Saturday, 12 June 2010

မလေးရှားတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ အခက်ခဲများနှင့်ရင်ဆိုင်နေရ

မိပကောင်းကျဲ ၊ ကောင်းဝါ - ဇွန် ၆၊၂၀၁၀

တရားမဝင်မြန်မာအလုပ်သမားများအနေနှင့် မလေးရှားနိုင်ငံတွင် ပုလိပ်များဖမ်းဆီးမှု များပြားလာသဖြင့် အလုပ်လုပ်အချိန်ထိခိုက်သည့်အပြင် လုံခြုံရေးအတွက် ပုန်အောင်းအိပ်စက်နေရသည်ဟု မလေးရှားရှိ အလုပ် သမားရေးလှုပ်ရှားသူတစ်ဦးမှပြောပါသည်။
မလေးရှားပုလိပ်များဖမ်းဆီးမှုကြောင့် ရော်ဘာခြံအလုပ်သမားများသည်လည်း အလုပ်မလုပ်ရဲတော့ပဲ တောအတွင်း၌တဲအိမ်များတွင် ပုန်အောင်းနေရသည်ဟု ဖာလင်းဒေသရှိရော်ဘာခြံအလုပ်သမားတစ်ဦးဖြစ်သူ မင်းချမ်းလွန်မှ ယခုလိုပြောပါသည်။

“အခုအလုပ်လုပ်ရတာအဆင်မပြေတော့ဘူး အလုပ်ပြောင်းမယ်လိုချိန်ထားတယ်။ ဟိုတုန်းက ဒီလောက်မှမဖမ်းဘူး အခုဖမ်းဆီးမှုကအရမ်းများလာတယ်။ ညတစ်နာရီမှာတစ်ကြိမ် မနက်(၄) နာရီမှာတစ်ကြိမ် သူတို့လာဖမ်းတယ်။ ကျွန်တော်တို့အလုပ်သမား( ၅ဝ) ကျော်ကျော်ဟာတောတွင်းမှာ ပုန်ပြီးတော့အိပ်နေရတယ်”

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်အလုပ်လုပ်နေကြသော အလုပ်သမားများကိုသာ အဓိကထားပြီး ဖမ်းဆီးမှုများနေသည်ဟု မင်းချမ်းလွန်ကဆက်ပြောပါသည်။

“တကယ်လို့ပုလိပ်ကဖမ်းမိရင် သူတို့ကရုံးကြီးကိုခေါ်သွားတယ်။  စစ်ဆေးမေးမြန်းပြီးတဲ့အခါ အလုပ်ရုင်သူဌေး က အာမမခံရင်မြန်မာနိုင်ငံကိုပြန်ပို့တယ်။ အလုပ်လုပ်ခွင့်ပါမစ်ရှိတဲ့လူကြတော့ ထွက်ပြေးစရာမလိုဘူးပေါ့။ ကျွန်တော်တို့တရားမဝင်အလုပ်သမားနေကြတော့ ဒုက္ခတွေ့တယ်ပေါ့။ အခုလို့မိုးရာသီအချိန်မှာ ရော်ဘာလည်းခြစ်မရ တခြားအလုပ်ကိုလည်း မလုပ်ရဆိုတော့ အခက်အခဲတွေတော်တော်များတယ်။”

မလေးရှားနိုင်ငံ ဖာလင်းဒေသရှိ တရားမဝင်အလုပ်သမားအများစုမှာ အလုပ်လုပ်အချိန်မမှန်သည့် အပြင် တောတွင်း၌ပုန်းအောင်းနေရသဖြင့် ခြင်ကိုက်သည့်ဒါဏ်ကိုလည်း ခံနေရသည်ဟု ရော်ဘာခြံ အလုပ်သမားတစ်ဖြစ်သူ မိချိုမှပြောပါသည်။ ဤအခြေအနေအတိုင်း ထပ်ရှိသွားမယ်ဆိုလျှင် အလုပ်သမား များ၏ကျန်းမာရေးအခြေအနေပါ ဆိုးရွားစွာထိခိုက်နိုင်မည်ဟု ရေးမြို့ဇာတိ မိချိုမှပြောပါသည်။
အပြည့်အစုံသို့ >>

Monday, 7 June 2010

ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည်

မြတ်ခိုင်ဦး / ၀၃ ဇွန် ၂၀၁၀

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်အာမခံ လျော်ကြေးငွေ ပေးအပ်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခု တည်ထောင်ခွင့်ပြုတော့မည်ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ထိုင်းအလုပ် သမားဝန်ကြီးဌာနက ယင်းသို့ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီတွင် ဖော်ပြသည်။

အလုပ်သမားလစာ၏ (၀.၂) ရာခိုင်နှုန်းမှ (၁) ရာခိုင်နှုန်းအထိ အလုပ်ရှင်က ပေးအပ်ရမည်ဖြစ်သော အသက်အာမခံ ငွေကြေးဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်နိုင်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုကို မကြာခင် ခွင့်ပြု ဖွင့်လှစ်ပေးသွားတော့မည်ဖြစ်သည်။
အစီအစဉ်အရ ကော်မတီခွဲများသည် တပတ်အတွင်း အာမခံကုမ္ပဏီတခုခုကို ရှာဖွေ၍ လိုအပ်သော အချက်အလက် မှတ်တမ်းများကို နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ၏ နောက်အပတ် အစည်းအဝေးတွင် တင်ပြရမည် ဖြစ်သည်။

ဤအာမခံလျော်ကြေးငွေသည် ထိုင်းအလုပ်သမားများ ရရှိခံစားရသော လူမှုဖူလုံရေး ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းအလုပ်သမားများအတွက် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုမှ သီးခြားတာဝန်ယူ လုပ်ကိုင်ရမည်ဖြစ်ကာ လျော်ကြေးပေးအပ်မည် မပေးအပ်မည် ဆိုသည်ကို အဆိုပါကော်ပိုရေးရှင်းမှ ဆုံးဖြတ်ပိုင်ခွင့်ရှိမည်ဖြစ်သည်။

အလုပ်သမားမှတောင်းခံလာလျှင် ပေးအပ်မည့် စံချိန်စံညွှန်း ကိုက်မကိုက် ဆိုသည့်ကိစ္စအတွက်မူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိခိုက်နစ်နာတယ်ဆိုတာကို မီဒီယာတွေက တော်တော်ကျယ်ကျယ်ပြန့်ပြန့် တင်ပြတာတွေရှိတော့ ဒါကို အရေးတယူ စဉ်းစားလာရတာဖြစ်မယ်” ဟု ဆိုသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်ရေး ကော်ပိုရေးရှင်းတခု ထူထောင်ပေးမည်ဟု ထိုင်းအစိုးရက ဆုံးဖြတ်လိုက်သည့် တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို တိုင်းပြည်အတွင်းမှ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကိုလည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား လုပ်ဆောင်သွားမည်ဟု သိရသည်။

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးပြန်ပို့ရေးအတွက် ထိုင်း ဒု-၀န်ကြီးချုပ်က အထူးတပ်ဖွဲ့များ ဖွဲ့စည်းရန် သဘောတူခဲ့ပြီးဖြစ်ကာ အဆိုပါ ဖမ်းဆီးရေးလုပ်ငန်းစဉ်အတွက် သုံးစွဲရန် အလုပ်ရှင်ထံမှ အလုပ်သမားခွန်အဖြစ် တရားဝင်အလုပ်သမားတဦးလျှင် ဘတ်ငွေ (၂,၄၀၀) ကောက်ခံသွားမည်ဖြစ်သည်။

စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်အတွင်း တရားမဝင်အလုပ်သမား ခန့်ထားမှုအတွက် အလုပ်ရှင်ပေါင်း (၁,၅၁၈) ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံရသူပေါင်းမှာ (၁၁,၄၃၆) ဦးရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့် ဘတ်သက်တမ်း ဆက်ရမည်ဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများအနက် ဦးရေ (၃၀၀,၀၀၀) ကျော်သည် တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းရောက်ရှိ သွားကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်၏ ကုန်ကျငွေစရိတ်ကို မတတ်နိုင်ခြင်းနှင့် အဆိုပါလုပ်ငန်းစဉ်အား ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားရေးအဖွဲ့များမှ ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသားစိစစ်မှုခံယူပြီး ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသော်လည်း ၎င်းတို့အများစုသည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဆက်လက် ၀င်ရောက်နေကြဆဲဖြစ်ကာ ယမန်နေ့ကပင် မြန်မာအမျိုးသမီး (၄၆) ဦးအား ရနောင်းမြို့အနီး ထိုင်းရေပိုင်နက် ပင်လယ်ပြင်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
အပြည့်အစုံသို့ >>

Thursday, 3 June 2010

ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ

သန်းထိုက်ဦး Wednesday, June 02, 2010 ဧရာဝတီ
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂၀ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ယင်း အမျိုးသမီး များကိုလည်း တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လှေမောင်းသူ မြန်မာ နိုင်ငံသား ဟု ယူဆရသူ ၂ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရှိရသည်။

ယနေ့ တနေ့တည်းမှာပင် ထိုင်း အာဏာပိုင်များက ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ်တွင် မြန်မာနိုင်ငံသားများ အပါအ၀င် လာအိုနှင့် ကိုရီးယား လူမျိုး ၈၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်းထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

အဖမ်းခံရသူများကို တယ်ခိုခန်း၊ စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို စီမံချက်ဖြင့် လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လာအို လူမျိုး ၄၇ ဦး၊ မြန်မာပြည်သား ၃၀ နှင့် ကိုရီးယား လူမျိုး ၅ ဦးတို့ကို ဖမ်းမိခဲ့သည်ဟု အဆိုပါ မန်နေဂျာ သတင်း၌ ရေးသားထား သည်။

ထို့အပြင် အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်း၍ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး(လ၀က)မှ တဆင့် ၎င်းတို့၏ မူယင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို
နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

အလုပ်သမားဥပဒေ မထိရောက်သဖြင့် အလုပ်သမားများ နစ်နာ

မြတ်ခိုင်ဦး / ၀၂ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း အလုပ်သမားများမှာ ဆုံးရှုံးနစ်နာမှုများနှင့် ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်သည်။

ဘန်ကောက်မြို့၊ ဘန်ခေ အရပ်ရှိ၊ ဖုတုမနွန်လမ်း၊ လမ်းသွယ် ၂/၁ တွင်ရှိသော Aistment Garment Co.Ltd စက်ချုပ်ရုံတွင် လုပ်သက်အနည်းဆုံး (၁) နှစ်ကျော်ရှိသော စက်ချုပ်သမ (၅) ဦးက လုပ်ငန်းပြောင်းရွှေ့လိုသည့်အတွက် အလုပ်ရှင်ထံမှ တဝိစ်စာ (ရက်သတ္တပတ် ၂ ပတ်ကို ဆိုလိုသည်) လုပ်အားခနှင့် အလုပ်ထွက်စာ တောင်းခံရာတွင် အလုပ်ရှင်က လုပ်အားခရော ထွက်စာပါ မပေးသဖြင့် အခက်တွေ့နေကြသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ စက်ချုပ်သမ မဝေက “မနေ့က ညနေ လုပ်ခရှင်းပေးတော့ ကျမတို့ကို နောက်အပတ်လာခဲ့ အဲဒီကျမှ ရှင်းပေးမယ်လို့ပြောတယ်။ ကျမတို့က တနေ့ကို (၁၈၀) ကနေ (၁၉၅) ဘတ်အထိပဲရတော့ ပိုရတဲ့ဆီ ပြောင်းလုပ်ချင်တာပေါ့။ အခုက ထွက်စာလည်း မပေးဘူးလို့ ဒီမနက် ဖုန်းဆက်တောင်းတော့ အဲဒီလို ပြောတယ်” ဟု ဆိုသည်။

အဆိုပါစက်ရုံသည် အလုပ်သမားများ အလုပ်မှထွက်မည်ဆိုလျှင် လုပ်အားခရှင်းမပေးဘဲ နေလေ့ရှိသည့်အတွက် ကိုယ်စီကိုယ်စီ အလုပ်မှ နည်းမျိုးစုံဖြင့် ထွက်ကြသောကြောင့် ယခုအခါ မြန်မာရွှေ့ပြောင်း အလုပ်သမား (၆၀) ကျော်ခန့်သာ ကျန်ရှိတော့သည်။

အလားတူ ဘန်ကောက်မြို့ ဘန်ဘော်ဒေသရှိ အီကချိုင်း ၈၉/၂ လမ်းတွင်ရှိသော ဖိနပ်စက်ရုံမှ အလုပ်ရှင်သူဌေးက အလုပ်သမားများအား အစိုးရသတ်မှန်နှုန်းထားအတိုင်း လုပ်အားခမပေးသည့်အပြင် လုပ်အားခတောင်းဆိုသော အလုပ်သမားများအား ခြိမ်းခြောက်၍ အလုပ်မှထုတ်ပယ်မှုများ ရှိကြောင်းလည်း သိရသည်။

အဆိုပါစက်ရုံမှ လုပ်အားခတောင်း၍ အလုပ်ထုတ်ခံရသော ကိုဖြိုးဖြိုးကလည်း ၎င်းအား အလုပ်ဝင်ကာစက ပေးမည်ဟု သဘောတူထားသည့် လုပ်အားခနှင့် အိုဗာတိုင်ကြေးများ သတ်မှတ်ရက်အတွင်း မရရှိသည့်အပြင် ကျန်းမာရေးအရ အိုဗာတိုင်မဆင်းနိုင်သည်ကို အတင်းအလုပ်ဆင်းခိုင်းသဖြင့် အလုပ်ရှင်နှင့် ပြဿနာဖြစ်ရာမှ ၎င်းအား အလုပ်ရှင်က လုပ်အားခ မပေးတော့ဘဲ အလုပ်ထုတ်လိုက်ကြောင်း ရှင်းလင်းပြောဆိုသည်။

၎င်းက “သူဌေးက ပြောတယ် အိုဗာတိုင်ဆင်းရမယ်၊ အိုဗာတိုင် မဆင်းရင် မယူတော့ဘူးလို့ ပြောပါတယ်။ ကျနော်က နေမကောင်းလို့ အိုဗာတိုင် မဆင်းသေးဘူးလို့ ပြောတယ်။ အဲဒါကို အလုပ်လာမဆင်းနဲ့တော့လို့ ပြောတာနဲ့ ကျနော်က လုပ်ထားတဲ့ လုပ်အားခတောင်းတာ သူကမပေးဘူးလို့ပြောတယ်။ အခုဆို ကျနော့်မှာ ဖိနပ်တောင် စီးစရာမရှိဘူး” ဟု ဆိုသည်။

ထိုသို့ အလုပ်သမားနှင့်အလုပ်ရှင်တို့ကြား ဖြစ်ပေါ်နေသည့် ပြဿနာသည် အလုပ်ရှင်များအပေါ် တွန်းအားပေးမှု နည်းပါးသည့်အတွက်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောလ်က ထောက်ပြပြောဆိုသည်။

၎င်းက “ထိုင်းအလုပ်သမားဥပဒေဟာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးလည်း အကျုံးဝင်ပါတယ်။ အနိမ့်ဆုံး လုပ်ခခံစားခွင့်၊ အိုဗာတိုင်ကြေး၊ အမြင့်ဆုံး အလုပ်လုပ်ချိန် သတ်မှတ်ချက်၊ လုပ်ငန်းခွင်လုံခြုံမှုနဲ့ ကျန်းမာရေး၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု လျော်ကြေးခံစားပိုင်ခွင့် စတဲ့ အခွင့်အရေးတွေ ခံစားခွင့်ရှိပါတယ်။ ကျနော်တို့ တွေ့ရှိချက်တွေ အရတော့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒီအခွင့်အရေးတွေကို မရရှိကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို ဒီအခွင့်အရေးတွေပေးဖို့ လုပ်ငန်းရှင်တွေကို တွန်းအားပေးမှုတွေက အနည်းငယ်သာရှိသေးလို့ပါ” ဟု ပြောဆိုသည်။

အထူးသဖြင့် အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဌာနများမှ စုံစမ်းစစ်ဆေးသူများက ၎င်းတို့စိတ်ကြိုက် လုပ်ချင်သလို လုပ်နေကြသည့် အလုပ်ရှင်များကို အလုပ်သမားဥပဒေများနှင့်ပတ်သက်၍ မဖြစ်စလောက် တွန်းအားပေးမှုလောက်သာ ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တခါတရံတွင် အလုပ်သမားများသည် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် နားလည်ခြင်းမရှိသဖြင့် အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် စတင်ရမည်ဟုလည်း အန်ဒီဟောလ်က သုံးသပ်သည်။

ထိုင်းရှေ့နေများကောင်စီမှ ခွန်နတ်ဆား အက်ရှနဝါဟင်ကလည်း “အလုပ်သမားဥပဒေဟာ ရာဇဝတ်ပြစ်မှုဥပဒေမဟုတ်ပါဘူး။ လုပ်ငန်းရှင်က အမှားအယွင်းလုပ်တဲ့အခါ ထောင်ချခံရတာမရှိဘဲ ဒဏ်ကြေးပဲ ပေးဆောင်ရပါတယ်။ ဒါကြောင့် သူတို့မကြောက်တာပါ။ ရွှေ့ပြောင်း အလုပ်သမားဖြစ်ခဲ့မယ်ဆိုရင် အလုပ်ရှင်ဆိုးတွေက ဒီအလုပ်သမားဟာ ဘယ်သူတဦးတယောက်ကိုမှ တိုင်ကြားလို့ မရဘူးလို့ ထင်နေကြတာပါ” ဟု ဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ဒေသခရိုင်အသီးသီးတွင် အမျိုးမျိုးသော အနိမ့်ဆုံး နေ့တွက်လုပ်အားခ သတ်မှတ်ထားချက်ရှိသည်။

အဆိုပါသက်မှတ်ချက်အရ ဘန်ကောက်သည် အမြင့်ဆုံး သတ်မှတ်ချက် နေရာတွင်ရှိပြီး အလုပ်သမားတိုင်း နေ့တွက်လုပ်အားခ (၂၀၆) ဘတ် ရရှိရမည်ဖြစ်သည်။ အနိမ့်ဆုံး နေ့တွက်ခမှာ (၁၅၁) ဘတ်ဖြစ်ပြီး ဖရာအို၊ ပီချစ်၊ ဖရေးနှင့် မဲ့ဟောင်ဆောင် ခရိုင်တို့ပါဝင်သည်။ သို့သော် လုပ်ငန်းရှင် အတော်များများက သတ်မှတ်ထားသည့် နှုန်းအတိုင်း မပေးဘဲ ရသလောက် ဖြတ်စားလာဘ်စား လုပ်နေကြသည်ဟု အလုပ်သမားရေးအဖွဲ့များမှ ဝေဖန်ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Tuesday, 1 June 2010

ဝေဟင်မှာ ၀ဲလိုက်ချင်သည်


.နဒီထူး
- ဓနိတောစပ်၊ ပင်လယ်ကပ်လျက်
ဖျပ်ဖျပ်မြူးခုန်၊ လိုင်းအိတုံနှင့်
ရင်ခုန်စရာ၊ ချိန်ဆည်းဆာ၌
ပြာလွင်ကောင်းကင်၊ သန့်ကြည်စင်စွ
ငြင်သာရွေ့ဟန်၊ အိပ်တန်းပြန်ငှက်
ဖြည့်စွက်ပန်းချီး၊ နရီစည်းမှန်
ဘုတ်အီးသံနှင့်
တရံရောခါ ကျွန်တော့်ရွှာ။ ။
.- အလုပ်စမတ်၊ မစုတ်ပြတ်မီ
ခုတ်ဖြတ်ငွေတိုး၊ ပွဲစားဆိုးနှင့်
မျိုးမစစ်ဟန်၊ စကားပြန်တို့
ကြံဖန်စားကျက်၊ သိလျက်နှင့်တိုး
လူမျိုးတရာ၊ ဂါထာတစ်ထောင်
မသိယောင်နေ၊ ငွေ ငွေ ငွေ တွက်
အိပ်ရေးပျက်ည၊ အိပ်မရနေ့
ရေခဲငွေ့လို၊ ကယ်လူသူမဲ့
တကယ့်ဘ၀၊ မနွဲ့မလျ
မလှအိနြွေ၊ စိန်ရွှေငွေအိမ်
စိတ်ကူးတိမ်ထဲ၊ စည်းစိမ်အပြည့်
မာန်မ၀င့်သာ၊ ပြန်ခွင့်မကြုံ
ငရဲဘုံလား၊ ယန္တယားဆန်
မနက်ဖြန်များ
ဆက်ရန်များဘိ ရင်မချိ။ ။
- ဘန်ကောက် ဘန်ကောက်
အကြံမြောက်ခဲ၊့ ခုန်ပေါက်မြူးတူး
ပျော်ရဦးအံ့၊ ကြည်နူးပုံ၇ိပ်
တွေးနိမိတ်တို့၊ မှေးမှိတ်ခုချိန်
ဇာတာမှိတ်ပေါ့၊ အိမ်ခန်း-အလုပ်
လူလာရူပ်ရင်း၊ အိတ်ရှုံ့မတင်း
စားခြင်းသွားခြင်း၊ ငွေစာရင်းလည်း
ဟိုဆင်းဒီဆင်း၊ အင်း-အင်း အမေ
သေချာပါတယ်၊ လာမဲ့နောက်လ
နောက်နောက်လနော်၊ ဖုန်းခေါ်သံကြား
စိတ်ချောက်ခြားခဲ့၊ မုသားလင်္ကာ
မရေရာနဲ့
ရွှာကအမေ၊ လည်ပင်းရှည် ။ ။
- မလာမီမှာ၊ သည်နေရာသည်
သာယာဆန်းသစ်၊ ဘာဖြစ်ဖြစ်နောင်
ရောက်အောင်သာသွား၊ ကြီးပွါးဆတိုး
အကျိုးထူးအံ့၊ အရူးပါးစပ်
နတ်စကားပင်၊ မှတ်မှားကြံမိ
ခုမှသိလည်း၊ တွယ်ငြိရစ်လိမ်
ပင့်ကူအိမ်တွင်
ယင်တကောင်ဖြစ် ဘ၀ညစ် ။ ။
- မျှော်လင့်ခရီး၊ အားမာန်ကြီးသူ
ဖီစီးခံစား၊ စိတ်ဒါဏ်များခဲ့
သနားရူမြင်၊ အဆင်ခြင်ကင်း
သိမ်ညံ့ဖျင်းနွ၊ ဆဲရင်းမာန်ငေါက်
ဂျီလှောင်ဟောက်သို့၊ မြောက်ကြွဝဏ္က
အာကာပြ၏၊ ပူရှအိုက်စပ်
ဟွန်းကြပ်ပိတ်လှောင်၊ ငွေရအောင်ပဲ
စိတ်ထဲကဖြေ၊ နာရီရှည်ပေါ့
ဝေးတစ်မြေသွား၊ နိုင်ငံခြာလူ
ချော်ရည်ပူကြား၊ ရေဆူငါး ။ ။
- ကြာခဲ့ပါပြီး၊ တခါဆီက
နေရည်ညချမ်း၊ ဆည်းဆာလမ်းမှ
အိပ်တန်းပြန်ငှက်၊ တောင်ပံယှက်ဆည်
ကိုယ်တွက်ဖူလုံ၊ တောင်ပံစုံနဲ့
လေဟုန်စီးလိုက်ချင်ပါရဲ့ကွယ်။ ။

နီဒီထူး

အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ

မြတ်ခိုင်ဦး ၊ ၀၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် နစ်နာခဲ့သူများအား ထိုင်းအစိုးရက အကူအညီပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော ရာထူးမှအဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသမားများကြောင့် ဝင်ငွေနှင့်စီးပွားရေး ထိခိုက်နစ်နာခဲ့ရသော အသေးစားလုပ်ငန်းရှင်များနှင့် အလုပ်သမားများအား ထိုင်းအစိုးရက လျော်ကြေးပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လျှောက်ထားခွင့် ရရှိခဲ့ကြောင်း ခေတ်ပြိုင်မှ စုံစမ်းသိရှိရသည်။

လျော်ကြေးတောင်းလျှောက်လွှာ သွားရောက်တင်ခဲ့သူ ကိုဘိုဘိုဇော်က “ကျနော့်ကို သူဌေးကပြောတယ်။ သူများတွေ (၂) လစာ လျော်ကြေးဖောင် သွားတင်နေကြတယ်။ မနေ့က နောက်ဆုံးဆိုတာနဲ့ လိုအပ်တဲ့ ပတ်စပို့ကော်ပီ၊ သူဌေးဆိုင်လိပ်စာ၊ မှတ်ပုံတင်ကော်ပီတွေနဲ့ မနေ့က သွားတင်လိုက်တယ်။ လခကတော့ တလ (၁၂,၅၀၀) ဆိုတော့ နှစ်လစာ (၂၅,၀၀၀) တင်ထားတယ်။ သူတို့ပြောတာက (၂) ရက် (၃) ရက်နေရင် တီဗွီကနေ ဘယ်သူလျော်ကြေးရတယ်ဆိုတာ ကြေညာပေးမယ်တဲ့။ အလုပ်ရှင်တွေကတော့ (၄) ရက်နေ့လား၊ (၅) ရက်နေ့လားမသိဘူး နောက်ဆုံးတင်ရမယ်တဲ့” ဟု ပြောသည်။

အဆိုပါအစီအစဉ်သည် ဧပြီ (၂၇) ရက်၌ ကျင်းပသော ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ အင်္ကျီနီဝတ်များ၏ ဆန္ဒပြပွဲများကြောင့် ရာချပရာဆောင်လမ်းဆုံနှင့် အနီးပတ်ဝန်းကျင်တွင် ရောင်းဝယ်ဖောက်ကားနေကြသည့် ထိခိုက်နစ်နာခဲ့သူ အလုပ်ရှင်နှင့် အလုပ်သမားများကို အကူအညီပေးခြင်းဖြစ်သည်။

ထိုအစီအစဉ်အရ ထိုင်းနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဘတ်ငွေ (၅) ဘီလီယံကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂,၀၀၀) ခန့်အား ဘတ်ငွေ (၃) သန်းအထိ ငွေချေးပေးသွားမည်ဖြစ်သည်။

ငွေချေး အတိုးနှုန်းထားမှာလည်း အလွန်သက်သာမည်ဖြစ်ပြီး တနှစ်အတွင်း ငွေပြန်ဆပ်ရန် မလိုဘဲ ချေးငွေကာလမှာ သက်တမ်း (၅) နှစ်ရှိမည်ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ကို ၂၀၁၀ စက်တင်ဘာလအထိ (၆) လတိတိ ခွင့်ပြုမည်ဖြစ်သည်။

အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသူများအတွက် အစိုးရအိမ်ရာဆိုင်ရာဘဏ်မှ ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်မှုအတွက် ကူညီမည်ဖြစ်ကာ ဆန္ဒပြပွဲကြောင့် အကြွေးတင်နေသည့် တသီးပုဂ္ဂလများအား အချက် (၃) ချက်အပေါ် မူတည်၍ ကူညီသွားမည်ဟု ဆိုသည်။

အဆိုပါအချက်များမှာ လစဉ်အတိုးကို အရစ်ကျပေးသွင်းစေပြီး (၁၀၀) ဘတ်ထက်မနည်း ပေးသွင်းရမည်။ ပထမနှစ်နှင့် ဒုတိယနှစ်များတွင် အတိုးနှုန်းထားသည် (၂) ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး တတိယနှစ်မှ ကန်ထရိုက်သက်တမ်း ကုန်ဆုံးသည်အထိ (၁) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။

ရေရှည်အကြွေးပေးစနစ်ကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာစွာ အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ဇွန် (၃၀) ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များကို သိလိုပါက ဖောက်သည်ဆက်ဆံရေးဌာန၊ အစိုးရအိမ်ရာဆိုင်ရာဘဏ်၊ ဖုန်းနံပါတ် (၀၂-၆၄၅၉၀၀၀) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အလုပ်သမားများသည် လူမှုဖူလုံရေးရန်ပုံငွေ လုပ်သား (၃.၅) ရာခိုင်နှုန်းနှင့် အလုပ်ရှင် (၅) ရာခိုင်နှုန်း ထည့်ဝင်ထားပါက ဘတ်ငွေ (၁၅,၀၀၀) ရရှိမည်ဖြစ်ပြီး ထည့်ဝင်ထားခြင်းမရှိသော သာမန်အလုပ်သမားများသည် ဘတ်ငွေ (၇,၅၀၀) ကို (၂) လစာ ရရှိခံစားရမည်ဖြစ်သည်။

အချို့သော လုပ်ငန်းများ (အထူးသဖြင့် အနှိပ်ခန်း အလုပ်သမများ) တွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ခံစားခွင့်အတွက်လည်း အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းအချို့က ဆောင်ရွက်မှုများ ရှိနေကြသည်။
အပြည့်အစုံသို့ >>

မင်္ဂလာဈေး မီးလောင်မှုကြောင့် နေ့စားအလုပ်သမားများ ၀မ်းရေးခက်

တက်လူ / ၀၁ ဇွန် ၂၀၁၀ ခေတ်ပြိုင်

မင်္ဂလာဈေး မီးလောင်မှုအပြီးတွင် ဈေးကို မှီခိုလုပ်ကိုင်စားသောက်နေရသည့် နေ့စားအလုပ်သမားများ၊ တက္ကစီမောင်းသူများ အလုပ်အကိုင်ရှားပါးကာ အခက်အခဲတွေ့နေကြသည်။ မင်္ဂလာဈေးတွင် ယခင်က တက္ကစီဆွဲနေသည့် ကိုမင်းခန့်က “အခု ကျနော် တက္ကစီမမောင်းတော့ဘူး။ ဘာလို့လဲဆိုတော့ ကျနော့်လုပ်ကွက်က မင်္ဂလာဈေးကို ဈေးလာဝယ်တဲ့ မှော်ဘီ၊ တိုက်ကြီး၊ ပဲခူး စတဲ့ နယ်က ဈေးလာဝယ်သူတွေကို လိုက်ပို့တာ။ ရန်ကုန်မှာ မမောင်းဘူး။ တခေါက်ကို (၂,၅၀၀၀၊ ၃,၀၀၀၀) ကျပ်လောက်ရတယ်ဆိုရင် အုံနာကြေး ကျပ် (၁၅,၀၀၀) ကြေတယ်လေ။ ကျနော့်လိုပဲ ဆွဲတဲ့ တက္ကစီသမား (၅၀) လောက်ရှိတယ်။ အခုတော့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး မြို့ထဲမှာ အဆင်မပြေဘူး။ ကိုယ်ဆွဲနေကျ မဟုတ်တော့လေ” ဟု ပြောသည်။

မင်္ဂလာဈေးတွင် နေ့စားအလုပ်သမားပေါင်း (၁၅,၀၀၀) ခန့်ရှိရာ ယခုအခါ ထိုအလုပ်သမားများလည်း အလုပ်လက်မဲ့ ဖြစ်နေကြသည်။

တနေ့လျှင် ကျပ် (၄,၀၀၀) မှ (၅,၀၀၀) ကြားရသည့်ငွေဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေရသော အသက် (၄၀) အရွယ် ဦးတင်ထွန်းက မေလ (၂၄) ရက်နေ့ နောက်ပိုင်းကပင် မင်္ဂလာဈေးသို့ အလုပ်ရလိုရငြား ခရီးစရိတ် အကုန်ခံပြီး လာနေရကြောင်း ပြောသည်။

၎င်းက “အရင်ကဆိုရင်တော့ နေသားတကျပဲလေ။ အခုမီးလောင်တော့ ကိုယ်ထမ်းရမယ့် ကုန်တွေက မလာတော့ဘူးလေ။ အခု မင်္ဂလာဈေးက ဈေးဆိုင်သမားတွေ ပစ္စည်းပြောင်းရွှေ့ကြလို့ အဲဒီအပြောင်းအရွှေ့မှာ အလုပ်လေးရနိုင်မလားလို့ လာကြည့်ရတာ” ဟု ပြောသည်။

မင်္ဂလာဈေးတွင် ဦးတင်ထွန်းကဲ့သို့ နေ့စားအလုပ်သမားများ အခက်အခဲ ဖြစ်နေကြရာ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်မှာ မင်္ဂလာဈေးသူဈေးသားများ၏ အတည်တကျနှင့်တစုတဝေးတည်း ဈေးအမြန်ပြန်လည်ရောင်းချနိုင်ရေးအပေါ် မူတည်သည်ဟု မင်္ဂလာဈေးမှ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ဈေးတတိယထပ်မှ အိမ်သုံးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တဦးက “ကျနော်တို့မှာ အရင်က နေ့စားအလုပ်သမား (၃) ယောက် ငှားထားတယ်။ အခုတော့ အခြေအနေအရပေါ့။ နေ့စားဆိုတာကတော့ နေစဉ်ပုံမှန်ငွေ ရမှ သူတို့ အဆင်ပြေမှာလေ။ ကျနော်တို့ကလည်း ဈေးရောင်းရမှာ ဘယ်လိုမှန်းမသိသေးတော့ သူတို့ကို ဘယ်လိုနေရာပေးရမလဲ။ လတ်တလော အဲဒါပြဿနာပဲ” ဟု ရှင်းပြသည်။

မင်္ဂလာဈေးကို ယာယီဈေး ပြန်လည်လုပ်ပေးသည့်တိုင် အဆိုပါပြဿနာမှာ ဖြေရှင်း၍မရနိုင်သေးကြောင်း ဈေးသူဈေးသားများက ခန့်မှန်းကြသည်။

“ယာယီဈေးက အပြင်မှာဖွင့်မှာဆိုတော့ ဆိုင်နေရာက ကျဉ်းတယ်ဆိုရင် ကျနော်တို့ပစ္စည်းကို တင်ပြီး အရောင်းပြတာ နည်းနည်းပဲ လုပ်လို့ရမှာလေ။ ကိုယ့်ရဲ့ နယ်ဖောက်သည်တွေကိုတော့ မှာတဲ့ပစ္စည်းကို ဂိုထောင်က ထုတ်ပေးလိုက်ရုံပဲ။ အဲဒီတော့ နောက်ထပ် ဒီဈေးကို ထပ်ဆောက်ပြီး အတည်တကျဖြစ်မှ ဒီအလုပ်သမားတွေ ပြဿနာက ဖြေရှင်းနိုင်မှာ” ဟု မြေညီထပ်အထည်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မင်္ဂလာဈေးတွင်ရှိသော ဆိုင်ခန်းများမှ ငှားရမ်းထားသည့် နေ့စားအလုပ်သမားများနှင့် ကြုံရာကျပန်း ကုန်ထမ်းသော ဘောက်ကုန်ထမ်းသူများမှာ ယခုဈေးကြီး ပြန်လည်တည်ဆောက်ပြီးမှသာ အဆင်ပြေလာမည်ဟု ခန့်မှန်းနေကြသည်။

“ကျနော်က တနေ့ရှာ တနေ့စားပါ၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀ပါ။ အခုလောလောဆယ် ဒီဈေး ဘယ်တော့ ပြန်ဆောက်ပြီးမလဲပဲ တွေးနေမိတယ်” ဟု မြောက်ဒဂုံတွင် နေသည့် နေစားအလုပ်သမား ကိုဇော်က ပြောသည်။

ပြီးခဲ့သည့် မေ (၂၄) ရက် နံနက် (၈) နာရီ ဝန်းကျင်တွင် မင်္ဂလာဈေး မီးလောင်မှုဖြစ်ခဲ့ရာ (၂၅) ရက် ညနေ (၆) နာရီကျော်မှသာ မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်းများကို ရန်ကုန်စည်ပင်က မင်္ဂလာဈေး အနောက်ဘက်ရှိ မြေကွက်လပ်တွင် ယာယီဈေးတည်ဆောက်ပေးမည်ဟု ကြေညာထားသော်လည်း အချို့ ဈေးဆိုင်ပိုင်ရှင်များက တော်ဝင် ပလာဇာ၊ ယုဇန ပလာဇာ၊ တာမွေ ပလာဇာတို့တွင် ဆိုင်ခန်း ငှားရမ်း ဖွင့်လှစ်နေကြပြီ ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် ငွေကျပ် သိန်းပေါင်း (၂) သိန်းကျော်ဖိုး ဆုံးရှုံးကာ မြန်မာနိုင်ငံတွင် ဆုံးရှုံးမှုအများဆုံး မီးလောင်မှုဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဝါရင့်မီးသတ်ဝန်ထမ်းတဦးက မှတ်ချက်ပေးသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP