Thursday, 1 July 2010

မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ

သန်းထိုက်ဦး Tuesday, June 29, 2010 

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပရာကျွပ် ခီရီခန် ခရိုင် အတွင်း တရားမ၀င် မြန်မာ ပြည်သားများ တင်ဆောင် လာသည့် ကားကို အမည် မသိ သေနတ် သမားများ ပစ်ခတ်မှုကြောင့် ကားမောင်းသမား တဦးနှင့် အလုပ်သမား တဦး ဒဏ်ရာရရှိ သွားကြောင်း ထိုင်းသတင်းများ အရ သိရသည်။  

အဆိုပါ ကားပေါ်တွင် မြန်မာပြည်သား(၁၈)ဦးခန့် လိုက်ပါလာခဲ့ပြီး ဘုရားသုံးဆူမြို့မှ စူဋ္ဌဌာနီမြို့သို့ အသွား လမ်းခုလပ် တနေ ရာ တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက်တွင် ထိုင်း ဘာသာဖြင့် ယနေ့ ဖော်ပြထားသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ အလုပ်သမားတဦး ဘယ်ဘက်လက်တွင် သေနတ်ထိမှန်ကာ ဒဏ်ရာအနည်းအငယ် ရရှိသွားကြောင်း ၎င်း သတင်း၌ ဖော်ပြထားသည်။ 
အလုပ်သမားများ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း ခရိုင်အတွင်းရှိ ပလာဘူလီ ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် ခဲ့ ရာ တာဝန်ရှိသူ ရဲအရာရှိ တဦးက ဖြစ်ပွားပုံကို မသိရှိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုတွေကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများကို လက်ရှိ ထို ရဲစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးသွားမည် ဖြစ် ကြောင်း သိ ရသည်။ ယာဉ်မောင်းကိုမူ တရားမ၀င် လူကုန်ကူးမှုဖြင့် ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရဲ အရာရှိက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ပြည် သားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါ အ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ထို သေဆုံးသူများသည် ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တား ဆီးသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ် သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးထားသည်။
အပြည့်အစုံသို့ >>

Friday, 25 June 2010

မြန်မာနိုင်ငံသား စိစစ်ရေးကဒ်မရှိလည်း ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်လွယ်ကူ

Thursday, 24 June 2010 08:11 သျှမ်းသံတော်ဆင့်

ရွှေ့ပြောင်းအလုပ်သမားများ နအဖ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသော်လည်း မြန်မာ နှင့် ထိုင်းအစိုးရ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ရန်အခက်အခဲမရှိကြောင်း သျှမ်းရွှေ့ပြောင်းအလုပ် သမားတဦးက ပြောပါသည်။

“မနေ့က တာချီလိတ်မှာ ကျနော်တို့ ယာယီနိုင်ငံကူးလက်မှတ်သွားလုပ်ကြတယ်၊ မှတ်ပုံတင်မရှိလဲ ရတယ်၊ အကုန် အကျ တော့များတယ်၊ အားလုံးအပြီးအစီး ၆၅၃၅ ဘတ်။ ကျနော်တို့လို ကျဘမ်းအလုပ်သမားအတွက် မနည်းဘူးလေဗျာ။ ” - ယမန်နေ့က တာချီလိတ်သို့ ယာယီနိုင်ငံကူးလက်မှတ်ပြန်လုပ်သူတဦးက ပြောပါသည်။
ယာယီနိုင်ငံကူးလက်မှတ်စီမံကိန်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ၏ အနာဂတ်အတွက် စိုးရိမ်ရသော်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မှ နေ့ချင်းပြန် သွားလုပ်နိုင်ကြောင်း ပြောပြပါသည်။

“ကျနော်တို့ကို ထိုင်းကပွဲစားတွေကခေါ်သွားတာလေ။ သူတို့အကျိုးဆောင်မလုပ်ပေးရင်ဘယ်လွယ်မလဲ။ ဗမာ ဘက်ခြမ်းက ပွဲစားတွေနဲ့ ထိုင်းဘက်ခြမ်းက ပွဲစားတွေ ပူးပေါင်းပြီးလုပ်တာ။ ကုန်ကျစရိတ်တော့များတယ်။ ယာ ယီနိုင်ငံကူးလက်မှတ်လုပ်ပြီးခြင်း ၂၄ နာရီအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးကိုအကြောင်းကြားရတယ်။ ထိုင်း အလုပ်သမားဌာနကိုတော့ အလုပ်ရှင်နဲ့အတူသွားရင် ပိုလွယ်တယ်။” - ဟု ဆက်ပြော၏။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မှတ်ပုံတင်မရှိသူများအတွက် မိဘဘိုးဘွားနာမည် ခုနှစ်ဆက်ပြောပြရကြောင်း၊ ဘီ၊ ဘင်တို့၏ နာမည်မသိသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း၊ သို့သော်တရက်တည်းဖြင့် အပြီး လုပ်နိုင်သဖြင့် ထင်သလောက်ပင်ပန်းခြင်းမရှိကြောင်းပြောပါသည်။
တရားဝင်အလုပ်သမားဖြစ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းသည့်စီမံကိန်းတွင် (လက်ရှိပေါက်ဈေးအရ) ယာယီနိုင်ငံကူးလက်မှတ် (ထိုင်းအကျိုးဆောင်ကုမ္ပဏီထံပေးရသည့်ငွေ) ဘတ်ငွေ ၄၆၅၀၊ ထိုင်းအလုပ်သမား ရေးရာဌန ဘတ်ငွေ ၁၄၅၀၊ မှတ်ပုံတင်ကြေး (မြန်မာမှတ်ပုံတင်မရှိသည့်သူ) ဘတ် ၃၇၀၊ စာအုပ် (ယာယီနိုင်ငံ ကူးလက်မှတ်) ကြေး ၆၅ ဘတ်၊ စုစုပေါင်း ၆၅၃၅ ဘတ် ကုန်ကျ ကြောင်းသိရပါသည်။


“အနာဂတ် ဘယ်လိုဖြစ်လာမလဲတော့မသိဘူး၊ မြန်မာဘက်က အလုပ်သမားတွေရဲ့ ၀င်ငွေခွန် ထပ်ကောက်ဦး မလား မသိဘူး၊ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့အခွင့်အရေးတွေရတယ်ဆိုတော့ မဆိုးဘူးပေါ့၊”- ဟု ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကျိုင်းတုံသား စိုင်းလုံကျောက် ကပြောပါသည်။

“အရင်က ကျနော်တို့ ထိုင်းထဲကို ခိုးဝင်အလုပ်လုပ်တဲ့သူခိုးတွေ၊ အခုတော့ကိုယ်ပိုင်နံပါတ်တွေနဲ့ တရားဝင်နယ် စပ်ဂိတ်ကို ခေါင်းမော့ရင်ကော့ပြီးဖြတ်သန်းတယ်။ ထိုင်းထဲမှာလည်း ဘယ်သူကိုကြောက်စရာမလိုတော့ဘူး၊ ဥပဒေနဲ့ လွတ်ကင်းရင်ပြောတာနော်” - ဟု သျှမ်းပြည်သား ကရင်အမျိုးသားတဦးကလည်း သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။ ထိုင်း - မြန်မာပူးပေါင်းအကောင်အထည်ဖေါ်သည့် စီမံကိန်း၌ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်သုံးနှစ်ဆက်တိုက်ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ချိန်ပြည့်လွန်ပါက မိမိနေရပ်/ တိုင်းပြည် သို့ သုံးနှစ်ပြန်နေရမည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် နအဖက တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ရုံးဖွင့်လှစ် ပေးထားပြီး တရက်လျှင် အလုပ်သမား ၂၀၀ ခန့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးလျက်ရှိသည်။ ထိုင်းနိုင်ငံ အတွင်း မြန်မာအလုပ် သမား ၁.၁ သန်း တရားဝင်အလုပ်လုပ်နိုင်ရေးအတွက် - ၂၀၁၂ ခုနှစ်အထိ စီမံကိန်းချလုပ်ဆောင်ပေးသွားမည် ဟု သိရသည်။
အပြည့်အစုံသို့ >>

မတရား စေခိုင်းခံရသည့် မြန်မာ အလုပ်သမားများကို ကယ်ထုတ်

ဘစောတင် Wednesday,June 23, 2010

ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ဒဲန်းဒဲအရပ်မှ စက်ချုပ်ရုံငယ် တခုအတွင်း မတရား အလုပ်စေခိုင်း ခံရပြီး လှောင်ပိတ် ခံထားရသည့် မြန်မာ အလုပ်သမားများ ထဲမှ ၆ ဦးကို ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ (ဘန်ကောက်) က ကူညီ ကယ်ထုတ် နိုင်သောကြောင့် ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း သတင်းရရှိသည်။

စက်ရုံမှ လွတ်မြောက် ခဲ့သူများ၏ ဆွေမျိုးများက ရောင်ခြည်ဦးကို ဖုန်းဆက် အကြောင်းကြား လာသောကြောင့် သွားရောက် ကယ်ထုတ် ပေးခဲ့ရကြောင်း၊ ပထမ အကြိမ်တွင် အဆင်မပြေဘဲ ယခုလ ၁၁ ရက်နေ့ကမှ ကယ်ထုတ် ပေးနိုင်ခဲ့ကြောင်း အလုပ်သမားများ လွတ်မြောက်ရန် ကိုယ်တိုင်ပါဝင် ကူညီခဲ့သူ ရောင်ခြည်ဦး အဖွဲ့သား တဦးက ပြောပြသည်။
“ပထမ တခေါက်မှာ ကျနော်တို့ တက္ကစီနဲ့ သွားတော့ သူဌေးလူယုံတွေ မလစ်တာနဲ့ သူတို့ ထွက်လာလို့ မရဘူး။ သူဌေးက သူတို့ကို အမြဲတမ်း စောင့်ကြည့် ခိုင်းထားတာ။ ဒုတိယအကြိမ် သွားခိုးထုတ်မှပဲ ရလာတယ်” ဟု ရောင်ခြည်ဦး (ဘန်ကောက်) ရုံးတာဝန်ခံ ကိုစောဂျက်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ စက်ရုံတွင် အလုပ် လုပ်နေသူများမှာ ပြင်ပသို့ သွားခွင့်မရှိဘဲ ပစ္စည်းဝယ်ချင်ပါက စက်ရုံ အလုပ်သမား ခေါင်းမှ တဆင့် ၀ယ်ယူရပြီး မလွှဲမရှောင်သာ အပြင်သို့ ထွက်ရလျှင်လည်း သူဌေး လူယုံနှင့်သာ သွားခွင့်ရကြောင်း သိရသည်။

ရောင်ခြည်ဦး အဖွဲ့သားများသည် အဆိုပါ စက်ရုံမှ မချမ်းမြေ့ (လွိုင်ကော်)၊ မလဲ့လဲ့ (ရန်ကုန်)၊ ကိုစံလင်းအောင်၊ မဇင်မာ၊ မဖြူထွန်းနှင့် ကိုတိမ်တိုက် တို့ကို ခိုးထုတ် ကယ်တင် နိုင်ခဲ့သည်။

လွတ်မြောက် လာသူထဲမှ မချမ်းမြေ့၏ ပြောပြချက်အရ အဆိုပါ စက်ရုံတွင် အလုပ် လုပ်နေသော သူငယ်ချင်း တဦး ခေါ်သောကြောင့် မဲဆောက်မှနေ၍ သူဌေး စားရိတ်ဖြင့် တက်လာခြင်း ဖြစ်ကြောင်း၊ တရက်လျှင် ဘတ် ၇၅၀ (ကျပ် ၂၂၀၀ ခန့်) ရမည်ဟု သူငယ်ချင်းက ပြောခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်း အလုပ်စဝင်စဉ် တနေ့ ဘတ် ၆၀၊ ၇၀ (ကျပ် ၂၁၀၀ ခန့်) သာ ရကြောင်း၊ နေ့စဉ် ည ၂ နာရီ၊ ၃ နာရီခန့် အထိ အလုပ် လုပ်ရကြောင်း။ နံနက် ၉ နာရီ အလုပ် ပြန်ဝင်ရ ကြောင်းလည်း မချမ်းမြေ့က ပြောပြသည်။

“ဟင်းဝယ် စားတာက တနေ့ကို ၄၀ လောက်ကုန်တယ်။ ညဥ့်လည်း အရမ်းနက်တယ်။ ကျမ အဲဒီမှာ ၃၅ ရက် ကြာခဲ့တယ်။ တနေ့ကို ၇၅၀ မပေးနဲ့ဦး၊ ၂၀၀ လောက် ရရင်တောင် ကျမတို့ ထွက်မပြေးပါဘူး” ဟု သူက ဆိုသည်။

ယခုကဲ့သို့ မချမ်းမြေ့ ထွက်ပြေး လာခဲ့သည့် အတွက် ၎င်းကို ခေါ်ယူခဲ့သည့် အဆိုပါ စက်ရုံတွင် အလုပ် လုပ်နေဆဲ ဖြစ်သော သူငယ်ချင်း ဖြစ်သူက အလျော် ပေးရမည် ဖြစ်ကြောင်း မချမ်းမြေ့က ပြောသည်။

အဆိုပါ စက်ရုံ ပိုင်ရှင်သည် အလုပ်သမား ၆ ဦး ထွက်ပြေး ခဲ့ပြီးနောက် ကျန်ရှိသူများကို ပိုမို တင်းကျပ်ကာ သော့ခတ် ပိတ်လှောင် ထားသည်ဟု လွတ်မြောက် လာသူထဲမှ မလဲ့လဲ့က ရှင်းပြသည်။

ယင်းအမှုနှင့် စပ်လျဉ်း၍ ရောင်ခြည်ဦး (ဘန်ကောက်) မှတ်တမ်းတွင် “အလုပ်သမား များအား နံနက် ၉း၀၀ မှ စတင် ခိုင်းစေပြီး နောက်တနေ့ နံနက် ၃း၀၀ နာရီ အထိ အလုပ် လုပ်ခိုင်းသည်။ အလုပ်များအား ပုတ်ပြတ် လုပ်ကိုင်ခိုင်းပြီး စုစုပေါင်း တနေ့ အလုပ်ချိန် ၁၈ နာရီ ခိုင်းစေ သော်လည်း တနေ့လျှင် ဘတ် ၆၀ မှ ၈၀ (ကျပ် ၁၈၀၀ မှ ကျပ် ၂၄၀၀) အတွင်းသာ ရရှိကြသည်။ ၁၅ ရက် တခါ ဘတ်ငွေ ၇၅၀ ထုတ်ပေးပြီး တခြား လုပ်အားခ ငွေများ ထုတ်ပေးခြင်း မရှိ။ ကယ်ရီစရိတ် မကြေသေး သူများကို ကယ်ရီစရိတ် ဖြတ်နေခြင်း ဖြစ်ကြောင်း ပြောဆိုပြီး ကယ်ရီ စရိတ်ကြေ (အကြွေး ကြေသူများ) သူများထံမှ အာမခံကြေး ဘတ် ၄၀၀၀ (ကျပ် ၁၂၀၀၀၀ ခန့်) အထိ ဖြတ်ယူမည် ဖြစ်ကြောင်း ပြောဆိုသည်” ဟု ရေးသား ထားသည်။

ဇွန်လ ၁၁ ရက်နေ့တွင် အလုပ်ရှင်၏ မတရား ခေါင်းပုံဖြတ်မှုကို မခံနိုင်သော အလုပ်သမား ၆ ဦး ထွတ်ပြေး လွတ်မြောက်ခဲ့ရာ ၎င်း အလုပ်သမားတို့၏ ဓာတ်ပုံများကို ပတ်ဝန်းကျင်တွင် ဖြန့်ဝေပြီး ရှာဖွေ သတင်းပေး နိုင်သူများအား ဘတ် ၁၀၀၀၀ (ကျပ် ၃ သိန်းခန့်)၊ လာရောက် ခိုးထုတ်သူကို ရှာဖွေ သတင်းပေး နိုင်သူအား ဘတ် ၁၀၀၀၀ (ကျပ် ၃ သိန်းခန့်) ပေးမည့်ဟု ဆုငွေ ထုတ်ထားကြောင်း၊ ဆိုင်ကယ် ကယ်ရီသမားများ၊ တက္ကစီ ယာဉ်မောင်းများ အပြင် ဘန်ကောက် နယ်မြေ ကျွမ်းကျင်သော မြန်မာ အလုပ်သမားများ ကိုလည်း ၀ိုင်းဝန်း ရှာဖွေပေးရန် အကူအညီ တောင်းထားကြောင်း ရောင်ခြည်ဦး၏ မှတ်တမ်းဖိုင်တွင် ရေးသားထားသည်။

ယင်းသို့ ကူညီကာ ခိုးထုတ် ကယ်တင်ခဲ့သော ရောင်ခြည်ဦး (ဘန်ကောက်) အဖွဲ့ မှ တာဝန်ရှိသူ များကို တွေ့လိုကြောင်းကို အဆိုပါ စက်ရုံမှ စကားပြန် ကိုကောင်းမြတ်က အကြောင်းကြားလာ သဖြင့် ရောင်ခြည်ဦး (ဘန်ကောက်) နှင့်အတူ ဘန်ကောက် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သော အဖွဲ့များ ပူးပေါင်းကာ သွားရောက် တွေ့ဆုံရန် စီစဉ်နေ ကြကြောင်း သိရသည်။

စက်ရုံပိုင်ရှင်မှာ မြန်မာနိုင်ငံသား ရှမ်းတရုတ် လူမျိုး ဖြစ်ပြီး မြန်မာခရီးသွား လက်မှတ် ကိုင်ဆောင်သူဟု သိရသည်။ သူ၏ ဇနီးမှာ ချင်းမိုင်မြို့သူ ထိုင်းနိုင်ငံသား ဖြစ်သည်။ အလုပ်သမား အားလုံးက ၎င်းတို့ကို အစ်ကိုနှင့် အစ်မ ဟူ၍ ခေါ်ဝေါ်ကြသဖြင့် ၎င်းတို့ အမည်များကို မသိကြပေ။

အဆိုပါ စက်ရုံသည် ဘန်ကောက် မြို့လယ် ဒင်းဒဲအရပ်မှ PM tower နှင့် ဟွေ့ ခွန် ဈေးအနီးတွင် ရှိသည်။
အပြည့်အစုံသို့ >>

မလေးရှားက တရားမ၀င် မြန်မာအလုပ်သမားများကို ပြန်ပို့ ၊ မြန်မာ့ရွှေဈေးတက်

ရွှေအောင် ၂၃ ဇွန် ၂၀၁၀

မလေးရှားက မြန်မာအလုပ်သမားတွေ အဲအေးရှား အထူးလေ ယာဉ်နဲ့ မြန်မာပြည်ကို ပြန်ပို့ဖို့လုပ်နေပြီး မြန်မာ့ရွှေဈေးတွေလည်း ဆက်တက်နေ တုန်း ဖြစ်ပါတယ်။ မလေးရှားမှာ (Over Stay)အိုဗာစတေးနဲ့ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို အခုရက်ပိုင်းအတွင်းမှာ ဖမ်းပြီး အဲအေးရှားအထူးလေယာဉ်နဲ့ ပြန်လွှတ်ဖို့ လုပ်နေတယ်လို့ မလေးရှား အန်အယ်လ်ဒီအယ်လ်အေဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။

  “ဒီလထဲမှာ နောက်ထပ် စီမံချက် တခုလုပ်လိုက်တာက အဲအေးရှား ကနေ ပြီးတော့ သူ့ရဲ့ အရောင်းမြှင့်တင်ဖို့အတွက် မလေးရှားအစိုးရရယ်၊ ကမ္ဘာ့လွတ်ငြိမ်း ချမ်းသာအဖွဲ့ကြီးကနေပြီးတော့ ဒါကို တောင်းဆို လိုက်တာပေါ့နော်။ ဒီမှာ ဒုက္ခ ရောက်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဘာကြောင့် ပြန်လို့ မရတာလဲ ဆိုတော့ လေယာဉ်စရိတ် ဈေးကြီးတာရယ်၊ တရားဝင် ပြန်ခွင့် မရှိတာရယ်ပေါ့။”

“ဒါကြောင့် ဈေးနှုန်းချိုချိုသာသာနဲ့ ပြန်ခွင့်ပေးမယ်ဆိုရင် သူတို့အတွက် သက်သာမယ် ဆိုပြီး အဲဒီလိုတောင်းဆိုလိုက်တော့ ဒီနိုင်ငံအစိုးရကလည်း ဟိုးအရင် ကတည်းက သူတို့ချထားတဲ့ စီမံချက်က နိုင်ငံခြားသားလျှော့ချရေးဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်တဲ့အခါမှာ ဒီမှာ ရှိတဲ့ နိုင်ငံခြားသား နှိမ်နင်းရေးအဖွဲ့ရယ်၊ ရဲဌာနရယ်၊ လ၀ကရယ်၊ သုံးယောက်ပေါင်းပြီးတော့ ဒီမှာ တရားမ၀င် အိုဗာစတေး ဖြစ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးပြီး အခုအချိန်ကစပြီးတော့ အပေါ်လမ်းက နေ ပြန်ပို့နေတာပေါ့နော်။”

အထူးသဖြင့် စနေ၊ တနင်္ဂနွေနေ့တွေမှာ မြန်မာအလုပ်သမားတွေ ထိုင်လေ့ ရှိတဲ့ စားသောက်ဆိုင်တွေမှာ ၀င်ဖမ်းတယ်လို့လည်း ဆိုပါတယ်။ ပတ်စပို့နဲ့ တရားဝင်လာပြီး အလုပ်လုပ်နေသူတွေကတော့ သူတို့ကိုခေါ်တဲ့ အေးဂျင့်နဲ့ အလုပ်လုပ်တဲ့ နေရာမှန်ရင် အရေးမယူပါဘူး၊ အလုပ်နေရာ ပြတာက တနေရာ အလုပ်လုပ်တာက တနေရာဆိုရင်တော့ ဖမ်းတယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်ကနေ အလုပ်သမား စေလွှတ်တဲ့ အေဂျင်စီတခုရဲ့ အဆိုအရ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၇၀ ရာခိုင်နှုန်းက မလေးရှား သွားကြတယ်လို့ ပြောပါတယ်။

အခုစီမံချက်မှာ မြန်မာတွေတင် ဖမ်းတာ မဟုတ်ပါဘူး။ အင်ဒိုနီးရှား စတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအားလုံးကို ဖမ်းနေတာပါ၊ အဲအေးရှားလေကြောင်း လိုင်းရဲ့ ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်ထားချက်အရ ရန်ကုန်-ကွာလမ်လာပူ တကြောင်း သွားကို မလေးရင်းဂစ် ၂၉ ကျပ်တသောင်းလောက်နဲ့ ပြေးဆွဲမယ်၊ ခရီးစဉ်ကို ဇူလိုင် လ ၂၀ ကနေ ၂၀၁၁ ခုနှစ် မေလ ၈ ရက်အထိ ပြေးပေးမယ်လို့ သိရပါတယ်။

တရိပ်ရိပ်တက်နေတဲ့မြန်မာ့ရွှေဈေးက ဒီနေ့လဲ အမြင့်ဈေးမှာရှိနေတုန်းပါ။ ရန်ကုန်အခေါက်ရွှေဈေးက တကျပ်သား ခြောက်သိန်းငါးသောင်းလေးထောင်ပါ၊ ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေးလည်း လိုက်တက်တာလို့ ရွှေဆိုင်ပိုင်ရှင်တဦး က ပြောပါတယ်၊ ပြီးခဲ့တဲ့ မေလလယ်ပိုင်းကစပြီး ရွှေဈေးက ခြောက်သိန်းလေးသောင်း အထိ တက်ခဲ့ပြီး၊ ရွှေဈေးသမိုင်းတလျှောက် အမြင့်ဆုံးစံချိန် ရောက်ခဲ့ပါတယ်၊ အခုဇွန်လ နှောင်းပိုင်း အရောက်မှာလည်း ခြောက်သိန်းငါးသောင်းအထက်မှာပဲ စံချိန်တင် ရှိနေ တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Thursday, 24 June 2010

မတရားစေခိုင်းခံရသူ အလုပ်သမားများ လွတ်မြောက်

မြတ်ခိုင်ဦး/၂၃ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကအပ်ချုပ်စက်ရုံတခုတွင် မတရား လှောင်ပိတ်စေခိုင်းခံနေရသော မြန်မာအလုပ်သမား (၆) ဦးသည် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ကယ်တင်မှုကြောင့် ယခုအခါ ဘ၀သစ်ထူထောင်နေကြပြီဖြစ်သည်။

“(၂) ယောက်က ဆူကွန်ဗစ်မှာ အလုပ်ဝင်နေပြီ။ ကျန်တဲ့ (၂) ယောက်ကတော့ သူတို့ဆွေမျိုးတွေဆီရောက်ပြီး မဆက်သွယ်ဖြစ်တော့ဘူး။ ကျန်တဲ့ (၁) ယောက်က ဒါအိုခနွန်မှာ၊ နောက်တယောက်ကတော့ မဲဆောက်ပြန်သွားပြီ” ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်) မှ တာဝန်ခံ ကိုစောဂျက်က ပြောသည်။


ထိုသို့ ရောင်ခြည်ဦးက ပို့ဆောင်ပေးခဲ့သည့်အလုပ်သမားများမှာ မချမ်းမြေ့၊ မလဲ့လဲ့၊ ကိုစံလင်းအောင်၊ မဇင်မာ၊ မဖြူထွန်းနှင့် ကိုတိမ်တိုက်တို့ဖြစ်သည်။

ဘန်ကောက်မြို့၊ ဟွေ့ကွမ်၊ PM တာဝါအနီးရှိ၊ ပုဂ္ဂလိကအပ်ချုပ်စက်ရုံတွင် မတရား ဈေးနှိမ် လှောင်ပိတ်စေခိုင်းခံနေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးကို ဘန်ကောက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ယခုလ (၁၁) ရက်တွင် ကယ်တင်နိုင်ခဲ့ပြီးနောက် မိဘဆွေမျိုးများ၊ လုပ်ငန်းသစ်များနှင့် မိတ်ဆွေအပေါင်းအသင်းများရှိရာ ၎င်းတို့သွားလိုရာ အရပ်ဒေသများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံကို တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာလိုကျွမ်းကျင်စွာ ပြောတတ်သည့် ရှမ်းတရုတ်ဟု ယူဆရသူက ပိုင်ဆိုင်ပြီး ယင်းစက်ရုံတွင် အလုပ်သမား (၁၅) ဦးခန့် ရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ထံမှ သိရသည်။

ယင်းအလုပ်ရှင်ဖြစ်သူက မဲဆောက်စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မိမိထံ ရောက်ရှိပြီးသော အလုပ်သမားများမှတဆင့် ဖြားယောင်းပြီး လူကယ်ရီဖြင့် တယောက်လျှင် (၁၅,၀၀၀) ဘတ်နှုန်းထား ခေါ်ယူလျက်ရှိကာ မတရားနည်းလမ်းဖြင့် အလုပ်သမားများကို ခေါင်းပုံဖြတ် အနိုင်ကျင့်နေကြောင်း ကိုယ်တွေ့ခံစားရသူများက ပြောသည်။

အဆိုပါ လူကယ်ရီခ ကျေသွားသော်လည်း အာမခံစရိတ်ဟုဆိုကာ နောက်ထပ် ဘတ်ငွေ (၄,၀၀၀) ကို အလုပ်သမားများထံမှ နုတ်ယူနေကြောင်း မတရားစေခိုင်းခံရခြင်းမှ လွတ်မြောက်လာသူတဦးဖြစ်သည့် မချမ်းမြေ့က ပြောသည်။

၎င်းက “ကျမရောက်တာ တလလောက် ရှိပါပြီ။ အရင်က မဲဆောက် ပေါင်မုန့်စက်ချုပ်ရုံမှာ လုပ်ပါတယ်။ တနေ့ကို ဘတ် (၇၀၀)၊ (၂) ရက်ဆိုရင် (၁,၅၀၀) လောက် ရမယ်ဆိုပြီး သူငယ်ချင်းကပြောလို့ လာခဲ့တာပါ။ ဒီရောက်တော့ မနက် (၉) နာရီကနေ မနက် (၂) နာရီ၊ (၃) နာရီလောက်အထိ ချုပ်ရတယ်။ ဒါပေမယ့် ရတော့ တရက်မှ ဘတ် (၆၀) ပဲ ရပါတယ်။ ထမင်းချက် စားပြီးတာနဲ့ ပြန်လုပ်ရပါတယ်။ တပတ်မှာ (၂) ရက်လောက်က မိုးလင်းချုပ်ရတယ်” ဟု ပြောဆိုသည်။

အဆိုပါ အပ်ချုပ်ရုံပိုင်ရှင်သည် အလားတူ စက်ချုပ်ရုံ သဘောမျိုး အိမ် (၄၊ ၅) အိမ်ထက် မနည်းရှိပြီး အလုပ်သမားများကို ပြောင်းရွှေ့ထားလေ့ရှိကာ အလုပ်သမားများအား ခြံတံခါး ပိတ်ထား၍ မဖြစ်မနေ သွားလာရမည်ဆိုပါက ၎င်းတို့၏လူယုံများနှင့်သာ ရှားရှားပါးပါး သွားလာစေသည်ဟု ကိုစောဂျက်က ပြောသည်။

၎င်းက “ဒီလူက စက်ရုံခွဲ တော်တော်များများရှိတယ်။ သူက အဓိက စက်ရုံ (၃) ရုံကို ကိုင်ထားတယ်။ ဟိုတလောကမှ အလုပ်သွားလျှောက်တဲ့ (၂) ယောက်ကိုလည်း အခုလှောင်ပိတ်ထားတယ်။ အလုပ်သမားတွေကို (၂) ပတ်စာ တဝိခ် (one week) မှ ဘတ် (၇၅၀) ပဲပေးတယ်။ သူ့စက်ရုံဆို ထိုင်းအတော်များများလည်း သိတယ်။ နေ့ရောညရော ခိုင်းခိုင်းနေလို့” ဟု ဆိုသည်။

ပုံမှန်အားဖြင့် အဝတ်တထည်လျှင် ဘတ်ငွေ (၂၀) ထက်မနည်း ရနိုင်သော အထည်များအား (၆) ဘတ်နှုန်းဖြင့် မတရားခေါင်းပုံဖြတ် ခိုင်းစေနေသည့်အပြင် အလုပ်သမားအသစ် ထွက်ပြေးလွတ်မြောက်သွားပါက အဆိုပါသူ၏ ကယ်ရီခနှင့် အာမခံကြေးကို ယခင်ရောက်ရှိပြီး ထပ်မံ၍လူဆွယ်ခေါ်ပေးရသော သူများက ပေးချေနေရသည်ဟု သိရသည်။

ထို့ကြောင့် အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများသည် ယနေ့ထက်တိုင် ပိုက်ဆံရရှိသူ နည်းပါးပြီး ယင်းအလုပ်မှ မလွတ်မြောက်နိုင်သေးသူများ စက်ရုံ (၃) ခုလုံးတွင် ရှိနေသေးကြောင်း၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် အကောင်းဆုံးဖြစ်စေရန် အဖြေရှာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုစောဂျက်က ပြောသည်။

ထိုင်းနိုင်ငံတွင် ခရိုင်ဒေသခွဲ အမျိုးမျိုးအပေါ်မူတည်၍ တနေ့ အနိမ့်ဆုံးလုပ်အားခကို သတ်မှတ်ထားသည်။ ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင် အမြင့်ဆုံး နေ့တွက်လုပ်အားခ (၂၀၆) ဘတ် သတ်မှတ်ထားသော်လည်း လုပ်ငန်းရှင်အချို့က ရွှေ့ပြောင်းအလုပ်သမားများအား နည်းလမ်းပေါင်းစုံဖြင့် ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများ ရှိနေဆဲဖြစ်သည်။
အပြည့်အစုံသို့ >>

အလုပ်သမားသမဂ္ဂကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ

ရိုးမ ၃။ ဇွန်လ ၂၃၊ ၂၀၁၀

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အာဏာပိုင်များက သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်သူများဖြစ်သည့် ရှေ့နေ ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရာတွင် ပါဝင်သူ (၆) ဦးကို ယနေ့ နံနက်ပိုင်းက ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှေ့နေဦးဖိုးဖြူနှင့် အဖွဲ့ဝင်များကို ရန်ကုန်တိုင်း ရဲမှူးနှင့်အဖွဲ့က ရန်ကုန်ကမ်းနားလမ်းက အလုပ်သမားရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ဥပဒေအရ သမဂ္ဂဖွဲ့စည်းလို့ မရသေးကြောင်းနှင့် ဥပဒေအရ အရေးယူနိုင်ကြောင်း ဆင့်ခေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့ ဆင့်ခေါ်တာက မနေ့ကတည်းက စာထဲမှာက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားရှိသော သတင်းနှင့်ပက်သက်၍ ရှင်းလင်းညှိနှိုင်းဆွေးနွေးဆောင်ရွက်မည် ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း မပျက်မကွက် လာရောက်ပါရန် ပြစ်မှုဆိုင်ရာ ကျင်ထုံးဥပဒေ ပုဒ်မ၊ ၁၆၀/၁၆၁ အရ ဆင့်ဆိုအကြောင်းကြားအပ်ပါသည် ဆိုပြီး ရေးထားတယ်” ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။

ယင်းကဲ့သို့ တိုင်းအာဏာပိုင်များဆင့်ဆိုရာတွင် ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရေးတွင် ပါဝင်သည့် ဦးပါလေး၊ ဦးကြည်လင်း၊ ဦးဝင်းနိုင်၊ မနွဲ့ရီဝင်း၊ မခိုင်သဇင်၊ မအေးချမ်းပြည့်တို့ ပါဝင်ပြီး ၎င်းတို့အား အာဏာပိုင်များက စာအမှတ် (၁၀၁၂ (ဂ) ၁၁၀ ဦး (၁) ) ဖြင့် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရှေ့နေဦးဖိုးဖြူတို့အနေဖြင့် မြန်မာ့အလုပ်သမားများသမဂ္ဂကို ဥပဒေနှင့်အညီ ဖွဲ့စည်းကြောင်းကို ယခုလ (၁) ရက် နေ့ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မှတ်ပုံတင်ရအရာရှိ (၁၉၂၆ ခုနှစ်၊ အလုပ် သမားများ အက်ဥပဒေ ပုဒ်မ (၃) ရ ခန့်အပ်ရမည့် အရာရှိ) အလုပ်သမားဝန်ကြီးဌာန နေပြည်တော်သို့ လိပ်မူကာ တရားဝင် တင်ပြထားခဲ့သည်။

ရှေ့နေဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်သည် အောင်လံမြို့နယ်အတွင်းမှ လယ်သမားများ မြေယာသိမ်းဆည်းခံရသည့်အမှုကို လိုက်လံဆောင်ရွက်ပေးနေစဉ် ၂၀၀၉ ခုနှစ်တွင် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ညွှန်ကြားရေးမှူး လာရောက်စဉ် အယူခံနိုင်သည့်အတွက် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
အပြည့်အစုံသို့ >>

Tuesday, 22 June 2010

ရွှေ့ပြောင်း အလုပ်သမား ဖမ်းပွဲ ဘန်ကောက်တွင် စပြီ

သန်းထိုက်ဦး Monday, June 21, 2010 ဧရာဝတီ

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး နှိမ်နင်းရန် ညွှန်ကြားချက် ထွက်ပေါ် ပြီးနောက် ဘန်ကောက်မြို့တွင် ဇွန်လ ၁၆ ရက်မှ ၁၉ ရက်နေ့ အတွင်း၌ လူဦးရေ ၈၃၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီး ခံရသူ လူဦးရေ ၈၃၀ တွင် မြန်မာ နိုင်ငံသား ၃၄၆ ဦး ပါဝင်ပြီး တခြား နိုင်ငံသားများမှာ လာအိုနှင့် ကမ္ဘောဒီးယား တို့ဖြစ်ပြီး လတ်တလောတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးတွင် ထိန်းသိမ်း ထားကာ မူရင်း နိုင်ငံသို့ ပြန်ပို့ဖွယ် ရှိကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော Manager Online အင်တာနက် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန၏ ဗဟို စီမံခန့်ခွဲရေး ကော်မတီကို ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ဦးဆောင်၍ အလုပ်သမား ရေးရာဌာနမှ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူးက ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဌာနက တရားမ၀င် အလုပ်သမားများကို လက်ခံထားသော အလုပ်ရှင်ကိုပါ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းတွင် နှစ်ပေါင်းများစွာ လာရောက် အလုပ်လုပ်နေသူများအတွက် အခွင့်အလမ်း ရှိစေရန် သီးခြား အစီအစဉ် တရပ်ကို ထိုင်း အစိုးရ အနေဖြင့် ဖန်တီးပေးသင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP