Saturday, 29 May 2010

သက်တမ်းတိုးရန် ဆေးမစစ်ရသေးသည့် မြန်မာအလုပ်သမားများ စိုးရိမ်

မြတ်ခိုင်ဦး / ၂၈ မေ ၂၀၁၀

အလုပ်သမားလက်မှတ် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံးထား သတ်မှတ်ခဲ့သော်လည်း အချို့အလုပ်ရုံများရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ဆေးစစ်မှတ်တမ်းပင် မပြုလုပ်ရသေး၍ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသော အိမ်နီးချင်း (၃) နိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမားလက်မှတ်ကို တနှစ်တခါ သက်တမ်းတိုးကြရသည်။ ထိုသို့ သက်တမ်းတိုးခြင်းကို ၂၀၁၂ အထိ ခွင့်ပြုမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ (၁၉) ရက်တွင် တရားဝင်ကြေညာခဲ့သည်။

သို့သော် ယခုအချိန်အထိ အလယ်အဆင့်ဖြစ်သော ဆေးမှတ်တမ်းလက်မှတ်အတွက် ဆေးစစ်ခြင်းအဆင့် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ကျန်ရှိနေကြသေးသည်။

နခွန်ပသွန်ခရိုင်၊ စံဖန်မြို့နယ်အတွင်းရှိ၊ ရပ်ကွက်အမှတ် (၉)၊ လမ်းအမှတ် (၅) တွင် တည်ရှိသော leam Thong Co.Ltd ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၁,၀၀၀) ကျော်အနက် အတော်များများသည် ဆေးစစ်ခြင်းအဆင့်ကိုပင် မပြုလုပ်ရသေးကြောင်း၊ သို့သော် အလုပ်သမားလက်မှတ်လုပ်ရန် ကျသင့်ငွေ (၃,၈၅၀) ဘတ်ကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်းကပင် လုပ်အားခထဲမှ ဖြတ်ယူထားပြီးဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုမိုးဦးက “ကျနော်မနှစ်က ဇွန်၊ ဇူလိုင် အလုပ်သမား လက်မှတ်အသစ် စလုပ်ပေးကတည်းက ဒီမှာ လုပ်နေတာပါ။ အရင် ဘတ်ပန်းရောင် အဟောင်းကတော့ အခုထိရှိပါတယ်။ ကျနော်တို့ တနေ့ကို (၂၀၅) ဘတ် ရပါတယ်။ အိုဗာတိုင်ကတော့ ဆင်းရရင် တနာရီ (၃၈) ဘတ်ပေးပါတယ်။ ဒီနှစ် ဘတ်သော် (သက်တမ်းဆက်ခြင်း) ဖို့အတွက် (၂) လပိုင်းကုန်ကတည်းက အကုန်ပေးပြီးပါပြီ။ အခုက ကျနော်တို့ကို ငွေသွင်းပြေစာနဲ့ ထော်ရော် ၃၈ (ယာယီနေထိုင်ခွင့် ထော်ရော် ၃၈/၁) ပဲ ပေးထားပါတယ်။ သွေးစစ်ဖို့မေးတော့ (၆) လပိုင်း (၂၀) ရက်နေ့မှ စစ်ရမယ်လို့ပြောပါတယ်။ အဲဒါနဲ့ ကျနော်တို့က ဒါဆို ဘတ် (၁,၈၀၀) သွင်းထားတဲ့ ချလန်ပေးပါဆိုတော့ မပေးနိုင်ဘူးလို့ ပြောတယ်။ တကယ်လို့ ကျနော်တို့က သူတို့ သွင်းမထားပေးရင် နောက်ထပ် (၁,၈၀၀) ထပ်သွင်းရမယ်ဆိုရင် အရမ်းနစ်နာပါတယ်။ အလုပ်ကထွက်ရင် သွေးပေးမစစ်တော့ဘူးလို့ပြောတယ်” ဟု ဆိုသည်။

ယမန်နှစ် သြဂုတ်လမှစ၍ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် မရှိသေးသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင်စေရန် မှတ်ပုံတင်ခွင့်ကို ထိုင်းအစိုးရက အသစ်တဖန် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ထိုသို့ အလုပ်သမားများ မှတ်ပုံတင်ရာတွင် ယာယီနေထိုင်ခွင့် လျှောက်ထားခြင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးစစ်မှတ်တမ်းယူခြင်း၊ ထို့နောက် ယာယီအလုပ်လုပ်ခွင့် လျှောက်ထားခြင်း စသော အဓိကအဆင့်များကို ပြုလုပ်ရပြီးနောက် ထိုင်းနိုင်ငံရှိ မှတ်ပုံတင်ထားရာ ခရိုင်အတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

သို့သော် အချို့လုပ်ငန်းရှင်များသည် ဘတ်ငွေ (၁၀၀) ခန့်သာကုန်ကျသော ယာယီနေထိုင်ခွင့်ကိုသာ လျှောက်ထားပေးကြပြီး အလုပ်လုပ်ကိုင်ခွင့် လျှောက်သည့်အဆင့်ကို မလုပ်ပေးကြပေ။ သို့အတွက် အာဏာပိုင်များက ဝင်ရောက်စစ်ဆေးလျှင် ယာယီနေထိုင်ခွင့်သာရှိပြီး ယာယီအလုပ်လုပ်ကိုင်ခွင့် မရှိသဖြင့် ဖမ်းဆီးအရေးယူခြင်းခံရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ခံတဦးက “ကျနော်တို့ သိရသလောက် ဒီအဆင့်တွေက အခုဆိုပြီးနေရမှာ။ ဘာလို့ အဲဒီလို ဖြစ်သလဲဆိုတာ တနင်္လာနေ့ရုံးဖွင့်ရင် အဲဒီဒေသက အလုပ်သမားရုံးကို လှမ်းမေးရမယ်” ဟု ဆိုသည်။

အချို့သော လုပ်ငန်းများရှိ မန်နေဂျာ (ဖူးချွေကမ်း) နှင့် အလုပ်သမားခေါင်းများသည် အလုပ်သမား လက်မှတ်လုပ်ရန်ဟုဆိုကာ ကြိုတင်ငွေ ကောက်ခံလေ့ရှိပြီး အမှန်တကယ် မလုပ်ပေးချင်၍ အလုပ်သမားများအား အလုပ်မှစိတ်ပျက်ကာ ထွက်ခွာသွားစေရန် ပြုမူလေ့ရှိကြသည်။

သို့အတွက် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာပြီးနောက်ပိုင်း မိမိတို့အခွင့်အရေး တောင်းဆိုရန် ကြိုးပမ်းသောအခါ မအောင်မြင်မှုများ ကြုံတွေ့ရသည့်အတွက် အလုပ်သမားတိုင်း မိမိလုပ်ဆောင်ရမည့် လက်ဝယ်ကိုင်ဆောင် ထားရှိရမည့် အချက်အလက်များ အထောက်အထားများကို နားလည်အောင် ကြိုးပမ်းရန်လိုကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူများမှ တိုက်တွန်းထားသည်။
အပြည့်အစုံသို့ >>

ထိုင်းလုပ်သားများ လျော်ကြေးရ၊ ရွှေ့ပြောင်းအလုပ်သမားများ မသေချာသေး

မြတ်ခိုင်ဦး /၂၇ မေ ၂၀၁၀

ဆန္ဒပြကာလအတွင်း နစ်နာခဲ့မှုများအတွက် အခြေခံအလုပ်သမားများအား လျော်ကြေးပေးရန် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြုလုပ်သည့် ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ ကတ်ဘိနက်အစည်းအဝေးမှ သဘောတူညီလိုက်သည်။ ယင်းအစည်းအဝေးတွင် အခြေခံအလုပ်သမားများအား ဆန္ဒပြကာလအတွင်း နစ်နာခဲ့မှုများအတွက် တဦးလျှင် ဘတ် (၇,၅၀၀) စီ လျော်ကြေးအဖြစ် ပေးရန် သဘောတူခဲ့ကြောင်း သိရသည်။ သို့သော် ထိုလျော်ကြေး သတ်မှတ်ပေးရာတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်မည် မပါဝင်မည်ကို တိတိကျကျ မသိရသေးပေ။ ထိုင်းနိုင်ငံအတွင်းရှိ လူမှုဖူလုံရေး ရန်ပုံငွေ ပေးသွင်းထားသော အခြေခံအလုပ်သမားအားလုံး ယင်းလျော်ကြေးအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။

လူမှုဖူလုံရေးရန်ပုံငွေသည် လုပ်ငန်းအသေးစားနှင့် ဈေးအရောင်းအဝယ် လုပ်ငန်းတို့တွင် အလုပ်သမား လစာပမာဏကို မူတည်၍ အလုပ်သမားက (၃.၅) ရာခိုင်နှုန်းနှင့် အလုပ်ရှင်က (၅) ရာခိုင်နှုန်း အစိုးရသို့ ထည့်ဝင်ပေးသွင်းကြရခြင်းဖြစ်သည်။ ထိုသို့ထည့်ဝင်ထားမှုကြောင့် အစိုးရမှ အကျပ်အတည်းကာလတွင် ပြန်လည်ထောက်ပံ့ပေးခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက လာမည့်တနင်္ဂနွေနေ့တွင် ရွှေ့ပြောင်းအလုပ်သမားများ မည်မျှထိနစ်နာခဲ့ကြောင်း တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းယူမည်ဖြစ်ကြောင်း၊ ထိုမှတ်တမ်းအရ လုပ်ဆောင်စရာရှိသည်တို့ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေး လုပ်ငန်းကော်မတီမှ တွဲဖက်ဒါရိုက်တာ ဦးမြင့်ဝေက “အခုဟာက ရွှေ့ပြောင်းအလုပ်သမားတွေက နေ့စားတွေများတယ်။ (၂) လလောက်က အလုပ်လုပ်မရတော့၊ အိမ်လခပေးဖို့တို့၊ ထမင်းစားဖို့တို့ တော်တော် အခက်အခဲဖြစ်တယ်။ လူမှုဖူလုံရေး ရန်ပုံငွေ မထည့်ထားပေမယ့်လည်း ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ပေးဖို့သင့်တယ်။ ဘာလို့လဲဆိုတော့ ဒီ (၂) လအတွင်း အလုပ်ရှင်ကလည်း ပေးမှမပေးနိုင်တာ” ဟု ဆိုသည်။

ဆန္ဒပြကာလအတွင်း နစ်နာမှုနှင့်ပတ်သက်၍ ဆန္ဒပြရာနေရာအနီး ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေသော ကိုအောင်ထူးက “ကျနော်ဆို (၈) ရက်လုံးလုံး အိမ်ထဲမှာ နေလိုက်ရတယ်။ ဘယ်မှထွက်လို့ မဖြစ်ဘူး။ ဒီ (၂) လအတွင်း ဈေးမရောင်းရတာတွေ များတော့ သူဌေးတွေကလည်း မပေးနိုင်တော့ဘူး။ အစပိုင်းတုန်းက တဝက်လောက် ပေးတဲ့သူတွေ ရှိသေးတယ်။ အခုဆို အလုပ်လက်မဲ့ ဖြစ်နေကြတာ အများကြီးပဲ။ နောက် သုံးလေးရက်ဆို ကျနော်တို့က အိမ်လခပေးရတော့မယ်၊ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား (၈၀) ရာခိုင်နှုန်းခန့်သည် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ကိုင်စဉ်ကတည်းကပင် ပွဲစားများနှင့် လုပ်ကိုင်ခဲ့သဖြင့် ၎င်းတို့အလုပ်ရှင်နှင့် အလုပ်သမားတို့မှာ ကိုက်ညီမှု မရှိကြသည့်အတွက် ပွဲစားနှင့် လက်မှတ်လုပ်ကိုင်ခြင်း ရှောင်ရှားပြီး လုပ်ငန်းရှင်နှင့် တိုက်ရိုက်လုပ်ကိုင်သင့်ကြောင်း အလုပ်သမားရေး လုပ်ကိုင်နေသူများက သတိပေးထားသည်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းကျောင်းဆရာများ စွမ်းရည်မြှင့် သင်တန်းတက်

ရဲရင့် / ၂၆ မေ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ပညာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ မြန်မာရွှေ့ပြောင်း ကျောင်းဆရာများအတွက် မဲဆောက်မြို့တွင် စွမ်းရေမြင့်တင်ရေး မွန်းမံသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) က ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ရှေ့လတွင်စတင်မည့် ပညာသင်နှစ်၌ တပ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် ဆရာများ၏ ပညာသင်ကြားမှု စွမ်းရည်ပိုမို မြှင့်တင်ပေးခြင်းဖြစ်သည်ဟု အဖွဲ့၏ဒါရိုက်တာ ဆရာမ နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။



၎င်းက “ဒီသင်တန်းက ကလေးတွေအတွက် ပညာရေးအထောက်အကူဖြစ်စေတဲ့အပြင် ကျောင်းဆရာတွေကိုလည်း ပညာရေးပိုင်းဆိုင်ရာ ပို့ချရေး နည်းစနစ် အထောက်အကူတွေ အများကြီးရရှိစေတယ်။ နောက်ပြီး အရည်အချင်းရှိတဲ့ ကျောင်းဆရာတွေ အရည်အသွေး တိုးတက်ဖို့အတွက်နဲ့ ကျောင်းတိုင်း သင်ရိုးတွေကို တပြေးညီသင်ကြားနိုင်ဖို့ အတွက်ဖြစ်တယ်” ဟု ပြောသည်။

မေ (၂၄) ရက်မှ စသည့် (၅) ရက်ကြာ မွန်းမံသင်တန်းကို BMWEC အဖွဲ့မှ နည်းပြများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာပညာရေးအဖွဲ့အစည်း (၂) ဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ မူကြိုကျောင်းဆရာများ သင်တန်း၊ ကျောင်းအုပ်သင်တန်း၊ ကျောင်းဒါရိုက်တာသင်တန်း၊ ဆရာဆရာမအသစ် သင်တန်းများ ပါဝင်သည်။

ပြည်တွင်းရွှေ့ပြောင်းကျောင်း (၁၂) ကျောင်းအပါအ၀င် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မဲလမ၊ ဖို့ဖ၊ ထာ့ဆောင်ရမ်း စသည့် (၄) မြို့နယ်မှ ရွှေ့ပြောင်းကျောင်းဆရာ (၄၀၀) ခန့် သင်တန်း တက်ရောက်ခဲ့ကြသည်။

ရိုးစင်းသည့် နည်းစနစ်ပိုင်းဆိုင်ရာများကို ပြည်ပနည်းပြများထံမှ ရရှိခဲ့သဖြင့် သင်ကြားမှုအထောက်အကူ ပိုမိုရခဲ့သည်ဟု ပြည်တွင်းရွှေ့ပြောင်းကျောင်းမှ ဆရာမ နော်ခူးက ပြောသည်။

မူကြိုဆရာမတဦးဖြစ်သူ မရီရီက “ကလေးတွေကို ဗဟိုပြုသင်ကြားရေး ကဏ္ဍကတော့ မူကြိုကျောင်းဆရာတွေအတွက် ထိရောက်တန်ဖိုးရှိတဲ့ နည်းစနစ်တွေဖြစ်တော့ ကျမတို့အတွက် တကယ့်ကို အထောက်အပံ့ဖြစ်စေတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း (၄) မြို့နယ်တွင် မြန်မာရွှေ့ပြောင်းကျောင်း (၆၁) ကျောင်းရှိပြီး ကလေးငယ် (၁၂,၀၀၀) ခန့်ပညာသင်ကြားလျက်ရှိကာ အခြေအနေအရပ်ရပ်ကြောင့် စာသင်ကြားခွင့်မရသည့် ကလေးငယ်ပေါင်း (၂၀,၀၀၀) ခန့် ရှိသည်ဟု BMWEC အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။
အပြည့်အစုံသို့ >>

Tuesday, 25 May 2010

နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည်

 မြတ်ခိုင်ဦး   /   ၂၄ မေ ၂၀၁၀


မလေးရှားအစိုးရမှ နိုင်ငံတွင်းရှိ အလုပ်လုပ်ခွင့်သက်တမ်း ကျော်လွန်ပြီး နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများ၊ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားများအား အရေးယူခြင်းမရှိဘဲ မိမိနိုင်ငံသို့ ပြန်ခွင့်ပြုတော့မည်ဖြစ်သည်။

မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးအရေးယူမှုများ မလုပ်ဘဲ သက်ညှာခွင့်ပြုသည့်အနေဖြင့် မကြာခင်ကာလအတွင်း မိမိနိုင်ငံရင်းသို့ ပြန်လည်ထွက်ခွာခွင့်ပြုတော့မည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် သောကြာနေ့က ဖော်ပြသည်။
အစိုးရကတ်ဘိနက်အဖွဲ့ဝင် ဝန်ကြီး (၁၇) ဦးအပါအ၀င် အစိုးရအေဂျင်စီများပါ တက်ရောက်သည့် နိုင်ငံခြားသားနှင့် တရားမဝင်အလုပ်သမားများအရေး ဆွေးနွေးသည့် အစည်းအဝေးတွင် ဒု-ဝန်ကြီးချုပ် တန်စရီမူဟစ်ဒင်ယာဆင်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခု မလေးရှားအစိုးရက ထုတ်ပြန်သည့် သက်ညှာခွင့်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံနှင့် အိမ်အကူ အလုပ်သမားများ ခံစားခွင့်ရှိမည်ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် သက်ညှာခွင့်ပြုခဲ့သော ၂၀၀၂ ခု နှင့် ၂၀၀၄ ခုနှစ်တို့တွင်လည်း ရာထောင်ချီသော အလုပ်သမားအများအပြား အိမ်ပြန်ခဲ့ကြသည်။

ထိုသတင်းနှင့်ပတ်သက်၍ အလုပ်လုပ်ခွင့်သက်တမ်းကျော်လွန်ပြီး နေထိုင်ခွင့်ပါလွန်နေသူ မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ကျနော်က မြန်မာနိုင်ငံ ဧရာဝတီတိုင်း လပွတ္တာမြို့ကပါ။ ဒီမှာ သံပန်း သံတခါးလုပ်ငန်းမှာ ဆေးမှုတ်ပါတယ်။ နာဂစ်ဖြစ်ပြီးကတည်းက ပြန်ချင်နေတာ အိုနေတော့ ပြန်ဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်တာ။ အခုတော့ ပြန်ဖို့ အဆင်ပြေသွားတယ်။ ဟိုမှာ မိသားစု အဆင်ပြေလို့ ပြန်တာမဟုတ်ပါဘူး။ ရောက်နေတာလည်း (၆) နှစ်ကျော်သွားပြီ။ နာဂစ်တုံးက ဖရိုဖရဲ ဖြစ်သွားတဲ့ မိသားစုဘ၀လေးကို ကိုယ်ဖိရင်ဖိ ကူညီချင်လို့ ပြန်တာပါ။ ကျနော့်မှာ ပါတ်စပို့ရှိတယ်၊ သက်တမ်းကတော့ အင်တုံးထုထားတယ်။ မင်္ဂလာဒုံလေဆိပ်ကြမှပဲ အင်တုံးကိစ္စကို ငွေပေးပြီးရှင်းရမှာပေါ့” ဟု ဆိုသည်။

မပြန်တော့ဟု ဆုံးဖြတ်ထားသည့် အလုပ်သမားတဦးကမူ “ကျနော် ဒီကိုရောက်တုန်းကတော့ တရားဝင်ပါ။ နောက်ပိုင်းစက်ရုံမှာ လစာမကောင်းလို့ အခုလုပ်နေတဲ့ တွင်ခုံလုပ်ငန်းမှာ ၀င်ခုပ်နေပါတယ်။ ဘယ်လိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးပေး ကျနော်ကတော့ မပြန်ဘူး။ ဒီနိုင်ငံမှာ ဘာပဲဖြစ်ဖြစ် တလကို (၁) သိန်းလောက် အိမ်ကို ငွေပြန်ပို့ပေးနိုင်သေးတယ်။ ဟိုကိုပြန်သွားရင် အလုပ်မရှိဘဲ မိဘဆီက ငွေပြန်တောင်းနေရမယ်။ အဖမ်းအဆီးတွေကြမ်းလို့ အဖမ်းခံရတော့မှပဲ ပြန်တော့မယ်။ ကျနော်တို့ အရင်ရောက်တဲ့သူတွေ ပြောသလို မလေးရှား မိုးကုန်မှ ပြန်မယ်ဗျာ။ မလေးရှားက အမြဲတမ်း မိုးရွာနေတော့ မိုးမကုန်ဘူးလေ” ဟု ဆိုသည်။

နိုင်ငံခြားသား အလုပ်သမားများအား သက်ညှာခွင့်ပေးမည်ဟု မလေးရှားအစိုးရက ထုတ်ပြန်ပြောဆိုနေသကဲ့သို့ နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လာနေမှုကို ထိန်းချုပ်သောအားဖြင့် အလုပ်သမားခွန်ကိုလည်း နောက်နှစ်မှစ၍ လုပ်ငန်းပိုင်း ကဏ္ဍအလိုက် သော်လည်းကောင်း၊ အလုပ်သမားအရည်အသွေးအရ သော်လည်းကောင်း တိုးမြှင့်ကောက်ခံသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် အလုပ်သမားအခွန်(လဲဗီး) တိုးမည်ဆိုသည့်အစီအစဉ်ကို ကုန်သည်ကြီးများအဖွဲ့အချို့မှ ကန့်ကွက်ကြောင်း ကြေညာသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ကိုင်နေသော Burma Campaign Malaysia မှ ဒါရိုက်တာ ကိုထွန်းထွန်းက “ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်းမှာ အလုပ်သမားခွန် (လဲဗီး) ကို ထပ်မံတိုးမြှင့်မယ်လို့ ကြေညာတာကို ကြည့်ခြင်းအားဖြင့် မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို ထပ်မံခေါ်ယူဖို့ ကန့်သတ်မှုတွေ လုပ်တော့မယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ၂၀၀၄ ခုနှစ်တုန်းက မြန်မာတွေ တော်တော် ပြန်ကြတယ်။ ဒီတခေါက်မှာ ပြန်မယ့်သူနည်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကပြန်တဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ မလေးကို ပြန်ရောက်လာကြတယ် ” ဟု ပြောသည်။

၂၀၀၄ ခုတွင် သက်ညှာမှုပေးစဉ်က နိုင်ငံပေါင်းစုံမှ အလုပ်သမား (၂၃၀,၀၀၀) ပြန်သွားခဲ့ကြပြီး၊ မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှထုတ်ပေးသည့် CI ဆိုသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက် တနည်းအားဖြင့် နေရပ်ရင်းပြန်ရန် ထုတ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်ကြေးကို မပေးချင်သောကြောင့် လူကုန်ကူးသူများကို အားကိုးခဲ့ကြသည့်အတွက် ရင်းဂစ် (၉၅၀) ကုန်ကျခဲ့ကြကြောင်း၊ လူကုန်ကူးသူများအတွက် အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု သက်ညှာခွင့်အစီအစဉ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သို့မှ ထူးခြားမည်မဟုတ်ကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်စားသောက်ရသည်မှာ မလွယ်ကူသဖြင့် မလေးရှားမှာပင် ဖြစ်သလိုရှာဖွေ ရပ်တည်ရခြင်းက ပိုမိုအဆင်ပြေနေသဖြင့် ပြန်ပါဆိုသော်လည်း မပြန်ဘဲ ဆက်လက် အလုပ်လုပ်ကိုင်နေကြဦးမည် ဖြစ်သည်ဟု အလုပ်သမားတဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာအုပ်စုကမူ ထိုသက်ညှာခွင့်အစီအစဉ်တွင် ၎င်းတို့အား မထည့်သွင်းဘဲ ပလပ်ပေးပါရန်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သော်လည်း ယခင် ၂၀၀၂၊ ၂၀၀၄ ခုနှစ် သက်ညှာခွင့်တို့တွင် ရိုဟင်ဂျာများအား အစုလိုက် အပြုံလိုက် ပြန်ပို့ခြင်းခံခဲ့ရသည့်အတွက် ထိုသို့မဖြစ်ပွားစေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘနားမားသတင်းစာတွင် ဖော်ပြထားသည်။

ထိုသက်ညှာခွင့်သည် အစိုးရ၏သဘောတူညီချက် အဆင့်သာဖြစ်ပြီး မည်သည့်အချိန် စတင်၍ မည်သည့်အချိန်တွင် အဆုံးသတ်မည် ဆိုသည်တို့ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
အပြည့်အစုံသို့ >>

လူမှောင်ခိုတင်ဆောင်လာသည့်ကား တိမ်းမှောက် (၁၃) ဦးသေ၊ (၁၅) ဦး ဒဏ်ရာရ



ရနောင်းမြို့မှ ဘန်ကောက်သို့ လူမှောင်ခိုကူး တင်ဆောင်လာသော ကားတစီးတိမ်းမှောက်သဖြင့် မြန်မာပြည်သား (၁၃) ဦး သေဆုံးသွားသည်။ ယမန်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြန်မာပြည်သားများအား တင်ဆောင်လာသော လူမှောင်ခိုကူးကားသည် ထိုင်းနိုင်ငံတောင်ပိုင်း ပတ်ဘူရီခရိုင်ရှိ ချာအမ်မြို့အနီး၊ ပရန်ပူရီလမ်း တောင်တက်တောင်ဆင်းနေရာတွင် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးရာ၌ မောင်းပြေးသဖြင့် လမ်းဘေးချော်ကျကာ သစ်ပင်နှင့်ဝင်တိုက်မိပြီး ကားပေါ်ပါ (၈) ဦး အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်ထပ် (၅) ဦးမှာ ချာအမ်ဆေးရုံတွင် သေဆုံးကာ စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း ချာအမ်ဆေးရုံမှ အတည်ပြုပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်ကားမှာ တိုယိုတာ ဟိုင်းလက်ကားဖြစ်ပြီး မူလကားနံပါတ်သည် ရနောင်းမြို့တွင် မှတ်ပုံတင်ထားသော บง 6701 ဖြစ်ကာ အခင်းဖြစ်စဉ် ဘန်ကောက်၌ မှတ်ပုံတင်ထားသည့် ကားနံပါတ် บข 8683 ကို အသုံးပြုခြင်းဖြစ်သည်။

ထိုကားတွင် တံခါးလေးပေါက်ပါရှိကာ ရှေ့ခန်း မောင်းသူနေရာတန်းတွင် ထိုင်ခုံတပ်ဆင်ပြီး နောက်ခန်းထိုင်ခုံကို ဖြုတ်ထားကာ မြန်မာပြည်သားများအား တင်ဆောင်လာခြင်းဖြစ်သည်။ ကားပေါ်တွင် စုစုပေါင်း လူ (၂၈) ဦးပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ မူလကားကို မောင်းနှင်သူမှာ အိမ်နံပါတ် ၆၈/၂၇ ထမိန်လမ်း ခေါင်န၀င်းမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချင်ဖုန်း ဆာတရူပရာဝင်းဖြစ်ပြီး၊ ယခုကားကို မောင်းနှင်လာခဲ့သူမှာ နေရပ်လိပ်စာ ၄၄/၃ အမှတ် (၃)၊ မွန်းကလန့်၊ ကရပေမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချွန်ဖော်ဘန်စွပ်ဖြစ်သည်။

ထိုသူ၏ အမျိုးသမီးဖြစ်သူ ချန်ထရာပန်စွပ်သည် ရနောင်းခရိုင်မှ မြန်မာအလုပ်သမားကို လက်ခံခဲ့သူဖြစ်ပြီး အခင်းဖြစ်ရာတွင် သူမလည်း ယခု ကားနှင့် ပါဝင်လာကာ ကားမောင်းသူ ချွန်ဖော်မှာ အဆိုပါ အလုပ်သမားများအား မဟာချိုင်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအစိုးရ အာဏာပိုင်များနှင့်နီးစပ်သူတဦးက “ပြောတာက ရဲတွေကို လှည့်စားမှုအနေနဲ့လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်းကလည်း အလုံပိတ်ငါးတင် ရေခဲကားအတွင်း မြန်မာပြည်သားများအား ခိုးယူသယ်ဆောင်မှုကြောင့် အသက်ရှူမွန်းကျပ်ကာ (၅၄) ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် မြန်မာပြည်သားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ယာယီပတ်စပို့ ပြုလုပ်ပေးနေသော်လည်း ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် မြန်မာအလုပ်သမား (၁) သန်းခန့် ရှိနေသေးပြီး ယခုကဲ့သို့ တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။
အပြည့်အစုံသို့ >>

ကော့သောင်းတွင် သံဃာအတုဟု ယူဆရသူများ ဖမ်းမိ

သန်းထိုက်ဦး Monday, May 24, 2010 

တနင်္သာရီတိုင်း ကော့သောင်း မြို့တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာ အယောင်ဆောင်၍ ရောက်ရှိ လာသော မြန်မာ နိုင်ငံသား ၂၄ ဦး ခန့်ကို လွန်ခဲ့သည့် တပတ် အတွင်း၌ အဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အလုပ် အကိုင် ရှာဖွေရန် လာကြသူများ ဖြစ်ပြီး ကော့သောင်း လေဆိပ်နှင့် သင်္ဘောဆိပ် တို့တွင် အာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ကော့သောင်းမြို့တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။  

“ကော့သောင်းက နေပြီးတော့ ထိုင်းနိုင်ငံကို အလုပ် သွားလုပ်ဖို့ကို လာဖို့သွားဖို့ ခက်ခဲတော့ ဘုန်းကြီး ၀တ်နဲ့ဆို လွယ်မှာပဲ ဆိုပြီးတော့ ဘုန်းကြီး ၀တ်ပြီးတော့ လာကြတာ”ဟု ၎င်းက ပြောသည်။

ဘုန်းကြီး ၀တ်များဖြင့် လာကြသူများကို ကော့သောင်းမြို့ရှိ ဆရာတော် တချို့နှင့် အမေးအဖြေ လုပ်ခဲ့ရာမှ သံဃာ အတုများ ဖြစ်သည်ကို ဒေသခံ အာဏာပိုင်များက သိရှိသဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်း ဖမ်းဆီးထား သူများကို ကော့သောင်းမြို့ရှိ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးများတွင် နေရာခွဲ၍ ထိန်းသိမ်း ထားကြောင်း ဒေသခံများက ပြောသည်။

ကော့သောင်းမြို့တွင် ခရီးသည် တဦး အနေဖြင့် ဆွေမျိုး၊ အသိမိတ်ဆွေ မရှိပါက သွားလာနေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

ယင်းသို့ ရောက်ရှိ လာသော ခရီးသည် များကိုလည်း အာဏာပိုင်များက နယ်မြေခံများ၏ အာမခံချက်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို သိမ်းထားကာ မိမိနေထိုင်ရာ အရပ်သို့ ပြန်မှသာလျှင် နိုင်ငံသား ကတ်များကို ပြန်ပေးကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ မွန်ပြည်နယ်နှင့် တခြားမြို့များမှ မြန်မာနိုင်ငံ သားများသည် အလုပ်အကိုင် ရှာဖွေရန် အတွက် ကော့သောင်းမြို့မှ တဆင့် နယ်စပ် ဖြတ်ကျော်၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်လျှက် ရှိကြောင်း သိရသည်။ 

တချိန်တည်းမှာပင် ထိုင်းနိုင်ငံတောင်ပိုင်း ချအမ်း မြို့နယ်တွင် ယမန်နေ့က မြန်မာ ရွှေ့ပြောင်း အလုပ် သမားများကို တင်ဆောင် လာသော ကားတစီး မတော်တဆ တိမ်းမှောက် သွားသောကြောင့် အလုပ်သမား ၉ ဦး သေဆုံး သွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

သေဆုံး သူများသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Saturday, 22 May 2010

ဘန်ကောက် ဆန္ဒပြပွဲကြောင့် မြန်မာတို့လည်း ထိခိုက်

ဘစောတင် Friday, May 21, 2010  ဧရာဝတီ

ရှပ်နီတို့၏ ၂ လကျော်ကြာ ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အများအပြား အခက်အခဲနှင့် ကြုံတွေ့ နေကြသည်။

ဘန်ကောက်ရှိ မီးရှို့ ဖျက်ဆီးခံရသော ကုန်တိုက်များ၊ ရက်ပေါင်းများစွာ ပိတ်ထားသော အဆောက် အအုံများ၊ ဆိုင်များတွင် လုပ်ကိုင်သူ မြန်မာတို့မှာ နေ့စားသမားများ ဖြစ်သောကြောင့် ၀င်ငွေမဲ့နေ ကြသည်ဟု အလုပ်သမား အရေး လုပ်ကိုင်နေသူ တဦးက ပြောသည်။ “သေချာတာ တခုကတော့ အလုပ် သမားတွေ လက်ထဲမှာ ပိုက်ဆံ ပြတ်နေကြလို့  စားဝတ် နေရေး ခက်ခဲ နေတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) ၏ ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့  ရှင်းပြသည်။ ဆန္ဒပြပွဲ များကြောင့် မြန်မာ ပြည်သား များစွာ အလုပ် လက်မဲ့ ဖြစ်သွား သည်ဟု သူက ဆိုသည်။ ပတူနမ်း အရပ်တွင် အလုပ် လုပ်နေသူ ကိုဝေဖြိုး ကလည်း ထိုနည်းတူ ပြောပြသည်။

“နေ့စား ဆိုတော့ အလုပ် မရှိရင် ၀င်ငွေမရှိတော့ဘူး၊ အားလုံး အခက်အခဲ ကြုံနေကြတယ်” ဟု ဆိုသည်။

ရှပ်နီတို့ စခန်းချခဲ့သည့် ဘန်ကောက် မြို့လယ်ရှိ စီးပွားရေး အချက်အချာ ကျသော နေရာသည် ထောင်နှင့်ချီ မြန်မာ ပြည်သားများ အလုပ် လုပ်ကိုင်ခဲ့သည့် နေရာ ဖြစ်သည်။

ပင်လယ် ကမ်းခြေ ဖူးကက် မြို့ တွင်လည်း နိုင်ငံခြားသား ဧည့်သည် အ၀င်နည်းသဖြင့် မြန်မာ အလုပ်သမားတို့ အလုပ်အကိုင် ထိခိုက် ကြသည်ဟု ဖူးကက်တွင် နေထိုင်သူ ဘလော့ဂါ ဦးမင်းဒင်က ဆိုသည်။

“မြန်မာ ထမင်းဆိုင် ပိုင်ရှင် တယောက်က ခါတိုင်း မနက်ပိုင်း ဘတ် ၃၀၀၀ ဖိုးလောက် ရောင်းရတာ ဒီနေ့  ငါးရာ ဖိုးတောင် မရောင်းရဘူးတဲ့။ တချို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာလည်း သူတို့ ရုံးချုပ်က ဘန်ကောက်မှာ ဆိုတော့ ငွေထုတ်ရက်မှာ ငွေထုတ် ပေးနိုင်ပါ့မလား ပူပင် နေကြတယ်” ဟု သူက ပြောသည်။

ဘန်ကောက်မြို့ နှင့် အနီးဆုံးဖြစ်ပြီး မြန်မာ အလုပ်သမား အများဆုံး ရှိသော မဟာချိုင် ဘက်တွင်မူ ထူးထူး ခြားခြား သက်ရောက်မှု မရှိကြောင်း ပင်လယ်ပျော် သမဂ္ဂမှ ကိုတင်ကိုက ပြောသည်။

ဤအတော အတွင်း ရှပ်နီတို့ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ခရိုင် ၂၄ ခု တွင် ညမထွက်ရ အမိန့် ထုတ်ထားသည်။ ၂ လကျော်ကြာ ဆန္ဒပြမှု အတွင်း အနည်းဆုံး ၇၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူ များထဲတွင် ဆန္ဒပြသူများ၊ သတင်းထောက်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သည်။

ဗုဒ္ဓဟူးနေ့မှ သောကြာနေ့ အထိ အစိုးရ ရုံးပိတ်ရက်များ အဖြစ် ကြေညာ ထားသဖြင့် ဘဏ်များမှာ တနင်္လာနေ့မှ ပြန်ဖွင့်ဖွယ် ရှိကြောင်း အများက မျှော်လင့်နေ ကြသည်။ ဆန္ဒပြပွဲ အတွင်း ဘဏ်တချို့ မီးလောင်ပုံ၊  ATM ငွေထုတ်စက် အများအပြား ဖျက်ဆီးခံရပုံ တို့ကိုလည်း ရုပ်မြင်သံကြား သတင်းများတွင် တွေ့ရသည်။

ဘဏ်များ ပိတ်ထား သောကြောင့် ငွေလွှဲရန် အခက်အခဲ ရှိကြောင်း ဘန်ကောက်မြို့ မှ ငွေလွှဲသမား ကိုမောင်မောင်က ပြောသည်။

“ဒီရက်ပိုင်း အတွင်း အဆင်မပြေဘူး။ ဘဏ်တွေ ပြန်ဖွင့်တဲ့နေ့ မှ အဆင်ပြေမယ်” ဟု ပြောသည်။

ဆန္ဒပြမှုကြောင့် နယ်စပ်မှ ကုန်သည် များလည်း ထိခိုက်ကြ သည်ဟု မဲဆောက်မှ ကုန်သည် တဦးဖြစ်သူ ဦးတင်မြင့်က ရှင်းပြသည်။

“အရောင်း အ၀ယ်က လုံးဝ အေးသွားတယ်။ ဘန်ကောက်က ပစ္စည်းတွေ မှာလို့ မရသလို သွားပို့ ဖို့ ကလည်း မဖြစ်ဘူးလေ။ အစစ် အဆေးက အရမ်းများတယ်” ဟု သူက ဆိုသည်။

မတ်လ ၁၂ ရက်နေ့ မှ စတင်ခဲ့သော အနီရောင် ဆန္ဒပြပွဲများ ယခုတပတ် ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ် သွားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာ ပြည်သားတို့ အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲလာ နိုင်သည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူ တဦးက သုံးသပ်သည်။

“ထိုင်းတွေ ကိုယ်တိုင် အလုပ်ပြုတ်။ အလုပ်ရှင်တွေ ကိုယ်တိုင် ပြန်တည် ဆောက်ရမှာ ဆိုတော့ သူတို့ ကိုမှီခို လုပ်ကိုင် စားသောက်ရမယ့် အလုပ် သမားတွေ အတွက်တော့ အတော့်ကို စိုးရိမ်စရာပါ။ ကျနော် ထင်တယ် လေးငါးလ လောက်မှ ပြန်အသားကျလာ နိုင်မှာပါ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ မှ ရွှေ့ ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောဆိုသည်။

ဆန္ဒပြပွဲကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်သွားသည့် ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းခန့် ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP