Tuesday, 18 May 2010

ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမားများအား သတိပေး

ထိုင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အထူးသတိထား၍ အသွားအလာ အနေအထိုင် ဆင်ခြင်ရန်လိုကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြား လိုက်သည်။ ပြီးခဲ့သည့် မတ်လ (၁၂) ရက်မှစတင်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွား နေသော ရာထူးမှအဖြုတ်ချ ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသော အင်္ကျီအနီ ရောင်ဝတ် ဆန္ဒပြသူများနှင့် ထိုင်းအစိုးရတို့အကြား တင်းမာမှုအခြေအနေသည် စိုးရိမ်ရသည့် အနေအထားသို့ ယနေ့ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမားရေး လုပ်ကိုင်နေသော အဖွဲ့ အစည်းအသီးသီးရှိ ခေါင်းဆောင်များက သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားတရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောက “ရောထွေးမှုတခုခု မဖြစ်လာစေဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒီလိုအန္တရာယ်ရှိတဲ့ နေရာကို မသွားသင့်ပါဘူး။ အနီကော အစိုးရပိုင်းကပါ နှစ်ဘက်လုံး အခြေအနေက အလွန်တင်းမာနေပါတယ်။ အလွန်အလေးအနက် ထားရမှာဖြစ်ပြီး မရည်ရွယ်ဘဲ နားလည်မှုလွဲမှားစရာတွေ အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျနော်တို့ဟာ ထိုင်းမဟုတ်တဲ့အတွက် အထူးသဖြင့် ဘာသာစကားမတူတဲ့အတွက်ပါ” ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် ယခုလောလောဆယ်အခြေအနေတွင် မိမိ၏သက်သေခံကတ်ပြားကို တပါတည်းဆောင်ထားရန် လိုအပ်ပြီး လိုအပ်သောမိတ္တူများကိုလည်း မိမိအိမ်သို့မဟုတ် သူငယ်ချင်းတဦးဦးထံ ထားရှိသင့်ကြောင်း၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်သို့သွားရာတွင် လတ်တလောဖြစ်ပေါ်နေသော သတင်းများကို ထိုင်းဘာသာဖြင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ အသေအချာ လေ့လာပြီးမှ သွားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

(၂) လကြာ ဖြစ်ပွားနေသော ဆန္ဒပြပွဲအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပိုက်ဆံပေး၍ အားဖြည့် ခေါ်ဆောင်လာသည်ဟူသော အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။ ယင်းကဲ့သို့ သတင်းမျိုး ယခင်က အင်္ကျီအ၀ါဝတ် ဆန္ဒပြသူများ လက်ထက်တွင်လည်း ထွက်ပေါ်ခဲ့ဖူးပြီး မှန်သည်မှားသည်ကို မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။

ထိုင်းအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိစာရင်းသွင်းထားသော ခရိုင်ဒေသများတွင်သာ နေထိုင်လုပ်ကိုင်ကြရပြီး လုပ်ငန်းရှင်မပါဘဲ ခရိုင်ကျော် ဖြတ်သန်းသွားလာခွင့် မရှိပေ။ သို့ရာတွင် ယခုပြုလုပ်နေသော နိုင်ငံသားစိစစ်မှု ပြုလုပ်ရေး အစီအစဉ်အရ ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် ရထားပြီးသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ရှိသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီ (TACDB) မှ တွဲဖက်ဒါရိုက်တာ ဦးမြင့်ဝေက “လောလောဆယ်မှာ ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းပစ္စယာတွေကို အဆင်သင့်ဖြစ်အောင် လုပ်ထားကြပါ။ တချို့နေရာတွေမှာ ရုတ်တရက် မီးထလောင်တာတို့ ဘာတို့တွေလည်း ရှိနေကြတယ်။ ထိုင်းကတော့ ပြဿနာမရှိဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ နေလို့ရတယ်။ အလုပ်သမား (၂၀) လောက်က ပါဝင်ပတ်သက်ရင် အလုပ်သမား (၂) သန်းအတွက် ဒုက္ခရောက်သွားနိုင်တယ်” ဟု ဆိုသည်။

မတ်လ (၁၂) ရက်နေ့မှစတင်ကာ ဖန်ဖတံတား၌ အခြေချခဲ့သော အနီရောင်ဝတ်ဆန္ဒပြသူများသည် ဧပြီ (၃) ရက်တွင် မြို့လယ်ကောင် ရတ်ချာပရာချွန်တွင် စတင်နေရာယူခဲ့ပြီး သပိတ်စခန်းဖွင့်ကာ ယနေ့ထိ ထိုင်းအစိုးရပြုတ်ကျရေး ဆန္ဒပြမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဧပြီ (၁၀) ရက်နေ့ လူစုခွဲမှုအပါအဝင် ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ (၆၅) ဦးသေဆုံးခဲ့ပြီး (၁,၆၀၀) ကျော် ဒဏ်ရာရခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

၎င်းတို့အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား ရဝမ်လူမျိုး (၁) ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၆) ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်လက ထိုင်းအလုပ်သမားဝန်ကြီးက ဆန္ဒပြသူများနှင့် ပတ်သက်ဆက်နွှယ်သည့် ရွှေ့ပြောင်းအလုပ်သမား တွေ့ရှိပါက ဖမ်းဆီးအရေးယူ ထောင်ချမည်ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း အနီရောင် ဆန္ဒပြအင်္ကျီဝတ်၍ ဈေးရောင်းနေသော မြန်မာ (၂) ဦး နှင့် ကမ္ဘောဒီးယား (၁) ဦးတို့ ခေတ္တယာယီ ထိန်းသိမ်းခံခဲ့ရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော အနီဝတ်သူများဘက်မှ ထောက်ခံအားပေးသူ ထိုင်းစစ်တပ်အကြံပေး ဗိုလ်ချုပ် ခတ်တိယ (အသက်၅၉နှစ်) သည် ယနေ့နံနက် ၉နာရီ၂၀မိနစ်တွင် ကွယ်လွန်ခဲ့သည့်အတွက် ယင်းဖြစ်ရပ်သည် အခြေအနေကို ပိုမိုတင်းမာလာစေနိုင်သည်ဟု ထိုင်းနိုင်ငံရေး အကဲခတ်များက ဆိုသည်။

ထိုင်းအစိုးရက ယနေ့ မွန်းလွဲ (၃)နာရီကို နောက်ဆုံးထား၍ မြို့လယ်ကောင်မှ ဖယ်ပေးရမည်ဟု ဆန္ဒပြသူများကို ကြေညာထားပြီး ဆန္ဒပြလူအုပ်ကို စစ်တပ်၊ ရဲ ရာပေါင်းများစွာဖြင့် ဝိုင်းရံထားသည်။
အပြည့်အစုံသို့ >>

မလေးရှားရောက် မြန်မာလုပ်သား ၁၀၀၀ ကျော် ဖမ်းဆီးခံရ

မဇ္ဈိမသတင်းဌာန ၊ သောကြာနေ့၊ မေလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၅ မိနစ် 


 နယူးဒေလီ (မဇ္ဈိမ) ။     ။ လုပ်သက် ၅ နှစ်ပြည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား မလေးရှားအစိုးရက အလုပ်လုပ်ခွင့် သက်တမ်း တိုးမပေးတော့သဖြင့် တရားမဝင် အလုပ်သမားများ ဖြစ်သွားရာမှ ဖမ်းဆီးမှုများပါ ရှိလာသောကြောင့် လွန်ခဲ့သည့် ၃ ပတ်အတွင်း မြန်မာဦးရေ ၁၀၀၀ ကျော် အဖမ်းခံရပြီ ဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် မြန်မာလုပ်သား ၂၀၀ ခန့် တရားမဝင် အလုပ်သမားများ ဖြစ်သွားကာ ယခင်ကတည်းက တရားမဝင် နေထိုင်သူများကိုပါ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ရောပြွန်းဖမ်းဆီးနေခြင်း ဖြစ်သည်။ “၅ နှစ်ပြည့်သွားရင် လုံးဝ မပေးတော့ဘူး။
 မြန်မာနိုင်ငံ နိုင်ငံရေး မငြိမ်သက်တာရယ်၊ တကယ်လို့ ပြန်ရင်လည်း အစိုးရကို အခွန်ဆောင်ရတာတွေ၊ လမ်းစရိတ်တွေ အများကြီး ကုန်တဲ့အတွက် မပြန်ချင်ကြဘူး။ အလုပ်ပါမစ် မရှိတော့ မလေးအစိုးရက ဖမ်းတယ်” ဟု မလေးရှားအခြေစိုက် ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ARRC ဒုဥက္ကဋ္ဌ ကိုသန်းဦးက ပြောသည်။
ရဲနှင့် လဝက အာဏာပိုင်များက တရက်လျှင် တရားမဝင် နိုင်ငံခြားသား ဦးရေ ၁၀၀ ခန့် ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် မြန်မာအမျိုးသား၊ အမျိုးသမီးများက ၅၀ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။

နိုင်ငံတဝှန်းရှိ မြို့ဒေသများတွင် ကားဂိတ်၊ ရထားဘူတာနှင့် လူသူထူထပ်ရာ နေရာများတွင် ဖမ်းဆီးနေသကဲ့သို့၊ ရဲနှင့် လဝက က မလေးရှား အရပ်သားများကိုပင် ဖမ်းဆီးပိုင်ခွင့် ပေးထားကြောင်း သိရသည်။

မလေးရှားအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ မလေးရှားဌာနခွဲ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးကျော်မိုးက “သက်တမ်း မတိုးပေးတာက  အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ မလေးရှားနိုင်ငံလည်း ပြဿနာ အများကြီး ရှိနိုင်မယ်။ တရားမဝင် အလုပ်သမားတွေ ဖမ်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက မလေးရှားအနှံ့ အသေးစား ကုမ္ပဏီကအစ မရှိတာ မရှိသလောက်ပဲ။ သူတို့နိုင်ငံသားတွေ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို လုပ်တယ်။ ဒါကြောင့် သူတို့နိုင်ငံလည်း ပြဿနာ တက်နိုင်တယ်” ဟု ပြောသည်။

၅ နှစ်သက်တမ်းပြည့် နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်းထပ်မတိုးရန် အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း ပြီးခဲ့သည့်မတ်လ တတိယအပတ်တွင် စတင် အကောင်အထည် ဖော်ကာ ပြီးခဲ့သည့်လ နောက်ဆုံးပတ်တွင် စတင်လိုက်သည့် အဖမ်းအဆီးသည် ယခုတပတ်အတွင်း ပိုမိုကြမ်းတမ်းလာသည်။

အဖမ်းအဆီး အသေးစိတ်ကို ပိုမိုသိရှိရန်အတွက် မြို့နယ် ၃ မြို့နယ်ရှိ လဝက နှင့် အလုပ်သမား ဌာနများသို့ ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့က ဖြေကြားရန် ငြင်းဆိုကြသည်။

အလုပ်သက်တမ်းတိုးရာ၌ ရိုးရိုး အလုပ်သမားများသည် မလေးရှား ရင်းဂစ် ၁၃၀၀ နှင့် ကုမ္ပဏီက ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသူများသည် ရင်းဂစ် ၂၈၀၀ ပေးဆောင်ကြရပြီး၊ အလုပ်သမားဌာနများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများက တရက်အတွင်း သက်တမ်းတိုးပေးသည်။ သက်တမ်းတကြိမ်တိုးလျှင် ၂ နှစ်မှ ၅ နှစ်အထိ ရရှိကြသည်။

သက်တမ်းတိုးမရသဖြင့် မြန်မာပြည်သို့ ပြန်ရန်နှင့် မလေးရှားတွင် ဆက်လက်နေထိုင်ရန် ခက်ခဲသောကြောင့် UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒုက္ခသည်အဖြစ် အစောင့်အရှောက် ရရှိရန်အတွက် လာရောက်လျှောက်ထားသူဦးရေ များပြားလာကြောင်း သိရသည်။

ယခင်က တရက်လျှင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ အရေအတွက်မှာ တရက်လျှင် ၁၅ ဦးမှ ၂၀ ဦးအထိ ရှိခဲ့သော်လည်း အလုပ်သမားကဒ် သက်တမ်းတိုးမပေးသည့်နောက် တနေ့လျှင် ဦးရေ ၃၀ မှ ၄၀ အထိ လာရောက်လျှောက်ထားကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ UNHCR ရုံး မြန်မာစကားပြန် ဦးဗျက်လျန်က ပြောသည်။

သို့သော် UNHCR က ဒုက္ခသည်အဖြစ် အလွယ်တကူ သတ်မှတ်ပေးခြင်း မရှိကြောင်း သိရသည်။

ဦးဗျက်လျန်က “UNHCR က အရင်လို ဖြစ်သလို မလုပ်ဘူး။ အတော်လေး ကျပ်လာတယ်။ work permit ကုန်လို့ လာလျှောက်သူတွေတော့ UNHCR က လုံးဝ လက်မခံဘူး။ တကယ် မြန်မာနိုင်ငံမှာ နေလို့မရသူတွေနဲ့ မြန်မာပြည်မှာနေရင် အသက်စိုးရိမ်ရသူတွေကို လက်ခံတယ်” ဟု ပြောသည်။

မြို့နယ်ဒေသအသီးသီးတွင် ဖွဲ့စည်းထားသည့် မြန်မာတိုင်းရင်းသား လူမျိုးစုများ အသိုင်းအဝိုင်း တွေ့ဆုံပွဲများတွင် သတ်မှတ်ခဲ့သည့် စာရင်းများအရ မလေးရှားတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော်နှင့် နိုင်ငံခြားသား အလုပ်သမားပေါင်း ၂ သန်းကျော် ရှိနေသည်။

မလေးရှား အကျဉ်းထောင်း၊ ရဲစခန်း၊ ဒုက္ခသည်စခန်းများတွင် အဖမ်းခံရသူ မြန်မာများမှာ ၉၀၀၀ ကျော် ရှိသည့်အနက် UNHCR လက်မှတ်ကိုင်ဆောင်သူ ၄ဝဝဝ ခန့် ရှိကြောင်းနှင့် UNHCR မှ တာဝန်ရှိသူများက ၁-၂ ခြားဆိုသလို ဦးရေ ၁၀၀ မှ ၂၀၀ ကြားအား ပြန်လည်ထုတ်ပေးနေကြောင်း မြန်မာဒုက္ခသည် အသိုင်းအဝိုင်းက ပြောဆိုသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ၂ သိန်းနီးပါးရှိသည့်အနက် မြန်မာနိုင်ငံသားများမှာမူ တသိန်းနီးပါး ရှိကြောင်းနှင့် မလေးရှားရှိ နိုင်ငံခြားသား ဒုက္ခသည်များထဲတွင် မြန်မာများမှာ အများဆုံးဖြစ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် မလေးရှားရှိ UNHCR ရုံး၏ စာရင်းတွင် ဖော်ပြထားသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
အပြည့်အစုံသို့ >>

မလေးရှိ မြန်မာအလုပ်သမား (၅) ဦး ပြန်လည်လွတ်မြောက်

 မြတ်ခိုင်ဦး / ၁၄ မေလ ၂၀၁၀  


 အလုပ်သမားခွန် ဖြတ်တောက်သည်ကို သဘောမတူသဖြင့် မလေးရှားအလုပ်ရှင်နှင့်ရဲ ပူးပေါင်းကာ ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား ခေါင်းဆောင် (၅) ဦးသည် ယမန်နေ့က ပြန်လည်လွတ်မြောက်လာသည်။ အဆိုပါ မြန်မာအလုပ်သမားများအား မေလ (၁၂) ရက် ည (၇) နာရီခန့်တွင် မလေးရှားရဲက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ Malaysia Trade Union Congress (MTUC) ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
MTUC နှင့် ပူးတွဲ ကူညီဆောင်ရွက်ခဲ့သော Burma Campaign Malaysia မှ ကိုထွန်းထွန်းက “သက်ဆိုင်ရာရဲစခန်းကို MTUC က ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတော့ ရဲက သေသေချာချာ မဖြေနိုင်ဘဲ နောက်ဆုံး ညနေကြရင်လွှတ်ပေးမယ်ပြောပြီး လွှတ်ပေးတာ” ဟု ဆိုသည်။

ယခုအဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာကြသည့် အလုပ်သမားများမှာ Selangor ပြည်နယ်၊ Kelanajaya Quarter, Kuala Lumpur ဆင်ခြေဖုံးရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြပြီး အလုပ်ရှင်မှာ တရုတ်လူမျိုးသူဌေးဖြစ်ကာ ရဲအရာရှိတဦး ရှယ်ယာဝင် ပေါင်းစပ်ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

ယင်းဆိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၆) ဦးရှိပြီး အလုပ်သမားအခွန်မဖြတ်ရန် ဦးဆောင်တောင်းဆိုခဲ့သူ (၅) ဦးကို ပိုင်ရှင်က ရဲခေါ်ဖမ်းခိုင်းခြင်းဖြစ်သည်။

ယခုပြန်လည်လွတ်မြောက်လာသူ (၅) ဦးအနက် တဦးဖြစ်သည့် ကိုအောင်လင်းဌေးက “ကျနော်တို့ အရင်က ဘာမှမသိပါဘူး။ တရက်မြို့ထဲရောက်တုန်း သူရိယဂျာနယ် ၀ယ်ဖတ်လိုက်မှ လဲဗီးဖြတ်လို့မရဘူးဆိုတာ သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီလဲဗီးငွေ တလကို ရင်းဂစ် (၁၂၀) မဖြတ်ရင် ကျနော်တို့ ငွေပိုစုဆောင်းနိုင်မယ် ဆိုတာတွေးမိပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဂျာနယ်ပေးဖတ်ပြီးတော့ အားလုံးတိုင်ပင်ပြီး သူဌေးကို မဖြတ်ဖို့ သွားပြောဖြစ်သွားတယ်။ ကိုထွန်းထွန်းတို၊ ကိုရန်နိုင်ထွန်း တို့ကလည်း သူတို့လုပ်ပေးနိုင်သလောက် အစွမ်းကုန်ကူညီလို့ ကျနော်တို့ ဒီနေ့ အဆင်ပြေသွားပါတယ်။ ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

အလုပ်သမားခွန် (Levy) သည် နိုင်ငံခြားသားအလုပ်သမားများအား ခေါ်ယူငှားရမ်းသည့် လုပ်ငန်းပိုင်ရှင်များက မလေးရှားအစိုးရအား ပေးဆောင်ရသော အခွန်ငွေဖြစ်သည်။

လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ အခွန်သတ်မှတ်ခြင်းဖြစ်ပြီး အလုပ်သမားတဦးလျှင် ကုန်ထုတ်အတွက် ရင်းဂစ် (၁,၂၀၀)၊ စိုက်ပျိုးရေးအတွက် ရင်းဂစ် (၄၅၀)၊ ဆောက်လုပ်ရေးအတွက် ရင်းဂစ် (၁,၂၀၀)၊ စားသောက်ဆိုင်လုပ်ငန်းအတွက် ရင်းဂစ် (၁,၈၀၀) စသည်ဖြင့် တနှစ်အတွက် သတ်မှတ်ထားရှိသည်။

မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ အရ ယင်းအခွန်ကို အလုပ်ရှင်က ပေးဆောင်ရသော်လည်း ၁၉၈၀ ခုနှစ်ဝန်းကျင် နိုင်ငံခြားသားအလုပ်သမားများ စတင်ခေါ်ယူစဉ်မှစ၍ သက်ဆိုင်ရာနိုင်ငံများနှင့် နားလည်မှုစာချွန်လွှာ ချုပ်ဆိုရာတွင်
အလုပ်သမားမှ ပေးရမည်ဟု စာချုပ်တွင်ထည့်သွင်းခဲ့သည်။

သို့သော် ယခုအခါ မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားနည်းသွားစေရန် ရည်ရွယ်၍ ယမန်နှစ် ဧပြီ (၁) ရက်မှစတင်ကာ အလုပ်သမားခွန်ကို အလုပ်သမားများထံမှ ဖြတ်တောက်ခွင့်မရှိဘဲ အလုပ်ရှင်ကသာ ပေးဆောင်ရန် တရားဝင် ကြေညာထားသော်လည်း အလုပ်ရှင်များက ဆက်လက်ဖြတ်နေကြဆဲဖြစ်ကြောင်း ကိုထွန်းထွန်းက ပြောသည်။

၎င်းက “ကျနော်ပြောချင်တာကတော့ ဒီမှာရှိတဲ့ မြန်မာအလုပ်သမားများ ညီညွတ်ကြပါ။ မိမိတို့အခွင့်အရေးအတွက် တောင်းဆိုကြပါ။ လိုအပ်ရင် ကျနော်တို့ ကူညီပါ့မယ်။ များသောအားဖြင့် မြန်မာအလုပ်သမားများဟာ မညီညွတ်ကြဘူး။ သူဌေးတွေက ခွဲရင် အလွယ်ပဲကွဲကြတယ်” ဟု ဆိုသည်။

MTUC သည် မလေးရှားနိုင်ငံရှိ တခုတည်းသော အစိုးရအသိအမှတ်ပြု ယူနီယံဖြစ်ပြီး၊ အလုပ်သမားများ၏ ရပိုင်ခွင့်အတွက် မားမားရပ်ပြီး လုပ်ကိုင်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှုအကူအညီများ ရရှိရေးအတွက် မြန်မာအဖွဲ့အစည်းများအနေဖြင့် အချိန်ယူကြိုးစားခဲ့ကြရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

မြန်မာပြည်တွင်း၌ စီးပွားရေးကျပ်တည်းသဖြင့် မြန်မာအလုပ်သမားများသည် ထိုင်း၊ မလေးရှား၊ တရုတ် စသည့် နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် လုပ်ငန်းရှင်များ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများ ခံကြရပြီး အချို့အသက်ဆုံးရှုံးမှုများပင် ရှိသည်ကို တွေ့ရှိရသည်။
အပြည့်အစုံသို့ >>

စောင်စက်လုပ်သားများနှင့် အလုပ်ရှင် ပြေလည်မှု ရရှိ

 မြင့်မောင် ဗုဒ္ဓဟူးနေ့၊ မေလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၂ မိနစ်
 
နယူးဒေလီ (မဇ္ဈိမ)။       ။ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်ရှိ ထာဝရ စောင်စက်ရုံရှိ အလုပ်သမား ၁၄ ဦးက အလုပ်ရှင်သည် အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံသည်ဟုဆိုသော အငြင်းပွားမှုမှာ  နှစ်ဖက်ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။ ရွှေလင်ပန်းစက်ရုံမှ လုပ်သား ၈ဝ က ယခုလ ၆ ရက်နေ့တွင် လုပ်အားခများ တိုးမြှင့်ပေးရေး၊ သာယာသော လုပ်ငန်းခွင် ဖန်တီးရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများပေးရန် တောင်းဆိုခဲ့ရာ အာဏာပိုင်များက ကြားဝင်ဖြေရှင်းပေးခဲ့၍ ပြေလည်သွားသော်လည်း အလုပ်ရှင်က ဦးဆောင်တိုင်တန်းခဲ့သူများကို  အငြိုးထားကာ အချိန်ပိုဆင်းခွင့်မပြုခြင်းနှင့် အနီးကပ်စောင့်ကြည့်နေခဲ့သည်ဟူသော အငြင်းပွားမှုထပ်ဖြစ်ပြန်သည်။
မအေးအေးမြင့်နှင့် မဆွေလှိုင်ဦးအပါအဝင် ခေါင်းဆောင် ၁၄ ဦးက ၎င်းတို့ကို ခွဲခြားဆက်ဆံခဲ့သည်ဟုဆိုကာ ယခုလ ၁ဝ ရက်နေ့တွင် အလုပ်သမားရုံးထံ ထပ်မံတိုင်ကြားခဲ့ရာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးရုံးကပင် ထပ်မံ ကြားဝင် ညှိနှိုင်းပေးလိုက်ခြင်းဖြစ်သည်။

“အလုပ်ရှင်နဲ့ ညှိပေးလိုက်တာ အလုပ်ရှင်ဘက်က တချို့တဝက် လိုက်လျောတဲ့အတွက် ပြေလည်သွားပါတယ်။ သူတို့ဘက်က မရှင်းလင်းတဲ့ကိစ္စတွေကို သူတို့အချင်းချင်း မေးမြန်းကြပါတယ်။ ” ဟု လှိုင်သာယာမြို့နယ် အလုပ်သမား ကြီးကြပ်ရေး ကော်မတီရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထာဝရ စောင်စက်ရုံသည် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ ဗန်းမော်အတွင်းဝန်လမ်း အိမ်အမှတ် ၄၁-၄၂ တွင် ဖွင့်လှစ်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်၍ ရန်ကုန်တိုင်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ် စက်မှုဇုန်များရှိ အထည်ချုပ်၊ သကြားလုံး၊ သားရေ၊ ဖိနပ်စက်ရုံများနှင့် အင်းစိန်မြို့နယ် Lion City အထည်ချုပ်စက်ရုံတို့တွင် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် ရပိုင်ခွင့်များအတွက် ၁ဝ ကြိမ်ထက်မနည်း ဆန္ဒပြခဲ့ရာ၊ အလုပ်သမားပေါင်း တသောင်းကျော် ပါဝင်ဆန္ဒပြခဲ့သည်။
အပြည့်အစုံသို့ >>

ထိုင်းတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူမည်

မြတ်ခိုင်ဦး   /   ၁၂ မေလ ၂၀၁၀

ထိုင်းနိုင်ငံတွင် လုပ်သားပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခေါ်ယူရန် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အမှုဆောင်ကော်မတီမှ ပြီးခဲ့သည့် သောကြာနေ့က သဘောတူညီလိုက်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် အတ်ချာကာ စီဘူရူယန်က အမှုဆောင်ဒါရိုက်တာများအဖွဲ့ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း လိုအပ်ချက်များအရ ဒေသတွင်း လိုအပ်နေသော အလုပ်သမားအရေအတွက် (၃) သိန်းမှ (၅) သိန်းကို ဖြည့်ဆည်းရန်အတွက် နိုင်ငံခြားသား အလုပ်သမားများအား ငှားရမ်း အသုံးပြုခွင့် ရရှိရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယင်းသဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ပါရှိသည်။ 


ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီမံကိန်းများတွင် ကျွမ်းကျင်သူများနှင့် ထိုင်းလူမျိုးဝန်ထမ်းများကိုသာ ငှားရမ်းအသုံးပြုလေ့ရှိသော်လည်း ယခုအခါတွင် စွမ်းရည်နိမ့်နှင့်စွမ်းရည်မြင့် လုပ်သားပြတ်လပ်မှုကို ကုစားရန်အတွက် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည်ဟု သိရသည်။

အဆိုပါခွင့်ပြုချက်အရ နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ရသော အကြီးစား စက်မှုလုပ်ငန်းများမှာ လျှပ်စစ်နှင့်လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ကားနှင့်ကားပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ် ချုပ်လုပ်မှုလုပ်ငန်းနှင့် ဖိနပ်ခြေအိတ် ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုံလောက်သော လုပ်သားအင်အားမရှိပါက ထိုင်းအစိုးရ၏အရှိန်အဟုန်မြင့် စီမံကိန်းများသည် အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်းသွားလိမ့်မည် ဖြစ်သည့်အတွက် ဤအခြေအနေကို ထိန်းသိန်းရန်အတွက် အစိုးရမှ သဘောတူခဲ့ခြင်းဖြစ်သည်ဟု စက်မှုလုပ်ငန်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ ခွန်မိုင်က “အခုသူတို့ခေါ်မယ်ဆိုတာက Board of Investment (BoI) က ခေါ်တာလေ။ သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလေ၊ အဲဒီတော့ သူတို့ ဘယ်လိုခေါ်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ယာယီပတ်စပို့စ် ကိုင်တဲ့သူလား၊ ပတ်စပို့စ် အကြီးကိုင်တဲ့ အလုပ်သမားလားပေါ့၊ အရင်က နားလည်မှု စာချွန်လွှာတွေကတော့ ယာယီပတ်စပို့စ် လုပ်သားတွေအတွက်ပါ” ဟု ဆိုသည်။

မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရတို့သည် ၂၀၀၃ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမား ငှားယူရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်သည်။

ထိုသို့ခေါ်ယူရာတွင် အလုပ်သမားများ ရရှိနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍ “သူတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဆိုတော့ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်။ အလုပ်သမားတွေအတွက် အခွင့်အရေးလည်း အပြည့်အဝရမယ်၊ လုပ်ခလည်း နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းရမယ်” ဟု ၎င်းက ဆက်ပြောသည်။

စွမ်းရည်နိမ့်လုပ်သားဆိုသည်မှာ 3D ဟုခေါ်သည့် Dirty, Dangerous, Difficult သန့်ရှင်းမှုနည်းခြင်း၊ အန္တရယ်များခြင်း၊ ခက်ခဲပင်ပန်းခြင်း စသည့်အလုပ်မျိုးကို လုပ်ဆောင်သူများဖြစ်ပြီး စွမ်းရည်မြင့်လုပ်သားသည် အဆင့်မြင့် အတတ်ပညာ၊ နည်းပညာများ တတ်ကျွမ်းသူများကို ဆိုလိုသည်။

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက် မြင့်မားနေပြီး ယခုတရားဝင်တည်ရှိနေသော (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားထု၏ အလုပ်အကိုင်နှင့်ပတ်သက်၍ ထိခိုက်စရာ အကြောင်းမရှိသည့်အပြင်၊ ရွှေ့ပြောင်းအလုပ်သမားများသည်လည်း ဤလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Friday, 14 May 2010

ထိုင်းနိုင်ငံ မဲဆောက်ရှိ မြန်မာအလုပ်သမားများ ထွက်ပြေး တိမ်းရှောင်နေရ

ညီညီ။ မေ ၁၁ရက်၊ ၂၀၁၀

ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိ မြန်မာရွှေပြောင်းအလုပ်သမားများဟာ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊
အချို့မှာ လယ်ကွင်းများကို ဖြတ်ပြေးခဲ့ကြရသလို အချို့ကလည်း တောတောင်ထဲထဲမှာ ချုအောင်းနေကြရကြောင်း၊ အချို့ကတော့ မြန်မာပြည်ဘက်ခြမ်း မြဝတီမြီု့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရပါတယ်။
ထိုသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းမှာ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့အနေနဲ့ စီမံချက်နဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေတဲ့အတွက်ဖြစ်ကြောင်း မြန်မာအလုပ်သမား သွေးစည်းညီညွတ်ရေးဖွဲ့မှ ကိုသံဒုတ်က ယမနေ့မြန်မာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မဲဆောက်ရှိ အလုပ်သမားများရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုသံဒုတ်က “ဒီနေ့လည်း တနေကုန် ပုန်းကြ ရှောင်ကြ ပြေးကြ လွှားကြပေါ့ခင်ဗျာ။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တတည်းက စဖြစ်နေတာ။ ကျွန်တော်တို့ ပိုက်ဆံကွင်းလို့ ခေါ်တာပေါ့ဗျာ။
အိုမီဂါစက်ရုံတို့၊ နွားခြံဘက်တို့မှာ ဖမ်းသွားတယ်လို့ ပြောတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က။ ထို့အထူပဲ စက်ရုံတော်တော်များများကို ထိုင်းအာဏာပိုင်တွေကနေပြီး အလုပ်သမားလက်မှတ် မရှိတဲ့သူတွေကို လက်မခံဘို့၊ စက်ရုံအကြီးတွေ၊ စက်ရုံအကြီးရော အသေးရော အလုပ်သမားလက်မှတ် မရှိတဲ့သူအားလုံး ရှောင်ရတိမ်းရပုန်းကြရတော့တာပေါ့” လို့ မေလ ၁၀ ရက်နေ့ညပိုင်းက ပြောပြပါတယ်။


ထိုသို့ ရှောင်တိမ်းနေကြရသူများမှာ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာ နေရာများ၊ လယ်ကွင်းများအတွင်း အဆင်သင့်သလို နေထိုင်နေကြရတယ်လို့ မဲဆောက် ရွှေ့ပြောင်းအလုပ်သမားများ၊ သတင်းရပ်ကွက်က ပြောပြပါတယ်။ မေလ ၁၀ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ပုံနဲ့ ပတ်သက်ပြီး ကိုသံဒုတ်က “ဒီနေ့ဆိုရင် ကျွန်တော်တို့ရုံနားက ချစ်ထွန်းစက်ရုံ ခေါ်တာပေါ့။ နေ့ခင်း အလုပ်လုပ်နေရင်း တန်းလန်းနဲ့ မနက် ၁၀ နာရီလောက်ကို သတင်းဝင်လာတယ်၊ အလုပ်သမားလက်မှတ် မရှိတဲ့သူတွေ စက်ရုံက ချက်ခြင်း ပုန်းကြရတော့တာပေါ့။ တခု ပြဿနာက ဒီ အလုပ်သမားတွေက စက်ရုံမှာပဲ နေ၊ စက်ရုံမှာပဲ ထမင်းစား၊ စက်ရုံမှာပဲ အလုပ်လုပ်၊ စက်ရုံမှာပဲ ရေချိုးဆိုတော့ ချက်ခြင်း ပုန်းရှောင်ရမယ်ဆိုတော့ အရမ်းကို ဒုက္ခရောက်တော့တာ။ ဒီနှစ်က အရမ်း ရာသီဥတုက ပူတယ်လေ။ အရမ်းပူတော့ ပိုပြီး ဒုက္ခရောက်ကြရတော့တာပေါ့ဗျာ” ရှင်ပြပါတယ်။


မဲဆောက်ရောက် မြန်မာအလုပ်သမားများရဲ့ ဘဝနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း “ရွှေ့ပြောင်းအလုပ်သမားများရဲ့ ပြဿနာဟာ ဂျာအေး သူ့အမေရိုက်သလို ဖြစ်နေကြောင်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဥပဒေက တမျိုး၊ မြန်မာစစ်အစိုးရ ဥပဒေကတမျိုး၊ ဒေသဆိုင်ရာအာဏာပိုင်တွေ့ရဲ့ အာဏာက တမျိုး ဖြစ်နေတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ဘဝဟာ လုပ်အား ခေါင်းပုံဖြတ်ခံကြရတဲ့အပြင် လုံခြုံရေအရလည်း ကင်းမဲ့နေကြောင်း၊ မြန်မာပြည်ရဲ့ အခြေအနေလည်း ဆိုးရွားနေတဲ့အတွက် အလုပ်သမားများဟာ ဒီ အခြေအနေမှာ လုပ်ကိုင်စားသောက်ရုံအပြင် အခြား ရွေးချယ်စရာလမ်း မရှိကြကြောင်း” ပြောပြပါတယ်။


ထိုင်းနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများက လာရောက်နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းဂဏန်းနဲ့ ရှိပါတယ်။ ထိုသို့ လုပ်ကိုင်နေကြသူများအနေနဲ့ မှတ်ပုံတင်ဖို့၊ မြန်မာနိုင်ငံသားများဆိုရင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ နှစ်နိုင်ငံအစိုးရများက တိုက်တွန်းထားခဲ့ကြပါတယ်။ အဲ့ဒီလို ဆောင်ရွက်ပေးမယ့်လည်း ထိုက်သင့်သလောက် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ ထိုနော် လွန်ခဲ့တဲ့တလခန့်က မှတ်ပုံတင်ခြင်း မပြုတဲ့ အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ့်အကြောင်း ထိုင်း အာဏာပိုင်တွေက ကြေညာခဲ့တယ်လို့ မဲဆောက် အလုပ်သမားများ သတင်းရပ်ကွက်က ပြောပါတယ်။


ကိုသံဒုတ်ကတော့ “ကမ္ဘာ့စီးပွားပျက်ကပ်က တိုက်ရိုက်ထိတယ် ဗျ။ အလုပ်သမားတွေက တစ်အချက် လုပ်အားခ ကျလာတယ်၊ အလုပ်ချိန်တွေ ပိုလာရတယ်။ နှစ်အချက် အလုပ်ချိန်က ပုံမှန်မရှိဘူးဗျ။ တချို့စက်ရုံကြီးတွေ ပိတ်ရတယ်။ အဲ့ဒီတော့ ပိုလျှံတဲ့အလုပ်သမားတွေ ပြန်ပို့ချင်တာနဲ့ အလုပ်သမားလက်မှတ် မရှိသူတွေ၊ အလုပ်သမားလက်မှတ်တင် မဟုတ်ဘဲနဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်မလုပ်တဲ့သူတွေကို ပြန်ပို့မယ်ဆိုပြီး စစ်ဆင်ရေးသဘောနဲ့ လုပ်တယ်နဲ့ထင်တယ်။ အခွန်လည်း ရချင်ပုံ ရပါတယ်။ အလုပ်သမားတယောက်ကို ဘတ် ၃၈၀၀ ဆိုရင် အလုပ်သမားတွေက တသန်းကျော်ရှိတော့ ဘီလျံနဲ့ချီ ရတာ။ မြန်မာအလုပ်သမားကတော့ ကြံဖက်လိုပါပဲ ဗျာ။ ဗမာပြည်ဘက်ကလည်း စုတ်လိုက်တော့ ဘယ်လိုမှ မခံနိုင်လို့ ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ရောက်တော့ ထိုင်း အရင်းရှင်ရော အစိုးရ စည်းမျည်းစည်းကမ်း ကြိုးနီစနစ်က ဝိုင်း စုတ်လိုက်တော့ ဘာမှ မကျန်တော့ဘူး။ စုတ်ပြတ်နေတော့တာပဲ” လို့ ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

အပြည့်အစုံသို့ >>

Thursday, 13 May 2010

မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ

ထိုင်း-မြန်မာနယ်စပ်



မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် စက်ရုံအလုပ်ရုံများကို ထိုင်းရဲများက မေလ ၈ရက်နေ့မှ ယ နေ့အထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား (၆၀၀)ကျော်ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် အလုပ်သမား (၆၀၀)ကျော်ထဲမှ ထောင်ဒဏ်အပြစ်ကျခံရသူ၊ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့ခံရသူနှင့် လုပ်ငန်းရှင်က ထိုင်းအာဏာပိုင်ထံ ငွေပေးရွေးထုတ်နိုင်ခဲ့သည့် အလုပ်သမားများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စနေနေ့က အဖမ်းခံခဲ့ရသည့် ဝေ့မုတ်ကျေးရွာရှိ နွားရုံဟု လူသိများသည့် တီကေဖိုးသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉၂)ဦးကို တနင်္လာနေ့တွင် မဲဆောက်မြို့နယ်တရားရုံးက ထောင်ဒဏ် (၄၅)ရက်ချမှတ်လိုက်သည်။

အလားတူဘန်စန်ခွဲအရပ်ရှိ အိုမီဂါသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၀)ကို ထိုင်းရဲများက ပြီးခဲ့သည့်စနေနေ့တွင်ဖမ်းဆီးခဲ့သည်။ ထိုအဖမ်းဆီးခံ မြန်မာအလုပ်သမား (၁၂၀)ထဲမှ (၉၇)ဦးကို တနင်္ဂနွေနေ့တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။ ကျန် (၂၃)ဦး ထောင်ချခဲ့ပြီး အိုမီဂါစက်ရုံမန်နေဂျာကိုပါ ထိုင်း အာဏာပိုင်များက အရေးယူခဲ့သည်။

အိုမီဂါ စက်ရုံမှ ကိုထွန်းထွန်းက ”စိတ်မကောင်းဘူးဗျာ။ သူတို့ တွေကို ဘယ်လို ကူညီရမလဲမသိဘူး။ သူဌေးကလည်း လွတ်မယ် လွတ်မယ်နဲ့ အခုတော့ ထောင်ကျကုန်ပြီ။”ဟု ပြောသည်။

တနင်္လာနေ့ညနေပိုင်းတွင် မယ်တောင်ကျေးရွာရှိ SR သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား (၂၅၀) အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်အလုပ်သမားများအခြေအနေကို အဆိုပါ စက်ရုံမှ ကိုမင်းနောင်က ”ကျနော်တို့ စက်ရုံက အဖမ်းခံရသူတွေကတော့ အခု အလုပ်ပြန်ဆင်းနေပြီ။ သူဌေးက ဘတ် ၇၀၀၀၀ နဲ့  ရွေးလိုက်တယ်” ဟုဆိုသည်။

ထိုင်းအစိုးရက ပြဌာန်းထားသော အလုပ်သမားဥပဒေအရ အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီး ထောင်ချခြင်း။ မိခင်နိုင်ငံသို့ ပြန်ပို့ ခြင်းများ ကိုပြုလုပ်နိုင်သည်။ ထို့ အတူ တရားဝင် အလုပ်လုပ်ခွင့်မရှိသူကို အလုပ်ခန့် ထားသော အလုပ်ရှင်မှာ အလုပ်သမား ဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဟု ပြဌာန်းထားကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံဖြစ်သူကိုမျိုးဇော်မှ ” ၂၀၀၈ ခုနှစ်က ထုတ်ပြန်တဲ့ အလုပ်သမားဥပဒေအရ ပုဒ်မ ၂၇မှာ လက်မှတ်မရှိတဲ့ အလုပ်သမားကိုမခန့်ရ၊ ခန့်ထားခဲ့ရင် ပုဒ်မ ၅၄ မှာ ပြဌာန်းထားတာက အလုပ်သမား တယောက်အတွက် ဒဏ်ငွေ ၁ သောင်းကနေ ၁ သိန်းအထီ ဒါဏ်ရိုက်ခံရမယ် ဒါက အလုပ်ရှင်အပိုင်း၊ အလုပ်သမားကျတော့ ပုဒ်မ ၅၁ အရ လက်မှတ်မရှိဘဲ မလုပ်ရ တွေ့ရှိရင် ဒါဏ်ငွေ ၂၀၀၀ ကနေ ၁သိန်းအထိဒါဏ်ရိုက်ခံရနိုင်တယ်၊ ၅နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်တယ် သို့သော် အလုပ်သမားကိုယ်တိုင်က နေရပ်ရင်းဒေသကပြန်ပါမယ်လို့ဝန်ခံထွက်ဆိုရင် ရက်ပေါင်း ၃၀ အထိထောင်ဒါဏ်ချခံရပြီးတော့ နယ်စပ်ပြန်လွှတ်နိုင်တယ် ဒါကတော့ တရားရုံးအပေါ်မှာ မူတည်တာပေါ့ဗျာ” ဟုပြောသည်။

ရဲဖမ်းမည်ကိုစိုး၍ တောထဲတွင် သွားရောက်ပုန်းရှောင်နေရာမှ ယခုအခါ အလုပ်ထဲကို ပြန်ရောက်လာသူ ရုံစိမ်းမှ ကိုဝင်းညွန့် ကလည်း ”သုံးရက်လောက် ပုလိပ်ပြေးလိုက်ရတယ်ဗျ။ အခုတော့ စက်ရုံက ပြန်လိုက်ခေါ်လို့ အလုပ်ပြန်ဆင်းနေကြပြီ” ဟုဆိုသည်။
မဲဆောက်မြို့ပါတ်ဝန်းကျင် စက်ရုံအချို့တော့အလုပ်ပြန်ဆင်းခိုင်းနေပြီး အချို့စက်ရုံတော် တော်များများ ကတော့ ယခုထိ ရှောင်ပုန်းနေကြတုန်းပဲဟုသိရှိရပါသည်။

ထိုင်းအစိုးရသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၂ ရက်နေ့ ကို သတ်မှတ်ခဲ့ပြီး ထိုရက်ကျော်လွန်ပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ မြန်မာဘက်ခြမ်းသို့  အလုံးအရင်းနှင့် ပြန်ပို့ မည်ဟု ကြေညာထားဖူးသည်။ ထိုကြေညာချက်ထွက်ပေါ်ပြီးနောက်မဲဆောက်မြို့ တွင် ယခုကဲ့သို့  အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းသည် ထိုင်းနိုင်ငံအတွင်း အများဆုံး ဖမ်းဆီးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအဖွဲ့  အစည်းများက ခန့် မှန်းပြောဆိုကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP