Wednesday, 16 June 2010

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အရေးယူပေးရန် (၆၅) ဖွဲ့က တောင်းဆို

မြတ်ခိုင်ဦး/၁၅ ဇွန် ၂၀၁၀ ခေတ်ပြိုင်

မလေးရှားနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်း (၆၅) ဖွဲ့တို့က ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်း၍ Klang, Selangor တွင်ရှိသော Maxter Glove Manufacturing Co.Ltd က အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို အရေးယူပေးရန် မလေးရှားအစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ Supermax Corporation ကုမ္ပဏီကြီး၏ လက်အောက်ခံတခုဖြစ်သည့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ်များ ထုတ်လုပ်သည့် Maxter Glove Manufacturing ကုမ္ပဏီက ၎င်းတို့စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ငွေကြေးအရ ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်းဖြစ်သည်။

အဆိုပါ Maxter Glove ကုမ္ပဏီက အလုပ်ရှင်ပေးသွင်းရမည့် လုပ်သားငှားရမ်းခ အခွန်အား အလုပ်သမားလစာမှ ဖြတ်ယူခြင်း၊ ရင်းဂစ် (၁၈၀) သာကုန်ကျသော ကျန်းမာရေးဆေးစစ်ခကို အလုပ်သမားထံမှ ရင်းဂစ် (၁,၀၀၀) နုတ်ယူခြင်း၊ အလုပ်သမားများအား (၂) လစာ လခမပေးဘဲ နေရာထိုင်ခင်းမပေးခြင်း၊ နားရက်မရှိ တနေ့ အလုပ်ချိန် (၁၃) နာရီအထိ ခိုင်းစေခြင်း၊ မလေးရှားဥပဒေအရ ပြဋ္ဌာန်းထားသည့် အိုဗာတိုင်ကြေး မပေးခြင်း စသည်တို့အပြင် အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခေါင်းပုံဖြတ် မတရားမှုများအား အလုပ်မှ အထုတ်ခံရသူ ကိုသုမောင်က Subang Jaya အလုပ်သမားဌာနသို့ တရားဝင်တိုင်တန်းခဲ့ပြီးသည့်နောက် Port Kalang မြို့ရှိ အလုပ်သမားဌာနသို့ ထပ်မံတိုင်တန်းခဲ့ရာမှ ဌာနက အရေးယူ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် Burma Campaign Malaysia မှ ကိုထွန်းထွန်းက “စက်ရုံရဲ့ ၀ယ်လက်အားလုံးဟာ အမေရိကနဲ့ ဥရောပကဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်အဖွဲ့တွေ ပူးပေါင်းလာကာ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်လာပြီး စက်ရုံကို ဖိအားပေးနိုင်ဖို့ အခုလို (၆၅) ဖွဲ့ ပူးပေါင်းပြီးထုတ်လိုက်ရတာ။ နောင်မှာ မလေးရှားက စက်ရုံတွေအနေနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာလာလိမ့်မယ်၊ အထူးသဖြင့် ဒီကိစ္စ အောင်မြင်သွားရင်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့သော အလုပ်ရှင်ဆိုးများက မတရားမှုများအား ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီး ယခုကဲ့သို့ အင်အားစု (၆၅) ဖွဲ့မှ ပူးပေါင်းအရေးဆို တောင်းဆိုမှုမျိုးသည် မလေးရှားနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရ တာဝန်ရှိသူများက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာပြည်သား အများဆုံးပါဝင်ပြီး (၆၀) ရာခိုင်နှုန်းသည် တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်နှင့် ဒုက္ခသည် (၂) သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ထုတ် မလေးရှား မာဒေးကားရီဗျူး သတင်းစာကြီးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို မေးမြန်းသော်လည်း မည်သို့မှ ပြန်လည်ဖြေကြားခြင်းမပြုဟု သိရသည်။
အပြည့်အစုံသို့ >>

မလေးရှားတွင် ယာဉ်တိုက်မှု မြန်မာ ၂ ဦး သေဆုံး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးနင်းလာသော ဆိုင်ကယ်က ရှေ့တွင်မောင်းနှင်နေသော ကားတစီးကို ဝင်တိုက်မိပြီး နောက်ထပ်ကားတစီးက ကြိတ်မိသဖြင့် နှစ်ဦးစလုံးသေဆုံးမှုဖြစ်သွားသည်။

မြို့တော်ကွာလာလမ်ပူ၏ အနောက်မြောက်ဘက် ၃၃ မိုင်အကွာရှိ ဆီလန်ဂေါမြို့တွင် သစ်စက်လုပ်သား မောင်သန်းဝင်းလှိုင် (၂၅ နှစ်) နှင့် မောင်ရှမ်းလျံမန်း Saiang Lian Mang (၁၈ နှစ်) သည် ဇွန် ၁၂ ရက်နေ့က ဆိုင်ကယ် စီးနင်းလာစဉ် ရှေ့မှ မောင်းနှင်နေသောကားကို ဝင်တိုက်မိပြီး ယာဉ်ကြောပြောင်းပြန် တဖက်လမ်းသို့ လွှင့်စင်သွားရာမှ အိမ်စီးကားတစီးက ဝင်တိုက်မိခြင်း ဖြစ်သည်။

“ သူငယ်ချင်းဆိုင်ကယ်နဲ့ ဖုန်းကဒ်ဝယ်ဖို့ နှစ်ယောက်သွားတယ်။ အရှေ့က ကားကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရော လူရော တဖက်လမ်းမပေါ် လဲကျသွားတယ်။ အနောက်ကားက ခေါင်းကနေ ကြိတ်တယ်” ဟု သေဆုံးသူ မောင်ရှမ်းလျံမန်း၏ အကို သော့ခ်နိုင်လျံ Tawk Nei Lian က ပြောသည်။

မောင်ရှမ်းလျံမန်းသည် ယာဉ်တိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်သန်းဝင်းလှိုင်လည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးသွားသည်။

မောင်သန်းဝင်းလှိုင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် လိန်ကုန်းကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်ခင်ဝင်းတို့၏ သားဖြစ်ပြီး၊ မောင်ရှမ်းလျံမန်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Varpi ကျေးရွာမှ ဦးဘိုလ်လှဲထန်း Bual Hlei Thang နှင့် ဒေါ်ခွင်နိုတလွဲ Khuang Nawn Thluai တို့၏ သားဖြစ်သည်။

မောင်သန်းဝင်းနိုင်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက မလေးရှားတွင် လုပ်ကိုင်နေပြီး၊ မောင်ရှမ်းလျံမန်းသည် ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ရောက်ရှိလာသူဖြစ်သည်။

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆေးရုံရှိ အအေးခန်းတွင် ထားရှိဆဲဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသား စီစစ်ရေးဌာန ဖွင့်လှစ်

ဥဆာ ဖိချိုင်း|သောကြာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများသည် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် နိုင်ငံသား စီစစ်ရေးဌာနတခု ထားရှိပေးမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြသည်။

သို့သော် ထိုအစီအစဉ်သည် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းပေးနိုင်ခြင်းမျိုး မဟုတ်သေးကြောင်း သတိပေးပြောကြားခဲ့သည်။

မြို့တော်ဘန်ကောက်တောင်ဘက် ပင်လယ်ကမ်းခြေတခုဖြစ်သော စမတ်ဆခွန်ဒေသတွင် အလုပ်လုပ်သည့် မွန်လူမျိုး ဝမ်ချိုင်းက ထိုင်းနှင့် မြန်မာ အစိုးရတို့ ပူးပေါင်း၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပထမဆုံးသော နိုင်ငံသားစီစစ်ရေးဌာနအား ရနောင်းတွင် ထားရှိမည့် အစီအစဉ်ကြောင့် ဝမ်းသာကျေနပ်မိကြောင်း မဇ္ဈိမကို ပြောခဲ့သည်။

သူသည် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ရနောင်းမြို့သို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်အတွက် ကုန်ကျစရိတ်နှင့် ခရီးစဉ်တလျှောက် ကြုံတွေ့နိုင်သည့် အခက်အခဲများအတွက် စိုးရိမ်ပူပန်မှု ရှိကြောင်း ပြောသည်။

“မြစ်ကိုဖြတ်ပြီး ကော့သောင်းအထိ သွားစရာတော့ မလိုတော့ဘူး” ဟု ဝမ်ချိုင်းက လှေဖြင့် ကျန်းမြစ် (Kyan River) ကို ဖြတ်၍ ရနောင်းမြို့မှ မြန်မာနိုင်ငံဘက် ကော့သောင်းမြို့ကို သွားရမည့် ခရီးစဉ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

သူက “ဒါပေမဲ့ ရနောင်းကို သွားဖို့အတွက်က ကုန်ကျစရိတ်တွေ ရှိမယ်။ နောက်ပြီး လမ်းမှာ ထိုင်းအရာရှိတွေရဲ့ ဖမ်းဆီးမှု ခံရနိုင်တာတွေ ရှိတယ်။ အဲလို အဖမ်းခံရရင်လည်း ပိုက်ဆံကုန်ဦးမှာဆိုတော့ ပိုက်ဆံကုန်မှာချင်းအတူတူ လမ်းမှာ အဖမ်းမခံရအောင် လုပ်ပေးမယ့် ပွဲစားတွေကို ပိုက်ဆံပေးပြီးတော့ပဲ သွားတော့မယ်” ဟု ပြောသည်။

စမတ်ဆခွန်တွင် အခြေစိုက်သည့် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက်မှ ဒါရိုက်တာ Sampong Sakaew ကမူ ထိုပြဿနာများ ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်သော ဘန်ကောက်၊ စမတ်ဆခွန်၊ ချင်းမိုင်နှင့် မဲဆောက်မြို့များ၌ပါ နိုင်ငံသားစီစစ်ရေးဌာနများ ထားရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ပြောသည်။

“ရနောင်းမှာ စီစစ်ရေးဌာန ထားပေးမယ့် အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ ရနောင်းကို ပို့ဆောင်ပေးမယ့် ပွဲစားတွေရဲ့ လိမ်လည်လှည့်ဖျားမှုကို ခံရနိုင်တာမျိုးတွေ ရှိနေသေးတယ်။ တကယ်လို့ စီစစ်ရေးဌာနတွေကို သူတို့နေတဲ့ နေရာနဲ့ အနီးတဝိုက်မှာ ထားပေးနိုင်မယ် ဆိုရင်တော့ ပွဲစားမပါဘဲ သူတို့ကိုယ်တိုင် သွားရောက်လုပ်ဆောင်နိုင်မှာပါ။ ပြီးတော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါလိမ့်မယ်” ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာက မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းတွင် ပထမဆုံးသော နိုင်ငံသားစီစစ်ရေးဌာနကို ရနောင်းဆိပ်ကမ်းမြို့ရှိ စပန်ပလာရွာတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများက ထိုကဲ့သို့ ထင်မြင်ချက်များ ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ စူဖတ်ကူခွန်က ထိုင်းအစိုးရသည် လက်ရှိ မုတ်သုန်ရာသီအတွင်း နိုင်ငံသားစီစစ်ရေးအတွက် မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြုလုပ်ကြရမည့် အလုပ်သမားများ၏ လုံခြုံမှုကို စိုးရိမ်သဖြင့် ရနောင်းမြို့တွင် ယခုကဲ့သို့ စီစစ်ရေးဌာန ဖွင့်လှစ်ပေးရန် မြန်မာအစိုးရနှင့် ပူးပေါင်း၍ စီစဉ်ခဲ့ကြောင်း ပြောခဲ့သည်။

“မြန်မာအစိုးရဘက်ကလည်း ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို တရားဝင် သဘောတူလိုက်တဲ့အတွက် ဒီနှစ် ဇူလိုင်လကနေ အောက်တိုဘာလအတွင်း စီစစ်ရေးအရာရှိ အယောက် ၂ဝ ကို ထိုင်းနိုင်ငံကို စေလွှတ်ပေးပါလိမ့်မယ်။ အဲဒီအရာရှိတွေဟာ တနေ့ကို အလုပ်သမား ၈ဝဝ အတွက် နိုင်ငံသားစီစစ်ရေး ကိစ္စတွေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု စူဖတ်ကူခွန်က ပြောကြားခဲ့ပြီး နိုင်ငံသားစီစစ်ရေးကိစ္စ ဆောက်ရွက်ရမည့်သက်တမ်း တိုးပေးရန်လည်း ဆွေးနွေးကြဖွယ်ရာ ရှိသည်ဟု ပြောကြားခဲ့သည်။

ရနောင်းတွင် ထားရှိပေးမည့် စီစစ်ရေးဌာနသည် အနာဂတ်ကာလတွင် အခြား နယ်စပ်ဒေသများအတွက် စံနမူနာ ဖြစ်လာဖွယ်ရှိသည်ဟု စူဖတ်ကူခွန်က ပြောခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာန၏ ဝဘ်ဆိုဒ်ရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရနောင်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး နီရီဝပ် ဖွန်နဂန် က ထိုစီစစ်ရေးဌာနသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ထိုစီစဉ်ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ချောမွေ့အဆင်ပြေမှု၏ ရောင်ပြန်ထင်ဟပ်မှုပင်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ မကြာခင်က စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ ၂ သန်းခန့် ရှိသည့်အနက် ယခုနှစ် အစောပိုင်း နိုင်ငံသားစီစစ်ရေး အစီအစဉ်များ စတင်သည့်အချိန်မှစ၍ ၈၂၇၆၇ ဦးသည် စီစစ်ရေးလုပ်ငန်း ကိစ္စများအတွက် ခရီးသွားခဲ့ကြပြီး ယာယီ ပတ်စ်ပို့ လက်မှတ်များ ထုတ်ယူခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမား ခန့်ထားရေးဌာနက ထုတ်ပြန်ရာတွင် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်မှုများသည် အတော်အသင့် ခရီးရောက်နေပြီး တရားမဝင် အလုပ်လုပ်ကိုင်မှုများ အဆုံးသတ်စေရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းကာ ယခုနှစ်ကုန်တွင် ပြဋ္ဌာန်းဖွယ်ရှိသည့် ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် အလုပ်သမားများအား အသစ်ရောက်ရှိလာမည့် တရားဝင် အလုပ်သမားများနှင့် အစားထိုးတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရားမဝင် အလုပ်သမား ၁၁၄၃၆ ဦး အကျဉ်းကျခံခဲ့ရပြီး တရားမဝင် အလုပ်ခန့်ထားသူ အလုပ်ရှင်ပေါင်း ၁၅၁၈ ဦး ဖမ်းဆီးခံခဲ့ရသည်။

သို့ရာတွင် လေ့လာသုံးသပ်သူများက ထိုကိန်းဂဏန်းသည် အမှန်တကယ် အဖမ်းခံခဲ့ရသည့် တရားမဝင် အလုပ်သမား အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) တို့ ယခုလ အစောပိုင်းက ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင်လည်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဖော်ပြထားသည်။

ထိုကြေညာချက်ကို ကုလသမဂ္ဂက ၁၄ ပိုင်းခွဲကာ ကျင်းပခဲ့သည့် လူ့အခွင့်အရေး အစည်းအဝေး၏ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် HRW နှင့် HRDF တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမ္မဂ္ဂမှ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေးဌာနက ထိုင်းအစိုးရထံသို့ ယမန်နှစ်နှင့် ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ အရေးတကြီး အသိပေးစာ ၄ စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄ စောင်မှာ (၁) လာအိုများကို နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ (၂) ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ (၃) ရိုဟင်ဂျာများအပေါ် ဆိုးရွားစွာ ဆက်ဆံမှုနှင့် ပတ်သက်၍ (၄) ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်တွင် ဒဏ်ရာ ရရှိသည့်အခါ ရည်ရွယ်ချက်ရှိရှိဖြင့် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတိပေးချက်များအပေါ် ဘန်ကောက်အစိုးရက ပထမကိစ္စနှင့် တတိယကိစ္စ အပေါ်တွင်သာ ပြန်ကြားခဲ့သည်။

၂ဝဝ၃ ခုနှစ်ကတည်းက ထိုင်းနှင့် မြန်မာ သဘောတူညီခဲ့ပြီး ပြီးခဲ့သည့်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံသား စီစစ်ရေး မူဝါဒသည် တရားမဝင်သော ရွှေ့ပြောင်းနေထိုင်မှုများကို ကိုင်တွယ်ရန်အတွက်ဆိုသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဟု HRW နှင့် HRDF ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည့်အစား အစုလိုက်အပြုံလိုက် နှင်ထုတ်မည့် အရိပ်အယောင်များမှာ သိသာစွာ ပေါ်လွင်နေပြီး မှတ်ပုံတင်နိုင်မည့် အလုပ်သမားများအတွက်သာ အစီအစဉ်များက အဆင်ပြေပေလိမ့်မည်။ တရားဥပဒေနှင့် မညီညွတ်သော ပွဲစားများအတွက်လည်း ပွဲခ မတန်တဆရမည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေး ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များကို ထောက်ခံပြီး ထိုင်းနိုင်ငံမှ နိုင်ငံသားစီစစ်ရေးမူဝါဒ အကောင်အထည် ဖော်နေခြင်းအပေါ် ဆက်လက်စောင့်ကြည့်ရန် တောင်းဆိုပါသည်” ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။

HRW က ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို မြှင့်တင်ကာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့်ညီသော ကတိကဝတ်များကို လိုက်နာစောင့်ထိန်းလာစေရန် အပြုသဘောဆောင်သော အကူအညီများ ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ အကူအညီပေးမှုကို လေးနက်စွာ ထောက်ခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်မှုကိုလည်း ထောက်ခံထားသည်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

မြန်မာလုပ်သားများအတွက် ဂျပန်အလုပ်သင် ခံစားခွင့်စနစ်များ ပြောင်းလဲသတ်မှတ်

ရဲလင်းထွဋ် အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉)

ဂျပန်နိုင်ငံသို့ လက်တွေ့လေ့ကျင့်ရေး သင်တန်းသားနှင့် နည်းပညာလေ့ကျင့် ရေးသင်တန်းသား လုပ်သားဖြင့် သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာ လုပ်သားများအတွက် ခံစားခွင့်စနစ်များကို Japan International Training Corporation Organization (JITCO) က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအသိုင်းအ၀ိုင်းမှ သိရသည်။

အဆိုပါပြောင်းလဲမှုအရ ယခင်က သင်တန်းသားအဖြစ် ခေါ်ယူသော လုပ်သားများမှာ ပထမနှစ်အတွင်း တစ်လလျှင် ယန်းငွေ ၇၀,၀၀၀ ခံစား ခွင့်အဖြစ်ရရှိသော်လည်း ယခုအခါ နှစ်လသာ သင်တန်းကာလအဖြစ် နေထိုင်ရမည်ဖြစ်ပြီး အဆိုပါကာလနောက် ပိုင်းတွင် ယန်းတစ်သိန်းထက်ကျော်လွန်သော ငွေကြေးကို အရည်အသွေးပေါ်မူတည်ကာ ခံစားရရှိနိုင်တော့မည် ဖြစ်ကြောင်း မိုးယံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ထင်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ယခု ပြောင်းလဲသတ်မှတ်လိုက်သော ခံစားခွင့် နည်းစနစ်အသစ်များကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး မြန်မာလုပ်သားများကို ထုတ်လုပ်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လက်ခံခေါ်ယူမည်ဖြစ်ကြောင်း JITCO အစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။

SHWE ZABU DEIK SERVICES မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်း နိုင်ကလည်း "ဂျပန်မှာ လုပ်အားခတွေကို နယ်မြေဒေသအလိုက် သတ်မှတ်ထားတာတွေ ရှိတယ်။ ဘယ်မှာဆို အနိမ့်ဆုံး လစာဘယ်လောက်ပေးရ မယ်ဆိုပြီးတော့ပေါ့။ ဒါကြောင့် နောက်ကို မြန်မာ လုပ်သားတွေက သုံးလ နောက်ပိုင်းကစပြီး အရင်ကထက် လစာ ပိုရရှိခံစားရမှာပါ"ဟု ပြောသည်။

ယခင်နှစ်များက သင်တန်းသား လုပ်သားအဖြစ် လုပ်ကိုင်ခွင့်ရသူများသည် ပထမနှစ်တွင် စာတွေ့လက်တွေ့ လေ့လာမှုများပြုလုပ် ရပြီး အလုပ်သမားဥပဒေအရ လစာခံစားခွင့်မရှိသဖြင့် ထောက်ပံ့ကြေးသာ ခံစားခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဒုတိယနှစ်နှင့် တတိယ နှစ်များတွင် ဂျပန်အစိုးရ၏ ဥပဒေ သတ်မှတ်ချက်များအတိုင်း လစာနှင့်ခံစားခွင့်များ ပြောင်းလဲ သွားသည့်အတွက် လုပ်ခများ တိုးမြှင့်ရရှိခဲ့သော်လည်း ယခုအခါ ပထမနှစ်တွင်ပင် ရရှိတော့မည်ဖြစ်သည်။

မြန်မာအလုပ်သင် သင်တန်းသားလုပ်သားများသည် ဒုတိယနှစ်နှင့် တတိယနှစ်များသို့ ရောက်သောအခါတွင် ဂျပန်အလုပ်သမား ၀န်ကြီးဌာန အောက်သို့ လွှဲပြောင်းရောက်ရှိသွား ခြင်းဖြစ်ကြောင်း သိရသည်။

"ဒုတိယနှစ်မှာ ခုနကစာမေးပွဲ ဖြေပြီး အောင်တဲ့အခါ လက်တွေ့ကျောင်းသား ဖြစ်သွားတဲ့အခါကျတော့ ၀င်ငွေက သက်ဆိုင်ရာ ဒေသ မှာ ရှိတဲ့ ဥပမာ ဟီရိုရှီးမားခရိုင်မှာ လူတစ်ယောက်ရဲ့ တစ်နှစ်လုံးလစာဟာ တစ်နာရီ ယန်း ၆၄၀ ရှိရမယ်ဆိုရင် အဲဒီ ၆၄၀ ပေးရ တယ်။ ၆၄၀ ကို ရှစ်နဲ့မြှောက်ပြီးရင် ၂၆ နဲ့ မြှောက်ကြည့်လိုက်၊ နောက်ပြီးတော့ အိုဗာတိုင်တွေရှိမယ်။ များသောအားဖြင့် ယန်း ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ရှိ မယ်"ဟု Brilliant Crusader Business Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဆွေက မြန်မာတိုင်း(မ်) ကို ပြောကြားသည်။

ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား လက်တွေ့လေ့ကျင့်ရေးသင်တန်းသားနှင့် နည်းပညာ လေ့ကျင့်ရေး သင်တန်း သားများအတွက် လေ့ကျင့်ရေးစနစ်သည် ဂျပန်နိုင်ငံ နည်းပညာများကို တိုးတက်ကောင်းမွန်စေရန် သင်ကြားပေးခြင်းဖြစ်ပြီး နည်း ပညာ၊ အတတ်ပညာများကို ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နည်းပညာပြန့်ပွားရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်ရုံး ဖွင့်လှစ်ရေး ထိုင်းနှင့် မြန်မာဆွေးနွေး

မြတ်ခိုင်ဦး/၁၀ ဇွန် ၂၀၁၀ ခေတ်ပြိုင်

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် ထိုင်း-မြန်မာအာဏာပိုင်များ ယနေ့တွေ့ဆုံဆွေးနွေးသည်။

ထိုင်းအစိုးရဘက်မှ တောင်းဆိုထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ရေးအတွက် ထိုင်းနှင့်မြန်မာ အာဏာပိုင်တို့ ယနေ့နေ့လယ် (၁၁) နာရီက ရနောင်းခရိုင်၊ ရနောင်းမြို့၊ ရနောင်းဌာနီရပ်ကွက်ရှိ ထိနိဒီးဟိုတယ်တွင် ပြုလုပ်သည်။


အစည်းအဝေးသို့ ထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာနညွှန်ချုပ် ဂျီယာဆတ်ဆူကွန်သာချတ်၊ ဒုညွှန်ချုပ် ဆူပတ်ဂူအမ်၊ ရနောင်းခရိုင်ဒုခရိုင်မှူး ခွန်နီရီဝတ်ဖွန်နာခန်၊ ရနောင်းမြို့တော်ဝန်တို့မှ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ အထူးရဲတပ်ဖွဲ့လက်ထောက်ဒါရိုက်တာ ဦးမြင့်သိန်းနှင့် ကော့သောင်းခရိုင်မှူး ဦးအံ့မောင်တို့မှ ဦးဆောင်သည်။

ဆွေးနွေးပွဲတွင် ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးနေရာကိစ္စ၊ ဝန်ထမ်းများ၏လုံခြုံရေး တာဝန်ယူပေးနိုင်မှု အနေအထားများကို အဓိကထားဆွေးနွေးသွားကြပြီး ယာယီရွေးချယ်ထားသော နေရာ (၃) နေရာကို ဆက်လက် ကြည့်ရှုသုံးသပ်ကြသည်ဟု သိရသည်။ မနက်ဖြန်တွင် ဖန်ငမြို့၌ အစည်းအဝေးပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

ယာယီရွေးချယ်ထားသော နေရာများမှာ နိပွန်မော်တာ ကုမ္ပဏီလီမိတက်၊ ကိုမော့ အဆောက်အဦ၊ ရနောင်း ငါးဖမ်းဆိပ်ကမ်းအနီး ဖယ်ပလာတို့ဖြစ်ကြသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ရန် ပြီးခဲ့သည့်လ (၂၇) ရက်က မြန်မာနိုင်ငံ နေပြည်တော်တွင် အာဏာပိုင်များက အစည်းအဝေးပြုလုပ်ကာ တရားဝင်ထုတ်ဖော် ပြောကြားပြီးဖြစ်သည်။

ထိုင်းအစိုးရ ရနောင်းခရိုင်ဝန်ကလည်း သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် မိမိတို့၏ တိုက်တွန်းချက်အရ ထိုင်းဘက်အခြမ်းတွင် ရုံးခန်းများဖွင့်လှစ်ရန် အခွင့်အလန်းများ လမ်းပွင့်လာပြီဟု ဆိုသည်။

မြန်မာအာဏာပိုင်များက ပြောင်းရွှေ့ဖွင့်လှစ်မည့် အကြောင်းရင်းကို ဖော်ထုတ်ပြောကြားရာ၌ မြန်မာနိုင်ငံသားများ မိုးတွင်းကာလ ရေကြောင်းမှဖြတ်သန်းသွားလာရေး အခက်အခဲကို ဖြေရှင်းရန်ဟု ဆိုသည်။

သို့သော် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ဤသို့ ရုံးပြောင်းရွှေ့ဖွင့်လှစ်ခြင်းအားဖြင့် ကြားခံပွဲစား ကုမ္ပဏီများ၏ မတန်တဆတောင်းခံနေမှုများ လျှော့ပါးကာ မိမိတို့အတွက် အချိန်ကုန်သက်သာပြီး အလုပ်ပျက်ရက် သက်သာမည်ဟု မျှော်လင့်ကြသည်။
အပြည့်အစုံသို့ >>

အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ

မျိုးဝင်းဇော် / ၁၀ ဇွန် ၂၀၁ ခေတ်ပြိုင်

သီရိမင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာလုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရသည်။

မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ် သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့ ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ်စက်ရုံတခုမှာ လုပ်ဖူးပေမယ့် နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစားတယောက်ကတဆင့် အိမ်ကို အမျိုးသမီးကြီးတယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။ အိမ်ကို သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။ မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့ ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု ပြောသည်။

အဆိုပါ နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည်ဆိုပြီး သိမ်းသွင်းခံခဲ့ရသူများဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊ မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

အဆိုပါ နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂ဝ) အောက်နှင့် (၂ဝ) အထက် ဆင်းရဲသည့် မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့် နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁ဝ,ဝဝဝ) မှ (၃ဝ,ဝဝဝ) အထိ ဈေးအမျိုးမျိုးရှိပြီး ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည် ဖောက်သည်တဦးထံမှ ငွေကျပ် (၁ဝ,ဝဝဝ) ရရှိပါက (၅,ဝဝဝ) ကို အထိန်းအမျိုးသမီးကြီးကယူပြီး နိုက်ကလပ်ဝန်ထမ်းကို ကျပ် (၁,ဝဝဝ) ခန့် ပေးရကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အနော်ရထာလမ်းပေါ်မှ လသာ ကုန်ဈေးတန်းလမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင်တို့သည်လည်း ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏ အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ်လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အပြည့်အစုံသို့ >>

ကမာရွတ်စက်ရုံ ပေါက်ကွဲ၊ ၄ ဦးသေ

ကြာသပတေး, 10 ဇွန် 2010 VOA

ရန်ကုန် ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမကြီးပေါ်မှာ ရှိတဲ့ ငါး ပုစွန်နဲ့ ရေခဲစက် လုပ်ငန်းမှာ ဒီကနေ့ ညနေ ၆ နာရီလောက်က အမိုးနီးယားဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမားတွေ အပါအ၀င် လူ ၄ ဦး သေဆုံးပြီး ၄၀ လောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာရသူတွေနဲ့ အဆိပ်သင့်ပြီး မေ့မျောနေသူတွေလည်း ရှိနေသလို ပတ်ဝန်းကျင်မှာလည်း ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေတယ်လို့ အဲဒီနေရာမှာ ရောက်နေသူ တယောက်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ဒီနားမှာ ကမ္ဘာပျက်သလို၊ တိုင်းပြည်ပျက်သလို ဖြစ်သွားတာ။ အငွေ့က ဒီဘက်တွေထိ ရောက်တယ်။ လေက တောင်ပိုင်းက တိုက်တယ်ဆိုတော့ အနောက်ဘက်တွေကြတော့ လွတ်သွားတယ်။ ဒီလမ်းတလျှောက် အကုန်လုံး၊ တိုက်ပေါ်တွေရော အကုန်လုံး၊ ဟိုဘက်တိုက်ပေါ်က အဘွားကြီးတယောက်ဆိုရင် ကယ်ပါဦး၊ ကယ်ပါဦးနဲ့၊ အဲဒီမှာ ကျနော်က ဘေးက ဆံပင်ညှပ်ဆိုင်ထဲက မျက်နှာသုတ်ပုဝါလေးယူ၊ ရေဆွတ်ပြီး အဲဒီအဘွားကြီးကို မျက်စိတွေ ဘာတွေ အုပ်ပြီးတော့ တွဲခေါ်သွားတယ်။”
ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာမှာ ရောက်နေတဲ့ ရန်ကုန်မြို့ခံတယောက် ပြောသွားတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲက တချို့ကိုတော့ အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တခုကို ယာယီပို့ထားတယ်လို့လည်း ဆိုပါတယ်။
လတ်တလော ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အအေးခန်း စက်ရုံတွေမှာ ဘေးကင်းလုံခြုံမှု အစီအမံတွေ အားနည်းတာမို့ မတော်တဆ ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားပြီး သတင်းမီဒီယာတွေကအစ သတင်းယူခွင့်၊ ဓာတ်ပုံမှတ်တမ်း ရိုက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP