Tuesday, 22 June 2010

ရွှေ့ပြောင်းအလုပ်သမားများ ဘ၀တိုးတက်ရေး အထောက်အကူပြု သင်တန်းကျောင်းဖွင့်

မြတ်ခိုင်ဦး/၂၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားကျောင်းသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဦးစီးသည့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (MDF) က ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံ၊ ပဒုံဌာနီခရိုင်၊ လန်စစ်ရှိ တလဆူချဈေးအနီးတွင် ယမန်နေ့က ကျောင်းတကျောင်း ဖွင့်လှစ်လိုက်သည်။

အဆိုပါကျောင်းတွင် အင်္ဂလိပ်စာ၊ ထိုင်းစာနှင့် ကွန်ပျူတာ သင်တန်းများ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်များဖြစ်သော ချုလာလောင်ကွန်း၊ တမ္မာဆတ်၊ မဟီဒေါ၊ ကဆတ်ဆ၊ ABAC၊ ဘန်ကောက်၊ ရမ်ကန်ဟမ်၊ ရန်စစ်၊ စိန့်ဂျွန်တက္ကသိုလ်တို့မှ မြန်မာကျောင်းသားကျောင်းသူများ ဦးဆောင်ဖွဲ့စည်းထားသော မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (MDF) က ကျောင်းကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ထိုသင်တန်းကျောင်း၌ စနေ၊ တနင်္ဂနွေ (၂) ရက်တွင် ပညာရေးအတွက် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အတွင်း ကျန်းမာရေး ပညာပေးအစီအစဉ်နှင့် ကျန်းမာရေးအတိုင်ပင်ခံ ဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းသားကျောင်းသူများ၏ သွားလာမှုလုံခြုံရေးအတွက် သင်တန်းသားလက်မှတ်များ ထုတ်ပေးထားကာ သက်ဆိုင်ရာ ရဲစခန်းအား အသိပေးထားသည်ဟု သိရသည်။

ကျောင်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ MDF ၏ ဒါရိုက်တာ မသူဇာက “ကျမတို့အဖွဲ့အစည်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာပါ။ ပထမပိုင်းနှစ်တွေမှာတော့ ကျန်းမာရေး အကူအညီပေးမှုတွေကို ရန်စစ်တို့ စမုတ်ပရာကန် ပါ့က်နမ်းတို့မှာ လုပ်ခဲ့ပါတယ်။ အခုကတော့ ပညာရေးအစီအစဉ်ရဲ့ ပထမခြေလှမ်းပါ။ (၃) လသင်တန်းအတွက် ကျောင်းသားတယောက်ကို ဘတ် (၃၀၀) ကျောင်းဝင်ကြေး ထည့်ဝင်ခိုင်းပါတယ်။ ကွန်ပျူတာအတွက်ကျတော့ ဘတ် (၅၀၀) ပါ။ ကျောင်းစဖွင့်တယ် ဆိုပေမယ့် နောက်ထပ် (၂) ပတ် ကျောင်းလက်ခံပါဦးမယ်” ဟု ဆိုသည်။

ယခုစဖွင့်သည့် ပထမအပတ်တွင် ကျောင်းသား ကျောင်းသူပေါင်း (၅၀) ကျော် လာရောက် စာရင်းသွင်း သင်ကြား နေပြီဖြစ်သည်။ ဆရာဆရာမများအဖြစ် တက္ကသိုလ်များတွင် ပညာသင်ကြားနေသော၊ ဘွဲ့ရပြီးသော သူများက တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပြီး ထိုင်းဘာသာရပ်အတွက် ထိုင်းဘာသာစကား တတ်ကျွမ်းသော ထိုင်းကရင်၊ ထိုင်းရှမ်းများက သင်ကြားပေးမည်ဖြစ်သည်။

“ပညာမတတ်သေးတဲ့သူတွေကို၊ ပညာတတ်ပြီးသားသူတွေက ဖြန့်ဖြူးပေးနိုင်အောင်၊ တတ်ပြီးသားသူတွေအတွက်လည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရအောင်ပါ” ဟု MDF ကျောင်းဖွင့်ရသည့် ရည်ရွယ်ချက်ကို မသူဇာက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အနီးတဝိုက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သိန်းကျော်ရှိသည်ဟု ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရပြီး ယခုကဲ့သို့ တနိုင်တပိုင်စာသင်ကျောင်းများ ဖွင့်လှစ်လာခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်မှုအတွက် တစုံတရာ အထောက်အကူပြုကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောကြားသည်။
အပြည့်အစုံသို့ >>

Saturday, 19 June 2010

လုပ်သားများအပေါ် အနိုင်ကျင့်မှု ကာကွယ်နိုင်ရန် တောင်းဆို

မြတ်ခိုင်ဦး/၁၈ ဇွန် ၂၀၁၀ ခေတ်ပြိုင်

လုပ်သားထုအပေါ် အနိုင်ကျင့် ခေါင်းပုံဖြတ်နေမှုများကို ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော လူထုအခြေပြု အဖွဲ့အစည်းများက ကန့်ကွက်လိုက်သည်။

အဆိုပါအဖွဲ့အစည်းများက မဲဆောက်မြို့၌ ဇွန် (၁၆) ရက်တွင် အစည်းအဝေးကျင်းပပြီး ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ လုပ်သားကာကွယ်ရေးဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများသည် ၎င်းတို့၏ တရားဝင်မှု၊ မဝင်မှုတို့ကို ပလပ်၍ တရားဥပဒေလုပ်ထုံးလုပ်နည်းများအရ တရားနည်းလမ်းတကျ တောင်းဆိုပိုင်ခွင့်ရှိသည် ဆိုသော်လည်း အမှန်လက်တွေ့တွင်မူ များစွာကွဲလဲနေသည်ဟု အစည်းအဝေး တက်ရောက်လာသော စက်ရုံအလုပ်သမားများ၊ စိုက်ပျိုးရေးလုပ်သားများနှင့် ဆောက်လုပ်ရေး လုပ်သားများ ကိုယ်စား လူထုအခြေပြု အဖွဲ့အစည်းများက တင်ပြကြသည်။


အလုပ်သမားအများစုသည် မိမိတို့အခွင့်အရေးအတွက် အလုပ်သမား ကာကွယ်ရေးရုံးသို့ အလွယ်တကူ သွားရောက် တိုင်တန်းနိုင်ကြသော်လည်း ထိုသို့တိုင်တန်းပြီး အပြန်လမ်းတွင် လူဝင်မှုကြီးကြပ်ရေးရဲများ၏ ဖမ်းဆီးခြင်းသော်လည်းကောင်း၊ လုပ်ငန်းရှင်၏ ရုတ်တရက် အလုပ်ထုတ်ပစ်ခြင်းကိုသော်လည်းကောင်း ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟုလည်း အဖွဲ့အစည်းများက ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်းမှာသာ နေထိုင်ရသည်ဖြစ်၍ အလုပ်ပြုတ်ပါက နေရာထိုင်ခင်းပါ မရှိတော့သည့်အတွက် ရာပေါင်းများစွာသော အလုပ်လက်မဲ့များသည် လမ်းများပေါ်၌ သွားလာရ၍ အန္တရာယ်ကြီးပြီး ပြန်လည်ဖမ်းဆီးပို့ဆောင်မှုများလည်း ကြုံတွေ့နေရသည်ဟု ယင်းအဖွဲ့များက ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။

အဆိုပါအဖွဲ့များကို MAP ဖောင်ဒေးရှင်းမှဦးဆောင်ကာ ရောင်ခြည်ဦး၊ မြန်မာပြည်သားများအရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပန်းကံ့ကော်၊ ရခိုင်အလုပ်သမားများအဖွဲ့ စသည့် အဖွဲ့များမှ စုပေါင်းကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ တရားရင်ဆိုင်ရမှုကာလသည် အလွန်ကြာမြင့်ပြီး အချို့သော ပြဿနာများတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းထက် ကျော်လွန်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုကာလအတွင်း ဖြစ်စေ၊ အမှုစတင်သည့်ကာလတွင် ဖြစ်စေ လုပ်ငန်းရှင်က လုပ်ငန်းပြောင်းလွှဲခွင့်စာ ထုတ်မပေးအဖြင့် ဒုက္ခရောက်ရကြောင်း၊ နာမည်ပျက်စာရင်းအသွင်းခံရသဖြင့် အလုပ်ရှာဖွေလုပ်ကိုင်ခွင့်မရတော့ကြောင်း စသည့်အချက်များကိုလည်း ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အစည်းအဝေး ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဇော်ထွန်းက “အဓိကကတော့ အလုပ်သမားတွေ ကြောက်တာ သူတို့ကိုရဲမဖမ်းရေးဘဲ။ ရဲဖမ်းမှာကို ကြောက်မှန်းသိတော့ အလုပ်ရှင်ကလည်း ရဲနဲ့ခြိမ်းခြောက်ပြီး ဂုတ်သွေးစုပ်နေတော့တာပဲ၊ အဲဒီတော့ ဒီလိုဖိနှိပ်ခံရမှုတွေ လျှော့ပါးလာပြီး ထိုင်းအစိုးရကိုယ်တိုင်က သူတို့ရဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်လာအောင် တွန်းအားပေးဖို့ လုပ်ဆောင်တာပါ” ဟုဆိုသည်။

အဆိုပါကြေညာချက်တွင် တော်ဝင်ထိုင်းအစိုးရအား ပိုမိုကျယ်ပြန့်သော တောင်းဆိုချက် (၅) ချက်ကို တောင်းဆိုလိုက်သည်။

အဆိုပါအချက်များမှာ တရားရုံးရင်ဆိုင်မှုကာလကို အချိန်တိုကာလအတွင်း ပြီးမြောက်စေရန်နှင့် တရားရုံးများ ပိုမိုတိုးချဲ့ပေးရန်၊ လုပ်ငန်းရှင်သစ် အပြောင်းအလွှဲကာလကို လက်တွေ့ကျကျ ပိုမိုတိုးမြှင့်ပေးရန်၊ အလုပ်ရှင်ပြောင်းလဲရေးနှင့် လုပ်ငန်းအမျိုးအစား ပြောင်းလဲရေးတို့ကို ကန့်သတ်ထားမှုများ လျှော့ပေါ့ပေးရန်၊ တရားရင်ဆိုင်စဉ်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ ထိုင်းနိုင်ငံအတွင်း တရားဝင်တည်ရှိမှုကို သေချာစေရန်နှင့် မတရားမှုကို တရားနည်းလမ်းကျကျ ရင်ဆိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများအား ယခုပြုလုပ်နေသော နိုင်ငံသားစိစစ်ရေးပြုမှုနှင့် ယာယီပတ်စပို့စ် လျှောက်ထားခွင့်တို့ကို ခွင့်ပြုရန်တို့ ပါဝင်သည်။

မဲဆောက်ဒေသတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) သိန်းမှ (၃) သိန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်နေသူများက ခန့်မှန်းထားကြပြီး ထိုင်းတနိုင်ငံလုံးတွင် ရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့်ရှိမည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Thursday, 17 June 2010

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

မြတ်ခိုင်ဦး/၁၆ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရန် အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန် (၂) ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်သောအမိန့်၌ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ညှာမှုပေးသောအားဖြင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ဇန်နဝါရီ (၁၉) ရက်၌ ကျင်းပသောအစည်းအဝေးတွင် သက်တမ်းကာလ (၂) နှစ် တိုးပေးပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများသည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရေးအတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိပြီး ယင်းသို့ နေထိုင်အလုပ်လုပ်ကိုင် သက်တမ်းတိုးခွင့်ကို ၂၀၁၀ ခု ဖေဖော်ဝါရီလအထိ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါကာလ ကျော်လွန်ပါက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကို အာဏာပိုင်များအနေဖြင့် တရားဥပဒေအရ တိတိကျကျ ဟန့်တားကာကွယ်သွားရမည်ဟု အတိအလင်း ဖော်ပြခဲ့ကြောင်း၊ အာဏာပိုင်များသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွင်း မရှိသည့် တရားမ၀င်အလုပ်သမားများအား ဖမ်းဆီးတရားရုံးတင်ခြင်း၊ တရားမ၀င်အလုပ်သမားများအား နိုင်ငံတွင်းသို့ တရားမ၀င်သယ်ဆောင်လာသူများနှင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအား လက်ခံသည့်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အသက်ဝင်မှုရှိစေရန်အတွက် နိုင်ငံတော်စီမံခန့်ခွဲရေး ဥပဒေ ၁၉၉၁၊ အခန်း (၁၁/၃)၊ (၁၁/၆) နှင့် (၁၁/၉) တို့အရ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရေး အထူးစင်တာတခု ဖွင့်လှစ်အကောင်အထည်ဖော်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တော်ဝင်ရဲဌာနရုံး၊ စစ်တပ်နှင့် ရေတပ်တို့မှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါစင်တာအား ကွပ်ကဲရန် အဖွဲ့ဝင် (၁၅) ဦးပါဝင်သော ဗဟိုစီမံခန့်ခွဲရေးကော်မတီတခု ထားရှိမည်ဖြစ်ပြီး အဆိုပါကော်မတီတွင် ဒု-ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးတို့က ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ကာ လိုအပ်သော လုပ်ငန်းစဉ် အသီးသီးအား ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါကော်မတီအောက်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ကော်မတီခွဲ (၅) ခု ရှိမည်ဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ထောက်လှမ်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ ဗဟိုစီမံခန့်ခွဲရေးကော်မတီသို့ လုပ်ငန်းစဉ်တိုးတက်မှု အစီရင်ခံခြင်း၊ ဗဟိုမှချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။

ထိုလုပ်ငန်းစဉ် အသီးသီးအတွက်ငွေကို တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေမှ ပေးအပ်သွားမည်ဟုဆိုသည်။ တရားမဝင်အလုပ်သမားများ လက်ခံထားသည့် လုပ်ငန်းရှင်များသည် အလုပ်သမားတဦးလျှင် (၂,၄၀၀) ဘတ်နှုန်းဖြင့် ငွေပေးဆောင်ရမည်ဖြစ်ပြီး ယင်းငွေများကို လုပ်ငန်းစဉ် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အလုပ်အကိုင်ခန့်ထားရေး ညွှန်ချုပ်၏ ပြောကြားချက်အရ အထက်ပါ လုပ်ငန်းစဉ်များအား ဝန်ကြီးချုပ်က လာမည့် အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်စေလိုကြောင်း ရဲချုပ်အား အမိန့်ပေးထားသည်ဟု သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “အခုလည်း တဂျိန်းဂျိန်းဖမ်းနေတာပဲ။ ဆိုးတာက လက်မှတ်ရှိတဲ့သူကော၊ အီကစံရှိတဲ့သူကော ဖမ်းနေတာ။ တရားဝင်ဖမ်းမရတဲ့သူ လက်မှတ်ရှိတဲ့သူတွေကြတော့ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ ဒီကိစ္စ ကျနော်တို့ နေ့တိုင်းလိုလို ကြားနေရတာပဲ။ အထူးသဖြင့် မဟာချိုင်ဘက်မှာ။ အခု တရားဝင်လုပ်မယ်ဆိုတော့ ဒေသခံအာဏာပိုင်တွေက ထင်သလိုပြုမူကုန်ရင် အလုပ်ရှင်ကော အလုပ်သမားကော နစ်နာမယ်” ဟု ဆိုသည်။

သို့အတွက် လူကုန်ကူးမှုပပျောက်ရေးဟုဆိုဆို၊ တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန်ပြောပြော အလုပ်သမားကို နားလည်သော အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပူးပေါင်း လက်တွဲမှုမရှိပါက အသေအပျောက်ဖြစ်မှုများ၊ သတင်းဆိုးများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ဤလူကုန်ကူးများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းအာဏာပိုင်များ၊ ထိုသူများနှင့်နီးစပ်သူများကိုလည်း ထိထိရောက်ရောက် အရေးယူမှသာလျှင် အလားအလာကောင်းမည်ဟု ၎င်းက ပြောသည်။

၂၀၀၉ ခုနှစ် ဘတ်လက်မှတ်အသစ်ဖွင့်ပေးစဉ်တွင် (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) သိန်းခန့်သည် လက်မှတ်သက်တမ်း ဆက်မတိုးတော့သည့်အတွက် တရားမဝင်အလုပ်သမားများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားခဲ့သည်။

ထို့ကြောင့် စာရင်းဇယားအတိုင်း ပြည့်မှီစေရန် အဆိုပါ (၃) သိန်းခန့်အလုပ်သမားများကို ဖမ်းဆီးမည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေမည်သာဖြစ်ကြောင်း၊ ဤအလုပ်သမားအရေအတွက်ထဲမှ အလုပ်သမားအတော် များများမှာလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသဖြင့် မိခင်နိုင်ငံရင်းသို့ ပြန်သွားခဲ့ကြပြီးဖြစ်သည် ဆိုသည်ကို သတိမူသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။
အပြည့်အစုံသို့ >>

Wednesday, 16 June 2010

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အရေးယူပေးရန် (၆၅) ဖွဲ့က တောင်းဆို

မြတ်ခိုင်ဦး/၁၅ ဇွန် ၂၀၁၀ ခေတ်ပြိုင်

မလေးရှားနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်း (၆၅) ဖွဲ့တို့က ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်း၍ Klang, Selangor တွင်ရှိသော Maxter Glove Manufacturing Co.Ltd က အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို အရေးယူပေးရန် မလေးရှားအစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ Supermax Corporation ကုမ္ပဏီကြီး၏ လက်အောက်ခံတခုဖြစ်သည့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ်များ ထုတ်လုပ်သည့် Maxter Glove Manufacturing ကုမ္ပဏီက ၎င်းတို့စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ငွေကြေးအရ ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်းဖြစ်သည်။

အဆိုပါ Maxter Glove ကုမ္ပဏီက အလုပ်ရှင်ပေးသွင်းရမည့် လုပ်သားငှားရမ်းခ အခွန်အား အလုပ်သမားလစာမှ ဖြတ်ယူခြင်း၊ ရင်းဂစ် (၁၈၀) သာကုန်ကျသော ကျန်းမာရေးဆေးစစ်ခကို အလုပ်သမားထံမှ ရင်းဂစ် (၁,၀၀၀) နုတ်ယူခြင်း၊ အလုပ်သမားများအား (၂) လစာ လခမပေးဘဲ နေရာထိုင်ခင်းမပေးခြင်း၊ နားရက်မရှိ တနေ့ အလုပ်ချိန် (၁၃) နာရီအထိ ခိုင်းစေခြင်း၊ မလေးရှားဥပဒေအရ ပြဋ္ဌာန်းထားသည့် အိုဗာတိုင်ကြေး မပေးခြင်း စသည်တို့အပြင် အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခေါင်းပုံဖြတ် မတရားမှုများအား အလုပ်မှ အထုတ်ခံရသူ ကိုသုမောင်က Subang Jaya အလုပ်သမားဌာနသို့ တရားဝင်တိုင်တန်းခဲ့ပြီးသည့်နောက် Port Kalang မြို့ရှိ အလုပ်သမားဌာနသို့ ထပ်မံတိုင်တန်းခဲ့ရာမှ ဌာနက အရေးယူ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် Burma Campaign Malaysia မှ ကိုထွန်းထွန်းက “စက်ရုံရဲ့ ၀ယ်လက်အားလုံးဟာ အမေရိကနဲ့ ဥရောပကဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်အဖွဲ့တွေ ပူးပေါင်းလာကာ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်လာပြီး စက်ရုံကို ဖိအားပေးနိုင်ဖို့ အခုလို (၆၅) ဖွဲ့ ပူးပေါင်းပြီးထုတ်လိုက်ရတာ။ နောင်မှာ မလေးရှားက စက်ရုံတွေအနေနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာလာလိမ့်မယ်၊ အထူးသဖြင့် ဒီကိစ္စ အောင်မြင်သွားရင်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့သော အလုပ်ရှင်ဆိုးများက မတရားမှုများအား ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီး ယခုကဲ့သို့ အင်အားစု (၆၅) ဖွဲ့မှ ပူးပေါင်းအရေးဆို တောင်းဆိုမှုမျိုးသည် မလေးရှားနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရ တာဝန်ရှိသူများက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာပြည်သား အများဆုံးပါဝင်ပြီး (၆၀) ရာခိုင်နှုန်းသည် တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်နှင့် ဒုက္ခသည် (၂) သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ထုတ် မလေးရှား မာဒေးကားရီဗျူး သတင်းစာကြီးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို မေးမြန်းသော်လည်း မည်သို့မှ ပြန်လည်ဖြေကြားခြင်းမပြုဟု သိရသည်။
အပြည့်အစုံသို့ >>

မလေးရှားတွင် ယာဉ်တိုက်မှု မြန်မာ ၂ ဦး သေဆုံး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးနင်းလာသော ဆိုင်ကယ်က ရှေ့တွင်မောင်းနှင်နေသော ကားတစီးကို ဝင်တိုက်မိပြီး နောက်ထပ်ကားတစီးက ကြိတ်မိသဖြင့် နှစ်ဦးစလုံးသေဆုံးမှုဖြစ်သွားသည်။

မြို့တော်ကွာလာလမ်ပူ၏ အနောက်မြောက်ဘက် ၃၃ မိုင်အကွာရှိ ဆီလန်ဂေါမြို့တွင် သစ်စက်လုပ်သား မောင်သန်းဝင်းလှိုင် (၂၅ နှစ်) နှင့် မောင်ရှမ်းလျံမန်း Saiang Lian Mang (၁၈ နှစ်) သည် ဇွန် ၁၂ ရက်နေ့က ဆိုင်ကယ် စီးနင်းလာစဉ် ရှေ့မှ မောင်းနှင်နေသောကားကို ဝင်တိုက်မိပြီး ယာဉ်ကြောပြောင်းပြန် တဖက်လမ်းသို့ လွှင့်စင်သွားရာမှ အိမ်စီးကားတစီးက ဝင်တိုက်မိခြင်း ဖြစ်သည်။

“ သူငယ်ချင်းဆိုင်ကယ်နဲ့ ဖုန်းကဒ်ဝယ်ဖို့ နှစ်ယောက်သွားတယ်။ အရှေ့က ကားကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရော လူရော တဖက်လမ်းမပေါ် လဲကျသွားတယ်။ အနောက်ကားက ခေါင်းကနေ ကြိတ်တယ်” ဟု သေဆုံးသူ မောင်ရှမ်းလျံမန်း၏ အကို သော့ခ်နိုင်လျံ Tawk Nei Lian က ပြောသည်။

မောင်ရှမ်းလျံမန်းသည် ယာဉ်တိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်သန်းဝင်းလှိုင်လည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးသွားသည်။

မောင်သန်းဝင်းလှိုင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် လိန်ကုန်းကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်ခင်ဝင်းတို့၏ သားဖြစ်ပြီး၊ မောင်ရှမ်းလျံမန်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Varpi ကျေးရွာမှ ဦးဘိုလ်လှဲထန်း Bual Hlei Thang နှင့် ဒေါ်ခွင်နိုတလွဲ Khuang Nawn Thluai တို့၏ သားဖြစ်သည်။

မောင်သန်းဝင်းနိုင်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက မလေးရှားတွင် လုပ်ကိုင်နေပြီး၊ မောင်ရှမ်းလျံမန်းသည် ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ရောက်ရှိလာသူဖြစ်သည်။

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆေးရုံရှိ အအေးခန်းတွင် ထားရှိဆဲဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသား စီစစ်ရေးဌာန ဖွင့်လှစ်

ဥဆာ ဖိချိုင်း|သောကြာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများသည် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် နိုင်ငံသား စီစစ်ရေးဌာနတခု ထားရှိပေးမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြသည်။

သို့သော် ထိုအစီအစဉ်သည် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းပေးနိုင်ခြင်းမျိုး မဟုတ်သေးကြောင်း သတိပေးပြောကြားခဲ့သည်။

မြို့တော်ဘန်ကောက်တောင်ဘက် ပင်လယ်ကမ်းခြေတခုဖြစ်သော စမတ်ဆခွန်ဒေသတွင် အလုပ်လုပ်သည့် မွန်လူမျိုး ဝမ်ချိုင်းက ထိုင်းနှင့် မြန်မာ အစိုးရတို့ ပူးပေါင်း၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပထမဆုံးသော နိုင်ငံသားစီစစ်ရေးဌာနအား ရနောင်းတွင် ထားရှိမည့် အစီအစဉ်ကြောင့် ဝမ်းသာကျေနပ်မိကြောင်း မဇ္ဈိမကို ပြောခဲ့သည်။

သူသည် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ရနောင်းမြို့သို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်အတွက် ကုန်ကျစရိတ်နှင့် ခရီးစဉ်တလျှောက် ကြုံတွေ့နိုင်သည့် အခက်အခဲများအတွက် စိုးရိမ်ပူပန်မှု ရှိကြောင်း ပြောသည်။

“မြစ်ကိုဖြတ်ပြီး ကော့သောင်းအထိ သွားစရာတော့ မလိုတော့ဘူး” ဟု ဝမ်ချိုင်းက လှေဖြင့် ကျန်းမြစ် (Kyan River) ကို ဖြတ်၍ ရနောင်းမြို့မှ မြန်မာနိုင်ငံဘက် ကော့သောင်းမြို့ကို သွားရမည့် ခရီးစဉ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

သူက “ဒါပေမဲ့ ရနောင်းကို သွားဖို့အတွက်က ကုန်ကျစရိတ်တွေ ရှိမယ်။ နောက်ပြီး လမ်းမှာ ထိုင်းအရာရှိတွေရဲ့ ဖမ်းဆီးမှု ခံရနိုင်တာတွေ ရှိတယ်။ အဲလို အဖမ်းခံရရင်လည်း ပိုက်ဆံကုန်ဦးမှာဆိုတော့ ပိုက်ဆံကုန်မှာချင်းအတူတူ လမ်းမှာ အဖမ်းမခံရအောင် လုပ်ပေးမယ့် ပွဲစားတွေကို ပိုက်ဆံပေးပြီးတော့ပဲ သွားတော့မယ်” ဟု ပြောသည်။

စမတ်ဆခွန်တွင် အခြေစိုက်သည့် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက်မှ ဒါရိုက်တာ Sampong Sakaew ကမူ ထိုပြဿနာများ ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်သော ဘန်ကောက်၊ စမတ်ဆခွန်၊ ချင်းမိုင်နှင့် မဲဆောက်မြို့များ၌ပါ နိုင်ငံသားစီစစ်ရေးဌာနများ ထားရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ပြောသည်။

“ရနောင်းမှာ စီစစ်ရေးဌာန ထားပေးမယ့် အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ ရနောင်းကို ပို့ဆောင်ပေးမယ့် ပွဲစားတွေရဲ့ လိမ်လည်လှည့်ဖျားမှုကို ခံရနိုင်တာမျိုးတွေ ရှိနေသေးတယ်။ တကယ်လို့ စီစစ်ရေးဌာနတွေကို သူတို့နေတဲ့ နေရာနဲ့ အနီးတဝိုက်မှာ ထားပေးနိုင်မယ် ဆိုရင်တော့ ပွဲစားမပါဘဲ သူတို့ကိုယ်တိုင် သွားရောက်လုပ်ဆောင်နိုင်မှာပါ။ ပြီးတော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါလိမ့်မယ်” ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာက မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းတွင် ပထမဆုံးသော နိုင်ငံသားစီစစ်ရေးဌာနကို ရနောင်းဆိပ်ကမ်းမြို့ရှိ စပန်ပလာရွာတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများက ထိုကဲ့သို့ ထင်မြင်ချက်များ ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ စူဖတ်ကူခွန်က ထိုင်းအစိုးရသည် လက်ရှိ မုတ်သုန်ရာသီအတွင်း နိုင်ငံသားစီစစ်ရေးအတွက် မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြုလုပ်ကြရမည့် အလုပ်သမားများ၏ လုံခြုံမှုကို စိုးရိမ်သဖြင့် ရနောင်းမြို့တွင် ယခုကဲ့သို့ စီစစ်ရေးဌာန ဖွင့်လှစ်ပေးရန် မြန်မာအစိုးရနှင့် ပူးပေါင်း၍ စီစဉ်ခဲ့ကြောင်း ပြောခဲ့သည်။

“မြန်မာအစိုးရဘက်ကလည်း ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို တရားဝင် သဘောတူလိုက်တဲ့အတွက် ဒီနှစ် ဇူလိုင်လကနေ အောက်တိုဘာလအတွင်း စီစစ်ရေးအရာရှိ အယောက် ၂ဝ ကို ထိုင်းနိုင်ငံကို စေလွှတ်ပေးပါလိမ့်မယ်။ အဲဒီအရာရှိတွေဟာ တနေ့ကို အလုပ်သမား ၈ဝဝ အတွက် နိုင်ငံသားစီစစ်ရေး ကိစ္စတွေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု စူဖတ်ကူခွန်က ပြောကြားခဲ့ပြီး နိုင်ငံသားစီစစ်ရေးကိစ္စ ဆောက်ရွက်ရမည့်သက်တမ်း တိုးပေးရန်လည်း ဆွေးနွေးကြဖွယ်ရာ ရှိသည်ဟု ပြောကြားခဲ့သည်။

ရနောင်းတွင် ထားရှိပေးမည့် စီစစ်ရေးဌာနသည် အနာဂတ်ကာလတွင် အခြား နယ်စပ်ဒေသများအတွက် စံနမူနာ ဖြစ်လာဖွယ်ရှိသည်ဟု စူဖတ်ကူခွန်က ပြောခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာန၏ ဝဘ်ဆိုဒ်ရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရနောင်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး နီရီဝပ် ဖွန်နဂန် က ထိုစီစစ်ရေးဌာနသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ထိုစီစဉ်ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ချောမွေ့အဆင်ပြေမှု၏ ရောင်ပြန်ထင်ဟပ်မှုပင်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ မကြာခင်က စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ ၂ သန်းခန့် ရှိသည့်အနက် ယခုနှစ် အစောပိုင်း နိုင်ငံသားစီစစ်ရေး အစီအစဉ်များ စတင်သည့်အချိန်မှစ၍ ၈၂၇၆၇ ဦးသည် စီစစ်ရေးလုပ်ငန်း ကိစ္စများအတွက် ခရီးသွားခဲ့ကြပြီး ယာယီ ပတ်စ်ပို့ လက်မှတ်များ ထုတ်ယူခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမား ခန့်ထားရေးဌာနက ထုတ်ပြန်ရာတွင် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်မှုများသည် အတော်အသင့် ခရီးရောက်နေပြီး တရားမဝင် အလုပ်လုပ်ကိုင်မှုများ အဆုံးသတ်စေရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းကာ ယခုနှစ်ကုန်တွင် ပြဋ္ဌာန်းဖွယ်ရှိသည့် ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် အလုပ်သမားများအား အသစ်ရောက်ရှိလာမည့် တရားဝင် အလုပ်သမားများနှင့် အစားထိုးတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရားမဝင် အလုပ်သမား ၁၁၄၃၆ ဦး အကျဉ်းကျခံခဲ့ရပြီး တရားမဝင် အလုပ်ခန့်ထားသူ အလုပ်ရှင်ပေါင်း ၁၅၁၈ ဦး ဖမ်းဆီးခံခဲ့ရသည်။

သို့ရာတွင် လေ့လာသုံးသပ်သူများက ထိုကိန်းဂဏန်းသည် အမှန်တကယ် အဖမ်းခံခဲ့ရသည့် တရားမဝင် အလုပ်သမား အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) တို့ ယခုလ အစောပိုင်းက ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင်လည်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဖော်ပြထားသည်။

ထိုကြေညာချက်ကို ကုလသမဂ္ဂက ၁၄ ပိုင်းခွဲကာ ကျင်းပခဲ့သည့် လူ့အခွင့်အရေး အစည်းအဝေး၏ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် HRW နှင့် HRDF တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမ္မဂ္ဂမှ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေးဌာနက ထိုင်းအစိုးရထံသို့ ယမန်နှစ်နှင့် ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ အရေးတကြီး အသိပေးစာ ၄ စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄ စောင်မှာ (၁) လာအိုများကို နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ (၂) ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ (၃) ရိုဟင်ဂျာများအပေါ် ဆိုးရွားစွာ ဆက်ဆံမှုနှင့် ပတ်သက်၍ (၄) ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်တွင် ဒဏ်ရာ ရရှိသည့်အခါ ရည်ရွယ်ချက်ရှိရှိဖြင့် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတိပေးချက်များအပေါ် ဘန်ကောက်အစိုးရက ပထမကိစ္စနှင့် တတိယကိစ္စ အပေါ်တွင်သာ ပြန်ကြားခဲ့သည်။

၂ဝဝ၃ ခုနှစ်ကတည်းက ထိုင်းနှင့် မြန်မာ သဘောတူညီခဲ့ပြီး ပြီးခဲ့သည့်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံသား စီစစ်ရေး မူဝါဒသည် တရားမဝင်သော ရွှေ့ပြောင်းနေထိုင်မှုများကို ကိုင်တွယ်ရန်အတွက်ဆိုသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဟု HRW နှင့် HRDF ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည့်အစား အစုလိုက်အပြုံလိုက် နှင်ထုတ်မည့် အရိပ်အယောင်များမှာ သိသာစွာ ပေါ်လွင်နေပြီး မှတ်ပုံတင်နိုင်မည့် အလုပ်သမားများအတွက်သာ အစီအစဉ်များက အဆင်ပြေပေလိမ့်မည်။ တရားဥပဒေနှင့် မညီညွတ်သော ပွဲစားများအတွက်လည်း ပွဲခ မတန်တဆရမည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေး ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များကို ထောက်ခံပြီး ထိုင်းနိုင်ငံမှ နိုင်ငံသားစီစစ်ရေးမူဝါဒ အကောင်အထည် ဖော်နေခြင်းအပေါ် ဆက်လက်စောင့်ကြည့်ရန် တောင်းဆိုပါသည်” ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။

HRW က ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို မြှင့်တင်ကာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့်ညီသော ကတိကဝတ်များကို လိုက်နာစောင့်ထိန်းလာစေရန် အပြုသဘောဆောင်သော အကူအညီများ ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ အကူအညီပေးမှုကို လေးနက်စွာ ထောက်ခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်မှုကိုလည်း ထောက်ခံထားသည်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

မြန်မာလုပ်သားများအတွက် ဂျပန်အလုပ်သင် ခံစားခွင့်စနစ်များ ပြောင်းလဲသတ်မှတ်

ရဲလင်းထွဋ် အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉)

ဂျပန်နိုင်ငံသို့ လက်တွေ့လေ့ကျင့်ရေး သင်တန်းသားနှင့် နည်းပညာလေ့ကျင့် ရေးသင်တန်းသား လုပ်သားဖြင့် သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာ လုပ်သားများအတွက် ခံစားခွင့်စနစ်များကို Japan International Training Corporation Organization (JITCO) က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအသိုင်းအ၀ိုင်းမှ သိရသည်။

အဆိုပါပြောင်းလဲမှုအရ ယခင်က သင်တန်းသားအဖြစ် ခေါ်ယူသော လုပ်သားများမှာ ပထမနှစ်အတွင်း တစ်လလျှင် ယန်းငွေ ၇၀,၀၀၀ ခံစား ခွင့်အဖြစ်ရရှိသော်လည်း ယခုအခါ နှစ်လသာ သင်တန်းကာလအဖြစ် နေထိုင်ရမည်ဖြစ်ပြီး အဆိုပါကာလနောက် ပိုင်းတွင် ယန်းတစ်သိန်းထက်ကျော်လွန်သော ငွေကြေးကို အရည်အသွေးပေါ်မူတည်ကာ ခံစားရရှိနိုင်တော့မည် ဖြစ်ကြောင်း မိုးယံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ထင်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ယခု ပြောင်းလဲသတ်မှတ်လိုက်သော ခံစားခွင့် နည်းစနစ်အသစ်များကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး မြန်မာလုပ်သားများကို ထုတ်လုပ်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လက်ခံခေါ်ယူမည်ဖြစ်ကြောင်း JITCO အစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။

SHWE ZABU DEIK SERVICES မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်း နိုင်ကလည်း "ဂျပန်မှာ လုပ်အားခတွေကို နယ်မြေဒေသအလိုက် သတ်မှတ်ထားတာတွေ ရှိတယ်။ ဘယ်မှာဆို အနိမ့်ဆုံး လစာဘယ်လောက်ပေးရ မယ်ဆိုပြီးတော့ပေါ့။ ဒါကြောင့် နောက်ကို မြန်မာ လုပ်သားတွေက သုံးလ နောက်ပိုင်းကစပြီး အရင်ကထက် လစာ ပိုရရှိခံစားရမှာပါ"ဟု ပြောသည်။

ယခင်နှစ်များက သင်တန်းသား လုပ်သားအဖြစ် လုပ်ကိုင်ခွင့်ရသူများသည် ပထမနှစ်တွင် စာတွေ့လက်တွေ့ လေ့လာမှုများပြုလုပ် ရပြီး အလုပ်သမားဥပဒေအရ လစာခံစားခွင့်မရှိသဖြင့် ထောက်ပံ့ကြေးသာ ခံစားခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဒုတိယနှစ်နှင့် တတိယ နှစ်များတွင် ဂျပန်အစိုးရ၏ ဥပဒေ သတ်မှတ်ချက်များအတိုင်း လစာနှင့်ခံစားခွင့်များ ပြောင်းလဲ သွားသည့်အတွက် လုပ်ခများ တိုးမြှင့်ရရှိခဲ့သော်လည်း ယခုအခါ ပထမနှစ်တွင်ပင် ရရှိတော့မည်ဖြစ်သည်။

မြန်မာအလုပ်သင် သင်တန်းသားလုပ်သားများသည် ဒုတိယနှစ်နှင့် တတိယနှစ်များသို့ ရောက်သောအခါတွင် ဂျပန်အလုပ်သမား ၀န်ကြီးဌာန အောက်သို့ လွှဲပြောင်းရောက်ရှိသွား ခြင်းဖြစ်ကြောင်း သိရသည်။

"ဒုတိယနှစ်မှာ ခုနကစာမေးပွဲ ဖြေပြီး အောင်တဲ့အခါ လက်တွေ့ကျောင်းသား ဖြစ်သွားတဲ့အခါကျတော့ ၀င်ငွေက သက်ဆိုင်ရာ ဒေသ မှာ ရှိတဲ့ ဥပမာ ဟီရိုရှီးမားခရိုင်မှာ လူတစ်ယောက်ရဲ့ တစ်နှစ်လုံးလစာဟာ တစ်နာရီ ယန်း ၆၄၀ ရှိရမယ်ဆိုရင် အဲဒီ ၆၄၀ ပေးရ တယ်။ ၆၄၀ ကို ရှစ်နဲ့မြှောက်ပြီးရင် ၂၆ နဲ့ မြှောက်ကြည့်လိုက်၊ နောက်ပြီးတော့ အိုဗာတိုင်တွေရှိမယ်။ များသောအားဖြင့် ယန်း ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ရှိ မယ်"ဟု Brilliant Crusader Business Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဆွေက မြန်မာတိုင်း(မ်) ကို ပြောကြားသည်။

ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား လက်တွေ့လေ့ကျင့်ရေးသင်တန်းသားနှင့် နည်းပညာ လေ့ကျင့်ရေး သင်တန်း သားများအတွက် လေ့ကျင့်ရေးစနစ်သည် ဂျပန်နိုင်ငံ နည်းပညာများကို တိုးတက်ကောင်းမွန်စေရန် သင်ကြားပေးခြင်းဖြစ်ပြီး နည်း ပညာ၊ အတတ်ပညာများကို ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နည်းပညာပြန့်ပွားရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP