်မာလူမျိုး နှစ်ယောက်ကိုပဲ ခန့်ထားပါတယ်။ ယန်းဝတ်စုံဝတ်တာ မတွေ့ပါဘူး။ စက်ရုံဆန္ဒပြတဲ့ အချိန်မှသာ ယူနီဖောင်းနဲ့ ယန်းတယောက် ငှားထားတာ တွေ့ရပါတယ်။
အလုပ်သမား ၃ဝဝ ကျော်၊ ၄ဝဝ လောက် ရှိပါတယ်။ ယောက်ျားလေး မိန်းကလေးအစုံပါပဲ။ မိန်းကလေးက ပိုများပါတယ်။ မနက် ၈ နာရီကနေ ည ၁ဝ နာရီထိ ပုံမှန်အလုပ်ဆင်းရပါတယ်။ (နေ့လည် ၁၂ နာရီကနေ ၁ နာရီ၊ ညနေ ၅ နာရီကနေ ၆ နာရီထိ ထမင်းစားချိန်) အလုပ်အရေးကြီးရင် ကြီးသလို မိုးလင်းပေါက်လုပ်ရတာလည်း ရှိပါတယ်။ အချိန်ပိုကြေး မရပါဘူး။ အလုပ်မရှိတဲ့ အချိန်တွေမှာလည်း သူဋ္ဌေးက ထမင်းနဲ့ နေစရာပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြားစရိတ်တွေအတွက် အပြင်အလုပ် ထွက်လုပ်ကြရပါတယ်။ အလုပ်မရှိရင် ထမင်းပဲစားပေါ့။

ကျနော်တို့ စက်ရုံရဲ့ လစာထုတ်တဲ့ရက်က လစဉ် ၁ဝ ရက်နေ့ ဖြစ်ပါတယ်။ တခါတလေ အဲဒီနေ့ထက် ကျော်သွားတာမျိုးလည်း ရှိပါတယ်။ ဒါဇင် ပိတ်တာက လကုန်ရက်ဆို ပိတ်ပါတယ်။ ၃ဝ၊ ၃၁ ရက်ပေါ့။ ဒါဇင်ပိတ်တယ် ဆိုတာ လဆန်း ၁ ရက်နေ့ အလုပ်အသစ်စတဲ့ သဘောပေါ့။ အဲဒီအတွက် ကျနော်တို့ကို လုပ်အားခထုတ်ပေးတဲ့ အချိန်မှာ သူဋ္ဌေးဆီမှာ ကျနော်တို့လုပ်အားခ ၁ဝ ရက်စာ ကျန်နေသေးတဲ့ သဘောပါ။ သူဋ္ဌေးက ရက်ပေါင်ကြေး ယူတယ်လို့ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာဆို ရက်ပေါင်ကြေး ၁၅ ရက်စာလောက်တောင် ယူတယ်လို့ သိရပါတယ်။

အဲဒီရက်ပေါင်ကြေးကို အလုပ်သမားအနေနဲ့ တခြားရုံပြောင်းချင်လို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်ပြန်လို့ပဲဖြစ်ဖြစ် သူဋ္ဌေးက ထုတ်ပေးလေ့ မရှိပါဘူး။ ဒါဇင်ပိတ်တဲ့ လကုန်ရက်ကျော်လို့ ၅ ရက်နေ့လောက်မှာ ကျနော်တို့လုပ်ထားတဲ့ အထည်တွေရဲ့ဈေးနှုန်းကို သူဋ္ဌေးက ကြေညာပါတယ်။ ဘယ်အထည်က ဘယ်ဈေးဆိုတာမျိုးပါ။ မဲဆောက်မှာ စက်ရုံတွေအများကြီးရှိနေတော့ သူဋ္ဌေးဈေးပြောတဲ့အချိန်မှာ ကျနော်တို့က အဲဒီအထည်တွေရဲ့ ဈေးကို သိနေပြီးသားပါ။ ဒါပေမဲ့ သူဋ္ဌေးက အမြဲတမ်း ဈေးကို နည်းနည်းပဲ ပေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေက အတင်းပြော၊ အတင်းတောင်းမှသာ နည်းနည်းလေး တိုးပေးပါတယ်။ ဥပမာ တခြားရုံမှာ တဒါဇင်ကို ဘတ် ၁၃ဝ လောက် ပေးတဲ့အထည်ကို သူဋ္ဌေးက ၁ဝဝ ပေးထားတယ်။ ကျနော်တို့ တိုးတောင်းလို့ ၁ဝ၅ ဘတ်လောက် ပေးတယ်။ အလုပ်သမားတွေ မကျေနပ်ကြပါဘူး။ မကျေနပ်ပေမယ့်လည်း လုပ်နေကြရတာပါပဲ။

နောက် ကျနော်တို့စက်ရုံမှာ လူ ၃ဝဝ၊ ၄ဝဝ လောက် ရှိတာကို အိမ်သာ ၆ လုံးပဲ ရှိပါတယ်။ ၆ လုံးထဲကမှ ၂ လုံးက ပျက်နေတယ်။ မနက်ဆိုရင် ယောက်ျား-မိန်းမ တန်းစီနေတာပဲ။  အဲဒါလည်း သူဋ္ဌေးက ပြင်မပေးဘူး။ နောက်တခုက ရေ။ ရေဆိုလည်း ဒီလိုပဲ၊ မနက်အိပ်ယာထရင် မျက်နှာသစ်စရာ မရှိဘူး။ ရေ ဝဝလင်လင် မချိုးရဘူး။ အဲဒါလည်း သူဋ္ဌေးက လုပ်မပေးဘူး။ မနက် ၈ နာရီ အလုပ်ဝင်ဖို့ကို ၇ နာရီခွဲလောက်ကတည်းက ဘဲလ်တီးတယ်။ အလုပ်လွှတ်ချိန်ဆိုရင် ဘဲလ်တီးဖို့ မေ့တောင်နေတယ်။ အလုပ်ချိန်များများ လုပ်ရတဲ့ လတွေမှာလည်း ဒါဇင်ဈေး နည်းတော့ လုပ်ခ သိပ်မရကြပါဘူး။ ကျွမ်းကျင်တဲ့သူတွေ အလုပ်ကောင်းရင် ၃-၄ ထောင်လောက် ရပေမယ့် မကျွမ်းကျင်ရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်ပါပဲ။ ဟင်းဖိုးက လပေးစားတာတောင် တလ ဘတ် ၅ဝဝ ရှိတယ်။ နေ့တိုင်းဝယ်စားမယ်ဆိုရင် တနေ့ ၃ဝ လောက် ကုန်တယ်။

အဲဒီလိုပဲ ကျနော်တို့ အလုပ်သမားတွေ အလုပ်ရှိတဲ့အခါ လုပ်လိုက်၊ အလုပ်မရှိတဲ့အခါ ပြန်တဲ့သူပြန်၊ တခြား အလုပ် လုပ်သူလုပ်နဲ့ အလုပ်လုပ်လာခဲ့ကြတာ ၂ဝဝ၆ ခု အောက်တိုဘာလထဲမှာ ပြဿနာတက်တော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ စက်ရုံက ကောင်မလေးနှစ်ယောက် အလုပ်က ခွင့်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်နေဂျာ (ထိုင်းလူမျိုး) နဲ့ စကားများတယ်။ သူတို့က မြဝတီမှာ နေတာပါ။ ခဏခွင့်ပေးလိုက်ရင် ညနေ ဒါမှမဟုတ် နောက်တနေ့ဆို ပြန်လာကြမှာပါ။ နောက်ဆုံးတော့ ခွင့်မပေးနိုင်ဘူး၊ နင်တို့ပြန်မယ်ဆို အပြီးပြန်၊ ပြန်မလာနဲ့တော့ဆိုတော့ ကောင်မလေးနှစ်ယောက်လည်း ပြန်သွားကြတာပေါ့။

အဲလိုအပြန်မှာ မန်နေဂျာက နောက်ကနေ ကားနဲ့လိုက်သွားပြီး လမ်းမှာကားနဲ့တိုက်တယ်။ ကောင်မလေး နှစ်ယောက်လည်း ရှောင်ပေးလိုက်ပြီး လမ်းဘေးမှာရှိတဲ့ စပါးပင်တွေ တောထဲကို ထွက်ပြေးသွားတယ်။ စပါးခင်းတွေက လမ်းမကြီးနဲ့ ကျနော်တို့ စက်ရုံကြားထဲမှာပါ။ မန်နေဂျာလည်း ဒုတ်ယူပြီး ကားပေါ်ကနေ ဆင်းလိုက်သွားတယ်။ မိန်းကလေးနဲ့ ယောက်ျားဆိုတော့ မီတာပေါ့။ မီလည်းမီရော ပါလာတဲ့ဒုတ်နဲ့ ရိုက်တော့တာပေါ့။ အဲဒီမှာ ကျန်တဲ့ မိန်းကလေးတယောက်က အော်ပြီး အကူအညီတောင်းတဲ့ အသံကို တယောက်စကား တယောက်နား ကျနော်တို့ စက်ရုံထဲကလူတွေ သိသွားတယ်။ အဲဒီမှာတင်ပဲ စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ လူအားလုံး ရရာလက်နက်ဆွဲပြီး လယ်ကွင်းထဲကို ဆင်းတော့တာပဲ။

လူအုပ်ကြီး လိုက်လာမှန်းကို သိသွားတဲ့ မန်နေဂျာက လူပါး။ ကောင်မလေးတွေကို ရန်မလုပ်တော့ဘဲ လူအုပ်ဘက်ကို လှည့်ပြီး မင်းတို့ အေးအေးဆေးဆေး နေကြပါ၊ ဆရာ အကြောင်းစုံကို ရှင်းပြပါမယ်၊ ဆရာမှားတယ်ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး အလုပ်သမားတွေကို လေပြေထိုးပါတယ်။ မန်နေဂျာက သူ့ကိုယ်သူ ဆရာဆိုပြီး ပြောလေ့ရှိပါတယ်။ အလုပ်သမားတွေကလည်း သူ့ကို ဆရာလို့ပဲ ခေါ်ကြပါတယ်။ အဲဒီနောက် ကောင်မလေးနှစ်ယောက်ရော၊ မန်နေဂျာပါ လူအုပ်နဲ့အတူ စက်ရုံဝင်းထဲကို ရောက်လာကြပါပြီ။ လူအုပ်ကြီးကလည်း ရိုက်မယ်ပုတ်မယ် တကဲကဲနဲ့ပေါ့။ အဲဒီအထဲမှာ နည်းနည်းနားလည်တဲ့ သူတယောက်က ဘာမှမလုပ်ကြနဲ့၊ သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမယ်၊ အေးအေးဆေးဆေး ရှင်းကြပါဆိုပြီး တားတော့ လူအုပ်ကြီးကလည်း မကျေနပ်စွာနဲ့ ငြိမ်နေလိုက်ရတယ်။ ကောင်မလေးတွေကတော့ ဒဏ်ရာတွေနဲ့ပါ။ လူအုပ်ကြီး လိုက်မလာပါက အသက်ရှင်ဖွယ်မရှိကြောင်း ငိုငိုပြီး လူအုပ်ကြီးကို အားကိုးတကြီးနဲ့ တိုင်နေပါတော့တယ်။

သူဋ္ဌေးက ဒီကိစ္စကို ဘာမှဖြေရှင်းပေးတာ မရှိပါဘူး။ မန်နေဂျာနဲ့ဖြစ်တာ၊ သူနဲ့မဆိုင်ဘူးတဲ့လေ။ အလုပ်သမားတွေလည်း ဒေါသထွက်ပြီး အလုပ်မဆင်းကြတော့ဘူး။ အဲဒီမန်နေဂျာကို ထုတ်ပေးဖို့နဲ့ တခြား အလုပ်သမား အခွင့်အရေးတွေကိုပါ တောင်းဆိုလာကြတော့တယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုတယ်ဆိုတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘီအီး ၂၅၄၁ လို့ ခေါ်တဲ့ အခွင့်အရေးအတိုင်း အပြည့်အဝ တောင်းဆိုတာ မဟုတ်ပါဘူး။ အထက်က ပြောခဲ့သလို အလုပ်ချိန် အရမ်းများရင် အချိန်ပိုကြေးပေးဖို့ (ဥပမာ - ည ၉ နာရီထက် ကျော်ရင်ပေါ့)။ ဒါဇင်ဈေးကိုလည်း သူများရုံတွေအတိုင်း ပေးဖို့၊ အိမ်သာပြင်ပေးဖို့နဲ့ ရေအလုံအလောက်ရဖို့၊ စတဲ့ အဓိက လိုအပ်ချက်လေးတွေလောက်ပဲ တောင်းတာပါ။ သူဋ္ဌေးက အလုပ်သမားထဲက လူတချို့ကို သူ့ရုံးခန်းထဲမှာခေါ်ပြီး ညှိနှိုင်းပါသေးတယ်။ ဒါပေမဲ့ သူလိုက်လျောတဲ့အချက်တွေက မဖြစ်စလောက်လေးတွေပါ။ အလုပ်သမားတွေက မကျေနပ်ကြပါဘူး။ အလုပ်မဆင်းဘဲ ဆက်ဆန္ဒပြကြပါတယ်။

သူဋ္ဌေးကလည်း အလုပ်သမားတွေ အလုပ်မဆင်းတော့ ပြန်ပြီး ညစ်ပတ်လာပြီ။ ထမင်းပေးနေရာကနေ ထမင်းမပေးတော့ဘူး။ သုံးရေသောက်ရေ အကုန်ဖြတ်တယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ဘာရမလဲ၊ ပိုက်ဆံစုပြီး ဆန်တွေ၊ ဆီတွေ ဝယ်တာပေါ့။ ဟင်းစားကတော့ စက်ရုံပတ်လည်မှာရှိတဲ့ မန်ကျည်းပင်တွေပေါ်က မန်ကျည်းရွက်ပေါ့။ လယ်ကန်သင်းတွေမှာလည်း ကန်စွန်းရွက်တွေ ရှိတယ်။ အဲဒါတွေခူးပြီး ချက်စားတာပေါ့။ စားလို့ကောင်းမှ ကောင်း။ အဲဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားသောက်နေတဲ့အချိန်မှာ သူဋ္ဌေးကတော့ အကြံနဲ့ပေါ့။ စက်တွေကို သူ့ရဲ့ တခြားစက်ရုံကို ပြောင်းရွှေ့နေပါပြီ။ စက်ရုံထဲမှာရှိတဲ့ သူဋ္ဌေးရဲ့ အလိုတော်ကျလူတွေနဲ့ပေါ့။ အဲလိုလူတွေလည်း ရှိပါတယ်။ ကျနော်တို့ အလုပ်သမားတွေဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပါတယ်။ စက်ရုံရဲ့ပစ္စည်း၊ သူဋ္ဌေးပိုင်တဲ့ဟာကို ဘာတခုမှ ပျက်စီးအောင် မလုပ်ကြပါဘူး။

တနေ့မှာတော့ ကျနော်တို့ အလုပ်သမားတွေ ထမင်းဟင်း ချက်နေတုန်း စက်ရုံထဲကို ပုလိပ်ကားနဲ့ ပုလိပ်တွေရော၊ အချုပ်ကားကြီးတွေရော၊ နောက်ပြီး ထိုင်းတံဆိပ်တွေတပ်ထားတဲ့ အဖွဲ့အစည်းက ကားတွေ ဝင်လာပါတယ်။ အလုပ်သမားတွေ အကုန်လုံးကိုခေါ်ပြီး စက်ရုံကွင်းပြင် နေပူထဲမှာ တန်းစီပြီး ထိုင်ခိုင်းထားပါတယ်။ ကျနော်တို့လည်း ဘုမသိဘမသိနဲ့ ထိုင်ရတာပေါ့။ ရဲတွေရဲ့ မျက်နှာတွေက ခက်ထန်မာကြောနေတာပဲ။ အားလုံးကတော့ တိုင်ပင်ထားတာပေါ့။ ဖမ်းမယ်ဆိုရင်လည်း တယောက်ယောက်ကိုဖမ်းရင် အကုန်လုံးကားပေါ်ကို တက်လိုက်ဖို့။ အားလုံးကလည်း သဘောတူကြပါတယ်။ အဲဒီအချိန်မှာ စကားပြောလို့လည်း မရဘူး။ ဖုန်းပြောလို့လည်း မရဘူး။ အလုပ်သမားတယောက် ဖုန်းပြောနေလို့ ဖုန်းကို သိမ်းလိုက်တယ်။ ကျနော်တို့ စက်ရုံပိုင်ရှင်သူဋ္ဌေးလည်း ရှိပါတယ်။

လာတဲ့အဖွဲ့ထဲက အမျိုးသမီးကြီးတယောက် ဆဝါဒီကန်ရုံး (အလုပ်သမားဝါဏိဇ္ဇပဋိပက္ခရုံး) ကလို့ ထင်ပါတယ်။ သူက မင်းတို့ ဘာဖြစ်လို့ အလုပ်မဆင်းကြတာလဲဆိုပြီး စကားပြန်နဲ့ မေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ကျနော်တို့ အလုပ်ဆင်းမှာပါ။ သူဋ္ဌေးက ပေးမဆင်းတာပါလို့ ပြန်ဖြေကြတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးက စက်အားလုံးနီးပါး တခြားရုံကို ပြောင်းပြီးနေပါပြီ။ လုပ်စရာအလုပ်လည်း မရှိတော့ပါဘူး။ စက်ခန်းထဲကိုလည်း ပေးမဝင်တော့ပါဘူး။ အဲဒီလို အားလုံးက ဖြေလိုက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးကြီးက ဆက်မပြောဘဲ သူဋ္ဌေးနဲ့ ဘာတွေ ပြောမှန်းမသိပါဘူး။ စကားများနေတဲ့ပုံပါပဲ။

နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကြီးကပဲ ဆက်ပြောပါတယ်။ မင်းတို့ အလုပ်သမားတွေ အားလုံးကို သူဋ္ဌေးက မယူတော့ဘူး။ စက်ရုံပိတ်လိုက်ပြီ။ အဲဒါ မင်းတို့ အလုပ်သမား လက်မှတ်တွေကို ၇ ရက်အတွင်း တခြား သူဋ္ဌေးရှာပြီး သက်တမ်းဆက်ပေါ့။ ၇ ရက်ပြည့်ရင်တော့ မင်းတို့လက်မှတ်တွေ (ဘတ်တွေ) သက်တမ်းကုန်ပြီ။ ဒီရုံထဲမှာလည်း နေလို့မရတော့ဘူး။ တခြားအလုပ်ရှာကြပါဆိုပြီး ပြောသွားပါတယ်။ အဲဒီအမျိုးသမီးကြီး ပြောပြီးတဲ့အချိန်မှာ ရဲတွေကလည်း မျက်နှာထားက စဝင်လာတုန်းကလို မဟုတ်တော့ပါဘူး။ ဘာဟင်းချက်လဲ၊ ဘာညာနဲ့ ဟင်းအိုးတွေ ဖွင့်ကြည့်ပြီး မင်းတို့ ထမင်းစားလို့ရပါပြီ။ ဘာမှမဟုတ်ပါဘူး။ ငါတို့ကိုခေါ်တာက အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုပြီး ခေါ်လို့ အခုလို လာရတာပါ။ ဒီရောက်တော့ သူတို့သိထားသလို မဟုတ်တဲ့အတွက် အားနာပါတယ်၊ စိတ်မဆိုးပါနဲ့လို့တောင် ပြောသွားကြပါသေးတယ်။

ကျနော်တို့ စက်ရုံမှာက ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်) ရှိတဲ့သူ ရှိသလို၊ မရှိတဲ့သူတွေလည်း ရှိပါတယ်။ ဘတ်ရှိတဲ့ သူကိုတော့ သူဋ္ဌေးက တလကို ဘတ် ၄ဝဝ ဖြတ်ပါတယ်။ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်တာပါ။ ဘတ်မရှိတဲ့ အလုပ်သမားတွေကိုတော့ (သူဋ္ဌေးက လုပ်မပေးတာပါ) တလကို ဘတ် ၁၅ဝ ဖြတ်ပါတယ်။ ရဲကြေးလို့ ပြောပါတယ်။ တချို့အလုပ်သမားတွေ ဘတ်သက်တမ်းဆက်ရန် တခြားစက်ရုံတွေမှာ အလုပ်သွားလျှောက်ကြပါတယ်။ ဘယ်စက်ရုံကမှ လက်မခံပါဘူး။ ကျနော်တို့သူဋ္ဌေးက စက်ရုံတွေကို သတင်းပို့ပြီးပါပြီ။ သူ့ဆီက အလုပ်သမားတွေ လာရင် လက်မခံဖို့။ သူဋ္ဌေးတွေကလည်း ညီညွတ်လိုက်ကြတာ။ B.B.Top က အလုပ်သမားဆိုရင် နိုးပဲ၊ အဲအချိန်မှာတော့။ ဒီလိုနဲ့ ၇ ရက်ကလည်း ပြည့်တော့မယ်။ ကျနော်တို့တွေလည်း စဉ်းစားရပြီပေါ့။ ဘာဆက်လုပ်ကြမယ်ဆိုတာကို။

တချို့အလုပ်သမားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတဲ့အထဲ မပါနိုင်တော့ပါဘူး။ ရစရာရှိတဲ့ လုပ်ခလေးတွေထုတ်ပြီး ပြန်တဲ့သူလည်းပြန်၊ တခြားပြောင်းသူလည်း ပြောင်းကုန်ကြပါတယ်။ ဆက်လက် တိုက်ပွဲဝင်မယ့် အလုပ်သမား ၁ဝဝ ကျော်ပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (Y.C.O.W.A) ရဲ့ အကူအညီကြောင့် ကျနော်တို့ ဆန္ဒပြသူ လူ ၁ဝဝ ကျော်ရဲ့ စားဝတ်နေရေး ခဏတာ အဆင်ပြေသွားပါတယ်။ အဲဒီအဖွဲ့နဲ့ မက်ဖေါင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ပဲ ဆဝါဒီကန် ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေ အသုတ်လိုက် ခွဲပြီး ဖောင်ဖြည့်တိုင်ကြားရပါတယ်။

အဲလိုဖောင်ဖြည့်ပြီး တိုင်တဲ့အချိန်ကြမှပဲ အလုပ်သမားယောက်ရဲ့ ရပိုင်ခွင့်တွေ သိပါတော့တယ်။ တာ့ခ်ရိုင် မဲဆောက်မှာဆို အဲဒီအချိန်တုန်းက အလုပ်သမားတယောက်ရဲ့ လုပ်အားခဟာ တနေ့အလုပ်ချိန် ၈ နာရီအတွက် ၁၄၃ ဘတ်ပါ။ အခုဆို ၁၅ဝ ကျော်သွားပါပြီ။ အချိန်ပိုလုပ်အားခကတော့ တနာရီကို ၂၅ ဘတ်လောက် ရှိပါတယ်။ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေ (ဥပမာ - ဘုရင့်မွေးနေ့လိုဟာမျိုး) မှာ အလုပ်ဆင်းရရင် လုပ်အားခရဲ့ ၃ ဆ ရ,ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီအတိုင်း ဖောင်ဖြည့်လိုက်ကြတာ တယောက်ကို လုပ်သက်နှစ်အလိုက် အနည်းဆုံး ဘတ် ၄ သောင်းလောက် ရ,ရမှာပါ။ နှစ်များတဲ့သူတွေကတော့ ဘတ်သိန်းဂဏန်း ရှိပါတယ်။ ဆဝါဒီကန်ရဲ့ အမိန့်ကို ၃-၄ လလောက် စောင့်ရပါသေးတယ်။ အချိန်တန်လို့ ဆဝါဒီကန်က အမိန့်ချတဲ့အခါမှာတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ သူဋ္ဌေးဆီက ရစရာ တပြားမှ မရှိပါဘူးတဲ့။ သူဋ္ဌေးအနေနဲ့ လျော်ပေးစရာ မလိုဘူးပေါ့။

ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဘယ်လိုအမိန့်ချတယ် ဆိုတာကိုတော့ ကျနော်တို့လည်း နားမလည်ပါဘူး။ ကျနော်တို့ စက်ရုံက ထွက်လာတုန်းက ကိုယ်ရစရာရှိတဲ့ လုပ်အားခကိုတောင် ထုတ်မလာကြပါဘူး။ လုပ်အားခ ထုတ်လိုက်ရင် အမှုတိုင်လို့ မရမှာစိုးကြလို့ပါ။

ကျနော်တို့ကို ကူညီပေးနေတဲ့အဖွဲ့က ဆဝါဒီကန်က အမိန့်ချတာကို မကျေနပ်ရင် တရားရုံးကို ဆက်တက်လို့ ရတယ်။ အဲဒီအတွက် ရှေ့နေငှားရမယ်။ ကျနော်တို့ကလည်း အမှုသာနိုင်မယ်ဆိုရင် ဘယ်အထိပဲ တက်ရတက်ရ၊ လုပ်မယ်ဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့အမှု တရားရုံးကို ရောက်သွားတယ် ဆိုပါတော့။ တရားရုံးချိန်းကိုတော့ အလုပ်သမားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ၅ ဦးပဲတက်ရင် ရပါတယ်။ ကျန်တဲ့အလုပ်သမားတွေ မတက်လည်း ရပါတယ်။ အလုပ်ပျက်စရာ မလိုတော့ဘူးပေါ့။ နောက်မှ တရားရုံးရဲ့ အခြေအနေတွေကို ကိုယ်စားလှယ်တွေက ပြန်ရှင်းပြပေါ့။ တရားရုံးမှာ ဆဝါဒီကန်က ဝန်ထမ်းတွေလည်း တွေ့ရကြောင်း၊ ကျနော်တို့ဘက်က ရှေ့နေတွေရှိသလို သူဋ္ဌေးဘက်ကလည်း ရှေ့နေရှိကြောင်း၊ မြန်မာစကားပြန် ထားပေးကြောင်း ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တရားရုံး ဘယ်နှစ်ကြိမ်တက်လိုက်ရလဲတော့ အတိအကျ မသိတော့ပါဘူး။ နှစ်တွေလည်း ကြာခဲ့ပြီကိုး။ အခု ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာတော့ ကိုယ်စားလှယ်တွေကတဆင့် ဖုန်းနဲ့ဆက်သွယ်လာတယ်။ ကျနော်တို့အမှု လျော်ကြေးရပြီ။ ရောင်ခြည်ဦးကို ဘယ်နေ့ဘယ်အချိန် လာခဲ့ပါဆိုတော့ ဝမ်းသာလိုက်တာဗျာ.. ပြောမပြတတ်အောင်ပါပဲ။ အလုပ်သမားအချင်းချင်း လမ်းမှာတွေ့ရင်လည်း ဒီအကြောင်းပဲ ပြောပြောပြီး ပျော်နေကြတာ။

ကျနော်လည်း ပျော်လွန်းလို့ အဲဒီနေ့ အစောကြီးကိုသွားတာ။ ဟိုရောက်တော့ ကိုယ့်ထက်စောတဲ့ သူတွေတောင် ရှိနေတယ်။ တချိန်တုန်းက တရုံထဲ အတူတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့ ပျော်စရာကောင်းနေလိုက်တာ။ တချို့ဆို အိမ်ထောင်တွေကျလို့ ကလေးတွေ တို့လို့တွဲလောင်းနဲ့၊ တိုးပွားလာလိုက်ကြတာ။ တချို့ဆို ကလေးနှစ်ယောက်။ အလုပ်သမား ၁ဝဝ ကျော်ရှိတာ အကုန်မလာနိုင်ကြပါဘူး။ ဘန်ကောက်သွားတဲ့သူ၊ မြန်မာပြည်ပြန်တဲ့သူတွေလည်း ရှိပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ မက် (MAP) ဖောင်ဒေးရှင်းက ကားနဲ့ ရောက်လာကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေကိုစုပြီး စကားပြောပါတယ်။ ကျနော်တို့ အမှု လျော်ကြေးငွေ ရပြီဖြစ်ကြောင်း၊ ဘယ်လောက်ရတယ်ဆိုတာ သိကြလားဆိုတော့… တချို့လည်း သိတယ်။ တချို့လည်း မသိဘူးပေါ့။ သူကပဲ ဆက်ပြောပါတယ်။ လျော်ကြေးက ၃ ရာခိုင်နှုန်းပဲရကြောင်း၊ အတိအကျဆို ဘတ်ငွေ ၃ သိန်း ၉ သောင်းနဲ့ ၆ ထောင်ပဲရပါတယ်။ ၃ ရာခိုင်နှုန်းပဲရတာဆိုတော့ ကျနော်တို့ အလုပ်သမားတွေ ရစရာရှိတာ ဘတ် ၁၃၂ သိန်းပေါ့။ အလုပ်သမားအများစုက ၃ ရာခိုင်နှုန်းကို နားမလည်ကြလို့ သေချာရှင်းပြပါတယ်။ သူဋ္ဌေးဆီမှာ ၁ဝဝ ရဖို့ တင်ထားတယ်ဆိုရင် ၃ ဘတ်ပဲရမှာဖြစ်ကြောင်း ရှင်းပြတော့ တချို့အလုပ်သမားတွေလည်း မျက်နှာမကောင်းဘူးပေါ့။ နှစ်တွေ ဒီလောက်ကြာကြီးရင် ဆိုင်လာတာ ဒီလောက်ကလေးကတော့ နည်းတယ်ပေါ့။

ဒါပေမဲ့ မရတာထက်စာရင် ရတယ်ဆိုတာ တော်သေးတယ်ပေါ့ဆိုပြီး ဖြေသိမ့်ကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေက သူဋ္ဌေးဆီက အခုလို လျော်ကြေးငွေရတာကို အမှုနိုင်တယ်လို့ပဲ ထင်နေကြတာပါ။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေအရ ကျနော်တို့ ရရမယ့်ငွေဟာ အတော်များပါတယ်။ အခုတော့ နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့ အလုပ်သမား ၂ဝဝ၄ ခုနှစ်ကတည်းက ၄ နှစ်လောက် လုပ်လာတဲ့သူဆို ဖောင်ဖြည့်တုန်းက သူ ရ,ရမှာ ဘတ် ၂ သိန်းလောက် ဖြစ်ပေမယ့်၊ လက်တွေ့မှာ ၆ ထောင်လောက်ပဲ ရပါတော့တယ်။ လပိုင်းပဲ ရှိတဲ့သူ (၇ လလောက်) ကတော့ သူရစရာရှိတာ ၄ သောင်းဆိုရင် ၁၂ဝဝ ပဲ ရပါတယ်။ ၅ဝဝ-၆ဝဝ သမားတောင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်တွေ အဆင်မပြေတဲ့အချိန်မှာ အခုလို သုံးစရာလေး ရတယ်ဆိုတော့ ပျော်နေကြရတာပေါ့။

ကျနော်တို့လို ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးလို့ သူတပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေရတဲ့ သူတွေအတွက် ဥပဒေဆိုတာကတော့ ရှိနေမှာပါ။ အဲဒီဥပဒေအတိုင်းလည်း တနေ့နေ့ တချိန်ချိန်မှာ ခံစား စံစားခွင့်တွေ အပြည့်အဝ ရရှိလိမ့်မယ်လို့ မျှော်လင့်နေမိပါတော့တယ်။ ။

(မှတ်ချက်။          ။ MAP= Migrant Assistance Programme)

မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၂)
မဲဆောက်က သိုးမွှေးလော
အပြည့်အစုံသို့ >>

Wednesday, 17 February 2010

အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု

.Monday, 15 February 2010 11:38 မမခင်
ဒီရက်ပိုင်းတွေမှာ မြန်မာပြန်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ လစာငွေတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲ ဆင်နွဲနေကြတာကို အားလုံးကြားသိကြမယ် ထင်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မြန်မာပြည်က စက်ရုံတွေမှာ ရရှိတဲ့ လစာငွေက သိပ်ကိုနဲပါးကြတာမို့ မကြာခဏဖြစ်လေဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါ ဖြစ်ရပ်ကတော့ လုပ်အားခလစာနဲပါးမှုအပေါ် မကျေနပ်မှု ဆန္ဒပြပွဲဟာ ယခင်ကဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတွေထက် ပိုမိုပြင်းထန်လာတဲ့အသွင်ကို ဆောင်နေပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အင်အားကလည်း နှစ်ထောင်ကျော်ရှိတာမို့ အင်အားတောင့်တင်းမှုကလည်း ယခင်ကဖြစ်လေဖြစ်ထရှိခဲ့တဲ့ စက်ရုံတွင်း ဆန္ဒပြပွဲတွေထက် ပိုပါတယ်။ ဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ 
.မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။

ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။

ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။

အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။

အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။

အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
အပြည့်အစုံသို့ >>

Friday, 12 February 2010

မဲဆောက်က သိုးမွှေးလောက

သီဟဟိန်း ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ သိုးမွှေးစက်ရုံပေါင်း ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ သူတွေဟာ မန်နေဂျာတွေကလွဲရင် အားလုံးဟာ ကျနော်တို့ မြန်မာအလုပ်သမားတွေပါပဲ။ ကျနော်တို့ ရွှေ့ပြောင်းလုပ်သား မြန်မာတွေဟာ မဲဆောက်ကို နည်းအမျိုးမျိုးနဲ့ ရောက်လာကြတာပါ။ တချို့လည်း ပွဲစားတွေက ရောင်းစားသွားလို့ ဒုက္ခရောက်ရတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ အများအားဖြင့် တရုတ်တွေ လာဖွင့်ထားကြတာပါ။ သုဝဏ္ဏမှာရှိတဲ့ စီးတာစက်ရုံ၊ လှိုင်သာယာက လင်းလက်၊ ရွှေသဇင် စတဲ့ နာမည်နဲ့ စက်ရုံတွေပါ။ ဒီစက်ရုံတွေက အလုပ်သမားတွေဟာ တလကို လုပ်ခလစာ အလွန်ဆုံး ၃ဝဝဝဝ (သုံးသောင်း) လောက်ပဲ ရကြပါတယ်။ လုပ်အားခ အဆမတန် နည်းလွန်းတာကြောင့် အများစုဟာ မဲဆောက်ကိုသွားပြီး အလုပ်လုပ်ကြပါတယ်။
မဲဆောက်ရဲ့ သိုးမွှေးလောက ခေတ်ကောင်းတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၆-၉၇-၉၈ ကာလတွေမှာဆိုရင် မြန်မာပြည်က အလုပ်သမားတွေကို ရန်ကုန်အထိ ဆင်းပြီးခေါ်တာမျိုး ရှိပါတယ်။ မဲဆောက်ကိုရောက်လို့ သိုးမွှေးအလုပ် မလုပ်တတ်သေးရင်လည်း စက်ရုံက သင်ပေးတဲ့အပြင် တနေ့ကို ဘတ် ၃ဝ ပေးထားပါသေးတယ်။ အလုပ်ကျွမ်းကျင်သွားရင် တလကို မြန်မာငွေ ၅ သောင်းလောက် ရပါတယ်။ သူဋ္ဌေးက နေစရာ ပေးတဲ့အပြင် ထမင်းလည်း ပေးပါသေးတယ်။ ဟင်းက ကိုယ့်ဟာကိုယ်စားပေါ့။ မြန်မာပြည်မှာဆို ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကိုယ့်အိမ်ကနေ သွားရတာပါ။ ဖယ်ရီကား ရှိပါတယ်။ ဒါပေမဲ့ ဖယ်ရီကားခ ပေးရပါတယ်။ မဲဆောက် သိုးမွှေးလုပ်ငန်းတွေ ကောင်းနေတဲ့ အချိန်တွေဆိုတော့ လာတဲ့သူတွေ အဆင်ပြေတာပေါ့။



အခု အဲလိုမဟုတ်တော့ပါဘူး။ သိုးမွှေးစက်ရုံမှာ တကယ်အလုပ်ကောင်းတဲ့ အချိန်က တနှစ်မှာ ၅ လ လောက်ပဲ ရှိပါတော့တယ်။ သင်္ကြန်ကျော်လောက်ကစပြီး စက်တင်ဘာကုန်အထိပဲ ကောင်းကောင်း လုပ်ရပါတယ်။ ကျန်တဲ့ လတွေက အော်ဒါလေးရရင် လုပ်လိုက်၊ မရရင် အပြင်အလုပ်ထွက်ပြီး ပန်းရံလုပ်၊ စပါးပေါ်ချိန် စပါးရိတ်၊ ပျိုးနှုတ်၊ ဘော်ကြယ်ထိုး၊ ပဲပေါ်ချိန်ကျ ပဲရိတ်၊ ပြောင်းဖူးချိုး စတဲ့ ကြုံရာအလုပ်တွေ လုပ်လိုက်နဲ့ပေါ့။ လုံးလည်ချာလည် လိုက်နေတာပါပဲ။ သူဋ္ဌေးက နေစရာနဲ့ ထမင်း ပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြား အသုံးစရိတ်တွေ ရှာရတာပေါ့။

အလုပ် တကယ်ကောင်းတဲ့ ကာလတွေမှာလည်း မနက် ၈ နာရီကနေ ည ၁၁ နာရီလောက်ထိ လုပ်ရပါတယ်။ သူဋ္ဌေးက အလုပ်တွေ အရေးကြီးလို့ အရမ်းခိုင်းတဲ့အချိန်မှာ အလုပ်မဆင်းနိုင်ရင် အလုပ်ပြုတ်ပြန်ရော။ တခါတလေ ညလုံးပေါက် မိုးလင်းတဲ့အထိ အလုပ်ဆင်းပေးရတာတွေ ရှိပါတယ်။ အဲဒီလို မတရား ခိုင်းပေမယ့် အချိန်ပိုကြေး မရပါဘူး။ မာမား (ခေါက်ဆွဲ) ၃ ဘတ်တန်လေး တထုပ်ပဲ ပေးပါတယ်။ တကယ်တော့ အချိန်ပိုဆိုတာ အလုပ်ချိန် ၈ နာရီ ကျော်သွားရင် အချိန်ပိုလို့ သတ်မှတ်တယ်လို့ သိထားပါတယ်။

ဒါပေမဲ့ မဲဆောက်သိုးမွှေးလောကရဲ့ အချိန်ပိုဆိုတာက ညဘက် ပုံမှန်ဆင်းရတဲ့ ၁ဝ နာရီ၊ ၁၁ နာရီကျော်မှပဲ အချိန်ပိုလို့ သတ်မှတ်ပေးတာပါ။ ဘယ်လောက်ပဲ နာရီတွေ ပိုလုပ်ပါစေ မာမားတထုပ်ပါပဲ။ တချို့စက်ရုံတွေတော့ ည ၉ နာရီကျော်သွားရင် အချိန်ပိုကြေး တနာရီကို ၆ ဘတ်၊ ၇ ဘတ်ရပါတယ်။ အဲလိုစက်ရုံမှာ လုပ်ရတဲ့ သူတွေဟာ ကံထူးတဲ့ ကျနော်တို့ ကိုရွှေမြန်မာတွေလို့ပဲ ပြောရမယ်။ တလမှာ တနင်္ဂနွေတရက်နဲ့ လစာထုတ်ပြီး နောက်ရက် ၂ ရက်ပဲ ပိတ်ပေးပါတယ်။ အဲဒါက စက်ရုံတိုင်းပါပဲ။ စနေ၊ တနင်္ဂနွေနဲ့ ထိုင်းနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမယ့် လုပ်ခလစာက ဒီအတိုင်းပါပဲ။

သိုးမွှေးစက်ရုံတခုမှာ ချည်ရစ်၊ ချည်ပေး၊ စက်ဆွဲ၊ အထည်စစ်၊ အထည်ဖာ၊ ထိုင်စက်၊ ချိတ်ကောက်ဆွဲ၊ ပါကင်ထုပ် စသဖြင့် သူ့ဌာနနဲ့သူ ရှိပါတယ်။ ချည်ရစ်ဆိုတာက စက်ရုံကို ရောက်လာတဲ့ သိုးမွှေးချည်တွေကို ပြန်ရစ်ရတာပေါ့။ အဲဒီဌာနအတွက်က အများအားဖြင့် မိန်းကလေးတွေကို အခန့်များပါတယ်။ ပုံမှန်အားဖြင့် အလုပ်ရှိရင် တနေ့ကို ဘတ် ၇ဝ လောက် ရပါတယ်။ ချည်ပေးဆိုတာက ရစ်ပြီးသား ချည်လုံးတွေကို အထည်ဖြစ်အောင် ဆွဲမယ့် စက်ဆွဲသမားတွေကို ထုတ်ပေးတဲ့နေရာပါ။ အဲဒီမှာ ချည်ပေးစာရေး၊ စာရေးမ စသဖြင့် ၂ ယောက်၊ ၃ ယောက်လောက် ရှိပါတယ်။ သူတို့က တလကို ဘတ် ၂၅ဝဝ ကနေ ၃ဝဝဝ ထိ ရပါတယ်။ လခစား မဟုတ်ပါဘူး။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ဖြတ်ပါတယ်။

အဲဒီချည်ပေးဌာနက ချည်တွေကို စက်ဆွဲသမားက စာအုပ်နဲ့ ထုတ်ရပါတယ်။ ဘာချည်အမျိုးအစား၊ ဘယ်ဂိတ်အတွက် ဘယ်လောက်ထုတ်တယ်ဆိုပြီး စာအုပ်ထဲမှာ မှတ်ပေးလိုက်ပါတယ်။ အလေးချိန် ကီလိုနဲ့ပေါ့။ ပြန်သွင်းတဲ့အချိန်မှာ ကိုယ်ဆွဲထားတဲ့ အထည်ရယ်၊ ပိုတဲ့ချည်လုံးရယ် ပေါင်းချိန်ပေါ့။ ထုတ်တဲ့ အလေးချိန်နဲ့ ကွာနေရင် လျော်ရတယ်။ စက်ဆွဲဌာနမှာ မိန်းကလေးရော၊ ယောက်ျားလေးရော ရှိပါတယ်။ အပ်တွေကိုလိုက်ပြီး ၃ ဂိတ်၊ ၅ ဂိတ်၊ ၇ ဂိတ်၊ ၉ ဂိတ်၊ ၁၂ ဂိတ် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဂိတ်ကြီးရင် အပ်သေးတယ်။ ဂိတ်သေးရင် အပ်ကြီးတယ်ပေါ့။ ဥပမာ - ၃ ဂိတ်အပ်က ၁၂ ဂိတ် အပ်ထက် အများကြီး ကြီးပါတယ်။

၃ ဂိတ်မှာဆို တော်ရုံမိန်းကလေးတွေ မဆွဲနိုင်ပါဘူး။ အပ်ကြီးတော့ စက်ကဆွဲရတာ လေးတာပေါ့။ အပ်သေးရင် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲနိုင်တယ်။ စက်ဆွဲတဲ့ နေရာမှာ အင်္ကျီတထည်ရဲ့ ရှေ့ခြမ်း၊ နောက်ခြမ်း၊ လက်၊ ကော်လံ စတာတွေကို သပ်သပ်စီ ဆွဲရပါတယ်။ ၁၂ ထည် (တဒါဇင်) ကို တထုပ်ပေါ့။ ချည်ထုတ်တဲ့ နေရာမှာပဲ ပြန်သွင်းရတယ်။ တဒါဇင်ကို ဘယ်လောက်ဆိုပြီး သူဋ္ဌေးက ဈေးသတ်မှတ်ပေးထားတယ်။ ကိုယ်ဆွဲနိုင်ရင် ဆွဲနိုင်သလောက် ရတာပေါ့။ ကျွမ်းကျင်တဲ့သူနဲ့ မကျွမ်းကျင်တဲ့သူ ကွာသွားတာပေါ့။

အဲဒီလို စက်ဆွဲဌာနက ပြန်အပ်တဲ့ ဆွဲပြီးသား အထည်တွေကို ချည်ပေးကနေတဆင့် အထည်စစ်ကို ရောက်တယ်။ အထည်စစ် ဆိုတာကတော့ စက်ဆွဲတဲ့သူတွေ ဆွဲထားတဲ့ အထည်တွေကို ဒီဇိုင်းနဲ့ ကိုက်ညီမှု ရှိမရှိ၊ အထည်တွေ ပေါက်တာပြဲတာ ရှိမရှိ စတာတွေကို စစ်ရတာပေါ့။ အပေါက်အပြဲတွေ ပါလာရင်၊ ဖာလို့ရသေးရင် အထည်ကို ဖာပေးတယ်။ ဖာလို့မရရင် အထည်စစ်တဲ့လူက အထည်ဆွဲတဲ့လူဆီ ပြန်ပို့ပေးရတယ်။ အထည်ဆွဲတဲ့သူက အသစ်ပြန်ဆွဲပေးရတယ်။ အထည်စစ်တဲ့ သူတွေလည်း ဒါဇင်စားပါပဲ။ တဒါဇင် ဘယ်လောက်ပေါ့။ ကိုယ်စစ်ပေးလိုက်တဲ့ အထည်တွေက စစ်တာမမှန်လို့ ပြန်လာရင်တော့ အထည်စစ်ရတဲ့သူလည်း လျော်ရတာပါပဲ။ အထည်ဖာတဲ့သူတွေကို နေ့စားသဘောမျိုး ပေးပါတယ်။ ကျွမ်းကျင်ရင် ဘတ် ၁ဝဝ လောက်ထိ ရနိုင်ပြီး မကျွမ်းကျင်သေးရင် ၆ဝ၊ ၇ဝ ၊ ဒီလောက်ပါပဲ။ အလုပ်မရှိရင်တော့ မရဘူး။

အထည်စစ်က စစ်ပြီးသား အထည်တွေကို ထိုင်စက်ဌာနကို ရောက်တယ်။ ထိုင်စက်ဆိုတာက စက်ဆွဲက ဆွဲပေးလိုက်တဲ့ အထည်တွေ (လက်၊ ရှေ့ခြမ်း၊ နောက်ခြမ်း စတာတွေ) ကို အင်္ကျီဖြစ်အောင် ချုပ်ရ၊ တွဲရတာပေါ့။ အဲဒီနေရာမှာ မိန်းကလေးတွေ များပါတယ်။ ဓားစက်လည်း ရှိတယ်။ သူတို့လည်း ဒါဇင်စားပါပဲ။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ပိုက်ဆံမရပါဘူး။ ထိုင်စက်က ချုပ်ပြီးသား အထည်တွေကို အစတွေဘာတွေ သိမ်းတဲ့ဌာနပေါ့။ ချိတ်ကောက်ဆွဲလို့လည်း ခေါ်တယ်။ အဲဒီကို ရောက်ပါတယ်။ အဲဒီမှာ အထည်က အချောဖြစ်သွားပါပြီ။ အဲဒီကပြီးရင်တော့ မီးပူတိုက်ရတဲ့ အထည်တွေ မီးပူတိုက်။ မလိုအပ်ရင်၊ ပါကင်ထုပ်ပြီးရင် ပြီးသွားပါပြီ။

သိုးမွှေးစက်ရုံတခုမှာ စက်ဆွဲတဲ့ဌာနမှာ လူအများဆုံးပါပဲ။ ဘယ်ဌာနက အလုပ်ကိုပဲလျှောက်လျှောက် အလုပ်မဝင်ခင် အရင်စမ်းသပ်ပါတယ်။ တတ်တယ်ဆိုမှ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာ အလုပ်ရဖို့အတွက် စက်ရုံက မန်နေဂျာတို့၊ လိုင်းချုပ်တို့ကို ပိုက်ဆံ ၅ဝဝ၊ ၁ဝဝဝ စသဖြင့် ပေးရပြန်ပါသေးတယ်။ တချို့ဆို ပိုက်ဆံရရင်ပြီးရော တတ်တတ်၊ မတတ်တတ် အလုပ်သွင်းပေးထားတယ်။ သူဋ္ဌေးနဲ့တွေ့လို့ မတတ်မှန်းသိရင် သူဋ္ဌေးက အလုပ်ဖြုတ်ပစ်လိုက်တာပါပဲ။ အဲလိုအခါကျ ပေးထားတဲ့ ပိုက်ဆံလည်း ပြန်မရ၊ အလုပ်လက်မဲ့လည်း ဖြစ်။ မိအေးနှစ်ခါနာပေါ့။

တချို့အလုပ်သမား အတော်များများကတော့ မဲဆောက်မှာ အလုပ်အကိုင်တွေ ရှားပါးလာလို့ ပွဲစားတွေကတဆင့် ဘန်ကောက်တို့၊ ဖူးခက်တို့ စတဲ့ တခြားမြို့တွေကို သွားပြီး အလုပ်လုပ်ကိုင်နေကြတယ်။ အဆင်ပြေတဲ့သူ ရှိသလို၊ အဆင်မပြေတဲ့သူလည်း ရှိပါတယ်။ အဲဒီလို ပွဲစားနဲ့ သွားဖို့ဆိုရင် ပွဲစားကို အနည်းဆုံး ဘတ်တသောင်းလောက် ပေးရပါတယ်။

တချို့လည်း လမ်းမှာ ထမင်းတွေဘာတွေ ငတ်သလို၊ ထိုင်းရဲက ဖမ်းထားလို့ ထောင်တွေကျ၊ မြန်မာပြည် ပြန်ပို့ခံရတာလည်း ရှိပါတယ်။ တချို့ကျ ဟိုရောက်ပြီး အလုပ်တွေ အဆင်ပြေနေကြတယ်။ ဘန်ကောက်လို နေရာမျိုးမှာ တလကို ဘတ် ၆ဝဝဝ လောက်ရတယ်လို့ ပြောပါတယ်။ အလုပ်သမား လက်မှတ်မရှိလို့ ထိုင်းရဲက ဖမ်းမိပြီဆိုရင် မြန်မာပြည် ပြန်ပို့တော့တာပါပဲ။ မဲဆောက်မှာလည်း ဒီလိုပါပဲ။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် ဖမ်းမိလို့ကတော့ ထောင်ချပြီး မြန်မာပြည် ပြန်ပို့တာ ခံရတာပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ဖမ်းဖမ်း၊ ဘယ်လိုပဲ ပြန်ပို့ပို့ နည်းမျိုးစုံနဲ့ ပြန်ရောက်လာကြတာပါပဲ။ ဒီနေ့ဖမ်းပြီး မြဝတီဘက် သွန်လိုက်တယ်။ နောက်နေ့ ဒါမှမဟုတ် အဲဒီနေ့ညနေပဲ ပြန်ရောက်လာကြတာပါပဲ။

အခုလိုဖြစ်နေရတဲ့ အဓိကအကြောင်းက ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက်ကြောင့်ပါပဲ။ မိမိအာဏာတည်မြဲဖို့အတွက် တိုင်းသူပြည်သားတွေ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ငတ်ရင်ငတ် ပြတ်ရင်ပြတ် ဆိုတဲ့ စစ်အစိုးရကြောင့်ပါပဲ။ မကြာသေးခင်က ရောက်လာတဲ့ လင်မယားနှစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ဟာ သိုးမွှေးစက်ရုံက စက်ဆွဲအလုပ်သမားတွေပါ။ မြန်မာပြည်မှာလည်း လုပ်ခဲ့ဖူးကြောင်းနဲ့ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆင်ပြေနေတာတွေကိုကြည့်ပြီး မြန်မာပြည်မှာထက်တော့ သာမှာပဲဆိုပြီး နှစ်ယောက်သား ထွက်လာတာဖြစ်ကြောင်း ပြောပြပါတယ်။

အခု မဲဆောက်ကိုရောက်တော့ ဘာပဲပြောပြော မြန်မာပြည်မှာထက်တော့သာကြောင်းနဲ့ သူတို့နှစ်ယောက်လုံးက စက်ဆွဲကျွမ်းကျင်ပြီးသားဆိုတော့ ဒီမှာက မြန်မာပြည်ထက်တော့ ပိုပြီး ဝင်ငွေကောင်းပြီး တလကို လင်မယား နှစ်ယောက်ပေါင်း ဘတ် ၅ ထောင်၊ ၆ ထောင်လောက်ရကြောင်း သိရပါတယ်။ အခြေအနေပေးရင် ဒီမှာထက်သာတဲ့ ဘန်ကောက်လိုနေရာမျိုးကို သွားချင်ကြောင်း ဆက်ပြီး ပြောပြပါတယ်။

မဲဆောက်ကို ရောက်နေတာ နှစ်ပေါင်း အတော်ကြာပြီဖြစ်တဲ့ သိုးမွှေးစက်ဆွဲ အလုပ်သမားတယောက်ကတော့ မဲဆောက်ကို ရောက်စတုန်းက သိုးမွှေးမဆွဲတတ်သေးတာကြောင့် စက်ဆွဲသင်ပြီး အလုပ်ဝင်ရကြောင်းနဲ့ နှစ်တွေကြာလာတော့ စက်ဆွဲသမားမဟုတ်တော့ဘဲ စက်ပြင်ရတဲ့ စက်ဆရာတယောက် ဖြစ်လာကြောင်း ပြောပြပါတယ်။ သိုးမွှေးစက်ဆရာတယောက်ရဲ့ လစာဟာ တလကို ဘတ် ၄၅ဝဝ လောက်ရပြီး သူလည်း လခစား မဟုတ်ပါဘူး။ အလုပ်မရှိတဲ့ ရက်တွေ၊ မဆင်းတဲ့ ရက်တွေဆို အဖြတ်ခံရတာပါပဲ။ သူများတွေလိုပဲ အချိန်ပြည့် အလုပ်လုပ်ရပါတယ်။

အဲဒီလို လုပ်လာရင်းနဲ့ သူတို့စက်ရုံမှာ အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။ အဲဒီအထဲမှာ သူလည်း ပါသွားပြီး အဲဒီစက်ရုံကို သူဋ္ဌေးက ပိတ်ပစ်လိုက်ပါတယ်။ အလုပ်သမားတွေလည်း ဆဝါဒီကန်ရုံးမှာ သွားတိုင်၊ ပြီးတော့ တရားရုံး တက်၊ အခုအချိန်ထိ ဘာလျော်ကြေးမှ မရကြသေးပါဘူး။ သူတို့စက်ရုံ သူဋ္ဌေးကတော့ တခြားနေရာမှာ စက်ရုံထပ်ဖွင့်လိုက်ပါတယ်။ သူလည်း အဲဒီအချိန်ကစပြီး ဆရာမဟုတ်တော့ဘဲ ရရာအလုပ်လုပ်ရင်း ဒီနေ့ထိ မပြန်နိုင်သေးပါဘူး။ ဒီမှာက ရရာအလုပ် လုပ်စားမယ်ဆို နေလို့စားလို့ ရသေးကြောင်းနဲ့ မြန်မာပြည်မှာဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့အတွက် အခုလိုပဲ ဆက်နေရကြောင်း ပြောပြပါတယ်။

မဲဆောက်သိုးမွှေးလောကဟာ ခေတ်မကောင်းတော့ဘူးဆိုပေမယ့် သိုးမွှေးစက်ရုံတွေမှာ အလုပ်လုပ်ဖို့အတွက် မြန်မာပြည်က တက်လာတဲ့ အလုပ်သမားတွေကတော့ အမြဲတမ်း ရှိနေပါတယ်။ အလုပ်သမားတယောက်အနေနဲ့ ဒီမှာ တလလုပ်လို့ ဘတ် ၃ဝဝဝ ရမယ်။ မြန်မာပြည်မှာ အဲဒီလောက် မရရင်နေပါစေ။ ဘတ် ၁၅ဝဝ၊ ၂ဝဝဝ လောက် ပုံမှန်လေး ရနေမယ်ဆိုရင် ကျနော်တို့ကတော့ ကိုယ့်မြန်မာပြည်မှာပဲ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ပါတယ်။

(မှတ်ချက်။ ။ ယခု လှိုင်သာယာစက်မှုဇုန် အလုပ်သမားများမှာ လစာ ကျပ် ၃ဝဝဝဝ ကျော် (ဘတ် ၁ဝဝဝ ခန့်) ရရှိရန် တောင်းဆိုဆန္ဒပြနေကြပြီး ကျပ် ၂၅ဝဝဝ အထိသာ တိုးပေးကြောင်း သိရသည်။)
အပြည့်အစုံသို့ >>

Wednesday, 20 January 2010

အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်

.ဇင်လင်း
၁၈ ဇန်န၀ါရီ ၂၀၁၀


“စီးပွားရေးအခက်အခဲများသည် အလုပ်သမားဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းတရပ်ဖြစ်ပါသည်။”
(၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင် အစီရင်ခံစာ)

၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် (လစာနှုန်းထား ၁၅,၀၀၀ ကျပ် မှ ၁၉၀,၀၀၀ ကျပ် အကြား ရရှိကြသော) အရပ်ဘက် အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးမည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးရုံး ၀န်ကြီး ဗိုလ်ချုပ်လှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုသို့ တရားဝင် သတင်းထုတ်ပြန်မှုမရှိ။ ကုန်ဈေးနှုန်း အဆမတန်တက်မှုကြောင့် လခစားဝန်ထမ်းများ ဒုက္ခရောက်နေချိန်တွင် ယခုကဲ့သို့ လစာတိုးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၉ ဒီဇင်ဘာလအတွင်းမှာပင် ကုန်ဈေးနှုန်းဒဏ်မခံနိုင်၍ တပ်မ (၆၆) နှင့် (၇၇) တို့ အမိန့်မနာခံဘဲ ဆန္ဒပြမှုဖြစ်ခဲ့သေးသည်။ ထိုသို့ ပြဿနာပေါ်ပြီးနောက် လစာတိုးသည့် ဆောင်ရွက်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

.၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း အလားတူ စီးပွားရေးကျပ်တည်းမှုပြဿနာကြောင့် လစာတိုးပေးခဲ့ရသည်။ ထိုစဉ်က လစာငွေ မလောက်ငသည့်အကြားမှ ၀န်ထမ်းများအား အတင်းအဓမ္မ နေပြည်တော်သို့ ပြောင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်မှုကို ငြိမ်သွားအောင် လစာတိုးပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိခဲ့သည်။ သို့သော် ထိုစဉ်က စက်ရုံအလုပ်ရုံ အတော်များများတွင် အလုပ်သမားများ လုပ်ခလစာ နည်းလွန်းခြင်းကြောင့် မကျေနပ်မှုများ ပေါ်နေချိန်ဖြစ်သည်။ ထိုစဉ်က စက်ရုံများတွင် လုပ်ခတိုးတောင်းသည့် ပြဿနာများကို တိုးတိုးကျိတ်ကျိတ် ဖြေရှင်းခဲ့ရသည်။

ထိုစဉ်က (၂၀၀၆ မေလမှ သြဂုတ်လအတွင်း) ရရှိသည့် ပြည်တွင်းသတင်း အချက်အလက်အချို့အရ စက်မှုဇုန်များတွင် အလုပ်သမားမကျေနပ်မှုပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။ သတင်းများအရ အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံအလုပ်သမားများကိုမူ လုပ်ခတိုးမပေးခဲ့သဖြင့် အလုပ်သမားဆန္ဒပြမှု ပြဿနာ ပေါ်ခဲ့ရသည်ဟု သိရသည်။ ထိုစဉ်က လက်လှမ်းမီသမျှ သတင်းအချက်အလက်အချို့ကို အောက်ပါအတိုင်းတွေ့ရသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၂) ရက် - ကိုရီးယားအလုပ်ရှင်ပိုင်သည့် Myanmar Hae Wae Co. Ltd. စက်ရုံတွင် အလုပ်သမား (၉၀၀) ကျော် လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှုဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၉) ရက် - လှိုင်သာယာစက်မှုဇုန် (၂) တွင်းသင်းအတွင်းဝန် ဦးထွန်းညိုလမ်းရှိ Cho Cho Co.Ltd. စက်ရုံမှ အလုပ်သမား (၂၀၀) ကျော် လုပ်ခတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ စက်ရုံမှ ဆန်, ဆီ, အခြေခံစားကုန် ရောင်းချပေးရေးတို့အတွက် ဆန္ဒပြတောင်းဆိုသည်။

♦ မေလအတွင်းမှာပင် လှိုင်သာယာစက်မှုဇုန် (၂) ဦးရွှေအိုးလမ်း MP အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

♦ အလားတူ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ ထောက်ကြံ့ရှိ ကိုရီးယားအလုပ်ရှင်ပိုင်သည့် SEGYE အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ SEGYE စက်ရုံအနီးရှိ၊ Daewoo Co.Ltd. ပိုင် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၂,၀၀၀) ကျော် ဆန္ဒပြမှု ဖြစ်ပွားသည်။ လုပ်ခတိုးမြှင့်ရေး၊ အလုပ်ချိန် (၈) နာရီသတ်မှတ်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ နာမကျန်းခွင့်ရရှိရေးများ တောင်းဆိုသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လအတွင်း၊ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ (၁၄) ရုံ (အထည်ချုပ်စက်ရုံ ၈-ခု အပါအ၀င်) လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ အလားတူ လုပ်ခတိုးမြှင့်ရေးဆန္ဒပြမှု သာကေတစက်မှုဇုန် KSS စက်ရုံ၌ ဖြစ်ပွားသည်။

♦ ဦးတေဇပိုင်သည့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

♦ တောင်ဥက္ကလာ၊ မြင်သာ (၁၄) ရပ်ကွက် နှင်းဆီလမ်းရှိ မလေးရှားနှင့် ဖက်စပ်ကုမ္ပဏီ PW &GG ပိုင် ပရိဘောဂ စက်ရုံတွင်လည်း အလားတူ လုပ်ခတိုးမြှင့်ရရှိရေး ဆန္ဒပြမှုပေါ်ပေါက်ခဲ့သည်။

♦ အမှတ် (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ အမှတ် (၁) ပလတ်စတစ်စက်ရုံ (မြောက်ဥက္ကလာပ) နှင့် ပီနန်အိတ်ထုတ်လုပ်စက်ရုံများတွင်လည်း အလုပ်သမားများ အရေးဆိုမှုများရှိခဲ့သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင် အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံ အလုပ်သမားများအား လုပ်ခတိုးမပေးခဲ့။ ထို့ပြင် ကုန်ကြမ်းဈေးမြင့်တက်၊ ဈေးကွက်တောင်းဆိုမှု ကျဆင်းသဖြင့် စက်ရုံများတွင် အလုပ်သမားလျှော့ချလိုခြင်းများ ရှိလာသည်။ စက်ရုံက အလုပ်သမားကို အလုပ်ဖြုတ်လိုလျှင် (၃) လစာ ပေးရမည်ဖြစ်၍ အလုပ်မဖြုတ်။ အချိန်ပိုမလုပ်ရသဖြင့် အခြေခံလစာသက်သက်ဖြင့် အလုပ်သမားမှာ မလောက်င။ နောက်ဆုံး အခြေအနေ ဆိုးလာသောအခါ အလုပ်သမားများ ကိုယ့်သဘောနှင့်ကိုယ် အလုပ်ထွက်ကြရသည်။

စစ်အစိုးရသည် ၁၉၉၀ လောက်မှစ၍ ဈေးကွက်စီးပွားရေးဟု ကြွေးကြော်သော်လည်း အလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေးခြင်းမရှိသည့်အပြင် အလုပ်သမား ပြဿနာပေါ်တိုင်း အလုပ်ရှင်ဘက်မှသာရပ်ခဲ့သည်။ အလုပ်ရှင်များအား အကာအကွယ် ပေးခဲ့သည်။ စစ်အစိုးရက အလုပ်ရှင်များကိုယ်စားပြု ‘စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း’၊ ‘ကုန်ထုတ်လုပ်သူများအသင်း’၊ ‘ဆန်စက်ပိုင်ရှင်များအသင်း’ အစရှိသော အလုပ်ရှင်အကျိုးစီးပွား အကာအကွယ်ပေးသည့် အသင်းအဖွဲ့များ ဖွဲ့ခွင့်ပြုသော်လည်း အလုပ်သမားသမဂ္ဂများကိုမူ ဖွဲ့စည်းခွင့်မပေးချေ။ ထို့ပြင် အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခများ ဖြေရှင်းရေးတွင် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်း၊ မူဝါဒ စသည်ဖြင့် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိပေ။ အလုပ်ရှင်များက ငွေကြေးအင်အားဖြင့် အာဏာပိုင်တို့ကို လာဘ်ထိုးကာ အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ပိတ်ပင် အနိုင်ယူလေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ အလုပ်ရှင်များကမူ အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ အလုပ်သမားများကို ဖိနှိပ်၍ သူတို့အကျိုးအမြတ် တိုးပွားအောင်လုပ်နေကြသည်။

‘စက်မှုဇုန် စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ’ များ ဖွဲ့ထားသော်လည်း မှန်မှန်ကန်ကန် တာဝန်ထမ်းခြင်းမရှိ။ ကော်မတီဝင်များက ထုံးစံအတိုင်း လာဘ်စားကာ တကယ့်ပြဿနာများကို ဖုံးဖိထားကြသဖြင့် အလုပ်ရှင်များအား စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခွင့်၊ ထင်သလိုခြယ်လှယ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာပိုင်များက အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပိတ်ပင်ထားသဖြင့် အလုပ်သမားများ မိမိတို့အခွင့်အရေး နစ်နာဆုံးရှုံးချက်များကို စနစ်တကျ တောင်းဆိုနိုင်ခြင်းမရှိသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။

လက်လှမ်းမှီသမျှ ပြည်တွင်း စက်ရုံအလုပ်ရုံ အလုပ်သမားဆန္ဒပြမှုပေါင်း (၄၀) ခန့်မှ တောင်းဆိုချက်များအား အကြမ်းဖျင်းလေ့လာရာတွင် ယေဘုယျတူညီချက်များကို အောက်ပါအတိုင်းတွေ့ရသည်။

- တရက် ပုံမှန်အလုပ်ချိန် (၈)နာရီဖြစ်သော်လည်း နေ့စဉ် နာရီစုစုပေါင်း (၁၀) မှ (၁၂) နာရီ အလုပ်လုပ်ရခြင်း။

- နေ့ကြီးရက်ကြီးများ အပါအ၀င် နားရက်လုံးဝမရှိ အလုပ်လုပ်ရသော်လည်း အချိန်ပိုလုပ်ခ အပြည့်မရရှိကြခြင်း။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရပြီး နောက်တနေ့ နားရက်မရဘဲ အလုပ်ဆက်ဆင်းရခြင်း။

- ဖျားနာလျှင် ခွင့်မရသည့်အပြင် ပျက်ရက်အတွက် လစာမှ ဖြတ်တောက်ခြင်း။

- ဖျားနာလျက်နှင့် အလုပ်ဆင်းရသဖြင့် အလုပ်ခွင် မတော်တဆထိခိုက်မှုများ ဖြစ်သောအခါ ဆေးဝါးကုသမပေးခြင်း။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစိုးရတာဝန်ရှိသူများက စက်ရုံအလုပ်ရုံများကို ပုံမှန်စစ်ဆေးမှုမရှိခြင်း။

- စက်ရုံက စစ်ဆေးမည့်သူများအား လာဘ်ပေးထားသဖြင့် စစ်ဆေးမှုမရှိ၍ အလုပ်ခွင် ဘေးကင်းလုံခြုံမှုမရှိခြင်း။

- အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများအား အထူးအခွင့်အရေးပေးကာ အလုပ်သမားကို အကျဉ်းသားများသဖွယ် စည်းကမ်းတင်းကျပ်ထားခြင်း။

- အလုပ်ရုံကြီးကြပ်သူများ၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့် အိမ်ပြန်ခွင့်မပြုခြင်း၊ အလုပ်ရုံအတွင်း အစာစားခြင်း၊ စကားပြောခြင်း၊ လူမှုရေးအရ အကူအညီပေးခြင်းများ မလုပ်ရ၊ လုပ်ပါက ပြစ်ဒဏ်သတ်မှတ် လုပ်ခဖြတ်တောက်ခံရခြင်း။

- ထို့ကြောင့် အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများ၏ အပြစ်ရှာဖိနှိပ်မှုများခံရခြင်း၊ မိမိတို့ ပြစ်ဒဏ်မလုပ်ဘဲ လုပ်သည်ဟု ရေးမှတ်ကာ လုပ်ခအဖြတ်ခံရခြင်း။

- သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုစံချိန်ပြည့်မီလျှင် အလုပ်သမားများအား ဆုကြေးအပိုဆောင်းငွေ ပေးမည်ဟု မက်လုံးပေးထားပြီး လက်တွေ့တွင် ကုန်ထုတ်စံချိန် ပြည့်မီသော်လည်း ယင်းအပိုဆောင်းငွေကို မပေးခြင်း။

- သာရေး၊ နာရေး၊ လူမှုရေးကိစ္စအတွက် တနင်္ဂနွေနေ့ အလုပ်အနားယူပါက ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မပေးခြင်း။ … စသည်ဖြင့် တွေ့ရသည်။

ထိုစက်ရုံအလုပ်ရုံ ဆန္ဒပြတောင်းဆိုကြရာတွင် ယေဘုယျတောင်းဆိုချက်များကို အောက်ပါအတိုင်း တွေ့ရသည်။

- အလုပ်ချိန် တနေ့ (၈) နာရီ သတ်မှတ်ရေး။

- ကုန်ဈေးနှုန်းနှင့် ဆီလျော်စွာ လုပ်ခတိုးမြှင့်ပေးရေး။

- အချိန်ပိုလုပ်ခ အပြည့်အ၀ရရှိရေး။

- အချိန်ပိုဆင်း အလုပ်သမားများအား ကြိုပို့ယာဉ် (Ferry Bus) စီစဉ်ပေးရေး။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရလျှင် နောက်နေ့ အနားပေးရေး။

- တရားဝင် အစိုးရရုံးပိတ်ရက်များတွင် အလုပ်နားရက်အဖြစ် သတ်မှတ်ပေးရေး။

- တနင်္ဂနွေနေ့ကို အလုပ်နားရက် သတ်မှတ်ပေးရေး (သို့မဟုတ်) သီတင်းတပတ်လျှင် (၁) ရက် နားခွင့်ပေးရေး။

- ဖျားနာခွင့်ပေးရေးနှင့် ဆေးဝါးကုသမှု တာဝန်ယူရေး။

- ဖျားနာ၍ အလုပ်မဆင်းနိုင်သူ ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မဖြတ်တောက်ရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် အနာတရဖြစ်လျှင် ဆေးဝါးကုသမှု တာဝန်ယူရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းထိခိုက်လျှင် လျော်ကြေးရရှိရေး။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစီအမံများ ထားရှိရေး။

- အလုပ်ရုံစက်ရုံကြီးကြပ်သူများ၊ လုံခြုံရေးဝန်ထမ်းများက အလုပ်သမားများအား ရိုင်းပျစွာဆက်ဆံမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုများ မပြုရေး။ … စသည်ဖြင့် အကြမ်းဖျင်းတွေ့ရှိရပါသည်။

ယခုလည်း အရပ်ဘက်အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ်စီ တိုးမြှင့်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကုန်ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။ ‘လစာတိုးပေးခြင်း’ သည် ‘ဆေးမြီးတို’ မျှသာဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို ဆက်လက်ခံကြရတော့မည်။ အကျိုးဆက်အဖြစ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတရုံမှ အလုပ်သမား (၁၀၀) ခန့်သည် ဇန်န၀ါရီ (၇) ရက်နေ့က ‘လုပ်ခလစာတိုးရေး’ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါစက်ရုံတွင် ထိုနေ့ နံနက် (၈) နာရီခန့်က အမျိုးသမီး (၁၀၀) ခန့် ဦးဆောင်၍ အချက် (၁၀) ချက်ပါသော အလုပ်သမားအခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အမျိုးသမီးများက ဆန္ဒပြတောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည်။ ဆန္ဒပြရသည့် အဓိကအကြောင်းရင်းမှာ လစာငွေနည်းပါး၍ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုကြောင့်ဖြစ်သည်။

အလားတူ ယခုလမှာပင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၃) ရှိ မလေးရှားအလုပ်ရှင်ပိုင် Wong Houng Hand အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၁,၃၀၀) ကျော် ဆန္ဒပြမှုဖြစ်ခဲ့သည်။ အခြေခံအလုပ်သမားအခွင့်အရေး တောင်းဆိုချက် (၁၂) ချက် တောင်းထားသော်လည်း အခြေအနေမှာ မထူးခြားသေး စောင့်ကြည့်နေဆဲဟု အလုပ်သမားများက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံအလုပ်သမားတဦးလျှင် အခြေခံလစာငွေ ကျပ် (၂) သောင်းမှ အမြင့်ဆုံး (၄) သောင်းအထိသာ ရရှိရာ အလုပ်သမားများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုရှိသောကြောင့် အိုဗာတိုင်ကြေးရရန် အချိန်ပိုဆင်းကြရသည်။

ထို့အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု မရရှိကြသော အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူ အလုပ်ထုတ်ခံကြရမှုများရှိသည်။ အလုပ်သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်းမရှိသည်က များသည်။

တည်ဆဲ အလုပ်သမားဥပဒေများအရ တနေ့လျှင် အလုပ်ချိန် (၈) နာရီ၊ တပတ်လျှင် (၄၄) နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ (၂) ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး ဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းအကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်ရုံစက်ရုံများသည် အဆိုပါဥပဒေများကို လိုက်နာခြင်းမရှိကြပေ။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ်ရှိနေသည်ဟု အလုပ်သမားအရေး အကဲခတ်များက ထင်မြင်ယူဆကြသည်။ ‘၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမားအက်ဥပဒေ’ ပြင်ဆင်ချက်အရ တဆက်တည်း လုပ်သက် (၁၂) လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် (၁ဝ) ရက်၊ ရှောင်တခင်ခွင့် (၆) ရက်၊ ဆေးခွင့် (၃၀) ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ဥပဒေမှာ ပြဋ္ဌာန်းထားသော်လည်း များသောအားဖြင့် ထိုခွင့်ရက်များကို အလုပ်သမားများ မခံစားကြရဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတို့က ဆိုသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအလုပ်သမားများ၏ လတ်တလောအခြေအနေကိုကြည့်လျှင် တိုးတက်ကောင်းမွန်လာသည်ကို မတွေ့ရှိရ။ ဤသို့ဖြစ်ရသည်မှာ အလုပ်သမားထုအတွင်း အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် တရားဝင် အလုပ်သမားသမဂ္ဂများ မရှိသောကြောင့် ဖြစ်သည်။ စစ်အာဏာရှင်စနစ်က တရားဝင် အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မပေးချေ။ နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ (ဂ) တွင်လည်း ̏ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်˝ ဟု ဆိုသည်။ သို့သော် ထိုဥပဒေတို့ကို စစ်ဗိုလ်များကသာ အနက်ဖွင့်ဆိုမည်ဖြစ်၍ အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မရနိုင်ချေ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း အလုပ်သမားရပိုင်ခွင့်ကို အာမခံမည်မဟုတ်ပေ။
ထို့ကြောင့် အလုပ်သမားအခွင့်အရေးကို အလုပ်သမားတို့ကိုယ်တိုင်သာ ကာကွယ်ဖို့ ကြိုးစားကြရ ပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများကို အလုပ်သမားကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်ဖြေရှင်းခွင့် မရသရွေ့ အလုပ်သမားတိုက်ပွဲများကား ဆက်လက်ဖြစ်ပွားနေပေမည်။ သို့ဆိုလျှင် တိုက်ပွဲရည်မှန်းချက်အောင်မြင်ရေးအတွက် ကျယ်ပြန့်သော အလုပ်သမား သမဂ္ဂ ကွန်ရက်များ ရှိဖို့လိုပါသည်။ အလုပ်သမားများကိုယ်တိုင် စနစ်ကျနသော မြေအောက်အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်ကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးများကို အလုပ်သမား သမဂ္ဂများကသာ အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ။
အပြည့်အစုံသို့ >>

Friday, 18 December 2009

ကမ္ဘာတ၀ှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု (၂)

မန်ဇူး(ဘာသာပြန်သည်) Wednesday, November 25, 2009



 မိသားစုကိုအကောင်းဆုံးနည်းလမ်းဖြင့် ထောက် ပံ့ပေးနိုင်ဖို့အရေးနှင့် ဘဏ္ဍာရေး ဂယက်မထပဲ မူလရှိရင်းစွဲတည်ငြိမ်မှု အနေအထားတရပ်အ ဖြစ် ရှိနေဖို့ဆိုသည့် အကြောင်းခြင်းရာတွေသာ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိသွားသည့် ဖိလစ် ပိုင်လုပ်သားတွေရဲ့ အသိစိတ်ထဲမှာ ကိန်း အောင်းခိုဝပ် နေတယ်လို့ ဆိုရလိမ့်မယ်နဲ့တူ တယ်။ ကုန်လွန်ခဲ့သော ဆယ်စုနှစ်များကာလ အတွင်းတုန်းကတော့ ရွှေ့ပြောင်း လုပ်သားတွေ ဟာ နိုင်ငံခြားဒီဇိုင်းနာတွေရဲ့ အကောင်းဆုံး သော တံဆိပ်ပါရှိသည့် အ၀တ်အထည်ကို ဆင် မြန်းဝတ်ဆင်ပြီးသကာလ တိုင်းတပါးမှ ထုတ် လုပ်သော ကုန်စည်ပစ္စည်းတွေကို သေတ္တာကြီး အတွင်း ထည့်သယ်ဆောင်လာခြင်း၊ နိုင်ငံတွင်းချွတ်ခြုံကျ ဆင်းရဲမွဲတေမှုဆိုသည့် ကူးစက်ရောဂါကြောင့် မြောက်မြားစွာသော အ ဿပြာငွေကြေးကို လက်ဝယ်ပိုက်ကိုင်ဆောင်ပြီး မွေးရပ်ဌာနေကိုပြန် ရောက်လာတတ်ကြတယ်။


ရွှေ့ပြောင်းလုပ်သား (သို့) balikbayans (ရပ်ဝေးရောက် ဖိလစ်ပိုင်လူမျိုး) တွေ ဌာနေပြန်ရောက်လာတာနဲ့ အင်္ဂလန်၊ ကာတာ၊ အမေ ရိကန်၊ ဟောင်ကောင် (သို့) သြစတေးလျ အစရှိတဲ့တိုင်းတပါးရပ်ဝေး အတွေ့အကြုံတွေကို စီကာပတ်ကုံးပြီး မွေးရပ်မြေအခြေချ နေ ထိုင်သူတွေကို ရင်ဖွင့်ထုတ်ဖော်ပြောဆိုတော့ပါရော။ ဆွေမျိုးသားချင်းနဲ့ အိမ်နီးနားချင်းတွေကို သူတို့ရဲ့ ပိုင်ဆိုင်မှုဓနအင်အားနှင့် လက်ရှိလူမှုအဆင့်အတန်းသရုပ်ပါ ပြောင်းလဲသွားသည့် နောက်ဆက်တွဲဖြစ်ရပ်တွေအပြင် ၀န်းကျင်သစ်အတွေ့အကြုံတွေနဲ့ ညှို့ယူ ဖမ်းစားသိမ်းသွင်းထားလိုက်ကြတယ်။ တိုင်းတပါးရပ်ခြားမှာ အလုပ်အကိုင်သွားရှာဖို့ရာအတွက် ရွှေ့ပြောင်းလုပ်သားအရေအတွက် နှုန်းထားတိုးမြှင့်လာရခြင်း နောက်ဆက်တွဲအကြောင်းတရားကို ရိုးရှင်းစွာပြောရရင်တော့ မိခင်ဌာနေပြန်လာ၊ လက်ဆောင်တွေသယ် လာ၊ ပြီးတော့ဖြစ်နိုင်ချေ လုပ်ဇာတ်လေးအနည်းအကျဉ်းခင်းပြ၊ ဒါဟာဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေရဲ့အစဉ်အလာထုံးတမ်းဓ လေ့လို့ပဲ ဆိုရမယ်နဲ့တူတယ်။



ညီရင်းအစ်ကို သားချင်းမောင်နှမ၊ တ၀မ်းကွဲဆွေမျိုးနဲ့ တူ၊ တူမတွေရဲ့အမြင်မှာတော့ သူတို့လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဓနငွေကြေး ပိုင်းဆိုင်ရာ အထိုက်အလျောက်အောင်မြင်မှုရဲ့ ဗဟိုချက်မဟာ တိုင်းတပါးရပ်ဝေးဆိုတဲ့ ကျဉ်းမြောင်းသည့်အယူအဆကြောင့် ဌာနေ ပြန်ရွှေ့ပြောင်းလုပ်သားတွေဟာ တကယ်တမ်းပြောဆိုရရင် ကမ္ဘာတ၀ှမ်းသို့ ရွှေ့ပြောင်းလုပ်သားဦးရေ ပျံ့နှံ့အောင် အဓိကလှုံ့ဆော် သူတွေဖြစ်နေတယ်။ ကျနော်တို့ တွေ့မြင်မိသလောက်တော့ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာအမြဲဆိုသလောက်နီးပါး ချွတ်ခြုံကျယို ယွင်းနေတော့ သူတို့ရဲ့ရွေးချယ်မှုတွေ မမှားဘူးလို့တောင်ဆိုရမယ်နဲ့တူတယ်။

အစဉ်အလာအလေ့အထ သဘောကိုယ်ထည်အရကို တိုင်းတပါးရပ်ဝေးသို့ ကျား/မ လူငယ်လူရွယ်အားလုံးရဲ့အတွေးစိတ်ကူးမှာ ရွှေ့ ပြောင်းလုပ်ကိုင်ဖို့ရာ တွန်းအားပေးသလိုဖြစ်နေသည့်အတွက်ကြောင့် လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်သူတွေအတွက် ပိုမိုအဆင် ပြေချော့မွေ့လွယ်ကူသွားစေတာပေါ့။ အစောပိုင်းကာလ ဖော်ပြချက်တွေမှာထည့်သွင်းပါရှိသည့်အဆိုအတိုင်း လုံလောက်သော ဓနငွေ ကြေးပြည့်စုံခြင်းအလျဉ်းမရှိရင် အဆင့်မြင့်ပညာဆက်လက်ဆည်းပူးနိုင်ဖို့ရာ အခွင့်အလမ်းအလွန်တရာမှကို ဝေးကွာလှသည့်အတွက် စုစည်းမှုအားလုံးရဲ့လားရာဆုံချက်ဟာ တိုင်းတပါးရပ်ခြားသို့ အလုပ်အကိုင်သွားရောက်ရှာဖွေလုပ်ကိုင်ရေးဆိုတာဖြစ်လာရတော့တာ ပဲ။

ကျေးလက်ဒေသနေ မိန်းကလေးတွေကို မြို့ကြီးပြကြီးမှာ (သို့) တိုင်းတပါးရပ်ခြားမှာ စားပွဲထိုးအလုပ် (သို့) စားသောက်ဆိုင်တွင်းဖျော် ဖြေသီဆိုရသည့်အလုပ် စသည့်အလုပ်အကိုင်အခွင့်အလမ်းတွေပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ် သူတွေဟာ ဒီအားနည်းချက်ကိုဆုတ်ကိုင်ပြီး မြှူဆွယ်သိမ်းသွင်းခြင်းအလုပ်ကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်တယ်။ အမျိုးသား တွေကို ကမ်းလှမ်းရာမှာတော့ စက်ရုံ (သို့) စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ကောင်းမွန်သည့်အလုပ်အကိုင်ရနိုင်ကြောင်း၊ မိသားစုကို ပြန်လည် ကြည့်ရှုစောင့်ရှောက်ဖို့ရာအတွက် လုံလောက်သည့် ငွေကြေးအတိုင်းအတာရရှိနိုင်ကြောင်း ကတိက၀တ်တွေပေးမြူဆွယ်ပြီး တကယ့်လက်တွေ့ဖြစ်ရပ်မှာတော့ အတင်းအကျပ်ဖိအားပေးခိုင်းစေ၍ ပြည့်တန်ဆာအဖြစ်သို့သွတ်သွင်းခြင်း၊ အိမ်တွင်းအမှုကိစ္စရပ် တွေကို ကျေးကျွန်သဖွယ်ပြုမူခိုင်းစေခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း (သို့) အခြားသောအလွဲသုံးစားခေါင်းပုံဖြတ်ခြင်း အစရှိသည့် ဆိုးရွားဖွယ်ဖြစ်ရပ်တွေသာ ရင်ဆိုင်ကြုံတွေ့ကြရတယ်။

နိုင်ငံတကာသို့ ရွှေ့ပြောင်းလုပ်သားပျံ့နှံ့ရခြင်း၏ အဓိကလက်သည်တရားခံဟာ ဆင်းရဲမွဲတေမှုဆိုသည့် ရင်းခံအကြောင်းတရားသာ လျင်ဖြစ်ပြီး ပညာရေနိမ့်ကျသည့် ကျား/မနှင့် လူငယ်လူရွယ်တွေဟာ တိုင်းတပါးရပ်ခြားသို့စွန့်စားသွားရောက် အသက်မွေးဝမ်း ကြောင်း ပြုလိုကြတာကလည်း သက်ဝင်ယုံကြည်လာခြင်းနှင့် အရပ်တပါးမှလွှဲပြောင်းသည့် ဓနအင်အားစုနှင့် ပြည်တော်ပြန်တွေရဲ့ လုပ်ကြံဖန်တီးထားသည့် လုပ်ဇာတ်တွေကိုကြားရဖန်များလာ၍ သက်ဝင်ယုံကြည်လာရခြင်းကြောင့်ဖြစ်တယ်။


စီးပွားရေးဆိုင်ရာ မပြေလည်မှုရင်းခံအကြောင်း တရား


၂၀၀၃ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ ပို့ကုန် ၂၀.၆% သွင်းကုန် ၁၉.၄%နှင့် ညီမျှသည့် အ မေရိကန်ဒေါ်လာ ၇.၆ ဘီလီယံဟာ တိုင်းတပါး ရပ်ဝေးမှ လွှဲပြောင်းပေးပို့သည့်အတွက် ဖိလစ် ပိုင်စီးပွားရေးရဲ့ အဓိက အခန်းကဏ္ဍနေရာမှာ တည်ရှိနေခြင်း၊ နိုင်ငံခြားငွေဖြင့် လွှဲပြောင်းပေး ပို့လာသည့်အတွက် ခွဲဝေသုံးစွဲမှုအပေါ်မူတည် ပြီး တိုင်းပြည်စီးပွားရေး သန်စွမ်းအားကောင်း လာနိုင်သလို ပြည်တွင်း အလုပ်အကိုင် အခွင့် အလမ်းနှင့် စက်ရုံ၊ အလုပ်ရုံတွေကိုလည်း တိုး မြှင့်တည်ဆောက်လာနိုင်သည့်အတွက် အခရာ ကျအရေးပါသည့်အပြင် လူမှောင် ခိုကုန်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းကိုလည်း တွန်းအားပေးနေသလိုဖြစ်လာတယ်။
လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု အမြစ်တွယ်ရစ်ကျန်နေရခြင်းက ဖိလစ်ပိုင်နိုင်ငံရဲ့ဆင်းရဲမွဲတေချွတ်ခြုံကျမှုနဲ့ များပြားကြီးမားလှ တဲ့လူအားလုံးရဲ့စိတ်ကူးအတွေးထဲမှာ တိုင်းတပါးရပ်ခြားသွားရောက်လုပ်ကိုင်ရင်ဖြင့် နိုင်ငံခြားငွေရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဌာ နေပြန် ရွှေ့ပြောင်းလုပ်သားတွေ သယ်ဆောင်လာတဲ့ များပြားလှသည့်ဓနငွေကြေးဟာ တိုင်းပြည်တွင်းတစုံတရာသော ဖွံ့ဖြိုးမှုကိုအ ထောက်အကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ ဆင်းရဲမှုနှုန်းထား လျော့ပါးသွားခြင်းအစရှိသည့် လစ်ဟာမှုကွက်လပ်ကိုဖြည့်ဆည်းပေးနိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ လူမှောင်ခိုကုန်ကူးသူတွေ တစ ခန်းထ အမြစ်တွယ်လာခြင်းဖြစ်တယ်။ တကယ်လို့များ လွှဲပြောင်းပေးပို့ငွေတွေကြောင့်သာ ဒေသတွင်းစီးပွားရေတိုးတက်မြင့်မားလာ အောင်စွမ်းဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်းနှင့် လုပ်အားခတွေမြင့်တက်ပေးနိုင်ပြီဆိုမှရင်ဖြင့် ဖိလစ်ပိုင်နိုင်ငံ ရဲ့ နယ်စပ်မျဉ်းတလျှောက် ယနေ့ခေတ်ခါသမယ ကျေးကျွန်ကုန်ကူးသန်းရောင်းဝယ်မှု လမ်းကြောင်းကိုအမြစ်ဖြတ်နိုင်ဖို့ရာ အားထုတ် ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်တယ်။


လက်ရှိကာလ အနေအထားတရပ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်မှုကို အောက်ခြေကနေ အမြစ်ဖြတ်ရှင်းလင်းဖို့ရာ ကြိုးစားအား ထုတ်နေကြလေရဲ့။ ပမာအနေနဲ့ပြရမယ်ဆိုရင်တော့ ကျေးကျွန်ဘ၀သားရဲတွင်းဆင်းသက်ခဲ့ရသူတွေကို အစိုးရစီမံချက်တွေဖြင့် ကယ် ဆယ်ခြင်း (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့ထောက်ပံ့အကူညီပေးမှုဖြင့် ယာယီစတည်းချနားခိုဖို့ရာအတွက် စီစဉ်ဆောင် ရွက်ပေးခြင်းနှင့် တိုင်ပင်နှီးနှောအကြံဥာဏ်ပေးဆွေးနွေးမှုတွေပြုလုပ်ခြင်း (သို့) တရားဥပဒေထုံးတမ်းအစဉ်အလာအတိုင်း လူမှောင်ခို ကုန်ကူးသူတွေကို စီရင်ဆုံးဖြတ်ဖို့ကိုဆိုလိုခြင်းဖြစ်တယ်။ သားကောင်ဘ၀ သက်ဆင်းကျရောက်သူတွေကို ပြန်လည်ထူထောင်ဖို့ရာအ တွက် ကမ်းလှမ်းကြိုဆိုခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်ဖို့ရာအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ခြင်းဖြင့် ဒီတုန့် ပြန် လုပ်ဆောင်ချက်တွေကို ဆန်းစစ်အကဲဖြတ်ရမှာဖြစ်တယ်။ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်ရာဝယ် ဘက်ပေါင်း စုံမှ ချဉ်းကပ်ဖြေရှင်းအဖြေရှာရမှာဖြစ်တယ်။ ပြဿနာရပ်မှုခင်းမပေါ်ပေါက်ခင်ကတည်းက လူကုန်ကူးသန်းရောင်းဝယ်မှုနှင့် သက်ဆိုင် သည့် ဖြစ်နိုင်ချေလှုပ်ရှားပြုမူဆောင်ရွက်ချက်တွေကို ရှင်းလင်းတင်ပြပြောဆိုထားရမှာဖြစ်တယ်။

ကြိုတင်ကာကွယ်ရေးနှင့် သက်ဆိုင်သည့်စီမံချက်တွေမှာဖြင့် များစွာလှသောလူဦးရေထုကြီးကို လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု အန္တရာယ်နှင့် ဆက်နွယ်သည့်သတင်းအချက်အလက်တွေ ပြည့်စုံလုံလောက်စွာဖြင့် ရှင်းလင်းတင်ပြထားနိုင်မှသာလျင် တန်ပြန်ကူညီ နိုင်မှာဖြစ်သော်ငြား ချွတ်ခြုံကျနေသည့်စီးပွားရေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ရွှေ့ပြောင်းလုပ်သားတွေကို ဖျောင်းဖျနားချ ခြင်းငှာတော့ မစွမ်းသာဘူးလို့ဆိုရမှာပဲ။ ဒီအန္တရာယ်စက်ကွင်းထဲကျရောက်ခဲ့သည့် အမျိုးသား၊ အမျိုးသမီးတွေအနေဖြင့် အလေးထား ဂရုစိုက်တယ်ဆိုရင်တောင်မှ သူတို့ရဲ့မိသားစုကို ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီဖို့ရာလိုအပ်သည့်အတွက် သဘောထားပြောင်းလဲဖို့ ကတော့ မလွယ်ဘူးလို့ဆိုရမှာပဲ။ ကောင်းမွန်ပြည့်စုံတဲ့ ဘ၀တွေမှာရှင်သန်ရပ်တည်ချင်တဲ့ သူတို့ရဲ့စိတ်ကူးကိုပြောင်းလဲခြင်းငှာ မစွမ်း ဆောင်နိုင်ဘူး။ ကြိုတင်ကာကွယ်ဖို့ရာအတွက် သတင်းအချက်အလက်တွေထက်စာရင် မရှိမဖြစ်လိုအပ်ချက်က ကျနော်တို့ ဘ၀အ တွက် ပိုအရေးပါတယ်လို့ ဆိုရမှာပဲ။
အပြည့်အစုံသို့ >>

ကမ္ဘာတဝှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု


မန်ဇူး(ဘာသာပြန်သည်)Sunday, November 22, 2009

အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်

ယနေ့ခေတ်ခါသမယရဲ့ ကျွန်ရောင်းကျွန်ဝယ်ပြု ခြင်းလို့ သတ်မှတ်ခေါ်ဆိုရမယ့် လူကုန်ကူးသန်း ရောင်းဝယ်မှုပြုခြင်းနဲ့ သက်ဆိုင်အကျုံးဝင်သည့် အရာတွေထဲမှာ လူသစ်စုဆောင်းခြင်း၊ တရားဥ ပဒေမှအလိုရှိ၍ ဝရမ်းထုတ်ထားသူအား လက်ခံ ထားခြင်း၊ အရပ်တပါးသို့ အဓမ္မပြောင်းရွှေ့ပို့ ဆောင်စေခြင်း၊ ယာယီခေါ်ဆောင် ထိန်းသိမ်း ထားခြင်း (သို့) အလုပ်အင်အားစုအတွက် လို အပ်မည့်ဝန်ဆောင်မှု ဒါမှမဟုတ် ကာယစွမ်း အား စိုက်ထုတ်ရသော လုပ်ငန်းစုအတွက် လူ ပုဂ္ဂိုလ်အားခိုင်းစေအသုံးပြုခြင်း၊ လိမ်လည်လှည့် ဖြားခေါ်ဆောင်ခြင်း (သို့) အတင်းကျပ်ခိုင်းစေ
ခြင်း (စိတ်ဆန္ဒမပါပဲ တစုံတရာသော ပြဋ္ဌာန်းသတ်မှတ်ချက်ကို ဗန်းပြရှေ့တန်းတင်၍ ကျေးကျွန်သဖွယ်ပြုမူ ခိုင်းစေခြင်း)၊ လိင်ပိုင်း ဆိုင်ရာအရ မတရားနိုင့်ထက်စီးနင်းပြုမူကျင့်ကြံခံရခြင်း၊ ဝင်ငွေနှင့်လုပ်အား အချိုးမညီမျှခြင်း၊ ကြွေးမြီကြောင့် အခိုင်းအစေဘဝကျ ရောက်ခြင်း၊ ကျေးကျွန်ဘဝကျရောက်ခြင်း (သို့) အခြားသော မတရားသဖြင့်ပြုမူလုပ်ဆောင်ခိုင်းစေခြင်းတွေ ပါဝင်သက်ဆိုင်မှုရှိ တယ်။


လူကုန်ကူးမှုနှင့်သက်ဆိုင်သော အကြောင်းချင်းရာတွေထဲမှာဖြင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ဆွဲဆောင်သိမ်းသွင်းခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း (စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်အားနှင့် မမျှတသော ဝင်ငွေ၊ အစားအသောက်တို့ကိုသာ ပေးကမ်းကျွေးမွေး ခြင်း)၊ အိမ်တွင်းအမှုကိစ္စအရပ်ရပ်ကို ကျေးကျွန်သဖွယ်ခိုင်းစေခြင်း၊ အတင်းအကျပ် စစ်မှုထမ်းဖို့ရာဆင့်ခေါ်ခြင်း၊ ခန္ဓာကိုယ်အစိတ် အ ပိုင်းအားရောင်းချခြင်းနှင့် ဓနငွေကြေးရရှိဖို့ရာအတွက် တရားမဝင်ထိန်းသိမ်းမွေးစားခြင်း အစရှိသည့် အကြောင်းချင်းရပ်တွေဟာဖြင့် တနွယ်ငင်တံစဉ်ပါဆိုသလို ဆက်စပ်ပတ်သက်နေကြတယ်။


အမေရိကန် အစိုးရဌာနအဆိုအရ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေ ၈ဝဝ,ဝဝဝ ဝန်းကျင်ဟာ နှစ်စဉ်ဆိုသလို လူကုန်ကူးသန်းရောင်းဝယ် ခြင်းခံရ၍ ပြည့်တန်ဆာဘဝသို့သက်ဆင်းရခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခံရခြင်းနှင့် အခြားသော အသွင်သဏ္ဌာန်ပေါင်းစုံတို့ဖြင့် သားကောင် ဘဝကိုကျရောက်ခဲ့ကြရရှာတယ်။ ဒီဖော်ပြပါ ပမာဏအရေအတွက်ဟာဖြင့်ရင် နယ်စပ်မျဉ်းတလျှောက် လူကုန်ကူးသန်း ရောင်းဝယ်ခံရသူတွေရဲ့ စာရင်းပါခြင်းအလျဉ်းမရှိသေးဘူး။ အမေရိကန်ပြည်ထောင်စုမှာတော့ နှစ်စဉ်နှစ်တိုင်းလို လူကုန်ကူးသန်း ရောင်းဝယ်သူတွေရဲ့ သားကောင်လက်တွင်း ဆင်းသက်ခဲ့ရသူပေါင်းဟာ ခန့်မှန်းချေအားဖြင့်ဆိုရသော် ၁၇,ဝဝဝ ဝန်းကျင်နီးပါးရှိတယ် လို့ ဆိုရလိမ့်မယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့ မှန်းဆချက်အရဆိုရင် အာရှ တိုက်ရပ်ဝန်းထဲမှ အမျိုးသမီးနှင့် ကလေး ၂ဝဝ,ဝဝဝ မှ ၂၅ဝ,ဝဝဝ အထိဟာ နှစ်တိုင်းလိုလို လူကုန်ကူးသူတွေရဲ့ ထောင်ချောက်အ တွင်းသို့ ပိတ်မိပြီး သားကောင်ဖြစ်ကြရရှာတယ်။ ယနေ့မျက်မှောက်ခေတ်ခါသမယမှာကို တွက်ချက်မှန်းဆမှုအရ အတ္တလန္တိတ်ကို ကျော်ဖြတ်ပြီး ကျွန်ရောင်းကျွန်ဝယ်ပြုခံနေတာဖြင့်ရင် လူဦးရေပေါင်း ၂၇ သန်းကျော် ရှိကောင်းရှိနိုင်လိမ့်မယ်။

လူကုန်ကူးခြင်းအမှုကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားက ချွတ်ခြုံကျဆင်းရဲခြင်း၊ ပညာရည်နိမ့်ကျအားနည်းခြင်း၊အလုပ် လက်မဲ့ဦးရေများပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ရာအတွက် စွမ်းဆောင်ရည်မပြည့်မှီခြင်း၊ ရွှေ့ပြောင်းလုပ်သားဦးရေထဲမှာ အမျိုးသမီးဦးရေအများဆုံးပါရှိခြင်း၊ ဂိုဏ်းဂဏအစုအဖွဲ့ဖြင့် ရာဇဝတ်မှုကိုဖောက်ဖျက်ကျူးလွန်ခြင်း၊ အစိုးရယန္တရားကိုယ်ထည်အတွင်း လာဘ်ပေးလာဘ်ယူမှုကြောင့် အကျင့်ပျက်ခြစားခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အလိုက်စောင့်ကြပ်ကြည့်ရှုမှု အပိုင်းမှာ အားနည်းချို့ယွင်းသည့်အတွက်ကြောင့်သာ ဒီလိုစိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေ အမြစ်တွယ်တည်ရှိနေတာဖြစ် တယ်။

ကမ္ဘာတဝှမ်းသို့ ရွှေ့ပြောင်းလုပ်သား ပျံ့နှံ့ဆက်စပ်မှု


မျက်မှောက်ကာလ ဖိလစ်ပိုင် စီးပွားရေးဟာဖြင့် လူမှုအရင်း (သို့) ရွှေ့ပြောင်းလုပ်သားတွေရဲ့ အ ပေါ်မှာ အတော်လေးကို မှီခိုအားကိုးသမှုပြုနေ ရသည့် ရင်းခံအကြောင်းတရားဟာ ဝင်ငွေ (သို့) မွေးဖွားရာအရပ်ဒေသနှင့် အလှမ်းကွာဝေးသော အရပ်တပါးမှလွှဲပြောင်းတဲ့ ဓနအင်အားစုကနေ တဆင့် မိုက်ကရို (အသေးစား စီးပွားရေး လုပ် ငန်း ဆောင်တာများ) နှင့် မက်ကရို (တိုင်းနိုင် ငံတရပ်လုံး ကိုယ်စားပြုသော စီးပွားရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်တာများ) စီးပွား ရေးမှရရှိဖြစ်ထွန်းသည့် အကျိုးအမြတ်ရလဒ် များနှင့် ဌာနေမိသားစု၏ လိုအပ်ချက်တွေဖြစ် သော ပညာရေး၊ ကျန်းမာရေးနှင့် အိမ်တွင်းအ သုံးစရိတ်တွေကို ထောက်ပံ့ပေးပို့နေသော်ငြားလည်း များပြားလှသည့် လူဦးရေကြောင့် ဝင်ငွေခွဲဝေဖြန့်ဖြူးရာဝယ် အချိုးအစား ညီ မျှမှုမရှိတာနဲ့ တွေ့ကြုံရင်ဆိုင်နေရတယ်။

ယေဘုယျအားဖြင့်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံမှာ အဆင့်မြင့်ပညာရပ်ကို သင်ကြားပို့ချသည့်ကျောင်းအများစုဟာ ပုဂ္ဂလိပိုင် (ဖိလစ်ပိုင် နိုင်ငံမှာရှိတဲ့ ၈ဝ% နီးပါးဝန်းကျင်ရှိသော ကျောင်းသားအများစုဟာ အဆင့်မြင်ပညာရပ်ကို ပုဂ္ဂလိကပိုင်ကျောင်းတွေမှာသာ တက် ရောက်တင်ကြားလေ့လာကြတယ်။) ကျောင်းတွေဖြစ်တဲ့အတွက် ငွေကြေးအင်အားအတော်လေးကို စိုက်ထုတ်သုံးစွဲရခြင်း၊ အကြောင်း ရင်းကလည်း အဆင့်မြင့်ပညာတတ်မြောက်ထားမှသာလျင် တိုင်းတပါးရပ်ဝေးမှာ အလုပ်အကိုင်ရှာဖွေရာဝယ် အခရာကျအရေးပါ သည့်အတွက် အကြမ်းဖျင်းအားဖြင့်ပြောဆိုရသော် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရပ်တပါးမှလွှဲပြောင်းသော ဓနအင်အားစုတွေကနေ အကျိုးအမြတ်ရလဒ်တွေဖြစ်ထွန်းလာတယ်လို့ဆိုရမှာပဲ။ မိသားစုအတော်များများဟာ လွှဲပြောင်းငွေလက်ခံယူရတယ်ဆိုတာကလည်း ယေဘုယျအားဖြင့်တော့ ဆင်းရဲနွမ်းပါးခြင်းမရှိတာကိုဆိုလိုခြင်းဖြစ်ပြီး ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနှုန်းထားဟာ အတော့်ကိုမြင့်မား မှုရှိတယ်လို့ဆိုရလိမ့်မယ်။ ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဆင်းရဲမှုနှုန်းထားလျော့ပါးသွားပေမယ့် ကြွင်းကျန်နေရစ်မှုတွေကိုတော့ ပြ သဖို့ရာအတွက် ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘူးလို့ဆိုရမှာပဲ။


ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှုဟာ ထပ်တူညီမျှမှုမရှိသော်ငြား တချို့သောအကြောင်းချင်းရာ အချက်အလက် တွေမှာတော့ အတော်လေးကိုကိုက်ညီနေတယ်လို့ ဆိုရမယ်နဲ့တူတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ပညာမ တတ် မှုနှုန်းထားမြင့်မားလာခြင်းကြောင့် စီးပွားရေးဆိုင်ရာကဏ္ဍတွေမှာ ချွတ်ခြုံကျအားနည်းယိုးယွင်းလာပြီး လူကုန်ကူးသန်းရောင်း ဝယ်မှုလုပ်ငန်းအမြစ်တွယ်ကျန်ရစ်နေစေဖို့ရာ ပျိုးထောင်ပေးထားသလိုဖြစ်နေခြင်း၊ ရွှေ့ပြောင်းလုပ်သားဖြစ်စဉ်ထဲစီးမျောလိုက်ပါသွား ခြင်းရဲ့နောက်ဆက်တွဲအကျိုးဖြစ်ထွန်းမှုလို့ဆိုရမယ့် တိုင်းတပါးရပ်ဝေး လုပ်ငန်းခွင်တွင်း ဝင်ရောက်လုပ်ကိုင်နေကြသူတွေလွှဲပြောင်းပို့ ဆောင်လိုက်သော ဘဏ္ဍာငွေမှစီးပွားရေးပါဝါကိုခုတ်မောင်းလည်ပတ်စေဖို့ရာ လောင်စာဆီဖြည့်တင်းပေးသည့် အင်အားစုတရပ်အ ဖြစ်ပြောင်းလဲဖော်ဆောင်နေရသည့်အတွက် အလုပ်လက်မဲ့ဦးရေနှင့် အလုပ်အကိုင်အခွင့်အလမ်းရဖို့ရာအတွက် စွမ်းဆောင်ရည်မ ပြည့်မှီခြင်း အစရှိသည့်ပြဿနာရပ်တွေဟာ ယှဉ်လျက်ဆိုသလိုဒွန်တွဲထွက်ပေါ်လာပါရော။

စီးပွားရေးကဏ္ဍ အားနည်းချို့ယွင်းနေစဉ် များပြားကြီးမားလှသော လူဦးရေကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အားနည်းယို့ယွင်းချက်နှင့် လူမဆန်ခေါင်းပုံဖြတ်သည့်လုပ်ရပ်မှ အကျိုးစီးပွားအခွင့်အလမ်းရနိုင်ချေဖြစ်ရပ်တွေဟာ လူကုန်ကူးမှုကနေမွေးထုတ်လိုက်တဲ့ အခြင်း အရာနှစ်ရပ်လို့ဆိုရလိမ့်မယ်နဲ့တူတယ်။ ရွှေ့ပြောင်းလုပ်သားတွေနှင့် လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ သားကောင်ဘဝကျရောက် သူအများစုဟာ နိမ့်ကျသည့် လုပ်အားခနှင့် အလုပ်လက်မဲ့ဆိုတဲ့ ဘဝကနေလွတ်မြောက်ချင်ကြတာကတော့ တထပ်တည်းလို့ဆိုရမှာ ပဲနဲ့တူတယ်။ အဆုံးသတ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ သားကောင်ဘဝမကျရောက်ခဲ့ရသည့်တိုင် မတရားပြုမူကျင့် ကြံခြင်းခံရသော သူတို့စိတ်ကူးမျှော်လင့်ထားသည့် ရွှေ့ပြောင်းလုပ်သားဘဝတော့ ကျရောက်ခဲ့ကြရတာပါပဲ။
အပြည့်အစုံသို့ >>

Tuesday, 24 November 2009

အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး

Friday, 20 November 2009 19:12 အင်ဒီ ဟောလ်

ထိုင်းအစိုးရက နိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် သတ်မှတ် ပေးနိုင်ရေးဆိုင်ရာ မူဝါဒတရပ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ အလုပ်သမားများ အနေနှင့် မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ရေး အစီအစဉ်ကို ဆောင်ရွက်ကြရမည်ဟု ဆိုသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) အများစုလည်း မျက်စိလည် ခေါင်းရှုပ်ကုန်ကြရသည်။ ထိုင်းအစိုးရ အနေနှင့် တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများ အရေး ဖြေရှင်း နိုင်ရန် လက်တွေ့မကျသော မျှော်မှန်းချက်များ ထားရှိနေသည်ဟု သူတို့က ယုံကြည်နေကြသည်။
ယခုအခါ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလူထု ၃ သန်း ပတ်ဝန်းကျင် ရှိနေသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ နေ ထိုင်ခွင့်နှင့် အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ "တရားဝင်" အလုပ်သမား လက်မှတ်များ ထုတ်ပေးနေစေကာမူ ထိုင်းနိုင်ငံ တွင်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေထိုင်ကြဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည့် အခြေအနေများနှင့် လည်း ရင်ဆိုင်နေကြရသူများ ရှိနေသေးသည်။


ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာများကြောင့် ရာဇ၀တ်မှုများ၊ ရောဂါဘယများ၊ အလုပ်လက်မဲ့ဖြစ်ရမှုများ စသည့် အမျိုး စုံသော ပြဿနာများ ပေါ်ပေါက်ရသည်ဟု သတင်းများတွင်လည်း ဖော်ပြထားသည်။ သို့သော်လည်း ရွှေ့ပြောင်းလုပ်သား များ၏ အခွင့်အရေးနှင့်လုပ်အား အရေးပါမှုကိုလည်း တရားဝင် အသိအမှတ်ပြုထားပြန်သည်။
နိုင်ငံသား စိစစ်ရေး အစီအစဉ် ဆိုသည်ကို ပြောနေကြသည်မှာ ၁၀ နှစ်မျှ ရှိတော့မည်။ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများ အကြား နားလည်မှုစာချွန်လွှာ (MoU) တရပ်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကပင် လက်မှတ် ရေးထိုးထား ခဲ့ကြပြီး ဖြစ်သော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ ရှိနေခဲ့သည်။

ယခုတော့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်က ဖြစ်လာတော့မည်။ ထိုင်း-မြန်မာ နယ်စပ် ဂိတ် ၃ နေရာတွင် နှစ်နိုင်ငံလုံး၌ နိုင်ငံသား စိစစ်ရေးဌာန(၆) ခုကို ဖွင့်လှစ် ဆောင်ရွက်နေကြပြီ ဖြစ်သည်။ နောက်ထပ် စိစစ်ရေးဌာန ၂ ခု ထပ်မံဖွင့်လှစ်ရန် လည်း စီစဉ်ထားကြသည်။ ယခုအခါ မြန်မာရွှေ့ပြောင်းလူထုများ အကြား၌ သတင်းများလည်း ပျံ့နှံ့နေသည်။ သူတို့ ပထမ ဦးစွာ မြန်မာပြည်သို့ ပြန်ရမည်။ ပြန်လာသည့်အခါ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ နေထိုင်နိုင်မည့် ဗီဇာရရှိမည် ဖြစ်သည်။ ယခုအခါ နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်သင့် မလုပ်သင့် မဟုတ်တော့ဘဲ၊ မည်သို့ မည်ပုံ ထိရောက်စွာလုပ်ဆောင် နိုင်မည်နည်းဟူသော ဆွေးနွေးမှုမျိုး ဖြစ်နေကြပြီ။

နိုင်ငံသား စိစစ်ရေး အစီအစဉ်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ခြောက်အိပ်မက် မျိုး ဖြစ်နေသည်။ ဤလုပ်ငန်းစဉ်ကြောင့် ရွှေ့ပြောင်းလုပ်သားများတွင် နှစ်မျိုးနစ်နာဖွယ် အကြောင်း ရှိနေသည်။ ပထမ အချက်မှာ ဤလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ရွှေ့ပြောင်းလုပ်သားများက သူတို့၏ "ရန်သူ" သဖွယ်ဖြစ်နေသည့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် ကြုံရနိုင်သည့် အန္တရာယ် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်ဖွယ် ကိစ္စလည်း ဖြစ်သည်။ အကြောင်းမှာ တိုင်းရင်းသားလူမျိုးစုများ သည် စစ်အစိုးရကို ဆန့်ကျင်၍ ဆက်လက် စစ်ပွဲဆင်နွှဲနေကြဆဲကြောင့် ဖြစ်သည်။

ထိုင်းအစိုးရကလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ရှုပ်ထွေးေ၀၀ါးရန် လုပ်နေသည်။ ပွင့်လင်းမြင်သာမှု မရှိသကဲ့သို့ ငွေကုန်ကြေးကျလည်း များလှသည်။ ရွှေ့ပြောင်းလူထုများအကြား၊ အလုပ်သမား အဖွဲ့များနှင့် အစိုးရ မဟုတ် သည့် အန်ဂျီအို အဖွဲ့များအကြားတွင် သတင်းပြန်ကြား ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း မရှိဘဲ၊ ဤ ကိစ္စကို အစိုးရ အရာရှိအနည်းငယ်နှင့် အလုပ်ရှင် အနည်းငယ်ကသာ သိရှိကြသည်။ ကြားပွဲစားများကို စည်းကျပ်ရန် မဆောင် ရွက်နိုင်ကြသည့်အတိုင်း ထိုသူများက ယခုကိစ္စအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မှသည် ၃၀၀ အထိ ကုန်ကျ ငွေကို အလုပ်သမားများထံမှ တောင်းယူနေကြသည်။ ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် လုပ်ခအနည်းငယ်မျှနှင့် ရှင်သန် ရုန်းကန်နေကြရသည့် အခြေအနေတွင် အလွန်မှ မဖြစ်သင့်သော ကိစ္စလည်း ဖြစ်သည်။

နိုင်ငံသား စိစစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ တရားဝင် ဖော်ပြချက် ဟူသည်မှာ မြန်မာအစိုးရက ရွှေ့ပြောင်းလူထုများ (မြန်မာနိုင်ငံမှ တရားမ၀င် ထွက်ခွာသွားကြပြီး စစ်အစိုးရအပေါ် ယုံကြည်မှုနည်းနေကြသူများ) အကြား ပေးသည့် လက် ကမ်းသတင်းလွှာ တခုပင် ရှိသည်။ ဤလုပ်ငန်းစဉ်သည် အန္တရာယ်မရှိကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်းနှင့် ရင်းနှီး လက်ကမ်းနွေးထွေးစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။

ရွှေ့ပြောင်းလူထုအကြားတွင်မူ ကောလာဟလများက ပျံ့နှံ့လျှက်ရှိနေသည်။ မြန်မာ နိုင်ငံတွင်း ကျန်နေသူ မိသားစုများထံမှ မြေသိမ်းယူခြင်း၊ ဘန်ကောက်မှ ရွှေ့ပြောင်းအခြေချလုပ်သားများ ၆၀ (သို့မဟုတ် ပြောသူအပေါ် မူတည်၍ ၂၀၀ အထိ အရေအတွက် အပြောင်းအလဲလည်း ရှိနိုင်သည်) ခန့် မြ၀တီစိစစ်ရေးဂိတ်သို့ နိုင်ငံသား စိစစ်ရေးကိစ္စများ လုပ်ဆောင်ရန် ရောက်ရောက်ချင်း မြန်မာအစိုးရကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်သို့ ပို့ခြင်း၊ ငွေညှစ်ခြင်း၊ ထိုမျှမက ရွှေ့ပြောင်းအလုပ် သမားများအကြား ယခု နိုင်ငံသားစိစစ်ရေးကိစ္စ ရှောင်လွှဲနိုင်ရန် မိမိကိုယ်ကိုသတ်သေခြင်း စသည့် ကောလာဟလများ ပြောဆိုနေကြသည်။ ထိုင်းနှင့် မြန်မာအစိုးရများက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဤကောလာဟလများကို ငြင်းဆိုခဲ့ ကြသည်။
သို့သော်လည်း နှစ်နိုင်ငံအစိုးရများက ယခုလုပ်ငန်းစဉ်ကို သိုသိပ်စွာ လုပ်ကိုင်နေကြခြင်းမှာ အပြစ်ဆိုဖွယ်ရာ ရှိနေပါ သေးသည်။ ကြားပွဲစားဆိုသူများကရော မည်သူများပါနည်း။ မည်သို့မည်ပုံ နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးသနည်း။

ဤလုပ်ငန်းစဉ် လုပ်ဆောင်ပုံက မည်သို့ ရှိနေသနည်း။ မည်သူက အကျိုးအမြတ် ဖြစ်နေသနည်း။ တချို့သော လျှောက် လွှာများက အမြန်ကျလာပြီး တချို့လျှောက်လွှာများက မည်သည့်အကြောင်းကြောင့် ကြာမြင့်နေရပါသနည်း။ မည်သည့် အတွက်ကြောင့် မွတ်စလင်များကို ချန်ဖယ်ထားရပါသနည်း။ လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချ လုပ် သားများကို ဆောင်ရွက်ပေးခဲ့သည့်နည်းတူ မြန်မာများကို ထိုင်း နိုင်ငံအတွင်း ဆောင်ရွက်ပေးနိုင်ရန် မည်သည့်အတွက် ကြောင့် ခွင့်မပြုပါသနည်း။ ယခု နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် လာမည့် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲနှင့် တနည်းတဖုံ သက်ဆိုင်မှု ရှိနေပါသလော စသဖြင့် မေးခွန်းများစွာ ရှိနေကြပါသည်။

မဖွံ့ဖြိုးသေးသည့် နိုင်ငံတခု၊ ခြစားမှုလည်း ထူပြော၊ ဒီမိုကရေစီနည်းကျ အစိုးရလည်းမရှိ၊ ရှည်လျားစွာ ထိစပ်နေသော နယ်စပ်ချင်းလည်း ဆက်စပ်နေသည့် နိုင်ငံတခုနှင့် တရားမ၀င် လူဝင်ရောက်မှု ပြဿနာကို ဖြေရှင်းရန် ဆိုသည်မှာ ကမ္ဘာ ပေါ်တွင် ဖွံ့ဖြိုးပြီးဟူသည့် အဆင့်မြင့်နိုင်ငံများအတွက်ပင် ခက်ခဲလှသော ပြဿနာလုပ်ငန်း ဖြစ်ပါသည်။ သို့သော် ဤ စံနှုန်းထားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုင်းနိုင်ငံက ဆောင်ရွက်နေသော လုပ်ငန်းမှာ ညံ့ဖျင်းလှပါသည်။

ရွှေ့ပြောင်း အခြေချနေထိုင်မှုဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တခုမျှသာ ဖြစ်ပြီး လူများက သူတို့ နှင့် သူတို့မိသားစု ပိုမိုတိုးတက်ကောင်းမွန်မည့် ရေကြည်ရာ၊ မြက်နုရာကို ရှာဖွေနေကြပါသည်။ တခုခုပို၍ ထူးခြားသည့် နေရာ၊ သူတို့ဘ၀အတွက် အပြောင်းအလဲ ဖြစ်စေမည့် နေရာကို ရှာနေကြသည်။ တနည်းအားဖြင့် သူတို့ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ပဋိပက္ခများနှင့် ဝေးရာသို့ ပြောင်းရွှေ့လိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလများမှစ၍ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရေးအတွက် မစို့မပို့ မူဝါဒများ စတင်ချမှတ် ကျင့်သုံးလာခဲ့သည်။ ပထမပိုင်းတွင် တချို့သောခရိုင်များနှင့် တချို့လုပ်ငန်းကဏ္ဍများကို ကန့်သတ်၍ ခွင့်ပြုပေးခဲ့သည်။ အစီအစဉ် မကျလှသော ပြဿနာချဉ်းကပ်မှုတွင် ၀န်ကြီးအဖွဲ့မှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ထိုသူ များအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ ရွှေ့ပြောင်း လုပ်သားများ မှတ်ပုံတင်နိုင်မည့် အခွင့်အလမ်းများ ယာယီခွင့်ပြု ခြင်း၊ အနည်းအကျဉ်းမျှသော လူထုပြန်ကြားဆက်သွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အလုပ် သမားရေးရာဝန်ကြီးဌာနရှိ အရာရှိများက ယခုလုပ်ငန်းစဉ် စတင်ပြီးနောက်မှ အလုပ်သမား မှတ်ပုံတင်ရေးကိစ္စကို ကြားသိ ကြရခြင်း၊ များသောအားဖြင့် အလုပ်ရှင်များနှင့် ရွှေ့ပြောင်း အခြေချလူထုအကြား နောက်တနှစ်တွင် ပြီးဆုံး တော့မည့် ၎င်းအစီအစဉ်များနှင့် ပတ်သက်၍ သတိမမူမိဘဲ ရှိနေကြခြင်းတို့မှာ များစွာ အံ့သြဖွယ် ကိစ္စ မဟုတ်ပါ။

မြန်မာရွှေ့ပြောင်း အခြေချလူထုက ၎င်းတို့၏ နှလုံးသားအတွင်းမှ ငြင်းဆန်နေကြသည့် အရေးကြီးကိစ္စ အချက်တခု ရှိပါ သည်။ ၎င်းမှာ သူတို့က မွေးရပ်ဇာတိမြေမှ တရားမ၀င် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ပြီး (အကယ်၍ သူတို့ပြန်ပါက တရား စွဲဆို ဖမ်းဆီးခံရနိုင်၍ ထောင်ချခံရနိုင်ဖွယ် အခြေအနေလည်း ရှိနေသည်။) သူတို့က ဤသို့ဖြင့် ထိုင်းနိုင်ငံတွင်း တရားမ၀င် ခိုးဝင်နေထိုင်ကြခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် ခွင့်ပြုသက်တမ်း သက်တမ်းလွန်သည့်တိုင် နေထိုင်နေကြခြင်း ဖြစ်သည်။

ထိုသူများက ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်လာကြသည်။ သို့မဟုတ် တရားဝင် ၀င်ရောက်လာပြီးမှ အချိန် ကြာကြာ နေထိုင်နေကြသည်။ အကြောင်းမှာ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများအကြားတွင် အလုပ်လုပ်နိုင်သော တရားဝင် သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာ (MoU) များ ရှိမနေသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း သို့ တရားမ၀င် ခိုးပို့ပေးကြမည့် ကြားပွဲစားများလည်း အများအပြား ရှိနေကြသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးစနစ်ကလည်း ထိုသူများ၏ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပြီး အထူးသဖြင့် လုပ်အားခနည်းနည်းပေး၍ လုပ်စေလိုသော လုပ်ငန်းများတွင် ထိုသူများကို အလိုရှိနေကြသည်။

ရွှေ့ပြောင်း အခြေချလုပ်သားများသည် အန္တရာယ် အများဆုံး၊ အညစ်ညမ်းဆုံး၊ အနိမ့်ကျဆုံး လုပ်ငန်းခွင်များတွင် လုပ် ဆောင်နေကြရပါသည်။ သူတို့ မတော်တဆ ထိခိုက်ဒဏ်ရာရမည်ဆိုလျှင်လည်း လျော်ကြေးခံစားခွင့်များ ရှိမနေပါ။ ထိုသူများက တရားဝင်အရ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်မရှိသလို၊ သူတို့မှတ်ပုံတင်ထားသည့် ခရိုင်ပြင်ပသို့ ခရီး ထွက်ခွာခွင့်လည်း မရှိကြပါ။ တချို့သောနေရာများတွင် လူစုလူဝေးဖြင့် တွေ့ဆုံ စုစည်းခွင့်ပင် မရှိကြပါ။
နိုင်ငံသား စိစစ်ရေး အစီအစဉ်သည် ယခုကဲ့သို့ ချွတ်ချော်လွဲမှားသည့် စီမံခန့်ခွဲမှုများ ရှိနေသော်လည်း လိုအပ်သည့် လုပ်ငန်းစဉ် တခုပင် ဖြစ်သည်။ အကြောင်းမှာ မြန်မာရွှေ့ပြောင်း အခြေချလူထုသည် ထိုင်းနိုင်ငံတွင် ပျောက်ကွယ်သွား မည် မဟုတ်ဘဲ ထိုင်းနိုင်ငံ စီးပွားရေးစနစ်အတွက်လည်း ထိုသူများကို လိုအပ်နေသောကြောင့်ပင်။

အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာ၏ အယ်ဒီတာ့အာဘော်က အမှန် အတိုင်း မှတ်ချက်ပေး ရေးသားခဲ့သေးသည်။ "ပြဿနာ ရေသောက်မြစ်မှာ မြန်မာနိုင်ငံတွင်ပင် ဖြစ်သည်။ မြန်မာစစ် အစိုးရက ၎င်း၏ပြည်သူများကို အကြောက်တရားလွှမ်းမိုးထားစေရန် အကြမ်းဖက်ဆောင်ရွက်နေသမျှ ဤပြဿနာများ ပြီးဆုံးသွားမည် မဟုတ်ပါ။ ဤအဖုအထုံးများကို ပြည်တွင်း ပြည်ပဖိအားများဖြင့် ဖြေရှင်းရမည် ဖြစ်သည်။ ထိုင်းနိုင်ငံက ၎င်း၏ ရွှေ့ပြောင်းလုပ်သားများကို စည်းမျဉ်းချမှတ် ထိန်းသိမ်းရန်၊ ထိုသူများအတွက် သင့်လျော်သည့် လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် ခံစားခွင့်များ ပံ့ပိုးပေးရန် တာဝန်ရှိနေမှုကို ငြင်းပယ်နေ၍ မရပါ" ဟု ဖော်ပြရေးသားထားခဲ့သည်။
မည်သည့် အားနည်းချွတ်ယွင်းချက်များ ရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံ၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံရမည်ပင် ဖြစ်သည်။ ၎င်းက အဓိပ္ပာယ်ရှိသော ဆွေးနွေးငြင်းခုန်မှုများနှင့် ဤလုပ်ငန်းကို စတင်ခဲ့သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် စနစ်တကျ ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရသည့်အခါ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား များမှာ ကမ္ဘာပေါ်တွင် အနစ်နာ အခံစားရဆုံး အလုပ်သမားဟုပင် ဆိုနိုင်တော့သည်။ မွေးရပ်ဇာတိမြေ နိုင်ငံကလည်း ၎င်း ကိုယ်ပိုင် ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရန် လျစ်လျူရှုထားကြသေးရာ အားနည်း ချက်ရှိနေ သော ယခုနိုင်ငံသားစိစစ်ရေး အစီအစဉ်သည်ပင် မြန်မာရွှေ့ပြောင်းလူထုအတွက် ရည်ရွယ်ချက်ကောင်းနှင့် ဆောင် ရွက် ခဲ့သော်လည်း ပြဿနာများ ပေါင်းစုံနှင့် ကြုံရသည်။

ပို၍ ဆွေးနွေးညှိနှိုင်းမှုများ၊ လွတ်လပ်ပွင့်လင်းသော ဆွေးနွေးမှုများ ရှိလာလျှင် သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်း အခြေချ အလုပ်သမားများသည် ပို၍ ကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များကို ရရှိလာစေနိုင်သည်။ သူတို့အားလုံး အပြုခံသဘော သက်ရောက်နေသည့် သားကောင်များ ဖြစ်နေကြပါသည်။ သူတို့၏ ပြဿနာ အခက်အခဲများအတွက် အဖြေရရှိနိုင်ရန် အလေးအနက် ဆောင်ရွက်ပေးရန် လိုအပ်နေသကဲ့သို့ သူတို့အတွက် ခံစားထိုက်သော အခွင့်အရေးလည်း ဖြစ်ပါသည်။

ANDY HALL ရေးသားသည့် A Debate Worth Having? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Andy Hall သည် ဘန်ကောက်မြို့ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Human Rights and Development Foundation) မှ ရွှေ့ပြောင်းလူထု တရားမျှတမှု ရရှိစေရေး အစီအစဉ်၏ ဒါရိုက်တာဖြစ်ပါသည်။
အပြည့်အစုံသို့ >>

Wednesday, 18 November 2009

ယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလုပ်သမားများ


Thursday, 12 November 2009 18:39 အဲလက်စ် အဲလ်ဂီး

“ရဲတွေ့ရင် ရင်တုန်ကြောက်ရွံ့ မနေရတော့ဘူးဆိုတော့ ကျနော် ပျော်လိုက်တာ။ ကျနော် ထိုင်းနိုင်ငံထဲမှာ လွတ်လွတ် လပ်လပ် ခရီးသွားနိုင်တော့မယ်၊ ငွေညှစ်ခံရမှာ၊ အဖမ်းခံရမှာလည်း ပူစရာ မလိုတော့ဘူး” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုသော်တာက ဆိုသည်။

ကိုသော်တာ ၁၀ နှစ်သား အရွယ်က သူ၏ မိသားစုနှင့်အတူ ဆင်းရဲဒုက္ခများ လွတ်မြောက်နိုင်ရန် မြန်မာနိုင်ငံမှ ထိုင်း နိုင်ငံသို့ ထွက်ပြေး အခြေချခဲ့ကြသည်။ သူက နှစ်ပေါင်းများစွာ ထိုင်း ရဲကို ကြောက်ရွံ့ရင်း ကြီးပြင်းလာခဲ့ရသည်။ ရံဖန်ရံခါ ငွေကြေး လာဘ်ပေးရသည်လည်း ရှိခဲ့သည်။ မပေးလျှင် ထောင်ချနိုင်သည်။ ပိုဆိုးသည်က မြန်မာ နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံရမည့် အန္တရာယ်လည်း သူတို့ ကြုံရနိုင်သေးသည်။

နောက်ထပ် ၁၇ နှစ်အကြာမှာတော့ ကိုသော်တာက ဘန်ကောက်ရှိ စားသောက်ဆိုင်ကြီးတခုတွင် စားဖိုမှူး ဖြစ်နေပြီ။ ယခုတော့ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားနိုင်ပြီ ဖြစ်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ သေချာ ရေရာမှု မရှိလှသည့် တရားမ၀င်ရွှေ့ပြောင်း လုပ်သားများဘ၀မှ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းပေါ်သည်နှင့် တပြိုင်နက် သူ အရယူခဲ့သည်။ သူ၏လုပ်ငန်းရှင်က ထိုင်း-မြန်မာနယ်စပ်၌ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးကာ ယာယီနိုင်ငံကူးလက်မှတ်အတွက် အကူအညီပေးမည်ဟု ပြောလာသဖြင့် သူဝမ်းအသာကြီး သာခဲ့မိသည်။ တချို့သော သူများအတွက်တော့ နိုင်ငံကူးလက်မှတ်ရလာသည့် ကိုသော်တာ၏ အနေအထားကို အောင်မြင်မှု တခုအဖြစ် ယူဆနေကြသည်။ တကယ်လည်း ယူဆထိုက်၏၊ ကိုသော်တာ ထိုလက်မှတ်ရရန် ထိုက်သင့်သည့်ငွေကြေး ကုန်ကျမှုထက် တပြားတချပ်မျှ ပိုမပေးခဲ့ရသည့်အပြင် သူ့ အလုပ်ရှင်က သူ့ကို လုံခြုံစွာဖြင့် နယ်စပ်အထိ လိုက်လံပို့ဆောင် ကူညီပေးခဲ့သေးသည်။ သို့သော်လည်း တက်ကြွလှုပ်ရှား သူများကတော့ ယခုအခါ ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အစီအစဉ်များအနေနှင့် လိုအပ်ချက် များစွာ ရှိနေသေးသည်ဟု ပြောဆိုနေကြသည်။ ကိုသော်တာလို ကံကောင်းသည်ကတော့ လူနည်းစုသာ ဖြစ်သည်။ ကိုသော်တာသည် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော် အနက်၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာသူ ၂၀၀၀ ထဲမှ တဦးသာ ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီး Phitoon Kaewthong ၏ အဆိုအရ ဤ လူ ၂၀၀၀ မှာ နိုင်ငံသားစိစစ်ရေး ဌာနများတွင် မှတ်ပုံတင်လာကြသူ၊ တနှစ်တာ (သက်တမ်းတို) နိုင်ငံကူးလက်မှတ်ရရှိကြသူ အရေအတွက် ဖြစ်သည်။ အလုပ်သမားများကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသူများက ယခုကဲ့သို့ အလွန်နည်းသော လူဦးရေ အရေအတွက်ကသာ လက်မှတ် လာလုပ်ကြခြင်းကို ထောက်ပြဝေဖန်ကြရာ၌ လူအများအကြား သိရှိစေရန် သတင်းဖြန့်ဝေပေးခြင်း၊ ရွှေ့ပြောင်း လူထုများအကြား လူထုဆက်သွယ်ပြန်ကြားရေး အားနည်းမှုကြောင့်ဟု ထောက်ပြကြသည်။ သူတို့က ပြောဆိုကြရာ၌ အလုပ်သမားများက ယခု အစီအစဉ်ကို မသိရှိကြကြောင်းနှင့် ကြားသိသူများကလည်း ကောလာဟလမျိုးစုံနှင့် ရှုပ်ထွေးေ၀၀ါး နေကြသည်ဟု ဆိုကြသည်။ သူတို့ ထောက်ပြသည်မှာလည်း အမှန်ဖြစ်သည်။ မဲဆောက်တွင် စက်ရုံပိုင်ရှင် အများစုက နိုင်ငံသားစိစစ်ရေးနှင့် နိုင်ငံကူး လက်မှတ်ပြုလုပ်ရေးကိစ္စ သူတို့လုပ်သားများထံ တလုံးတပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိကြပါ။ “မဲဆောက်မှာက လုပ်ခပေးတာလည်း သိပ်နည်းတယ်။ လုပ်ငန်းခွင် အခြေအနေကလည်း သိပ်ဆိုးတယ်။ အလုပ်ရှင်တွေ က တကယ်လို့ သူတို့အလုပ်သမားတွေသာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိလာရင် လွတ်လပ်ခွင့် ရလာကြမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ရှင်းပြသည်။ အကယ်၍ အလုပ်သမားများက မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ပြီးသည်နှင့် လက်မှတ်ရခဲ့လျှင် ထိုင်းနိုင်ငံထဲ၌ လွတ်လပ်စွာ သွားလာခွင့်ရှိလာမည် ဖြစ်သည်။ “စက်ရုံပိုင်ရှင်တွေက သူတို့ အခု မဲဆောက်မှာတနေ့ ဘတ် ၅၀ (ကျပ် ၁၅၀၀ ဝန်းကျင်) ပေးနေတဲ့အလုပ်ကနေ တနေ့ကို ဘတ် ၃၀၀ (ကျပ် ၉၀၀၀ ဝန်းကျင်) လောက်ရနိုင်မယ့် ဘန်ကောက်လို တခြားဒေသဘက်ကို အလုပ်သမားတွေ ရွှေ့ပြောင်းသွားမယ် ဆိုတာ သိနေတယ်” ဟု ကိုမိုးဆွေက ဆိုသည်။ မဲဆောက်တွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအဖို့ မူလလုပ်ခကပင် နည်းလွန်းနေရာ ယခု နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေးကိစ္စအတွက် ငွေကြေးမတတ်နိုင် ဖြစ်နေကြရသည်။ ထိုမျှမက အရာရှိများနှင့် ပွဲစားများ၏ ခြစားမှုသတင်းများ ကြားနေကြရသောကြောင့်လည်း စိတ်မလန်းနိုင် ဖြစ်နေကြရသည်။ မဲဆောက်နေ စက်ရုံအလုပ်သမတဦးက သူ၏ စိတ်ပျက်အားငယ်မှုများကို ဧရာဝတီမဂ္ဂဇင်းထံ ဖော်ထုတ် ပြောပြခဲ့သည်။ သူ အလုပ်လုပ်နေသည့် သိုးမွေးချည်ထိုးစက်ရုံသို့ မြန်မာအရာရှိများနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ ၂ ဦး ပူးတွဲရောက်ရှိလာပြီး သူတို့ အလုပ်ရှင်ကို ဖိအားပေးသည်။ အလုပ်သမားများကို ယခု နိုင်ငံသား စိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရန် ပြောဆိုသည်ဟု ကြားသောအခါ မူလက သူတို့အားတက်ပျော်ရွှင် နေခဲ့ကြသည်ဟု ထို အမျိုးသမီးက ပြောပြသည်။စက်ရုံပိုင်ရှင်က မြန်မာအလုပ်သမားများ အနေနှင့် လက်မှတ်ရရှိရန် တဦးလျှင် ဘတ် ၅၀၀၀ (ကျပ် ၁ သိန်းခွဲခန့်) ဖြင့် ဈေးနှုန်းချိုသာစွာ လုပ်ပေးမည်ဟု ကြေညာကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရလိုပါက ယခုအချိန်သည် လျှောက်ထားကြရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ထိုသူတို့က ပြောဆိုခဲ့သည်ဟု ဆိုသည်။အလုပ်သမား အများစုက နိုင်ငံသားစိစစ်ရေးကိစ္စအတွက် စတင် လျှောက်ထားခဲ့ကြသော်လည်း ၁၀ ရက်အကြာတွင် လုပ်ခဈေးနှုန်းက ဘတ် ၇၅၀၀ (ကျပ် ၂၃၀၀၀၀ ခန့်) အထိ ဈေးတက်သွားပြီဟု ကြေညာခဲ့သည်။ “လူတွေက ဘယ်ဈေးနှုန်းရှိတယ်၊ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ဘယ်သိမှာလဲ၊ အခုလို ဈေးနှုန်းတွေ ဘယ်လို မြင့်ကုန်သလဲဆိုတာ ကျမ နားမလည်နိုင်ဘူး။ အခုတော့ အပိုအကုန်အကျခံ ပြီး လုပ်ကြရတော့မယ်။ အခုလို မရိုးမသား လုပ်တာကိုလည်း သံသယဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ဈေးနှုန်းတွေကို တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာသင့်တယ်” ဟု အဆိုပါ အလုပ်သမက ပြောသည်။ ပွဲစားကုမ္ပဏီ ၃ ခုက ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပုံစံများ ဖြည့်သွင်းရန် မြန်မာနယ်စပ်ရှိ နိုင်ငံသားစိစစ်ရေး ဌာနများသို့ ခရီးသွားလာရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်ဟု သိရသည်။ ထိုအတွက် ကုန်ကျစားရိတ် ပိုသွားခြင်းဖြစ်သည်။အလုပ်သမားအဖွဲ့အစည်း များကမူ လုပ်ခနည်းနည်းသာ ရရှိနေသော မြန်မာအလုပ် သမားများအတွက် လက်မှတ်လုပ်ခ ဈေးနှုန်းမြင့်မားနေသည်ဟု ဝေဖန်ကြသည်။ ဤသို့အကုန်အကျမခံနိုင်သည့်အတွက်ကြောင့် လက်မှတ် လျှောက်ထားမှုကို ဟန့်တားသကဲ့သို့ ဖြစ်စေသည်ဟု ဆိုသည်။ တချိန်တည်း၌ပင် တရားမ၀င် ပွဲစားများကလည်း လှုပ်ရှားနေကြသည်။ တချို့သတင်းများအရ လူလိမ်ပွဲစားများကို နိုင်ငံ ကူးလက်မှတ် အမြန်ရစေရန် ဘတ် ၁ သောင်းခန့် (ကျပ် ၃ သိန်းကျော်) ပေးကြရပြီး နောက်တကြိမ် ပြန်မတွေ့ ကြရဘဲ အလိမ်ခံနေကြရသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများ အလုပ်သမား ဆက်ဆံရေး အဖွဲ့ (Thailand’s State Enterprise Workers Relations Confederation) ၏ အထွေထွေ အတွင်းရေးမှူးကမူ ယခုလုပ်ငန်းစဉ်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စတင် ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောသည်။ သို့သော်လည်း ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများက သူတို့၏ ချွတ်ယွင်းချက် အမှားများကို လက်ခံ၍ အောင်မြင်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ “အခုအစီအစဉ် အလုပ်ဖြစ်နိုင်ဖို့ ထိုင်းအစိုးရက သူ့ဘက်မှာ လာဘ်စားမှုတွေ ရှိနေတယ် ဆိုတာကို လက်ခံဖို့ လိုတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေက ငွေကုန်ကြေးကျပိုများပြီး လုပ်ငန်း မတွင်ကျယ် ဖြစ်နေရတာ။ မြန်မာအစိုးရအနေနဲ့ တချို့တိုင်းရင်းသား လူမျိုးတွေလည်း မြန်မာနိုင်ငံသားပဲ ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ သူတို့လည်း ဗမာတွေလိုပဲ နိုင်ငံသားအဖြစ် စိစစ်ပြီး လက်မှတ်ရဖို့ အခွင့်အရေးရှိသင့်တယ်” ဟု သူက ဆက်ပြောသည်။ ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားကြသူ ဗမာမဟုတ်သော တချို့ တိုင်းရင်းသားများမှာ ပို၍ အခက်အခဲများ ကြုံတွေ့ ကြရသည်ဟုလည်း သတင်းများက ဆိုကြသည်။ တာ့ခရိုင် မဲဆောက် နိုင်ငံသားစိစစ်ရေးဌာနမှ အရာရှိတဦး၏ အဆိုအရ မြန်မာ - မွတ်လင်များ၏ နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေး လျှောက်ထားမှုတိုင်းကို ပိုမိုငြင်းပယ် ခံရသည်ဟု သိရသည်။ “ကျနော်တို့ လျှောက်ထားတဲ့သူ ၁၀၀၀ ကျော်ကို စိစစ်ပေးနေပါတယ်၊ အခု အချိန်အထိတော့ ငြင်းပယ်ခံရတဲ့ မြန်မာ မွတ်စလင်တွေကလွဲရင် တခြား ကျန်တဲ့သူတွေအတွက် ပြဿနာ မရှိပါဘူး” ဟု သူက ပြောပြသည်။ရိုဟင်ဂျာများကိုမူ မြန်မာစစ်အစိုးရက နိုင်ငံသားမဟုတ်ဟု ငြင်းပယ်ထားခဲ့ပြီး သူတို့ကို ပြည်ပသို့ နှင်ထုတ်နေကြသည်။ ၎င်းရိုဟင်ဂျာများက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီ ခိုလှုံရေးစခန်းများတွင် ထွက်ပြေးနေထိုင် နေကြရသည်။ ဤသို့ ငြင်းပယ်ခံရမည် သေချာနေခြင်းကြောင့်လည်း ထိုသူများအဖို့ ပို၍နစ်နာဖွယ်၊ ပို၍ အခွင့်အရေး ချိုးနှိမ်ခံရ၊ ဒုက္ခကြုံတွေ့ရဖွယ် အခြေအနေ ရှိနေသည်။ “ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးတမျိုးလို့ အစိုးရက လက်ခံတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလူတွေတော့ သူတို့က နိုင်ငံသား အဖြစ် စိစစ်အသိအမှတ်ပြု ခံရဖို့ဆိုတာ မျှော်လင့်ချက် မရှိဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာ ရိုဟင်ဂျာအသင်း အဖွဲ့ဝင် Enayet Ullah က ပြောသည်။ “ရိုဟင်ဂျာတဦးအဖို့ နိုင်ငံကူး လက်မှတ်ရဖို့ထက်စာရင် အဖမ်းခံရဖို့က ပိုများတယ်” ဟု သူက ဖြည့်စွက်ပြောသည်။ ၂၀၁၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးသတ်မှတ်ရက်သို့ နီးကပ်လာနေချိန်တွင် ကုလသမဂ္ဂ အရာရှိ David Feingold ကလည်း လူအများအနေနှင့် ယခု ယာယီ နိုင်ငံကူး လက်မှတ် ရရှိနိုင်မည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြရလိမ့်မည် ဟု ယုံကြည်နေကြောင်း၊ ထိုသူများအနေနှင့် လူကုန်ကူး ရောင်းစားခံရမှု အန္တရာယ် တိုး၍ ကြုံရနိုင်ကြောင်း ပြောသည်။ “အပေါ်ယံကြည့်ရတာတော့ အကုန်လုံး အဆင်ချောနေပြီး လာဘ်စားမှုတွေ ကင်းတယ် ဆိုဦးတော့၊ ၂၀၁၀ မှာ လူအများကြီး လာပြီး မှတ်ပုံတင်ကြမယ့် အနေအထား မတွေ့ရဘူး။ တကယ်လို့ နောက်ဆုံးသတ်မှတ်ရက်ကို ရက်ထပ်မတိုးဘူး ဆိုရင်တော့ လူအများစုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ အတွက် သူတို့ ပိုပြီးနစ်နာမယ်၊ အန္တရာယ်ကြုံရဖို့ ပို ဖြစ်နိုင်တယ်” ဟု David Feingold က ဆိုသည်။ ရိုဟင်ဂျာများကဲ့သို့ပင် ချင်းမိုင်မြို့ အနီးတ၀ိုက်တွင် အလုပ်လုပ်ကိုင်နေကြသူ ရှမ်းတိုင်းရင်းသား များသည်လည်း တိုင်းရင်းသား ဖြစ်နေသည့်အတွက်ကြောင့် ၎င်းတို့ကို ညှိုး၍ဖိနှိပ်မည်ကို စိုးရိမ်နေကြသည်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းမြန်မာများ၏ အခွင့်အရေးကိစ္စ ဆောင်ရွက်နေသည့် MAP foundation မှ ကိုယ်စားလှယ်တဦးက ၎င်းတို့သိရသော သတင်းများအရ ပြောပြရာတွင် ရှမ်းတိုင်းရင်းသား အလုပ်သမား ၇ ဦး လျှောက်လွှာတင်သွင်းခဲ့ရာ ၃ ဦး၏ လျှောက်လွှာများမှာ ငြင်းပယ်ခံခဲ့ရပြီး မြန်မာအာဏာပိုင်များက မည်သို့မျှ ရှင်းပြခြင်းမရှိဘဲ သူတို့၏ စာရွက်စာတမ်းများကို ပြန်မပေးဘဲ သိမ်းထားခဲ့ကြသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့က စုစည်း ကျင်းပသော အစည်းအဝေးတခုတွင် လည်း ရှမ်းတိုင်းရင်းသားများက သူတို့၏ အလားတူ စိုးရိမ်ချက်များကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ ချင်းမိုင်ဒေသနေ အလုပ်သမား ၂၀၀၀ ကျော်က ယခုစီမံချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ထိုင်းအစိုးရထံသို့ ယခင် ဆောင်ရွက်နေသော အလုပ်သမား မှတ်ပုံတင်ပေးရေး အစီအစဉ်အတိုင်းသာ ပြန်လည်ဆောင်ရွက်ပါရန် တောင်းဆို ခဲ့ကြသည်။ လူအများစုက မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစုဝင်များအပေါ် ဒုက္ခပေးမည်ကို စိုးရိမ်နေကြသည်။ နယ်စပ်တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးနေသည်။ စစ်သားများက အလုပ်သမားလက်မှတ် လျှောက်ထားသူများ၏ မိသားစုများထံမှ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေကြသည့်အတွက် အတင်းအကျပ် ပိုက်ဆံလုယက် တောင်းယူ နေကြသည် ဟူသော ကောလာဟလ သတင်းများလည်း ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသည်။ ကိုမိုးဆွေက ဘန်ကောက်အနီး မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းစက်ရုံတခုတွင် အလုပ် လုပ်နေသည့် မြန်မာ အမျိုးသမီးတဦးနှင့် စကားပြောဆိုခဲ့ပုံကို ဧရာဝတီမဂ္ဂဇင်းအား ပြန်လည် ပြောပြသည်။ အဆိုပါ အမျိုးသမီးက နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ပြီး ၂ လခန့် အကြာတွင် သူ၏ မိခင်ထံမှ ဖုန်းခေါ်လာသည်ဟု ပြောသည်။ စစ်သားများက သူ့မိခင် နေထိုင်ရာ အိမ်သို့ ရောက်လာကြောင်း၊ သမီးဖြစ်သူ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်နေသည့်အတွက်ကြောင့် တလလျှင် ကျပ် ၃ သောင်းခန့် အခွန်ပေးရန် လာရောက်တောင်းခံကြကြောင်း သူ့ကို ပြန်ပြောပြခဲ့သည်ဟု သိရသည်။ ယခု စီမံချက်နှင့် ပတ်သက်၍ အများစုသော မြန်မာရွှေ့ပြောင်း လူထုအတွက် စိုးရိမ်ပူပန်မှုမှာ ငွေကြေးဆုံးရှုံးရမည့် ကိစ္စ ပင် ဖြစ်သည်။ မြန်မာစစ်အစိုးရက အနာဂတ်တွင် သူတို့ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်မည်ကို စိုးရိမ်နေကြပြီး ဤအချက် ကြောင့် လျှောက်လွှာတင်ရန် တွန့်ဆုတ်နေကြရသည်။ နောက်နောင်တွင် အခွန်ပေးဆောင်ရမည်ကို သိလိုက်ရသောအခါ ကိုသော်တာ၏ အပျော်များလည်း ပြိုကွဲခဲ့ရသည်။ “ကျနော် အစိုးရိမ်ဆုံးက မြန်မာအစိုးရက လာမယ့်အနာဂတ်မှာ ကျနော်တို့ဆီက အခွန်ကောက်မယ့် ကိစ္စပဲ၊ ကျနော်တို့ ဒီလောက် ဆင်းရဲပြီး လုပ်ခ နည်းနည်းပဲ ရနေတာတောင် ကျနော်တို့ နိုင်ငံခြားမှာ ရှိနေတော့ သူတို့ကြံဖန် အခွန် ကောက်ကြမှာပဲ” ဟု ကိုသော်တာက ဆိုသည်။ ပါဝင်ပတ်သက်နေကြသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးက မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ယခု နိုင်ငံသား စိစစ်ရေးကိစ္စတွင် စိုးရိမ်မှု အများအပြား ရှိနေကြကြောင်း သဘောတူညီကြသည်။ ဤအတွက်ကြောင့် စီမံချက်အောင်မြင် ရေးအပေါ်တွင်လည်း ပူပန်နေကြရသည်။ ယခု လုပ်ငန်းစဉ်ကို ပြောင်းလဲရန် လိုအပ်နေသည်ကတော့ အမှန် ဖြစ်သည်။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရအကြား ပို၍ ပူးပေါင်းလုပ်ဆောင်မှုများ လိုအပ်နေကြောင်းလည်း လူအများက အသိအမှတ်ပြုထားကြသည်။ ယခုလုပ်ငန်းစဉ်က ပို၍ ပွင့်လင်းမြင်သာရန် လိုအပ်နေပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိနိုင်ရန် လျှောက်ထားကြရာ၌ သူတို့အတွက် လုံခြုံသည် ဟု ခံစားရစေရန်လည်း လိုအပ်နေသည်။ ထိုမျှမက သူတို့တတ်နိုင်သည့် နှုန်းထားဖြစ်ရန်လည်း လိုအပ်လျက်ရှိပါသည်။ ALEX ELLGEE ရေးသားသည့် Passport Unpopular with Burmese Migrants ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
အပြည့်အစုံသို့ >>

မြန်မာ အလုပ်သမား တစ်ထောင်ကျော် Summit Foot Ware ဖိနပ်စက်ရုံဆန္ဒပြခဲ့စဉ်က


အောက်တိုဘာ၊ ၁၂၊ ၂၀၀၉ မြန်မာအလုပ်သမားတွေက အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်မှုကို မကျေနပ်ခဲ့တာ နှစ်နဲ့ချီနေပါပြီး။ သူ့တို့တွေဆိုတာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ရှိတဲ့ စမှုပါကန်ပါနန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေပါ။ အတိအကျပြောရရင်တော့ ထနွန် ဘန်နဝါ၊ ကော်မော်စီ ၆ မှာရှိတဲ့ Summit Foot Ware ဖိနပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါ။

သူတို့တွေရဲ့ ပေါက်ကွဲမှုကို ပီပီပြင်ပြင် ပေါ်ထွက်လာစေတာက သူတို့ လုပ်အားခ ထုတ်တဲ့ အောက်တိုဘာလမှာပါ။ လူတိုင်းလူတိုင်း အလုပ်အားငွေတွေ အနည်းနဲ့ အများဆိုသလို လျှော့ချခံလိုက်ရတာပါပဲ။ နဂိုကထဲက အစိုးရက သတ်မှတ်ထားတဲ့ လုပ်အားခငွေ ….. ကို မရပဲ လုပ်နေခဲ့ရတဲ့ အပြင် ၊ အခု ထပ်ပြီးတော့ လုပ်အားခ လျှော့ချခံလိုက်ရတော့ ….
အဲဒီနေ့မှာတင် အလုပ်သမားတွေဟာ တောက်တခေါက်ခေါက်နဲ့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ ပေါက်ကွဲနေပါလေရော။ သိပ်မကြာပါဘူး။ သူတို့တွေ စုစည်းမိသွားတယ်။ အဲ.. အောက်တိုဘာ ၃ ရက်နေ့မှာ သူတို့တွေဟာ အလုပ်မဆင်းတော့ပဲ အလုပ်ရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြပါလေရော။ စက်ရုံမှာ အလုပ်သမား နှစ်ထောင်နှီးပါ အလုပ်လုပ်နေကြပေမယ့် မြန်မာအလုပ်သမား တစ်ထောင်ကျော်ရှိနေတာ… အဲဒီ အလုပ်သမား တစ်ထောင်ကျော်နီးပါးလုံးက ဆန္ဒပြကြတာ…
မြန်မာအလုပ်သမားတွေက ဆန္ဒပြရကောင်းမလာဆိုပြီး ထိုင်းရဲတွေကို ခေါ်လာပြီး အလုပ်မဆင်းရင် ဖမ်းခိုင်းမယ်..ပြန်ပို့မယ်.. ဘာညာဆိုပြီး ခြိမ်းခြောက်ကြတာ.. ကြောက်ကြတဲ့ အလုပ်သမား အနည်းစုကတော့ သူတို့လာခေါ်တဲ့ ကားနဲ့ အလုပ်သွားဆင်းကြတာပေါ့….
ဒီမှာတင် ဘန်ကောက်ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကို အလုပ်သမားတွေက ဖုန်းဆက်ပြီး အကူအညီ တောင်းကြတယ်။ ဘန်ကောက်ရောင်ခြည်ဦး ဌာနခွဲက ကိုအောင်မြင့်သိန်းတို့၊ tacdb က ထိုင်းရှေ့နေ နှစ်ယောက်နဲ့အတူ ရောက်လာပြီး အလုပ်သမားတွေနဲ့ အရင်ဆွေနွေတိုင်ပင်ပြီး …. အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်) ကို သွားတိုင်ကြပါတယ်။
ဒီအချိန်မှာပဲ အလုပ်သမားတွေထဲက ဦးဆောင်ဆန္ဒပြတဲ့ အလုပ်သမာ ခေါင်းဆောင် (၅) ယောက်ကို အလုပ်ရုံးမန်နေဂျာနဲ့ အဲဒီအလုပ်ရုံးက မြန်မာပွဲစား က ထိုင်းရဲတွေနဲ့ လိုက်ဖမ်းခိုင်းလို လိုက်ပုန်းနေရပါတယ်။
အောက်တိုဘာ ၅ ရက် နေ့ကျတော့ အလုပ်သမားကာကွယ်ရေးရုံးက လူကြီးတွေ ၊ ထိုင်းရှေ့နေတွေက အလုပ်ရုံးကို ရောက်လာပါလေရော။ ဒီမှာတင် အလုပ်ရှင်ဘက်က လူတွေနဲ့အလုပ်သမားတွေကို အလုပ်သမားကာကွယ်ရေးရုံ(စဝါဒီကန်)က လူကြီးတွေ၊ ထိုင်းရှေ့နေတွေ ရှေ့မှာတင် ဆွေးနွေးကြပါတယ်။
ဆန္ဒပြအလုပ်သမားများက၁။ လုပ်ခလစာ အပြည်အ၀ရရှိရေး၂။နေထိုင်မကောင်းလျှင် ကျန်မာရေးခွင့် အပြည်အ၀ရရှိရေး ။၃။ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်စေလျှင် လုပ်အားခ နှစ်ဆရရှိရေး၊၄။အလုပ်သမားသစ်များ အလုပ်ဝင်လျှင် အလုပ်ရုံပွဲစားမှ တစ်ဆင့် အခကြေးငွေ ပေးဆောင်ပြီး မ၀င်ရောက်ရရေး၅။အလုပ်သမားတိုက်တန်လျာတွင် နေထိုင်သော အလုပ်သမားများအား အခန်းခ၊ ရေခ၊ မီးခ၊ သန်းရှင်းရေခ၊ တယ်လီဖုန်းခ၊ ubc ရုပ်သံလိုင်းခ များလျော်ချပေးရန် စသည် အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြတာ။
အလုပ်ရှင်ကတော့  ပထမ အချက် ၃ ချက်ကိုသာ လိုက်လျှော်နိုင်မယ်လို ပြောပါ လေရော.. ကျန်တဲ့ နှစ်ချက်ကိုတော့ ညှိုနှိုင်းပေမယ့်ပေါ့။ အဲဒါနဲ့တင် အလုပ်သမားတွေ လည်း သူတို့ပြောတဲ့ကိုစကားကို သဘောတူ လိုက်ကြတာပေါ့။ ပြီးတော့ အဲဒီ ဘဘောတူ ညီချက် ကို လိုက်နာပါမယ့် ဆိုတဲ့ အကြောင်း အားလုံးရှေ့မှာ လက်မှတ်ထိုးခဲ့တာ.. .
ဆန္ဒပြကြတဲ့ အလုပ်သမားတွေလည်း သူတို့တောင်းဆိုချက်တွေ အောင်မြင်တော့ လက်ပန်မောင်းခပ်ပြီး ပျော်ရွှင်ကြတာပေါ့.. ။ဟုတ်တယ်လေ. . သူ့တို့ပျော်မှာပေါ့။ သူတို့ မတိုင်ခင်တုန်က ဒီအလုပ်ရှင်ကိုပဲ ထိုင်းအလုပ်သမားတွေက ၇ ကြိမ်းဆန္ဒပြပြီး တောင်ဆိုဖူးခဲ့တာ… ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့အလှည်ကျမှ အောင်မြင်ခဲ့တာ။
သူတို့ရဲ့ ပျော်ရွှင်မှုက သိပ်မကြာပါဘူး။ အလုပ်ရှင်ဘက်က မန်နေဂျာနဲ့ အသားထဲ က လောက်ထွက်တဲ့ ပွဲစားက ပုံစံပြလာပါလေရော..။ ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင် ခဲ့တဲ့ အလုပ်သမားတွေ၊ သူတို့ အမြင်မကြည်တော့တဲ့ အလုပ်သမားတွေကို အိုတီ (အိုဗာတိုင်) မပေးတော့တာတွေ ၊ အလုပ်သမားတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ ကို ပြောင်းရွှေ့လုပ်ခိုင်းပါလေရော… သူတို့ဘက်ပါလာတဲ့ အလုပ်သမားတွေကိုတော့ တစ်မျိုးပေါ့.. အလုပ်သမားတွေကို အုပ်စု နှစ်စုခွဲလိုက်တဲ သဘောပါ။
အလုပ်ရှင်တွေဘက်က ဒီလိုလုပ်တာကို အလုပ်သမားတွေက ဘယ်လိုတုံပြန် ရမှန်မသိတော့.. စိတ်ဓာတ်တွေ ကျကုန်ပါလေရော..
အလုပ်သမာတွေက သူတို့မကျွမ်းကျင်တဲ့ နေရာတွေ၊ အိုတီတွေ မရတော့ တဖြည်းဖြည်း နဲ့ ထွက်ကုန်ပါလေရော.. အလုပ်သမားနှစ်ရာနီးပါးလောက်ပါပဲ။ ဒီထက် မများပါဘူး၊
အမှန်တော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ညစ်တာကို တောင့်ခံထားဖို့ လိုပါတယ်။ ခုလို အလောတကြီး ထွက်ကြတာမျိုးက အလုပ်ရှင်ကို အရှုံးပေးရာ ကျပါတယ်။ အလုပ်သမားအခွင့်အရေးတိုက်ပွဲဆိုတာ လမ်းပေါ်ထွက် ဆန္ဒပြနေမှ မဟုတ်ပါဘူး၊ အလုပ်ရုံတွင်မှာလည်း သွေးအေး (စစ်အေး) တိုက်ပွဲ ဆင်ရမှာပါ။ ကိုယ်ရဲ့ အလုပ်သမားအခွင့်အရေး မပျောက်ပျက်အောင် ထိန်သိမ်းထားရမှာ ဖြစ်သလို၊ အခွင့်အ ရေးတွေ ရှံးဆုံးခဲ့ရင်လည် ဘယ်လို တိုက်ယူရမလည်းဆိုတာ သိထားဖို့ လိုပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေဆိုတာ " ကျွန် ကိုင်မှီ၊ ကိုင် ကျွန် မှီ "ပါ ။ တစ်ဖက်သက် မှီနေတယ်ဆိုတာ မရှိပါဘူး၊ ဘယ်တိုက်ပွဲမဆို အောင်မြင်ဖို့အတွက် နည်းဗျူဟာ အများ ကြီးရှိပါတယ်။
သူကောင်းရင် ကိုယ်ကောင်းသလို၊ သူညစ်ရင် ကိုယ်ညစ်လို ရတယ်ဆိုတာ့  အလုပ်သမား တွေသာ အလုပ်ရှင်နဲ့ ပတ်သက်လို သိမယ်ဆိုရင်……………..
အယ်ကဟော
အပြည့်အစုံသို့ >>

Saturday, 14 November 2009

ဒူဘိုင်း က လူရိုင်း (၁)


ခေါင်းစဉ်ကိုဖတ်ပြီး “ ဒီလောက် အစစ အရာရာ တိုးတက် ခေတ်မီနေတဲ့ ဒူဘိုင်းမှာ ဘယ်တောထဲက လူရိုင်းကများ မျက်စိလည်ပြီး ရောက်လာပါလိမ့် “ လို့ တွေးပြီး အူကြောင်ကြောင်နိုင်တဲ့စာလို့  အထင်မစောကြပါနဲ့ ဗျို့ ။ ဘယ်သူက ဒူဘိုင်းမှာ ဘယ်လို ကမ်းကုန်အောင်ရိုင်းနေလို့  ဒီခေါင်းစဉ်လေး ဖြစ်လာရတယ်ဆိုတာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီလူက မြန်မာတစ်ယောက်ဖြစ်ပြီး သူ ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေရဲ့ဒါဏ် ခံနေကြရတာကလည်း မြန်မာတွေဖြစ်နေတာပါပဲ။

သူ့ နာမည်က ဇော်အောင်ခိုင်။ ကောင်မလေးတွေကတော့ ဦးဇော် လို့ခေါ်သတဲ့ဗျ။ သူက ကွန်ပြူတာဆိုင်တစ်ခုမှာ လုပ်ပြီး သူ့ မိန်းမကတော့ စာရင်းကိုင် အလုပ်လုပ်တယ်။ သူတို့ ဒူဘိုင်း ရောက်နေတာကလည်း ကြာပြီဆိုတော့ ဒီမှာ လူရည် တော်တော်လည်နေကြပြီ ဆိုပါတော့ဗျာ။ သူတို့  က သူတို့ရဲ့ ဆွေမျိုးအရင်းအချာတွေနဲ့ ဆွေမျိုးမကျတကျ နီးစပ်ရာ အသိုင်းအဝိုင်းက လူတန်းစားပေါင်းစုံ ကို ဒူဘိုင်းက အလုပ်အကိုင်ပုံပြင်တွေပြော အိမ်မက်ကြီးကြီးတွေ ပေးပြီး မြန်မာအချင်းချင်း ရက်ရက်စက်စက် ပါးပါးလှီးနေကြတယ်ဗျို့ ။

လူတန်းစားပေါင်းစုံလို့ ပြောရတာကလည်း သူတို့အလုပ်ရှာပေးမယ်ဆိုပြီး ခေါ်ခဲ့တဲ့သူတွေထဲမှာ စားပွဲထိုးကစလို့ ဆရာဝန်အဆုံး ခေတ်ပညာတတ်သူတွေ၊ ပညာမတတ်သူတွေနဲ့  တောသူ တောင်သားတွေပါ ပါနေလို့ပါ။ “ဆွေမျိုးတွေပဲခေါ်တာပါ ဆွေမျိုးတွေမို့ ကူညီတာ” ဆိုတဲ့ စကားလုံးတွေသုံးလို့ မြန်မာပြည်က အလုပ်လိုချင်တဲ့သူတွေကို စည်းရုံးရေး ဆင်းပါတယ်။ ချက်ချင်းပဲ အလုပ်အဆင်သင့် ဝင်ရမယ်ဆိုတဲ့ ပုံစံနဲ့ပေါ့ဗျာ။ ဒါပေမယ့် သူတို့ကျင့်သုံးနေတဲ့ ဖော်မြူလာကျတော့ Visit Visa လှမ်းပို့တယ်။ Visit Visa အတွက် အမေရိကန် ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ ထိ တောင်းတယ်။ တကယ်ဆို Visit Visa ရဲ့ ပေါက်ဈေးက ယူအေအီးငွေ ၁၃၀၀ ကနေ ၁၈၀၀ ထက်မပိုပါဘူး။ ဒူဘိုင်းမှာ ဒီဗီဇာကို လူတိုင်းလည်း ဝယ်ချင်သလို ဝယ်လို့ရပါသေးတယ်။ စလုံးမှာလို အဆက်အသွယ် စပွန်စာဘာညာ မလိုပါဘူးခင်ဗျ။ အဲ…ပြီးတော့..အလုပ်လိုချင်တဲ့သူက ဗီဇာရတာနဲ့ ဒေါ်လာ ၈၀၀ လောက် ကျတဲ့ ကိုယ့်လေယာဉ်လက်မှတ် ကိုယ်ဝယ်ရပါတယ်။ ဒူဘိုင်းကို ရောက်လာတာနဲ့ နေစားရိတ် စားစရိတ် အတွက် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ထုတ်ရပါတယ်။ အလုပ်ရှာဖို့လည်း နေ့စဉ်သတင်းစာဝယ်ရသေး ၊ ထီးဖြူဖိနပ်ပါးတဲ့အထိ အလုပ်လိုက်ရှာရသေး ၊ အလုပ်ရှာနေရင်း ဗီဇာသက်တမ်းကုန်သွားရင် ဗီဇာလဲဖို့အတွက် စတေးရှောင်ရပြန်ပါသေး ပေါ့ခင်ဗျာ။

ငွေကို လမ်းခင်းပြီး ပင်ပင်ပန်းပန်း အလုပ်ရှာပေမယ့် အလုပ်မရပဲ ပြန်သွားရတဲ့သူတွေက ဒုနဲ့ဒေး ပါပဲ။ အလုပ်ရမယ်ဆိုလို့ လာရှာတယ် အလုပ်မရပဲ သိန်း ၂၀ သိန်း ၃၀ လောက်ကုန်ပြီး အိမ်ပြန်ရတယ်။ ဒါဟာ သူတို့ရဲ့ ဆွေမျိုးညာတိတွေရဲ့ ဒုက္ခ။ အလုပ်ရသူတွေရဲ့ ဒုက္ခကရော သိရကြားရသမျှ ဘုရားတရသဗျ။ ဆရာဝန် တစ်ယောက် ဆိုအလုပ်ရှာဖို့အတွက် သိန်း ၄၀ ကျော်ကုန်ပေမယ့် ကြိုးစားပန်းစားရှာလို့ရတဲ့ အလုပ်က ဆရာဝန်အလုပ်မဟုတ် ရတဲ့လခကရော ရင်းခဲ့ရတဲ့ အရင်းကျေဖို့ အတွက် တစ်နှစ်ခွဲလောက် လုပ်ရမယ့် လခမျိုးတဲ့ဗျာ။ ရိုင်းရိုင်းပြောရရင် ဆရာဝန်ရတဲ့ လစာက စားပွဲထိုးတစ်ယောက်ရဲ့လစာလောက်ပါပဲ။ ဒါမျိုးကို ဆွေမျိုးညာတိ စောင့်ရှောက်ခြင်းလို့ခေါ်မလား…. အလုပ်မရလို့ လက်လျှော့လှည့်ပြန်သွားတဲ့သူတွေ ရန်ကုန်မှာ တင်နေတဲ့အကြွေးတွေ ဘယ်လိုဆပ်ကြမလဲ စဉ်းစားကြည့်ကြပါဗျာ။ဒီ့ထက်ပိုဆိုးတာက ဒီမှာ အလုပ်ရှာနေစဉ် ကြုံနေရတဲ့ ဒုက္ခ.. အရှင် လတ်လတ် ငရဲရောက်သလို ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကလည်း မကြားဝံ့မနာသာတွေ။အလုပ်လာရှာတဲ့ မိန်းကလေးတွေ သူ့အိမ်မှာ ပိုက်ဆံပေးပြီးနေရတယ်ဗျာ။ ပေးစရာပိုက်ဆံပြတ်သွားတဲ့အခါ အဲဒီကျေးဇူးရှင်ရဲ့ ကူညီပုံက သူ့ယာယီမိန်းမလုပ်မယ်၊ သူနဲ့လာအိပ်မယ် ဆိုရင် အိမ်လခ ပေးစရာမလိုပါတဲ့။ အဲလိုမျိုး အဖြစ်တွေနဲ့ ကြုံပြီး သူအနိုင်ကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးတွေကလည်း ဒုနဲ့ဒေး တဲ့ဗျာ။ သူ့မိန်းမဆိုတာကရော ဘာထူးသေးလဲ… ကိုယ်တိုင်ရှာဖွေလို့ အလုပ်ရပြီး အလုပ်လုပ်နေတဲ့ သူကိုတောင် အိမ်ဖော်တာဝန်ပါ ယူစေချင်သေးသဗျ။ အလုပ်နားရက်မှာ အိမ်သန့်ရှင်းရေးမလုပ်ရင် မီးဖိုထဲမှာ မကူညီရင် စောင်းကာမြောင်းကာနဲ့ မကြည်ဖြူပြန်ဘူးတဲ့ဗျာ။ ပြီးတော့ သူ့ယောက်ျားလုပ်သမျှ အပြုံးမပျက် ကြည်ဖြူနေတဲ့ မိန်းမ… အမျိုးကောင်းသမီးတွေကို ယုတ်မာအနိုင်ယူနေတာကိုလဲ သဘောထားကြီးပေးနေတဲ့ မိန်းမ… ဒီအမျိုးသမီးဟာ မြန်မာပြည်ကလာတဲ့ မြန်မာဆိုတာ ကျွန်တော်တော့ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင်ပါပဲ။

ကျွန်တော်ကလည်း ဒါတွေကို လူပြောသူပြောလောက်နဲ့  ယုံခဲ့တာမဟုတ်ပါဘူး။ ဒီသတင်းတွေကို ကြားတော့ လက်တွေ့ကျကျသိချင်တာမို့ အဲဒီမြန်မာတွေကို ဖုန်းဆက်ပြီး ကိုဇော်အောင်ခိုင် ဆီမှာ အလုပ်လိုချင်လို့ဗျာလို့ မေးတော့ ဝေးဝေးက ရှောင်ပါဗျာ.. သတိတော့ထားဗျာ… မလုပ်ပါနဲ့ ခင်ဗျား ဒုက္ခရောက်မယ်…ရှိသမျှကုန်မှာသေချာတယ် ...သူနဲ့တွေ့ရင် အိမ်တိုင်တောင် ချွတ်ရောင်းရမယ်၊ ကျွန်တော်တောင် ယောကျားလေးမို့  မိန်းကလေးဆို ခုလောက်ရှိ ဒူးနဲ့ မျက်ရည် သုတ်နေရပြီ.... ဆိုတာတွေပဲ ပြန်ကြားခဲ့ရလို့ သာ ယုံမိရတာပါ။ ဒုက္ခရောက်ခဲ့တဲ့ မိန်းကလေးတွေကို ထပ်စုံစမ်းလို့  သိခဲ့ရပေမယ့် ကာယကံရှင်တွေရဲ့ သိက္ခာကိုထောက်လို့ နာမည်နဲ့တကွ အလုပ်အကိုင်တွေကိုတော့  ကျွန်တော် ပြောမပြရက်လို့  ပြောမပြတော့ပါဘူးဗျာ။

မြန်မာအေးဂျင့်တွေ လည်တာ ပတ်တာ ဖျံကျတာ မြန်မာအချင်းချင်း ပါးပါးလှီးနေတာ ပြောရင်း ကြုံလို့ ကျွန်တော်သိခဲ့တဲ့ ရွှေဂုံတိုင်က Grace ဆိုတဲ့အေးဂျင့် အကြောင်း ဆက်ပြောလိုက်တော့မယ်ဗျာ။ အခုသူတို့နဲ့ဆက်သွယ်ပြီး အလုပ်ရလာတဲ့သူတွေ ပြောပြလို့ ကျွန်တော်သိရတာတွေကလည်း တစ်ခုမှမကောင်းဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီအေးဂျင့်ကို ရောက်ဖူးတာမို့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ပါ တိုက်ဆိုင်နေတာမို့ အဲဒီအေးဂျင့် မကောင်းဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

လက်ရှိဒူဘိုင်းက တရုတ်စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ မြန်မာတွေရဲ့ အဆိုအရ အဲဒီအေးဂျင့်ကို သူတို့ပေးရတဲ့ငွေက အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ အထိရှိတယ်ဗျ။ ဒါပေမယ့် သူတို့ပြန်ရတဲ့လစာကတော့ ဒူဘိုင်းငွေ ၆၀၀-၇၀၀ ဆိုပဲ။အလုပ်ချိန်က တနေ့ကို ၁၀ နာရီထက်မလျှော့ပဲ လုပ်ရသေးတယ်။ သူများတွေလိုလဲ တစ်ပတ်မှာ တစ်ရက် မနားရဘူး ။ နေ့တဝက်စီပဲ နားရတယ် တဲ့ဗျ။ သူတို့ပေးခဲ့ရတဲ့ ပွဲစားခငွေအတွက် ငါးလ ခြောက်လလာက်အထိ ပင်ပင်ပန်းပန်း လုပ်တာတောင် အရင်းမကြေဘူး ။ တကယ်တော့ အေးဂျင့်က မမက ဒူဘိုင်းငွေ ၇၀၀-၈၀၀ ကို အမေရိကန်ဒေါ်လာ ၇၀၀-၈၀၀ ဖြစ်အောင်ကို လှည့်ပတ်ပြီး ပြောပြီး မလိမ့်တပတ်နဲ့ ငွေညာတောင်းတာဗျ။ မြန်မာတွေကတော့ သိကြတဲ့အတိုင်း အလုပ်အကိုင် အခြေအနေပေါ်မူတည်ပြီး ရမယ့်လခနဲ့ ကိုက်မကိုက်မစဉ်းစားပဲ အေးဂျင့်တောင်းသလောက် ကြံဖန်ပြီး ပုံပေးလိုက်ကြတာပါပဲ။ ကျွန်တ်ာဒီကိုလာတော့ အေးဂျင့်ကို အမေရိကန်ဒေါ်လာ ၂၀၀ ပဲပေးရတယ်ခင်ဗျ… ဒါကလဲ ဒင်းတို့ကို သနားလွန်းလို့ သဒ္ဒါကြေးပေးခဲ့တာပါ… အင်တာဗျူးလာလုပ်တဲ့ အဖွဲ့က အေးဂျင့်ကို တပြားမှ ပေးစရာမလိုဘူး လို့ အတန်တန်တားတဲ့ကြားကနေ ကျွန်တော့် အေးဂျင့်က ကလိမ်ကျပြီး တောင်းခဲ့သေးတာဗျ။ ကျွန်တော်နဲ့ တူတူလာတဲ့ ကံဆိုးတဲ့ ကောင်တွေဆို ဒေါ်လာ ၆၀၀ တောင်ပေးခဲ့ရသေးတယ်ဗျာ။ အေးဂျင့်တွေ အဲလောက်တောင်ဆိုးတာဗျ။ ကျွန်တော်ရတဲ့လခကလဲ ဒူဘိုင်းငွေ ၂၅၀၀ ဗျ ဒါတောင် ဘောနပ်စ် မပါသေးဘူးဗျာ။( အမေရိကန်တစ်ဒေါ်လာကို ဒူဘိုင်းငွေ ၃.၆၅ ရှိပါတယ်။)

မေးရမြန်းရမှာအားနာတဲ့ ဆင်ခြင်ဥာဏ်နည်းတဲ့ မြန်မာတွေ အခုလို အလိမ်ခံနေရတာကို ဘေးကကြည့်နေတဲ့သူ ကျွန်တော်တို့က ဒေါသထွက်ရုံကလို့ ဘာမှ မတတ်နိုင်ပါ။ အဲဒီတော့ ဒူဘိုင်းလာမယ့်သူတွေ သတိထားပြီးဆင်ခြင်ကြပါဗျာ။မျက်စိတွေ နားတွေ ဖွင့်ထားကြပါ။ တရားဝင်ဖွင့်ထားတဲ့ အေးဂျင့် တရားမဝင် ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့် ဘာပဲဖြစ်ဖြစ် သံသယရှိရင် နီးစပ်ရာကို မေးမြန်းကြစေချင်ပါတယ်။ တကယ်တော့ အေးဂျင့်ဆိုတဲ့ ကောင်တွေက အလုပ်ရှင် အလုပ်သမားနှစ်ဘက်စလုံးဆီက ညာစားနေတဲ့လူတွေပါပဲ။သူတို့ ဆောင်ပုဒ်တွေကတော့ “ ဘယ်သူသေသေ ငတေမာရင် ပြီးရော” ရယ် “မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ ” ရယ် “ရသာရင် ဘနှဖူး သိုက်တူးမယ် ” ဆိုတာတွေပဲ ဖြစ်မှာပါ။

အော... မေ့တော့မလို့ ...အစက ပြောပြခဲ့တဲ့ ဒူဘိုင်းက လူရိုင်းရဲ့ ဖုန်းနံပတ်က (+၉၇၁၅၀၇၈၈၃၅၅၁) ပါ။ စိတ်ဝင်စားသူများ လှမ်းဆဲ.(.အဲလေ..ယောင်လို့ ) လှမ်းပြီး အလုပ်တောင်းနိုင်ကြောင်း အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်ဗျာ။

မြန်မာချင်းချင်း လုည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ရက်စက်ခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း ယုတ်မာခြင်း ကင်းရှင်းကြပါစေ...

မြန်မာချင်းချင်း လုပ်ရက်ခြင်း ကင်းရှင်းကြပါစေ...

ဒူဘိုင်း အထောက်တော်
(ပြန်လည်ဝေငှာပေးတဲ့ http://datacarrier.blogspot.com/ကို ကျေးဇူးအများကြီးတင်ပါတယ်)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP