Saturday, 9 October 2010

အလုပ်ရှင်က အလုပ်သမားများလခကို တောမောင်းရုံးတွင်ထုတ်ခိုင်းပြီး သေနတ်ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ

.
သတင်း | |
ထိုင်း-လာအိုနယ်စပ်၊ ထိုင်းဘက်ကမ်း ခွန်ကယ်မြို့ရှိ DECHAPANIC (ဒီချာပဲန်နင်) ပိုက်စက်ရုံမှ အလုပ်ထွက်စာတင်ထားသည့် မြန်မာအလုပ်သမားများ လုပ်အားခနှင့် ပတ်စ်ပို့စ် စာရွက်စာတမ်းများကို တောမောင်းရုံးတွင် သွားထုတ်ယူရန် စက်ရုံမှူးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ခြိမ်းခြောက်မှုမျိုးစုံ ခံနေရသည်။

အလုပ်ထွက်စာတင်ထာသည့် မြန်မာအလုပ်သမား (၅၆၉) ဦးအား သေနတ်များဖြင့် ချိန်ရွယ်မှုများပြုလုပ်နေကြောင်း အလုပ်သမားတဦးက ပြောသည်။

“မနေ့ကတုန်းက စာကပ်ထားတယ်၊ အလုပ်ထွက်စာတင်ထားတဲ့ ၅၆၉ ယောက်ကို တောမောင်းရုံးမှာ လခ သွားထုတ်ရမယ်၊ ပြီးရင် စက်ရုံကနေထွက်သွားဖို့ စာထုတ်တာ ညသုံးနာရီလောက်မှာ သေနတ်နဲ့ ချိန်တယ်၊ မိုးပေါ်ပစ်ဖောက်တာ အဲဒါနဲ့ ကျနော်တို့က ဘုရားဆောင်မှာ တက်နေရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ထိုင်းစက်ရုံ လုံခြုံရေးအဖွဲ့က ပြုလုပ်နေစဉ် မြန်မာအလုပ်သမား အုပ်ချုပ်ရေးအဖွဲ့မှ လူကြီး (၂) ဦး ရှိသော်လည်း တစုံတရာ တားမြစ်ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။
.“ကျနော်တို့ မထွက်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာရွက်စာတမ်းတွေ၊ လက်မှတ်တွေ၊ လုပ်အားခတွေ ကျနော်တို့ကို မပေးသေးဘူး၊ အဲဒါကြောင့် ကျနော်တို့မသွားတာပါ၊ အဲဒါတွေမရှိဘဲ ဘယ်မှသွားအလုပ်လုပ်လို့လဲ မရဘူး၊ သူဌေးကိုယ်စားလှယ်က တော်တော်ကောက်ကျစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ပတ်စ်ပို့စ်များ ပြန်ထုတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း လက်ရှိအလုပ်သမား ၂၀၀ ကျော်မှာ ပြန်မရသေးဘဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

စက်ရုံတွင် ကပ်ထားသည့် ကြေညာစာတွင် စက်ရုံမှ အကြောင်းပြန်ထားသော အလုပ်သမားများအား ၂၇ ရက်၊ ၉ လ၊ ၂၀၁၀ မှ ၃ ရက်၊ ၁၀ လ၊ ၂၀၁၀ အထိ အလုပ်ထွက်စာကို အလုပ်သမား ဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း၊ ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့ နံနက် (၉) နာရီတွင် စက်ရုံမှ ထွက်ပေးရန်၊ ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နံနက် (၉) နာရီတွင် အကြောင်းပြန်ထားသော အလုပ်သမား (၅၆၉) ဦးတို့သည် တောမောင်းရုံးသို့ သွားရန် တဦးတယောက်မျှ ရောက်လာခြင်းမရှိကြောင်းနှင့် အကြောင်းပြန်ထားသော အလုပ်သမားများသည် စက်ရုံမှ အလုပ်သမားများ မဟုတ်တော့သည့်အတွက် ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့လည် (၁၄) နာရီတွင် စက်ရုံမှ ထွက်ပေးကြရန် ရေးသားထားကြောင်း ၎င်းအလုပ်သမားက ဆက်ပြောသည်။

စက်ရုံတာဝန်ရှိသူများက နောက်ထပ် စာရေးသားပြီး ညနေ (၅) နာရီတွင် စက်ရုံမှ ထွက်ပေးရန် ကြေညာထားကြောင်းလည်း သိရသည်၊

ပြီးခဲ့သည့်လအတွင်း အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမားများက ပတ်စပို့စ်များ ပြန်ရရေးအတွက် ဆန္ဒပြတောင်းဆိုစဉ်ကလည်း စက်ရုံအာဏာပိုင်များက တောမောင်းများခေါ်ကာ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ယခုတကြိမ်တွင် သေနတ်းဖြင့်ပါ ခြိမ်းခြောက်လာခြင်းကြောင့် သက်ဆိုင်ရာ အလုပ်သမားရေးတာဝန်ရှိသူများ၏ အကူအညီလိုအပ်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
အပြည့်အစုံသို့ >>

Sunday, 5 September 2010

အထူးရဲ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမားထောင်ချီထွက်ပြေးနေရ

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထူးစီမံကိန်းအနေဖြင့် ဘန်ကောက်မှ အထူးရဲ တပ်ဖွဲ့များလာရောက်၍ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ယနေ့မနက်မှ စတင်ဖမ်းဆီးရာ မြန်မာအလုပ်သမားထောင်နှင့်ချီ ထွက်ပြေးပုန်းရှောင်နေရသည်။

ဘန်ကောက်အထူးရဲတပ်ဖွဲ့ အယောက် ၃၀၀ ခန့် မဲဆောက်မြို့တွင် တရားမ၀င်အလုပ် သမားများကို စစ်ဆေး ဖမ်းဆီးရာ ယနေ့နံနက်ပိုင်းတွင် အဖမ်းခံရသူ အယောက် ၁၀၀ ကျော်သည်ဟု အလုပ်သမားများက ပြောသည်။ မဲဆောက်မြို့တွင် အလုပ်လုပ်နေသော အလုပ်သမားအများစုမှာ အလုပ်သမားလက်မှတ် မရှိသောကြောင့် အ လုပ်ရုံများပိတ်ပြီး အလုပ်ရှင်က တိမ်းရှောင်ရန် ပြောသည်ဟု စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး က ပြောသည်။

"သုံးရက်ပိတ်ထားတယ်။စက်ရုံတွေက သုံးရက်ပိတ်ထားတယ်။အလုပ်သမားတွေကတော့ လက်ရှိလော လောဆယ် ကျနော်သိရသလောက်ဆိုလို့ရှိရင်တော့ တစ်ရာကျော်ရှိတဲ့ နေရာရှိသလို သုံး၊ လေး၊ ငါးရာ ရှိတာလည်းရှိတာပေါ့။ ဒါပေမယ့် လက်မှတ်မရှိတဲ့သူကတော့ လက်မှတ်ရှိတဲ့သူထက်စာရင်တော့ နှစ်ဆ လောက်ပိုများတာပေါ့။ အဲ့ဒါကြောင့် လက်ရှိ လောလောဆယ်ရှောင်ခိုင်းထားတယ်လေ။"

မဲဆောက်မှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက ယင်းဖမ်းဆီးမှုကြောင့် ယခုအချိန်တွင် မဲဆောက်မြို့တစ်မြို့ လုံးနီးပါးငြိမ်သက်လျှက်ရှိပြီး အလုပ်သမားအများစုမှာ ထွက်ပြေးနေ ကြရသည် ဟု ပြောသည်။

"အားလုံးဘယ်သူမှမနေကြဘူး၊ အားလုံး လယ်တော၊ ခြံ၊ ယာတောတွေမှာ ထွက်ပြေးသွား ကုန်ကြပြီ။ တချို့ကလည်း ပြေးမယ့်နေရာမရှိတော့ ဟိုဖက်ကမ်းကိုဒီတိုင်းပဲ အောက်လမ်း ကနေကူး ပြေးကြ တယ်လေ။"

ယနေ့နံနက် ၄ နာရီမှ စတင်၍ ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် သော စက်ရုံ အလုပ် ရုံများ၊ လမ်းများ၊ ဈေးများနှင့် ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီး နေဟု မဲဆောက်ရှိ မြန်မာအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

"အဖမ်းအဆီးကစနေပြီ၊ မနက် ၄ နာရီ၊ ၄ နာခွဲလောက်ကတည်းနေဖမ်းနေပြီလေ။စက်ရုံတွေ ဆောက် လုပ်ရေးဆိုက်တွေ အားလုံးပဲဝင်ဖမ်းနေတာလေ။ လမ်းတွေပေါ်မှာ လည်းတအားဖမ်းနေတယ်ဗျ။ အား လုံးထွက်ပြေးနေကြတယ် လောလောဆယ်ကတော့။ ကိုယ့်အိမ်ကိုယ်ပြန်တဲ့သူတွေလည်းရှိတယ်။ လမ်း မှာလည်းဖမ်းခံရတဲ့သူတွေရှိတယ်။"

ယခုဖမ်းဆီးမှုမှာ ဇွန်လအတွင်း ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ယာယီနိုင်ငံကူးလက်မှတ် စာရင်းမတင်သွင်းထားသူများ ဖမ်းဆီးပြန်ပို့ရေး အထူးအစီစဉ် ကြောင့်ဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေက ယခုလိုပြောသည်။

"ကျနော်တို့ယူဆတာကတော့ ထိုင်းဝန်ကြီးချုပ်ပြီးခဲ့တဲ့ ဇွန်လတုန်းကလက်မှတ်ထိုးထားတဲ့ ဒီတရားမ ဝင် အလုပ်သမားပေါ့နော်၊ အထူးသဖြင့်တော့ နိုင်ငံရေးစီစစ်ရေးလက်မှတ်မလုပ်တဲ့ အလုပ်သမားအား လုံးပေါင်း သူတို့ရဲ့အစီအစဉ်ထဲမှာ မပါတဲ့ အလုပ်သမားတွေကိုဖမ်းဖို့ပေါ့၊ သုံးသိန်းထိဖမ်းဖို့ပေါ့ အဲ့ဒီ အစဉ်အစီပဲလို့ ကျနော်တို့ယူဆတယ်။"

ယာယီနိုင်ငံကူးလက်မှတ်များလုပ်ပေးသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု စာရင်းမတင်သွင်းရ ခြင်းနှင့်ပတ်သက်၍လည်း ဦးမိုးဆွေက အခုလို သုံးသပ်ပြောဆိုသည်။

"ဒီနှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်နေတဲ့အစီစဉ်ကို အလုပ်သမားအများစုက မြန်မာအစိုးရ ကိုမယုံ ကြည်တဲ့အတွက် ဒီစီမံကိန်းကမအောင်မြင်ဘူး၊ မအောင်မြင်တဲ့ အတွက်ကြောင့် နောက်ဆက်တွဲ အ ကျိုးဆက်အနေနဲ့ ဒါတွေကဖြစ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။"

မဲဆောက်မြို့တွင် အလုပ်ရုံ၊ စက်ရုံပေါင်း ၇၀ ကျော်ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် လုပ် ကိုင်နေကြသည်။

ထိုင်းအစိုးရက တရားမဝင်အလုပ်သမား သုံးသိန်းကို ဇွန်လ မှ အောက်တိုဘာလကုန်ထိ အထူးစီမံကိန်းအနေနှင့် ဖမ်းဆီး၍နေရပ်သို့ပြန်ပို့မည်ဟု တရားဝင်ကြေညာထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာပြည်မှရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ နှစ်သန်းကျော် ရှိသော်လည်း တရားဝင် လုပ်သမား တစ်သန်း နှစ်သိန်းကျော်ရှိပြီး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် စာရင်းတင်သွင်းသူပေါင်း ကိုးသိန်းကျော်သာရှိသည်။ ကျန် အလုပ်သမားများမှာ တရားမဝင်အလုပ်သမားများဖြစ်သည်ဟု ထိုင်းအလုပ် သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု

မြတ်ခိုင်ဦး / ၀၃ စက်တင်ဘာ ၂၀၁၀

နှစ်နိုင်ငံသဘောတူ စာချွန်လွှာအရ ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူခွင့်ကို မြန်မာအစိုးရက သဘောတူလိုက်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၁,၇၅၉) ဦးအား ထိုင်းကုမ္ပဏီများက မကြာခင် ခေါ်ယူတော့မည်ဖြစ်သည်။

ထိုသို့ခေါ်ယူမည့် ထိုင်းကုမ္ပဏီများမှာ ခရိုင်အသီးသီးမှ ကုမ္ပဏီ (၈၅) ခုဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၄,၆၄၉) ဦးနှင့် အမျိုးသမီး (၇,၁၁၀) ဦး စုစုပေါင်း (၁၁,၇၅၉) ဦးကို ခေါ်ယူမည်ဖြစ်သည်။ ဒေသအားဖြင့် မြဝတီမှ (၄,၇၃၈) ဦး၊ ကော့သောင်းမှ (၃,၆၁၅) ဦးနှင့် တာချီလိတ်မှ (၃,၄၀၆) ဦး ပါဝင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ဘန်ကောက်ရှိ အလုပ်သမားရုံး (၁၀) ရုံးအပါအဝင် ခရိုင်ရုံးအသီးသီးသို့ ညွှန်ကြားလွှာပေးပို့ပြီး သက်ဆိုင်ရာကုမ္ပဏီများအား အဆိုပါ အလုပ်သမားများကို လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုခေါ်ယူခွင့်ပြုမည့် ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သော မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့မှတဆင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုခံယူကာ ယာယီပတ်စပို့စ်များဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ညွှန်ကြားလွှာအရ အချို့အလုပ်အကိုင်များသည် နေ့စားဖြစ်ပြီး အချို့မှာ လခစားဖြစ်သည်။

ချိုင်းယာဖွန်ခရိုင်ရှိ အထည်ချုပ်ကုမ္ပဏီတခုမှ ပေးသည့် အနိမ့်ဆုံးလစာငွေသည် တလလျှင် (၃,၉၅၂) ဘတ်မှ တရက်လုပ်အားခ (၁၅၂) ဘတ်ဟု သတ်မှတ်ပါရှိသည်။ သို့ရာတွင် အဆိုပါခရိုင်၏ အနိမ့်ဆုံးလစာငွေသည် တရက်လျှင် လုပ်အားခ (၁၅၆) ဘတ် ရှိရမည်ဖြစ်သည်။ ယခုတင်သွင်းထားသော နှုန်းထားကို ပြင်ဆင်မှု ပြုလုပ်မည် မပြုလုပ်မည်ကို မသိရှိရသေးပေ။

အမြင့်ဆုံးလစာသည် ချွန်ဘူရီခရိုင်မှ လူပုဂ္ဂိုလ်တဦးမှခေါ်ယူသည့် အထွေထွေ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်သမားဖြစ်ပြီး လစာ (၇,၀၀၀) ဘတ်ဖြစ်သည်။ အရေအတွက်အားဖြင့် အမျိုးသား (၇၀)၊ အမျိုးသမီး (၂၂)၊ စုစုပေါင်း (၉၂) ဦးဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အသီးသီးတွင် အနိမ့်ဆုံး လုပ်အားခအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် ထိုင်းအစိုးရမှ သတ်မှတ်ထားသည်။ အနိမ့်ဆုံးလုပ်အားခမှာ တနေ့လျှင် အလုပ်ချိန် (၈) နာရီရှိပြီး တရက်လျှင် (၁၅၁) ဘတ်ရရှိမည့် ဇယာအို၊ ပီချစ်၊ ဖရေးနှင့် မဲဟောင်ဆောင် ခရိုင်တို့ဖြစ်ကြသည်။ အဆိုပါတွက်ချက်မှုတွင် အချိန်ပိုကြေး မပါဝင်ပေ။ အမြင့်ဆုံး တရက်လုပ်အားခမှာ (၂၀၆) ဘတ်ဖြစ်ပြီး ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင်ဖြစ်သည်။

လုပ်အားလိုအပ်သော ကုမ္ပဏီများမှ လုပ်သားခေါ်ယူနေခြင်းကြောင့် ကြားခံပွဲစားများ၊ လူကုန်ကူး ရောင်းသူများ၏ လိမ်လည်လှည့်ဖျားမှုမခံရရေး အလုပ်သမားများ အထူးသတိထားရန်လိုကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော အန်စီဂျီယူဘီမှ ကိုသက်ခိုင်က ပြောကြားသည်။

“အလုပ်သမားတွေ အလုပ်လုပ်ဖို့လာပြီဆိုရင် ကိုယ်က ဘယ်စက်ရုံ၊ ဘယ်ကုမ္ပဏီမှာ လုပ်ရမယ်ဆိုတာ သေချာသိအောင် လုပ်စေချင်တယ်။ အနိမ့်ဆုံးအဆင့် ကိုယ်လုပ်ရမယ့် လုပ်ငန်း၊ စက်ရုံအမည်၊ တည်ရှိရာခရိုင်တွေပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ အလုပ်သမားကိုယ်တိုင် မိမိလုပ်ကိုင်ရမည့် နေရာဒေသ လုပ်ငန်းအမျိုးအစားကိုသိမှ လိုအပ်သည့် အကြံပေးမှုမျိုးကို ထိထိရောက်ရောက် လုပ်ကိုင်ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိကို ခေါ်ဆောင်သော လုပ်ငန်း၊ ကုမ္ပဏီသည် အမှန်တကယ် ရှိမရှိကိုလည်း လိုအပ်လျှင် စုံစမ်းပေးနိုင်မည်ဖြစ်ပြီး လူကုန်ကူးခံရမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယမန်နှစ်မှ စတင်၍ နိုင်ငံသားစိစစ်မှုပြုကာ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုတော့မည်ဟု နှစ်နိုင်ငံအစိုးရများမှ သဘောတူ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ

ရဲရင့် / ၀၃ စက်တင်ဘာ ၂၀၁၀

တရားမ၀င် အလုပ်သမား (၃) သိန်းခွဲခန့်ရှိသည့် တာ့ခ်ခရိုင်တွင် ယနေ့မှ စတင်ကာ တရားမ၀င် အလုပ်သမားဖမ်းဆီးမည့် အထူးစစ်ဆင်ရေးကြောင့် ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ငန်းခွင်များမှ ရှောင်တိမ်းနေကြသည်။

အဆိုပါစစ်ဆင်ရေးကြောင့် မဲဆောက်ရှိ မြန်မာအလုပ်သမား (၅) ထောင်ခန့်သည် မြန်မာနိုင်ငံ မြ၀တီမြို့သို့ သွားရောက်တိမ်းရှောင်နေကြပြီး ကျန်သိန်းချီသည့်အလုပ်သမားများမှာ လက်လှမ်းသင့်ရာနေရာတို့တွင် ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့မှ စက်တင်ဘာ (၅) ရက်နေ့အထိ ဖမ်းဆီးမည့်စစ်ဆင်ရေးကြောင့် မဲဆောက်ဒေသရှိ စက်ရုံအလုပ်ရုံနှင့် စိုက်ပျိုးရေးခွင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား အလုပ်ရှင်များက ယမန်နေ့မှ စတင်ကာ တိမ်းရှောင်စေခြင်း ဖြစ်သည်။ အလုပ်သမတဦးဖြစ်သူ မငယ်ငယ်က “ကျမတို့က မဲဆောက်ကမ်းနားစက်ရုံကပါ။ အလုပ်သမား (၂) ထောင်ရှိတယ်။ သူဌေးက ပြောတယ်။ မနေ့ကစပြီး ဘန်ကောက်က အထူးရဲတပ်ဖွဲ့ (၂၀၀) ကျော်ရောက်နေတယ်။ မိရင် တရားရုံးတင်မယ်၊ ထောင်ကျမယ်လို့ ပြောတယ်။ အကုန်လုံးရှောင်ကြဆိုပြီး စက်ရုံပါ ပိတ်ထားတယ်” ဟု ပြောသည်။

မဲဆောက်နှင့်မြ၀တီ နယ်ခြားသောင်ရင်းမြစ်တွင် စက်လှေမောင်းသည့် ကိုကုလားကြီးက “အဖမ်းအဆီးရှိလို့ မနေ့ကစပြီး ထိုင်းဘက်စက်ရုံက လူတွေ မြ၀တီဘက်ကို ပြန်ကူးလာကြတယ်။ စက်လှေခ တယောက် ကျပ် (၅၀၀) အထိယူတယ်။ အလုပ်သမားတွေက ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေ၊ အသိတွေဆီမှာ တည်းကြတာများတယ်” ဟု ပြောသည်။

မဲဆောက်ဘန့်စောင်ခွဲ အထည်ချုပ်စက်ရုံမှ မညိုညိုက “ဒီရပ်ကွက်မှာ စက်ရုံအကြီးအသေး (၈) ရုံရှိတယ်။ အလုပ်သမား (၂,၅၀၀) ကျော်ရှိတယ်။ အလုပ်ရှင်တွေက လုံးဝတာဝန်မယူဘူးဆိုတော့ အားလုံး မြ၀တီဘက် သွားရှောင်နေရတယ်” ဟု ဆိုသည်။

(၃) ရက်တာကြာမြင့်မည့် ဖမ်းဆီးမှုစစ်ဆင်ရေးအပြီးတွင် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း အလုပ်ရှင်များက မှာကြားထားသည်ဟုလည်း အလုပ်သမားများက ပြောသည်။

မြ၀တီဘက်ကူးရန် အခြေအနေမပေးသည့် အလုပ်သမားများမှာ ထိုင်းဘက်ခြမ်းရှိ တောထဲနှင့် အခြားအဆင်ပြေမည့် နေရာဒေသများတွင် တိမ်းရှောင်လျက်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

မဲဆောက်မြို့တွင်းရှိ အလုပ်ရုံစက်ရုံများ အားလုံးနီးပါးပိတ်ထားပြီး အလုပ်သမားလက်မှတ်ရှိသူအချို့နှင့် ထိုင်းအလုပ်သမားအချို့သာ စက်ရုံများတွင် ကျန်ရှိပြီး မဲဆောက်ဈေး အနောက်ဘက်ရှိ မြန်မာအလုပ်သမား (၁၀၀) ခန့် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံ၌ အလုပ်သမား (၆) ဦးသာ ကျန်ရှိသောကြောင့် စက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်သွားသည်ဟု အလုပ်ရှင်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် မြန်မာအလုပ်သမား (၄) သိန်းခန့် လုပ်ငန်းခွင်အသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိရာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသူမှာ (၆) သောင်းခန့်သာရှိပြီး မဲဆောက်ဒေသအတွင်း
အလုပ်ရုံစက်ရုံ (၂၈၀) ခန့်တွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည့်အနက် အလုပ်သမားမှတ်ပုံတင်ထားသူ (၄) သောင်းခန့်သာရှိသည်ဟု တာ့ခ်ခရိုင် အလုပ်သမားရုံး မှတ်တမ်းများအရ သိရသည်။

ယနေ့စတင်သော စစ်ဆင်ရေးသည် ပြီးခဲ့သည့် ဇွန်လ၌ စတင်သည့် ထိုင်းဝန်ကြီးချုပ်၏ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ ဖမ်းဆီးအရေးယူကာ နေရပ်ပြန်ပို့မည့် စီမံချက်၏ နောက်ဆက်တွဲ ဖြစ်သည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် (ဂျေအေစီဘီအေ) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “၀န်ကြီးချုပ် ပြောပြီးတဲ့နောက်မှာ ပထမဆုံး အရေးယူခြင်းပဲ။ ဒီအလုပ်သမားတွေကို ဖမ်းပြီးပြန်ပို့လိုက်ရင် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားမှာ သေချာတယ်။ လုပ်ငန်းခွင်အသီးသီးမှာ မြန်မာအလုပ်သမားတွေကို ဈေးပေါပေါနဲ့ ရနေတာဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ တနေ့ဘတ် (၅၀-၆၀) လောက်ပဲရတဲ့လူတွေရှိတယ်။ ထိုင်းနိုင်ငံမှာ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေ၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ၊ ညစ်ပတ်ပေရေတဲ့အလုပ်တွေ ထိုင်းတွေမလုပ်နိုင်ဘူး။ သိန်းချီတဲ့ အလုပ်သမားတွေကို ဖမ်းပြီးပြန်ပို့ရင် အရင်ဆုံး အစိုးရကို ကန့်ကွက်မှာကတော့ ထိုင်းလုပ်ငန်းရှင်တွေပဲ ဖြစ်တယ်” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မဲဆောက်၌ အဖမ်းခံရသည့် မြန်မာအလုပ်သမား (၂၀၀) ကျော်ခန့် ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

Monday, 30 August 2010

နိုင်ငံသားစိစစ်မှု အစီအစဉ်သစ် ဖွင့်လှစ်ရန် တောင်းဆို

.မြတ်ခိုင်ဦး / ၂၇ သြဂုတ် ၂၀၁၀(ခေတ်ပြိုင်)

ထိုင်းအစိုးရ ပြုလုပ်နေသော နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား အချိန်ကာလတိုးမြှင့် သတ်မှတ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
.မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်အတွက် လျှောက်လွှာတင်သွင်းရမည့်ရက်ကို ထိုင်းအစိုးရက ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထား သတ်မှတ်ခဲ့သည်။

သို့သော် အခက်အခဲအမျိုးမျိုးကြောင့် လျှောက်လွှာတင်သွင်းမှု မလုပ်နိုင်သေးသည့် ရွှေ့ပြောင်း အလုပ်သမားဦးရေ (၁) သန်းကျော် ရှိနေသေးသည့်အတွက် ထိုသူများလည်း နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်အတွင်း ပါဝင်လာနိုင်ရေး အချိန်တိုးမြှင့်ပေးရန် ဘန်ကောက်မြို့ အစိုးရဌာနရုံးတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပသောအစည်းအဝေးတွင် တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မတီ၊ ထိုင်းအစိုးရ အလုပ်သမားရေးရာ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံအတွင်း အလုပ်သမားအရေး လုပ်ဆောင်နေသော NGOs အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများအပါအဝင် လူပေါင်း (၁၀၀) ကျော်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးမှ သတင်းထုတ်ပြန်ချက်တွင် ပထမအချက်အနေဖြင့် နိုင်ငံသားစိစစ်မှု ပြုလုပ်ရေး (ဘတ်လက်မှတ်အသစ် ဖွင့်လှစ်ပေးရေး) အချိန်ကာလကို ပိုမိုတိုးမြှင့်သတ်မှတ်ပေးရန်၊ ထို့အတွက် ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံအတွင်း ပြန်၍ နိုင်ငံသားစိစစ်မှု ခံယူခြင်း မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် ထိုအလုပ်သမားများ၏ ဘဝလုံခြုံရေးနှင့် ၎င်းတို့၏ လုပ်အားကို အားကိုးအားထား ပြုနေရသော စီးပွားရေးလုပ်ငန်းများ ကမောက်ကမ မဖြစ်စေရေးတို့အတွက်ဖြစ်ကြောင်း တောင်းဆိုထားသည်။

ဒုတိယအချက်တွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း လုပ်ဆောင်နေသော ပွဲစားကုမ္ပဏီများအား ထိန်းချုပ်ပေးသွားရန် တောင်းဆိုထားသည်။ ထို့အတွက် ရွှေ့ပြောင်း အလုပ်သမားများထံမှ အကျိုးအမြတ် ရယူနေသူများကို တားမြစ်ပေးသွားရန်၊ သတ်မှတ်နှုန်းထားထက် ပိုမိုယူ၍ လုပ်ဆောင်နေသော ပွဲစားကုမ္ပဏီများအား တရားဝင်အရေးယူရန်၊ ရွှေ့ပြောင်းအလုပ်သမားများ တိုင်တန်းနိုင်မည့် နေရာသတ်မှတ်ပေးရန်နှင့် စာရင်းမှတ်တမ်းများကို အလုပ်သမားဝန်ကြီးဌာန လက်အောက်တွင်သာ ထားရှိရန် ပါဝင်သည်။

တတိယအချက်တွင် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပိုမိုထိရောက်သည့် ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုထားသည်။ ထို့အတွက် လွယ်ကူသော နိုင်ငံသားစိစစ်မှု လုပ်ငန်းဖြစ်လာစေရေးအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာပြီး ဘေးကင်းလုံခြုံမှုရှိလာမည် ဖြစ်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပိုမိုပါဝင် လုပ်ဆောင်လာမည်ဟု တင်ပြထားသည်။

စတုတ္ထအချက်တွင် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ စုပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများ နားလည်လွယ်သော ဘာသာစကားဖြင့် သတင်းအချက်အလက်များကို အလုပ်သမားထုအတွင်း ဖြန့်ဝေပေးသွားရန် ပါဝင်သည်။

ပဉ္စမအချက်တွင် အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဤနိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်သူ အားလုံးပါဝင်ကာ ငြိမ်းချမ်းသောနည်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းသွားရန်လိုကြောင်း တောင်းဆိုထားသည်။

ထို့အပြင် တရားဝင် ခွင့်ပြုချက်ရရှိထားသော ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ရှင်အပြောင်းအလဲ အပါအဝင် မသမာသူတို့၏ ခေါင်းပုံဖြတ်မှုမှ အကာအကွယ်ရရှိစေရန် တရားဥပဒေ၏ ပံ့ပိုးကူညီမှုအတိုင်း ဘေးကင်းလုံခြုံမှုရှိရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံမှ ယနေ့အထိ နိုင်ငံသားစိစစ်မှု ပြုလုပ်၍ တရားဝင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်သည် (၂) သိန်းခွဲရှိပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား (၁၄၀,၀၀၀) ကျော် ပါဝင်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့် ရှိမည်ဟု အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများစာရင်းများအရ သိရပြီး ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းဆက်ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) သိန်းခန့်က တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းသွားခဲ့သည့်အတွက် (၈) သိန်းခန့်သာ ပြန်လည်မှတ်ပုံတင်ကြသည်။ ထို့အပြင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ခြင်းမရှိသူ အရေအတွက်မှာ (၁) သန်းခန့် ရှိနေသေးသည့်အတွက် ဤသို့တောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူတဦးက ပြောကြားသည်။

အပြည့်အစုံသို့ >>

ကလေးမြို့နယ်ရှိ ရေနံမြေတွင် အလုပ်သမားများ ဆန္ဒပြ

.ခင်နှင်းထက်
၁၆ သြဂုတ် ၂၀၁၀ - (www.burmese.dvb.no)

ကလေးမြို့နယ်အတွင်းရှိ ချယ်ရီ ရိုးမ ရေနံမြေမှာ ပြီးခဲ့တဲ့ ရက်ပိုင်က အလုပ်သမားဆန္ဒပြမူဖြစ်ခဲ့ပြီး လုံထိန်းရဲတွေရဲ့ ရိုက်နှက်နှိမ်နင်းမူကြောင့် အလုပ်သမား ၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနံကုမ္ပဏီပိုင်ရှင်က ရေနံတွေကို ဈေးနှိပ်ဝယ်နေတဲ့အတွက် ရေနံဈေးတိုးပေးဖို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်၊ အခုလ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ နောက်ပိုင်း အလုပ်သမား တထောင်လောက်အထိ ဖြစ်လာတဲ့အတွက် ကုမ္ပဏီပိုင်ရှင်က ကလေးမြို့က ရဲတွေကို အကူအညီတောင်း ဖြေရှင်းခဲ့တာလို့ ဆိုပါတယ်။
.အခုလ ၁၅ ရက်နေ့မှာ ရဲတွေက ဆန္ဒပြ အလုပ်သမားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ အလုပ်သမားတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပြပါတယ်။
" ကုမ္ပဏီရဲ့ လုံခြုံရေးတာဝန်ရှိတဲ့ လူတွေက လာပြီး ထိန်းသိမ်းဖမ်းဆီး အဲလိုတွေ လုပ်တာ၊ အားလုံး နောက်လူတွေ မလုပ်ရဲအောင်ပေါ့၊ ထိုးကြိတ်၊ ရိုက်နှက်၊ ကန်ကြောက်၊ အဲလိုတွေလုပ်တာ၊ အဲဒီမှာ နားရင်းအုပ်တာ၊ ပစ်ထိုးတာတွေ လုပ်တယ်၊ ဒုတ်တွေနဲ့ ရိုက်တယ်၊ နားတွေဘာတွေ ထိခိုက်ကန်ုတယ်၊ နှစ်ယောက်ကတော့ မျက်စိတော်တော် ပျက်သွားတယ်။ နောက်ပြီးတော့ နားလည်း မကြားရအောင် ဖြစ်သွားတယ်၊ ကျန်တဲ့ ခေါင်းဆောင်းပိုင်းကတော့ ထွတ်ပြေးကြတယ်၊ ထွတ်ပြေးတဲ့ လူတွေရဲ့ ပစ္စည်းတွေ၊ တဲ့တွေတော့ ဖျက်ဆီးပစ်လိုက်တယ်။ "
ဒီကုမ္ပဏီဟာ ရေနံဝယ်ယူရာမှာ နည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်ယူနေတာကို မကျေနပ်တဲ့ အတွက် အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာလို့လည်း ကလေးမြို့ခံက အခုလို ဆက်ပြောပြပါတယ်၊၊
" ရေနံတပေပါကို သူတို့က ပေပါကြီးကိုလည်း အသားကုန် ဖောင်းထည့်ပေါ့၊ ပေပါအောက်ပိုင်းကော အပေါ်ပိုင်းကော၊ ပေပါနဲ့ မတူတော့ဘဲနဲ့ အလုံးကြီး ဖြစ်နေတယ်၊ ထပ်ရော အောက်ေ၇ာ ဖောင်းဖောင်းကြီး ဖြစ်ပြီးတော့ ပေပါကို ဝင်ဆံ့အောင် ဖန်းတီးထားတာပေါ့။ အဲလို ဖန်တီးထားတဲ့ ပေပါကြီးနဲ့ လက်ခံပြီးတဲ့ အပြင် တပေပါရောင်းလို့ရှိရင် ၈ ဂါလံ တပုန်း နောက်က အပိုပေးရသေးတယ်၊၊ ရေနံတူးတဲ့သူတွေက နောက် ၈ ဂါလံပုန်းကြီးတပုန်း သွားရောင်းမယ်ဆိုရင် ရေသန့်ဗူး ၂ ဗူး၊ အဲလို ပုံစံအမျိုးမျိုးနဲ့ သူက အပိုတောင်းယူတယ်။ အဲလိုပေးရတာ အပြင်ဈေးက ငါးသောင်း ကျော်ကျော်ပဲ ပေးတယ်၊ တပေပါကို "
ဆန္ဒပြ ဖြစ်ပြီးတဲ့နောက် ကုမ္ပဏီက ရေနံဈေး အနည်းငယ် တိုးပေးလိုက်ပေမယ့် အလုပ်သမားတွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေ အကြား မကျေနပ်မူတွေ ဆက်ဖြစ်နေဆဲ လိုလည်း သူက ပြောပါတယ်။ ချယ်ရီ ရိုးမရေနံမြေဟာ ကလေးမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက် အကွာမှာ ရှိပြီး ရေနံအထွက်ကောင်းတဲ့ ရေနံမြေတခု ဖြစ်တယ်လို့လည်း ဒေသခံတွေ အပြောအရ သိရပါတယ်။
အပြည့်အစုံသို့ >>

Sunday, 22 August 2010

မဟာချိုင် ပုစွန်စက်ရုံအလုပ်သမားများ သပိတ်မှောက်

မြတ်ခိုင်ဦး / ၂၀ သြဂုတ် ၂၀၁၀

ယနေ့နံနက်တွင် မဟာချိုင်ရှိ Asian Seafood Co.Ltd (တိမ်ပြာ) ပုစွန်စက်ရုံမှ အလုပ်သမားများ အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြမှု ဖြစ်ပွားနေသည်။

အလုပ်သမားအရေအတွက် (၃,၀၀၀) ခန့်ရှိသော မဟာချိုင်ရှိ Asian Seafood Co.Ltd ပုစွန်စက်ရုံမှ အလုပ်သမားများအား ယခင်ပေးနေကြ အချိန်ပိုကြေး တနာရီ (၃၈) ဘတ်အစား ကီလိုချိန်ဖြင့် ပေးအပ်မည်ဟု ပြောဆိုသဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ယမန်နေ့ နံနက်ကတည်းက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ထိုသို့အလုပ်မဆင်းဘဲ ဆန္ဒပြနေမှုကြောင့် ခေါင်းဆောင်ဟု ယူဆရသူ (၁၀) ဦးခန့်အား စက်ရုံရှိ လုံခြုံရေးများ၊ အလုပ်ကြပ်များက စက်ရုံ ရုံခန်းအတွင်းသို့ ခေါ်ဆောင်သွားကြပြီး ထိုးနှက်ကန်ကျောက်ကြကြောင်း၊ နံနက်ခင်းတွင် ရဲ (၆) ဦးလည်း ရောက်နေကြောင်း မျက်မြင်တဦးက ပြောကြားသည်။

ဆန္ဒပြသူများအနက်မှ လုပ်သက် (၁၀) နှစ်ကျော်သူ မအေးအေးသန်းက “ကျမတို့က ကီလိုစားနဲ့ဆိုရင် တကီလို ဘယ်လောက်ရမယ် မှန်းလည်း မပြောဘူး၊ ပေးချင်သလိုပေးရင် ကျမတို့နစ်နာတယ်။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒပြကြတာ။ အခုမနက် ကျမတို့ ဆန္ဒပြကြတော့ ခေါင်းဆောင်လို့ထင်ရတဲ့ ယောက်ျားလေး (၁၀) ယောက်ကို ရုံးခန်းထဲ ခေါ်သွားတယ်။ စကားထပြောတဲ့ မိန်းကလေး (၃) ယောက်ကိုလည်း ကားနဲ့ ဘယ်ခေါ်သွားမှန်းမသိဘူး” ဟု ဆိုသည်။

ထို့နောက် သူဌေးနှင့် ကားသမားများရောက်လာ၍ အဆိုပါယောက်ျားလေးများအား ရိုက်နှက်ကာ ခုံများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် အချို့မှာ ထွက်ပြေးလာနိုင်ပြီး အချို့မှာ ရုံးခန်းတွင် ကျန်ရစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆန္ဒပြအလုပ်သမားများ၏ အလုပ်သမားလက်မှတ်များကို အလုပ်ကြပ်များက သိမ်းဆည်းထားပြီး ကျန်အလုပ်သမားများအား ကီလိုစားဖြင့် လုပ်မည့်သူများ လက်မှတ်ထိုး လက်ဗွေနှိပ်၊ မလုပ်လိုသူများ ကားပေါ်တက်ဟု ဆို၍ အလုပ်သမားများက ကြောက်လန့်၍ လက်မှတ်ထိုး လက်ဗွေနှိပ်ပေးလိုက်ရကြောင်း သိရသည်။

အဆိုပါစက်ရုံသည် ယခင်က ကီလိုစားဖြင့်သာ ခိုင်းစေလာခဲ့ပြီး လွန်ခဲ့သည့်တနှစ်ခန့်မှစ၍ ပုံမှန်လုပ်အားခအဖြစ် စမုတ်ဆာခွန်ခရိုင် သတ်မှတ်ချက် (၂၀၅) ဘတ်ကို ပေးအပ်ပြီး အလုပ်ချိန် (၈) နာရီကျော်လျှင် အချိန်ပိုကြေး တနာရီ (၃၈) ဘတ် ပေးခဲ့သည်။

သို့သော် ယမန်နေ့မှ စတင်၍ အလုပ်သမားများအား ကီလိုဈေးဖြင့် ပုတ်ပြတ်ပြန်ခိုင်းစေရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်လျှင် လကုန်ကျသင့်ငွေရှင်းရာတွင် လုပ်အားခရှင်းတမ်း (ဘိုင်စနယ်) အတိအကျကို ထုတ်ပြန်မပေးသဖြင့် အလုပ်သမားများမှာ ကျေနပ်မှုမရှိခဲ့ကြောင်း ယခင်နှစ်များက အတွေ့အကြုံရှိခဲ့သူ အလုပ်သမား ကိုစိုးဝင်းက ပြောသည်။

“အရင်က သူများစက်ရုံတွေ (၁၇၀) ဆိုရင် ကျနော်တို့က (၁၅၀) အဲဒီလို သူတို့က လုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

ထိုကိစ္စအတွက် အလုပ်သမားရေးအဖွဲ့များမှ မဟာချိုင်ရှိ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး (ဆဝါဒီကမ်) သို့ သွားရောက်တင်ပြခဲ့ရာ အဆိုပါရုံးမှ တာဝန်ရှိသူ (၃) ဦးက Asian Seafood Co.Ltd ပုစွန်စက်ရုံသို့ သွားရောက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှ တာဝန်ရှိသူများ ပြန်သွားပြီးနောက် ရုံးခန်းထဲ ခေါ်ယူထားသူများဖြစ်သည့် ကိုတင်နိုင်၊ ကိုကွမ်းသီးခြောက်အပါအဝင် (၈) ဦးအား အချုပ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“တနာရီ (၃၈) ဘတ်တော့ မပေးနိုင်ဘူး၊ သူ့စက်ရုံကို ပိတ်ချင်ပိတ်၊ စက်ရုံတွေ အများကြီးရှိတယ်” ဟု သူဌေးလုပ်သူမှ ပြောကြောင်း ရုံးခန်းမှထွက်လာသူ အလုပ်သမတဦးက ပြောဆိုသည်။

ယခုနောက်ဆုံးအခြေအနေမှာ အလုပ်ရှင်နှင့်အလုပ်သမားများကြား ပြေလည်မှု မရရှိသေးဘဲ ထိုင်းအလုပ်သမားအခွင့်အရေးရုံးမှ သူများကိုလည်း ဆက်သွယ်၍ မရသေးပေ။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP