Wednesday, 20 January 2010

အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်

.ဇင်လင်း
၁၈ ဇန်န၀ါရီ ၂၀၁၀


“စီးပွားရေးအခက်အခဲများသည် အလုပ်သမားဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းတရပ်ဖြစ်ပါသည်။”
(၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင် အစီရင်ခံစာ)

၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် (လစာနှုန်းထား ၁၅,၀၀၀ ကျပ် မှ ၁၉၀,၀၀၀ ကျပ် အကြား ရရှိကြသော) အရပ်ဘက် အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးမည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးရုံး ၀န်ကြီး ဗိုလ်ချုပ်လှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုသို့ တရားဝင် သတင်းထုတ်ပြန်မှုမရှိ။ ကုန်ဈေးနှုန်း အဆမတန်တက်မှုကြောင့် လခစားဝန်ထမ်းများ ဒုက္ခရောက်နေချိန်တွင် ယခုကဲ့သို့ လစာတိုးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၉ ဒီဇင်ဘာလအတွင်းမှာပင် ကုန်ဈေးနှုန်းဒဏ်မခံနိုင်၍ တပ်မ (၆၆) နှင့် (၇၇) တို့ အမိန့်မနာခံဘဲ ဆန္ဒပြမှုဖြစ်ခဲ့သေးသည်။ ထိုသို့ ပြဿနာပေါ်ပြီးနောက် လစာတိုးသည့် ဆောင်ရွက်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

.၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း အလားတူ စီးပွားရေးကျပ်တည်းမှုပြဿနာကြောင့် လစာတိုးပေးခဲ့ရသည်။ ထိုစဉ်က လစာငွေ မလောက်ငသည့်အကြားမှ ၀န်ထမ်းများအား အတင်းအဓမ္မ နေပြည်တော်သို့ ပြောင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်မှုကို ငြိမ်သွားအောင် လစာတိုးပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိခဲ့သည်။ သို့သော် ထိုစဉ်က စက်ရုံအလုပ်ရုံ အတော်များများတွင် အလုပ်သမားများ လုပ်ခလစာ နည်းလွန်းခြင်းကြောင့် မကျေနပ်မှုများ ပေါ်နေချိန်ဖြစ်သည်။ ထိုစဉ်က စက်ရုံများတွင် လုပ်ခတိုးတောင်းသည့် ပြဿနာများကို တိုးတိုးကျိတ်ကျိတ် ဖြေရှင်းခဲ့ရသည်။

ထိုစဉ်က (၂၀၀၆ မေလမှ သြဂုတ်လအတွင်း) ရရှိသည့် ပြည်တွင်းသတင်း အချက်အလက်အချို့အရ စက်မှုဇုန်များတွင် အလုပ်သမားမကျေနပ်မှုပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။ သတင်းများအရ အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံအလုပ်သမားများကိုမူ လုပ်ခတိုးမပေးခဲ့သဖြင့် အလုပ်သမားဆန္ဒပြမှု ပြဿနာ ပေါ်ခဲ့ရသည်ဟု သိရသည်။ ထိုစဉ်က လက်လှမ်းမီသမျှ သတင်းအချက်အလက်အချို့ကို အောက်ပါအတိုင်းတွေ့ရသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၂) ရက် - ကိုရီးယားအလုပ်ရှင်ပိုင်သည့် Myanmar Hae Wae Co. Ltd. စက်ရုံတွင် အလုပ်သမား (၉၀၀) ကျော် လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှုဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၉) ရက် - လှိုင်သာယာစက်မှုဇုန် (၂) တွင်းသင်းအတွင်းဝန် ဦးထွန်းညိုလမ်းရှိ Cho Cho Co.Ltd. စက်ရုံမှ အလုပ်သမား (၂၀၀) ကျော် လုပ်ခတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ စက်ရုံမှ ဆန်, ဆီ, အခြေခံစားကုန် ရောင်းချပေးရေးတို့အတွက် ဆန္ဒပြတောင်းဆိုသည်။

♦ မေလအတွင်းမှာပင် လှိုင်သာယာစက်မှုဇုန် (၂) ဦးရွှေအိုးလမ်း MP အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

♦ အလားတူ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ ထောက်ကြံ့ရှိ ကိုရီးယားအလုပ်ရှင်ပိုင်သည့် SEGYE အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ SEGYE စက်ရုံအနီးရှိ၊ Daewoo Co.Ltd. ပိုင် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၂,၀၀၀) ကျော် ဆန္ဒပြမှု ဖြစ်ပွားသည်။ လုပ်ခတိုးမြှင့်ရေး၊ အလုပ်ချိန် (၈) နာရီသတ်မှတ်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ နာမကျန်းခွင့်ရရှိရေးများ တောင်းဆိုသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လအတွင်း၊ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ (၁၄) ရုံ (အထည်ချုပ်စက်ရုံ ၈-ခု အပါအ၀င်) လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ အလားတူ လုပ်ခတိုးမြှင့်ရေးဆန္ဒပြမှု သာကေတစက်မှုဇုန် KSS စက်ရုံ၌ ဖြစ်ပွားသည်။

♦ ဦးတေဇပိုင်သည့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

♦ တောင်ဥက္ကလာ၊ မြင်သာ (၁၄) ရပ်ကွက် နှင်းဆီလမ်းရှိ မလေးရှားနှင့် ဖက်စပ်ကုမ္ပဏီ PW &GG ပိုင် ပရိဘောဂ စက်ရုံတွင်လည်း အလားတူ လုပ်ခတိုးမြှင့်ရရှိရေး ဆန္ဒပြမှုပေါ်ပေါက်ခဲ့သည်။

♦ အမှတ် (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ အမှတ် (၁) ပလတ်စတစ်စက်ရုံ (မြောက်ဥက္ကလာပ) နှင့် ပီနန်အိတ်ထုတ်လုပ်စက်ရုံများတွင်လည်း အလုပ်သမားများ အရေးဆိုမှုများရှိခဲ့သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင် အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံ အလုပ်သမားများအား လုပ်ခတိုးမပေးခဲ့။ ထို့ပြင် ကုန်ကြမ်းဈေးမြင့်တက်၊ ဈေးကွက်တောင်းဆိုမှု ကျဆင်းသဖြင့် စက်ရုံများတွင် အလုပ်သမားလျှော့ချလိုခြင်းများ ရှိလာသည်။ စက်ရုံက အလုပ်သမားကို အလုပ်ဖြုတ်လိုလျှင် (၃) လစာ ပေးရမည်ဖြစ်၍ အလုပ်မဖြုတ်။ အချိန်ပိုမလုပ်ရသဖြင့် အခြေခံလစာသက်သက်ဖြင့် အလုပ်သမားမှာ မလောက်င။ နောက်ဆုံး အခြေအနေ ဆိုးလာသောအခါ အလုပ်သမားများ ကိုယ့်သဘောနှင့်ကိုယ် အလုပ်ထွက်ကြရသည်။

စစ်အစိုးရသည် ၁၉၉၀ လောက်မှစ၍ ဈေးကွက်စီးပွားရေးဟု ကြွေးကြော်သော်လည်း အလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေးခြင်းမရှိသည့်အပြင် အလုပ်သမား ပြဿနာပေါ်တိုင်း အလုပ်ရှင်ဘက်မှသာရပ်ခဲ့သည်။ အလုပ်ရှင်များအား အကာအကွယ် ပေးခဲ့သည်။ စစ်အစိုးရက အလုပ်ရှင်များကိုယ်စားပြု ‘စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း’၊ ‘ကုန်ထုတ်လုပ်သူများအသင်း’၊ ‘ဆန်စက်ပိုင်ရှင်များအသင်း’ အစရှိသော အလုပ်ရှင်အကျိုးစီးပွား အကာအကွယ်ပေးသည့် အသင်းအဖွဲ့များ ဖွဲ့ခွင့်ပြုသော်လည်း အလုပ်သမားသမဂ္ဂများကိုမူ ဖွဲ့စည်းခွင့်မပေးချေ။ ထို့ပြင် အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခများ ဖြေရှင်းရေးတွင် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်း၊ မူဝါဒ စသည်ဖြင့် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိပေ။ အလုပ်ရှင်များက ငွေကြေးအင်အားဖြင့် အာဏာပိုင်တို့ကို လာဘ်ထိုးကာ အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ပိတ်ပင် အနိုင်ယူလေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ အလုပ်ရှင်များကမူ အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ အလုပ်သမားများကို ဖိနှိပ်၍ သူတို့အကျိုးအမြတ် တိုးပွားအောင်လုပ်နေကြသည်။

‘စက်မှုဇုန် စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ’ များ ဖွဲ့ထားသော်လည်း မှန်မှန်ကန်ကန် တာဝန်ထမ်းခြင်းမရှိ။ ကော်မတီဝင်များက ထုံးစံအတိုင်း လာဘ်စားကာ တကယ့်ပြဿနာများကို ဖုံးဖိထားကြသဖြင့် အလုပ်ရှင်များအား စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခွင့်၊ ထင်သလိုခြယ်လှယ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာပိုင်များက အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပိတ်ပင်ထားသဖြင့် အလုပ်သမားများ မိမိတို့အခွင့်အရေး နစ်နာဆုံးရှုံးချက်များကို စနစ်တကျ တောင်းဆိုနိုင်ခြင်းမရှိသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။

လက်လှမ်းမှီသမျှ ပြည်တွင်း စက်ရုံအလုပ်ရုံ အလုပ်သမားဆန္ဒပြမှုပေါင်း (၄၀) ခန့်မှ တောင်းဆိုချက်များအား အကြမ်းဖျင်းလေ့လာရာတွင် ယေဘုယျတူညီချက်များကို အောက်ပါအတိုင်းတွေ့ရသည်။

- တရက် ပုံမှန်အလုပ်ချိန် (၈)နာရီဖြစ်သော်လည်း နေ့စဉ် နာရီစုစုပေါင်း (၁၀) မှ (၁၂) နာရီ အလုပ်လုပ်ရခြင်း။

- နေ့ကြီးရက်ကြီးများ အပါအ၀င် နားရက်လုံးဝမရှိ အလုပ်လုပ်ရသော်လည်း အချိန်ပိုလုပ်ခ အပြည့်မရရှိကြခြင်း။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရပြီး နောက်တနေ့ နားရက်မရဘဲ အလုပ်ဆက်ဆင်းရခြင်း။

- ဖျားနာလျှင် ခွင့်မရသည့်အပြင် ပျက်ရက်အတွက် လစာမှ ဖြတ်တောက်ခြင်း။

- ဖျားနာလျက်နှင့် အလုပ်ဆင်းရသဖြင့် အလုပ်ခွင် မတော်တဆထိခိုက်မှုများ ဖြစ်သောအခါ ဆေးဝါးကုသမပေးခြင်း။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစိုးရတာဝန်ရှိသူများက စက်ရုံအလုပ်ရုံများကို ပုံမှန်စစ်ဆေးမှုမရှိခြင်း။

- စက်ရုံက စစ်ဆေးမည့်သူများအား လာဘ်ပေးထားသဖြင့် စစ်ဆေးမှုမရှိ၍ အလုပ်ခွင် ဘေးကင်းလုံခြုံမှုမရှိခြင်း။

- အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများအား အထူးအခွင့်အရေးပေးကာ အလုပ်သမားကို အကျဉ်းသားများသဖွယ် စည်းကမ်းတင်းကျပ်ထားခြင်း။

- အလုပ်ရုံကြီးကြပ်သူများ၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့် အိမ်ပြန်ခွင့်မပြုခြင်း၊ အလုပ်ရုံအတွင်း အစာစားခြင်း၊ စကားပြောခြင်း၊ လူမှုရေးအရ အကူအညီပေးခြင်းများ မလုပ်ရ၊ လုပ်ပါက ပြစ်ဒဏ်သတ်မှတ် လုပ်ခဖြတ်တောက်ခံရခြင်း။

- ထို့ကြောင့် အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများ၏ အပြစ်ရှာဖိနှိပ်မှုများခံရခြင်း၊ မိမိတို့ ပြစ်ဒဏ်မလုပ်ဘဲ လုပ်သည်ဟု ရေးမှတ်ကာ လုပ်ခအဖြတ်ခံရခြင်း။

- သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုစံချိန်ပြည့်မီလျှင် အလုပ်သမားများအား ဆုကြေးအပိုဆောင်းငွေ ပေးမည်ဟု မက်လုံးပေးထားပြီး လက်တွေ့တွင် ကုန်ထုတ်စံချိန် ပြည့်မီသော်လည်း ယင်းအပိုဆောင်းငွေကို မပေးခြင်း။

- သာရေး၊ နာရေး၊ လူမှုရေးကိစ္စအတွက် တနင်္ဂနွေနေ့ အလုပ်အနားယူပါက ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မပေးခြင်း။ … စသည်ဖြင့် တွေ့ရသည်။

ထိုစက်ရုံအလုပ်ရုံ ဆန္ဒပြတောင်းဆိုကြရာတွင် ယေဘုယျတောင်းဆိုချက်များကို အောက်ပါအတိုင်း တွေ့ရသည်။

- အလုပ်ချိန် တနေ့ (၈) နာရီ သတ်မှတ်ရေး။

- ကုန်ဈေးနှုန်းနှင့် ဆီလျော်စွာ လုပ်ခတိုးမြှင့်ပေးရေး။

- အချိန်ပိုလုပ်ခ အပြည့်အ၀ရရှိရေး။

- အချိန်ပိုဆင်း အလုပ်သမားများအား ကြိုပို့ယာဉ် (Ferry Bus) စီစဉ်ပေးရေး။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရလျှင် နောက်နေ့ အနားပေးရေး။

- တရားဝင် အစိုးရရုံးပိတ်ရက်များတွင် အလုပ်နားရက်အဖြစ် သတ်မှတ်ပေးရေး။

- တနင်္ဂနွေနေ့ကို အလုပ်နားရက် သတ်မှတ်ပေးရေး (သို့မဟုတ်) သီတင်းတပတ်လျှင် (၁) ရက် နားခွင့်ပေးရေး။

- ဖျားနာခွင့်ပေးရေးနှင့် ဆေးဝါးကုသမှု တာဝန်ယူရေး။

- ဖျားနာ၍ အလုပ်မဆင်းနိုင်သူ ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မဖြတ်တောက်ရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် အနာတရဖြစ်လျှင် ဆေးဝါးကုသမှု တာဝန်ယူရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းထိခိုက်လျှင် လျော်ကြေးရရှိရေး။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစီအမံများ ထားရှိရေး။

- အလုပ်ရုံစက်ရုံကြီးကြပ်သူများ၊ လုံခြုံရေးဝန်ထမ်းများက အလုပ်သမားများအား ရိုင်းပျစွာဆက်ဆံမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုများ မပြုရေး။ … စသည်ဖြင့် အကြမ်းဖျင်းတွေ့ရှိရပါသည်။

ယခုလည်း အရပ်ဘက်အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ်စီ တိုးမြှင့်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကုန်ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။ ‘လစာတိုးပေးခြင်း’ သည် ‘ဆေးမြီးတို’ မျှသာဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို ဆက်လက်ခံကြရတော့မည်။ အကျိုးဆက်အဖြစ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတရုံမှ အလုပ်သမား (၁၀၀) ခန့်သည် ဇန်န၀ါရီ (၇) ရက်နေ့က ‘လုပ်ခလစာတိုးရေး’ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါစက်ရုံတွင် ထိုနေ့ နံနက် (၈) နာရီခန့်က အမျိုးသမီး (၁၀၀) ခန့် ဦးဆောင်၍ အချက် (၁၀) ချက်ပါသော အလုပ်သမားအခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အမျိုးသမီးများက ဆန္ဒပြတောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည်။ ဆန္ဒပြရသည့် အဓိကအကြောင်းရင်းမှာ လစာငွေနည်းပါး၍ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုကြောင့်ဖြစ်သည်။

အလားတူ ယခုလမှာပင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၃) ရှိ မလေးရှားအလုပ်ရှင်ပိုင် Wong Houng Hand အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၁,၃၀၀) ကျော် ဆန္ဒပြမှုဖြစ်ခဲ့သည်။ အခြေခံအလုပ်သမားအခွင့်အရေး တောင်းဆိုချက် (၁၂) ချက် တောင်းထားသော်လည်း အခြေအနေမှာ မထူးခြားသေး စောင့်ကြည့်နေဆဲဟု အလုပ်သမားများက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံအလုပ်သမားတဦးလျှင် အခြေခံလစာငွေ ကျပ် (၂) သောင်းမှ အမြင့်ဆုံး (၄) သောင်းအထိသာ ရရှိရာ အလုပ်သမားများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုရှိသောကြောင့် အိုဗာတိုင်ကြေးရရန် အချိန်ပိုဆင်းကြရသည်။

ထို့အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု မရရှိကြသော အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူ အလုပ်ထုတ်ခံကြရမှုများရှိသည်။ အလုပ်သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်းမရှိသည်က များသည်။

တည်ဆဲ အလုပ်သမားဥပဒေများအရ တနေ့လျှင် အလုပ်ချိန် (၈) နာရီ၊ တပတ်လျှင် (၄၄) နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ (၂) ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး ဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းအကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်ရုံစက်ရုံများသည် အဆိုပါဥပဒေများကို လိုက်နာခြင်းမရှိကြပေ။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ်ရှိနေသည်ဟု အလုပ်သမားအရေး အကဲခတ်များက ထင်မြင်ယူဆကြသည်။ ‘၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမားအက်ဥပဒေ’ ပြင်ဆင်ချက်အရ တဆက်တည်း လုပ်သက် (၁၂) လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် (၁ဝ) ရက်၊ ရှောင်တခင်ခွင့် (၆) ရက်၊ ဆေးခွင့် (၃၀) ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ဥပဒေမှာ ပြဋ္ဌာန်းထားသော်လည်း များသောအားဖြင့် ထိုခွင့်ရက်များကို အလုပ်သမားများ မခံစားကြရဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတို့က ဆိုသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအလုပ်သမားများ၏ လတ်တလောအခြေအနေကိုကြည့်လျှင် တိုးတက်ကောင်းမွန်လာသည်ကို မတွေ့ရှိရ။ ဤသို့ဖြစ်ရသည်မှာ အလုပ်သမားထုအတွင်း အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် တရားဝင် အလုပ်သမားသမဂ္ဂများ မရှိသောကြောင့် ဖြစ်သည်။ စစ်အာဏာရှင်စနစ်က တရားဝင် အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မပေးချေ။ နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ (ဂ) တွင်လည်း ̏ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်˝ ဟု ဆိုသည်။ သို့သော် ထိုဥပဒေတို့ကို စစ်ဗိုလ်များကသာ အနက်ဖွင့်ဆိုမည်ဖြစ်၍ အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မရနိုင်ချေ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း အလုပ်သမားရပိုင်ခွင့်ကို အာမခံမည်မဟုတ်ပေ။
ထို့ကြောင့် အလုပ်သမားအခွင့်အရေးကို အလုပ်သမားတို့ကိုယ်တိုင်သာ ကာကွယ်ဖို့ ကြိုးစားကြရ ပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများကို အလုပ်သမားကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်ဖြေရှင်းခွင့် မရသရွေ့ အလုပ်သမားတိုက်ပွဲများကား ဆက်လက်ဖြစ်ပွားနေပေမည်။ သို့ဆိုလျှင် တိုက်ပွဲရည်မှန်းချက်အောင်မြင်ရေးအတွက် ကျယ်ပြန့်သော အလုပ်သမား သမဂ္ဂ ကွန်ရက်များ ရှိဖို့လိုပါသည်။ အလုပ်သမားများကိုယ်တိုင် စနစ်ကျနသော မြေအောက်အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်ကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးများကို အလုပ်သမား သမဂ္ဂများကသာ အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ။
အပြည့်အစုံသို့ >>

Friday, 15 January 2010

ပတ်စ်ပို့ မလုပ်လျှင် အလုပ် လုပ်ခွင့်သက်တမ်း တိုးပေးမည်မဟုတ်

.ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပြုလုပ်ရန် လိုအပ်သည့်ပုံစံများ ဖြည့်စွက်တင်သွင်းခြင်း မရှိပါက အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမည် မဟုတ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပထမအဆင့်အနေဖြင့် ထိုင်းအစိုးရက ထုတ်ပေးသည့် ပုံစံများကို ဖြည့်စွက်၍ သက်ဆိုင်ရာ ထိုင်းမြို့နယ်ရုံးများတွင် လာမည့်လ ၂၈ ရက်နေ့ နောက်ဆုံးထားကာ တင်သွင်းရန် လိုအပ်သည်ဟု သိရသည်။

သတ်မှတ်ရက်အတွင်း ပုံစံတင်ထားသူများကိုသာ ထိုင်းနိုင်ငံအတွင်း ထော်ရော် ၃၈/၁ (နေထိုင်ခွင့်) နှင့် အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) သက်တမ်းတိုးပေးမည်ဟု ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌာန အတွင်းရေးမှူးချုပ် Mr. Somchai Chumrat က ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က စာထုတ်၍ အလုပ်သမားရေးရာ အဖွဲ့အစည်းများသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

.
“ဖောင်မတင်ရင် (၁) အလုပ်သမားဝန်ကြီးဌာနမှာ ရှိပြီးသားစာရင်းအရ သက်တမ်းတိုးပေးတဲ့အခါ စာရင်းပါလာမှာ မဟုတ်တော့ဘူး။ (၂) အလုပ်ပြုတ်မယ်။ (၃) အဖမ်းခံရပြီး ပြန်ပို့ခံရမယ်။ အချိန် စောင့်ရတာကတပိုင်း ဖောင် (ပုံစံ) တင်ထားတာနဲ့ သက်တမ်းတိုးပေးမှာ” ဟု အဝေးရောက် ညွှန်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်း အလုပ်သမားရေးရာ ဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

မြန်မာအလုပ်သမား ပုံစံဖြည့်စွက်တင်ထားသူ ဦးရေ ၈ သောင်းခန့်ရှိပြီး မြန်မာအစိုးရမှတဆင့် နိုင်ငံသားအဖြစ် ထောက်ခံပြီး ပြန်ပို့်လာသူ ဦးရေမှာ ၆ ထောင်ခန့်သာရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ယနေ့ထိ ၄၄၈၂ ဦးကို ထုတ်ပေးပြီးဖြစ်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မြဝတီနှင့် တာချီလိတ်မြို့တို့မှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။ သို့သော် ယင်း ၃ နေရာလုံးတွင် လက်မှတ်လုပ်ပြီးသူ ၈ဝဝဝ ဦး ကျော်ပြီဖြစ်ကြောင်း ကော့သောင်းရုံးက ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် မဇ္ဈိမကို ဖြေကြားခဲ့သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် ပုံစံများကို ထိုင်းနိုင်ငံတွင်း သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးများနှင့် ကိုယ်စားလှယ် (Agent) ရုံးများတွင် သွားရောက်ဖြည့်စွက်နိုင်ကြပြီး ကိုယ်တိုင် သို့မဟုတ် အလုပ်ရှင်မှ တဆင့်လည်း ဖြည့်စွက် တင်သွင်းနိုင်သည်။

ဖြည့်စွက်ပြီးသော ပုံစံများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးမှ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် ထိုမှတဆင့် မြန်မာအစိုးရသို့ ရောက်ရှိမည်ဖြစ်ပြီး နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးပြီးမှ ယာယီပတ်စ်ပို့ ပြုလုပ်နိုင်သည့် လူစာရင်းကို ထိုင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းဝန်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လ သို့မဟုတ် ဇွန်လတွင် အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်သက်တမ်း တိုးမြှင့်ခြင်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်နှင့် တရားဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ၂ သန်းခန့်ရှိကြောင်း မြန်မာ အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

ထိုင်းတောင်ပိုင်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ


. Thursday, 14 January 2010 14:01 သန်းထိုက်ဦး ထိုင်းနိုင်ငံ တောင်ပိုင်း၌ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၃ ဦးကို ယခုလအတွင်း ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်းများ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော် ခရိုင်မှ တဆင့် တခြား အရပ်သို့ သွားရောက်မည့် မြန်မာ နိုင်ငံသား ၁၃ ဦးကို ခြံဝန်း တခုတွင် ထိုင်းအာဏာ ပိုင်များက စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ဖမ်းဆီးခဲ့ သေးကြောင်း ဒေသခံ အလုပ်သမားများက ပြောသည်။

ချုံဖော်ရှိ အမည် မဖော်လိုသူ အလုပ်သမား တဦးက “လူပွဲစားတွေရဲ့ ခြံတွေမှာ အိမ်တွေ ဆောက်ထား ကြတယ်၊ အဲဒီမှာ လူတွေကို ထားကြတယ်၊ မနာလိုတဲ့ ပွဲစားတွေက တိုင်တယ်၊ ဒီမှာ လူ ဘယ်နှစ်ယောက် ရှိတယ် ဘာတယ် ဆိုတော့ စစ်သားတွေက ၀င်ဖမ်းတယ်၊ ပွဲစား အချင်းချင်း မတည့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဒေသတွင် စစ်တပ်နှင့် ရဲ စစ်ဆေးရေး ဂိတ်များရှိပြီး လူကုန်ကူး သူများက ရဲဂိတ်ကို ငွေကြေးဖြင့် ဖြေရှင်း ကြကြောင်း၊ စစ်တပ်က လက်မခံဘဲ ယခုကဲ့သို့ လိုက်လံ ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

.ယမန်နေ့ကပင် ထိုင်း အာဏာပိုင်များက ယင်း ချုံဖော်ဒေသရှိ ဧက ၁၀၀ ခန့် ကျယ်ဝန်းသော ခြံတခြံကို ၀င်ရောက် စစ်ဆေးခဲ့ရာ ခြံထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး တို့ကို ခရီးဆောင် အိတ်များနှင့် အတူ တွေ့ရှိရ သောကြောင့် စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ယင်း လူကုန်ကူးမှုတွင် ထိုင်း နယ်မြေခံရဲ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံသား တဦးတို့ ပါဝင်နေသည် ဟုလည်း အဆိုပါ မန်နေဂျာ သတင်း၌ ရေးသား ထားသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက ဖမ်းဆီးမှု သတင်းကို ကြားသိရကြောင်း၊ ဖမ်းမိသည့် မြန်မာ အလုပ်သမားများကို ချုံဖော် ခရိုင် အချုပ်သို့ ပို့ဆောင်လေ့ ရှိကြောင်း ပြောဆိုသည်။

ဖမ်းဆီးထား သူများကို တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး လူကုန်ကူးသူ များကိုလည်း ဆက်လက် နှိမ်နင်း သွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီ လလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိ သူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင်

.မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အလုပ်သမား အခွင့်အရေးအတွက် ၉ ရက်ကြာ တောင်းဆိုဆန္ဒပြခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ် စက်ရုံတရုံရှိ မြန်မာအလုပ်သမ ၆၀၀ နီးပါး ကိစ္စတွင် မြန်မာသံအမတ်က ကြားဝင် ဖြေရှင်းပေးမှုဖြင့် ယမန်နေ့က လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။

Ar Ramtha မြို့ရှိ Century Miracle Ltd. ကုမ္ပဏီသို့ အစ္စရေးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမြင့်ဆွေ ရောက်ရှိလာပြီး ကုမ္ပဏီနှင့် အလုပ်သမများအကြား ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အခွင့်အရေးတချို့ ရရှိသဖြင့် မြန်မာအလုပ်သမများ အလုပ်သို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။

.“အလုပ်သမားတွေဘက်ကနေ အစ္စရေးလ်ဆိုင်ရာ သံအမတ် ရောက်လာတယ်။ သူက မြန်မာအလုပ်သမားတွေနဲ့ ကျနော်တို့အကြား ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးတယ်။ အခု အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဆင်းနေပါပြီ။ ပျက်ရက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ အရေးမယူဘဲ ပုံမှန်လစာပေးဖို့ ဆုံဖြတ်ထားတယ်” ဟု ကုမ္ပဏီ ပြောခွင့်ရ မစ္စတာ Obeidat က ပြောသည်။

သူက ဆက်ပြီး “နိုင်ငံ၂ နိုင်ငံက အလုပ်သမားအချင်းချင်း ပြဿနာဖြစ်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘာမှ လုပ်ပေးစရာ မလိုဘူး။ နောက်တခါ ဒီလိုပြဿနာ ဖြစ်လာရင် ဂျော်ဒန် အလုပ်သမား ဥပဒေအရ အရေးယူ ဆောက်ရွက်သွားမယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ လေဘာ အေဂျင်စီက အရိုက်ခံရသူတွေကို လျော်ကြေးပေးတယ်။ ဘယ်လောက်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ယခုလ ၅ ရက်နေ့တွင် မြန်မာ အလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက် အာမခံကြေး အပါအဝင် လုပ်ငန်းခွင် လုံခြုံရေးအတွက် မြန်မာများက ယခုလ ၁၃ ရက်နေ့အထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ၊ ၁၄ ရက်နေ့တွင် ပြေလည်မှု ရရှိသဖြင့် အလုပ်ပြန်ဆင်းခြင်း ဖြစ်သည်။

Century Miracle Ltd. စက်ရုံ တာဝန်ရှိသူက လုပ်ငန်းခွင် လုံခြုံရေးအတွက် သဘောတူခဲ့သလို၊ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုအတွင်း မြန်မာအမျိုးသမီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အားလုံးကိုလည်း လျော်ကြေး ပေးခဲ့သည်။ ဂျော်ဒန်တွင် မြန်မာသံရုံးမရှိသဖြင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်က လာရောက်ဖြေရှင်းခြင်း ဖြစ်သည်။

“ကျမတို့ တောင်းဆိုချက်တွေရလို့ အလုပ်ပြန်ဆင်းတာ ဖြစ်တယ်။ စက်ရုံ Seal တံဆိပ်ပါတဲ့ စာရွက်ပေါ်မှာ စက်ရုံလူကြီးတွေနဲ့ ကျမတို့ဘက်က လူကြီးတွေက ကျမတို့ ရှေ့မှာ လက်မှတ်ထိုးတဲ့ စာရွက်တွေ ပေးတယ်။ နောက်နောင် ဒီလိုကိစ္စမျိုး ဖြစ်လာလို့ရှိရင် ဂျော်ဒန် ဥပဒေအရ အရေးယူပေးမယ်ဆိုတဲ့ ကတိဝန်ခံချက် စာချုပ်ကို ကျမတို့ကို ပေးတယ်” ဟု အမည်မဖော်လိုသူ မြန်မာအလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒီစာချုပ်က စက်ရုံတခုထဲပဲ သက်ဆိုင်တာ မဟုတ်ဘဲ ဂျော်ဒန်နိုင်ငံအတွင်း နေရာအကုန်လုံးနဲ့ သက်ဆိုင်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက အာမခံ ပြောဆိုတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေအတွက်လည်း လျော်ကြေးပေးတယ်။ အဲဒီလျော်ကြေးကိုတော့ စည်းစိမ်သစ် ကုမ္ပဏီ (အလုပ်ရှာဖွေရေး လုပ်ကိုင်ပေးသည့် မြန်မာကုမ္ပဏီ) က ပေးတာ ဖြစ်တယ်။ ဘယ်လောက် ပေးတယ်ဆိုတာကိုတော့ မသိရဘူး။ စာအိတ်နဲ့ပိတ်ပြီး ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမ မအေးမြစန္ဒာနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားကို ကုမ္ပဏီအနေဖြင့် အပြစ်ပေး အရေးယူခြင်း မရှိကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံသို့ အလုပ်လုပ်ရန်အတွက် Century Miracle Ltd. ကုမ္ပဏီကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်၍ လူတွေစစ်ဆေးခြင်း၊ လက်တွေ့အားဖြင့် အထည်ချုပ်ခိုင်းခြင်းများ ပြုလုပ်ပြီး ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကာ၊ မြန်မာအလုပ်သမ တဦးလျှင် တလအတွက် လုပ်ခ ၁၁၅ ဒေါ်လာဖြင့် ၃ နှစ် သက်တမ်း စာချုပ်ချုပ်ဆိုရကြောင်း သိရသည်။

ဂျော်ဒန်တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအမျိုးသမီးပေါင်း ၆၀၀ ကျော် ရှိနေကြောင်း မြန်မာအလုပ်သမများက ခန့်မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>

မလေးရောက် ကရင်နီ ၅ ဦး ပွဲစားလက်မှ လွတ်မြောက်

.ကို(၂) / ဇန်န၀ါရီ ၁၄၊ ၂၀၁၀

မလေးရှားနိုင်ငံရောက် ကရင်နီအမျိုးသား ၅ ဦး အလုပ်အကိုင် လိုက်လံရှာဖွေပေးသော ပွဲစားတို့၏ လိမ်လည်လှည့်ဖျားမှု လက်အောက်မှ လွတ်မြောက်ခဲ့ကြသည်ဟု ကရင်နီလူမှုစောင့်ရှောက်ရေး အသင်းက ပြောသည်။

အလုပ်ပွဲစားမှ အဆိုပါ ကရင်နီ ၅ ဦးအား တဦးလျှင် မလေးရင်းဂစ် ၁၀၀ (ဘတ် ၉၅၀ ခန့်) ကောက်ခံကာ တယ်လီဖုန်းရုံးတွင် အလုပ် ရှာပေးမည်ဟု ပြောဆိုထားပြီး ပြီးခဲ့သည့် ၁၂ ရက်နေ့က ကားဖြင့် ခေါ်ဆောင်သွားခဲ့သော်လည်း အလုပ်ရုံ မဟုတ်သည့် ကားလမ်းမကြီး တနေရာတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။



.
“ကယားကလေး ၅ ယောက် ကားနဲ့ သယ်သွားတယ်။ အလုပ်ကိစ္စနဲ့တဲ့။ ဖုန်းဆက်လာတယ်။ မြန်မာအလုပ်သမား အေဂျင်စီကို ကျနော် ဆက်လိုက်တယ်။ ကျနာ့်လူတွေကို ဘယ်ကို ထည့်ပေးလိုက်တာလဲလို့ မေးတယ်။ သူတို့ ပို့ပေးလိုက်တာ သူတို့ ဘယ်သွားလဲတော့ မသိဘူးလို့ ပြောတယ်။ နောက်ရဲကို ဆက်လိုက်တယ်။ အကျိုးအကြောင်းကို ပြောပြတော့ ရဲက သူတို့ နောက်ကို လိုက်သွားတော့တာပေါ့။ အဲ့ဒါနဲ့ ပြန်လွတ်လာကြတာ” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် ကရင်နီလူမှုကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပက်ထရစ် ဂျိမ်းစ် (Patrick James)က ပြောပါသည်။

ယခင်နှစ်များတွင်လည်း ယခုလို အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်မှာ ၅ ကြိမ်လောက် ရှိခဲ့ဖူးသည်ဟု ပက်ထရစ်ဂျိမ်းစ်က ဆက်ပြောသည်။

အလုပ်ပွဲစားတို့၏ လိမ်လည်မှု လက်ထဲမှ လွတ်မြောက်လာသော ကရင်နီအမျိုးသား ၅ ဦးထဲမှ တဦးက “ဒီဗမာ တယောက်လည်း ဖုန်းဆိုင်မှာ အလုပ်သွားလုပ်မယ် ပြောတယ်။ နောက်ပြီးမှ သူက ဘင်္ဂလား တယောက်ဆီကို ဆက်တယ်။ ကားနဲ့ လာကြိုတယ်။ အလုပ် ရှာပေးမယ်ပေါ့။ သွားရင်လည်း ဖြောင့်ဖြောင့်မသွားဘူး။ ဟိုချောင်းမှာ နားလိုက်၊ ခြုံထူတဲ့ နေရာတွေမှာ နားလိုက် လုပ်နေတယ်လေ။ နောက်ဆုံးတော့ ရဲက သူ့ကို လိုက်တယ် ထင်တယ်။ ကျနော်တို့ကို တောင်ကုန်းတနေရာမှာ ချန်ထားလိုက်တယ်။ ဒီမနက်မှ ပြန်လာရတာ” ဟု ပြောသည်။

ပွဲစားလက်မှ လွတ်မြောက်လာသော ကရင်နီအမျိုးသား ၅ ဦးသည် မလေးရောက် ကရင်နီဒုက္ခသည်များ ဖြစ်ကြပြီး ယခုလောလော ဆယ်၌ ကရင်နီလူမှုကူညီစောင့်ရှောက် ရေးအသင်းရုံးတွင် ခေတ္တနေထိုင်ကြသည်။

မလေးရှားနိုင်ငံတွင် ယူအဲန်အိတ်ခ်ျစီအာမှ မှတ်ပုံထားသည့် ကရင်နီဒုက္ခသည်ပေါင်း ၇၀၀ ကျော်ရှိပြီး မှတ်ပုံတင်မထားသေးသည့် လူဦးရေ အပါအ၀င် ၁၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

အပြည့်အစုံသို့ >>

မဲဆောက်ကမ်းနားတွင် သေနတ်ပစ်မှု တခုဖြစ်ပွား



ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ် ကမ်းနားဖူးတွင်
ဇန်န၀ါရီလ ၉ရက်နေ့ကကမ်းနားစင်္ကြံ တွင် သားကြီး(အမိုးနီ စက်ရုံ တွင် အလုပ် လုပ်ခဲ့
ဘူးသူ) ထိုင်နေစဉ် အမည်မသိ အရပ်ဝတ် ၂ဦး က အတင်း ၀င်ရောက်ဖမ်းချူပ်ထိုးကြိတ်
ခဲ့ ရာ သားကြီး က အတင်း ရုန်းထွက်ပြီး အနီးအနားရှိ လူများအား အကူအညီ တောင်းရာ
လူအချို့ ရောက် လာစဉ် လူ၂ဦး ထဲမှ တယောက်က သေနတ်ထုတ် ၍ အနားကပ်ရင်ပစ်
မယ် ဟု ခြိမ်းခြောက် သဖြင့် မည်သူမှ မ၀င်ရောက် ရဲဘဲ ရှိစဉ် သားကြီးက ချုပ်ထားသူ
လက်မှ ရုန်းထွက်ပြီး လူအုပ်ကြား ထဲ ပြေးဝင် သဖြင့် နောက်မှ သေနတ် ဖြင့် ၂ချက်ပစ်
လိုက်ရာ ၁ချက်မှာနောက်ကျောယာဘက်သို့ထိမှန်သွားပြီးလဲကြ သွားသဖြင့် အနီးရှိ
ကုန်ထမ်း သမား ကလေးတဦးက သူ ယခင်က အလုပ်လုပ် ခဲ့ဘူးသောစက်ရုံ သို့သွား၍
အကြောင်းကြား ပေးခဲ့ ပါသည်။

စက်ရုံ မှ အလုပ်သမားများရောက်လာပြီး ဆေးရုံသို့ ပို့ပေးခဲ့ ရပါသည်၊ ဆေးရုံရောက်ပြီး
၃း၃၀ ခန့်တွင် ခွဲစိတ်ခန်းသို့ဝင်ပြီး ၆း၃၀ ခန့်တွင် အရေးပေါ်သို့ ပြန်ရောက်ခဲ့ ပါသည်။
ဆေးရုံက ၅၀ရာခိုင်နှန်းကောင်းသွား ပြီဟု ပြောသော်လည်း ၇း၃၀ ခန့် တွင် သေဆုံး
သွားပါ သည်။
မည်သည့် အကြောင်းဟု သေချာစွာ မပြောနှိုင်သေးပါ။
အပြည့်အစုံသို့ >>

Tuesday, 12 January 2010

ဂျော်ဒန်တွင် မြန်မာလုပ်သားများ သပိတ်မှောက်

.ဆလိုင်းပီပီ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ခ်ျ လုပ်သားများနှင့် ခိုက်ရန် ဖြစ်ပွါးပြီးနောက် ဂျော်ဒန်နိုင်ငံရှိ တရုတ် အထည်အလိပ် ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမ ငါးရာကျော်သည် ကုမ္ပဏီထံမှ အသက်အာမခံ တောင်းဆိုနေကာ ၆ ရက်မြောက်ဆက်တိုက် အလုပ် မဆင်းဘဲ နေကြသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာအလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမား တဦးတို့ ခိုက်ရန် ဖြစ်ပွါးခဲ့ပြီးနောက် သူတို့အနေနှင့် မလုံခြုံကြောင်း၊ သူတို့ အသက် အာမခံအတွက် တောင်းဆိုထားကြောင်း Ar Ramtha ရှိ Century Miracle Ltd. စက်ရုံမှ မြန်မာလုပ်သားများက ပြောသည်။

.
မြန်မာအလုပ်သမ အေးမြစန္ဒာသည် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတဦး၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို ခံရကြောင်း မြန်မာ အလုပ်သမားများက ပြောဆိုကြပြီး ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်ကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ဤသို့ စန္ဒာကို တိုက်ခိုက်ပြီးနောက် အခြား ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားများကလည်း ကျန် အလုပ်သမားများကို ဆက်လက် ရိုက်နှက်ခဲ့ကြကြောင်း၊ ထို့ကြောင့် အနည်းဆုံး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြကြောင်း မြန်မာ အလုပ်သမားများက ပြောသည်။

သို့သော် ကုမ္ပဏီ အုပ်ချုပ်ရေး မန်နေဂျာ Nayef Obeidat က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားရာတွင်မူ စန္ဒာကသာ ယခုပြဿနာကို စတင်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားကို စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

`ကျနော်တို့ တခြားနိုင်ငံသား အလုပ်သမား မျက်မြင်သက်သေတွေဆီက ထွက်ချက်တွေ ယူထားပါပြီ။ ကျနော်တို့ဆီမှာ တရုတ်၊ သီရိလင်္ကာ နဲ့ဂျော်ဒန် နိုင်ငံသား အလုပ်သမားတွေ ရှိပါတယ်။ သူတို့ပြောတာ ကြားရတာကတော့ မြန်မာမိန်းကလေးက ပြဿနာကို စတင်တယ်လို့ ဆိုပါတယ်။ သူက ဘင်္ဂါလီ အလုပ်သမားကို ပစ္စည်းတွေနဲ့ ပေါက်တာ၊ ဒါနဲ့ ဘင်္ဂါလီက ပြန်လုပ်တာ´ ဟု Nayef Obeidat ကပြောသည်။

`နောက်တော့ မြန်မာ အလုပ်သမားတွေက ကပ်ကျေးတွေ တခြားရရာပစ္စည်းတွေနဲ့ ဘင်္ဂလား အလုပ်သမားတွေကို ပေါက်တော့တာဘဲ။ ဒါနဲ့ ဘင်္ဂါလီတွေက စပြီး ပြန်လုပ်တော့တာပါ´ ဟု သူက ရှင်းပြသည်။

မြန်မာ အလုပ်သမား အချို့ ဒဏ်ရာ အနည်းငယ်စီ ရရှိကြောင်း သူတို့ကို ဆေးဝါးကုသပေးနေကြောင်း၊ ဘင်္ဂါလီ လူမျိုး အလုပ်သမား ၅ ဦးလည်း ဒဏ်ရာ အနည်းငယ်စီ ရသွားကြောင်းလည်း သူက ဆက်လက် ပြောဆိုသည်။

ကုမ္ပဏီ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ဘင်္ဂါလီနှင့် မြန်မာ အလုပ်သမားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် စေလွှတ်ရန် စဉ်းစားနေပြီး၊ ပြဿနာ ပြေလည်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများကိုမူ ဆက်လက် လုပ်ဆောင်နေသည်ဟု Obeidat က ပြောသည်။

`ကျနော်တို့က ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း သိမ်သိမ်မွေ့မွေ့ ဖြေရှင်းဘို့ကြိုးစားနေပါတယ်´ ဟု သူကပြောသည်။

သို့သော် အမည်မဖော်လိုသူ မြန်မာအလုပ်သမ တဦးက မဇ္ဈိမသို့ ပြောကြားရာတွင်မူ ကုမ္ပဏီ၏ ပြောဆိုချက်သည် မမှန်ကန်သော ထွက်ဆိုချက်များပေါ်တွင်အခြေခံထားခြင်းသာဖြစ်ပြီး ဘင်္ဂါလီ အလုပ်သမားများက ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်ရသည့်အတွက် သူတို့အနေဖြင့် အလုပ်ခွင်သို့ ပြန်မသွားရဲကြကြောင်း ပြောသည်။

သူမ၏အပြောအရ စန္ဒာသည် ဇန်နဝါရီလ ၅ ရက်နေ့က ဘင်္ဂါလီ အလုပ်သမားများကြားတွင် အလုပ် မလုပ်လိုကြောင်း ပြောကြားခဲ့သည့်အတွက် အတူ အလုပ်လုပ်ကိုင်သူ ဘင်္ဂါလီ အလုပ်သမားက ပါး ၃ ခါ ရိုက်သည်ကို ခံခဲ့ရသည်ဟု ဆိုသည်။

ထိုသို့ ပြဿနာ စဖြစ်ပြီးနောက် အခြားအလုပ်သမားများက အခင်းဖြစ်ပွါးရာသို့ အပြေးသွားကြရာ အခြားဘင်္ဂါလီ လုပ်သားများ၏ ထပ်မံ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဆိုပါသည်။

`ဘင်္ဂါလီ အလုပ်သမားက အေးမြတ်စန္ဒာကို ပါးရိုက်လို့ ပြဿနာစဖြစ်တာပါ။ သူက ဘင်္ဂါလီ အလုပ်သမားတွေ ကြားထဲမှာ အလုပ်မလုပ်ချင်ဘူး။ မြန်မာ အလုပ်သမားတွေလုပ်တဲ့ လိုင်းမှာဘဲ အတူတူ အလုပ် လုပ်ချင်တယ်ပြောလို့ ပါးရိုက်ခံရတာပါ´ ဟု မြန်မာ အလုပ်သမ တဦးက ပြောသည်။

`တရုတ်နဲ့ ဂျော်ဒန် အလုပ်သမားတွေသာ ဝင်မဖျင်ရင် ကျမထင်တယ်၊ ကျနော်တို့အားလုံး သေကြမှာဘဲ´ ဟု မြန်မာ အလုပ်သမတဦးက ပြောသည်။ သူတို့ကို ဘင်္ဂါလီ အလုပ်သမား တရာကျော်က ခါးပတ်များ၊ ချည်ရစ်လုံးများ၊ ကုလားထိုင်များ၊ မီးချောင်းအကွဲများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်ဟုလည်း သူမက ဆက်ပြောသည်။

မြန်မာ အလုပ်သမားများက ကုမ္ပဏီက သူတို့ တောင်းဆိုချက်များကို မလိုက်လျောမချင်း အလုပ်ပြန် မဆင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က ကုမ္ပဏီကို အသက်အာမခံထားပေးရန်၊ စော်ကားခံရသူ မြန်မာမိန်းကလေးကို လျော်ကြေးပေးရန်၊ လွန်ခဲ့သော ၆ ရက်လုံးလုံး အလုပ်မဆင်းသည့် မြန်မာ အလုပ်သမားများအား ဒဏ်ငွေ ပေးခိုင်းခြင်းတို့ကို ပြန်လည် ရုပ်သိမ်းစေရန်တို့ကို တောင်းဆိုထားခဲ့ကြသည်။

`ကျမတို့က အလုပ်ပြန်မဆင်းရဲဘူး။ အသက် အာမခံပေးဘို့နဲ့ ကုမ္ပဏီက လုံခြုံရေးအတွက် အစီအစဉ်တွေ လုပ်ပေးစေချင်တယ်´ ဟု သူမကပြောသည်။

သို့သော် Obeidat ကမူ ` ကျနော်တို့ စက်ရုံမှာ အသက်အာမခံဆိုတာ မရှိဘူး၊ စက်ရုံက အလုပ်သမားတွေ အတွက် မတော်တဆ ထိခိုက်မှု အာမခံဘဲရှိတယ်´ ဟု ပြောသည်။

သူတို့အနေဖြင့် အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်း၊ ဂျော်ဒန် အလုပ်သမား ဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း သူက ပြောသည်။ မြန်မာ အလုပ်သမားများ၏ လုံခြုံရေးအတွက် မြန်မာအလုပ်သမားများကို အာမခံချက် ပေးထားကြောင်း Obeidat က ဆက်လက် ပြောကြားသည်။

CM Textile Company တွင် အလုပ် လုပ်ကိုင်နေသော မြန်မာ အလုပ်သမပေါင်း ၅၈၀ ရှိပြီး သူတို့ကို ရန်ကုန်မြို့ရှိ စည်းစိမ်သစ် အလုပ်သမား အေဂျင်စီကတဆင့် အလုပ်ရရှိခဲ့ခြင်း ဖြစ်ကြသည်။

ဂျော်ဒန် နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော မြန်မာနှင့် ဘင်္ဂါလီ အလုပ်သမားများအကြား ဖြစ်ပေါ်နေသော ပြဿနာကို သူတို့ သိရှိပါကြောင်းနှင့် ဤကိစ္စအတွက် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း စည်းစိမ်သစ် မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဤခိုက်ရန်ဖြစ်ပွါးမှုကို တနင်္လာနေ့ညနေတွင် ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ ဆွေးနွေးရာတွင် မြန်မာ အလုပ်သမားများ၊ အလုပ်သမား အေးဂျင့်များနှင့် ဂျော်ဒန် အလုပ်သမား ဝန်ကြီးဌာနတို့ပါဝင် သည်ဟု ကုမ္ပဏီက ပြောသည်။

(မုံပီး တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP