Friday, 12 February 2010

မဲဆောက်က သိုးမွှေးလောက

သီဟဟိန်း ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ သိုးမွှေးစက်ရုံပေါင်း ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ သူတွေဟာ မန်နေဂျာတွေကလွဲရင် အားလုံးဟာ ကျနော်တို့ မြန်မာအလုပ်သမားတွေပါပဲ။ ကျနော်တို့ ရွှေ့ပြောင်းလုပ်သား မြန်မာတွေဟာ မဲဆောက်ကို နည်းအမျိုးမျိုးနဲ့ ရောက်လာကြတာပါ။ တချို့လည်း ပွဲစားတွေက ရောင်းစားသွားလို့ ဒုက္ခရောက်ရတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ အများအားဖြင့် တရုတ်တွေ လာဖွင့်ထားကြတာပါ။ သုဝဏ္ဏမှာရှိတဲ့ စီးတာစက်ရုံ၊ လှိုင်သာယာက လင်းလက်၊ ရွှေသဇင် စတဲ့ နာမည်နဲ့ စက်ရုံတွေပါ။ ဒီစက်ရုံတွေက အလုပ်သမားတွေဟာ တလကို လုပ်ခလစာ အလွန်ဆုံး ၃ဝဝဝဝ (သုံးသောင်း) လောက်ပဲ ရကြပါတယ်။ လုပ်အားခ အဆမတန် နည်းလွန်းတာကြောင့် အများစုဟာ မဲဆောက်ကိုသွားပြီး အလုပ်လုပ်ကြပါတယ်။
မဲဆောက်ရဲ့ သိုးမွှေးလောက ခေတ်ကောင်းတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၆-၉၇-၉၈ ကာလတွေမှာဆိုရင် မြန်မာပြည်က အလုပ်သမားတွေကို ရန်ကုန်အထိ ဆင်းပြီးခေါ်တာမျိုး ရှိပါတယ်။ မဲဆောက်ကိုရောက်လို့ သိုးမွှေးအလုပ် မလုပ်တတ်သေးရင်လည်း စက်ရုံက သင်ပေးတဲ့အပြင် တနေ့ကို ဘတ် ၃ဝ ပေးထားပါသေးတယ်။ အလုပ်ကျွမ်းကျင်သွားရင် တလကို မြန်မာငွေ ၅ သောင်းလောက် ရပါတယ်။ သူဋ္ဌေးက နေစရာ ပေးတဲ့အပြင် ထမင်းလည်း ပေးပါသေးတယ်။ ဟင်းက ကိုယ့်ဟာကိုယ်စားပေါ့။ မြန်မာပြည်မှာဆို ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကိုယ့်အိမ်ကနေ သွားရတာပါ။ ဖယ်ရီကား ရှိပါတယ်။ ဒါပေမဲ့ ဖယ်ရီကားခ ပေးရပါတယ်။ မဲဆောက် သိုးမွှေးလုပ်ငန်းတွေ ကောင်းနေတဲ့ အချိန်တွေဆိုတော့ လာတဲ့သူတွေ အဆင်ပြေတာပေါ့။



အခု အဲလိုမဟုတ်တော့ပါဘူး။ သိုးမွှေးစက်ရုံမှာ တကယ်အလုပ်ကောင်းတဲ့ အချိန်က တနှစ်မှာ ၅ လ လောက်ပဲ ရှိပါတော့တယ်။ သင်္ကြန်ကျော်လောက်ကစပြီး စက်တင်ဘာကုန်အထိပဲ ကောင်းကောင်း လုပ်ရပါတယ်။ ကျန်တဲ့ လတွေက အော်ဒါလေးရရင် လုပ်လိုက်၊ မရရင် အပြင်အလုပ်ထွက်ပြီး ပန်းရံလုပ်၊ စပါးပေါ်ချိန် စပါးရိတ်၊ ပျိုးနှုတ်၊ ဘော်ကြယ်ထိုး၊ ပဲပေါ်ချိန်ကျ ပဲရိတ်၊ ပြောင်းဖူးချိုး စတဲ့ ကြုံရာအလုပ်တွေ လုပ်လိုက်နဲ့ပေါ့။ လုံးလည်ချာလည် လိုက်နေတာပါပဲ။ သူဋ္ဌေးက နေစရာနဲ့ ထမင်း ပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြား အသုံးစရိတ်တွေ ရှာရတာပေါ့။

အလုပ် တကယ်ကောင်းတဲ့ ကာလတွေမှာလည်း မနက် ၈ နာရီကနေ ည ၁၁ နာရီလောက်ထိ လုပ်ရပါတယ်။ သူဋ္ဌေးက အလုပ်တွေ အရေးကြီးလို့ အရမ်းခိုင်းတဲ့အချိန်မှာ အလုပ်မဆင်းနိုင်ရင် အလုပ်ပြုတ်ပြန်ရော။ တခါတလေ ညလုံးပေါက် မိုးလင်းတဲ့အထိ အလုပ်ဆင်းပေးရတာတွေ ရှိပါတယ်။ အဲဒီလို မတရား ခိုင်းပေမယ့် အချိန်ပိုကြေး မရပါဘူး။ မာမား (ခေါက်ဆွဲ) ၃ ဘတ်တန်လေး တထုပ်ပဲ ပေးပါတယ်။ တကယ်တော့ အချိန်ပိုဆိုတာ အလုပ်ချိန် ၈ နာရီ ကျော်သွားရင် အချိန်ပိုလို့ သတ်မှတ်တယ်လို့ သိထားပါတယ်။

ဒါပေမဲ့ မဲဆောက်သိုးမွှေးလောကရဲ့ အချိန်ပိုဆိုတာက ညဘက် ပုံမှန်ဆင်းရတဲ့ ၁ဝ နာရီ၊ ၁၁ နာရီကျော်မှပဲ အချိန်ပိုလို့ သတ်မှတ်ပေးတာပါ။ ဘယ်လောက်ပဲ နာရီတွေ ပိုလုပ်ပါစေ မာမားတထုပ်ပါပဲ။ တချို့စက်ရုံတွေတော့ ည ၉ နာရီကျော်သွားရင် အချိန်ပိုကြေး တနာရီကို ၆ ဘတ်၊ ၇ ဘတ်ရပါတယ်။ အဲလိုစက်ရုံမှာ လုပ်ရတဲ့ သူတွေဟာ ကံထူးတဲ့ ကျနော်တို့ ကိုရွှေမြန်မာတွေလို့ပဲ ပြောရမယ်။ တလမှာ တနင်္ဂနွေတရက်နဲ့ လစာထုတ်ပြီး နောက်ရက် ၂ ရက်ပဲ ပိတ်ပေးပါတယ်။ အဲဒါက စက်ရုံတိုင်းပါပဲ။ စနေ၊ တနင်္ဂနွေနဲ့ ထိုင်းနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမယ့် လုပ်ခလစာက ဒီအတိုင်းပါပဲ။

သိုးမွှေးစက်ရုံတခုမှာ ချည်ရစ်၊ ချည်ပေး၊ စက်ဆွဲ၊ အထည်စစ်၊ အထည်ဖာ၊ ထိုင်စက်၊ ချိတ်ကောက်ဆွဲ၊ ပါကင်ထုပ် စသဖြင့် သူ့ဌာနနဲ့သူ ရှိပါတယ်။ ချည်ရစ်ဆိုတာက စက်ရုံကို ရောက်လာတဲ့ သိုးမွှေးချည်တွေကို ပြန်ရစ်ရတာပေါ့။ အဲဒီဌာနအတွက်က အများအားဖြင့် မိန်းကလေးတွေကို အခန့်များပါတယ်။ ပုံမှန်အားဖြင့် အလုပ်ရှိရင် တနေ့ကို ဘတ် ၇ဝ လောက် ရပါတယ်။ ချည်ပေးဆိုတာက ရစ်ပြီးသား ချည်လုံးတွေကို အထည်ဖြစ်အောင် ဆွဲမယ့် စက်ဆွဲသမားတွေကို ထုတ်ပေးတဲ့နေရာပါ။ အဲဒီမှာ ချည်ပေးစာရေး၊ စာရေးမ စသဖြင့် ၂ ယောက်၊ ၃ ယောက်လောက် ရှိပါတယ်။ သူတို့က တလကို ဘတ် ၂၅ဝဝ ကနေ ၃ဝဝဝ ထိ ရပါတယ်။ လခစား မဟုတ်ပါဘူး။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ဖြတ်ပါတယ်။

အဲဒီချည်ပေးဌာနက ချည်တွေကို စက်ဆွဲသမားက စာအုပ်နဲ့ ထုတ်ရပါတယ်။ ဘာချည်အမျိုးအစား၊ ဘယ်ဂိတ်အတွက် ဘယ်လောက်ထုတ်တယ်ဆိုပြီး စာအုပ်ထဲမှာ မှတ်ပေးလိုက်ပါတယ်။ အလေးချိန် ကီလိုနဲ့ပေါ့။ ပြန်သွင်းတဲ့အချိန်မှာ ကိုယ်ဆွဲထားတဲ့ အထည်ရယ်၊ ပိုတဲ့ချည်လုံးရယ် ပေါင်းချိန်ပေါ့။ ထုတ်တဲ့ အလေးချိန်နဲ့ ကွာနေရင် လျော်ရတယ်။ စက်ဆွဲဌာနမှာ မိန်းကလေးရော၊ ယောက်ျားလေးရော ရှိပါတယ်။ အပ်တွေကိုလိုက်ပြီး ၃ ဂိတ်၊ ၅ ဂိတ်၊ ၇ ဂိတ်၊ ၉ ဂိတ်၊ ၁၂ ဂိတ် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဂိတ်ကြီးရင် အပ်သေးတယ်။ ဂိတ်သေးရင် အပ်ကြီးတယ်ပေါ့။ ဥပမာ - ၃ ဂိတ်အပ်က ၁၂ ဂိတ် အပ်ထက် အများကြီး ကြီးပါတယ်။

၃ ဂိတ်မှာဆို တော်ရုံမိန်းကလေးတွေ မဆွဲနိုင်ပါဘူး။ အပ်ကြီးတော့ စက်ကဆွဲရတာ လေးတာပေါ့။ အပ်သေးရင် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲနိုင်တယ်။ စက်ဆွဲတဲ့ နေရာမှာ အင်္ကျီတထည်ရဲ့ ရှေ့ခြမ်း၊ နောက်ခြမ်း၊ လက်၊ ကော်လံ စတာတွေကို သပ်သပ်စီ ဆွဲရပါတယ်။ ၁၂ ထည် (တဒါဇင်) ကို တထုပ်ပေါ့။ ချည်ထုတ်တဲ့ နေရာမှာပဲ ပြန်သွင်းရတယ်။ တဒါဇင်ကို ဘယ်လောက်ဆိုပြီး သူဋ္ဌေးက ဈေးသတ်မှတ်ပေးထားတယ်။ ကိုယ်ဆွဲနိုင်ရင် ဆွဲနိုင်သလောက် ရတာပေါ့။ ကျွမ်းကျင်တဲ့သူနဲ့ မကျွမ်းကျင်တဲ့သူ ကွာသွားတာပေါ့။

အဲဒီလို စက်ဆွဲဌာနက ပြန်အပ်တဲ့ ဆွဲပြီးသား အထည်တွေကို ချည်ပေးကနေတဆင့် အထည်စစ်ကို ရောက်တယ်။ အထည်စစ် ဆိုတာကတော့ စက်ဆွဲတဲ့သူတွေ ဆွဲထားတဲ့ အထည်တွေကို ဒီဇိုင်းနဲ့ ကိုက်ညီမှု ရှိမရှိ၊ အထည်တွေ ပေါက်တာပြဲတာ ရှိမရှိ စတာတွေကို စစ်ရတာပေါ့။ အပေါက်အပြဲတွေ ပါလာရင်၊ ဖာလို့ရသေးရင် အထည်ကို ဖာပေးတယ်။ ဖာလို့မရရင် အထည်စစ်တဲ့လူက အထည်ဆွဲတဲ့လူဆီ ပြန်ပို့ပေးရတယ်။ အထည်ဆွဲတဲ့သူက အသစ်ပြန်ဆွဲပေးရတယ်။ အထည်စစ်တဲ့ သူတွေလည်း ဒါဇင်စားပါပဲ။ တဒါဇင် ဘယ်လောက်ပေါ့။ ကိုယ်စစ်ပေးလိုက်တဲ့ အထည်တွေက စစ်တာမမှန်လို့ ပြန်လာရင်တော့ အထည်စစ်ရတဲ့သူလည်း လျော်ရတာပါပဲ။ အထည်ဖာတဲ့သူတွေကို နေ့စားသဘောမျိုး ပေးပါတယ်။ ကျွမ်းကျင်ရင် ဘတ် ၁ဝဝ လောက်ထိ ရနိုင်ပြီး မကျွမ်းကျင်သေးရင် ၆ဝ၊ ၇ဝ ၊ ဒီလောက်ပါပဲ။ အလုပ်မရှိရင်တော့ မရဘူး။

အထည်စစ်က စစ်ပြီးသား အထည်တွေကို ထိုင်စက်ဌာနကို ရောက်တယ်။ ထိုင်စက်ဆိုတာက စက်ဆွဲက ဆွဲပေးလိုက်တဲ့ အထည်တွေ (လက်၊ ရှေ့ခြမ်း၊ နောက်ခြမ်း စတာတွေ) ကို အင်္ကျီဖြစ်အောင် ချုပ်ရ၊ တွဲရတာပေါ့။ အဲဒီနေရာမှာ မိန်းကလေးတွေ များပါတယ်။ ဓားစက်လည်း ရှိတယ်။ သူတို့လည်း ဒါဇင်စားပါပဲ။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ပိုက်ဆံမရပါဘူး။ ထိုင်စက်က ချုပ်ပြီးသား အထည်တွေကို အစတွေဘာတွေ သိမ်းတဲ့ဌာနပေါ့။ ချိတ်ကောက်ဆွဲလို့လည်း ခေါ်တယ်။ အဲဒီကို ရောက်ပါတယ်။ အဲဒီမှာ အထည်က အချောဖြစ်သွားပါပြီ။ အဲဒီကပြီးရင်တော့ မီးပူတိုက်ရတဲ့ အထည်တွေ မီးပူတိုက်။ မလိုအပ်ရင်၊ ပါကင်ထုပ်ပြီးရင် ပြီးသွားပါပြီ။

သိုးမွှေးစက်ရုံတခုမှာ စက်ဆွဲတဲ့ဌာနမှာ လူအများဆုံးပါပဲ။ ဘယ်ဌာနက အလုပ်ကိုပဲလျှောက်လျှောက် အလုပ်မဝင်ခင် အရင်စမ်းသပ်ပါတယ်။ တတ်တယ်ဆိုမှ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာ အလုပ်ရဖို့အတွက် စက်ရုံက မန်နေဂျာတို့၊ လိုင်းချုပ်တို့ကို ပိုက်ဆံ ၅ဝဝ၊ ၁ဝဝဝ စသဖြင့် ပေးရပြန်ပါသေးတယ်။ တချို့ဆို ပိုက်ဆံရရင်ပြီးရော တတ်တတ်၊ မတတ်တတ် အလုပ်သွင်းပေးထားတယ်။ သူဋ္ဌေးနဲ့တွေ့လို့ မတတ်မှန်းသိရင် သူဋ္ဌေးက အလုပ်ဖြုတ်ပစ်လိုက်တာပါပဲ။ အဲလိုအခါကျ ပေးထားတဲ့ ပိုက်ဆံလည်း ပြန်မရ၊ အလုပ်လက်မဲ့လည်း ဖြစ်။ မိအေးနှစ်ခါနာပေါ့။

တချို့အလုပ်သမား အတော်များများကတော့ မဲဆောက်မှာ အလုပ်အကိုင်တွေ ရှားပါးလာလို့ ပွဲစားတွေကတဆင့် ဘန်ကောက်တို့၊ ဖူးခက်တို့ စတဲ့ တခြားမြို့တွေကို သွားပြီး အလုပ်လုပ်ကိုင်နေကြတယ်။ အဆင်ပြေတဲ့သူ ရှိသလို၊ အဆင်မပြေတဲ့သူလည်း ရှိပါတယ်။ အဲဒီလို ပွဲစားနဲ့ သွားဖို့ဆိုရင် ပွဲစားကို အနည်းဆုံး ဘတ်တသောင်းလောက် ပေးရပါတယ်။

တချို့လည်း လမ်းမှာ ထမင်းတွေဘာတွေ ငတ်သလို၊ ထိုင်းရဲက ဖမ်းထားလို့ ထောင်တွေကျ၊ မြန်မာပြည် ပြန်ပို့ခံရတာလည်း ရှိပါတယ်။ တချို့ကျ ဟိုရောက်ပြီး အလုပ်တွေ အဆင်ပြေနေကြတယ်။ ဘန်ကောက်လို နေရာမျိုးမှာ တလကို ဘတ် ၆ဝဝဝ လောက်ရတယ်လို့ ပြောပါတယ်။ အလုပ်သမား လက်မှတ်မရှိလို့ ထိုင်းရဲက ဖမ်းမိပြီဆိုရင် မြန်မာပြည် ပြန်ပို့တော့တာပါပဲ။ မဲဆောက်မှာလည်း ဒီလိုပါပဲ။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် ဖမ်းမိလို့ကတော့ ထောင်ချပြီး မြန်မာပြည် ပြန်ပို့တာ ခံရတာပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ဖမ်းဖမ်း၊ ဘယ်လိုပဲ ပြန်ပို့ပို့ နည်းမျိုးစုံနဲ့ ပြန်ရောက်လာကြတာပါပဲ။ ဒီနေ့ဖမ်းပြီး မြဝတီဘက် သွန်လိုက်တယ်။ နောက်နေ့ ဒါမှမဟုတ် အဲဒီနေ့ညနေပဲ ပြန်ရောက်လာကြတာပါပဲ။

အခုလိုဖြစ်နေရတဲ့ အဓိကအကြောင်းက ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက်ကြောင့်ပါပဲ။ မိမိအာဏာတည်မြဲဖို့အတွက် တိုင်းသူပြည်သားတွေ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ငတ်ရင်ငတ် ပြတ်ရင်ပြတ် ဆိုတဲ့ စစ်အစိုးရကြောင့်ပါပဲ။ မကြာသေးခင်က ရောက်လာတဲ့ လင်မယားနှစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ဟာ သိုးမွှေးစက်ရုံက စက်ဆွဲအလုပ်သမားတွေပါ။ မြန်မာပြည်မှာလည်း လုပ်ခဲ့ဖူးကြောင်းနဲ့ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆင်ပြေနေတာတွေကိုကြည့်ပြီး မြန်မာပြည်မှာထက်တော့ သာမှာပဲဆိုပြီး နှစ်ယောက်သား ထွက်လာတာဖြစ်ကြောင်း ပြောပြပါတယ်။

အခု မဲဆောက်ကိုရောက်တော့ ဘာပဲပြောပြော မြန်မာပြည်မှာထက်တော့သာကြောင်းနဲ့ သူတို့နှစ်ယောက်လုံးက စက်ဆွဲကျွမ်းကျင်ပြီးသားဆိုတော့ ဒီမှာက မြန်မာပြည်ထက်တော့ ပိုပြီး ဝင်ငွေကောင်းပြီး တလကို လင်မယား နှစ်ယောက်ပေါင်း ဘတ် ၅ ထောင်၊ ၆ ထောင်လောက်ရကြောင်း သိရပါတယ်။ အခြေအနေပေးရင် ဒီမှာထက်သာတဲ့ ဘန်ကောက်လိုနေရာမျိုးကို သွားချင်ကြောင်း ဆက်ပြီး ပြောပြပါတယ်။

မဲဆောက်ကို ရောက်နေတာ နှစ်ပေါင်း အတော်ကြာပြီဖြစ်တဲ့ သိုးမွှေးစက်ဆွဲ အလုပ်သမားတယောက်ကတော့ မဲဆောက်ကို ရောက်စတုန်းက သိုးမွှေးမဆွဲတတ်သေးတာကြောင့် စက်ဆွဲသင်ပြီး အလုပ်ဝင်ရကြောင်းနဲ့ နှစ်တွေကြာလာတော့ စက်ဆွဲသမားမဟုတ်တော့ဘဲ စက်ပြင်ရတဲ့ စက်ဆရာတယောက် ဖြစ်လာကြောင်း ပြောပြပါတယ်။ သိုးမွှေးစက်ဆရာတယောက်ရဲ့ လစာဟာ တလကို ဘတ် ၄၅ဝဝ လောက်ရပြီး သူလည်း လခစား မဟုတ်ပါဘူး။ အလုပ်မရှိတဲ့ ရက်တွေ၊ မဆင်းတဲ့ ရက်တွေဆို အဖြတ်ခံရတာပါပဲ။ သူများတွေလိုပဲ အချိန်ပြည့် အလုပ်လုပ်ရပါတယ်။

အဲဒီလို လုပ်လာရင်းနဲ့ သူတို့စက်ရုံမှာ အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။ အဲဒီအထဲမှာ သူလည်း ပါသွားပြီး အဲဒီစက်ရုံကို သူဋ္ဌေးက ပိတ်ပစ်လိုက်ပါတယ်။ အလုပ်သမားတွေလည်း ဆဝါဒီကန်ရုံးမှာ သွားတိုင်၊ ပြီးတော့ တရားရုံး တက်၊ အခုအချိန်ထိ ဘာလျော်ကြေးမှ မရကြသေးပါဘူး။ သူတို့စက်ရုံ သူဋ္ဌေးကတော့ တခြားနေရာမှာ စက်ရုံထပ်ဖွင့်လိုက်ပါတယ်။ သူလည်း အဲဒီအချိန်ကစပြီး ဆရာမဟုတ်တော့ဘဲ ရရာအလုပ်လုပ်ရင်း ဒီနေ့ထိ မပြန်နိုင်သေးပါဘူး။ ဒီမှာက ရရာအလုပ် လုပ်စားမယ်ဆို နေလို့စားလို့ ရသေးကြောင်းနဲ့ မြန်မာပြည်မှာဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့အတွက် အခုလိုပဲ ဆက်နေရကြောင်း ပြောပြပါတယ်။

မဲဆောက်သိုးမွှေးလောကဟာ ခေတ်မကောင်းတော့ဘူးဆိုပေမယ့် သိုးမွှေးစက်ရုံတွေမှာ အလုပ်လုပ်ဖို့အတွက် မြန်မာပြည်က တက်လာတဲ့ အလုပ်သမားတွေကတော့ အမြဲတမ်း ရှိနေပါတယ်။ အလုပ်သမားတယောက်အနေနဲ့ ဒီမှာ တလလုပ်လို့ ဘတ် ၃ဝဝဝ ရမယ်။ မြန်မာပြည်မှာ အဲဒီလောက် မရရင်နေပါစေ။ ဘတ် ၁၅ဝဝ၊ ၂ဝဝဝ လောက် ပုံမှန်လေး ရနေမယ်ဆိုရင် ကျနော်တို့ကတော့ ကိုယ့်မြန်မာပြည်မှာပဲ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ပါတယ်။

(မှတ်ချက်။ ။ ယခု လှိုင်သာယာစက်မှုဇုန် အလုပ်သမားများမှာ လစာ ကျပ် ၃ဝဝဝဝ ကျော် (ဘတ် ၁ဝဝဝ ခန့်) ရရှိရန် တောင်းဆိုဆန္ဒပြနေကြပြီး ကျပ် ၂၅ဝဝဝ အထိသာ တိုးပေးကြောင်း သိရသည်။)
အပြည့်အစုံသို့ >>

အလုပ်သမား အခွင့်အရေးအတွက် သမဂ္ဂများ လိုအပ်နေ

ခိုင်စု ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အခွင့်အရေးအတွက် အကာအကွယ်ပေး တောင်းဆိုပေးနိုင်မည့် သမဂ္ဂများ လိုအပ်နေကြောင်း ပြည်ပရှိ မြန်မာ အလုပ်သမား အဖွဲ့များက ပြောဆိုသည်။ လှိုင်သာယာ စက်မှုဇုန် ၃ တွင် ဖိနပ်စက်ရုံ တိုင်ရီ၊ အထည်ချုပ် စက်ရုံများဖြစ်သည့် ကျားမင်းနှင့် OPAL 2 (ခေါ်) မြဖက်ရှင်မှ အလုပ်သမားများ ဆန္ဒပြမှုကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့နှင့် FTUB (ခေါ်) မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်များက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ 
“မြန်မာပြည်မှာ အလုပ်သမား လူမှုဖူလုံရေးစနစ် သေချာမရှိဘူး။ အလုပ်သမားအတွက် အာမခံချက် အပြည့်အဝ မရှိဘူး။ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ရှိရမယ်။ တချို့စက်ရုံမှာ စာချုပ်မရှိဘူး။ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးမယ့်၊ တောင်းဆိုပေးမယ့် အလုပ်သမား သမဂ္ဂတွေ မရှိဘူး။ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခါကျ ပြဿနာတွေက မဖြစ်သင့်ဘဲနဲ့ အခုလို ပေါက်ကွဲပြီး ကြီးကြီးမားမား ဖြစ်လာတယ်လို့ မြင်တယ်” ဟု ရောင်ခြည်ဦး အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။



FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်ကလည်း ''အထည်ချုပ် စက်ရုံ အလုပ်သမား တယောက်က တလကို လုပ်ခ ၄၈၀၀၀ (ကျပ်) ရတယ်လို့ အလုပ်ရှင်တချို့ ပြောတယ်။ ဒီလုပ်ခရဖို့ အလုပ်သမား တယောက်က နားချိန်နားရက် မရှိဘဲ အလုပ်လုပ်ရတယ်။ အလုပ်ရှင်တွေဟာ နအဖ ရဲ့ ဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရှိဘူးဆိုတာကို အခွင့်ကောင်း ယူနေကြတာ'' ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့သည့် တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများက အစိုးရ ရုံးပိတ်ရက်တွင် အလုပ်ရုံပိတ်ရန်၊ နားနေချိန် အပြည့်ပေးရန်၊ လုပ်သက်ဆုကြေးကို တနှစ်လျှင် (ကျပ်) ၂၀၀၀ တိုးပေးရန်၊ ရက်မှန်ကြေး မူလ ၃၀၀၀ မှ ၆၀၀၀ သို့ တိုးပေးရန်၊ နေ့တွက်ကြေး ၂၅ ကျပ်အစား ၇၅ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေး ၅၅ ကျပ်အစား ၁၅၀ ပေးရန် အပါအဝင် တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့သည်။

ထို့ပြင် လိုင်းကြီးကြပ်သူ စူပါများကို လစာငွေ ကျပ်တသောင်း တိုးပေးသော်လည်း ကျန်လုပ်သားများကို မတိုးပေးသဖြင့် ယခုလ ၈ ရက်နေ့မှ စတင်၍ ယမန်နေ့ထိ ဆန္ဒပြနေသည့် မြဖက်ရှင် (Opal 2) စက်ရုံက လစာငွေ တိုးပေးရန်၊ အလုပ်ချိန် နံနက် ၇ နာရီမှ ည ၁၁ နာရီအထိကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ ခရိုင်ကောင်စီ ခယက ဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုပ် ဦးချစ်ရှိန်သည် လုံခြုံရေးများဖြင့် ဝင်ရောက် ဖြေရှင်းပေးခဲ့သည်။

၁၉၄ဝ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက် ABTUC ကို သခင်လေးမောင်နှင့် သခင်ဘက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရှင်နှင့် ဖြစ်ပွားသည့် အလုပ်သမားရေးရာများ၊ ပြဿနာများကို ဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် အလုပ်သမား အခွင့်အရေးများ ပိတ်ပင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ကွန်ဂရက်အဖြစ် TUCB အဖြစ် ပြန်လည် ပေါ်ပေါက်ခဲ့သေးသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ လက်ထက်တွင် အလုပ်သမားသမဂ္ဂ အပါအဝင် လွတ်လပ်သော မည်သည့် သမဂ္ဂမျိုးမဆို ဖွဲ့စည်းခွင့် မပြုတော့ဘဲ ပိတ်ပင်ခဲ့တော့သည်။ သို့သော် အစိုးရများ ထိန်းချုပ်ကွပ်ကဲသည့် အလုပ်သမား၊ လယ်သမား အစည်းအရုံးများကိုမူ ဖွဲ့စည်းစေခဲ့သည်။

လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရရှိခဲ့စဉ်က အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ပြဿနာများ၊ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရကြား ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးနိုင်ခဲ့သဖြင့် အရေးပါသော အဖွဲ့အစည်းတရပ် ဖြစ်ခဲ့သည်။

ထိုသို့သော သမဂ္ဂမျိုး ဖွဲ့စည်းခွင့် မရရှိသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး၊ ကျောင်းသား၊ အမျိုးသမီးရေးရာ အစရှိသည့် အရေးကိစ္စများအတွက် တဖက်တလမ်းမှ စောင့်ကြည့်ဖြေရှင်းပေးသည့် မြေအောက် အဖွဲ့အစည်းများ တိတ်တဆိတ် တည်ရှိနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

Thursday, 11 February 2010

ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရေး သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုမည်


.Wednesday, 10 February 2010 16:53 ဘစောတင် .ထိုင်းအစိုးရက ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ် ထားသည့် ဖေဖော်ဝါရီ လကုန်နောက်ပိုင်း ဖမ်းဆီး နှိမ်နင်းမှုများ အပါအ၀င် မြန်မာနိုင်ငံသားများ ရင်ဆိုင်ရမည့် အခက်အခဲများနှင့် ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်း များက ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုစာ တစောင် ရေးသားပေးပို့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။


လာမည့် ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝထံ ပေးပို့မည့် ယင်း တောင်းဆိုစာတွင် ထိုင်းအစိုးရ အနေဖြင့် ယာယီပတ်စ်ပို့ လုပ်ရန် လျှောက်ထား ရမည့် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီ (၂၈) ရက်မှ ထပ်မံတိုး ပေးရန်၊ ထို သတ်မှတ်ရက် နောက်ပိုင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့ခြင်းများ မရှိစေရန်၊ ယာယီပတ်စ်ပို့ လုပ်ရာတွင် ပွဲစားကုမ္ပဏီများ၏ ဆောင်ရွက် ချက်များကို ကျပ်မတ် စိစစ်ရန်၊ မြန်မာအစိုးရနှင့် ပိုမို အဆင်ပြေ စေမည့် နည်းလမ်းများကို အသုံးပြုနိုင်ရန် အတွက် ဆက်လက် ညှိနိုင်းရန် စသည့်အချက်များ ပါဝင်သည်ဟု သိရသည်။
.ယခုတောင်းဆိုမှုတွင် ပါဝင်သော ထိုင်းအလုပ်သမား သမဂ္ဂများ သွေးစည်း ညီညွတ်ရေး ကော်မတီမှ ဒု ဥက္ကဌ ဖိချာလီက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲကို စာနာသည့်အတွက် အခွင့်အရေးအပြည့်အ၀ရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။


“တတ်နိုင်သလောက် ပြေပြေလည်လည် ဖြစ်ဖို့ ကျနော်တို့ ထိုင်းဝန်ကြီးချုပ်ဆီကို စာပို့ဖို့ပြင်ဆင်နေပါတယ်၊ ဒီရွှေ့ပြောင်း အလုပ် သမားတွေဟာ ထိုင်းတွေမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေကြတဲ့အတွက် ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားကို အများကြီး အထောက် အကူဖြစ်စေပါတယ်၊ သူတို့တတွေ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရဖို့ အတွက် ကျနော်တို့ လက်တွဲ ဆောင်ရွက်သွားပါ့ မယ်”ဟု ဖိချာလီက ပြောသည်။

ထိုင်းအလုပ်သမားသမဂ္ဂ သွေးစည်း ညီညွတ်ရေး အဖွဲ့ တွင် မီးရထား အလုပ်သမား သမဂ္ဂကဲ့သို့သော အလုပ်သမားသမဂ္ဂ အဖွဲ့ ပေါင်း ၁၀၀ ကျော်ပါဝင်ဖွဲ့စည်းထားသည်။ အဆိုပါ အဖွဲ့သည် ထိုင်းနိုင်ငံတွင် သြဇာကြီးမားသော အဖွဲ့ အစည်းတခုဖြစ်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)မှ ဒါရိုက်တာ ဦးမြင့်ဝေကလည်း“အစိုးရဘက်က ပြင်ဆင်ထား တာကတော့ မြန်မာအလုပ်သမား တယောက်ကို ဖမ်းမိရင် အဲဒီ အလုပ်သမားကို တရားရုံးက ဒဏ်ငွေ ဘယ်လောက် ဆောင်ရမယ် လို့ သတ်မှတ်မယ်၊ အဲဒီ ဒဏ်ငွေထဲက ၂၀ရာခိုင်နှုန်းကို ဖမ်းတဲ့ရဲက ဆုအဖြစ် ရမယ်၊ အလုပ်ရှင်က ဒဏ်ငွေဆောင်ရုံနဲ့ မပြီးသေး ဘူး၊ အလုပ်သမားက ထောင်ဒဏ် (၄၅)ရက် စသည်ဖြင့် အပြစ်ပေးခံရပြီးတဲ့နောက် နယ်စပ်ကို အပို့ခံရဦးမယ်”ဟု ဆိုသည်။

ပိုမို စိုးရိမ်ရသည့် အချက်တခုမှာ ဖမ်းမိသောအလုပ်သမားအတွက် အလုပ်ရှင်သူဌေးကို ချက်ချင်း စီရင်ချက်မချနိုင်ဘဲ တရားရုံးတွင် အမှုကြန့်ကြာနေပါက အလုပ်သမားများကို အချုပ်ထဲတွင် ကြာရှည်ချုပ်နှောင်ထားမည့်အရေး ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယာယီပတ်စ်ပို့ ပြုလုပ်ရန် အလုပ်သမားလက်မှတ်ရှိသူ တသန်းကျော်ထဲမှ တသောင်းကျော်သာ လျှောက်လွှာတင်ထား သေးကြောင်း သိရသည်။

အဆိုပါ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်အခဲများနှင့် အလုပ်ရှင်အပါအ၀င် အလုပ်ရုံတာဝန်ရှိသူများ၏ ဖိအားပေး ခံရမှုများကြောင့် မြန်မာအလုပ်သမားများစွာ နေရပ်သို့ ပြန်သွားနေကြသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူ များကပြောသည်။

ယာယီ ပတ်စ်ပို့လုပ်ငန်းစဉ် ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ ဖူးကက်မြို့ တွင် လုပ်ကိုင်နေသည့် အလုပ်သမားများ လစဉ် အသုတ် လိုက် ပြန်သွားကြသောကြောင့် ယခုအခါ အလုပ်သမားများစွာလျော့နည်းသွားပြီဖြစ်ကြောင်း ဖူးကက်မြို့ထလန်အရပ်တွင် အလုပ်လုပ်နေသူ ကိုသန်းလွင် ကပြောသည်။

“ကျနော်တို့ဆီကတော့ အပတ်စဉ် ပြန်နေကြတာပဲ၊ ပြီးခဲ့တဲ့အပတ်ကဆို ရှစ်ရာလောက်ရှိမယ် ပြန်ကြတာ၊ ဘာလို့  ပြန်ကြလဲ ဆိုရင် အလုပ်သမား လက်မှတ်လုပ်တာဖြစ်ဖြစ် ယာယီပတ်စ်ပို့ လုပ်တာဖြစ်ဖြစ် အချက်အလက်ကို အမှန်ပဲဖြည့်ရမယ်လို့ အလုပ် ရှင်တွေကပြောတော့ အချက်အလက် အမှန်ကို မဖြည့်ချင်ကြတဲ့သူတွေက ပြန်ကြတာပေါ့၊ အခု ဆိုရင် အလုပ်သမားတန်းလျား တော်တော်များများ ဟောင်းလောင်းဖြစ်နေပြီ၊ အချက်အလက် အမှန်မဖြည့်ဘဲ နေလို့ရသလောက်နေမယ်၊ မရတဲ့အခါကျတော့ ပြန်မယ်ဆိုတဲ့ လူတွေ လည်းရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုနောက်ပိုင်း ၃ လခန့်တွင် ဖူးကက်မြို့မှ အလုပ်သမားများ နေရပ်ပြန်နေကြသည်မှာ လစဉ် သောင်းဂဏန်း ရှိကြောင်းလည်း ကိုသန်းလွင်က ပြောသည်။

အလားတူ ဘန်ကောက်မြို့ အနီးရှိ စမုစခွန် ခရိုင် မဟာချိုင်တွင် လုပ်ကိုင်နေသော အလုပ်သမားများ၊ ထိုင်းတောင်ပိုင်း ဖန်င ခရိုင်ရှိ ရေလုပ်ငန်း လုပ်နေသည့် အလုပ်သမားများအပါအ၀င် တခြားသော ထိုင်းနိုင်ငံအနှံ့တွင် လုပ်ကိုင်နေသော အလုပ်သမားများထဲမှ နေရပ်ပြန်ကြသူများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ပင်လယ်ပျော်များ သမဂ္ဂမှ ကိုတင်ကို က“မဟာချိုင်ဘက် မှာတော့ မွန်တွေ အတော်ပြန်ကြတယ်၊ ဒီလိုဖြစ်ရ တာကတော့ ယာယီပတ်စ်ပို့နဲ့ ပတ်သက်လို့ နှစ်နိုင်ငံအစိုးရလုံးရဲ့ မူဝါဒတွေက ရှင်းရှင်းလင်းလင်းမရှိဘူး၊ သူတို့အချက်အလက်တွေ ကို ပေးပြီးရင် နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကိုတွေးပြီး ပြန်ကြတာလည်း ရှိတယ်၊ လုပ်တဲ့သူတွေကျတော့လည်း မလုပ်မဖြစ် လို့ လုပ်ကြတာများတယ်”ဟု ပြောသည်၊

မဟာချိုင်တွင် မြန်မာအလုပ်သမား ၅ သိန်း ကျော် လုပ်ကိုင်နေထိုင်ကြကြောင်း သိရသည်။

“ကျနော်တို့ ဘက်ကတော့ လှေသားတွေ များတယ်၊ ဘတ် (အလုပ်သမားလက်မှတ်) လုပ်ရင်လည်း သူဌေးကပဲ သိမ်းထားတာ၊ ကိုယ်ကိုင်ရတာမှမဟုတ်တာ၊ ပြီးတော့ လှေသားတွေ က ဘတ်မရှိတာများတယ်၊ တကယ်လို့ မလုပ်မဖြစ်လုပ်ရမယ်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲမသိဘူး၊ ဒီနေရာတွေမှာက သူဌေးတွေက ရဲတွေကို ပိုင်တယ်၊ သူကြီးတွေ သူဌေးတွေက ပိုသြဇာညောင်း တော့ လှေသားတွေကြားမှာ ဒီကိစ္စကို သိပ်မပြောကြဘူး”ဟု ဖန်ငခရိုင် ထလမုရွာရှိ ရေလုပ်ငန်းတွင် အလုပ်လုပ်နေသော ကိုဇော်ဦးကဆိုသည်၊

ထိုင်းအစိုးအရက အလုပ်သမားလက်မှတ်ပြုလုပ်ရန် သက်တမ်း ၂နှစ်ထပ်တိုးပေးသည်ဆိုသော်လည်း ယာယီ ပတ်စ်ပို့ ပြုလုပ်ရန် လျှောက်ထားရမည်ဟူသော အချက်သည် ရွှေ့ပြောင်းအလုပ်သမားများကိုများစွာ အခက်အခဲ ဖြစ်စေသော အချက်တခုဖြစ် ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ စာတင်ရန် ပူးပေါင်းပါဝင်သည့် အဖွဲ့ အစည်းများမှာ ထိုင်းအလုပ်သမား သမဂ္ဂများ၊ မြန်မာအဖွဲ့ အစည်းများ ဖြစ်ကြသော ပင်လယ်ပျော်များသမဂ္ဂ၊ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ (ဘန်ကောက်) ကရင်အလုပ်သမားများ သမဂ္ဂ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)စသည့် အဖွဲ့အစည်း များစွာ ပါဝင်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Wednesday, 10 February 2010

ဆန္ဒပြမှု ကူးစက်မည်ကို စိုးရိမ်၍ လှိုင်သာယာစက်ရုံ အချို့ပိတ်

မင်းသက် ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခကြေးငွေ တိုးမြှင့်တောင်းဆိုသည့် ထိုင်သပိတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒခြင်းထပ်၍ ကူးစက်လာမည်ကို စိုးရိမ်နေသည့် စက်ရုံအချို့က ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စက်မှုဇုန် အရာရှိ တဦးက ပြောသည်။ “ ပြည်ထောင်စုနေ့  အတွက်နဲ့ ရောပိတ်တာ ၊ အမှန်ဆိုရင်တော့ ပိတ်ရက် မဟုတ်သေးဘူး၊ အရင်နှစ်တွေက ပြည်ထောင်စုနေ့  ဆိုရင်လည်း အစိုးရ ရုံးပိတ်ရက်တော့ ဖြစ်တယ် ဆိုပေမယ့် စက်ရုံ လုပ်သားတွေ အတွက် အချိန်ပို ဆင်းကြရတယ် ၊ အခုတော့ နာမည် တပ်လိုက်ရတာပေါ့ဗျာ ၊ မဟုတ်ရင် မလွယ်ဘူး ၊ စက်ရုံတိုင်းက ဖြစ်လာနိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ 
ကိုရီးယား နိုင်ငံသားပိုင် အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ရေးအတွက် လုပ်သား ၁၄ဝဝ ခန့်က စက်ရုံပြင်ပတွင် ဆန္ဒပြရာက ယမန်နေ့တွင် တိုင်ရီနှင့် ကျားလေး စက်ရုံတို့တွင်ပါ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။



ရန်ကုန်တိုင်း အာဏာပိုင်များ အပါအဝင် မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးများ၊ မီးသတ်များ၊ ရဲများနှင့် အလုပ်သမား ဝန်ကြီးဌာနများကလည်း ယနေ့တွင်လည်း စက်မှုဇုံတွင် အဆင်သင့် နေရာယူ ပြင်ဆင်ထားရန် ညွှန်ကြားချက် တရပ်ကို စစ်အစိုးရက ထုတ်ပြန်ထားသည်။ ဦးစိန်ဦး (ခ) ဦးလော်ရိန်တြစ် ၅၅ နှစ်ပိုင် တိုင်ရီ ဖိနပ်စက်ရုံတွင် လုပ်သား ၁၇ဝဝ ကျော်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်၊ အလုပ်သမား နားချိန်အပြည့် ပေးရန်၊ နေ့စဉ် လုပ်ခနှင့် အချိန်ပို လုပ်ခများ တိုးမြှင့်ဆောင်းပေးရန် အပါအဝင် လုပ်ခခံစားခွင့်ဆိုင်ရာ တောင်းဆိုဆန္ဒပြမှုများကို စက်ရုံရှေ့ရှိ ဦးရွှေအိုးလမ်းပေါ်တွင် ထိုင်ကာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

အမှတ် ၃ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုအောင်တို့က အလုပ်သမားများကို လူစုခွဲရန် ဖိအားပေး၍ လုပ်သားအချို့ စက်ရုံတွင်းဝင်ရောက်သွားပြီး အချို့နေရပ် နေအိမ်သို့ ပြန်သွားကြသည်။ ထို့နောက် အာဏာပိုင်များဘက်က စက်ရုံတွင်း ဝင်ရောက်လာခြင်း မရှိသူများအနေဖြင့် ၃ ရက် ဆက်တိုက် ပျက်ကွက်လျှင် အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။

လှိုင်သာယာ စက်မှုဇုန်သည် မြန်မာနိုင်ငံဧ။် အကြီးဆုံး စက်မှုဇုန်ဖြစ်ပြီး အလုပ်သမား အင်အား ၅၀၀၀၀ မှ ၇၀၀၀၀ အတွင်းရှိပြီး အအေးခန်း စက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သော စက်ရုံများ ၊ အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံများ စသည်ဖြင့် စက်ရုံ အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိနေရာတွင် ၂၀၀၇ ခုနှစ်ကစ၍ စက်ရုံ ၄ဝဝ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၃ ကြိမ်ရပ် ဖြစ်ပွားခဲ့သေးသည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စက်မှုဇုန် ၃ ရှိ ဆန်နီ ဖိနပ်စက်ရုံတွင် အလုပ်သမား ၁၀၀ ခန့်  ဆန္ဒပြမှု ၊ ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာ စက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွါးသော ဆန္ဒပြမှုနှင့် စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် လည်းကောင်း ဖြစ်ကြသည်။
အပြည့်အစုံသို့ >>

လစာတိုးသဖြင့် အလုပ်သမားများ သပိတ်လှန်

Wednesday, 10 February 2010 19:44 သန်းထိုက်ဦး

လစာ တိုးမြှင့်ပေးရန် ဆန္ဒပြနေသည့် ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား များသည် လစာ ကျပ် ၅၀၀၀ (၅ ဒေါ်လာ) တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ယနေ့ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ တိုင်ရီ ဖိနပ်စက်ရုံ နှင့် အခြား အထည်ချုပ်စက်ရုံ ၂ ရုံတို့မှ အလုပ်သမား ၁၅၀၀ ခန့်က လစာတိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရေး တို့အတွက် တနင်္လာနေ့မှ စတင်၍ စက်ရုံတွင် ထိုင်သပိတ်မှောက် ခဲ့ကြခြင်း ဖြစ်သည်။ 
“စက်ရုံတွေကနေပြီးတော့ လစာ တသောင်း တိုးတောင်းတာကို ၅၀၀၀ နဲ့ ညှိပေးလိုက်တယ်၊ ဒီလောက်နဲ့ပဲ နှစ်သိမ့်ပြီးတော့ ကျေအေးလိုက်ရတယ်” ဟု အလုပ်သမားများနှင့် နီးစပ်သူ တဦးက ပြောသည်။


အလုပ်သမားများ သပိတ်မှောက်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသော်လည်း အင်အားသုံးပြီး ဖြိုခွင်းသည့်သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။

စက်ရုံများအနီး၌ အာဏာပိုင်တို့က လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဆက်လက် ချထားကြောင်း ရန်ကုန်မြို့မှ စာနယ်ဇင်းသမားတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် လစာ ကျပ် ၂ သောင်း မှ ၄ သောင်းအထိသာ ရရှိကြောင်း၊ အလုပ်သမားများက စားဝတ်နေရေး ခက်ခဲမှု ရှိသောကြောင့် အချိန်ပို အလုပ်ဆင်းကြရကြောင်း သိရသည်။
ရန်ကုန်တွင် အလုပ်သမားတို့၏ အခွင့်အရေး တောင်းဆိုမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ကျူရှင်ဆရာတဦးက ပြောသည်။

“ဒါကတော့ မကြာခဏ ဖြစ်နေတာပဲ၊ အလုပ်သမားတွေကလည်း သူတို့ ရပိုင်ခွင့်အတွက် စောဒက တက်ကြတာပေါ့၊ ပြေလည်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

ဇန်န၀ါရီလဆန်းပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ဆန္ဒပြတောင်းဆိုခဲ့သေးသည်။ ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအမှုနိုင်လျှော်ကြေးငွေရရှိ

၁၄ ရက် ၂၀၀၆ခုနှစ်တွင် စတင်တရားဆွဲဆိုခဲ့သော B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအား စက်ရုံသူဌေးမှလျှော်ကြေးငွေ ၃၆၀၀၀၀ကျော်အား ယနေ့တွင်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ တို့ရှေ့မှောက်တွင်ပေးအပ်ခဲ့ကြောင်းသိရပါသည်။
ကျွန်တော်တို့က ငွေကြေးအရ တိုက်ခဲ့တာမဟုတ်ပါဘူး ဂုဏ်သိက္ခာအရတိုက်ခဲ့တာပါ ၃နှစ်နဲ့၃လကြာတိုက်ခဲ့တာပြီးမှ ဒီနေ့လျှော်ကြေးငွေရရှိခဲ့တာပါပဲ တချို့ဆိုရင် ၆၀၀လောက်ပဲရခဲ့ပြီး
၇၀၀၀ကျော်ရသူတွေလဲရှိပါတယ် ဘာပဲဖြစ်ဖြစ်ပါ အခုကျွန်တော်တို့တွေနိုင်ခဲ့ပါပြီ အားလုံးကလဲကျေနပ်ကြမှာပါ မတရားမှုနဲ့တရားမှုကို တိုက်ယူခဲ့ကြတာကြောင့်ငွေကြေးကအဓိကမဟုတ်ပါဘူးလေ
အခုလိုအနိုင်ရလာအောင်လမ်းညွှန်ပေး အကြံပေးပြီးကုညီလုပ်ဆောင်ပေးခဲ့သော ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နဲ့မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ် ဟု အမှုနိုင်အလုပ်သမားတစ်ဦးဖြစ်သူ ကိုသူကြိုးကပြောသည်။
သူတို့ရဲ့မတရားမှုနဲ့တရားမှုအောင်ပွဲ ရှင်းရှင်းပြောရရင်တော့ အလုပ်ရှင်နဲ့အလုပ်သမား တရားသူတွေရဲ့အောင်ပွဲကို ကူညီပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိသလို ဆက်လက်ကူညီပေးနေဦးမှာပါဟု ရောင်ခြည်ဦးအဖွဲ့ဥပဒေရေးရာ တာဝန်ခံ ဖြစ် ကိုမြင့်ဦးက ယခုလိုပြောသည်။
စတင်ဖြစ်ပွားတာကတော့ အလုပ်သမား ၂ယောက် ကောင်မလေးတွေကို မန်နေဂျာဖြစ်သူက ရိုက်နှက်ရာကနေ အလုပ်သမားတွေကမကျေနပ်ပဲ ဆန္ဒပြရာ အလုပ်ရှင်မှ ပုလိပ်ခေါ်ဖမ်းခိုင်းပြီးစက်ရုံမန်နေဂျာကို အရေးမယူပေးဘဲ အလုပ်သမားတွေကို ပုလိပ်ခေါ်ဖမ်းခိုင်းတာကြောင့်မကျေနပ်ပဲ အလုပ်သမား၁၂၃ဦးမှ ရောင်ခြည်ဦးအလုပ်သမားရုံး
ကိုအကူအညီတောင်းပြီး မက်ပ်ဖောင်ဒေးရှင်း နှင့် အတူ အလုပ်ရှင်ကို တရားဆွဲဆိုခဲ့တာဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday, 9 February 2010

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်ဆန္ဒပြ

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။


တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP