Monday, 21 December 2009

မြန်မာနိုင်ငံသားတဦး အကြမ်းဖက်နှိပ်စက်ခံရမှုအပေါ် အလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆို

ဒီဇင်ဘာလ ၁၉ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အမျိုးသမီးအ၀တ်အစားချုပ်စက်ရုံတခုတွင် ယမန်နေ့ညက မြန်မာနိုင်ငံသားတဦး အကြမ်းဖက်ခံရမှုအ ပေါ် မြန်မာအလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆိုမှုတခု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

ယမန်နေ့ည ၁၀နာရီခန့်တွင် ဝေါဆိုသူ အသက် ၂၉နှစ်အရွယ်ရှိ မြန်မာလူငယ်သည် တော့ပ်ဖေါင်းမ် (Top Form) စက်ရုံတွင် အလုပ်လုပ်နေသော ၎င်း၏ညီမဖြစ်သူအား သွားကြိုရာမှာ စက်ရုံလုံခြုံရေးဝန်ထမ်း များနှင့် အချင်းများခဲ့ပြီး အသတ်ခံခဲ့ရသည်ဟု အလုပ်သမားများက ယူဆကာ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြော သည်။


“မနေ့ညက ၁၀နာရီလောက်မှာ လုံခြုံရေးဝန်ထမ်းနဲ့ ဝေါတို့ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြမှု ဖြစ်လာတာပါ။ အဲဒီမှာ ထပေါက်ကွဲတာက သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုကြတယ်။ ပျောက်သွားတဲ့လူရဲ့ အလောင်းကို တောင်းတယ်။ လျော်ကြေးတောင်းတယ်။ ပျောက်သွားတဲ့လူက အဲဒီ ထဲက အလုပ်သမား မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလုပ်ငန်းခွင်က ကောင်မလေးနဲ့ ပတ်သက်နေတယ်။ အ လုပ်သမား အချင်းချင်းတော့ မကျေနပ်တာတွေ ရှိတယ်ပေါ့နော်။ အဲဒါ လတ်တလော အခြေအနေပဲ ရှိ သေးတယ်”ဟု ဦးမိုးကြိုးက ယနေ့ညနေတွင် ကေအိုင်စီကို ပြောသည်။

စက်ရုံစောင့်များ၏ အကြမ်းဖက်မှုကို ခံရသည့် အဆိုပါမြန်မာလူငယ်သည် မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ အမှတ်(၁၄)ဂိတ်တွင် နေထိုင်သူတဦးဖြစ်ပြီး အစပိုင်းတွင် အသတ်ခံရကာ အလောင်းကို ဖျောက်ဖျက်ခံရသည်ဟု အလုပ်သမားများက ယူဆခဲ့ကြသော်လည်း အမှန်မှာ အသက်မသေဘဲ ပျောက် ဆုံးနေခြင်းသာဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ယခုလို ပျောက်ဆုံးသွားမှုအပေါ် ထိုင်းရဲများက နှစ်ရက်အတွင်း လိုက်လံရှာဖွေပေးမည်ဟု ကတိပေး ကြောင်း အဆိုပါအရေးအခင်းကို ဖြေရှင်းဆောင်ရွက်ပေးနေသူ မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)၏ အဖွဲ့ဝင်တဦးက ယခုလို ပြောသည်။

၎င်းက “အဲဒီကိစ္စကို ထိုင်းရဲက ပြောတာပေါ့နော်။ ၂ရက်အတွင်း ပျောက်သွားတဲ့လူကို တွေ့အောင်ရှာ ပေးမယ်လို့ ကတိပေးတယ်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဘာဆုံးဖြတ်ချက် တစုံတရာမှ မလုပ်ရသေး တဲ့အပေါ်မှာ ဘာမှမပြောလိုသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေ ပြောတဲ့စကားချည်းပဲ နားထောင်လို့ မရဘူးလေ”ဟု ကေအိုင်စီကို ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ည ၁၂း၀၀နာရီခန့်အချိန်တွင် အလုပ်သမားများ မကျေနပ်မှုများမှ စတင်ဖြစ်ပွားခဲ့ သော အဆိုပါဆန္ဒပြမှုသည် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် မြန်မာ့အလုပ်သမားအရေး ဆောင် ရွက်သူများက ညှိနှိုင်းမှုများ သွားရောက်လုပ်ဆောင်ပေးသောကြောင့် ယနေ့နံနက် ၁၀း၀၀နာရီခန့်တွင် ရပ်တန့်သွားသော်လည်း ပြသနာမှာ မရှင်းလင်းသေးကြောင်း သိရသည်။


အလုပ်သမားဦးရေ လေးထောင်ရှိသည့် တော့ပ်ဖေါင်းမ်စက်ရုံသည် မဲဆောက်မြို့တွင် တရားဝင် မှတ်ပုံ တင်ထားသည့် အလုပ်ရုံပေါင်း ၂၀၀အနက် ဒုတိယအကြီးဆုံးဖြစ်ပြီး အလုပ်သမားတဦးကို တရက်လျှင် ဘတ်၈၀မှ ၁၂၀အထိ လုပ်အားခပေးကာ ယမန်နှစ်ကလည်း အလုပ်သမားပေါင်း သုံးရာကျော်ကို အ ကြောင်းအမျိုးမျိုးပြကာ အလုပ်ဖြုတ်ပစ်ခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

အပြည့်အစုံသို့ >>

မြန်မာ အလုပ်သမား ၂ ဦးကို ထိုင်းဝန်ထမ်းများ နှိပ်စက်၍ ဆန္ဒပြမှုဖြစ်

Saturday, 19 December 2009 18:57 ဘစောတင်
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီးအတွင်းခံ အင်္ကျီ ချုပ်စက်ရုံတွင် ယမန်နေ့ည(၁၁)နာရီခန့်က ထိုင်းလူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်းများနှင့် မြန်မာအလုပ်သမား များ ခိုက်ရန်ဖြစ်ပွားမှုမှစတင်ပြီး ယင်းစက်ရုံရှိ အလုပ်သမား ၃၀၀၀ ကျော်က ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် ကြောင်း သတင်း ရရှိသည်။

 
အဆိုပါစက်ရုံမှ အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့အား ထိုင်း လူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုမှ စတင်၍ ခိုက်ရန်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းစက်ရုံမှ မျက်မြင်သက်သေတဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။



“မနေ့က ယန်း ၄ ယောက် ကနေ သူတို့နှစ်ယောက်ကို အသေလုပ်တာ၊ ဝေါကြီးကို အနိုင်ကျင့်ရန်စပြီး ထိုး တယ်၊ ရိုက်တယ်ဗျာ၊ ပြီးတော့ လက်ထိပ်ခတ်တယ်၊ ရင်ဝကို ကန်တယ်၊ ဓားနဲ့ထိုးတယ်၊ အနီးအနားက လူ တွေကိုလည်း မလာနိုင်အောင် ခဲလုံးတွေနဲ့ပေါက်ထုတ်တယ်၊ အနားကို ကပ်လို့မရဘူး”ဟု ၎င်းက ဧရာဝတီ သို့ ပြောပြသည်။

ယမန်နေ့ညက နှစ်သစ်ကူးအခမ်းအနားအတွက် အက တိုက်နေရာသို့ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး တို့က ဗီဒီယို အောက်စက် လာပို့သည်ကို ယခုကဲ့သို့ လုံခြုံရေးများက ရန်စပြီး ခိုက်ရန်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စက်ရုံ အလုပ်သမ မအေးချိုကလည်းပြောသည်။

“ညက သက်မာစိုးရဲ့ အစ်ကို သက်ပိုင်စိုးနဲ့ သူငယ်ချင်း ကိုဝေါကြီးတို့ အကတိုက်တဲ့ နေရာကို ဗီဒီယို အောက် စက်လာပို့တာ၊ အကတိုက်နေတဲ့ စက်ကမကောင်းလို့၊ အဲဒီအချိန်မှာ ယန်းတွေကရန်လုပ်ပြီး ဓားနဲ့ ထိုးလိုက် တယ်၊ ကိုသက်ပိုင်စိုးကတော့ ထွက်ပြေးလို့လွတ်သွားတယ်၊ သူလည်း ဒဏ်ရာတွေရ သွားလို့အခု မြ၀တီ မှာ ဆေးရုံ တင်ထားရတယ်”ဟု ၎င်းကဆိုသည်။

ဓားထိုးခံရသူ အသက်(၂၉)နှစ် ၀န်းကျင်ရှိ ဝေါကြီး သည် ဒဏ်ရာပြင်းထန်စွာရရှိပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း၊ ၎င်းကို ပဲခူးတိုင်း ဝေါမြို့ နယ်သားဖြစ်၍ ဝေါကြီးဟုခေါ်ကြကြောင်း၊ ကိုသက်ပိုင်စိုး အသက်(၂၂)နှစ်နှင့် မသက်မာစိုးတို့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ဖြစ်ကြောင်း သိရ သည်။ ယခုအမှုနှင့်ပတ်သက်၍ ကိုသက်ပိုင်စိုး၏ မိခင် ဒေါ်မခိုင်က မဲဆောက် ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဟု ပြောပြ သည်။

“ကျမသားလေးနဲ့ သူ့ သူငယ်ချင်းကို စက်ရုံ လုံခြုံရေးတွေက ဒီလို အသက်ကိုရန်ရှာတာကိုတော့ ကျမအရမ်း ခံပြင်းတယ်၊ ကျမသားလေးက အခု မြ၀တီဆေးရုံမှာ တက်နေရတယ်၊ သမီးလေးလည်း အရမ်းကြောက်နေ တယ်၊ ဒါကြောင့် မဲဆောက်ရဲစခန်းမှာ အခုအမှုလာဖွင့်နေတာ”ဟု ဒေါ်မခိုင်က ပြောဆိုသည်။

ယင်း ခိုက်ရန်ဖြစ်ပွားရာတွင် စတင် ရန်ရှာသော လုံခြုံရေး ၀န်ထမ်း ၄ ဦးကိုလည်း ရဲကခေါ်ယူ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။ မဲဆောက်ရဲစခန်းမှ ရဲအရာရှိ တဦးက“ကျနော်တို့ အမှုမှန်ပေါ်ဖို့  လုံခြုံရေးဝန်ထမ်းတွေရော မျက်မြင်သက် သေ တွေကိုပါ ခေါ်ယူစစ်မေးနေပါတယ်၊ အမှုမှန်ပေါ်အောင် ကျနော်တို့ ဆောင်ရွက်သွားပါမယ်”ဟုပြော သည်။

ယနေ့တွင် မဲဆောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဝေါကြီး နှင့် မြ၀တီတွင် ဆေးကုသနေသော ကိုသက်ပိုင်စိုးတို့ကို လုံခြုံရေးအရ လည်းကောင်း၊ ဖြစ်ပွားသည့် ပြဿနာမှာ အလုပ်သမား ဆန္ဒပြသည်အထိ ကြီးထွားလာသောကြောင့် လည်းကောင်း အမှုဖြေရှင်းရန်အတွက် မဲဆောက် ရဲစခန်းတွင် ခေါ်ယူ ထိန်းသိမ်း ထားသည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသော မဲဆောက်မြို့ရှိ People Volunteer Association (PVA) အဖွဲ့ ခေါင်းဆောင် ကိုသိန်းဆန်းက ပြောဆိုသည်။

“ပြဿနာက ကြီးလာလို့ သူတို့ ၂ ဦးလုံးကို မဲဆောက် စခန်းမှာခေါ်ထားတယ်၊ အခုကိစ္စက၂ ခုဖြစ်နေတယ်၊ နောက်တခုက အလုပ်သမားတွေဘက်က သူတို့နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုမှုဖြစ်တယ်၊ ထိုင်း အာဏာပိုင်တွေကလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကြားထဲ ဘယ်လို ၀င်ရမှန်းမသိလို့ ဂိတ်တွေမှာ ပိတ်ပြီး စောင့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားများက တရားခံကိုဖော်ထုတ်ပေးရန်၊ အလုပ်သမားများ၏ အခွင့်အရေးကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုထားကြောင်း၊ စက်ရုံအနီးတွင် ထိုင်းစစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ထိုင်းရဲများက စောင့်ကျပ်လျက်ရှိကြောင်း သိရသည်။
ကိုသိန်းဆန်းက“အခု တာ့ခ် ခရိုင် ရဲမှူး ပြောတာကတော့ စက်ရုံကို သုံးရက်ပိတ်ထားမယ်၊ တရားခံကို မရ ရအောင် ဖော်ထုတ်ပေးမယ်လို့ ကတိပေးထားတယ်၊ ကျနော်တို့လည်း ကိုယ့်အလုပ်သမားတွေကို စနစ်တကျ တရားဥပဒေ လမ်းအတိုင်း ဆောင်ရွက်ဖို့ ကူညီပေးနေတယ်”ဟုပြောသည်။

အလုပ်သမားများတောင်းဆိုမှုအတွက် စက်ရုံ အလုပ်ရှင်ကို ၃ ရက် အချိန်ပေးထားပြီး အလုပ်သမားများ ဘက် မှ ဆောင်ရွက်ရန် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားသည်ဟုလည်း ဆိုသည်။ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ရှိကြောင်း သိရသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ဖြစ်သော ဒီဇင်ဘာလ ၁၈ ရက် ယမန်နေ့ကပင် ထိုင်းနိုင်ငံ ဖစ်ကျပို ခရိုင် စမုန်တောမြို့ ရှိ SARA FARM ကုမ္ပဏီ ကြက်သားထုတ်လုပ်ရေး စက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့် သည် ၄င်းတို့ နစ်နာဆုံးရှုံးနေသော အခွင့်အရေးများကို တောင်းဆို ဆန္ဒပြကြရာ အလုပ်ရှင်ဘက်မှ လိုက်လျောမှုများ ရရှိခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ရှင်က လိုက်လျှောမည်ဟု ကတိပေးသည်များမှာ(၁) တနေ့လျှင် အလုပ်ချိန် (၈)နာရီ သတ်မှတ်မည်။ (၂) အချိန်ပို တနာရီလျှင် ဘတ်(၃၀) ပေးမည်။ (၃) အလုပ်သမားကတ်ပြား ရလျှင် ကိုင်ဆောင်ခွင့်ပြုမည်။ (၄) အစိုးရရုံးပိတ်ရက်များတွင် အလုပ်သမားများကို အလုပ်နားခွင့်ပေးမည်။ (၅) ယာယီ နိုင်ငံကူးလက်မှတ် လုပ်ရန် အတွက် ဖိအားပေးခြင်းမပြုလုပ်ရန် တို့ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

မြန်မာပြည်က ကောင်းဆက်နှင့် စင်္ကာပူက Silver Seagull တို့ပေါင်းပြီး မြန်မာအလုပ်သမားကို လိမ်

မိုးမခအထောက်တော် စင်္ကာပူ၊ ဒီဇင်ဘာ ၁၉၊ ၂၀၀၉
စင်္ကာပူမြန်မာသံရုံးသို့ ပေးပို့တိုင်ကြားချက်များအရ မြန်မာပြည်ရှိ အလုပ်သမားကို ရုံးလုပ်ငန်းများလုပ်ကိုင်ရမည်ဟု ပွဲစားခများ တောင်းယူပြီး စင်္ကာပူနိုင်ငံတွင် အလုပ်ကြမ်း အလုပ်သမားအဖြစ် မလုပ်မနေရ အလုပ်ခွင်အတွင်း စွန့်ပစ်ခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က မြန်မာသံရုံးသို့ စာရေးသား တိုင်ကြားထားသည်ကို ကြားသိရသည်။
၎င်းတိုင်ကြားစာ အပြည့်အစုံမိတ္တူကို သည်နေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။




စင်္ကာပူရှိ မြန်မာများ စုဝေးရာ မြို့လယ်ရှိ ပင်နီဆူလာပလာဇာ ကုန်တိုက်ကြီးတွင် မြန်မာများအတွက် အလုပ်အကိုင်ရှာဖွေသည့် ၀န်ဆောင်မှုပေးသည့် ပွဲစားလုပ်ငန်း ရုံးခန်းအများအပြား ဖွင့်လှစ်ထားကြပြီး မြန်မာပြည်နိုင်ငံသားများအား စင်္ကာပူနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်မျိုးစုံကို ရှာဖွေပေးလျက် ရှိသည်။ အချို့မှာ အလုပ်ရှင်များကိုယ်တိုင်က ခန့်အပ်ရှာဖွေခိုင်းခြင်းများ ရှိပြီး အချို့မှာ အလုပ်အကိုင်များ မသေချာသေးဘဲ မြန်မာပြည်တွင်းမှ အလုပ်သမားများကို ခေါ်ယူခြင်း ဖြစ်သဖြင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြရသည်ကို အမြဲကြားသိနေရကြောင်း မိုးမခစာဖတ်သူတဦးက မှတ်ချက်ပေးသည်။


သံရုံးမှ စာကို လက်ခံထားပြီး မည်သို့အကြောင်းပြန်မည်၊ မည်သို့ဆောင်ရွက်ပေးမည်ကို မသိရသေးဟု သတင်းကြားသူတဦးက မိုးမခသို့ ပြောကြားသည်။
အပြည့်အစုံသို့ >>

(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ကျင်းပ

Saturday, 19 December 2009

.(၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU)၊ (MAP) ဖောင်ဒေးရှင်းနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းပတ်သက်၍ “ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အများအားဖြင့် တယောက်တနေရာစီမှာ အလုပ်လုပ်နေရတာ ဖြစ်တယ်။ ဆုံတွေ့ဖို့ ခဲတယ်။ အဲဒါကြောင့် ဒီအခမ်းအနားလုပ်ခြင်းအားဖြင့် မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေ အားလုံးလာပြီး တစုတစည်းထဲ တွေ့ခွင့်ရပြီး တယောက်နဲ့တယောက် ရင်ထဲမှာရှိတာတွေ ဖွင့်ပြောပြီး အတွေ့အကြုံတွေ ဖလှယ်လို့ရအောင်၊ နောက် အလုပ်သမားတွေအနေနဲ့ သိသင့်တာတွေ သိလို့ရအောင် ဆိုပြီး ဒီအခမ်းအနားကို လုပ်တယ်။ နောက်ပြီး အလုပ်သမားတွေ ညီညွတ်ပြီး တစုတည်းဖြစ်အောင်လို့ ရည်ရွယ်ပါတယ်” ဟု (MAP) ဖောင်ဒေးရှင်းမှ မဲဆောက်တာဝန်ခံ ကိုအေးက ပြောသည်။



အခမ်းအနားကို တက်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ ရရှိပြီး တိုက်ပွဲဝင်ရဲကြရန်နှင့် မိမိတို့သည် တိုင်းပြည်နှစ်ခု၏ အကျိုးစီးပွားကို ရှာပေးနေသူများဖြစ်သည့်အတွက် ဂုဏ်ယူတတ်ဖို့လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက တိုက်တွန်းပြောကြားခဲ့သည်။နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့သည် ဒီဇင်ဘာ (၁၈) ရက်နေ့ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရောင်းခြည်းဦးအလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ မအိက ပြောသည်။

“တကယ်တမ်းက (၁၈) ရက်နေ့မှာ လုပ်ရမှာ ဖြစ်ပေမယ့် စက်ရုံတွေက ပိတ်ရက်မရှိတာကြောင့် ဒီလိုနေ့ကို ရွေးလုပ်ရတာပါ။ တချို့ကျတော့ စက်ရုံမှာ ခွင့်ယူပြီး လာကြတာဖြစ်တယ်။ တချို့က လာလို့မရဘူး။ အဲဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ လာလို့ရမယ့်နေ့ကို ရွေးပြီးလုပ်တာ” ဟု သူက ပြောသည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ၂၀၀၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမား လေးထောင်ကျော် ထိုင်းနိုင်ငံမှာ ဆန္ဒပြ

2009-12-18

ဒီဇင်ဘာလ ၁၈ရက်နေ့ ဒီကနေ့မနက် လေးနာရီကစပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့အနီး စမုန်ဒေါအရပ်က ဆာဟာဖမ်း ကောက်ကောက် အမည်ရှိတဲ့ အသားစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား လေးထောင်ကျော်ဟာ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် ထောင်ချီတဲ့ အရေအတွက်ရှိတဲ့ မြန်မာအလုပ်သမားတွေ တစုတဝေးတည်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး နေ့ခင်းပိုင်းတနာရီကျော်ကျော် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို ထိုင်းအလုပ်ရှင်ဘက်က လိုက်လျောပေးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။


မြန်မာအလုပ်သမားတွေကို အလုပ်ချိန် ပုံမှန် ၈နာရီ သတ်မှတ်ပေးဖို့၊ အလုပ်သမားကဒ်အစစ်တွေကို အလုပ်သမားတွေကိုယ်တိုင် ကိုင်ဆောင်ခွင့်ပေးဖို့၊ အချိန်ပိုကြေး တနာရီကို ဘတ်ငွေ ၃၀ ပေးရေး၊ အလုပ်မဖြုတ်ပဲ ကျန်းမာရေးမကောင်းတဲ့အခါ နားခွင့်ပေးရေး၊ အစိုးရ အားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးရေး၊ ယာယီနိုင်ငံကူးလက်မှတ်ရရှိရေးကို အတင်းအဓမ္မဖိအားပေးပြီး မလုပ်ခိုင်းဖို့နဲ့ လုပ်အားခထဲကနေ မတရား ဖြတ်တောက်တာတွေ မလုပ်ဖို့ စတဲ့ ရပိုင်ခွင့်တွေ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘာကြောင့် ခုလို အလုပ်သမားတွေ မကျေမနပ် ဖြစ်ခဲ့ရတယ် ဆိုတာကို အလုပ်သမားတွေရဲ့ ခေါင်းဆောင် ကိုထွန်းက RFA ကို ဆန္ဒပြနေရင်းနဲ့ ခုလိုပြောပြပါတယ်။

ကိုထွန်း။ ။ “ဟုတ်ကဲ့၊ သူတို့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်လို့ စဖြစ်တာပါခင်ဗျာ။ အလုပ်ချိန် မသတ်မှတ်၊ ခိုင်းချင်သလိုခိုင်း၊ အလုပ်ထဲမှာ အခြား ဝဏ္ဏတွေက ဆဲဆိုပြီးခိုင်းတာတို့၊ မြန်မာပြည်သားဆိုပြီး နှိမ်တာတို့၊ ပိုပြီးအလုပ်သမားတွေဘ၀က ဆိုးရွားလာတယ်၊ မခံနိုင်ကြဘူး အချိန်ပို ခိုင်းတာလည်း အများကြီးပဲ။ ပေးတော့လည်း ပေးချင်သလောက် ပေးတာတို့၊ တစ တစ ပျိုးလာတယ်၊ အစုံပဲ။ ဒီမှာဖြစ်နေတာကတော့ ခံစားချက်တွေကတော့ အသီးသီးတွေပဲ အစုံပဲ ဒီနေ့ကျမှ ထပေါက်ကွဲကြတာ။”

မြန်မာအလုပ်သမားတွေအားလုံး အလုပ်မဆင်းတဲ့အတွက် အသားစက်ရုံ လုပ်ငန်းလည်ပတ်မှု ရပ်သွားပြီး ထိုင်းနဲ့ မြန်မာအလုပ်ကြပ်တွေက အလုပ်သမားတွေကို နေထိုင်ရာ တန်းလျားတွေထဲအထိ အတင်း လိုက်ဆွဲခေါ်ကြသေးတယ်လို့ သိရပါတယ်။

အနားမပေးပဲ အလုပ် တောက်လျှောက်လုပ်ခိုင်းတဲ့အတွက် အလုပ်သမတဦး နေမကောင်းဖြစ် သေဆုံးသွားရာကနေ အလုပ်သမားတွေကြားမှာ မကျေနပ်မှုတွေ ပိုပြီး ပြင်းထန်လာခဲ့တာလို့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အလုပ်သမားရေးရာဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

NCGUB ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန ရဲ့ ဥပဒေရေးရာကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေကောင်စီကလည်း ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေကို တယ်လီဖုန်းနဲ့လှမ်းပြီး အကြံပေးတာမျိုးတွေ ရှိခဲ့တဲ့အကြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောပါတယ်။

ကိုသက်ခိုင်။ ။ “မနေ့ညကတည်းကပေါ့နော် ကျွန်တော့ဆီကို ဆက်လာတယ်။ သူတို့အခြေအနေကို ပြောပြပြီး သပိတ်မှောက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့က တတ်နိုင်သလောက် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ပေးလို့ရတာတွေ လုပ်ပေးမယ်ပေါ့။ ထိုင်းရှေနေများကောင်စီက ရှေ့နေတွေကိုလည်း လှမ်းအကြောင်းကြားတယ်။ ထိုင်းရှေ့နေတွေက လှမ်းဆက်တာပေါ့။ သူတို့က စကားပြန်ကနေတဆင့် ဖုန်းဆက်တယ်၊ ညှိနှိုင်းမယ်တဲ့၊ ပြေလည်အောင် ညှိနှိုင်းကြပါ၊ ညှိနှိုင်းလို့မှမရရင် သူတို့ဖက်က လိုက်လျောမှု မရှိဘူးဆိုရင် အလုပ်သမားအခွင့်အရေးအရ အရေးယူတာတို့ တိုင်တာတို့ လုပ်မယ်ပေါ့နော်။”



ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းတုန်းကလည်း အဲဒီစက်႟ုံပိုင်ရှင် ပိုင်တဲ့ အခြားအလားတူ စက်႟ုံတ႟ုံမှာ အလုပ်ထွက်ချင်တဲ့ မြန်မာအလုပ်သမားတွေကို ရဲ ခေါ်ပြီး ဖမ်းခိုင်းတဲ့ ကိစ္စနဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြသေးတယ်လို့ သိရပါတယ်။
အပြည့်အစုံသို့ >>

ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးတောင်းဆို

သောကြာနေ့၊ 18 ဒီဇင်ဘာလ 2009
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များအဖွဲ့က ‘အခွင့်အရေး လစ်ဟင်းနေသူများအတွက်’ အခွင့်အရေးဆိုင်ရာ အချက်လက်များတင်ပြတောင်းဆိုခဲ့သည်ဟု သိရပါသည်။ 

“ကျနော်တို့တောင်းဆိုတာက အချက် ၄-၅ ချက်ပါတယ်။ အဓိကကတော့ ကာရာအိုကေဆိုင်၊ ညဘက်စားသောက်ဆိုင် တွေ အိမ်ဖေါ်တွေအတွက် ၀င်ငွေနည်းပြီး အလုပ်ချိန်အကန့်အသတ်မဲ့ အမျိုးသမီးတွေအတွက် အဓိကပေါ့” - ဟု သျှမ်းရွေ့ ပြောင်းအလုပ်သမား WSA (Worker Solidarity Association) အဖွဲ့ ဥက္ကဌ စိုင်းဇွမ် က ပြောပါသည်။


ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဗုဒ္ဓဆထန်တွင် ကျင်းပသည့် နိုင်ငံတကာရွှေ့ပြောင်းအလုပ် သမား များနေ့အခမ်းအနား၌ ၁၅း၀၀ နာရီအချိန် ချင်းမိုင်ခရိုင် ဒု- အုပ်ချုပ်ရေးမှူးက တက်ရောက်အဖွင့်အမှာ စကား ပြောကြားပြီး အလုပ်သမားအဖွဲ့အသီးသီးကလည်း မိမိအဖွဲ့အစည်းတောင်းဆိုမှုများ တင်ပြခဲ့၏။ အခမ်းအနားကို ၁၉း၀၀ နာရီအထိ ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

ချင်းမိုင်ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူးကလည်း အလုပ်သမား နှင့် အလုပ်ရှင်ဟူသည်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန် အလှန်အားထားနေရကြောင်း၊ “ရွှေ့ပြောင်းအလုပ်သမားတွေမရှိရင် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ ထင်တဲ့ အ တိုင်း လွယ်မှာမဟုတ်ဘူး၊ ထိုင်းတွေ လုပ်အားခ တနေ့ဘတ်ငွေ ၂၀၀ ရရင် ရွှေ့ပြောင်းအလုပ်သမားတွေကိုလဲ ရစေလို တယ်၊ တန်းတူအခွင့်အရေးရအောင် အတတ်နိုင်ဆုံးကူညီပံ့ပိုးသွားပါ့မယ်” ဟု အားပေးစကားပြောကြား သွားပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ တင်ပြတောင်းဆိုခဲ့သည့် အချက်များမှာ -

၁။ စားသောက်ဆိုင်၊ နိုက်ကလပ်၊ အိမ်ဖေါ် အစရှိ သောအလုပ်သမများအတွက် ထိုင်းနိုင်ငံသားနည်းတူ တန်းတူလုပ်အားခ နှင့် အလုပ်ချိန်အကန့်အသတ်/နားရက်ရရှိရေး။

၂။ ချင်းမိုင်တွင် အောက်ခြေအလုပ်သမားအတွက် သတ်မှတ်ထားသော တနေ့လုပ်အားခ ၁၆၈ ဘတ် အပြည့်အ၀ ရရှိရေး။

၃။ အလုပ်ရှင် နှင့် အလုပ်သမား ရေရှည်ဒွန်တွဲအလုပ် လုပ်နိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများအတွက် တည်တန့်သည့် ဥပဒေချမှတ်ရေး။

“ဘာလို့လဲဆိုတော့ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိန်းချုပ်မယ့် တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမယ်လို့ အမြဲပြောတယ်။ ဒီပြဿနာကို သူတို့ ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်လဲ ရေရှည်ဘာလုပ်မလဲ၊ အစိုးရ အသစ်ပြောင်းရင်တောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေ မပြောင်းဖို့ပေါ့”

၎။ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် တိကျတဲ့ ကုန်ကျမှုသတ်မှတ်ပေးရန်။

“အခုအခြေအနေက ပွဲစားတွေဘဲ ပွတယ်လေ။ အလုပ်သမားတွေ ဒုက္ခရောက်တယ်။ အချို့က ၈ ထောင် လောက်ကုန်ပြီး တချို့ကလဲ သောင်းချီကုန်လဲ မရဘူး။ အဲ့ကိစ္စအပေါ် ပိုအဆင်ပြေအောင် ဆောင်ရွက်ဖို့ပေါ့ဗျာ”

၅။ ဖိဆွတ်ဆန်ချတ်ခေါ် လာရင်း နိုင်ငံသားဖြစ်ကြောင်းသက်သေပြရန် လျှောက်လွှာတင်ခိုင်းသည့် ကိစ္စတွင်လည်း လျှောက်၍ အောင်သည့်သူများ (ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရမည်သူများ) နှင့် သွားမလျှောက်သူများ (လာရင်းနိုင်ငံ ပြန် ပို့ခံရမည့်သူများ) အတွက် စည်းမျဉ်းချထားသော်လည်း - “လျှောက်လွှာတင်ပြီး မအောင်တဲ့သူတွေအတွက်ဘာဆက် လုပ်မလဲ၊ သူတို့အတွက် တိကျတဲ့အနာဂတ်ရှိအောင် ဖေါ်ပြထားသင့်တယ်။ လျှောက်လွှာတင်ပြီး မအောင် လို့ဘာလုပ်ရ မှန်းမသိဘဲ ပြန်သွားတဲ့သူအများကြီး၊ ဟိုမှာဘဲ ဒုက္ခ ရောက်တာပေါ့ဗျာ” - ဟု စိုင်းဇွမ် ကပင် သျှမ်းသံတော်ဆင့် သို့ ရှင်းပြပါသည်။


ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့် လော ၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံသား အလုပ်သမား သန်းချီ ရှိ၏။ ၎င်းင်းတို့ အနက် မြန်မာနိုင်ငံသားမှာ အများဆုံးဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးကိစ္စမှာလည်း လော နှင့် ကမ္ဘောဒီးယားတို့က ၂၀၀၆ ကတည်းက အောင်မြင်သွားပြီး မြန်မာအလုပ်သမားများမှာမူ အနာဂတ်အတွက် စိုးရိမ်နေရဆဲ ဖြစ်ကြောင်းညည်းတွားနေကြသည်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရ

စိုးမိုး/ ၁၈ ဒီဇင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။
“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။


လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်းအလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP