Thursday, 5 August 2010

နိုင်ငံကူးလက်မှတ်အသစ်များ စတင်ထုတ်ပေး

မြတ်ခိုင်ဦး / ၀၄ သြဂုတ် ၂၀၁၀  

ယခုနှစ်အစောပိုင်းကတည်းက ကြေညာထားခဲ့သော bar code စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ်အသစ်များကို ယခုရက်ပိုင်းမှစ၍ ဘန်ကောက်ရှိ မြန်မာသံရုံးမှ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းမှစတင်၍ ဘန်ကောက်ရှိ မြန်မာသံရုံးသို့ မိမိကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်၏ သက်တမ်းတိုးခြင်း၊ စာအုပ်စာမျက်နှာကုန်၍ အသစ်လဲလှယ်လို၍ သွားရောက်သူများအား အဆိုပါနိုင်ငံကူး လက်မှတ်အသစ်ကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။ အဆိုပါ စာအုပ်အသစ် ပြုလုပ်ခြင်းကာလသည် (၁၄) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်၍ နိုင်ငံကူးလက်မှတ်အသစ်များအား သံရုံးအသီးသီးမှ ပြောင်းလဲထုတ်ပေးမည်ဟု ကြေညာထားခဲ့သော်လည်း မပြုလုပ်နိုင်ခဲ့သေးဘဲ ယခုရက်ပိုင်းအတွင်းမှ စတင်၍ ထုတ်ပေးနေခြင်းဖြစ်သည်။

မေလအတွင်းက သွားရောက်သက်တမ်းတိုးသူတဦးက “ကျနော်တို့သွားလုပ်တုန်းက မရသေးဘူး။ ကျနော်တို့ကို ဘာညွှန်ကြားချက်မှ မလာသေးပါဘူးဆိုပြီး back date နဲ့ လုပ်ပေးလိုက်တယ်” ဟု ဆိုသည်။

ထိုသို့သွားရောက်လဲလှယ်ရာတွင် (က) နိုင်ငံကူးလက်မှတ်မူရင်းနှင့် စာမျက်နှာအားလုံး၏မိတ္တူများ၊ (ခ) (၁.၅ × ၂.၀) လက်မအရွယ်အစား ဓာတ်ပုံ (၃) ပုံ၊ (ဂ) လက်ရှိလအထိ အခွန်ဆောင်ထားသောပြေစာ မိတ္တူ၊ (ဃ) ကျောင်းသားဖြစ်လျှင် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာနှင့် ကျောင်းသားကတ်မိတ္တူ (သို့) မှီခိုသူဖြစ်ပါက ၎င်းအမှီခိုခံရသူ၏ အခွန်ပြေစာလက်မှတ် (သို့) အလုပ်လုပ်ကိုင်နေပါက အလုပ်လုပ်ကြောင်း ထောက်ခံစာ (အလုပ်ခန့်စာ)၊ (င) ဘတ်ငွေ (၄,၀၀၀) တို့ ပေးဆောင်ရမည်ဖြစ်သည်။ ယခင်က (၃) နှစ်ကာလအတွက် စာအုပ်သက်တမ်း တိုးမည်ဆိုပါက ဘတ်ငွေ (၄,၀၀၀)၊ (၁၀) နှစ်ပြည့် (သို့) စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လုပ်မည်ဆိုပါက ဘတ်ငွေ (၁၂,၀၀၀) ပေးဆောင်ရသည်။

အဆိုပါ စာအုပ်အပြောင်းအလဲကို မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်း သံရုံးတွင် စာကပ်ထားသည်ဟု သိရသည်။ သင်္ဘောသားများမှလွဲ၍ ကျန်သည့်မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ၏ စာအုပ်သက်တမ်းသည် (၃) နှစ် (၁) ကြိမ် တိုးမြှင့်ရမည်ဖြစ်ပြီး၊ သင်္ဘောသားများမှာ သက်တမ်း (၅) နှစ်ရရှိမည် ဖြစ်သည်။

ကိုယ်တိုင်သွားရောက် လုပ်ဆောင်ခဲ့သူတဦးက “ဘာလဲမသိဘူး၊ ထပ်ထည့်ထားတာပဲ ဆိုတော့ စက်နဲ့ဖတ်လို့ ရတယ်ပေါ့၊ ကျန်တာ အရင်အတိုင်းပဲ၊ ဘယ်ညာ လက်မလက်ဗွေကို သူတို့စက်ကလေးမှာ နှိပ်ရတယ်” ဟု ဆိုသည်။

အဆိုပါ လက်ဗွေများကို စက်ဖြင့်ဖတ်၍ရရန် ထည့်သွင်းသွားမည်ဖြစ်ပြီး ကိုင်ဆောင်သူလက်မှတ်လည်း မှတ်တမ်းသွင်းပါရှိမည်ဖြစ်သည်။ အဆိုပါ အမှတ်အသားအားလုံးသည် Digital စနစ်အဖြစ် လက်ခံစစ်ဆေး၍ ရနိုင်မည်ဖြစ်သည်။ အဆိုပါ အပြောင်းအလဲကာလအတွင်း ယခင်နိုင်ငံကူးလက်မှတ်အဟောင်းအား ကာယယကံရှင်မှ ကိုင်ဆောင်ထားခွင့်ရှိကာ ဗီဇာသက်တမ်း မကုန်ဆုံးသေးသည်အထိ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။
အပြည့်အစုံသို့ >>

Saturday, 31 July 2010

မြန်မာလုပ်သား ၇ဝ ကျော် ယာယီ ဖမ်းဆီးခံရ

ငြိမ်းချမ်း ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ ဝပ်တန်ကရောက် ဘန့်စောင်ကွဲ ၂ ရပ်ကွက်ရှိ စက်ရုံ ၃ ရုံမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေ ၇ဝ ကျော်ကို ထိုင်းရဲက ယနေ့ ညနေပိုင်းတွင် ၃ နာရီခန့်အကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပိတ်ထားသဖြင့် အဆိုပါ မပန်းသီး သိုးမွှေးစက်ရုံနှင့် မော်တာစက်ရုံ ၂ ရုံမှ မြန်မာလုပ်သား ၇ဝ ကျော်ကို စက်ရုံပိုင်ရှင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
"အကုန်လုံး ပြန်လွတ်လာပြီ။ ဟိုဘက်ကမ်းက သွန်လို့မရဘူး ဖြစ်နေတယ်။ ဟိုဘက်ကမ်း ဂိတ်တွေ ပိတ်ထားတော့ ပုလိပ်နဲ့ အလုပ်ရှင်နဲ့ ညှိပြီး ပြန်လွတ်လာတာ။ စက်ရုံပိုင်ရှင်တွေလက်ထဲ ပြန်အပ်ပေးလိုက်တယ်။ ကားခ ဘတ် ၁၂ဝဝ ဆိုလား၊ ၁၅ဝဝ ဆိုလား ပေးလိုက်ရတယ်" ဟု မဲဆောက်တွင် အလုပ်သမားအရေး ကူညီနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမျိုးဇော်က မဇ္ဈိမကို ပြောသည်။

နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားကာ နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာဘက်မှ မြဝတီမြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်ကို ယခုလ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
အပြည့်အစုံသို့ >>

ယာယီပတ်စပို့ရှိသော်လည်း အလုပ်သမားများ အဖမ်းခံရဆဲ

မြတ်ခိုင်ဦး / ၂၉ ဇူလိုင်၂၀၁၀

 မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ကိုင်ဆောင်ထားသော်လည်း ထိုင်းရဲ၏ ဖမ်းဆီးခြင်း ခံနေရဆဲဖြစ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) ဦးနှင့် အိမ်၌ ယာယီနိုင်ငံကူးလက်မှတ် ထားရှိခဲ့သော ရွှေ့ပြောင်းအလုပ်သမား (၂) ဦးတို့အပြင် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားဆဲ (အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသူ) သူ (၁) ဦးတို့အား နယ်ကျော်၍ အလုပ်လုပ်ကိုင်သည်ဟုဆိုကာ ယမန်နေ့၌ ရဲက သိမ်းကျုံးဖမ်းဆီးထားသည်။
ယမန်နေ့ ညနေ (၆) နာရီခန့်က အလုပ်မှ ပြန်လာသော ခွန်ဇော်သိန်း၊ ခွန်မောင်ဆွေနှင့် ခင်လှတင့်တို့ (၃) ဦးနှင့် ၎င်းတို့ကို သွားရောက်တွေ့ဆုံသူ ခွန်ထွန်းလင်းတို့အား ဘန်ကောက်မြို့ ဘန်ကပီအရပ်ရှိ နဝမင်း၊ တလဖတ်ဝီစံဈေးအနီးတွင် ရဲက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“သူဌေးကလာပြောတယ် ဒါလည်းမရဘူး။ မနက်ဖြန်ရုံးတင်မယ်ဆိုပြီး ရဲက ပြောလွှတ်တယ်” ဟု ခွန်မောင်ဆွေက ပြောသည်။

၎င်းတို့သည် လုပ်ငန်းခွင်အတွင်း၌ အဖမ်းခံရခြင်းမဟုတ်ဘဲ လမ်းပေါ်တွင် အမှုရှာ၍ အဖမ်းခံရကြောင်း ခွန်ထွန်းလင်းက “ကျနော်တို့ကို ဖဲဝိုင်းနားမှာ တွေ့တာနဲ့ ဖဲရိုက်တယ်ဆိုပြီး အမှုရှာဖမ်းသလိုလုပ်တာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုတခုမှ တာဝန်ရှိသူတဦးက “တကယ်တော့ ယာယီပတ်စပို့ကိုင်ထားတဲ့သူကို ဖမ်းခွင့်မရှိပါဘူး။ နယ်ကျော်ပြီး အလုပ်လုပ်တယ်ပြောရအောင်လည်း သူတို့ကို လုပ်ငန်းခွင်အထဲမှာ ဖမ်းမိတာမဟုတ်ပါဘူး” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ယမန်နှစ်က စတင်ခဲ့သော နိုင်ငံသားစိစစ်မှုပြု၍ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာလျှင် အလုပ်လုပ်ကိုင်ခွင့်ပြုမည် ဆိုသောကြောင့် ယခင်အလုပ်သမားလက်မှတ် (ဘတ်) အတွက် ကုန်ကျငွေ မကျေသေးမီပင် အဆိုပါယာယီပတ်စပို့အတွက် ထပ်မံ၍ ငွေကြေး အကုန်အကျခံ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရသော်လည်း ပူးတွဲကိုင်ဆောင်ရမည့် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကို လျှောက်ထားဆဲဖြစ်ခြင်း၊ ပတ်စပို့နှင့် work permit အတူပူးတွဲမရှိခြင်း၊ ဘာသာစကားမကျွမ်းကျင်မှုကြောင့် ရဲစခန်း၌ အလွယ်တကူ ဝန်ခံလက်မှတ် ထိုးမိလိုက်ခြင်းတို့ကြောင့် ဖမ်းဆီး၍ တရားရုံးတင်ကာ နယ်စပ်သို့ ပြန်ပို့ခံရခြင်းများ ကြုံတွေ့နေရသည်။ ထို့အပြင် ထိုင်းဝန်ကြီးချုပ်၏ ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ဖမ်းဆီးမိန့်ကြောင့် အာဏာပိုင်များ၏ မဆင်မခြင်ဖမ်းဆီးမှုများကိုလည်း ကြုံတွေ့နေရသည်။

သို့အတွက် အလုပ်သမားရေး လုပ်နေသူများက မိမိယာယီနိုင်ငံကူးလက်မှတ်နှင့် work permit ကို အတူတကွ သွားလေရာသို့ ယူဆောင်သွားရန်၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဆဲကာလတွင် နဂိုမူလစာရင်းသွင်းထားသော ကျန့်ဝပ် (ခရိုင်) အထဲတွင်သာ အလုပ်လုပ်ကိုင်ရန်၊ ယာယီပတ်စပို့ လျှောက်ထားကြောင်း အထောက်အထားစာရွက် စာတမ်း လက်ခံ ဖြတ်ပိုင်းများအား မိမိနှင့် တပါတည်းထားရှိရန် အကြံပြုထားသည်။

အထူးအရေးကြီးသည်မှာ မိမိနားမလည်ဘဲ အာဏာပိုင်များက အတင်းလက်မှတ်ထိုးခိုင်း၍ ထိုးလိုက်ရလျှင် ဥပဒေကြောင်းအရ မိမိတို့တွင်သာ အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်မှတ်ထိုးထားသော စာရွက်ပေါ်တွင် မိမိနှင့် မသက်ဆိုင်သော အမှုမျိုးရေးထားပါက နစ်နာနိုင်ကြောင်း၊ သို့အတွက် လက်မှတ်ထိုးရာတွင် သတိရှိရန် သတိပေးထားသည်။

ထိုသို့လက်မှတ်ထိုးလိုက်ရလျှင် ထိုးပေးလိုက်သူ အလုပ်သမားတွင် လက်ခံမိတ္ထူ ရရှိရမည်ဖြစ်ကြောင်း ထိုင်းဥပဒေက ပြဋ္ဌာန်းထားရှိသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ နိုင်ငံသားစိစစ်မှုပြုပြီး ယာယီနိုင်ငံကူးလက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုရေး အစီအစဉ်အရ ယာယီနိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိသည်။

ယခုလ ဇူလိုင် (၁၁) ရက်နေ့ စာရင်းဇယားများအရ အမျိုးသား (၆၄,၉၈၄) ဦး၊ အမျိုးသမီး (၅၈,၂၂၀) ဦးတို့ကို ထုတ်ပေးခဲ့ပြီး ဖြစ်သဖြင့် စုစုပေါင်း မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၃,၂၀၄) ဦး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နေကြပြီဟု သိရှိရသည်။ ထိုင်းနိုင်ငံ၏ နောက်ဆုံးစာရင်းဇယားများအရ (၆၉၈,၈၈၉) ဦးသည် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ဆက်လက်လျှောက်ထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်းအလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး အလုပ်သမားအရေး လုပ်ဆောင်နေသူများက ခန့်မှန်းသည်မှာ ရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နေကြသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

Wednesday, 21 July 2010

မဲဆောက်-မြ၀တီ တံတားဖြတ်သန်းမှု ရပ်တန့်

NEJ / ၂၀ ဇူလိုင် ၂၀၁၀

မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို (နေပြည်တော်) မှ တိုက်ရိုက်ညွှန်ကြားချက်အရ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မြ၀တီခရိုင် အာဏာပိုင်များက ပြောကြားသည်။

ယခုလဆန်းမှ စတင်ကာ မြ၀တီခရိုင် အာဏာပိုင်များက (၄) ကြိမ်ထက်မနည်း ဖွင့်ချီပိတ်ချီ ပြုလုပ်နေသည့် ချစ်ကြည်ရေး တံတားကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်မှစ၍ အကြမ်းဖက်မှု အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ တံတားကို ထပ်မံ ပိတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကိတ္တိစာတိုမိုစာက “အကြမ်းဖက်မှု အန္တရာယ်ရှိလို့ နေပြည်တော်က ပိတ်ခိုင်းတာလို့ မြ၀တီခရိုင် အာဏာပိုင်တွေက ပြောတယ်။ ပြန်ဖွင့်မယ့်ရက်ကိုတော့ သူတို့လည်း မသိဘူး။ နေပြည်တော်က အမိန့်ပေးမှပဲ ဖွင့်လို့ရမယ်လို့ ပြောတယ်” ဟု ဒေသခံ သတင်းထောက် များကို ပြောကြားသည်။

အကြမ်းဖက်မှု အန္တရာယ်ရှိသည်ဟု ပြောဆိုသော်လည်း မည်သည့်နေရာဒေသ ဆိုသည်ကိုမူ မြန်မာဘက်က ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိဟု မဲဆောက်မြို့ပိုင်က ပြောသည်။

ချစ်ကြည်ရေး တံတားအပြင် တံတားဘေးဝဲယာရှိ မြန်မာဘက်သို့ ကုန်ပစ္စည်းပို့သည့် လှေဆိပ် (၁၇) ခုကိုလည်း မြန်မာဘက်က ပိတ်လိုက်သဖြင့် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လုံးဝ ပြတ်တောက် သွားသည်ဟု နှစ်ဖက် ကုန်သည်များက ပြောသည်။

မြန်မာ ကုန်သည်တဦးက “ထိုင်းပစ္စည်းလည်း မ၀င်ဘူး။ မြန်မာပစ္စည်းလည်း ထွက်လို့မရဘူး။ အောက်မှာ ထိုင်းပစ္စည်းတွေ ဈေးစတက်နေပြီ။ အထူးသဖြင့် ဆီနဲ့စားသောက်ကုန်တွေ။ နောက် တပတ်လောက် ကြာမယ်ဆိုရင်တော့ ထိုင်းပစ္စည်းဈေးတွေ အဆမတန်တက်ဖို့ ရှိတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းပိုင်း မြို့များသို့ မြန်မာစားသောက်ကုန်များ တင်ပို့သည့် မဲဆောက်ဈေးမှ ထိုင်းလုပ်ငန်းရှင်တဦးက “အခုမြန်မာကုန်တွေ မ၀င်တာတပတ်ရှိပြီ။ အခုကုန်လက်ကျန်ပဲ ပို့နေတယ်။ နောက်တပတ်မှ မြန်မာကုန် မ၀င်ဘူးဆိုရင်တော့ ဈေးနှုန်းတွေတက်မယ့်အပြင် ပစ္စည်းပြတ်လပ်မှုတွေလည်း ဖြစ်မယ်” ဟု ပြောသည်။

တံတားပိတ်လိုက်သည့်အတွက် မြန်မာနိုင်ငံ မြ၀တီဘက်မှ မဲဆောက်သို့ နေ့ချင်းပြန်အလုပ်လာလုပ်သူ (၁,၅၀၀) ခန့်မှာ အလုပ်ရပ်နားထားကြရသည်။ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေပြီး ယာယီနိုင်ငံကူး လက်မှတ်များပြုလုပ်ရန် နေ့စဉ် မြ၀တီသို့လာရောက်ကြသည့် မြန်မာအလုပ်သမား (၂၀၀) ခန့်မှာလည်း တံတားပိတ်မှုကြောင့် လာရောက်ခွင့်မရသည့်အတွက် အဆိုပါလုပ်ငန်းကို ရပ်နားထားရသည်ဟု ထိုင်းအကျိုးဆောင်လုပ်ငန်းတခု၏ ပိုင်ရှင်တဦးက ပြောသည်။

ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုကို ယခုလ (၁၁) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့သည်။

ထိုအချိန်က ထိုင်းကုန်ပစ္စည်း တင်သွင်းခွင့်ကို ပိတ်ပင်ထားသော်လည်း ချစ်ကြည်ရေးတံတားမှတဆင့် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် သွားလာဝင်ထွက်ခွင့်ကိုမူ နှစ်ဖက်အာဏာပိုင်များက ခွင့်ပြုထားသည်။

ထိုသို့ ခွင့်ပြုထားခဲ့ရာမှ ပြီးခဲ့သည့် တနင်္ဂနွေနေ့နံနက်မှစ၍ မြန်မာဘက်မှ မည်သည့်သွားလာခွင့်ကိုမှ ခွင့်မပြုတော့ဘဲ ချစ်ကြည်ရေးတံတားကို လုံးဝ ပိတ်လိုက်ခြင်းဖြစ်သည်။

မြ၀တီမြို့ခံ ၀န်ထမ်းတဦးက “ဘယ်သူ့ကိုမှ ကူးခွင့်မပေးဘူး။ ကမ်းနားတလျှောက်လုံးမှာ စစ်သားတွေချထားတယ်။ ကျနော်တို့ ကြားရသလောက်ကတော့ လိုင်စင်မဲ့ကားတွေကို မြ၀တီခရိုင်မှာ အပြတ်ဖမ်းဖို့အတွက်လို့ သိရတယ်။ ဒီအနေအထားမျိုး မြ၀တီမှာ အရင်ကမရှိခဲ့ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင်တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဇန်န၀ါရီလအထိ စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံအထိ ရှိခဲ့သည်။

ထိုင်းသို့ မြန်မာပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂.၁) ဘီလီယံအထိရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးဌာန၏ တရားဝင်ထုတ်ပြန်ထားသော စာရင်းများတွင် ဖော်ပြထားသည်။
အပြည့်အစုံသို့ >>

Wednesday, 14 July 2010

ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိရေး ဝန်ကြီးထံ စာတင်

မြတ်ခိုင်ဦး / ၁၃ ဇူလိုင် ၂၀၁၀

ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုများကို လျော်ကြေး ပေးအပ်ရန်အတွက် ထိုင်းအလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ (၁၄) ဖွဲ့က ဦးဆောင်ကာ ထိုင်းအလုပ်သမားဝန်ကြီးထံသို့ ယမန်နေ့က တောင်းဆိုလွှာတစောင် တင်သွင်းလိုက်သည်။

ယင်းတောင်းဆိုလွှာတွင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ အလွန်နိမ့်ကျ ယိုယွင်းနေကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု ဖြစ်ပွားသည့်အခါတွင် အလုပ်သမားလျော်ကြေး ငြင်းပယ်ခံနေရကြောင်းတို့ကို ဖော်ပြထားသည်။

၁၉၉၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီးဖြစ်သော အလုပ်သမားလျော်ကြေး ဥပဒေ၏ ရည်ရွယ်ချက်သည် မည်သည့်နိုင်ငံသား အလုပ်သမားပင်ဖြစ်စေ လုပ်သားအားလုံးကို ကာကွယ်ပေးရန်နှင့် လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများအတွက် လျော်ကြေးပေးအပ်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါအခွင့်အရေးကို ရွှေ့ပြောင်းအလုပ်သမား အများအပြား ယခုတိုင် ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်းလည်း တောင်းဆိုလွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်ထိခိုက်လျော်ကြေးရန်ပုံငွေ ရရှိရေးအတွက် ခွဲခြားထားသော စည်းမျည်းစည်းကမ်းများကို ပယ်ဖျက်ပေးရန်နှင့် လုပ်ငန်းခွင်ထိခိုက်လျော်ကြေး ရန်ပုံငွေရရှိရေးအတွက် အခွင့်အရေးများ အသေအချာရရှိစေရန် အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂများ၊ အန်ဂျီအိုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင်ပါဝင်သော နည်းဗျူဟာများရေးဆွဲရန် တောင်းဆိုကြောင်း သိရှိရသည်။

ထိုတောင်းဆိုလွှာ တင်သွင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ အန်ဒီဟောလ်က “အလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေနည်းလမ်းမကျဘဲ ခွဲခြားမှုရှိတဲ့ မူဝါဒကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေဟာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း အကာအကွယ်မဲ့နေရပြီး လုပ်သားလျော်ကြေးငွေ လက်ခံရရှိဖို့ကိုလည်း လက်ရှိအခြေအနေမှာ ဆက်လက်ငြင်းပယ်ခံနေရပါတယ်” ဟု ပြောဆိုသည်။

နိုင်ငံတကာဥပဒေများအောက်တွင် နည်းလမ်းမကျသည့် ခွဲခြားမှုများကို ထိုင်းအစိုးရအနေဖြင့် ရပ်ဆိုင်းပစ်ရန် အလုပ်သမားသမဂ္ဂများက အိုင်အယ်လ်အိုကို တောင်းဆိုသကဲ့သို့ အန်ဂျီအိုများကလည်း ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုပြီးသည့်နောက်တွင် အလုပ်သမားဝန်ကြီးဌာနက မတော်တဆထိခိုက်မှုဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီတခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါကိစ္စကို အလုပ်သမားရေးအဖွဲ့များက သဘောမတူသည့်အတွက် ယမန်နေ့က တောင်းဆိုလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အန်ဒီဟောလ်က ပြောကြားသည်။

၎င်းက “ရွှေ့ပြောင်း အလုပ်သမားပဲဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို အားကိုးအားထားပြုလောက်တဲ့ လုပ်ငန်းခွင် ထိခိုက်မှုကြောင့်ဖြစ်တဲ့ လျော်ကြေးငွေကို နဂိုမူလ လုပ်သားလျော်ကြေးရန်ပုံငွေကနေပဲ လက်ခံရရှိရမှာ ဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးအဖွဲ့တွေဟာ ဒီကိစ္စကို သဘောမတူပါဘူး။ ဒီအတွက် ထိုင်းအလုပ်သမားသမဂ္ဂတွေက အဖွဲ့အစည်းအသီးသီးကို ဦးဆောင်ပြီး မနေ့က တောင်းဆိုလွှာတင်သွင်းခဲ့တာပါ” ဟု ဆိုသည်။

workmen Compensation Fund ဟုခေါ်သည့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ပေးအပ်သော လျော်ကြေးငွေကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အလုပ်သမားများကို ပေးအပ်သည့်အတိုင်း လူမှုဖူလုံရေးရန်ပုံငွေမှ ပေးအပ်မည်ဆိုပါက ရွှေ့ပြောင်းအလုပ် သမားများသည် ခန္ဓာကိုယ်ချွတ်ယွင်းလျှင်လည်းကောင်း၊ အသက်ဆုံးရှုံးခဲ့ရလျှင်လည်းကောင်း မည်သို့မည်ပုံ ဆုံးရှုံးရသည့်အပေါ် မူတည်၍ ကျန်ရစ်သူ ဆွေမျိုးသားချင်းများမှ ရရှိမည်ဖြစ်သည်။

ယခင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦး လုပ်ငန်းခွင်အတွင်း လက် (၄) ချောင်း ပြတ်သွား၍ ဘတ်ငွေ (၂) သိန်း (၃) သောင်းကို အဆိုပါ လျော်ကြေးငွေမှ ရရှိဖူးကြောင်း အလုပ်သမားရေးအဖွဲ့အစည်းတခု၏ မှတ်တမ်းအရသိရှိရသည်။ ထိုရန်ပုံငွေအတွက် လုပ်ငန်းရှင်မှ လုပ်သားဝင်ငွေ၏ (၅) ရာခိုင်နှုန်းနှင့် အလုပ်သမားမှ (၃.၅) ရာခိုင်နှုန်း လစဉ်ထည့်ဝင် ရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း တစုံတရာ ထိခိုက် သေဆုံးမှုဖြစ်သောအခါ လုပ်ငန်းရှင်အများစုက လျော်ကြေးပေးရန် ငြင်းဆန်ခံရလေ့ရှိပြီး အချို့မှာ အနည်းငယ်သော လျော်ကြေးကိုသာ ရရှိလေ့ရှိကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားအများစုသည် အလုပ်ဆက်လက်လုပ်ဆောင်ရန် ခန္ဓာကိုယ်ပိုင်းက မစွမ်းဆောင်နိုင်တော့သဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားကြရလေ့ရှိသည်။
အပြည့်အစုံသို့ >>

Tuesday, 13 July 2010

မြန်မာအလုပ်သမား (၈) သောင်းကျော်သာ ယာယီပတ်စပို့စ် ရရှိသေး

မြတ်ခိုင်ဦး / ၀၈ ဇူလိုင် ၂၀၁၀

ယာယီနိုင်ငံကူးလက်မှတ် ရရှိထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မေလ(၁၂)ရက်နေ့အထိ(၈၀,၄၃၅)ဦးသာ ရှိသေးပြီး လျှောက်ထားဆဲ အရေအတွက်မှာ(၇၅၂,၅၇၂)ဦးရှိကာ(၂၄၆,၉၇၈)ဦးမှာ တရားမဝင်အလုပ်သမားများဘဝသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM)က ထုတ်ပြန်ပြောဆိုသည်။

ဇူလိုင်(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် အဆိုပါထုတ်ပြန်ချက်တွင် အချက်(၈)ချက်ပါရှိပြီး အဓိကအချက်များမှာ ထိုင်းဝန်ကြီးချုပ်မှ တရားမဝင်အလုပ်သမားများကို ဖမ်းဆီးခွင့်ပြုသည့်အမိန့်ကို ဇွန်လ(၂)ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့်အတွက် ဒု-ဝန်ကြီးချုပ်မှ ဦးစီးကာ ထိုင်းနိုင်ငံအတွင်း ဒေသ(၅)ခုခွဲ၍ နှိမ်နင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း ပထမဦးစွာ ဖော်ပြထားသည်။

ထို့နောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီပတ်စပို့စ်ထုတ်ယူရေးရုံးကို မြန်မာနိုင်ငံ ကော့သောင်းမှ ထိုင်းဘက်ခြမ်း ရနောင်းမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရာတွင် တရက်လျှင် အုပ်ရေ (၈၀၀) ထုတ်ပေးသွားမည်ဖြစ်ပြီး စဖန်ဖလားတွင် ဖွင့်လှစ်ထားသော ရုံးခန်းအား ဇူလိုင်လမှ အောက်တိုဘာလအထိ ထားရှိမည်ဟုဆိုသည်။

နိုင်ငံသားစိစစ်ရေးပြုပြီး၍ ယာယီပတ်စပို့စ်ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုစာရင်းအဖြစ် (ထော်ရော် ၁၃) ကိုလည်းကောင်း၊ ထိုသူတို့မှမွေးသော ကလေးများအတွက် မွေးစာရင်းလက်မှတ် (ထော်ရော် ၃) ကိုလည်းကောင်း၊ သေဆုံးစာရင်း(ထော်ရော် ၅)ကိုလည်းကောင်း ခရိုင်ရုံးများမှထုတ်ပေးရန် မေ(၁၀)ရက်၌ ညွှန်ကြားထားကြောင်း ပါရှိသည်။

ထို့အပြင် နှစ်နိုင်ငံသဘောတူညီချက်အရ အလုပ်လုပ်ခွင့်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများသည် ကာယလုပ်သားနှင့် အိမ်အကူအလုပ်များတွင် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရ တိုင်းရင်းသားများသည် အစိုးရမှ သတ်မှတ်ပေးမည်ဖြစ်သော ကာယအလုပ်နှင့် အခြားအလုပ်များအား လုပ်ကိုင်ခွင်ြ့ပုမည်ဟု မေ (၁၁) ရက်နေ့ ဝန်ကြီးများအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်းလည်း ပါရှိသည်။

နောက်ဆုံးဖြစ်သော အဓိကကျသည့်အချက်တခုမှာ လူကုန်ကူးမှုခံထားရသည့် သူများအား စစ်ဆေးမေးမြန်းစဉ် ကာလ၊ ဆေးဝါးကုသမှုပေးစဉ် ကာလနှင့် ပြန်လည်ပြုစုပျိုးထောင်ရေး ကာလများအတွင်း တရားဝင်နေထိုင်ခွင့်ပေးကာ အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရမှ မေ (၄) ရက်နေ့က ဆုံးဖြတ်ထားကြောင်း ဖော်ပြပါရှိသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ

ရဲရင့် / ၀၈ ဇူလိုင် ၂၀၁၀

ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်များကို ဓာတ်ပုံအစားထိုးကာ ဘန်ကောက်သို့ ခိုးဝင်မည့် မြန်မာ (၈) ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး မဲဆောက်တရားရုံးတွင် တရားစွဲဆိုထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသမီး (၅) ဦးနှင့် အခြားဒေသမှ အမျိုးသား (၃) ဦးတို့သည် တဦးလျှင် မြန်မာငွေ (၅) သိန်းခွဲနှုန်းဖြင့် မြ၀တီမှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်အထွက် စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့်ဇွန်လလယ်တွင် ဖမ်းဆီးခံရပြီး ထိုင်းရဲမှတရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသူတဦး၏ အဒေါ်ဖြစ်သူက “ဒီလူတွေထဲမှာ ကျမအမျိုးတွေ (၅) ယောက်ပါတယ်၊ အားလုံးမိန်းကလေးတွေပဲ။ (၁၅) နှစ်အရွယ်က (၂) ယောက်ပါတယ်။ ကယ်ရီကို မြန်မာငွေ တယောက် (၅) သိန်းခွဲပေးရတယ်။ တရားဝင်လက်မှတ်နဲ့ သွားရမယ်ဆိုပြီး သွားတာ၊ အဖမ်းခံရမှ အခြားလူရဲ့လက်မှတ်ကို ဓာတ်ပုံပြောင်းပြီးကပ်ထားတာသိရတယ်။ အခုကယ်ရီလည်း ရှောင်နေတယ်၊ အဖမ်းခံရတဲ့လူတွေကတော့ မဲဆောက်ထောင်ကနေ ရမန်နဲ့ ဒီနေ့ရုံးထုတ်မယ်” ဟု ပြောသည်။

အဖမ်းခံရသူများကို လူကယ်ရီက ၎င်းတို့နေရပ်အထိ သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကာ ထိုမှတဆင့် မြ၀တီမြို့ကမ်းနားရှိ ဒီကေဘီအေအဖွဲ့ပိုင် အမှတ် (၁၂) လှေဆိပ်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့ရုံးချိန်းတွင် အဖမ်းခံရသူများ တရားရုံးသို့ရောက်ရှိလာသော်လည်း တရားရုံးမတက်ရဘဲ တရားရုံးက နောက်ထပ် ရမန်တကြိမ်ထပ်ယူကာ အမှုကိုပြန်လည်ချိန်းဆိုလိုက်သည်ဟု ၎င်းအမှုနှင့်ပတ်သက်၍ လိုက်လံကူညီပေးသူတဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့အခြေစိုက် အလုပ်သမားဥပဒေဆွေးနွေးအကြံပြုဌာန (LLC) မှ ထိုင်းရှေ့နေတဦးက “ထိုင်းနိုင်ငံဥပဒေအရ စာရွက်စာတမ်းအတုပြုလုပ်မှုက သာမန်အားဖြင့် ထောင်ဒဏ် (၃) နှစ်ဖြစ်တယ်။ အပြစ်ရှိကြောင်း ရုံးတော်မှာဝန်ခံရင် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုပဲ ကျခံရမှာဖြစ်တယ်။ အဲဒါအပြင် တခါမှ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဘူးဆိုရင် ရုံးတော်ရဲ့သက်ညှာခွင့်အရ (၇) လလောက်ပဲ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအမှုတွင် အဖမ်းခံထားရသူများအနက် အသက် (၁၅) နှစ်အရွယ် မိန်းကလေး (၂) ဦးမှာ ပြစ်ဒဏ်ကျခံဘွယ်ရှိမရှိကို ပြော၍မရကြောင်း တရားရုံး၏သက်ညှာမှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

မဲဆောက်ဈေးတွင် ငါးခြောက်ရောင်းသည့် မရီက “မနှစ်က ကျမ ဘန်ကောက်တက်တော့ ဘတ် (၁) သောင်း ပေးရတယ်။ ကယ်ရီက ကျမကို ထိုင်းမှတ်ပုံတင် ကပ်ခွာတခု ကိုင်ထားခိုင်းတယ်။ အဖမ်းခံရတော့ အချုပ်ထဲမှာ ကိုယ့်လိုပဲ ဘန်ကောက်သွားမယ့် လူတွေအပြည့်ပဲ၊ ဘာလက်မှတ်မှမရှိတဲ့လူကို တရက်ပဲထားပြီး နောက်နေ့ မြ၀တီဘက်ပြန်ပို့လိုက်တယ်။ လက်မှတ်အတုကိုင်တဲ့ ကျမကျတော့ မဲဆောက်ထောင်မှာ (၇) လခွဲနေရတယ်။ ငွေကုန်တာခြင်းတူတူ ဘာလက်မှတ်အတုမှ မကိုင်ဘဲ သွားကြဖို့ ပြောချင်တယ်” ဟု ဆိုသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာတွေကို ပြောချင်တာက ကိုယ့်အတွက် အလောင်းအစားကြီးပြီး ငွေကုန်လူပန်း အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေကို မလုပ်ကြဖို့၊ ဆင်ခြင်သတိထားကြဖို့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အခုဖြစ်တာက ငွေကုန်တဲ့အပြင် ထောင်ပါကျမယ့်ကိစ္စဖြစ်လို့ပဲ” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ရန် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်များကို အသုံးပြု၍ ဘန်ကောက်သို့ လူတင်ပို့မှု ဖမ်းဆီးရမိခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်ဟု မဲဆောက်ရဲစခန်းမှ အမှုစစ်ရဲအရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ မသင်းပွင့်ခိုင် (၁၅) နှစ်၊ မအေးခိုင်ဦး (၁၅) နှစ်၊ မမြင့်မြင့်ဝင်း (၄၄) နှစ်၊ နော်ရှီးလာ (၄၂) နှစ်၊ မအေးမြထွေး (၁၉) နှစ်၊ မောင်ခိုင်ဝင်းအောင် (၂၅) နှစ်နှင့် အခြားအမျိုးသား (၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ရမန်ဖြင့် မဲဆောက်ထောင်တွင် ချုပ်နှောင်ထားသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP