Friday, 18 December 2009

ကမ္ဘာတဝှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု


မန်ဇူး(ဘာသာပြန်သည်)Sunday, November 22, 2009

အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်

ယနေ့ခေတ်ခါသမယရဲ့ ကျွန်ရောင်းကျွန်ဝယ်ပြု ခြင်းလို့ သတ်မှတ်ခေါ်ဆိုရမယ့် လူကုန်ကူးသန်း ရောင်းဝယ်မှုပြုခြင်းနဲ့ သက်ဆိုင်အကျုံးဝင်သည့် အရာတွေထဲမှာ လူသစ်စုဆောင်းခြင်း၊ တရားဥ ပဒေမှအလိုရှိ၍ ဝရမ်းထုတ်ထားသူအား လက်ခံ ထားခြင်း၊ အရပ်တပါးသို့ အဓမ္မပြောင်းရွှေ့ပို့ ဆောင်စေခြင်း၊ ယာယီခေါ်ဆောင် ထိန်းသိမ်း ထားခြင်း (သို့) အလုပ်အင်အားစုအတွက် လို အပ်မည့်ဝန်ဆောင်မှု ဒါမှမဟုတ် ကာယစွမ်း အား စိုက်ထုတ်ရသော လုပ်ငန်းစုအတွက် လူ ပုဂ္ဂိုလ်အားခိုင်းစေအသုံးပြုခြင်း၊ လိမ်လည်လှည့် ဖြားခေါ်ဆောင်ခြင်း (သို့) အတင်းကျပ်ခိုင်းစေ
ခြင်း (စိတ်ဆန္ဒမပါပဲ တစုံတရာသော ပြဋ္ဌာန်းသတ်မှတ်ချက်ကို ဗန်းပြရှေ့တန်းတင်၍ ကျေးကျွန်သဖွယ်ပြုမူ ခိုင်းစေခြင်း)၊ လိင်ပိုင်း ဆိုင်ရာအရ မတရားနိုင့်ထက်စီးနင်းပြုမူကျင့်ကြံခံရခြင်း၊ ဝင်ငွေနှင့်လုပ်အား အချိုးမညီမျှခြင်း၊ ကြွေးမြီကြောင့် အခိုင်းအစေဘဝကျ ရောက်ခြင်း၊ ကျေးကျွန်ဘဝကျရောက်ခြင်း (သို့) အခြားသော မတရားသဖြင့်ပြုမူလုပ်ဆောင်ခိုင်းစေခြင်းတွေ ပါဝင်သက်ဆိုင်မှုရှိ တယ်။


လူကုန်ကူးမှုနှင့်သက်ဆိုင်သော အကြောင်းချင်းရာတွေထဲမှာဖြင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ဆွဲဆောင်သိမ်းသွင်းခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း (စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်အားနှင့် မမျှတသော ဝင်ငွေ၊ အစားအသောက်တို့ကိုသာ ပေးကမ်းကျွေးမွေး ခြင်း)၊ အိမ်တွင်းအမှုကိစ္စအရပ်ရပ်ကို ကျေးကျွန်သဖွယ်ခိုင်းစေခြင်း၊ အတင်းအကျပ် စစ်မှုထမ်းဖို့ရာဆင့်ခေါ်ခြင်း၊ ခန္ဓာကိုယ်အစိတ် အ ပိုင်းအားရောင်းချခြင်းနှင့် ဓနငွေကြေးရရှိဖို့ရာအတွက် တရားမဝင်ထိန်းသိမ်းမွေးစားခြင်း အစရှိသည့် အကြောင်းချင်းရပ်တွေဟာဖြင့် တနွယ်ငင်တံစဉ်ပါဆိုသလို ဆက်စပ်ပတ်သက်နေကြတယ်။


အမေရိကန် အစိုးရဌာနအဆိုအရ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေ ၈ဝဝ,ဝဝဝ ဝန်းကျင်ဟာ နှစ်စဉ်ဆိုသလို လူကုန်ကူးသန်းရောင်းဝယ် ခြင်းခံရ၍ ပြည့်တန်ဆာဘဝသို့သက်ဆင်းရခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခံရခြင်းနှင့် အခြားသော အသွင်သဏ္ဌာန်ပေါင်းစုံတို့ဖြင့် သားကောင် ဘဝကိုကျရောက်ခဲ့ကြရရှာတယ်။ ဒီဖော်ပြပါ ပမာဏအရေအတွက်ဟာဖြင့်ရင် နယ်စပ်မျဉ်းတလျှောက် လူကုန်ကူးသန်း ရောင်းဝယ်ခံရသူတွေရဲ့ စာရင်းပါခြင်းအလျဉ်းမရှိသေးဘူး။ အမေရိကန်ပြည်ထောင်စုမှာတော့ နှစ်စဉ်နှစ်တိုင်းလို လူကုန်ကူးသန်း ရောင်းဝယ်သူတွေရဲ့ သားကောင်လက်တွင်း ဆင်းသက်ခဲ့ရသူပေါင်းဟာ ခန့်မှန်းချေအားဖြင့်ဆိုရသော် ၁၇,ဝဝဝ ဝန်းကျင်နီးပါးရှိတယ် လို့ ဆိုရလိမ့်မယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့ မှန်းဆချက်အရဆိုရင် အာရှ တိုက်ရပ်ဝန်းထဲမှ အမျိုးသမီးနှင့် ကလေး ၂ဝဝ,ဝဝဝ မှ ၂၅ဝ,ဝဝဝ အထိဟာ နှစ်တိုင်းလိုလို လူကုန်ကူးသူတွေရဲ့ ထောင်ချောက်အ တွင်းသို့ ပိတ်မိပြီး သားကောင်ဖြစ်ကြရရှာတယ်။ ယနေ့မျက်မှောက်ခေတ်ခါသမယမှာကို တွက်ချက်မှန်းဆမှုအရ အတ္တလန္တိတ်ကို ကျော်ဖြတ်ပြီး ကျွန်ရောင်းကျွန်ဝယ်ပြုခံနေတာဖြင့်ရင် လူဦးရေပေါင်း ၂၇ သန်းကျော် ရှိကောင်းရှိနိုင်လိမ့်မယ်။

လူကုန်ကူးခြင်းအမှုကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားက ချွတ်ခြုံကျဆင်းရဲခြင်း၊ ပညာရည်နိမ့်ကျအားနည်းခြင်း၊အလုပ် လက်မဲ့ဦးရေများပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ရာအတွက် စွမ်းဆောင်ရည်မပြည့်မှီခြင်း၊ ရွှေ့ပြောင်းလုပ်သားဦးရေထဲမှာ အမျိုးသမီးဦးရေအများဆုံးပါရှိခြင်း၊ ဂိုဏ်းဂဏအစုအဖွဲ့ဖြင့် ရာဇဝတ်မှုကိုဖောက်ဖျက်ကျူးလွန်ခြင်း၊ အစိုးရယန္တရားကိုယ်ထည်အတွင်း လာဘ်ပေးလာဘ်ယူမှုကြောင့် အကျင့်ပျက်ခြစားခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အလိုက်စောင့်ကြပ်ကြည့်ရှုမှု အပိုင်းမှာ အားနည်းချို့ယွင်းသည့်အတွက်ကြောင့်သာ ဒီလိုစိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေ အမြစ်တွယ်တည်ရှိနေတာဖြစ် တယ်။

ကမ္ဘာတဝှမ်းသို့ ရွှေ့ပြောင်းလုပ်သား ပျံ့နှံ့ဆက်စပ်မှု


မျက်မှောက်ကာလ ဖိလစ်ပိုင် စီးပွားရေးဟာဖြင့် လူမှုအရင်း (သို့) ရွှေ့ပြောင်းလုပ်သားတွေရဲ့ အ ပေါ်မှာ အတော်လေးကို မှီခိုအားကိုးသမှုပြုနေ ရသည့် ရင်းခံအကြောင်းတရားဟာ ဝင်ငွေ (သို့) မွေးဖွားရာအရပ်ဒေသနှင့် အလှမ်းကွာဝေးသော အရပ်တပါးမှလွှဲပြောင်းတဲ့ ဓနအင်အားစုကနေ တဆင့် မိုက်ကရို (အသေးစား စီးပွားရေး လုပ် ငန်း ဆောင်တာများ) နှင့် မက်ကရို (တိုင်းနိုင် ငံတရပ်လုံး ကိုယ်စားပြုသော စီးပွားရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်တာများ) စီးပွား ရေးမှရရှိဖြစ်ထွန်းသည့် အကျိုးအမြတ်ရလဒ် များနှင့် ဌာနေမိသားစု၏ လိုအပ်ချက်တွေဖြစ် သော ပညာရေး၊ ကျန်းမာရေးနှင့် အိမ်တွင်းအ သုံးစရိတ်တွေကို ထောက်ပံ့ပေးပို့နေသော်ငြားလည်း များပြားလှသည့် လူဦးရေကြောင့် ဝင်ငွေခွဲဝေဖြန့်ဖြူးရာဝယ် အချိုးအစား ညီ မျှမှုမရှိတာနဲ့ တွေ့ကြုံရင်ဆိုင်နေရတယ်။

ယေဘုယျအားဖြင့်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံမှာ အဆင့်မြင့်ပညာရပ်ကို သင်ကြားပို့ချသည့်ကျောင်းအများစုဟာ ပုဂ္ဂလိပိုင် (ဖိလစ်ပိုင် နိုင်ငံမှာရှိတဲ့ ၈ဝ% နီးပါးဝန်းကျင်ရှိသော ကျောင်းသားအများစုဟာ အဆင့်မြင်ပညာရပ်ကို ပုဂ္ဂလိကပိုင်ကျောင်းတွေမှာသာ တက် ရောက်တင်ကြားလေ့လာကြတယ်။) ကျောင်းတွေဖြစ်တဲ့အတွက် ငွေကြေးအင်အားအတော်လေးကို စိုက်ထုတ်သုံးစွဲရခြင်း၊ အကြောင်း ရင်းကလည်း အဆင့်မြင့်ပညာတတ်မြောက်ထားမှသာလျင် တိုင်းတပါးရပ်ဝေးမှာ အလုပ်အကိုင်ရှာဖွေရာဝယ် အခရာကျအရေးပါ သည့်အတွက် အကြမ်းဖျင်းအားဖြင့်ပြောဆိုရသော် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရပ်တပါးမှလွှဲပြောင်းသော ဓနအင်အားစုတွေကနေ အကျိုးအမြတ်ရလဒ်တွေဖြစ်ထွန်းလာတယ်လို့ဆိုရမှာပဲ။ မိသားစုအတော်များများဟာ လွှဲပြောင်းငွေလက်ခံယူရတယ်ဆိုတာကလည်း ယေဘုယျအားဖြင့်တော့ ဆင်းရဲနွမ်းပါးခြင်းမရှိတာကိုဆိုလိုခြင်းဖြစ်ပြီး ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနှုန်းထားဟာ အတော့်ကိုမြင့်မား မှုရှိတယ်လို့ဆိုရလိမ့်မယ်။ ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဆင်းရဲမှုနှုန်းထားလျော့ပါးသွားပေမယ့် ကြွင်းကျန်နေရစ်မှုတွေကိုတော့ ပြ သဖို့ရာအတွက် ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘူးလို့ဆိုရမှာပဲ။


ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှုဟာ ထပ်တူညီမျှမှုမရှိသော်ငြား တချို့သောအကြောင်းချင်းရာ အချက်အလက် တွေမှာတော့ အတော်လေးကိုကိုက်ညီနေတယ်လို့ ဆိုရမယ်နဲ့တူတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ပညာမ တတ် မှုနှုန်းထားမြင့်မားလာခြင်းကြောင့် စီးပွားရေးဆိုင်ရာကဏ္ဍတွေမှာ ချွတ်ခြုံကျအားနည်းယိုးယွင်းလာပြီး လူကုန်ကူးသန်းရောင်း ဝယ်မှုလုပ်ငန်းအမြစ်တွယ်ကျန်ရစ်နေစေဖို့ရာ ပျိုးထောင်ပေးထားသလိုဖြစ်နေခြင်း၊ ရွှေ့ပြောင်းလုပ်သားဖြစ်စဉ်ထဲစီးမျောလိုက်ပါသွား ခြင်းရဲ့နောက်ဆက်တွဲအကျိုးဖြစ်ထွန်းမှုလို့ဆိုရမယ့် တိုင်းတပါးရပ်ဝေး လုပ်ငန်းခွင်တွင်း ဝင်ရောက်လုပ်ကိုင်နေကြသူတွေလွှဲပြောင်းပို့ ဆောင်လိုက်သော ဘဏ္ဍာငွေမှစီးပွားရေးပါဝါကိုခုတ်မောင်းလည်ပတ်စေဖို့ရာ လောင်စာဆီဖြည့်တင်းပေးသည့် အင်အားစုတရပ်အ ဖြစ်ပြောင်းလဲဖော်ဆောင်နေရသည့်အတွက် အလုပ်လက်မဲ့ဦးရေနှင့် အလုပ်အကိုင်အခွင့်အလမ်းရဖို့ရာအတွက် စွမ်းဆောင်ရည်မ ပြည့်မှီခြင်း အစရှိသည့်ပြဿနာရပ်တွေဟာ ယှဉ်လျက်ဆိုသလိုဒွန်တွဲထွက်ပေါ်လာပါရော။

စီးပွားရေးကဏ္ဍ အားနည်းချို့ယွင်းနေစဉ် များပြားကြီးမားလှသော လူဦးရေကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အားနည်းယို့ယွင်းချက်နှင့် လူမဆန်ခေါင်းပုံဖြတ်သည့်လုပ်ရပ်မှ အကျိုးစီးပွားအခွင့်အလမ်းရနိုင်ချေဖြစ်ရပ်တွေဟာ လူကုန်ကူးမှုကနေမွေးထုတ်လိုက်တဲ့ အခြင်း အရာနှစ်ရပ်လို့ဆိုရလိမ့်မယ်နဲ့တူတယ်။ ရွှေ့ပြောင်းလုပ်သားတွေနှင့် လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ သားကောင်ဘဝကျရောက် သူအများစုဟာ နိမ့်ကျသည့် လုပ်အားခနှင့် အလုပ်လက်မဲ့ဆိုတဲ့ ဘဝကနေလွတ်မြောက်ချင်ကြတာကတော့ တထပ်တည်းလို့ဆိုရမှာ ပဲနဲ့တူတယ်။ အဆုံးသတ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ သားကောင်ဘဝမကျရောက်ခဲ့ရသည့်တိုင် မတရားပြုမူကျင့် ကြံခြင်းခံရသော သူတို့စိတ်ကူးမျှော်လင့်ထားသည့် ရွှေ့ပြောင်းလုပ်သားဘဝတော့ ကျရောက်ခဲ့ကြရတာပါပဲ။
အပြည့်အစုံသို့ >>

Monday, 7 December 2009

မဘေ

မဘေဆိုတာက သူနာမည် အရင်းမဟုတ်ပါဘူး။ ကျွန်တော်တို့က ပေးထားတာ။ မြဝတီမြို့က သူငယ်ချင်းဖြစ်သူအဖေ မဲဆောက်ဆေးရုံကြီးမှာ တင်ထားတုန်းက ကျွန်တော်လူနာသွားစောင့်ရင်း မဘေနဲ့ သိခဲ့တာ။


သူယောကျာင်္းဖြစ်သူက သစ်ပင်ပေါ်က ပြုတ်ကျပြီး ၆ လ ကျော်လောက် မဲဆောက်ဆေးရုံကြီးမှာ တက်နေရတာ။ တစ်နေ့တစ်နေ့ ဆေးကုသလို့ ကုန်ကျငွေကို ဘောင်ချာစာရွက်နဲ့ ဆရာမတွေ လာပေးရင် ပိုက်ဆံမပေးဘဲ ၆ လကျော်လောက် ဘေစာရင်ထဲ ထည့်ထားပြီး ဆေးရုံတက်နေတာ။ ပိုက်ဆံမပေးနိုင်တော့ မျက်နှာငယ်နဲ့ ဆေးရုံတက်နေရတာ။ အဲဒါကြောင့် ကျွန်တော်တို့က သူကို မဘေ လို ချစ်စနိုးနဲ့ခေါ်တာ။

ကုန်ကုန်ပြောရရင် မဘေမှာ စားဖို့တောင် ပိုက်ဆံမရှိဘူး။ ကျောင်းသားဆေးခန်းက လူနာတစ်ယောက်ကို မဲဆောက်ဆေးရုံးမှာ တင်ထားတယ်။ အဲဒီလူနာစောင့် ကရင်မကြီးဆီမှာ ကပ်စားနေရတာ။ သူခများ ကြာတော့ မသွားစားရဲ့ဘူး။ ကရင်မကြီးက အတင်းခေါ်ကြွေးရတာ။ အဲဒီတုန်းက မဘေက ကျွန်တော်ကို

“ကျောင်းသားဆေးခန်းက ကရင်မကြီးသာ ပြန်သွားရင် ကျွန်မတော့် ထမင်းငတ်ပြီး အစ်ကို” တဲ့။

တစ်ခြာ လူနာရှင်တွေ လူနာလာကြည်ရင် သစ်သီးဝလံတွေ၊ အချိုရည်တွေ ဝယ်လာပြီး စားကြသောက်ကြတာ မြင်ရင် မဘေခမျာ လူကွယ်ရာမှာ မျက်ရည်လေးတွေ ကျိတ်ပြီးကျနေရတာ။ အရင်တုန်းက သူယောကျာင်္း စားချင်သောက်ချင်တဲ့ အခါကျရင် သူမိန်မကို ဝယ်ကြွေးခိုင်တတ်တယ်။ မဘေခများ ပိုက်ဆံမရှိတော့ ဘယ်လိုဝယ်ကြွေးရမှန်းတောင် မသိဘူးဖြစ်နေတယ်။


အဲဒီအခါကျရင် သူယောကျာင်္းက

“ နင်က ငါဒီလို ဘဝမျိုးရောက်လို့ မဝယ်ကြွေးချင်တာလာ” ဆိုပြီး အသံတောင်မထွက်နိုင် ပဲ ပါးစပ်လေးလုပ်ရုံနဲ့ မျက်ရည်တွေကျပြီး ပြောတာ။ သစ်ပင်ပေါ်က ပြုတ်ကျပြီး ကိုယ်တစ်ပိုင် သေသွားလို့ လည်ချောင်းကိုလည်း ဆေးရုံမှာ ခွဲထားပြီး ပိုက်တပ်ထားတော့ စကားပြောရင် အသံက ရှတတလေးဖြစ်နေတာ။

“ မဟုတ်ပါဘူး အစ်ကိုရယ်.. ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိတာ ဘယ်လိုဝယ်ကြွေးရမှာလဲ” တစ်ခြားမိန်မတစ်ယောက်သာဆို အစ်ကိုကို ပစ်ပြီးပြေးတာ ကြာပြီး၊ ကျွန်မက အစ်ကိုကိုချစ်လိုသာ ဒီလိုနေနေတာ” ဆိုပြီး မဘေကပါ ပြောပြီးငိုပါလေရော။

နောက်ပိုင်း သူယောကျာင်္းလည်း မဘေကို ဘာမှမပြောဘူး၊ အခြေအနေတစ်ခုကို သူလည်းဘဘောပေါက်သွားတယ်။ အချိန်ရှိတိုင်း ကုတင်ပေါ်မှာ ယောကျားင်္ကြီးတန်မဲ့ မျက်ရည်တွေပဲ ကျနေတာ။ အရင်တုန်းက မဘေခများ စားဖို့တောင် မရှိလို ဆေးရုံးက လူနာစားလာပို့ရင် တစ်ဝက်ကို သူအတွက်သိမ်းထားပြီး စားခဲ့ရတာ။ သူယောကျာင်္မှ စားလိုမကုန်တာ။

မဘေတို့လင်မယားက မဲဆောက်မြို့ ၃၈ ရွှာက မျော့လူမျိုး သူဌေးတစ်ယောက်ဆီမှာ အလုပ်လုပ်နေတာ။ တစ်နေ့ သူဌေးအိမ်ဘေးနာက သူဌေးတစ်ယောက်က မဘေယောကျာင်္းကို ……..ပင်က အသီးတွေကို တက်ခုတ်ခိုင်းတာ။ ပိုက်ဆံမပေးပဲ အလကားခေါ်ခိုင်တာ။ ……….သီးတွေ ခုတ်ချလိုလည်းပြီးရော မဘေယောကျာင်္းလည်း ဓားမကြီးနဲ့ အတူ သစ်ပင်ပေါ်က ပြုတ်ကျလေရော။


အောက်လည်ရောက်ရော.. တစ်ကိုယ်လုံးနာကျင်ပြီး ထတောင်မနိုင်တော့ပါဘူး။

“ မိန်မရေး.. လာပါအုံး. “ ဆိုပြီး အော်ခေါ်တော့ မဘေလည်း ရောက်လာပါတယ်။ ဘာလုပ်လို ဘာကိုင်ရမှန်းတောင် မသိပါဘူး၊ ဒါနဲ့ သစ်ပင်တက်ခိုင်တဲ့ သူဌေးကို ဆေးရုံးပို့ဖို့ ပြောပါတယ်။ သူဌေကတော့ သဘောကောင်းရှာပါတယ်။ NO ပါပဲ..ကိုယ်ဘာသာကိုယ် ဆေးရုံသွားပါတဲ့။

“သူဌေး.. လုပ်ပါအုံး. ကျမယောကျာင်္း ဘာဖြစ်သွားမှန်မသိလိုပါ”

………………………………….

“ မယုံရင် သူအသားကို ဆူးနဲ့ ထိုကြည်ပါ. လုံးဝကို မနာဘူးဖြစ်နေတယ်”

……………………….

သူဌေးလည်း ဆူးနဲ့ ထိုးကြည်တယ်။ လုံးဝကို မနာကျင်ပါဘူး။

ဟုတ်တယ်။ မဘေယောကျာင်္းက သူဘာဖြစ်သွားမှန်းမသိဘူးဆိုပြီး မဘေကိုပြောတာ။ မဘေလည်း သူယောကျာင်္း အသားကို ကိုင်ကြည်တယ်။ လက်သဲနဲ့ ဖြည်းဖြည်းဆိတ်ကြည်တယ်။ မနာပါဘူး။ တအားကြည်ဆိတ်ကြည်တယ် ။မနာပါဘူး။


ဆူဆူညံညံ အသံတွေကြောင့် မဘေတို့ သူဌေးရောက်လာပါတယ်။ သူဌေးချင်း စကားပြောကြတယ် ။ နောက်ဆုံး သစ်ပင်တက်ခိုင်းတဲ့ မျှော့သူဌေးလည်း မဘေတို့ သူဌေးကို အားနာလို ထင်ပါရဲ့။ ဘတ် ၂၀၀ ထုတ်ပေးတယ်။ သူဌေးဆိုတဲ့ လူပေးတဲ့ ဘတ် ၂၀၀ ကို မဘေ မယူပါဘူး။ သူ့ယောကျာင်္းကိုပဲ ဆေးရုံပို့ဖို့၊ ကုပေးဖို့သာ ပြောပါတယ်။

အဲဒီသူဌေးက ကိုယ်ဘာသာဆေးခန်းသွားဆိုပြီး ဆိုင်ကယ်မောင်းထွက်သွားပါတယ်။ မဘေယောကျာင်္းခုတ်ချပေးတဲ့ …….. သီးတွေကို အချိန်မလွန်ခင် မဲဆောက်ဈေးမှာ ရောင်းဖို့ဖောင်သည်သွားပေးရမယ်လေ။


နောက်ဆုံး မဘေတို့ သူဌေးကပဲ သူ့တူကို ဆေးခန်းပို့ပေးဖို့ ခိုင်လိုက်ပါတယ်။ အဲဒီဆေးခန်းက ဆေးကုပေးပါတယ် ။နောက်ဆုံးမနိုင်လို မဲဆောက်ဆေးရုံးကြီးကို ပို့ခိုင်းလိုက်ပါတယ်။ ကျော်ရိုးမကြီးကျိုးသွားတယ် ။ အောက်တပိုင်းသေ သလိုဖြစ်သွားတယ်။ ဦးနှောက်ထဲ သွေးတွေ ဝင်သွားတယ်။ ဝင်လိုက်ရတဲ့ ခွဲစိပ်ခန်း၊ ခွဲလိုက်ရတဲ့ အခွဲ။ ၃ လလောက်ကြာသွားတယ်။ နောက်တော့ သက်သာပြီးဆိုပြီး ပြန်ခိုင်းတယ် ။ ကုန်ကျစရိတ်တွေကိုဆေးရုံက တောင်းတာပေါ့။

ဒီကြာထဲ မဘေက သူအလုပ်လုပ်တဲ့ ရွာတဲ့ ပြန်ပြီး သူယောကျာင်္းကို တာဝန်ယူကုပေးဖို့ သူဌေးကို ပြောပါတယ်။ သူဌေးက မလုပ်ပေးပါဘူး။ သစ်ပင်တက်ခုတ်ခိုင်းတဲ့ သူဌေးကို ပြောပါတယ်။ သူဌေးက မလုပ်ပေးပါဘူး။


ရွာသူကြီးကို တိုင်ပါတယ်။ ရွာသူကြီးလည် ကူညီပေးမယ် ပြောပြီး မကူပေးပါဘူး။

“ တစ်ရွာလုံးက သူတို့မျှော့လူမျိုးတွေကြီးပဲလေ။ သူတို့ ဘယ်ကူညီပေးပါ့မလဲ၊ သူတို့ကို ကြောက်ရတယ်။ မထင်ရင် မထင်သလို မြန်မာ အလုပ်သမားတွေကို သတ်တယ်” ဟု မဘေကပြောသည်။


ဆေးရုံက ဆင်းခါနီး မဘေယောကျာင်္းရဲ့ အမေ ဆီ ဖုန်းဆက်ပါတယ် ။ မဘေ ယောက္ခမလည်း ရောက်လာပါတယ်။ သူ့သားမဲဆောက်မှာ သေပြီးထင်လို့ သူတို့ ရွာက သာရေးနာရေးအသင်းက ပိုက်ဆံ မြန်မာငွေ ကျပ် နှစ်သိန်း ပါထည့်ပေးလိုက်ပါတယ်။ မဘေတို့ မိသားစုက ရွာက သာရေးနာရေးအသင်းမှာဝင်ထားတာလေ။ ဒီရောက်တော့ သူ့သားက မသေသေးပါဘူ။


ရွာကို ဖုန်းဆက်ပြီး မဘေယောကျာင်္း မသေတဲ့ အကြောင်း ဖုန်းဆက်လိုက်ပါတယ် ။ မဘေယောက္ခမ ယူသွားတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ သာရေးနာရေးအသင်းက ပြန်တောင်းပါတယ် ။ အဲဒီမှာတင် အမှုဖြစ်သွားတယ်။ လိမ်လည်မှုလေ။ ၂ လ အတွင်း အမှုဖြစ်တဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်ဆိုပြီးတော့ မဘေတို့ ဘကြီးကို ရွာက လှည်းတွေ၊နွားတွေ ရောင်းပြီး ဆပ်ခိုင်းထားလိုက်တယ်။


ကုန်ကျစရိတ်ကို မျက်ရည်လေးထိုးခံပြီး ရှိသလောက်လေးပေးပြီး ဆေးရုံးက ဆင်းခဲ့တယ်။ ဆေးရုံးက ဆင်းပြီးသိပ်မကြာပါဘူး၊ မဘေယောကျာင်္း မသက်သာလို့ ဆေးခန်းကို သွားပြပါတယ်။ ဆေးခန်းကလည်း မနိုင်လို့ တစ်ခါ မဲဆောက်ဆေးရုံမှာ ပို့လိုက်ပြန်ပါတယ် ။


အဲဒီမှာမှ တစ်ကယ် မဘေစစ်စစ် ဖြစ်သွားတာပါပဲ။ နေစဉ်ကုန်ကျစရိတ်ကို ပေးဖို့ကလည်း ပိုက်ဆံမရှိ၊ စားဖို့ကလည်းမရှိ ဖြစ်ပြီး နေစဉ်လာသမျှ ဆေးရုံတက်ခငွေကို ဘေစာရင်ထဲပဲ ထည့်ထားပြီး ဆေးရုံက ဆင်းမှပဲ ပေးမယ့်လို လိမ်ပြီးပြောထားရတဲ့ဘဝ….


ဆေးရုံက ဆရာမတွေလည်း မဘေအခြေအနေကို သိပါတယ်။ ပိုက်ဆံမပေးနိုင်တဲ့ လူနာတစ်ယောက်ကို ကြည်ကြည်ဖြူဖြူ ဘယ်လုပ်ပေးပါမလဲ။ တာဝန်ကျေလောက်ပဲ လုပ်ပေးပါတယ်။ ဆရာမတိုင်းတော့ မဟုတ်ပါဘူး၊ ကြင်နာတတ်တဲ့ ဆရာမတွေလည်း ရှိပါတယ်။ တစ်ည သူယောကျားင်္ ၁၂ နာရီလောက်မှာ လည်းချောင်းထဲက ချွဲတွေကြပ်ပြီး အသက်ရှုကြပ်ပါလေရော။ အမြဲတမ်း ဖြစ်နေကြ၊ ဆရာမတွေက စက်နဲ့ အချွဲတွေကို လာထုတ်ပေးနေကြပါ။ အဲဒီညတော့ တာဝန်ကျတဲ့ ဆရာမက သွားခေါ်တာတောင် လုံးဝမလာတော့ပါဘူး။ နောက်ဆုံးတော့ မဘေကိုယ်တိုင်ပဲ အဲဒီအချွဲတွေ ပါးစပ်နဲ့ စုပ်ထုတ်ပေးလိုက်ပါတယ်။ အဲဒါမှ သူယောကျာင်္းလည်း သက်သာသွားပါတယ်။


မဘေက သူ့အကြောင်းလေးတွေကို ကျွန်တော်တို့ကို ဝမ်းနည်းစွာနဲ့ပြောပြီး လွမ်းမောရီဝေတဲ့ မျက်နှာလေးနဲ့ အဝေးတစ်နေရာကို ကြည်နေပါတယ်။ ခဏကြာတော့ သူယောကျာင်္းကို စိတ်မချလို့ “ ခဏနော် အစ်ကို ကျွန်မ အစ်ကို ကို သွားကြည်လိုက်အုံးမယ် “ ဆိုပြီး အပြေးကလေး ထွက်သွားပါတယ်။


ကျွန်တော်တို့လည်း ဆေးရုံမှာ တစ်ပတ်လောက်ကြာသွားတယ်။ ဆေးရုံက ဆင်းတဲ့နေ့ကျတော့ မဘေကို နှုတ်ဆက်ပါတယ်။ မဘေစိတ်မကောင်းပါဘူး၊ အဲဒီနေ့မှာပဲ မဘေ အမျိုးတွေ လာပါတယ်။

“ ညည်း အမေ့က ရွာကနေ့ပြီး လူကြုံရှိလို့ ပို့လိုက်တာ။ ဘတ် ၁၀၀၀ ပဲ ရတယ်” ဆိုပြီး ပိုက်ဆံပေးပါတယ်။ အမျိုးတွေလည်း ကောင်းရှာပါတယ်။ ပြီးတော့ “ တို့ပြန်ဖို့ လမ်းစရိတ်လေးပေးပါအုံး…” ဆိုပြီး။ သူ့တို့ လာပေးတဲ့ အတွက် လမ်းစရိတ် ဘတ်၂၀၀ ပြန်တောင်းသွားပါတယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး၊ သူ့ကို နှုတ်ဆက်ပြီး ကျွန်တော်တို့တွေ မဲဆောက်ဆေးရုံက ဆင်းခဲ့ပါတယ်။


တစ်နေ့ ကျွန်တော် မဲဆောက်မြို့ကနေ မြဝတီကို ရောက်သွားတော့ သူငယ်ချင်းဖြစ်သူက

“ကိုစောရေ. .မဲဆောက်ပြန်ရောက်ရင် မဘေကို သွားကြည်လိုက်ပါအုံး” တဲ့

အဲဒါမှ ကျွန်တော် မဘေကို သတိရမိသွားတယ်။ ဟုတ်တာပေါ့.. ။ မဘေတစ်ယောက် ဆေးရုံမှာ ဘယ်လိုနေထိုင်၊ စားသောက်နေရပြီလဲ၊ သူကို ထမင်းကျွေးနေတဲ့ ကရင်မကြီးကော မဘေထက်အရင် ဆေးရုံက ဆင်းသွားပြီလား။ ဆရာမတွေကော ပိုက်ဆံမရှိတဲ့ မဘေကို ဘယ်လို ဆက်ဆံနေပြီလဲ.. . မဘေယောက္ခမကော ရွာမှာ အကြွေးတွေ ပြန်ဆပ်နိုင်ပြီးလာ၊ စတဲ့ အတွေးများစွာကို မဘေအတွက်ရင်မောစွာ တွေးရင်းဖြစ်…………..


အယ်ကဟော (သိပ်မကြာသေးခင်က ဖြစ်ရပ်မှန်လေး တစ်ခုကို ခံစားရေးဖွဲ့ထားတာပါ)
အပြည့်အစုံသို့ >>

ကမ္ဘာ

မဟာ ကပ်ပါးကောင်တွေရဲ့တန်ခိုးနဲ့ 
အရုပ်ဆိုးနေတဲ့ ကမ္ဘာ။

နည်းပညာ စီးကရက်လိပ်တွေကို
စည်းမဲ့ ကမ်းမဲ့ မသောက်ပါနဲ့ ကမ္ဘာ။
အိုဇုန်းလွှာ မှာ
ဇကာပေါက် အနာတွေ ဖြစ်လိမ့်မယ်။

သစ်ပင်တွေပြုန်း
တောတွေ တောင်တွေ ခေါင်းတုံးတုံးကြတဲ့ ဖြစ်စဉ်မှာ
လူ့ မလိုင်တွေ အချီချီခိုး
အဆီတွေတိုးခဲ့တာ ပိုများသလား။
ရေနည်းငါးတွေရဲ့ ထမင်းအဖြစ်
သစ်ပင်တွေ ထင်းဖြစ်သွားတာ ပိုများသလား။

လူတွေရဲ့စိတ်ထဲမှာလည်း
တောင်ခေါင်းတုံးတွေနဲ့ ထပ်တူပါပဲ။
၅၂၈ တွေ တွေသုဉ်းပြီး
သုညတွေ ပြုံးနေကြတယ်။

တစ်ချိန်တုန်းက...လူက သားရဲတွေကို ကြောက်ခဲ့ရတဲ့ခေတ်
အခု...လူက လူကို ပြန်ကြောက်နေရတဲ့ ခေတ်။

ငှက်တွေ နေရာသစ်ပြောင်းတဲ့ အခါ
တောင်ပံတစ်စုံသာလိုပေမယ့်
လူတွေ နေရာသစ်ပြောင်းတဲ့ အခါမှာတော့
ငွေစကြေးစတွေနဲ့  စာရွက်စာတမ်းတွေ လိုတယ်။
တစ်ခါတစ်ခါဆို
ထုပ်ဆီးတိုးတမ်းကစားရသလိုပဲ။
လိုက်ဖမ်းမယ့် ရဲတွေလည်း ရှိတယ်။
ထမင်းရည်ပူ လောင်စေမယ့်
နယ်နိမိတ် မျဉ်းကြောင်းတွေလည်း ရှိတယ်။
တစ်ခါတစ်ခါ
အတားအဆီးတွေကို ကျော်ဖြတ်
ဒီဘက်ကမ်းကို ကပ်နိုင်ခဲ့သူတစ်ချို့ တောင်မှ
အောင်ထူပြီလို့ မအော်နိုင်ခဲ့။

ကွဲပြားမှုတွေကို ရွေပေါ်ထိုး
ရောင်စုံ ရင်ဘတ်တွေကို မေတ္တာနတ်ဆေးဆိုးဖို့ 
ပွင့်လာခဲ့တဲ့ ဘာသာတရားတွေတောင်
လူတွေရဲ့ လက်ချက်နဲ့ 
တံတိုင်းအသစ်တစ်ခုပဲ ထပ်ဖြစ်သွားခဲ့။

အဲဒီ့ ဘာသာတရားတွေဟာ
အဖိုးတန်ကျောက်မျက်တွေကို
အိတ်ပုံစံအမျိုးမျိုးနဲ့ ထုပ်ပိုး
လူတွေရဲ့ ဝိညာဉ်ကို လှုပ်နှိုးဖို့ ကြိုးစားခဲ့လည်း
လူတွေရဲ့ မျက်လုံးက ကျောက်မျက်ရတနာတွေကို မမြင်၊
အပေါ်ယံက အိတ်တွေ တံဆိပ်တွေကိုသာ မြင်ခဲ့။
ဒီလိုနဲ့ 
အိတ်တွေအတွက် လူတွေ ရန်ဖြစ်ခဲ့ကြ။

ဘာပဲဖြစ်ဖြစ်...
ကမ္ဘာပေါ်မှာ ပဉ္စလက်တွေ ပွင့်ခဲ့တယ်။
မဖြစ်နိုင်ဘူး ထင်တာတွေ ဖြစ်ခဲ့တယ်။
အနာဂတ်ရဲ့ ဖြစ်လာမယ့် စာရင်းအတွက်
တင်သွင်းခွင့်သာ ရှိမယ်ဆိုရင်
လူတွေ အသက်ထောင်ချီရှည်ဖို့ လည်း မတင်သွင်းချင်ဘူး။
မားစ်ဂြိုလ်ပေါ်ကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ လည်း မတင်သွင်းချင်ဘူး။
တစ်စုနဲ့ တစ်စု အနိုင်ယူလိုစိတ်ပျောက်
ယူတိုးပီးယား ငှက်ကလေး အတောင်ပေါက်ဖို့ ကိုပဲ တင်သွင်းချင်တယ်။

ဖြိုချလိုက်ကြ
တစ်ယောက်နဲ့ တစ်ယောက်ကြားက
မလိုအပ်တဲ့ စိတ်ကူးနံရံတွေကို။
ဖယ်ရှားလိုက်ကြ
ငါတို့ ဦးနှောက်ထဲအထိ ဘိန်းလာစိုက်ချင်နေတဲ့ အစွန်းသမား တွေကို။

တကယ်တော့ ကမ္ဘာဆိုတာ
စင်္ကြာဝဠာ ကြီးထဲက ရင့်မှည့်နေတဲ့ အနာ။
ဒဏ်ရာတွေကို ဆေးထည့်တဲ့နေရာမှာ
ငါနဲ့ ငါကို ခွာထားနိုင်ဖို့ လိုတယ်။

ကိုယ်ကျိုးသချာင်္ကိုတွက်
ပင်လယ်ကြီးထဲကို ရေတစ်ခွက် လောင်းလိုက်တာဟာ
တကယ်တမ်းကျတော့ အလေအလွင့်။

ကလေးငယ်တွေရဲ့  ဦးခေါင်းနဲ့ ရင်ဘတ်တွေ ကို ရွှေချပါ။

ကိုယ့်ကိုယ်ကို သားကောင်နေရာမှာ ထားပြီး သတင်းတွေဖတ်ပါ။
အလင်းရောင်ကို ကြိုဆို
မျက်နှာပေါ်က တံခါးနှစ်ချပ်ကို ဖွင့်ပြီး ငိုပါ။
အယ်လ်ဘတ်ရွှိုက်ဇာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ဟာ
အာဖရိကတိုက်အတွက် အနှစ်ငါးဆယ်ကျော်စာ ထမင်းတစ်လုတ်ဖြစ်ခဲ့တယ်။

လူ့ ပယောဂနဲ့ ဖျားနာ
ကမ္ဘာဆိုတဲ့ ကျားနာကို
ကယ်တင်ကုသဖို့ အတွက်
အတ္တနဲ့ ပရကို လက်ထပ်ထိမ်းမြားပေးဖို့ လိုတယ်။

ပြီးတော့
မလိုအပ်ပဲ ထမ်းပိုးထားတဲ့
စိတ်ထဲက အထုပ်အပိုးတွေကို ချ
လွတ်လပ်တဲ့ မျက်လုံးအသစ်တစ်စုံရတဲ့အခါ
ကမ္ဘာကို ကြည့်လိုက်ပါ။

ကမ္ဘာဟာ
စနစ်တကျ ဆုတ်ဖြဲထားတဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တစ်ထည်လိုပဲ
ခံစားတတ်ရင် လှတယ်။

ကောင်းကင်ကို

(ကဗျာ ပို့ပေးတဲ့ အစ်ကို ကောင်းကင်ကို ကို ကျေးဇူးအများကြီးတင်ပါတယ်)



အပြည့်အစုံသို့ >>

ဒူဘိုင်းရောက် မြန်မာလုပ်သားများ ဆက်လက်ရုန်းကန်ကြဦးမည်

နန်းဒေဝီ ၊ ဒီဇင်ဘာလ 04 ရက် 2009
နယူးဒေလီ (မဇ္စျိမ) ။ ။ ရေနံဖြင့် ချမ်းသာနေသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု - UAE နိုင်ငံ မြို့တော်ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို လုပ်အားခ နည်းပါးစွာဖြင့် လုပ်ကိုင်နေရသည့် ကိုနောင်ဝင်း (နာမည်ပြောင်း) သည် မြန်မာပြည် ပြန်ချင်သော်လည်း မိသားစု စီးပွားရေး နောက်ခံမရှိသဖြင့် အောင့်အီးကာ ဆက်လက် လုပ်ကိုင်ရဦးမည်ဟု ရင်ဖွင့်လေသည်။
“တလ ဒါဟန် (Dirhams) ၉၇၁ (ကျပ် ၁ သိန်း ၈ သောင်းကျော်) ရတယ်။ အားလုံးကို အိမ်ပို့တယ်။ တခါတလေ ဧည့်သည်ပေးတဲ့ tips လေးနဲ့ လိုအပ်တဲ့ အဝတ်အစား၊ ဈေးပေါတဲ့ ဟာလေးတွေ ဝယ်ဝတ်တယ်” ဟု သားသမီး ၃ ဦး၏ ဖခင်ဖြစ်သူ ၃၅ နှစ်အရွယ် ကိုနောင်ဝင်းက ရယ်မောရင်း ပြောဆိုသည်။



ပွဲဦးထွက် ပြည်ပအတွေ့အကြုံအဖြစ် ဒူဘိုင်းမြို့သို့ ရောက်ရှိနေသည့် သူက Grosvenor House ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို တနေ့လျှင် ၉ နာရီခွဲကြာ လုပ်ကိုင်နေရသော်လည်း အခက်အခဲမရှိကြောင်း စိတ်အားထက်သန်စွာ ပြောသည်။ “ကျနော့်သူဋ္ဌေးကလည်း ကျနော့်ကို သဘောကျတယ်။ အလုပ်တိုင်းကို ကျနော် လုပ်နိုင်တယ်။ ဘာမှ အခက်အခဲ မရှိဘူး” ။
Grosvenor House ဟိုတယ်နှင့် ၎င်းနှင့်ဆက်စပ်နေသည့် Le Meridien ဟိုတယ်တို့တွင် မြန်မာလုပ်သား ဦးရေ ၄၀ ထက်မနည်း ရှိနေပြီး၊ အများစုမှာ အောက်ခြေသိမ်း အလုပ်များဖြစ်သည့် သန့်ရှင်းရေး၊ ဧည့်ကြို၊ မီးဖိုချောင် အကူလုပ်သား စသည့် အလုပ်အကိုင်များ လုပ်ကိုင်နေကြသည်။

မြန်မာများ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံသားများကို ဟိုတယ်က နေထိုင်ရန် အခန်းများ ပေးထားသည့်အပြင် စားသောက်ရေးအတွက်မူ မပူပင်ရကြောင်း သူက ဆိုသည်။
သို့သော် မြန်မာနိုင်ငံတွင် ဟိုတယ်အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး၊ လက်ရှိ မြို့တော်ဒူဘိုင်းရှိ Jumeriah Essex House ဟိုတယ်တွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ဂျာ အတွက်မူ အစားအသောက်အတွက် အခက်ပွေနေရသည်။

“ဟိုတယ်က ကျွေးတဲ့အစားအစာကို မစားနိုင်ဘူး။ အမွှေးအကြိုင်တွေနဲ့ဆိုတော့ အစားအသောက် ခက်တယ်။ ကျန်တာ အားလုံးအဆင်ပြေတယ်” ဟု နှစ်စဉ်နှစ်တိုင်း မြန်မာပြည်ရှိ မိသားစုများထံ အလည်အပတ် ပြန်သွားလေ့ရှိသည့် သူက ပြောဆိုသည်။
အစ္စလာမ်နိုင်ငံအဖြစ် ကြေညာထားသည့် UAE နိုင်ငံမှ ဒူဘိုင်းပြည်နယ်ထဲတွင် ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နှင့် ဗုဒ္ဓဘာသာဝင်များလည်း နေထိုင်လျက်ရှိရာ သတ်မှတ်ထားသည့် ပွဲတော်နေ့ရက်များမှလွဲ၍ ဝတ်စားဆင်ယဉ်မှု ကန့်သတ်ထားခြင်း မရှိကြောင်း ဂျာက ပြောသည်။

“ဒီမှာက ဟိုတယ် ယူနီဖောင်း ဝတ်ရတယ်။ အပြင်ထွက်လည်း လွတ်လွတ်လပ်လပ်ပါပဲ။ ဒေသခံ အမျိုးသမီးတွေတောင် မျက်နှာဖုံးတာမျိုး မရှိဘူး။ ခေါင်းမြီးခြုံတာက လွဲလို့ပေါ့။ နေ့ထူးနေ့မြတ်နေ့ဆိုရင် ဟိုတယ်က နိုင်ငံခြားသား (အမျိုးသမီး) တွေကို တချောင်းကြိုးဝတ်တာတို့၊ စကပ်တအားတိုတာမျိုး မဝတ်ဖို့ ပြောရပါတယ်” ဟု သူက ဆိုသည်။
ဒူဘိုင်းမြို့တွင် ရောက်ရှိနေသည်မှာ ၇ နှစ်ကျော်ပြီဖြစ်သည့် ဂျာသည် အခြားကုမ္ပဏီများတွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၀၀ ခန့်နှင့်အတူ ကုမ္ပဏီက ပေးထားသည့် Oasis Village တိုက်ခန်းဆောင်တွင် အတူတကွ နေထိုင်ရသည်။

“တယောက် တနေရာစီ အလုပ်လုပ်ကြတာ။ အများအားဖြင့်တော့ ဟိုတယ်၊ Mall တွေမှာ အရောင်းစာရေးတွေ လုပ်ကြတယ်။ ဆောက်လုပ်ရေးမှာ တချို့ လုပ်ကြတယ်” ဟု သူက ပြောသည်။
ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် UAE ကို လူသိများသော်လည်း မြို့တော်ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ကြီး ဆောက်လုပ်မှု အပါအဝင် အိမ်မြေဆောက်လုပ်ရေး လုပ်ငန်းများ ကြီးထွားလာမှုကြောင့် နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် ကြွေးမြီပြဿနာဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

အကျိုးဆက်အဖြစ် ဒူဘိုင်းရှိ ဖိလစ်ပိုင် အလုပ်သမား ၂ သိန်း ၅ သောင်းကျော်မှာ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် ကြုံတွေ့ဖွယ်ရှိသဖြင့် အလုပ်အကိုင်အသစ်များ စီစဉ်ထားရန် လိုအပ်ကြောင်း ယမန်နေ့က ဖိလစ်ပိုင်မြို့တော် မနီလာမြို့ထုတ် Asia News သတင်းစာထဲတွင် ရေးသားထားသည်။
မြန်မာလုပ်သားများလည်း အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်သော်လည်း ယနေ့ထိ အလုပ်ထုတ်ခံရသူ မရှိသေးကြောင်း မြန်မာများက ပြောဆိုကြသည်။
မြန်မာပြည်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အများစုကမူ ကာတာနှင့် ဒူဘိုင်းတွင် လုပ်ခလစာ နည်းပါးခြင်းနှင့် စီးပွားရေး ကျဆင်းလာခြင်းကြောင့် အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းများ ရပ်နားထားပြီး၊ စင်္ကာပူနှင့် မလေးရှားကိုသာ အပို့များနေသည်။

“အရင်ကတော့ ခေတ်စားတယ်။ မလုပ်တာ ၃ နှစ်ကျော်ရှိပြီ။ အရင်က တနှစ်ကို ၃၀ ကျော် ပို့တယ်။ ရတဲ့ လခတွေက နည်းတာနဲ့၊ အရင်ကလို ဟိုဘက်ကလည်း Demand (တောင်းဆိုမှု) မရတော့ဘူး” ဟု ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ Royal Pole Star ကုမ္ပဏီမှ မန်နေဂျာက မဇ္စျိမကို ပြောသည်။

အလားတူပင် ထိုမြို့နယ်အတွင်း တည်ရှိသည့် Virtue International Limited မှ တာဝန်ရှိသူ တဦးကလည်း “ဒီလထဲမှာပဲ ဒူဘိုင်းကနေ ၁၀၀ ပြန်လွှတ်မယ်လို့ ဟိုဘက်က အေးဂျင့်က အကြောင်းကြားထားတယ်” ဟု ပြောသည်။
သို့သော် ယခုလ ပထမအပတ်အတွင်း မြန်မာလုပ်သား ၂၀၀ ကျော်ကို ဒူဘိုင်းမြို့မှ အေးဂျင့်များက လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ရွေးချယ်သွားမည်ဟု ကျောက်တံတားမြို့နယ်ရှိ Danar ကုမ္ပဏီက ဆိုသည်။

“လျှောက်ထားတာက အများကြီးပဲ။ အမျိုးသား ၁၅၀ နဲ့ အမျိုးသမီး ၁၀၀ဘဲ ခေါ်မယ်။ လာမယ့်နှစ် မတ်လမှာလည်း နောက်ထပ်တသုတ် အင်တာဗျူး လာလုပ်ဦးမယ်။ အဓိက အင်္ဂလိပ်စကားတတ်ဖို့ လိုမယ်၊ ဉာဏ်စမ်းလေးတွေ ဖြေခိုင်းတာမျိုး ရှိမယ်” ဟု ထိုကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရွေးချယ်ခံရသည့် အလုပ်သမားများက ဝန်ဆောင်ခအဖြစ် ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ ၁၂၀၀ စီ ပေးဆောင်ရမည်ဖြစ်ကာ ထိုထဲတွင် ဒူဘိုင်းအေးဂျင့်သို့ ပေးရမည့် ငွေကြေးနှင့် လေယာဉ်စရိတ်လည်း ပါဝင်ပြီးဖြစ်မည်ဟု သူက ဆိုသည်။
လွန်ခဲ့သည့် ၄ နှစ်ခန့်က ဒူဘိုင်းသို့ အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို သက်ဆိုင်ရာ ဒူဘိုင်း ကုမ္ပဏီများက လေယာဉ်စရိတ်များကို ကြိုတင်စိုက်ထုတ်ပေးခဲ့ပြီး၊ မြန်မာကုမ္ပဏီများက တဦးလျှင် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ သာ တောင်းဆိုခဲ့သည်။
ဒူဘိုင်းရှိ မြန်မာလုပ်သားများကို သက်ဆိုင်ရာ ကုမ္ပဏီများက ၂ နှစ် တကြိမ်နှုန်းဖြင့် မြန်မာပြည်သို့ သွားရောက်လည်ပတ်ခွင့် ပြုသည့်အပြင် အလုပ်လုပ်ခွင့်ပါမစ် (WP) ကို ၃ နှစ် တကြိမ် သက်တမ်းတိုးပေးလေ့ရှိသည်။

“၂ နှစ် တကြိမ် သွားရင်တော့ သူတို့ စိုက်ပေးတယ်။ တနှစ်အတွင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားချင်ရင် ကုန်ကျစရိတ် သူတို့မပေးဘူး။ နာဂစ်တုန်းက မိသားစုနဲ့ အဆက်အသွယ်မရတော့ ကျနော့်ကို ပြန်ခွင့်ပေးတယ်။ လေယာဉ်စရိတ်လည်း ထုတ်ပေးတယ်” ဟု ကိုနောင်ဝင်းက ဆိုသည်။

“ကိုယ့်ဆန္ဒဆိုရင် ဒီမှာ မနေချင်ပါဘူး။ မိသားစုဝင်တွေနဲ့ ပြန်တွေ့ဖို့ နှစ်တိုင်း အိမ်ပြန်ချင်ပါတယ်” ဟု သူ့ဆန္ဒကို ပြောပြသည်။
ရရှိသည့် လုပ်အားခ နည်းသော်လည်း မြန်မာပြည်တွင် ကျန်ရစ်နေသည့် မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် လက်ရှိ မြန်မာပြည်၏ တရိပ်ရိပ်တက်နေဆဲ ကုန်ဈေးနှုန်းကို အမီလိုက်နိုင်ရန် ကိုနောင်ဝင်း အပါအဝင် ဘဝတူ မြန်မာအလုပ်သမားများ ဒူဘိုင်းတွင် ဆက်လက်၍ ရုန်းကန်နေရဦးမည်သာ ဖြစ်သည်။


(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆိုင်ကယ်ဝယ်ခွင့်နှင့် လိုင်စင်လုပ်ခွင့် ရပြီး

Fri 04 Dec 2009, လရင့်ထော, IMNA
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထောရော ၃၈/၁ (ခေါ်) (ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လက်မှတ်) ရှိသူတိုင်း မိမိနာမည်ဖြင့် မော်တော်ဆိုင်ကယ်ဝယ်ရန်နှင့် လိုင်စင်အလွယ်တကူ လုပ်နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝန်ကြီးချုပ် (နိုင်ချိုင်းရက်) က နိုဝင်ဘာလ ၂၉ ရက်နေ့ ထိုင်းရုပ်သံ (ASTV) လိုင်းတွင် ထုတ်ပြန်ခဲ့သည်။
‘‘ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုက ဆိုင်ကယ်ဝယ်စီးကြတယ်၊ မဟာချိုင်မှာလည်း အလုပ်သမားတွေက ရဲတွေနဲ့ ပေါင်းပြီးတော့ ဆိုင်ကယ်ဝယ်ကြတယ်၊ ထိုင်းတွေက သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးအောင် ဆိုပြီးတော့ ဒီလိုမျိုး လိုင်စင်လုပ်ပေးတာ ဖြစ်နိုင်တယ်” ဟု မဟာချိုင်ရှိ (Rask Thai Foundation) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ အသိမှတ်ပြုထားသော နိုင်ငံသားလက်မှတ်နှင့် အလုပ်သမား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများအပါဝင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတိုင်း ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပေးမည်ဟု ဆိုသည်။

‘‘လိုင်စင်လုပ်လို့ရှိရင် ထောရော ၃၈/၁ မဟုတ်ရင် အလုပ်သမားလက်မှတ် ယူပြီးတော့ ထိုင်းဘတ်ငွေ (၁၅၅) ဘတ်နဲ့ ဘယ်သူမဆို သွားလုပ်လို့ ရတယ်’’ ဟု မဟာချိုင်မှ ပုဇွန်ခွာလုပ်ငန်းမှ အလုပ်သမား တစ်ဦးက ပြောသည်။
ယခုကဲ့သို့ မော်တော်ဆိုင်ကယ်လိုင်စင် ပြုလုပ်ပြီးနောက်ပိုင်းတွင် စက်ပစ္စည်း လဲလှယ်ခြင်း၊ မတော်တဆ ထိခိုက်မှု ဖြစ်ပွားခြင်းများကို ထိုင်းနိုင်ငံသားများနည်းတူ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကူညီစောင့်ရှောက်မှုများ ပေးမည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ်များတွင် ထိုင်းနိုင်ငံသားမှတ်ပုံတင် ရရှိထားသူများသာလျှင် မော်တော်ဆိုင်ကယ်ဝယ်ခြင်းနှင့် လိုင်စင်ပြုလုပ်ခွင့် ရှိသည်။
အပြည့်အစုံသို့ >>

လူမှောင်ခိုနှင့် ကလေးငယ်ခိုးမှု တရုတ်-မြန်မာနယ်စပ်မှာ ပြန်လည်ခေါင်းထောင်လာ

သတင်းနှင့်မီဒီယာ ကွန်ယက်၊ ဒီဇင်ဘာ ၃ရက်၊ ၂ဝဝ၉ ခုနှစ်။
မြန်မာပြည်အတွင်းမှ မိန်းကလေးများနှင့် ယောင်္ကျားလေးများကို တရုတ်ပြည်တွင်းသို့ ရောင်းစားမှု တရုတ်မြန်မာ နယ်စပ်ဒေသတွင် ပြန်လည်တိုးမြင့်လာနေသည်။
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း၊ ကျေးရွာပိုင်းမှ အသက် (၂ဝ) ဝန်းကျင်အ ရွယ် မိန်းကလေးသုံးဦး တရုတ်ပြည်၊ ရွှေလီမြို့ကို လူပွဲစားအမျိုးသမီးတဦးက အလုပ်ရှာပေးမည်ဆိုပြီး ခေါ်ယူ ခဲ့တာ တွေ့ခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။



“အဲဒီအမျိုးသမီးက ဒီမှာ မိန်းမလာရှာတဲ့ တရုတ်တွေနဲ့ အဆက်အစပ်ရှိတယ်။ အမြဲတမ်းလူရောင်းနေ ကျ၊ အခု ကျောက်မဲက မိန်းကလေးသုံးဦးကို ပြန်ခေါ်လာတာ။ သူ့အမျိုးတွေ လို့တော့ ပြောနေတယ်၊ ခွေးမင်(ကူမင်းမြို့)ကို အလုပ်သွားစပ်ပေးမယ်ဆိုပြီး ခေါ်လာတာ။ ဒီနေ့တောင် ရွှေလီထဲမှာ ရှိသေး တယ်။ ဘယ်နေ့ ပို့မလဲ မသိဘူး။” ဟု အဆိုပါ လူပွဲစား အမျိုးသမီးနှင့် နီးစပ်သူ ရွှေလီဒေသခံတဦးက ပြော သည်။

တရုတ်ပြည်အတွင်းပိုင်းရှိ ကျေးလက်နေ တရုတ်လူပျိုကြီးများ၊ မုဆိုးဖိုများက မိန်းမယူလို သည့်အတွက် လူပွဲ စားမှတဆင့် တရုတ်-မြန်မာနယ်စပ်သို့ မြန်မာမိန်းကလေးများအား လာရောက် ဝယ်ယူမှုများ (၂ဝဝဝ)ခုနှစ် မတိုင် မီကတည်းကရှိနေခဲ့ပြီး ပြီးခဲ့သည့် နှစ်ပိုင်းများက တရုတ်ပြည်အတွင်း မြန်မာမိန်းကလေးများကို တရုတ် အာဏာ ပိုင်များက ဖမ်းဆီးရမိပြီး ပြန်ပို့ခဲ့သလို လူမှောင်ခိုသမားများကို နှစ်ဖက်အာဏာပိုင်များပူးပေါင်းပြီး ဖေါ်ထုတ်ဖမ်း ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လူအရောင်းအဝယ်လုပ်ငန်း ပျောက်ကွယ်နေရာမှ အခုလို ပြန်လည် ခေါင်းထောင်လာ သည်။
ယောင်္ကျားလေးများကိုလည်း တရုတ်ပြည်အတွင်းသို့ အလုပ်ရှာပေးမည်ဟုဆိုကာ ခေါ်ဆောင်ရောင်းစားမှုများ ရှိ နေပြီး မကြာသေးမည်လပိုင်းက ကချင်ပြည်နယ်၊ ကေအိုင်အိုထိန်းချုပ်ရာ မိုင်ဂျာယန်ဒေသအတွင်းမှ ကချင် လူ ငယ်များကို လူမှောင်ခိုသမားများက ခေါ်ဆောင်ကာ ပြည်တွင်းရှိ အလုပ်ရုံများသို့ ပို့ဆောင်ခဲ့ရာ နောက်ပိုင်း ပြန် လည်လွတ်မြောက်လာခဲ့သည်။

ကလေးငယ်ခိုးမှုများလည်း ရံဖန်ရံခါ ဆိုသလို ဖြစ်ပွားနေရာ ယမန်နေ့က တရုတ်ပြည် ရွှေလီပြည်သူ့ ဆေးရုံကြီး ရှိ မွေးလူနာဆောင်အတွင်းမှ တရုတ်ကလေးငယ်နှစ်ဦးကို လူခိုးသည့်သူများက ဆရာဝန်ဟန်ဆောင်ပြီး လာ ရောက်ခိုးသွားသည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ရာ ကလေးငယ်ခိုးသွားသူများကို ဒေသခံအာဏာပိုင်များက ယခုအခါ လိုက်လံရှာဖွှေနေသည်။
အပြည့်အစုံသို့ >>

တရားမ၀င် ငါးဖမ်းသင်္ဘောသားများ အင်းစိန်ထောင်တွင် ထိန်းသိမ်း

ရီမေအောင် ၃ ဒီဇင်ဘာ ၂၀၀၉
မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ ထိုင်ဝမ် သင်္ဘော တစင်းမှာ ပါလာတဲ့ သင်္ဘောသား ၁၂၈ ယောက်ကို အင်းစိန်ထောင်မကြီး ၁ အဆောင်မှာ ထိန်းသိမ်းထားတယ်လို့ ထောင် အသိုင်းအ၀ိုင်းကနေ သိရပါတယ်။
သူတိုအထဲက တချို့ကိုတော့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေလို့ ထောင် ဆေးရုံမှာ တင်ထားပေး ပေမယ့် ကျန်တဲ့ အဆောင် ၁ မှာ ပို့ထားတဲ့ ငါးဖမ်းသမား တွေကလည်း ချောင်းဆိုး၊ဖျားနာ ရောဂါတွေ ပါလာတဲ့ အတွက် အဆောင်မှာ ရှိနေ တဲ့ အကျဉ်းသားတွေအတွက် စိတ်ပူနေရတယ်လို့ အကျဉ်းသား မိသားစုဝင်တဦးက ပြောပါတယ်။ “သင်္ဘောသားတွေမှာ ရေငှက်လို့ ပြောတယ်။ အဲဒီရောဂါတွေ ပါလာတယ်။ ချောင်းဆိုး၊ နေမကောင်းတာတွေ ဖြစ်နေတယ်။ အခြေအနေဆိုးတဲ့ သူတွေကျတော့ ထောင်ဆေးရုံတွေမှာ တင်ထားတယ်။ အခြေအနေ မဆိုးတဲ့သူတွေကျတော့ အဲဒီ ၁ အဆောင်ဘက်ကို ပို့ထားလိုက်တယ်။ ၁ အဆောင်ဘက် နေတဲ့ အကျဉ်းသားတွေ အတွက် စိုးရိမ်ရတာပေါ့။ “သူတို့ ရောဂါက အခု နောက်ဆုံးပေါ်တဲ့ အိတ်ခ်ျဖိုက်အန်ဝမ်း ဆိုလား၊ အချို့ကျတော့လည်း ရေငှက်တုပ်ကွေးလို့ ပြောတယ်။ အဲဒီ ရောဂါတွေက အရမ်း ကူးစက်လွယ်တယ်လို့ ပြောတယ်။”
အဆောင်မှာ ရှိနေတဲ့ ငါးဖမ်းသမားတွေဟာ အ၀တ်တထည် ကိုယ်တခုနဲ့ စားစရာလည်း မရှိတာကြောင့် ၁ အဆောင်မှာရှိတဲ့ မြန်မာအကျဉ်းသားတွေ ဆီက အ၀တ်ကအစ ဟင်းစားအဆုံး လိုက်ပြီး တောင်းနေလို့ အကျဉ်းသားတွေက ကူညီနေရတဲ့ အကြောင်း အဲ့ဒီလူက ပြောပါတယ်။ “စောင်တွေကလည်း မရှိ၊ အ၀တ်တထည် ကိုယ်တခုနဲ့ ရာသီဥတုကလည်း ညဆိုရင်အေး၊ နေ့ခင်းကျရင်ပူ၊ စားစရာကလည်း လုံလုံလောက်လောက် မရှိ၊ အ ကျဉ်းသားတွေ ဆီမှာ လိုက်ပြီး အလှူခံတယ်။ ကော်ဖီမစ် တထုပ် တတ်နိုင် တတ်နိုင်။ ဘာလေးဖြစ်ဖြစ်ပေါ့၊ ရှိတဲ့သူလည်း ထည့်ပေါ့ မရှိတဲ့သူလည်း မထည့်ဘူးပေါ့၊ မ ထည့်တာ များပါတယ်၊ ကိုယ့်ဟာနဲ့ကိုယ် ထောင်ဝင်စာက မ၀ရေစာ စားနေရတာ၊” ထိုင်ဝမ်သင်္ဘောပေါ်က သင်္ဘောသား အများစုဟာ အင်ဒိုနီးရှား၊ ထိုင်ဝမ်နဲ့ တရုတ်တို့က ဖြစ်ပြီး သံရုံးတွေက လာတွေ့တယ်လို့ သိရပေမယ့် လူ ၁၀၀ ကျော်စာ အတွက်တော့ အလုံအလောက် မပေးနိုင်သေးဘူးလို့ သိရပါတယ်၊ ဖမ်းဆီးခံထားရတဲ့ အများစုသင်္ဘောတွေဖြစ်တဲ့ အင်ဒိုနီးရှားလူမျိုးတွေ အတွက် သက်ဆိုင်ရာ သံရုံးဘက်က ဘယ်လို ဆက်သွယ် ကူညီနေတယ်ဆိုတာကို သိ ရဖို့ ရန်ကုန်အခြေစိုက် အင်ဒိုနီးရှားသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် သံရုံးအရာရှိ မရှိ သေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က မြန်မာရေပိုင်နက်မှာ တရားမ၀င် ငါးဖမ်းတဲ့ သင်္ဘော ၁၀ စီးနဲ့ အတူ ဒီသင်္ဘောသားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်၊ အဲဒီအထဲက သင်္ဘောတစင်းဟာ ထိုင်ဝမ်ပိုင် သင်္ဘော ဖြစ်ပေမယ့် တရုတ် အစိုးအရ အနေနဲ့ တရုတ်လူမျိုးတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုပြီး ဖမ်းထား တဲ့ ငါးဖမ်းသမားတွေကို လွတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုထားကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦးလည်းပါတာကြောင့် ဖိလစ်ပိုင် သံရုံးက ၃ ကြိမ် သွား တွေ့ခဲ့ပြီး ဖြစ်သလို လွတ်မြောက်ရေးအတွက်လည်း ကြိုးစားနေကြောင်း ပြီးခဲ့တဲ့ အ ပတ်က အေပီသတင်းတွေ အရ သိရပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP