Saturday, 8 May 2010

ILO အဓမ္မလုပ်အားပေး ပညာပေးစာစောင် ဖြန့်ချီမည်

ခိုင်စု | အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။      ။ ရန်ကုန်ရှိ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် စစ်အစိုးရ အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဓမ္မလုပ်အားပေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များအား ပထမဆုံးအကြိမ်အဖြစ် ယခုလကုန်တွင် နိုင်ငံတဝှန်း ဖြန့်ဝေမည်ဟု သိရသည်။ ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် နေပြည်တော်၌ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိမာရှယ် ဦးဆောင်သော အဇွဲ့နှင့် အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်တို့ အစည်းအဝေးက အဆိုပါ လက်ကမ်းစာစောင်များ ပူးတွဲဖြန့်ဝေရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“စာသားတွေ အားလုံးက အတည်ပြုချက်ရပါပြီ။ ရှေ့အပတ်မှာ ဒီဇိုင်းတွေ ချရိုက်လို့ပြီးရင် ဖြန့်နိုင်ပါပြီ” ဟု ILO နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

“လက်ကမ်းစာစောင်မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုတာ ဘာလဲ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု မဟုတ်တာက ဘာလဲ၊ အဓမ္မလုပ်အားပေး အခိုင်းခံရရင် တိုင်လို့ရတဲ့အကြောင်း၊ ဘယ်လိုနေရာတွေမှာ တိုင်တန်းနိုင်လဲ၊ တိုင်ရင် လုံခြုံမှု ရှိမရှိ ဆိုတာတွေ ရှင်းပြထားပါတယ်” ဟု သူက ဆက်ပြောသည်။

၆ မျက်နှာပါရှိမည့် စာစောင်၏ ရှေ့ဆုံးမျက်နှာစာ၏ ဘယ်ဘက်ထိပ်တွင် အလုပ်သမားဝန်ကြီးဌာန တံဆိပ်နှင့် ညာဘက်ထိပ်တွင် ILO တံဆိပ် ပါရှိမည်ဖြစ်ကာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပုံနှိပ်သွားမည်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုအကြောင်းကို မြို့ပြသာမက ကျေးလက်များအထိပါ ကျယ်ပြန့်စွာ ရောက်ရှိရန် NGO အဖွဲ့များ၊ အစိုးရရုံးဌာနများမှတဆင့် ဖြန့်ဝေသွားမည်။ စာစောင်ကုန်ကျစရိတ်ကိုမူ ILO ကပင် ကျခံသွားမည်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ပညာပေးစာစောင် ဖြန့်ဝေမည့်ကိစ္စကို ပြည်ပအခြေစိုက် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB က ကြိုဆိုသော်လည်း မလုံလောက်ဟု ပြောသည်။

''အစိုးရက အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်ပြီး လိုက်လျောလာတာဟာ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတယ်။ ဘာလို့ လုပ်တာလဲဆိုတော့ လာမယ့် ဇူလိုင်လ ILO ရဲ့ ညီလာခံမှာ သူတို့ လုပ်အားပေးခိုင်းစေမှုနဲ့ ပတ်သက်လို့ အကြီးအကျယ် ရင်ဆိုင်ဖြေရှင်းရမှာ။ အဲဒါကြောင့် လိုက်လျောမှုတွေရှိတဲ့အကြောင်း နိုင်ငံတကာကို မျက်လှည့်ပြချင်တဲ့ သဘောပေါ့ဗျာ'' ဟု FTUB တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဇော်ဝင်းအောင်က ပြောသည်။

သူက ဆက်ပြီး ''လက်ကမ်းစာစောင် ရိုက်ဝေရုံနဲ့ မလုံလောက်ပါဘူး။ သတင်းစာ၊ ရေဒီယို၊ TV တွေကနေ ကြေညာရမှာပါ။ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမလဲဆိုတာ မေးခွန်းတခုပါ။ … အပေါ်ယံပဲ ရှပ်လုပ်တယ်ဆိုရင်တော့ သိပ်အကျိုးရှိမယ်လို့ မမြင်ပါဘူး။ လုပ်အားပေးခိုင်းစေမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဥပဒေအတိုင်း တိတိကျကျ လိုက်နာဖို့လည်း လိုပါတယ်။ အဓမ္မခိုင်းစေမှု ကျူးလွန်တဲ့ သူတွေကိုလည်း ဥပဒေနဲ့ အရေးယူအပြစ်ပေးဖို့ လိုအပ်ပါတယ်။ ခိုင်းစေခံရတယ်လို့ တိုင်ရင် တိုင်တဲ့လူကို ဖမ်းနေတာ ဥပဒေက ပြောင်းပြန် ဖြစ်နေပါတယ်'' ဟု ပြောသည်။

ဧပြီလ ၃ဝ ရက်နေ့ နေပြည်တော် အစည်းအဝေး၌ အလုပ်သမားဝန်ကြီးဌာနနှင့် ILO ပူးပေါင်း၍ အဓမ္မလုပ်အားပေးမှု အသိပညာပေး ဟာပြောပွဲတရပ်အား အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့်ပတ်သက်၍ တိုင်တန်းမှု အများဆုံးဖြစ်သည့် ပဲခူးမြို့၌ ယခုလထဲတွင် ပြုလုပ်ရန် သဘောတူခဲ့သေးသည်။

မြစ်ကြီးနား ၊ ဘားအံ ၊ လားရှိုး ၊ စစ်တွေ ၊ မုံရွာ နှင့် မကွေးမြို့ များတွင် ဟောပြောပွဲများ ပြုလုပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များကို ပညာပေးခြင်း ဖြစ်သည်။
အပြည့်အစုံသို့ >>

လူကုန်ကူးသူများ နာဂစ်ဒေသကို ပစ်မှတ်ထား

ဧရာဝတီ Monday, May 03, 2010 
 
နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လူကုန်ကူးသူများ သားကောင် ရှာဖွေသည့် အဓိက ပစ်မှတ် ဖြစ်လာကြောင်း အကူအညီ ပေးရေး အဖွဲ့များထံမှ သိရသည်။
မုန်တိုင်း အလွန် ၂ နှစ်တာ ကာလ အတွင်း အကူအညီ လုံလောက်စွာ မရရှိသဖြင့် ထိုဒေသမှ မိသားစု ထောင်ပေါင်း များစွာ အလုပ် လက်မဲ့ ဖြစ်ပြီး စားဝတ် နေရေး ခက်ခဲနေ ခြင်းသည် လူကုန်ကူးသူများ အတွက် အခွင့်အရေး ဖြစ်နေသည်ဟု NGO များက ပြောသည်။ “ဒေသခံတွေ ကိုယ်တိုင်က စားဝတ် နေရေး ကျပ်တည်းတော့ နေရာသစ် တွေဆီ ပြောင်းရွှေ့ ချင်ကြတယ်” ဟု ရန်ကုန် အခြေစိုက် ကရင် အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (Karen Women Action Group) မှ လုပ်အားပေး ၀န်ထမ်း တဦးက ဆိုသည်။

မိသားစုဝင်များ၊ စီးပွားဥစ္စာများ ဆုံးရှုံးသွားခြင်း အပါအ၀င် အခြေအနေ ဆိုးများကြောင့် ထိုဒေသမှ  အမျိုးသမီး အများအပြားသည် မြန်မာနိုင်ငံ မြို့ပြဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပုံစံ အမျိုးမျိုးဖြင့် လူကုန်ကူးခံနေရကြောင်း ဆွစ်ဇာလန်နိုင်ငံ အကူအညီပေးရေး အဖွဲ့တဖွဲ့ထံမှ သိရသည်။ ထိုအမျိုးသမီးများထဲတွင် ဆယ်ကျော်သက်များလည်း ပါဝင်သည်ဟု ဆိုသည်။

“ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ရှိတဲ့ အနှိပ်ခန်း၊ ကာရာအိုကေ အပါအ၀င် လိင်ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ အလုပ်တွေကို စိတ်မပါဘဲ အတင်းအကျပ် ရောင်းစားခံရပြီး ရောက်သွားတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိတယ်” ဟု ရန်ကုန်ရှိ AFXB အဖွဲ့မှ လူကုန် ကူးမှု တိုက်ဖျက်ရေး သင်တန်းနည်းပြ တဦးက ဆိုသည်။

တချို့က မြို့ကြီးများတွင် လစာနည်း အိမ်ဖော်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

အမျိုးသမီးတချို့သည် အိမ်နီးချင်း နိုင်ငံများသို့ ရောက်ရှိသွားပြီး ပြည့်တန်ဆာလုပ်ငန်းများတွင် ရောင်းချခံရသည်။ တချို့က တရုတ်နိုင်ငံတွင် ဇနီးမယားအဖြစ် ရောင်းစားခံနေရသည်။

“သူတို့ရဲ့ မိဘဆွေမျိုးတွေကလည်း ပညာမတတ်တော့ ဘယ်သူက ဘယ်လို လာခေါ် သွားတယ် ဆိုတာလည်း မပြောနိုင်ကြဘူး။သတင်း အစအန တခုတောင် ရဖို့ တော်တော် ခက်ခဲတဲ့ အခြေအနေကို ဖြစ်နေတာ” ဟု ပြည်တွင်း NGO တခုမှ လူငယ် ၀န်ထမ်း တဦးက ပြောကြားသည်။

လူကုန်ကူးသူများက ဘ၀ ရပ်တည်ရေး အတွက် ပုံမှန်ဝင်ငွေ ရရှိနိုင်သော အလုပ်အကိုင် ဖန်တီးပေးမည်ဟု လိမ်လည်လှည့်ဖြား တတ်ကြကြောင်း သိရသည်။

“ဆင်းရဲလွန်းလို့ ထွက်ပေါက် ရှာချင်ကြတဲ့ မိန်းကလေးတွေကို ရန်ကုန်မှာ အလုပ်ရမယ်။ တလကို ပိုပိုလျှံလျှံ သုံးနိုင်တဲ့ အပြင် မိဘဆွေမျိုးတွေကို ထောက်ပံ့နိုင်တဲ့လစာငွေကြေးရ မယ် ဆိုပြီး လိမ်ခေါ်သွားတာတွေကများတယ်” ဟု NGO  တခုမှ လူကုန်ကူး တိုက်ဖျက်ရေး သင်တန်းနည်းပြ တဦးက ပြောသည်။

မုန်တိုင်းသင့်ဒေသမှ ကလေးငယ် အများ အပြားလည်း လူကုန်ကူးခံနေရသည်။ ၎င်းတို့အနက် အများစုမှာ မြို့ပြဒေသကြီးများတွင် လုပ်ခ လစာ အနည်းငယ်ဖြင့် ပင်ပန်းစွာ ရုန်းကန်နေရကြောင်း သိရသည်။

“ဆိုင်တွေ၊ ဈေးတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေကို တော်တော်များ ရောက်လာကြတာတွေ့ရတယ်။ ကလေးတွေကို မေးကြည့်လိုက်ရင် မြစ်ဝကျွန်းပေါ်က ကလေးတွေ ဖြစ်နေတာ များတယ်။ ဒီကလေးတွေက လုပ်ခ လစာစာနည်းနည်းနဲ့ လူမဆန်အောင် အလုပ်လုပ်တွေ လုပ်နေရတယ်” ဟု သတင်းထောက်တဦးက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သော လူကုန်ကူးမှု ၃၀၂ မှု ရှိကြောင်း၊ ထိုအထဲတွင် ၂၀ ရာခိုင်နှုန်းမှာ  ကလေးများ လူကုန်ကူးခံရမှုဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဒုတိယရဲမှူးကြီး ရာလျန်မုန်းက ပြောသည်ဟု ရန်ကုန်အခြေစိုက် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အားနည်းလွန်းသည်ဟု NGO အသိုင်းအ၀ိုင်းက ဆိုသည်။

“အရေးယူမှု အပိုင်းရော၊ ပညာပေးမှုအပိုင်းမှာပါ အများကြီး လုပ်ရဦးမှာ။ ပြီးတော့ ရဲတွေ ကိုယ်တိုင်လည်း လူကုန်ကူးမှုတွေမှာ ပါဝင်တာတွေ ရှိတယ်။ ဝေးလံ ခေါင်သီတဲ့ နယ်မြို့တွေမှာ ဖြစ်တဲ့ လူကုန်ကူးမှုတွေမှာ ဒေသခံ အာဏာပိုင်တွေ ပါဝင် ပတ်သက်မှုတွေ ရှိတယ်” ဟု NGO ကြီးတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးထက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် လူထု ဆန္ဒပြမှုများကို နှိမ်နင်းရေး လုပ်ငန်းများကိုသာ အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်ဟု ရန်ကုန်မြို့ခံတချို့က သုံးသပ်နေကြသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာနခွဲ ၂၂ ခု ရှိပြီး နိုင်ငံတ၀န်း ၁၉ နေရာတွင် လူကုန်ကူးမှု နှိမ်နင်းရေး အဖွဲ့များ ထားရှိသည်ဟု အစိုးရက ပြောသည်။

သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ ထိုဌာနတွင် ရဲတပ်ဖွဲ့ဝင် အရေအတွက် အလွန် နည်းပါးသည်ဟု ဆိုသည်။

“လူကုန်ကူးမှု နှိမ်နင်းရေးအဖွဲ့ ဆိုတာကလည်း ကြီးကြီး မားမား မဟုတ်ဘူး။ တဖွဲ့မှာ ရဲ ၂ ယောက်လောက်နဲ့  ဖွဲ့ထားတာပါ” ဟု ထိုအရာရှိက ရှင်းပြသည်။

လူကုန်ကူးမှု ကျူးလွန်လျှင် အနည်းဆုံး  ထောင်ဒဏ် ၃ နှစ်၊ အများဆုံးတသက်တကျွန်း နှင့် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း အစိုးရက ဥပဒေ ထုတ်ပြန်ထားသည်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ ပြောင်း အလုပ်သမား (၈) သိန်းကျော် နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းပြီး

မြတ်ခိုင်ဦး/ ၃ မေ ၂ဝ၁ဝ ခေတ်ပြိုင်

နိုင်ငံသားစိစစ်မှုပြုရေးလျှောက်လွှာ တင်သွင်းပြီးသော မြန်မာအလုပ်သမား အရေအတွက်မှာ ဧပြီ (၂၇) ရက်နေ့အထိ (၈၂၂,၀၉၃) ဦး ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ထုတ်ပြန်ပြောဆိုသည်။  


ဧပြီ (၃၀) ရက်တွင် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်တွင် အချက် (၈) ချက်ပါရှိပြီး အဓိကအချက်မှာ အလုပ်သမားတဦးလျှင် ဧဂျင့်များက ဘတ်ငွေ (၅,၀၀၀) ထက်ပို ကောက်ခံခွင့်မပြုကြောင်း၊ အကယ်၍ ပိုမိုကောက်ခံပါက မြန်မာအစိုးရထံသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရသည့် ဧဂျင့် (၁၂) ဖွဲ့အား ထိုင်းအစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခေါ်ယူတွေ့ဆုံခဲ့ပြီးသည့်နောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ညွန်ကြားရေးမှူးက နိုင်ငံသားစိစစ်မှုလျှောက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သော မတ်လ (၂) ရက်နေ့၌ နိုင်ငံတော်ရဲချုပ်သို့ လက်မှတ်မဲ့နှင့် သက်တမ်း မဆက်ထားသော အလုပ်သမားများအား ဖမ်းဆီးခွင့်စာကို ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် အလုပ်သမားများမှ ငွေသွင်းပြေစာနှင့် သက်တမ်းဆက်ခွင့် လျှောက်လွှာ တင်သွင်းထားသော မိတ္တူကို ပြနိုင်ပါက အဖမ်းအဆီးမှ ကင်းလွတ်မည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ယခုဖြစ်ပွားနေသော အင်္ကျီအနီဝတ်များ၏ ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရည်ရွယ်ချက်မဲ့ ပါဝင်လာမှုကို ကာကွယ်သောအားဖြင့် နယ်စပ်သို့ ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူရန်အတွက် ခွင့်ပြုမိန့်ကို တတ်နိုင်သမျှ ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံသားစိစစ်ရေးပြုရန် လျှောက်လွှာတင်သွင်းခြင်း မရှိသော အလုပ်သမားများအရေးနှင့်ပတ်သက်၍ အလုပ်အကိုင် ခန့်ထားရေးဌာနမှ စစ်တမ်းတင်သွင်းချက်ကိုမူတည်၍ လိုအပ်လျှင် အချိန်ပိုမိုတိုးချဲ့ပေးသွားရန် စဉ်းစားမည်ဟု ဖော်ပြပါရှိသော်လည်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာကမူ အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား အသစ်ထပ်မံ ဖွင့်လှစ်ပေးမည်မဟုတ်ကြောင်း ပြီးခဲ့သည့်ဧပြီလအတွင်းက အခိုင်အမာပြောကြားခဲ့သည်၊
အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား (၂) သန်းခန့်ရှိသည့်အနက် ယခုလောလောဆယ်တွင် မြန်မာယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူပေါင်းမှာ (၇၁,၃၉၀) ဦးသာ ရှိသေးသည်။
အပြည့်အစုံသို့ >>

Sunday, 25 April 2010

သွေးလှူဒါန်းပွဲ ဖိတ်ကြားလွှာ

အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် ပြန်ရရန် ဆန္ဒပြသူများ အလုပ်ထုတ်ခံရ

ဘစောတင် Saturday, April 17, 2010

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆောင် အရပ်ရှိ Thai Fishing Net Industry Co.Ltd စက်ရုံမှ ယာယီ နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရန် တောင်းဆိုသော အလုပ်သမား (၃၂)ဦး ယမန်နေ့က အလုပ်ထုတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။ ယင်းအလုပ်သမားများသည် ပြီးခဲ့သည့် ဧပြီလ(၁၀) ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် အလုပ်ရှင် က ၎င်းသိမ်းယူထားသည့် ယာယီနိုင်ငံကူး လက်မှတ်ပြန်ပေးထားသူများဖြစ်ပြီး ယမန်နေ့က အလုပ်ပြန်ဆင်း ရာတွင် ယခုကဲ့သို့ အလုပ်ထုတ်ခံရခြင်းဖြစ်သည်ဟု အဆိုပါစက်ရုံမှ အလုပ်သမ ဒေါ်တင်ရီ က ဧရာဝတီသို့ ပြောသည်။ 
“မနေ့က ကျမတို့ အလုပ်ဆင်းဖို့ သွားတော့ အလုပ်သမား (၃၂) ယောက်ကို စက်ရုံထဲ ၀င်ခွင့်မရှိတော့ဘူး၊ အလုပ်ထုတ်ပစ်လိုက်ပြီလို့ လုံခြုံရေးဝန်ထမ်းက ပြောတယ်၊ ကျန်တဲ့အလုပ်သမားတွေကလည်း ပတ်စ်ပို့တောင်း တုန်းက အားလုံးအတူတူ တောင်းကြပြီး အထုတ်ခံရတဲ့အခါ ခေါင်းဆောင်ပြောတဲ့လူတွေပဲ ခံရတာ ဆိုတော့ မကျေနပ်လို့ မနေ့က အများစုက အလုပ်မဆင်းကြတော့ဘူး”ဟု ၎င်းက ဆိုသည်။

အလုပ်ရှင်သူဌေးက Work Permit မပြုလုပ်ရသေး၍ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေး၍ မရကြောင်း၊ ပိုက်ဆံမကြေသေး၍ မထုတ်ပေးနိုင်ကြောင်း၊ ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူ၍ ရကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ တဦးဖြစ်သော ကိုသန်းဇော်မြင့်ကလည်း ပြောဆိုသည်။

“အစကတော့ Work Permit ကိစ္စတို့၊ ငွေမကြေသေးလို့ တို့ နဲ့ လှည့်ပတ်နေတယ်၊ မပေးချင်လို့၊ မနေ့က ကျတော့ ရဲကိုခေါ်ပြီး ကျနော်တို့ကို ခြိမ်းခြောက်တယ်၊ မင်းတို့ ယာယီပတ်စ်ပို့ က ဘာမှ သုံးစားမရဘူး၊ မင်း တို့မှာ Work Permit မရှိလို့ ငါတို့ ဖမ်းလို့ ရတယ်။ လ၀က ကလည်း မင်းတို့ကို ဖမ်းချင်ရင် အချိန်မရွေး ဖမ်းလို့ရတယ်”ဟု စက်ရုံရှေ့ တွင် ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားများက ယာယီပတ်စ်ပို့ နှင့် Work Permit ပြုလုပ်ရန် ဘတ်ငွေ ၈၆၀၀ ကို အလုပ်ရှင် သူဌေးထံ သို့ ပေးသွင်းရကြောင်း၊ သင်္ကြန်မတိုင်မီထိ ဘတ်ငွေ ၈၀၀၀ ကိုပေးသွင်းပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယာယီ ပတ်စ်ပို့ ဖိုးကြေပြီဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

အဖြုတ်ခံရသော အလုပ်သမားများနှင့် နစ်နာမှုများကို အလုပ်သမား ကူညီရေးအဖွဲ့ အစည်းများမှ တဆင့် အလုပ်သမား အခွင့်အရေးကာကွယ်ရေးအဖွဲ့ (ဆ၀ါဒီကန်)သို့တိုင်းတန်းနိုင်ရန် စီစဉ်ထားသည်ဟု အလုပ်ဖြုတ်ခံရသူ ဒေါ်မိကလည်း ပြောသည်။

“ကျမတို့ မှာ အခုကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ယူဆောင်ရွက်ဖို့  ခေါင်းဆောင် ၅ယောက်ရွေးထားတယ်၊ ဒီတနင်္လာနေ့ ကျရင် သူဌေးကို တိုင်မယ်၊ ကျမတို့ ကို မတရားအလုပ်ဖြုတ်ပစ်တဲ့အတွက် နစ်နာကြေးတွေ တောင်းဖို့ စီစဉ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံတွင် မြန်မာအလုပ်သမား ၁၅၀ ကျော်ရှိပြီး အလုပ်သမား အားလုံး ယာယီပတ်စ်ပို့  လုပ်ထားကြပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက“ကျနော် တို့ အလုပ်သမားတွေ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်တိုက်ယူတာကို ကြိုဆိုတယ်၊ ကိုယ့်နဲ့ အတူ ရှိရမယ့် ပတ်စ်ပို့ စာအုပ်ကို လုပ်ပြီးကတည်းက ကိုယ်နဲ့ ထားရမှာ၊ အဲဒီကတည်းက တောင်းရမှာ၊ အလုပ်သမားတွေ အနေနဲ့ အခက်အခဲကြုံလာရင် ဘယ်သတင်းဌာနကို ပြောရမလဲ၊ ဘယ်အလုပ်သမားအဖွဲ့ ကို အဆက် အသွယ် လုပ်ရမလဲဆိုတာလည်း သိထားဖို့ လိုတယ်၊ ပိုအရေးကြီးတာကတော့ အလုပ်သမားအခွင့်အရေးကို သိအောင်လုပ်ထားရမယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမား ၂ သန်းမှ ၄သန်းခန့်ရှိသည်ဟု အလုပ်သမား အရေးဆောင်ရွက်နေကြသော အဖွဲ့ အစည်းများက ခန့် မှန်းကြသည်။
အပြည့်အစုံသို့ >>

Saturday, 24 April 2010

မဟာချိုင်မှ ထိုင်းပုလိပ်များ၏ ငွေညှစ်နည်းအမျိုးမျိုး

 ၈ ဧပြီ ၂၀၁၀ ခေတ်ပြိုင်

မြန်မာအလုပ်သမားတွေ အများဆုံးနေကြတဲ့ မဟာချိုင်ဒေသမှာ အခုတလော ဖြစ်နေတဲ့ပြဿနာက ကွန်ပျူတာအသုံးပြုမှုနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာက အလုပ်ကို စိတ်ရှိလက်ရှိလုပ်ပြီး စည်းလေးကမ်းလေးနဲ့နေလိုက်ရင် ကွန်ပျူတာတလုံးလောက် ၀ယ်နိုင်တဲ့ငွေကို စုဆောင်းမိပါတယ်။ ဒါကြောင့် အခုလို နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ တီးခေါက်လေ့လာချင်တဲ့ လူငယ်တချို့က ကွန်ပျူတာတလုံးစာ ငွေစုဆောင်းမိတာနဲ့ ကွန်ပျူတာ ၀ယ်ဖြစ်ကြပါတယ်။ တချို့ကလည်း ခိုးကူးခွေတွေ ကူးကြမယ်၊ တချို့ကလည်း pagemaker လို နာမည်ကြီး စာစီစာရိုက် ဆော့ဖ်ဝဲလ်နဲ့ ဖိတ်စာလေး ဘာလေး ရိုက်တာမျိုးလည်း ရှိကြပါတယ်။
ဒီလို ကျနော်တို့မှာ ကွန်ပျူတာရှိတာကို ပုလိပ်တွေသိရင်တော့ အသည်းအသန်ကို ဖမ်းပါတယ်ဗျာ။ ဖမ်းမယ်ဆိုလည်း ကွန်ပျူတာနဲ့လုပ်စားပြီး ဥပဒေနဲ့ငြိနေလို့ တရားဥပဒေနဲ့အညီ အရေးယူတယ်ဆို ဖမ်းပါဗျာ။ အခုတော့ လူငယ်တချို့က အင်တာနက်လေး သုံးတတ်အောင်၊ ဂျာနယ်လေးတွေဖွင့်ဖတ်ပြီး အချိန်မီသတင်းလေးတွေ သိနိုင်အောင်၊ တချို့ကလည်း ဒေသအသီးသီးက မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရအောင်၊ အီးမေးလ်လေး ပို့တတ်အောင်ဆိုပြီး ၀ယ်ထားကြတာ ဖြစ်ပါတယ်။ ဒါကို ပုလိပ်တွေက သူလျှိုတွေကတဆင့် လိုက်လံစုံစမ်း ဖမ်းဆီးပြီး ကွန်ပျူတာအမှုက ကြီးတယ်ဆိုကာ ဘတ်ငွေ (၂) သောင်း၊ (၃) သောင်း ခြိမ်းခြောက်တောင်းပါတယ်။ ငွေရှာနိုင်ရင်ရှာ မရှာနိုင်ရင် ထောင်ကျမယ်ပေါ့။ ဒီလိုနည်းနဲ့ ငွေတောင်းတာ ကျနော်တို့ ခံနေရပါတယ်။
နောက်ဆုံး ပုလိပ်တွေရဲ့ငွေတောင်းနည်းသစ်ကတော့ စာရင်းစာရွက်ပါပဲ။ အခုတလော ထိသွားတဲ့သူ (၁၀) ယောက်ထက် မနည်းတော့ပါဘူး။ ဖမ်းပုံဖမ်းနည်းကတော့ လမ်းပေါ်သွားနေတဲ့ မြန်မာအလုပ်သမားတယောက်ကိုတွေ့ရင် ဆိုင်ကယ်ရပ်ပြီး လက်မှတ်ရှိမရှိ မေးမြန်းစစ်ဆေး၊ ပိုက်ဆံအိတ် နှိုက်စစ်ဆေး၊ မတော်တဆများ ဂဏန်းလေးတွေပါတဲ့ စာရွက်လေး တရွက်လောက် ဥပမာ ဖုန်းနံပါတ်ပဲဖြစ်ဖြစ် တွေ့လို့ကတော့ အဲဒီစာရွက်ထဲက ဂဏန်းကို (၃) လုံးလောက်ကျန်အောင် ဆွဲဆုတ်၊ ချဲဂဏန်းဆိုပြီး လုပ်ဖမ်းပါတော့တယ်။ ဒီလိုမိရင် လူကွယ်ရာကို ခေါ်သွား၊ ငွေဘယ်လောက်ပေး၊ မပေးရင် ဒီဂဏန်း (၃) လုံးပါတဲ့ စာရွက်ကို သက်သေလုပ်ပြီး ချဲဂဏန်းအမှုနဲ့ ဖမ်းမယ်လို့ဆိုပါတယ်။
အလုပ်သမားတွေမှာ အခုဆို ဒီလိုထိုင်းပုလိပ်တွေရဲ့ အကွက်ဆင်ဖမ်းပြီး ငွေတောင်းတာတွေကို ကြောက်လွန်းလို့ စာရင်းစာရွက်လေးဖြစ်ဖြစ် မှတ်တမ်းမှတ်ရာလေးဖြစ်ဖြစ် ကိုင်သွားတဲ့လူတောင် မရှိသလောက် ဖြစ်ကုန်ကြပါပြီ။
နောက်ငွေညှစ်နည်းတမျိုးကတော့ မြန်မာနိုင်ငံသားအလုပ်သမားတွေ နေ့စဉ်နဲ့အမျှဆိုသလို ကြုံတွေ့နေရတဲ့အဖြစ်အပျက်ပါ။ အထူးသဖြင့်တော့ စနေ တနင်္ဂနွေလို အလုပ်နားရက်တွေမှာ ဖြစ်ပါတယ်။ ကျနော်တို့လို အလုပ်သမားတွေဟာ တပတ်လုံး အလုပ်လုပ်ထားကြလို့ အလုပ်နားရက်မှာ အပြင်ထွက်ပြီး သွားစရာ လုပ်စရာရှိတာကို သွားကြပါတယ်။ ဒီလိုသွားတဲ့အခါ မြန်မာနိုင်ငံသားမှန်းသိတယ် ဆိုတာနဲ့ ထိုင်းပုလိပ်တွေက ဘယ်သွားမလဲ၊ လက်မှတ်ရှိလား၊ ပြစမ်းဆိုပြီး စစ်ဆေးမေးမြန်း ပါတော့တယ်။ အဲလိုစစ်ဆေးတဲ့အခါ လက်မှတ်က ဘာတွေလိုနေတယ်၊ ဘယ်နေရာက မပြည့်စုံဘူးဆိုပြီး အကြောင်းအမျိုးမျိုးရှာ၊ နောက်ဆုံး မင်းတို့ မြင်းဆေးရောင်းသလားလို့ မေးမြန်းပြီး အိတ်ကို ဟိုနှိုက်ဒီနှိုက်နဲ့ ငွေရေးကြေးရေးအခြေအနေ စူးစမ်းလိုက်ပါသေးတယ်။
ထိုင်းပုလိပ်ပါးစပ်က ယာဘ (မြင်းဆေး) ဆိုတဲ့ အသံကြားတာနဲ့ ထမင်းစားရေသောက်လောက်သာ ထိုင်းစကားပြောတတ်တဲ့ ကျနော်တို့ အလုပ်သမားတွေခမျာ ဘာလုပ်ရမှန်းမသိ ကြောက်လန့်နေတာကို မြင်တဲ့အခါ ပုလိပ်တွေက ရုံးလိုက်ခဲ့ မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်တော့တာပါပဲ။
တနင်္ဂနွေလိုနေ့မျိုးမှာ အဲလိုအဖြစ်မျိုးကြုံရင် အလုပ်ရုံက တာဝန်ရှိသူတွေ မလိုက်လာနိုင်တာကြောင့် ပုလိပ်တွေအတွက် အကွက်ပါပဲ။ တကယ်တော့ အလုပ်ရုံ (သို့မဟုတ်) သူဌေးတွေကလည်း ပုလိပ်စစ်ရင် ပြသနိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးထားပြီးသားပါ။ ဒါကိုလည်း ပုလိပ်တွေကသိလျက်နဲ့ စကားမတတ်ကြ၊ နားမလည်ကြ၊ ကြောက်တတ်ကြတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာပါ။
မဟာချိုင်ဒေသတ၀ိုက်မှာ တကယ့်ကို ထိထိရောက်ရောက် အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်းတခုမှမရှိပါဘူး။ ဒါကြောင့် ကျနော်တို့ မြန်မာအလုပ်သမားတွေ ကြောက်လန့်နေရမှုက ကင်းဝေးအောင် တာဝန်ရှိအဖွဲ့အစည်းတွေ နည်းလမ်းတစုံတရာ ရှာဖွေအကူအညီပေးနိုင်ဖို့ တင်ပြလိုက်ရပါတယ်။
မဟာချိုင်မှ အိမ်ဝေးသူများ
အပြည့်အစုံသို့ >>

Wednesday, 7 April 2010

ယာယီ နိုင်ငံကူးလက်မှတ် သိမ်း၍ အလုပ်သမားများ ဆန္ဒပြ

ဘစောတင် Tuesday, April 06, 2010 


 ယာယီနိုင်ငံကူး လက်မှတ်များကို အလုပ်ရှင်က သိမ်းယူထားပြီး ငွေတောင်း သောကြောင့် ယမန်နေ့က မြန်မာ အလုပ်သမားများ ဆန္ဒပြ တောင်းဆို ကြကြောင်း သိရသည်။ ဘန်ကောက်မြို့၊ ဖလန်ဆောင် အရပ်ရှိ Chamlisure Furniture ကုလားထိုင် စက်ရုံမှ အလုပ်သမား ၂၀၀ ခန့်၏ ယာယီ နိုင်ငံကူးလက်မှတ်များကို ပြန်လိုချင်လျှင် ဘတ် ၂၀၀၀ ပေးရမည်ဟု အလုပ်ရှင်က တောင်း သဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်မှစ၍ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

“ကျနော်တို့က ပတ်စ်ပို့ လုပ်ထားပြီးမှ မိတ္တူပဲ ကိုင်ထားရတော့ မကျေနပ်ကြဘူး၊ ဒါကြောင့် စုပြီးတော့ စာအုပ် ထုတ်မပေးရင် အလုပ် မဆင်းဘူး ဆိုပြီး တောင်းဆို ကြတယ်၊ တခြား စက်ရုံတွေမှာ ဒီလို သိမ်းမထားဘူး”ဟု  ယာယီ နိုင်ငံကူး လက်မှတ် ပြန်ရရန် တောင်းဆိုသူ ကိုသန်းဇော်လင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား ၄၀၀ နီးပါးအနက် ၂၀၀ ခန့်က ယာယီ နိုင်ငံကူးလက်မှတ်ကို ကော့သောင်းတွင် သွားရောက် ပြုလုပ်ခဲ့ကြသည်။ ယင်းလက်မှတ် ကုန်ကျစရိတ်ကို အလုပ်သမားများက ကိုယ်တိုင် အကုန်အကျခံထားခြင်း ဖြစ်သည်။

အလုပ်သမားများက ထိုသို့ တောင်းဆိုရာ အလုပ်ရှင်က ငွေပေးရမည်ဟု မြန်မာဘာသာဖြင့် စာကပ်ကြေညာ ကြောင်း၊ အလုပ်သမား ၂၀ ခန့်ကသာ ငွေပေး ရွေးယူကြကြောင်း သိရသည်။

လက်မှတ် အသိမ်းခံထားရသူ အလုပ်သမား ကိုမျိုးက“ပတ်စ်ပို့ စာအုပ် လုပ်ပြီးကတည်းက သူဌေးမ တွေပဲ သိမ်းထားတယ်၊ ကျနော်တို့က လူစုပြီးတောင်းတော့ အစက ဟိုနေ့ ပေးမလိုလို ဒီနေ့ ပေးမလိုလိုနဲ့ နောက် ဆုံးတော့ စက်ရုံထဲမှာ စာကပ်တယ်ဗျာ၊ အရေးတကြီး ရွာပြန်မယ့်လူ တချို့တော့ ပိုက်ဆံပေး ယူသွား ကြ တယ်၊ ကျနော်တို့တော့ မပေးနိုင်ဘူး”ဟု ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ် ပြန်ရရန် တောင်းဆိုသူများက မြန်မာအလုပ်သမားများ အရေး ဆောင်ရွက်နေ သည့် ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားရေးအဖွဲ့သို့လည်း ဆက်သွယ် အကူအညီ တောင်း ကြောင်း သိရသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုစောဂျက်က“အလုပ်သမား ဥပဒေအရဆိုရင် ဒီစာအုပ်ဟာ အလုပ်သမားနဲ့ပဲ ရှိနေရမယ်၊ သူဌေးက သိမ်းထားရမယ့်ဟာ မဟုတ်ဘူး၊ အခုလို သိမ်းထားတယ်ဆိုတာ မဖြစ်သင့်ဘူး၊ ပုလိပ်စစ်ရင် ဘာနဲ့ ဖြေရှင်းမလဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (Thai Action Committee for Democracy in Burma – TACDB) မှ ထိုင်းလူမျိုး ရှေ့နေ မစ္စတာ ဖိနိန်ကလည်း“ယာယီ ပတ်စ်ပို့က အလုပ်သမားတွေ အတွက် လုပ်တာ၊ သူဌေးတွေ ကိုင်ထားဖို့ လုပ်တာ မဟုတ်ဘူး”ဟု ပြောသည်။

ယင်းသို့ အလုပ်သမားများ ဆန္ဒပြတောင်းဆိုကြသောကြောင့် အလုပ်ရှင်၏ သမီးရောက်လာကာ သင်္ကြန် မတိုင်မီ ၂ ရက်အလိုတွင် ယာယီနိုင်ငံကူးလက်မှတ်များ ပြန်ထုတ်ပေးမည်ဟု ပြောဆိုသဖြင့် တချို့က အလုပ်ပြန်ဝင်သော်လည်း အများစုမှာ အလုပ် ပြန်မဆင်းကြသေးကြောင်း သိရသည်။

အကယ်၍ ကတိအတိုင်း ယင်းလက်မှတ်များ ပြန်ထုတ်မပေးပါက အလုပ်သမား ဝန်ကြီင်္းဌာနအထိ တိုင်တန်း ရန် ရည်ရွယ်ထားသည် ဟု အလုပ်သမားများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား ရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။

နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တို့က ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ၂၀၀၉ ခု ဇူလိုင်လအတွင်းက စတင်ခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP