Thursday, 25 February 2010

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် နယ်စပ်မြို့တမြို့ ထပ်တိုး

ဝီရ/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ ခေတ်ပြိုင်

လုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာစေရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် နှစ်ဖက်နိုင်ငံမှ အာဏာပိုင်တို့က စီစဉ်နေကြောင်း မြန်မာဘက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ ဝန်ထမ်းတဦးက ပြောသည်။ ၎င်းက “မနက်ဖြန် (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့ လကုန်တဲ့အထိ ရှေ့ဆက်မယ့်လုပ်ငန်းအတွက် ဆွေးနွေးကြတယ်။ အဲဒါမှာ ဘန်ကောက်မြို့နဲ့ အနီးဆုံးနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာလည်း ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးဖို့ အခု စီစဉ်နေပါတယ်။ နောက်လမှာ စဖို့ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘန်ကောက်မြို့မှ ကီလိုမီတာ (၃၀၀) နီးပါးသာ ကွာဝေးသော ဘုရားသုံးဆူမြို့တွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ရုံးဖွင့်လှစ်ပေးပါက အလုပ်သမားများအတွက် ခရီးကြန့်ကြာမှု လျော့ကျသွားကာ လုပ်ငန်းစဉ်ကိုလည်း ပိုမို မြန်ဆန်လာစေကြောင်း လဝက ဝန်ထမ်းက ဆက်လက်ပြောကြားသည်။
နှစ်ဖက်နိုင်ငံမှ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ဘုရားသုံးဆူမြို့တွင် မြန်မာရဲ၊ စစ်တပ်၊ စရဖနှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တို့၏ ဂိတ်ပေါက်ငယ်များမှတဆင့် ဖြတ်သန်းသွားလာနိုင်သည်။
ဘုရားသုံးဆူမြို့၌ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် စီစဉ်နေကြောင်း နယ်စပ်မှ မွန်ပြည်သစ်ပါတီ အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ဘန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ သိန်းချီသော မြန်မာအလုပ်သမားများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။
“ရေလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ မဟာချိုင်နဲ့ ဘန်ကောက်တဝိုက်က မြန်မာအလုပ်သမားတွေအတွက် မြဝတီနဲ့ ကော့သောင်းထက်စာရင် ဒီဘုရားသုံးဆူမှာ လာလုပ်လို့ရရင် ခရီးသိပ်မကြာဘူး၊ ပိုမြန်လာမယ်ဆိုပြီး ဘုရားသုံးဆူနယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့နဲ့ နှစ်ဖက် အာဏာပိုင်တွေက ဆွေးနွေးပြီးတော့ ဒီနယ်စပ်မြို့မှာလည်း ဖွင့်ဖို့ဖြစ်လာတာ” ဟု ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသည် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ရှိ ဘုရားသုံးဆူမြို့ကို ထက်ဝက်ပိုင်းခြားထားကာ တဖက်တွင် မြန်မာနိုင်ငံပိုင်နက်ဖြစ်ပြီး တဖက်တွင် ထိုင်းနိုင်ငံပိုင်နက်ဖြစ်သည်။
လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးရာ ရုံးများကို ကော့သောင်းမြို့၊ မြဝတီမြို့နှင့် တာချီလိတ်မြို့တို့တွင် မြန်မာဘက်က ဖွင့်လှစ်ထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်ရှိသူ မြန်မာနိုင်ငံသား (၁) သန်းကျော်တွင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်ထားသူပေါင်း (၄) သောင်းကျော်သာ ရှိသေးပြီး ၎င်းတို့အနက် အုပ်စု (၂) စုခွဲကာ ၂၀၁၀ ခုနှစ်အတွင်း ပထမ (၆) သိန်း၊ နောက်နှစ်တွင် ဒုတိယ (၆) သိန်းကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသွားရန် လွန်ခဲ့သည့် သီတင်းပတ်က ပုဂံမြို့တွင် နှစ်ဖက် အလုပ်သမားဝန်ကြီး ကိုယ်စားလှယ်တို့က ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
၂၀၀၉ ခု ဇူလိုင် (၁၅) ရက်နေ့က စတင်ထုတ်ပေးခဲ့သည့် ယာယီ နိုင်ငံကူးလက်မှတ်သည် မြန်မာဘက်၌ ကျပ်ငွေ (၃) ထောင်၊ ထိုင်းဘက်၌ ဘတ်ငွေ (၅၀၀) ကုန်ကျကာ စာအုပ်သက်တမ်း (၃) နှစ်ရှိသည်ဟု မြန်မာအာဏာပိုင်တို့က ကြေညာထား သော်လည်း နယ်စပ်သို့သွားရောက်ရန် လမ်းခရီးစရိတ်သည် ထိုင်းဘတ်ငွေ (၈,၀၀၀) မှ (၁၀,၀၀၀) အထိ ထပ်မံကုန်ကျမည် ဖြစ်သည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမားများ တွန့်ဆုတ်ရခြင်း အကြောင်းအရင်းများအနက် စစ်အစိုးရ အာဏာပိုင်တို့ကို ယုံကြည်မှုမရှိခြင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များကို တိကျစွာ ပေးထားရခြင်း၊ လုံခြုံရေးအတွက် စိုးရိမ်ရခြင်း၊ နောက်ဆက်တွဲ အခွန်ကောက်ခံမည်ကို စိုးရိမ်နေခြင်းနှင့် တရားဥပဒေပိုင်းဆိုင်ရာ နားလည်မှု မရှိခြင်းတို့က အဓိကကျနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

ထိုင်းအလုပ်သမားတွေ အခွင့်အရေးဆုံးရှုံး

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2010 - 16:35 GMT  BBC
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူအဖွဲ HRW ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ်ဘောဒီးယား၊ လာအို နိုင်ငံတို့ကနေ လာရောက်တဲ့ ရွှေပြောင်းအလုပ်သမား ဆယ့်နှစ်သိန်းကျော်ရှိရာမှာ ဆယ်သိန်းလောက်က မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပါတယ်။
မြန်မာအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားတွေဟာ ရဲနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ လူသတ်တာတွေစတဲ့ နည်းမျိုးစုံနဲ့ မတရားပြုမူတာတွေကို ခံနေရတယ်လို့ HRW ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥပဒေမဲ့ မတရားပြုမူတာတွေကို ဖော်ထုတ်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းသင့်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ထိုင်းနိုင်ငံ ဖန်းင၊ ဖူးခက်၊ ရနောင်း၊ ရီရောင်း၊ ဆူရတ်သနီ ခရိုင်တွေက ထုတ်ပြန်ထားတဲ့ အမိန့်တချို့ဟာလည်း အလုပ်သမားအခွှင့်အရေး တွေကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ မိုဘိုင်းတယ်လီဖုန်းမကိုင်ရ၊ မော်တော်ဆိုင်ကယ်မစီးရ၊ ကားမမောင်းရ၊ ငါးယောက်ထက်ပိုမစုဝေးရ ဆိုတဲ့ အမိန့်တွေဟာ အလုပ်သမား အခွင့်အရေးသာမက လူ့အခွင့်အရေးကိုပါ ချိုးဖောက်နေတယ်လို့ရေးသားထားပါတယ်။

အလုပ်သမားတွေ အနေနဲ့ ကိုယ့်အခွှင့်အရေးကိုယ်ကာကွယ်ဖို့အတွက် အလုပ်သမားသမဂ္ဂတွေ လွှတ်လွှတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးဖို့လည်း အစီရင်ခံစာမှာ အကြံပြုတင်ပြထားပါတယ်။
အပြည့်အစုံသို့ >>

မဲဆောက့် မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် စာရင်းပေး

သူရိန်စိုး ၂၃ ဖေဖော်ဝါရီ ၂၀၁၀ DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမား အများအပြား ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ စာရင်းပေးနေကြပါ တယ်။ မဲဆောက်ဈေးထဲနဲ့ မြန်မာတွေအနေများတဲ့ ရပ်ကွက်တွေက နေထိုင်ခွင့် လက်မှတ်မရှိတဲ့ အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေ မနေ့က ၀င်ရောက်ဖမ်း ဆီးလိုက်ပြီးနောက် ဒီနေ့မနက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ်မှာ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ဖို့ စာရင်းပေးတဲ့ အလုပ်သမားတွေနဲ့ ပြည့်ကျပ်သွားတယ်လို့ တွေ့ခဲ့သူတဦးက ပြောပါတယ်။
“တံတားထိပ်မှာ စာရင်းလာပေးတဲ့လူတွေအများကြီး ပြည့်ကျပ်နေတာပဲ၊ အဖွဲ့လိုက်အဖွဲ့လိုက်။ တဖွဲ့ကို ၅၀။ ၆၀။ ရင်ဘတ်မှာ ဆေးရုံကတ်ပြားလေးတွေ ဆွဲ ထားပြီးတော့ နောက်ထပ် အလုပ်ရုံတွေကနေ လာတဲ့လူတွေကလာ သွားတဲ့လူတွေ ကသွားနဲ့ အများကြီးပဲ” လာမယ့် ၂၈ ရက်နေ့ကို မြန်မာအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ နောက်ဆုံးရက်သတ်မှတ်ထားပြီး တဖက်မှာလည်း ဖမ်းဆီးမှုတွေ များလာတာကြောင့် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ စာရင်းပေးသူတွေ များလာ တာပါ။ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညွီတ်ရေးအဖွဲ့ တာဝန်ခံ ဦးသံဒုတ်ကတော့ အစက အလုပ်သမားတွေ နိုင်ငံကူးလက်မှတ်မလုပ်ကြတာဟာ ပိုက်ဆံအခက်အခဲနဲ့ အလုပ်ရှင်တွေကိုယ်တိုင်က နိုင်ငံကူးလက်မှတ်လုပ် ရမယ့် ကိစ္စမှာ တက်တက်ကြွကြွမရှိတာကြောင့်လို့ သုံးသပ်ပါတယ်၊ “ထိုင်းအစိုးရအနေနဲ့ ခုထိတော့ ပေါ်လစီပြောင်းမပေးတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီတော့ ၂၈ ရက်နောက်ပိုင်းမှာ အလုပ်သမားအားလုံးက ယာယီပတ်စ်ပို့ လုပ်ရမယ်ဆိုတော့ တော်တော်များများမှာက ငွေကြေးမရှိတဲ့အတွက် လုပ်ဖို့ ခက်ခဲ တာရယ်၊ “နောက်တခုက လုပ်ငန်းရှင်တွေကိုယ်တိုင်က အလုပ်သမားတွေကို ပတ်စ်ပို့ လုပ်ပေးဖို့ တက်တက်ကြွကြွနဲ့ တိုက်တွန်းခြင်း မရှိတာပဲ၊ လုပ်ငန်းရှင်တွေက ဦး ဆောင်ပြီး လုပ်ပြရမှာ၊ “ ဒီ ၂၈ ရက်နောက်ပိုင်းမှာဆို အလုပ်သမားတွေ ပိုပြီးအခက် အခဲတွေ့မယ်၊ ဖမ်းတာဆီးတာတွေကို ရင်ဆိုင်ရမယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေ ပိုကြုံတွေ့ လာရမယ်၊ မြန်မာအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်လုပ်တဲ့အရေးမှာ ကြန့်ကြာနေတဲ့ နောက်တချက်ကတော့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို မြန်မာအာဏာပိုင်တွေဆီကို ပေးရတဲ့ကိစ္စပါ။ လုပ်ငန်းရှင်က ဦးဆောင်ပြီး အလုပ်သမားတွေအတွက် ပတ်စ်ပို့လုပ်မယ့် လျှောက်လွှာပုံစံဖြည့်ပြီး အလုပ်သမားရှာဖွေရေးရုံးကို သွားပြီးဆောင်ရွက်ပေး အောင် အလုပ်ရှင်တွေကို အလုပ်သမားတွေက တိုက်တွန်းသင့်တယ်လို့ ဦးသံဒုတ် က အကြံပြုတိုက်တွန်းပါတယ်၊ “ အဲဒီလိုမှ ဖောင်မဖြည့်ဘူးဆိုရင် အလုပ်သမားတွေအနေနဲ့ သက်တမ်းကုန် ဆုံးသွားပြီး တရားမ၀င်အလုပ်သမားတွေ ဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောတွေ ကျနော်တို့သိရှိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေကိုတိုက်တွန်းပါ၊ လုပ်ငန်း ရှင်တွေက လုပ်မပေးဘူးဆိုရင် အလုပ်သမားရှာဖွေရေးဌာနကို သွားပြီးတော့ လုပ်ငန်းရှင်က လုပ်မပေးတဲ့အကြောင်းကို တရားဝင် အသိပေးအကြောင်း ကြားသင့်တယ်၊ ထိုင်းအစိုးရအနေနဲ့လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ပြေလည် စေချင်တယ်ဆိုရင် အလုပ်သမားရေးရာကျွမ်းကျင်သူတွေ။ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ။ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသင့်တယ်လို့လည်း ဦးသံဒုတ်က ပြောပါတယ်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်

23 February 2010 VOA

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ဖို့ ကန့်သတ်ရက် နီးလာနေတဲ့ အချိန်မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်ရက် တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်တဲ့အပြင် ဒီရွှေ့ပြောင်းအလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အပေါ်မှာလည်း မီးမောင်းထိုး ပြသခဲ့ပါတယ်။
 
ဒီအကြောင်းနဲ့ ပတ်သက်လို့ Human Rights Watch အဖွဲ့က တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျားရဲတွင်းဆီက မိကျောင်းတွင်းဆီသို့ (From the Tiger to the Crocodile) လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် ဒီအလုပ်သမားတွေက တွင်တွင်ကျယ်ကျယ် ပံ့ပိုးပေးနေပေမဲ့ ဒီအလုပ်သမားတွေကို ကန့်သတ်မှုတွေ ပါဝင်တဲ့ နိုင်ငံသား စိစစ်ရေး လုပ်ခိုင်းပြီး ဒီစိစစ်ရေးလုပ်ငန်းမှာ မပါဝင်သူတွေကို ဒီလကုန်မှာ နောက်ဆုံးထားပြီး ပြန်ပို့ဖို့အတွက် ထိုင်းအစိုးရက စီစဉ်နေတာမို့ ဒါဟာ ဆိုးသထက်ဆိုးအောင် လုပ်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ အစီရင်ခံစာ ရေးသားတင်သွင်းတဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်ဆန် (Philip Robertson) က ပြောပါတယ်။
“ထိုင်းစကားပုံတခု ရှိပါတယ်။ သေဘေးရင်ဆိုင်နေရသူ သေဘေးက လွတ်အောင် ပြေးကာမှ ပိုဆိုးတဲ့ အနေအထားကို ရောက်သွားတာပါ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ်ပါ။ ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေက ဒီလိုအဖြစ်မျိုးလို့ ကျနော်တို့ ယုံကြည်ပါတယ်။”
ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံကို ခံနေကြရပေမဲ့ ဒီပြစ်မှု ကျူးလွန်နေသူတွေကိုတော့ အရေးယူတာမျိုး သိပ်ကိုရှားပါးတယ်လို့လည်း ပြောပါတယ်။
“ထိုင်းနိုင်ငံရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ဘေးမဲ့ပေးထားတာတွေ၊ အရေးမယူတာတွေ တွေ့ရပါတယ်။ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက လာပြီး အလုပ်လုပ်နေသူတွေရဲ့ အမှုတွေကို လေ့လာကြည့်တဲ့အခါမှာ အရပ်ထဲမှာ သူတို့ နေထိုင်နိုင်ရေးက သိပ်မလွယ်တာကို တွေ့ရပါတယ်။ သူတို့ကို ခြောက်လှန့်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ငွေညှစ်တာတွေ တော်တော်များများ ခံနေကြရပေမဲ့ ဒီလိုကျူးလွန်တဲ့ သူတွေကို အရေးယူတာမျိုးကလည်း သိပ်မရှိပါဘူး။”
ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေသူတွေထဲက လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေအတွက် သူတို့နိုင်ငံက တာဝန်ရှိသူတွေ လာရောက် စိစစ် ဆောင်ရွက်ပေးပေမဲ့ မြန်မာနိုင်ငံသားတွေ အတွက်တော့ နိုင်ငံသား စိစစ်ရေး လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံကို ပြန်ရတာမို့ သူတို့အတွက် အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီလို ပြန်ပြီးပို့ခဲ့ရင် လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံနဲ့ ကြုံရနိုင်တယ်လို့လည်း ဆိုပါတယ်။
“ဒီနိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ကို နားလည်အောင် ရှင်းပြပေးတာမျိုး သိပ်မရှိပါဘူး။ သူတို့ဘက်ကကြည့်ရင် ထိုင်းအစိုးရရဲ့ အစီအစဉ်က သိပ်ရှုပ်ထွေးပြီး စရိတ်စက သိပ်ကြီးပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ဆိုရင် နိုင်ငံသား စိစစ်ရေးက မြန်မာနိုင်ငံကို ပြန်လုပ်ဖို့ စီစဉ်ထားတာပါ။ ဒါဟာ ကောင်းတဲ့အစီအစဉ် မဟုတ်ပါဘူး။ ထိုင်းအစိုးရ အနေနဲ့ ဒီ့ထက်ကောင်းအောင် လုပ်နိုင်ပါတယ်။ ဒီ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို ရက်ပိုတိုးပေးဖို့ ထိုင်းအစိုးရကို အကြံပေးပါတယ်။ ဒါ့အပြင် နေရပ်ရင်းကို ပြန်မပို့ဖို့လည်း လိုပါတယ်။”
အာဆီယံအနေနဲ့ ထိုင်းအစိုးရဘက်က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့ အဓိက တာဝန်ယူသင့်တယ်လို့လည်း မစ္စတာ ရောဘတ်ဆန်က ပြောပါတယ်။
“အာဆီယံဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့နဲ့ အခြေအနေတွေကို မြှင့်တင်ပေးဖို့ ကတိပြုပေးထားတာမို့ ဒီကိစ္စမှာ အာဆီယံက ပါဝင်ပတ်သက်ဖို့ ကျနော်တို့က တောင်းဆိုပါတယ်။ ထိုင်းနိုင်ငံက အာဆီယံ ပဋိညာဉ်စာတမ်းကို လိုက်နာစေဖို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ထိုင်းအစိုးရက အကာအကွယ် ပေးလာအောင် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ယူ ဆောင်ရွက်ရမှာပါ။”
Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ ဖိလစ် ရောဘတ်ဆန် ပြောပြသွားတာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Tuesday, 23 February 2010

အလုပ်သမားများ ထိုင်းတွင် နှိပ်စက်ခံရမှု HRW ဖွင့်ချ

Tuesday, 23 February 2010 19:04 ဘစောတင် ဧရာဝတီ

ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများသည် ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ပြုမူမှုများ ခံနေရသဖြင့် ထိုမတရားမှုများ အဆုံးသတ် ရေးအတွက် ထိုင်းအစိုးရက အမြန်ဆုံး ဆောင်ရွက် သင့်သည်ဟု လူ့အခွင့်အရေး အဖွဲ့ကြီးတခုက တနင်္လာနေ့တွင် အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။
သန်းနှင့်ချီသော အလုပ်သမားများသည် လာမည့် တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး  နိုင်ငံသား စိစစ်ရေး အစီအစဉ်တွင် ပါဝင်ခြင်း မပြုပါက ဖမ်းဆီးပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခံရဖွယ် ရှိသဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများ ပိုမို တိုးပွားလာနိုင်သည်ဟု Human Rights Watch (HRW) အဖွဲ့ကြီးက ထုတ်ဝေသည့် From the Tiger to the Crocodile အမည်ရှိ အစီရင်ခံစာက ဆိုသည်။

စာမျက်နှာ ၁၂၄ မျက်နှာ ပါဝင်သည့် အစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့မှ အလုပ်သမား များနှင့် တွေ့ဆုံ မေးမြန်းမှု ၈၂ ခုကို အခြေခံပြီး ပြုစုထားခြင်းဖြစ်သည်ဟု သိရသည်။

အစီရင်ခံစာတွင် အာဏာပိုင်များ၊ ပွဲစားများ၊ အလုပ်ရှင်များက နည်းမျိုးစုံဖြင့် လူ့ အခွင့်အရေး ချိုးဖောက် နေကြပုံကို အချက်အလက်များ၊ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊ အတင်း အဓမ္မ အလုပ်စေခိုင်းမှု၊ လူမှောင်ခိုကူးမှု တို့ကို အလုပ်သမားများ ခံနေရကြောင်း ရေးသားထားသည်။

မဲဆောက်မြို့ တွင် ထိုင်းရဲကို သတင်းပေးသူအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုစောထူးက “လမ်းဘေးမှာ အသတ် ခံရလို့ သေနေတဲ့သူတွေ အများကြီး တွေ့ ဖူးတယ်။ သေနတ်သံ ကြားရင် ရဲတွေလာမယ် မထင်နဲ့ ။ နောက်မှ လာပြီး စစ်တာ၊ ဆေးတာ၊ သတင်းပို့ တာ လုပ်လိမ့်မယ်။ ပြီးရင် သူတို့ လစ်သွားမှာပဲ” ဟု ပြောကြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ပိုင်း တရားမ၀င် အလုပ်သမားများကို  နေရပ်ရင်း ပြန်ပို့ရန် အစုလိုက် အပြုံလိုက် ဖမ်းဆီးသည့်အခါ နှိပ်စက်ညှဉ်းပန်းမှုများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်ကို HRW အဖွဲ့က သာမက တခြားသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့များကလည်း စိုးရိမ်နေကြသည်။

“မနေ့ က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောတယ်၊ သန်းနဲ့ ချီတဲ့လူတွေကို ချက်ချင်း ပြန်ပို့ ဖို့ တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီအစီအစဉ်ဟာ ထုတ်ပြန်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်းမှာ အကောင် အထည် ဖော်ဖို့  ရှိပါတယ်လို့  ဆိုတယ်” ဟု HRW အဖွဲ့မှ သုတေသီ Mr. Sunai Phasuk က ဧရာဝတီကို ပြောသည်။
အပြည့်အစုံသို့ >>

မဲဆောက်စက်ရုံမြင်ကွင်းစုံ (၃)

သီဟဟိန်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် မဇ္စျိမ 

ဘီဘီတော့ သိုးမွှေးစက်ရုံက အလုပ်သမားတိုက်ပွဲ
 မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဆိုရင် လူတိုင်းသိကြမှာပါ။ အဲဒီဆေးခန်းနဲ့ မနီးမဝေးလေးမှာ ယူကလစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ အဆောက်အဦးဟာ ကျနော်လုပ်ခဲ့တဲ့ သိုးမွှေးစက်ရုံပေါ့။ အလုပ်သမားတွေကတော့ ဘတ် ၁ဝဝ စက်ရုံလို့ ခေါ်ကြပါတယ်။ စက်ရုံရဲ့ အမည်ကတော့ အင်္ဂလိပ်လို B.B.Top သိုးမွှေးစက်ရုံ ဖြစ်ပါတယ်။စက်ရုံစဖွင့်တာ ၁၉၉၇ ခုနှစ်လောက်ကပါ။ သူဋ္ဌေးတွေ တယောက်ပြီးတယောက် ပြောင်းပြီး လုပ်ကိုင်လာကြရာ ကျနော်တို့ အလုပ်လုပ်တဲ့ အချိန်မှာတော့ သူဋ္ဌေးက နိုင်ငံခြားသား တရုတ်တယောက်ပါ။ သူ့အမျိုးသမီးကတော့ ထိုင်းနိုင်ငံသူပါ။ စက်ရုံမန်နေဂျာက မြန်မာစကား ရေရေလည်လည်တတ်တဲ့ ထိုင်းလူမျိုးပါ။ ထိုင်းလူမျိုး မန်နေဂျာရဲ့ အောက်မှာမှ လူမှုရေးမန်နေဂျာဆိုပြီး မြန်မာတယောက် ခန့်ထားပါတယ်။ စက်ဆွဲတဲ့ဘက်မှာလည်း လိုင်းချုပ်ဆိုတာ အကြီးဆုံးပါ။ ဝဏ္ဏလို့လည်း ခေါ်ပါတယ်။ သူလည်း ထိုင်းစကားတတ်တဲ့ မြန်မာလူမျိုးပါပဲ။ ဆွဲတဲ့ အထည်တွေကို သူက တာဝန်ခံရပါတယ်။  သူ့အောက်မှာမှ စက်ပြင်ဆရာ ၄-၅ ယောက်လောက် ရှိပါတယ်။ ကျန်တဲ့ ဋ္ဌာနတွေမှာလည်း သူ့အပိုင်းနဲ့သူ ဆရာတွေ၊ ဆရာမတွေ ရှိပါတယ်။ စက်ရုံလုံခြုံရေး (ထိုင်းလို-ယန်း) တွေကတော့ မြန်မာလူမျိုး နှစ်ယောက်ကိုပဲ ခန့်ထားပါတယ်။ ယန်းဝတ်စုံဝတ်တာ မတွေ့ပါဘူး။ စက်ရုံဆန္ဒပြတဲ့ အချိန်မှသာ ယူနီဖောင်းနဲ့ ယန်းတယောက် ငှားထားတာ တွေ့ရပါတယ်။
အလုပ်သမား ၃ဝဝ ကျော်၊ ၄ဝဝ လောက် ရှိပါတယ်။ ယောက်ျားလေး မိန်းကလေးအစုံပါပဲ။ မိန်းကလေးက ပိုများပါတယ်။ မနက် ၈ နာရီကနေ ည ၁ဝ နာရီထိ ပုံမှန်အလုပ်ဆင်းရပါတယ်။ (နေ့လည် ၁၂ နာရီကနေ ၁ နာရီ၊ ညနေ ၅ နာရီကနေ ၆ နာရီထိ ထမင်းစားချိန်) အလုပ်အရေးကြီးရင် ကြီးသလို မိုးလင်းပေါက်လုပ်ရတာလည်း ရှိပါတယ်။ အချိန်ပိုကြေး မရပါဘူး။ အလုပ်မရှိတဲ့ အချိန်တွေမှာလည်း သူဋ္ဌေးက ထမင်းနဲ့ နေစရာပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြားစရိတ်တွေအတွက် အပြင်အလုပ် ထွက်လုပ်ကြရပါတယ်။ အလုပ်မရှိရင် ထမင်းပဲစားပေါ့။

ကျနော်တို့ စက်ရုံရဲ့ လစာထုတ်တဲ့ရက်က လစဉ် ၁ဝ ရက်နေ့ ဖြစ်ပါတယ်။ တခါတလေ အဲဒီနေ့ထက် ကျော်သွားတာမျိုးလည်း ရှိပါတယ်။ ဒါဇင် ပိတ်တာက လကုန်ရက်ဆို ပိတ်ပါတယ်။ ၃ဝ၊ ၃၁ ရက်ပေါ့။ ဒါဇင်ပိတ်တယ် ဆိုတာ လဆန်း ၁ ရက်နေ့ အလုပ်အသစ်စတဲ့ သဘောပေါ့။ အဲဒီအတွက် ကျနော်တို့ကို လုပ်အားခထုတ်ပေးတဲ့ အချိန်မှာ သူဋ္ဌေးဆီမှာ ကျနော်တို့လုပ်အားခ ၁ဝ ရက်စာ ကျန်နေသေးတဲ့ သဘောပါ။ သူဋ္ဌေးက ရက်ပေါင်ကြေး ယူတယ်လို့ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာဆို ရက်ပေါင်ကြေး ၁၅ ရက်စာလောက်တောင် ယူတယ်လို့ သိရပါတယ်။

အဲဒီရက်ပေါင်ကြေးကို အလုပ်သမားအနေနဲ့ တခြားရုံပြောင်းချင်လို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်ပြန်လို့ပဲဖြစ်ဖြစ် သူဋ္ဌေးက ထုတ်ပေးလေ့ မရှိပါဘူး။ ဒါဇင်ပိတ်တဲ့ လကုန်ရက်ကျော်လို့ ၅ ရက်နေ့လောက်မှာ ကျနော်တို့လုပ်ထားတဲ့ အထည်တွေရဲ့ဈေးနှုန်းကို သူဋ္ဌေးက ကြေညာပါတယ်။ ဘယ်အထည်က ဘယ်ဈေးဆိုတာမျိုးပါ။ မဲဆောက်မှာ စက်ရုံတွေအများကြီးရှိနေတော့ သူဋ္ဌေးဈေးပြောတဲ့အချိန်မှာ ကျနော်တို့က အဲဒီအထည်တွေရဲ့ ဈေးကို သိနေပြီးသားပါ။ ဒါပေမဲ့ သူဋ္ဌေးက အမြဲတမ်း ဈေးကို နည်းနည်းပဲ ပေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေက အတင်းပြော၊ အတင်းတောင်းမှသာ နည်းနည်းလေး တိုးပေးပါတယ်။ ဥပမာ တခြားရုံမှာ တဒါဇင်ကို ဘတ် ၁၃ဝ လောက် ပေးတဲ့အထည်ကို သူဋ္ဌေးက ၁ဝဝ ပေးထားတယ်။ ကျနော်တို့ တိုးတောင်းလို့ ၁ဝ၅ ဘတ်လောက် ပေးတယ်။ အလုပ်သမားတွေ မကျေနပ်ကြပါဘူး။ မကျေနပ်ပေမယ့်လည်း လုပ်နေကြရတာပါပဲ။

နောက် ကျနော်တို့စက်ရုံမှာ လူ ၃ဝဝ၊ ၄ဝဝ လောက် ရှိတာကို အိမ်သာ ၆ လုံးပဲ ရှိပါတယ်။ ၆ လုံးထဲကမှ ၂ လုံးက ပျက်နေတယ်။ မနက်ဆိုရင် ယောက်ျား-မိန်းမ တန်းစီနေတာပဲ။  အဲဒါလည်း သူဋ္ဌေးက ပြင်မပေးဘူး။ နောက်တခုက ရေ။ ရေဆိုလည်း ဒီလိုပဲ၊ မနက်အိပ်ယာထရင် မျက်နှာသစ်စရာ မရှိဘူး။ ရေ ဝဝလင်လင် မချိုးရဘူး။ အဲဒါလည်း သူဋ္ဌေးက လုပ်မပေးဘူး။ မနက် ၈ နာရီ အလုပ်ဝင်ဖို့ကို ၇ နာရီခွဲလောက်ကတည်းက ဘဲလ်တီးတယ်။ အလုပ်လွှတ်ချိန်ဆိုရင် ဘဲလ်တီးဖို့ မေ့တောင်နေတယ်။ အလုပ်ချိန်များများ လုပ်ရတဲ့ လတွေမှာလည်း ဒါဇင်ဈေး နည်းတော့ လုပ်ခ သိပ်မရကြပါဘူး။ ကျွမ်းကျင်တဲ့သူတွေ အလုပ်ကောင်းရင် ၃-၄ ထောင်လောက် ရပေမယ့် မကျွမ်းကျင်ရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်ပါပဲ။ ဟင်းဖိုးက လပေးစားတာတောင် တလ ဘတ် ၅ဝဝ ရှိတယ်။ နေ့တိုင်းဝယ်စားမယ်ဆိုရင် တနေ့ ၃ဝ လောက် ကုန်တယ်။

အဲဒီလိုပဲ ကျနော်တို့ အလုပ်သမားတွေ အလုပ်ရှိတဲ့အခါ လုပ်လိုက်၊ အလုပ်မရှိတဲ့အခါ ပြန်တဲ့သူပြန်၊ တခြား အလုပ် လုပ်သူလုပ်နဲ့ အလုပ်လုပ်လာခဲ့ကြတာ ၂ဝဝ၆ ခု အောက်တိုဘာလထဲမှာ ပြဿနာတက်တော့တာပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ စက်ရုံက ကောင်မလေးနှစ်ယောက် အလုပ်က ခွင့်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်နေဂျာ (ထိုင်းလူမျိုး) နဲ့ စကားများတယ်။ သူတို့က မြဝတီမှာ နေတာပါ။ ခဏခွင့်ပေးလိုက်ရင် ညနေ ဒါမှမဟုတ် နောက်တနေ့ဆို ပြန်လာကြမှာပါ။ နောက်ဆုံးတော့ ခွင့်မပေးနိုင်ဘူး၊ နင်တို့ပြန်မယ်ဆို အပြီးပြန်၊ ပြန်မလာနဲ့တော့ဆိုတော့ ကောင်မလေးနှစ်ယောက်လည်း ပြန်သွားကြတာပေါ့။

အဲလိုအပြန်မှာ မန်နေဂျာက နောက်ကနေ ကားနဲ့လိုက်သွားပြီး လမ်းမှာကားနဲ့တိုက်တယ်။ ကောင်မလေး နှစ်ယောက်လည်း ရှောင်ပေးလိုက်ပြီး လမ်းဘေးမှာရှိတဲ့ စပါးပင်တွေ တောထဲကို ထွက်ပြေးသွားတယ်။ စပါးခင်းတွေက လမ်းမကြီးနဲ့ ကျနော်တို့ စက်ရုံကြားထဲမှာပါ။ မန်နေဂျာလည်း ဒုတ်ယူပြီး ကားပေါ်ကနေ ဆင်းလိုက်သွားတယ်။ မိန်းကလေးနဲ့ ယောက်ျားဆိုတော့ မီတာပေါ့။ မီလည်းမီရော ပါလာတဲ့ဒုတ်နဲ့ ရိုက်တော့တာပေါ့။ အဲဒီမှာ ကျန်တဲ့ မိန်းကလေးတယောက်က အော်ပြီး အကူအညီတောင်းတဲ့ အသံကို တယောက်စကား တယောက်နား ကျနော်တို့ စက်ရုံထဲကလူတွေ သိသွားတယ်။ အဲဒီမှာတင်ပဲ စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ လူအားလုံး ရရာလက်နက်ဆွဲပြီး လယ်ကွင်းထဲကို ဆင်းတော့တာပဲ။

လူအုပ်ကြီး လိုက်လာမှန်းကို သိသွားတဲ့ မန်နေဂျာက လူပါး။ ကောင်မလေးတွေကို ရန်မလုပ်တော့ဘဲ လူအုပ်ဘက်ကို လှည့်ပြီး မင်းတို့ အေးအေးဆေးဆေး နေကြပါ၊ ဆရာ အကြောင်းစုံကို ရှင်းပြပါမယ်၊ ဆရာမှားတယ်ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး အလုပ်သမားတွေကို လေပြေထိုးပါတယ်။ မန်နေဂျာက သူ့ကိုယ်သူ ဆရာဆိုပြီး ပြောလေ့ရှိပါတယ်။ အလုပ်သမားတွေကလည်း သူ့ကို ဆရာလို့ပဲ ခေါ်ကြပါတယ်။ အဲဒီနောက် ကောင်မလေးနှစ်ယောက်ရော၊ မန်နေဂျာပါ လူအုပ်နဲ့အတူ စက်ရုံဝင်းထဲကို ရောက်လာကြပါပြီ။ လူအုပ်ကြီးကလည်း ရိုက်မယ်ပုတ်မယ် တကဲကဲနဲ့ပေါ့။ အဲဒီအထဲမှာ နည်းနည်းနားလည်တဲ့ သူတယောက်က ဘာမှမလုပ်ကြနဲ့၊ သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမယ်၊ အေးအေးဆေးဆေး ရှင်းကြပါဆိုပြီး တားတော့ လူအုပ်ကြီးကလည်း မကျေနပ်စွာနဲ့ ငြိမ်နေလိုက်ရတယ်။ ကောင်မလေးတွေကတော့ ဒဏ်ရာတွေနဲ့ပါ။ လူအုပ်ကြီး လိုက်မလာပါက အသက်ရှင်ဖွယ်မရှိကြောင်း ငိုငိုပြီး လူအုပ်ကြီးကို အားကိုးတကြီးနဲ့ တိုင်နေပါတော့တယ်။

သူဋ္ဌေးက ဒီကိစ္စကို ဘာမှဖြေရှင်းပေးတာ မရှိပါဘူး။ မန်နေဂျာနဲ့ဖြစ်တာ၊ သူနဲ့မဆိုင်ဘူးတဲ့လေ။ အလုပ်သမားတွေလည်း ဒေါသထွက်ပြီး အလုပ်မဆင်းကြတော့ဘူး။ အဲဒီမန်နေဂျာကို ထုတ်ပေးဖို့နဲ့ တခြား အလုပ်သမား အခွင့်အရေးတွေကိုပါ တောင်းဆိုလာကြတော့တယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုတယ်ဆိုတဲ့ နေရာမှာလည်း ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘီအီး ၂၅၄၁ လို့ ခေါ်တဲ့ အခွင့်အရေးအတိုင်း အပြည့်အဝ တောင်းဆိုတာ မဟုတ်ပါဘူး။ အထက်က ပြောခဲ့သလို အလုပ်ချိန် အရမ်းများရင် အချိန်ပိုကြေးပေးဖို့ (ဥပမာ - ည ၉ နာရီထက် ကျော်ရင်ပေါ့)။ ဒါဇင်ဈေးကိုလည်း သူများရုံတွေအတိုင်း ပေးဖို့၊ အိမ်သာပြင်ပေးဖို့နဲ့ ရေအလုံအလောက်ရဖို့၊ စတဲ့ အဓိက လိုအပ်ချက်လေးတွေလောက်ပဲ တောင်းတာပါ။ သူဋ္ဌေးက အလုပ်သမားထဲက လူတချို့ကို သူ့ရုံးခန်းထဲမှာခေါ်ပြီး ညှိနှိုင်းပါသေးတယ်။ ဒါပေမဲ့ သူလိုက်လျောတဲ့အချက်တွေက မဖြစ်စလောက်လေးတွေပါ။ အလုပ်သမားတွေက မကျေနပ်ကြပါဘူး။ အလုပ်မဆင်းဘဲ ဆက်ဆန္ဒပြကြပါတယ်။

သူဋ္ဌေးကလည်း အလုပ်သမားတွေ အလုပ်မဆင်းတော့ ပြန်ပြီး ညစ်ပတ်လာပြီ။ ထမင်းပေးနေရာကနေ ထမင်းမပေးတော့ဘူး။ သုံးရေသောက်ရေ အကုန်ဖြတ်တယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ဘာရမလဲ၊ ပိုက်ဆံစုပြီး ဆန်တွေ၊ ဆီတွေ ဝယ်တာပေါ့။ ဟင်းစားကတော့ စက်ရုံပတ်လည်မှာရှိတဲ့ မန်ကျည်းပင်တွေပေါ်က မန်ကျည်းရွက်ပေါ့။ လယ်ကန်သင်းတွေမှာလည်း ကန်စွန်းရွက်တွေ ရှိတယ်။ အဲဒါတွေခူးပြီး ချက်စားတာပေါ့။ စားလို့ကောင်းမှ ကောင်း။ အဲဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားသောက်နေတဲ့အချိန်မှာ သူဋ္ဌေးကတော့ အကြံနဲ့ပေါ့။ စက်တွေကို သူ့ရဲ့ တခြားစက်ရုံကို ပြောင်းရွှေ့နေပါပြီ။ စက်ရုံထဲမှာရှိတဲ့ သူဋ္ဌေးရဲ့ အလိုတော်ကျလူတွေနဲ့ပေါ့။ အဲလိုလူတွေလည်း ရှိပါတယ်။ ကျနော်တို့ အလုပ်သမားတွေဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပါတယ်။ စက်ရုံရဲ့ပစ္စည်း၊ သူဋ္ဌေးပိုင်တဲ့ဟာကို ဘာတခုမှ ပျက်စီးအောင် မလုပ်ကြပါဘူး။

တနေ့မှာတော့ ကျနော်တို့ အလုပ်သမားတွေ ထမင်းဟင်း ချက်နေတုန်း စက်ရုံထဲကို ပုလိပ်ကားနဲ့ ပုလိပ်တွေရော၊ အချုပ်ကားကြီးတွေရော၊ နောက်ပြီး ထိုင်းတံဆိပ်တွေတပ်ထားတဲ့ အဖွဲ့အစည်းက ကားတွေ ဝင်လာပါတယ်။ အလုပ်သမားတွေ အကုန်လုံးကိုခေါ်ပြီး စက်ရုံကွင်းပြင် နေပူထဲမှာ တန်းစီပြီး ထိုင်ခိုင်းထားပါတယ်။ ကျနော်တို့လည်း ဘုမသိဘမသိနဲ့ ထိုင်ရတာပေါ့။ ရဲတွေရဲ့ မျက်နှာတွေက ခက်ထန်မာကြောနေတာပဲ။ အားလုံးကတော့ တိုင်ပင်ထားတာပေါ့။ ဖမ်းမယ်ဆိုရင်လည်း တယောက်ယောက်ကိုဖမ်းရင် အကုန်လုံးကားပေါ်ကို တက်လိုက်ဖို့။ အားလုံးကလည်း သဘောတူကြပါတယ်။ အဲဒီအချိန်မှာ စကားပြောလို့လည်း မရဘူး။ ဖုန်းပြောလို့လည်း မရဘူး။ အလုပ်သမားတယောက် ဖုန်းပြောနေလို့ ဖုန်းကို သိမ်းလိုက်တယ်။ ကျနော်တို့ စက်ရုံပိုင်ရှင်သူဋ္ဌေးလည်း ရှိပါတယ်။

လာတဲ့အဖွဲ့ထဲက အမျိုးသမီးကြီးတယောက် ဆဝါဒီကန်ရုံး (အလုပ်သမားဝါဏိဇ္ဇပဋိပက္ခရုံး) ကလို့ ထင်ပါတယ်။ သူက မင်းတို့ ဘာဖြစ်လို့ အလုပ်မဆင်းကြတာလဲဆိုပြီး စကားပြန်နဲ့ မေးပါတယ်။ ကျနော်တို့ အလုပ်သမားတွေကလည်း ကျနော်တို့ အလုပ်ဆင်းမှာပါ။ သူဋ္ဌေးက ပေးမဆင်းတာပါလို့ ပြန်ဖြေကြတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးက စက်အားလုံးနီးပါး တခြားရုံကို ပြောင်းပြီးနေပါပြီ။ လုပ်စရာအလုပ်လည်း မရှိတော့ပါဘူး။ စက်ခန်းထဲကိုလည်း ပေးမဝင်တော့ပါဘူး။ အဲဒီလို အားလုံးက ဖြေလိုက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးကြီးက ဆက်မပြောဘဲ သူဋ္ဌေးနဲ့ ဘာတွေ ပြောမှန်းမသိပါဘူး။ စကားများနေတဲ့ပုံပါပဲ။

နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးကြီးကပဲ ဆက်ပြောပါတယ်။ မင်းတို့ အလုပ်သမားတွေ အားလုံးကို သူဋ္ဌေးက မယူတော့ဘူး။ စက်ရုံပိတ်လိုက်ပြီ။ အဲဒါ မင်းတို့ အလုပ်သမား လက်မှတ်တွေကို ၇ ရက်အတွင်း တခြား သူဋ္ဌေးရှာပြီး သက်တမ်းဆက်ပေါ့။ ၇ ရက်ပြည့်ရင်တော့ မင်းတို့လက်မှတ်တွေ (ဘတ်တွေ) သက်တမ်းကုန်ပြီ။ ဒီရုံထဲမှာလည်း နေလို့မရတော့ဘူး။ တခြားအလုပ်ရှာကြပါဆိုပြီး ပြောသွားပါတယ်။ အဲဒီအမျိုးသမီးကြီး ပြောပြီးတဲ့အချိန်မှာ ရဲတွေကလည်း မျက်နှာထားက စဝင်လာတုန်းကလို မဟုတ်တော့ပါဘူး။ ဘာဟင်းချက်လဲ၊ ဘာညာနဲ့ ဟင်းအိုးတွေ ဖွင့်ကြည့်ပြီး မင်းတို့ ထမင်းစားလို့ရပါပြီ။ ဘာမှမဟုတ်ပါဘူး။ ငါတို့ကိုခေါ်တာက အလုပ်သမားတွေ သောင်းကျန်းနေတယ်ဆိုပြီး ခေါ်လို့ အခုလို လာရတာပါ။ ဒီရောက်တော့ သူတို့သိထားသလို မဟုတ်တဲ့အတွက် အားနာပါတယ်၊ စိတ်မဆိုးပါနဲ့လို့တောင် ပြောသွားကြပါသေးတယ်။

ကျနော်တို့ စက်ရုံမှာက ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်) ရှိတဲ့သူ ရှိသလို၊ မရှိတဲ့သူတွေလည်း ရှိပါတယ်။ ဘတ်ရှိတဲ့ သူကိုတော့ သူဋ္ဌေးက တလကို ဘတ် ၄ဝဝ ဖြတ်ပါတယ်။ ဘတ်ဖိုးကျေတဲ့အထိ ဖြတ်တာပါ။ ဘတ်မရှိတဲ့ အလုပ်သမားတွေကိုတော့ (သူဋ္ဌေးက လုပ်မပေးတာပါ) တလကို ဘတ် ၁၅ဝ ဖြတ်ပါတယ်။ ရဲကြေးလို့ ပြောပါတယ်။ တချို့အလုပ်သမားတွေ ဘတ်သက်တမ်းဆက်ရန် တခြားစက်ရုံတွေမှာ အလုပ်သွားလျှောက်ကြပါတယ်။ ဘယ်စက်ရုံကမှ လက်မခံပါဘူး။ ကျနော်တို့သူဋ္ဌေးက စက်ရုံတွေကို သတင်းပို့ပြီးပါပြီ။ သူ့ဆီက အလုပ်သမားတွေ လာရင် လက်မခံဖို့။ သူဋ္ဌေးတွေကလည်း ညီညွတ်လိုက်ကြတာ။ B.B.Top က အလုပ်သမားဆိုရင် နိုးပဲ၊ အဲအချိန်မှာတော့။ ဒီလိုနဲ့ ၇ ရက်ကလည်း ပြည့်တော့မယ်။ ကျနော်တို့တွေလည်း စဉ်းစားရပြီပေါ့။ ဘာဆက်လုပ်ကြမယ်ဆိုတာကို။

တချို့အလုပ်သမားတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတဲ့အထဲ မပါနိုင်တော့ပါဘူး။ ရစရာရှိတဲ့ လုပ်ခလေးတွေထုတ်ပြီး ပြန်တဲ့သူလည်းပြန်၊ တခြားပြောင်းသူလည်း ပြောင်းကုန်ကြပါတယ်။ ဆက်လက် တိုက်ပွဲဝင်မယ့် အလုပ်သမား ၁ဝဝ ကျော်ပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (Y.C.O.W.A) ရဲ့ အကူအညီကြောင့် ကျနော်တို့ ဆန္ဒပြသူ လူ ၁ဝဝ ကျော်ရဲ့ စားဝတ်နေရေး ခဏတာ အဆင်ပြေသွားပါတယ်။ အဲဒီအဖွဲ့နဲ့ မက်ဖေါင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ပဲ ဆဝါဒီကန် ရုံးမှာ တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေ အသုတ်လိုက် ခွဲပြီး ဖောင်ဖြည့်တိုင်ကြားရပါတယ်။

အဲလိုဖောင်ဖြည့်ပြီး တိုင်တဲ့အချိန်ကြမှပဲ အလုပ်သမားယောက်ရဲ့ ရပိုင်ခွင့်တွေ သိပါတော့တယ်။ တာ့ခ်ရိုင် မဲဆောက်မှာဆို အဲဒီအချိန်တုန်းက အလုပ်သမားတယောက်ရဲ့ လုပ်အားခဟာ တနေ့အလုပ်ချိန် ၈ နာရီအတွက် ၁၄၃ ဘတ်ပါ။ အခုဆို ၁၅ဝ ကျော်သွားပါပြီ။ အချိန်ပိုလုပ်အားခကတော့ တနာရီကို ၂၅ ဘတ်လောက် ရှိပါတယ်။ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေ (ဥပမာ - ဘုရင့်မွေးနေ့လိုဟာမျိုး) မှာ အလုပ်ဆင်းရရင် လုပ်အားခရဲ့ ၃ ဆ ရ,ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီအတိုင်း ဖောင်ဖြည့်လိုက်ကြတာ တယောက်ကို လုပ်သက်နှစ်အလိုက် အနည်းဆုံး ဘတ် ၄ သောင်းလောက် ရ,ရမှာပါ။ နှစ်များတဲ့သူတွေကတော့ ဘတ်သိန်းဂဏန်း ရှိပါတယ်။ ဆဝါဒီကန်ရဲ့ အမိန့်ကို ၃-၄ လလောက် စောင့်ရပါသေးတယ်။ အချိန်တန်လို့ ဆဝါဒီကန်က အမိန့်ချတဲ့အခါမှာတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ သူဋ္ဌေးဆီက ရစရာ တပြားမှ မရှိပါဘူးတဲ့။ သူဋ္ဌေးအနေနဲ့ လျော်ပေးစရာ မလိုဘူးပေါ့။

ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဘယ်လိုအမိန့်ချတယ် ဆိုတာကိုတော့ ကျနော်တို့လည်း နားမလည်ပါဘူး။ ကျနော်တို့ စက်ရုံက ထွက်လာတုန်းက ကိုယ်ရစရာရှိတဲ့ လုပ်အားခကိုတောင် ထုတ်မလာကြပါဘူး။ လုပ်အားခ ထုတ်လိုက်ရင် အမှုတိုင်လို့ မရမှာစိုးကြလို့ပါ။

ကျနော်တို့ကို ကူညီပေးနေတဲ့အဖွဲ့က ဆဝါဒီကန်က အမိန့်ချတာကို မကျေနပ်ရင် တရားရုံးကို ဆက်တက်လို့ ရတယ်။ အဲဒီအတွက် ရှေ့နေငှားရမယ်။ ကျနော်တို့ကလည်း အမှုသာနိုင်မယ်ဆိုရင် ဘယ်အထိပဲ တက်ရတက်ရ၊ လုပ်မယ်ဆိုပြီး တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့အမှု တရားရုံးကို ရောက်သွားတယ် ဆိုပါတော့။ တရားရုံးချိန်းကိုတော့ အလုပ်သမားတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ၅ ဦးပဲတက်ရင် ရပါတယ်။ ကျန်တဲ့အလုပ်သမားတွေ မတက်လည်း ရပါတယ်။ အလုပ်ပျက်စရာ မလိုတော့ဘူးပေါ့။ နောက်မှ တရားရုံးရဲ့ အခြေအနေတွေကို ကိုယ်စားလှယ်တွေက ပြန်ရှင်းပြပေါ့။ တရားရုံးမှာ ဆဝါဒီကန်က ဝန်ထမ်းတွေလည်း တွေ့ရကြောင်း၊ ကျနော်တို့ဘက်က ရှေ့နေတွေရှိသလို သူဋ္ဌေးဘက်ကလည်း ရှေ့နေရှိကြောင်း၊ မြန်မာစကားပြန် ထားပေးကြောင်း ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တရားရုံး ဘယ်နှစ်ကြိမ်တက်လိုက်ရလဲတော့ အတိအကျ မသိတော့ပါဘူး။ နှစ်တွေလည်း ကြာခဲ့ပြီကိုး။ အခု ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာတော့ ကိုယ်စားလှယ်တွေကတဆင့် ဖုန်းနဲ့ဆက်သွယ်လာတယ်။ ကျနော်တို့အမှု လျော်ကြေးရပြီ။ ရောင်ခြည်ဦးကို ဘယ်နေ့ဘယ်အချိန် လာခဲ့ပါဆိုတော့ ဝမ်းသာလိုက်တာဗျာ.. ပြောမပြတတ်အောင်ပါပဲ။ အလုပ်သမားအချင်းချင်း လမ်းမှာတွေ့ရင်လည်း ဒီအကြောင်းပဲ ပြောပြောပြီး ပျော်နေကြတာ။

ကျနော်လည်း ပျော်လွန်းလို့ အဲဒီနေ့ အစောကြီးကိုသွားတာ။ ဟိုရောက်တော့ ကိုယ့်ထက်စောတဲ့ သူတွေတောင် ရှိနေတယ်။ တချိန်တုန်းက တရုံထဲ အတူတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့ ပျော်စရာကောင်းနေလိုက်တာ။ တချို့ဆို အိမ်ထောင်တွေကျလို့ ကလေးတွေ တို့လို့တွဲလောင်းနဲ့၊ တိုးပွားလာလိုက်ကြတာ။ တချို့ဆို ကလေးနှစ်ယောက်။ အလုပ်သမား ၁ဝဝ ကျော်ရှိတာ အကုန်မလာနိုင်ကြပါဘူး။ ဘန်ကောက်သွားတဲ့သူ၊ မြန်မာပြည်ပြန်တဲ့သူတွေလည်း ရှိပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ မက် (MAP) ဖောင်ဒေးရှင်းက ကားနဲ့ ရောက်လာကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေကိုစုပြီး စကားပြောပါတယ်။ ကျနော်တို့ အမှု လျော်ကြေးငွေ ရပြီဖြစ်ကြောင်း၊ ဘယ်လောက်ရတယ်ဆိုတာ သိကြလားဆိုတော့… တချို့လည်း သိတယ်။ တချို့လည်း မသိဘူးပေါ့။ သူကပဲ ဆက်ပြောပါတယ်။ လျော်ကြေးက ၃ ရာခိုင်နှုန်းပဲရကြောင်း၊ အတိအကျဆို ဘတ်ငွေ ၃ သိန်း ၉ သောင်းနဲ့ ၆ ထောင်ပဲရပါတယ်။ ၃ ရာခိုင်နှုန်းပဲရတာဆိုတော့ ကျနော်တို့ အလုပ်သမားတွေ ရစရာရှိတာ ဘတ် ၁၃၂ သိန်းပေါ့။ အလုပ်သမားအများစုက ၃ ရာခိုင်နှုန်းကို နားမလည်ကြလို့ သေချာရှင်းပြပါတယ်။ သူဋ္ဌေးဆီမှာ ၁ဝဝ ရဖို့ တင်ထားတယ်ဆိုရင် ၃ ဘတ်ပဲရမှာဖြစ်ကြောင်း ရှင်းပြတော့ တချို့အလုပ်သမားတွေလည်း မျက်နှာမကောင်းဘူးပေါ့။ နှစ်တွေ ဒီလောက်ကြာကြီးရင် ဆိုင်လာတာ ဒီလောက်ကလေးကတော့ နည်းတယ်ပေါ့။

ဒါပေမဲ့ မရတာထက်စာရင် ရတယ်ဆိုတာ တော်သေးတယ်ပေါ့ဆိုပြီး ဖြေသိမ့်ကြပါတယ်။ ကျနော်တို့ အလုပ်သမားတွေက သူဋ္ဌေးဆီက အခုလို လျော်ကြေးငွေရတာကို အမှုနိုင်တယ်လို့ပဲ ထင်နေကြတာပါ။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေအရ ကျနော်တို့ ရရမယ့်ငွေဟာ အတော်များပါတယ်။ အခုတော့ နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့ အလုပ်သမား ၂ဝဝ၄ ခုနှစ်ကတည်းက ၄ နှစ်လောက် လုပ်လာတဲ့သူဆို ဖောင်ဖြည့်တုန်းက သူ ရ,ရမှာ ဘတ် ၂ သိန်းလောက် ဖြစ်ပေမယ့်၊ လက်တွေ့မှာ ၆ ထောင်လောက်ပဲ ရပါတော့တယ်။ လပိုင်းပဲ ရှိတဲ့သူ (၇ လလောက်) ကတော့ သူရစရာရှိတာ ၄ သောင်းဆိုရင် ၁၂ဝဝ ပဲ ရပါတယ်။ ၅ဝဝ-၆ဝဝ သမားတောင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်တွေ အဆင်မပြေတဲ့အချိန်မှာ အခုလို သုံးစရာလေး ရတယ်ဆိုတော့ ပျော်နေကြရတာပေါ့။

ကျနော်တို့လို ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးလို့ သူတပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေရတဲ့ သူတွေအတွက် ဥပဒေဆိုတာကတော့ ရှိနေမှာပါ။ အဲဒီဥပဒေအတိုင်းလည်း တနေ့နေ့ တချိန်ချိန်မှာ ခံစား စံစားခွင့်တွေ အပြည့်အဝ ရရှိလိမ့်မယ်လို့ မျှော်လင့်နေမိပါတော့တယ်။ ။

(မှတ်ချက်။          ။ MAP= Migrant Assistance Programme)

မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၂)
မဲဆောက်က သိုးမွှေးလော
အပြည့်အစုံသို့ >>

ထိုင်းလုပ်ငန်းအချို့ မြန်မာအလုပ်သမားများအပေါ် မှီခိုနေရ

ရဲရင့် / ၂၂ ဖေဖော်ဝါရီ ၂ဝ၁ဝ ခေတ်ပြိုင်
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံသားစိစစ်မှု လျှောက်ထားခြင်းမရှိသည့် မြန်မာအလုပ်သမားများကို ယခုလကုန်လျှင် နေရပ်ရင်းသို့ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီး နိုင်ဖိုင်းထူး ကယောက်ထောင်း၏ ပြောကြားချက်သည် ဖြစ်နိုင်ခြေမရှိဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။ ထိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် နေရပ်ပြန်ပို့လျှင် ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်သည်ဟု အဆိုပါအဖွဲ့များက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက လုပ်အားခဈေးပေါတဲ့ မြန်မာအလုပ်သမားတွေအပေါ်မှာ အားထားနေရတာဖြစ်တယ်။ ယာယီနိုင်ငံကူးလက်မှတ်အတွက် မြန်မာဘက်ပြန်ပြီး နိုင်ငံသားစိစစ်မှုမလုပ်တဲ့ သူတွေအားလုံးကို ဖမ်းပြီးပြန်ပို့မယ်ဆိုရင် ထိုင်းတနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်တယ်” ဟု ပြောသည်။
အဆိုပါလုပ်ငန်းစဉ်သည် ဖြစ်နိုင်ခြေမရှိကြောင်း၊ အကျိုးဆက်အဖြစ် အစိုးရနှင့်လုပ်ငန်းရှင်များကြားတွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး တာ့ခ်ခရိုင်အပါအ၀င် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက စုပေါင်း၍ ထိုင်းအစိုးရထံ အရေးဆိုမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ကိုမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော် ရှိပြီး တရားမ၀င်နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ အရေအတွက်မှာ (၂) သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။
ယခင်လ (၁၉) ရက်နေ့ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့၏ အစည်းအဝေးတွင် နိုင်ငံသားစိစစ်မှုကာလကို (၂) နှစ်အထိ တိုးမြင့်စေကာမူ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများသည် ယခုလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်မှုပုံစံကို ဖြည့်စွက်လျှောက်ထားရမည်ဖြစ်သည်။
အဆိုပါ စည်းဝေးဆုံးဖြတ်ချက်အရ တိုးမြှင့်ပေးလိုက်သည့် သက်ညှာခွင့်ကာလ (၂) နှစ်သက်တမ်းသည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုရက်မတိုင်မီ ကာလအတွင်း နိုင်ငံသားဖြစ်ကြောင်း စိစစ်နေစဉ် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။
ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ရှိသည့်အနက် ယခုလ (၁၁) ရက်နေ့အထိ မြန်မာဘက်မှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူ (၃၁,၀၆၇) ခန့်ရှိပြီဖြစ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသူများအနက် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပေးရန် ထိုင်းဘက်မှ မြန်မာအလုပ်သမား (၁၁၆,၇၁၃) ဦး၏ စာရင်းပေးပို့ထားရာ (၄၁,၁၆၅) ဦးကိုသာ နိုင်ငံသားအဖြစ် စိစစ်ပေးနိုင်ခဲ့သည်ဟု မြန်မာဘက်က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံသားစိစစ်မှု လျှောက်ထားခွင့် သတ်မှတ်ချိန်ကာလမှာ ရက်ပိုင်းသာကျန်ရှိသောကြောင့် ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအနက် (၉) သိန်းကျော်မှာ ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည် ထိုင်းအလုပ်သမားဝန်ကြီး၏ အဆိုအရ ဖမ်းဆီးခြင်းခံရနိုင်သည်ဟု JACBA အဖွဲ့က ပြောသည်။
သတ်မှတ်ကာလကျော်လျှင် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် အလုပ်ခန့်သည့် အလုပ်ရှင်များ၊ နေထိုင်ခွင့်ပေးထားသူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်၍ အစိုးရမဟုတ်သော ထိုင်းအဖွဲ့အစည်းတခုမှ ထိုင်းရှေ့နေတဦးက “လုံးဝကို ဖြစ်နိုင်ခြေမရှိပါဘူး။ တနိုင်ငံလုံး မြန်မာအလုပ်သမားတွေကိုပဲ သုံးနေရတာပါ။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲက စီးပွားရေး ဆုတ်ယုတ်မယ့် ပြဿနာတွေ အဖြစ်ခံမယ်လို့တော့ မထင်ဘူး။ ဖမ်းဆီးမှုတွေ အရင်အစိုးရ လက်ထက်တွေမှာလည်း လုပ်ခဲ့ကြတာပဲ၊ နောက်ဆုံးတော့ လက်လျှော့လိုက်ရတာပဲ။ အကောင်းဆုံးကတော့ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဆိုရင် အလုပ်သမားတွေ သူတို့နိုင်ငံကို ပြန်စရာမလိုဘူး။ သူတို့နိုင်ငံရဲ့အစိုးရကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံထဲလာပြီး နိုင်ငံသားစိစစ်မှုတွေလုပ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာမျိုး လုပ်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ပါဝင်ပူး ပေါင်းမှုတွေရမှာဖြစ်တယ်၊ ဒီနည်းက ဖြစ်နိုင်ခြေအရှိဆုံးပဲ” ဟု ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တခုထဲတွင် မြန်မာအလုပ်သမား (၄) သိန်းခန့်ရှိသည့်အနက် နိုင်ငံသားစိစစ်မှု လျှောက်ထားသူ အရေအတွက်မှာ ထောင်ဂဏန်းပင်မရှိဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမား အကျိုးဆောင်လုပ်ငန်းတခု၏ ပိုင်ရှင်တဦးက ပြောသည်။
အဆိုပါ မြန်မာအလုပ်သမား (၄) သိန်းကို ဒေသခံအာဏာပိုင်များက ယခုလကုန်လျှင် ဖမ်းဆီးပြန်ပို့ပါက တာ့ခ်ခရိုင်၏ အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိုးမွေးအထည်ချုပ်လုပ်ငန်များ၊ ဆောက်လုပ်ရေးနှင့် ကျပန်းလုပ်ငန်း အများစုမှာ ရပ်ဆိုင်းသွားမည်ဟုလည်း ပြောသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP