Thursday, 11 February 2010

ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရေး သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုမည်


.Wednesday, 10 February 2010 16:53 ဘစောတင် .ထိုင်းအစိုးရက ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ် ထားသည့် ဖေဖော်ဝါရီ လကုန်နောက်ပိုင်း ဖမ်းဆီး နှိမ်နင်းမှုများ အပါအ၀င် မြန်မာနိုင်ငံသားများ ရင်ဆိုင်ရမည့် အခက်အခဲများနှင့် ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်း များက ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုစာ တစောင် ရေးသားပေးပို့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။


လာမည့် ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝထံ ပေးပို့မည့် ယင်း တောင်းဆိုစာတွင် ထိုင်းအစိုးရ အနေဖြင့် ယာယီပတ်စ်ပို့ လုပ်ရန် လျှောက်ထား ရမည့် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီ (၂၈) ရက်မှ ထပ်မံတိုး ပေးရန်၊ ထို သတ်မှတ်ရက် နောက်ပိုင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့ခြင်းများ မရှိစေရန်၊ ယာယီပတ်စ်ပို့ လုပ်ရာတွင် ပွဲစားကုမ္ပဏီများ၏ ဆောင်ရွက် ချက်များကို ကျပ်မတ် စိစစ်ရန်၊ မြန်မာအစိုးရနှင့် ပိုမို အဆင်ပြေ စေမည့် နည်းလမ်းများကို အသုံးပြုနိုင်ရန် အတွက် ဆက်လက် ညှိနိုင်းရန် စသည့်အချက်များ ပါဝင်သည်ဟု သိရသည်။
.ယခုတောင်းဆိုမှုတွင် ပါဝင်သော ထိုင်းအလုပ်သမား သမဂ္ဂများ သွေးစည်း ညီညွတ်ရေး ကော်မတီမှ ဒု ဥက္ကဌ ဖိချာလီက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲကို စာနာသည့်အတွက် အခွင့်အရေးအပြည့်အ၀ရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။


“တတ်နိုင်သလောက် ပြေပြေလည်လည် ဖြစ်ဖို့ ကျနော်တို့ ထိုင်းဝန်ကြီးချုပ်ဆီကို စာပို့ဖို့ပြင်ဆင်နေပါတယ်၊ ဒီရွှေ့ပြောင်း အလုပ် သမားတွေဟာ ထိုင်းတွေမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေကြတဲ့အတွက် ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားကို အများကြီး အထောက် အကူဖြစ်စေပါတယ်၊ သူတို့တတွေ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရဖို့ အတွက် ကျနော်တို့ လက်တွဲ ဆောင်ရွက်သွားပါ့ မယ်”ဟု ဖိချာလီက ပြောသည်။

ထိုင်းအလုပ်သမားသမဂ္ဂ သွေးစည်း ညီညွတ်ရေး အဖွဲ့ တွင် မီးရထား အလုပ်သမား သမဂ္ဂကဲ့သို့သော အလုပ်သမားသမဂ္ဂ အဖွဲ့ ပေါင်း ၁၀၀ ကျော်ပါဝင်ဖွဲ့စည်းထားသည်။ အဆိုပါ အဖွဲ့သည် ထိုင်းနိုင်ငံတွင် သြဇာကြီးမားသော အဖွဲ့ အစည်းတခုဖြစ်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)မှ ဒါရိုက်တာ ဦးမြင့်ဝေကလည်း“အစိုးရဘက်က ပြင်ဆင်ထား တာကတော့ မြန်မာအလုပ်သမား တယောက်ကို ဖမ်းမိရင် အဲဒီ အလုပ်သမားကို တရားရုံးက ဒဏ်ငွေ ဘယ်လောက် ဆောင်ရမယ် လို့ သတ်မှတ်မယ်၊ အဲဒီ ဒဏ်ငွေထဲက ၂၀ရာခိုင်နှုန်းကို ဖမ်းတဲ့ရဲက ဆုအဖြစ် ရမယ်၊ အလုပ်ရှင်က ဒဏ်ငွေဆောင်ရုံနဲ့ မပြီးသေး ဘူး၊ အလုပ်သမားက ထောင်ဒဏ် (၄၅)ရက် စသည်ဖြင့် အပြစ်ပေးခံရပြီးတဲ့နောက် နယ်စပ်ကို အပို့ခံရဦးမယ်”ဟု ဆိုသည်။

ပိုမို စိုးရိမ်ရသည့် အချက်တခုမှာ ဖမ်းမိသောအလုပ်သမားအတွက် အလုပ်ရှင်သူဌေးကို ချက်ချင်း စီရင်ချက်မချနိုင်ဘဲ တရားရုံးတွင် အမှုကြန့်ကြာနေပါက အလုပ်သမားများကို အချုပ်ထဲတွင် ကြာရှည်ချုပ်နှောင်ထားမည့်အရေး ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယာယီပတ်စ်ပို့ ပြုလုပ်ရန် အလုပ်သမားလက်မှတ်ရှိသူ တသန်းကျော်ထဲမှ တသောင်းကျော်သာ လျှောက်လွှာတင်ထား သေးကြောင်း သိရသည်။

အဆိုပါ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်အခဲများနှင့် အလုပ်ရှင်အပါအ၀င် အလုပ်ရုံတာဝန်ရှိသူများ၏ ဖိအားပေး ခံရမှုများကြောင့် မြန်မာအလုပ်သမားများစွာ နေရပ်သို့ ပြန်သွားနေကြသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူ များကပြောသည်။

ယာယီ ပတ်စ်ပို့လုပ်ငန်းစဉ် ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ ဖူးကက်မြို့ တွင် လုပ်ကိုင်နေသည့် အလုပ်သမားများ လစဉ် အသုတ် လိုက် ပြန်သွားကြသောကြောင့် ယခုအခါ အလုပ်သမားများစွာလျော့နည်းသွားပြီဖြစ်ကြောင်း ဖူးကက်မြို့ထလန်အရပ်တွင် အလုပ်လုပ်နေသူ ကိုသန်းလွင် ကပြောသည်။

“ကျနော်တို့ဆီကတော့ အပတ်စဉ် ပြန်နေကြတာပဲ၊ ပြီးခဲ့တဲ့အပတ်ကဆို ရှစ်ရာလောက်ရှိမယ် ပြန်ကြတာ၊ ဘာလို့  ပြန်ကြလဲ ဆိုရင် အလုပ်သမား လက်မှတ်လုပ်တာဖြစ်ဖြစ် ယာယီပတ်စ်ပို့ လုပ်တာဖြစ်ဖြစ် အချက်အလက်ကို အမှန်ပဲဖြည့်ရမယ်လို့ အလုပ် ရှင်တွေကပြောတော့ အချက်အလက် အမှန်ကို မဖြည့်ချင်ကြတဲ့သူတွေက ပြန်ကြတာပေါ့၊ အခု ဆိုရင် အလုပ်သမားတန်းလျား တော်တော်များများ ဟောင်းလောင်းဖြစ်နေပြီ၊ အချက်အလက် အမှန်မဖြည့်ဘဲ နေလို့ရသလောက်နေမယ်၊ မရတဲ့အခါကျတော့ ပြန်မယ်ဆိုတဲ့ လူတွေ လည်းရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုနောက်ပိုင်း ၃ လခန့်တွင် ဖူးကက်မြို့မှ အလုပ်သမားများ နေရပ်ပြန်နေကြသည်မှာ လစဉ် သောင်းဂဏန်း ရှိကြောင်းလည်း ကိုသန်းလွင်က ပြောသည်။

အလားတူ ဘန်ကောက်မြို့ အနီးရှိ စမုစခွန် ခရိုင် မဟာချိုင်တွင် လုပ်ကိုင်နေသော အလုပ်သမားများ၊ ထိုင်းတောင်ပိုင်း ဖန်င ခရိုင်ရှိ ရေလုပ်ငန်း လုပ်နေသည့် အလုပ်သမားများအပါအ၀င် တခြားသော ထိုင်းနိုင်ငံအနှံ့တွင် လုပ်ကိုင်နေသော အလုပ်သမားများထဲမှ နေရပ်ပြန်ကြသူများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ပင်လယ်ပျော်များ သမဂ္ဂမှ ကိုတင်ကို က“မဟာချိုင်ဘက် မှာတော့ မွန်တွေ အတော်ပြန်ကြတယ်၊ ဒီလိုဖြစ်ရ တာကတော့ ယာယီပတ်စ်ပို့နဲ့ ပတ်သက်လို့ နှစ်နိုင်ငံအစိုးရလုံးရဲ့ မူဝါဒတွေက ရှင်းရှင်းလင်းလင်းမရှိဘူး၊ သူတို့အချက်အလက်တွေ ကို ပေးပြီးရင် နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကိုတွေးပြီး ပြန်ကြတာလည်း ရှိတယ်၊ လုပ်တဲ့သူတွေကျတော့လည်း မလုပ်မဖြစ် လို့ လုပ်ကြတာများတယ်”ဟု ပြောသည်၊

မဟာချိုင်တွင် မြန်မာအလုပ်သမား ၅ သိန်း ကျော် လုပ်ကိုင်နေထိုင်ကြကြောင်း သိရသည်။

“ကျနော်တို့ ဘက်ကတော့ လှေသားတွေ များတယ်၊ ဘတ် (အလုပ်သမားလက်မှတ်) လုပ်ရင်လည်း သူဌေးကပဲ သိမ်းထားတာ၊ ကိုယ်ကိုင်ရတာမှမဟုတ်တာ၊ ပြီးတော့ လှေသားတွေ က ဘတ်မရှိတာများတယ်၊ တကယ်လို့ မလုပ်မဖြစ်လုပ်ရမယ်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲမသိဘူး၊ ဒီနေရာတွေမှာက သူဌေးတွေက ရဲတွေကို ပိုင်တယ်၊ သူကြီးတွေ သူဌေးတွေက ပိုသြဇာညောင်း တော့ လှေသားတွေကြားမှာ ဒီကိစ္စကို သိပ်မပြောကြဘူး”ဟု ဖန်ငခရိုင် ထလမုရွာရှိ ရေလုပ်ငန်းတွင် အလုပ်လုပ်နေသော ကိုဇော်ဦးကဆိုသည်၊

ထိုင်းအစိုးအရက အလုပ်သမားလက်မှတ်ပြုလုပ်ရန် သက်တမ်း ၂နှစ်ထပ်တိုးပေးသည်ဆိုသော်လည်း ယာယီ ပတ်စ်ပို့ ပြုလုပ်ရန် လျှောက်ထားရမည်ဟူသော အချက်သည် ရွှေ့ပြောင်းအလုပ်သမားများကိုများစွာ အခက်အခဲ ဖြစ်စေသော အချက်တခုဖြစ် ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ စာတင်ရန် ပူးပေါင်းပါဝင်သည့် အဖွဲ့ အစည်းများမှာ ထိုင်းအလုပ်သမား သမဂ္ဂများ၊ မြန်မာအဖွဲ့ အစည်းများ ဖြစ်ကြသော ပင်လယ်ပျော်များသမဂ္ဂ၊ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ (ဘန်ကောက်) ကရင်အလုပ်သမားများ သမဂ္ဂ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)စသည့် အဖွဲ့အစည်း များစွာ ပါဝင်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Wednesday, 10 February 2010

ဆန္ဒပြမှု ကူးစက်မည်ကို စိုးရိမ်၍ လှိုင်သာယာစက်ရုံ အချို့ပိတ်

မင်းသက် ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခကြေးငွေ တိုးမြှင့်တောင်းဆိုသည့် ထိုင်သပိတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒခြင်းထပ်၍ ကူးစက်လာမည်ကို စိုးရိမ်နေသည့် စက်ရုံအချို့က ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စက်မှုဇုန် အရာရှိ တဦးက ပြောသည်။ “ ပြည်ထောင်စုနေ့  အတွက်နဲ့ ရောပိတ်တာ ၊ အမှန်ဆိုရင်တော့ ပိတ်ရက် မဟုတ်သေးဘူး၊ အရင်နှစ်တွေက ပြည်ထောင်စုနေ့  ဆိုရင်လည်း အစိုးရ ရုံးပိတ်ရက်တော့ ဖြစ်တယ် ဆိုပေမယ့် စက်ရုံ လုပ်သားတွေ အတွက် အချိန်ပို ဆင်းကြရတယ် ၊ အခုတော့ နာမည် တပ်လိုက်ရတာပေါ့ဗျာ ၊ မဟုတ်ရင် မလွယ်ဘူး ၊ စက်ရုံတိုင်းက ဖြစ်လာနိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ 
ကိုရီးယား နိုင်ငံသားပိုင် အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ရေးအတွက် လုပ်သား ၁၄ဝဝ ခန့်က စက်ရုံပြင်ပတွင် ဆန္ဒပြရာက ယမန်နေ့တွင် တိုင်ရီနှင့် ကျားလေး စက်ရုံတို့တွင်ပါ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။



ရန်ကုန်တိုင်း အာဏာပိုင်များ အပါအဝင် မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးများ၊ မီးသတ်များ၊ ရဲများနှင့် အလုပ်သမား ဝန်ကြီးဌာနများကလည်း ယနေ့တွင်လည်း စက်မှုဇုံတွင် အဆင်သင့် နေရာယူ ပြင်ဆင်ထားရန် ညွှန်ကြားချက် တရပ်ကို စစ်အစိုးရက ထုတ်ပြန်ထားသည်။ ဦးစိန်ဦး (ခ) ဦးလော်ရိန်တြစ် ၅၅ နှစ်ပိုင် တိုင်ရီ ဖိနပ်စက်ရုံတွင် လုပ်သား ၁၇ဝဝ ကျော်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်၊ အလုပ်သမား နားချိန်အပြည့် ပေးရန်၊ နေ့စဉ် လုပ်ခနှင့် အချိန်ပို လုပ်ခများ တိုးမြှင့်ဆောင်းပေးရန် အပါအဝင် လုပ်ခခံစားခွင့်ဆိုင်ရာ တောင်းဆိုဆန္ဒပြမှုများကို စက်ရုံရှေ့ရှိ ဦးရွှေအိုးလမ်းပေါ်တွင် ထိုင်ကာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

အမှတ် ၃ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုအောင်တို့က အလုပ်သမားများကို လူစုခွဲရန် ဖိအားပေး၍ လုပ်သားအချို့ စက်ရုံတွင်းဝင်ရောက်သွားပြီး အချို့နေရပ် နေအိမ်သို့ ပြန်သွားကြသည်။ ထို့နောက် အာဏာပိုင်များဘက်က စက်ရုံတွင်း ဝင်ရောက်လာခြင်း မရှိသူများအနေဖြင့် ၃ ရက် ဆက်တိုက် ပျက်ကွက်လျှင် အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။

လှိုင်သာယာ စက်မှုဇုန်သည် မြန်မာနိုင်ငံဧ။် အကြီးဆုံး စက်မှုဇုန်ဖြစ်ပြီး အလုပ်သမား အင်အား ၅၀၀၀၀ မှ ၇၀၀၀၀ အတွင်းရှိပြီး အအေးခန်း စက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သော စက်ရုံများ ၊ အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံများ စသည်ဖြင့် စက်ရုံ အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိနေရာတွင် ၂၀၀၇ ခုနှစ်ကစ၍ စက်ရုံ ၄ဝဝ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၃ ကြိမ်ရပ် ဖြစ်ပွားခဲ့သေးသည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စက်မှုဇုန် ၃ ရှိ ဆန်နီ ဖိနပ်စက်ရုံတွင် အလုပ်သမား ၁၀၀ ခန့်  ဆန္ဒပြမှု ၊ ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာ စက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွါးသော ဆန္ဒပြမှုနှင့် စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် လည်းကောင်း ဖြစ်ကြသည်။
အပြည့်အစုံသို့ >>

လစာတိုးသဖြင့် အလုပ်သမားများ သပိတ်လှန်

Wednesday, 10 February 2010 19:44 သန်းထိုက်ဦး

လစာ တိုးမြှင့်ပေးရန် ဆန္ဒပြနေသည့် ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား များသည် လစာ ကျပ် ၅၀၀၀ (၅ ဒေါ်လာ) တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ယနေ့ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ တိုင်ရီ ဖိနပ်စက်ရုံ နှင့် အခြား အထည်ချုပ်စက်ရုံ ၂ ရုံတို့မှ အလုပ်သမား ၁၅၀၀ ခန့်က လစာတိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရေး တို့အတွက် တနင်္လာနေ့မှ စတင်၍ စက်ရုံတွင် ထိုင်သပိတ်မှောက် ခဲ့ကြခြင်း ဖြစ်သည်။ 
“စက်ရုံတွေကနေပြီးတော့ လစာ တသောင်း တိုးတောင်းတာကို ၅၀၀၀ နဲ့ ညှိပေးလိုက်တယ်၊ ဒီလောက်နဲ့ပဲ နှစ်သိမ့်ပြီးတော့ ကျေအေးလိုက်ရတယ်” ဟု အလုပ်သမားများနှင့် နီးစပ်သူ တဦးက ပြောသည်။


အလုပ်သမားများ သပိတ်မှောက်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသော်လည်း အင်အားသုံးပြီး ဖြိုခွင်းသည့်သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။

စက်ရုံများအနီး၌ အာဏာပိုင်တို့က လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဆက်လက် ချထားကြောင်း ရန်ကုန်မြို့မှ စာနယ်ဇင်းသမားတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် လစာ ကျပ် ၂ သောင်း မှ ၄ သောင်းအထိသာ ရရှိကြောင်း၊ အလုပ်သမားများက စားဝတ်နေရေး ခက်ခဲမှု ရှိသောကြောင့် အချိန်ပို အလုပ်ဆင်းကြရကြောင်း သိရသည်။
ရန်ကုန်တွင် အလုပ်သမားတို့၏ အခွင့်အရေး တောင်းဆိုမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ကျူရှင်ဆရာတဦးက ပြောသည်။

“ဒါကတော့ မကြာခဏ ဖြစ်နေတာပဲ၊ အလုပ်သမားတွေကလည်း သူတို့ ရပိုင်ခွင့်အတွက် စောဒက တက်ကြတာပေါ့၊ ပြေလည်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

ဇန်န၀ါရီလဆန်းပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ဆန္ဒပြတောင်းဆိုခဲ့သေးသည်။ ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအမှုနိုင်လျှော်ကြေးငွေရရှိ

၁၄ ရက် ၂၀၀၆ခုနှစ်တွင် စတင်တရားဆွဲဆိုခဲ့သော B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအား စက်ရုံသူဌေးမှလျှော်ကြေးငွေ ၃၆၀၀၀၀ကျော်အား ယနေ့တွင်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ တို့ရှေ့မှောက်တွင်ပေးအပ်ခဲ့ကြောင်းသိရပါသည်။
ကျွန်တော်တို့က ငွေကြေးအရ တိုက်ခဲ့တာမဟုတ်ပါဘူး ဂုဏ်သိက္ခာအရတိုက်ခဲ့တာပါ ၃နှစ်နဲ့၃လကြာတိုက်ခဲ့တာပြီးမှ ဒီနေ့လျှော်ကြေးငွေရရှိခဲ့တာပါပဲ တချို့ဆိုရင် ၆၀၀လောက်ပဲရခဲ့ပြီး
၇၀၀၀ကျော်ရသူတွေလဲရှိပါတယ် ဘာပဲဖြစ်ဖြစ်ပါ အခုကျွန်တော်တို့တွေနိုင်ခဲ့ပါပြီ အားလုံးကလဲကျေနပ်ကြမှာပါ မတရားမှုနဲ့တရားမှုကို တိုက်ယူခဲ့ကြတာကြောင့်ငွေကြေးကအဓိကမဟုတ်ပါဘူးလေ
အခုလိုအနိုင်ရလာအောင်လမ်းညွှန်ပေး အကြံပေးပြီးကုညီလုပ်ဆောင်ပေးခဲ့သော ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နဲ့မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ် ဟု အမှုနိုင်အလုပ်သမားတစ်ဦးဖြစ်သူ ကိုသူကြိုးကပြောသည်။
သူတို့ရဲ့မတရားမှုနဲ့တရားမှုအောင်ပွဲ ရှင်းရှင်းပြောရရင်တော့ အလုပ်ရှင်နဲ့အလုပ်သမား တရားသူတွေရဲ့အောင်ပွဲကို ကူညီပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိသလို ဆက်လက်ကူညီပေးနေဦးမှာပါဟု ရောင်ခြည်ဦးအဖွဲ့ဥပဒေရေးရာ တာဝန်ခံ ဖြစ် ကိုမြင့်ဦးက ယခုလိုပြောသည်။
စတင်ဖြစ်ပွားတာကတော့ အလုပ်သမား ၂ယောက် ကောင်မလေးတွေကို မန်နေဂျာဖြစ်သူက ရိုက်နှက်ရာကနေ အလုပ်သမားတွေကမကျေနပ်ပဲ ဆန္ဒပြရာ အလုပ်ရှင်မှ ပုလိပ်ခေါ်ဖမ်းခိုင်းပြီးစက်ရုံမန်နေဂျာကို အရေးမယူပေးဘဲ အလုပ်သမားတွေကို ပုလိပ်ခေါ်ဖမ်းခိုင်းတာကြောင့်မကျေနပ်ပဲ အလုပ်သမား၁၂၃ဦးမှ ရောင်ခြည်ဦးအလုပ်သမားရုံး
ကိုအကူအညီတောင်းပြီး မက်ပ်ဖောင်ဒေးရှင်း နှင့် အတူ အလုပ်ရှင်ကို တရားဆွဲဆိုခဲ့တာဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday, 9 February 2010

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်ဆန္ဒပြ

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။


တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။
အပြည့်အစုံသို့ >>

Wednesday, 3 February 2010

မြန်မာများအား သတ်ဖြတ်သူများကို ဖမ်းဝရမ်းထုတ်

ရဲရင့်/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံသားများကို အုပ်စုလိုက်သတ်ဖြတ်မှုတွင် ဦးဆောင်သည့် ထိုင်းရဲအရာခံဗိုလ် (၁) ဦးနှင့် ထိုင်းနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၁) ဦး အပါအ၀င် (၆) ဦးကို ထိုင်းရဲက ယနေ့ ဖမ်းဝရမ်းထုတ်ပြီး လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က မဲဆောက်မှ တောလမ်းအတိုင်း ဘန်ကောက်သို့သွားမည့် မြန်မာနိုင်ငံသား (၁၂) ဦးပါအဖွဲ့မှ (၉) ဦးကို မဲဆောက်မြို့မှ (၈၄) ကီလိုမီတာအကွာအဝေးခန့် နေရာရှိ ထိုင်းရဲဂိတ်တွင် ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို ငွေဖြင့် လာရွေးခိုင်းရာ လာရောက်ခြင်းမရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဦးဆောင်၍ ဒေသခံရွာသား (၅) ဦး ပူးပေါင်းပါဝင်ကာ မြန်မာ (၉) ဦးအား ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းအမှတ် (၆) ရဲတိုင်းမှူးက ပြောသည်။
ရဲတပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ မြန်မာများအား အုပ်စုလိုက်သတ်ဖြတ်မှုကို ဦးဆောင်သူမှာ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဖြစ်ပြီး ပူးပေါင်းပါဝင်သူများမှာ ဒေသခံ ထိုင်းနိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား (၁) ဦးဖြစ်ကြောင်း သိရသည်။


မြန်မာများအား ပစ်သတ်ပြီး ရက်ပိုင်းအတွင်း အဆိုပါ ရဲဂိတ်၏ ရဲကင်းမှူး ဖြစ်သူက မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားသည် ဟုလည်း ရဲတိုင်းမှူးက ပြောသည်။

ဦးဆောင်သူ သေဆုံးသွားသဖြင့် ပူးပေါင်းပါဝင်သူ (၅) ဦးကို ယနေ့တွင် ထိုင်းရဲက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးရာ အဆိုပါ လူ (၅) ဦးမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရကြောင်း ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ဒေသခံသတင်းထောက်များကို ပြောကြားသည်။

အဆိုပါဒေသတွင် အမှတ် (၆) ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွှတ်ထားသည့် ရဲတပ်ကြပ်တဦးကိုလည်း ယမန်နေ့ညက အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က အမ် (၁၆) သေနတ်အမျိုးအစားများဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရဲတပ်ကြပ် သေဆုံးမှုသည် မြန်မာများ သေဆုံးမှုနှင့် ပတ်သက်၍ ဆက်စပ်မှုရှိမရှိကို ဆက်လက်စုံစမ်းနေကြောင်း အမှတ် (၆) ရဲတိုင်းမှူးက ပြောကြားသည်။
အသတ်ခံရသည့်မြန်မာ (၉) ဦးထဲတွင် အလောင်း (၇) လောင်းသာရှာဖွေတွေ့ရှိပြီး ကျန် (၂) ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

မယ်ဆိုင်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံ မြန်မာအလုပ်သမားများ လျော်ကြေးရ

စိုးမိုး/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အော်စကာ ဖိနပ်ချုပ်စက်ရုံတွင် လုပ်သားအခွင့်အရေး တိုးမြှင့်ရရှိရန် ဦးဆောင်ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် အလုပ်ထုတ်ခံရသော မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမား (၄) ဦးအား အလုပ်ရှင်က လျော်ကြေးပေးလိုက်ရသည်။
(၁) လ လုပ်အားခ ဘတ် (၅,၀၀၀) ခန့်သာ ရသည့် အလုပ်ထုတ်ခံ အလုပ်သမား (၄) ယောက်အား လုပ်သက်နှစ်အလိုက် ထိုင်းဘတ် (၄၀,၀၀၀) ကျော်ဖြင့် (၂) ဦး၊ ထိုင်းဘတ် (၃၀,၀၀၀) ကျော်ဖြင့် (၂) ဦး အသီးသီး လျော်ကြေးပေးလိုက်ရသည်။



ထို့အပြင် စက်ရုံ၌ ဆက်လက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ယခင် (၁) ရက်လုပ်ခ ဘတ် (၈၀) ခန့်မှ (၁၅၇) ဘတ်သို့ အလုပ်ရှင်က လုပ်ခတိုးမြှင့်ပေးလိုက်ရသည်။

“အလုပ်ပြုတ်သွားလို့ စိတ်မကောင်းမဖြစ်ဘူး။ ပီတိဖြစ်တယ်။ ဘာကြောင့်တုန်းဆိုတော့ အခုဆို ကျန်ခဲ့တဲ့ အလုပ်သမားတွေက ကံကောင်းသွားတယ်။ တရက်လုပ်ခ (၁၅၇) ဘတ်ဆိုတာ မယ်ဆိုင်မှာ ဘယ်လိုမှ မျှော်မှန်းလို့ မရတဲ့ လုပ်ခပါ” ဟု အလုပ်ပြုတ် သွားသည့် ဆန္ဒပြခေါင်းဆောင် အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်လ၌ အော်စကာ ဖိနပ်ချုပ်စက်ရုံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား (၁၀၀) ကျော်က တရက်လုပ်ခ (၁၀) ဘတ် (မြန်မာငွေ ၃၅၀ ကျပ်ခန့်) တိုးပေးရန် တောင်းဆိုခဲ့ခြင်းကို စက်ရုံတာဝန်ရှိသူများက မလိုက်လျောသည့်အပြင် ဆန္ဒပြခြင်းကြောင့် အလုပ်ပျက်ခဲ့သည့် နေ့တ၀က်အတွက် ဆန္ဒပြခေါင်းဆောင် မြန်မာအလုပ်သမ (၄) ဦးအား တဦးလျှင် လျော်ကြေး ထိုင်းဘတ် (၁) သိန်း (၆) သောင်း လျော်ကြေးပေးရန် အလုပ်ရှင်က ပြန်တောင်းခဲ့သည်။

ယင်းလုပ်ရပ်ကို အမျိုးသမီး အများစုပါဝင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက အလုပ်သမားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လျော်ကြေးရရှိရေး၊ လုပ်ခတိုးမြှင့်ပေးရေးတို့ကို ဆက်လက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“မယ်ဆိုင်မှာဆိုရင်တော့ ပထမဆုံး ဗမာလုပ်သားတွေ ဆန္ဒပြပွဲပါ။ ဘယ်သူမှ ခေါင်းမထောင်ရဲခဲ့ဘူး။ အခု ကျမတို့ ပြောရဲသွားတာက ကိုယ်တိုင်ခံစားရလို့” ဟု အဆိုပါ ဆန္ဒပြခေါင်းဆောင် အမျိုးသမီးက ပြောကြားသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP