Friday, 6 November 2009

နှစ်နာကြေးရရေး ထိုင်းနိုင်ငံရောက် မြန်မာ ရာနဲ့ချီပြီး စက်ရုံများကို တရားစွဲ

အေးနိုင်(ဒီဗွီဘီ သတင်း)
၅ နိုဝင်ဘာ ၂၀၀၉ - ကရင်ပြည်နယ် မြဝတီ တဘက်ကမ်းကနေ ထိုင်းဘက်ရှိ မဲဆောက်မြို့က အထည်ချုပ် စက်ရုံတွေ၊ သိုးမွေးစက်ရုံတွေက ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့အပေါ် ခေါ်းပုံဖြတ်ပြီး လုပ်ခမပေးတဲ့ အလုပ်ရှင်တွေကို တရားစွဲဆို အမှုရင်ဆိုင်နေကြပါတယ်။

မဲဆောက်မြို့ရှိ စက်ရုံ ၁၂ ရုံက မြန်မာအလုပ်သမား ၅၀၀ ခန့်ဟာ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လုပ်ခအတိုင်း အလုပ်ရှင်တွေ မပေးတာကြောင့် သူတို့ လုပ်ကိုင်နေတဲ့ စက်ရုံတွေကို တရားစွဲဆို အမှုရင်ဆိုင်နေတာပါ။
ဒီအကြောင်းကို မြန်မာ့အလုပ်သမားအရေး ကူညီနေတဲ့ မက်စ်ဖောင်ဒေးရှင်းရဲ့ မဲဆောက်ဆိုင်ရာ အလုပ်သမား ကိစ မန်နေဂျာ ကိုအေးက ပြောပါတယ်။
" စွဲတဲ့ စက်ရုံ ၁၂ ရုံမှာ ဒီတရုံဆိုရင် ၁၈၅ ယောက်၊ ၁၂၃ ယောက်၊ တရုံနဲ့ တရုံ လူအရေအတွက် မတူဘူး။ အားလုံး ၅၀၀ ကျော်လောက် ရှိတယ်။ ၅၀၀ ဆိုတာ ဒီနှစ်ဟာကို တွက်ထားတာ။ ၂၀၀၁ က စပြီး ဒီနှစ်အထိ အမှုပေါင်း ၁၃၈ မှုရှိတယ်။ လူဦးရေက ၂,၀၇၇ ယောက်ရှိတယ်။ မိန်းကလေးက နဲနဲများတယ် "
အရင်တုန်းကတည်းက အခုလို အလုပ်သမားတွေ နစ်နာချက်ရှိရင် အလုပ်သမားဆက်ဆံရေးရုံးနဲ့ တရားရုံးတွေမှာ တိုင်ကြားခဲ့သလို တချို့အမှုတွေမှာ တရားရုံးက နစ်နာကြေးပေးဖို့ ဆုံးဖြတ်ပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။
တကယ်လက်တွေ့မှာ အလုပ်ရှင်ဘက်က အပြည့်အဝ အကောင်အထည် မဖော်တဲ့အခါ ထပ်မံ တရားရင်ဆိုင်တာတွေလည်း ရှိတယ်လို့ ကိုအေးက ပြောပါတယ်။
မဲဆောက်မှာ မက်စ်ဖောင်ဒေးရှင်းအပြင် တခြားအလုပ်သမား အဖွဲ့အစည်းတွေက အလုပ်သမားတွေကို ကူညီပေးနေပါတယ်။
မနေ့က ဟိုင်းအက် သိုးမွေးစက်ရုံတခုက အလုပ်သမားတွေက အလုပ်ရှင် တွေကို နစ်နာကြေး ရလိုတဲ့အမှု တခုကို မဲဆောက်တရားရုံးမှာ စစ်ဆေးခဲ့ပါသေးတယ်။
အဲဒီအမှုက စက်ရုံက အလုပ်သမားတွေကို လုပ်ခမပေးတဲ့ အတွက် အလုပ်သမားတွေက အလုပ်သမား ဆက်ဆံရေးရုံးကို တိုင်တဲ့အခါ အစိုးရသတ်မှတ်တဲ့ အတိုင် ခြောက်လခွဲလောက်ကို ပေးပေမယ့် နောက်ပိုင်းမှာ စက်ရုံကို ရုတ်တရက် ပိတ်လိုက်တဲ့ အတွက် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တာကြောင့် နစ်နာကြေးတောင်းတာ ဖြစ်ပါတယ်။
ဒါအပြင် ဟိုးအရင် နှစ်တွေတုန်းက တရက်ကို ပျမ်းမျှ ဘတ်ငွေ ၁၅၀ သတ်မှတ်တဲ့ ကာလမှာ ဘတ် ၅၀ ပဲ ပေးတာတွေ အတွက်လည်း ပြန်ပေးဖို့ တောင်းဆိုတာလို့ မနေ့က တရားရင်ဆိုင်ရာမှာ အလုပ်သမားတွေဘက်က ဦးဆောင်သူတဦးက ပြောပါတယ်။
” ဥပဒေအတိုင်း ပေးရမယ်လို့ သူတို့ ဥပဒေပြဌာန်းထားတယ်။ ဝပ်ပါမစ် လုပ်ထားတဲ့ ကုမဏီ ဝန်ထမ်းဆိုရင် သူတို့ မပေးခဲ့တာတွေ၊ တကယ် ပင်ပန်းထားတာတွေ၊ လုပ်အားခတွေ၊ အိုတီကြေးတွေ၊ တနင်္ဂနွေ လုပ်အားခတွေ အတွက် တရာရုံးမှာ ပြန်ပြီးတော့ တောင်းဆိုထားတာ။ တရားရုံးရှေ့နေက နှစ်ယောက်ပြိုင်တု မျက်နှာစုံညီ မစစ်ဘူး၊ တရားသူကြီးက တယောက် တလှည့်စီ သိတဲ့ဘဘောနဲ့ မေးတယ်။ ဒါပေမယ့် နှစ်ဖက်ရှေ့နေတွေကတော့ နေလိုရတယ်။”
သူတို့နှစ်နာချက်ဟာထိုင်းဘတ်ငွေ ၁ သိန်း ဝန်းကျင်လောက်ရှိပေမယ့် ၃ သောင်းပေးရင် ကျေနပ်တယ်လို့ အလုပ်သမားတွေဘက်က တင်ပြခဲ့တာ ဖြစ်ပြီး ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ကို ရုံးပြန်ချိန်းခဲ့ပါတယ်။
မက်စ်ဖောင်ဒေးရှင်က သူတို့ ရှိတဲ့ ရှေ့နေတွေနဲ့ အလုပ်သမားအခွင့်အရေး ရအောင် ဘယ်လို လုပ်မလဲဆိုတာ အလုပ်သမားတွေနဲ့ ဆွေးနွေး ပညာပေးပါတယ်။
စက်ရုံထဲမှာ သူဌေးက အလုပ်သမားတွေကို အပြစ်မရှိဘဲ မောင်းထုတ်တာ၊ ကြိုတင် အကြောင်းမကြားဘဲ စက်ရုံပိတ်ပစ်လိုက်တာမျိုး ဖြစ်လာရင် ဘီးအီး ၂၅၄၁ ပြဌာန်းချက်ပါ အတိုင်း ခံစားခွင့်ရအောင် လိုက်ပါဆောင်ရွက် ပေးနေတာပါ။
ဒီလို ဆောင်ရွက်တဲ့အခါ အလုပ်သမား ကာကွယ်ရေးရုံးကို တိုင်တာရှိသလို အလုပ်သမားတရားရုံးကို တိုင်တာလည်းရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အရပ်ရပ်က မြန်မာနိုင်ငံသား ၂ သန်းဝန်ကျင်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။
ထိုင်းအစိုးရက အနိမ့်ဆိုး လုပ်အားခကို သတ်မှတ်ပေးထားပေမယ့် သတ်မှတ်တဲ့အတိုင်း မရတဲ့ ဖြစ်ရပ်တွေဟာ မဲဆောက်မြို့မှာ သာမက တခြားနေရာမှာပါ ဖြစ်နေတာလို့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ စရင်းကောက်ယူချက်အရ သိရပါတယ်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရမည်

သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး။
နိုဝင်ဘာလ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မ ကြာမီ ပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။


ကုန်းလမ်းပို့ဆောင်ရေးမှ စည်းကမ်းချက်များ ပြန်လည်ညှိနှိုင်းနေကာ အလုပ်သမား လက်မှတ်ဖြင့် ကိုယ်ပိုင်နာ မည်နှင့် ယာဉ်ဝယ်ယူခွင့်၊ နာမည်လွဲပြောင်းခွင့်ရရှိပြီးနောက် ၂ လ အကြာတွင်ယခုလို ညွှန်ကြားလာခြင်းဖြစ် သည်။

ကုန်းလမ်းပို့ဆောင်ရေးမှ လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်နှင့် ပတ်သက်ပြီး ထပ်မံညွန်ကြားလာ မည်ဟု ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ် (HRDF) မှ ကိုစိန်ဌေးက ယခုလို ပြောသည်။

“တကယ်လို့လုပ်ရမယ်ဆို ထိုင်းနဲ့ တန်းတူကုန်ကျရမယ်။ ထိုင်းနဲ့ အတူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ယာဉ်မောင်းသင်တန်း စာမေးပွဲတော့ဖြေရမယ်။”

ယခင်က ရွှေပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင်မရှိသဖြင့် ဒဏ်ငွေပေးဆောင်ရခြင်းနှင့် ပတ်သက်၍ ထိုင်းတာဝန်ရှိသူများထံ ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေခြင်းမရှိခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်း တွင် ထိုင်းကုန်းလမ်းပို့ဆောင်ရေး ဒု-ညွန်ကြားရေးမှုးချုပ်နှင့် သွားရောက်ဆွေးနွေးရာမှ အဆင်ပြေလာသည်ဟု ကိုစိန်ဌေးက ပြောသည်။

ကိုစိန်ဌေးက ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့် အခက်အခဲများကို ယခုလို ဆက်ပြောသည်။

“ချင်းမိုင်ဘက်က အလုပ်သမားတွေဆို ဆိုင်ကယ်မောင်းတာနဲ့ ပတ်သက်ပြီး တအားပြဿနာ တက် တယ်။ တစ်ခါမိ ၂၀၀၀ ခုဆိုမဟာချိုင်ဘက်လဲ အဲလိုဖြစ်နေတယ်။ ထိုင်းတယောက် ကျရင် လိုင်စင် မ ရှိလည်း ဒဏ်ငွေက ၂၀၀ နဲ့ဆိုပြီးတယ်။ မြန်မာဆို ဆိုင်ကယ်သိမ်း၊ လိုင်စင်မရှိလို့ ဒဏ်ငွေ ၂၀၀၀ အ ပြင် ဆိုင်ကယ်ပိုင်ရှင် ကိုယ်တိုင်သွားထုတ်မှရတယ်။ ဒါတောင် ဒဏ်ငွေ ၁၀၀၀ လောက်ပေးရတယ်။”

ယာဉ်မောင်းလိုင်စင် ပြုလုပ်ခွင့် တရားဝင်ရရှိခဲ့ပါက ကြေငြာချက်များနှင့် လူထုကို အသိပေး သွားမည်ဖြစ်ပြီး ကိုယ်ပိုင်နာမည်ဖြင့် တရားဝင်ယာဉ်ဝယ်ခြင်း၊ နာမည်လွှဲပြောင်းခြင်းများကို စံပြအနေနှင့် မဲဆောက်၊ မဟာချိုင်၊ ချင်းမိုင်တွင် ပြုလုပ်လျှက်ရှိသည်။

အပြည့်အစုံသို့ >>

အလုပ်သမားမှတ်ပုံတင်ပြုလုပ်ထားဆဲ အဖမ်းခံရသူများ၏ လက်မှတ်လုပ်ခငွေပြန်မရ၍ အလုပ်သမားများမကျေနပ်

သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံမှ မြန်မာအလုပ်သမားများသည် အလုပ်သမားမှတ်ပုံတင်ပြုလုပ်ထားဆဲ အ ဖမ်းခံရပြီး နယ်စပ်သို့ ပြန်ပို့ခံခဲ့ရပြီးနောက် အလုပ်ရှင်က ၎င်းတို့ ပြုလုပ်ထားသည့် အလုပ်သမားမှတ်ပုံတင်ကျန် ငွေအား ပြန်မပေးသည့်အတွက် အလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။

အဖမ်းခံရသူများ၏ မိသားစုဝင်ဆွေမျိုးများအား အလုပ်သမားလက်မှတ်လုပ်ခ ကုန်ကျငွေကို အလုပ်ရှင်မှပြန်ပေး မည်ဟု ပြောထားသော်လည်း အလုပ်သမားအချို့ကိုသာပေးပြီး အများစုအား ပြန်မရသေးသဖြင့် မိသားစုဝင် များက မကျေမနပ်ဖြစ်နေကြသည်ဟု ယင်းစက်ရုံမှ အလုပ်သမား ကိုကုလားက ယခုလိုပြောသည်။

“အယောက် ၂၀၀ ကျော်အဖမ်းခံရတာကို လူ ၄၀ ကျော်လောက်ပဲပြန်ပေးသေးတယ်။ ကျန်တာ မပေး သေးဘူးခင်ဗျ။ အကုန်လုံးရှိတယ်။ သူတို့အမျိုးတွေလည်းရှိတယ်။ ညီအစ်ကို မောင်နှမတွေလည်းရှိ တယ်။ အဲတာလည်းသူတို့မပေးသေးဘူး။”

ရရောင်းခရိုင်၊ မက်ခါမြို့နယ် အတွင်းရှိ Makarkhit (မကာခစ်) ရာဘာစက်ရုံပိုင်ရှင် နှင့် မန်နေဂျာတို့သည် စက်ရုံ အလုပ်သမားများထံမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန် ကျသင့်ငွေကို လွန်ခဲ့သည့် ဇူလိုင်လက ကောက် ခံခဲ့သည်။

ထိုငွေများအား အလုပ်ရှင်မှ သက်ဆိုင်ရာသို့ မပေးချေသဖြင့် အဆိုပါစက်ရုံလုပ်သား ၂၂၀ အား လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေး(လ၀က)မှ ဖမ်းဆီးခဲ့သည်။

ထိုအလုပ်သမားများအား တရားမ၀င်ဝင်ရောက်မှုဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန (လ၀က)က ထိုင်းမြန်မာနယ် စပ်ရှိ မြ၀တီမြို့သို့ ယခုလဆန်းပိုင်းမှစတင်၍ အသုတ်လိုက် ပို့ဆောင်ခဲ့ပြီး ယခုနောက်ဆုံးအသုတ်အဖြစ် လူ ၄၀ ကျော်သာ ကျန်ရှိသည်။

ထိုင်းလ၀ကမှ မြ၀တီမြို့ရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA)၊ တပ်ရင်း အမှတ် ၉၉၉ ဂိတ်သို့ လွဲပြောင်းပေးခဲ့သည်။

ထိုဂိတ်တွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းငွေ ၁၆၀၀ ဘတ်ဖြင့် ရွေးယူမှသာ မိမိဒေသသို့ ပြန်ခွင့်ရသည်ဟု ကို ကုလားက ဆက် ပြောသည်။

“နယ်စပ်ကိုပြန်ပို့တဲ့အခါကျတော့ ကိုးသုံးလုံးဂိတ်မှာပြန်ရွေးရတယ်လေ။တစ်ယောက်ကို ၁၆၀၀ နဲ့ ပြန် ရွေးရတယ်။ အဲဒါမှ ဗမာပြည်ကိုပြန်လို့ရတယ်။ နို့မို့ဆို မရွေးလို့ရှိရင် ဗမာပြည်ကို မပြန်ရဘူး။”

နယ်စပ်သို့ပြန်ပို့ခံရသည့် အလုပ်သမားများအား DKBA ကိုးသုံးလုံးဂိတ်တွင် ပိုက်ဆံပေး၍ ပြန်ရွေးရသည်မှာ မှန် ကန်ကြောင်း မဲဆောက်ရှိ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦအလုပ်သမားအဖွဲ့မှ ကိုမိုး ဆွေ က ယခုလိုပြောသည်။

“ဟုတ်ပါတယ်။ အဲတာ သတင်းမှန်ပါတယ်။ အလုပ်သမားတွေဖမ်းခံထိပြီး အကူအညီ လိုလို့ ကျနော် တို့ဆီကိုလည်းရောက်လာတဲ့သူတွေရှိတယ်လေ။ ကျနော်တို့သိသလောက် ကတော့ ကိုးသုံးလုံးဂိတ်ကို သွန်တယ်။ အဲဒီမှာ ဘန်ကောက်ကလာတဲ့သူဆိုရင် အနည်းဆုံး ၁၅၀၀ လောက်ပေးရတယ်။”

အကယ်၍ ငွေပေးပြီးမရွေးနိုင်သူများအား DKBA တပ်အတွင်း အလုပ်ခိုင်းစေမှုခံရပြီး အချို့အား စစ်အစိုးရတပ် တွင်းဝင်ရောက်ရန် ခြိမ်းခြောက်ကာ မရသည့်အဆုံး ပြန်လွတ် ပေးသည်ဟု ကိုမိုးဆွေက ပြောသည်။

အဆိုပါစက်ရုံမှ အလုပ်သမားများသည် တရားဝင်အလုပ်သမားမှတ်ပုံတင်အား လွန်ခဲ့သည့် ဇူလိုင်လကတည်းက ပြုလုပ်ခဲ့သော်လည်း အလုပ်သမားလက်မှတ်နှင့် ဆေးကုသခွင့် လက်မှတ်များ လက်ဝယ်ကိုင်ဆောင်ခွင့် မရှိ သည့်အတွက် ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီး ခံရမည်ကို စိုးရိမ်နေကြသည်။

အပြည့်အစုံသို့ >>

ရေလုပ်သားအဖြစ် ရောင်းစားခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်

နွယ်လေး။
အောက်တိုဘာ ၁၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့တွင် ငါးဖမ်းရေလုပ် သားအဖြစ် အရောင်း စားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များနှင့် ပင်လယ်ပျော်များသမဂ္ဂ တို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်တင်လိုက်သည်။


ရောင်းစားခံရသူများ၏ သတင်းပေးပို့ချက်ဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပင်လယ်ပျော်များသမဂ္ဂမှ ကို အောင်သူရက ယခုလိုပြောသည်။

“ရေလုပ်သားကိုသွားတွေ့ရင်းနဲ့ သူတို့လည်း ရောင်းစားခံရပါတယ်ဆိုပြီး ခုလိုအရေအတွက် ၁၈ဦး ဖြစ် သွားတာ။ အကုန်လုံးက ပြန်ချင်ကြတယ် ဒီကနေ လွတ်ချင်ကြတယ်။ အသက် အကြီးဆုံးတယောက်ပါ တယ်။ ၅၁ နှစ်လောက်ရှိတယ်။ သူက မြန်မာပြည်မှာ အင်ဂျင်နီယာဘွဲ့နဲ့ အစိုးရအမှုထမ်းလုပ်ခဲ့ဖူးတယ် ။ အသက် အငယ်ဆုံးက ၁၅နှစ် ၁၆နှစ်ကောင်လေး နှစ်ယောက်ပါတယ်။”

လူကုန်ကူးသည့် ထိုင်းနိုင်ငံသား နှစ်ယောက်နှင့် မြန်မာအမျိုးသမီးတယောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ကိုအောင်သူရက ပြောသည်။

“လှေထွက်တဲ့နေရာမှာ ရောင်းစားခံရဆုံးနေရာပေါ့နော်။ တကယ့် နာမည်ကြီးတဲ့နေရာပေါ့။ အဲလို ဖမ်း လိုက်တဲ့ထဲမှာ သူတို့ကို တကယ်ရောင်းစားတဲ့ ကိုယ့်မြန်မာပြည်သား ပွဲစားလည်း ဖမ်းမိလိုက်တယ်။ သူတို့ကို ချုပ်ထားတဲ့ ပွဲစားပေါ့နော်။ ဒီအမျိုးသမီးက။ ဒီအမျိုးသမီးက တကယ့်ကို အဲဒေသမှာ နည်း နည်းပေါက်ရောက်တယ်ပေါ့နော်။ အင်မတန်မှ ဆိုးသွမ်းတယ်လို့ သူတို့လှေသား အားလုံးက ခံယူထား တာပေါ့။ သူကပဲ အုပ်စိုးထားတဲ့ဟာ။ ကျနော်တို့ လူမျိုးပါပဲ။”

မြန်မာ အလုပ်သမား ၁၈ ဦးကို ထိုင်းအာဏာပိုင်များက စောင့်ရှောက်ထားပြီး ၎င်းတို့အား နေရပ်သို့ ပို့ဆောင်ပေး ရန် စီစဉ်ပေးနေသည်။

ရောင်းစားခံရသူများသည် ပင်လယ်ငါးဖမ်းသင်္ဘောနောက်သို့ လိုက်ရာတွင် အချို့ သူများမှာ သုံးနှစ်တကြိမ် ကမ်း သို့ ကမ်းခြေသို့ ပြန်ဝင်ကြရပြီး အချို့မှာ ဆယ့်ငါးရက် တကြိမ် ကမ်းကပ်ခွင့် ရသည်။ ကမ်းကပ်ခွင့်ရသော်လည်း ၎င်းတို့သည် ရောင်းစားခံရသည့် အတွက် ပြင်ပသို့ ထွက်လည် ခွင့်မရှိဟု ကိုအောင်သူရက ဆက်ပြောသည်။

“သူတို့လုပ်အားခကို အကြွေးပြန်ဆပ်ရတယ်။ လစာတွေလဲ မပေးဘူး။ အလုပ်ကလဲ ကြမ်းတမ်းတယ်။ အခက်အခဲတွေ အများကြီး။ အနေထိုင်ဆင်းရဲတယ်။ ကျွန်သဘောမျိုး လုပ်ရတယ်။”

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့သည် မြန်မာပြည် သားများ ရောင်းစား ခံရသည့် နေရာတွင် အဆိုးရွားဆုံး နေရာဖြစ်ပြီး လွန်ခဲ့သည့်လ အနည်း ငယ်တွင်လည်း ရေလုပ်သား ၄ ယောက် ကို ယင်းနေရာမှာပင် ကယ်ထုတ် ပေးနိုင်ခဲ့သည်ဟု ပင်လယ်ပျော်များသမဂ္ဂက ပြောသည်။

ပြီးခဲ့သည် ၂၀၀၅ ခုနှစ်တွင် ထိုင်းလှေပေါ်ရှိ ရေလုပ်သားများကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များ အကူအ ညီနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အမျိုးသမီးနှင့် ကလေးငယ်အပြင် ငါးဖမ်းလှေလုပ်သားအတွက် အမျိုး သားများရောင်းစားခံနေရခြင်းများကိုပါ ကူညီိနိုင်ခဲ့သည်။

အပြည့်အစုံသို့ >>

Wednesday, 4 November 2009

အယ်ဒီတာထံပေးစာ....

ကျွန်တော်လေးစားစွာနဲ့ စာရေးလိုက်ပါတယ်၊၊ ကျွန်တော်ဟာ ရောင်ခြည်ဦး အလုပ်သမားရေရာ စာစောင်ကို အမြဲစောင့်ဖတ်နေတဲ့ အလုပ်သမားတစ်ယောက်ပါ၊၊ ရောင်ခြည်ဦးအဖွဲ့ပေါ်မှာ အားကိုးယုံကြည်တဲ့ လူတစ်ယောက်ဆိုပါတော့၊၊

ကျွန်တော်တို့တွေ သိလိုတာလေးတွေရှိလို မေးပါရစေ၊ ကျွန်တော်တို့ အလုပ်သမားတွေကို ဗီဇာလုပ်ပေး နေ တယ်၊ လျှောက်လွှာတွေလည်း အလုပ်ရုံမှာ ဖြည့်ထားရတယ်၊ အဲဒါသွားလုပ်ရင် ကောင်းမကောင်းတော့ မသိဘူး ဖြစ်နေတယ်၊ လော့လော့ဆယ်တော့ ဘန်ကောက်မှာ အလုပ်သမားလက်မှတ်(ဘတ်) လုပ်ပေးတုန်းက ဘတ် ၁၅၀၀၀ ကျော်ကို အတိုးနဲ့ ချေးပြီးတော့ မဲ့ဆောက်ကနေ ဘန်ကောက်ကို တတ်လာတယ်၊ အခုလက်ရှိ အလုပ်ရုံမှာ အလုပ်ရဖို့ ပွဲစားကို ဘတ် ၃၀၀၀ ပေးပြီးဝင်ရတယ်၊ အလုပ်သမားလက်မှတ်လုပ်တုန်းက ဘတ် ၄၀၀၀ ကျော်ကုန်တယ်၊ အခုတစ်ခါ မြန်မာနိုင်ငံပြန်ပြီး ဗီဇာပြန်လုပ်ရင် ဘတ် ၈၀၀၀ ကျော်လောက် ကုန်အုံးမယ်၊ မလုပ်ရင် မရဘူးတဲ့၊ ဗီဇာသွားလုပ်ပြီး ပြန်လာရင်လဲ အလုပ်သမာလက်မှတ်က ရှေ့နှစ် ၂ လပိုင်း သက်တမ်းကုန်လို ပြန်တိုးရမယ်ဆိုရင် အနည်းဆုံး ၄၀၀၀ ကုန်အုံးမယ်၊တဲ့။ဒီမှာလည်း အလုပ်ရုံး ၀တ်စုံဝယ်ရတာနဲ့ အခန်းက စပေါ့ တင်ထားနဲ့ ၊ အလုပ်က မကောင်းတာနဲ့ ပိုက်ဆံမစုမိတဲ့ အပြင် အတိုးတောင် မနည်းကြီး ဆပ်နေရတယ်၊ ရတဲ့ လခလေးနဲ့ လစဉ် အခန်းက ပေးရတာနဲ့ စားစရိတ်တွေ အတိုးပေးရတာနဲ့ ဘာမှကို မကျန်တော့ဘူး။
မြန်မာပြည်မှာ စာဝတ်နေရေ ကြပ်တည်းလို ဒီကို ရောက်လာတယ်၊ အခုတော့ ကယ်ရီခ၊ ပွဲစားခ၊ အလုပ်သမား လက်မှတ်ခ၊ အတိုးဖို့၊ ဗီဇာခ၊ အခန်းကနဲ့ စားစရိတ်ခငွေတွေနဲ့ ပတ်ချာကိုတောင် မလည်တော့ပါဘူးဗျာ၊
ကျွန်တော်ဘာလုပ်ရင် ကောင်းမလဲ၊ ဗီဇာမလုပ်ရင်ကော့ ရမလာ၊ လုပ်ရရင်ကော့ ဘယ်လိုလုပ်ရမလဲဆိုတာ တိတိကျကျဘာမှမသိသေးပါဘူး၊ ပြောပြပေးပါအုံးဗျာ၊

လေးစားစွာဖြင့်
ဒုက္ခ၊ သောကသမုဒ္ဒယာထဲက
အလုပ်သမားလေး ကိုဇင်ယော်
ငါးသေတ္တာစက်ရုံ၊ ဘန်ဘော်၊ ဘန်ကောက်။။
(၂၀၀၉၊ စက်တင်ဘာလ ထုတ် ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ် မှ ကူးယူဖော်ပြသည်)
အပြည့်အစုံသို့ >>

Tuesday, 3 November 2009

မယ်တော်ဆေးခန်း ရှေ့နှစ်အတွက် ရန်ပုံငွေ (၂) ဆတိုးလိုအပ်


မေကျော် / ၃ နိုဝင်ဘာ ၂၀၀၉(ခေတ်ပြိုင်)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စေတနာ့ဝန်ထမ်းဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်းအတွက် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အသုံးစရိတ်ကုန်ကျငွေ ယခုနှစ်ထက် နှစ်ဆကျော် ပိုမိုလိုအပ်မည်ဟု ဆေးခန်းကို ဦးဆောင်ဖွင့်လှစ်သူ ရေမွန် မက်ဆေးဆေးဆုရှင် ဒေါက်တာ စင်သီယာမောင်က ပြောကြားသည်။

ယခုနှစ်အတွက် ဆေးခန်းအသုံးစရိတ်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ (၃) သိန်းခွဲခန့် ကုန်ကျသဖြင့် နောက်နှစ်အတွက် ဒေါ်လာ (၇) သိန်းခွဲခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရန်ပုံငွေ ထပ်တိုးလိုအပ်ရခြင်းမှာ ခန့်မှန်းထားသည်ထက် လူနာ ဦးရေတိုးလာခြင်း၊ ဆေးခန်းက တာဝန်ယူဖွင့်လှစ်ထားသောကျောင်းတွင် ရွှေ့ပြောင်းကလေးငယ် ကျောင်းသားများ ပိုများလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မျှော်မှန်းထားသည့် ထောက်ပံ့အလှုငွေမရရှိခဲ့လျှင် ကလေးများအတွက် ရိက္ခာနှင့် အရေးပေါ်လူနာများအတွက် အခက်အခဲများ ကြုံတွေ့ရဖွယ်ရှိသည်ဟုလည်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၎င်းက “တကယ်လို့ မရဘူးဆိုရင်တော့ ကလေးတွေနဲ့ပတ်သက်ရင် ရိက္ခာပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာမယ်။ နောက် ဆရာတွေအနေနဲ့လည်း သူတို့ ပုံမှန်ထောက်ပံ့ကြေးတွေ မရလို့ စာသင်ချိန် လျှော့သွားတာမျိုးတွေ ဖြစ်လာမယ်။ ကျန်းမာရေးပိုင်းမှာကတော့ ဆေးဝါးက ပုံမှန်လက်ရှိ ၀င်ငွေနဲ့ ထိန်းထားနိုင်တယ်ဆိုပေမယ့် အရေးပေါ်လာတဲ့အချိန်မှာ မဲဆောက်ဆေးရုံကိုပို့ဖို့ ထားရမယ့် ရန်ပုံငွေအတွက် မထားနိုင်တော့ဘူး။ တကယ့်အခြေအနေမှာ မဲဆောက်ဆေးရုံ မပို့နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများထဲမှ လူနာ သိသိသာသာတိုးလာခြင်း မရှိသော်လည်း မြန်မာပြည်တွင်းမှ လာတက်ကြသည့် လူနာအရေတွက်က ပိုများလားပြီး နှစ်စဉ် လူနာဦးရေ ထက်ဝက်မှာ မြန်မာပြည်တွင်းမှ လာရောက်ပြီး ဆေးကုသသူများဖြစ်ကြောင်း ယင်းဆေးခန်းစာရင်းအရ သိရသည်။

“တနှစ်ကို လူနာ (၂၀) ရာခိုင်နှုန်းတိုးတာ ပုံမှန်။ နောက် အရေးပေါ်လူနာတွေအတွက် ရန်ပုံငွေရဲ့ (၂၀) ရာခိုင်နှုန်းထားရတယ်။ ရွှေ့ပြောင်းကလေးတွေကိုလည်း ရိက္ခာခြောက်ပေါ့နော် ဆန်၊ ဆီ၊ ဆား၊ ပဲ အဲဒါတွေလည်း ပုံမှန်ဖြန့်ဖြူးပေးနိုင်အောင် လုပ်ရသေးတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၁၉၈၉ ခု ဖေဖော်ဝါလတွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် မယ်တော်ဆေးခန်းအနေဖြင့် အခမဲ့ဆေးဝါး ကုသပေးခြင်း လုပ်ငန်းအပြင် ရွှေ့ပြောင်းကလေးငယ်များအတွက် ပညာရေးနှင့် ရိက္ခာထောက်ပံ့ပေးမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေသည်။

မယ်တော်ဆေးခန်း၏ စာရင်းဇယားအရ ၂၀၀၈ ခုအတွင်း စုစုပေါင်း လူနာ (၈၀,၀၀၀) ကျော်ကို ဆေးဝါးကုသ ပေးခဲ့ပြီး ထိုအထဲမှ လူနာ (၈၀၀) ကျော်ကို အရေးပေါ်လူနာများအဖြစ် မဲဆောက်ဆေးရုံသို့ လွှဲပြောင်း၍ ကုသပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရွှေ့ပြောင်းကလေးငယ် (၂,၀၀၀) ကျော်ကို နေ့စဉ် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ရိက္ခာခြောက်အပြင် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ပေးနေပြီး ဆေးခန်းနှင့် သင်တန်းကျောင်းများကို ၀န်ထမ်းအင်အား (၅၀၀) ကျော်ဖြင့် လည်ပတ်နေသည်။

မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်သည် သူမ၏ စေတနာ့ဝန်ထမ်း လူမှုအကျိုးပြု ဆောင်ရွက်မှုများအတွက် ရေမွန်မက်ဆေးဆေးဆုအပါအ၀င် နိုင်ငံတကာမှ ချီးမြှင့်သော ဆုပေါင်း (၁) ဒါဇင်ကျော် ရရှိထားသူဖြစ်သည်။
အပြည့်အစုံသို့ >>

Monday, 2 November 2009

အရုပ်ကလေးရဲ့ မေမေ

ကိုဈာန်

ညနေမှောင်ရီပျိုးချိန် ပုဇွန်ဆီရောင်သန်းနေတဲ့ နေလုံးကြီးက လယ်ကွင်းပြင်စိမ်းစိမ်းတွေထဲကို တိုးဝင် ပျောက်ကွယ်တော့ မည်။ ညနေတိုင်း ညနေတိုင်းမှာ လယ်တဲထဲက နေပြီး နေ၀င်တာကို ထိုင်ထိုင်ပြီး ငေးရတာ လွမ်းသလိုလို ဆွေးသလိုလိုပင်။ ကိုယ့်မြေ ကိုယ့်မွေးရပ်ကို တမ်းတနေမိသည်။

ပုခက်ပေါ်က အင့်ခနဲ့ ကလေး ငိုသံကြားတော့ အတွေးစများ ပြတ်တောက်သွားခဲ့သည်။ ညနေပိုင်း ဆောင်းရာသီဥတုက အေးစပြုလာပြီ။ ကလေးကို ရင်ခွင်ထဲပွေ့ပိုက် နို့တိုက်ပြီး ဘေးနားရှိ ဖျင်ကြမ်း စောင်တထည်ကိုပါ ကောက်ခြုံလိုက်လေသည်။ အနီးအနားက လယ်တဲတွေစီက မီးရောင်တွေကို မြင်နေရပြီ။ မနေ့ကလက်ကျန် ဖယောင်းတိုင် အတိုလေးကို ထွန်းညှိလိုက်သည်။ မိမိရင်ခွင်ထဲက အငမ်းမရ နို့စို့နေတဲ့ သားလေးကို ကြည့်ပြီး ရင်ထဲ အေးမြသွားလေသည်။ တနေ့တာ ပင်ပန်းမှုတွေ ကွယ်ပျောက်သွားသလိုပင်။ သားလေးမှာ နို့စို့ရင်း လက်လေးနှစ်ဖက် မိမိရင်ဘက်ကို ပုတ်ပုတ်ပြီး ဆော့ကစားရင်း အိပ်ပျော်သွားပေသည်။

ညနေစာ… ဒီညအဖို့တော့ ကန်ဇွန်းရွက်ပြုတ်ရည်ပဲ သောက်ပြီးအိပ်တော့မည်။ ဒီနေ့ကောက်ရိတ်ခကို သူဌေးက မနက်ဖြန်မှ ပေါင်းရှင်းမည်ပြောသဖြင့် ညနေကတည်းက လယ်ကွင်းထဲမှာ ကန်ဇွန်းရွက်များကို ခူးခဲ့သည်။ သစ်ကိုင်းခေါက် သုံးလေးချောင်းကောက်ပြီး ကန်ဇွန်းရွက်ပြုတ်ထားရသည်။ ပိုပိုလိုလို ပိုက်ဆံဘတ် ၂၀ လောက်ကို ခြေဆောင့် လက်ဆောင့်ထားထားရမည်။ ဆန် ၀ယ်မစားရဲပေ။

ကန်ဇွန်းရွက်ပြုတ်ကို ငါးပိရည်နှင့် တို့စားလိုက်လေသည်။ ဘာမှမစားရတာနှင့်စာရင် နည်းနည်းခံသာလေသည်။ ခလေးကို ဘေးနားတွင် ချသိပ်လိုက်သည်။ မိမိလည်း အိပ်တော့မည် ဖျင်ကြမ်းစောင်လေးကို ကောက်ဆွဲပြီး သားအမိနှစ်ယောက်ခြုံလိုက်လေသည်။ တော်တော်နှင့် အိပ်မပျော်ပေ။ စဉ်းစားစရာတွေက ခေါင်းထဲဝင်ဝင်လာသည်။ လင်ယောက်ျားကလဲ ကလေးရှေ့ရေးအတွက် စုမိဆောင်းမိအောင် ဘန်ကောက်တက် အလုပ်လုပ်သည်မှာ ၂ လ လောက်ရှိပေမည်။ အဆက်အသွယ် မရသေးပေ။ ဘန်ကောက်ကို တောလမ်းက သွားမည်ပြောသည်။ ဘန်ကောက်ကို ချောချောချူချူ ရောက်ရဲ့လား၊ အလုပ်အကိုင်ကော အဆင်ပြေရဲ့လားမသိ။ မိမိယောက်ျားအတွက်လည်း ပူပန်ရသေးသည်။ ကလေးက ၉ လရှိပြီ နို့မဖြတ်ရဲသေးပေ။ နို့ဖြတ်ရင် ကလေးအတွက် စားစရာမတက်နိုင်သေးပေ။ ကလေးကို ထိန်းကျောင်းပေးမယ်သူ့မရှိ လယ်ထဲမှာ ကောက်စိုက်ရင်း ကလေးကို လွယ်ပိုးရင်းစိုက်ရသည်။ မိမိနဲ့အတူ နေပူခံရသည်။ နေ့ခင်းနေ့လည် လယ်တဲတွင် ပုခတ်နှင့်သိပ်ရသည်။ အတွေးပေါင်းစုံ၊ တော်တော်နှင့်အိပ်မပျော်ပေ…။

ရုတ်တရက် ကလေးရဲ့ ထငိုသံကြောင့်အတွေးစတွေ ပြတ်တောက်သွားခဲ့သည်။ နို့တိုက်ပြီး ပြန်ချော့သိပ်သည် ပြန်မအိပ်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ကလေး… ကလေးကိုယ်နဲ့ အထိအတွေ့…။ ခလေးအသားတွေ ကျစ်ကျစ်ပူနေသည်။ အခုမှ သတိထားမိသည်။ ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ဆေးပညာ ဗဟုသုတလည်း မရှိ။ ကလေး ကိုယ်ပူ သက်သာအောင် အနှီးလေးကို ပြေးယူ၍ ရေဘက်တိုက်ပေးနေမိသည်။ ကလေးကလည်း သည်းသည်းလှုပ်အောင် ငိုကြွေးနေသည်။ ထိုင်းဆေးတွေလဲ မ၀ယ်တက်။ ထိုင်းစကားလည်း မတက်။ လက်ထဲမှာလည်း ပိုက်ဆံ ဘတ် ၂၀ ပဲရှိသည်။ ဘယ်လိုလုပ်ရပါ့။ သြော်…. မြန်မာပြည်ကတည်းက လိုရမယ်ရဆောင်ထားတဲ့ တိုင်းရင်းဆေးတော့ရှိသည်။ ဆရာမောင်ဆေးနီမှုန့်… ကိုယ်ပူကျဆေး၊ ရှိတာလေးနဲ့ ကလေးကို တိုက်ကြည့်မည်။ ကိုယ်ပူတော့ ကျလောက်မည်ထင်သည်။ ကလေးအငိုရပ်သွားသည်။ ကိုယ်ပူလည်း နည်းနည်းကျသွားသည်။ နည်းနည်းတော့ စိတ်အေးသွားသည်။ မိမိလည်း မှိုန်းခနဲ့ အိပ်ပျော်သွားသည်။

* * * * *
မိမိလက်တဖက်အေးစက်သည့် အထိအတွေ့ကြောင့် ဖျတ်ခနဲ့ လန့်နိုးလာသည်။ ကလေးကို ကိုင်ထားသည့်လက်တဖက်… ဖယောင်းတိုင်တွင် မီးညှိပြီး ကလေးကို စိုးရိမ်ပူပန်စွာကြည့်မိသည့်။ ကလေး… ကလေး… နှုတ်ခမ်းတွေ မျက်နှာတွေပြာနေသည်။ အသားက အေးစက်နေသည်။ လုပ်ပါဦး… လုပ်ပါဦး သား… သား…။ ကလေးကို ပွေ့ပိုက်ပြီး အိမ်ပေါ်ကဆင်း အခြားတဲဘက်တွေကို အကူအညီရလိုရညား ပြေးလွှားမိသည်။ ကိုလှမောင်တို့ လယ်တဲဘက် အမောတကော ပြေးလာမိသည်။
အစ်ကိုလှမောင် ကျမသားလေးကို ကြည့်ပါဦး၊
ဘာဖြစ်လာတာလဲဟဲ မိချမ်းရဲ့… ၊

ကျမသားလေး တကိုယ်လုံးလဲ အေးစက်လို့ မျက်နှာတွေ နှုတ်ခမ်းတွေလဲပြာလို့ ဘာဖြစ်လဲမသိဘူး။ ကူညီပါဦး။ ကျမလည်း ဘာလုပ်ရမှန်းမသိဘူး။ သားလေး သား ထပါဦးသားရယ်…။ အမေ့နို့စို့ပါဦး…။ သားလေး ငိုတောင် မငိုတော့ဘူး။ သား… သား … ။

ပြစမ်းနင့်ကလေး ဘာဖြစ်လဲ…။ ဟင်…. နင့်ကလေးက အသက်မှ မရှိတော့ဘူး။
ရှင်… ဘယ်လိုပြောလိုက်တာ ကျမကလေးက ခုနတုန်းကတောင်ငိုနေသေးတယ်…။ အသက်ရှိပါသေးတယ်… သား … သား … ထပါဦးသားရယ်…။ အမေ့နို့စို့ပါအုံး…။ ဖြစ်မှဖြစ်ရလေသားရယ်။ သားလေးမသေပါဘူး…။ နော်သား…နော်။

စိတ်ဖြေပါ မိချမ်းရယ်…။
အစ်ကိုလှမောင်ရယ် ကျမမှာလည်း ပိုက်ဆံမရှိဘူး အသုဘစရိတ်တောင်မရှိဘူး…။ ကလေးအတွက်လည်း ဆွမ်းကြွေးလေးလဲလုပ်ချင်တယ်။
ကဲလောလောဆယ်တော့ ကလေးကို နင့်လယ်တဲအောက်မှာပဲ မြှုပ်ထားခဲ့…။ မဲဆောက်ကိုတက်ပြီး နင့်ရပ်ဆွေရပ်မျိုးတွေဆီက အသုဘစရိတ်နဲ့ ရက်လည်ဆွမ်းဖိုးလေးရမှ ပြန်လာပြီးကောင်းမှုလုပ်ပေါ့ကွယ်။
* * * * *

တောင်ယာ စိုက်ခင်းတွေဘက်ကို တရွေ့ရွေ့ သွားနေသည့် လိုင်းကားတစင်း….ဟိုင်းဝေး လမ်းပေါ်တွင် အပြင်းမောင်းနှင်နေသည်။ လိုင်းကားတဲ့တွင် လူများများစား သိပ်မရှိ။ အားလုံးပေါင်းမှ ၅ ယောက်ရှိသည်။ ထိုအထဲတွင် အသက်သုံးဆယ်နီးပါးခန့် အမျိုးသမီးတယောက်… လက်ထဲက ဘတ် ၁၀၀၀ ကျော်နီးပါးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားသည်။ သူမစိတ်ထဲမှာ သူမနေခဲ့သည့် လယ်တဲကို မြန်မြန်ရောက်ချင်နေသည်။ မဲဆောက်တွင် ပန်းရံဝင်လုပ်ပြီး ရသည့်ငွေ စုခဲ့သည်။ မဲဆောက်တွင် တလနီးပါးခန့်ကြာသွားသည်။ ကားကလည်း နှေးလိုက်တာ…။ မြန်မြန်ရောက်ချင်နေပေသည်။ ကလေးကို ကောင်းကောင်းသဂြိုင်္လ်မည်။ တဲနားကလူတွေကို ခေါ်မည် ရက်လည်ဆွမ်းကြွေးမည်။ နောက်ဘ၀တွင် ယခုလို မကြုံရလေအောင်၊ ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းမည်။ စိတ်ကူးတွေတသီတတန်းကြီးနဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ထပ်စုပ်ကိုမိသည်။ ရောက်ပြီ…။

သူမ အံ့သြမှင်တက် သွားခဲ့သည်။ ကားပေါ်က ဆင်းဆင်းချင်း ထိုလယ်ကွင်းပြင်နေရာကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သူမနေခဲ့သည့် လယ်တဲ…။ ကိုလှမောင်တို့ လယ်တဲ…။ အခုတော့ မြေတွေ ဖို့ထားသည့် ကွင်းပြင်ကြီးဖြစ်နေပြီ။

ကွင်းပြင်ကြီး… ကွင်းပြင်ကြီး
ကျမ… ကျမ… သားလေးကော။ လယ်တဲကော…။ သားလေး…. သား…..။ ရက်လည်ဆွမ်းကြွေးမည့် ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင်စုတ်ပြီး လယ်ကွင်းထဲတွင် ပြေးလွှားနေသည်။ သူမ တယောက်ထဲ ကွင်းပြင်ကြီးထဲ လယ်တဲဖြစ်နိုင်မယ့်နေရာတွေကို လက်နှင့် ယက်နေသည်။ နေ့ဘက်လည်း ထိုလယ်ကွင်းထဲတွင် သူမကိုတွေ့မည်။ တခါတလေ ထိုင်ပြီးသူမ ငိုကြွေးနေသည်၊ ရယ်မောနေသည်။


* * * * *

မဲဆောက် အဝေးပြေးကားဂိတ်မှာ ကလေးအရုပ်ကလေးချီထားပြီး အရုပ်ကို စကားတတွတ်တွတ်ပြောနေသည့် အမျိုးသမီးတယောက်…။ နေပူတာ မိုးရွာတာကို သူမ မသိတော့။
တခါတလေ ကလေးအရုပ်ကလေးကို နို့ဘူးတိုက်သည်၊ ချော့နေသည့် အမျိုးသမီးတယောက်ကို တွေ့လိမ့်မည်။
တခါတလေ ငိုကြွေးနေသည်။ တခါတလေ ရယ်နေပေသည်။
လောကဓံ တရားက သူမပေါ်သက်ရောက်မှု မရှိတော့သလိုမျိုး…။ ဘ၀ရဲ့လှိုင်းပတ်ခတ်ဒါဏ်ကို သူမကြံ့ကြံ့ခံနိုင်သွားလေပြီလား….။

(မြင်သမျှလေးတွေရေးထားတာပါ လိုတာပိုတာ အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP