Tuesday, 9 February 2010

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်ဆန္ဒပြ

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။


တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။
အပြည့်အစုံသို့ >>

Wednesday, 3 February 2010

မြန်မာများအား သတ်ဖြတ်သူများကို ဖမ်းဝရမ်းထုတ်

ရဲရင့်/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံသားများကို အုပ်စုလိုက်သတ်ဖြတ်မှုတွင် ဦးဆောင်သည့် ထိုင်းရဲအရာခံဗိုလ် (၁) ဦးနှင့် ထိုင်းနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၁) ဦး အပါအ၀င် (၆) ဦးကို ထိုင်းရဲက ယနေ့ ဖမ်းဝရမ်းထုတ်ပြီး လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က မဲဆောက်မှ တောလမ်းအတိုင်း ဘန်ကောက်သို့သွားမည့် မြန်မာနိုင်ငံသား (၁၂) ဦးပါအဖွဲ့မှ (၉) ဦးကို မဲဆောက်မြို့မှ (၈၄) ကီလိုမီတာအကွာအဝေးခန့် နေရာရှိ ထိုင်းရဲဂိတ်တွင် ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို ငွေဖြင့် လာရွေးခိုင်းရာ လာရောက်ခြင်းမရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဦးဆောင်၍ ဒေသခံရွာသား (၅) ဦး ပူးပေါင်းပါဝင်ကာ မြန်မာ (၉) ဦးအား ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းအမှတ် (၆) ရဲတိုင်းမှူးက ပြောသည်။
ရဲတပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ မြန်မာများအား အုပ်စုလိုက်သတ်ဖြတ်မှုကို ဦးဆောင်သူမှာ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဖြစ်ပြီး ပူးပေါင်းပါဝင်သူများမှာ ဒေသခံ ထိုင်းနိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား (၁) ဦးဖြစ်ကြောင်း သိရသည်။


မြန်မာများအား ပစ်သတ်ပြီး ရက်ပိုင်းအတွင်း အဆိုပါ ရဲဂိတ်၏ ရဲကင်းမှူး ဖြစ်သူက မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားသည် ဟုလည်း ရဲတိုင်းမှူးက ပြောသည်။

ဦးဆောင်သူ သေဆုံးသွားသဖြင့် ပူးပေါင်းပါဝင်သူ (၅) ဦးကို ယနေ့တွင် ထိုင်းရဲက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးရာ အဆိုပါ လူ (၅) ဦးမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရကြောင်း ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ဒေသခံသတင်းထောက်များကို ပြောကြားသည်။

အဆိုပါဒေသတွင် အမှတ် (၆) ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွှတ်ထားသည့် ရဲတပ်ကြပ်တဦးကိုလည်း ယမန်နေ့ညက အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က အမ် (၁၆) သေနတ်အမျိုးအစားများဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရဲတပ်ကြပ် သေဆုံးမှုသည် မြန်မာများ သေဆုံးမှုနှင့် ပတ်သက်၍ ဆက်စပ်မှုရှိမရှိကို ဆက်လက်စုံစမ်းနေကြောင်း အမှတ် (၆) ရဲတိုင်းမှူးက ပြောကြားသည်။
အသတ်ခံရသည့်မြန်မာ (၉) ဦးထဲတွင် အလောင်း (၇) လောင်းသာရှာဖွေတွေ့ရှိပြီး ကျန် (၂) ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

မယ်ဆိုင်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံ မြန်မာအလုပ်သမားများ လျော်ကြေးရ

စိုးမိုး/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အော်စကာ ဖိနပ်ချုပ်စက်ရုံတွင် လုပ်သားအခွင့်အရေး တိုးမြှင့်ရရှိရန် ဦးဆောင်ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် အလုပ်ထုတ်ခံရသော မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမား (၄) ဦးအား အလုပ်ရှင်က လျော်ကြေးပေးလိုက်ရသည်။
(၁) လ လုပ်အားခ ဘတ် (၅,၀၀၀) ခန့်သာ ရသည့် အလုပ်ထုတ်ခံ အလုပ်သမား (၄) ယောက်အား လုပ်သက်နှစ်အလိုက် ထိုင်းဘတ် (၄၀,၀၀၀) ကျော်ဖြင့် (၂) ဦး၊ ထိုင်းဘတ် (၃၀,၀၀၀) ကျော်ဖြင့် (၂) ဦး အသီးသီး လျော်ကြေးပေးလိုက်ရသည်။



ထို့အပြင် စက်ရုံ၌ ဆက်လက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ယခင် (၁) ရက်လုပ်ခ ဘတ် (၈၀) ခန့်မှ (၁၅၇) ဘတ်သို့ အလုပ်ရှင်က လုပ်ခတိုးမြှင့်ပေးလိုက်ရသည်။

“အလုပ်ပြုတ်သွားလို့ စိတ်မကောင်းမဖြစ်ဘူး။ ပီတိဖြစ်တယ်။ ဘာကြောင့်တုန်းဆိုတော့ အခုဆို ကျန်ခဲ့တဲ့ အလုပ်သမားတွေက ကံကောင်းသွားတယ်။ တရက်လုပ်ခ (၁၅၇) ဘတ်ဆိုတာ မယ်ဆိုင်မှာ ဘယ်လိုမှ မျှော်မှန်းလို့ မရတဲ့ လုပ်ခပါ” ဟု အလုပ်ပြုတ် သွားသည့် ဆန္ဒပြခေါင်းဆောင် အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်လ၌ အော်စကာ ဖိနပ်ချုပ်စက်ရုံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား (၁၀၀) ကျော်က တရက်လုပ်ခ (၁၀) ဘတ် (မြန်မာငွေ ၃၅၀ ကျပ်ခန့်) တိုးပေးရန် တောင်းဆိုခဲ့ခြင်းကို စက်ရုံတာဝန်ရှိသူများက မလိုက်လျောသည့်အပြင် ဆန္ဒပြခြင်းကြောင့် အလုပ်ပျက်ခဲ့သည့် နေ့တ၀က်အတွက် ဆန္ဒပြခေါင်းဆောင် မြန်မာအလုပ်သမ (၄) ဦးအား တဦးလျှင် လျော်ကြေး ထိုင်းဘတ် (၁) သိန်း (၆) သောင်း လျော်ကြေးပေးရန် အလုပ်ရှင်က ပြန်တောင်းခဲ့သည်။

ယင်းလုပ်ရပ်ကို အမျိုးသမီး အများစုပါဝင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက အလုပ်သမားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လျော်ကြေးရရှိရေး၊ လုပ်ခတိုးမြှင့်ပေးရေးတို့ကို ဆက်လက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“မယ်ဆိုင်မှာဆိုရင်တော့ ပထမဆုံး ဗမာလုပ်သားတွေ ဆန္ဒပြပွဲပါ။ ဘယ်သူမှ ခေါင်းမထောင်ရဲခဲ့ဘူး။ အခု ကျမတို့ ပြောရဲသွားတာက ကိုယ်တိုင်ခံစားရလို့” ဟု အဆိုပါ ဆန္ဒပြခေါင်းဆောင် အမျိုးသမီးက ပြောကြားသည်။
အပြည့်အစုံသို့ >>

စက်ရုံပိတ်၍ မြန်မာအလုပ်သမားများ အခက်အခဲဖြစ်

Tuesday, 02 February 2010 19:19 ဘစောတင်

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုအရပ်ရှိ မြန်မာနိုင်ငံသား ၁၅၀၀ ခန့် အလုပ် လုပ်နေသော ဟန်ထိုင်း (Hang Thai) သိုးမွေးစက်ရုံ တာဝန်ရှိသူများက စက်ရုံပိတ်မည် ဖြစ်၍ ယခုလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ စက်ရုံမှထွက်ခွာရန် ဖိအားပေးနေသည့်အတွက် စက်ရုံအလုပ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သတင်း ရရှိ သည်။
ယခုကဲ့သို့ အကျိုးခံစားခွင့်များမပေးဘဲ စက်ရုံပိတ်လိုက်သဖြင့် အလုပ်သမားများမှာ အခက်အခဲများစွာ ကြုံတွေ့ရ သည်ဟုသည်ဟု အဆိုပါစက်ရုံတွင် ၁၂ နှစ်ခန့်လုပ်သက်ရှိသူ မြန်မာ အလုပ်သမ ဒေါ်ညိုကပြောသည်။



“ဒီစက်ရုံမှာ လုပ်လာတာ ဟို ၉၈ ခုနှစ်ကတည်းက လုပ်လာတာလေ၊ မိသားစုလိုက် လာလုပ်စား ကြတာ၊ ဆူပူတာ လည်းမလုပ်ခဲ့ဘူး၊ ဒီစက်ရုံက အခုလို ရုတ်တရက် ပိတ်ပစ်တော့မယ်ဆိုတော့ အခက်အခဲအများကြီးရှိတာပေါ့၊ သူတို့ က အခုလို စက်ရုံပိတ်တာကို အလုပ်သမားတွေကို ကြိုတင်မပြောဘဲ အလုပ်ရပ်ပစ်တာတို့ ထုတ်ပစ်တာတို့ ဆိုရင် နစ်နာ ကြေးတွေ လျော်ကြေးတွေ ပေးရတယ်ဆိုတာကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် စက်ရုံမှာတော့ ဒီလိုတခွန်းမှ မပြော ခဲ့ ဘူး၊ စက်ရုံပိတ်မယ်၊ ဆိုတာလောက်ပဲ ပြောတယ်”ဟု သူက ဆိုသည်၊

ယမန်နေ့ နေ့လယ်ပိုင်းက အလုပ်သမားများ စက်ရုံမှ ထွက်ခွာရန် အလုပ်သမားခေါင်းက ပြောကြားခဲ့ ခြင်းဖြစ် ကြောင်း၊ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလလယ်မှစ၍ စက်ရုံတာဝန်ရှိသူများက လုပ်ငန်းများ မကောင်း သဖြင့် စက်ရုံကို ယာယီအားဖြင့် ၃ လ ခန့်ပိတ်ထားမည်ဟုဆိုကာ ခေတ္တပိတ်ထားခဲ့သည်မှာ တလကျော် ရှိပြီဖြစ် ကြောင်း လည်း ဒေါ်ညိုက ပြောပြသည်။

“မနေ့က နေ့လယ် ၁နာရီလောက်မှာ၊ သူဌေးလူယုံ မြန်မာအလုပ်သမား မသင်းသင်းစိုး က ကြေညာတယ်၊ ဒီစက်ရုံ သူဌေးက အခြားသူဌေး တဦးကို လွှဲလိုက်ပြီးဖြစ်လို့ ဒီလ ၁၀ ရက်နေ့ကစပြီး အားလုံးစက်ရုံက ထွက်ခွာပေးရမယ်”ဟု ဟန်ထိုင်းစက်ရုံတွင် လုပ်ခဲ့ဖူးသော မဲဆောက်မြို့ ရှိ အလုပ်သမားများအရေးကို ကူညီဆောင်ရွက်ပေးနေသူ ကိုဝဏ္ဏ ကလည်း ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့  BLSO မှ တာဝန်ခံ ကိုသံဒုတ်က“အဲဒီစက်ရုံက အလုပ်သမား တွေဆီက သိရတာကတော့ ဒီနေ့မှာ ဟိုအရင်လ (၁၀)ရက်နေ့က အလုပ်သမားတွေ ရစရာရှိတဲ့ လုပ်အားခတ၀က်ကို စပေးမယ်၊ ATM ဘဏ်ကတ်ရှိတဲ့သူတွေကိုတော့ မနက်ဖြန် စ ပေးမယ်၊ ပြီးရင် ဇန်န၀ါရီလ အတွက်လစာကို ဒီလ (၁၀) ရက်နေ့မှာ ထုတ်ပေးပြီးတာနဲ့ စက်ရုံကို ပိတ်ပစ်တော့မှာဖြစ်တယ်”ဟု ပြောဆိုသည်။

စက်ရုံကို ယာယီမပိတ်မီက အလုပ်သမား ၁၅၀၀ ၀န်းကျင်ရှိခဲ့သော်လည်း ယခုအခါ စက်ရုံတွင် အလုပ်သမား ၁၇၀ ခန့်သာ ရှိတော့ကြောင်း၊ အလုပ်သမားအများစုသည် ယာယီပိတ်သည်ဆို၍ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း၊ စက်ရုံတွင် ကျန်နေသူများမှာလည်း အလုပ်မရှိသဖြင့် ပန်းရန်ဆိုဒ်များ၊ တောင်ယာများတွင် ၀င်ရောက်လုပ်ကိုင် နေ ကြရကြောင်း သိရသည်။

“ဒီစက်ရုံ အခုလို ဖြစ်တာ ဟာ မနှစ်က အမှုနဲ့ အဆက်အစပ်ရှိမယ်ထင်တယ်၊ မနှစ်က လူ ၂၉၃ ယောက် အမှုက မပြီး ပြတ်သေးဘူး၊ အမှု ရင်ဆိုင်ဖို့ နောက်လမှာ ချိန်းထားတာရှိတယ်၊ ဥပဒေကြောင်းအရ အလုပ်သမားတွေ ဘက်က အနိုင်ရဖို့ သေချာ တယ်၊ ဆ၀ါဒီကန် ကိုယ်တိုင် တရားစွဲထားတာ၊ မဲဆောက်မှာဆိုရင် ဒီအမှုက လူဦးရေ အများဆုံး ပါဝင်တဲ့ အမှုလည်း ဖြစ်တယ်၊ အခု အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအနေနဲ့လည်း ကိုယ့်ရဲ့ရပိုင်ခွင့် တွေ နစ်နာချက်တွေအတွက် အလုပ်သမားအဖွဲ့အစည်းတွေ၊ ရှေ့ နေတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်”ဟု ကိုသံဒုတ်က ဆက်လက်ပြောဆိုသည်။

ယင်းဟန်ထိုင်းစက်ရုံ ပိုင်ရှင်သည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ တုန်းကလည်း အလုပ်သမား ၂၉၃ ဦးကို အလုပ် ဖြုတ် ပစ်ခဲ့ဖူးသည်။ ထို့ကြောင့် အလုပ်သမားများက ၄င်းတို့၏ ရပိုင်ခွင့်များကို ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအရ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (ဆ၀ါဒီကန်) မှတဆင့် တရားစွဲဆိုထားဆဲဖြစ် ကြောင်း သိရသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့် ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ နေထိုင်လျက် ရှိကြောင်း အလုပ်သမား အရေးဆောင်ရွက် နေသော အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများအသတ်ခံရမှု အာဏာပိုင်များပါဝင်

ရဲရင့် / ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ


မြန်မာအလုပ်သမားများ အုပ်စုလိုက် အသတ်ခံရမှုတွင် အာဏာပိုင် အဖွဲ့ဝင်များ ပါရှိသဖြင့် မကြာမီရက်အတွင်း ၎င်းတို့ကို ဖမ်းဆီးမည်ဟု ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ဆူရစီဆွန်ထောင်းဆာရထွန်က မဲဆောက်မြို့တွင် ယနေ့ပြောကြားသည်။  ယခင်သတင်းပတ်အတွင်း တောလမ်းခရီးဖြင့် မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် မြန်မာနိုင်ငံသား (၁၂) ဦးထဲမှ (၉) ဦးကို မြန်မာများနှင့် ထိုင်းအာဏာပိုင်အဖွဲ့အစည်းမှ လူအချို့က ဖမ်းဆီးပြီး ငွေတောင်းခံရာမှ ငွေမရသည့်အဆုံးတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု တိုင်းမှူးက ပြောသည်။
ယနေ့ညနေ (၄) နာရီခွဲက မဲဆောက်ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတိုင်းမှူးက “တောထဲမှာ ဒီလူတွေကို ဖမ်းပြီး အာဏာပိုင်အဖွဲ့က လူတချို့နဲ့ မြန်မာတချို့ပေါင်းပြီး အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေရှိရာ မြန်မာပြည်ကို တယ်လီဖုန်းနဲ့ ပိုက်ဆံလှမ်းတောင်းတဲ့ အချက်အလက်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်။ ပြစ်မှုကျူးလွန်သူကို ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးနိုင်မှာ ဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များကို ပြောသည်။


“မြန်မာလူမျိုးတွေ ထိုင်းကို ဘယ်လိုပုံစံနဲ့ပဲ ၀င်လာဝင်လာ အခုလို လုပ်တာမျိုး၊ ဥပဒေမဲ့သတ်ဖြတ်မှုကိုတော့ ဥပဒေအရ ဘယ်လိုမှ ခွင့်မပြုဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဝါရင့်ထိုင်းသတင်းထောက်တဦးကလည်း “ဒီအမှုနဲ့ ပတ်သက်ပြီး မဲဆောက်ကို ရဲတိုင်းမှူးဆင်းလာတယ်။ ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုတွေ ပြီးသလောက် ဖြစ်သွားပြီး ပြစ်မှုကျူးလွန်သူတွေကိုလည်း ရဲက သိနေတဲ့ သဘောဖြစ်နေပြီဆိုတော့ မနက်ဖြန် လောက်ဆိုရင် ပြစ်မှုကျူးလွန်သူကို ဖမ်းတော့မယ် ဆိုတဲ့သဘောမျိုး ပြောသွားတာဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်က တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယခင်လ (၃၁) ရက်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် သုံးသည့် ကျည်များဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ (၁၂) ဦးထဲမှ သေဆုံးသူများ၏အလောင်း (၇) လောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါအလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက်ရှိသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းရဲမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။
အပြည့်အစုံသို့ >>

Tuesday, 2 February 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု

ရဲရင့်/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ


ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။



သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။
ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။
တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။
လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အပြည့်အစုံသို့ >>

တရားမ၀င် မြန်မာအလုပ်သမား ၉ ဦး မဲဆောက်မှာ အသတ်ခံရ

01 February 2010

မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ပုတ်ဖရမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၉ ဦးအနက် ၇ ဦးရဲ့ အလောင်းကို အာဏာပိုင်တွေက ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
တရားမ၀င် တောလမ်းကတဆင့် ဘန်ကောက်ကိုတက်မယ့် မြန်မာနိုင်ငံသား ၉ ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဒေသက ကျေးရွာလူကြီး တယောက်က ပြောပါတယ်။


သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ ပုတ်ဖရမြို့နယ်က ကျေးရွာလူကြီး တယောက်က အသတ်ခံရသူ ၉ ယောက် ဖြစ်ပေမဲ့ အလောင်း ၇ လောင်းပဲ တွေ့ရသေးတယ်လို့ ပြောပါတယ်။

“သူတို့က ၂၅ ရက်နေ့ မြ၀တီက ကူးတယ်။ ဒါပေမဲ့ ၂၅ ရက်နေ့ကပဲ သူတို့ အဖမ်းခံရတယ်။ လွတ်သွားတဲ့လူ ၃ ယောက်မှာ တယောက်က စကားပြောမတတ်ဘူး။ ဘန်ကောက်ကနေ အဆက်အသွယ် လုပ်ပေးပြီး ပုလိပ်က ခေါ်လာခဲ့ပေးတာ။ အဲဒီလူလည်း ကျနော့်အိမ်မှာပဲ တည်းနေတယ်။ ကျနော်တို့ အလောင်းတွေ့တာ ၂၇ ရက်နေ့ မနက်မှာ ၂ လောင်း တွေ့တယ်၊ ၂၈ ရက်နေ့ မနက်မှာ ၂ လောင်းတွေ့တယ်၊ မနေ့က ၃ လောင်း ထပ်တွေ့တယ်။ ၇ လောင်း တွေ့ပြီ၊ အားလုံး ၉ ယောက်ပေါ့။ အဲဒီအလောင်းတွေကလည်း မဲဆောက်မှာ ၄ လောင်း၊ ပုတ်ဖရမှာ ၃ လောင်း ရှိနေတယ်။”

လမ်းပြကယ်ရီက ပိုက်ဆံလာမပေးလို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေရဲ့ တပည့်လက်သားတွေပေါ့နော်။ တောထဲမှာ တက်လာတဲ့ ကယ်ရီအဖွဲ့တွေ၊ ဘာတွေကို ဖမ်းပြီးတော့ ပိုက်ဆံညှစ်တာပေါ့။ လွတ်သွားတဲ့ ကယ်ရီက ပိုက်ဆံလာပေးမယ်ဆိုပြီး မပေးလို့ သူတို့က သတ်လိုက်တဲ့ သဘောပါ။ ၁၂ ယောက်၊ အားလုံး ကယ်ရီနဲ့ဆို ၁၃ ယောက် လာတာပေါ့။ သူတို့က လှိုင်းဘွဲ့မြို့နယ်၊ ကျိုက်ပေါင်ရွာက ၉ ယောက်ပါတယ်လို့ ပြောသံကြားတယ်။ နောက် ဇာသပြင် မင်းခေါင်ရွာက ၃ ယောက်ပါတယ်။”

အသတ်ခံရသူ တယောက်ဖြစ်တဲ့ မတင်ထွေးအေးရဲ့ ခင်ပွန်း ကိုအောင်ကြည်က အခြေအနေကို အခုလို ရှင်းပြပါတယ်။

“တို့ ဒီမှာ မြ၀တီမှာ ရောက်လာပြီ၊ လူကိုယ်တိုင် သွားမကြည့်ရသေးဘူး၊ မနက်ဖြန်မှ သွားကြည့်ရမယ်၊ မရှိတော့ဘူး၊ ပုလိပ် ဘယ်လိုလာပြောလိုက်လဲ မသိဘူး။ ဘယ်သူမှ မထင်ထားဘူး။ နောက် မနက်ဖြန်မှ သူ့ကို သွားကြည့်ရမယ်နော်၊ ဒီမှာမေးတော့ ကျနော်လည်း ဘာမှမသိတော့ဘူး။”
မြ၀တီကနေတဆင့် ဘန်ကောက်သို့ တရားမ၀င် တောလမ်းက သွားသူတွေဟာ အခုလို မကြာခဏ သတ်ဖြတ်ခံရတယ်လို့လည်း မဲဆောက်က အလုပ်သမားအရေး လုပ်တဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“လ၀ကတို့၊ နယ်မြေမှာရှိတဲ့ ပြည်သူ့စစ်တို့နဲ့ အဝေမတည့်တာလည်း ရှိတယ်။ သူတို့အချင်းချင်းလည်း အဝေမတည့်တာတွေ ရှိတယ်။ အဲဒီကြားထဲမှာတော့ သယ်ဆောင်ခံရတဲ့ သူတွေပဲဖြစ်စေ၊ ကယ်ရီပဲဖြစ်စေ အသတ်ခံရတဲ့ ရာဇ၀တ်မှုတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ အခု မဖြစ်တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။”

နှစ်နိုင်ငံ သဘောတူညီအရ ယာယီ ပါ့စ်ပို့တ် (Passport) နဲ့ တရားဝင် အလုပ်လုပ်နိုင်ဖို့ စီစဉ်နေချိန်မှာ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမ၀င် မြန်မာအလုပ်သမား ၂,၀၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP