Monday, 5 April 2010

မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ

freedomnewsgroup

အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကိုမင်းစောဦး ဆိုသူသည် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ
ဆီလန်ဂါရှိ ကလန်မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ ရှိ ရကြောင်း ယနေ့ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏
တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်
တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေး
ဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။

ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေးမှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီး
ထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။
ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။
စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့်  နိုင်ငံတွင် များတွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များမှ ခေါင်းပုံဖြတ်မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိ
ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ထိုသို့ ဖြစ်ပွားခဲ့လျှင်လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများ သတိထားကြရန်

ခေတ်ပြိုင် 

တရားဝင်စာချုပ်စာတမ်း မရှိဘဲ မြန်မာအလုပ်သမားတွေ ထိုင်းနယ်စပ်ဒေသမှ တခြားခရိုင်တွေ သွားအလုပ်လုပ်ကြမယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေ ရှိတဲ့အတွက် ကျမတို့ကိုယ်တွေ့ အဖြစ်အပျက်တွေကို တခြား မြန်မာအလုပ်သမားတွေ သိရှိပြီး စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက ခွန်းကယ်မြို့ ငါးဖမ်းပိုက်စက်ရုံ (Khon Kaen Fishing Net Factory Co LTD) မှာ ထိုင်းအစိုးရရဲ့ သတ်မှတ်လုပ်အားခ (၁၅၅) ဘတ် ရမယ်ဆိုပြီး မဲဆောက်က ပွဲစားတွေရဲ့ မက်လုံးပေးစည်းရုံးမှုကြောင့် ကျမတို့ မြန်မာအလုပ်သမား (၁၀၀) ကျော်ဟာ အဲဒီစက်ရုံမှာ လွန်ခဲ့တဲ့ (၇) လလောက်က စပြီး အလုပ်သွားလုပ်ကြပါတယ်။ မသွားခင်မှာ ကျမတို့ကို အကြိုအပို့ လုပ်ပေးခ၊ ခရီးစရိတ်နဲ့ အလုပ်သမားလက်မှတ်ကြေး အပါအ၀င် တယောက်ကို ဘတ် (၁၇,၇၀၀) နဲ့ အဲဒီငွေကို လုပ်အားခထဲက ပြန်ဖြတ်ဖို့ သဘောတူခဲ့ကြပါတယ်။ မဲဆောက်က အလုပ်သွင်းပေးတဲ့ ပွဲစားတွေကလည်း တနေ့ (၁၅၅) ဘတ် ရမယ်ဆိုပြီး ပြောခဲ့ကြပါတယ်။
ဒါပေမယ့် တကယ်အလုပ်ခွင်ထဲ ရောက်တော့ တနေ့ (၁၅၅) ဘတ်နှုန်းနဲ့ (၁) လပဲပေးပြီး ကျန်တဲ့လတွေမှာ (၁၅) ရက်တပတ်ကို တယောက် (၁,၀၀၀) နှုန်းနဲ့ပဲ ပေးပါတော့တယ်။ အလုပ်ချိန် မနက် (၈) နာရီက ည (၈) နာရီအထိ အလုပ်ဆင်းကြရပေမယ့် အချိန်ပိုကြေးမပေးပါဘူး။ ဒါ့အပြင် ကျမတို့ အလုပ်သမားတွေကို အပြင်ထွက်ခွင့်မပေးဘဲ အလုပ်ရုံထဲမှာပဲ ပိတ်လှောင်ထားတဲ့အတွက် အလုပ်သမားတွေက သီးမခံနိုင်တော့တဲ့အဆုံးမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုပြီး အလုပ်မဆင်းဘဲနေကြပါတယ်။ ဒီလိုအခြေအနေကြောင့် စက်ရုံကို ထိုင်းပုလိပ်တွေနဲ့ ၀ိုင်းထားပြီး ကျမတို့ မြန်အလုပ်သမား (၁၁၂) ဦးကို ညတွင်းချင်း မဲဆောက်မြို့ကို ပြန်ပို့ခဲ့လို့ ဒီလ ဧပြီ (၁) ရက်နေ့မှာ မဲဆောက်ကို ပြန်ရောက်ခဲ့ရပါတယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့တာက ကျမတို့ကို ပြန်မပို့မီ တရက်အလိုမှာဖြစ်ပါတယ်။ စက်ရုံပိုင်ရှင်က ကျမတို့ရဲ့ အလုပ်သမားလက်မှတ်တွေ ပြန်မပေးဘဲ သိမ်းထားတဲ့အတွက် အခုဆို မဲဆောက်မှာ ကျမတို့ ဒုက္ခရောက်နေပြီး တခြားအလုပ်အကိုင်လည်း ရှာမရဖြစ်နေပါတယ်။
မဲဆောက်ကနေသွားတုန်းက ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ ထိုင်းဘက်က အကျိုးဆောင်ကုမ္ပဏီတွေ၊ ထိုင်းနဲ့ မြန်မာပွဲစားတွေက သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အချို့နဲ့ ညှိနှိုင်းပြီး ကျမတို့ အလုပ်သွားလုပ်နိုင်ဖို့အတွက် စီစဉ်ပေးကြပါတယ်။ အခုလို ပြဿနာတက်ပြီး သူတို့ကို သွားပြောတဲ့အခါကျတော့ ဒီအလုပ်က နင်တို့နဲ့အလုပ်ရှင်ဖြစ်တဲ့ ပြဿနာပဲ၊ ငါတို့နဲ့မဆိုင်ဘူး ဆိုပြီးတော့ “ဘူး” ခံပါတယ်။ ကျမတို့လို ရပ်ဝေးမှာရောက်နေပြီး ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးရှိပါတယ်။ တကယ်တော့ ကျမတို့က အလုပ်လုပ်ဖို့ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် မချုပ်မိတဲ့အတွက် အခုလို ဒုက္ခရောက်ကြရတာဖြစ်ပါတယ်။ သဘောတူစာချုပ်သာရှိမယ်ဆိုရင် ကျမတို့ရဲ့ နစ်နာကြေးတွေကို ဒေသဆိုင်ရာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ လူမှုဖူလှုံရေးရုံးမှာ သွားပြီး အရေးဆိုလို့ရပါတယ်။ အခုတော့ အစမကောင်းခဲ့တဲ့ အတွက် အားလုံး နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကျမတို့ကို မဲဆောက်ပြန်ပို့ခဲ့တဲ့အတွက် နောက်ဆုံး မဖြစ်စလောက်လစာ ပေးပေမယ့် အဲဒီ လစာထဲက မဲဆောက်ကားခ တယောက် ဘတ် (၅၀၀) စီ ထပ်ဖြတ်လိုက်ပါသေးတယ်။
အခုလည်း မဲဆောက်မှာ အဲလို ရပ်ဝေးဒေသတွေမှာ လစာကောင်းကောင်းပေးတယ်၊ အလုပ်သွားလုပ်ဖို့ဆိုပြီး ထိုင်းနဲ့ မြန်မာ ပွဲစားတွေက မက်လုံးပေး လိုက်စည်းရုံးနေပါတယ်။ ပွဲစားတွေအတွက်ကတော့ အလုပ်သမားတယောက် ရှာပေးရင် ဘတ် (၂,၀၀၀) လောက် အနည်းဆုံးရကြပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသူတွေ၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေအပြင် ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ထောရော (၃၈) လို့ခေါ်တဲ့ နေထိုင်ခွင့်လက်မှတ်ရှိသူတွေကိုပါ သူတို့က လက်ခံခေါ်ယူနေတဲ့အတွက် မြန်မာအလုပ်သမားများ အထူးသတိထားဖို့ လိုပါတယ်။ ဒီလိုအလုပ်မျိုး သွားလုပ်မယ်ဆိုရင် ကျမတို့လို အဖြစ်ဆိုးမျိုး မရောက်အောင် သေချာမေးမြန်းစုံစမ်းပြီးမှ လုပ်ကိုင်ကြဖို့ မြန်မာအချင်းချင်း ကိုယ်ချင်းစာတရားနဲ့ အသိပေးလိုက်ပါတယ်။
မစန်းစန်း (ပဲခူး)
ခွန်းကယ် ငါးဖမ်းစက်ရုံမှ ပြန်လာသူ
အပြည့်အစုံသို့ >>

Thursday, 1 April 2010

ဆန္ဒပြမြန်မာအလုပ်သမားများကို ထိုင်းအလုပ်ရှင်ကနေရပ်ပြန်ပို့

2010-03-31 - RFA

ထိုင်နိုင်ငံ အရှေ့မြောက်ပိုင်း ကွမ်းကမ်မြို့က ငါးလုပ်ငန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေက အပြင်သွားလာခွင့်နဲ့ အချိန်ပိုကြေး၊ လုပ်အားခ တိုးတောင်းပြီး ဆန္ဒပြတဲ့အတွက် ထိုင်းအလုပ်ရှင်တွေက ရဲတွေကိုခေါ်ကာ စက်ရုံကို ဝိုင်းထားခိုင်းပြီး မြန်မာအလုပ်သမားတွေကို ချက်ချင်းနေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မနေ့က အလုပ်သမားတဦး လုပ်ငန်းခွင်းတွင်း ပစ္စည်းအတင်အချ လုပ်ရာကနေ ခါးနာသွားတာကို အလုပ်နားခွင့်မပေးပဲ အလုပ်ဖြုတ်ဖို့ စီစဉ်တဲ့အတွက် ကျန်တဲ့ မြန်မာအလုပ်သမားတွေက ဝိုင်းဝန်းတောင်းဆိုရာကနေ ချိုးဖောက်ခံနေရတဲ့ အလုပ်သမား အခွင့်အရေးတွေကိုပါ တဆက်တည်း တောင်းဆိုဆန္ဒပြဖို့ အလုပ်သမားတွေက တညီတညွတ်တည်း ဆုံးဖြတ်ပြီး မတ်လ ၃၁ ရက် ဒီကနေ့ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြတာလို့ အလုပ်သမားတဦးက RFA ကို ပြောပြပါတယ်။
 

“ကျွန်တော်တို့အားလုံးပဲ ညှိလိုက်ကြတယ် လက်ရှိ လူအားလုံး နှစ်ရာကျော်ရှိတယ် ညှိလိုက်ပြီးတော့ ငါတို့ ဈေးနည်းနည်း ပိုတောင်းမယ်၊ အိုတီကြေး ပိုတောင်းမယ်၊ အပြင်သွားလာခွင့် တောင်းမယ်ပေါ့၊ သူတို့က လုံးဝ ခွင့်မပေးဘူး၊ လုံးဝ ဘူးခံထားတယ်၊ နင်တို့ကို အကုန်ပြန်ပို့မယ်ဆိုတော့ ကျွန်တော်တို့တွေလည်း အကုန်ပြန်မယ်လို့ ဖြစ်သွားတာပဲ။”
 

ဒီအလုပ်သမားတွေအားလုံးဟာ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့တွေ ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်၊ RFA က မွန်းလွဲပိုင်း တပ်မံ ဆက်သွယ်တဲ့ အချိန်မှာ ပြန်ပို့ဖို့ကားပေါ်ကို တက်ခိုင်းနေပြီး ဖြစ်ကြောင်း အလုပ်သမားတွေက ခုလိုပြောပါတယ်။

“အခု ပိုက်ဆံထုတ်ပြီးတော့ ကားပေါ်တက်နေပြီ။ ကားခလည်း ငါးရာယူထားတယ်။ တချက်နော် ခနလေးနော်။ ဟုတ်ကဲ့၊ အခု တသုတ်တင် ထားတယ် နောက်အသုတ်က ကားမလာသေးလို့။ အခုက အကုန်နှစ်ရာလုံး ပို့နေပြီလားရှင်။ ဟုတ်တယ်၊ အခု သူတို့ဖာသာသူတို့ ပို့ပြီးတော့ ကားခကို အခု တခါတည်း ဖြတ်နေတယ်။ တခါတည်း ငါးရာတခါတည်း ဖြတ်နေတယ်။ ပိုက်ဆံရှင်းတော့ ငါးရာတခါတည်း ဖြတ်နေတယ် အခု။”

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဖက်က လုံးဝ မလိုက်လျောပဲ လုပ်ပြီးတဲ့ လုပ်အားခတွေကို အဖွဲအလိုက် ရှင်းပေးပြီး နေ့မဆိုင်းပဲ နှင်ထုတ်ဖို့ စီစဉ်နေတဲ့အတွက် အလုပ်သမားတွေမှာ
အထုတ်အပိုးတွေနဲ့ ကားပေါ်ကို ဆွဲတင်ခံနေရတာ ဖြစ်ပါတယ်။ သူတို့ကိုတာဝန်ခံ အလုပ်ရှာသွင်းပေးသူရှိရာ မဲဆောက့်မြို့ကို ပြန်ပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အပြည့်အစုံသို့ >>

Sunday, 28 March 2010

ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဆံစက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွား

Tuesday, 16 March 2010 18:46 ကောင်းမြတ်ကျော်
ရန်ကုန်းတိုင်းအတွင်းရှိ ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဆံစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်။ အလုပ်အားခ နည်းပါးသည့်အတွက် အရေးဆိုပေးရန် ရွှေပြည်သာအလုပ်သမားရုံးသို့ အလုပ်သမ (၁၀) ဦး သွားရောက်တိုင်တန်းရာမှ ယခုကဲ့သို့ ဆန္ဒပြနေခြင်းဖြစ်သည်။  "ပထမတော့ ၁၀ ယောက်၊ နောက်တခါကျတော့ လေးငါးဆယ်ယောက်။ ရွှေပြည်သာ အလုပ်သမားရုံးကို ချီတက်ပြီး သွားတိုင်တာ။ တနေ့ (၁၇၀၀) ရတာကို (၂၅၀၀) တိုးပေးဖို့ သူတို့ကို လာပြောပေးဖို့။ အဲလိုမျိုးမှ တိုးမပေးလို့ရှိရင် သူတို့ အလုပ်မဆင်းတော့ဘူးပေါ့။ အဲဒါ အခု ဒီမနက် (၉) နာရီထိတော့ အလုပ်ရှင်ဘက်က ဘာမှ လိုက်လျောတာ မရှိသေးဘူး" ဟု ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးတဦးက ပြောသည်။

အဆိုပါ ဆန္ဒပြအလုပ်သမား (၁၀၀) ကျော်တွင် အများစုမှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် စက်ရုံရှိ အလုပ်သမားများသည် နယ်မှ လာရောက် လုပ်ကိုင်ကြသူ အများစုဖြစ်ကြောင်း အဆိုပါ ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးက ဆက်ပြောသည်။

"နယ်က အလုပ်သမားတွေများတော့ အလုပ်ရှင်က လိုင်းခန်းလေးတွေ ပေးထားတာပေါ့နော်။ အခု မပေးတော့ဘူးဆိုတဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ အလုပ်က နေ့ရောညရော ဆင်းရတယ်။ မနက် (၈) ရှစ်နာရီကနေ ညနေ (၆) နာရီ။ (၆) နာရီနောက်ပိုင်း မီးလာရင် လာသလို ဆက်လုပ်ရတာပဲ။ သူတို့မှာ ဘိုးနပ်စ်ကြေးတွေ ဘာတွေလည်း မရှိဘူး" ဟု သူမက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်ဘက်မှ တစုံတရာ လိုက်လျောမှုမရှိသေးသဖြင့် အလုပ်မဆင်းဘဲ စက်ရုံရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပြီး တောင်းဆိုချက်အနေဖြင့် အခမဲ့ ဆေးကုသခံယူခွင့်နှင့် တနေ့လုပ်ခ (၁၇၀၀) မှ (၂၅၀၀) သို့ တိုးမြှင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Thursday, 25 March 2010

မြန်မာအလုပ်သမား (၁၀၀ ) ကျော် ဘတ် (၆) သိန်းခန့် ငွေလိမ်ခံရ

စိုးမိုး/ ၂၅ မတ် ၂ဝ၁ဝ ခေတ်ပြိုင်


ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဆိုကာ APHAI PHANOK ကုမ္ပဏီတာဝန်ခံက ဘတ် (၆) သိန်းခန့် ငွေကြေး လိမ်လည်တောင်းယူပြီး တိမ်းရှောင်သွားကြောင်း အလုပ်သမားများက ပြောသည်။
“ကျနော် ဒီမနက် ကုမ္ပဏီကို သွားမေးတော့ ကုမ္ပဏီက သူနဲ့အတူလုပ်တဲ့ လူတွေကလည်း သူ့ကို တွေ့ချင်နေတယ်။ သူနဲ့ အလုပ်အပ်ထားတဲ့ အလုပ်သမားက (၁၀၀) ကျော်လောက်ရှိတယ် ပြောတယ်။ ဒီကိစ္စ တိုင်မယ်ဆိုရင် ကုမ္ပဏီ ၀န်ထမ်းတွေကလည်း ကျနော်တို့နဲ့ အတူတူတိုင်မယ်လို့ ပြောလိုက်တယ်” ဟု ငွေကြေးလိမ်လည်ခံလိုက်ရသူ မြန်မာအလုပ်သမား ကိုဝင်းက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရထုတ်ပေးထားသည့် အလုပ်သမားကတ်မရှိဘဲ ယာယီနိုင်ငံကူးလက်မှတ် (၃) ရက်အတွင်း ထုတ်ပေးမည်ဆိုကာ တဦးလျှင် ဘတ် (၄,၈၀၀) မှ (၅,၈၀၀) အထိ လိမ်လည်တောင်းခံသွားပြီး အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ကိုင်နေကြောင်း အသိအမှတ်ပြုထားသည့် ကတ်ပြားများပေးကာ တိမ်းရှောင်သွားခြင်းဖြစ်သည်။
“အဲဒီ ဘတ် (၅,၀၀၀) ပေးတော့ သူက ဒီကတ်ပြား အစိမ်းလေးပေးတယ်။ အဲဒီကတ်ပြားက ရနောင်းမှာ နေလို့ရတယ်၊ အလုပ်လုပ်လို့ မရဘူးလို့ ရဲက ပြောတယ်။ အခု အလုပ်သမားတွေက အလုပ်လုပ်လို့မရဘဲ ဒီတိုင်းနေနေရတယ်” ဟု ကိုဝင်းက ဆက်ပြောသည်။
ယင်းကုမ္ပဏီက မြန်မာအလုပ်သမားများကိုသာမက ကုမ္ပဏီဝန်ထမ်း မြန်မာ (၃) ဦးကိုပါ လစာမပေးဘဲ ကုမ္ပဏီရုံးတွင် ထားခဲ့ပြီး တိမ်းရှောင်သွားခြင်းဖြစ်သည်။
“အခုဟာက ကျမတို့ကိုလည်း လစာမပေးဘူး။ အလုပ်သမားတွေကိုလည်း နိုင်ငံကူးလက်မှတ်ဖောင်တင်မပေးဘူး။ အလုပ်သမားတွေက ရုံးကို လာမေးတော့ ကျမတို့က ရှင်းနေရတယ်။ ကျမတို့ကို လစာပေးမယ်ပြောပြီး မပေးဘဲ ရှောင်သွားတာ။ တကယ်လို့ လစာလည်း မပေးဘူး၊ အလုပ်သမားတွေကိုလည်း ဘာမှလုပ်မပေးဘူးဆိုရင် ရနောင်းတရားရုံးကို တိုက်ရိုက်တိုင်မယ်” ဟု ယင်းကုမ္ပဏီဝန်ထမ်း ဒေါ်ပိုပိုက ပြောကြားသည်။
မြန်မာအလုပ်သမားများက အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်နေပြီး မနက်ဖြန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
“ထိုင်းအစိုးရကို တိုင်မယ်။ ထိုင်းလူ့အခွင့်အရေးကောင်စီကို ကြားဝင်ဆောင်ရွက်ဖို့ပြောမယ်။ အိုင်အယ်လ်အိုကလည်း လိုအပ်သလို လုပ်ဖို့တင်ပြမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောကြားသည်။
အပြည့်အစုံသို့ >>

Friday, 12 March 2010

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြန်မာ့စီးပွားရေး

08 March 2010 VOA

မြန်မာနိုင်ငံသားတွေ အပါအ၀င် သန်းနဲ့ချီတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်မှတ်ပုံတင်ဖို့ သတ်မှတ် ထားတဲ့ရက် ကုန်ဆုံးသွားပေမဲ့ စာရင်းသွင်း လာကြသူတွေကတော့ မျှော်လင့်သလောက် ပါဝင်မလာကြပါဘူး။
ဒီအထဲက အများစု ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့၊ သူတို့ရောက်နေတဲ့ ထိုင်းနိုင်ငံ အတွက်သာမက စီးပွားရေး နိမ့်ကျနေတဲ့ ကိုယ့်တိုင်းပြည်က မိသားစုတွေအတွက်လည်း တဖက်တလမ်းက ၀င်ငွေရှာပေးနေကြတာမို့ အခုနောက်ဆုံး အခြေအနေတွေက စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာမှာကိုလည်း လူ့အခွင့်အရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက စိုးရိမ်မကင်း ဖြစ်နေ ကြပါတယ်။ ဒီအကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Tuesday, 9 March 2010

ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး ၂ ဦး ရေနစ်သေဆုံး

Tuesday, 09 March 2010 19:32 ဘစောတင် ဧရာဝတီ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် ထိုင်းရဲများက ၀င်ရောက် ဖမ်းဆီးသဖြင့် ထွက်ပြေးကြရင်း မြန်မာမိန်းကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။ ဖူးခက်မြို့ ပါတောင်ကမ်းခြေမှ ၁၃ ထပ် အမည်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယမန်နေ့ ညနေ ၆ နာရီခန့်၌ ထိုင်းရဲများ ဝင်ရောက် စီးနင်းသောကြောင့် မြန်မာအလုပ်သမားများ ထွက်ပြေးကြရင်း အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျနော့် ညီမလေးတွေ အခုလို သေရတာ အရမ်းခံပြင်းတယ်ဗျာ။ သူများဒေသမှာဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး။ အမေဆို အရူးမကြီးလိုဖြစ်နေပြီ။ အဖေလည်း သူ့သမီးလေးတွေ အခုလို ရုတ်တရက် ရေနစ်သေရတော့ ခံစားရလွန်းလို့ စကားတောင် မပြောနိုင်ဘူး” ဟု သေဆုံးသူ မိန်းကလေးများ၏ အစ်ကို ကိုနောင်က ပြောသည်။

ရေနစ်သေဆုံးသူများမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အံ့ဇော်ရွာမှ ဦးမြင့်သိန်း၊ ဒေါ်တင့်ဝေတို့၏ သမီး မမြင့်မြင့်စန်း (၁၂ နှစ်) နှင့် မညိုညိုစမ်း (၂၀ နှစ်) တို့ဖြစ်ကြသည်။ 

ထိုင်းရဲ ၀င်ဖမ်းသည်ဆိုသည်နှင့် အလုပ်သမားလက်မှတ် မရှိသူအားလုံး ကြောက်လန့်ကာ နီးရာ တောထဲ တောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်ကြလေ့ ရှိကြောင်း သိရသည်။

မမြင့်မြင့်စန်းမှာ အသက်မပြည့်သေးသဖြင့် အလုပ်သမားလက်မှတ် လုပ်၍ မရသေးသကဲ့သို့ ဆောက်လုပ် ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ မဟုတ်ဘဲ မိဘများ အလုပ်သွားနေချိန် အိမ်မှုကိစ္စများကို လုပ်ကိုင် ပေးနေသူသာ ဖြစ်သည်။ မညိုညိုစမ်းမှာမူ ကျပန်း အလုပ်သမားဖြစ်သည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ ဘကြီးအောင်က “တန်းလျားကို ရဲဝင်တယ် ဆိုတော့ ပြေးကြတာ။ မြင့်မြင့်စန်းကလည်း ကြောက်ကြောက်နဲ့ လိုက်ပြေးရင်း ရေထဲကိုပြုတ်ကျပြီး နစ်သွားတာ။ ညီမနစ်နေတော့ အစ်မက လိုက်ဆယ်ရင်း အစ်မပါ သေသွားတယ်။ ရဲတွေက ကလေးတွေ ရေနစ်တာကို မြင်နေရက်သားနဲ့ မကူညီဘဲ ဒီအတိုင်းကြည့်နေကြတယ်” ဟုဆိုသည်။

ရေနစ်နေစဉ် ကယ်ဆယ်ရန်ကြိုးစားသူကို ထိုင်းရဲများက သေနတ်ဖြင့်ထောက်ကာ ကယ်ဆယ်ခြင်း မပြုရန် တားမြစ်သည်ဟု သိရသည်။

“ကိုမိုးသီးဇွန်ဆိုတဲ့ ထားဝယ်သားတယောက်က ဒီညီအစ်မနှစ်ယောက် ရေနစ်နေတာကို ကယ်ဖို့ ရေထဲ ဆင်းမလို့ လုပ်တာကို ရဲက ကယ်မလား၊ အဖမ်းခံမလားဆိုပြီး သေနတ်နဲ့ ကြောကို ထောက်ထားတယ်။ သူက ကယ်မယ်ဆိုတော့ ရဲတွေက သူ့ကို ပုလင်းနဲ့ ပေါက်ပြီး မောင်းထုတ်လို့ မကယ် လိုက်ရဘူး” ဟု မျက်မြင်ဖြစ်သူ ကိုဉာဏ်လင်းက ပြောသည်။

ထို ၁၃ ထပ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးခန့် ရှိပြီး အများစုမှာ အလုပ်သမား လက်မှတ် လုပ်ထားကြသော်လည်း လက်ဝယ်မရှိကြပေ။ တချို့မှာ လက်ရှိ လုပ်ငန်းခွင် သူဌေး၏ နာမည်ဖြင့် လက်မှတ်လုပ်ထားသူများ မဟုတ်ကြသောကြောင့် ရဲဖမ်းလျှင် ကြောက်လန့်တကြား ပြေးကြရာမှ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်သည်။

ယမန်နေ့က အလုပ်သမား ၁၅ ဦးခန့် ဖမ်းဆီး ခံရသည်ဟု သိရသည်။

ဖူခက်မြို့ရှိ ပါတောင်ကမ်းခြေသည် နာမည်ကြီး ပင်လယ်အပန်းဖြေ စခန်းဖြစ်ရာ ပင်လယ်ထဲသို့  လူနေရပ်ကွက်အတွင်းမှ ချောင်းငယ်၊ မြောင်းငယ်များက စီးဝင်လျှက်ရှိသည်။ ယခု မိန်းကလေး ၂ ဦး ရေနစ်သေဆုံးသော နေရာမှာ ပင်လယ်ထဲသို့ စီးဝင်နေသော ချောင်းတခုတွင် ဖြစ်သည်။

ထိုင်းနိုင်ငံ ဖန်င အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသော GHRE ၏ ဒါရိုက်တာဦးထူးချစ်က “ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကြားမှာ ဒီလိုမျိုး အဖြစ်အပျက်တွေကတော့ မကြာခဏ ကြုံနေရတာပါ။ ဖမ်းမှာကြောက်လို့၊ တချို့ကျတော့ လက်မှတ် ရှိတာတောင် ငွေပေးရမှာ ကြောက်လို့ ပြေးတတ်ကြတယ်” ဟု ဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်များ၏ အဓိက အကြောင်းအရင်းမှာ ထိုင်း အစိုးရက ရွှေ့ပြောင်း အလုပ်သမားများ တွက် အလုပ်သမာျးဥပဒေနှင့်အညီ အခွင့်အရေးများ တိတိကျကျ မလုပ်ဆောင် ပေးနိုင်သောကြောင့် ဖြစ်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာအများအပြား အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။ အလုပ်သမားအရေး ဆောင်ရွက်သူများ၏ အဆိုအရ ထိုင်းနိုင်ငံတဝန်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်းအထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP