Saturday, 20 February 2010

မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ

Friday, 19 February 2010 12:08 ၀ါးရှီးဖော ဧရာဝတီ

ယခု လကုန်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာပြည်သား အများစု ပါဝင်သည့် နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့ဖွယ် ရှိသဖြင့် လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်နေကြသည်။




ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားခြင်း၊ လျှောက်ထားခြင်း မရှိသည့် သန်းနှင့် ချီသော မြန်မာ အလုပ်သမား များကို ပြန်ပို့ပါက ၎င်းတို့ အပေါ် မှီခိုနေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး ကမ္ဘာ့ အလယ် တွင်လည်း ထိုင်းနိုင်ငံက မျက်နှာ ပျက်ရမည်ဟု လူ့အခွင့်အရေး အဖွဲ့တို့က ထောက်ပြ ကြသည်။ .ဖမ်းဆီးပြီး အတင်း အကျပ် ပြန်ပို့တာဟာ အလုပ် သမားတွေ အတွက်လည်း အန္တရာယ် ရှိတယ်။ လူ့ဂုဏ် သိက္ခာ ကိုလည်း ထိခိုက် စေတဲ့ အတွက် မလုပ်သင့်ဘူး” ဟု အလုပ်သမား အရေး ဆောင်ရွက်သည့် ချင်းမိုင်မြို့ MAP ဖောင်ဒေးရှင်းမှ တာဝန်ခံ တဦး ဖြစ်သူ ဂျက်ကီ ပူးလော့က ပြောသည်။

အလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရေး အတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်တွင် ပါဝင်ရန် နောက်ဆုံးရက် အဖြစ် ထိုင်းအစိုးရက သတ်မှတ် ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ သည်လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

ထို နောက်ဆုံး သတ်မှတ်ရက်ကို ရွှေ့ဆိုင်းပေးရန် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ကို အင်္ဂါနေ့က တောင်းဆို ခဲ့ကြသေးသည်။ ထိုင်းအစိုးရက ထိုတောင်းဆို ချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။

ထိုလုပ်ငန်းစဉ်များ အတွက် လောနှင့် ကမ္ဘောဒီးယား အစိုးရ အရာရှိများက ၎င်းတို့၏ အလုပ်သမားများ ရှိရာ ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဆောင်ရွက် ပေးခဲ့ကြသည်။ မြန်မာ အစိုးရကမူ ထိုသို့ ဆောက်ရွက် ပေးခြင်း မရှိပေ။

သို့သော်လည်း မြန်မာအစိုးရက နယ်စပ်မြို့ တချို့တွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများဖွင့်ပြီး ၂၀၀၉၊ ဇူလိုင်လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့သည်။

နိုင်ငံကူး လက်မှတ် လုပ်ဆောင်ကြရန် မြန်မာ အစိုးရက အလုပ်သမားများကို လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ထိုရုံးများမှ တဆင့် ဖြန့်ဝေခဲ့သည်။ နိုင်ငံကူး လက်မှတ် လာရောက် လုပ်ဆောင် သူများကို “ဖမ်းဆီးခြင်း မရှိ၊ တားဆီး စစ်ဆေးခြင်း မရှိ၊ အခွန် ကောက်ခြင်း မရှိ” ကြောင်း ထိုလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

အလုပ်သမား အများစု စိုးရိမ်သည့် အချက်မှာ “အခွန် ကောက်ခြင်း” ဖြစ်သည်။ နေရပ်ရင်းရှိ မိသားစုထံသို့ မြန်မာ အာဏာပိုင်များက သွားရောက်ပြီး အခွန် ကောက်မည်ကို ၎င်းတို့က ပူပန်ကြသည်။ အလုပ်သမား တို့၏ စိုးရိမ်ချက်ကို မည်သည့် အဖွဲ့အစည်းကမျှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။

ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ် အတွက် အလုပ်သမား၊ အလုပ်ရှင်တို့ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရ အရာရှိများကို ဆက်သွယ်  ဆောင်ရွက် ရမည် ဖြစ်သည်။ ယခင်က ဤသို့သော လုပ်ငန်းစဉ်များနှင့် ရင်းနှီးမှု မရှိခြင်းသည် အလုပ်သမားများက နိုင်ငံကူး လက်မှတ် လုပ်ဆောင်ရန် ၀န်လေးနေ ကြသည့် အချက်တချက် ဖြစ်သည်ဟု သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ပြည်သား အရေ အတွက်မှာ ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ရွှေပြည်သာတွင်လည်း အလုပ်သမားများ ဆန္ဒပြ

Friday, 19 February 2010 19:58 သန်းထိုက်ဦး ဧရာဝတီ

ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။ ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင် အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။
“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက်ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်” ဟု သူက ဆိုသည်။
ညနေ ၄ နာရီအချိန်၌ လူစုခွဲလိုက်သည်ဟု သူက ပြောသည်။
အာဏာပိုင် အဖွဲ့အစည်းများ ရောက်ရှိသွားပြီး အလုပ်သမားများ ဆန္ဒပြရခြင်း အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း၊ စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။
ယခုလအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။
ယမန်နေ့က အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ်သမားများက လစာတိုးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည်။  အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။  လှိုင်သာယာရှိ စက်ရုံတချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ယခင်တပတ်က ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားတဦး၏ အနိမ့်ဆုံးလစာမှာ ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) ၀န်းကျင် ဖြစ်သည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားများ ဆန္ဒပြ

19 February 2010 VOA 

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာ အခုလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေဟာ တနေရာပြီးတနေရာ ကူးစက်ပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ ဒီကနေ့ဆိုရင် ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ရက်စ်တူး သကြားလုံးစက်ရုံက အလုပ်သမား ၈၀၀ လောက် သပိတ်မှောက်နေကြပါတယ်။ အခြေအနေအသေးစိတ်ကို စုံစမ်းထားတဲ့ မအေးအေးမာ တင်ပြထားပါတယ်။

လှိုင်သာယာစက်မှုဇုန်က ၈ ရက်နေ့ကနေ စခဲ့ကြတဲ့ သပိတ်မှောက်တောင်းဆိုမှုတွေဟာ ဒီကနေ့အထိ မပြီးသေးဘူးလို့ ဆိုရမှာပါ။ အထည်ချုပ်စက်ရုံတွေ ဖြစ်တဲ့ အိုပယ် (၁) နဲ့ (၂)၊ တိုင်ရီ စက်ရုံတွေ၊ မြန်မာ့စန္ဒီ ဖိနပ်စက်ရုံ၊ တနေ့ကဆန္ဒပြခဲ့တဲ့ အင်းစိန်က လိုင်းရင်းစီးတီး အထည်ချုပ် စက်ရုံတွေအပြင် အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရွှေပြည်သာစက်မှုဇုန်က ရက်စ်တူး သကြားလုံးစက်ရုံမှာ အလုပ်သမား ၈၀၀ ခန့်က သူတို့ရဲ့ လုပ်အားခနည်းတဲ့ပြဿနာအပြင် အချိန်ပိုခိုင်းစေမှုတွေ၊ အလုပ်နဲ့မပတ်သက်တဲ့ ခိုင်းစေမှုတွေ ရှိတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတဲ့နေရာမှာ ရောက်ရှိနေတဲ့ မျက်မြင်တဦး ပြောပြတာကတော့ -
"ရွှေပြည်သာမှာလည်း ဖြစ်တာပဲ၊ အရင်စက်ရုံတွေ ပုံစံအတိုင်းပဲ။ လုပ်အားခ တိုးမြှင့်ရေး ရယ်၊ စူပါဗိုက်ဆာ က သူတို့ကို မာန်မဲတဲ့ကိစ္စတွေ လျော့ချရေး၊ ပြီးတော့ အလုပ်ချိန်က အရမ်းလုပ်ရတယ်လေ။ အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၉ နာရီအထိ ဆိုတော့ အဲဒါကို လျော့ချရေး စတာတွေ ပေါင်းပြီးတော့ သကြားလုံး စက်ရုံက အလုပ်သမားတွေက တောင်းဆိုတိုက်ပွဲဝင်ပြီး သပိတ်မှောက်တာပေါ့။ သူတို့ ကြေညာထားတာက လစက အခု ၂၀,၀၀၀ လောက်က စတယ်ဗျာ။ ၂၀,၀၀၀ - ၂၅,၀၀၀ က စတယ်။ အခု ကျနော်ပြောတဲ့အချိန်ထိတော့ ဘာမှမရသေးဘူး။ သူတို့ ညှိနေကြတုန်းပဲ။
လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပုံကိုလည်း ဆက်ပြောပြပါတယ်။
"အခု သူတို့ချထားတာကတော့ ရှိသမျှ ဌာနအသီးသီးတွေ သွားကြတယ်ဗျာ။ ပြီးတော့ မီးသတ်ကားတွေ၊ နောက်ပြီးတော့ လုံထိန်းကားတွေက အရင်စက်ရုံတွေမှာလိုပဲ လုံခြုံရေးတွေ ချထားတယ်။ လေးဘက် လေးထောင့် ချထားတယ်။ နောက်ပြီးတော့ အဓိကကတော့ စက်မှုဇုံထဲမှာဆိုတော့ အခြား စက်ရုံတွေကို မကူးစက်အောင် ဒါကို အလွယ်တကူ ပိတ်ဆို့လို့ရအောင် အဆင်သင့်ပြင်ထားကြပါတယ်။"
အခုပြတဲ့ ရက်စ်တူး သကြားလုံးစက်ရုံဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း လုပ်အားခနည်းပါးမှုတွေကြောင့် ဆန္ဒပြခဲ့ဖူးပါတယ်။ တနေ့လုပ်အားခ ၈၀၀ လောက်နဲ့အချိန်ပိုကြေး တနာရီကို ၁၀၀ လောက်သာ ရကြတာမို့ ကုန်ဈေးနှုန်းကြီးတဲ့အချိန်မှာ အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းတယ်လို့ ဆိုပါတယ်။ ရွှေပြည်သာ စက်ရုံတွေဟာ သူတို့ နစ်နာမှုတွေအတွက် အမြဲလိုလို တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
"ရွှေပြည်သာမှာ စက်ရုံတွေ အများကြီး ရှိတယ်။ အဲဒီမှာ ဖြစ်လေ့ဖြစ်ထရှိတာ အမြဲတမ်းလိုလိုဖြစ်တာက နယူးဝေး နဲ့ သကြားလုံးစက်ရုံတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကုန်ဈေးနှုန်းက ကြီးရတဲ့အထဲမှာ လုပ်အားခ လျော့လိုက်တဲ့အခါ ကျတော့ အခုလိုမျိုး သူတို့ အခွင့်အရေးတွေကို တောင်းဆိုကြတာပါ။ သူက အလုပ်သမားလည်း များတယ်။"
အမျိုးသမီး အလုပ်သမားတွေကို စက်ရုံခေါင်မိုးပေါ်တက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းတာ၊ အိမ်သာ ဆေးခိုင်းတာတွေ၊ အလုပ်နဲ့ မပတ်သက်တာတွေကို ခိုင်းစေတဲ့အပြင် အခြေခံလစာနည်းပါးမှုက အဓိက ဆန္ဒပြရခြင်း အကြောင်းရင်းလည်း ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

ဆန္ဒပြ အလုပ်သမားများကို ပြည်သူတရပ်လုံး ကူညီရန် တိုက်တွန်း

ဒီဗွီဘီ သတင် မောင်တူး 

၁၈ ဖေဖော်ဝါရီ ၂၀၁၀ - ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေမှာ ပြည်သူတရပ် လုံး ပူးပေါင်း ပါဝင်ကူညီကြဖို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ သံဃာ့တပ် ပေါင်းစု ဗကသများ အဖွဲ့ချုပ်တို့က တိုက်တွန်း လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသများ အဖွဲ့ချုပ်တို့က ဒီနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
လိုင်သာယာ။ အင်းစိန် စက်ရုံတွေက ဆန္ဒပြပွဲတွေဟာ ပြည်သူတွေစားဝတ် နေရေး ကျပ်တည်းနေတာကို သက်သေပြလိုက်တာပဲလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ခုလို ဆိုပါတယ်၊ “ဆန္ဒပြပွဲတွေ ဖြစ်တဲ့နေရာမှာ အဲဒီနေရာနဲ့ အနီးဆုံးကို ပြည်သူလူထုကြီး က သွားနိုင်ပါတယ်။ အလုပ်သမားတွေက နေပူထဲမှာ ဒီလိုပဲ ထိုင်နေရတာ၊ စားဖို့ သောက်ဖို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလို့ ရတာကို ကျနော်တို့ တွေ့ရပါတယ်၊ အဲဒါတော့ အဲဒီစက်ရုံဝင်းထဲကို မရောက်ရင်တောင် အလုပ်သမားတွေ နေတဲ့ ရပ် ကွက်တွေမှာ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ အများကြီး ရှိပါတယ်၊ အဲဒီ အ လုပ်သမားတွေက တဆင့် ပံ့ပိုးချင်လည်း ရပါတယ်၊ “တခုက စက်ရုံအလုပ်ရုံတွေ ရှိတဲ့နေရာကို ပြည်သူပြည်သားတွေက အနီး စပ်ဆုံးနေရာကို သွားရောက်ကြပြီး ရပ်တည် ဆန္ဒပြခြင်းဟာလည်း ဒါဟာ အလုပ် သမားတွေဘက်က ထောက်ခံတယ် ဆိုတဲ့ အင်အားပြ ပုံစံတရပ် ဖြစ်ပါတယ်။ ရက်ရက်စက်စက် လက်လွတ်စပယ် ဖြိုခွင်းမခံရအောင် ပြည်သူလူထုကနေပြီး သတင်း အ ချက်အလက်တွေကို စောင့်ကြည့်ပြီး နိုင်ငံတကာ သတင်း မီဒီယာတွေနဲ့ ကမ္ဘာက သိ အောင် ကြိုးစားပေးသင့်တယ်လို့ ယူဆပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။” အခု ဖြစ်ပွားနေတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို နအဖ စစ်အစိုးရဘက်က ဘယ်လို ဖြေရှင်းပေးသင့်တယ် ဆိုတာကိုလည်း ကိုထွန်းမြင့်အောင်က ခုလို ပြောဆို သွားခဲ့ပါတယ်။ “ဒါအလုပ်သမားဆန္ဒပြပွဲတွေ ရှိတဲ့နေရာမှာ လုံထိန်းကားတွေ လက်နက် ကိုင်တပ်တွေ၊ အချုပ်ကားတွေ၊ မီးသတ်ကားတွေ ဒီလိုခြိမ်းခြောက် အကျပ်ကိုင် ပြီး အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ငြိမ်သက်သွားအောင်လုပ်ဖို့ ကြိးစားနေတယ်၊ “နောက်တနည်းက လိုင်သာယာစက်မှုဇုန် အလုပ်သမားတွေဆိုရင် အလုပ် ရှင်နဲ့ အလုပ်သမားအကြားမှာ အများကြီး ဟန်ပြ လိုက်လျောမှုတွေ တစိတ်တပိုင်း လုပ်ပေးပြီးတော့ ပွဲပြီး ပြီးရော ဆိုပြီး ဖြေရှင်းခဲ့တယ်၊ အဲတော့ တခဏသာ အချို သတ် ဖြေရှင်းမှုပဲဖြစ်တယ်၊ အလုပ်သမားတွေရဲ့ ပြသနာတွေကို အမှန်တကယ် ပြေ လည်သွားစေဖို့ ဆိုတာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ အဖွဲ့အစည်းတွေကို ဖွဲ့စည်း လှုပ်ရှားခွင့် ပေးရမယ်။” အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ဆန္ဒပြ အ လုပ်သမားတွေကို ကျောင်းသား၊ ရဟန်းတော်တွေနဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်း တွေက နည်းမျိုးစုံနဲ့ သွားရောက် ကူညီ ပေးကြစေချင်တယ် လို့လည်း ကိုထွန်းမြင့်အောင်က ပြောဆိုသွားခဲ့ပါတယ်။
အပြည့်အစုံသို့ >>

Friday, 19 February 2010

အင်းစိန်တွင် အလုပ်သမားများဆန္ဒပြ

.Wednesday, 17 February 2010 19:38 ရိုးမ ၃

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိသည်။

အင်းစိန် ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းရှိ Lion City အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန်နေ့ ညနေမှ စတင်ကာ တောင်းဆိုချက် သုံးခုရရှိရေးအတွက် ယခုအချိန်ထိ တောင်းဆိုနေခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့်နီးစပ်သူတဦးက ပြောသည်။

“မနေ့က ညနေ (၄) နာရီလောက်ကတည်းက စဖြစ်နေတာ၊ အခုချိန်ထိတောင်းဆိုနေတုန်းဘဲ၊ လုံခြုံရေးတွေကတော့ လမ်းထိမ်မှာ ပိတ်ထားတယ်၊ အခုချိန်ထိ လူအယောက် (၈၀) ကျောက်လောက်ရှိနေသေးတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် (၁)အများပြည်သူရုံးပိတ်ရက်ပိတ်ပေးရန်၊ (၂) အချိန်ပိုကြေး ၁၀၀ တိုးမြှင့်ပေးရန်၊ (၃) အခြေခံလစာများ တိုးမြှင့်ပေးရန်အတွက် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

.“အဓိက ကတော့ တခြားအစိုးရဌာနတွေ စက်ရုံတွေလည်း လခတွေ တိုးသွားပြီဆိုတော့ သူတို့ကိုလည်း တိုးပေးဖို့ တောင်းဆိုတာပါ၊ အဲဒီစက်ရုံက အလုပ်သမားသိပ်များများတော့မရှိပါဘူး၊ စက်ရုံကလည်း သေးတယ်” ဟုပြောသည်။

ယင်းကဲ့သို့ အလုပ်သမားဆန္ဒပြတောင်းဆိုမှုကို အာဏာပိုင်များဘက်မှ လုံထိန်းကား (၁၀)စီး၊ မီးသတ်ကား (၁)စီးနှင့် အချုပ်ကား (၁)စီး ရပ်ထား၍ တင်းကြပ်စွာ စောင့်ကြည့်နေလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် မကြာသေးခင် ရက်ပိုင်းအတွင်းက လှိုင်သာယာစက်မှုဇုံအတွင်းမှ အလုပ်သမားများ ထောင်နှင့်ချီကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိသည်။
အပြည့်အစုံသို့ >>

Wednesday, 17 February 2010

ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ထိုင်းနိုင်ငံ ဟတ်ယိုင်ဒေသတွင် အသတ်ခံရ

Tue 16 Feb 2010, IMNA

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသရှိ ရာဘာခြံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အသတ်ခံရသည်။ အသတ်ခံရသူမှာ အသက် ၁၅ နှစ်အရွယ်ရှိ မင်းဗညားဖြစ်ပြီး၊ ထိုင်းလူရမ်းကားတို့က ဟတ်ယိုင်ဒေသ အမ်ဘေနာထဝီ ကော်မော်ရပ်ကွက် ၁၅ တွင် သတ်ဖြတ်ခဲ့သည်။
“၆ နာရီကျော်လောက်မှာ ဆိုင်ကယ်နှစ်စီး ဝင်လာတယ်၊ သူတို့လူ ၄ ယောက်နဲ့ပေါ့၊ ဆိုင်ကယ်ကို တဲရှေ့မှာ ရပ်ပြီးတော့ တဲထဲဝင်လာတယ်၊ အဲဒီအချိန်မှာ ကျမနဲ့ ကျမယောကျာင်္က ထမင်းချက်နေတယ်၊ အသတ်ခံရတဲ့ ခလေးက ရေချိုးနေတယ်၊ သူတို့ တဲထဲရောက်လာတော့ ကျမတို့နှစ်ယောက်ကို ကြိုးနဲ့ဝင်ချည်တယ်၊ ကျမမှာလည်း တစ်နှစ်အရွယ် ခလေးတစ်ယောက် ရှိနေတယ်၊ အဲဒီအချိန်မှာ ခလေးက တဲပေါ်က ပြုတ်ကျသွားတော့ သူတို့က ကျမကို လွှတ်လိုက်တယ်၊ ကျမကလည်း ခလေးကို ကောက်ပြီးတော့ ထွက်ပြေးတယ်” ဟု လွတ်မြောက်သွားသည့် အမျိုးသမီးက ပြောသည်။

ထိုအမျိုးသမီးနှင့် ခလေး ထွက်ပြေးသွားပြီး အနည်းငယ်ဝေးကွာသွားသည့်အခါ ထိုတဲသို့ အလည်လာသည့် ဆိုယ်ကယ်တစ်စီးနှင့် တွေ့သွားပြီး အမျိုးသမီးက ဆိုင်ကယ်နှင့် လိုက်ပါသွားသည်။ ထိုအချိန်မှာ ချည်နှောင်ခံထားရသည့် အမျိုးသားကလည်း ထွက်ပြေးသွားရာ တဲနှင့်အနည်းငယ်ဝေးသွားရာမှ သေနတ်သံကြားလိုက်ရသည်။

“သေနတ်သံကြားတော့ ကိုယ့်တူလေး အပစ်ခံရတယ်ဆိုတာ သေချာသွားပြီ၊ သူတို့လည်း ခလေးကို ပစ်ပြီးတော့ ထွက်သွားတာပဲ၊ ကျနော်တို့ တဲကိုပြန်ရောက်တဲ့အချိန်မှာ ခလေးက သေနေပြီ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ထိုရာဘာခြံအနီးအနားတဝိုက်ရှိ လူများကလည်း သေနတ်သံကြားပြီးနောက် ထိုတဲဆီသို့ ပြေးလာကြရာ သေနတ်ဒဏ်ရာနှင့် သေနေသည့်ခလေးကိုသာ တွေ့ခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသွားသည့်ခလေးသည် ထွက်ပြေးလွတ်မြောက်သွားသူတို့၏ တူအရင်းဖြစ်သည်။ ထိုအခင်းဖြစ်ပွားပြီး မကြာမီတွင် ထိုင်းရဲများ ရောက်လာပြီး ခလေး၏အလောင်းကို စစ်ဆေးရန်အတွက် သယ်ယူသွားခဲ့သည်။

ထိုင်းရဲတို့က “အဲဒီလူတွေကို ခင်ဗျားတို့ မှတ်မိလား၊ မှတ်မိရင် ကျနော်တို့ကို ပြောပြပါ၊ ဒီအတိုင်းထားလို့ မရဘူး၊ ဒီအမှုကို ဖော်ထုတ်ရမယ်” ဟု ကာယကံရှင်ကို ပြောသွားခဲ့သည်။

“ယခုလိုအဖြစ်မျိုးအတွက် အရမ်းခံစားရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရတာ မကောင်းတော့ဘူး၊ ဒီလိုအဖြစ်မျိုးဟာ ခဏခဏကြားရပေမယ့် ကိုယ့်အနီးအနားမှာ မဟုတ်တော့ သိပ်တော့မခံစားရသလိုပဲ၊ အခုက ကိုယ့်အနားမှာ လာဖြစ်တယ်ဆိုတော့ အရမ်းလည်း ခံစားရတယ်၊ စိတ်လည်း မကောင်းဘူး၊ ကိုယ့်မွန်လူငယ်တွေ အခုလို သေဆုံးရတာ နည်းတာမဟုတ်တော့ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်မွန်လူမျိုးတွေ လာကိုမလာစေချင်တော့ဘူး၊ အခုလို မိဘနဲ့ဝေးတဲ့နေရာမှာ အသတ်ခံရတာ၊ ကိုယ်ထိရင် ကိုယ်ခံပဲ၊ ဘယ်သူလည်း လုပ်မပေးနိုင်ဘူး၊ ဒီလိုအဖြစ်အပျက်တွေ ခဏခဏပါပဲ” ဟု အခင်းဖြစ်ပွားရာ အနီးရှိ အလုပ်သမားတစ်ဦးက ပြောသည်။

ထိုခလေးဈာပနအတွက် ရာဘာခြံရှင်သူဌေးမှ ဘတ်ငွေတစ်သောင်း ထောက်ပံ့ပေးပြီး၊ သေဆုံးသွားသော ခလေးမိဘအတွက်လည်း ဘတ်ငွေ ၃ သောင်းပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံးသို့ စုပေါင်းချီတက်

စိုးမိုး/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ရွှေ့ပြောင်းလုပ်သားဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးရေး အဆိုပြုချက်စာကို ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့ရန်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းပြီး ဘန်ကောက်မြို့ရှိ ထိုင်းဝန်ကြီးချုပ်ရုံးသို့ ယနေ့ ချီတက်တောင်းဆိုကြသည်။အလုပ်သမားရေးရာအဖွဲ့ကြီး (၄) ခု ဦးဆောင်ပြီး ဘန်ကောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား အင်အား (၁၅၀) ခန့်က ကုလသမဂ္ဂရုံးနှင့် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်ကာ အဆိုပြုလွှာကို တင်သွင်းကြပြီး ချင်းမိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား အင်အား (၅၀) ခန့်က အဆိုပြုလွှာကို ခရိုင်ဝန်ရုံးသို့ ချီတက်တင်သွင်းခဲ့ကြသည်။

“ထိုင်းဝန်ကြီးချုပ်ရုံး ကွန်ပလိန်း စင်တာက အရာရှိ (၃) ယောက်ထွက်လာပြီး စာလက်ခံတယ်။ ယူအန် (ကုလသမဂ္ဂ) ရုံးကလည်း စာကို လက်ခံတယ်” ဟု ကိုယ်တိုင် လိုက်ပါချီတက်ခဲ့သည့် ဦးသက်ခိုင်က ပြောကြားသည်။
ယခုလကုန်တွင် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို စိစစ်ပြီး နေရပ်ပြန်ပို့မည့် ထိုင်းအစိုးရ မူဝါဒကို ပြင်ဆင်ပေးရန် ရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့အစည်း (၄) ခုက ဦးဆောင်ကာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပူးပေါင်းချီတက်တောင်းဆိုကြခြင်းဖြစ်သည်။
“အခုက စာကို လက်ခံလိုက်တယ်။ အစိုးရတရပ်အနေနဲ့ တောင်းဆိုချက်တွေကို ချက်ချင်းကြီး အဖြေပေးဖို့ဆိုတာ မဖြစ်နိုင် ဘူးပေါ့။ ကျနော်တို့ ဒီလမကုန်ခင်အထိစောင့်မှာပါ။ ဒီစာအပေါ် ထိုင်းအစိုးရ တုံ့ပြန်ချက်ကို” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
ထိုင်းအစိုးရက ယခုလကုန်တွင် နေရပ်ပြန်ပို့ရန် စီစဉ်ထားသည့် မြန်မာ၊ လော၊ ကမ္ဘောဒီးယား နိုင်ငံသား တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်တွင် မြန်မာနိုင်ငံသား (၁) သန်းခန့် ပါဝင်သည်။
ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တရားဝင် လုပ်သားစေလွှတ်မှု စနစ်တခု ဖြစ်ပေါ်လာစေရန် မြန်မာစစ်အစိုးရနှင့် (၈) ကြိမ်မြောက် ဆွေးနွေးပွဲကို ယခုလ (၁၂) ရက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP