Thursday 16 July 2009

မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ်စိစစ်ရန် မဖြစ်နိုင်ကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ပြော

NEJ / ၁၀ ဇူလိုင် ၂၀၀၉

ထိုင်းနိုင်ငံတွင် တရားဝင် ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် သက်တမ်းကုန် အလုပ်သမားများသည် သက်ဆိုင်ရာနေရင်း နိုင်ငံများသို့ နိုင်ငံသားအဖြစ် ပြန်လည်စိစစ်ခံရမည်ဖြစ်သဖြင့် သန်းနှင့်ချီသည့် မြန်မာအလုပ်သမားများအတွက် ဖြစ်နိုင်ခြေ မရှိသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

ယခုလဆန်း (၁) ရက်မှစ၍ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအား အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ပြုလုပ်ပေးရာတွင် လက်မှတ်သက်တမ်းမှာ ၂၀၁၀ ခု၊ ဖေဖော်ဝါရီ (၂၉) ရက်အထိသာ ဖြစ်သည်။

ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏တာဝန်ခံ ကိုမိုးဆွေက “၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကျရင် ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမား တွေဟာ နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်မြို့တွေမှာ နိုင်ငံသားဟုတ်မဟုတ်သွားပြီး အစစ်ဆေးခံရ မှာဖြစ်တယ်။ ဒီကိစ္စ ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမား (၂) သန်းကျော်ဟာ မှတ်ပုံတင်ရှိတဲ့ လူတွေက (၃) ပုံမှာ (၂) ပုံပဲရှိတယ်။ လနဲ့ချီပြီးကြာမယ့်အပြင် မလိုလားအပ်တဲ့ ပြဿနာတွေလည်းရှိတဲ့အတွက် ဒီကိစ္စကို စိတ်မ၀င်စားကြဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရှမ်း၊ ကရင်၊ မွန် နယ်စပ်များကို အမဲရောင်နယ်မြေဟု သတ်မှတ်ထားသဖြင့် အဆိုပါဒေသများမှ ထိုင်းနိုင်ငံ ရောက်အလုပ်သမားများသည် နိုင်ငံသားမှတ်ပုံတင်မရှိကြကြောင်း မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စစ်တမ်းများတွင် ဖော်ပြသည်။

ယင်းအနေအထားများကြောင့် ကိုမိုးဆွေက “အလုပ်သမားတွေအားလုံး မြန်မာနိုင်ငံပြန်ပြီး နိုင်ငံသားဟုတ်မဟုတ် အတည်ပြုချက်ရယူရမယ်ဆိုရင် ဒီကိစ္စဟာ မြန်မာနိုင်ငံမှာရှိတဲ့ အကျင့်ပျက် မြန်မာဝန်ထမ်းတွေနဲ့ ထိုင်းမှာရှိတဲ့ ပွဲစားတွေအတွက် စားပေါက်တခုဖြစ်လာပြီး အလုပ်သမားတွေကတော့ နစ်နာဆုံးရှုံးမှုတွေ ဆိုးဆိုးရွားရွား ခံစားလာရမှာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ တင်းကျပ်သည့် ဥပဒေနှင့်ကန့်သတ်ချက်များကြောင့် မြန်မာအလုပ်သမားအများစုက မြန်မာပြည်ပြန်၍ နိုင်ငံသားစိစစ်မှုခံယူရန် စိတ်မ၀င်စားကြပေ။

လောနှင့်ကမ္ဘောဒီးယားနိုင်ငံများနည်းတူ နိုင်ငံသားအဖြစ် အတည်ပြုပေးမည့် လုပ်ငန်းစဉ်ကို မြန်မာအာဏာပိုင်များက ထိုင်းနိုင်ငံအတွင်း လာရောက်လုပ်ဆောင်စေလိုကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က ကရင်ပြည်နယ်မှ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင် လုပ်ကိုင်ခွင့်နှင့် မြန်မာနိုင်ငံမှ ထုတ်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ်ရရှိရေးအတွက် ထိုင်းအလုပ်ရှင်၏အစီအစဉ်ဖြင့် အလုပ်သမား (၄၀) ကျော်၏ နေရပ်လိပ်စာနှင့် ကိုယ်ရေးရာဇ၀င်များကို ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။

ထိုကိုယ်ရေးအချက်အလက်များကို ထိုင်းအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ပေးပို့ပြီး သံရုံးမှတဆင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ခဲ့သည်။ ပြည်ထဲရေးမှ သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာများသို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မြန်မာအလုပ်သမားများ၏ မိဘဆွေမျိုးများကို ဖမ်းဆီးချုပ်နှောင်၍ တဖက်နိုင်ငံသို့ တရားမ၀င်သွားရောက်သည် ဟုဆိုကာ တဦးလျှင် မြန်မာငွေ (၆) သိန်းမှ (၁၀) သိန်းအထိ ဒေသခံရဲစခန်းများတွင် ပေးခဲ့ရသည်ဟု လှိုင်းဘွဲ့မြို့နယ်မှ မြန်မာအလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ယမန်နှစ်သြဂုတ် (၂၀) ရက်၌ ဘန်ကောက်မြို့တွင် မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် ထိုင်းနိုင်ငံအလုပ်သမား ၀န်ကြီး မစ်အူလိုင်ဝမ်ထီးယန်းထောင်းတို့ တွေ့ဆုံကာ ကနဦးသဘောတူညီမှုအရ မြန်မာအလုပ်သမား (၁) သောင်းကို တရာဝင်အလုပ်သမားများအဖြစ် ထိုင်းနိုင်ငံသို့ စေလွှတ်ရေးအတွက် သဘောတူညီထားသည့်ကိစ္စမှာ ယနေ့အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လူ (၁) သောင်းကိစ္စပင် နှစ်ချီကြာခဲ့ပြီး အလုပ်မဖြစ်သည့်အတွက် အလုပ်သမား (၂) သန်းကိစ္စဆိုလျှင် ဖြစ်နိုင်ခြေ အလွန်နည်း သည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။
မြ၀တီမြို့တွင် ပြီးခဲ့သည့် မေ (၂၆) ရက်၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ပေးထားသည့် နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးအတည်ပြုမည့်ရုံးတွင် မြန်မာအလုပ်သမားများ ယနေ့ထိ သွားရောက်ဆက်သွယ်ခြင်းမရှိသေးကြောင်း မြ၀တီမြို့ခံဝန်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံမှထုတ်ပေးသည့် အလုပ်လုပ်ကိုင်ခွင့် ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ပြီးသူများသာ အကျုံးဝင်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အဆိုအရ ထိုင်းနိုင်ငံ (၇၆) ခရိုင်တွင် မြန်မာအလုပ်သမား (၂) သန်းခွဲခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP