Friday, 5 March 2010

ရွှေ့ပြောင်း လုပ်သား ၅ သိန်း မိခင်နိုင်ငံ ပြန်ပို့မည်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၄ မိနစ် 

ချင်းမိုင် (မဇ္ဈိမ) ။     ။ အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ကို  ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောသည်။ “သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ တရားမဝင်အလုပ်သမားတွေကို ကျနော်တို့ အနေနဲ့ ဖမ်းပြီးတော့ ပြန်ပို့ရမှာဘဲ” ဟု ထိုင်း အလုပ်ရှာဖွေခန့်ထားရေးဌာန လက်ထောက်ဒါရိုက်တာ Supat Gukun က ယင်းသို့ ပြောကြောင်း ယနေ့ထုတ် THE NATION သတင်းစာ၌ ဖော်ပြထားသည်။
ယနေ့တွင် စတင်အသက်ဝင်မည့် ပြန်ပို့ရေးအစီအစဉ်ကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ပူးတွဲ၍ ပြန်ပို့ရေး အစီအစဉ်ကို အကောင်ထည် ဖော် မည်ဟုလည်းဆိုသည်။ 

အမှန်တကယ်သာ အကောင်အထည်ဖော်ဖြစ်လျှင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား နိုင်ငံသား ၅ သိန်းခန့်မှာ ပြန်ပို့ခံရမှာဖြစ်သည်။

ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ခွင့် သက်တမ်းတိုးရန်နှင့် ယာယီနိုင်ငံကူး လက်မှတ်အတွက် နိုင်ငံသား စီစစ်မှု ခံယူရန် ပုံစံဖြည့်စွပ်ချိန် နောက်ဆုံးရက်အဖြစ် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခင်လ ၂၈ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။ သို့သော် ရုံးပိတ်ရက်များနှင့် တိုက်နေသဖြင့် ၂ ရက် ထပ်တိုးပေးခဲ့ရာ ယမန်နေ့က နောက်ဆုံးဖြစ်သည်။

သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးများက လက်မှတ်သက်တမ်းလာတိုးသူများအား နိုင်ငံသားစီစစ်ရေး ပုံစံကိုပါ ဖြည့်စွပ်စေကြောင်း မဖြည့်စွပ်ပါက သက်တမ်းမတိုးပေးကြောင်း သိရသည်။ စီစစ်ရေးပုံစံ တင်ပါမည်ဟု အလုပ်ရှင်နှင့် အလုပ်သမားက ဝန်ခံချက် လက်မှတ်ထိုးလျင်မှု သက်တမ်းတိုးပေးပြီး ပုံစံဖြည့်တင်ရန် ယခုလကုန်အထိ အချိန်ရမည်ဖြစ်သည်။ ယခု ဖမ်းဆီးပြန်ပို့ ခံရမည့်သူများသည် လက်မှတ်သက်တမ်းလည်းမတိုး၊ ပုံစံလည်း မဖြည့်သူများဖြစ် သည်ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအချို့မှာ ခရီးကွာဝေးသည့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ရော်ဘာ လုပ်ငန်း၊ သစ်သီးခြံလုပ်ငန်းများတွင် လုပ်ကိုင်နေကြသဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်ကိစ္စများကို အမြန်ဆုံးရန် မလွယ်ကူကြောင်း အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်းအလုပ်သမား ရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင်ခဲ့သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇ဝ၇၂၄၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ထိုအရေအတွက်သည် တရားဝင်မှတ်ပုံတင်ထားသည့် စာရင်းရှိ ၁၃၁၅၉၃၂ ဦး မှဖြစ်သည်။ ၅၃၆ဝ၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံသားစီစစ်မှုပြုရေး လျှောက်လွှာကို တင်သွင်းခဲ့ကြပြီး၊ ၁၆၈၆၈၈ ဦးသည် ယာယီ နိုင်ငံကူးလက်မှတ် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို ဖမ်းဆီးပို့ဆောင်မည်ဆိုလျင် လူအခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့်ခံရမှုများ ခံရဖွယ်ရှိကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍအတွက် အရေးပါ သောကြောင့် ထိုင်းအစိုးရအနေနဲ့ ငဲ့ညှာသင့်ကြောင်း နိုင်ငံတကာနှင့် ထိုင်း အလုပ်သမားအဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများက ထောက်ပြနေကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား

စိုးမိုး/ ၃ မတ် ၂ဝ၁ဝ ခေတ်ပြိုင်

သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင်ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ်ပေးခဲ့ပြီးနောက် သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းလာမတိုးသည့် ရွှေ့ပြောင်းအလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်တဲ့ အလုပ်သမားတွေကို ပြန်ပို့မယ့် ကိစ္စအတွက်တော့ သက်ညှာစဉ်းစားပေးမှာ မဟုတ်ဘူး” ဟု မစ္စတာ ဆူပတ် ဂူခွန်က ပြောကြားကြောင်း The Nation သတင်းစာတွင် ပါရှိသည်။
ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်သမားလက်မှတ်ရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမား (၁၃) သိန်းကျော်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်အထိ (၇) သိန်းကျော်သာ အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး (၅) သိန်းခန့်မှာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာထုတ်ပြန်သည်။
“နိုင်ငံသား စိစစ်ရေးလုပ်ဖို့ကလည်း သိပ်ခက်ခဲတာ မဟုတ်ဘူး။ လုပ်ပေးတဲ့ ကုမ္ပဏီ (၁၂) ခု ရှိတယ်။ ၀န်ဆောင်ခက ဘတ် (၅) ထောင်ထက် မပိုဘူး” ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ဒု-ညွှန်ချုပ်က ထပ်လောင်းပြောကြားသည်။
ထိုင်းအစိုးရက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ယခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံကူးလက်မှတ်ရရှိရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ်ဆောင်ရွက်နေသော်လည်း အလုပ်သမားများအနေဖြင့် အပြည့်အ၀ လုပ်ဆောင်ခြင်း မရှိကြသေးပေ။
အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။
အပြည့်အစုံသို့ >>

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ခွဲခြားဆက်ဆံသည်ဟု ILO ပြော

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ မတ်လ ၃ ၊ ၂၀၁၀
 
ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ထိုင်းအစိုးရက ခွဲခြားဆက်ဆံမှုများရှိ သည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က ယမန်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။
မြန်မာအပါအ၀င် လောနှင့် ကမ္ဘာဒီးယား အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှု ဖြစ်ပေါ်ပါက အ လုပ်သမားအခွင့်အရေးအရ လျော်ကြေးပေးဆောင်ရာတွင် ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားများကို ခွဲခြားမှုများရှိ သည့်အတွက် ကြေငြာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF မှ ဦးစိန်ဌေးက ယခုလိုပြောသည်။

“အခု ILO က ဝေဖန်ရှုံ့ချတဲ့ဟာကို ထုတ်ပြီးသွားပြီ။ ထိုင်းအစိုးရကနေပြီးတော့ ရွှေ့ပြောင်း အလုပ် သမားတွေကိုခွဲခြားဆက်ဆံတယ်ပေါ့ ဆိုတဲ့ဟာကိုသူတို့ထုတ်လိုက်ပြီ။ ပုဒ်မ ၁၉ ကို ချိုးဖောက်တယ် ပေါ့နော်။ လုပ်ငန်းခွင်ထိခိုက်နစ်နာခြင်းဆိုင်ရာ လျော်ကြေးပေးဆောင်ရေး ကိစ္စမှာပေါ့။ အဲဒီအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချတယ်ပေါ့။”
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ၏ ဂျနီဗာတွင်ကျင်းပသော ၉၉ ကြိမ်မြောက် အစည်းအဝေး ၌ ထိုင်းနိုင်ငံအနေ နှင့် အလုပ်သမားအခွင့်အရေးများအား ကာကွယ်ပေးမှုမရှိကြောင်း ပြောဆိုခဲ့သည်။
အလုပ်သမားများအနေနှင့် အစိုးရ၏ သတ်မှတ်ချက်အရ နှစ်စဉ်အလုပ်သမားရန်ပုံငွေ ထည့်ဝင်ထားရပြီး လုပ်ငန်း ခွင်အတွင်း တစ်စုံတစ်ရာထိခိုက်မိပါက ထိုရန်ပုံငွေထဲမှ  နစ်နာ ကြေးပြန်ပေးခြင်းဖြစ်သည်။
သို့သော် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအနေနှင့် တရားဝင်ပတ်စ်ပို့နှင့် အလုပ်သမား လက်မှတ်ကိုင် ဆောင်ထားသူများသာ ထိုရန်ပုံငွေထည့်ခွင့်ရှိပြီး အကျိုးခံစားခွင့် ရနိုင်သည်။
မြန်မာအလုပ်သမားများ အနေနှင့် တရားဝင်ပတ်စ်ပို့ မရှိသည့်အတွက် ထည့်ခွင့်မရှိဘဲ အလုပ်ရှင်မှတဆင့်ပေးခိုင်းသည့်အတွက် နစ်နာမှုများရှိသည်ဟု ကိုစိန်ဌေးက ပြောသည်။
“ဘယ်လိုလည်းဆိုတော့ တကယ်လို့ လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရမယ်ဆိုလို့ရှိရင် ထိုင်းအလုပ် သမားဆိုရင် အစိုးရရဲ့ရံပုံငွေထဲကနေပေးတယ်။ နစ်နာကြေးဆိုင်ရာရံပုံငွေပေါ့။ အဲဒီကနေပေးတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေဆိုလို့ရှိရင် အဲဒီရန်ပုံငွေထဲကနေမပေး ဘူး။ အလုပ်ရှင် ကိုပဲပေး ခိုင်းတယ်သူတို့က။ အလုပ်ရှင်ကိုပဲပေးခိုင်းတဲ့အခါကျတော့ အလုပ်ရှင် တွေက မပေးကြတာ တွေများ တယ်။”
အလုပ်ရှင်မှတဆင့်နစ်နာကြေးပေးခိုင်းခြင်းသည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ တရားဝင် ထုတ်ပြန်ထားခြင်းမ ဟုတ်ဘဲ အလုပ်သမားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုထုတ်ပြန်ချက်အားပယ်ဖျက်ပေးရန်တောင်းဆိုထားသော်လည်း မဖျက်ပေးသည့်အတွက် ၎င်းတို့အဖွဲ့မှ လူမှုဖူ လုံရေးဌာနအား လွန်ခဲ့သည့်နှစ်က တရားစွဲဆိုခဲ့သည်။ 
မည်သို့ပင်ဆိုစေ အလုပ်သမားတိုင်းသည် အလုပ်သမားအခွင့်အရေး အပြည့်အ၀ ခံစားပိုင်ခွင့် ရှိသည်ဟု ကိုစိန် ဌေးက သုံးသပ်ပြောဆိုသည်။
အပြည့်အစုံသို့ >>

မဲဆောက်ဒေသမှ မြန်မာအလုပ်သမားများ နိုင်ငံသားစိစစ်မှုခံယူရန် စိတ်မ၀င်စား

ရဲရင့်/ ၂ မတ် ၂ဝ၁ဝ ခေတ်ပြိုင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံသားစိစစ်မှုကို ထိုင်းဘက်မှ အချိန် (၁) လ တိုးမြှင့်ပေးသော်လည်း ဒေသတွင်း သိန်းချီရှိသည့် မြန်မာအလုပ်သမားများက စိတ်ဝင်စားမှု အလွန်နည်းပါးကြသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

တာ့ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) သိန်းခန့် ရှိသည့်အနက် နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်လွှာတင်ထားသူ (၂) သောင်းကျော်သာ ရှိသည်ဟု မဲဆောက်အခြေစိုက် အလုပ်သမားအကျိုးဆောင် ကုမ္ပဏီများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်ပြောဆိုခြင်းဖြစ်သည်။
မဲဆောက်မြို့ရှိ အလုပ်သမားရုံးမှ ၀န်ထမ်းတဦးက “မဲဆောက်မှာ နိုင်ငံသားစိစစ်ဖို့ လျှောက်တဲ့လူ (၁) သောင်းခွဲ လောက်ပဲ ရှိတယ်။ ဒီအချိုးက တာ့ခ်ခရိုင်အနေနဲ့ဆို နည်းပါတယ်။ ဒါက အလုပ်ရှင်နဲ့ အလုပ်သမားရဲ့အပိုင်းပါ။ သူတို့မလုပ်ရင်တော့ အကျိုးဆက်က သူတို့နဲ့ပဲ သက်ဆိုင်မှာပါ” ဟု ပြောသည်။
ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ရှာဖွေရေးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ နိုင်ငံသားစိစစ်ရေး လျှောက်လွှာတင်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ယခင်လကုန်မှ ယခုလကုန်သို့ တလထပ်မံ တိုးမြှင့်လိုက်သော်လည်း ယခုလကုန်ထက် နောက်ကျ၍ လာရောက်လျှောက်ထားသူများကို သက်တမ်းတိုးပေးတော့မည်မဟုတ်ကြောင်း တရားဝင်ကြေညာထားသည်။
မဲဆောက်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမားတွေမှာ စာရွက်စာတမ်းမပြည့်စုံဘူး၊ လိုအပ်တဲ့ငွေကြေးမရှိဘူး။ ဒါလုပ်ရင် ဘယ်လို အကျိုးကျေးဇူးရှိမှာလဲ ဆိုတဲ့ သတင်းအချက်အလက် တွေကို မရရှိတဲ့အတွက် ငွေကုန်ပြီး ဘာကာကွယ်မှုမှလည်း မပေးဘူးဆိုပြီး အများစုက အစိုးရကို အယုံအကြည်မရှိတာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာကျောင်းဆရာတဦးက “ကျနော်ဆိုရင် (၈၈) က လူပါ။ ထိုင်းအလုပ်သမား လက်မှတ်နဲ့နေတာပါ။ ကျနော်တို့လိုလူတွေ အများကြီးပဲ။ ဒီလမကုန်ခင် နိုင်ငံသားစိစစ်မှု လျှောက်လွှာ တင်ထားတဲ့အတွက် အခုကိုင်နေတဲ့ အလုပ်သမားလက်မှတ် နောက်ထပ် (၁) နှစ် သက်တမ်းတိုးလို့ရတယ်။ ဒါကြောင့် လျှောက်လိုက်တာပါ။ အဓိက နောက်တနှစ် ထိုင်းမှာ နေလို့ရဖို့အတွက် ဖြစ်တယ်။ ဒီလက်မှတ်က ထိုင်းတွေလိုပဲ တစုံတရာ အခွင့်အရေးတွေရှိလို့ လာလုပ်ကြတာပါ။ ဒီကြားထဲ ထိုင်းအစိုးရ မူဝါဒပြောင်းရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ထိုင်းအလုပ်သမားရုံးမှာက နိုင်ငံသားစိစစ်မှုမလျှောက်ရင် လက်မှတ်သက်တမ်းတိုးခွင့် မရှိပါဘူး” ဟု ပြောသည်။
မဲဆောက်တွင် နိုင်ငံသားစိစစ်မှု လျှောက်လွှာတင်သူ အများစုမှာ နောက်ထပ် (၁) နှစ်သက်တမ်း ရရှိရန်အတွက် လာရောက် လျှောက်ထားခြင်းသာဖြစ်သည်ဟု ကာယကံရှင်များက ပြောကြားသည်။
အပြည့်အစုံသို့ >>

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ် လျှောက်လွှာတင်ရက် ပိတ်

02 March 2010 VOA

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းတိုးရမယ့်ရက် ဒီကနေ့ အဆုံးသတ်သွားခဲ့ပေမဲ့ မျှော်လင့်ထားသလောက်တော့ အလုပ်သမားတွေ မှတ်ပုံတင်တာမျိုး မရှိခဲ့ပါဘူး။ တရားဝင် မှတ်ပုံတင်ဖို့ ပျက်ကွက်သူတွေကိုတော့ ထိုင်းအစိုးရက နိုင်ငံကနေ မောင်းထုတ်မယ် ဆိုပြီး သတိပေးထားတာမို့ မြန်မာနိုင်ငံသားတွေ အပါအ၀င် သန်းချီရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ဖို့ နိုင်ငံသားစိစစ်တဲ့ လုပ်ငန်းတွေကို ထိုင်းအာဏာပိုင်တွေက လက်ခံဆောင်ရွက်ပေးဖို့ သတ်မှတ်ရက် ကုန်ဆုံးသွားပေမဲ့ လျှောက်ထားခွင့်ရှိသူ အရေအတွက်ထက် အများကြီး လျော့နည်းပြီး မှတ်ပုံတင်ခဲ့ကြတာပါ။ အရင်က မှတ်ပုံတင်ခဲ့ဖူးသူတွေသာ အလုပ်လုပ်ကိုင်ခွင့် ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် ရကြတာဖြစ်ပြီး ဒီအထဲကမှ တ၀က်လောက်ကသာ သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ လျှောက်ထားခဲ့တာလို့ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု ရရှိရေး အစီအစဉ် (Migrant Justice Program) က ညွှန်ကြားရေးမှူး အန်ဒီ ဟောလ် (Andy Hall) က ပြောပါတယ်။

“ကျနော်တို့ နားလည်ထားသလောက်ကတော့ ၆၀၀,၀၀၀၊ ၇၀၀,၀၀၀ လောက် ရှိနိုင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေသာ အခု နိုင်ငံသား စိစစ်တဲ့ အစီအစဉ်မှာ လျှောက်ထားခွင့် ရှိတာပါ။ ဒီလို လျှောက်ထားခွင့်ရှိတဲ့ သူတွေကတော့ ၁,၄၀၀,၀၀၀ လောက် ရှိပါတယ်။”

သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ လျှောက်လွှာ တင်ခဲ့သူတွေထဲက လိုအပ်တဲ့ စာရွက်စာတမ်း၊ အချက်အလက် မပြည့်စုံသူတွေ အနေနဲ့တော့ ဒီလကုန် နောက်ဆုံးထားပြီး ကျန်တဲ့ အချက်အလက်တွေကို ပေးသွားဖို့လည်း ရက်ထပ်တိုး သတ်မှတ်ခဲ့တာပါ။ တကယ်တော့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအ၀င် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း သန်းချီ ရှိနေတဲ့အထဲက ထိုင်းအစိုးရရဲ့ အစီအစဉ်အရ အရင်နှစ်တွေမှာ မှတ်ပုံတင်ပြီးသား လူဟောင်းတွေသာ အခု နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရှိပေမဲ့ ဒီအထဲကလည်း မျှော်လင့်ထားသလောက် အပြည့်အ၀ ပါမလာကြတာပါ။ ထိုင်းအစိုးရကတော့ မှတ်ပုံတင်မထားတဲ့ ကျန် သန်းချီရှိတဲ့ အလုပ်သမားတွေကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့လို့ ဒီလို ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့မကျလှသလို လိုအပ်ချက်တွေ ရှိနေတဲ့ ထိုင်းနိုင်ငံ စီးပွားရေးအတွက် အထောက်အကူလည်း မဖြစ်ဘူးလို့ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု ရရှိရေး အစီအစဉ် ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က ပြောပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ ဒီလောက်များတဲ့ လူတွေ၊ ထောင်သောင်းချီ ရှိနေတဲ့ လူတွေကို နေရပ်ရင်း ပြန်ပို့ဖို့ဆိုတာ အင်မတန် ခက်ခဲလှတဲ့ ကိစ္စပါ။ လက်တွေ့လည်း မကျပါဘူး။ ဒီလိုပဲ စီးပွားရေးစနစ်မှာလည်း အလုပ်သမားတွေ လိုပါတယ်။ ထိုင်းလူမှုအသိုင်းအ၀န်းနဲ့ လုပ်ငန်းရှင်တွေလည်း အလုပ်သမားတွေ လိုအပ်နေတာပါ။ ဒါကြောင့် ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ လက်တွေ့မကျပါဘူး။ ဒီလို ခြိမ်းခြောက်ရတဲ့ ရည်ရွယ်ချက်ဟာလည်း အလုပ်သမားတွေ ဒီလုပ်ငန်းစဉ်မှာ ပါလာအောင် တွန်းအားပေးတာသာ ဖြစ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံမှာ လက်တလော ကြုံနေရတဲ့ နိုင်ငံရေး တင်းမာမှု ပြဿနာတွေဟာလည်း အလုပ်သမားတွေကို ပြန်ပို့ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့ ခက်ခဲနိုင်စရာ အကြောင်းတခု ဖြစ်နိုင်တယ်လို့လည်း ရွှေ့ပြောင်း အလုပ်သမားရေး လှုပ်ရှားနေတဲ့ အန်ဒီ ဟောလ်က ဆိုပါတယ်။

ထိုင်းအစိုးရက နိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင် အလုပ်လုပ်ကိုင်ခွင့် ပေးပြီး တရားမ၀င် နေထိုင်သူတွေကိုတော့ ပြန်ပို့မယ်လို့ ကြေညာခဲ့တဲ့နောက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ စောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုတွေလည်း နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့တာပါ။ ဒါဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ် ဆိုပြီး ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေအပေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ဂျနီဗာမှာ ကျင်းပနေတဲ့ ၉၉ ကြိမ်မြောက် အစည်းအဝေးမှာလည်း ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးတာမျိုး မရှိဘူးဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Saturday, 27 February 2010

အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီးစိုးရိမ်

မျိုးချစ်သူ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပေါ်လာမည်ကို အလုပ်သမားဝန်ကြီးက စိုးရိမ်ပူပန်နေကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးမှ သိရသည်။
ယခုအခါ ရန်ကုန်တွင် အလုပ်သမားများဆန္ဒပြမှုမှာ လွန်ခဲ့သော၂၀၀၉ ခုနှစ် နှောင်းပိုင်းမှစ၍ ဆက်တိုက်ဖြစ်ပေါ်လာနေသည့် အတွက် ယင်းသို့ စိုးရိမ်ခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “၀န်ကြီးကတော့ တော်တော်စိုးရိမ်နေတာ။ ကျနော်တို့ကိုလည်း အလုပ်သမားနဲ့ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ လုံခြုံရေး မလုပ်ဖို့ပြောတယ်။ သူဆိုလိုတာက ဖမ်းဆီးတာတို့ ဘာတို့ပေါ့” ဟု ပြောသည်။
သို့သော် အလုပ်သမားများနှင့် ပတ်သက်သော လခတိုးမြှင့်ခြင်းကိစ္စတို့ကို ညှိနှိုင်း၍သာ ဆောင်ရွက်ကြရန် ၀န်ကြီးက မှာကြားကြောင်း သိရသည်။
လှိုင်သာယာတွင် ဆန္ဒပြရာ၌ ပါဝင်သော အလုပ်သမားတဦးကမူ ၎င်းတို့အား လခတိုးပေးသည်ကို ကြိုဆိုကြောင်း၊ သို့သော် အလုပ်သမားများအား ရာထူးအလိုက် လခတိုးပေးမည့်ကိစ္စကို ခွဲခြားသတ်မှတ်ပေးမှုမျိုး လုပ်စေချင်သည်ဟု ပြောသည်။
၎င်းက “ဒါကို ဘယ်သူက လုပ်ပေးနိုင်မလဲ၊ ဒါကိုသိချင်တယ်။ အလုပ်သမားတွေ လခတိုးတောင်းတဲ့ကိစ္စ ဘယ်လို ငွေရှင်ကြေးရှင်တွေကမှ နှစ်သက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ စားဝတ်နေရေးအတွက် ကျနော်တို့ အလုပ်သမားတွေက အောက်မှာပဲနေရတဲ့ ဘ၀ပါ။ ဆန္ဒပြတာကိုတော့ လူမြင်တာပေါ့ဗျာ” ဟု ပြောသည်။
ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အလုပ်သမားများက လုပ်အားခတိုးမြှင့်တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလထိ နောက်ဆက်တွဲဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ပါက ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။
“ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေတာကို သတင်းစာတွေမှာ တွေ့ရတယ်။ အခုလို အလုပ်သမားတွေ မတည်မငြိမ်ဖြစ်နေရင် အဲဒီရွေးကောက်ပွဲမှာ ထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ အမှန်ဆိုရင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို လုပ်တဲ့အခါ လူထုအနေနဲ့ စိတ်ဝင်တစားဖြစ်နေပြီးတော့ တကယ့်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်လေ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်နေ့က လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံမှ အလုပ်သမား (၁ဝဝ) ခန့်နှင့် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သမား (၁,၈၀၀) ခန့်က လုပ်အားခတိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ခဲ့သည်။
ထို့အပြင် ယခုဖေဖော်ဝါရီလ (၈၊ ၉၊ ၁ဝ) ရက်နေ့တို့တွင် လှိုင်သာယာစက်မှုဇုန် (၃) ရှိ မြဖက်ရှင်အထည်ချုပ်စက်ရုံနှင့် Taiyi ဖိနပ်ချုပ်စက်ရုံ၊ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ) တို့မှ အလုပ်သမား (၂,ဝဝဝ) ကျော်တို့က ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) နှင့် (၁၇) ရက်နေ့ကလည်း အင်းစိန်မြို့နယ်အတွင်းမှ SKY အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြကြရာ လစာကျပ် (၅,၀၀၀) တိုးပေးမည်ဟူသော အလုပ်ရှင်၏သဘောတူမှုကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံသို့ >>

တောင်ဒဂုံ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ

မင်းသက် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ် 

ရန်ကုန် (မဇ္ဈိမ)။     ။ လုပ်ခတိုးမြှင့်ပေးရန်အတွက် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် စက်မှုဇုန် ၁ ရှိ ပြုံးပန်းတရာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁ဝဝ ခန့် ယမန်နေ့က ဆန္ဒပြခဲ့သည်။ အလုပ်ရှင်နှင့် ညှိနှိုင်းရာ ပြေလည်မှု ရရှိခဲ့ကြောင်း  တောင်ဒဂုံ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး အရာရှိတဦးက ပြောသည်။
''ဘယ်လို လခနှုန်း တိုးပေးတယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိလိုက်ကြတာပါ'' ဟု သူက ပြောသည်။
ရန်ကုန်ရှိ စက်မှုဇုန်များ တည်ရှိသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်၊ သကြားလုံး၊ သားရေ စသည့် စက်ရုံများနှင့် အင်းစိန်မြို့နယ် Lion City အထည်ချုပ် စက်ရုံရှိ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် ၎င်းတို့ ရပိုင်ခွင့်အတွက် ၈ ကြိမ်ထက်မနည်း ဆန္ဒပြခဲ့ရာ၊ အလုပ်သမားပေါင်း တသောင်းခန့် ပါဝင်ဆန္ဒပြခဲ့သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP