Friday, 18 December 2009

ထိုင်းရောက် မြန်မာကလေးများ ကျောင်းနေခွင့် မသေချာ

Thursday, 17 December 2009 18:17 ဘစောတင်
ထိုင်းအစိုးရက လတ်တလော ပြုလုပ်ပေးနေသည့် နေထိုင်ခွင့် လက်မှတ်မရှိပါက ထိုင်းနိုင်ငံရှိ မြန်မာကလေး များသည် လာမည့် စာသင်နှစ်တွင် ပညာသင်ကြားခွင့် မရရှိနိုင်ကြောင်း သိရသည်။ ဒီဇင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ပေးနေသော အဆိုပါ မြန်မာကလေးများ နေထိုင်ခွင့် လက်မှတ်ပြုလုပ်ရာတွင် အခက်အခဲများစွာ ကြုံရကြောင်းနှင့် လက်မှတ်ပြုလုပ်၍ မရသူများရှိကြောင်း ကလေး မိဘများ အပါအ၀င် ကျောင်းဆရာ ဆရာမ များက ပြောသည်။ ဒီဇင်ဘာ (၁၈) ရက်သည် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ ဖြစ်သည်။
ထိုင်းနိုင်ငံ အတွင်းတွင် မြန်မာကလေးငယ် ၆ သိန်းခန့်ရှိကြောင်း၊ အများစုသည် နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိကြကြောင်း၊ နယ်စပ်မြို့ များဖြစ်သော ရနောင်းနှင့် မဲဆောက်မြို့များရှိ မြန်မာကလေးများသည် ထိုင်းကျောင်းနှင့် မြန်မာကျောင်းများတွင် ပညာသင်လျက် ရှိကြကြောင်း အာဏာပိုင်များ အဆိုအရ သိရသည်။ ယခု ပြုလုပ်နေသော အသက်(၅)နှစ်အထက်နှင့် (၁၅)နှစ်အောက် ကလေးငယ်များ နေထိုင်ခွင့်လက်မှတ် သည် လာမည့်နှစ်တွင် ဆက်လက် ပညာသင်ယူခွင့်အတွက်လည်း အရေးပါကြောင်း ထိုင်းနိုင်ငံ ရနောင်းမြို့ မှ ကျောင်းဆရာ ကိုဌေးကပြောဆိုသည်။


“ကျနော်တို့ မြို့ ပိုင်က ကျောင်းတွေ NGOs တွေကို ခေါ်ပြောတာကတော့ ဒီမှာရှိတဲ့ ကလေးတွေအားလုံး နေ ထိုင်ခွင့်လုပ်ရမယ်၊ နေထိုင်ခွင့်မလုပ်ရင် နောင်နှစ်တွေမှာ ထိုင်းကျောင်းဖြစ်ဖြစ် မြန်မာကျောင်းဖြစ်ဖြစ်စာသင် ခွင့်မရှိဘူး၊ ကျောင်းကလည်း လက်ခံခွင့်မရှိဘူး၊ နေထိုင်ခွင့်မရှိဘဲ ကျောင်းတက်တာကို စစ်ဆေးတွေ့ရှိရင် ဖမ်းပြီး ပြန်ပို့မယ် ပြောထားတယ်”ဟု ၎င်းက ပြောသည်။
ကလေးများသည် ယခင်က နေထိုင်ခွင့် လက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နီးစပ်ရာ မြန်မာကျောင်း များတွင် အခြေခံပညာ သင်ခန်းစာများကို သင်ကြားခွင့်ရခဲ့သည်ဟုလည်း ကိုဌေးက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ကျောင်းဆရာမ ဒေါ်ရွှေစင်ကလည်း“မနေ့က ကျမ ကလေးအတွက် လက်မှတ် သွားလုပ်တာ မရဘူး၊ ကလေးမှာ မဲဆောက်ဆေးရုံက ပေးထားတဲ့ ဆေးရုံလက်မှတ်ရယ်၊ ကျောင်းထောက်ခံစာရယ် ရှိပေမယ့်၊ ကျမတို့မှာက အလုပ်သမား လက်မှတ်ကို သက်တမ်းမတိုးထားတော့ မရဘူး”ဟု ပြော သည်။ ဒေါ်ရွှေစင်သည် မဲဆောက်မြို့ ထုံထောင်းအရပ်ရှိ မြန်မာနိုင်ငံ အလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ (BLSO)က ဖွင့်လှစ်ထားသော ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဖြစ်သည်။

ကလေးမိဘအများစုသည် ဆေးရုံလက်မှတ်၊ ကျောင်းထောက်ခံစာနှင့် ရပ်ကွက်လူကြီး ထောက်ခံစာရှိလျှင် ယင်းနေထိုင်ခွင့် လက်မှတ်ပြုလုပ်၍ ရသည်ဟု ထင်မြင်ထားကြောင်း မဲဆောက်မြို့ မှ ကလေးမိဘ တဦးဖြစ်သူ ကိုအောင်ဒင် ကပြောသည်။ အသက်(၁၂) အရွယ် သမီးငယ် တဦး၏ ဖခင်ဖြစ်သူ ကိုအောင်ဒင်က“ကျနော့်မှာ ရုံးကတောင်းတဲ့ ထောက်ခံ စာတွေ အစုံပါတယ်၊ ဆေးရုံလက်မှတ် ကျောင်းထောက်ခံစာ လူကြီးထောက်ခံစာ အစုံပဲ၊ ဒါပေမယ့် မရဘူး” ဟု ပြောသည်။ ကိုအောင်ဒင်သည် ထိုင်းနိုင်ငံတွင် ဆယ်နှစ် နေခွင့်ရှိသောလက်မှတ် ရရှိထားသူဖြစ်သည်။

ထိုင်းနိုင်ငံ မဟာချိုင်ရှိ လူ့အခွင့်အရေးမြှင့်တင်ရေး ဖောင်ဒေးရှင်း (H.R.D.F)မှ ဦးစိန်ဌေးကမူ“အခုကိစ္စက လက်မှတ်ပြုလုပ်ပေးတဲ့ သူတွေဘက်ကလည်း သတင်း အချက်အလက်ကို ရှင်းရှင်းလင်းလင်း မပြောပြတာ ဖြစ်မယ်၊ ထိုင်းအာဏာပိုင်တွေ က ဆိုလိုတာက ၂၅၅၂ ခုနှစ် (ထိုင်း သက္ကရာဇ်)အတွက် အလုပ်သမားလက် မှတ် ရှိတဲ့ မိဘတွေရဲ့ ကလေးတွေကိုသာ လုပ်ပေးမယ်၊ အဲဒီလက်မှတ်မရှိရင် မလုပ်ပေးဘူးဆိုတာကို မိဘ တွေကို မရှင်းပြတော့ သတင်းထွက်တာက (၁၅)နှစ်အောက် မြန်မာကလေးတွေ အားလုံးလုပ်လို့ ရတယ်လို့ နားလည်သွားကြတာ ဖြစ်မယ်၊ ဒါကြောင့် ကလေးတွေရဲ့ မိဘတွေက သွားလုပ်တော့ မရတာဖြစ်မယ်”ဟုဆို သည်။
ထိုင်းအစိုးရက ထုတ်ပြန်ထားသော ကြေညာချက်တွင်“မှတ်ပုံတင်မည့် ကလေးသည် ထိုင်းနိုင်ငံသို့ ၂၀၀၉ ခုနှစ် ဇူလိုင်လ(၃၀)ရက် မတိုင်မီ ၀င် ရောက်လာသူ(သို့)မတိုင်မီ ထိုင်းနိုင်ငံ၌မွေးဖွားသော ကလေးဖြစ်ရမည်။ ကလေး မှတ်ပုံတင်ရာတွင် မိခင်(သို့)ဘခင်မှ ၄င်းတို့ ၏ လက်ရှိ ထော်ရော် ၃၈/ ၁ ပုံစံကို တပါတည်း ယူဆောင်လာရမည်”ဟု ပါရှိသည်။

ထို့ကြောင့် ၂၅၅၂ ခုနှစ် (၂၀၀၉ခုနှစ်) အတွက် အလုပ်သမားလက်မှတ် မလုပ်ထားသူများ၏ ကလေးငယ် များသည် နေထိုင်ခွင့်လက်မှတ် ရရှိရန် အခွင့်အရေးမရှိတော့ကြောင်း သိရသည်။ မဲဆောက်မြို့ ပါရမီမူလတန်းကျောင်းမှ ဆရာမ ဒေါ်လဲ့လဲ့ဝင်းကလည်း“ကျမတို့ ကျောင်းက က လေး အယောက် ၂၀ သွားလုပ်တာ ၈ ယောက်ပဲ ရလာတယ်”ဟုပြောသည်။ ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာများ ပြန်ပို့ခံရ

16 December 2009

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ဘင်္ဂလားဒေ့ရှ်မှာတော့ မြန်မာနိုင်ငံသားတွေကို ပြန်လည် မောင်းထုတ်နေပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး နေထိုင်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ပထမဦးဆုံး အကြိမ်အဖြစ် အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ကမ်းကို အတင်းအဓမ္မ ပြန်ပို့နေတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်စပ်က သတင်းထောက် ကိုအောင်စံမင်းက တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ရဲတွေက စစ်တကောင်း တောင်တန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေကို နေရာအနှံ့အပြားမှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူပေါင်း ၆၀၀ ကျော်ကို အခုလပိုင်းအတွင်း အသုတ်လိုက်ခွဲပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဘက်ကို ခေါ်သွားပြီး မြန်မာနိုင်ငံဘက်ကို ပြန်ခိုင်းပါတယ်။


ဖမ်းဆီး ပြန်ပို့ခံရသူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ အများအပြား ပြန်လာနေကြပါတယ်။ အဲဒီလို ပြန်လာနေကြသူတွေအနက် အလယ်ခွာတောင်မြို့နယ် ရွာဟောင်းရွာမှာ နေထိုင်ပြီး မကြာခင်က အဖမ်းခံ၊ ပြန်ပို့ခံခဲ့ရပြီး ပြန်လာခဲ့သူတဦးက အခုလို ပြောပြပါတယ်။

“ကျနော့်ကို လွန်ခဲ့တဲ့ ၁၅ ရက်လောက် ဘင်္ဂလားဒေ့ရှ်က ရဲတွေ ၅ ယောက် ၆ ယောက်လောက် လာပြီး လာဖမ်းတယ်။ စခန်းမှာ တည၊ အဲဒီမှာ ဖမ်းထားတဲ့ ဘင်္ဂါလီ ကုလားတွေလည်း အများကြီးရှိတယ်။ ရခိုင်ပြည် ကုလားတွေပဲ။ မနေ့အစောပိုင်းက ကျနော်တို့ကို ကားတွေနဲ့ ခေါ်သွားတယ်။ နယ်စပ်ကို ခေါ်သွားပြီး ခင်ဗျားတို့ ဟိုဘက်ကမ်းကိုသွား၊ မင်းတို့ပြည် မင်းတို့သွားဆိုပြီး လက်ညှိုးညွှန်ပြတယ်။ ပြီးတော့ ၁၅ မိနစ်လောက် အကြာမှာ ကျနော်တို့ကို လွှတ်ပြီးတော့ သူတို့ ပြန်သွားတယ်။ သူတို့ပြန်သွားတော့ ကျနော်တို့ ဒီက ဘင်္ဂါလီ ကုလားတွေနဲ့ ကိုယ့်နေရာကိုယ် ပြန်လာကြတယ်။”

မိမိနေထိုင်ရာ ကျေးရွာကို ပြန်လာသူတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ရဲတွေက အဲဒီလို လိုက်လံ ဖမ်းဆီးနေစဉ် အဖမ်းမခံရဘဲ အခုထိ ရှောင်တိမ်းနေရသူ တဦးကလည်း အခုလိုပြောပါတယ်။

“ကျနော် ဒီမှာနေတာ နှစ်ပေါင်း ၁၅ နှစ်ရှိပြီ။ ကိုယ့်ဟာကိုယ်ပဲ ၀ါးခုတ် သစ်ခုတ် လုပ်စားနေတယ်။ လွန်ခဲ့တဲ့ တပတ်လောက်က ကျနော့်အိမ်ကိုလာပြီး ရခိုင်သားရော၊ မွတ်ဆလင်ရော ဖမ်းတယ်ဆိုပြီး လိုက်ရှာတယ်။ ဒါပေမဲ့ ကျနော်က အပြင်မှာရှိနေလို့ လွဲသွားတယ်။ ကျနော်လည်း ကိုယ့်ရခိုင်ပြည် ကိုယ် မပြန်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာလည်း လွတ်လပ်ခွင့် မရှိဘူး။ ဒီမှာလည်း ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အာမခံချက် မပေးနိုင်ဘူး။

“အဲဒါ ကျနော်တို့ ဘယ်လိုလုပ်ပြီး နေထိုင်ရမလဲ။ ဒါကိုပဲ စဉ်းစားနေရတယ်။ သားနဲ့သမီးနဲ့ဆိုတော့၊ ကျနော်တို့လည်း အခု တောမှာပဲ ပုန်းပြီးနေရတယ်။ တခါတလေ အိမ်က မိုဘိုင်းနဲ့ အဆက်အသွယ် ယူပြီးတော့မှ အိမ်ကိုလာတယ်။ တပတ်မှ တခါ၊ နှစ်ခါ အဲလိုပဲရောက်တယ်။ အလုပ်လည်း ပြတ်နေတယ်၊ စားဝတ်နေရေးလည်း တော်တော် အခက်အခဲရှိတယ်။”

တပိုင်ရွာမှာ နေထိုင်ပြီး ရှောင်တိမ်းနေရသူတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီလူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကစပြီး ဘင်္ဂလားဒေ့ရှ်ကို တရားမ၀င် ၀င်ရောက်လာခဲ့ကြပြီး အခြေချ နေထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အရင်က အခုလို တခါမှ ဖမ်းဆီး ပြန်ပို့ခဲ့တာ မရှိခဲ့ပါဘူး။ အခုအချိန်ကျမှ ဖမ်းဆီးလိုက်၊ နယ်စပ်ကို မောင်းထုတ်လိုက်၊ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်တဲ့နည်းနဲ့ ပြန်လာလိုက်နဲ့ တော်တော် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေပါတယ်။
အဲဒီလို မြန်မာနိုင်ငံသား မွတ်ဆလင်နဲ့ ရခိုင်လူမျိုးပေါင်း စစ်တကောင်း တောင်တန်းနယ် တခုလုံးမှာ ၅၀,၀၀၀ ထက်မနည်း ရှိနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ခန့်မှန်းထားပါတယ်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်အရေး မြန်မာဘက်က ကြန့်ကြာ

သူရိန်စိုး ၁၆ ဒီဇင်ဘာ ၂၀၀၉ 
ယာယီ နိုင်ငံကူးလက်မှတ်လျှောက်ထားသူ မြန်မာအလုပ် သမား ၈ သောင်းအနက် ၃ သောင်းကိုသာ နအဖက စိစစ်ပေးတာကြောင့် ထိုင်း အာဏာပိုင်တွေ ဘ၀င်မကျ စဉ်းစားရခက်နေပါတယ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားသား အလုပ်သ မားများရေးရာ မန်နေဂျာ နိုင်ထနစ်နနွိင် က နိုဝင်ဘာလကုန်ပိုင်း နိုင်ငံခြားအလုပ်သမား မူဝါဒရေး ရာ သုံးသပ်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ နိုဝင်ဘာလကုန်အထိ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ သောင်း ရှိရာကနေ ၃ သောင်း ကိုသာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးတယ်၊ ၃ သောင်းထဲမှာမှ အလုပ် သမား ၄ ထောင်ကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးသေးတာကြောင့် ထိုင်းဘက် က စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ထိုင်းမှာအလုပ်လာလုပ်သူတွေဟာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားကဖြစ်ကြပြီး အဲဒီ အလုပ်သမားတွေကို မြန်မာအစိုးရက သူ့နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ရာ မှာ ဌာနအဆင့်ဆင့်ကို ဖြတ်ရတာကြောင့် ကြန့်ကြာမှုတွေနဲ့အတူ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့ အစီအစဉ်ဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး လို့ အလုပ်သမား အရေးလုပ် ကိုင်သူတွေက ဝေဖန်နေပါတယ်။ မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညွီတ်ရေးအဖွဲ့ တာဝန်ခံ ဦးသံဒုတ် က ခုလို ပြောပါတယ်။ “ဗမာပြည်ဘက်ကနေ နိုင်ငံသားစိစစ်ဖို့ လျှောက်လာတဲ့ အလုပ်သမား တွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး သက်ဆိုင်ရာ မြို့နယ်တွေ ဌာနတွေမှာရှိတဲ့ လ၀က ရုံးတွေနဲ့ စိစစ်ရမယ်။ အဲဒီအတွက် ဘယ်လောက် အတိုင်းအတာ ကြာမယ် ဆိုတာလည်း မသိနိုင်ဘူး ဖြစ်တယ်၊ ဒီ အဆင့်ပေါင်း မြောက်များစွာနဲ့ လုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အချိန်တွေ ကုန်တယ်။ ပွင့်လင်းမှု မရှိဘူး။ ဘယ်သူမှလည်း တိတိကျကျ ဒီလုပ်ငန်း စဉ်ကို စိတ်မ၀င်စားတဲ့ အနေအထား ဖြစ်နေတဲ့အတွက် ယာယီ ပတ်စပို့လုပ်တဲ့ လုပ်ငန်းစဉ်ဟာ အောင်မြင်နိုင်မှု အင်မတန်မှ နည်းတယ်လို့ မြင်ပါတယ်၊” ထိုင်းအစိုးရက နိုဝင်ဘာ ၃ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားတွေအ တွက် ကြေညာချက်တစောင်ကို ထုတ်ပြန်ထားပါတယ်၊ ၂၀၀၉ ခုနှစ်အတွင်း ထိုင်း နိုင်ငံမှာ အလုပ်သမားကဒ်လုပ်ထားသူ ၇ သိန်းရှိပြီး သူတို့ရဲ့ အလုပ်လုပ်ခွင့် သက် တမ်းဟာ ၂၀၁၀ ဖေဖော်ဝါရီမှာ ကုန်ဆုံးမှာဖြစ်တယ်၊ အဲဒီ ၇ သိန်းလုံးကို မြန်မာ ဘက်က နိုင်ငံသား စိစစ်ပေးဘို့ ရေးသားထားပါတယ်၊ ဖေဖော်ဝါရီလကုန်လို့မှ နိုင်ငံသားစိစစ်ရေးမရှိသေးတဲ့ အလုပ်သမားတွေကို တော့ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်မပေးဘဲ တရားမ၀င် အလုပ်လုပ်ကိုင်သူ တွေအဖြစ် သတ်မှတ်မယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ် သတင်းစာမှာ ရေးသားထားပါတယ်။
အပြည့်အစုံသို့ >>

ဖမ်းဆီးမှု များနေခြင်းကြောင့် မလေးရှားရှိ ရွှေ့ပြောင်းအလုပ်သမားများ ရှောင်ပုန်းနေရ

Tue 15 Dec 2009, မင်းအာသံ၊ IMNA
ယခုလအတွင်း မလေးရှားနိုင်ငံ၌ တရားမဝင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား မလေးရှားနိုင်ငံ အဖွဲ့ပေါင်းစုံ [အော်ပရာစီ] တို့က လိုက်လံဖမ်းဆီးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။
မလေးရှားနိုင်ငံ ပီနန်နယ်တွင် အလုပ်လုပ်နေသော မွန်ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက “ကျနော် မလေးရှားနိုင်ငံ ရောက်လာတာ နှစ်လလောက်ပဲ ရှိသေးတယ်၊ အခု ကျနော်တို့ နေရာမှာ တော်တော်လေးကို ဖမ်းနေတယ်။ အစကတော့ သိပ်မဖမ်းဘူး တပတ်မှ တခါလောက်ပဲ ဖမ်းတာ ကြားတယ်။ ဒီလမှာတော့ နေ့တိုင်းလိုလို ဖမ်းနေတယ်၊ အပြင်တောင် မထွက်ရဲဘူး၊ ပုန်းပြီး နေရတယ်။ အော်ပရာစီ လို့ခေါ်တဲ့ အဖွဲ့ပေါင်းစုံပေါ့ဗျာ၊ ဒါ့ကြောင့် ကျနော်တို့ အလုပ်မသွားရဲတဲ့ အခြေအနေထိ ဖြစ်နေတယ် ဟု ပြောသည်။


မလေးရှားနိုင်ငံ၏ စီးပွားရေးအခြေအနေ ကျဆင်းမှုကြောင့် နိုင်ငံခြားသားများကို လျှော့ချလိုမှုဖြင့် ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

“ဒီလိုမျိုးဖမ်းတာ ကြာနေပြီ၊ အကယ်၍ ဖမ်းခံရတဲ့သူတွေက UNHCR မှ အသိအမှတ် ပြုထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ရင် အဲဒီအဖွဲ့က ထောင်ထဲကနေ ပြန်ထုတ်ပေးတယ်၊ အသိအမှတ်ပြု မခံထားရတဲ့ သူတွေအတွက်တော့ ဗမာပြည်ကို ပြန်ပို့တယ်” ဟု သူက ပြောသည်။
ထိုနည်းတူ ကွာလာလမ်ပူတွင်လည်း တရားမဝင် (ဗီဇာမဲ့) အလုပ်လုပ်နေသည့် မွန်ရွှေ့ပြောင်း အလုပ်သမားများလည်း ညနေပိုင်းအချိန်တွင် အပြင်မထွက်ရဲသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း UNHCR ကဒ် ရထားသော မွန်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

“အခုမလေးရှားမှာ တရားမဝင် အလုပ်သမားတွေကို အရင်ကထက် ဖမ်းနေတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ သေသေချာချာ မသိသေးဘူး။ စနေ၊ တနင်္ဂနွေဆို ပိုဆိုးတာပေါ့ဗျာ။ လမ်းလေးခွရှိတဲ့နေရာမှာ ကားရပ်ထားပြီး ဖြတ်သန်းသွားလာနေတဲ့သူကို မေးမြန်းပြီး ဖမ်းတာ၊ ပတ်စပို့ရှိရင် လွှတ်ပေးတယ်၊ ပတ်စပို့ မရှိတဲ့သူတွေကိုတော့ ကားပေါ်တက်ခိုင်းပြီး ခေါ်သွားတယ်” ဟု အထက်ပါ UNHCR ကဒ် ကိုင်ဆောင်ထားသူက ပြောသည်။

မလေးရှားနိုင်ငံရောက် တရားဝင်နှင့် တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမား ဦးရေပေါင်း ၁ သန်း ကျော်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ပြောပြချက်အရ သိရပါသည်။
မြန်မာပြည်မှလာသော တိုင်းရင်းသား ရွှေ့ပြောင်းသလုပ်သမားများသည် များသောအားဖြင့် စားသောက်ဆိုင်၊ တံဆိပ်ရိုက်လုပ်ငန်း၊ အိမ်ဆောက်လုပ်ငန်းစသည့် နေရာများ၌ အများဆုံးအလုပ်လုပ်နေကြသည်။
အပြည့်အစုံသို့ >>

ဝန်ဆောင်မှုများ လျှော့ပေးနေသော်လည်း နိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး

ရဲရင့် / ၁၄ ဒီဇင်ဘာ ၂၀၀၉

မြန်မာအလုပ်သမားများအား (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များ လုပ်ဆောင်နိုင်ရန် အကျိုးဆောင်ကုမ္ပဏီများကမဲဆောက်မြို့
တွင်ဝန်ဆောင်မှုရုံးခန်းများဖွင့်၍ အပြိုင်အဆိုင် နှုန်းထားများလျှော့ယူကာ မက်လုံးပေးဆွဲဆောင်နေသော်လည်း လာရောက်လျှောက်ထားသူ အလွန်နည်းပါးသည်ဟု သိရသည်။
မဲဆောက်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီ (၅) ခုက ၀န်ဆောင်မှုအတွက် အလုပ်သမားတဦးလျှင် ယခင်ဘတ် (၆) ထောင်မှ ဘတ် (၄) ထောင်သို့ လျှော့ချလိုက်သော်လည်း အလုပ်သမား (၂) သိန်းခန့်ရှိသည့် မဲဆောက်ဒေသတွင် ဆယ်ဂဏန်းမျှသာ လာရောက်ကြသဖြင့် နားမလည်နိုင်ကြောင်း အကျိုးဆောင်ကုမ္ပဏီများက ပြောသည်။
အကျိုးဆောင်ဝန်ထမ်းတဦးက “ကျမတို့ကုမ္ပဏီက ဘန်ကောက်က လူဆိုရင် (၈) ထောင်ယူတယ်။ မဲဆောက်ကျတော့ (၄) ထောင်ပဲ ယူတယ်။ ဒီကလူတွေက လုပ်အားခရတာနည်းလို့ ဖြစ်တယ်။ ဒါတောင် လာလျှောက်တဲ့လူက ဆယ်ဂဏန်းပဲရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


မြန်မာနိုင်ငံဘက်မှထုတ်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ်သည် နောက်ကြောင်းမကင်းသည့် အကျိုးဆက်များ ရှိလာနိုင်သောကြောင့် အများစုက မလုပ်လိုကြခြင်းဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

မယ်ပအထည်ချုပ်စက်ရုံမှ မစန်းရီက “ကျမတို့နယ်ကတော့ ဘယ်သူမှမလုပ်ကြဘူး။ ကျမတို့စက်ရုံက လက်မှတ်လုပ်ထားတဲ့ လူအချို့က လက်မှတ်မလုပ်ကြဖို့ တားတယ်။ သူတို့ကြောင့် မိဘတွေ အတော်အကြပ်ရိုက်နေကြတယ်။ ရပ်ရေးရွာရေး သာရေးနာရေးကအစ သူများတဆဆိုရင် ကိုယ်က သုံးလေးဆထည့်ရတယ်လို့ပြောတယ်” ဟု ပြောသည်။
မဲဆောက်မြို့တွင် မြန်မာအလုပ်သမားတဦးလျှင် အများဆုံးရသည့် လုပ်အားခမှာ တလလျှင် ပျှမ်းမျှ ဘတ် (၂) ထောင် ၀န်းကျင်ခန့်သာရှိသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် ထိုင်းနိုင်ငံမှ ပြဋ္ဌာန်းထားသည့် အလုပ်သမားအခွင့်အရေးများကိုလည်း ထိုင်းအလုပ်သမားများတည်းတူ ခံစားခွင့်ရှိသည်ဟု နှစ်နိုင်ငံသဘောတူညီချက်တွင် ပါရှိသည်။

ထိုင်းနိုင်ငံပို့ဆောင်ရေး ဦးစီးဌာနသည် ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်တွင် ယာယီနိုင်ငံကူးလက်မှတ်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို မော်တော်ဆိုင်ကယ် ၀ယ်ယူခွင့်၊ စီးနင်းခွင့်နှင့် ယာဉ်မောင်းလိုင်စဉ် ထုတ်ပေးရန်အတွက်လည်း စီစဉ်လျက်ရှိသည်ဟု ကြေညာထားသည်။

ဘန်ကောက်တွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတဦးက “စာအုပ်ရတာ (၂) လရှိပြီ။ ထိုင်းဘုရင်မွေးနေ့မှာ အလုပ်ပိတ်လို့ အယုဒ္ဓယကို ဘုရားဖူးသွားဖို့ သူဌေးကိုပြောတော့ ဒီစာအုပ်က နယ်ကျော်သွားခွင့်မရှိဘူးလို့ပြောတယ်။ ဘန်ကောက်နဲ့အယုဒ္ဓက (၃၅) ကီလိုမီတာပဲ ဝေးတယ်။ ဒါတောင်မှခွင့်မပြုရင် ဆိုင်ကယ်ဝယ်ခွင့်၊ စီးခွင့်ကိစ္စက ဖြစ်နိုင်မှာလား” ဟု ပြောသည်။
မဲဆောက်ဒေသတွင်း အလုပ်ရုံစက်ရုံ (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၂) သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကာ ၎င်းတို့အထဲမှ ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် အလုပ်သမား မှတ်ပုံတင်ထားသူ (၄) သောင်းခန့်ရှိသည်။

အဆိုပါ အလုပ်သမားများထဲမှ မြ၀တီမြို့တွင်ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူရန် လျှောက်ထားသူ (၁၀၀) ခန့်သာရှိသည်ဟု အလုပ်သမားအရေးလေ့လာသူများက ပြောသည်။
လက်ရှိထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းခန့်ရှိပြီး ဇူလိုင်လ (၁၀) ရက်နေ့မှ စတင်ကာ မြန်မာဘက်မှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူမှာ (၄,၀၀၀) ကျော်ရှိပြီဟု သိရသည်။

မြန်မာအလုပ်သမားများ၏ အလုပ်လုပ်ခွင့် မှတ်ပုံတင်မှာ လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး တရားမ၀င် ဆက်လက်နေထိုင်သူများကို ဖမ်းဆီး၍ နေရပ်ရင်းပြန်ပို့မည်ဟု ထိုင်းက ကြေညာထားသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများပြားလာသော်လည်း မြန်မာများရတက်မအေးနိုင်ကြသေး

Kaowao ကောင်းဝါ - ဒီဇင်ဘာ ၁၁၊၂၀၀၉
ကောင်းဝါ(ဒီဇင်ဘာ-၁၁)။ ကော့သောင်းမြို့ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွင် ယခုသီတင်းပတ်အတွင်း ပတ်စပို့ပြုလုပ်သူအရေအတွက် ပိုများလာကြောင်း ဆက်သွယ်မေးမြန်ချက်အရသိရသည်။

အဆိုပါယာယီပတ်စပို့ဌာနအရာရှိ ဒုရဲအုပ်စန်းလွင် ပြောပြချက်အရ ယခုတစ်လောအတွင်း တစ်နေ့လျှင်ပျမ်းမျှ ၅၀ ဦးခန့်ထုတ်ပေးနိုင်ကြောင်း သိရသည်။ ကော့သောင်းမြို့ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနတစ်ခုတည်းတွင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၈၀၀ ခန့် ပြုလုပ်ပေးခဲ့သည်ဟု ဆိုပါသည်။ 


တနည်းအားဖြင့် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားရယူရာတွင် နိုင်ငံသားစိစစ်ရေး သက်သေခံကဒ်ပြား မတင်ပြနိုင်သူများ၊ နေရပ်လိပ်စာ နာမည်အချက်အလက်လွှဲထားသူများနှင့် အာဏာပိုင်အချို့ ငွေညှစ်ခြိမ်းခြောက်ခဲ့သည့်သတင်းများ ပြန့်နှံ့နေသည့်အတွက် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအကြား ၄င်းယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်ကြုံနေရဆဲဖြစ်သည်။ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသရှိ အလုပ်ရုံတစ်ခုမှ အလုပ်သမား ၂၅ ကို ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း ယာယီနိုင်ငံကူးလက်မှတ်ရရှိလာသူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ကိုကျော်သီဟ အဆိုအရ ယာယီနိုင်ငံကူးလက်မှတ်လုပ်ခဲ့တဲ့နေရာတွင် အစအဆုံးထိုင်းဘတ်ငွေ လေးထောင်သာ ကုန်ကျသည်ဟု သိရသည်။



သို့ရာတွင် အချို့ပွဲစားများထံတွင် တစ်ဦးအတွက်ကုန်ကျငွေ ဘတ်ငွေခြောက်ထောင်၊ ကိုးထောင်၊ တစ်သောင်းခွဲအထိ ပေးဆောင်ခဲ့ကြရသည်ဟုလည်း သိရသည်။
အခြားဖြစ်ရပ်တစ်ခု၌ လွန်ခဲ့သည့် နိုင်ဝင်ဘာလ ၁၃ ရက်နေ့တွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် မှတ်ပုံတင်အထောက်အထားပြန်ယူသူ ၈ ယောက် မြဝတီမှမော်လမြိုင်သို့ အငှားကားတစ်စီးနှင့်အပြန် လမ်းကြောင်း၌ တောင်ကလေးအမြောက်တပ်ဖွဲ့နှင့် ဒီကေဘီအေတို့ဖမ်းဆီးခဲ့ရာ တစ်ဦးကို ကျပ်ငွေလေးသိန်းခွဲပေးဆောင်ခဲ့ရသည်ဟု ကာယကံရှင်တစ်ဦးဖြစ်သူ ဦးဝင်းအောင်က ကောင်းဝါသတင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။


၎င်းအဆိုအရ မှတ်ပုံတင်မရှိ၍ဖမ်းဆီးခြင်းမဟုတ်သော်လည်း တဖက်နိုင်ငံတွင် တရားမဝင်အလုပ်လုပ်ပြီး ထိုင်းပစ္စည်းများသယ်ဆောင်လာသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်အစိုးရထုတ်ပြန်ထားသည့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကိစ္စတွင် အလုပ်သမားများ အခွန်ပေးဆောင်စရာမလိုဟု ဖေါ်ပြထားပါသည်၊

သို့သော် လာမည့်အနာဂတ်နိုင်ငံတော်တွင် မြန်မာအစိုးရသစ်မှ နောက်ထပ်ဥပဒေအသစ်များပြောင်းလဲပြင်ဆင်ပြီး ယခုပတ်စပို့ပြုလုပ်ခဲ့သည့် အလုပ်သမားများအပေါ် အခွန်ငွေနောက်ပြန် မကောက်ခံနိုင်ဟု မည်သူမှအာမခံ ကတိပေးထားခြင်း မရှိသေးဟုသိရသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းလုပ်သား ကလေးများကို ထိုင်းက နေထိုင်ခွင့် လက်မှတ် ထုတ်ပေးမည်

ရေးသားသူ - ကျော်ခ - သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ၏ ကလေးသူငယ်များကို ထိုင်းအစိုးရက တရားဝင် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ၏ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား သားသမီးများကို နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် သတ်မှတ်ထားသည့် မြို့တော်ဝန်ရုံး သို့မဟုတ် စည်ပင်ရုံးတွင် ပြီးခဲ့သည့်လ တတိယပတ်မှစ၍ ယခုလ ၁၈ ရက်နေ့အထိ နောက်ဆုံးထားကာ လျှောက်လွှာတင်ခိုင်းနေခြင်း ဖြစ်သည်။

“အခု ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အပြီးသတ် ဖောင်တင်ရမယ်။ အချက်အလက် မပြည့်စုံသေးတဲ့ သူတွေကို ၂၈ ရက်နေ့ထိ ဆက်လုပ်ပေးမယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ လက်အောက်ရှိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ ဌာနတာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောပြသည်။ လာမည့်လ ၂ ရက်နေ့တွင် စတင်၍ လက်မှတ်ထုတ်ပေးမည်ဟု သိရကြောင်း သူက ဆိုသည်။


ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် ဆုံးဖြတ်ခဲ့ပြီးနောက် လျှောက်လွှာတင်သွင်းရမည့် အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

နေထိုင်ခွင့် လက်မှတ် လျှောက်ထားနိုင်သည့် ကလေးများသည် ၂၀၀၉ ခုနှစ် ဇူလိုင်လ မတိုင်ခင် ထိုင်းနိုင်ငံထဲသို့ ရောက်ရှိလာသူများနှင့် ထိုင်းနိုင်ငံတွင် မွေးဖွားသူများသာ ဖြစ်ရမည်။ ထို့ပြင် ကလေး၏ မိဘတွင် ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်ကတ် ရှိရမည်ဖြစ်ပြီး၊ ကလေးသည် မိဘနှင့်အတူ တမြို့ထဲတွင် နေထိုင်သူဖြစ်ကာ၊ အလုပ်ရှင်၏ အာမခံချက်လည်း ပါရှိရမည်။

ကလေး၏ မွေးနေ့၊ ဇာတိ၊ နေရပ်လိပ်စာများကို လျှောက်လွှာပုံစံ စာရွက်တွင် ဖြည့်စွက်ကာ ၂ လက်မပတ်လည် ကလေးဓာတ်ပုံကိုပါ ပေးသွင်းရကြောင်းနှင့် လျှောက်ထားသည့်အခါ နေထိုင်ခွင့်စာရွက် (ထောရော ၃၈/၁) ကို ထုတ်ပေးလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန့်ခူးထိရန်းမြို့နယ်မှ မြန်မာကျဘန်းလုပ်သား ကိုတင်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က အဖေ၊ အမေ ကတ်ပြားတောင်းတယ်။ နောက်ပြီးတော့ ထော်သော် ၁ လို့ခေါ်တဲ့ ခလေးရဲ့ ကိုယ်ရေးမှတ်တမ်းပုံစံ ဖောင်ဖြည့်ရတာပေါ့။ ထိုင်းလိုတတ်တဲ့ ကလေးကျတော့ ထိုင်းလိုရေးပေါ့။ မရေးတတ်ရင် ပါးစပ်ကပြော၊ သူတို့ လိုက်ရေးပေးတယ်” ဟု သူက ပြောသည်။
လျှောက်ထားချိန်တွင် ထိုင်းဘတ်ငွေ ၂၀ နှင့် လက်မှတ်ထုတ်ယူချိန်တွင် ဘတ် ၆၀ ပေးဆောင်ရမည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လထဲတွင် ဘန်ကောက်နှင့် မဲဆောက်မြို့ရှိ ထိုင်းနိုင်ငံ ပညာရေးဌာန တာဝန်ရှိသူများက မဲဆောက်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများမှ ကျောင်းအုပ်များကို ခေါ်ယူ၍ ကလေးများ၏ တရားဝင် နေထိုင်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံသား ကလေးငယ်များကဲ့သို့ ဂဏန်း ၁၃ လုံး ပါရှိသည့် နေထိုင်ခွင့် အာမခံစာရွက်များ ထုတ်ပေးရန် သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ - BMWEC မှ ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက မဇ္ဈိမကို ပြောသည်။

“ကျမအနေနဲ့ပြောရရင် လက်မှတ်လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ Migrant (ရွှေ့ပြောင်း) ကလေးတွေရဲ့ ပညာရေး ရှေ့ရေး၊ အနာဂတ်အတွက် မျှော်လင့်ချက်ကို မှန်းပြီးတော့ လုပ်သင့်တယ်လို့ ပြောချင်တယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ လုံခြုံရေးအတွက် တရားဝင် နေထိုင်ခွင့် ပြုလုပ်သင့်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေကလည်း မဇ္ဈိမကို ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေသည် ၂ သန်းခန့်ရှိပြီး၊ ၎င်းတို့၏ သားသမီးများ ဦးရေမှာ ၂ သိန်းခန့်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းထားကြသည်။


(ကိုဝိုင်း တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP