Tuesday, 13 July 2010

မြန်မာအလုပ်သမား (၈) သောင်းကျော်သာ ယာယီပတ်စပို့စ် ရရှိသေး

မြတ်ခိုင်ဦး / ၀၈ ဇူလိုင် ၂၀၁၀

ယာယီနိုင်ငံကူးလက်မှတ် ရရှိထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မေလ(၁၂)ရက်နေ့အထိ(၈၀,၄၃၅)ဦးသာ ရှိသေးပြီး လျှောက်ထားဆဲ အရေအတွက်မှာ(၇၅၂,၅၇၂)ဦးရှိကာ(၂၄၆,၉၇၈)ဦးမှာ တရားမဝင်အလုပ်သမားများဘဝသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM)က ထုတ်ပြန်ပြောဆိုသည်။

ဇူလိုင်(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် အဆိုပါထုတ်ပြန်ချက်တွင် အချက်(၈)ချက်ပါရှိပြီး အဓိကအချက်များမှာ ထိုင်းဝန်ကြီးချုပ်မှ တရားမဝင်အလုပ်သမားများကို ဖမ်းဆီးခွင့်ပြုသည့်အမိန့်ကို ဇွန်လ(၂)ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့်အတွက် ဒု-ဝန်ကြီးချုပ်မှ ဦးစီးကာ ထိုင်းနိုင်ငံအတွင်း ဒေသ(၅)ခုခွဲ၍ နှိမ်နင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း ပထမဦးစွာ ဖော်ပြထားသည်။

ထို့နောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီပတ်စပို့စ်ထုတ်ယူရေးရုံးကို မြန်မာနိုင်ငံ ကော့သောင်းမှ ထိုင်းဘက်ခြမ်း ရနောင်းမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရာတွင် တရက်လျှင် အုပ်ရေ (၈၀၀) ထုတ်ပေးသွားမည်ဖြစ်ပြီး စဖန်ဖလားတွင် ဖွင့်လှစ်ထားသော ရုံးခန်းအား ဇူလိုင်လမှ အောက်တိုဘာလအထိ ထားရှိမည်ဟုဆိုသည်။

နိုင်ငံသားစိစစ်ရေးပြုပြီး၍ ယာယီပတ်စပို့စ်ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုစာရင်းအဖြစ် (ထော်ရော် ၁၃) ကိုလည်းကောင်း၊ ထိုသူတို့မှမွေးသော ကလေးများအတွက် မွေးစာရင်းလက်မှတ် (ထော်ရော် ၃) ကိုလည်းကောင်း၊ သေဆုံးစာရင်း(ထော်ရော် ၅)ကိုလည်းကောင်း ခရိုင်ရုံးများမှထုတ်ပေးရန် မေ(၁၀)ရက်၌ ညွှန်ကြားထားကြောင်း ပါရှိသည်။

ထို့အပြင် နှစ်နိုင်ငံသဘောတူညီချက်အရ အလုပ်လုပ်ခွင့်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများသည် ကာယလုပ်သားနှင့် အိမ်အကူအလုပ်များတွင် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရ တိုင်းရင်းသားများသည် အစိုးရမှ သတ်မှတ်ပေးမည်ဖြစ်သော ကာယအလုပ်နှင့် အခြားအလုပ်များအား လုပ်ကိုင်ခွင်ြ့ပုမည်ဟု မေ (၁၁) ရက်နေ့ ဝန်ကြီးများအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်းလည်း ပါရှိသည်။

နောက်ဆုံးဖြစ်သော အဓိကကျသည့်အချက်တခုမှာ လူကုန်ကူးမှုခံထားရသည့် သူများအား စစ်ဆေးမေးမြန်းစဉ် ကာလ၊ ဆေးဝါးကုသမှုပေးစဉ် ကာလနှင့် ပြန်လည်ပြုစုပျိုးထောင်ရေး ကာလများအတွင်း တရားဝင်နေထိုင်ခွင့်ပေးကာ အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရမှ မေ (၄) ရက်နေ့က ဆုံးဖြတ်ထားကြောင်း ဖော်ပြပါရှိသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ

ရဲရင့် / ၀၈ ဇူလိုင် ၂၀၁၀

ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်များကို ဓာတ်ပုံအစားထိုးကာ ဘန်ကောက်သို့ ခိုးဝင်မည့် မြန်မာ (၈) ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး မဲဆောက်တရားရုံးတွင် တရားစွဲဆိုထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသမီး (၅) ဦးနှင့် အခြားဒေသမှ အမျိုးသား (၃) ဦးတို့သည် တဦးလျှင် မြန်မာငွေ (၅) သိန်းခွဲနှုန်းဖြင့် မြ၀တီမှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်အထွက် စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့်ဇွန်လလယ်တွင် ဖမ်းဆီးခံရပြီး ထိုင်းရဲမှတရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသူတဦး၏ အဒေါ်ဖြစ်သူက “ဒီလူတွေထဲမှာ ကျမအမျိုးတွေ (၅) ယောက်ပါတယ်၊ အားလုံးမိန်းကလေးတွေပဲ။ (၁၅) နှစ်အရွယ်က (၂) ယောက်ပါတယ်။ ကယ်ရီကို မြန်မာငွေ တယောက် (၅) သိန်းခွဲပေးရတယ်။ တရားဝင်လက်မှတ်နဲ့ သွားရမယ်ဆိုပြီး သွားတာ၊ အဖမ်းခံရမှ အခြားလူရဲ့လက်မှတ်ကို ဓာတ်ပုံပြောင်းပြီးကပ်ထားတာသိရတယ်။ အခုကယ်ရီလည်း ရှောင်နေတယ်၊ အဖမ်းခံရတဲ့လူတွေကတော့ မဲဆောက်ထောင်ကနေ ရမန်နဲ့ ဒီနေ့ရုံးထုတ်မယ်” ဟု ပြောသည်။

အဖမ်းခံရသူများကို လူကယ်ရီက ၎င်းတို့နေရပ်အထိ သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကာ ထိုမှတဆင့် မြ၀တီမြို့ကမ်းနားရှိ ဒီကေဘီအေအဖွဲ့ပိုင် အမှတ် (၁၂) လှေဆိပ်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့ရုံးချိန်းတွင် အဖမ်းခံရသူများ တရားရုံးသို့ရောက်ရှိလာသော်လည်း တရားရုံးမတက်ရဘဲ တရားရုံးက နောက်ထပ် ရမန်တကြိမ်ထပ်ယူကာ အမှုကိုပြန်လည်ချိန်းဆိုလိုက်သည်ဟု ၎င်းအမှုနှင့်ပတ်သက်၍ လိုက်လံကူညီပေးသူတဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့အခြေစိုက် အလုပ်သမားဥပဒေဆွေးနွေးအကြံပြုဌာန (LLC) မှ ထိုင်းရှေ့နေတဦးက “ထိုင်းနိုင်ငံဥပဒေအရ စာရွက်စာတမ်းအတုပြုလုပ်မှုက သာမန်အားဖြင့် ထောင်ဒဏ် (၃) နှစ်ဖြစ်တယ်။ အပြစ်ရှိကြောင်း ရုံးတော်မှာဝန်ခံရင် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုပဲ ကျခံရမှာဖြစ်တယ်။ အဲဒါအပြင် တခါမှ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဘူးဆိုရင် ရုံးတော်ရဲ့သက်ညှာခွင့်အရ (၇) လလောက်ပဲ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအမှုတွင် အဖမ်းခံထားရသူများအနက် အသက် (၁၅) နှစ်အရွယ် မိန်းကလေး (၂) ဦးမှာ ပြစ်ဒဏ်ကျခံဘွယ်ရှိမရှိကို ပြော၍မရကြောင်း တရားရုံး၏သက်ညှာမှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

မဲဆောက်ဈေးတွင် ငါးခြောက်ရောင်းသည့် မရီက “မနှစ်က ကျမ ဘန်ကောက်တက်တော့ ဘတ် (၁) သောင်း ပေးရတယ်။ ကယ်ရီက ကျမကို ထိုင်းမှတ်ပုံတင် ကပ်ခွာတခု ကိုင်ထားခိုင်းတယ်။ အဖမ်းခံရတော့ အချုပ်ထဲမှာ ကိုယ့်လိုပဲ ဘန်ကောက်သွားမယ့် လူတွေအပြည့်ပဲ၊ ဘာလက်မှတ်မှမရှိတဲ့လူကို တရက်ပဲထားပြီး နောက်နေ့ မြ၀တီဘက်ပြန်ပို့လိုက်တယ်။ လက်မှတ်အတုကိုင်တဲ့ ကျမကျတော့ မဲဆောက်ထောင်မှာ (၇) လခွဲနေရတယ်။ ငွေကုန်တာခြင်းတူတူ ဘာလက်မှတ်အတုမှ မကိုင်ဘဲ သွားကြဖို့ ပြောချင်တယ်” ဟု ဆိုသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာတွေကို ပြောချင်တာက ကိုယ့်အတွက် အလောင်းအစားကြီးပြီး ငွေကုန်လူပန်း အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေကို မလုပ်ကြဖို့၊ ဆင်ခြင်သတိထားကြဖို့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အခုဖြစ်တာက ငွေကုန်တဲ့အပြင် ထောင်ပါကျမယ့်ကိစ္စဖြစ်လို့ပဲ” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ရန် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်များကို အသုံးပြု၍ ဘန်ကောက်သို့ လူတင်ပို့မှု ဖမ်းဆီးရမိခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်ဟု မဲဆောက်ရဲစခန်းမှ အမှုစစ်ရဲအရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ မသင်းပွင့်ခိုင် (၁၅) နှစ်၊ မအေးခိုင်ဦး (၁၅) နှစ်၊ မမြင့်မြင့်ဝင်း (၄၄) နှစ်၊ နော်ရှီးလာ (၄၂) နှစ်၊ မအေးမြထွေး (၁၉) နှစ်၊ မောင်ခိုင်ဝင်းအောင် (၂၅) နှစ်နှင့် အခြားအမျိုးသား (၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ရမန်ဖြင့် မဲဆောက်ထောင်တွင် ချုပ်နှောင်ထားသည်။
အပြည့်အစုံသို့ >>

Sunday, 11 July 2010

အလုပ်သမားများအား ပွဲစားကုမ္ပဏီ လိမ်ညာ

မြတ်ခိုင်ဦး / ၀၇ ဇူလိုင် ၂၀၁၀

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်သော အလုပ်လုပ်ကိုင်ခွင့်ဘတ်နှင့် ယာယီနိုင်ငံကူးလက်မှတ် ရအောင်ပြုလုပ်ပေးမည်၊ အလုပ်လုပ်ရမည်ဟုဆိုကာ ကုမ္ပဏီအချို့က လိမ်ညာမှုများ ပြုလုပ်နေသည်။

ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်အတွင်းရှိ နဝါနခွန်တွင် ဖွင့်လှစ်ခဲ့သော နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီက အလုပ်သမားများအား နိုင်ငံသားစိစစ်ရေးပြုပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိသည်အထိ မိမိတို့မှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထိုင်းစကား၊ စာတတ်သော အလုပ်သမားများသည်လည်း မိမိတို့ကုမ္ပဏီတွင် ဘာသာပြန်အဖြစ် အလုပ်လုပ်ကိုင်နိုင်မည်၊ တလလျှင် လခ ဘတ် (၇,၀၀၀) ပေးမည်၊ နေရေးစားရေး တာဝန်ယူမည်ဟု ဆိုသော်လည်း ယနေ့အထိ ဘာမှ မလုပ်ပေးသဖြင့် သွားရောက်လုပ်ကိုင်ခဲ့သော အလုပ်သမားများ ဒုက္ခရောက်နေကြသည်။
ထိုသို့ပြုလုပ်သော ကုမ္ပဏီသည် ထိုင်း-မြန်မာချစ်ကြည်ရေးစင်တာ (ထိုင်းဖမလိုဝါဖတ်တနာ) ကုမ္ပဏီဖြစ်ပြီး အဆိုပါ နဝါနခွန်ရုံးအပြင် မတ်လအတွင်းက ချင်းမိုင်မြို့၊ တလဖီဒေသ၊ ဝင်ကွန်ကမ် (မြေအောက်နန်းတော်) အရပ်တွင် ဖွင့်လှစ်ခဲ့သော ရုံးကိုလည်း ယခုအခါ ပိတ်ထားလိုက်ပြီဖြစ်သည်။

ထိုသို့လိမ်ညာ ခိုင်းစေမှု ခံခဲ့ရသူတဦးဖြစ်သည့် ကိုဖိုးဇော်က “ကျနော် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က အလုပ်စဝင်တယ်။ သူငယ်ချင်းက အလုပ်ကောင်းတယ်၊ လခ (၇,၀၀၀) ရမယ်၊ နေရေးစားရေး အပါအဝင် ပတ်စပို့စ်လည်း လုပ်ပေးမယ်လို့ ပြောလို့သွားလုပ်တာပါ။ တလပဲ လခ ဘတ် (၅,၀၀၀) ရဖူးတယ် (၂) လပိုင်းအတွက်ပါ။ မတ်လ (၃) ရက်နေ့ကျတော့ ချင်းမိုင်ရုံးအသစ် ဖွင့်တာကိုသွားရတယ် မိန်းကလေး (၂) ယောက်နဲ့။ ဟိုရုံးမှာလည်း (၁,၀၀၀) ပေး၊ (၂,၀၀၀) ပေးနဲ့ပဲ” ဟု လုပ်အားခ ခေါင်ပုံဖြတ်ခံခဲ့ရမှုကို ပြောပြသည်။

ထို့အပြင် “စောစောကတည်းက ကျနော်တို့ ဘတ်သက်တမ်းအတွက် ဘတ်ငွေ (၃,၈၀၀) နဲ့ (လုပ်ငန်းရှင်မှ အရေအတွက် မည်မျှ အလုပ်သမားခေါ်ခွင့်ရှိကြောင်း အစိုးရ ခွင့်ပြုမိန့် ဖြစ်တဲ့) ကိုတာကြေး (၂,၅၀၀) ကို သူတို့ကိုပေးခဲ့ရတယ်။ မေးတော့ ဟိုနေ့ ရမယ် ဒီနေ့ရမယ်နဲ့ ရွှေ့လာခဲ့တာ တော်တော်ကြာပြီ။ သူတို့ကိုယုံလို့ ကျနော့်ဘတ်လည်း သက်တမ်းမဆက်ခဲ့ရဘူး။ ကျနော်က သူဌေးအပြောင်းအလဲရှိတော့ အခက်အခဲရှိမယ်ဆိုပြီး လာလုပ်မိတာ အခုတော့ဒုက္ခရောက်ပြီ” ဟု ယာယီပတ်စပို့စ်လုပ်ရန် ငွေပေးချေခဲ့ရမှုကို ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သူထံ ကိုဖိုးဇော်က မေးမြန်းရာတွင် လာမည့်သောကြာနေ့တွင် ရရှိမည်ဟု ပြောဆိုကြောင်း သိရသည်။

ထိုသို့လိမ်ညာနေမှုကို မခံစားနိုင်တော့သည့်အဆုံး ကိုဖိုးဇော်နှင့် လုပ်ဖော်ကိုင်ဖက် မမျိုးမျိုးတို့သည် ချင်းမိုင်မှဘန်ကောက်သို့ အရဲစွန့်ပြန်လာကြပြီး လမ်းတွင်စစ်ဆေးရေးဂိတ်အား ပတ်စပို့စ်သွားလုပ်မည်ဟု အကြောင်းပြသဖြင့် အဆင်ပြေခဲ့ကြောင်း၊ ယခုအခါတွင် အဆိုပါကုမ္ပဏီကို ယုံကြည်မိ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါဆုံးကာ မိမိတို့ကဲ့သို့ အတိဒုက္ခရောက်နေသည့် အခြားအလုပ်သမားများလည်းရှိကြောင်း ကိုဖိုးဇော်က ပြောသည်။

ထိုင်းအစိုးရမှ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်မှုပြု၍ ယာယီပတ်စပို့စ် ကိုင်ဆောင်မှသာ မိမိနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပြုတော့မည်ဟု ယခင်နှစ်ကတည်းက တရားဝင်ကြေညာ၍ ကြားခံကုမ္ပဏီ (၁၂) ခုကို ကြားဝင်ဆောင်ရွက်ခွင့် ပြုထားခဲ့သည်။

အဆိုပါကုမ္ပဏီများသည် အစောပိုင်းကာလများတွင် လူဖြန့်စည်းရုံး၍ လုပ်ဆောင်ကြပြီး အလုပ်သမားအများစုမှာ ဘတ်ငွေ (၁၀,၀၀၀) ခန့်အထိ ပေးခဲ့ကြရသည်။

လုပ်ငန်းစဉ်အဆုံး၌ အလုပ်သမားတဦး အမှန်တကယ် ရရှိပိုင်ဆိုင်သည့်အရာမှာ ဘတ်ငွေ (၁၀၀) ခန့်ရှိ ယာယီပတ်စပို့စ်၊ ဗီဇာကြေးအဖြစ် ပေးသွင်းရသော ဘတ် (၅၀၀) တန် တံဆိပ်တုံးနှင့် (၂) နှစ်နေထိုင်ခွင့်သာဖြစ်ပြီး၊ ထိုသို့ ပတ်စပို့စ် ပိုင်ဆိုင်ပြီးသည့် နောက်ပိုင်းတွင်လည်း အလုပ်လုပ်ခွင့်ပြုမိန့် (work permit) ကို ထပ်မံ၍ (၂) နှစ်စာ ဘတ်ငွေ (၃,၈၀၀) ကို ထပ်မံပေးသွင်းမှသာ အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။

သို့ရာတွင် အဆိုပါကုမ္ပဏီများသည် လမ်းခရီးစရိတ်အပါအဝင် ဝန်ဆောင်မှုအတွက် အလုပ်သမားတဦးလျှင် အနည်းဆုံး ဘတ်ငွေ (၅,၅၀၀) ခန့် ကောက်ယူနေသည်။

လူ့အခွင့်အရေးနှင့် အလုပ်သမားရေးအဖွဲ့များ၏ ကန့်ကွက်မှုများကြောင့် ဘတ်ငွေ (၅,၀၀၀) ထက် ပိုမကောက်ရန် ထိုင်းအစိုးရမှ ပြောဆိုထားသော်လည်း လိုက်နာခြင်းမရှိကြပေ။

ထို့အပြင် ပတ်စပို့စ်လုပ်ပေးမည်ဟုဆိုကာ အလားတူ လိမ်ညာမှုမျိုးကို လွန်ခဲ့သည့် မတ်လ (၂၇) ကလည်း ရနောင်းတွင် Aphai Phanok ကုမ္ပဏီမှ ဝန်ထမ်းတဦးက ပြုလုပ်ခဲ့၍ ဖွင့်ထားသည့် တိုက်ခန်းကို အစိုးရက ဝင်ရောက်စစ်ဆေးမှု ပြုခဲ့သည်။

“ကျနော်ကတော့ ကျနော့်ဘတ်လေးပဲ ပြန်လိုချင်ပါတော့တယ်၊ လခမရလည်း ကိစ္စမရှိတော့ပါဘူး” ဟု ကိုဖိုးဇော်က ပြောကြားသည်။
အပြည့်အစုံသို့ >>

ရနောင်းမြို့တွင် ယာယီနိုင်ငံကူး လက်မှတ် ရုံးသစ် ဖွင့်



ဘစောတင် Saturday, July 03, 2010(ဧရာဝတီ)
ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ အတွက် ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးရန် ရုံး တရုံးကို ဇူလိုင်လ ၁ ရက် နေ့မှ စတင်ကာ မြန်မာ အာဏာပိုင်များက ရနောင်းမြို့တွင် ဖွင့်လှစ် လိုက်ကြောင်း သတင်းရရှိသည်။

ထိုင်း နိုင်ငံ ရနောင်းမြို့တွင် ဖွင့်လှစ်လိုက်သော ယာယီနိုင်ငံကူးလက်မှတ် ရုံး ဆိုင်းဘုတ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)ပြီးခဲ့သည့် ဇွန်လဆန်းက ရနောင်းမြို့ တွင် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံမှ တာဝန်ရှိသူများ တွေ့ ဆုံကာ ထိုင်းနိုင်ငံ အတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံး ဖွင့်လှစ်ရန် အသေးစိပ် ဆွေးနွေးခဲ့ ကြကြောင်း၊ ထို့နောက် သဘောတူညီမှု ရရှိခဲ့ပြီး ယခု ကဲ့သို့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အခြေခံ အလုပ်သမား အခွင့်အရေး ပညာပေးဌာန (GHRE) မှ ရွှေ့ပြောင်း အလုပ်သမား အရေး တာဝန်ယူ ဆောင်ရွက် နေသူ တဦးက ပြောသည်။

“ပြီးခဲ့တဲ့လက အစည်း အဝေးကို ထိုင်းက အလုပ်သမား ဒု ၀န်ကြီး လာတယ်။ မြန်မာသံရုံးက သံမှူးလာတယ်။ ရနောင်း မြို့ နယ် မှူးတွေ တက်ရောက်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်ဖို့ သဘောတူခဲ့ ကြတယ်။ ဒါပေမယ့် ပတ်စ်ပို့စ်တော့ စ မလုပ် ပေးနိုင် သေးဘူးတဲ့။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ကွန်ပျူတာတွေ လူတွေ မစုံသေး ဘူးလို့ သိရတယ်” ဟု GHRE မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ဧရာဝတီသို့ပြောသည်။

ရနောင်းတွင် ဖွင့်လှစ်သောရုံးသည် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၃ လသာ တည်ရှိမည်ဟု လည်း သိရသည်။

ဤရုံးကို ဖွင့်လှစ်ရခြင်းမှာ ရနောင်းနှင့် ကော့သောင်းကြား၌ ပင်လယ်ခံနေသောကြောင့် မိုးရာသီတွင် ယာယီနိုင်ငံကူး လက်မှတ် လုပ်သူများအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု သိရကြောင်း ရနောင်းမြို့ မှ မြန်မာကျောင်း ဆရာ တဦးက ဆိုသည်။

“မိုးတွင်းဆိုတော့ လှိုင်းလေကြီးတယ်။ ဟိုဘက်ကမ်းကိုသွားရတာက အန္တရာယ်လည်းများတယ်လေ။ ဒါကြောင့် ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးတော့ ထိုင်းဘက်မှာ လာဖွင့်တာလို့ ကျနော်တို့ ကြားသိရတယ်”ဟု ကျောင်းဆရာ ဆရာဌေးက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်ကာ ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးနေခဲ့ရာ ယခင်က မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်း မြို့ ၊ မြ၀တီမြို့ နှင့် တာချီလိတ်မြို့ များတွင် ရုံးများဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခဲ့သည်။ ယခုရုံးသည် ကော့သောင်းမြို့ မှ ရနောင်းဘက်ခြမ်းသို့ ရွှေ့ ပြောင်းဖွင့်လှစ်ပေးသည့် ရုံးဖြစ်သည်။

မြန်မာနိုင်ငံသား ရွှေ့ ပြောင်းအလုပ်သမား ၁ သန်းကျော်သည် ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထား ကြောင်း၊ ယင်းတို့ အထဲမှ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့အထိ အလုပ်သမား ၉၀၉၁၈ ဦး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်း နိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံးကို ဖွင့်လှစ်ပေးခြင်းအတွက် အလုပ်သမားများက သဘောကျကြောင်း ဘန်ကောက်မြို့အနီးရှိ မဟာချိုင်မှ အလုပ်သမားတဦးက ဆိုသည်။
အပြည့်အစုံသို့ >>

မလေးရှားတွင် မြန်မာချင်း ပြန်ပေးဆွဲသူ ဖမ်းမိ

.ဘစောတင် Friday, July 02, 2010
မလေးရှား နိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အချင်းချင်း ပြန်ပေးဆွဲမှု တရပ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီမှာ မြန်မာ အချင်းချင်း ပြန်ပေးဆွဲတာ ဒီတခါနဲ့ ဆို ၂ ခါ ရှိပြီလို့ ပြောလို့ရတယ်။ မလေးရှားမှာ ထုတ်တဲ့ အင်္ဂလိပ် သတင်းစာရော၊ မလေးသတင်းစာမှာရော ပါလေတော့ ဟိုးလေးတကျော် ဖြစ်သွားပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား) ဌာနခွဲမှ ဥက္ကဋ္ဌ ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စိုက်ပျိုးရေးသမားအဖြစ် အလုပ်လုပ်နေသူ အေးမင်းဝင်းက အသက် ၂၀ ကျော် အရွယ်ရှိ မြန်မာ အမျိုးသမီးတဦးကို ပြန်ပေးဆွဲကာ မလေးရှား ရင်းဂစ် ၁၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၃၀၀ ခန့်) ဖြင့် ပြန်ရွေးရန် တောင်းဆိုခဲ့သည်။

အသက် ၃၀ အရွယ် အေးမင်းဝင်းက ပြန်ပေးဆွဲခံရသော အမျိုးသမီး၏ သူငယ်ချင်းထံတွင် အဆိုပါငွေကို တောင်းခံခဲ့ ခြင်းဖြစ်သည်။
.မလေးရှား ရင်းဂစ် ၂၈,၀၀၀ နှင့် ပြန်ရွေးယူရန် ညှိနှိုင်းပြီးနောက် ပြန်ပေးဆွဲခံထားရသူ၏ သူငယ်ချင်းက ဇွန်လ ၉ ရက်၊ ည ၉ နာရီခွဲတွင် ကွာလာလမ်ပူ မြို့လယ်ရှိ မန္တလေး စားတော်ဆက်၌ သွားပေးခဲ့ရသည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ဖော်ပြထားသည်။

ထို့နောက် မလေးရှားရဲများက ဝိုင်းပြီး ငွေလက်ခံသူ အေးမင်းဝင်း အပါအ၀င် အသက် ၂၀ နှင့် ၃၀ ကြားရှိ သံသယရှိသူ မြန်မာ ၅ ဦးကို ဖမ်းဆီးခဲ့သည်။

ယင်းတို့ အထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပေးသည့် လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်ဟု ကွာလာလမ်ပူ မြို့တော် မှုခင်းထောက်လှမ်းရေး ဒုတိယအကြီးကဲ ဒါတွတ် ကူချင်ဝါ က က ပြောသည်။

“ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးကို ငွေပေး ရွေးပြီးတဲ့နောက် သံသယရှိသူ ၅ ယောက်ကို ရဲက ဖမ်းဆီး စစ်ဆေးခဲ့ရာမှာ UNHCR ကတ် ကိုင်ထားတဲ့သူ ၄ ဦး ပါတာကို တွေ့ရတယ်။ ရဲက ငွေတွေကို ပြန်သိမ်းဆည်းနိုင်ခဲ့တယ်။ အားလုံးကို စစ်ဆေးပြီးတဲ့နောက် အဓိက တာဝန်ရှိတဲ့ ပြန်ပေးသမား အေးမင်းဝင်းကို ဖမ်းဆီး ထိမ်းသိမ်းခဲ့တယ်” ဟု ဒါတွတ် ကူချင်ဝါက The Star သတင်းစာသို့ ပြောထားသည်။

ထို့အပြင် ပြန်ပေးဆွဲခံရသူ အမျိုးသမီးသည် အဓမ္မပြုကျင့်ခံခဲ့ရပုံ ရှိသည်ဟုလည်း ဒါတွတ် ကူချင်ဝါက ဆိုသည်။

အေးမင်းဝင်းကို ပြန်ပေးဆွဲမှု အက်ဥပဒေဖြင့် စွဲချက်တင်ထားရာ ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်ပါ ကျခံရနိုင်သည် ဟု သိရသည်။
“ဒီမှာ မိန်းကလေးတွေ အများကြီး လာပြီး အလုပ်လုပ်နေကြတာရှိတယ်။ ဒါကို ကူညီစောင့်ရှောက်ရမယ့်အစား အခုလို လုပ်တာကတော့ အင်မတန် ရှက်စရာကောင်းပါတယ်။ ဒီလိုလူမျိုးတွေကို ဖော်ထုတ်ပြီး ကောင်းကောင်း အပြစ်ပေး သင့်တယ်”ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား ဌာနခွဲ) မှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ကိုမျိုးခိုင်က ပြောသည်။

လက်ရှိအခြေအနေအရ မလေးရှား နိုင်ငံတွင် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာ နိုင်ငံမှ အမျိုးသမီးများ၏ ဘ၀ လုံခြုံမှု နည်းပါးလာပြီး စိုးရိမ်ဖွယ်ရာ ရှိလာကြောင်း မြန်မာအမျိုးသမီးများအရေး ဆောင်ရွက်နေသော မလေးရှားနိုင်ငံ မှ Multi National Women Organization of Burma အဖွဲ့ က ပြောကြားသည်။

မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသား အလုပ်သမား အများဆုံးရှိသော နိုင်ငံဖြစ်ပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသူများအပါအ၀င် မြန်မာ စုစုပေါင်း ၃ သိန်းကျော် ရှိသည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူ များက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>

Thursday, 1 July 2010

မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ

သန်းထိုက်ဦး Tuesday, June 29, 2010 

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပရာကျွပ် ခီရီခန် ခရိုင် အတွင်း တရားမ၀င် မြန်မာ ပြည်သားများ တင်ဆောင် လာသည့် ကားကို အမည် မသိ သေနတ် သမားများ ပစ်ခတ်မှုကြောင့် ကားမောင်းသမား တဦးနှင့် အလုပ်သမား တဦး ဒဏ်ရာရရှိ သွားကြောင်း ထိုင်းသတင်းများ အရ သိရသည်။  

အဆိုပါ ကားပေါ်တွင် မြန်မာပြည်သား(၁၈)ဦးခန့် လိုက်ပါလာခဲ့ပြီး ဘုရားသုံးဆူမြို့မှ စူဋ္ဌဌာနီမြို့သို့ အသွား လမ်းခုလပ် တနေ ရာ တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက်တွင် ထိုင်း ဘာသာဖြင့် ယနေ့ ဖော်ပြထားသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ အလုပ်သမားတဦး ဘယ်ဘက်လက်တွင် သေနတ်ထိမှန်ကာ ဒဏ်ရာအနည်းအငယ် ရရှိသွားကြောင်း ၎င်း သတင်း၌ ဖော်ပြထားသည်။ 
အလုပ်သမားများ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း ခရိုင်အတွင်းရှိ ပလာဘူလီ ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် ခဲ့ ရာ တာဝန်ရှိသူ ရဲအရာရှိ တဦးက ဖြစ်ပွားပုံကို မသိရှိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုတွေကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများကို လက်ရှိ ထို ရဲစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးသွားမည် ဖြစ် ကြောင်း သိ ရသည်။ ယာဉ်မောင်းကိုမူ တရားမ၀င် လူကုန်ကူးမှုဖြင့် ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရဲ အရာရှိက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ပြည် သားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါ အ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ထို သေဆုံးသူများသည် ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တား ဆီးသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ် သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးထားသည်။
အပြည့်အစုံသို့ >>

Friday, 25 June 2010

မြန်မာနိုင်ငံသား စိစစ်ရေးကဒ်မရှိလည်း ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်လွယ်ကူ

Thursday, 24 June 2010 08:11 သျှမ်းသံတော်ဆင့်

ရွှေ့ပြောင်းအလုပ်သမားများ နအဖ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသော်လည်း မြန်မာ နှင့် ထိုင်းအစိုးရ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ရန်အခက်အခဲမရှိကြောင်း သျှမ်းရွှေ့ပြောင်းအလုပ် သမားတဦးက ပြောပါသည်။

“မနေ့က တာချီလိတ်မှာ ကျနော်တို့ ယာယီနိုင်ငံကူးလက်မှတ်သွားလုပ်ကြတယ်၊ မှတ်ပုံတင်မရှိလဲ ရတယ်၊ အကုန် အကျ တော့များတယ်၊ အားလုံးအပြီးအစီး ၆၅၃၅ ဘတ်။ ကျနော်တို့လို ကျဘမ်းအလုပ်သမားအတွက် မနည်းဘူးလေဗျာ။ ” - ယမန်နေ့က တာချီလိတ်သို့ ယာယီနိုင်ငံကူးလက်မှတ်ပြန်လုပ်သူတဦးက ပြောပါသည်။
ယာယီနိုင်ငံကူးလက်မှတ်စီမံကိန်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ၏ အနာဂတ်အတွက် စိုးရိမ်ရသော်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မှ နေ့ချင်းပြန် သွားလုပ်နိုင်ကြောင်း ပြောပြပါသည်။

“ကျနော်တို့ကို ထိုင်းကပွဲစားတွေကခေါ်သွားတာလေ။ သူတို့အကျိုးဆောင်မလုပ်ပေးရင်ဘယ်လွယ်မလဲ။ ဗမာ ဘက်ခြမ်းက ပွဲစားတွေနဲ့ ထိုင်းဘက်ခြမ်းက ပွဲစားတွေ ပူးပေါင်းပြီးလုပ်တာ။ ကုန်ကျစရိတ်တော့များတယ်။ ယာ ယီနိုင်ငံကူးလက်မှတ်လုပ်ပြီးခြင်း ၂၄ နာရီအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးကိုအကြောင်းကြားရတယ်။ ထိုင်း အလုပ်သမားဌာနကိုတော့ အလုပ်ရှင်နဲ့အတူသွားရင် ပိုလွယ်တယ်။” - ဟု ဆက်ပြော၏။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မှတ်ပုံတင်မရှိသူများအတွက် မိဘဘိုးဘွားနာမည် ခုနှစ်ဆက်ပြောပြရကြောင်း၊ ဘီ၊ ဘင်တို့၏ နာမည်မသိသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း၊ သို့သော်တရက်တည်းဖြင့် အပြီး လုပ်နိုင်သဖြင့် ထင်သလောက်ပင်ပန်းခြင်းမရှိကြောင်းပြောပါသည်။
တရားဝင်အလုပ်သမားဖြစ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းသည့်စီမံကိန်းတွင် (လက်ရှိပေါက်ဈေးအရ) ယာယီနိုင်ငံကူးလက်မှတ် (ထိုင်းအကျိုးဆောင်ကုမ္ပဏီထံပေးရသည့်ငွေ) ဘတ်ငွေ ၄၆၅၀၊ ထိုင်းအလုပ်သမား ရေးရာဌန ဘတ်ငွေ ၁၄၅၀၊ မှတ်ပုံတင်ကြေး (မြန်မာမှတ်ပုံတင်မရှိသည့်သူ) ဘတ် ၃၇၀၊ စာအုပ် (ယာယီနိုင်ငံ ကူးလက်မှတ်) ကြေး ၆၅ ဘတ်၊ စုစုပေါင်း ၆၅၃၅ ဘတ် ကုန်ကျ ကြောင်းသိရပါသည်။


“အနာဂတ် ဘယ်လိုဖြစ်လာမလဲတော့မသိဘူး၊ မြန်မာဘက်က အလုပ်သမားတွေရဲ့ ၀င်ငွေခွန် ထပ်ကောက်ဦး မလား မသိဘူး၊ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့အခွင့်အရေးတွေရတယ်ဆိုတော့ မဆိုးဘူးပေါ့၊”- ဟု ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကျိုင်းတုံသား စိုင်းလုံကျောက် ကပြောပါသည်။

“အရင်က ကျနော်တို့ ထိုင်းထဲကို ခိုးဝင်အလုပ်လုပ်တဲ့သူခိုးတွေ၊ အခုတော့ကိုယ်ပိုင်နံပါတ်တွေနဲ့ တရားဝင်နယ် စပ်ဂိတ်ကို ခေါင်းမော့ရင်ကော့ပြီးဖြတ်သန်းတယ်။ ထိုင်းထဲမှာလည်း ဘယ်သူကိုကြောက်စရာမလိုတော့ဘူး၊ ဥပဒေနဲ့ လွတ်ကင်းရင်ပြောတာနော်” - ဟု သျှမ်းပြည်သား ကရင်အမျိုးသားတဦးကလည်း သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။ ထိုင်း - မြန်မာပူးပေါင်းအကောင်အထည်ဖေါ်သည့် စီမံကိန်း၌ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်သုံးနှစ်ဆက်တိုက်ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ချိန်ပြည့်လွန်ပါက မိမိနေရပ်/ တိုင်းပြည် သို့ သုံးနှစ်ပြန်နေရမည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် နအဖက တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ရုံးဖွင့်လှစ် ပေးထားပြီး တရက်လျှင် အလုပ်သမား ၂၀၀ ခန့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးလျက်ရှိသည်။ ထိုင်းနိုင်ငံ အတွင်း မြန်မာအလုပ် သမား ၁.၁ သန်း တရားဝင်အလုပ်လုပ်နိုင်ရေးအတွက် - ၂၀၁၂ ခုနှစ်အထိ စီမံကိန်းချလုပ်ဆောင်ပေးသွားမည် ဟု သိရသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP